← Chapters

အခန်း (၉၁၇-၉၂၀)

Vol. 46 Ch. 917-920

အခန်း (၉၁၇-၉၂၀)

Vol. 46 Ch. 917-920

Space and Rebirth 917

အတိတ်ကို ပြန်စဥ်းစားလိုက်သောအခါ ရှုယွမ်ထက်၏မျက်ဝန်းများတွင် နောင်တရိပ်များ ပြည့်နှက်သွားသည်။

ဤသည်မှာ သူ၏ညီမငယ်ဖြစ်ပေ၏။ သူမထက် ခြောက်နှစ်-ခုနစ်နှစ်သာကြီးသော်ငြား သူသည် ဤညီမလေးအား တစ်ကိုယ်တည်းပြုစုပျိုးထောင်ခဲ့ပေသည်။ ထိုနှုတ်ဆက်လမ်းခွဲအပြီးတွင် သူမအား ပြန်တွေ့ရတော့မည်မဟုတ်ကြောင်းသိခဲ့လျှင် ရှုမိသားစုမှ သူမအား တစ်ဘဝစာလုံး အကျဥ်းချထားသည်ကိုသာ ထိုင်ကြည့်ခဲ့မိပေမည်။ သူမ၏သေခြင်းရှင်ခြင်းကို မသိရသည်ထက် မိမိမျက်စိအောက်တွင် အသက်ရှိလျက်ရှိနေကြောင်း တွေ့ရသည်က ပိုကောင်းပေမည်။

လီထျန်းယီမှာ လူကောင်းတစ်ဦးဖြစ်သော်လည်း သူ၏ဖခင်မှာ ထိုသို့မဟုတ်ပေ။ သူ၏မျိုးရိုးနာမည်မှာ လီ ဖြစ်နေသောကြောင့် အဆုံးသတ်မလှရန် ကံပါလာခဲ့၏။ သူသည် ဤကိစ္စအား ကြိုတွေးခဲ့မိသင့်သည်။

ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးပြီးနောက် ရှုယွမ်ထက်ဘေးတွင် ထိုင်လိုက်သည်။

“ဦးလေးရှင်းယွမ်ဆီကနေ ရှုရှန်းလန်အကြောင်း သမီးအများကြီးကြားခဲ့ဖူးတယ်၊ အချိန်အကြာကြီးကြားခဲ့ရတော့ သူ့အကြောင်း တကယ်သိချင်မိတယ်”

ကျင်းယွင်ကျောင်းသည် အနောက်သို့မှီကာ တီးတိုးရေရွတ်လိုက်သည်။

ကျင်းယွင်ကျောင်းသည် ရှုရှန်းလန်အကြောင်း သိချင်ရုံမက သူမကို အနည်းငယ်လည်း အားကျမိပေသည်။

သူမသည် အမှန်တကယ် ပျော်ရွှင်စရာကောင်းသောဘဝကို ပိုင်ဆိုင်ခဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမမိဘများ၏မေတ္တာကို အပြည့်အဝခံယူခဲ့ရုံမက အစ်ကိုကြီးဖြစ်သူမှ သူမအား အလိုလိုက်ကာ မောင်လေးဖြစ်သူမှလည်း သူမအား လေးစားသံယောဇဥ်ရှိသည်။ သူမတွင် ကောင်းမွန်သော နာမည်ဂုဏ်သတင်းရှိခဲ့ပေသည်။ သူမအား သိကျွမ်းခဲ့သောလူများသည် သူမအကြောင်းပြောလျှင် သက်ပြင်းမချမိဘဲ မနေနိုင်ချေ။ သူမနှင့်ပတ်သတ်၍ သွားပုပ်လေလွင့်သတင်းများမရှိပေ။ ချီးမွမ်းစကား၊ အမွမ်းတင်စကားများသာရှိ၏။

ဤပုဂ္ဂိုလ်သည် ၁၈ နှစ်မျှပျောက်ဆုံးနေခဲ့သော်လည်း သူမအနီးတွင်ရှိခဲ့သောလူများစွာ၏ အမှတ်ရလွမ်းဆွတ်ခြင်းကို ခံနေရဆဲဖြစ်သည်။

“ရှန်းလန်က ဘယ်ဖက်ကကြည့်ကြည့် ကောင်းခဲ့ပေမယ့် သူ့မှာ ကြောက်စရာအားနည်းချက်တစ်ခုရှိခဲ့တယ်၊ သူက အချစ်အတွက်နဲ့ ဘဝကိုရင်းနိုင်တာပဲ”

ရှုယွမ်ထက်သည် အဝေးတစ်နေရာကိုကြည့်ကာ ပြောလိုက်၏။

“လီထျန်းယီအမေက စောစောသေသွားခဲ့တော့ သူ့လက်ရှိမိထွေးကို သူအဖေက လက်ထပ်ခဲ့တယ်၊ သူကသားအကြီးဆုံးဖြစ်ပေမယ့် နေရာတိုင်းမှာ ချုပ်ချယ်ခံခဲ့ရတာပေါ့၊ အဲဒါတောင် သူကအရမ်းတော်တဲ့လူတစ်ယောက်ပါ ဘယ်အရာမဆို တစ်ခါကြည့်လိုက်တာနဲ့ ခရေစေ့တွင်းကျမှတ်မိပြီး ဆေးကျမ်းမျိုးစုံနဲ့ အကျွမ်းတဝင်ရှိတယ်၊ စိတ်မကောင်းစရာက သူ့မိသားစုက သူ့ကိုတန်ဖိုးမထားတဲ့အပြင် သူ့ကိုဂရုတစိုက်သင်ပေးမယ့်လူလည်းမရှိခဲ့ဘူး၊ ရှန်းလန်နဲ့မတွေ့ခင်ထိပေါ့၊ ရှန်းလန်က ဆေးဝါးပညာရှင်မိသားစုမှာ ကြီးလာခဲ့ပေမယ့် ဆေးလည်းကုတတ်တယ်၊ လီထျန်းယီမသိတာတစ်ခုခုရှိတိုင်း သူကအဖေ့ကို သွယ်ဝိုက်မေးပေးတတ်ခဲ့တယ်”

