← Chapters

အခန်း (၉၂၉-၉၃၂)

Vol. 47 Ch. 929-932

အခန်း (၉၂၉-၉၃၂)

Vol. 47 Ch. 929-932

Space and Rebirth 929

ရှုဝမ်ချန်း၏လှုပ်ရှားမှုများ တောင့်တင်းသွားသည်။ သူ၏အစ်ကိုကြီးဖြစ်သူ၏ သရော်ဟန်အကြည့်များအား ခံစားလိုက်ရသောအခါ သူသည် ချက်ချင်းဆိုသလို စိန်းစိန်းဝါးဝါးပြန်ကြည့်လိုက်သည်။

“ရှောင်ကျောင်း အစ်ကိုကြီးပြောသလိုပဲ ကုမ္ပဏီကိုစဖို့ ဦးလေးသုံးခဲ့တဲ့ငွေက မင်းအမေဆီကလည်း နည်းနည်းပါတယ် အဲဒါကြောင့်မို့ ဒီရှယ်ယာတွေကလည်း မင်းအပိုင်လို့ပြောလို့ရတာပေါ့၊ ဒီရှယ်ယာတွေကို လက်ခံတယ်ဆိုတာ ဖြစ်သင့်တာပဲလေ၊ ဝန်လေးနေစရာမလိုပါဘူး”

“ဝမ်ချန်း၊ မင်းက ဘာကောင်းတာများ ပေးမလဲလို့ ကြည့်နေတာ နောက်ဆုံးတော့ ရှယ်ယာတွေပဲကိုး၊ တန်ဖိုးရှိတာမှန်ပေမယ့် ရှောင်ကျောင်းသာ လက်မခံရင် ဘာမှလုပ်လို့မရဘူး၊ ပြီးတော့ ကုမ္ပဏီထောင်ပြီး ငွေရှာတတ်တာ မင်းတစ်ယောက်တည်းရှိတယ်လို့ ထင်နေတာလား? ငါသူ့ကိုစတွေ့တုန်းက ဘယ်လိုပုံစံနဲ့ တွေ့ခဲ့ရလဲမင်းသိလား?”

ရှုယွမ်ထက်ရယ်ကာ ဂုဏ်ယူဝံ့ကြွားဟန်အပြည့်ဖြင့် ပြောလိုက်သည်။

သူ၏ညီလေးမှာ ငယ်ရွယ်စဥ်ကတည်းက မာန်မချတတ်သောလူဖြစ်၏။ ကလေးဘဝကပင် အခြားသူများထက် စာပိုတော်ပြီး အခြားသူများထက် ကျန်းမာသန်စွမ်းသည်။ သူငွေရှာနိုင်သောအရွယ်ရောက်သောအခါတွင်လည်း အခြားသူများထက် မျှော်မှန်းချက်ကြီးမား၏။ အချိန်ကြာလာသည်နှင့်အမျှ သူသည် တဖြည်းဖြည်းဖြင့် ပြည်တွင်းသူဌေးကြီးတစ်ဦး ဖြစ်လာတော့သည်။

“ဘယ်လိုပုံစံနဲ့တွေ့ခဲ့လို့လဲ?”

ရှုဝမ်ချန်း ခေတ္တမျှ ကြောင်အမ်းသွားသည်။ သူသည် ခန္ဓာကိုယ်ကိုလှုပ်ရှားကာ မတ်မတ်ထိုင်၍ နားစွင့်လိုက်သည်။

“ဟားဟား၊ မင်းက တက္ကသိုလ်ကျောင်းသားဘဝကတည်းက လုပ်ငန်းစလုပ်တာတောင် ရှောင်ကျောင်းလောက် မတော်သေးဘူး၊ သူကအခု ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌဖြစ်နေပြီ၊ ဒီကုမ္ပဏီကလည်း တကယ်အံ့သြစရာကောင်းတယ် စစ်တပ်ရဲ့ ကာကွယ်မှုအောက်မှာရှိနေတာလေ၊ ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီရဲ့ ပထမဆုံးထုတ်လုပ်တဲ့ ဆေးဝါးအသုတ်ကိုလည်း စစ်တပ်ကမှာထားတာ၊ ငွေရှိတာချင်း ယှဥ်ချင်ရင် သူသာ မင်းအသက်အရွယ်ရောက်တာနဲ့ ယှဥ်လိုက်၊ သူ့အောင်မြင်မှုတွေက မင်းထက် အဆပေါင်းများစွာသာနေလိမ့်မယ်”

ရှုယွမ်ထက်သည် လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောလိုက်၏။ သူ၏မျက်နှာသည် တောက်ပဝင်းလက်နေလေသည်။

သူသည် ကျောက်စိမ်းဝိညာဥ်ကုမ္ပဏီပိုင်ရှင်ကို မသိခဲ့စဥ်က တစ်စုံတစ်ဦးသည် စစ်တပ်၏နာမည်ကို အလွဲသုံးစားလုပ်နေသည်ဟု ထင်ခဲ့သည်။ ဤဆေးဝါးမှာ လူထု၏အသက်နှင့် သက်ဆိုင်နေသောအရာဖြစ်သဖြင့် တစ်ခုခုအချွတ်အချော်ရှိလျှင် နောက်ဆက်တွဲအကျိုးဆက်များမှာ အလွန်ပြင်းထန်နိုင်ပေသည်။ သို့သော် ယခုတွင် ကုမ္ပဏီပိုင်ရှင်မှာ ကျင်းယွင်ကျောင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် သူသည် စိတ်အေးသွားလေပြီ။

သူမသည်သာ ဆေးဝါးအား တစ်ခုခုလက်ဆော့ထားခဲ့လျှင် ပထမဆုံး ကန့်ကွက်မည့်သူမှာ သူ၏ဖခင်ဖြစ်သည်။ ထို့ကြောင့် သူမသည် မကောင်းသောလုပ်ရပ်ကို မလုပ်နိုင်ပါပေ။

ရှုဝမ်ချန်းသည် ၎င်းကိုကြားလိုက်သောအခါ အမှန်ပင် အံ့အားသင့်တုန်လှုပ်သွား၏။ သူသည် မယုံနိုင်သောဟန်ပန်ဖြင့် ကျင်းယွင်ကျောင်းအားကြည့်လိုက်သည်။

သူ၏တူမလေးမှာ အခြားသူများနှင့် အနည်းငယ်ကွဲပြားလွန်းလှသည်...

