အခန်း (၉၂၁-၉၂၄)
Vol. 47 Ch. 921-924
Space and Rebirth 921
ကျင်းယွင်ကျောင်းသည် တိုးတိတ်စွာ ရှိုက်ငိုလိုက်၏။ သူမ၏ခံစားချက်များကို ခဏတာမျှ လွှတ်ထုတ်ပြီးနောက် သူမမော့ကြည့်ကာ ပြောလိုက်သည်။
“ကျေးဇူး”
သူမ၏မျိုးရိုးအား ရှာဖွေသိရှိခဲ့သည်မှာ ကောင်းသောအရာဖြစ်ပေသည်။ သူမအားကိုးရာမရှိခဲ့သောအချိန်များအား ပြန်တွေးမိပြီး သူမ၏မိခင်အရင်းအား တွေ့ချင်လိုသောစိတ်ကြောင့်သာ ဝမ်းနည်းနေရခြင်းဖြစ်သည်။
သူမလက်မှာ လီရှောက်ယွင်၏ခါးကိုဖက်ထားဆဲဖြစ်သည်။ သူမမျက်လုံးများမှာ အနည်းငယ်ရီဝေဝေရှိနေပြီး နီမြန်းနေသောကြောင့် သူမ၏ဖြူလျသောမျက်နှာပေါ်တွင် အထူးသဖြင့် ရုတ်ချည်းဆန်နေလေ၏။ သူမလက်အားရုတ်သိမ်းတော့မည်ကို မြင်လိုက်ရသောအခါ လီရှောက်ယွင်သည် ၎င်းကိုပြန်လည်ဖမ်းဆုပ်လိုက်ပြီး မလွှတ်ပေးတော့ချေ။
“တစ်နေ့လုံးကိုယ့်ကိုဖက်ထားလို့ရတယ် ကိစ္စမရှိဘူး”
ကျင်းယွင်ကျောင်းအတန်ငယ်ရှက်သွေးဖြာသွားသည်။
“ရပါတယ်”
သူမ တိုးဖွစွာပြောလိုက်၏။ သို့ရာတွင် သူမသည် အစောပိုင်းကငိုထားသဖြင့် သူမ၏ရီဝေဝေမျက်လုံးများသည် တစ်ဖက်လူအား ညှို့ယူဖမ်းစားနေသလိုရှိပေသည်။
“နောက်တစ်ခါဖက်ပါဦး၊ မင်းတစ်ညလုံးမအိပ်ထားမှတော့ ကိုယ့်ကိုဖက်ပြီးအိပ်လိုက်ပေါ့”
လီရှောက်ယွင်ဆက်ပြောလိုက်သည်။
ပြောရလျှင် ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အနည်းငယ်ပင်ပန်းနေလေသည်။ ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းမှုမျိုးမဟုတ်ဘဲ စိတ်ပင်ပန်းခြင်းဖြစ်သည်။ သူမသည် ခံစားချက်များမပေါက်ကွဲထွက်သည်မှာ ကြာမြင့်နေသောကြောင့် ဤအခိုက်အတန့်တွင် အလွန်အနားယူချင်နေလေသည်။ သူမစိတ်ကိုလည်း လျှော့လိုက်ပြီဖြစ်သည်။
“ဟုတ်ပြီလေ ဒါဆို ရှင့်ခြေထောက်ကို ဖက်ခေါင်းအုံးအနေနဲ့ သုံးမယ်နော်”
ကျင်းယွင်ကျောင်းအနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ သူမသည် လှုပ်ရှားမှုအနည်းငယ်ပြုကာ သူမတစ်ကိုယ်လုံးအား ကားနောက်ခန်းတွင် လှဲလျောင်းလိုက်သည်။
သူမသည် ပိန်ပါးလှသဖြင့် ကားထိုင်ခုံပေါ်တွင် ကွေးအိပ်နိုင်လေ၏။ လီရှောက်ယွင်သည် သူ၏အနွေးထည်ဖြင့် သူမအား လှမ်းခြုံပေးလိုက်သည်။ ထို့နောက် သူမ၏ဆံပင်များကို သပ်ကာ သူမခန္ဓာကိုယ်အား အကြိမ်အနည်းငယ် ပုတ်သိပ်လိုက်သည်။
“ကျွန်မခေါင်းကမလေးဘူးလား?”
ကျင်းယွင်ကျောင်းတီးတိုးမေးလိုက်သည်။
“ဟင့်အင်း”
လီရှောက်ယွင် နှုတ်ခမ်းများကိုစေ့လိုက်၏။
“ပြီးတာပဲ...”
