အခန်း (၉၄၁-၉၄၄)
Vol. 48 Ch. 941-944
Space and Rebirth 941
ကျင်းယွင်ကျောင်း၏နှုတ်ခမ်းများသည် နူးညံ့သောအပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ ယန်ရှင်းယွဲ့မှာမူ ခေတ္တမျှကြောင်အမ်းနေ၏။ သူမသည် ရုတ်ချည်းဆိုသလို နားမလည်နိုင်ဖြစ်သွားတော့သည်။
ဟော်ထျန်းရှန်းနှင့် ဘေဘီယောင် ထွက်သွားပြီဖြစ်သဖြင့် ကျင်းယွင်ကျောင်းနှင့် ယန်ရှင်းယွဲ့တို့လည်း ကြာကြာမနေတော့ချေ။ သူတို့သည် မိမိတို့လမ်းသို့ အသီးသီးခွဲသွားလိုက်ကြသည်။
တံခါးမှထွက်သည်နှင့် ကျင်းယွင်ကျောင်းသည် ချက်ချင်းဆိုသလို ကြက်သေသေသွား၏။
သူမပေါ်လာသည်နှင့် ကား ၄ စီးမှ လူ ၄ ဦးထွက်လာပြီး သူမကို ကြည့်လိုက်သည်။ လေးဦးသားသည် လမ်းကြောင်းလေးခုဆီသို့ ဦးတည်နေဟန်ရ၏။ သူတို့အားလုံးသည် အချင်းချင်း၏လှုပ်ရှားမှုများကိုမြင်လိုက်ရသောအခါ စကားစရှာမရဖြစ်သွားကြသည်။
ကျင်းယွင်ကျောင်းနှုတ်ခမ်းစေ့ပြီး ကြည့်နေစဥ် လေးဦးသားသည် သူမထံ လမ်းလျှောက်လာလေ၏။
သူမရှေ့မှောက်သို့ ရောက်နေသော လီရှောက်ယွင်မှာ တိမ်လွှာများကိုနင်း၍ လှမ်းလာသကဲ့သို့ဖြစ်နေသည်။ သူ၏အရှိန်အဝါမှာ မသေးလှချေ။ မျက်နှာတွင်လည်း အပြုံးတစ်ခုကိုဆင်မြန်းထား၏။ ဘယ်ဘက်တွင်ရှိနေသော ပိုင်ယွီအန်းမှာ အနည်းငယ်ဇဝေဇဝါဖြစ်နေဟန်ရသော်လည်း တည်ငြိမ်သောအသွင်အပြင်ရှိနေသည်။ ညာဘက်တွင်ရှိနေသော ရှုဝမ်ချန်းမှာ လေးနက်သောမျက်နှာထားဖြင့် လီရှောက်ယွင်အား စူးစိုက်ကြည့်နေ၏။
အတန်းခေါင်းဆောင်ဖြစ်သော ဟန်နန်မှာမူ အခြေအနေကို လုံးဝနားမလည်သဖြင့် ကြောင်အမ်းအမ်းဖြစ်နေ၏။ သူသည် ကျင်းယွင်ကျောင်းနှင့် အနီးဆုံးတွင်ရှိနေသောကြောင့် အခြားသူများကို သိပ်ဂရုမစိုက်ဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။
“ကျင်းယွင်ကျောင်း၊ မင်းကိုလာကြိုဖို့ကားတစ်စီးခေါ်ထားတယ် မင်း...ယန်နယ်ကို ပြန်မှာမှတ်လား? အဖေနဲ့အမေကိုပြောပြီး မင်းကိုပို့ခိုင်းရမလား?”
သူသည် ရှက်သွေးဖြာသောအပြုံးဖြင့် ကျင်းယွင်ကျောင်း၏ခရီးဆောင်အိတ်အား ကုန်းသယ်ပေးရန် ကြိုးစားလိုက်သည်။
“ရတယ်၊ ငါက လောလောဆယ် ယန်နယ်ကို ပြန်မှာမဟုတ်ဘူး”
ကျင်းယွင်ကျောင်းသည် ယဥ်ကျေးစွာငြင်းကာ စကားရှောင်လိုက်သည်။
ဟွားနင်ခရိုင်တွင် သူမသတိရသောလူတစ်ဦးသာရှိသည်။ ထိုလူမှာ အဘိုးကန်ဖြစ်၏။ သို့ရာတွင် သူမသည် အဘိုးကန်အား လွန်ခဲ့သောနှစ်ရက်ကဖုန်းဆက်ကာ သူမ၏မိသားစုအရင်းများကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ပြောထားနှင့်လေပြီ။ ဤတစ်ခေါက်တွင် နှစ်သစ်ကူးအတွက် သူမသည် မြို့တော်ထဲ၌နေပေမည်။ နှစ်သစ်ကူးမတိုင်ခင် ရက်ပိုင်းလောက်အလိုတွင် စူးချူနှင့် ကန်ကျင်းချန်အား သူမအိမ်အသစ်သို့ဖိတ်ကာ မွေးနေ့ပွဲကျင်းပမည်ဟုလည်း ပြောထားခဲ့၏။
ဟန်နန်သည် ခေတ္တမျှ ကြောင်အမ်းသွားသော်လည်း ပြုံးပျော်စွာဖြင့် ပြောလိုက်၏။
“မြို့ထဲမှာနေမှာလား? ဒါဆို မင်းဘယ်သွားမှာလဲ? ငါလိုက်ပို့ပေးရင် မင်းအတွက် ပိုအဆင်ပြေမှာပေါ့၊ အခုနေစရာမရှိသေးရင်...လောလောဆယ် ငါ့အိမ်မှာနေပေါ့၊ အခုငါ့မိဘတွေလည်း ကားထဲမှာပါလာတယ်၊ သူတို့က မင်းကိုအရမ်းသဘောကျနေကြတယ်လေ”
“စိတ်မရှိပါနဲ့ အဲ့လောက်ထိမလိုဘူး”
ကျင်းယွင်ကျောင်းချက်ချင်းပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းမှာ ကွက်ခနဲပျက်နေပြီး ငြင်းဆိုချင်သောဆန္ဒအား သူမမျက်နှာပေါ်တွင် အပြည့်အဝထုတ်ဖော်နေလေပြီ။
“ကျင်းယွင်ကျောင်း၊ ငါ...ငါကဘာဖြစ်နေလို့လဲ?”
