← Chapters

အခန်း (၉၃၇-၉၄၀)

Vol. 47 Ch. 937-940

အခန်း (၉၃၇-၉၄၀)

Vol. 47 Ch. 937-940

Space and Rebirth 937

ကျင်းယွင်ကျောင်းစကားများမှာ ရွဲ့ပြောနေကြောင်း သိသာသော်လည်း ရှန်ရှီသည် သတိမပြုမိဟန်ဆောင်လိုက်၏။ သူမသည် ကြင်နာသောအပြုံးတစ်ပွင့်ကို ပန်ဆင်ထားဆဲဖြစ်သည်။

“တကယ်လား? ဒါပေမယ့် အန်တီက သမီးအန်တီတုန်းလောက်တော့ ကံမကောင်းဘူးကွယ်၊ အရင်တုန်းက အန်တီကို မျက်စိကျသွားတဲ့ နာမည်ကြီးဒါရိုက်တာတွေ မရှိခဲ့ဘူးလေ၊ ပြီးတော့ အနုပညာလောကဆိုတာ ရှုပ်ထွေးလွန်းပါတယ်ကွယ် အန်တီ့လိုလူတွေအတွက် မသင့်တော်ပါဘူး”

ရှန်ရှီပြုံးလိုက်၏။

ကျင်းယွင်ကျောင်းသည်လည်း ပြန်ပြုံးပြလိုက်ကာ ထေ့ငေါ့ဟန်ဖြင့် ရှန်ရှီအားကြည့်လိုက်သည်။

ရှန်ရှီသည်လည်း မျက်လွှာမချပေ။ သူမမျက်လုံးများမှာ တည်ငြိမ်နေပြီး အားနည်းချက်တစ်စက်မျှ ရှာမတွေ့နိုင်ချေ။

တကယ်တမ်းပြောရလျှင် ရှန်ရှီကဲ့သို့လူမျိုးအား လျင်မြန်စွာကိုင်တွယ်နိုင်သော နည်းလမ်းများရှိပေသည်။ အဘိုးရှုနှင့် သူမဦးလေးနှစ်ယောက်သည် သူမအား အလွန်မျက်နှာသာပေးသောကြောင့် သူမသည် ရှန်ရှီအား အတင်းကာရောစွပ်စွဲနိုင်ပေသည်။ ထိုအချိန်တွင် ရှန်ရှီမတရားစွပ်စွဲခံရလျှင်ပင် သူမဦးလေးနှစ်ဦးသည် ရှန်ရှီအား မိသားစုထဲမှ နှင်ထုတ်ရန် ရွေးချယ်ကြလိမ့်မည်။ ရှန်ရှီနှင့် သူမဦးလေးအကြီးကြားမှ ဆက်ဆံရေးမှာ သတင်းများတွင်ကြားရသလောက် မနက်ရှိုင်းသောကြောင့်ဖြစ်သည်။

သို့ရာတွင် ဤနည်းလမ်းကို သူမသဘောမတွေ့ပါပေ။

သူမလိုချင်သောအရာမှာ လက်ဆုပ်လက်ကိုင်ပြစရာသက်သေဖြစ်၏။ မိသားစုဝင်များ၏ သူမအပေါ်ထားရှိသောခံစားချက်များကို လိုသလို အခွင့်ကောင်းယူရန် မဟုတ်ချေ။

အနာဂတ်တွင် အချိန်များစွာကျန်သေး၏။ စိတ်ပူပန်သောကရောက်နေရမည့်သူမှာ သူမမဟုတ်ပါပေ။ ရှန်ရှီသာဖြစ်၏။ များမကြာမီတွင် ရှန်ရှီသည် အမောက်‌ထောင်လာပေလိမ့်မည်။

ကျင်းယွင်ကျောင်းသည် ကျောင်းပိတ်ရက်အား ရှုမိသားစုအိမ်တွင်သာ အေးအေးချမ်းချမ်းဖြတ်သန်းခဲ့၏။ အပြင်ပန်းမှကြည့်လျှင် ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်။

မကြာမီတွင် ဆောင်းရာသီကျောင်းပိတ်ရက် ရောက်လာပေတော့မည်။ ကျင်းယွင်ကျောင်းသည် စာမေးပွဲများစွာဖြင့် စတင်အလုပ်ရှုပ်လာတော့၏။ သို့ရာတွင် သူမသည် ဘက်ပေါင်းစုံမှထူးချွန်သောသူဖြစ်သဖြင့် စာမေးပွဲကျမည်ကို စိတ်ပူစရာမလိုပေ။ ဘာသာရပ်တိုင်းတွင် အမှတ်ကောင်းများရရှိသောကြောင့် အခြားကျောင်းသားများက သူမအား လေးစားနေကြ၏။ အစက သူမအား မနာလိုသူများရှိခဲ့သော်လည်း သူမနှင့် နှစ်တစ်ဝက်မျှ ပေါင်းသင်းနှီးနှောပြီးသောအခါ ထိုမနာလိုမှုများအားလုံးသည်လည်း ကွယ်ပျောက်သွားချေပြီ။

ကျင်းယွင်ကျောင်းနှင့် သူတို့ကြားမှ ကွာဟချက်မှာ ကြီးမားလွန်းလှသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့ မထိပါးနိုင်သောခံစားချက်မျိုးကို မနာလိုမှုတစ်ခုတည်းဖြင့် မဖော်ပြနိုင်ပါပေ။

ကျောင်းပိတ်ရက်စတင်သော ဤနေ့တွင် အဆောင်ထဲ၌ ခွဲခွာရန် တုံ့ဆိုင်းမှုများဖြင့် ပြည့်နှက်နေတော့သည်။