ကျင်းယွင်ကျောင်းမျက်လုံးများအား မှိတ်ကာ ခေတ္တမျှအနားယူလိုက်သည်။
“ရှောက်ယွင်၊ ဒီနေ့ကျွန်မရှေ့မှာပေါ်လာပေးလို့ ကျေးဇူးပဲ”
ယနေ့တင်မက မည်သည့်အချိန်မဆို သူမလိုအပ်သောအချိန်တိုင်းတွင် လီရှောက်ယွင်သည် သူမ၏ကိုယ်စောင့်နတ်တစ်ဦးကဲ့သို့ သူမဘေးတွင် ပေါ်လာတတ်၏။
“အင်းပါ”
လီရှောက်ယွင် ခပ်ဟဟရယ်လိုက်၏။
(ဒီကောင်မလေးကသိတတ်သားပဲ)
လီရှောက်ယွင်ကိုယ်ပေါ်မှ စန္ဒကူးအနံ့သင်းသင်းကို ရှူရှိုက်ပြီး ကျင်းယွင်ကျောင်းခေါင်းသည် တဖြည်းဖြည်းငိုက်လာ၏။ မကြာမီတွင် သူမအိပ်မောကျသွားလေသည်။ သို့သော် ရှားရှားပါးပါးအနေဖြင့် သူမအိပ်မက်မမက်ခဲ့ချေ။
ယခင်က သူမအိပ်ခါနီးတွင် အိပ်မက်ဆိုးများ၏ခြောက်လှန့်မှုမှ ကင်းဝေးစေရန် ပန်းခြောက်လက်ဖက်ရည်တစ်ခွက် ဖျော်သောက်တတ်စမြဲဖြစ်သည်။ မဟုတ်လျှင် သူမသည် ယခင်ဘဝက ထောင်ထဲတွင်ရှိခဲ့သောသူမ၏ဘဝ သို့မဟုတ် သူမအား စူးရဲစွာကြည့်နေသော ချောင်ဝေ့မင်၏ရွံစရာမျက်လုံးများနှင့် သူ၏ကိုယ်ထိလက်ရောက်စော်ကားမှုများကို အိပ်မက်မက်လေ့ရှိသည်။
လီရှောက်ယွင်သည် သူမ၏ရှားပါးလှသောအပြုံးကို ကြည့်ပြီး သူ၏အကြည့်များ ပျော့ပြောင်းသွားသည်။ ထို့နောက် သူ၏နားထင်အား လက်ဖြင့်ထောက်လိုက်၏။
အနာဂတ်တွင် သူ၏အားကျောင်းအား ချစ်ပေးမည့်သူများ များပြားလာသော်လည်း သူ၏ဘဝမှာမူ ကောင်းနိုင်းတော့မည်မဟုတ်ချေ။ ရှုမိသားစုတွင် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ အားလုံးသည် ဉာဏ်ကောင်းပါးနပ်သောလူများဖြစ်ကြ၏။ လီရှောက်ယွင်သည် အကြီးအကဲရှု၏ခွင့်ပြုချက်ရရန်ပင် နှစ်နှစ်-သုံးနှစ်မျှ အချိန်ယူခဲ့ရသည်။ အနာဂတ်တွင် ရှုယွမ်ထက်နှင့် ရှုဝမ်ချန်းတို့၏ခွင့်ပြုချက်ပါ ယူရပေတော့မည်။
ရှုယွမ်ထက်သည် သူ၏ညီမဖြစ်သူနှင့်ပတ်သတ်၍ အစွဲအလမ်းကြီးသောသူဖြစ်သဖြင့် အနာဂတ်တွင် သူသာ အားကျောင်းကို လက်ထပ်လိုပါက...ရှုယွမ်ထက်ဟူသောတောင်ကို ကျော်ဖြတ်ရပေမည်။ အလွန်ခက်ခဲလွန်းလှ၏!
ရှုဝမ်ချန်းကိုလည်း ဖယ်ထား၍မဖြစ်ပေ။ ကျင်းယွင်ကျောင်း၏ဦးလေးအငယ်မှာ ပေါ့သေးသေးမမှတ်သင့်သောလူဖြစ်၏။ သူသည် ဇီဇာကြောင်သည်ဟု နာမည်ကြီးပေသည်။ အနာဂတ်တွင် ရှုဝမ်ချန်းမှ သူ့အား အနိုင်ကျင့်မည့်ပုံကို ကြိုတွေးလိုက်သောအခါ လီရှောက်ယွင်သွေးတက်သွား၏။
ကံကောင်းစွာဖြင့် သူသည် လီမိသားစုအား စိတ်ပူစရာမလိုပေ။
ကျင်းယွင်ကျောင်းသည် အချိန်ကြာမြင့်စွာ အိပ်စက်ခဲ့၏။ ပုံမှန်အိပ်နေကျအချိန်ထက် ပိုကြာပေသည်။ သူမနိုးလာသောအခါ ကောင်းကင်မှာ မှောင်နေလေပြီ။ ကားပြတင်းမှန်အပြင်ရှိ နီယွန်မီးများကို ကြည့်လိုက်သောအခါ သူမအနည်းငယ်ဆွံ့အသွားသည်။
“အချိန်ဘယ်လောက်ကြာသွားပြီလဲ?”
သူမအနည်းငယ်ဇဝေဇဝါဖြစ်နေတော့၏။
“မနက် ၂ နာရီရှိပြီ”
လီရှောက်ယွင် နှုတ်ခမ်းစွန်းများတွန့်နေသည်။
၎င်းအား ကျင်းယွင်ကျောင်းကြားလိုက်ရသောအခါ မျက်လုံးအပြူးသားဖြစ်သွား၏။
“မနက် ၂ နာရီ? ဒါဆို ကျွန်မ နာရီနှစ်ဆယ်စာလောက် အိပ်လိုက်တယ်ဆိုတဲ့သဘောလား?”
လီရှောက်ယွင်ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်...”
“ဒါဆို...ရှင်ဒီပုံစံအတိုင်းနေနေတာ...”
ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်းအလွန်အားနာမိသွားသည်။
“ရှင့်ခြေထောက်တွေ ကျဥ်နေပြီမှတ်လား?”
