← Chapters

အခန်း (၉၄၉-၉၅၂)

Vol. 48 Ch. 949-952

အခန်း (၉၄၉-၉၅၂)

Vol. 48 Ch. 949-952

Space and Rebirth 949

ကျင်းယွင်ကျောင်း၏ပွင့်လင်းမြင်သာသောစရိုက်ကြောင့် ပိုင်ယွီအန်းကြောင်အသွားပြီး တစ်ချိန်တည်းမှာပင် ငိုရမည်လော ရယ်ရမည်လော မဝေခွဲတတ်တော့ပေ။ သူ၏သူဌေးမသည် သာမန်လူတစ်ဦးမဟုတ်ဘဲ လူကဲခတ်အလွန်တော်ကြောင်း သူသိထားသည်မှာ ကြာပေပြီ။ သူမကဲ့သို့လူက သူနှင့် ရှန်းကျင်ကြားမှ အခြေအနေကို အဘယ်သို့မမြင်ဘဲနေမည်နည်း?

သူမပြောခဲ့သလိုပင် ရှန်းကျင်နှင့်သူသည် ယခုတွင် အထွေထွေမန်နေဂျာနှင့် ဒုဥက္ကဌဖြစ်နေသော်လည်း ကျင်းယွင်ကျောင်းနောက်ကွယ်တွင် တစ်ခုခုလုပ်ရန်မဖြစ်နိုင်ပေ။ သူသည် ကုမ္ပဏီအား ကျင်းယွင်ကျောင်းအနောက်တွင် လက်ဝါးကြီးအုပ်ရန်ကြိုးစားလျှင်ပင် အကျိုးမရှိသောကြောင့်ဖြစ်သည်။ သူတို့ကြိုတင်လက်မှတ်ထိုးထားခဲ့သောစာချုပ်အပြင် အရေးအကြီးဆုံးအရာမှာ ကုမ္ပဏီထဲရှိ တန်ဖိုးရှိသောအရာများအားလုံးမှာ ကျင်းယွင်ကျောင်းလက်ထဲတွင်ရှိပေသည်။ ကျင်းယွင်ကျောင်းမရှိလျှင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် အခွံသာသာကျန်ပေမည်။

ထို့ကြောင့် သူနှင့်ရှန်းကျင်တို့နှစ်ဦး ပူးပေါင်းကြံစည်လျှင် ကိုယ်လွတ်ရုန်းနိုင်မည်မဟုတ်ပေ။ သို့ရာတွင် သူသည် ကျင်းယွင်ကျောင်းအတွက်အလုပ်လုပ်ပေးပြီး သူမ၏အရေးကိစ္စများကို စိတ်နှစ်ကိုယ်နှစ်လုပ်ဆောင်ပေးနေဆဲဖြစ်သည်။ ကုမ္ပဏီနာမည်အား ကိုယ်ကျိုးအတွက်မသုံးလိုပေ။

ထို့ပြင် သူသည် အတိတ်အား လက်မလွှတ်နိုင်ဆဲဖြစ်သည်။

“ဥက္ကဌကျင်း ထပ်ပြောစရာမလိုပါဘူး ရှန်းကျင်က ငါ့အပေါ်အရမ်းကောင်းပါတယ်၊ နှစ်ယောက်လုံးက ကိုယ့်လက်တွဲဖော်သစ္စာဖောက်တာကိုခံခဲ့ရတာပဲလေ ငါလည်းသူ့ကိုစောင့်ရှောက်ပေးချင်ပေမယ့် အခုချိန်မှာဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေတုန်းပဲ”

သူ၏ရင်ထဲတွင် မဖြည်နိုင်သောကြိုးထုံးတစ်ခုရှိနေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းမျက်ခုံးများကို ပင့်လိုက်၏။

“အစ်ကိုပိုင် ယောက်ျားတစ်ယောက်အနေနဲ့ အစ်ကိုပိုင်က အလုပ်ခွင်မှာ ဆုံးဖြတ်ချက်ပြတ်သားပြီး သတ္တိရှိပေမယ့် အမျိုးသမီးတွေနဲ့ပတ်သတ်လာရင် ပြသာနာကို သပွတ်အူလိုက်နေတာပဲ၊ ရှန်းကျင်ကိုလက်မလွှတ်နိုင်ဘူးဆိုရင် အတိတ်ကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဥ်းစားတာကောင်းမယ်”

“ဥက္ကဌကျင်းပြောတာအဓိပ္ပာယ်ရှိပါတယ် ဒါပေမယ့်...အခုထိ သေချာမတွေးရသေးဘူး”

ပိုင်ယွီအန်း ခါးသက်စွာပြုံးလိုက်သည်။

ခံစားချက်များသည် ထိုမျှလောက် ထိန်းချုပ်ရလွယ်ကူသလော? သူသည် သူ၏ဇနီးဟောင်းနှင့် အမှတ်တရများစွာရှိခဲ့၏။ သူမသည် သူ့အား သစ္စာဖောက်ခဲ့သော်လည်း အမှတ်တရများမှာ သူ၏ခေါင်းထဲတွင် စွဲကျန်ရစ်နေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းများကို ကွေးလိုက်သည်။ သူမအတတ်နိုင်ဆုံးကြိုးစားခဲ့သည်ဟုသာ ပြောနိုင်တော့၏။

လွန်ခဲ့သောနှစ်နှစ်အတွင်း သူမသည် ရှန်းကျင်ကို မကြာခဏတွေ့ခဲ့ဖူးသည်။ ရှန်းကျင်သည် ပိုင်ယွီအန်းကိုကြည့်တိုင်း အခြားသူများကိုကြည့်သည်နှင့်မတူပေ။ ထိုအချိန်က သူမသည် ဤအပိုင်းတွင် အနည်းငယ်အသိနှေးနေခဲ့၏။ နောက်ပိုင်း ရှန်းကျင်နှင့်အတူနေခဲ့သော ကျင်းဖန်ကပြောမှသာ သူမသိခဲ့လေသည်။