“ရှုမိသားစုနဲ့ လီမိသားစုက မကောင်းတဲ့ဆက်ဆံရေးရှိနေတာမို့ အဖေက မသိချင်ယောင်ဆောင်ခဲ့ပေမယ့် သင်ပေးဖို့တော့ မမေ့ခဲ့ဘူး၊ အဖေက လီထျန်းယီရဲ့ဆရာလို့တောင် ပြောလို့ရတာပေါ့”

“‌နောက်ပိုင်းကျတော့ သူကတကယ်ပါရမီရှင်တစ်ယောက်ဖြစ်လာခဲ့တယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးကုတဲ့နေရာမှာ တစ်ဖက်ကမ်းခပ်ထူးချွန်လာခဲ့တာပေါ့၊ သူကဣန္ဒြေသိက္ခာရှိပြီး လူနာတွေကို ကြင်ကြင်နာနာဆက်ဆံတတ်တယ်၊ ဒီလိုနဲ့ ဆေးကုပြီး လူ့အသက်ကယ်တဲ့နေရာမှာ နာမည်ဂုဏ်သတင်းကြီးလာခဲ့တာယ်၊ စိတ်မကောင်းစရာက သူကအရမ်းရိုးလွန်းပြီး လီမိသားစုထဲမှာ ဘယ်သူ့ကိုမှ မတိုက်ခိုက်ရဲခဲ့တာပဲ၊ အဖေကလည်း လီမိသားစုကိုမကြိုက်သလို အဘိုးကြီးလီကလည်း အဲ့အတိုင်းပဲ၊ ရှုမိသားစုက မိန်းကလေးတစ်ယောက်က သူတို့မိသားစုထဲဝင်လာမှာကို ခွင့်မပြုနိုင်ခဲ့ဘူး”

ရှုယွမ်ထက်သည် ထိုစကားများကို ဖြည်းဖြည်းချင်းပြောလိုက်၏။

“အရင်တုန်းကတော့ မေးလို့မရခဲ့ပေမယ့် အခုမေးပါရစေ၊ ရှုမိသားစုနဲ့ လီမိသားစုက ဘာလို့မတည့်ကြလဲဆိုတာကို သမီးတကယ်နားမလည်ဘူး”

ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးလိုက်ပြီးနောက် အချိန်ကြာမြင့်စွာ သူမစိတ်ထဲတွင်ရှိနေခဲ့သောမေးခွန်းကို မေးလိုက်၏။

“ရှုမိသားစုက နှစ်တစ်ထောင်ဆေးဝါးပညာအမွေအနှစ်ရှိတဲ့ မိသားစုဆိုတာ သိတယ်မှတ်လား?”

ရှုယွမ်ထက်မေးလိုက်၏။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“ရှုမိသားစုလိုပဲ ဆေးဝါးပညာမှာ အထူးပြုတဲ့ ကျင်းမိသားစုဆိုတာရှိတယ်၊ ရှုမိသားစုနဲ့ ကျင်းမိသားစုက ရှေးခေတ်ကတည်းက အရမ်းကိုရင်းနှီးခဲ့ကြပြီး မိသားစုတစ်စုဆီမှာ သူ့တာဝန်ဝတ္တရားနဲ့သူရှိခဲ့ကြတာပေါ့၊ အရင်တုန်းက အဖေနဲ့ ကျင်းဝမ်ယွဲ့တို့ မျိုးဆက်က မောင်နှမအရင်းတွေလို အရမ်းရင်းနှီးခဲ့ကြတာ၊ စိတ်မကောင်းစရာက ကျင်းမိသားစုရဲ့ ဆေးပညာစွမ်းရည်က အရမ်းထူးချွန်တာမို့ အဲ့ခေတ်ကစစ်ပွဲထဲကို လိုက်သွားခဲ့ကြရတယ်၊ ရလဒ်အနေနဲ့ သူတို့ဆီမှာ ကလေးတွေသိပ်မကျန်တော့ဘဲ မိသားစုအမွေကိုဆက်ခံဖို့ ကျင်းဝမ်ယွဲ့တစ်ယောက်တည်းပဲ ကျန်ခဲ့တော့တယ်၊ ဘိုးဘေးအဆုံးအမအရ ကျင်းမျိုးနွယ်တွေရဲ့ အမွေဆက်ခံသူတွေက အပြင်မိသားစုထဲကို ဝင်ခွင့်မရှိဘူး”

ကျင်းယွင်ကျောင်းဆက်ခေါင်းငြိမ့်လိုက်သည်။ ဤအရာများအားလုံးကို သူမယခင်က ကြားဖူးပေသည်။

“ကျင်းဝမ်ယွဲ့က မိုကျန်းယန်ကို သဘောကျခဲ့ပေမယ့် ပါမောက္ခမိုက အရမ်းခေါင်းမာပြီး မာနကြီးလွန်းခဲ့တယ်၊ နောက်ဆုံးတော့ ကျင်းဝမ်ယွဲ့က မိသားစုအမွေကို ထိန်းသိမ်းဆက်ခံနိုင်ဖို့အတွက် ကျင်းမိသားစုကို နှစ်ပေါင်းများစွာကူညီခဲ့တဲ့ လီဝမ်ဘိုကိုပဲ လက်ထပ်ခဲ့ရတာပေါ့”

“လီမိသားစုဆိုတာ ဟိုးအရင်ကတည်းက ကျင်းမိသားစုရဲ့ အိမ်တော်ထိန်းမျိုးရိုးလို့ ပြောရမယ်၊ လွန်ခဲ့တဲ့ဆယ်စုနှစ်ကအထိ သူတို့က ကျင်းမိသားစုရဲ့ အရေးကိစ္စတွေကို တာဝန်ယူရတာမို့ ဒီမိသားစုနှစ်စုကြားက ပေါင်းဖက်မှုကို ကောင်းတဲ့အရာလို့ပြောလို့ရတယ်၊ ပြီးတော့ လီမိသားစုနဲ့ ကျင်းမိသားစုက နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ကြတာမို့ လီမိသားစုကို ကျင်းမိသားစုက ယုံကြည်အားကိုးရတဲ့သူတွေလို့ မှတ်ခဲ့ကြတယ်၊ ဒါပေမယ့် အဲဒီမှာ ပြသာနာစတာပဲ”