ဟန်နန်၏လက်များမှိုင်ကျသွားပြီး သူ၏မျက်လုံးများ မှောင်ရိပ်သန်းသွား၏။
နံဘေးတွင်ရှိနေသော လီရှောက်ယွင်နှင့် အခြားနှစ်ဦးလည်း ထိုစကားကို ကြားလိုက်ကြသည်။ သူတို့ခြေလှမ်းများ ရပ်တန့်သွားပြီး လီရှောက်ယွင်နှုတ်ခမ်းစွန်းများတွန့်သွားသည်။ သူ၏မျက်ဝန်းများသည် အနည်းငယ်သုန်မှုန်နေလေ၏။
“အားကျောင်း”
လီရှောက်ယွင်သည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ ကျင်းယွင်ကျောင်း၏ပုခုံးကိုဖမ်းဆုပ်ပြီး သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ဟန်နန်ကိုကြည့်ရင်း သူ၏နှုတ်ခမ်းစွန်းများ အပေါ်သို့ကွေးတက်သွား၏။
“မင်းအတန်းဖော်လေးလား?”
“အင်း ကျွန်မတို့အတန်းခေါင်းဆောင်”
ကျင်းယွင်ကျောင်းခေါင်းငြိမ့်ပြလိုက်သည်။
“ဪ အတန်းခေါင်းဆောင်လား”
လီရှောက်ယွင်သည် ဟမ့်ခနဲအသံပြုကာ ဟန်နန်၏ပုခုံးကိုပုတ်လိုက်သည်။
“ဟင်း မဆိုးဘူးပဲ”
ထိုသို့လုပ်ပြီးနောက် သူသည် ဟန်နန်ကိုကျော်ဖြတ်ကာ ကျင်းယွင်ကျောင်း၏ခရီးဆောင်အိတ်ကို လက်လှမ်းကာ သယ်ယူလိုက်၏။
ဟန်နန်သည် အရပ်မပုသော်လည်း ထောင်ထောင်မောင်းမောင်းတော့မဟုတ်ချေ။ သူ၏အရပ်အမြင့်မှာ ၁.၇၅ နှင့် ၁.၈ မီတာကြားတွင်ရှိသည်။ တစ်ဖက်မှာမူ လီရှောက်ယွင်မှာ ၁.၈၅ မီတာရှည်၏။ သူသည် အရပ်ရှည်ရုံမက ရုပ်ရည်မှာလည်း ချောမောခန့်ညားလွန်းနေသည်။ သူ၏ရှေ့မှောက်တွင် ဟန်နန်မှာ ချက်ချင်းဆိုသလို လွှမ်းမိုးခံလိုက်ရတော့သည်။
အထူးသဖြင့် သူ၏ပါးစပ်မှ “မဆိုးဘူးပဲ” ဟု ထွက်လာလိုက်သောကြောင့် ဟန်နန်သည် ပို၍ပင် ရှက်သွားတော့သည်။
သူ၏ရှေ့မှောက်ရှိအမျိုးသားမှာ သူ့အား မျက်လုံးထဲတွင်ပင် မထည့်ပေ...
“ခင်ဗျားကဘယ်သူလဲ?”
ဟန်နန်သည် အရဲစွန့်ကာ မေးလိုက်၏။
“ငါလား? အားကျောင်းနဲ့ စေ့စပ်ထားတဲ့သူလေ ဘာပြသာနာရှိလို့လဲ?”
လီရှေက်ယွင်သည် ခပ်ဟဟသာရယ်လိုက်သော်လည်း ဟန်နန်တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ ဟန်နန်သည် မသိစိတ်၏စေ့ဆော်မှုအရ သွေးဆုပ်နေသောမျက်နှာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက်သူသည် သူတို့အနားသို့ကပ်လာသော ယောက်ျားကြီးနှစ်ဦးကိုကြည့်ပြီး မျက်နှာပို၍ပင် ပျက်သွား၏။ သူ၏နှလုံးသားတစ်ခုလုံး အမှောင်အတိဖုံးသွားသကဲ့သို့ပင်။
သူသည် စိတ်ပျက်ဝမ်းနည်းဟန်ဖြင့် ကျင်းယွင်ကျောင်းအားကြည့်ကာ အနောက်သို့လှည့်ပြီး သူ၏ကားထံသို့ ပြန်ပြေးသွားတော့သည်။
Space and Rebirth 942
ဟန်နန်ထွက်သွားပြီးနောက် သုံးဦးသားကြားရှိ အခြေအနေမှာ ပို၍ပင် နေရခက်သွားတော့သည်။ ပိုင်ယွီအန်းသည် ရှုဝမ်ချန်းနှင့် လီရှောက်ယွင်တို့ထက် သုံးနှစ်၊ လေးနှစ်မျှ အသက်ကြီးသော်လည်း အကြောင်းရင်းတိတိပပမရှိဘဲ ကျန်နှစ်ဦးရှေ့တွင် စိတ်လှုပ်ရှားပူပန်နေမိ၏။
“ဥက္ကဌကျင်း...”
