အခန်း (၉၂၅-၉၂၈)
Vol. 47 Ch. 925-928
Space and Rebirth 925
ရှုယွမ်ထက်သည် ကျင်းယွင်ကျောင်းအား ကားနောက်ကြည့်မှန်မှတဆင့် ဝေ့ကြည့်ကာ စိတ်ထဲတွင် တိတ်တခိုးခေါင်းခါမိသည်။ သူ၏တူမလေးသည် လူကြီးဆန်လွန်းလှ၏။ ငယ်ငယ်ရွယ်ရွယ်ဖြင့် သူမသည် ဘဝ၏လောကဓံတရားများကို ခံစားဖူးသောအငွေ့အသက်များ ရှိနေလေပြီ။ သူမ၏အေးစက်သောစရိုက်မှာ အခြာ.သက်တူရွယ်တူ လူငယ်များနှင့် မတူချေ။
သူ၏ဖခင်မှာ ခေါင်းမာပြီး မာနကြီးသော်လည်း အေးစက်သောလူမဟုတ်ပေ။ သူနှင့် သူ၏ညီလေးမှာမူ လူရိပ်လူခြေကြည့်တတ်ကြ၏။ ရှန်းလန်နှင့် လီထျန်းယီတို့နှစ်ဦးမှာမူ စိတ်ထားနူးညံ့သောလူများဖြစ်သည်မှာ ပြောစရာပင်မလိုပေ...
သို့သော် စဥ်းစားကြည့်လိုက်သောအခါ ရှုယွမ်ထက်၏စိတ်ထဲတွင် လူတစ်ဦးက ဖျတ်ခနဲပေါ်လာတော့၏။
အကြီးအကဲရှု၏ မျိုးရိုးတူညီမလေး ကျင်းဝမ်ယွဲ့ဖြစ်၏။ သူမသည် အေးစက်ပြီး မာနကြီးသော်သူမဟုတ်သော်ငြား စိတ်ဓာတ်ခိုင်မာပြီး လွတ်လပ်စွာနေထိုင်တတ်ကာ ဆုံးဖြတ်ချက်ပြတ်သားသည်ဟု ကြားခဲ့ဖူးသည်။ ကျင်းယွင်ကျောင်းမှာ ထိုအရာများနှင့်ပတ်သတ်လာလျှင် သူမနှင့်ဆင်တူပေ၏။
များမကြာမီတွင် ကားသည် ရှုမိသားစု၏ အိမ်ဝင်းထဲသို့ ဝင်ရောက်လာတော့သည်။
ရှုမိသားစုအိမ်၏ မြေနေရာအကျယ်အဝန်းမှာ ကြီးမားပြီး နှစ်တစ်ရာကျော်သောသမိုင်းကြောင်းရှိ၏။ ကျက်သရေဆောင်ပြီး ရိုးရှင်းသောဆွဲဆောင်မှုမျိုး တစ်ခုရှိနေသည်။ လူခြေတိတ်သောနေရာတွင် မဟုတ်သော်လည်း အနီးအနားပတ်ဝန်းကျင်မှာ ကောင်း၏။ သုခဘုံတစ်ခုနှင့် ဆင်လှသည်။ အိမ်ကြီးအား ပင်မဆောင်နှင့် ဘေးအဆောင်ဟူ၍ ခွဲထားသည်။ အဆောင်နှစ်ခုအား လှပသောရှုခင်းနှင့်အတူ တွဲကြည့်လိုက်သောအခါ အထူးပင်နေချင်စဖွယ်ကောင်းပေသည်။
သို့ရာတွင် သူတို့သည် ရှုမိသားစုအိမ်နှင့် နီးကပ်လာသောအခါ ရှုမိသားစုအိမ်နှင့် ပုံစံတူ၊ အရွယ်တူ အိမ်တစ်လုံးကို အနီးအနားတွင် တွေ့လိုက်ရသည်။ သို့သော် တစ်အိမ်နှင့်တစ်အိမ်လှမ်းလှသောကြောင့် ၎င်းကို ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။
“ဦးလေး၊ ဒီနားက အိမ်ကို ဘယ်သူပိုင်တာလဲ?”
ကျင်းယွင်ကျောင်းမေးလိုက်၏။
“အရင်တုန်းကတော့ ကျင်းမိသားစုနေခဲ့ဖူးတဲ့ အိမ်အဟောင်းပေါ့၊ လီမိသားစုက ကျင်းမိသားစုကို သိမ်းလိုက်ပြီးတဲ့နောက်မှာ သူတို့လည်း ဒီအိမ်ကနေထွက်သွားကြတော့ လက်ရှိမှာ အဲ့အိမ်ထဲ ဘယ်သူမှမနေကြဘူး”
ရှုယွမ်ထက်ရှင်းပြလိုက်သည်။
ယခင်က မိသားစုနှစ်စုသည် ခင်မင်သောဆက်ဆံရေးတစ်ခုရှိကြ၏။ ထို့ကြောင့် နှစ်ပေါင်းများစွာတစ်လျှောက် အချင်းချင်းနီးနီးကပ်ကပ်နေထိုင်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့ကြလေသည်။
ကျင်းယွင်ကျောင်းခေါင်းငြိမ့်ကာ မေးခွန်းများ ထပ်မမေးတော့ချေ။
မှောင်မည်းသောတောအုပ်ငယ်တစ်ခုအား ဖြတ်သန်းပြီးနောက် ကားသည် ရှုမိသားစုအိမ်ပေါက်ဝတွင် ရပ်လိုက်တော့သည်။ ကျင်းယွင်ကျောင်းသည် ကားထဲမှထွက်ပြီး အိမ်ထဲသို့ဝင်လိုက်သည်။
ရှုမိသားစု၏အိမ်စေများမှာ သားနားသပ်ရပ်စွာရပ်ပြီး အိမ်ပြင်တွင် စောင့်နေကြလေ၏။ ထိုလူများအပြင် ရှန်ရှီ၊ အကြီးအကဲရှုနှင့် သူမတစ်ခါမှမမြင်ဖူးသော လူရွယ်တစ်ဦးလည်းရှိနေသည်။
ထိုလူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ သူသည် ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး ပိရိပြတ်သားသောမျက်ခုံးများအောက်ရှိ သူ၏မျက်လုံးများမှာ တောက်ပစူးရဲနေသည်။ သူ၏မျက်နှာအသွင်အပြင်မှာ ခန့်ညားကြော့ရှင်းနေသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ဤလူမှာ အလွန်အမင်းဆိုသလို ယုံကြည်ချက်ပြည့်မောက်ပြီး ဉာဏ်နီဉာဏ်နက်များသောလူမှန်း သိသာ၏။
ဤလူမှာ သူမတစ်ခါမှ မမြင်ခဲ့ဖူးသော သူမ၏ဦးလေးအငယ် ရှုဝမ်ချန်းသာဖြစ်ရမည်။
ကျင်းယွင်ကျောင်းကားထဲမှထွက်သည်နှင့် ရှုဝမ်ချန်းသည် သူမဆီသို့ ချက်ချင်းလျှောက်လာ၏။ သူသည် ကျင်းယွင်ကျောင်းအား ခေါင်းအစခြေအဆုံး အကဲခတ်ပြီးနောက် သူမမျက်နှာပေါ်သို့ရောက်သောအခါ သူ၏အကြည့်များ ရပ်တန့်သွားသည်။
“ထင်ထားတဲ့အတိုင်း ရှုမိသားစုရဲ့သွေးတွေက မင်းသွေးကြောတွေထဲမှာ စီးဆင်းနေတာပဲ၊ ပုံစံကိုက တခြားလူတွေနဲ့မတူဘူး၊ ရှောင်ကျောင်း ဦးလေးက မင်းရဲ့ဦးလေးငယ်ပဲ”
“ဦးလေးငယ်”
ကျင်းယွင်ကျောင်းနှုတ်ဆက်လိုက်၏။
ရှုဝမ်ချန်းခေါင်းငြိမ့်ကာ ရှုဝမ်ထက်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ထိုမှသာ သူသည် ကျင်းယွင်ကျောင်းအား အိမ်ထဲသို့ ဦးဆောင်ခေါ်သွားတော့သည်။
ရှုဝမ်ထက်နှင့် ရှုဝမ်ချန်းမှာ အတော်အတန်ဆင်တူလှသော်လည်း ရှုဝမ်ချန်းမှာ အသက်အရွယ်အားဖြင့် များစွာငယ်ရွယ်သောကြောင့် သူ့တွင် မာန်မာနပလွှားသောအငွေ့အသက်ရှိနေသည်။ တစ်ဖက်တွင်မူ ရှုယွမ်ထက်မှာ သူ့ထက်စာလျှင် စကားပြောရချောမွေ့လွယ်ကူပေ၏။ တစ်ဦးမှာ သွေးထားသော ကျောက်စိမ်းတုံးတစ်ခုကဲ့သို့ဖြစ်ပြီး ကျန်တစ်ဦးမှာ ဓားထက်ထက်တစ်လက်နှင့်တူသည်။ အကြီးအကဲရှု၏သားနှစ်ဦးလုံးမှာ သူတို့အားသားချက်နဲ့သူတို့ အလွန်ထူးချွန်လှသည်ဟု ပြောနိုင်ပေသည်။
ကျင်းယွင်ကျောင်းသည် ရှန်ရှီဘေးမှဖြတ်ပြီး သူမအား ဝေ့ကြည့်လိုက်သည်။ နှစ်လှမ်းမျှအကြာတွင် သူမသည် ရုတ်ချည်းဆိုသလို ခြေလှမ်းကိုတန့်လိုက်၏။
“အန်တီရှန်၊ အန်တီတုန်းကနေတဆင့် သမီးကိုပေးခိုင်းထားတဲ့ဝိုင်ကို သမီးမသောက်ရသေးဘူး၊ နောက်ပိုင်းကျ အဲ့ဝိုင်ကို မဒမ်ပြန်ယူသွားတယ်ကြားတယ်၊ ဒီနေ့က သမီးအိမ်ပြန်ရောက်တဲ့နေ့ဆိုတော့ အဲ့ဝိုင်ပုလင်းကိုထုတ်ပြီး သမီးကို မတိုက်ကြည့်ချင်ဘူးလား?”
ကျင်းယွင်ကျောင်းပြောလိုက်၏။
“အန်တီရှန်” ဟုကြားလိုက်သောအခါ ရှန်ရှီ၏မျက်နှာပေါ်ရှိအပြုံးလည်း တောင့်တင်းသွားသည်။
“ယွင်ကျောင်း၊ ပြောရရင် အန်တီက သမီးအဒေါ်လေ...”
ရှန်ရှီပြောလိုက်၏။
“ဒါပေမယ့် အန်တီရှန်လို့ခေါ်ရတာ ပိုရင်းနှီးတဲ့ပုံပေါက်သလားလို့”
ကျင်းယွင်ကျောင်းပုံစံမှာ နူးညံ့ညင်သာစွာ ပြုံးနေဟန်ရသော်လည်း ထိုအပြုံးမှာ အခြားသူများအား ကျောစိမ့်သွားစေ၏။
ရှန်ရှီနှုတ်ခမ်းစွန်းများတွန့်သွား၏။ သူမသည် မသိမသာဖြင့် တွန်းအားပေးလိုက်သည်။
“ရင်းနှီးတာက ရင်းနှီးတာပေါ့ ဒါပေမယ့် စည်းကမ်းနဲ့ နည်းနည်းမညီဘူးလေ...”
Space and Rebirth 926
ရှန်ရှီသည် စိတ်ထဲ၌ တိတ်တခိုးကျိန်ဆဲမိ၏။ မြို့တော်ဝန်ကတော်ရာထူးအား သူမဂရုစိုက်သည်ကို ကျင်းယွင်ကျောင်းသိနေလျက်ဖြင့်ပင် သူမအား တမင်တကာဖြင့် “အန်တီရှန်” ဟု ခေါ်နေလေသည်!