သူသည် သူ၏လုပ်ငန်းအား မြေစမ်းခရမ်းပျိုးအဆင့်မှ စခဲ့ရသဖြင့် မည်မျှခက်ခဲကြောင်းကို ကောင်းကောင်းသိ၏။ သာမန်လူများ လုပ်နိုင်သောအရာမဟုတ်ပေ။ ထို့အပြင် ကုမ္ပဏီထောင်စဥ်ကလည်း သက်သာရာလမ်းများစွာကို ရရှိခဲ့သည်။ သူသည် ရှုမိသားစုဝင်တစ်ဦးပင်မဟုတ်လော။ သူ၏လုပ်ငန်းအား စတင်ရန် လုံလောက်သောငွေပမာဏနှင့် ဘက်ပေါင်းစုံတွင် လိုအပ်သောအဆက်အသွယ်များကို အဆင်သင့်ရခဲ့လေသည်။ ကျရှုံးမည့်ဒဏ်ကို စိတ်ပူစရာမလိုခဲ့ပေ။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာ အဘယ်ကြောင့် ဤတူညီသောကိစ္စအား လုပ်နိုင်ခဲ့သနည်း? သူမသည် ငယ်စဥ်ကတည်းက လေလွင့်သောဘဝဖြင့် ကြီးပြင်းလာခဲ့၏။ လွန်ခဲ့သောနှစ်နှစ်အတွင်း သူ၏ဖခင်၏ကာကွယ်စောင့်ရှောက်မှုကို ရရှိခဲ့သော်လည်း သူ၏ဖခင်မှာလည်း မိမိ၏ရာထူးဂုဏ်သိမ်များကို ဖုံးကွယ်ပြီး ငြိမ်းချမ်းသောဘဝကို ဖြတ်သန်းနေသူဖြစ်သည်။ ထိုတစ်ဖက်မှကြည့်လိုက်လျှင် သူ၏ဖခင်သည်လည်း သူမအား လုံးဝမကူညီနိုင်ခဲ့ပေ!

အစက သူသည် ဤတူမလေးအား ကလေးတစ်ဦးအနေဖြင့် ဆက်ဆံနေခဲ့သည်။ အလိုလိုက်ပြီး ချစ်ပေးရမည့် ကလေးတစ်ဦးကဲ့သို့ သူမြင်ခဲ့လေသည်။ ယခုမူ လွန်ခဲ့သောဆယ်နှစ်အတွင်း သူမခံစားခဲ့ရသော လောကဒဏ်ဒုက္ခများအတွက် ပြန်ပေးဆပ်ရန် နည်းလမ်းတစ်ခုခုကို သူစဥ်းစားနေရတော့သည်။

သို့သော် ယခုကြည့်လိုက်သောအခါ သူ၏တူမလေးသည် လူကြီးတစ်ဦးဖြစ်နေလေပြီ။ သူမအတွက် လူကြီးဖြစ်ပေးရမည့် သူတို့မှာ အနည်းငယ် အလာနှောင်းသွားခဲ့၏။

ဤအချိန်တွင် ‌အေးစက်တည်ငြိမ်သော သူ၏တူမလေးကို ရှုဝမ်ချန်း ပိုနှစ်သက်မိသွားတော့သည်။ သူတို့မိသားစုအတွက် ရတနာတစ်ပါးပါပင်။

“ထားလိုက်ပါ၊ ဒီတစ်ခေါက်တော့ ဆုံးဖြတ်ချက်မှားသွားတယ်လို့ မှတ်လိုက်ပါမယ်”

ရှုဝမ်ချန်းပြောလိုက်၏။ ထို့နောက် သူသည် အကြီးအကဲရှု၏ စူးရဲသောအကြည့်အား ခံစားမိလိုက်သဖြင့် အနည်းငယ်မလုံမလဲဖြစ်သွားတော့သည်။ သူသည် ခေတ္တမျှတွေးပြီး ကားသော့တစ်ခုကို ထုတ်လိုက်၏။

“ဒါက ဦးလေး အသစ်စက်စက်ဝယ်ထားတဲ့ကားပဲ၊ နိုင်ငံခြားကနေ ပို့ခိုင်းထားတာ မကြာသေးဘူး၊ သမီးက အသက်လည်းပြည့်တော့မယ်ဆိုတော့ ကားမောင်းဖို့ အချိန်တန်ပြီလေ”

သူသည် ဤကားအား အလွန်သဘောခွေ့သောကြောင့် ဝယ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အစီးနှစ်စီးသာထုတ်လုပ်သော အဖိုးတန်ကားဖြစ်၏။ သူသည် ဤကားအား ပိုင်ဆိုင်နိုင်ရန် နည်းလမ်းမျိုးစုံကို သုံးခဲ့ရလေသည်။

ငွေမှာ ပြသာနာမဟုတ်ချေ။ ပြသာနာမှာ ဤကားအား ငွေဖြင့်ပေါက်ဝယ်ချင်တိုင်း ဝယ်၍မရခြင်းဖြစ်၏။

ဤကားသည် သန်းနှစ်ဆယ်ကျော် ကျသင့်ပေသည်။ အသစ်စက်စက်ကားဖြစ်ပြီး သူကိုယ်တိုင်ပင် မောင်းရန် အချိန်မရသေးချေ...

