← Chapters

အခန်း (၉၃၃-၉၃၆)

Vol. 47 Ch. 933-936

အခန်း (၉၃၃-၉၃၆)

Vol. 47 Ch. 933-936

Space and Rebirth 933

အကြီးအကဲရှု၏စကားများကြောင့် ကျင်းယွင်ကျောင်းလန့်ဖျပ်သွားသည်။ သူမသည် ရုတ်ချည်းဆိုသလို နေရာလွတ်နယ်မြေထဲသို့ ပထမဆုံးစဝင်ခါစ အချိန်ကို မှတ်မိသွားသည်။

သူမကံဇာတာသည် ပြန်လည်မွေးဖွားခြင်းကို ဆိုလိုဟန်ထောက်မည်။ ဤကမ္ဘာပေါ်တွင် သူမလောက် ကံကောင်းနိုင်သူ ရှားလှ၏။

ယခုတွင် အကြီးအကဲရှုသည် ကျေနပ်ပီတိအားရနေသော်လည်း သူ၏စိတ်ထဲတွင် ထုတ်ဖော်မပြောလိုက်သောအရာအချို့ရှိနေသေးသည်။ ကျင်းယွင်ကျောင်းမျိုးရိုးနာမည်တွင် ကောင်းကျိုးများစွာရှိပေသည်။ ကျောထောက်နောက်ခံအနေဖြင့် ရှုမိသားစုရှိနေသောကြောင့် အနာဂတ်တွင် လီမိသားစုမှ သူမအား ပြသာနာလာရှာလျှင်ပင် သူမအနိုင်ရနိုင်ချေမှာ ပိုမြင့်သွားပေသည်။ ကျင်းယွင်ကျောင်းမှ ဘာမှမလုပ်လျှင်ပင် ကျင်းမိသားစု၏သစ္စာခံများ ကျန်နေသေး၏။ ထိုလူများက ကျင်းယွင်ကျောင်းအတွက် စတင်လှုပ်ရှားပေးကြလိမ့်မည်။

အကြီးအကဲရှု စိတ်ရွှင်နေသောကြောင့် ကျင်းယွင်ကျောင်းစိတ်အခြေအနေသည်လည်း ကောင်းနေ၏။ သူမသည် ကျောက်စိမ်းအား အင်္ကျီအောက်ထဲပြန်သိမ်းလိုက်သည်။

ထမင်းစားပြီးနောက် သူမသည် သူမ၏ဦးလေးနှစ်ယောက်နှင့် များစွာပိုရင်းနှီးသွားတော့၏။ သွေးမှာ ရေထက်ပျစ်သည်ဟူသောစကားပုံပင် ရှိသည်မဟုတ်လော။ ကျင်းယွင်ကျောင်းသည် သူတို့နှင့် အလျင်အမြန်ပင် ရင်းနှီးမိတ်ဖွဲ့နိုင်သွားတော့၏။

“ရှောင်ကျောင်း၊ ဒီကိုလာခဲ့ ဦးလေးသင်ပေးမယ်...”

ထမင်းစားပြီးနောက် ရှုဝမ်ချန်းသည် ကျင်းယွင်ကျောင်းအား ပေးထားသော သူ၏ကတိကို မမေ့လျော့ပေ။ သူသည် ခြံဝင်းထဲတွင်ရပ်ကာ သူမကိုလက်ပြခေါ်လိုက်၏။

ကျင်းယွင်ကျောင်း ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူမဦးလေးအငယ်၏ စိတ်လှုပ်ရှားနေသောအသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမသည် အမှန်အတိုင်းမပြောချင်တော့ပေ။ ထို့အပြင် သူမပြောလိုက်လျှင်ပင် ဦးလေးအငယ်သည် သူမအား ယုံမည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းချည်းကပ်လာသည်နှင့် ရှုဝမ်ချန်းသည် ချက်ချင်းဆိုသလို သူမအား ဆွဲခေါ်လိုက်၏။

“ရှောင်ကျောင်း၊ သမီးခန္ဓာကိုယ်က ပိန်တော့ ရန်ပွဲထဲမှာ အားပဲသုံးလို့မရဘူး အဲ့လိုဆိုတိုင်း သူများကို ကုတ်ပဲကုတ်နေလို့လည်း မနိုင်နိုင်ဘူး၊ နှစ်မျိုးလုံးသုံးတတ်အောင် ကျင့်ထားရမယ်...”

ရှုဝမ်ချန်းသည် လေးနက်သောလေသံဖြင့် ဆက်ပြောနေသည်။

“ဥပမာပြောရရင် တစ်ယောက်ယောက်က ကိုယ့်ကို အနောက်ကနေ ပါးစပ်ရော နှာခေါင်းရော လာအုပ်တယ်ပဲထားပါတော့၊ ဟန်ပျက်မသွားနဲ့...”

“သမီးကမိန်းကလေးဆိုတော့ လက်သီးသုံးပြီး ရုန်းထွက်လို့မရဘူးလေ၊ ဦးလေးက အကွက်နည်းနည်းသင်ပေးမယ်၊ ပထမဆုံး တစ်ဖက်လူ၏လက်ဆစ်တွေကို ‌ကွေးပြီးချိုးလိုက်၊ အင်အားအကုန်သုံးရမယ် ညှာစရာမလိုဘူး၊ ဒုတိယက တစ်ဖက်လူရဲ့ခြေထောက်ကိုမြင်နေရရင် သူတို့ခြေသည်းတွေအပေါ်သာ တတ်နင်းချလိုက်၊ တတိယက တစ်ဖက်လူနဲ့ ကိုယ်က ခန္ဓာကိုယ်အရမ်းကွာနေလို့ သူတို့ဆံပင်တွေ၊ လည်ပင်းတွေကို မမီဘူးဆိုရင် တံတောင်နဲ့သာ တွတ်ချ....”