ထိုသို့ခေါ်နေသည်ကို အခြားသူများကြားလျှင် သူမ၏နေရာမှာ မေးခွန်းထုတ်စရာဖြစ်ပေတော့မည်!
“ဦးလေး၊ သမီးမှာ ဆွေမျိုးတွေအများကြီးရှိနေတော့ တစ်ခါတည်းနဲ့ အားလုံးကို ခေါင်းထဲမထည့်နိုင်သေးဘူး၊ လက်တလောအတွင်း အန်တီရှန်လို့ပဲခေါ်လို့ရလား?”
ကျင်းယွင်ကျောင်းသည် ရှုယွမ်ထက်အား စေ့စေ့ကြည့်လိုက်သည်။
ယခင်က သူမကိုယ်သူမ ရှုမိသားစု၏မြေးမှန်း မသိခဲ့သောကြောင့် ရှန်ရှီ၏ မြို့တော်ဝန်ကတော်ရာထူးမှာ သူမအတွက် အရေးစိုက်စရာမဟုတ်ခဲ့ပေ။ သို့ရာတွင် ယခုမှာ ထိုသို့မဟုတ်တော့ချေ။ ရှုယွမ်ထက်မှာ သူမ၏ဦးလေးဖြစ်နေလေပြီ။ ဤသို့သောမိန်းမမျိုးမှ ရှုမိသားစုအား ညစ်ညမ်းအောင်လုပ်နေသည်ကို သူမခွင့်မပြုနိုင်ပါပေ!
အပြင်လူဖြစ်နေကတည်းကပင် ရှန်ရှီသည် မိမိ၏တူမဖြစ်သူကို အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့၏။ ဤရန်ငြိုးအမုန်းတရားသည် မိသားစုဖြစ်ရုံဖြင့် ပပျောက်သွားမည့်အရာမဟုတ်ချေ!
ရှုယွမ်ထက်သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ ခေတ္တမျှတွေးကြည့်လိုက်သည်။ ထို့နောက် သူသည် ကျင်းယွင်ကျောင်း၏ခေါင်းအား ပွတ်သပ်လိုက်၏။
“မင်းကြိုက်သလိုခေါ်ကွာ!”
“ဟုတ်”
အပြုံးတစ်ပွင့်ဖြင့် ကျင်းယွင်ကျောင်းပြန်ဖြေလိုက်၏။ သူမသည် သူ့အား ဧည့်သည်တစ်ဦးကဲ့သို့ စကားပြောနေသေးသော်လည်း ရှုယွမ်ထက် ကျေနပ်ပီတိဖြစ်နေဆဲပင်။ ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် မျက်ခုံးကိုပင့်ကာ မေးလိုက်၏။
“အန်တီရှန်၊ အခု သဘောမတူစရာမရှိတော့ဘူးမှတ်လား?”
“သမီးဦးလေးကပြောမှတော့ အန်တီလည်း ကန့်ကွက်စရာမရှိပါဘူးကွယ်၊ အန်တီရှန်လို့ ခေါ်ချင်ရင် အန်တီရှန်လို့ခေါ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး”
ရှန်ရှီသည် ခြောက်ကပ်စွာရယ်လိုက်သည်။
ကျင်းယွင်ကျောင်း၏အခေါ်အဝေါ်တစ်ခုတည်းဖြင့် သူမ၏ရာထူးနေရာသည် ပြောင်းလဲသွားမည်မဟုတ်ဟု သူမ၏စကားလုံးများက သတိပေးနေ၏။
ကျင်းယွင်ကျောင်းသည် အေးစက်သောမျက်လုံးများဖြင့် အိမ်ထဲသို့ဝင်လိုက်သည်။ အခန်းထဲတွင် မွှေးရနံ့တစ်ခုရှိနေသည်။ တစ်စုံတစ်ဦးမှ အိမ်ထဲတွင် အထူးတလည်ဖြင့် အမွှေးတိုင်ထွန်းထားဟန်ရသည်။ ထိုရနံ့မှာ သိမ်မွေ့ကာ ခပ်ပျပျသာရှိ၏။ အလွန်အမင်း အနံ့မပြင်းလှချေ။ မြက်ခင်းစိမ်းများ၏အနံ့မျိုးနှင့်ဆင်ကာ လူများအား စိတ်ငြိမ်စေသောရနံ့ဖြစ်သည်။
အခန်းထဲရှိပစ္စည်းများမှာလည်း အသစ်စက်စက်ဖြစ်လုနီးပါးရှိသည်။ အရောင်များမှာ တောက်ပနေသဖြင့် ရင်ထဲတွင် နွေးသွားစေ၏။
အကြီးအကဲရှုအား အလယ်တွင်ထားပြီး လူတိုင်းထိုင်ချလိုက်ကြသည်။ အိမ်စေများသည် ပထမဦးစွာ သစ်သီးပန်းကန်နှင့် လက်ဖက်ရည်များကို တည်ခင်းလိုက်၏။
“ရှောင်ကျောင်း၊ အနာဂတ်မှာ မင်းရယ် အဖေရယ်က ပင်မအဆောင်ထဲမှာ နေရမယ်၊ အန်တီရှန်းနဲ့ ဦးလေးကတော့...ဘယ်ဘက်က အဆောင်ခွဲမှာနေပြီး မင်းဦးလေးအငယ်ကတော့ ညာဘက်အဆောင်ခွဲမှာ နေလိမ့်မယ်၊ မင်းအိမ်ပြန်သွားရင်တော့ အဆောင်မကြီးထဲမှာ အားလုံးအတူထမင်းစုစားကြတာပေါ့ အဆင်ပြေတယ်ထင်လား?”