ထိုအရာကိုကြားလိုက်သောအခါ ကျင်းယွင်ကျောင်းနှလုံးတုန်သွားသည်။ သူမနားမလည်ခဲ့သော အချို့အရာများသည် ယခုမှ စတင်အဖြေပေါ်လာပြီဖြစ်ကြောင်း သူမခံစားနေရသည်။ အစက သူမသည် ကျင်းမိသားစုနှင့် လီမိသားစုအား မတူညီသောမိသားစုနှစ်စုဟု ထင်ခဲ့သည်...

Space and Rebirth 918

“ကျင်းဝမ်ယွဲ့မင်္ဂလာဆောင်တုန်းက သူ့ရဲ့အစ်ကိုကြီးတစ်ဦးအနေနဲ့ အဖေကိုယ်တိုင် ပွဲတက်ပေးခဲ့တယ်၊ မိသားစုနှစ်စုလုံး အရမ်းကိုလှုပ်ရှားအသက်ဝင်နေခဲ့ကြတာပေါ့၊ လီဝမ်ဘိုက ကျင်းမိသားစုထဲ ဝင်တာမို့ သူတို့ကလေးတွေကိုလည်း ကျင်းမျိုးရိုးနာမည်ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ဒါကြောင့်မို့ မကြာခင်မှာပဲ ကျင်းဝမ်ယွဲ့ ကိုယ်ဝန်ရှိလာတော့ မိသားစုနှစ်စုလုံး အတော်လေးပျော်ခဲ့ကြတယ်၊ မွေးလာမယ့်ကလေးက ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အမွေဆက်ခံသူတစ်လောက်ရှိလာပြီမို့လို့လေ”

“ဒါပေမယ့် ကျင်းဝမ်ယွဲ့က မီးတွင်းထဲမှာပဲ ဆုံးပါးသွားလိမ့်မယ်လို့ သူတို့မထင်ခဲ့ကြဘူး၊ ကျင်းမိသားစုက သမားတော်မိသားစုအနေနဲ့ လူအများကြီးကို အသက်ကယ်နိုင်ခဲ့ပေမယ့် အဆုံးမှာတော့ သူတို့ကိုယ်သူတို့မကယ်နိုင်ခဲ့ဘူး၊ တွေးစရာပဲပေါ့...ကျင်းဝမ်ယွဲ့သေပြီးတဲ့နောက် လီဝမ်ဘိုကပဲ မိသားစုပိုင်ဆိုင်မှုတွေကို ဦးစီးခဲ့တယ်၊ လီမိသားစုက ကျင်းမိသားစုနဲ့ နှစ်ပေါင်းများစွာ ပတ်သတ်နေခဲ့တာမို့ သူက မိသားစုအရေးကိစ္စတွေကို ဦးစီးတယ်ဆိုတာ ဖြစ်သင့်တာပဲလေ၊ အဲ့ကိစ္စကို ဘယ်သူမှမကန့်ကွက်ခဲ့ဘူး၊ လီဝမ်ဘိုက ကျင်းဝမ်ယွဲ့နဲ့ပတ်သတ်ပြီး အရမ်းသံ‌ယောဇဥ်ရှိခဲ့တာမို့ ဆေးစပ်ရင်းဘဝကို ဖြတ်သန်းနေတဲ့ အဖေကလည်း ဒီကိစ္စကို သိပ်မစဥ်းစားခဲ့ဘူး၊ ဒါပေမယ့် လီထျန်းယီ တစ်နှစ်ပြည့်မှာ လီဝမ်ဘိုက သူ့သားရဲ့မျိုးရိုးနာမည်က ကျင်း မဟုတ်ဘဲ လီ ဖြစ်ရမယ်လို့ တရားဝင်ကြေညာခဲ့တယ်”

“အဲ့အချိန်တုန်းက အရမ်းကိုနောက်ကျသွားခဲ့ပြီ၊ ကျင်းမိသားစုထဲမှာရှိသမျှ အရာအားလုံးကို လီဝမ်ဘိုက လူနောက်ကွယ်မှာထိန်းချုပ်ပြီး လီမိသားစုရဲ့ပိုင်ဆိုင်မှုတွေအဖြစ် လုံးလုံးလျားလျားပြောင်းလိုက်ပြီလေ”

“ဒီမျိုးရိုးနာမည်ကို အထင်မသေးလိုက်နဲ့၊ ကျင်းမိသားစုထဲမှာ ဘယ်သူမှမကျန်တော့ဘူး၊ လီထျန်းယီရဲ့ကိုယ်ထဲမှာ ကျင်းမိသားစုရဲ့သွေးတစ်ဝက်စီးနေရင်တောင် သူ့ဘေးမှာ လီဝမ်ဘိုရှိနေသရွေ့ အဲဒါကအလကားပဲ၊ ဒီကိစ္စကြောင့်ပဲ ရှုမိသားစုနဲ့ လီမိသားစုက မိတ်ပျက်သွားပြီး ကျင်းမျိုးရိုးလည်း ကွယ်ပျောက်သွားခဲ့တာပေါ့”

ရှုယွမ်ထက်၏ရှင်းပြချက်မှာ အလွန်စေ့စပ်လှသည်။ ယခုတွင် ကျင်းယွင်ကျောင်းသည် ပို၍နားလည်သွားတော့၏။

ထို့ကြောင့်လည်း ကျင်းမျိုးဆက်ပြတ်သွားပြီဖြစ်ကြောင်း လူတိုင်းက ပြောနေကြခြင်းဖြစ်သည်။

ကျင်းဝမ်ယွဲ့၏သား ကွယ်လွန်သွားပြီဟူသော အဓိပ္ပာယ်မဟုတ်ပေ။ ကျင်းမိသားစုမှာ မိမိတို့၏ဆေးကုသရေးပညာများအား လက်ဆင့်ကမ်းရန် အမွေဆက်ခံသူတစ်ဦး မရှိတော့ခြင်းဖြစ်သည်။

သို့ရာတွင် ဆေးကုသရေးပညာနှင့် ကျင်းမျိုးရိုးနာမည်အကြောင်း တွေးလိုက်သောအခါ ကျင်းယွင်ကျောင်းသည် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ခံစားမိလိုက်၏။

ထိုမျှလောက်...တိုက်ဆိုင်မှုရှိနိုင်သလော?