ရှုဝမ်ချန်း၏ရှင်းပြချက်သည် အလွန်ပင်ကျိုးကြောင်းသင့်ဟန်ရနေသည်။ ကျင်းယွင်ကျောင်းနားထောင်လိုက်သောအခါ မရယ်ချင်မိဘဲမနေချေ။

ထိုအရာများအားလုံးမှာ ညစ်တီးကျသောအကွက်များသာဖြစ်သည်။ သူမသာဆိုလျှင် အနောက်မှချောင်းတိုက်ခိုက်ခံရနိုင်ချေ နည်းရုံမက သူမနှာခေါင်းနှင့် ပါးစပ်များကို အုပ်ထားလျှင်ပင် တစ်ဖက်လူ၏လက်မောင်းကိုကိုင်ပြီး မြေပြင်ပေါ်သို့ ကောက်ပေါက်ရန်သာ လိုအပ်ပေသည်။

သို့ရာတွင် သူပြောသောနည်းလမ်းများမှာ သာမန်လူများအပေါ် အတိုင်းအတာတစ်ခုထိ အကျိုးသက်ရောက်မှုရှိကြောင်း ဝန်ခံရပေမည်။ သူမေ့လျော့သွားသောဖြစ်နိုင်ချေတစ်ခုမှာ တစ်ဖက်လူမှ မိမိပါးစပ်များနှင့် နှာခေါင်းများကိုအုပ်နေစဥ် လက်နက်တစ်ခုခုပါလာနိုင်ချေဖြစ်၏။

“ခဏနေကျရင် သမီးအတွက် သက်တော်စောင့်တချို့ပြင်ပေးဖို့ အစ်ကိုကြီးကိုပြောပေးမယ်၊ ဒါပေမယ့် တခြားသူတွေကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုအားကိုးတာ အကောင်းဆုံးပဲ၊ ပထမဆုံး ဦးလေးဆီက အကွက်တချို့သင်ပြီးသွားလို့ ခံနိုင်ရည်ရှိလာပြီဆိုရင် နောက်ပိုင်းကျ သိုင်းပညာကျောင်းတစ်ခုခုကို ဦးလေးကပို့ပေးမယ်...”

ရှုဝမ်ချန်းသည် စကားဆက်ပြောနေပြီး သူ၏အကွက်များအကြောင်းကို ကျင်းယွင်ကျောင်းအား မမေ့မလျော့သတိပေးလိုက်သေးသည်။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပြီလေ တကယ်လက်တွေ့ လေ့ကျင့်ကြတာပေါ့...”

ခေတ္တအကြာတွင် ရှုဝမ်ချန်းမှ ဆော်သြလိုက်ပြန်သည်။

ထိုသို့ပြောပြီးနောက် သူသည် ကျင်းယွင်ကျောင်းအနောက်တွင်ရပ်ကာ သူ၏လက်များအား ကျင်းယွင်ကျောင်း၏နှာခေါင်းနှင့်ပါးစပ်အပေါ်သို့ ဖိအုပ်လိုက်သည်။

ကျင်းယွင်ကျောင်းအနည်းငယ်ရယ်ချင်ပက်ကျိဖြစ်မိသွား၏။

“ဦးလေး၊ သမီးတို့တကယ်လုပ်တော့မှာလား?”

“သေချာတာပေါ့၊ စိတ်မပူနဲ့ ဦးလေးက ယောက်ျားကြီးပဲ၊ သမီးကအခုမှစသင်တာဆိုတော့ သမီးအားလေးနဲ့ ဦးလေးကို ခိုက်မိအောင် မလုပ်နိုင်ဘူး”

ရှုဝမ်ချန်းသည် သဘောထားကြီးသောပုံစံဖြင့် ပြုံးပြလိုက်၏။

သူမ၏ဦးလေးသည် အဘယ်သို့ ကုမ္ပဏီတစ်ခုအား ထောင်နိုင်ခဲ့သည်ကို ကျင်းယွင်ကျောင်းတကယ်မသိချေ။ အပြင်ပန်းတွင် သူသည် စိတ်ဓာတ်ခိုင်မာပြတ်သားပြီး အားမန်ပါသောယောက်ျားတစ်ဦး၏ပုံစံ ပေါက်သော်လည်း လူနောက်ကွယ်တွင် အားကိုးချင်စရာမရှိပါပေ။

“ဟုတ်ပြီလေ ဦးလေးစိတ်ကိုကြိုတင်ပြင်ဆင်ထားနော်”

ကျင်းယွင်ကျောင်းကြင်နာစွာ သတိပေးလိုက်သည်။

ရှုဝမ်ချန်းသည် ထိုသတိပေးချက်ကို နည်းနည်မျှ အာရုံမစိုက်ချေ။

သူသည် သူ၏တူမလေးအား ကိုယ်ခံပညာသင်ပေးနေသော်လည်း လက်တွေ့တွင် သူမနှင့်ပို၍ရင်းနှီးချင်သောကြောင့်သာ အကြောင်းတစ်ခုခုပြနေခြင်းဖြစ်သည်။ ထိုမှသာ ဤမိန်းကလေးသည် သူနှင့်တွေ့လျှင် အေးတိအေးစက်ဖြစ်နေတော့မည်မဟုတ်ချေ။ မိသားစုဝင်အချင်းချင်း အားနာလွန်း၍ ကောင်းနိုင်စရာရှိသလော?