ရှုယွမ်ထက်မေးလိုက်သည်။
ရှုမိသားစုအိမ်သည် ကျယ်ဝန်းလွန်းလှသဖြင့် ပင်မအဆောင်ထဲတွင်ပင် တစ်မိသားစုလုံးနေနိုင်၏။ သို့ရာတွင် အကြီးအကဲရှုမှာ ဆိတ်ငြိမ်မှုကို နှစ်သက်ပြီး ညီအစ်ကိုနှစ်ဦးမှာ အလုပ်ရှုပ်သောလူများဖြစ်သည်။ သူတို့သည် ပုံမှန်ဆိုသလို ဧည့်သည်များကို ကြိုဆိုဧည့်ခံရသောကြောင့် သက်သက်စီခွဲနေသည်က ပိုကောင်းပေမည်။
ကံကောင်းစွာဖြင့် အဆောင်မကြီးနှင့် အဆောင်ခွဲများမှာ မလှမ်းမကမ်းတွင်ရှိနေသဖြင့် အဆင်ပြေပေသည်။
“ဟုတ်”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။
ရှုယွမ်ထက်သည် အိမ်သော့အား ကျင်းယွင်ကျောင်းလက်ထဲထည့်လိုက်၏။
“မင်းဆေးစပ်တတ်တယ်လို့ အဖေပြောတယ်၊ နောက်ကျရင် ဒီအိမ်ထဲမှာရှိတာတွေကို ကြိုက်သလိုသုံးလေ တခြားလူတွေ ဝင်ထွက်ခွင့်မရနိုင်အောင် ဦးလေးပြောထားပေးမယ်၊ အဲဒါအပြင် နောက်ဖေးခြံထဲမှာလည်း ဆေးဖက်ဝင်အပင်တွေ၊ အစေ့တွေ လှောင်ထားတဲ့ စတိုခန်းကြီးတွေ ရှိတယ်၊ လိုအပ်တာရှိရင် အဲ့ကိုသွားပြီးယူလို့ရတယ်၊ ဒါက အဲ့အခန်းတွေရဲ့သော့ပဲ”
စတိုခန်းမှာ မြေအောက်ခန်းနှင့် အနည်းငယ်ကွာခြား၏။ မြေအောက်ခန်းထဲတွင် ဖျော်စပ်ပြီးသော ဆေးများ၊ ဝိုင်များရှိသော်လည်း ၎င်းတို့မှာ တန်ဖိုးမကြီးလှချေ။ ၎င်းတို့နှင့်ယှဥ်လိုက်လျှင် ရှုမိသားစုသည် စတိုခန်းထဲမှပစ္စည်းများကို ပိုတန်ဖိုးထား၏။ အဘယ်ကြောင့်ဆိုသော် ရှားပါးဆေးဖက်ဝင်အပင်များမှာ အဖိုးဖြတ်မရနိုင်သောကြောင့်ဖြစ်သည်။ အကြီးအကဲရှု၏ အသက်သွေးကြောဟု တင်စားလျှင်ပင် အပိုစကားဖြစ်မည်မထင်ချေ။ ရှုမိသားစုတစ်စုလုံးတွင် ဆေးဝါးဖော်စပ်ရေးပညာကို တတ်မြောက်သော အကြီးအကဲရှုနှင့် ရှုယွမ်ထက်သာ သော့ကိုင်ထား၏။ ပုံမှန်အားဖြင့် မည်သူကိုမှ ထိုအခန်းများအနီးသို့ ပေးမကပ်ချေ။ ရှန်ရှီပင်လျှင် ရှုမိသားစုထဲ၌ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း သူမသည် မြေအောက်ထပ် ဝိုင်သိုလှောင်ခန်းကိုသာ ဝင်နိုင်၏။
“ကျေးဇူးပါ ဦးလေး”
ကျင်းယွင်ကျောင်းမငြင်းဆိုဘဲ တစ်ခါတည်း လက်ခံလိုက်သည်။
သူမတွင်သာ ရှုမိသားစု၏သွေးမပါလာလျှင် ကိစ္စမရှိသော်လည်း ရှုမိသားစု၏သွေးတစ်ဝက်ပါနေသူအနေဖြင့် သူမသည် အကြီးအကဲရှုထံမှ အရာအားလုံးကို ဆက်ခံခွင့်ရှိပေသည်။ သူမသည် လောဘကြီးသောသူမဟုတ်သော်လည်း ဆေးဝါးပညာနှင့်ပတ်သတ်လာလျှင် လက်လွတ်စပယ်လုပ်တတ်သူများကို ခွင့်လွှတ်နိုင်မည်မဟုတ်ပါချေ။
သူမဆိုလိုသည့်လူမှာ သူမဦးလေးနှစ်ယောက်မဟုတ်ပေ။ ရှုမိသားစု၏တစ်ဦးတည်းသော မြေးယောက်ျားလေး ရှုယုကို ဖြစ်၏။
Space and Rebirth 927
သူမအဘိုးမှာ နှစ်ပေါင်းများစွာတိုက်တွန်းခဲ့သော်လည်း သူမဦးလေးနှစ်ဦးမှာ နိုင်ငံရေးနှင့် စီးပွားရေးလောကတွင်သာ အသီးသီးရှိနေကြသည်။ သူတို့သည် ဆေးဝါးဖော်စပ်ရေးပညာနှင့်ပတ်သတ်၍ စိတ်ဝင်စားမှုသိပ်မရှိကြချေ။ ထိုသို့ဆိုလျှင် ရှုမိသားစုထဲတွင် လူငယ်နှစ်ဦးသာကျန်တော့သည်။ ထိုလူငယ်နှစ်ဦးမှာ သူမနှင့် ရှုယုဖြစ်၏။ နောက်ဆုံးတွင် သူတို့နှစ်ဦးသာ ဆေးဝါးသိုလှောင်ခန်းအား တာဝန်ယူရပေမည်။ သူမသည် အခြားအရာများနှင့်ပတ်သတ်၍ ရှုယုနှင့် ဖက်ပြိုင်မည်မဟုတ်သော်လည်း အကြီးအကဲရှုနှင့် သူမဘိုးဘေးများမှ ကြိုးစားအားထုတ်လက်ဆင့်ကမ်းထားသော အမွေအနှစ်ကိုမူ စွန့်လွှတ်မည်မဟုတ်ချေ။
