အခန်း (၉၄၅-၉၄၈)
Vol. 48 Ch. 945-948
Space and Rebirth 945
လီရှောက်ယွင်အလုပ်သင်နေချိန်တွင် လီမိသားစုအကြီးအကဲသည် ပညာရှင်မျိုးစုံကိုရှာဖွေကာ သူ့ထံသို့လွှတ်ခဲ့၏။ ထို့ကြောင့် လီရှောက်ယွင်သည် သိုင်းပညာကျွမ်းကျင်ရုံမက လက်နက်များအကြောင်းကောင်းကောင်းနားလည်ကာ သေနင်္ဂပညာကိုကျွမ်းကျင်ပြီး ဗျူဟာချရာ၌ ထူးချွန်သည်။ လီကျွန်းဝေသည် သူ၏မြေးအား စစ်နတ်ဘုရားအသစ်ဖြစ်လာစေရန် လက်သပ်မွေးမြူနေသည်ဟုပင် အကြီးအကဲရှုမှ နောက်ပြောင်ခဲ့သေးသည်။
သို့ရာတွင် ထိုအချိန်က လီကျွန်းဝေ၏လုပ်ရပ်များကို မလိုလားအပ်သောအရာဟု လူအများကထင်ခဲ့ကြသည်။ သူသည် သူ၏မြေးလေးအား အရွယ်နှင့်မလိုက်အောင် နှိပ်စက်နေသည်ဟု မြင်ခဲ့ကြ၏။ ဤသည်မှာ ရှေးခေတ်ကအတိုင်းဆိုလျှင် လီရှောက်ယွင်တွင် အရည်အချင်းရှိပါက မည်သည့်အသက်အရွယ်တွင်မဆို နာမည်ကျော်ကြားပြောင်မြောက်မည်မှာ ဧကန်မုချပင်။ သို့သော် လက်ရှိခေတ်တွင် ဤသည်မှာ မဖြစ်နိုင်သောအရာဖြစ်၏။
လီရှောက်ယွင်၏သတင်းများ ဟိုးလေးတကျော်ကျော်ဖြစ်သည်မှာ အသက် ၁၆ နှစ်သားအရွယ်တွင် ရပ်တန့်သွားခဲ့သည်။ နောက်ပိုင်းတွင် သူနှင့်ပတ်သတ်၍ သတင်းများများစားစားမကြားရတော့ချေ။ လီကျွန်းဝေသည်လည်း အပြင်လူများရှေ့တွင် လီရှောက်ယွင်အကြောင်း ပြောဆိုခြင်းမရှိတော့သဖြင့် တဖြည်းဖြည်းဖြင့် သူသည် သူနှင့်သက်တူရွယ်တူ လူငယ်မျိုးဆက်များ၏ မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားလေတော့သည်။ ထိုစဥ်က အကြီးအကဲလီသည် သူ၏မြေးအား လူမသိသူမသိ ကိုယ်ရည်သွေးနေသည်ဟု အကြီးအကဲလီ၏မိတ်ဆွေအချို့မှ ပြောခဲ့သေးသည်...
ရှုဝမ်ချန်း၏နှုတ်ခမ်းစွန်းများတွန့်သွားသည်။ သူသည် တစ်ချိန်တစ်ခါက အဘိုးပြုသမျှနုနေရသော ဤကလေးအား သနားစိတ်ဝင်ခဲ့မိဖူးသည်။ သို့သော် ထိုစဥ်က သူမသိခဲ့သောအရာမှာ တစ်နေ့တွင် ထိုကလေးသည် သူ၏ရှေ့မှောက်တွင်ရပ်ပြီး သူရှုဝမ်ချန်း၏ တူသမက်ဖြစ်လာလိမ့်မည်ဟူသောအချက်ကို ဖြစ်၏။
“လီမိသားစုက လီကျွန်းဝေက မင်းအဘိုလား?”
ခေတ္တအကြာတွင် ရှုဝမ်ချန်းမေးလိုက်သည်။
ထိုသို့ဆိုလျှင် လီရှောက်ယွင်သည် အမှန်တကယ်ပင် အထက်တန်းလွှာမိသားစုမှ သခင်လေးတစ်ဦးဖြစ်၏။
လီမိသားစုသည် နှစ်ထောင်ချီပညာအမွေအနှစ်ကို လက်ဆင့်ကမ်းလာသည့် ရှုမိသားစုလောက် အင်အားမကြီးသော်ငြား ယခုအချိန်တွင် လွန်စွာနာမည်ကျော်ကြားနေသော မိသားစုဖြစ်သည်။
“ဟုတ်ပါတယ်”
လီရှောက်ယွင် မကွယ်မဝှက်ဖြေလိုက်သည်။
ရှုဝမ်ချန်းမှ လီရှောက်ယွင်အား ကြည့်နေသောပုံစံပြောင်းလဲသွားသည်။ ယခင်က လူများစွာအာရုံစိုက်ခံရသော ထူးဆန်းသည့်ကလေးငယ်သည် သူ၏ရှေ့မှောက်ရှိ ယောက်ျားငယ်တစ်ဦးဖြစ်နေချေပြီ။ သို့ရာတွင် သူငယ်စဥ်ကသာ နာမည်ကျော်ကြားခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူသည် သောက်စားပျော်ပါးနေသော သူဌေးသားသခင်လေးတစ်ဦးဖြစ်နိုင်သည်မဟုတ်လော?