ဘေဘီယောင်မှာ ဤမြို့သူမဟုတ်သောကြောင့် မြို့တော်ထဲတွင် နေခဲ့မည်မဟုတ်ပါပေ။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်း၏မွေးနေ့ပွဲအား သေချာပေါက်လွတ်တော့မည်ဖြစ်၏။ ထိုအရာကို သူမနှမြောနေမိသည်။

“ငါသွားတော့မယ်နော် နင်တို့ငါကိုသတိရနေမှဖြစ်မယ်၊ ထျန်းရှန်း နင်ပစ္စည်းကောင်းတွေတွေ့လို့ ငါ့အတွက်ပါ မဝယ်ပေးလာရင် ငါနင့်ကိုအသေသတ်မှာ...ပြီးတော့ ကျင်းကျင်း၊ ငါ့နာမည်ကိုလေ ဟယ့်ဒိရှေ့မှာ ခဏခဏရွတ်‌ပေးနော်၊ ငါ့ကို “ဘေဘီ” လို့ခေါ်ဖို့ သင်ပေးရတာတောင် လွယ်တာမဟုတ်ဘူး၊ ရှင်းရှင်း နင်ရောပဲ ငါ့ကိုနေ့တိုင်းဖုန်းဆက်ရမယ်....”

ဘေဘီယောင်သည် သူ၏အထုပ်အပိုးများကိုထုပ်ရင်း နှုတ်ခမ်းများစူလာတော့၏။

သူမစရိုက်သည် ကျောင်းစတက်စဥ်ကတည်းက မပြောင်းလဲချေ။ သို့ရာတွင် သူမ၏ အိမ်မှုကိစ္စလုပ်နိုင်စွမ်းမှာမူ များစွာတိုးတက်လာခဲ့၏။ အနည်းဆုံးအနေဖြင့် သူမသည် အခန်းအား ရှင်းလင်းစီစဥ်ရာ၌ ထူးချွန်နေလေပြီ။

“အင်းပါ သိပါပြီ တခြားလူတွေကိုဝယ်လာပေးရင် နင့်အတွက်လည်းပါစေရမယ်လို့ ကတိပေးတယ်၊ အရသာရှိတာမှန်သမျှ၊ ပျော်ဖို့ကောင်းတာမှန်သမျှ နင့်အတွက် ဝယ်လာခဲ့ပေးမယ်၊ တစ်လပဲသွားမှာကို အဲ့လောက်ထိ အလွမ်းသယ်စရာလိုလားဟ?”

ဟော်ထျန်းရှန်းသည် စကားမပြောချင်ဟန်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။

သူတို့အထဲတွင် ဘေဘီယောင်မှာ ချွဲ့နွဲ့တတ်ဆုံးဖြစ်သည်။ သို့ရာတွင် သူမကြောင့် အဆောင်ခန်း၏ တက်ကြွအသက်ဝင်မှုသည်လည်း အတိုင်းအတာတစ်ခုထိ တိုးတက်လာသည်ဟု ပြောနိုင်ပေသည်။

ယန်ရှင်းယွဲ့မှာမူ အဆောင်ထဲတွင် နားအေးပါးအေးအနေတတ်ဆုံးလူဖြစ်၏။ သို့ရာတွင် သူမသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်တတ်သည်။ စကားပြောရသည်ကို မနှစ်သက်ခြင်းသာဖြစ်သည်။

ကျင်းယွင်ကျောင်းနှင့် ကျန်နှစ်ဦးသည် သူတို့၏အလေးထားမှုကို ဖော်ပြလိုက်ကြ၏။ ထိုမှသာ ဘေဘီယောင်သည်လည်း အနည်းငယ်ကျေနပ်သွားတော့သည်။ သူမသည် ဟယ့်ဒိအား စူးစိုက်ကြည့်ကာ မလွတ်တမ်းဖမ်းထားလိုက်၏။

“ကျင်းကျင်း ဟယ့်ဒိကို ငါနဲ့အတူ တစ်လလောက်လွှတ်ပြီး ပေးနေလို့မရဘူးလား? နင်တို့သုံးယောက်က ခဏခဏတွေ့လို့ရပေမယ့် ငါကတော့မရဘူးလေ၊ ငါအိမ်ပြန်ရောက်တာနဲ့ အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ်က ငါ့ကိုသေချာပေါက်ပေးထွက်မှာ မဟုတ်တော့ဘူး...”

သို့ရာတွင် ဘေဘီယောင်စကားပြောပြီးသည်နှင့် ဟယ့်ဒိသည် ချက်ချင်းဆိုသလို ကျင်းယွင်ကျောင်းပုခုံးပေါ်သို့ ခုန်တက်လိုက်၏။ သူသည် ကျင်းယွင်ကျောင်း၏အင်္ကျီများအား သူ၏လက်သည်းများဖြင့် ဆုပ်ကိုင်ကာ သူ၏လည်ပင်းနားသို့ ကိုင်းလိုက်သည်။ ပြန်ပေးဆွဲခံရန် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်ပေသည်။

အားလုံးသည် ဟယ့်ဒိ၏လှုပ်ရှားမှုများကို မြင်သားကျနေပြီဖြစ်၏။

“နင်လည်းတွေ့တယ်မလား သူမလိုက်ချင်ဘူးတဲ့...”

ကျင်းယွင်ကျောင်းသည် မတတ်သာဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။

Space and Rebirth 938

ဟယ့်ဒိသည် ကျင်းယွင်ကျောင်းအနားတွင်သာ ပူးကပ်နေပြီး ဘေဘီယောင်ကို ကြည့်ပင်မကြည့်ချေ။ သူ၏မာနကြီးမှုကြောင့် ဘေဘီယောင် ဆွံ့အသွား၏။ သူမသည် ဟယ့်ဒိအား လက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။

“နှလုံးသားမရှိတဲ့ကောင်စုတ်လေး၊ ကျင်းကျင်းမရှိတဲ့အချိန် နင့်ကိုဂရုစိုက်ပေးတာ ဘယ်သူလဲ...”