ကျင်းယွင်ကျောင်းသည် သော့ကိုယူလိုက်သောအခါ ရှန်ရှီနှလုံးရပ်လုမတတ်ဖြစ်သွားသည်။
ရှုယုငယ်စဥ်က သူမသည် သူမသားကိုတွန်းအားပေး၍ ရှုယွမ်ထက်အား မေးခိုင်းခဲ့သဖြင့် ထိုဆေးဝါးသိုလှောင်ခန်းထဲတွင် မည်သို့သောအရာများရှိသည်ကို အကြမ်းဖျင်းသိလေသည်။
၎င်းမှာ အမှန်ပင် ရှားပါးဆေးမြစ်များဖြင့် ပြည့်နှက်နေသည်မှန်သော်လည်း ဘိုးဘေးများမှ လက်ဆင့်ကမ်းလာသော အဖိုးတန်ရတနာများလည်း ရှိသေး၏။ ရှုမိသားစုသည် နှစ်ထောင်ချီ ဆေးဝါးဖော်စပ်လာသော မိသားစုဖြစ်၍ ဆေးဖက်ဝင်အမြစ်များအား စုဆောင်းသိမ်းဆည်းနိုင်သောစွမ်းရည်မှာလည်း ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည်။ လေထဲ၌ပျံသောအရာဖြစ်စေ၊ ပင်လယ်ထဲတွင် ကူးခတ်သောအရာဖြစ်စေ၊ ဆေးဝါးအဖြစ်သုံးနိုင်သရွေ့ ပုလဲများ၊ ကျောက်မျက်များပါမချန် သူတို့တွင် သေချာပေါက်ရှိပေသည်။
ရှန်ရှီသည် ခံပြင်းလွန်း၍ ရူးမတတ်ဖြစ်နေလေသည်။ ထိုအရာများသည် ရှုမိသားစု၏အပိုင်ဖြစ်၏။ နှစ်ပေါင်းများစွာတိုင်အောင် သူမသည် ထိုအရာများနှင့်ပတ်သတ်၍ သိပ်အာရုံမထားခဲ့ချေ။ အဓိကအားဖြင့် ရှုမိသားစုတွင် ကလေးတစ်ဦးသာရှိခဲ့ပြီး ထိုကလေးမှာလည်း သားဦး၊ မြေးဦးဖြစ်သောကြောင့်ဖြစ်သည်။ အဘိုးဖြစ်သူမှ ရှုယုအား သဘောမကျလျှင်ပင် အနာဂတ်တွင် မိသားစုလုပ်ငန်းကို ဦးစီးနိုင်သူဟူ၍ သူသာရှိလေသည်။ ထို့ကြောင့် ထိုအရာများသည်လည်း တစ်ချိန်ချိန်တွင် သူ့သား၏အပိုင်ဖြစ်လာပေမည်!
သို့သော် ယခုတွင် ကျင်းယွင်ကျောင်းမှာ ဘယ်နေရာကမှန်းမသိထွက်လာပြီး သူမအား အငိုက်ဖမ်းလိုက်လေပြီ!
ကျင်းယွင်ကျောင်း....သူမတွင် မည်သို့သော လုပ်ပိုင်ခွင့်ရှိသနည်း? သူမသည် အခြားအမျိုးသားတစ်ဦးနှင့် ခိုးပြေးသွားသော မိန်းမတစ်ဦး၏ စွန့်ပစ်ခံကလေးတစ်ဦးသာဖြစ်သည်။ သူမတွင် အဘယ်သို့သောလုပ်ပိုင်ခွင့်ရှိ၍ ရှုမိသားစုဆီပြန်လာကာ အမွေလုနေရသနည်း?!
သို့သော် ဤအတွေးများကို ရှန်ရှီသည် စိတ်ထဲ၌သာ တွေးနိုင်သည်။ အကြီးအကဲရှုနှင့် အခြားသူများရှေ့တွင် ဤအရာများကို ထုတ်မပြောရဲပါပေ။
“ကောင်မလေး၊ ဆေးသိုလှောင်ခန်းထဲက ပစ္စည်းတွေက အနာဂတ်မှာ မင်းအပိုင်ဖြစ်လာလိမ့်မယ်၊ ငါကတော့ အိုပြီ၊ ဒီပစ္စည်းတွေကို မျိုးဆက်လိုက် လက်ဆင့်ကမ်းလာတာ၊ အခုတော့ ဒါကို လူငယ်မျိုးဆက်က စောင့်ရှောက်ထိန်းသိမ်းပေးဖို့ အချိန်တန်လာပြီပေါ့”
သူမအဘိုးမှ ထပ်ပြောလိုက်၏။ သူ၏ဆိုလိုရင်းမှာ သိသာပေသည်။
“အဘိုး၊ ဒီပစ္စည်းတွေကို လောလောဆယ်မှာ သမီးထိန်းသိမ်းပေးပါ့မယ်၊ အနာဂတ်မှာ ရှုမိသားစုရဲ့ ဆေးဖော်စပ်ရေးပညာကို ဆက်ခံနိုင်လောက်အောင် သင့်တော်တဲ့လူတစ်ယောက်ကို ဦးလေးအကြီးနဲ့ အငယ်က တွေ့ခဲ့ရင် ဒီပစ္စည်းတွေကို ပြန်ပေးပါမယ်”
ကျင်းယွင်ကျောင်းပြောလိုက်၏။ ဤစကားများမှာ ပို၍ပင် အဓိပ္ပာယ်ထင်ရှားနေသည်။ သူမအမြင်အရ သူမဝမ်းကွဲ ရှုယုတွင် ဆေးဝါးဖော်စပ်နိုင်သောအရည်အချင်းမရှိဟု မြင်ကြောင်း လူတိုင်းကိုပြောလိုက်ခြင်းသာဖြစ်သည်။