ဤအနေအထားအတိုင်း နာရီနှစ်ဆယ်မျှ နေခဲ့ရသောကြောင့် သူသည် မျက်လုံးများမှိတ်လျှင်ပင် အိပ်စက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူတို့သည် ကားထဲတွင်ရှိနေခဲ့သဖြင့် လီရှောက်ယွင်သည် ထမင်းလည်းမစား၊ ရေလည်းမသောက်ရလောက်သေးချေ။ အဘယ်ကြောင့်ဆိုသော် သူလှုပ်လိုက်လျှင် သူမသည် သေချာပေါက်နိုးလာခဲ့ပေမည်။
Space and Rebirth 922
ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ပြန်စဥ်းစားကြည့်လိုက်သောအခါ သူမသည် ဤအမျိုးသားအပေါ် အနည်းငယ်အေးစက်လွန်းခဲ့မိပေသည်။
“ရပါတယ် စစ်ဆင်ရေးတွေလုပ်ခဲ့တုန်းက တစ်နေရာတည်းမှာ နှစ်ရက်-သုံးရက်လောက်ပုန်းပြီး နှင်းစက်နဲ့ပဲအသက်ဆက်ခဲ့ဖူးတယ်လေ၊ အခု ကိုယ့်ရင်ခွင်ထဲမှာ မိန်းမလှလေးတစ်ယောက်ရှိနေတော့ ဒီထက်ပိုကောင်းနိုင်တာမရှိတော့ဘူး”
လီရှောက်ယွင်သည် သူမအား ဝေ့ကြည့်ကာ ပြုံးလိုက်သည်။
“ဒါနဲ့ အိပ်မက်ထဲမှာ ဘယ်လိုအစားကောင်းအသောက်ကောင်းတွေမြင်ခဲ့လို့ နှုတ်ခမ်းတသပ်သပ်ဖြစ်နေတာလဲ?”
“ကျွန်မအိပ်မက်မမက်ခဲ့ဘူးလို့!”
ကျင်းယွင်ကျောင်းချက်ချင်းဆိုသလို ရှက်ကိုးရှက်ကန်းဖြစ်သွားတော့သည်။
“ဒါပေမယ့် မင်းကအိပ်ရင်းစကားတွေပြောနေတာလေ”
လီရှောက်ယွင်မျက်ခုံးများပင့်ကာ ပေါက်ကရစကားများကို လေးနက်သောမျက်နှာဖြင့် ပြောလိုက်၏။
“မဖြစ်နိုင်တာ၊ ကျွန်မဘာပြောခဲ့လို့လဲ?”
ကျင်းယွင်ကျောင်းအတန်ငယ်မလုံမလဲဖြစ်သွားသည်။ သူမသည် ယခင်ကတစ်နေ့လျှင် ၄-၅ နာရီမျှသာ အိပ်လေ့ရှိပြီး အကြာဆုံးအချိန်မှာ ခြောက်နာရီဖြစ်၏။ သို့သော် ဤတစ်ခေါက်တွင် သူမသည် တစ်နေ့နှင့် တစ်ညနီးပါး အိပ်ခဲ့လေသည်။ သူမအိပ်မောကျနေစဥ်အတွင်း စကားပြောခဲ့သည်လော၊ မပြောခဲ့သလော သူမတကယ်မသိချေ။
“မင်းပြောခဲ့တာက...ထားလိုက်ပါ၊ မင်းရှက်သွားမှာစိုးလို့ မပြောတော့ဘူး”
လီရှောက်ယွင်ခပ်ဟဟရယ်ကာ သူမအား တမင်စလိုက်သည်။
ထို့နောက် သူသည် ကားနောက်ခန်းမှထွက်ပြီး ကားမောင်းသူနေရာသို့ ဝင်ထိုင်လိုက်သည်။
“ကျွန်မဘာပြောခဲ့တာလဲလို့?”
ကျင်းယွင်ကျောင်းအနည်းငယ်သိချင်နေ၏။
“အဲဒါက..နည်းနည်းတော့ ပွင့်လင်းလွန်းလို့ ကိုယ်တောင် ပြောရမှာနည်းနည်းရှက်တယ် မင်းကြားချင်တာသေချာလား?”
လီရှောက်ယွင်သည် ကျီစယ်ရိပ်များသန်းနေသော သူ၏မက်မွန်ပန်းရောင်မျက်လုံးများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
ကျင်းယွင်ကျောင်းနှုတ်ခမ်းများကို စေ့လိုက်၏။ ယခင်ကဆိုလျှင် သူမသေချာပေါက်ယုံလိမ့်မည်မဟုတ်ချေ။ သို့သော် သူမသည် အိပ်မောမကျစဥ်က လီရှောက်ယွင်အပေါ် အလွန်ကျေးဇူးတင်ပြီး အလွန်ကြည်နူးနေခဲ့မိသည်။ သူမ၏ခံစားချက်များမှာ စိတ်လျှော့လိုက်လျှင် ၎င်းထက် ပိုပြင်းထန်ကြီးမားသွားနိုင်၏...
“ဒါဆို ကျွန်မမသိချင်တော့ဘူး...”
သူမပို၍ပင်မလုံမလဲဖြစ်သွားတော့၏။
….