“ဟယ့်ဒိက အရမ်းဉာဏ်ကောင်းတယ်ဆိုတာ ငါသတိပေးလိုက်ဦးမယ်၊ နင်သူ့ကိုဒီလိုမျိုး အော်ငေါက်လို့ကတော့ နင်ပြန်လာတာနဲ့ နင်ဘယ်သူလဲဆိုတာကို မေ့သွားမှာပဲ”

ဟော်ထျန်းရှန်းသည် သူမအား ထေ့လိုက်၏။

“ငါပြန်ရောက်တာနဲ့ ငါ့အစ်ကိုကိုပြောပြီး အဆောင်ထဲမှာခေါ်ထားဖို့ တိရစ္ဆာန်တစ်ကောင်ရှာခိုင်းရမယ်...”

ဘေဘီယောင် နှုတ်ခမ်းများကို စူလိုက်သည်။

“နင်ဘာအကောင်ဝယ်လာဝယ်လာ ယွင်ကျောင်းနားပဲ ကပ်လိမ့်မယ်”

ဟော်ထျန်းရှန်းသည် ဆက်လက်တိုက်ခိုက်လိုက်၏။

“မရဘူး ငါ့ဟာ!”

“နင်မွေးပြီးမှ ဆက်ပြောကြတာပေါ့”

နှစ်ဦးသားသည် မကြာခဏဆိုသလို ရန်ဖြစ်တတ်ကြသဖြင့် ကျင်းယွင်ကျောင်းကျင့်သားရနေလေပြီ။ သူမသည် သူတို့အား လျစ်လျူရှုကာ သူမပစ္စည်းများကို စတင်ထုပ်ပိုးလိုက်သည်။ မကြာခင်တွင် ဘေဘီယောင်ထွက်သွားတော့၏။ သူမမိခင်သည် သူမအား အောက်ထပ်တွင် လာကြိုသောကြောင့်ဖြစ်သည်။

ယန်ရှင်းယွဲ့မှာ ထုပ်ပိုးရာ၌ သူတို့အထဲတွင် အနှေးဆုံးဖြစ်သည်။ သူမသည် စိတ်မပါလက်မပါဖြင့် အင်္ကျီအဝတ်အစားများကို ထုပ်ပိုးနေ၏။

“ရှင်းယွဲ့ ဘာဖြစ်လို့လဲ? နင်ပစ္စည်းထုပ်နေတာ နာရီပိုင်းလောက်ရှိတာတောင် နင့်ပစ္စည်းတွေက ဒီအတိုင်းပဲ”

ကျင်းယွင်ကျောင်း စိတ်ပူပန်စွာဖြင့် မေးလိုက်သည်။

ထိုအခါ ယန်ရှင်းယွဲ့ ပြု့းလိုက်၏။

“ကျိုးမိသားစုဆီ ငါမပြန်ချင်လို့လေ၊ ကျိုးမေ့ကျွန်းကသေပြီဆိုတော့ ငါ့အဒေါ်က တစ်နေ့လုံးသွေးရူးသွေးတန်းဖြစ်နေတတ်တယ်၊ ငါက ကျိုးမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လောဘတက်နေလို့ သူ့သမီးကိုသတ်လိုက်တာဆိုပြီး တရစပ်ပြောနေတော့တာ”

ကျင်းယွင်ကျောင်းသည် ခေတ္တမျှနင်သွားတော့၏။

မဒမ်ကျိုး၏ မုန်းတီးမှုမှာလည် ကျိုးကြောင်းသင့်ပေသည်။ မဒမ်ကျိုး၏မောင်ဖြစ်သူအား အနိုင်ယူခဲ့သူမှာ ကျင်းယွင်ကျောင်းဖြစ်သည်။ ထိုသူသည် ယခုအချိန်ထိ ထောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး သူမ၏သမီးမှာလည်း သေဆုံးသွားချေပြီ။ ယန်ရှင်းယွဲ့မှာ ကျင်းယွင်ကျောင်းနှင့် အခန်းဖော်များဖြစ်နေသောကြောင့် သူမ၏အမုန်းတရားများအား ယန်ရှင်းယွဲ့အပေါ်သို့ သေချာပေါက်ပုံချလိမ့်မည်။

သို့ရာတွင် ကျင်းယွင်ကျောင်းတွင်လည်း အပြစ်မရှိပါချေ။ ကျိုးမေ့ကျွန်းသေဆုံးမှုမှာ သူမကိုယ်ပိုင်အပြစ်သာဖြစ်သည်။

မဒမ်ကျိုးမှာ မိမိသမီးအား ကောင်းကောင်းမဆုံးမခဲ့သည့်အပြင် စိတ်ထားကောင်းသောသူလည်းမဟုတ်ပေ။ သူရဲဘောလည်းကြောင်ပေသည်။ သူမသည် သူမသမီးနှင့် သိပ်မကွာပါချေ။

“အခု နင်က ကိုယ်ပိုင်ဝင်ငွေလည်းရနေပြီမှတ်လား? အပြင်မှာ နင့်ဘာသာအခန်းတစ်ခန်းလောက် ငှားလိုက်လေ”