Space and Rebirth 934

ရှုဝမ်ချန်းသည် ဟန်ချက်ကိုထိန်းကာ သူ၏လက်ထဲသို့ အားထည့်လိုက်သည်။

ကျင်းယွင်ကျောင်းသည် ဘေးသို့ဝေ့ကြည့်ကာ သူ၏လက်မောင်းကိုကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူမသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး သူ၏လက်မောင်းကိုဆုပ်ကိုင်လိုက်၏။ ထို့နောက် ၁၈၀ ဒီဂရီလှည့်ကာ ရှုဝမ်ချန်းအား သူမအရှေ့သို့ ကိုင်ပေါက်လိုက်လေသည်။

“ဒုန်း” ဟူသောအသံဖြင့် မြက်ခင်းပြင်ရှိ မြက်ခင်းစိမ်းများသည် ခန္ဓာကိုယ်ဖိအားကြောင့် အနည်းငယ်ညှိုးနွမ်းသွား၏။

ရှုဝမ်ချန်း၏ကျောပြင်သည် မြက်ခင်းပြင်နှင့် ထိစပ်သွားပြီး သူ၏ကျောပြင်တစ်ခုလုံး ထုံကျင်သွားသည်ကို ခံစားလိုက်ရ၏။ သူသည် အံကိုကြိတ်ကာ ခါးကိုထောက်၍ မြေပြင်ပေါ်မှ ကုန်းရုန်းထလိုက်၏။ ထို့နောက် သူပြောလိုက်သည်။

“ရှောင်ကျောင်း၊ သမီးကတကယ်အားသန်တာပဲ ဦးလေးသင်ပေးတာထက်တောင် ပိုအသုံးဝင်သေးတယ်...”

ဘေးနားတွင် ရှိနေသော ရှုရှင်းယွမ်သည် ရှုဝမ်ချန်းအား အထင်သေးဟန်ဖြင့် ကြည့်နေ၏။

မည်သူက မည်သူ့ကို သိုင်းပညာသင်ပေးနေသနည်း? ဤဒုတိယသခင်လေးသည် မလျောက်ပတ်သောလုပ်ရပ်များကို လုပ်နေလေသည်။ သူသည် ယခင်ကတည်းက ဤအတိုင်းဖြစ်သည်။ အပြင်ပန်းတွင် တည်ငြိမ်ရင့်ကျက်သည့်ပုံပေါက်သော်လည်း အိမ်ပြန်ရောက်သည်နှင့် ပေါက်ကရလျှောက်လုပ်တတ်စမြဲဖြစ်သည်။

“ဦးလေး နာသွားလား?”

ကျင်းယွင်ကျောင်းသည် မျက်လုံးရွဲကြီးများဖြင့် ‌မေးလိုက်သည်။ သူမသည် မပြုံးမိဘဲ မနေနိုင်ချေ။ ညီညာစီတန်းနေသော သူမ၏သွားဖြူများကို လှစ်ဟပြမိနေသည်။

“မနာပါဘူးကွယ် မနာပါဘူး၊ နောက်တစ်ခေါက်လုပ်ရအောင် ဒီအကွက်က ပိုကောင်းတယ်၊ ထပ်လေ့ကျင့်ကြတာပေါ့...”

ရှုဝမ်ချန်းသည် သူ၏အင်္ကျီများကိုဖုန်ခါလိုက်သည်။ သူသည် အသက် ၃၀ ရှိပြီဖြစ်သော်လည်း ကလေးကြီးတစ်ယောက်နှင့်တူနေသေး၏။

“ဦးလေး မလုပ်ပါနဲ့တော့၊ တကယ်တော့ သမီးက သိုင်းတတ်ပါတယ် ဦးလေးသင်ပေးစရာမလိုပါဘူး”

ကျင်းယွင်ကျောင်းအမှန်အတိုင်းသာ ပြောလိုက်တော့သည်။

ရှုဝမ်ချန်းသည် အဘယ်သို့သူမအား ယုံကြည်နိုင်မည်နည်း? သူ၏တူမလေးသည် အသက် ၁၈ နှစ်သာရှိသေးသည်။ ၁၈ နှစ်တည်းဖြင့် ကုမ္ပဏီတစ်ခုအား ဦးစီးနိုင်သည်ကပင် အံ့သြဖွယ်ရာကောင်းနေလေပြီ။ ထို့အပြင် သူမသည် အကြီးအကဲရှုဆီမှလည်း ဆေးပညာသင်ယူနေသေး၏။ ၎င်းတို့အပေါ်ဆင့်၍ သိုင်းပညာပါတတ်မြောက်နေလျှင် သူမသည် မကောင်းဆိုးဝါးတစ်ဦးနှင့် တူနေတော့မည်မဟုတ်လော?

သူမသည် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်နေလျှင်ပင် ဤသည်မှာ မူမမှန်ပါချေ! ထို့အပြင် ထိုနယ်မြို့လေးတွင် သူမသည် မည်သူ့ဆီမှ သိုင်းပညာသင်ခဲ့သနည်း? အကြီးအကဲရှုတွင်လည်း သူမအား သိုင်းသင်ကြားပေးနိုင်သောအရည်အချင်းမရှိချေ။

“သိုင်းတတ်တာလား? ဟုတ်ပြီလေ ဦးလေးနဲ့ လေ့ကျင့်ကြည့်ကြတာပေါ့”

ရှုဝမ်ချန်းသည် သူမအား လိုက်လျောပေးသည့်အနေဖြင့် ပြောလိုက်သည်။

ကျင်းယွင်ကျောင်းခေါင်းခါလိုက်၏။

“မလုပ်ပါနဲ့ ဦးလေးကို တကယ်ခိုက်မိနိုင်တယ်”