နှစ်ဦးသားသည် အားပြန်လည်ဖြည့်တင်းရန် ၂၄ နာရီဖွင့်သော စားသောက်ဆိုင်တစ်ခုကို ရှာလိုက်၏။ စားသောက်ပြီးနောက် လီရှောက်ယွင်သည် သူမအား အကြီးအကဲရှုအိမ်သို့ ပြန်ပို့လိုက်သည်။
ဤကိစ္စများမတိုင်ခင်တွင် လီရှောက်ယွင်သည် ရှုရှင်းယွမ်ဆီသို့ မက်ဆေ့ချ်တစ်စောင်ပို့ထားခဲ့၏။ ကျင်းယွင်ကျောင်းအိပ်မောကျနေသည်ကို အနှောင့်အယှက်မပေးရန် အကြီးအကဲရှုနှင့် အခြားသူများသည် သူမအား မဆက်သွယ်ဘဲနေခဲ့လေသည်။
အကြီးအကဲရှုသည် ဆေးစစ်ချက်အဖြေကို ကြားလိုက်ရသောအခါ ခံစားချက်သိပ်မကောင်းခဲ့ပေ။ သူ၏သမီးမှာ ဤကမ္ဘာလောကတွင် မရှိနိုင်တော့ချေ များလာသောကြောင့်ဖြစ်၏။ သို့တိုင်အောင် ယခုတွင် သူ၏မြေးမလေးပြန်ရောက်ပြီဖြစ်၍ ကောင်းသောအရာဖြစ်ပေသည်။ ထို့အပြင် သူသည် ကျင်းယွင်ကျောင်းအား အချိန်ကြာမြင့်စွာ ဂရုစိုက်စောင့်ရှောက်ပေးခဲ့ပြီး သူကိုယ်တိုင်ကလည်း စိတ်ထဲတွင်ကြိုတင်ပြင်ဆင်ထားသောကြောင့် ဤကိစ္စကို လက်ခံနိုင်သောအရာဟု ခံစားမိ၏။
ကျင်းယွင်ကျောင်းအား နောက်တစ်ခါပြန်တွေ့လျှင် ယခင်ကနှင့် တူညီတော့မည်မဟုတ်ချေ။
အကြီးအကဲရှု၏ မှုန်ဝါးနေသောမျက်လုံးများသည် မျက်ရည်များဖြင့်ပြည့်နှက်နေ၏။ ယခင်က သူ၏လေးနက်တည်ကြည်ဟန်များနှင့် ယှဥ်လိုက်လျှင် သူသည် ယခုတွင် များစွာလူသားဆန်နေချေပြီ။
လီရှောက်ယွင်သည် အဘိုးရှု၏ပုံစံကို မြင်လိုက်သောအခါ သက်ပြင်းမချမိဘဲမနေချေ။ ဤမြေးအဘိုးနှစ်ဦးမှာ တစ်ထေရာတည်းဖြစ်၏။ ကျင်းယွင်ကျောင်းပင်လျှင် ယခင်ကထက် အပြောအဆိုနူးညံ့သွားသည်။
“အ...”
ကျင်းယွင်ကျောင်းစကားပြောခါနီးတွင် နှစ်စက္ကန့်မျှ ရပ်တန့်သွား၏။
“အဘိုး”
“ဟမ့်!”
အကြီးအကဲရှု၏ ဟိန်းထွက်လာသောအသံကြောင့် ကျင်းယွင်ကျောင်းအနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက်တွင် အကြီးအကဲရှုသည် ဆက်ပြောလိုက်၏။
“ကောင်မလေး၊ ငါမင်းကို နှစ်တွေအကြာကြီး အမှားလုပ်မိခဲ့တယ်၊ အားလုံးငါ့အပြစ်တွေပါ၊ ဒီအဘိုးက မင်းကို စောစောစီးစီးမြင်ခဲ့ရမှာ”
“အဘိုး၊ အခုလည်း သမီးကျေနပ်ပါတယ်”
ကျင်းယွင်ကျောင်းစိတ်ရင်းမှန်ဖြင့် ပြောလိုက်၏။
သူမသည် တစ်ကောင်ကြွက်မဟုတ်တော့ချေ။ သူမသည် အကြီးအကဲရှုအား တရားဝင်လုပ်ကျွေးပြုစုနိုင်ပြီး မိမိပေါက်ဖွားလာသောမိသားစုကိုလည်း သိရချေပြီ။
“ဟုတ်ပါပြီကွယ် ဟုတ်ပါပြီ”
အကြီးအကဲရှုမှ ထပ်ခါတလဲလဲ သဘောတူလိုက်၏။
“အိမ်နဲ့ဝေးနေတာကြာပြီဆိုတော့ အခုပြန်ဖို့အချိန်ရောက်ပြီ၊ မင်းရဲ့ဦးလေးအကြီးက ဒီနှစ်ရက်အတွင်း စီစဥ်စရာရှိတာတွေစီစဥ်လိမ့်မယ်၊ ဦးလေးအငယ်ကလည်း နိုင်ငံခြားကနေပြန်လာဖို့လုပ်နေပြီ၊ အချိန်တန်လာရင် အားလုံးတွေ့ပြီး စကားပြောကြတာပေါ့...”
အကြီးအကဲရှုသည် ခေတ္တမျှစကားရပ်ပြီး တိုးဖွစွာ ဟမ့်ခနဲအသံပြုလိုက်သည်။
“မင်းက ၁၈ နှစ်လုံးလုံးပျောက်နေခဲ့တာဆိုတော့ ဒီနှစ်ကောင်က အဲဒီ ၁၈ နှစ်စာကို မင်းအတွက်အစားထိုးပေးဖို့ ကြိုးစားကြလိမ့်မယ်၊ သူတို့ဘယ်လိုအဖိုးတန်ပစ္စည်းတွေပေးပေး မင်းငြင်းခွင့်မရှိဘူး၊ အားလုံးယူရမယ်၊ သူတို့သာ ငါ့နောက်ကွယ်မှာ အကွက်ချပြီး မင်းအမေကိုထွက်သွားခွင့်မပေးခဲ့ရင် မင်းလည်း အပြင်လောကထဲ ရောက်နေမှာမဟုတ်ဘူး၊ ငါ့မြေးလေး အားနာနေစရာမလိုဘူး ကိုယ်ရသင့်ရထိုက်တဲ့အရာအားလုံးကို တစ်ခုမကျန်သာယူခဲ့”
Space and Rebirth 923
အကြီးအကဲရှုမှ စကားပြောပြီးချိန်တွင် ကျင်းယွင်ကျောင်းသည် ချွေးစေးများ ပြန်နေလေပြီ။ သူမမှတ်မိသည်မှာ မှန်သည်ဆိုလျှင် အကြီးအကဲရှုသည် သူမအား “ကောင်မစုတ်လေး” ဟု ခေါ်တတ်စမြဲဖြစ်၏။ အခေါ်အဝေါ်ပြောင်းလဲပုံမှာ အနည်းငယ်မမြန်လွန်းလှသလော?