သူမ၏ညာလက်ရုံးနှစ်ဦးသာ ပေါင်းစည်းချင်လျှင် သူမသည်လည်း ကန့်ကွက်စရာမရှိပေ။ ထို့အပြင် ရှန်းကျင်သည် ယခင်က လူယုတ်မာတစ်ဦးကို လက်ထပ်ခဲ့သဖြင့် ဒုက္ခများစွာခံစားခဲ့ရ၏။ သူမ၏ဘဝကိုပုံအပ်နိုင်ရန် ယောက်ျားကောင်းတစ်ဦးနှင့် တွေ့သင့်ပေသည်။

သို့သော် ကျင်းဖန်အကြောင်းစဥ်းစားလိုက်သောအခါ ကျင်းယွင်ကျောင်းမေးလိုက်၏။

“နင်းမြို့တော်ထဲမှာရှိတုန်းက ကျင်းဖန်နဲ့ခဏခဏတွေ့ခဲ့တယ်မလား? အဲ့ကောင်မလေးရော ဘယ်လိုလဲ?”

“ကျင်းဖန်က အရမ်းအမြော်အမြင်ရှိတယ် အရင်ကထက် သူကအများကြီး သတ္တိရှိလာပြီး သူ့အဆင့်တွေကလည်းအရင်အတိုင်း တည်ငြိမ်နေတုန်းပဲ မင်းဘယ်အချိန်ပြန်လာမှာလဲဆိုတာကို မကြာခဏမေးတတ်တယ် မင်းကိုလွမ်းနေတယ်ထင်ပါရဲ့”

ပိုင်ယွီအန်းရယ်လိုက်သည်။ ကျင်းယွင်ကျောင်းသည် ကျင်းဖန်ထက်နှစ်နှစ်သာကြီးသော်လည်း ပါးစပ်ဟလိုက်တိုင်း ကျင်းဖန်အား ကောင်မလေးဟုသာ ခေါ်တတ်၏။ သို့ရာတွင် ကြားရသည်မှာထူးဆန်းမနေပေ။ သူမ၏လေသံသည် ရင့်ကျက်လွန်းနေသည်။

ယခင်က ကျင်းမိသားစုသည် မျိုးရိုးစစ်ချက်အတုကိုအသုံးချပြီး လူတိုင်းသိသွားသောအခါ ကျင်းလင်မယားနှစ်ဦးသည် ထောင်ထဲသို့ရောက်သွားခဲ့၏။ ကျင်းဖန်အပြင် ကျန်ကလေးနှစ်ဦးမှာ ဘဝကိုခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ရသည်။ ကျင်းဖန်သာ ခေါင်းအေးအေးထားဖြေရှင်းတတ်ပြီး နူးညံ့သောစရိုက်ကောင်းမရှိခဲ့လျှင် သူမသည် ယခုတွင် ကောင်းကောင်းနေကောင်းကောင်းစားနိုင်မည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်သည်။ ကျင်းဖန်သည် အတိတ်ဘဝက သူမနှင့်တူသောကြောင့် သူမသည် ကျင်းဖန်ကိုကူညီပေးခဲ့၏။

“သူ့မိဘတွေကမကြာခင်မှာ ထောင်ထဲကနေထွက်လာတော့မှာမှတ်လား?”

ကျင်းယွင်ကျောင်းမေးလိုက်သည်။

“ထွက်လာခါနီးပြီ ငါလိုက်မေးကြည့်တော့ အဲ့လူနှစ်ယောက်က ထောင်ထဲမှာ အဆင်ပြေနေပုံပဲ၊ သူတို့ထောင်ဒဏ်ကာလက အစကတည်းက အကြာကြီးမဟုတ်ဘူးလေ၊ ပြစ်ဒဏ်လျှော့ပေါ့တာလည်း ရထားသေးတယ်ဆိုတော့ နှစ်တစ်ဝက်အတွင်း ထွက်လာကြလိမ့်မယ်၊ ဒါပေမယ့် ကျင်းဖန်သာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးလို့ မြို့တော်ထဲရောက်လာရင် အဲ့လင်မယားသူ့ကိုရှာတွေ့ဖို့ မဖြစ်နိုင်သလောက်နီးပါးရှိသွားလိမ့်မယ်”

ပိုင်ယွီအန်းပြောလိုက်သည်။

တစ်ဖက်လူသာ သူမအား ရေဆုံးမြေဆုံးရှာဖွေလိုလျှင် သူမကိုတွေ့နိုင်လိမ့်မည်။ သူတို့သည် သူမ၏မိဘအရင်းများမဟုတ်သလော။ သူတို့သည် ရဲစခန်းသို့သွား၍ စုံစမ်းရှာဖွေနိုင်ပေသည်။ သို့ရာတွင် သူမ၏နေရာအတိအကျကိုရှာဖွေရန် ပိုခက်သွားလိမ့်မည်။