ရှုယု၏စရိုက်မှာ အမွေဆက်ခံသူဖြစ်ရန် မသင့်တော်ချေ။
ကျင်းယွင်ကျောင်းသာ လီထျန်းယီ၏ကလေးဖြစ်နေလျှင် သူမ၏မျိုးရိုးမှာ အနာဂတ်တွင် မိသားစုသုံးစုလုံးနှင့် သက်ဆိုင်သောအရာဖြစ်လာလိမ့်မည်ဟု အကြီးအကဲရှုသိနေသည်။ ရှုမိသားစုနှင့် ကျင်းမိသားစုမှာ နှစ်တစ်ထောင်စာကြာသော ခင်မင်ရင်းနှီးမှုရှိခဲ့သဖြင့် အနာဂတ်တွင် ကျင်းမိသားစုအား အမွေဆက်ခံသူမရှိဘဲ မထားလိုပေ။ ထို့ကြောင့်လည်း သူသည် မည်သည့်အရာကိုမှ အခိုင်အမာမပြောခဲ့ခြင်းဖြစ်သည်။
အနည်းဆုံးအနေဖြင့် ယခုတွင် သူ၌ သားနှစ်ဦးရှိသေးသည်။ အနာဂတ်တွင် သူတို့သည် အမွေဆက်ခံသူများဖြစ်လာနိုင်သည်။ သို့ရာတွင် ထိုအချိန်ရောက်လျှင် သူသည် တဖြည်းဖြည်းအိုလာနေပြီဖြစ်သဖြင့် သူတို့အား ကောင်းကောင်းသင်ပြနိုင်တော့မည်မဟုတ်ချေ။ ကံကောင်းစွာဖြင့် သူ့တွင် ဤမြေးမလေးတစ်ဦးရှိနေသေးသည်။ အချိန်တန်လာလျှင် ဤမြေးမလေးသည် သူ့အားကူညီနိုင်ပေသည်။
သို့ရာတွင်...
ကျင်းဝမ်ယွဲ့မှ အပြင်လူတစ်ဦးကို မိသားစုထဲ လက်ထပ်ခေါ်ဆောင်လာသလိုပင် ကျင်းယွင်ကျောင်းသည်လည်း ကျင်းမိသားစုအား တရားဝင်အမွေဆက်ခံလျှင် သူမသည် ကျင်းမိသားစု၏မျိုးရိုးအား ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိသွားပေပြီ။ လီမိသားစု၏ အဆင့်အတန်းမှာ သာမန်မဟုတ်လှသဖြင့် သူတို့သဘောတူချင်မှ တူပေမည်..
အကြီးအကဲရှုသည် တိုးဖွစွာ သက်ပြင်းချလိုက်၏။ ဤမိန်းကလေးသည် အနာဂတ်တွင် ပြသာနာများစွာကို ကြုံတွေ့ရပေတော့မည်။
ယခုအချိန်တွင်မူ တစ်လှမ်းချင်းစီသာ သွားပေမည်။ ဤကိစ္စနှင့်ပတ်သတ်၍ များများစားစားတွေး၍ အကျိုးမရှိနိုင်ချေ။
ကျင်းယွင်ကျောင်းမှ သော့အား ကန့်ကွက်မှုမရှိဘဲ လက်ခံလိုက်သောအခါ သူမ၏ဦးလေးနှစ်ယောက်သည်လည်း ကျေနပ်သည့်ပုံပေါက်သွားတော့၏။
“ရှောင်ကျောင်း၊ မင်းမှာ အရင်တုန်းက မွေးစားမိဘတွေရှိခဲ့ပေမယ့် နောက်ပိုင်းကျ အဆက်အသွယ်ဖြတ်လိုက်တယ်ကြားတယ်၊ ဘာများဖြစ်ခဲ့လို့လဲ?”
ရှုဝမ်ချန်းသည် စူးစမ်းချင်သောမျက်နှာဖြင့် မေးလိုက်သည်။
“အသက် ၁၅ နှစ်မတိုင်ခင်ထိ မွေးစားမိဘတွေနဲ့ နေခဲ့တာဟုတ်ပါတယ်၊ နောက်ပိုင်းကျ မွေးစားအမေက နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့တယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့အချိန်မှာ သူတို့က သမီးမိဘအရင်းတွေမဟုတ်မှန်း သိသွားခဲ့တယ်၊ အဲဒါအပြင် မွေးစားအဖေကလည်း အားကိုးရတဲ့သူမဟုတ်တော့ သမီးပဲ သူနဲ့အဆက်အသွယ်ဖြတ်လိုက်တာ”
ကျင်းယွင်ကျောင်းသည် အတိတ်က အခက်အခဲများကို မေ့ပျောက်သွားသကဲ့သို့ ဤစကားများကို အေးအေးလူလူသာပြောလိုက်သည်။
ရှုဝမ်ချန်းသည် ၎င်းကိုကြားလိုက်သောအခါ တစ်ခုခုလွဲနေသည်ဟု ခံစားမိလိုက်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းကိုယ်တိုင်က မပြောချင်သောကြောင့် သူသည်လည်း များများစားစားဆက်မမေးတော့ချေ။
သို့သော် ဤကိစ္စမှာ နောက်ကြောင်းစုံစမ်းရန် လွယ်ပေသည်။ ထိုမိသားစုသာ ရှောင်ကျောင်းအား ကောင်းကောင်းမဆက်ဆံခဲ့ကြောင်း သူသိရလျှင် သူတို့အားလုံး ဒုက္ခလှလှတွေ့သွားချေမည်...