၁၈ နှစ်စာ လက်ဆောင်များကိုမူ....
၎င်းကို ကျင်းယွင်ကျောင်းသည် ပို၍ပင် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွား၏။
“ဒါနဲ့ အဘိုး၊ ဦးလေးအငယ်က မိန်းမရှိလား?”
သူမသည် ရှုယွမ်ထက်နှင့်ပတ်သတ်၍ အနည်းငယ်ပိုသိနေခဲ့သော်လည်း ရှုဝမ်ချန်းအကြောင်းကိုမူ သိပ်မကြားခဲ့ရချေ။
“သူလား? အခုထိမရသေးဘူး၊ မင်းဦးလေးအငယ်က အရမ်းဇီဇာကြောင်တာ၊ သာမန်မိန်းကလေးတွေကို မကြိုက်ဘူး၊ ပြီးတော့ သူအခု ပြောဆိုဆက်ဆံနေတဲ့လူတွေကလည်း နိုင်ငံခြားသူတွေချည်းပဲ၊ ရှုမိသားစုရဲ့ချွေးမဆိုတာ တရုတ်လူမျိုးပဲဖြစ်ရမယ်လေ၊ သူ့ဘဝတစ်လျှောက်လုံး အိမ်ထောင်မပြုဘဲနေရင်တောင် နိုင်ငံခြားသူတစ်ယောက်ကို အိမ်ခေါ်လာလို့မဖြစ်ဘူး”
အကြီးအကဲရှုမှ ဘွင်းဘွင်းပြောလိုက်၏။
ရှုဝမ်ချန်းသည် အသက်သုံးဆယ်အစောပိုင်းဝန်းကျင်ရှိ၏။ သူသည် အသက်အရွယ်အရ မကြီးသေးသော်လည်း အောင်မြင်မှုများစွာကို ဆွတ်ခူးနှင့်လေပြီ။ သူသည် နိုင်ငံရပ်ခြားတွင် ကုမ္ပဏီတစ်ခုကို ဦးစီးပြီး ငွေကြေးကြွယ်ဝသောသူတစ်ဦးဟု ပြောနိုင်သည်။
အကြီးအကဲရှုမှာ အလွန်ပင် စိတ်ကြီးလေသည်။ ကျင်းယွင်ကျောင်းသည် သူ၏စကားများကို ကြားလိုက်သောအခါ သူမဦးလေးအငယ်အား မသနားမိဘဲမနေတော့ချေ။
သို့ရာတွင် အကြီးအကဲရှု၏တောင်းဆိုချက်မှာလည်း မများလှဟုပြောရမည်။ တရုတ်လူမျိုးဖြစ်ခြင်းမှလွဲ၍ အခြားအရာများကို မတောင်းဆိုထားပေ။ ရှုမိသားစုကဲ့သို့ နှစ်တစ်ထောင်အမွေအနှစ်ရှိသည့် မိသားစုမှ နိုင်ငံခြားသူချွေးမတစ်ဦးကို လက်ခံလိုက်လျှင် သွေးနှောသွားနိုင်သဖြင့် သိပ်အဆင်မပြေလှချေ။ ထို့အပြင် ရှုယွမ်ထက်မှာလည်း ရာထူးမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ထို့ကြောင့် သူ၏အနီးတစ်ဝိုက်ရှိလူများသည်လည်း တတ်နိုင်သမျှ မကောင်းသတင်းမထွက်ရန် နေရပေမည်။
ညလည်းနက်ကာ အကြီးအကဲရှုသည်လည်း ပင်ပန်းနေပြီဖြစ်သောကြောင့် ခေတ္တမျှစကားပြောပြီးသောအခါ အကြီးအကဲရှုသည် အနားယူရန် ထွက်သွားတော့သည်။
လီရှောက်ယွင်သည်လည်း ကျင်းယွင်ကျောင်းအားပို့ပြီးနောက် ထွက်သွားသည်။ ကျင်းယွင်ကျောင်းသည် သူမ၏တစ်နေ့တာအကြောင်းတွေးကာ စိတ်ထဲ၌အနည်းငယ်ကြည်နူးမိသွား၏။
ထိုအချိန်တွင် ရှုမိသားစုထဲမှ လူအချို့မှာ အိပ်မရချေ။
ရှန်ရှီသည် အိပ်ရာထဲတွင် လူးလွန့်နေပြီး အိပ်စက်၍မရနိုင်ဖြစ်နေ၏။ အဆုံးတွင် သူမသည် ချွေးစေးများပြန်နေသောခေါင်းဖြင့် ဝှစ်ခနဲ ထထိုင်လိုက်တော့သည်။
ကျင်းယွင်ကျောင်းမှာ အမှန်တကယ်ပင် ရှုရှန်းလန်၏သမီးဖြစ်သည်။ ကောင်းပေသည်။ ရှုမိသားစုတွင် သူမအတွက် နေရာမရှိပါချေ။
နောက်နှစ်ရက်နေလျှင် ကျင်းယွင်ကျောင်းသည် ရှုမိသားစုအိမ်ထဲသို့ ဝင်လာပေတော့မည်။ သူမအမျိုးသားသည် ယနေ့တွင် ကျင်းယွင်ကျောင်းအတွက် အခန်းတစ်ခန်းကို စတင်ပြင်နေလေပြီ။ ကျင်းယွင်ကျောင်းလိုအပ်မည့် နေ့စဥ်သုံးပစ္စည်းအချို့ကိုပင် သူမအား ဝယ်ခိုင်းရုံမက ကျင်းယွင်ကျောင်းအတွက် လက်ဆောင်တစ်ခုပါ ပြင်ခိုင်းခဲ့၏...