ကျင်းယွင်ကျောင်းအကြံပေးလိုက်၏။

ယန်ရှင်းယွဲ့ ခေါင်းခါလိုက်သည်။

“မဖြစ်ဘူး ငါ့ဦးလေးက အမွေဆက်ခံစရာလူမရှိတော့ ငါ့ကိုပဲ သူ့အမွေတွေဆက်ခံဖို့ သင်ပေးနေပြီ၊ ငါသာအပြင်မှာထွက်နေရင် သူသေချာပေါက် စိတ်ပျက်သွားလိမ့်မယ်”

ယန်ရှင်းယွဲ့သည် စိတ်ချုပ်တည်းနိုင်စွမ်းမြင့်မားပြီး မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သောလူဖြစ်ကြောင်း ကျင်းယွင်ကျောင်းသိလေသည်။ သူမသည် ကျိုးမိသားစု၏ပိုင်ဆိုင်မှုများကို စိတ်မဝင်စားလောက်ချေ။ သို့ရာတွင် သူမသည် နှစ်ပေါင်းများစွာ၏ ဦးလေးဖြစ်သူ၏ကျေးဇူးများကို ခံစားခဲ့ရသဖြင့် အစားကျွေးသောလက်ကို ပြန်မကိုက်နိုင်ပါပေ။

“ရှင်းယွဲ့...နင့်ဦးလေးက နှစ်တွေအများကြီးကြာတာတောင် ကလေးတစ်ယောက်မှ မရခဲ့ဘူးဆိုတော့ သူ့ခန္ဓာကိုယ်က တစ်ခုခုချို့တဲ့နေလို့လား? ငါက ဆေးနည်းနည်းကုတတ်တယ်ဆိုတော့ ငါကြည့်ပေးရမလား?”

ကျင်းယွင်ကျောင်းသည် စဥ်းစားကြည့်လိုက်ပြီးနောက် မဝံ့မရဲဖြင့် မေးလိုက်၏။

ယန်ရှင်းယွဲ့နှင့် ဟော်ထျန်းရှန်းတို့နှစ်ဦးလုံး ကြောင်အမ်းသွားတော့သည်။ ယန်ရှင်းယွဲ့ မှာ ရှက်ကိုးရှက်ကန်းဖြစ်သွား၏။

“အဲဒါမဟုတ်သေးဘူးနော် နင့်ကောင်လေး သဝန်တိုရင် ဘယ်လိုလုပ်မလဲ?”

“သူကဘာလို့သဝန်တိုရမှာလဲ?”

ကျင်းယွင်ကျောင်းအနည်းငယ် ပဟေဠိဖြစ်နေသော်လည်း လျင်မြန်စွာ ပြန်ဖြေလိုက်ကာ ချက်ချင်းဆိုသလို အံ့အားသင့်သွားတော့၏။

“နင်တို့အတွေးမှားနေပြီထင်တယ်၊ အနောက်တိုင်းဆေးပညာက ဆေးစစ်ဖို့အတွက် သုတ်ရည်ကိုယူရပေမယ့် ငါကတော့မလိုဘူး၊ လူတစ်ယောက်ရဲ့ သွေးခုန်နှုန်း၊ လျှာအရောင်၊ မျက်လုံး၊ နား၊ နှာခေါင်းနဲ့ လည်ချောင်းကို ကြည့်ရုံနဲ့ တစ်ကိုယ်လုံးက ကိုယ်တွင်းအင်္ဂါတွေရဲ့ အခြေအနေကို မြင်နိုင်တယ်၊ ဥပမာပြရရင် လျှာပေါ့ လျှာကသွေးကြောတွေက နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အရွတ်စတဲ့ ကိုယ်တွင်းအင်္ဂါတွေအများကြီးနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်နေတယ်၊ ပုံမှန်လူတစ်ယောက်ရဲ့လျှာက နူးညံ့ပြီး လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတယ်၊ အရောင်က အနီဖျော့ရောင်ရှိရမယ်၊ လျှာအပေါ်မှာလည်း ညီညီညာညာပြန့်ပြီး မခြောက်တခြောက်ရှိတဲ့ အဖြူရောင်အလွှာခပ်ပါးပါးတစ်ခုနဲ့ ဖုံးထားတယ်၊ ပုံစံကရှည်ပြီး လုံးဝန်းမှဖြစ်သလို အထူအပါးကလည်း အနေတော်ရှိရမယ်၊ လျှာရဲ့အရင်းက ကျောက်ကပ်နဲ့ဆက်စပ်နေတာမို့ အဲ့နေရာကိုကြည့်ပြီး လူတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါကို စစ်ဆေးလို့ရတယ်၊ တချို့လူတွေရဲ့လျှာ...အထူးသဖြင့် လျှာရင်းတွေက...သာမန်ထက် ပါးတာမို့ ကျောက်ကပ်တွင်း ချီစွမ်းအင်နဲ့ ယန်စွမ်းအင် ချို့တဲ့နေတယ်လို့ ပြောလို့ရတယ်...”

Space and Rebirth 939

ကျင်းယွင်ကျောင်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပွင့်လင်းမြင်သာစွာ အရာအားလုံးကို စေ့စေ့စပ်စပ်ရှင်းပြလိုက်သော်လည်း နှစ်ဦးသားမှာ သူတို့ကြားလိုက်သောအရာကို ဇဝေဇဝါဖြစ်နေဆဲဖြစ်သည်။

“နင်ပြောတာက ဟိုဆေးရုံတွေလို ဟိုဟာမလို...”

ဟော်ထျန်းရှန်းသည် စကားကိုရပ်ကာ နေရခက်စွာပြုံးလိုက်သည်။

“အဲ့လိုဆိုရင် လူနာကြည့်ဖို့ပြသာနာမရှိတော့ဘူးထင်တယ်...”