ပိုင်ယွီအန်းသည် လိမ္မာပါးနပ်စွာဖြင့် အယဥ်ကျေးဆုံးသော အခေါ်အဝေါ်ကို ရွေးချယ်လိုက်သည်။
ပုံမှန်အားဖြင့် ပိုင်ယွီအန်းသည် လူနောက်ကွယ်တွင် သူမအား “ယွင်ကျောင်း” ဟုခေါ်တတ်သည်။ အစက ကျင်းယွင်ကျောင်းသည် သူ့အား မိမိ၏ဦးလေးတစ်ယောက်ကဲ့သို့ ဆက်ဆံသော်လည်း နောက်ပိုင်းတွင် သူ့အား အသက်ကြီးသည်ဟု ခံစားစေရသောကြောင့် ပိုင်ယွီအန်းမကြိုက်တော့သဖြင့် ကျင်းယွင်ကျောင်းသည် သူမ၏အခေါ်အဝေါ်ကို ပြောင်းလဲကာ မိမိ၏အစ်ကိုကြီးတစ်ဦးအနေဖြင့် သတ်မှတ်လိုက်တော့သည်။
သို့သော် ထိုအချိန်တွင် သူမတွင် ဦးလေးအရင်းတစ်ဦးရှိမှန်းမသိခဲ့သဖြင့် အသက်အရွယ်နှင့် ဝါအလိုက် အလျဥ်းသင့်သလို ခေါ်လိုက်ခြင်းဖြစ်သည်။
ပိုင်ယွီအန်းမှ “ဥက္ကဌကျင်း” ဟုခေါ်လိုက်သောအခါ ရှုဝမ်ချန်းသည် သက်မချလိုက်ပြီး လီရှောက်ယွင်ကိုသာ အာရုံစိုက်လိုက်တော့သည်။
“မင်းကဘယ်သူလဲ?”
ရှုဝမ်ချန်းမှ စတင်ပြောလိုက်၏။
“လီရှောက်ယွင်ပါ၊ ဒုတိယဦးလေးရှု တွေ့ရတာဝမ်းသာပါတယ်”
လီရှောက်ယွင်နှုတ်ခမ်းစွန်းများ ကွေးသွား၏။ သူ၏ပုံစံမှာ အလွန်ပင်ယဥ်ကျေးရည်မွန်နေသော်လည်း ရှုဝမ်ချန်းပြောသမျှ ခေါင်းငုံ့ခံနေမည့်ပုံမပေါ်ချေ။
လီရှောက်ယွင်? ရှုဝမ်ချန်းမျက်မှောင်ကြုတ်လိုက်သည်။ ဤနာမည်ကို သူသည် အလွန်ရင်းနှီးနေသည်ဟု တွေးမိလိုက်၏။
သေချာစဥ်းစားကြည့်လိုက်ပြီးနောက် သူ၏အစ်ကိုကြီးထံမှ ဤနာမည်ကိုကြားဖူးကြောင်း မှတ်မိသွားသည်။ မည်သည့်ကိစ္စဖြစ်ကြောင်း အတိအကျကိုမူ သူမမှတ်မိချေ။
“မင်းကဘယ်တုန်းက ရှောင်ကျောင်းနဲ့ စေ့စပ်ထားတဲ့လူဖြစ်သွားတာလား? မစ္စတာလီ၊ ငါ့တူမကို မင်းနာမည်မဖျက်တာကောင်းမယ်”
ရှုဝမ်ချန်း ထပ်ပြောလိုက်၏။ သူ၏မျက်နှာတွင် မကျေနပ်သောဟန်ပန်များဖြင့် ပြည့်နှက်နေသော်လည်း သူ၏မျက်လုံးများမှာ လီရှောက်ယွင်ကို ခေါင်းအစခြေအဆုံး အကဲခတ်နေလေပြီ။
ဤကောင်လေး၏စတိုင်မှာ ဟော့ဟော့ရမ်းရမ်းမရှိဘဲ လူကြီးလူကောင်းဆန်၏။ သူ၏အင်္ကျီများမှာ စျေးကြီးသော်လည်း အပြင်အဆင်လွန်ကဲလွန်းခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်အချိုးအစားနှင့် လိုက်ဖက်ပြီး ပြီးပြည့်စုံသည်ဟုပင် ပြောနိုင်သည်။
ရုပ်ရည်အရမူ...