သူမသင်ယူခဲ့သောကျင့်စဥ်များအားလုံးမှာ လူများအား အလဲထိုးနိုင်သော ကြမ်းကြုတ်သည့်အကွက်များသာဖြစ်၏။ ၎င်းတို့မှာ ရှေးဟောင်းသိုင်းပညာများဖြစ်ပြီး ယနေ့ခေတ်ရှိ အကွန့်အတွန့်များသောအကွက်များကဲ့သို့မဟုတ်ပေ။

“ဦးလေးကို အထင်သေးလွန်းနေပြီပဲ”

ရှုဝမ်ချန်း ရယ်လိုက်၏။ သူသည် အပေါ်ရုံအင်္ကျီအားချွတ်ကာ ဘေးသို့လွှင့်ပစ်လိုက်သည်။ ထို့နောက် သူသည် လက်ကိုဖြန့်ကာ နေရာယူအသင့်ပြင်လိုက်၏။ သူ၏ပုံစံမှာ အလွန်ခန့်ညားနေလေသည်။

ရှုဝမ်ချန်းသည် သိုင်းပညာအနည်းငယ်တတ်သော်လည်း အလွန်ကျွမ်းကျင်သောအဆင့်မဟုတ်ပေ။ ကံကောင်းစွာဖြင့် သူ့တွင်ရုပ်ရည်နည်းနည်းပါးပါးရှိပြီး သူ၏အရှိန်အဝါမှာလည်း မသေးလှချေ။ သူရုပ်တည်လိုက်သောအခါတွင် လူသတ်ချင်နေဟန် အနည်းငယ်ပေါက်ပေသည်။

“ဝမ်ချန်း၊ မင်း ရှောင်ကျောင်းကိုတောင် မနိုင်ရင်...မနက်ဖြန်ကျရင် အိမ်ထောင်ဖက်တွေ့ရမယ်၊ နိုင်ရင်တော့ မင်းအနာဂတ်ကို ငါဝင်မစွက်ဖက်တော့ဘူး ဘယ်လိုသဘောရလဲ?”

ရှုယွမ်ထက်သည် နံဘေးတွင်ရပ်ကာ မဆိုင်းမတွပြောလိုက်၏။

သူသည် ကျင်းယွင်ကျောင်း၏စွမ်းရည်ကို မသိသော်ငြား ရှုရှင်းယွမ်၏အကြည့်များကို သတိထားမိပေသည်။

သူသည် သူ၏ညီငယ်ထက် နှစ်ပေါင်းများစွာ လောကကြီးထဲတွင် နေလာသောကြောင့် ရှုရှင်းယွမ်၏မျက်နှာရိပ်မျက်နှာကဲကို သေချာပေါက်နားလည်၏။

“ရှောင်ကျောင်း၊ ကြားလား?”

ရှုဝမ်ချန်းမှာမူ နည်းနည်းမှသတိမထားမိချေ။

ကျင်းယွင်ကျောင်းပြုံးလိုက်၏။

“ဦးလေးက အသက်လည်းကြီးပြီဆိုတော့ မိန်းကလေးတစ်ယောက်ယောက်ရှာဖို့ အချိန်ကျပြီလေ အဲ့တော့...ရှုံးသွားရင်လည်း ဝမ်းမနည်းနဲ့နော် သမီးက ဦးလေးအတွက် လုပ်တယ်လို့ပဲ သဘောထားလိုက်”

သူ၏ဦးလေးအငယ်မှာ ချေးများပြီး အမျိုးသမီးများကို သဘောမတွေ့ချေ။ ဤသည်မှာ ပြောင်းလဲရန်အချိန်တန်လေပြီ။ မဟုတ်လျှင် ဤမိန်းမမုန်းတီးရေးဝါဒီသမားမှာ တစ်ဘဝစာလုံး လူပျိုကြီးဘဝဖြင့် အရိုးထုတ်ရတော့မည်မဟုတ်လော?

ရှုဝမ်ချန်းမှာ စိတ်ထဲတွင် ပို၍ပင်ပျော်ရွှင်ကြည်နူးသွားသည်။ ကျင်းယွင်ကျောင်း၏ယုံကြည်ချက်ပြည့်နေသော အကြည့်များကို မြင်လိုက်ရသောအခါ သူကသာ ဦးအောင် ရှေ့တိုးလိုက်သည်။ သို့ရာတွင် သူသည် သိပ်မလှုပ်ရှားရဲဘဲ အင်အားကိုလျှော့ထားခဲ့၏...

“ဝုန်း”

သို့ရာတွင် တစ်စက္ကန့်ပင်မကြာလိုက်ခင်၌ သူ၏တစ်ကိုယ်လုံးသည် မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။

ရှုဝမ်ချန်း ဆွံ့အသွားသည်။

“ခဏလေး ခုနကသမီးကိုညှာလိုက်မိတာ၊ နောက်တစ်ခေါက် ထပ်လုပ်ကြမယ်”

ဤတစ်ခေါက်တွင် သူသည် အင်အား၏ ၈၀% ကိုအသုံးပြုခဲ့၏။ သူသည် ခြေထောက်ကိုမြှောက်ကာ မြေပြင်ပေါ်တွင် ဝှေ့ကန်လိုက်သည်။ သို့ရာတွင် ယခင်ကအတိုင်းပင် ကျင်းယွင်ကျောင်းတိုက်ခိုက်သည်ကို မြင်ပင်မမြင်လိုက်ရချေ။ သူသည် ချက်ချင်းဆိုသလို ရွှံ့တစ်ဆုပ်စာကိုစားလိုက်ရပြီး အီစလံဝေသွားသည်။