“ဒါပေမယ့် ရှင်းယွဲ့ ငါကဒီအပိုင်းနဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်ချက်နည်းနည်းရှိတယ်ဆိုပေမယ့် နင့်ဦးလေးရဲ့ ရောဂါသာပျောက်သွားရင် ဒီကနေ အမြတ်ထွက်မယ့်သူက နင့်အဒေါ်ပဲဖြစ်မှာနော်...”

ကျင်းယွင်ကျောင်းမမေ့မလျော့ဖြင့် သူမအား သတိပေးလိုက်သည်။

“အဲဒါကိုမကြောက်ပါဘူး၊ ငါ့အဒေါ်က အခု ကြောင်တိကြောင်တောင်နဲ့ အမြဲပြသာနာရှာနေတတ်တာ၊ ငါ့ဦးလေးက သူ့ကိုကွာရှင်းဖို့ အသင့်ဖြစ်နေပြီ ဒါပေမယ့် ဦးလေးကလည်း ရက်စက်တတ်တဲ့လူမဟုတ်တော့ အချိန်တစ်ခုရောက်လာရင် သူ့အတွက် အိမ်တစ်အိမ်ဝယ်ပေးပြီး သူ့ကိုစောင့်ရှောက်ပေးဖို့ လူတစ်ယောက်နဲ့ လွှတ်ထားလိမ့်မယ်”

ယန်ရှင်းယွဲ့ပြောလိုက်သည်။

တကယ်တမ်းတွင် သူမအဒေါ်မှ ပြသာနာမရှာပါက သူမဦးလေး၏စရိုက်ဖြင့်ဆိုလျှင် သမီးနှင့်မောင်လေးအား ဆုံးရှုံးသွားသဖြင့် နာကျင်ခံစားနေရသော သူ၏ဇနီးဖြစ်သူအတွက် သေချာပေါက် စိတ်မကောင်းဝမ်းနည်းဖြစ်ပေလိမ့်မည်။ သူမအား ကွာရှင်းပစ်လိမ့်မည်မဟုတ်ချေ။

သို့ရာတွင် သူမအဒေါ်မှာ တစ်ကိုယ်ကောင်းဆန်လွန်းလှ၏။ တစ်လောကလုံးက သူမနှင့်ကျိုးမေ့ကျွန်းကို ပစားပေးသင့်သည်ဟု ထင်နေခဲ့သည်။ နှစ်ပေါင်းများစွာတစ်လျှောက် သူမ၏ဆိုဆုံးမမှု ညံ့ဖျင်းခြင်းသာဖြစ်သည်ဟု မထင်ခဲ့ချေ။

သူမဦးလေးမှာ အနည်းငယ်စိတ်ပျော့သော်လည်း တုံးအသောသူမဟုတ်ပေ။ နှစ်များတစ်လျှောက် သူသည် ဇနီးဖြစ်သူနှင့် သမီးငယ်အတွက် များစွာလုပ်ဆောင်ပေးခဲ့ပြီး မကြာခဏဆိုသလို မျက်နှာလိုက်ပေးခဲ့၏။ ယခုမူ သူ၏ဇနီးသည် သူ့အား ကျိုးမေ့ကျွန်းအား အမွေမပေးချင်၍ စိတ်အပြောင်းအလဲမြန်သူဟု စွပ်စွဲနေလေပြီ။ သူသည် အဘယ်သို့ စိတ်မပျက်ဘဲနေနိုင်မည်နည်း?

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ ယန်ရှင်းယွဲ့၏ဦးလေးမှာ ငယ်သေး၏။ သူမအဒေါ်သည် ဆယ်ကျော်သက်အရွယ်က ကျိုးမေ့ကျွန်းကို မွေးဖွားခဲ့သောကြောင့် ယခုတွင် အသက် ၄၀ ပင်မပြည့်သေးချေ။ ယန်ရှင်းယွဲ့ဦးလေးမှာလည်း သူမနှင့် သက်တူရွယ်တူဖြစ်သည်။

“အန္တရာယ်ကင်းအောင် နင့်ဦးလေးကွာရှင်းပြီးမှ ဒီကိစ္စကိုလုပ်ကြတာပေါ့”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

ကွာရှင်းမှုမတိုင်ခင် ရောဂါပျောက်သွားလျှင် သူ၏ဇနီးနှင့်ဖြစ်စေ အခြားအမျိုးသမီးနှင့်ဖြစ်စေ ကလေးတစ်ဦးရသွားပါက ယန်ရှင်းယွဲ့သာ မုန်းတီးခံရပေမည်။ ကွာရှင်းပြီးလျှင်မူ ထိုကဲ့သို့ လူမှုရေးပြသာနာများ ပပျောက်သွားကာ လူလွတ်တစ်ဦးအနေဖြင့် သွားလာနိုင်ပေပြီ။ ထို့အပြင် ကျိုးမိသားစုအခြေအနေမှာလည်း မဆိုးလှချေ။ ယန်ရှင်းယွဲ့ဦးလေးသည် ဇနီးကောင်းနောက်တစ်ဦး ရှာနိုင်သေး၏။

“ယွင်ကျောင်း၊ နင်ကတကယ် ငါတို့ရဲ့ ဆရာမကြီးပဲ၊ ဘယ်လိုပြသာနာမျိုးမဆို ဖြေရှင်းနိုင်တယ်၊ နောက်ကျရင် ခေါင်းကိုက်တာ၊ ဖျားတာတွေရှိရင် ဆေးရုံသွားစရာမလိုတော့ဘူး နင်နဲ့ဆိုလုံလောက်ပြီ”