သူမ၏နေရာလွတ်နယ်မြေထဲရှိ ဘိုးဘေး၏နာမည်မှာ ကျင်းဟယ်ဖြစ်၏။ ထိုသူသည် ရှုမိသားစုနှင့် ကျင်းမိသားစုတို့နှင့်ပတ်သတ်၍ ဆက်သွယ်ချက်တစ်ခုခုရှိနေသလော...?

ထိုအတွေးဝင်လာသောအခါ ကျင်းယွင်ကျောင်းငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။ ကြပ်ကြပ်ပိတ်ထားသော တံခါးကိုကြည့်ကာ ဖော်ပြ၍မစွမ်းသာလောက်အောင် စိတ်ပူပန်လာတော့၏။

“မိန်းကလေးကျင်း၊ တကယ်တော့...ရလဒ်ကို ကျွန်တော် သိနှင့်နေပြီ”

ရှုယွမ်ထက်သည် သူမအား ကြည့်ကာ ရုတ်တရတ်ဆန်စွာ ပြောလိုက်၏။ ကျင်းယွင်ကျောင်းကြက်သေသေသွားသည်။

“ကြည့်ရတာ မိန်းကလေးကျင်းက အဖေ့အကြောင်း ကောင်းကောင်းမသိပုံပဲ၊ သူက အနားမှာဘယ်သူ့ကိုထားမလဲဆိုတာ ရှင်းရှင်းလင်းလင်းဆုံးဖြတ်တတ်တယ်၊ မိန်းကလေးကျင်းသာ ရှုမိသားစုနဲ့ သွေးမတော်သားမစပ်ရင် သူက မိန်းကလေးကျင်းကို လမ်းပဲညွှန်ပေးပြီး ပညာတွေအားလုံးကို စိတ်လိုလက်ရနှင့် ဆရာစားမချန် သင်ပေးလိုက်မှာမဟုတ်ဘူး၊ ရှုမိသားစုမှာလည်း ကိုယ်ပိုင်စည်းမျဥ်းတွေ ရှိတာမို့လို့လေ၊ ဆေးဖော်စပ်တဲ့ပညာကို အပြင်လူတွေဆီ လက်ဆင့်ကမ်းသင်ပေးလို့ရပေမယ့် ကန့်သတ်ချက်တချို့တော့ ထားထားတယ်၊ ဒါပေမယ့် မိန်းကလေးကျင်းရဲ့ ပြောပုံဆိုပုံအရ အဖေက မိန်းကလေးကျင်းကို သူတတ်ထားသမျှအားလုံးကို ပေးမယ့်ပုံပဲ”

ရှုယွမ်ထက်ပြုံးလိုက်သည်။

သူမအား “မိန်းကလေးကျင်း” ဟု ခေါ်နေဆဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမတွင် ဤကဲ့သို့သောအတွေးမျိုး အနည်းငယ်မျှမရှိကြောင်း သူသိသောကြောင့်ဖြစ်သည်။

“မိန်းကလေးရဲ့မိဘတွေက ဘယ်သူလဲဆိုတာကို နည်းနည်းမှမသိချင်ဘူးလား?”

ရှုယွမ်ထက်မေးလိုက်ပြန်၏။

ကျင်းယွင်ကျောင်းသည် ထိုစကားကြောင့် အလွန်ထိတ်လန့်အံ့အားသင့်သွားသဖြင့် မည်သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူမခေါင်းခါလိုက်၏။

“အရင်ကတော့ သိချင်ခဲ့ပါတယ်၊ မိဘအရင်းတွေကို အပြင်မှာတောင် မြင်ဖူးချင်ခဲ့တယ်”

သူမ၏အတိတ်ဘဝတွင် သူမမှာ ယဲ့ချင်၏သမီးအရင်းမဟုတ်ကြောင်း သိရှိပြီးနောက် သူမမိဘများက သူမအား တစ်နေ့သောအချိန်တွင် ရှာဖွေတွေ့ရှိလျှင် ကောင်းမည်ဟု စိတ်ကူးယဥ်ခဲ့ဖူးသည်။ သူတို့သည် ငွေကြေးချို့တဲ့ပြီး သူမအပေါ် မေတ္တာသိပ်မရှိလျှင်ပင် သူမမှာ မိဘမဲ့တစ်ဦးမဟုတ်ကြောင်း သိရုံဖြင့် လုံလောက်ပေပြီ။

သို့သော် လက်တွေ့ဘဝမှာ စိတ်ကူးနှင့်အလှမ်းဝေးလှသည်။ ထိုစိတ်ကူးများ ပြိုလဲပျက်စီးပြီးနောက် သူမသည် ရှင်းရှင်းလင်းလင်းတွေးတတ်လာပြီး ထိုအတွေးများကိုပင် ခေါင်းထဲမှ ဖယ်ထုတ်လိုက်တော့၏။

ရှုယွမ်ထက် ချက်ချင်းဆိုသလို နားလည်သဘောပေါက်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် သူမသည် ဆင်းရဲဒုက္ခများစွာ ခံခဲ့ရပေသည်။

နှစ်ဦးသားသည် အချိန်အတော်ကြာ စကားတစ်ခွန်းမျှ မပြောခဲ့ကြချေ။ တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေခဲ့ကြသည်။ အချိန်နာရီစက္ကန့်များ ရပ်တန့်သွားသည့်အတိုင်း အချိန်ကုန်သည်မှာ အလွန်နှေးလှ၏။