“မင်းကလီမိသားစုဝင်တစ်ယောက်ဆိုရင်တောင် ငါ့သဘောထားကို မပြောင်းနိုင်ဘူး၊ ရှောင်ကျောင်းက အချစ်အကြောင်းပြောဖို့ အရမ်းငယ်သေးတယ် အနာဂတ်မှာ သူလက်တွဲဖော်အသစ်တွေရှာမှာကို ငါကန့်ကွက်မှာမဟုတ်ဘူး မင်းသာ လီမိသားစုနောက်ခံကို အသုံးချပြီး ရှောင်ကျောင်းကို ဖိအားပေးဖို့ကြိုးစားရဲရင် ကြိုးစားကြည့်လိုက်”
ရှုဝမ်ချန်းချက်ချင်းဆိုသလို ခြိမ်းခြောက်စကားပြောလိုက်သည်။
လီရှောက်ယွင်သည် ပါးစပ်အဟောင်းသားဖြင့် သူ့အား ဝေ့ကြည့်လိုက်၏။
“ဒုတိယဦးလေး သူ့ကိုတခြားယောက်ျားလေးတွေနဲ့ ပေးတွေ့မှာကို နည်းနည်းမကျေနပ်ပေမယ့် အားကျောင်းကို ကျွန်တော်အပြည့်အဝယုံကြည်တာမို့ ဦးလေးကြိုးစားကြည့်လို့ရတယ်၊ ဦးလေးအောင်မြင်တယ်ဆိုရင်တော့...ဟက်...အဲ့အချိန်ကျမှ ကျွန်တော့်ကိုပြောချင်သလိုပြောပေါ့”
လီရှောက်ယွင်သည် မျက်ခုံးကိုပင့်ကာ တိတ်တခိုးခေါင်းခါလိုက်သည်။ ထို့နောက် သူသည် သူ၏ကားဆီသို့ လမ်းလျှောက်ပြန်တော့၏။
အားကျောင်းမှ သူ့အပေါ်စိတ်သဘောထားပြောင်းလဲလာစေရန် သူသည် ဤနှစ်ပေါင်းများစွာတစ်လျှောက် မည်မျှကြိုးစားခဲ့ရသနည်း? ရှုဝမ်ချန်းသည်သာ အားကျောင်း၏စိတ်ကိုပြောင်းလဲစေနိုင်သောသူ ရှာတွေ့နိုင်လျှင် သူသည် ကျေကျေနပ်နပ်လက်လွှတ်လိုက်ပေမည်။
ကျင်းယွင်ကျောင်း၏နှလုံးသားသည် ပကတိတည်ငြိမ်နေသော ရေအိုင်ငယ်အလားဖြစ်၏။ ပတ်ဝန်းကျင်အဖက်ဖက်ကို တံတိုင်းများဖြင့်ကာရံထားပြီး လေဒဏ်မိုးဒဏ်မခံရချေ။ အပြင်လောကရှိ မည်သည့်အရာမှ မဝင်နိုင်သောနေရာဖြစ်၏။ သူသည် ကျင်းယွင်ကျောင်းစိတ်ထဲတွင် ခံစားချက်အနည်းငယ်ဖြစ်ပေါ်စေရန် တတ်နိုင်သမျှကြိုးစားခဲ့ရသည်။ ထိုသို့လုပ်ရန်လည်း ပထမဆုံးအနေဖြင့် သူ့တွင် အရည်အချင်းရှိရမည်။ ဒုတိယအချက်အနေဖြင့် အားကျောင်း၏အကြိုက်နှင့် တွေ့ရဦးမည်ဖြစ်၏။
အခြားလူများကြားထဲတွင် မိသားစုနောက်ခံဖြစ်စေ၊ ရုပ်ရည်ဖြစ်စေ၊ စရိုက်ဖြစ်စေ သူ့လောက် အားကျောင်းနှင့်လိုက်ဖက်သောသူကို ရှာတွေ့ရန် မဖြစ်နိုင်သလောက်နီးပါးရှိလေသည်။
အထက်တန်းလွှာအသိုင်းအဝိုင်းတွင် သူမနှင့်သက်တူရွယ်တူ သခင်လေးများစွာရှိသော်ငြား သူမအား လွတ်လပ်ခွင့်အပြည့်အဝပေးပြီး ကာကွယ်ပေးနိုင်သောသူ တစ်ယောက်မျှမရှိပါချေ။
လီရှောက်ယွင်၏ကျောပြင်သည် ခိုင်ခံ့ဖြောင့်တန်း၏။ သူ၏မျက်နှာကို မမြင်ရသောအချိန်တွင်ပင် သူ၏ခန္ဓာကိုယ်အချိုးအစားကြောင့် အမျိုးသမီးများစွာ၏အာရုံကို ဖမ်းစားနိုင်ပေသည်။
ရှုဝမ်ချန်းသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး နေမထိထိုင်မသာဖြစ်သလို ခံစားလိုက်ရ၏။ ဤတစ်ခေါက်တွင် သူသည် လီရှောက်ယွင်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သူ့အား ကြိုးစားကြည့်နိုင်သည်ဟု လီရှောက်ယွင်ပြောခဲ့သည်မဟုတ်လော? ထိုသို့ဆိုလျှင် သူသည်လည်း အားနာတော့မည်မဟုတ်ချေ။ မြို့တော်ထဲတွင် လူကောင်းသူကောင်း လူငယ်များစွာရှိ၏။ ဤလူများကြားတွင် တူမလေး၏နှလုံးသားအား ထိခတ်နိုင်သောသူ အနည်းဆုံးတစ်ဦးလောက်ရှိရပေမည်! ယွင်ကျောင်းမှ သူ၏မိခင်ခြေရာအတိုင်း မလိုက်ရန် သူသည် အထူးသတိထားရန် ဆုံးဖြတ်လိုက်၏။
ရှုဝမ်ချန်းသည် ဒေါသတကြီးဖြင့် ရှုမိသားစုဆီပြန်ခဲ့၏။ ကျင်းယွင်ကျောင်းနှင့် ပိုင်ယွီအန်းမှာ စားသောက်ဆိုင်တစ်ဆိုင်ရှာထိုင်ပြီး စကားပြောနေကြလေပြီ။
Space and Rebirth 946
“ဘာလို့ဒီအင်တာနက်ကုမ္ပဏီကို အရမ်းအထင်ကြီးနေတာလဲ? အမှန်အတိုင်းပြောရရင် ထောက်တက်နေကြတဲ့ အင်တာနက်ကုမ္ပဏီကြီးတွေအများကြီးရှိတယ် ကုမ္ပဏီအသေးစားလေးဖြစ်ရတာကိစ္စမရှိပေမယ့် ကုမ္ပဏီအကြီးတွေနဲ့ ပြိုင်တုဖို့တော့ခက်တယ် ဒီကုမ္ပဏီလေးက သေချာပေါက် အဖိနှိပ်ခံရမှာ၊ ဒီကုမ္ပဏီလေးကိုဝယ်ဖို့ ငွေကုန်ကြေးကျမများဘူးဆိုပေမယ့် အခြေခိုင်ပြီးသား ကုမ္ပဏီကြီးတွေဆို ပိုစိတ်ချရတာပေါ့...”
ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းဆီမှ စာရွက်စာတမ်းများကိုယူကြည့်ပြီး ဇဝေဇဝါဖြစ်သွားသည်။
သူမအဘယ်ကြောင့် အင်တာနက်နည်းပညာနယ်ပယ်ထဲသို့ ခြေဆန့်ချင်ရသည်ကို နားလည်ရမခက်ပါပေ။ သူမသည် လူငယ်လူရွယ်ဖြစ်သဖြင့် အင်တာနက်နှင့် ပိုပြီးနီးကပ်မှုရှိသည်မဟုတ်လော။
သို့ရာတွင် ဤကုမ္ပဏီကြီးများထံမှ အမြတ်ဝေစုရရန် ခဲယဥ်း၏။
“ဒီကုမ္ပဏီနဲ့ပတ်သတ်ပြီး သိထားတာတချို့ရှိတယ်၊ သူတို့အဖွဲ့က အရမ်းကိုအရည်အချင်းရှိကြတာ၊ အစ်ကိုပိုင်... သူတို့ကုမ္ပဏီအခြေအနေက သိပ်မကောင်းဘူး အစ်ကိုအရင်သွားကြည့်ကြည့်မလား”
ကျင်းယွင်ကျောင်းအကြံပြုလိုက်သည်။
ဤကုမ္ပဏီအား သူမမျက်စိကျသွားရသောအကြောင်းရင်းမှာ သူမသည် ယခင်ဘဝက ထောင်ထဲတွင် ဤကုမ္ပဏီနှင့်ပတ်သတ်၍ သတင်းများဖတ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထောင်ထဲတွင် တီဗီ၊ ကွန်ပြူတာများမရှိသော်လည်း သူမဖတ်ခဲ့ဖူးသော သတင်းစာများမှ သတင်းအစအနများကို ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့၏။
ယခင်ဘဝတွင် ဤကုမ္ပဏီသည် ပြည်တွင်း၌ မရပ်တည်နိုင်ခဲ့ချေ။ မည်သူကမှ ဤကုမ္ပဏီ၏ အလားအလာကို မမြင်ခဲ့သောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် ပြည်ပစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ထိုကုမ္ပဏီလေးအား ရင်းနှီးမြုပ်နှံလိုက်သောအခါ မကြာမီတွင် သူတို့ထုတ်လုပ်သောပစ္စည်းများသည် အလွန်တန်ဖိုးကြီးသောအရာများဖြစ်သွားခဲ့၏။ သို့ရာတွင် ထိုအမြတ်ငွေများသည် ပြည်ပလုပ်ငန်းရှင်၏ လက်ထဲသို့သာ ရောက်သွားခဲ့ပေသည်။ ရင်းနှီးမြုပ်နှံသူသည် ငွေမြိုးမြိုးမြက်မြက်ရရှိပြီးနောက် တရုတ်လုပ်ငန်းရှင်များအား အမြင်ကျဥ်းသောသူ၊ ထုံအသောသူများအဖြစ် ကဲ့ရဲ့ခဲ့လေသည်။ ဤကိစ္စကြောင့် လူများစွာသည် နောင်တလည်းရ ဒေါသလည်းထွက်ခဲ့ရ၏။
သူမသည် အကြောင်းအရင်းကောင်းကောင်းမရှိဘဲ အခြားသူလက်ထဲမှအရာကို လွယ်လွယ်လုယူသောသူမဟုတ်ပါပေ။ အနာဂတ်တွင် သူမရင်းနှီးမြုပ်နှံချင်သည့် ကုမ္ပဏီအတွက်လည်း သူမသည် မိမိနှင့် ပိုင်ယွီအန်း၏အရည်အချင်းအပေါ် ယုံကြည်ချက်ရှိ၏။ ယခင်ဘဝက သူမ၏အတွေ့အကြုံများမရှိခဲ့လျှင်ပင် ယခုအချိန်တွင် သူတို့သည် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ဦးမည်ဖြစ်သည်။
ကျင်းယွင်ကျောင်းမှ ဤကိစ္စနှင့်ပတ်သတ်ပြီး တစ်ပြားသားမှ လက်မလျှော့သည်ကိုမြင်လိုက်ရသောအခါ ပိုင်ယွီအန်းသည် ဤကုမ္ပဏီအား စိတ်ဝင်စားသွား၏။
“ကုမ္ပဏီရုံးခွဲဖွင့်မယ့်နေရာကို ရွေးပြီးသွားပြီ တစ်ချက်ကြည့်ကြည့်ပါလား”
ပိုင်ယွီအန်းသည် နောက်ထပ်ဆွေးနွေးရမည့်ကိစ္စတစ်ခုကို ဆက်ပြောလိုက်၏။
ကျင်းယွင်ကျောင်းမျက်နှာထားသည် တည်ကြည်နေ၏။ သို့ရာတွင် သူမသည် ပိုင်ယွီအန်၏ရွေးချယ်မှုအပေါ် အလွန်နှစ်ထောင်းအားရရှိနေလေသည်။
“အင်း ကောင်းသားပဲ”
နေရာကောင်းဖြစ်ရုံမက ကျယ်ကျယ်ဝန်းဝန်းလည်းရှိသည်။ ထို့အပြင် သူတို့သည် မြို့တော်ထဲတွင် ကိုယ်စားလှယ်ဆိုင်ခွဲအနည်းငယ်ခန့် ထပ်ဖွင့်ရန် ပြင်ဆင်ထားသေး၏။ အစီအစဥ်များအားလုံးမှာ သေသပ်ပြီး ငွေစာရင်းများမှာလည်း ရှင်းလင်းပေသည်။
“ဒါပေမယ့် ယွင်ကျောင်း သူဌေးဖြစ်တဲ့အကြောင်းကို တစ်သက်လုံးဖုံးကွယ်ထားမလို့လား? ဒီကိစ္စကိုရှင်းပြဖို့ စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုလုပ်လိုက်မယ် တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရုံးခွဲဖွင့်ဖို့ လူတွေအာရုံစိုက်စရာဖြစ်မှာပေါ့ လူသိများလာတာနဲ့ မင်းက သူဌေးဆိုတာကို လူသိရှင်ကြားပြောလိုက်မယ် ဘယ်လိုထင်လဲ?”