ကျင်းယွင်ကျောင်းသည် များများစားစားတွေးမနေတော့ချေ။ သူမသည် အစောပိုင်းက ရှယ်ယာများကို ငြင်းလိုက်ပြီဖြစ်သောကြောင့် ယခုလက်ဆောင်ကိုလည်း ငြင်းလိုက်လျှင် မကောင်းသဖြင့် စဥ်းစားကြည့်လိုက်ပြီး ခေါင်းငြိမ့်လက်ခံလိုက်၏။

အကြီးဆုံးသားအနေဖြင့် ရှုယွမ်ထက်သည် ဤကားမှာ မည်သို့ကားမျိုးဖြစ်ကြောင်း သိနေလေသည်။ သူ၏ညီလေးဖြစ်သူ၏ လက်မှိုင်ကျနေသောမျက်နှာကို တွေ့လိုက်ရပြီးနောက် သူ၏စိတ်သည် ကြည်လင်သွားတော့သည်။

“တခြားလက်ဆောင်တွေက သမီးအခန်းထဲမှာရှိတယ်၊ ပြန်ရောက်ရင် အချိန်ယူပြီးဖွင့်ကြည့်လိုက်ပေါ့၊ အခုနောက်လည်းကျနေပြီဆိုတော့ ထမင်းစားရအောင်!”

Space and Rebirth 930

အချိန်ကြာမြင့်စွာ စကားပြောပြီးနောက် ကျင်းယွင်ကျောင်းသည် ဗိုက်ဆာနေလေပြီ။

သို့သော် ထမင်းမစားခင်တွင် သူမသည် အပေါ်ထပ်သို့တက်ကာ သူမအခန်းကို တစ်ချက်ကြည့်လိုက်၏။ အခန်းမှာ အလွန်ကျယ်ဝန်းလှပြီး တစ်ခန်းလုံးလက်ဆောင်များဖြင့် ပြည့်နေသည်။ သူမကြောင်အမ်းသွားတော့သည်။

တစ်ခန်းလုံးနီးပါး အမွှေးပွအရုပ်များဖြင့် ပြည့်သိပ်နေလေသည်။ ထိုတင်မက အလှကုန်ပစ္စည်းများ၊ နာမည်ကြီးတံဆိပ်အိတ်များ၊ ဖိနပ်များ၊ အင်္ကျီများ၊ လက်ဝတ်ရတနာများ မျိုးစုံရှိနေ၏။ ဤပုံစံအား ကြည့်ရသလောက်ဆိုလျှင် သူမသည် နှစ်ပေါင်းများစွာ ပစ္စည်းအသစ်များဝယ်စရာ မလိုလောက်တော့ပေ။ သူမသည် တစ်ချိန်တည်းတွင် အံ့အားသင့်ထိတ်လန့်ကာ ကြည်နူးမိ၏။ ဤနေရာတွင်ရှိသော ပစ္စည်းတစ်ခုစီတိုင်းအား သူမအကြိုက်တွေ့ချင်မှ တွေ့မည်ဖြစ်သော်လည်း ၎င်းတို့မှာ သူမမိသားစုဝင်များထံမှ လက်ဆောင်များဖြစ်၍ အလွန်အဓိပ္ပာယ်ရှိပေသည်။

သူမသည် ချောင်မိသားစုထဲတွင် ရှိခဲ့စဥ်က ချောင်ဟုန်ယဲ့သည် အကြိမ်ပေါင်းများစွာ လက်ဆောင်များ လက်ခံရရှိခဲ့သည်ကို သူမမြင်ခဲ့ဖူးသည်။ ယခုအချိန်မှသာ လက်ဆောင်ရရှိခြင်း၏ ပျော်ရွှင်မှုကို သူမသိပေတော့၏။

“ဘယ်လိုလဲ? အားလုံးကိုကြိုက်ရဲ့လား?”

ရှုဝမ်ချန်းသည် သူမထံလျှောက်လာကာ သူမခေါင်းကိုပွတ်လိုက်၏။

ဤဦးလေးနှစ်ဦးသည် သူမခေါင်းနှင့်ပတ်သတ်၍ အထူးတလည် အစွဲအလမ်းရှိဟန်ရသည်။ သူတို့နှစ်ဦးလုံး သူမခေါင်းအား အကြိမ်အနည်းငယ်ခန့် ပွတ်ခဲ့လေသည်။

“ကြိုက်ပါတယ်၊ ကျေးဇူးပါ ဦးလေး”

ကျင်းယွင်ကျောင်း ပြောလိုက်၏။

“သမီးက ကလေးမဟုတ်တော့တာ နှမြောစရာပဲ၊ မဟုတ်ရင် ဦးလေးက ဒီထက်အများကြီး ပိုပေးလို့ရတာကို”

ရှုဝမ်ချန်းသည် အနည်းငယ်ဝမ်းနည်းမိ၏။ သူ၏တူမလေးငယ်စဥ်က ပုံစံကို သူအမှန်တကယ်မြင်ချင်မိသည်။ ယခုသူမ၏လေးနက်သောအသွင်အပြင်ကို ကြည့်လိုက်သောအခါ သူမသည် ငယ်စဥ်ကလည်း ဟိတ်ဟန်ထုတ်တတ်သော ပန်းနုရောင်ဖက်ထုပ်လေးတစ်လုံးဖြစ်ခဲ့ပေမည်။ သူမအလွန်ချစ်စရာကောင်းခဲ့မည်မှာ သေချာ၏။

“ဦးလေးအငယ်ပဲ ကလေးတစ်ယောက်မွေးလိုက်လေ”

ကျင်းယွင်ကျောင်းပြုံးလိုက်သည်။

“သမီးနဲ့တော့ ဘယ်တူပါ့မလဲ? အာ ဟုတ်သားပဲ ငယ်ငယ်တုန်းက ပုံတွေရှိလား၊ သမီးငယ်ငယ်တုန်းက လှလားဆိုတာ ကြည့်စမ်းချင်တယ်”

ရှုဝမ်ချန်းပြောလိုက်၏။

ဓာတ်ပုံ?