ရှုဝမ်ချန်းသည် သန့်ရှင်းမှုကို အလွန်နှစ်သက်သောသူဖြစ်သည်။ ဤတစ်ခေါက်တွင် သူ၏တစ်ကိုယ်လုံးရှိ ဒွာရပေါက်များအားလုံးမှာ ပေါက်ကွဲလုမတတ်ခံစားလိုက်ရသည်။ သူသည် မြေပြင်ပေါ်မှ ကုန်းရုန်းထကာ သံသယအကြည့်ဖြင့် ကျင်းယွင်ကျောင်းကိုကြည့်လိုက်သည်။ သူသည် ခေတ္တမျှတွေဝေသွားပြီးနောက် ဆက်ပြောလိုက်သည်။

“နောက်တစ်ခေါက်...”

“ဒါပေမယ့်...ရှောင်ကျောင်း၊ ဖြည်းဖြည်းလုပ်ပါလား”

ရှုဝမ်ချန်းမျက်လုံးများသည် လေးနက်နေပြီး သူသည် အလွန်ပင်မလုံမလဲဖြစ်နေတော့၏။

Space and Rebirth 935

ရှုဝမ်ချန်း၏ သူရဲဘောကြောင်သောအသွင်အပြင်ကို ရှုယွမ်ထက်မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလို ဝါးလုံးကွဲထရယ်တော့သည်။ သူသည် ရှုဝမ်ချန်းအား လက်ညှိုးထိုးကာ နှစ်ထောင်းအားရဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

“ရှောင်ကျောင်း၊ မင်းဦးလေးအငယ်က ဒေါင်ဒေါင်မြည်ကျန်းမာတာမို့ ညှာနေစရာမလိုဘူး၊ သူသင်ခန်းစာရသွားအောင် တစ်ချက်နှစ်ချက်လောက် ထပ်ဆော်ပေးလိုက်၊ အဲဒါမှ နောက်ကျ မင်းကိုအထင်မသေးရဲ‌တော့မှာ!”

သူ၏ညီလေးအား သရော်နေရသောကြောင့် ရှုယွမ်ထက်သည် အလွန်ပင်ပျော်ရွှင်မြူးတူးနေ၏။

ညီလေးဟုခေါ်သည်ထက် ဤကလေးသည် သူ၏သားနှင့်ပိုတူပေသည်။ သူသည် ငယ်စဥ်က လိမ္မာရေးခြားရှိပြီး ရှုယွမ်ထက်နှင့် ရှုရှန်းလန်အနောက်သို့ တကောက်ကောက်လိုက်လေ့ရှိသည်။ သို့ရာတွင် ရှန်းလန်ပျောက်ဆုံးသွားကတည်းက သူ၏ပုံစံသည်လည်း လုံးဝပြောင်းလဲသွားခဲ့ပေသည်။

အိမ်ပြန်ရောက်တိုင်းတွင် သူသည် အနည်းငယ်နမော်နမဲ့နိုင်တတ်၏။ အရာအားလုံးကို ချေးများကာ မကျေနပ်နိုင်ဖြစ်ပြီး ဉာဏ်နီဉာဏ်နက်များတတ်လာခဲ့သည်။ သို့ရာတွင် ယနေ့မှသာ ရှုဝမ်ချန်းအစစ်ပြန်ရောက်လာသလို သူခံစားရပေသည်။

သူ၏ညီလေးသည် ရှန်းလန်နှင့်ပတ်သတ်လာလျှင် နောင်တရစရာပိုများ၏။

အစက သူသည် ရှန်းလန်နှင့် လီထျန်းယီအား ပေးမလွှတ်ချေ။ သို့ရာတွင် ဝမ်ချန်းမှာ လီထျန်းယီကို အလွန်ခင်မင်ပြီး သူ့ဘက်မှ အသနားခံပေးခဲ့လေသည်။ အဖေရှေ့တွင်ပင် ရှန်းလန်တို့အကြောင်း မသိချင်ဟန်ဆောင်ပေးခဲ့၏။ ထိုအချိန်က သူ၏ညီလေးသည် စိတ်ထဲ၌ အနည်းငယ်မာန်ကြွနေခဲ့ပြီး သူတို့၏ညီမလေးဖြစ်သူအား ပျော်ရွှင်မှုရစေရန် ကူညီပေးနေသည်ဟု မိမိကိုယ်ကိုခံစားမိနေခဲ့သည်။ ရှန်းလန်ကို နောက်တစ်ကြိမ်မတွေ့ရတော့ဘဲ အဖေမှ သူတို့ညီအစ်ကိုနှစ်ဦးအား အပြစ်တင်မှသာ သူ၏ညီလေးသည်လည်း အမှားလုပ်မိကြောင်း သိခဲ့လေသည်။

ကျင်းယွင်ကျောင်းမှာ သူ၏ညီလေးအတွက် ကယ်တင်ရှင်တစ်ဦး ပေါ်လာသလိုပင်ဖြစ်၏။ ကျင်းယွင်ကျောင်းသာမရှိခဲ့လျှင် ဤအချိန်၌ ရှုဝမ်ချန်း၏အပြုံးကို သူမြင်ရမည်မဟုတ်ကြောင်း သိနေသည်။

ထိုအချိန်တွင် ရှုဝမ်ချန်းမှာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ဖြစ်နေ၏။ သူသည် စဥ်းစားမှုမရှိဘဲ ရှေ့သို့ မဆင်မခြင်တိုးနေဆဲဖြစ်သည်။ ကျင်းယွင်ကျောင်းသည်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် သူ့အား မြေပြင်ပေါ်သို့ အေးအေးလူလူဖြင့် ကိုင်ပေါက်နေသည်။ သူသည် အံ့အားသင့်တုန်လှုပ်မှုများ၊ ဂုဏ်ယူဟန်များ ရောပြွန်းနေသောအကြည့်ဖြင့် ကျင်းယွင်ကျောင်းအား ကြည့်လိုက်၏။

“ဘယ်သူ့ဆီက သိုင်းသင်ခဲ့တာလဲ?”