ပိုင်ယွီအန်းမေးလိုက်၏။
ယခင်ကဆိုလျှင် ပိုင်ယွီအန်းမှာ သူဌေးမဟုတ်ဟု ငြင်းလျှင်ပင် ပြသာနာကြီးကြီးမားမားမရှိချေ။ သို့သော် အခြေအနေများ ပြောင်းလဲသွားပေပြီ...
ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအဖြစ် စာရင်းမသွင်းရသေးသဖြင့် ရှယ်ယာစျေးအတွက် စိတ်ပူစရာမလိုပေ။ အာဏာအားလုံး သူ၏လက်အောက်တွင် ရှိသည့်ပုံပေါက်သော်လည်း ကျင်းယွင်ကျောင်းမရှိလျှင် ကုမ္ပဏီသည် ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။ ယခုတွင် ကုမ္ပဏီဝန်ထမ်းများနှင့် ဖွဲ့စည်းပုံစနစ်များလည်း တည်ငြိမ်သွားပြီဖြစ်သောကြောင့် သူမသူဌေးဖြစ်ကြောင်း ဖော်ထုတ်လျှင်ပင် ကုမ္ပဏီအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်စရာမရှိတော့ချေ။ ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်အံ့အားသင့်သွားရုံသာရှိမည်။
“အဲ့လောက်မြန်မြန်ကြီးလား?”
ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။
အပြင်လောကအား ကြေညာလိုက်သည်နှင့် သူမ၏ငြိမ်းချမ်းသောနေ့ရက်များလည်း ပြီးဆုံးသွားချေမည်။
“မမြန်ပါဘူး မကြာခင်မှာ မင်းကအသက်ပြည့်တော့မှာမှတ်လား? အချိန်ကကွက်တိပဲ ဒါပေမယ့် စိတ်မပူပါနဲ့ ငါ့ပါးစပ်ငါထိန်းပြီး မင်းလျှို့ဝှက်ချက်မပေါက်ကြားအောင် ကြိုးစားပေးမယ်”
ပိုင်ယွီအန်းပြုံးကာ ဂုဏ်ယူသောအကြည့်ဖြင့် ကျင်းယွင်ကျောင်းအားကြည့်လိုက်၏။ သူသည် ကျင်းယွင်ကျောင်းကဲ့သို့ ကောင်မလေးတစ်ဦးအား ဤမျှလောက် သစ္စာရှိနိုင်လိမ့်မည်ဟု မိမိကိုယ်ကိုမထင်ထားခဲ့ချေ။ ဤကောင်မလေးသည် သူ့ထက် အသက်အရွယ်အရ များစွာငယ်သော်လည်း သူလိုက်မမီနိုင်သော အရည်အချင်းနှင့် စွမ်းဆောင်ရည်များ အတိုင်းမသိနိုင်အောင်ရှိ၏။
“အင်း အစ်ကိုပြောတဲ့အတိုင်းလုပ်လိုက်မယ်လေ”
ကျင်းယွင်ကျောင်းပြန်ပြောလိုက်သည်။ သူမအရှေ့ရှိ လက်ဖက်ရည်ခွက်မှ အငွေ့များထွက်နေ၏။ ၎င်းကိုကြည့်ရင်း သူမပြောလိုက်သည်။
“လက်ဖက်ရည်ဆိုင်အတွက်ကတော့...လက်ဖက်ခင်းတစ်ခုကို ဆက်သွယ်ဖို့ စူးရုံကိုပြောပြီး ကုမ္ပဏီကို ပုဂ္ဂလိကစာရင်းသွင်းလိုက်လေ...”