ကျင်းယွင်ကျောင်းခေါင်းခါလိုက်သည်။ သူမတွင် ထိုသို့သောအရာများမရှိခဲ့ပေ။ သို့ရာတွင် သူမသည် ပြန်လည်မွေးဖွားလာပြီးနောက် ဓာတ်ပုံအချို့ရိုက်ထားခဲ့သည်။ ထိုပုံအများစုမှာ သူမက ရှောင်ဟိုင်ချင်းနှင့် အခြားသူများကို သိုင်းပညာသင်ကြားပေးနေစဥ်က ရိုက်ထားသောပုံများဖြစ်၏။ ကျန်သောပုံများမှာမူ စစ်ရေးအခြေစိုက်စခန်းတွင် လေ့ကျင့်ရေးဆင်းစဥ်က ရိုက်ထားသောပုံများဖြစ်သည်။

“သမီးငယ်ငယ်တုန်းက မလှပါဘူး၊ အိမ်နီးချင်းတွေက သမီးကို အရူးမလေးလို့ပြောကြတယ်၊ သမီးဆံပင်က အဝါရောင်သန်းပြီး အသားအရေကလည်းမကောင်းဘူး တစ်ကိုယ်လုံးပိန်ခြောက်နေတာပဲ၊ အဲ့အချိန်တုန်းကသာ သမီးကိုဦးလေးတွေ့ရင် တော်တော်စိတ်ပျက်သွားမိလိမ့်မယ်”

ကျင်းယွင်ကျောင်းအမှန်အတိုင်းပြောလိုက်သည်။

သူမသည် ပြန်လည်မွေးဖွားပြီးသောအခါမှသာ သူမအလှအား ချီးကျူးခံခဲ့ရသည်။ နေရာလွတ်နယ်မြေကြောင့် သူမအသားအရေသည် ဝါကြင့်နေရာမှ ကြည်လင်တောက်ပလာပြီး သူမခန္ဓာကိုယ်သည်လည်း အနည်းငယ်အသားတိုးလာသောကြောင့် သူမအား သာမန်လူတစ်ဦး၏အသွင်အပြင်ပေါက်စေ၏။

ရှုဝမ်ချန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ကျင်းယွင်ကျောင်း အောက်ထပ်သို့ဆင်းအံ့ဆဲဆဲတွင် သူသည် သူမလက်အားဖမ်းဆုပ်ကာ ပြောလိုက်၏။

“ရှောင်ကျောင်း အရင်တုန်းက ဘယ်လောက်တောင် ဒုက္ခခံခဲ့ရတာလဲ? အဲ့မိသားစုက သမီးကိုအနိုင်ကျင့်ခဲ့လား? ဦးလေးက သမီးအတွက် လက်စားချေပေးလို့ရတယ်”

“ဦးလေး၊ ဖြစ်ခဲ့တာတွေလည်းကြာပါပြီ၊ ဦးလေးတော့ မသိလောက်ပေမယ့် သမီးရဲ့မွေးစားအမေဆုံးသွားပြီးတဲ့နောက်မှာ မိသားစုအခြေအနေကလည်း တဖြည်းဖြည်းဆိုးလာခဲ့တယ်၊ နောက်ဆုံးမှာ မိသားစုရဲ့ အငယ်ဆုံးညီမကလည်း နာမည်ပျက်ပြီး ငွေတွေနဲ့အတူထွက်ပြေးသွားတယ်၊ မွေးစားအဖေကလည်း ငွေနောက်လိုက်ရင်း မြောင်းနက်နက်ထဲကျသွားလို့ သူ့ခြေထောက်က ဒုက္ခိတဖြစ်သွားပြီ၊ အခု သူ့အတွက်တော့ အသက်ရှင်နေရတာတောင် ငရဲပဲ”

ကျင်းယွင်ကျောင်းတောက်ပစွာပြုံးလိုက်သည်။

တစ်နည်းပြောရလျှင် သူမသည် ကိုယ်တိုင်လက်စားချေလိုက်ပေပြီ။

“ဟုတ်လား?”

ရှုဝမ်ချန်းသည် သူ၏လက်အားကို ဖြေလျှော့လိုက်သည်။

“သမီးလုပ်လိုက်တာလား? အဲ့လိုဆိုရင် ဦးလေးပြောချင်တာက...”

“အရမ်းတော်တယ်”

ရှုဝမ်ချန်းသည် ရုတ်ချည်းဆိုသလို ပြုံးကာ သူမအား လက်မထောင်ပြလိုက်၏။ ထို့နောက် သူသည် ပြောပြောဆိုဆိုဖြင့် ကျင်းယွင်ကျောင်းပုခုံးအားဖက်ကာ အောက်သို့ဆင်းသွားလိုက်ပြီး အာပေါင်အာရင်းသန်သန်ဖြင့် သင်ကြားပေးတော့၏။

“အနိုင်ကျင့်ခံရရင် ဒီလိုပြန်တိုက်ခိုက်မှဖြစ်မယ်၊ ဒါပေမယ့် တခြားလူတွေ ကိုယ့်ကို အပြစ်ဖို့စရာမရှိအောင်လည်း အလိမ္မာနည်းသုံးတတ်ရမယ်၊ နည်းနည်းကောက်ကျစ်တဲ့အကွက်တွေသုံးပေါ့ ဥပမာပြရရင် လူတွေကိုရိုက်တဲ့အခါမှာ ဗိုက်နဲ့ ဖင်ကိုပဲ ကန်လို့ဘာအကျိုးရှိမှာလဲ? လူတစ်ယောက်ကို ဆော်ချင်ရင် သူတို့မျက်လုံးနဲ့ နှာခေါင်းကိုနှိုက်ပြီး ခွကြားတည့်တည့်ကို ကန်တတ်ရမယ်၊ ဒီသုံးကွက်ကို သုံးလိုက်တာနဲ့ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ချက်ချင်းအရှုံးပေးရလိမ့်မယ်ဆိုတာ ဦးလေးအသေအချာပြောရဲတယ်၊ မကောင်းတဲ့အရာတွေသင်လို့ကိစ္စမရှိဘူး၊ သမီးဘယ်လောက်ပဲဆိုးဆိုး အဲဒီကောင်စုတ်လေး ရှုယုထက်တော့ မဆိုးနိုင်ပါဘူး၊ ဦးလေးက အမြဲတမ်းသမီးဘက်မှာပဲ ဟားဟား...”