Space and Rebirth 950

ကျင်းယွင်ကျောင်းသည် ထိုမိသားစုအား အမှားတစ်စုံတစ်ရာလုပ်မိသည်ဟု မခံစားရချေ။ သူမသည် သူတို့အား အပြစ်ပေးနှင့်လေပြီ။ သူတို့သာ တိတ်တိတ်ဆိတ်ဆိတ်နေထိုင်ပြီး သူမ၏ဘဝအား လာရောက်နှောင့်ယှက်ခြင်းမရှိပါက သူတို့အားလည်း ဘာမှလုပ်မည်မဟုတ်ချေ။ ကျင်းဖန်ကိုမူ သူမခေါ်ယူပျိုးထောင်စဥ်က ရှင်းရှင်းလင်းလင်းပြောခဲ့ဖူးသည်။ ကျင်းဖန်သာ သူမပေးထားသမျှအရာအားလုံးကို အသုံးချပြီး မိမိ၏မိဘများအား ကူညီချင်လျှင် ယခင်ကနေထိုင်ခဲ့သောဘဝတွင် ယခင်ပုံစံအတိုင်း ပြန်နေနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ခွက်အား ကောက်ကိုင်ကာ တစ်ကျိုက်နှစ်ကျိုက်သောက်လိုက်၏။ ထို့နောက် သူမသည် တည်ငြိမ်သောမျက်နှာထားဖြင့် ခွက်ကိုပြန်ချလိုက်သည်။

ပေးသင့်သောညွှန်ကြားချက်များကို ပေးပြီးနောက် ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းနှင့်အတူထထွက်သွားတော့သည်။ ပိုင်ယွီအန်းနှင့်အတူ အိမ်သွားကြည့်ရန် ပြင်ဆင်ထားခဲ့သောကြောင့်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်း၏သူဌေးဖြစ်သော်လည်း သူမ၏လက်အောက်ငယ်သားများကို အိမ်များ၊ ကားများ ဆက်တိုက်မပေးနိုင်ပေ။ ထိုသို့ပေးနေပါက လူကောင်းတစ်ဦးပင်လျှင် စိတ်ပင်ပန်းသွားနိုင်သည်။ ငွေကိုလွယ်လွယ်ရနေလျှင် အလေးအနက်မထားသောစိတ် တိုးပွားနိုင်သောကြောင့်ဖြစ်သည်။

နင်းမြို့တော်ရှိအိမ်ကို ကျင်းယွင်ကျောင်းဝယ်ပေးထားသော်လည်း ထိုအိမ်မှာ သူမနာမည်အောက်တွင်ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ပိုင်ယွီအန်းမှာ ယခုတလောပိုင်းတွင် မြို့တော်ထဲသို့ မကြာခဏလာနေရသဖြင့် အနာဂတ်တွင် အခြေချနိုင်ရန် ဆိတ်ငြိမ်ရပ်ကွက်တစ်ခု၌ အိမ်ကောင်းတစ်လုံး ဝယ်ထားလို၏။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ရုံးချုပ်ကို မြို့တော်ထဲသို့ရွှေ့လိုက်ပြီဖြစ်သောကြောင့် သူ့တွင်လည်း ထိုသို့အတွေးများရှိလာသည်မှာ မဆန်းပေ။

ကျင်းယွင်ကျောင်းသည်လည်း မြို့တော်ထဲသို့ ပထမဆုံးရောက်ရှိစဥ်က အိမ်တစ်လုံးဝယ်ချင်ခဲ့သည်။ သို့ရာတွင် သူမသည် ထိုအချိန်က တစ်ဦးတည်းဖြစ်နေပြီး ကျောင်းတွင်လည်း အဆောင်များရှိနေသဖြင့် ငွေအပိုကုန်ရန် မလိုခဲ့ပေ။ မကြာမီတွင် အဘိုးရှုလိုက်လာခဲ့သော်လည်း ထိုအချိန်တွင် သူမ၌ နေစရာရှိနေလေပြီ။ ယခုတွင် ရှုမိသားစုအိမ်ကဲ့သို့ အိမ်ကြီးကနားကြီးရှိနေပြီဖြစ်သဖြင့် နောက်အိမ်တစ်လုံးထပ်ဝယ်ရန်လည်း မလိုတော့ချေ။

အိမ်ဖြစ်စေ ကားဖြစ်စေ အရာအားလုံးကို သူမပိုင်ဆိုင်နေလေပြီ။ နှစ်ဦးသား စားသောက်ဆိုင်မှထွက်လာသည်နှင့် တစ်စုံတစ်ဦးသည် သူတို့အနောက်သို့ ကားတစ်စီးဖြင့် လိုက်လာခဲ့၏။

တစ်ဖက်လူမှ သူတို့နောက်သို့လိုက်လာပုံမှာ အလွန်တည်ငြိမ်အေးဆေးပေသည်။ ကျင်းယွင်ကျောင်းသာမက ပိုင်ယွီအန်းပါ အာရုံခံမိလိုက်သည်။

“ညီမထင်တာမမှားဘူးဆိုရင် အဲဒါဥက္ကဌဖန်ရဲ့ဒရိုင်ဘာဖြစ်မယ်”

ကျင်းယွင်ကျောင်းပြောလိုက်သည်။

တစ်ဖက်လူ၏ကားသည် အလွန်စျေးကြီးပြီး အာရုံဖမ်းစားဖွယ်ဖြစ်၏။ သူတို့စားသောက်ဆိုင်ထဲကမထွက်ခင်၌ ထိုကားမှာ ဝင်ပေါက်တွင် ပါကင်ထိုးထားခဲ့သည်။ ဥက္ကဌဖန်သည် အလွန်ပင်စိတ်သဘောထားသေးသိမ်သူဖြစ်ဟန်တူသည်။ ပိုင်ယွီအန်းကို ရှားရှားပါးပါးတွေ့လိုက်ရသောကြောင့် သေချာပေါက် သူ့အားအလွတ်ပေးမည်မဟုတ်ပေ။ ထိုလူ၏စရိုက်ဖြင့်ဆိုလျှင် ပိုင်ယွီအန်းအား နောက်ယောင်ခံလိုက်ခိုင်းသည်မှာ မဆန်းပါချေ။

“ဒီနေ့ အိမ်ကြည့်တာကို ခဏရွှေ့ထားကြမလား? နောက်တစ်ခေါက်မှ...”