လက်ဖက်ရည်ဆိုင်သည် ယခင်ကတည်းက နေရာလွတ်နယ်မြေထဲမှပစ္စည်းများဖြင့် လည်ပတ်ခဲ့၏။ သို့ရာတွင် ဤနည်းလမ်းသည် ကြာရှည်မခံနိုင်ပေ။ ထို့ကြောင့် လက်ဖက်ခင်းတစ်ခုရှာလိုက်သည်က အကောင်းဆုံးဖြစ်မည်။
ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကိုလည်း ကုမ္ပဏီငယ်နှစ်ခုအဖြစ် ပြန်ခွဲမည်။ ကုမ္ပဏီတစ်ခုအား သစ်သီးဝိုင်နှင့် အခြားသောက်စရာများအတွက် အထူးပြုကုမ္ပဏီအနေနှင့်ထားပြီး ကျန်တစ်ခုကိုမူ ဆေးဖက်ဝင်ဝိုင်နှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ထုတ်လုပ်ရန် ထားပေမည်။ အရာအားလုံးအဆင်သင့်ဖြစ်ချိန်တွင် ကျောက်စိမ်းဝိညာဥ်ဆေးဝါးကုမ္ပဏီနှင့် အသစ်ဝယ်ယူမည့်ကုမ္ပဏီကိုလည်း ကျောက်စိမ်းကုမ္ပဏီများအုပ်စုထဲ ပေါင်းစပ်ထည့်သွင်းပေမည်။
Space and Rebirth 947
ကျင်းယွင်ကျောင်းသည် သူမ၏အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်နှင့်လေပြီ။ ပိုင်ယွီအန်းသည် သူမနှင့်စတွေ့ချိန်မှစ၍ ဤအရာကို ရိပ်မိလေ၏။ သူမနံဘေးရှိ ညာလက်ရုံးအနေဖြင့် သူ၏တာဝန်မှာ ကျင်းယွင်ကျောင်း၏အမိန့်ကို နာယူလိုက်နာရန်ဖြစ်သည်။
ဤအနောက်တိုင်းစားသောက်ဆိုင်ထဲရှိ မီးရောင်များမှာ မှိန်ပျပြီး ခေတ်ဆန်နေ၏။ ဤမီးရောင်အောက်တွင် ကျင်းယွင်ကျောင်း၏လှပသောရုပ်ရည်နှင့် အများနှင့်မတူသောလှုပ်ရှားပုံများမှာ ပို၍ပင်ထင်ရှားနေသည်။
“ရှောင်ပိုင်?”
ဟင်းပွဲများအားလုံး တည်ခင်းပြီးသောအခါ သူတို့နံဘေးတွင် လူရိပ်တစ်ခုဖြတ်လျှောက်သွားပြီး ရုတ်ချည်းဆိုသလို ခေါ်ဆိုလိုက်၏။
ကျင်းယွင်ကျောင်းနှင့် ပိုင်ယွီအန်းသည် မသိလိုက်ဘာသာဖြင့် မော့ကြည့်လိုက်သောအခါ အသက်လေးဆယ်ဝန်းကျင်ယောက်ျားကြီးတစ်ဦးကို မြင်လိုက်ကြရသည်။ သူ၏ပုံစံမှာ အနည်းငယ်ရင့်ကျက်ပုံရသော်လည်း သူ၏မျက်လုံးများမှာ အတန်ငယ်တြိဂံကျသောပုံစံရှိပြီး ရိုးသားဖြောင့်မတ်ဟန်သိပ်မရှိချေ။
ကျင်းယွင်ကျောင်းသည် ဤလူအား တစ်ခါမှ မမြင်ဖူးပေ။ သို့ရာတွင် ပိုင်ယွီအန်း၏မျက်နှာသည် ချက်ချင်းပင် တင်းမာသွားသည်ကို သတိထားမိလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဒေါသများကို မြိုသိပ်ချုပ်တည်းထားသည့်ဟန်ပင်ပေါ်နေသည်။
ဤသုံးနှစ်အတွင်း သူမသည် ပိုင်ယွီအန်းအား ဤပုံစံဖြင့် တစ်ခါမှမမြင်ဖူးချေ။ ပြင်းထန်သောအမုန်းတရားခံစားချက်များသည် ပိုင်ယွီအန်းခန္ဓာကိုယ်မှ ပေါက်ထွက်လုမတတ်ရှိနေသည်။ မြိုသိပ်ထားချင်လျှင်ပင် မြိုသိပ်ထား၍မရပေ။
သေချာစဥ်းစားကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းသည် လူတစ်ယောက်ကို တွေးမိလိုက်သည်။
ယခင်က ပိုင်ယွီအန်းသည် မြို့တော်၌ ငွေအမြောက်အများဆုံးရှုံးခဲ့ရပြီး စိတ်ပျက်လက်ပျက်ဖြင့် အိမ်သို့ပြန်လာရင်း သူမနှင့်တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူတို့သည် ကံကြမ္မာအကြောင်းတိုက်ဆိုင်စွာ တွေ့ခဲ့ရပြီး မြို့တော်ထဲ၌ ပိုင်ယွီအန်း ငွေအမြောက်အများဆုံးရှုံးခဲ့ရခြင်းမှာ လူတစ်ဦးကြောင့်ဖြစ်ပေ၏။
ထိုလူမှာ ထိုစဥ်က ပိုင်ယွီအန်း၏သူဌေးဖြစ်သည်။ ထိုလူသည် ပိုင်ယွီအန်း၏ တက္ကသိုလ်ကျောင်းသားဘဝမှ သူငယ်ချင်းဖြစ်ပြီး ပိုင်ယွီအန်းမိန်းမနှင့် တိတ်တခိုးဖောက်ပြန်ခဲ့၏။ ပိုင်ယွီအန်း၏ အမြွှာသားနှစ်ဦးပင်လျှင် ထိုသူဌေး၏ကလေးများဖြစ်ပေသည်။
“ဥက္ကဌဖန်”
ပိုင်ယွီအန်မျက်နှာသည် သုန်မှုန်နေ၏။ ဓားနှင့်ခက်ရင်းကို ကိုင်ထားသော သူ၏လက်များသည် ကျစ်ကျစ်ဆုပ်လွန်းသဖြင့် လက်ခေါက်များပင် ဖြူဖွေးသွားသည်။ သူ၏လက်ထဲရှိ ဇွန်းခက်ရင်းများပင် သူ့ကြောင့် ကွေးလုမတတ်ရှိနေပေပြီ။
“ရှောင်ပိုင် မင်းမွေးရပ်မြေကိုပြန်သွားတယ်ကြားတယ် အခုမှဘာလို့ပြန်လာတာလဲ?”