ရှုဝမ်ချန်း၏မျက်လုံးများ မီးပွင့်သွားပြီး စိတ်ထဲ၌ တိတ်တခိုးသက်ပြင်းချလိုက်သည်။ သူမယှဥ်နိုင်သောရုပ်ရည်ပါတကား။
သူတို့၏ခန္ဓာကိုယ်အချိုးအစားများမှာ တစ်ထေရာတည်းနီးပါးဖြစ်သော်လည်း လီရှောက်ယွင်မှာ အင်အားပိုရှိမည့်ပုံပေါက်၏။ ယောက်ျားတစ်ဦးအနေဖြင့် သူ့ကိုကြည့်ရုံဖြင့် အန္တရာယ်အငွေ့အသက်ကို ခံစားရပေသည်။
ချုံငုံကြည့်လိုက်သောအခါ အဘက်ဘက်မှ အဆင့်သတ်မှတ်ချက်မြင့်မားသော်လည်း နောက်ဆုံးတစ်ခုမှာ အမြင့်မားဆုံးဖြစ်သည်။ ၎င်းမှာ အန္တရာယ်ရေချိန်ဖြစ်၏။
ထိုအချိန်တွင် လီရှောက်ယွင်ပြုံးပြလိုက်သည်။
“အားကျောင်းနဲ့ ကျွန်တော်က ဒုတိယဦးလေးရှုမလာခင် ဟိုးအရင်ကတည်းက သိနေကြပြီး အဘိုးရှုရဲ့ ခွင့်ပြုချက်ကိုလည်း ရထားပြီးပါပြီ၊ ကျွန်တော့်ပန်းတိုင်က သူ့ကိုလက်ထပ်ပြီး ကျွန်တော့်တစ်ဘဝစာလုံးကို သူနဲ့ဖြတ်သန်းဖို့ပါ၊ အဲ့တော့ သူနဲ့စေ့စပ်ထားတဲ့လူလို့ပြောတာ မသင့်တော်စရာမရှိပါဘူး၊ ဒုတိယဦးလေးရှုက အားကျောင်းရဲ့ အတိတ်ကို သိပ်မသိသေးဘူးထင်တယ်၊ အိမ်ပြန်ပြီး အဘိုးရှုကို မေးကြည့်ပါလား”
ဤစကားလုံးအချို့ဖြင့် ရှုဝမ်ချန်းမျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
ကျင်းယွင်ကျောင်းသည် စိတ်ထဲ၌ တိတ်တခိုးရယ်မိ၏။ ယခင်က လီရှောက်ယွင်သည် သူမ၏အဘိုးအား “အကြီးအကဲရှု” သာခေါ်လေ့ရှိသော်လည်း ယခု သူမ၏ဦးလေးအငယ်ရှေ့တွင် ကြိုတင်၍ အဘိုးဟုခေါ်နေလေပြီ...
“ဦးလေးငယ်၊ သူကသမီးကောင်လေးပါ၊ ဦးလေးသဘောတူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်၏လက်မောင်းကိုဆုပ်ကိုင်ပြီး ရှုဝမ်ချန်းအား ပြောလိုက်၏။
ချက်ချင်းဆိုသလို ရှုဝမ်ချန်း အထိနာသွားတော့သည်။ နှလုံးသားအရှိုက်တည့်တည့်သို့ ထိချက်ပြင်းပြင်းတစ်ခုကို ခံစားလိုက်ရခြင်းဖြစ်ပေသည်။
သူသည် နောက်ဆုံးတွင် သူ၏တူမလေးအား ရှာဖွေတွေ့ရှိလိုက်ရသော်လည်း သူ၏တူမလေးမှာ လက်တွဲဖော်တစ်ဦးကို ပိုင်ဆိုင်နေလေပြီ။ တူမလေးအား ပျိုးထောင်သည့်ခံစားချက်ကိုပင် အပြည့်အဝမခံစားရသေးခင်တွင် သူမသည် အခြားယောက်ျားတစ်ဦး၏ အပိုင်ဖြစ်နေချေပြီ။ သူ၏နှလုံးသားအစုံ နာကျင်သွားတော့သည်။
ပိုင်ယွီအန်းသည် နေရခက်စွာဖြင့် ချောင်းဟန့်လိုက်၏။
“သူကဘယ်သူလဲ? သမီးဆေးကုမ္ပဏီရဲ့ မန်နေဂျာလား?”
ရှုဝမ်ချန်းသည် မိမိအတွက် ထွက်ပေါက်ရှာသည့်အနေဖြင့် မေးလိုက်သည်။
“မဟုတ်ဘူး ဒါကသမီးအစ်ကိုကြီး ပိုင်ယွီအန်းပါ”
ကျင်းယွင်ကျောင်းအမှန်အတိုင်းပြောလိုက်သည်။
ပိုင်ယွီအန်းသည် သူမအတွက် ကုမ္ပဏီကိုဦးစီးပေးခဲ့သည်မှာ သုံးနှစ်မျှရှိလေပြီ။ အမြဲတစေ သူမအား ပထမနေရာတွင် ဦးစားပေးခဲ့ပြီး သူမအား များစွာကူညီခဲ့သောလူဖြစ်သည်။ မိမိတွင် ဦးလေးအရင်းများ၊ မိသားစုဝင်များပေါ်လာတိုင်း ယခင်က ဆွေမျိုးမိတ်ဆွေများကို လျစ်လျူရှု၍မဖြစ်ပေ။
ထို့အပြင် အစ်ကိုကြီးပိုင်သည် သူမအား ညီမလေးအရင်းတစ်ဦးကဲ့သို့ ချစ်ပေးခဲ့သည်။ သူမ၏အတိတ်ဘဝကလည်း သူမအား များစွာကူညီခဲ့၏။
ရှုဝမ်ချန်း၏နှုတ်ခမ်းစွန်းများ ဆိုးဝါးစွာတွန့်သွားတော့သည်။
နှစ်ထပ်ကွမ်း အရှိုက်ထိသွားပေပြီ။
“ရှောင်ကျောင်း...ဟိုဟာ...မွေးနေ့လည်းနီးပြီဆိုတော့ သမီးကိုကူညီခဲ့တဲ့လူကြီးတွေ ရှိသေးလား? သူတို့ကိုပါဖိတ်ချင်ဖိတ်လိုက်လေ”
ရှုဝမ်ချန်းစဥ်းစားကြည့်လိုက်ကာ မေးလိုက်၏။ သူသည် ခံလက်စဖြင့် ထိချက်များအားလုံးကို တစ်ခါတည်း ခံယူလိုက်ပေမည်။ မဟုတ်လျှင် ဤတူမလေးသည် သူနှင့်ထပ်မံဝေးကွာသလို ခံစားရလိမ့်မည်။
Space and Rebirth 943
ရှုဝမ်ချန်းမျက်နှာသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး ပိုင်ယွီအန်းမှာမူ ကျင်းယွင်ကျောင်း၏မိတ်ဆက်စကားကြောင့် ကြည်နူးပီတိဖြစ်နေ၏။ လီရှောက်ယွင်မှာမူ စကားတစ်ခွန်းမျှမဟဘဲ ကျင်းယွင်ကျောင်းနံဘေးတွင် ရပ်နေသည်။ သို့သော် သူမဦးလေးအငယ်နှင့် ပထမဆုံးထိပ်တိုက်ရင်ဆိုင်မှု၌ သူအနိုင်ရရှိသွားကြောင်း ရှင်းလင်းနေလေသည်။
“သမီးကို အရမ်းချစ်ပေးတဲ့ မွေးစားအဘိုးတစ်ယောက်လည်း ရှိသေးတယ်”
ကျင်းယွင်ကျောင်းထပ်လောင်းပြောကြားလိုက်သည်။
မွေးစားဆွေမျိုးများအရဆိုလျှင် အဘိုးကန်နှင့် ပိုင်ယွီအန်းသာကျန်သည်။
အဘိုး?