ရှုဝမ်ချန်းသည် သနားစရာကောင်းလောက်အောင် အခါခါလဲကျနေသော်လည်း မရှက်ပါပေ။

“အဘိုးကိုမတွေ့ခင်တုန်းက သမီးကို ဆေးပညာ၊ သိုင်းပညာနဲ့ ဆေးစပ်နည်းတွေသင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရှိခဲ့တယ်၊ ဒါပေမယ့် အဲ့ဆရာက အခုတော့ ဒီမှာမရှိတော့ဘူး”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

နေရာလွတ်နယ်မြေ၏ဖြစ်တည်မှုကို မည်သူကိုမှ ပြောပြမည်မဟုတ်ကြောင်း သူမသည် နေရာလွတ်နယ်မြေထဲရှိ ဘိုးဘေးကြီးအား ကတိပေးခဲ့၏။ မည်သူပင်ဖြစ်စေကာမူ သူမကတိအား တည်ပေမည်။

ထို့အပြင် နေရာလွတ်နယ်မြေထဲသို့ ကျင်းမျိုးရိုး၏သွေးများ စီးဆင်းနေသူသာ ဝင်နိုင်ကြောင်း ဘိုးဘေးမှပြောခဲ့ဖူး၏။ ထို့ကြောင့် သူသည် လီထျန်းယီ၏သမီးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဤကျောက်စိမ်းပြားမှာ မိသားစုအမွေအနှစ်ဖြစ်သဖြင့် အနာဂတ်တွင်လည်း မိသားစုထဲတွင် ဆက်လက်တည်ရှိစေရမည်။ ဤအရာအား နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပေမည်။ သူမ၏ ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ကံဇာတာဖြင့်ဆိုလျှင် ကျင်းမျိုးဆက်တစ်ဦးကိုပင် တွေ့နိုင်လာ၏။

ရှုဝမ်ချန်းသည် အနည်းငယ်အံ့အားသင့်သွားသည်။

“ဒီလို ထူးချွန်တဲ့ပညာရှင်ကိုတွေ့ရတာ သမီးကံကောင်းတာပဲ”

ဤသည်မှာ တီဗီဇာတ်လမ်းတစ်ခုကဲ့သို့ဖြစ်၏။

သူမ၏ကံဇာတာမှာလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ခဲ့သော်လည်း အရေးအကြီးဆုံးအရာမှာ သူမ၏စာရိတ္တတရားဖြစ်သည်။ ရှုယုသာဆိုပါက သိကြားမင်းဆင်းသင်လျှင်ပင် ပါရမီရှင်တစ်ဦးမဖြစ်နိုင်ပါချေ။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းမှာ သူမဦးလေးဆီမှ သိုင်းပညာသင်ယူနေရာမှ သူမဦးလေး၏ ဆရာပေါက်စလေးဖြစ်သွားခဲ့ချေပြီ။ ထို့ကြောင့် သူမဦးလေးအား အချိန်အတော်ကြာ သိမှတ်သင့်သောအရာအချို့ကို သင်ပေးလိုက်သည်။

ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ကျင်းယွင်ကျောင်းသည် အိမ်ထဲတွင်အိပ်ရန် ဆုံးဖြတ်လိုက်သည်။ ဤအခြေအနေကြောင့် သူမသည် အိပ်မက်မက်နေသလို ခံစားရပေသည်။ သို့သော် သူမသည် ရှန်ရှီကိုမြင်လိုက်တိုင်း ထိုအိပ်မက်လှလှမှ နိုးလာသလို ခံစားရ၏။

ရှန်ရှီသည် ဦးနှောက်ပျက်သွားသည်လော သူမမသိသော်ငြား ရှန်ရှီသည် ရုတ်ချည်းဆိုသလို ပြောရဆိုရလွယ်ကူသွားခဲ့သည်။ သူမအတွက် ပို၍ပင် ဂရုစိုက်တတ်လာ၏။ အထူးသဖြင့် မိသားစုဝင်များရှေ့တွင်ဖြစ်သည်။

ထိုအချိန်က အဆိပ်ခတ်မှုအတွက် သက်သေပြစရာမရှိခဲ့ချေ။ ထို့ကြောင့်လည်း ကျင်းယွင်ကျောင်းသည် ထိုကိစ္စအား မထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့ နေ့လယ်ခင်းတွင် အကြီးအကဲရှုသည် တစ်ရေးတစ်မောအိပ်နေပြီး ရှုယွမ်ထက်မှာ အလုပ်ကိစ္စဖြင့်ထွက်သွား၏။ ရှုဝမ်ချန်းမှာ အရှုံးကိုလက်မခံဘဲ အိမ်ထောင်ဖက်တွေ့ရန် ငြင်းဆန်နေလေသည်။ မထင်မှတ်ထားစွာဖြင့် ရှန်ရှီသည် ပင်မဆောင်သို့ ရောက်ရှိလာ၏။

“ယွင်ကျောင်း၊ အန်တီဖျော်ထားတဲ့ လက်ဖက်ရည်ကို လာသောက်ကြည့်ပါဦး၊ ပြီးတော့ ဒီမုန့်တွေအားလုံးကိုလည်း အန်တီလုပ်ထားတာ”