ပိုင်ယွီအန်းချီတုံချတုံဖြစ်သွားသည်။

“ဘာလို့ရွှေ့ရမှာလဲ?”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။

“ညီမနောက်သာလိုက်ခဲ့ ဒါပေမယ့် လောလောဆယ်တော့ လမ်းမှာ တစ်ခုခုဝယ်သွားရအောင်”

ပိုင်ယွီအန်းသည် အနည်းငယ်ဇဝေဇဝါဖြစ်နေသော်လည်း ကျင်းယွင်ကျောင်းမှ နေရာတစ်ခုကို ညွှန်ပြရွေးချယ်ပြီးနောက် သူမ၏ညွှန်ကြားချက်အတိုင်း လိုက်နာပြီး သိပ်မတွေးရုံသာရှိသည်။

ပိုင်ယွီအန်းမှာ လူစည်သောရပ်ကွက်တစ်ခုကို သဘောကျနေလေသည်။ ပတ်ဝန်းကျင်အနေအထားမှာ အလွန်ကောင်းလှ၏။ ၎င်း၏တည်နေရာမှာ အကောင်းဆုံးမဟုတ်သော်လည်း အနီးအနားတွင် ပန်းခြံတစ်ခုနှင့် ဘိုးဘွားရိပ်သာတစ်ခုရှိသည်။ အနာဂတ်တွင် သူ၏မိဘများကို ခေါ်လာပါက သက်ကြီးရွယ်အိုအချင်းချင်း မိတ်ဆွေဖွဲ့နိုင်ပေသည်။ သူကိုယ်တိုင်ကမူ ကုမ္ပဏီတွင်နေ ကုမ္ပဏီတွင်စားသောသူဖြစ်သဖြင့် အရေးမကြီးပေ။

သို့ရာတွင် ထိုရပ်ကွက်ထဲမသွားခင်တွင် အရင်ဆုံးအနေဖြင့် ကျင်းယွင်ကျောင်းသည် အနီးအနားရှိ စျေးဆိုင်လမ်းများသို့ ဝင်လိုက်သည်။

လမ်းများမှာ လူများစွာဖြင့် စည်ကားသိုက်မြိုက်နေပြီး ကုန်တိုက်များစွာရှိ၏။ ကျင်းယွင်ကျောင်းသည် အင်္ကျီအချို့ဝယ်ပြီးနောက် လုံလောက်ပြီဟုထင်သောအခါ လက်ဝတ်ရတနာဆိုင်တစ်ဆိုင်သို့ ဝင်လိုက်တော့သည်။

“ဥက္ကဌကျင်း?”

ပိုင်ယွီအန်းမှာ ဇဝေဇဝါဖြစ်နေဆဲဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ဤအရာများနှင့်ပတ်သတ်လာလျှင် ပိုနားလည်သည်ဟု ပြောရမည်။ ဥက္ကဌဖန်သည် အဘယ်ကြောင့် ပိုင်ယွီအန်းအနောက်သို့ လူလွှတ်ရသနည်း? သူနေထိုင်သောနေရာ သို့မဟုတ် သူသွားမည့်နေရာကို သိချင်သောကြောင့်မဟုတ်သလော? သိပြီးလျှင် ဥက္ကဌဖန်သည် ပိုင်ယွီအန်းအရှက်ခွဲရန်ကြိုးစားလိမ့်မည်။ ပိုင်ယွီအန်းအား အရှက်ခွဲရန်တစ်နည်းသာရှိသည်။ ၎င်းမှာ ပိုင်ယွီအန်းကို သူ၏ဇနီးဟောင်း၊ သားအဟောင်းဖြင့် ပေးတွေ့ရန်ဖြစ်သည်။

သူမသည် ဤသို့သောလှည့်ကွက်မျိုးကို မရေမတွက်နိုင်အောင် တွေ့ဖူးသဖြင့် ကောင်းကောင်းနားလည်ပေ၏။

“ဒီကျောက်စိမ်းဆွဲကြိုးကိုကြည့်ရအောင်”

ကျင်းယွင်ကျောင်းသည် ကောင်တာပေါ်ရှိ ကျောက်စိမ်းတုံးအား လက်ညှိုးညွှန်လိုက်သောအခါ အရောင်းစာရေးသည် ချက်ချင်းပင် သူမစကားအတိုင်း လိုက်နာလိုက်သည်။ ကျင်းယွင်ကျောင်းသည် ကောင်တာအရှေ့တွင် မတ်တပ်ရပ်ကာ ဖြည်းညင်းစွာလှုပ်ရှားနေ၏။ မသိလျှင် သူမသည် တစ်စုံတစ်ခုကို စောင့်နေသကဲ့သို့ပင်။

Space and Rebirth 951

ခဏအကြာတွင် ကျင်းယွင်ကျောင်းသည် ကျောက်စိမ်းကိုပြန်ချပြီး အခြားလက်ရာအချို့ကို ကြည့်လိုက်၏။ အရောင်းစာရေးများသည် အတန်ငယ် မကျေမနပ်ဖြစ်သွားကြသော်လည်း အပြင်ပန်းတွင်မူ သူမအား အပြုံးပန်းဝေကာ ပြသနေဆဲဖြစ်သည်။

ပိုင်ယွီအန်းမှ အကြံအနည်းငယ်ပေးရန် ပါးစပ်ဟခါနီးတွင် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးသည် လက်ဝတ်ရတနာဆိုင်ထဲသို့ဝင်လာ၏။