ဥက္ကဌဖန်သည် သူ၏ရှေ့မှောက်ရှိလူကိုကြည့်ကာ ရယ်လိုက်သည်။
“လုပ်ကိုင်စားသောက်လို့မရလို့လား? ငါတို့က မိတ်ဆွေဟောင်းတွေလည်းဖြစ်တော့ မင်းအတွက် ငါအလုပ်တစ်ခုရှာပေးရမလား? ဒါပေမယ့် အမှန်အတိုင်းပြောရရင် မင်းအရည်အချင်းက...သာမန်ကာလျှံကာပဲ ရာထူးမြင့်မြင့်တော့မရလောက်ဘူး ဒီလိုလုပ်ပါလား? ငါ့ကုမ္ပဏီကိုလာပြီး ဝန်ထမ်းပေါက်စအနေနဲ့ အလုပ်ဝင်ကြည့်ပေါ့ ဘယ်လိုထင်လဲ?”
ဥက္ကဌဖန်ပြုံးလိုက်သည်။ သူ၏အကြည့်များသည် ပို၍ပင်ယုတ်မာပက်စက်နေဟန်ရှိသည်။
ကျင်းယွင်ကျောင်းသည် မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ယွီအန်းမှာ သူ၏ဇွန်းခက်ရင်းများကိုချပြီး ခံစားချက်များကို ထိန်းချုပ်ရန် တတ်နိုင်သမျှကြိုးစားကာ သူ၏မျက်နှာထားကို လျှော့လိုက်သည်။
“ဥက္ကဌဖန်စိတ်ပူပေးစရာမလိုပါဘူး”
ပိုင်ယွီအန်ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သို့သော် မည်သည့်လူမဆို ဤအရာကို ဂရုမစိုက်နိုင်ရန် ခက်ခဲပေသည်။
ပိုင်ယွီအန်း၏ ပထမဇနီးမှာ သူ၏တက္ကသိုလ်ကျောင်းနေဖက်ဖြစ်၏။ နှစ်ပေါင်းများစွာ ခံစားချက်ရှိခဲ့သောအမျိုးသမီးဖြစ်၍ ပိုင်ယွီအန်းသည် သူမကိုလွမ်းဆွတ်နေဆဲဖြစ်ပြီး နောက်အိမ်ထောင်မပြုရသေးချေ။
ဥက္ကဌဖန်သည် ဂုဏ်ယူဝံ့ကြွားစွာပြုံးပြီး မထီလေးစားဟန်ဖြင့် ပိုင်ယွီအန်းကို ကြည့်လိုက်သည်။
“ရှောင်ပိုင် မင်းလည်း ဘဝရှိသေးတာကို ဘာလို့ဒီလိုတွေလုပ်နေတာလဲ?”
ဥက္ကဌဖန်သည် စကားပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းကိုလှည့်ကြည့်လိုက်သည်။ ထိုသို့လှည့်ကြည့်လိုက်သည်နှင့် သူ၏မျက်လုံးများ ကျွတ်ကျလုမတတ်ဖြစ်သွား၏။
“ဒီညီမလေးက...”
ဥက္ကဌဖန်၏ရွံရှာဖွယ်အကြည့်များကို မြင်လိုက်သောအခါ ပိုင်ယွီအန် ဒေါသူပုန်ထသွား၏။
“ဖန်လီချင်း မင်းရဲ့ရွံစရာအကြည့်တွေကို လွှဲလိုက်စမ်း! ဒီနှစ်တွေတစ်လျှောက် မင်းကိုပြသာနာမရှာဘဲနေနေတာ မင်းကိုကြောက်လွန်းလို့တော့မဟုတ်ဘူး!”
“ဪ? အဲဒါဆို ဘာလို့လဲ? ရှောင်ပိုင် အဲ့တုန်းက မင်းမြို့တော်ထဲကနှင်ထုတ်ခံလိုက်ရတာကို မသိတဲ့သူများရှိသေးလား? ဒီကောင်မလေးကရော မင်းနဲ့ဘာလဲ? မင်းညီမလေးလား မင်းချစ်သူလား?”
ဥက္ကဌဖန်သည် စကားပြောပြောဆိုဆိုဖြင့် သူ၏လက်ကို အိတ်ကပ်ထဲထည့်ကာ မော်ကြွားစွာဖြင့် ပြောလိုက်သည်။
“ကောင်မလေး ပိုင်ယွီအန်းဆိုတာ ငါကိုယ်တိုင်မြို့တော်ထဲက မောင်းထုတ်ထားတဲ့ ခွေးသာသာပဲ သူ့နောက်လိုက်လောက်တဲ့ထိ မင်းဉာဏ်တိမ်တာတော့မဟုတ်ပါဘူးနော်?”