စက္ကန့်တိုင်းသည် တစ်နှစ်စာမျှကြာသလို ခံစားနေရသည်ဟုပြောလျှင်ပင် အပိုစကားမဟုတ်ချေ။ ဆေးစစ်ပေးသည့်သူ ထွက်လာသောအခါ ရှုယွမ်ထက်တစ်ကိုယ်လုံး တောင့်တင်းသွားသလို ကျင်းယွင်ကျောင်း၏နှလုံးခုန်သံသည်လည်း ရုတ်ချည်းဆိုသလို မြန်ဆန်လာတော့၏။

“အဖြေထွက်လာပါပြီ...သွေးစစ်ချက်ရော ဆံပင်စစ်ချက်အဖြေရော အတူတူပါပဲ၊ ဒီနှစ်ယောက်က မျိုးတော်ပါတယ်”

ဆေးစစ်သည့်သူသည် ရှုယွမ်ထက် စိတ်လှုပ်ရှားနေပုံကိုမြင်လိုက်သဖြင့် ကွေ့ဝိုက်မနေဘဲ ပြောလိုက်၏။

Space and Rebirth 919

ထိုသူသည် စကားပြောပြီးသည်နှင့် ဆေးစစ်ချက်စာရွက်နှစ်ခုအား ကမ်းပေးလိုက်၏။

“မိဘနှင့် သားသမီးဆက်ဆံရေး” ဟုရေးထားသော စကားလုံးများကြောင့် ကျင်းယွင်ကျောင်းစကားစရှာမရဖြစ်သွားသည်။ သူမသည် ချက်ချင်းဆိုသလို ထိုဆေးစစ်ချက်စာရွက်အား အလျင်အမြန် လှန်လျောဖွင့်ဖတ်လိုက်၏။ အချိန်တစ်ခုစာမျှ သူမမည်သို့လုပ်ရမည်ကို မသိတော့ချေ။

“ဒီဆေးစစ်ချက်က...တစ်ခုခုများမှားနေလား?”

ကျင်းယွင်ကျောင်းသည် သံသယဖြစ်ဟန်ဖြင့် မေးလိုက်သည်။

“မမှားနိုင်ပါဘူး၊ ညသန်းခေါင်မှာ ဆေးလာစစ်တာ ခင်ဗျားတို့ပဲရှိပါတယ်၊ ပြီးတော့ ကျွန်တော်တို့ ဆေးစစ်ဌာနကလည်း အတုအယောင်တွေ ခွင့်မပြုပါဘူး၊ ဒီဌာနကို ထောင်ကတည်းက တစ်ခါမှ စာရွက်စာတမ်းအတုမလုပ်ပေးခဲ့ဖူးသလို မတော်တဆလည်း မဖြစ်ခဲ့ဖူးပါဘူး...”

ရှုယွမ်ထက်ရှိနေသောကြောင့် တစ်ဖက်လူသည် အလွန်ယဥ်ကျေးစွာ ပြန်ဖြေလိုက်၏။

ကျင်းယွင်ကျောင်းသည် ဆေးစစ်ချက်အဖြေစာရွက်အားကိုင်ရင်း လက်များတုန်လာတော့သည်။ ရှုရှန်းလန်၏နာမည်ကို မြင်လိုက်သောအခါ သူမခေါင်းများ မူးနောက်လာတော့၏။

ရှုရှန်းလန်မှာ သူမ၏မိခင်အရင်းလော?

အဘယ်သို့ဖြစ်နိုင်မည်နည်း...

သူမသည် အကြီးအကဲရှုအား စတွေ့စဥ်ကတည်းကပင် မကြာခဏဆိုသလို ရှရှန်းလန်၏အကြောင်းများကို ကြားခဲ့ဖူးသည်။ သို့ရာတွင် ထိုအမျိုးသမီး၏ ကလေးဖြစ်နေလိမ့်မည်ဟု မိမိကိုယ်မိမိ တစ်ခါမှမထင်ခဲ့ဖူးချေ။ သူတို့နှစ်ဦး ရုပ်ဆင်ခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုသာဖြစ်လိမ့်မည်ဟု သူမအမြဲတစေထင်ခဲ့သည်။ ထို့အပြင် လီထျန်းယီသည်လည်း သူ့တွင်ကလေးမရှိခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု အကြီးအကဲရှုနှင့် ဦးလေးရှင်းယွမ်မှ ပြောခဲ့သေးသည်။

နောက်ဆုံးစာမျက်နှာရှိ စကားလုံးများကို စူးစိုက်ကြည့်ရင်း ကျင်းယွင်ကျောင်းမျက်လုံးများနီမြန်းလာ၏။ သူမသည် မိမိစိတ်ကို မနည်းပြန်ထိန်းလိုက်သည်။

သူမနံဘေးတွင်ရှိနေသော ရှုယွမ်ထက်သည် သက်မကိုချလိုက်တော့၏။ သူသည် ယခုအချိန်တွင် ကျင်းယွင်ကျောင်းကို ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများသည် မေတ္တာဖြင့် ပြည့်နှက်နေတော့သည်။

“အားကျောင်း၊ ငါကမင်းဦးလေးပဲ”

ရှုယွမ်ထက်သည် လက်ကိုလှမ်းကာ သူမ၏ခေါင်းအားထိလိုက်သည်။ သူသည် သက်ပြင်းကိုချကာ ပူဆွေးသောမျက်လုံးများဖြင့် သူမကိုကြည့်လိုက်၏။

ယခင်က ရှုရှန်းလန်တွင် ကလေးတစ်ဦးရှိနေလိမ့်မည်ဟု မည်သူမှမထင်ခဲ့ချေ။ သူတို့သာ ရှုရှန်းလန်တွင် သမီးတစ်ဦးရှိနေမှန်းသိခဲ့လျှင် ထိုကလေးအား နှစ်ပေါင်းများစွာ တစ်ဦးတည်းလေလွင့်နေရန် ပစ်ထားခဲ့မည်မဟုတ်ပေ။ ယခုတွင် ထိုကလေးမှာ လှပကြော့ရှင်းနေပြီး လွတ်လပ်သန်မာသောမိန်းကလေးတစ်ဦးအဖြစ် သူတို့အရှေ့သို့ ရောက်နေလေပြီ။ ရှုမိသားစုမှာ သူမအတွက် ကောင်းခြင်းများထပ်ခြင်းသာ ဖြစ်၏။