Space and Rebirth 928
ကျင်းယွင်ကျောင်းသည် စိတ်ထဲ၌သာ တိတ်တခိုးသက်ပြင်းချလိုက်သည်။ သူမသည် ဤဦးလေးနှစ်ယောက်အား ယခုစတွေ့ဖူးသော်လည်း သူတို့သည် စိတ်ရင်းဖြင့် သူမအပေါ် ကောင်းပေးကြလေသည်။ ဟန်ဆောင်သည်မှာ မဖြစ်နိုင်ချေ။
“ရှောင်ကျောင်းအခုမှအိမ်ပြန်ရောက်တာကို ပေးစရာမရှိတာနဲ့ ကျောက်စိမ်းဆိုင်ကိုသွားပြီး ဒီလက်ကောက်တွေ ရွေးဝယ်ခဲ့တယ်၊ ကျောက်စိမ်းဆိုတာ လူတွေအတွက် ကောင်းတယ်လေ၊ အဲဒါကြောင့်မို့ ဒါတွေယူပြီး စိတ်ရှိသလိုဝတ်လိုက်”
ခေတ္တမျှစကားပြောပြီးနောက် ရှုယွမ်ထက်သည် ဘူးတစ်ဘူးကိုထုတ်ကာ ကမ်းပေးလိုက်သည်။
ဘူးထဲတွင် လက်ကောက်နှစ်ကွင်းရှိနေသည်။ ၎င်းတို့သည် အရောင်အားဖြင့် ခရမ်းရောင်သန်းပြီး သိပ်မကြီးလှချေ။ အပြင်ဘက်တွင်လည်း လှပပြီး အရောင်ဟပ်စပ်နေသော ငွေရောင်အပွင့်အပေါက်များဖြင့် ဆင်မြန်းထားသေးသည်။ ၎င်းတို့သည် သာမန်လက်ကောက်များနှင့် မတူလှချေ။
သူမသည် ကျောက်စိမ်းနှင့်ပတ်သတ်၍ သိပ်မသိသော်ငြား ကျောက်စိမ်းဝိညာဥ်ကိုမူ မှတ်မိသေး၏။ ထို့ကြောင့် ဤခရမ်းစွဲကျောက်စိမ်းမှာ အရောင်ပေါင်းများစွာ ခွဲခြားထားကြောင်း သူမသိနေသေးသည်။ သူမလက်ထဲရှိလက်ကောက်မှာ စျေးကြီးပေမည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏အရောင်မှာ ညီညာပြန့်ပြူးပြီး ပြည့်ဝနေသောကြောင့်ဖြစ်သည်။ အနီစစ သို့မဟုတ် အပြာစစမြင်ရသော အခြားခရမ်းစွဲကျောက်စိမ်းလက်ကောက်များကဲ့သို့ မဟုတ်သလို ခရမ်းရောင်အနု၊ အရင့်များစွာလည်း ရောပြွန်းမနေပေ။
ကျင်းယွင်ကျောင်း၏မျက်လုံးများထဲတွင် အံ့အားသင့်ရိပ်များ ပြေးသွား၏။ ထိုအခါ ရှုဝမ်ချန်းမှပြောလိုက်သည်။
“အစ်ကိုကြီးက ပိုက်ဆံသာမရှိတာ အတော်လေးရက်ရောတာပဲ၊ ဒါက တော်ဝင်ခရမ်းတဲ့ ခရမ်းစွဲကျောက်စိမ်းတွေထဲမှာ အရည်အသွေးအမြင့်ဆုံးလေ၊ ရှောင်ကျောင်းက အခုမှငယ်သေးတာဆိုတော့ အစိမ်းရောင်ဝတ်ရင် နည်းနည်းရင့်သွားလိမ့်မယ်၊ ခရမ်းရောင်ကကွက်တိပဲ ခရမ်းရောင်ဆိုတာ ကံကောင်းခြင်းတွေ၊ မြင့်မြတ်ခြင်းတွေကို ပုံဆောင်တာဆိုတော့ အဓိပ္ပာယ်ကောင်းတယ် မဆိုးဘူး”
“မင်းကိုယ်တိုင်က မဆိုးဘူးလို့ပြောနေတော့ ငါရွေးလိုက်တဲ့ဟာက တကယ်ကောင်းတဲ့ပုံပဲ”
ရှုယွမ်ထက် မျက်ခုံးများကိုပင့်လိုက်သည်။
သူ၏ညီလေးသည် ငယ်စဥ်ကတည်းက အလွန်ဇီဇာကြောင်သူဖြစ်၏။ သူ၏တစ်ကိုယ်လုံး ပြသာနာတစ်ခုမဟုတ်တစ်ခုရှိနေတတ်သည်။ အဝတ်အစား၊ အစားအသောက်၊ အိမ်၊ ယာဥ် စသဖြင့် မည်သည့်အရာဖြစ်စေကာမူ အလွန်ချေးများတတ်၏။ သူ၏အနီးတွင်ထားမည့်လူများကိုလည်း ရွေးတတ်သေးသည်။
ကံကောင်းစွာဖြင့် သူတို့နှစ်ဦးသည် မတူညီသောအဆောင်တွင် နေနေချေပြီ။ မဟုတ်ပါက သူသည် ဤကောင်စုတ်လေးကြောင့် အာရုံနောက်၍ သေသွားနိုင်သည်။
“ဒီနေ့က ရှောင်ကျောင်းပြန်လာတာ ပထမဆုံးနေ့ဆိုတော့ သူ့မျက်နှာကိုထောက်တဲ့အနေနဲ့ မင်းလက်ဆောင်ကို အကောင်းမြင်ပေးလိုက်တာ”
ရှုဝမ်ချန်းသည် ဟမ့်ခနဲအသံပြုကာ လက်ကိုမြှောက်၍ သူ၏လက်ဆောင်ကို ထုတ်လိုက်သည်။
၎င်းမှာ စာရွက်စာတမ်းတစ်ခုဖြစ်သည်။ ကျင်းယွင်ကျောင်းမှာ ၎င်းနှင့်ပတ်သတ်၍ အနည်းငယ်ဇဝေဇဝါဖြစ်သွား၏။ ထိုစာရွက်အား ဖွင့်ဖတ်ကြည့်လိုက်သောအခါ သူမနှုတ်ခမ်းစွန်းများတွန့်သွားတော့သည်။