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားသည်။ သူမဦးလေးအငယ်၏ အံ့သြဖွယ်စရိုက်တစ်မျိုးကို သူမရှာဖွေတွေ့ရှိသွားဟန်ရ၏။

“ဦးလေး လူတွေကိုဆော်ချင်တိုင်း ဒီ ၃ ကွက်ကိုသုံးတာလား?”

ကျင်းယွင်ကျောင်းနှုတ်ခမ်းများကိုစေ့ကာ ပြုံးလိုက်သည်။

“ထမင်းစားပြီးရင် ဦးလေးက ကိုယ်ခံပညာအကွက်တချို့သင်ပေးမယ်၊ ငါတို့ရှောင်ကျောင်းက ဒီလောက်လှနေမှတော့ ကိုယ့်ကိုယ်ကို မကာကွယ်တတ်လို့ဘယ်ဖြစ်မလဲ?”

ရှုဝမ်ချန်းသည် ယုံကြည်ချက်ပြည့်သောမျက်နှာဖြင့် စကားကိုရေပက်မဝင်ပြောနေလေသည်။

Space and Rebirth 931

ရှုဝမ်ချန်းမှ သူမအား ကိုယ်ခံပညာသင်ပေးချင်သည်ဟု ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်း ချက်ချင်းဆိုသလို ပြုံးလိုက်သည်။ သူမစဥ်းစားကြည့်လိုက်ပြီးနောက် သူမဦးလေးအား အမှန်အတိုင်းမပြောရန် စိတ်ဆုံးဖြတ်လိုက်၏။

“ဟုတ်ပြီလေ နောက်ကျရင် ဦးလေးနဲ့အတူ လေ့ကျင့်တာပေါ့၊ ဒါပေမယ့် ဦးလေး သမီးကအားသန်တယ်နော်၊ အကယ်၍များ ဦးလေးကို ခိုက်မိအောင်လုပ်မိရင် သမီးကိုအပြစ်မတင်ဘူးမှတ်လား?”

ထိုအရာကို ကြားလိုက်သောအခါ ရှုဝမ်ချန်းသည် သူမအား မျက်မှောင်ကြုတ်ကြည့်လိုက်တော့သည်။

“ဦးလေးက အဲ့လောက် သဘောထားသေးတဲ့လူလို့ ထင်နေတာလား? ပြီးတော့ သမီးရဲ့ လက်သေးသေးလေးတွေ၊ ခြေသေးသေးလေးတွေနဲ့ ဦးလေးကို ဘယ်လိုခိုက်မိအောင် လုပ်နိုင်မှာလဲ?”

ရှုဝမ်ချန်းပြုံးကာ ပြောလိုက်၏။

“ဦးလေးတို့ရှုမိသားစုမှာ ကျန်းမာရေးထိန်းသိမ်းတဲ့ အကွက်တချို့ရှိတယ်၊ မင်းအဘိုးရော ဘကြီးရော ဒီအကွက်ကိုသုံးတတ်ကြတယ်၊ ဒီဟာကို အချိန်အကြာကြီးလေ့ကျင့်ရင် ခန္ဓာကိုယ်ကြံ့ခိုင်လာရုံမက ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်တယ်၊ သိုင်းပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရရင်တော့ နည်းနည်းခက်ခဲမယ်ဆိုပေမယ့် သာမန်လူနှစ်ယောက်-သုံးယောက်လောက်ကိုတော့ ကိစ္စလုံးဝမရှိဘူး အသာလေးပဲ”

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ သူမမျက်လုံးများသည် တောက်ပဝင်းလက်နေပြီး သူမနှုတ်ခမ်းစွန်းများတွင်လည်း အပြုံးရေးရေးတစ်ခုရှိနေသဖြင့် သူမစိတ်အား နားလည်ရခက်သည့်ပုံ ပေါက်နေလေသည်။

ရှုဝမ်ချန်းမှာ ၎င်းကိုသတိမထားမိချေ။ သူမ၏ပုခုံးကိုပုတ်ကာ ထမင်းစားရန် အောက်ထပ်သို့ဆင်းလိုက်သည်။

ဤသည်မှာ မိသားစု၏အသိအမှတ်ပြုခြင်းကို ခံရပြီးနောက် ကျင်းယွင်ကျောင်းပထမဆုံးစားသော ထမင်းဝိုင်းဖြစ်၏။ ထို့ကြောင့် ဝိုင်းတစ်ခုလုံး အစားအသောက်များ လျှံပယ်ပြည့်နှက်နေလေသည်။ အကြီးအကဲရှုမှာ စားပွဲဝိုင်း၏ထိပ်ဆုံးတွင် ထိုင်ပြီး ရှုရှင်းယွမ်နှင့် ကျင်းယွင်ကျောင်းမှာ သူ၏ဘယ်ဘက်နှင့် ညာဘက်တွင် တစ်ယောက်စီ အသီးသီးထိုင်နေကြသည်။ သားအရင်းနှစ်ဦးဖြစ်သော ရှုယွမ်ထက်နှင့် ရှုဝမ်ချန်းမှာမူ အနောက်တွင် ထိုင်နေ၏။

သို့ရာတွင် ဤသည်မှာ နားလည်ရမခက်ပါပေ။ ရှုရှင်းယွမ်မှာ အကြီးအကဲရှု၏တပည့်ဖြစ်ရုံမက သားအရင်းနှင့်မခြားသောလူဖြစ်၏။ သူသည် အကြီးအကဲရှု၏ကျေးဇူးကို သိတတ်ပြီး သစ္စာရှိသည်။ နေရာမရွေး၊ အချိန်မရွေး အကြီးအကဲရှု၏ဆန္ဒများကို လိုက်နာလေ့ရှိသည်။ အခြားသူများသည် သူကဲ့သို့ မဖြစ်နိုင်ပါပေ။