ဤအရာများအားလုံးအတွက် သူမယောက်ျားဖြစ်သူမှ ငွေချေမည်ဖြစ်သော်လည်း ကျင်းယွင်ကျောင်းအား ပေးမည့်ပစ္စည်းအား သူမကိုယ်တိုင်ရွေးချယ်ရသည်ကို မနှစ်မြို့ပါချေ။
သို့ရာတွင် ရှုရှန်းလန် သေဆုံးသွားသည်မှာ တော်သေးသည်ဟုပြောရမည်။ မဟုတ်လျှင် သားအမိနှစ်ဦးလုံး အတူတကွပြန်လာပါက ရှန်ရှီတွင် နေစရာနေရာရှိတော့မည်မဟုတ်ချေ။
ပြတင်းပေါက်အပြင်ဘက်မှ လရောင်ကိုကြည့်ရင်း ရှန်ရှီနှုတ်ခမ်းကိုကိုက်လိုက်သည်။ သူမသားသည် နိုင်ငံရပ်ခြားတွင် မည်သို့နေထိုင်နေသည်ကို သူမမသိပါချေ။ ဤအခိုက်အတန့်တွင် သူမသားသည် ဒုက္ခခံစားနေရလောက်သည်ဟု တွေးလိုက်လျှင် သူမသည် သူမခင်ပွန်းသည်အား ပိုမုန်းမိသည်။ အားယုမှာ ရှုမိသားစု၏ အမွေဆက်ခံသူတစ်ဦးဖြစ်သော်လည်း သူမခင်ပွန်းမှာ အားယုအား နည်းနည်းမှ ဂရုမစိုက်ချေ။ သူ၏တူမကိုပင် မိမိသားအရင်းထက် ပိုဂရုစိုက်သေး၏။ အဘယ်ကြောင့်နည်း?
သူမသည် အံကိုကြိတ်ကာ ညလုံးပေါက် အတွေးများစွာဖြင့် မအိပ်ဘဲ ဖြတ်သန်းခဲ့၏။
“မဒမ်? မဒမ့်ကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ နေမကောင်းဘူးလား?”
မနက်စောစောတွင် အိမ်စေမိန်းကလေးမှ မေးလိုက်သည်။
“ကောင်းပါတယ်”
ရှန်ရှီ၏ မျက်နှာထားမှာ သာမန်အတိုင်းဖြစ်သည်။ သူမသည် သတင်းစာကိုယူကာ ဖတ်လိုက်၏။ ထိုအခါ သူမလက်များရပ်တန့်သွားပြီး သူမမျက်လုံးများ အေးစက်သွားသည်။
သတင်းစာခေါင်းစီးပိုင်းတွင် ယမန်နေ့ညက ပရဟိတမိတ်ဆုံစားပွဲမှ အလှူငွေအကြောင်း သတင်းပါလာ၏။ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီအတွက်လည်း သတင်းစာမျက်နှာတစ်မျက်နှာလုံး ရေးထားသေးသည်။
“မဒမ်၊ ကျောက်စိမ်းဝိညာဥ်ဆေးကုမ္ပဏီရဲ့ ပိုင်ရှင်ကို မဒမ်တွေ့ခဲ့တယ်မှတ်လား? မနေ့က သတင်းပျံ့ပြီးတော့ ဒီကုမ္ပဏီအကြောင်း လူတွေကြားထဲနာမည်ကြီးသွားတယ်လေ၊ ကျွန်မတို့အိမ်နီးချင်းရဲ့ကလေးက အဖျားတော်တော်ဆိုးနေလို့ ဒီကုမ္ပဏီက ဆေးဝယ်သောက်လိုက်တာ အာနိသင်တော်တော်ကောင်းတယ်ပြောတယ်...”