သူတို့သည် မျက်နှာပေါ်တွင် အပြုံးများကိုဆင်မြန်းကာ ပိုင်ယွီအန်းဆီသို့ တည့်တည့်မတ်မတ်လာနေကြ၏။ ထိုအခါ ကျင်းယွင်ကျောင်းသည် ထိုလူနှစ်ဦးထဲမှတစ်ဦးဖြစ်သော ဥက္ကဌဖန်ဘေးမှ အမျိုးသမီးကို တစ်ချက်နှစ်ချက်မျှ ကြည့်လိုက်သည်။

ထိုအမျိုးသမီးသာ အပျိုပေါက်ဘဝကဆိုလျှင် လူလတ်တန်းစားမိသားစုမှ ကြည့်ပျော်ရှုပျော်မိန်းကလေးတစ်ဦးဟု သတ်မှတ်နိုင်ပေမည်။ သို့ရာတွင် သူမသည် အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်နေလေပြီ။ ထို့အပြင် သူမသည် ကလေးတစ်ဦးမွေးထားသောကြောင့် သူမမျက်နှာတွင် မှဲ့ခြောက်များ၊ အရေးအကြောင်းများတချို့ရှိနေကာ အသားအရေများတွဲကျနေပြီဖြစ်၏။ ကျင်းယွင်ကျောင်းသည် လက္ခဏာမဖတ်တတ်သော်လည်း ဤအမျိုးသမီးသည် မျက်မှောင်ကြုတ်နေဟန်ရှိလေသည်။ သူမမျက်ခုံးများကြားတွင် အနက်ရောင်အကြောင်းများရှိနေသည်။

“အစ်ကိုဖန် ကျွန်မသားနဲ့တွေ့ပေးဖို့ ခေါ်လာတာလို့ ပြောခဲ့တာမဟုတ်ဘူးလား? ဘာလို့ဒီကိုရောက်...”

ထိုအမျိုးသမီးစကားမဆုံးခင်မှာပင် ခေါင်းမော့ကြည့်လိုက်သောအခါ မလှမ်းမကမ်းမှ ပိုင်ယွီအန်းကို မြင်လိုက်ရသည်။ သူမမျက်နှာသည် ချက်ချင်းဆိုသလို သွေးဆုပ်သွားပြီး သူမညှစ်ထုတ်ထားသော အပြုံးရေးရေးသည်လည်း ကြက်ပျောက်ငှက်ပျောက် ကွယ်ပျောက်သွားတော့၏။

သူမပုခုံးများကို ဖန်လီချင်းမှ တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားသည်။ သူမထွက်ပြေး၍မရပါချေ။ သူမထွက်ပြေးချင်လျှင်ပင် မထွက်ပြေးရဲဘဲနေသည်ဆိုလျှင် ပိုမှန်မည်။

“ဘာဖြစ်လို့လဲ? ချစ်သူဟောင်းကိုတွေ့လိုက်တော့ အတိတ်ကိုမှတ်မိသွားလို့လား?”

ဖန်လီချင်းသည် အေးစက်သောလေသံဖြင့် ခနဲ့လိုက်သည်။ သူသည် ပျော်ရွှင်ဖွယ်အရာတစ်ခုကို မြင်လိုက်ရသည့်အတိုင်း သူ၏အပြုံးသည် ကျယ်သထက်ကျယ်လာတော့၏။

“မဟုတ်-မဟုတ်ဘူး...”

အမျိုးသမီးသည် အလျင်အမြန်ဖြင့် ခေါင်းကိုခါလိုက်သည်။ သူမခန္ဓာကိုယ်သည် ဖန်လီချင်းနံဘေးတွင် ပူးကပ်နေသည်။ သူမအား သစ္စာမရှိသောမိန်းမအဖြစ် ဖန်လီချင်းမှထင်သွားမည်ကို ကြောက်နေသလိုပင်။

ဖန်လီချင်းမှာ ထျန်းရှီ၏တုံ့ပြန်မှုကို လွန်စွာနှစ်ထောင်းအားရရှိနေလေ၏။

ပြန်စဥ်းစားကြည့်လိုက်သောအခါ သူသည် ဤအမျိုးသမီးကို မျက်စိကျသွားစဥ်က သူမအားသိမ်းပိုက်လိုသောဆန္ဒကသာ ပြင်းထန်နေခဲ့သည်။ သူမသည် ပိုင်ယွီအန်း၏အမျိုးသမီးဖြစ်သောကြောင့်လည်း ပိုမျက်စိကျသွားခြင်းဖြစ်၏။ သို့ရာတွင် ဤအမျိုးသမီးသည် သူ့အား တစ်ခါတည်းဖြင့် အမွှာသားနှစ်ဦးပေးလောက်သည်ထိ သမာဓိရှိနေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။ သူ၏ဇနီးဖြစ်သူပင် ဤအမျိုးသမီးကိုမယှဥ်နိုင်ချေ။ ထို့ကြောင့်လည်း သူမကိုအလေးအနက်ထားခဲ့ခြင်းဖြစ်၏။

သို့သော် မြို့တော်ထဲမှ ပိုင်ယွီအန်းထွက်သွားသည်နှင့် သူမအားလည်း အနှေးနှင့်အမြန်ပင် ပျင်းသွားတော့သည်။

သူ၏နံဘေးတွင် လှပငယ်ရွယ်သောမိန်းကလေးများစွာ ရှိလေ၏။ ထိုမိန်းကလေးများသည် အိမ်ထောင်ကျပြီး ကလေးမွေးထားသော ထျန်းရှီနှင့်မတူဘဲ အလွန်ပင်အရိပ်အကဲသိလေသည်။ ထျန်းရှီမှာမူ အသားအရေမှာ ဝါညစ်နေပြီး မကောင်းသောအကြံအစည်များရှိသော မသမာစီးပွားရေးသမားတစ်ဦးဖြစ်သည်။