ကျင်းယွင်ကျောင်းသည် မျက်မှောင်ကိုကြုတ်ကာ လှောင်ရယ်သံပြုလိုက်သည်။
“ဥက္ကဌဖန် ရှင့်စကားတွေက ရုပ်နဲ့လိုက်အောင် ဘဝင်မြင့်နေတာပဲ”
ဖန်လီချင်းသည် ၎င်းကိုကြားလိုက်သောအခါ မျက်နှာပျက်သွားသည်။
“စကားလျင်လှချည်လား”
ဥက္ကဌဖန်သည် လှောင်ပြောင်လိုက်ကာ ဆက်ပြောတော့၏။
“ရှောင်ပိုင်မှာ ဘာမက်စရာရှိလဲ? ပိုက်ဆံမဟုတ်ရင် သူ့ခန္ဓာကိုယ်လား? သူကအသက်သုံးဆယ်ဝန်းကျင်ရှိနေပြီ သူ့မှာပိုက်ဆံမရှိတော့ပေမယ့် ရုပ်ရည်လေးကျန်တယ်ပြောရမှာပေါ့ သူနဲ့နေလို့ညီမလေးပဲနစ်နာမှာ ငါကမင်းအတွက် စေတနာနဲ့သတိပေးနေတာ ကျေးဇူးမကန်းနဲ့”
Space and Rebirth 948
သုံးနှစ်ကျော်ကြာပြီဖြစ်သော်လည်း ပိုင်ယွီအန်းနှင့်ပတ်သတ်သောအကြောင်းများကို ဖန်လီချင်း အမှတ်ရနေဆဲဖြစ်၏။
ပိုင်ယွီအန်းသည် အလွန်အရည်အချင်းရှိသူဟု ပြောရမည်။ သူသည် တက္ကသိုလ်ဘွဲ့ရဘဝမှ ကုမ္ပဏီ၏ လက်ထောက်အထွေထွေမန်နေဂျာရာထူးသို့ နှစ်အနည်းငယ်ဖြင့် တက်နိုင်ခဲ့ပေသည်။ ထိုအချိန်က သူသည် လူများစွာ၏ ချီးကျူးမြှောက်စားခြင်းကို ခံခဲ့ရ၏။ ပိုင်ယွီအန်း၏သာလူလတ်တန်းစားမိသားစုနောက်ခံနှင့် အတွေ့အကြုံလိုအပ်မှုကြောင့်သာမဟုတ်ခဲ့လျှင် ဤထက်ပင် အောင်မြင်မှုများစွာ ခူးဆွတ်နိုင်လိမ့်မည်ဟု ပြောခဲ့ကြသည်။
ပိုင်ယွီအန်းသည် ဖန်လီချင်းအတွက် များစွာလုပ်ဆောင်ပေးခဲ့ပြီး သူ၏ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာ ဆောင်ကျဥ်းပေးခဲ့သော်လည်း သူ၏ရာထူးကို ခြိမ်းခြောက်လုဆဲဆဲရှိနေ၏။ ပိုင်ယွီအန်းသည် လိုအပ်သည်ထက် ထူးချွန်လွန်းနေသည်။ သူဌေးဖြစ်သောသူ့ကို ဝန်ထမ်းဖြစ်သော ပိုင်ယွီအန်းနှင့် နှိုင်းယှဥ်ကြသောလူများစွာရှိလာသည်။ သူသည် ထိုအကြောင်းအရာများကိုသိလာသောအခါ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် ပိုင်ယွီအန်းဂုဏ်အယူရဆုံးအရာများဖြစ်သော ပိုင်ယွီအန်း၏ဇနီးနှင့်သားကို လုယူခဲ့လေသည်။
ပိုင်ယွီအန်း ထူးချွန်နေ၍ အဘယ်အရေးနည်း? မြို့တော်ထဲတွင် သူသည် အိမ်ဝယ်ရန် ချေးငွေထုတ်နေရဆဲဖြစ်သည်။ သူသည် ငွေကြေးချို့တဲ့ပြီး ပျော်ရွှင်သောဘဝကို မဆောင်ယူလာနိုင်သောကြောင့် သူ၏ဇနီးဖြစ်သူကလည်း သူ့ကိုမုန်းနေလေပြီ။ အလုပ်ထုတ်ခံရပြီးနောက် သူသည် အသိမိတ်ဆွေများထံတွင် ဦးညွှတ်ခေါင်းငုံ့ရတော့သည်။ သူ့တွင် ဘဝကိုပြန်လည်ထူထောင်ရန် အရည်အချင်းမရှိပါပေ။
ပြောရလျှင် ပိုင်ယွီအန်း၏ဇနီးသည် မိန်းမလှတစ်ဦးဖြစ်၏။ သို့သော် သူ့တွင်လည်း မိန်းမရှိနေချေပြီ။ လက်ရှိမိန်းမအား ကွာရှင်းပြီး ပိုင်ယွီအန်း၏မိန်းမနှင့် အိမ်ထောင်ပြုရန် မဖြစ်နိုင်ပါချေ။ သူ့တွင်လိုအပ်သောအရာဟူ၍ သားတစ်ဦးသာဖြစ်သည်။ ထို့ကြောင့် ပိုင်ယွီအန်ထွက်သွားပြီးသည်နှင့် သူသည် သူ့ဇနီးသည်၏ ဆန္ဒအတိုင်း အမွှာသားနှစ်ဦးကို အိမ်သို့ပေါ်ပေါ်တင်တင်ခေါ်လာကာ ပြုစုပျိုးထောင်တော့သည်။ သို့ရာတွင် သူသည် ပိုင်ယွီအန်း၏မိန်းမအတွက်မူ ငွေအနည်းငယ်သာ ချန်ရစ်ပေးခဲ့သည်။ ထိုကိစ္စအပြီးတွင် သူတို့သည် အကြိမ်အနည်းငယ်သာထပ်တွေ့ခဲ့၏။ သူတို့တွေ့တိုင်းတွင် ထိုမိန်းမသည် မိမိသားကိုပြန်ပေးရန် မပြီးနိုင်မစီးနိုင်ငိုတတ်သဖြင့် သူသည် အလွန်ပင်အာရုံနောက်ခဲ့ရသေးသည်။ ရလဒ်အနေဖြင့် သူသည် ထိုမိန်းမကိုမတွေ့ရသည်မှာ တစ်နှစ်နီးပါးရှိလေပြီ။
ဖန်လီချင်းသည် အတိတ်ကိုပြန်တွေးလိုက်သောအခါ ပို၍ပင်မော်ကြွားသွားသည်။
“ဘဝင်ရူး”
တစ်ဖက်တွင်မူ ကျင်းယွင်ကျောင်းသည် ပျို့အန်ချင်ဖွယ် အကြောင်းအရာတစ်ခုကို ကြားလိုက်ရသည်နှယ် ခပ်ဟဟသာရယ်လိုက်၏။
သူတို့ရှေ့မှောက်တွင် ရှိနေသောလူအား ကျင်းယွင်ကျောင်းသိနေသည်ဟု ပိုင်ယွီအန်းခံစားမိနေသည်။ ကျင်းယွင်ကျောင်းမျက်နှာတွင် ဇဝေဇဝါဖြစ်ဟန်များ၊ သိချင်လိုဟန်များ အနည်းငယ်မျှပင်မရှိချေ။