ညစာစားပွဲဝိုင်းမှာ ပျော်ရွှင်ဖွယ်ကောင်းပြီး အသက်ဝင်နေ၏။

ရှန်ရှီသည် ရှုယွမ်ထက်နံဘေးတွင်ထိုင်ကာ မျက်နှာလိုက်ခံနေရသော ကျင်းယွင်ကျောင်းအား တောင့်တင်းသောအပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် ကျင်းယွင်ကျောင်းမှ ရှုမိသားစုသို့ မပြန်လာနိုင်ခင်တွင် သူမအား ရှင်းခဲ့သင့်ပေသည်။ ယခုတွင် သူမသည် ပစားပေးခံရသောနေရာတွင် ရောက်နေသဖြင့် လူများစွာရှေ့တွင် သူမအား ဘာမှမလုပ်နိုင်တော့ချေ။

သို့သော် ကျင်းယွင်ကျောင်းမှ သူမသားပိုင်ဆိုင်သင့်သောအရာများအားလုံးကို စံစားနေရသည်ကို သူမဆက်မကြည့်နိုင်တော့ပေ။

“ယောက်ျား၊ အားယုမှာ ဝမ်းကွဲညီမလေးတစ်‌ယောက်ရှိမှန်း သိရင် သူလည်းအရမ်းပျော်သွားမှာပဲ၊ ရှင်သူ့ကို...”

ရှန်ရှီသည် သူ့အား မဝံ့မရဲဖြင့် မေးလိုက်သည်။

“ရှောင်ကျောင်း၊ ဒီဟင်းတွေကို ကြိုက်ရဲ့လား?”

ရှုယွမ်ထက်သည် သူမအား မကြားလိုက်သည့်အတိုင်း ကျင်းယွင်ကျောင်းအား အေးအေးလူလူမေးလိုက်သည်။

“မဆိုးပါဘူး”

ကျင်းယွင်ကျောင်းခေါငးငြိမ့်ပြီးနောက် ရှန်ရှီကိုကြည့်ကာ ပြောလိုက်သည်။

“အန်တီရှန်၊ သမီးကိုပေးဖို့လုပ်ထားတဲ့ ဝိုင်ပုလင်းရော ဘယ်နားမှာလဲ?”

ရှန်ရှီ ကြက်သေသေသွားသည်။

“ပန်းဝိုင်ကိုပြောတာလား? အန်တီပြန်ယူလာတုန်းက မတော်တဆအနေနဲ့ လွတ်ကျမိသွားလို့ ပစ်လိုက်ရပြီ၊ ဒီလိုလုပ်ပါလား ယွင်ကျောင်း၊ သမီးသောက်ချင်ရင် မြေအောက်ခန်းကိုလူတစ်ယောက်လွှတ်ပြီး တခြားဝိုင်ပုလင်းတစ်ခု ယူလာခိုင်းမယ်လေ၊ အိမ်မှာ သစ်သီးဝိုင်တွေ အများကြီးထပ်ရောက်ထားတယ် အရသာကလည်းအရမ်းကောင်းတာ”

ရှန်ရှီ သုတ်သီးသုတ်ပြာဖြင့်ပြုံးကာ ပြောလိုက်၏။

သူမသည် ထိုအဆိပ်ခတ်ဝိုင်အား ဖျက်ဆီးလိုက်ပြီဖြစ်သည်။ ထိုအရာအား သက်သေအဖြစ် သိမ်းထားချင်စရာရှိသလော?

“အန်တီရှန်က အရမ်းနမော်နမဲ့နိုင်တာပဲ”

ကျင်းယွင်ကျောင်းအေးအေးလူလူပြောလိုက်၏။ သူမသည် အကြီးအကဲရှုအတွက် အသီးအရွက်တချို့ ကောက်ထည့်ပေးပြီး ဆက်ပြောလိုက်သည်။

“သမီးကငယ်ပေမယ့် လက်ဆောင်ပေးလိုက်တဲ့ပစ္စည်းတွေဆိုတာ မှောက်ကျသွားတဲ့ရေလိုပဲ ပြန်မတောင်းသင့်ဘူးဆိုတာ သိပါတယ်၊ ဒါနဲ့ ကံကောင်းလို့ အဲ့အချိန်တုန်းက အဲဒီဝိုင်ပုလင်းကို မသောက်မိလိုက်တာ၊ သောက်မိလို့ကတော့ အန်တီရှန် နောင်တရရင်တောင် သမီးတို့ပြန်ပေးနိုင်တော့မှာမဟုတ်ဘူး...”

“ယွင်ကျောင်း၊ သမီးဘာတွေပြောနေတာလဲ? သမီးတို့မသောက်ခဲ့မှန်းသိလို့ အန်တီကပြန်တောင်းခဲ့တာပေါ့၊ ညီမအချင်းချင်းဆိုတော့ ရှက်စရာလည်းမလိုဘူးလေ၊ သမီးတို့ကိုသာ တိုက်ရိုက်ပေးခဲ့ရင် အန်တီသေချာပေါက်ပြန်တောင်းခဲ့မှာမဟုတ်ဘူး”

ထိုအချိန်တွင် ကျင်းယွင်ကျောင်းမှာ အဘယ်ကြောင့် သူမအား ရန်ဆွနေကြောင်း ရှန်ရှီနားလည်သွားခဲ့လေသည်။

ကျင်းယွင်ကျောင်းမှာ အကြီးအကဲရှုနှင့် အချိန်ကြာမြင့်စွာနေခဲ့သဖြင့် သူမ၏ဆေးပညာစွမ်းရည်များမှာလည်း သေချာပေါက်နိမ့်ကျမည်မဟုတ်ချေ။ သူမသည် ထိုဝိုင်အကြောင်း အကြိမ်ပေါင်းများစွာ ပြောနေရခြင်းမှာ ထိုဝိုင်ထဲတွင် အဆိပ်ခတ်ထားကြောင်း သိရှိသွား၍ဖြစ်မည်။ ကုန်တိုက်က ကိစ္စကြောင့်သာ မဟုတ်ပေ...