သူမသည် ပိုင်ယွီအန်းနှင့်ရှိစဥ်က ရတနာတစ်ပါးဖြစ်သည်။ အခြားအရာများအားမကြည့်ပါက အနည်းဆုံးအနေဖြင့် သူမသည် သစ္စာရှိပြီး ဖြောင့်မတ်မှန်ကန်ခဲ့သည်။ သို့ရာတွင် ပိုင်ယွီအန်းထွက်သွားပြီးနောက် သူမသည် သူ၏မျက်လုံးထဲတွင် ပြောင်းလဲသွားတော့သည်။ သူမနှင့် စိတ်ရှိသလိုပျော်ပါးပြီးနောက်တွင် သူမအား သိပ်ဂရုမစိုက်ချင်တော့ချေ။ ထို့ကြောင့် သူမအား သင့်တော်သောငွေပမာဏပေးလိုက်ကာ အဝေးသို့သာလွှတ်လိုက်တော့၏။

သို့သော် ထျန်းရှီမှာ သူ၏အမျိုးသမီးတစ်ဦးဖြစ်ခဲ့သဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို မကြာခဏတွေ့ဆုံပြောနိုင်ပေသည်။ ယခုတွင်လည်း သူမအကြောင်းတွေးလိုက်သည်နှင့် ဖုန်းတစ်ချက်ခေါ်၍ သူမအား ဤနေရာသို့ ချက်ချင်းခေါ်လာနိုင်ပေသည်။

ထိုအချိန်တွင် ပိုင်ယွီအန်းနှင့် ထျန်းရှီတို့နှစ်ဦးလုံး မျက်နှာပျက်နေကြ၏။

သို့ရာတွင် ပိုင်ယွီအန်းဒေါသထွက်နေရခြင်းမှာ သူမအပေါ်ခံစားချက်ရှိနေသေးသောကြောင့်မဟုတ်ဘဲ နာကျင်ရသောသစ္စာဖောက်မှုကို ပြန်အမှတ်ရသွားခြင်းကြောင့်ဖြစ်ကြောင်း ကျင်းယွင်ကျောင်းယုံကြည်သည်။

အနာဂတ်တွင် ပိုင်ယွီအန်းသည် မြို့တော်ထဲတွင်ရှိနေသရွေ့ နှစ်ဦးသားတွေ့နိုင်ချေရှိပေသည်။ နှစ်ဦးသားတွေ့ဆုံလျှင် မိမိကအရှက်ခွဲခံရသည်ထက် မိမိတို့ဘက်မှစတင်ကြံစည်အကွက်ချပြီး တစ်ဖက်လူအား မျက်နှာပျက်စေရသည်က ပိုကောင်းပေသည်။

“ရှောင်ပိုင် တိုက်တိုက်ဆိုင်ဆိုင် ဒီမှာပြန်တွေ့ပြန်ပြီ ဟားဟား ငါမင်းကိုမိတ်ဆက်ပေးရဦးမယ် ဒါကထျန်းရှီတဲ့....ဪ ငါမေ့တော့မလို့ မင်းတို့နှစ်ယောက်ကသိပြီးသားပဲ မင်းရဲ့မယားဟောင်းမလား!”

ဖန်လီချင်းအသံသည် အလွန်ကျယ်နေပြီး ဘေးပတ်ဝန်းကျင်ရှိလူများ၏ အာရုံကိုဆွဲငင်လိုက်၏။

သူသည် စကားပြောပြီးနောက်တွင် ထျန်းရှီ၏ပါးကိုညှစ်ပြီး ကြမ်းတမ်းစွာနမ်းလိုက်သည်။

မည်သို့ပင်ဇနီးဟောင်းဖြစ်စေကာမူ သူမသည် ပိုင်ယွီအန်းနှင့်တစ်ကုတင်တည်းအိပ်ခဲ့ဖူးသောအမျိုးသမီးဖြစ်၏။ လူများစွာရှေ့တွင် အခြားယောက်ျားတစ်ဦးမှ သူမအား ထိုသို့ဆက်ဆံနေသည်ကို မြင်လိုက်ရသောအခါ ပိုင်ယွီအန်းသည် နေရခက်သွားတော့သည်။

“အစ်ကိုပိုင် ဒီကျောက်စိမ်းကိုကြည့်ပါဦး မလှဘူးလား”

ပိုင်ယွီအန်းစကားမပြောနိုင်ခင်တွင် ကျင်းယွင်ကျောင်းမှာ ပါးစပ်ကိုဟနှင့်လေပြီ။

သူမသည် လက်ဝတ်ရတနာဆိုင်၏ အလယ်ဗဟိုတွင်ထီးထီးရှိနေသော ဖန်သားအိမ်ကို လက်ညှိုးထိုးပြလိုက်၏။ ၎င်းအပေါ်တွင် လက်ရာမြောက်ကျောက်စိမ်းလည်ဆွဲတစ်ခုကို ခင်းကျင်းပြသထားသည်။ ကျောက်စိမ်းအားပုံဖော်ထားပုံမှာ လက်ရာမြောက်လှပြီး ရှေးဟောင်းစတိုင်မျိုး အနည်းငယ်ထွက်ပေါ်နေ၏။ ဤကျောက်စိမ်းမှာ ညစ်ထေးမှုတစ်စက်မှုမရှိဘဲ စိမ်းလဲ့နေသဖြင့် တောက်ပကာ မျက်စိအာရုံဖမ်းစားဖွယ်ဖြစ်လေသည်။