“ဒါက ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတော်တော်များများရဲ့ ရှယ်ယာလွှဲပြောင်းရေးစာချုပ်ပဲ၊ ရှောင်ကျောင်း မင်းက ဦးလေးရဲ့အဖိုးတန်တူမလေးဆိုတော့ တခြားဟာတွေသာမရှိရင်နေမယ် ငွေမရှိဘဲနဲ့တော့ မနေစေရဘူး”
ရှုဝမ်ချန်းသည် အောင်နိုင်သူအပြုံးကို ပြုံးလိုက်၏။
ရှုယွမ်ထက်၏မျက်နှာတွန့်သွားပြီး သူ၏မျက်ရိုးကို နှိပ်လိုက်သည်။ ရှုမိသားစု၏ပိုင်ဆိုင်မှုများမှာ သူ၏ဖခင်လက်အောက်တွင်ရှိသဖြင့် ထိပါး၍မရချေ။ သူကိုယ်တိုင်ကမူ ရိုးသားဖြောင့်မတ်တည်ကြည်သော အစိုးရအရာရှိတစ်ဦးအနေဖြင့် နေထိုင်နေသောကြောင့် ဤကဲ့သို့ သူဌေးလက်သစ်များနှင့် မယှဥ်နိုင်ပေ။
ကျင်းယွင်ကျောင်း ကြောင်အမ်းသွား၏။ သူမ၏ပိုင်ဆိုင်မှုများသည် အဘယ်ကြောင့် မျက်စိတစ်မှိတ်အတွင်း ဤမျှလောက်တိုးပွားသွားရသနည်း?
“ရှောင်ကျောင်း၊ သိပ်ဂရုစိုက်မနေနဲ့၊ အရင်တုန်းက သူငွေလိုနေတုန်းက အဖေကလည်း ဂရုမစိုက်တော့ ဦးလေးပဲ မင်းအမေရဲ့ငွေကိုယူပြီး သူ့ကိုပေးခဲ့ရတာ၊ ဒါကြောင့်လည်း သူအခုဒီလိုနေနိုင်စားနိုင်တာလေ”
ရှုယွမ်ထက်သည် တိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။
ကျင်းယွင်ကျောင်းသည် ထိုစာရွက်စာတမ်းအား ကောက်ဖတ်ကြည့်လိုက်၏။ ရှုဝမ်ချန်း၏ လုပ်ငန်းများမှာ ကမ္ဘာအနှံ့ရှိပြီး နည်းပညာတိုးတက်ရေးနယ်ပယ်မှအစ အိမ်ရာလုပ်ငန်း၊ စားစရာလုပ်ငန်းစသည်ဖြင့် များစွာပါဝင်သည်။ အလွန်ကြီးမားသော အုပ်စုဟု ပြောနိုင်ပေသည်။
သူမဦးလေးအငယ်မှ သူမအား ပေးလိုက်သောအရာမှာ ထိုကုမ္ပဏီအုပ်စု၏ ရှယ်ယာတစ်ပိုင်းဖြစ်သည်။ ပိုက်ဆံများဝင်ရန် သူသာ တာဝန်ယူပြီး ကျင်းယွင်ကျောင်းကိုယ်တိုင်စီမံခန့်ခွဲစရာမလိုပေ။
သို့ရာတွင် ဤသည်မှာ ကျင်းယွင်ကျောင်းအတွက် အနည်းငယ်အခက်တွေ့စရာဖြစ်သည်။
ဦးလေးအကြီး၏လက်ဆောင်မှာ စျေးကြီးလှသော်လည်း ပစ္စည်းတစ်ခုသာဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီရှယ်ယာများမှာမူ ထိုသို့မဟုတ်ပေ။ တာဝန်ယူစရာ အလွန်ကြီးမားလွန်းလှ၏။
ဦးလေးအငယ်သည် ယခုတွင် မိသားစုမရှိသေးသော်လည်း အနာဂတ်တွင် ရှိလာပါက အဘယ်သို့လုပ်မည်နည်း? ထိုအချိန်ရောက်လာလျှင် သူ၏တူမဖြစ်သူသည် အနည်းငယ်ထင်ပေါ်လွန်းနေတော့မည်။
အကြီးအကဲရှုသည် သူမအား အရာအားလုံးကို လက်ခံရန် ပြောထားသော်လည်း...သူမသာ ငွေလိုသောအချိန်ရောက်လာလျှင် မိမိအား မိမိကိုးနိုင်ပေသည်။
“ဦးလေးငယ်၊ ဒီစာချုပ်ကို သမီးလက်မှတ်မထိုးပါရစေနဲ့၊ သမီးမှာလည်း ပိုက်ဆံရှိပါတယ်၊ ပြီးတော့ ငွေလိုလာရင်လည်း သမီးကိုယ်တိုင်ရှာနိုင်ပါတယ်၊ ကိုယ်တိုင်ရှာထားတဲ့ငွေမဟုတ်ရင် သမီးစိတ်ဖြောင့်ဖြောင့်နဲ့ သုံးနိုင်မှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းသည် ထိုစာရွက်အား ပြန်တွန်းပို့လိုက်သည်။
ထိုအရာကိုကြားလိုက်သောအခါ ရှုယွမ်ထက်၏နှုတ်ခမ်းစွန်းများ အပေါ်သို့ ကွေးတက်သွားသည်။ သူ၏ညီကိုကြည့်ကာ ဤကောင်သည် အသက်ကြီးနေပြီဖြစ်သော်လည်း ကြွားလုံးထုတ်နိုင်သေးသည်ဟု တွေးနေလေသည်။
ရှုဝမ်ချန်းမှာ ကြက်သေသေသွား၏။ သူအငြင်းခံလိုက်ရသလော?