ရှုဝမ်ချန်းစဥ်းစားကြည့်လိုက်၏။ အဘိုးကန်မှာ လူကြီးသူမတစ်ဦးဖြစ်သဖြင့် လက်ခံနိုင်ပေသည်။ အနည်းဆုံးအနေဖြင့် သူ၏ရှေ့မှောက်တွင်ရှိသော ဤနှစ်ဦးထက် ပို၍လက်ခံချင်စဖွယ်ကောင်းသော အခြေအနေတွင်ရှိ၏။
ရှုဝမ်ချန်းသည် ခံစားချက်များရောပြွန်းနေသောမျက်နှာဖြင့် ပိုင်ယွီအန်းကို ဝေ့ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ပုံစံသည် ယဥ်ကျေးနေဆဲဖြစ်ပေသည်။ သို့သော် လီရှောက်ယွင်ကိုကြည့်လိုက်သောအခါ သူ၏အကြည့်များသည် မီးဝင်းဝင်းတောက်သွားတော့၏။ ကျင်းယွင်ကျောင်းအရှေ့ရောက်မှသာ သူသည် အကြည့်ကိုပြန်ထိန်းလိုက်သည်။
“မွေးစားပေးခဲ့တဲ့လူဆိုတော့ အနာဂတ်မှာလည်း အဆက်အသွယ်ရှိရမှာပေါ့၊ သမီးမွေးစားအဘိုးကို မွေးနေ့ပွဲနဲ့ပတ်သတ်တာမှန်သမျှပြောပြဖို့ မမေ့နဲ့ဦးနော်၊ မိသားစုနှစ်စု ရင်းနှီးနိုင်အောင် သူ့ကိုဖိတ်လိုက်တာ အကောင်းဆုံးပဲ”
ရှုဝမ်ချန်းပြောလိုက်၏။
သူ၏တူမမှ အခြားသူများအပေါ် ထားရှိသော ခင်တွယ်မှုကို သူသည် မနာလိုဖြစ်မိသော်လည်း တစ်ချိန်တည်းတွင် မလုံမလဲလည်းဖြစ်မိသည်။ ကျင်းယွင်ကျောင်း၏မွေးစားအဘိုးမှ သူတို့အစား သူမအား ကောင်းမွန်စွာဂရုစိုက်ပေးခဲ့သဖြင့် သူ့အား ကျေးဇူးတင်ဂါရဝပြုသင့်ပေသည်။
အဘိုးကန်သည် အသက်ကြီးပြီဖြစ်သောကြောင့် ခရီးပန်းမည်စိုးသဖြင့် ကျင်းယွင်ကျောင်းသည် မလာစေချင်ခဲ့သော်လည်း ရှုဝမ်ချန်း၏စကားများကို နားထောင်ပြီးနောက် ၎င်းကိုအဓိပ္ပာယ်ရှိသည်ဟု တွေးမိပြီး ခေါင်းငြိမ့်လိုက်သည်။
“ဦးလေး၊ သမီးအိတ်တွေယူပြီး အရင်ပြန်နှင့်ပါလား၊ ရှောက်ယွင်ရောပဲ၊ အစ်ကိုကြီးပိုင်နဲ့ ဆွေးနွေးစရာတစ်ခုရှိလို့”
ကျင်းယွင်ကျောင်းဆက်ပြောလိုက်သည်။
ပိုင်ယွီအန်းသည် သူမ၏အကြံပြုချက်ကြောင့် မြို့တော်သို့ ရောက်လာခဲ့လေသည်။ နှစ်တစ်ဝက်တည်းဖြင့် ပိုင်ယွီအန်းသည် တိုးတက်လာသော သူတို့ရောင်းအားကြောင့် စက်ရုံကိုပါ ချဲ့နေရသည်။ ယခုတွင် ထိုစက်ရုံအကျယ်အဝန်းမှာ စတုရန်းမီတာ ၂ သိန်းခန့်ရှိပြီး ယွမ် ၁ ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားသောကြောင့် ယန်နယ်တွင် သြဇာအရှိဆုံးစက်မှုလုပ်ငန်းများထဲမှ တစ်ခုဖြစ်နေတော့၏။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် တစ်ချိန်လုံး ယန်နယ်တွင် မရှိနိုင်သောကြောင့် အများစုအားဖြင့် ပိုင်ယွီအန်းသာ ဆုံးဖြတ်ချက်ချရလေသည်။
သို့သော် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှ ဤမျှလောက် အောင်မြင်နိုင်ရသော အကြောင်းရင်းမှာ အဓိကအားဖြင့် ကျင်းယွင်ကျောင်းနှစ်ပေါင်းများစွာ တည်ဆောက်လာသော အဆက်အသွယ်များကြောင့်ဖြစ်သည်။ ထို့အပြင် ထန်မိသားစု၏ ထောက်ပံ့မှုကိုလည်း ရရှိသောကြောင့် ခရီးလမ်းချောမွေ့ခဲ့ပေသည်။