Space and Rebirth 952

ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းလက်ညှိုးထိုးပြသောနေရာသို့ ကြည့်လိုက်သောအခါ သူသည်လည်း အံ့သြမှင်တက်သွား၏။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ဤကျောက်စိမ်းမှာ စျေးကြီးကြောင်း သူသိနေခဲ့သည်။

“မိန်းကလေးက တကယ်အမြင်ရှိတာပဲ ဒါက ကျွန်မတို့ဆိုင်ခွဲရဲ့ အဖိုးတန်ရတနာပါ ဒီကျောက်စိမ်းကို နာမည်ကြီးပညာရှင်တစ်ယောက်ကိုယ်တိုင် ထုဆစ်ထားတာလေ၊ ကမ္ဘာပေါ်မှာ ဒီလိုပစ္စည်းမျိုးနောက်တစ်ခုမရှိနိုင်ဘူးဆိုတာ ကျွန်မအာမခံတယ် အဲဒါတင်မက ဒါက အဆင့်မြင့် ဖန်အမျိုးအစား တော်ဝင်ကျောက်စိမ်းလေ...”

အရောင်းစာရေးသည် ရိုးရှင်းစွာ မိတ်ဆက်ပေးလိုက်သော်လည်း စျေးကိုမူ မပြောချေ။ သို့ရာတွင် သူမမျက်လုံးထဲတွင် ကျင်းယွင်ကျောင်းအား အကဲခတ်နေဟန်များရှိနေ၏။ ဤပစ္စည်းမှာ စျေးမပေါလှကြောင်း သူမသည် ကျင်းယွင်ကျောင်းအား ရှင်းရှင်းလင်းလင်းသတိပေးနေခြင်းဖြစ်သည်။

သို့ရာတွင် ကျင်းယွင်ကျောင်းမှာ ၎င်းကိုသတိမထားမိဟန်ဖြင့် ပြောလိုက်သည်။

“ဒီလည်ဆွဲကဘယ်လောက်လဲ?”

“ဒါ....ဒီ ‘စိမ်းပြာရောင် လိပ်ပြာလည်ဆွဲ’ က ဝမ် ၁၉ သန်းမှာ စျေးတင်ထားပါတယ်...”

အရောင်းစာရေးမှပြောလိုက်သည်။

ကျင်းယွင်ကျောင်းခေါင်းငြိမ့်လိုက်၏။ ထိုစျေးမှာ သင့်ပေသည်။

ဖန်အမျိုးအစား တော်ဝင်ကျောက်စိမ်းလက်စွပ်တစ်ကွင်းပင်လျှင် သန်းချီကျသင့်၏။ ဟော်ရတနာဆိုင်တွင် ဖန်အမျိုးအစား တော်ဝင်ကျောက်စိမ်းလည်ဆွဲတစ်ခုရှိသည်ဟု ဟော်ထျန်းရှန်းတစ်ခေါက်ပြောဖူးသည်။ သူမဖခင်သည် ၎င်းကို နိုင်ငံရပ်ခြားမှ ဝယ်ယူလာခဲ့ပြီး ဝမ်သန်း ၈၀ ကျော်ဖြင့် ပြန်လည်ရောင်းချခဲ့လေသည်။ ၎င်းမှာ စျေးအကြီးဆုံးပစ္စည်းပင်မဟုတ်သေးချေ။ အဆင့်မြင့်ဆုံးတော်ဝင်ကျောက်စိမ်းအား ငွေသန်းရာချီဖြင့်ပင် ရောင်းချနိုင်၏။

ကျင်းယွင်ကျောင်းပုံစံမှာ အနည်းငယ်ထူးဆန်းနေသဖြင့် ဥက္ကဌဖန်သည် ကျောက်စိမ်းကိုဝေ့ကြည့်လိုက်ပြီး ပိုင်ယွီအန်းအား အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

“ကောင်မလေး မင်းအစ်ကိုပိုင်က ဒီကျောက်စိမ်းကို ဝယ်နိုင်မှာမဟုတ်ဘူး ငွေ ၁၉ သန်းမပြောနဲ့ ၁၉ သိန်းတောင် မထုတ်နိုင်လောက်ဘူး ဟုတ်တယ်မလား?”

ဥက္ကဌဖန်၏မျက်နှာသည် လှောင်ရိပ်များ သန်းနေတော့၏။

ကျင်းယွင်ကျောင်းသည် ကျောက်စိမ်းအား မခွဲခွာရက်ဟန်ဖြင့် ၎င်းကို အကြိမ်အနည်းငယ်ခန့်ဝေ့ကြည့်လိုက်သည်။ သူမသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ဂရုမစိုက်သောလေသံဖြင့် ဥက္ကဌဖန်ကို မေးလိုက်တော့သည်။

“ဥက္ကဌဖန်က ဒီလောက်ယုံကြည်ချက်ပြည့်နေမှတော့ ရှင်ကဒီလည်ဆွဲကိုဝယ်နိုင်တယ်ဆိုတဲ့သဘောလား?”