ရှန်ရှီသည် စားစရာများတင်ထားသော ဗန်းတစ်ဗန်းကိုကိုင်ပြီး ယဥ်ကျေးစွာပြောလိုက်၏။

အတိတ်ကကိစ္စများကြောင့်သာမဟုတ်ခဲ့လျှင် ရှန်ရှီသည် သူမအပေါ်ကောင်းလှသည်ဟု ကျင်းယွင်ကျောင်းယုံကြည်မိပေမည်။

Space and Rebirth 936

ရှန်ရှီသည် ပစ္စည်းများကိုချပြီး သူမကိုယ်တိုင် ကျင်းယွင်ကျောင်းထံသို့ လက်ဖက်ရည်ခွက်ကို ယူလာပေးလိုက်သည်။ လက်ဖက်ရည်အနံ့မှာ သင်းပျံ့နေပြီး ၎င်းနှင့်ပတ်သတ်၍ မူမမှန်သောအရာမရှိပေ။ အချိုပွဲများမှာလည်း ထိုနည်း၎င်းသာဖြစ်သည်။ အရာအားလုံးသည် ပုံမှန်အတိုင်းသာဖြစ်၏။

ဤသည်မှာ ရှုမိသားစုအိမ်ဖြစ်သောကြောင့် အဆိပ်အား ထပ်မံအသုံးပြုလောက်သည်ထိ ရှန်ရှီသည် တုံးအမည်မဟုတ်ချေ။

“အန်တီရှန်က သမီးအတွက် အရမ်းတွေးပေးတတ်တာပဲ၊ သမီးကိုတစ်ခုခုမေးစရာရှိလို့လာတယ်ထင်နေတာ”

ကျင်းယွင်ကျောင်းမျက်နှာထားမှာလည်း ပုံမှန်သာဖြစ်နေသည်။

“ကလေးပဲရှိသေးတာကို အန်တီက ဘာမေးစရာရှိမှာလဲကွယ်?”

ရှန်ရှီရယ်လိုက်သည်။

“ဒါပေမယ့် သမီးသဘောထားကို မေးချင်တာတစ်ခုတော့ရှိတယ်၊ သမီးမွေးနေ့ပွဲအတွက် ဟိုတယ်မှာလုပ်ချင်လား ဒါမှမဟုတ် အန်တီတို့အိမ်မှာပဲ လုပ်ချင်လား? အန်တီတို့အိမ်က လူအများကြီးဆန့်ပါတယ် ပြီးတော့ ဟိုတယ်ထက်လည်း ပိုခမ်းနားတယ်၊ ရှုခင်းကလည်းလှတော့ ဒီမှာဆို ပိုအဆင်ပြေမယ်ထင်တာပဲ...နည်းနည်းတော့ ကရိကထများမယ်ဆိုပေမယ့် အဓိပ္ပာယ်ပိုရှိတာပေါ့ သမီးရောဘယ်လိုထင်လဲ?”

“ဟုတ်ပြီလေ”

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။

“ကောင်းတာပေါ့ ပြီးတော့ ဒါက ကိတ်အမျိုးအစားတွေယူလာတာ၊ သမီးကြိုက်တာရှိမလားလို့မြည်းကြည့်ပါလား၊ အာ ဟုတ်သားပဲ အင်္ကျီတွေလည်းလုပ်ရဦးမယ်၊ သမီးဝတ်မယ့် ဝတ်စုံကို ပြင်ဆင်ရမယ့်အချိန် ရောက်လာတော့မှာလေ၊ ယွင်ကျောင်းက အရမ်းကြည့်လို့ကောင်းတော့ တခြားသူဌေးမိသားစုတွေရဲ့ သမီးတွေထက်အများကြီး ပိုလှနေမှာ၊ စတိုင်အမျိုးမျိုးလည်း ဝတ်လို့ရတယ်...”

ရှန်ရှီသည် မမေ့မလျော့ဖြင့် သူမအား ချီးကျူးလိုက်သေး၏။

ဤသူတော်ကြောင်ရုပ်မှာ မကောင်းဆိုးဝါးဝင်ပူးထားခံရသကဲ့သို့ပင်။ ရှင်းမပြတတ်စွာဖြင့် ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာ‌တော့သည်။

သို့ရာတွင် ရှန်ရှီ၏ သရုပ်ဆောင်စွမ်းရည်မှာ ရုပ်ရှင်မင်းသမီးဖြစ်သော သူမ၏ညီမဖြစ်သူထက်ပင် ပြောင်မြောက်သေးသည်ဟု ပြောရမည်။ သူမ၏မျက်ဝန်းများတွင်ပင် မေတ္တာရိပ်များသန်းနေ၏။ ဖော်ရွေသောသူမ၏မျက်နှာနှင့် တွဲဖက်လိုက်သောအခါ သူမ၏အမူအရာသည် ပိရိနေတော့သည်။

“အန်တီရှန်ကို သမီးတစ်ခုပြောပြရမလား?”

ကျင်းယွင်ကျောင်းသည် သူမလက်ထဲရှိအရာများကိုချကာ အေးစက်စွာဖြင့် ပြောလိုက်သည်။

“အင်း ယွင်ကျောင်း အန်တီနားထောင်နေတယ်”

ရှန်ရှီသည် အပြုံးဝေဆာနေဆဲဖြစ်သည်။

“သမီးမြို့ထဲပထမဆုံးရောက်တုန်းက ကားစီးနေတုန်း ဒရိုင်ဘာက အန္တရာယ်များတဲ့ဆေးတစ်လုံးကို ထိုးမိပြီး ကားမှောက်တော့မလိုဖြစ်ခဲ့ဖူးတယ်၊ ကံကောင်းလို့ သမီးအချိန်မီတုံ့ပြန်ပြီး အခြေအနေကိုထိန်းနိုင်ခဲ့တာ၊ မဟုတ်ရင် နောက်ဆက်တွဲဖြစ်မယ့်အရာတွေက မတွေးရဲစရာပဲ ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ အန်တီထင်လား?”