ကျင်းယွင်ကျောင်းတစ်ကိုယ်လုံးတုန်ယင်သွားသည်။

“နည်းနည်းစိတ်ငြိမ်အောင်လုပ်ပါရစေ”

ကျင်းယွင်ကျောင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ဆေးစစ်ချက်အဖြေစာရွက်ကို လက်တွင်ကိုင်၍ ထွက်သွားလေ၏။

သူမမိဘများအား မသိချင်ခဲ့၍မဟုတ်ပေ။ မသိရဲခဲ့ခြင်းသာဖြစ်၏။ သူမအတိတ်ဘဝက သေဆုံးခါနီးအချိန်တွင် သူမမိဘများအပေါ် မကျေနပ်ချက်အနည်းငယ်ရှိခဲ့၏။ အဘယ်ကြောင့် သူမအား မွေးဖွားပြီး စွန့်ပစ်ခဲ့ကြသနည်း? သူမအား ချောင်မိသားစုတွင် ပစ်ထားခဲ့သဖြင့် သူမသည် တစ်ဘဝစာလုံး ချောင်မိသားစုအတွက် အလုပ်လုပ်ပေးခဲ့ရပြီး အရှက်ခွဲခံရရုံမက ထောင်ထဲသို့ပါရောက်ခဲ့၏။

ယခုတွင် သူမသည် အခြားသူများထက် ပို၍စိတ်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို မခံချိမခံသာမဖြစ်တော့ချေ။ ဘဝအားပြန်စနိုင်သော အခွင့်အရေးမှာ ကောင်းကင်ဘုံမှ သူမအား ပေးသနားခဲ့သော အကြီးမားဆုံးကောင်းကြီးပင်မဟုတ်လော။ ယခုတွင် သူမသည် သူငယ်ချင်းကောင်းများနှင့် အောင်မြင်သောလုပ်ငန်းများကို ပိုင်ဆိုင်နေလေပြီ။ အရာအားလုံးသည် သူမဆန္ဒအတိုင်း တိုးတက်ဖြစ်ပွားနေလေ၏။ ယခင်ဘဝမှ သူမ၏နာကျင်မှုများနှင့် အငြိုးအတေးများသည် သူမအိပ်မက်ထဲတွင် ပြန်ပေါ်‌ပေါက်လာလျှင်ပင် သူမနိုးလာသည်နှင့် ထိုအရာများအားလုံး ပျောက်ကွယ်သွားပေ‌တော့သည်...

သို့သော် သူမမိဘအရင်းများအတွက် မျှော်လင့်ချက်များတစ်စက်မှ မရှိသည့်အချိန်တွင် သူမ၏မိခင်အရင်းကို ရှာဖွေတွေ့ရှိခဲ့၏...

ရယ်ချင်စရာကောင်းလှပေသည်။

သူမသည် အခြားသူများပြောလေ့ရှိသော အဖေမရှိ၊ အမေမရှိ မိဘမဲ့ကောင်မလေးတစ်ဦးမဟုတ်တော့ပေ။ သို့ရာတွင် သူမစိတ်ထဲ၌ ခံစားချက်မျိုးစုံရှုပ်ထွေးနေတော့၏။

ရှောင်ဟိုင်ချင်းသည် သူမဖခင်အား မုန်းတီးလျက်နှင့်ပင် အဘယ်ကြောင့် ဖခင်နှင့်ပတ်သတ်လာလျှင် သံယောဇဥ်လက်ကျန်ရှိနေဆဲဖြစ်သည်ကို ထိုအချိန်တွင် ကျင်းယွင်ကျောင်းနားလည်သွားလေသည်။ သွေးဟူသည်မှာ အမှန်တကယ်လိမ်ညာ၍မရပါပေ။ သူမမိခင်အရင်းကို ရှာတွေ့သော်လည်း သူမအဘယ်သို့လုပ်နိုင်မည်နည်း? ထိုမိခင်သည် ဤကမ္ဘာပေါ်တွင် မရှိတော့ပါချေ။

ယခင်က သူမအားကျခဲ့သောအမျိုးသမီးမှာ သူမ၏မိခင်အရင်းဖြစ်နေသော်လည်း ထိုအမျိုးသမီးအား တွေ့နိုင်ခွင့်ပင် သူမတွင်မရှိတော့ပေ။ ယခင်က သူမမိဘများ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဘဝအားဖြတ်သန်းနေသည်ကို သူမစိတ်ကူးယဥ်နိုင်သေးသော်လည်း ယခုတွင် ထိုစိတ်ကူးအိပ်မက်များသည် ဟာလာဟင်းလင်းဖြစ်သွားချေပြီ။

ရှုယွမ်ထက်သည် သူမကျောပြင်ကိုသာကြည့်ကာ အနောက်သို့မလိုက်သွားပေ။ ဤသည်မှာ သူမအတွက် ရုတ်တရတ်ဆန်လွန်းသောအရာဖြစ်ပြီး ဤအချက်အား လက်ခံနိုင်ရန် အချိန်လိုပေသည်။ ထို့အပြင် သူသည်လည်း ဤ‌ဆေးစစ်ချက်အဖြေအား သူ၏ဖခင်ကို အသိပေးရဦးမည်။

ဆေးစစ်ဌာနမှထွက်ပြီးသောအခါ ကျင်းယွင်ကျောင်းသည် မည်သည့်နေရာသို့သွားရမည်ကို မသိတော့ချေ။ သူမ၏ကျစ်ကျစ်ဆုပ်ထားသောလက်သီးများသည် တုန်ယင်နေ၏။ သူမမျက်လုံးများမှာ နီမြန်းနေပြီး သူမမျက်နှာမှာ သွေးဆုပ်နေသည်။