ထိုသို့ဆိုလျှင် အနာဂတ်တွင် သူမသည် ပို၍ပင် သတိကြီးကြီးထားကာ အကွက်ရွှေ့ရပေတော့မည်။ ကျင်းယွင်ကျောင်းတွင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေရှိနေလျှင် သူမသည်လည်း ရှုမိသားစုတွင် ဆက်နေနိုင်တော့မည်မဟုတ်ချေ။

Space and Rebirth 932

ရှန်ရှီ၏ခေါင်းထဲတွင် လှည့်ကွက်များ၊ ပရိယာယ်များဖြင့် ပြည့်နှက်နေ၏။ စက္ကန့်အနည်းငယ်အတွင်းတွင် သူမသည် အကြောင်းအရာပေါင်းများစွာကို တွေးနေလေပြီ။ အချိန်ခဏကြာသောအခါ သူမအကြည့်များသည် အထူးပင် နူးညံ့ကြင်နာဟန်ပေါက်သွား၏။ မသိလျှင် ကျင်းယွင်ကျောင်းအား အမှန်တကယ် မေတ္တာထားသလိုဖြစ်သည်။

“ယောက်ျား၊ ကျွန်မအခုမှစဥ်းစားမိတယ်၊ ယွင်ကျောင်းမွေးနေ့က မကြာခင်ရောက်တော့မှာမှတ်လား? သူ့သူငယ်ချင်းတွေ၊ အတန်းဖော်တွေကို ဖိတ်ပြီး ကျွန်မတို့ မွေးနေ့ပွဲတစ်ခုလုပ်ပေးမယ်ဆိုရင် မကောင်းဘူးလား? ရှင်ဘယ်လိုထင်လဲ?”

ရှန်ရှီမေးလိုက်၏။

ကျင်းယွင်ကျောင်း၏ မွေးနေ့အတိအကျကို မည်သူမှမသိသော်လည်း ကျင်းယွင်ကျောင်း၏ ၁၈ နှစ်ပြည့်မွေးနေ့မတိုင်ခင် တစ်လလောက်အလိုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ဖြစ်၏။

“ရှောင်ကျောင်း၊ မင်းအန်တီရှန်ရဲ့ အကြံကမဆိုးဘူး၊ မင်းရောဘယ်လိုသဘောရလဲ?”

ရှုယွမ်ထက် ခေါင်းငြိမ့်သဘောတူကာ ကျင်းယွင်ကျောင်းကိုမေးလိုက်သည်။

ကျင်းယွင်ကျောင်းသည် အနည်းငယ်သံသယရှိနေ၏။ ရှန်ရှီသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသော်လည်း ထိုပြောင်းလဲမှု၏ အကြောင်းအရင်းကို သူမမသိချေ။

“ကောင်းတယ်၊ ကောင်မလေး မင်းသူငယ်ချင်းတွေ၊ အတန်းဖော်တွေကို ဒီခေါ်ပြီး ပျော်ပွဲရွှင်ပွဲလုပ်လိုက်ပေါ့”

ကျင်းယွင်ကျောင်းစကားမပြောခင်တွင်ပင် အကြီးအကဲရှုမှ ဤကိစ္စအား အပြီးသတ်ဆုံးဖြတ်လိုက်လေပြီ။

ကျင်းယွင်ကျောင်းသည် ခေတ္တမျှတွေးကာ ခေါင်းငြိမ့်လိုက်သည်။ မိမိဆွေမျိုးများနှင့် ပြန်လည်ပေါင်းစည်းရခြင်းမှာ ပျော်ရွှင်စရာဖြစ်ရပ်တစ်ခုဖြစ်သဖြင့် လူတိုင်းကို အသိပေးသင့်ပေသည်။

“ဒါပေမယ့် အဖေ၊ မွေးနေ့ပွဲလုပ်တာနဲ့ လီမိသားစုလည်း သိသွားမယ်ထင်တယ်...”

ရှုယွမ်ထက် သတိပေးလိုက်သည်။

ကျင်းယွင်ကျောင်းကိုယ်ထဲတွင် လီထျန်းယီ၏သွေးရှိမရှိကို မသိသေးသော်လည်း ၈၀-၉၀% ခန့် ဖြစ်နိုင်ချေရှိပေသည်။ လီမိသားစုသည် သူမ၏ဖြစ်တည်မှုကို သိသည်နှင့် တုံ့ပြန်မှုမကောင်းနိုင်ချေ။ အထူးသဖြင့် ကျင်းယွင်ကျောင်းသည် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် ကျင်းမျိုးရိုးနာမည်ကို ပိုင်ဆိုင်သဖြင့် လီမိသားစုအား ပို၍ပင် မကျေမနပ်ဖြစ်စေနိုင်သည်။

“သိတော့ရောဘာဖြစ်လဲ? ဒီမိန်းကလေးက ငါ့မြေးပဲ! သူက လီဝမ်ဘိုရဲ့မြေးဖြစ်နေရင်တောင် သူ့မျိုးရိုးနာမည်တစ်ခုတည်းနဲ့ သူ့ကိုထိန်းချုပ်လို့ရမှာမဟုတ်ဘူး! ဟမ့် အဲ့အဘိုးကြီးက နှစ်တွေအများကြီး သာသာယာယာအိပ်နေနိုင်ခဲ့တာဆိုတော့ အိပ်မက်ဆိုးတွေမက်ဖို့ အချိန်ရောက်ပြီ”

အကြီးအကဲရှုသည် ချက်ချင်းဆိုသလို နှာကိုမှုတ်ကာ ဒေါသရေချိန်မြင့်လာတော့သည်။

“ဒါနဲ့ ရှောင်ကျောင်း၊ မင်းနာမည်ကို မွေးစားမိဘတွေက ပေးခဲ့တာလား?”