ဟော်ထျန်းရှန်းသည် အင်္ကျီအသစ်များအား လဲဝတ်လိုက်ကာ ယွမ်တစ်သိန်းကျော်တန်ရှိပြီး တောက်ပဝင်းလက်နေသော သူမ၏သားရေလက်ဆွဲအိတ်အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ငါက ကျန်းမာရေးနဲ့ဆိုင်တဲ့ပြသာနာတွေ ဖြေရှင်းနိုင်ပေမယ့် တခြားပြသာနာတွေတော့မရဘူး”

ကျင်းယွင်ကျောင်းကျီစယ်သံဖြင့် ပြောလိုက်၏။

“ဥပမာပြောရရင်...နင့်နည်းပြချီလိုပေါ့၊ နင်သူ့ကိုလည်ပင်းဓားထောက်ပြီး ခိုင်းရင်တောင် နင့်မိသားစုအတွက် အလုပ်လုပ်ပေးမှာမဟုတ်လို့ နောက်တစ်ခါဆိုရင် ငါ့ကိုအခက်တွေ့အောင်လုပ်ဖို့ မစဥ်းစားနဲ့”

ကျင်းယွင်ကျောင်းခေါင်းခါယမ်းလိုက်သည်။ လွန်ခဲ့သောရက်ပိုင်းအတွင်း ဟော်ထျန်းရှန်းသည် ချီကျုံးအား ခေါ်တွေ့ရန် သူမအား ပူဆာနေခဲ့လေသည်။

“ဟွန့် ဘာလို့သူ့အကြောင်းပြောနေတာလဲ? အာရုံနောက်စရာကောင်းလိုက်တာ”

ဟော်ထျန်းရှန်းသည် ချက်ချင်းဆိုသလို စူပုပ်သွား၏။

သူမသည် ငယ်စဥ်ကတည်းကပင် အခက်အခဲအတားအဆီးများကို မတွေ့ခဲ့ရချေ။ သို့သော် ယခုတွင် ချီကျုံးမှာ သူမမည်မျှပင်ကြိုးစားစေကာမူ မကျော်ဖြတ်နိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေလေပြီ။

အစက ချီကျုံးသည် သူမအား ခံစားချက်အချို့ရှိနေမည်ဟု ထင်ခဲ့သော်လည်း သူနှင့်အချိန်ကြာမြင့်စွာ ပြောဆိုဆက်ဆံပြီးနောက် သူမသည် တဖြည်းဖြည်းစိတ်ပျက်အားလျော့လာတော့သည်။

ချီကျုံးမှာ တာဝန်သိစိတ်ပြင်းထန်သောလူစားမျိုးဖြစ်ပေသည်။ သူသည် မာနနှင့် တွေးခေါ်စဥ်းစားဉာဏ်ဖြင့်သာ လှုပ်ရှားတတ်သော သံမဏိယောက်ျားတစ်ဦးဖြစ်၏။ စစ်ရေးလေ့ကျင့်စဥ်က သူမအား အခြားသူများနှင့်မတူ ဆက်ဆံသော်လည်း ယခု သူမစဥ်းစားကြည့်လိုက်သောအခါ သူမသည် ကျင်းယွင်ကျောင်း၏အခန်းဖော်ဖြစ်နေ၍သာ ထိုသို့ဆက်ဆံခြင်းဖြစ်ပေမည်။

တကယ်တမ်းပြောရလျှင် ချီကျုံးထူးထူးခြားခြားဆက်ဆံတတ်သူမှာ သူမမဟုတ်ပါပေ။ ကျင်းယွင်ကျောင်းသာဖြစ်၏။ သူမကြော့ရှင်းပျံလန်နေအောင် ဝတ်စားထားတိုင်း သူသည် မကျေမနပ်စကားသံများ ထွက်လာရခြင်းမှာ သဝန်တိုခြင်းကြောင့်မဟုတ်ဘဲ သူမအား ဂုဏ်မောက်နေသော သခင်မလေးတစ်ဦးဟု မြင်ပြီး ကျင်းယွင်ကျောင်းအား လမ်းလွဲစေမည်ကို စိုးသောကြောင့်ဖြစ်သည်။

သူမသည် အချို့အရာများကို တိုက်ရိုက်မပြောခဲ့ပေ။ သူမ မသိသောကြောင့်မဟုတ်ဘဲ သူမတွင်လည်း မာနရှိနေသောကြောင့်ဖြစ်၏။

“ငါ့ဦးလေးမိသားစုဘက်က ကောင်လေးတချို့နဲ့ ကျောင်းပိတ်ရက်အတွင်းမှာ အိမ်ထောင်ဖက်တွေ့မယ်လို့ မနေ့က ငါသူ့ကို မက်ဆေ့ချ်ပို့ပြီးပြောထားတယ်၊ အချိန်အတိအကျကိုပါ ပို့လိုက်သေးတယ်၊ အဲ့အချိန်မှာ သူမလာရင် ငါလည်း အဆင်ပြေတဲ့ကောင်လေးတစ်ယောက်ကိုရွေးပြီး စေ့စပ်လိုက်တော့မယ်”

ဟော်ထျန်းရှန်းသည် ခေါင်းကိုငုံ့ကာ သူမလက်သည်းများကို ပွတ်လိုက်သည်။

Space and Rebirth 940

ကျင်းယွင်ကျောင်းနှင့် ယန်ရှင်းယွဲ့သည် ဟော်ထျန်းရှန်း၏စကားများကြောင့် ကြောင်အမ်းသွားတော့၏။

ဟော်ထျန်းရှန်းသည် အသက်ပြည့်သည်မှာပင် မကြာသေးချေ။ စေ့စပ်ကြောင်းလမ်းသည့်ကိစ္စများအား စဥ်းစားရန် အနည်းငယ်စောလွန်းလှသည်မဟုတ်လော?