အပြင်ဘက်တွင် မနက်ဝေလီဝေလင်းအချိန်ဖြစ်သဖြင့် နေထွက်လာပြီဖြစ်သော်လည်း လေထုမှာ အနည်းငယ်အေးစိမ့်နေသေး၏။ ကျင်းယွင်ကျောင်း၏ဝတ်စုံပေါ်တွင် ဂျာကင်တစ်ထည်ကိုသာ ဝတ်ဆင်ထားသဖြင့် အလုပ်သွားနေကြသောလူများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

Space and Rebirth 920

သူမကြောင်ငေးနေစဥ်တွင် သူမပုခုံးပေါ်တွင် တစ်ခုခုသက်ရောက်လာသည်ကို ခံစားမိလိုက်သည်။ ထိုအရာကို လှည့်ကြည့်လိုက်သောအခါ လီရှောက်ယွင်မှ သူမဘေးတွင် ရပ်နေကြောင်း မြင်လိုက်ရတော့သည်။ လီရှောက်ယွင်သည် လက်ကိုလှမ်းကာ သူ၏ရင်ခွင်ထဲသို့ ကျင်းယွင်ကျောင်းကို ဆွဲပွေ့လိုက်သည်။

“ရှင်ဘာလို့ဒီရောက်နေတာလဲ?”

ကျင်းယွင်ကျောင်းအသံသည် အနည်းငယ်အက်ကွဲနေ၏။

“အားကျောင်း၊ ဒီဟာက ကောင်းတဲ့အရာပဲလေ၊ အခုချိန်ကစပြီး အကြီးအကဲရှုက မင်းရဲ့အဘိုးအရင်းဖြစ်သွားပြီ မင်းတစ်ယောက်တည်းမဟုတ်တော့ဘူး”

လီရှောက်ယွင်သည် သူမမျက်ဝန်းထဲသို့စိုက်ကြည့်ကာ အလေးအနက်ပြောလိုက်၏။

ကျင်းယွင်ကျောင်းအကြည့်များ နူးညံ့သွားသည်။ မှန်ပေသည်။ အကြီးအကဲရှုသာ သူမအဘိုးဖြစ်လျှင် ကောင်းပေမည်ဟု သူမအကြိမ်ပေါင်းများစွာ စိတ်ကူးယဥ်ခဲ့ဖူး၏။

“ရှင်သိနေတာလား?”

ကျင်းယွင်ကျောင်း အသက်ရှူထုတ်ကာ မေးလိုက်၏။

“အင်း”

လီရှောက်ယွင်ပြန်ဖြေလိုက်သည်။ သူမလက်များအေးစက်နေသည်ကို ခံစားမိလိုက်သဖြင့် လီရှောက်ယွင်သည် ချက်ချင်းဆိုသလို သူမအား ကားထဲခေါ်သွားလိုက်၏။

ကျင်းယွင်ကျောင်းအား လုပ်ငန်းမိတ်ဆုံစားပွဲအကြောင်း ပြောပြခဲ့သောလူမှာ သူကိုယ်တိုင်ပင်ဖြစ်သဖြင့် ရှုယွမ်ထက်သာ သူမအားတွေ့လျှင် မည်သို့လုပ်မည်ကို သူသိနေလေသည်။ ထို့ကြောင့် သူသည် ယမန်နေ့ညကတည်းက ဆေးစစ်ဌာန၏ဂိတ်ပေါက်တွင် စောင့်ဆိုင်းနေခဲ့၏။ ဤမနက်တွင် ကျင်းယွင်ကျောင်းမှ ငူတူတူဖြင့် လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် ဆေးစစ်ချက်အဖြေအား တစ်ခါတည်းခန့်မှန်းနိုင်သွားတော့သည်။

သူသည်လည်း သူမ၏မျိုးရိုးအား စစ်ဆေးချင်နေသည်မှာ ကြာပေပြီ။ သို့သော် စဥ်းစားကြည့်လိုက်သောအခါ သူလိုအပြင်လူတစ်ယောက်က ထိုသို့လုပ်ရန် မသင့်တော်လှကြောင်း ထင်လိုက်သည်။

ထို့အပြင် သူသည် ကျင်းယွင်ကျောင်း၏ဖြစ်တည်မှုကိုသာ နှစ်သက်သဘောကျခြင်းဖြစ်သည်။ သူမသည် ရှုမိသားစုနှင့် တော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ ဂရုမစိုက်ပါချေ။ ထို့ကြောင့်လည်း မစုံစမ်းခဲ့ခြင်းဖြစ်၏။

ကျင်းယွင်ကျောင်းသည် ကားထဲသို့ဝင်လာသည်နှင့် ချက်ချင်းပင် နွေးသွားသလိုခံစားလိုက်ရသည်။

“ရှင်ဘယ်လိုထင်လဲ? ကျွန်မကရုတ်တရတ်ကြီး အဘိုးရှုရဲ့မြေးဖြစ်သွားပြီ...ကျွန်မအမေအရင်းကလည်း မရှိတော့သလို ကျွန်မအဖေအရင်းဖြစ်နိုင်တဲ့လူကလည်း ကျွန်မရဲ့ဖြစ်တည်မှုကို အပြင်လောကဆီ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး...”

ကျင်းယွင်ကျောင်း၏ခံစားချက်ကင်းမဲ့သောမျက်နှာတွင် ဝမ်းနည်းရိပ်များ ခဏတာဖြတ်ပြေးသွား၏။

သူမ၏ခံနိုင်ရည်စွမ်းမှာ မသေးငယ်ကြောင်း လီရှောက်ယွင် စိတ်ထဲတွင်သိထားပေသည်။ သူမတွင် နေသားကျရန် အချိန်တစ်ခုသာလိုပေသည်။

“အားကျောင်း၊ အနာဂတ်မှာလည်း ကိုယ်တို့က မင်းအမေကို ဆက်ရှာနေဦးမှာပါ၊ အဝေးကြီးလိုသေးတယ်၊ သူအသက်ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာ အဖြေတစ်ခုထွက်လာလိမ့်မယ်၊ ဟွားနင်ခရိုင်က ဘယ်လောက်ကြီးလို့လဲ? ကိုယ်တို့မြေလှန်ရှာပစ်မှာပေါ့၊ လီထျန်းယီကတော့... သူ့မှာအခက်အခဲနည်းနည်းရှိနေခဲ့မယ်လို့ မထင်ဘူးလား?”