ရှုဝမ်ချန်းမေးလိုက်သည်။

“သမီးမွေးစားအမေက ဗေဒင်ဆရာတစ်ယောက်ကိုမေးပြီး မှည့်ခဲ့တဲ့နာမည်လို့ပြောတယ်၊ မျိုးရိုးနာမည်ကိုတော့ သမီးကိုယ်ပေါ်မှာ ပါလာတဲ့ ကျောက်စိမ်းပြားပေါ်က နာမည်အတိုင်း ပေးလိုက်တာ”

ကျင်းယွင်ကျောင်းအမှန်အတိုင်းဖြေလိုက်သည်။

ဤကျောက်စိမ်းပြားသည် အလွန်အိုဟောင်းပြီး အရောင်မှေးမှိန်နေလေသည်။ မည်သို့ပင်ကြည့်စေကာမူ အတုနှင့်တူလေ၏။ ဤအရာကြောင့်ပင် ချောင်မိသားစုသည် ကျောက်စိမ်းပြားအား အာရုံမစိုက်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် ၎င်းအား ရောင်းလိုက်သည်မှာ ကြာပေပြီ။

“အဲ့ကျောက်စိမ်းပြားကဘယ်မှာလဲ? သမီးလည်ပင်းမှာဝတ်ထားတဲ့ဟာလား?”

အကြီးအကဲရှုသည် သူမလည်ပင်းအား လက်ညှိုးညွှန်ကာ မေးလိုက်သည်။ သူသည် ကျင်းယွင်ကျောင်းတစ်ခုခုဝတ်ထားကြောင်း မြင်ဖူးသည်မှာ ကြာပြီဖြစ်သော်လည်း အာရုံမထားခဲ့မိချေ။ ပုံမှန်အားဖြင့် သူမ၏အဝတ်အစားအောက်တွင် ရှိနေသဖြင့် ၎င်းကို သူမမြင်ရသောကြောင့်လည်းဖြစ်သည်။

ကျင်းယွင်ကျောင်းသည် အဝတ်အစားများအောက်မှ ကျောက်စိမ်းပြားအား ထုတ်လိုက်သည်။ အကြီးအကဲရှုသည် ၎င်းကိုမြင်လိုက်သောအခါ ထရယ်တော့၏။

“ဒါက ကံကြမ္မာပဲ! ကောင်မလေး ဒီကျောက်စိမ်းပြားကိုကြည့်စမ်း”

“အဘိုး?”

ကျင်းယွင်ကျောင်းသည် အကြီးအကဲရှုပြောနေသည်ကို နားမလည်ပေ။

“အစတုန်းက ကျောက်စိမ်းပြားနှစ်ခုရှိခဲ့တယ်၊ တစ်ခုက ရှုမိသားစုအတွက် နောက်တစ်ခုက ကျင်းမိသားစုအတွက်ပေါ့၊ သူတို့နှစ်ခုက ဆက်စပ်မှုမရှိပေမယ့် မျိုးဆက်လိုက် လက်ဆင့်ကမ်းလာတဲ့သင်္ကေတစ်ခုပဲ၊ ကိုယ့်မိသားစုရဲ့မျိုးရိုးနာမည်ကို ကျောက်စိမ်းပြားပေါ်မှာ ထွင်းထားတယ်၊ ဒါပေမယ့် ငါတို့ရဲ့ရှုမိသားစုက ကျောက်စိမ်းပြားကို လွန်ခဲ့တဲ့နှစ်ပေါင်းရာချီလောက်တုန်းက အခွဲခံလိုက်ရတယ်၊ ဒီကျောက်စိမ်းပြားအခွဲခံလိုက်ရပြီးတဲ့နောက်မှာ ရှုမိသားစုရဲ့မျိုးဆက်တွေလည်း ကြာကြာမနေလိုက်ရဘူးလို့ ပြောကြတယ်၊ ပြီးတော့ ကလေးတွေလည်း အများကြီးမဖြစ်ထွန်းတော့ဘူး၊ ဒါကြောင့်မို့ ဒီကျောက်စိမ်းပြားက ကျင်းမိသားစုအတွက် အရမ်းအရေးကြီးတယ်”

“ဒီကျောက်စိမ်းပြားက ရှုမိသားစုနဲ့ ကျင်းမိသားစုဝင်တွေကိုပဲ သူ့ပိုင်ရှင်အဖြစ် အသိအမှတ်ပြုတယ်လို့ ရှေးမျိုးဆက်တွေက ပြောခဲ့ဖူးတယ်၊ အပြင်လူတစ်ယောက်လက်ထဲရောက်သွားရင်တောင် ကြာကြာခံမှာမဟုတ်ဘူး၊ ကံဇာတာကြီးတဲ့လူတစ်ယောက်သာ ဒီကျောက်စိမ်းပြားကို ကိုင်ဆောင်ထားရင် သူက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်လိမ့်မယ်လို့လည်း ရှေးဘိုးဘေးတွေက ပြောသွားခဲ့တယ်၊ အဲ့လူက မိသားစုနဲ့ ရှေးအမွေအနှစ်ဆေးပညာကို အသက်ပြန်သွင်းနိုင်လိမ့်မယ်တဲ့၊ ဒါပေမယ့် ဒီဇာတာနဲ့ပတ်သတ်ပြီး နှစ်ပေါင်းများစွာတစ်လျှောက် ဘယ်သူမှနားမလည်နိုင်ခဲ့ဘူး၊ ဒါကြောင့်မို့ ကြားဖူးနားဝစကားအဖြစ်ပဲ သတ်မှတ်ခဲ့ကြတာပေါ့၊ ဒါပေမယ့် အခုတော့...”

အကြီးအကဲရှုသည် ကျင်းယွင်ကျောင်းအား ‌ဝေ့ကြည့်ကာ ပြုံးလိုက်သည်။

All Chapters