သူတို့မျက်လုံးထဲမှ ထိတ်လန့်အံ့အားသင့်မှုများကို မြင်လိုက်ရသောအခါ ဟော်ထျန်းရှန်းသည် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

“ဟော်မိသားစုရဲ့အကြီးဆုံးသမီးဖြစ်ရတာ လွယ်တယ်ထင်လား? ငါ့မိဘတွေမှာ တခြားသားသမီးတွေလည်းရှိတာမဟုတ်ဘူး၊ ငါကတစ်ဦးတည်းသောသမီးပဲ၊ ငါ့ဘဝက လုံးဝတည်ငြိမ်ပြီး သူတို့ချပေးထားတဲ့စည်းချက်အတိုင်းလိုက်မှဖြစ်မယ်၊ ငါအခုစေ့စပ်ထားပြီး အသက်အရွယ်ရောက်လာတဲ့ လက်ထပ်ရမယ်၊ အဲဒါမှ တတ်နိုင်သမျှ အမြန်ဆုံး အမွေဆက်ခံမယ့်ကလေးတစ်ယောက်ရနိုင်မှာပေါ့၊ ဒါငါလုပ်ရမယ့်တာဝန်ပဲ”

“ဒါပေမယ့် နင်က နည်းပြချီကို အရမ်းသဘောကျနေတာမဟုတ်ဘူးလား?”

ယန်ရှင်းယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။

“တစ်ယောက်ယောက်ကို သဘောကျတာနဲ့ ကိုယ့်ဘဝကို တည်ထောင်တာက မတူညီတဲ့အရာနှစ်ခုမှန်း ငါ့စိတ်ထဲမှာသိပြီးသားပါ၊ ချီကျုံးလိုလူမျိုးက...ငါထိန်းချုပ်နိုင်တဲ့လူမဟုတ်ဘူး”

“သူသာ ငါ့ကိုအရမ်းချစ်ရင် ငါသူ့အတွက် တိုက်ပွဲဝင်နိုင်ဦးမယ်၊ ဒါပေမယ့် ငါပဲအတွေးလွန်နေတာပါလေ၊ သူကငါ့အတွက်နဲ့ ဘာမှလုပ်ပေးမှာမဟုတ်ဘူး အဲ့လိုလူမျိုးအတွက်နဲ့ ငါ့မိဘတွေကို ဘယ်လိုလွန်ဆန်နိုင်မှာလဲ? ပြီးတော့ ငါအခုပိုင်ဆိုင်သမျှအားလုံးကိုလည်း ငါ့မိဘတွေကပေးထားတာ၊ လူသားတစ်ယောက်အနေနဲ့ မိဘကျေးဇူးကို မသိလို့ဘယ်ဖြစ်ပါ့မလဲ ငါလည်းဒါကိုနားလည်ထားပါတယ်၊ ချီကျုံးအလုပ်က သာမန်အလုပ်နဲ့မတူဘူး၊ ရာထူးမြင့်ချင်လည်းမြင့်မှာပေါ့ ဒါပေမယ့် သူ့စရိုက်ကိုကြည့်ရသလောက် သူကတခြားသူတွေကို အခွင့်ကောင်းယူတတ်တဲ့လူစားမျိုးမဟုတ်ဘူး၊ တစ်နည်းပြောရရင် ငါတို့တကယ်တွဲဖြစ်ကြရင်တောင် သူက သူ့အာဏာကိုသုံးပြီး ဟော်မိသားစုအတွက် လမ်းဖွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့သဘောပဲ၊ တစ်ဖက်မှာ ငါကတော့ တစ်နေ့ပြီးတစ်နေ့ သူအန္တရာယ်ကြားထဲအလုပ်လုပ်မှာကို စိတ်ပူနေရလိမ့်မယ်”

“ငါငယ်ငယ်တုန်းက ငါ့မိဘတွေကပြောဖူးတယ်၊ အိမ်ထောင်ဖက်ရွေးတာက စီးပွားရေးလုပ်သလိုပဲတဲ့၊ ရင်းနှီးမြုပ်နှံတဲ့ငွေပဲထည့်ပြီး အမြတ်ပြန်မရရင် အဲ့လုပ်ငန်းက ဘယ်လိုလုပ်ဆက်လည်ပတ်နိုင်မှာလဲ? ပြီးတော့ ကိုယ်နဲ့အဆင်မပြေတဲ့၊ ကိုယ်ထိန်းချုပ်လို့မရတဲ့ စီမံကိန်းတွေကို တာဝန်ယူမိရင်လည်း အဲ့အတိုင်းပဲ၊ အဆုံးမှာ ကိုယ်ပဲ မွဲပြာကျပြီးကျန်ခဲ့လိမ့်မယ်”

“နှစ်ခုတည်းက တစ်ခုရွေးရမယ်ဆိုရင် ကိုယ်ကျွမ်းကျင်ပြီး ထိန်းချုပ်လို့ရမယ့်အရာကို ရွေးတာအကောင်းဆုံးပဲ”

ဟော်ထျန်းရှန်းသည် မျက်နှာပေါ်တွင် ဝင့်ကြွားသောအပြုံးတစ်ခုရှိနေ၏။ သို့ရာတွင် ကျင်းယွင်ကျောင်းမှာမူ သူမပြောသောစကားများကြောင့် အံ့အားသင့်နေသည်။

ချီကျုံးနှင့် ဟော်ထျန်းရှန်းအား လိုက်ဖက်သောစုံတွဲဟု သူမနှင့်လီရှောက်ယွင်သည် အမြဲတစေထင်မှတ်ခဲ့သော်ငြား သူတို့သည် ဟော်ထျန်းရှန်းတို့နှစ်ဦး၏ စရိုက်သဘာဝဖြင့်သာ တွက်ချက်မိခဲ့ကြ၏။ သို့သော် ယခုမူ ဟော်ထျန်းရှန်း ဂရုအစိုက်ဆုံးအရာကို သူတို့ယခင်က မမြင်ခဲ့ကြပုံပေါ်သည်။