ကျင်းယွင်ကျောင်းသည် ထိုနေရာတွင်ရပ်ရန် စိတ်ကူးမရှိချေ။ သူမလိုချင်သောအရာမှာ ကုမ္ပဏီတစ်ခုမဟုတ်ဘဲ လုပ်ငန်းအုပ်စုကြီးတစ်စုဖြစ်၏။ ယခုတွင် သူမသည် ပိုင်ယွီအန်းအား မြို့တော်သို့လာခိုင်းခြင်းမှာ ကုမ္ပဏီခွဲတစ်ခုဖွင့်ရန်နှင့် အလားအလာရှိသော ကုမ္ပဏီအချို့ကို ရယူနိုင်ရန်ဖြစ်သည်။ သူမသည် ထောင်ထဲတွင် ရှိနေခဲ့သော်လည်း သတင်းများကို ကြည့်ခဲ့ပေ၏။ သူမစိတ်ထဲတွင် ပစ်မှတ်တစ်ခုကို စဥ်းစားနှင့်ပြီဖြစ်သော်လည်း ၎င်းအားရရှိနိုင်ရန် တစ်ဆင့်ချင်းစီသွားရပေမည်။
ကျင်းယွင်ကျောင်းစကားပြောပြီးသောအခါ ရှုဝမ်ချန်းသည် မကျေနပ်မှုကို ချုပ်တည်းထားဟန်ဖြင့် ပိုင်ယွီအန်းကိုကြည့်လိုက်သည်။ သို့ရာတွင် သူသည် ကျင်းယွင်ကျောင်း၏တောင်းဆိုချက်ကို ငြင်းဆိုနိုင်စွမ်းမရှိပေ။
ကံကောင်းစွာဖြင့် လီရှောက်ယွင်သည်လည်း သူနှင့်အတူ ငြင်းဆိုခံလိုက်ရသောကြောင့် သူမ၏ဒုတိယဦးလေးဖြစ်သူ ရှုဝမ်ချန်းသည် များစွာ စိတ်သက်သာရာရသွားတော့၏။
လီရှောက်ယွင်သည် ပိုင်ယွီအန်းအကြောင်းကို ကောင်းကောင်းသိနေသည်။ ထို့ကြောင့် သူသည် စကားများများစားစားမပြောဘဲ လက်ခံသဘောတူလိုက်လေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းနှင့် ပိုင်ယွီအန်းတို့ ကားထဲမဝင်ခင်တွင် သူ၏နှုတ်ခမ်းပါးများသည် ကျင်းယွင်ကျောင်းနဖူးနား ချည်းကပ်လာပြီး ညင်သာစွာ ထိရှပ်လိုက်သည်။
ကျင်းယွင်ကျောင်း၏မျက်နှာသည် ကားထဲမဝင်ခင် အနည်းငယ်နီမြန်းသွားတော့၏။
ရှုဝမ်ချန်းမှာ တရှူးရှူးတရှဲရှဲဖြင့် ကျန်ခဲ့လေသည်။ သူသည် လီရှောက်ယွင်အား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
“မင်းသူနဲ့ဝေးဝေးနေစမ်း”
ရှုဝမ်ချန်း အလွန်ပင် မကျေမနပ်ဖြစ်နေ၏။ လီရှောက်ယွင်အား ဆွဲထိုးချင်နေမိသည်။
ကျင်းယွင်ကျောင်းသည် ဦးလေးအရင်းဖြစ်သော သူ့ကိုပင် ခပ်တန်းတန်းနေလေသည်။ ဤကောင်လေးတွင် အဘယ်သို့သော ဆွဲဆောင်မှုမျိုးရှိသောကြောင့် သူ့အနားရောက်လျှင် သူမ၏သတိများအားလုံးကို ခဝါချလိုက်ရသနည်း?
“ဦးလေး၊ အားကျောင်းက ကျွန်တော့်ရဲ့အနာဂတ်ဇနီးလောင်းပါ၊ သူနဲ့ဝေးဝေးနေလို့ဘယ်ဖြစ်မလဲဗျ မဟုတ်ဘူးလား?”
လီရှောက်ယွင် နှုတ်ခမ်းစွန်းများ ကော့ညွှတ်နေသည်။ ထိုအပြုံးမှာ အဓိပ္ပာယ်ပါလှပြီး ညင်သာစွာ စဥ်းလဲမှုတစ်မျိုး ရှိနေလေ၏။
ရှုဝမ်ချန်းသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုလိုက်သည်။
“ရှောင်ကျောင်းက ငယ်သေးတော့ လှည့်စားခံရဖို့လွယ်တယ်၊ အရင်တုန်းက သူ့ကိုကူညီပေးဖို့ လူကြီးသူမမရှိခဲ့ပေမယ့် အနာဂတ်မှာ ရှိလာပြီ၊ မင်းက သူ့အနာဂတ်ခင်ပွန်းလောင်း ဖြစ်လာနိုင်တယ်လို့ တပ်အပ်ပြောလို့မရသေးဘူး!”