“ငါကဘဝင်ရူးတယ်? ကောင်မလေး ငါကမင်းအတွက်ပြောပေးနေတာ ဒါကငါ့ရဲ့လုပ်ငန်းကတ်ပဲ ရှောင်ပိုင်က မင်းထင်သလောက် အားကိုးရတဲ့လူမဟုတ်ဘူး၊ သူ့ပုံအစစ်အမှန်ကို မင်းသိလာရင် ငါ့ကိုသာဖုန်းတစ်ချက်ဆက်လိုက်”
ဥက္ကဌဖန်သည် စကားပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းစားပွဲပေါ်တွင် စာရွက်အပိုင်းအစတစ်ခုကို ပစ်တင်ပေးလိုက်၏။ ကျင်းယွင်ကျောင်းသည် လုပ်ငန်းကတ်ပေါ်မှ ကုမ္ပဏီနာမည်ကိုတွေ့လိုက်သည်။ ထိုနာမည်သည် သူမနှင့်စိမ်းနေသောနာမည်မဟုတ်ပေ။
ဤဖန်လီချင်းသည် ကုမ္ပဏီအချို့ကို ဦးစီးပြီး ထိုကုမ္ပဏီများမှာလည်း အသေးစားများမဟုတ်ချေ။ သူသည် မြို့တော်ထဲတွင် လူသိများသောပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သို့ရာတွင် သူ၏ပိုင်ဆိုင်မှုများအားလုံးမှာ သူ့အဖေမျိုးဆက်မှ လက်ဆင့်ကမ်းလာသောအရာများသာဖြစ်သည်။ မဟုတ်ပါက ဤသို့သောအရူးမျိုးသည် သူလက်ရှိပိုင်ဆိုင်သော ချမ်းသာကြွယ်ဝမှုများကို ရရှိနိုင်မည်မဟုတ်ချေ။
ထိုအခိုက်အတန့်တွင် ဖန်လီချင်းသည် လွန်စွာပင်ယုံကြည်ချက်ပြည့်ဝနေပြီး တောက်ပဝင်းလက်သောမျက်နှာဖြင့် ထွက်သွားတော့သည်။
ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းအား ဝေ့ကြည့်ကာ ပြောလိုက်၏။
“အစ်ကိုပိုင် ဒီဖန်လီချင်းက ညီမတို့ ရန်မစဘဲနေလောက်တဲ့ထိ ကြောက်ရမယ့်သူမဟုတ်ဘူး၊ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့ အင်အားတွေအားလုံးက နင်းမြို့တော်မှာ ရှိတယ်ဆိုပေမယ့် ဒီမှာလည်း အင်အားလုံးဝမရှိတာတော့မဟုတ်ဘူးလေ အနာဂတ်ကျရင် သေချာပေါက် သူ့ကိုပြန်တွေ့ရဦးမှာပဲ အဲ့အချိန်ကျရင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီရဲ့အင်အားကိုသုံးပြီး ဒီဥက္ကဌဖန်ရဲ့မျက်ခွက်ကိုရိုက်ရင်တောင် ညီမဒေါသထွက်မှာမဟုတ်ဘူး ညီမကိုယ်တိုင်တောင် သူ့ကိုတစ်ချက်နှစ်ချက်လောက် ဆော်ပစ်ချင်တာ”
ပိုင်ယွီအန်းသည် တည်ငြိမ်ရင့်ကျက်သောသူဖြစ်သော်လည်း လုပ်ရဲကိုင်ရဲသော ဇ လည်းရှိပေသည်။ အစောပိုင်းက သူပြန်ရန်မတွေ့လိုက်ခြင်းမှာ ဖန်လီချင်းအားကြောက်၍မဟုတ်ပေ။ ကျင်းယွင်ကျောင်းအရှေ့တွင်ရှိနေသောကြောင့်ဖြစ်သည်။
သူမရှေ့တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏နာမည်ကို အသုံးချရမည်လော? သူမ၏ယုံကြည်မှုကိုအလွဲသုံးစားလုပ်သလိုဖြစ်ပြီး မိမိကိုယ်ကျိုးအတွက် ကုမ္ပဏီနာမည်အား သုံးသလိုဖြစ်မည်ကို သူကြောက်နေမိ၏။
“ထားလိုက်ပါ ဒီလိုလူမျိုးနဲ့ ထိပ်တိုက်တွေ့လို့ ဘာထူးမှာလဲ? အခုလည်း အစ်ကိုက အဆင်ပြေနေပြီပဲ”
ပိုင်ယွီအန်းပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် စကားတစ်ခွန်းမျှမဟဘဲ ခေါင်းကိုခါယမ်းလိုက်၏။
“အစ်ကိုပိုင် အတိတ်ကိုမမေ့သေးလို့ပဲ ရှန်းကျင်နဲ့ ခပ်ခွာခွာနေနေတာမဟုတ်ဘူးလား?”
ပိုင်ယွီအန်းသည် ၎င်းကိုကြားလိုက်သောအခါ ပြာပြာသလဲဖြစ်ဟန်ပေါက်သွားပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်သွား၏။
“မင်း...ဥက္ကဌကျင်း...”
သူသည် ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်သွားပြီး ကျင်းယွင်ကျောင်းအား ခေါ်ဝေါ်ပုံပင် ပြောင်းလဲသွားသည်။
“ဒါမှမဟုတ် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို အစ်ကိုတို့နှစ်ယောက်ဦးစီးနေတာကို ညီမကကြောက်မယ်ထင်နေတာလား? အစ်ကိုပိုင် အစ်ကို့ကိုညီမမယုံဘူးဆိုရင် အစကတည်းက အနားမှာထားခဲ့မှာမဟုတ်ဘူး ပြီးတော့ ဒီကုမ္ပဏီက ညီမလက်ထဲမှာရှိနေသရွေ့ အစ်ကို့ရဲ့အရင်ကုမ္ပဏီလိုဖြစ်မှာမဟုတ်ဘူးဆိုတာ အစ်ကိုသိနေတာပဲ အစ်ကို့ကို ညီမမျက်မုန်းကျိုးစရာဘာရှိမှာလဲ?”