“လီထျန်းယီက ယောက်ျားကောင်းတစ်ယောက်ပါ၊ မင်းကိုအသိအမှတ်မပြုဘူးဆိုတာ မင်းကိုကာကွယ်ဖို့ဖြစ်မှာပေါ့၊ စဥ်းစားကြည့်လိုက်လေ သူမြို့တော်ထဲပြန်ရောက်လို့ မင်းအကြောင်းကို သူ့မိသားစုဆီပြောလိုက်တာဖြစ်ဖြစ်၊ မင်းကိုပြန်ခေါ်သွားတာဖြစ်ဖြစ် လုပ်လိုက်မိရင် မင်းဘယ်လိုဆက်ရှင်သန်မလဲ? မင်းမှာ ရှုမိသားစု၊ လီမိသားစုနဲ့ ကျင်းမိသားစုရဲ့ သွေးတွေစီးဆင်းနေတာလေ”

လီရှောက်ယွင် သတိပေးလိုက်သည်။

ရှုမိသားစုသည် သူမအား ကာကွယ်ပေးမည်ဖြစ်သော်ငြား ထိုငယ်ရွယ်သောအသက်မှစ၍ သူမအား ပြန်ခေါ်သွားလျှင် သူမသည် လီမိသားစုနှင့်အတူနေရပေလိမ့်မည်။ လီမိသားစုမှာ ကျင်းယွင်ကျောင်း၏ဖြစ်တည်မှုကို သေချာပေါက်လက်ခံမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ရှုမိသားစုနှင့် ကျင်းမိသားစုမှာ ဘိုးဘေးတစ်ဦးတည်းမှ ဆင်းသက်လာသောကြောင့် သူမ၏မျိုးရိုးမှာ လီမိသားစုအတွက် အချိန်မရွေးပေါက်ကွဲနိုင်သည့် ဗုံးတစ်လုံးကဲ့သို့ဖြစ်၏။

ကျင်းယွင်ကျောင်းမှာ တုံးအသောသူမဟုတ်ပေ။ လီရှောက်ယွင်၏စကားကို ကြားလိုက်သောအခါ သူမရင်ထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။

သို့ရာတွင် သူမသည် လက်ထဲ၌ ဆေးစစ်ချက်အဖြေကို ဆုပ်ကိုင်ထားရင် မျက်ရည်များကို မထိန်းနိုင်တော့ချေ။ သူမမျက်ဝန်းထဲတွင် မျက်ရည်များဝိုင်းလာသော်လည်း အတင်းချုပ်တည်းထားတော့၏။ ဝမ်းနည်းဝမ်းသာဖြင့် ကျသောမျက်ရည်ဖြစ်ပေသည်။

ဘဝသက်တမ်းနှစ်ခုစာမျှ ကြိုးစားအားထုတ်ပြီး နောက်ဆုံးတွင် သူမသည် အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့လေပြီ။ အလွန်ပင်ရှုပ်ထွေးကြမ်းတမ်းသောခရီးဖြစ်ခဲ့၏။

“ငိုချင်ရင် ငိုချလိုက်ကွာ၊ လာခဲ့ မင်းကိုဖက်ပေးထားမယ်”

လီရှောက်ယွင်၏အကြည့်များ ပျော့ပြောင်းသွားပြီး သူ၏လက်ကို ကျင်းယွင်ကျောင်း၏ခါးပေါ်တွင် တင်လိုက်သည်။

ကျင်းယွင်ကျောင်းခံစားချက်များမှာ တာကျိုးလုမတတ်ဖြစ်နေချေပြီ။ သူ၏စကားများကို ကြားလိုက်ရသောအခါ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ သူ၏ရင်ခွင်ထဲတွင် သူမ၏ခေါင်းကိုနှစ်မြုပ်လိုက်၏။ ထိုအခါ သူမသည် မရှင်းပြတတ်စွာဖြင့် စိတ်သက်သာရာရသွားလေသည်။

ယခင်ဘဝက သူမသည် ငိုရသည်ကို မနှစ်သက်ပေ။ လက်ရှိတွင်လည်း မျက်ရည်ကျခဲ၏။ သူမငယ်စဥ်က ယဲ့ချင်မှာ မျက်နှာလိုက်ပြီး ဖခင်ချောင်မှာ ကြမ်းကြုတ်၏။ သူမသည် တစ်ခေါက်က ချောင်ဟုန်ယဲ့အား အတုခိုးပြီး လူအာရုံစိုက်ခံရန် ငိုခဲ့ဖူးသည်။ သို့ရာတွင် သူမ၏မျက်လုံးများ ဖူးယောင်လာသည်ထိ ငိုယိုအော်ဟစ်သည့်တိုင် ထိုလူနှစ်ဦး၏ ဂရုမစိုက်သောအကြည့်များကသာ သူမကိုကြိုဆိုနေခဲ့သည်။ ထို့ကြောင့် သူမ၏မျက်ရည်များမှာ အကျိုးမရှိကြောင်း သူမတဖြည်းဖြည်းသိလာခဲ့သောအခါတွင် သူမမတရားခံရလျှင်ပင် ကြိတ်မှိတ်သည်းခံနေခဲ့၏။

သို့တိုင်အောင် သူမ၏ခံစားချက်များအား တစ်သက်လုံးမြိုသိပ်ထားရန် မရည်ရွယ်ခဲ့ပေ။ အချိန်ကြာမြင့်စွာရှိပြီးနောက် သူမသည် ၎င်းအား ကျင့်သားရသွားခြင်းသာဖြစ်၏။

All Chapters