Space and Rebirth 944
ရှုဝမ်ချန်းသည် ဤအချိန်တွင် လီရှောက်ယွင်အား လုံးလုံးမျက်မုန်းကျိုးနေလေပြီ။ လီရှောက်ယွင်မှာ မကောင်းသောအကြံအစည်များရှိနေသည့် မြာပွေသူတစ်ဦးသာဖြစ်ပြီး မိန်းကလေးငယ်များကို ပစ်မှတ်ထားမြှူဆွယ်နေသူဟု သူ၏စိတ်ထဲတွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
သူသည် အထင်သေးဟန်ဖြင့် လီရှောက်ယွင်အား ကြည့်လိုက်ပြီး လီရှောက်ယွင် နောက်ဆုတ်သွားရန် အကြည့်ဖြင့် တိုက်ခိုက်နေတော့သည်။
“အနာဂတ်မှာ သူဘယ်သူ့ကို လက်ထပ်မလဲဆိုတာ ဒုတိယဦးလေးရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး၊ အိမ်ပြန်ပြီး အကြီးအကဲရှုကိုသာမေးလိုက်ပါ ဦးလေးဘက်မှာရှိလား ကျွန်တော့်ဘက်မှာရှိမလားဆိုတာ သိရတာပေါ့”
လီရှောက်ယွင်၏မျက်လုံးများသည် မှောင်ရိပ်သန်းနေပြီး သူ၏အနီးတွင် အေးစက်သောအရှိန်အဝါတစ်ခုက ဖုံးလွှမ်းနေသည်။
လွန်ခဲ့သောနှစ်နှစ်အတွင်း သူသည် အကြီးအကဲရှုအား အလွန်လေးစားယဥ်ကျေးစွာ ဆက်ဆံခဲ့၏။ ဤကမ္ဘာပေါ်တွင် ကျင်းယွင်ကျောင်းနှင့် ထိုက်တန်သူအခြားမရှိကြောင်း အကြီးအကဲရှု ကောင်းကောင်းသိလေသည်။ အကြီးအကဲရှုသည် တစ်ခါတစ်ရံတွင် သူ့အား မျက်စိစပါးမွေးစူးစရာဟုမြင်တတ်သော်လည်း ၎င်းမှာ သူ၏စိတ်ကြီးမှုကြောင့်သာဖြစ်သည်။ ကျင်းယွင်ကျောင်းနှင့်ပတ်သတ်လာလျှင် အကြီးအကဲရှု၏အမြင်အာရုံများသည် အခြားသူများအားလုံးထက် ရှင်းလင်းနေတတ်သည်။ ကျင်းယွင်ကျောင်းမှာ သူ့အပေါ်ကောင်းကြောင်းကို မြင်နေပေသည်။
“ငါ့အဖေအကြောင်း လာမပြောနဲ့၊ ပြီးတော့ ငါ့ကို ဒုတိယဦးလေးလို့ ခေါ်ခွင့်ပေးထားလို့လား?”
ရှုဝမ်ချန်း သွေးအန်လုမတတ်ဖြစ်နေလေပြီ။
“ခွင့်ပြုပြု မပြုပြု ဒုတိယဦးလေးထွက်ပြေးလို့မရပါဘူး”
လီရှောက်ယွင် ပြုံးနေဆဲဖြစ်သည်။
ကျင်းယွင်ကျောင်းမှာ အမှန်တကယ်ပင် ရှုမိသားစုနှင့် အမျိုးတော်စပ်ကြောင်း သိရှိပြီးနောက် သူသည် ချက်ချင်းဆိုသလို ရှုမိသားစု၏ဦးလေးနှစ်ယောက်အကြောင်းကို စုံစမ်းထားခဲ့သည်။ သူတို့၏နောက်ကြောင်းများအရ လီရှောက်ယွင်သည် သူတို့အကြောင်း ကောင်းကောင်းသိနေလေသည်။
ရှုယွမ်ထက်မှာ အနည်းငယ်အသက်ကြီးလေပြီ။ သူသည် ပို၍ရင့်ကျက်ပြီး အကျိုးအမြတ်တွက်ချက်တတ်ကာ အရည်အချင်းကို အာရုံစိုက်ကြည့်တတ်သူဖြစ်၏။ လီရှောက်ယွင်သာ သူနှင့်အဆင်ပြေလိုလျှင် အင်အားကြီးရပေမည်။ ဤကိစ္စနှင့်ပတ်သတ်၍ စိတ်ပူစရာမရှိပါချေ။ လီမိသားစုမှာ စစ်ဘက်ဆိုင်ရာ မိသားစုတစ်စုဖြစ်သဖြင့် အင်အားအရရော စွမ်းအားအရင်းအမြစ်အရပါ မချို့တဲ့သူများဖြစ်၏။ သူတို့၏နောက်ခံဖြင့်ဆိုလျှင် ရှုယွမ်ထက် အားရကျေနပ်လိမ့်မည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း စစ်တပ်ထဲတွင် ရာထူးရာခံရှိသောကြောင့် အင်အားအာဏာနှင့်ပတ်သတ်လာလျှင် စာဖွဲ့စရာမရှိပေ။ သြဇာအာဏာနှင့်ပတ်သတ်လာလျှင် ရှုယွမ်ထက်ပင် သူ့အား အနိုင်မယူနိုင်လောက်ရာ။
ရှုဝမ်ချန်းအတွက်မူ...