ဖန်လီချင်းသည် သူမစကားကြောင့် နင်သွားတော့၏။

သူဝယ်နိုင်သည်မှာ မှန်သော်လည်း ငွေသန်း ၂၀ ဟူသည်မှာ နည်းပါးသောပမာဏမဟုတ်ပေ။ ကျောက်စိမ်းတစ်တုံးအတွက် ဝယ်သည်ဆိုလျှင် ထိုကျောက်စိမ်းအား တန်မတန်ကြည့်ရပေဦးမည်။ သူငေးတိငေးကြောင်ဖြစ်နေစဥ်တွင် ကျင်းယွင်ကျောင်းသည် သူ့အား မထီလေးစားဟန်ဖြင့် ကြည့်လိုက်၏။

“မသိပါဘူး ဥက္ကဌဖန်များ ဝယ်နိုင်လို့လားလို့”

ကျင်းယွင်ကျောင်းခနဲ့ကာ ဆက်ပြောလိုက်သည်။

“အစ်ကိုပိုင် အစ်ကိုပိုင်ပေးထားတဲ့ကတ်ကိုသုံးပြီး ဒီကျောက်စိမ်းကိုဝယ်လို့ရလား? အရမ်းလှတာပဲ ညီမတော့တအားကြိုက်နေပြီ”

ပိုင်ယွီအန်းသည် မည်သည့်အချိန်က သူမကို ကတ်ပေးခဲ့သနည်း? ယခုတွင် သူမစကားများကိုကြားလိုက်သောအခါ ပိုင်ယွီအန်းသည် သူမစကားအဓိပ္ပာယ်ကို နားလည်သွားတော့သည်။ သူမသည် ပိုင်ယွီအန်းပြသာနာရှာခံရမည်ကိုစိုးပြီး ဖန်လီချင်းအ‌ရှေ့တွင် မျက်နှာမပျက်စေလိုခြင်းဖြစ်သည်။

ပိုင်ယွီအန်းအတွက်မူ မျက်နှာပျက်ခြင်း၊ မပျက်ခြင်းမှာ အရေးမကြီးတော့ချေ။ ယခင်က သူ၏ဇနီးသည်ကိုပင် ဖန်လီချင်း လုယူသွားခဲ့ဖူး၏။ ဤမျှလောက်ရှက်ဖွယ်ကောင်းသောအရာကို ကြုံတွေ့ရပြီးဖြစ်၍ ဖန်လီချင်းမှ သူ့အား ဆက်တိုက်အရှက်လိုက်ခွဲနေလျှင်ပင် ကိစ္စမရှိပါပေ။

သို့ရာတွင် သူကိုယ်တိုင်က သည်းခံနိုင်လျှင်ပင် ကျင်းယွင်ကျောင်းမှာ သည်းမခံနိုင်ချေ။

သူမတွင် ထူးခြားသောအကျင့်တစ်ခုရှိ၏။ သူမသည် သူမ၏လူများအပေါ် အလွန်ကာကွယ်တတ်ခြင်းဖြစ်သည်။ အခြားသူများမှ သူမလူများကို အနိုင်ကျင့်စော်ကားနေသည်ကို ခွင့်ပြုမည်မဟုတ်ပေ။ သူမလူများကို ထိပါးပါက ဆယ်ဆ၊ အဆတစ်ရာ ပြန်ပေးဆပ်မည့်လူမျိုးဖြစ်၏!

“ဟားဟား ကောင်မလေး မင်းကြိုက်တဲ့သူဌေးက မွဲပြာကျနေတာ တော်တော်ဆိုးတာပဲ ပိုင်ယွီအန်းဝယ်နိုင်မယ်ထင်လား? အရင်တုန်းက မြို့တော်ထဲကနေ ငါသူ့ကိုနှင်ထုတ်လိုက်တဲ့အချိန်မှာ သူ့ဆီမှာ ငွေနည်းနည်းပဲကျန်တော့တယ် ငါသူ့ကိုငွေသန်းချီပေးခဲ့ရင်တောင် ဒီလောက်အချိန်တိုအတွင်း ပြန်ခေါင်းမော့လာနိုင်မှာမဟုတ်သေးဘူး!”

ဖန်လီချင်း၏နှလုံးသားသည် အူမြူးကာ ပျော်ရွှင်မှုဖြင့် ပေါက်ထွက်လုမတတ်ဖြစ်နေ၏။ ပိုင်ယွီအန်းအား ကြာမြင့်စွာ မတွေ့ရပြီးနောက် သူ့အား ဤမျှလောက်ရွှင်မြူးစေနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဥက္ကဌဖန်!”

ကျင်းယွင်ကျောင်း၏ရုပ်သည် ချက်ချင်းဆိုသလို တောင့်တင်းမာကြောသွားပြီး အလွန်တရာဒေါသထွက်ဟန်ပေါက်သွားသည်။

“ဥက္ကဌဖန် မဝယ်နိုင်ဘူးဆိုလည်း တခြားသူတွေကို မနာလိုလိုက်မဖြစ်နဲ့လေ ရှင်ကတော့ အစ်ကိုပိုင်ကို မြို့တော်ထဲကနှင်ထုတ်လိုက်တာလို့ ခဏခဏပြောနေပေမယ့် ကိုယ့်ဘေးနားကလူတွေအတွက် အသေးအဖွဲတောင်မဝယ်ပေးနိုင်ဘူး ဒီမိန်းမကိုကြည့်စမ်း သူ့အင်္ကျီတွေကနွမ်းပြီး သူ့အိတ်ကလည်း အရင်နှစ်ကမော်ဒယ်မှတ်လား အာ ဟုတ်သားပဲ သူ့ကိုယ်ပေါ်က ရေမွှေးနံ့လည်းရှူကြည့်ဦး အနံ့တော်တော်ဆိုးတာပဲ စျေးပေါတဲ့ရေမွှေးပဲဖြစ်ရမယ် ရှင်ကတော့ ကိုယ့်ကိုယ်ကို အရမ်းတတ်နိုင်တဲ့လူအနေနဲ့ ပြောနေပေမယ့် တကယ်တမ်းတော့ ရှင်ကလူလိမ်တစ်ယောက်ပဲမှတ်လား?”

All Chapters