အိမ်အကူမှ ပြောလိုက်သည်။
မဒမ်သည် ပုံမှန်အားဖြင့် အိမ်အကူများအား နူးနူးညံ့ညံ့ပြောဆိုဆက်ဆံပြီး ယဥ်ကျေးပျူငှာ၏။ ထို့ကြောင့် အိမ်အကူများသည် သူမအား ကြောက်ရွံ့ခြင်းမရှိဘဲ အများအားဖြင့် လေးစားကြလေသည်။
ကျောက်စိမ်းဝိညာဥ်ဆေးဝါးစက်ရုံမှာမူ ယခုတွင် အလွန်ရေပန်းစားနေလေသည်။ တရားဝင်သတင်းတွင် ပါလာသည်နှင့် ပြည်သူလူထု၏ထောက်ခံအားပေးမှုကို ရရှိနေ၏။
Space and Rebirth 924
အိမ်စေအမျိုးသမီးမှ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီအား အမွမ်းတင်နေသည်ကို ကြားသောအခါ ရှန်ရှီသည် ချက်ချင်းဆိုသလို အစားအသောက်ပျက်သွား၏။ သူမသည် မနက်စာစားချင်စိတ်ကုန်သွားသဖြင့် အစားအသောက်များကို ဖယ်ပေးရန် အိမ်စေအမျိုးသမီးအား ခိုင်းလိုက်သည်။
“ငါမင်းကိုတစ်ခုမေးစရာရှိတယ်”
ရှုယွမ်ထက် အောက်ထပ်သို့ဆင်းလာ၏။ သူသည် ရှန်ရှီကိုမြင်သောအခါ မျက်ဝန်းများ မှောင်ရိပ်သန်းသွားပြီး ပြောလိုက်သည်။
ရှန်ရှီသည် နေရခက်နေသော်လည်း မျက်နှာပေါ်တွင် သိမ်မွေ့သောအပြုံးတစ်ခုကို ဆင်မြန်းထားဆဲဖြစ်သည်။ သူမသည် ရှုယွမ်ထက်ထံလျှောက်သွားကာ မေးလိုက်၏။
“ဘာဖြစ်လို့လဲ ယောက်ျား?”
“မင်း အားကျောင်းနဲ့ ရန်ဖြစ်ထားတာများရှိလား?”
ရှုယွမ်ထက် ကွေ့ဝိုက်မနေဘဲ မေးလိုက်သည်။
“ဟင့်အင်း မရှိပါဘူး၊ ယွင်ကျောင်းက ကျွန်မကို အထင်လွဲနေတာပါ၊ အရင်တစ်ခေါက်က အဖေနဲ့သူ စျေးဝယ်ထွက်နေတုန်းက ကျွန်မလည်းခေါင်းကိုက်နေလို့ မမြင်လိုက်ဘူး၊ သူ့စိတ်ထဲမှာ ကျွန်မကမြင်လိုက်ရက်သားနဲ့ မသိချင်ယောင်ဆောင်နေတယ်လို့ အထင်လွဲနေတာလေ၊ စိတ်မပူပါနဲ့ ယွင်ကျောင်းရောက်လာရင် ကျွန်မထပ်ရှင်းပြလိုက်ပါမယ်”
ရှန်ရှီသည် အပြုံးတစ်ပွင့်ဖြင့် မေးလိုက်၏။
“မင်းတို့ဘာသာ တည့်တည့် မတည့်တည့်၊ အနာဂတ်မှာတော့ မင်းတာဝန်မင်းကျေဖို့ မျှော်လင့်တယ်၊ မင်းရဲ့သမီးအရင်းလို မဆက်ဆံနိုင်ရင်တောင် ယဥ်ယဥ်ကျေးကျေးဆက်ဆံပေးတာကောင်းမယ်၊ အားကျောင်းက နှစ်တွေအများကြီး ဒုက္ခခံခဲ့ရတာ..ပြီးတော့ သူက ရှန်းလန်ရဲ့တစ်ဦးတည်းသောသမီးပဲ၊ အဲ့တော့ သူ့ကိုငါတို့မိသားစုထဲမှာ မပျော်တာမျိုး မဖြစ်စေချင်ဘူး၊ မင်းနားလည်လား?”
ရှုယွမ်ထက်သည် သူမအား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
သူစကားပြောနေစဥ်တွင် ရှန်ရှီ၏မျက်နှာသည် တဖြည်းဖြည်းပို၍ တောင့်တင်းလာ၏။
“ကျွန်မသိပါတယ်၊ ကျွန်မသေချာပေါက် ယွင်ကျောင်းကို ကောင်းကောင်းဆက်ဆံမှာပါ”
ရှန်ရှီခေါင်းငုံ့လိုက်သည်။
“ဒါနဲ့ အရင်တုန်းက အားယုက အားကျောင်းနဲ့ ရန်ဖြစ်ဖူးတယ်မှတ်လား? အဲဒါကြောင့်မို့ သူ့ကို ဒီမိသားစု မိတ်ဆုံစားပွဲအတွက် ပြန်လာခွင့်မပြုတာ၊ သူလေ့ကျင့်ရေးလုပ်ပြီးလို့ ရက်နည်းနည်းကြာရင် မင်းသူ့ကိုကြိုတင်ပြီး သင်ပြပေးလိုက်၊ သူ့ညီမလေးရှေ့မှာ အဆင်အခြင်မဲ့တာမျိုး လုံးဝလုပ်လို့မရဘူးလို့၊ အားကျောင်းကို မင်းတို့သားအမိ အနိုင်ကျင့်နေတယ်လို့ ငါတစ်ခွန်းကြားတာနဲ့ အဲ့ကောင်ကိုဒီအိမ်က နှင်ထုတ်ပစ်မယ်”
ရှုယွမ်ထက်သတိပေးလိုက်ပြန်၏။
ရှန်ရှီတစ်ကိုယ်လုံးတုန်ယင်သွားပြီး ခေါင်းဆက်ငြိမ့်ပြလိုက်သည်။
သူမပုံစံမှာ ရိုကျိုးနာခံသော အမျိုးသမီးတစ်ဦး၏ပုံစံပေါက်ကာ ရှုယွမ်ထက်၏ မနက်စာအတွက် မမေ့မလျော့ပြင်ဆင်ပေးနေ၏။
ရှုယွမ်ထက်မှာ အလွန်အလုပ်ရှုပ်သောလူဖြစ်သော်လည်း အချို့အရာများအား ဝယ်ယူရန် သူ၏အချိန်များစွာကို ဖယ်ထားခဲ့သည်။ ရှုမိသားစုအိမ်မှာ အလွန်ကျယ်ဝန်းကြီးမား၏။ ကျင်းယွင်ကျောင်းပါ ရံဖန်ရံခါ လာနေရုံမက အနာဂတ်တွင် အကြီးအကဲရှု၊ ရှုရှင်းယွမ်နှင့် ရှုဝမ်ချန်းပါ ရောက်လာပေတော့မည်။
ကျင်းယွင်ကျောင်းသည် လက်တလောတွင် ဤကိစ္စနှင့်ပတ်သတ်၍ မည်သူ့ကိုမျှမပြောခဲ့ချေ။ သူမတမင်ဖုံးကွယ်ထားခြင်းမဟုတ်ပေ။ အနည်းငယ်စိတ်ရှုပ်ထွေးနေခြင်းသာဖြစ်၏။
မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ဟူသောအချိန်သည် ကုန်ဆုံးသွားတော့သည်...
ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကျင်းယွင်ကျောင်းသည် ခွင့်ယူစရာမလိုချေ။ မနက်ခင်းတွင် သူမအား လာကြိုရန် ရှုယွမ်ထက်ကိုယ်တိုင် A တက္ကသိုလ်သို့ ကားမောင်းလာ၏။
“ဒီမနက်က ကျင်းကျင်း ကားတစ်စီးနဲ့ထွက်သွားတာ ငါမြင်လိုက်တယ်၊ ဒီတစ်ခေါက်လာတဲ့ကားက အရင်ကလိုမဟုတ်ဘူး...ဇိမ်ခံကားတော့ ဇိမ်ခံကားပဲ ဒါပေမယ့် ဦးလေးကြီးတစ်ယောက်မောင်းလာတာ....အဲဒါဘယ်သူလို့နင်တို့ထင်လဲ?”
ဘေဘီယောင် သိချင်စိတ်ပြင်းပြနေ၏။
ကျင်းယွင်ကျောင်းမှာ ထိုလူကြီးနှင့် မဖွယ်မရာဆက်ဆံရေးရှိနေသည်ဟု သူမမထင်ပါချေ။ သူတို့သည် အချင်းချင်းသိကျွမ်းလာသည်မှာ ကြာပြီဖြစ်၍ ကျင်းယွင်ကျောင်းအကြောင်း ကောင်းကောင်းသိ၏။ ကျင်းယွင်ကျောင်းတွင် အဘယ်ကြောင့် ဤမျှလောက် လျှို့ဝှက်ချက်များနေသည်ကိုသာ သူမနားမလည်နိုင်ခြင်းဖြစ်သည်။
“သိချင်ရင် သူပြန်လာတာနဲ့ မေးကြည့်လိုက်ပေါ့၊ အမှန်အတိုင်းဖြေလိမ့်မယ်”
ဟော်ထျန်းရှန်းသည် ကျင်းယွင်ကျောင်း၏စရိုက်ကို သိနေသဖြင့် အာရုံသိပ်မထားချေ။
….
ကျင်းယွင်ကျောင်းမှာ ယနေ့တွင် ပေါ့ပေါ့ပါးပါးဝတ်ဆင်ထား၏။ သူမ၏အဘိုးနှင့် ဦးလေးဖြစ်သူ၏ အိမ်ဖြစ်သောကြောင့် သားသားနားနားဝတ်စားစရာမလိုပေ။ မဟုတ်ပါက သူမသည် ဧည့်သည်တစ်ဦးနှင့် တူနေလေမည်။
“အားကျောင်း၊ အိမ်ရောက်ရင် စိတ်လှုပ်ရှားစရာမလိုဘူးနော်၊ ဦးလေးက မင်းအတွက် အခန်းတစ်ခန်းပြင်ထားတာမို့ အချိန်မရွေးလာလို့ရတယ်၊ အားယုကို သမီးမျက်မုန်းကျိုးနေတာသိပါတယ်၊ သူပြန်လာရင် ဦးလေးက သူ့ကိုသင်ခန်းစာပေးပြီး သမီးအစား ဆုံးမပေးမယ်၊ အရင်တုန်းက သမီးကို ဒုက္ခပေးခဲ့တဲ့လူရှိရင်လည်း ဦးလေးကိုပြောဖို့ဝန်မလေးနဲ့၊ ရှုမိသားစုဝင်ကို ဘယ်သူမှ အနိုင်ကျင့်လို့မရစေရဘူး...”
ရှုယွမ်ထက်သည် ကားထဲတွင် သတိကြီးစွာ ပြောလိုက်၏။
“သမီးနားလည်ပါပြီ ဦးလေး”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ သူမသည် စိတ်ငြိမ်အောင် တတ်နိုင်သမျှ ကြိုးစားနေ၏။
သို့ရာတွင် သူမသည် စိတ်တည်ငြိမ်အောင် နေသည်မှာ အကျင့်ဖြစ်နေလေပြီ။ သူမစိတ်အား လွှတ်ချလိုက်စဥ်က ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ခဲ့သော်လည်း စိတ်ပြန်ထိန်းလိုက်ပြီဖြစ်သောကြောင့် အပြင်ပန်းတွင် တည်ငြိမ်အေးဆေးနေတော့၏။ သူမပုံစံမှာ မိန်းကလေးငယ်တစ်ဦးနှင့်မတူချေ။