သူမရရှိခဲ့သော ပညာရေးနှင့် ငယ်စဥ်ကတည်းက သူမပိုင်ဆိုင်ခဲ့သော အတွေ့အကြုံများသည် သူမအနာဂတ်အား တစ်ထစ်ချ ဆုံးဖြတ်နှင့်လေပြီ။

ဟော်မိသားစု၏သမီးတစ်ဦးအနေဖြင့် သူမသည် ဤသို့သောရပိုင်ခွင့်များကို ခံစားထားသောကြောင့် မိသားစုတာဝန်ကိုလည်း ယူရပေမည်။ ယောက်ျားတစ်ဦးအတွက်နှင့် ပိုးဖလံကဲ့သို့ မီးပုံတိုး၍မဖြစ်ပါပေ။

“ချီကျုံးသာ နင့်စကားတွေကိုကြားရင် အရမ်းအံ့သြသွားပြီး နင့်ကိုဆက်ဆံပုံ ပြောင်းလဲရင်ပြောင်းလဲသွားနိုင်တယ်”

ကျင်းယွင်ကျောင်းပြောလိုက်၏။

“အရူးမလေး၊ ငါကအချစ်နဲ့ပတ်သတ်ပြီး အတွေ့အကြုံသိပ်မရှိပေမယ့် အများကြီး‌တော့ မြင်ခဲ့ဖူးတယ်၊ ယောက်ျားတစ်ယောက်က ချွဲ့နွဲ့ပြီးချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို မြင်တာများရင် လွတ်လပ်ပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေကိုပဲ စိတ်ဝင်စားလိမ့်မယ်၊ မာနကြီးပြီး အာဏာဆန်တဲ့မိန်းကလေးတွေကို မြင်တာများရင်တော့ စိတ်ထားကြင်နာပြီး တည်ငြိမ်တဲ့မိန်းကလေးကပဲ သူ့အတွက် ဆွဲဆောင်မှုရှိနေလိမ့်မယ်၊ ဒါပေမယ့် ဒီအခြေအနေနှစ်ရပ်လုံးကို ပြောင်းပြန်လှန်လိုက်ရင်တောင် ရလဒ်ကအတူတူပဲ အဲဒါကြောင့် ယောက်ျားလေးတွေအားလုံးက မိန်းကလေး “အသစ်” တွေကိုပဲ ကြိုက်တယ်ဆိုတဲ့သဘောပဲ”

“အကုန်လုံးမြင်ပြီး၊ တွေးပြီးတဲ့ဟာမျိုးဆိုရင် ကိုယ့်ခံစားချက်တွေက အရင်ကလောက် မပြင်းထန်တော့တာ ပုံမှန်ပဲလေ”

ဟော်ထျန်းရှန်းဆက်ပြောလိုက်သည်။ ရုတ်ချည်းဆိုသလို သူမသည် အချစ်ဝိဇ္ဇာတစ်ဦးဖြစ်သွားတော့၏။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကိုစေ့ကာ သူမစကားအား အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်သည်။

“နင်ပြောတာဟုတ်သားပဲ”

ကျင်းယွင်ကျောင်းသဘောတူလိုက်သည်။

“ဒါပေမယ့် ခြွင်းချက်ဖြစ်နေတဲ့ လူတစ်မျိုးတော့ရှိတယ်”

ဟော်ထျန်းရှန်းသည် သူမအား လျှို့ဝှက်ဆန်းကြယ်စွာဖြင့် စူးစိုက်ကြည့်ကာ ပြုံးလိုက်သည်။ သူမသည် စကားပြောပြီးသည်နှင့် သူမခရီးဆောင်အိတ်အားဆွဲကာ လိမ်ဖယ်လိမ်ဖယ်ဖြင့် တံခါးအပြင်သို့ထွက်သွားလိုက်၏။

ကျင်းယွင်ကျောင်းသည် သူမ၏စကားကြောင့် အနည်းငယ်ဇဝေဇဝါဖြစ်သွား၏။ သို့ရာတွင် သူမစဥ်းစားကြည့်လိုက်သောအခါ လီရှောက်ယွင်၏ပုံရိပ်က သူမခေါင်းထဲတွင် ပေါ်လာတော့သည်။

မှန်ပေသည်။ သူမပြောသည်မှာမှန်၏။ သို့သော် အချို့လူများအတွက်သာ မှန်သောစကားဖြစ်သည်။ သူမနှင့်လီရှောက်ယွင်သည် ခြွင်းချက်ဖြစ်နေသောလူအုပ်စုထဲတွင် ပါပေသည်။

သူမသည် အေးအေးဆေးဆေးဖြစ်နေပြီး လီရှောက်ယွင်မှာလည်း ထိုနည်း၎င်းပင်။ နှစ်ဦးသားသည် မိမိတို့နေရာတွင် အသီးသီးရပ်နေကြပြီး တစ်ဦးကိုတစ်ဦး အနှောင့်အယှက်မပေးကြချေ။ သို့ရာတွင် တစ်ဦး၏ဘဝထဲသို့ တစ်ဦးကို အသိပေးခေါ်ဆောင်သေး၏။ တစ်ဖက်သားဆီမှ တစ်ခုခုကိုရယူလိုစိတ် အနည်းငယ်မှမရှိဘဲ မိမိတို့လုပ်ချင်သောအရာများကိုသာ သီးခြားစီလုပ်နေကြလေသည်။

All Chapters