သူသည် အသက်ငယ်သေးပေသည်။ စီးပွားရေးလောကတွင် ကျင်လည်သောသူဖြစ်ပြီး ကြီးကြီးမားမားပြသာနာများကို မရင်ဆိုင်မကြုံဆုံဖူးချေ။ ထို့ကြောင့် သူသည် ထောင့်မကျိုးသောနေရာများရှိသေး၏။ ထိုသို့သောသူအား ဆက်ဆံရာတွင် ရေလိုက်ငါးလိုက်ပြောဆိုပါက သူသာ ပို၍ပင် မာန်တက်သွားနိုင်သည်။ တစ်ဖက်လူက အမှန်တကယ် အရည်အချင်းရှိသူဖြစ်လျှင်ပင် အထင်သေးသောအကြည့်ဖြင့်သာ ကြည့်မည့်သူမျိုးဖြစ်၏။ ထို့ကြောင့် သူ၏မာန်စွယ်ကို အင်အားဖြင့် အရင်ချိုးရပေမည်။
လီရှောက်ယွင်သည် ရှုဝမ်ချန်းထက် လေးနှစ်ငယ်သော်လည်း ရဲစွမ်းသတ္တိအရာတွင် ရှုဝမ်ချန်းမှ သူ့အား မယှဥ်နိုင်ပါချေ။
သူသည် ငယ်စဥ်ကတည်းက အခြားသူများနှင့်မတူ အန္တရာယ်များသောဘဝကို ဖြတ်သန်းခဲ့ရ၏။ ရာချီသောစစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ပြီး အချိန်အများစုအား တိုက်ခိုက်ရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ သူမကြုံခဲ့ဖူးသော လူစားမျိုးမရှိချေ။ ရှုဝမ်ချန်းသည် အမှန်တကယ်ပင် ထူးချွန်ကာ အရည်အချင်းရှိသော်လည်း လိုအပ်နေသောအရာတစ်ခုရှိပေသည်။ သူသည် လီရှောက်ယွင်ကဲ့သို့ အနိမ့်အမြင့်အတက်အကျများကို မခံစားခဲ့ရဖူးချေ။
နောက်နှစ်အနည်းငယ်ကြာလျှင်မူ ရှုဝမ်ချန်းသည် ယခုထက် စိတ်အားသန်မာလာပြီး ပို၍တည်ငြိမ်လာနိုင်ပေသည်။ ယခုတော့ မဟုတ်ပေ။
လီရှောက်ယွင်၏အကြည့်ကြောင့် ရှုဝမ်ချန်း တစ်မျိုးဖြစ်သွားသည်။ ဤနှစ်ပေါင်းများစွာအတွင်း သူသည်သာ အခြားသူများကို အကဲခတ်အထင်သေးသောအကြည့်ဖြင့် ကြည့်တတ်၏။ မည်သူကမှ သူ့အား ဤကဲ့သို့ မကြည့်ရဲခဲ့ဖူးချေ။ သို့ရာတွင် လီရှောက်ယွင်ထံမှ ဖိအားအငွေ့အသက်တစ်မျိုးကို ခံစားနေရသည်။
တစ်ဖက်လူသည် ငယ်နေသော်လည်း သူ့အား နှိပ်ကွပ်နိုင်နေပေသည်။
ဤအရာကို စဥ်းစားလိုက်သောအခါ ရှုဝမ်ချန်းမျက်လုံးများထဲတွင် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ရုတ်ချည်းဆိုသလို လီရှောက်ယွင်၏နာမည်ကို မှတ်မိသွား၏။ သို့ရာတွင် ချက်ချင်းဆိုသလိုပင် မယုံကြည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြန်သည်။
လီရှောက်ယွင်မှာ စစ်နတ်ဘုရားဟု တင်စားခေါ်ဝေါ်ခံရသော လီကျွန်းဝေ၏မြေးဖြစ်သည်။ လီကျွန်းဝေသည် သူ့ထက် နှစ်အနည်းငယ်ခန့် အသက်ကြီးသဖြင့် လီကျွန်းဝေ၏ အောင်မြင်မှုများကို ကြားဖူးနေလေသည်။
လီရှောက်ယွင်သည် မွေးစကတည်းကပင် လီကျွန်းဝေ၏ပျိုးထောင်ခြင်းကို ခံခဲ့ရပြီး အရွယ်ရောက်လာသောအခါ မြောက်ပိုင်းစစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံခဲ့ရသည်။ ဝံပုလွေအုပ်ထဲတွင် ကြီးပြင်းလာခြင်းဟု ပြောနိုင်ပေသည်။ မူလတန်းအရွယ်ကတည်းပင် အမဲလိုက်သတ်ဖြတ်ခြင်းအတတ်ပညာကို သင်ယူနေလေပြီ။ သို့ရာတွင် စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ နေခိုင်းပြီးနောက် လီကျွန်းဝေသည် သူယခင်ကသိခဲ့သော သိုင်းပညာရှင်တစ်ဦးအား ရှာကာ လီရှောက်ယွင်အား ထိုသူထံတွင် တပည့်ခံခိုင်းခဲ့သည်။ ထို့နောက် လီရှောက်ယွင်သည် ထိုပညာရှင်၏ တပည့်အဖြစ် နှစ်အနည်းငယ် နေထိုင်ခဲ့လေသည်။
ဤအကြောင်းပျံ့နှံ့သွားရသော အကြောင်းရင်းမှာ လီကျွန်းဝေမှ လီရှောက်ယွင်အား တပ်ထဲလွှတ်စဥ်က လီမျိုးနွယ်လင်မယားနှစ်ဦးသည် အချိန်အတော်ကြာ သောင်းကျန်းခဲ့ခြင်းကြောင့်ဖြစ်သည်။ လူများစွာက ဤအကြောင်းကို ကြားဖူးနေကြပေသည်။
လီကျွန်းဝေသည် စိတ်ကြီးကြောင်း၊ ရဲစွမ်းသတ္တိပြည့်ကြောင်း အဖေက ပြောခဲ့ဖူးသည်ကိုလည်း သူမှတ်မိသည်။ လီကျွန်းဝေသည် မိမိ၏နှလုံးသားတံခါးကို ဖွင့်ခဲသောသူဖြစ်ပေ၏။