ကျင်းယွင်ကျောင်းသည် အေးစက်သောအပြုံးတစ်ခုကို လှစ်ဟပြလိုက်၏။

သူမသည် ယခင်ကအဖြေမရှာနိုင်ခဲ့ပေ။ သူမသည် အန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း အကြောင်းပြချက်တစ်ခုခုရှိ၍သာ ပေါ်လာသောအရာများဖြစ်ခဲ့၏။

ထိုအချိန်က သူမသည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသော်ငြား မည်သည့်နေရာကလာသော အန္တရာယ်မှန်းမသိခဲ့ပေ။ သို့သော် ရှန်ရှီပေါ်လာသောအခါ သူမသည် အာရုံရသွားတော့သည်။

“ယွင်ကျောင်း၊ သမီးအဲ့လိုအရာမျိုးကို ကြုံခဲ့ရတာလား?”

ရှန်ရှီသည် အံ့အားသင့်ကာ စိတ်ပူဟန်ပေါက်သွားသည်။

“အဲ့အချိန်တုန်းက ကြောက်နေခဲ့မှာပေါ့ ဦးလေးပြန်လာရင် အဲ့ဘတ်စ်ကားဒရိုင်ဘာကို သတိပေးဖို့ပြောရမယ်...”

“ဘတ်စ်ကားမှန်း အန်တီရှန်ဘယ်လိုသိလဲ?”

ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို မျက်လုံးများကိုမှေးလိုက်၏။

“ဆေးထိုးခံလိုက်ရတယ်လို့ပြောလိုက်တယ်မှတ်လား? ဘတ်စ်ကားပေါ်မှာဆို လူတွေအများကြီးရှိတော့ အဲ့မှာပဲဖြစ်နိုင်တယ်လေ...”

ရှန်ရှီသည် သဘာဝကျကျဖြင့် ရှင်းပြလိုက်သည်။

“ဒါပေမယ့် အဲ့ဆေးက ချက်ချင်းအာနိသင်ပြလာတယ်လို့ သမီးမပြောခဲ့ပါဘူး၊ ပြီးတော့ ဒရိုင်ဘာက အန္တရာယ်များတဲ့ဆေးတစ်လုံးထိုးလိုက်တယ်လို့ပဲပြောလိုက်တာ၊ တခြားတစ်ယောက်ယောက်ရဲ့ လက်ချက်လို့ မပြောခဲ့ပါဘူး၊ အန်တီရှန်က ဘယ်လိုဖြစ်လို့ ဒီလောက်အတိအကျခန့်မှန်းနိုင်တာလဲ?”

ကျင်းယွင်ကျောင်းသည် အပြုံးရေးရေးဖြင့် ပြောလိုက်၏။

ရှန်ရှီသက်ပြင်းချလိုက်သည်။

“ယွင်ကျောင်း၊ သမီးက အန်တီရှန်ကို မကောင်းတဲ့လူလို့ထင်နေတာလား?”

“သမီးနှစ်တွေအများကြီး ဒုက္ခခံခဲ့ရတယ်ဆိုတာ အန်တီသိပါတယ်၊ ဒီကိစ္စကြောင့်နဲ့ အန်တီက သမီးကိုအထင်သေးပြီး ခပ်ဆိုးဆိုးကောင်မလေးလို့ ထင်မှာမဟုတ်ပါဘူး၊ အန်တီမှာ သားသမီးဆိုလို့ သမီးဝမ်းကွဲအစ်ကိုရှုယုတစ်ယောက်ပဲရှိတယ် သမီးအရင်းမရှိခဲ့ပေမယ့် အခုသမီးရောက်လာတော့ သမီးကိုပဲ အန်တီ့ကလေးတစ်ယောက်လို့ ဆက်ဆံဖို့ စိတ်ကူးထားတယ်၊ ပြီးတော့ အရင်တုန်းက သမီးအမေနဲ့ အန်တီက ညီအစ်မတွေလို ခင်ခဲ့ကြတာလေ၊ သမီးအမေအတွက်ပဲဖြစ်ဖြစ် သမီးကိုအန်တီကောင်းကောင်းဆက်ဆံမှာပါ...”

ရှန်ရှီသည် စိတ်ရင်းမှန်ဟန်ဖြင့် ပြောလိုက်သည်။ သူမသာ ယခင်က ဤအမျိုးသမီးအား သံသယဝင်စရာမရှိခဲ့လျှင် ဤစကားကိုကြားပြီး ကြည်နူးသွားခဲ့ပေမည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်သည်နှင့် ထိုစိတ်အားပြောင်းလဲနိုင်ရန် အလွန်ခက်ခဲပေသည်။

“အန်တီရှန်၊ အန်တီရှန်သာ အနုပညာအသိုင်းအဝိုင်းထဲမှာ အန်တီတုန်းနေရာကို အစားထိုးနိုင်ရင် အခုလောက်ဆို ဆုတွေအများကြီးရနေလောက်ပြီ”

ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

ထိုအပြုံး၏နောက်ကွယ်တွင် လူများအားကျောချမ်းသွားစေနိုင်သော အေးစက်မှုတစ်ခုရှိလေသည်။

All Chapters