အခန်း (၉၅၃-၉၅၆)
Vol. 48 Ch. 953-956
Space and Rebirth 953
ဟော်ထျန်းရှန်းကျေးဇူးဖြင့် သူမသည် ဤနာမည်ကြီးတံဆိပ်ပစ္စည်းများအား ရင်းနှီးသထက်ရင်းနှီးလာသည်။
သူဌေးသမီးလေးဖြစ်သော ဟော်ထျန်းရှန်းမှာ ခေါင်းအစခြေအဆုံး စျေးကြီးသော ဇိမ်ခံအသုံးအဆောင်များဖြင့် ဆင်မြန်းထားတတ်သည်။ သူမသည် အိတ်အသစ်ရတိုင်း ဤသည်မှာ နာမည်ကြီးဆိုင်တစ်ဆိုင်မှ မော်ဒယ်အသစ်ဖြစ်ကြောင်း သို့မဟုတ် ကန့်သတ်ပစ္စည်းဖြစ်ကြောင်း ကျင်းယွင်ကျောင်းအား ပြတတ်သည်။ မကြာခဏဆိုသလို ဖက်ရှင်ခေတ်ရေစီးကြောင်းကို သူမမည်မျှနားလည်ပုံကိုလည်း ကြွားဝါတတ်သေးသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ဤနယ်ပယ်အား စိတ်မဝင်စားလျှင်ပင် ရှင်းရှင်းလင်းလင်းမှတ်မိနေသေး၏။
ပိုင်ယွီအန်း၏ဇနီးဟောင်းမှာ အမှန်တကယ်ပင် ခေါင်းအစခြေအဆုံး ပေါချောင်ကောင်းပစ္စည်းများဝတ်ဆင်ထား၏။ ကျင်းယွင်ကျောင်းမှာ လူတစ်ဦး၏စရိုက်ကို အသွင်အပြင်ဖြင့် ဆုံးဖြတ်တတ်သူမဟုတ်သော်ငြား သူမရှေ့မှောက်ရှိလူမှာ ခြွင်းချက်ဖြစ်သည်။
သူမသည် တစ်ဖက်လူ၏စရိုက်ကို အရင်သိနေသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းမှ ထိုသို့ပြောလိုက်သောအခါ ထျန်းရှီ၏မျက်နှာနီမြန်းသွားတော့၏။ ရှက်လွန်းသဖြင့် ဒေါသပင်အနည်းငယ်ထွက်သွားသည်။
“အစ်ကိုဖန်…”
သူမသည် စိတ်ထဲ၌ မခံချိသာဖြစ်မှုကို ဖော်ပြသောမျက်နှာဖြင့် အားငယ်စွာ ဥက္ကဌဖန်ကို ကြည့်လိုက်သည်။
လွန်ခဲ့သောနှစ်နှစ်အတွင်း ဖန်လီချင်းသည် သူမအား သာမန်သာဆက်ဆံခဲ့သည်။ ဖန်လီချင်းသည် သူမဆီသို့ ရံဖန်ရံခါလာသည့်အချိန်တိုင်း သူမအသုံးစရိတ်အနည်းငယ်ရရှိနိုင်ရန် တတ်နိုင်သမျှကြိုးစားပြီး ဖန်လီချင်းကိုဖားတတ်သည်။ ငွေကြေးခက်ခဲသောအချိန်များတွင် သူမသည် ဖန်လီချင်းပေးထားသောလက်ဆောင်များကို ရောင်းရတတတ်၏။ ထို့ကြောင့် လက်ရှိတွင် သူမအိမ်၌ ကောင်းကောင်းမွန်မွန်ရှိသည့် တစ်ခုတည်းသော “ပစ္စည်း” ဟူ၍ သူမဝတ်ဆင်နေသောအရာများသာရှိသည်။
သို့ရာတွင် ဤအခြေအနေမျိုး၌ စကားလုံးတစ်လုံးချင်းစီဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ကဲ့ရဲ့ရှုတ်ချခံရလိမ့်မည်ဟု မထင်ခဲ့သဖြင့် သူမမျက်နှာသည် အရှက်ရစွာ နာကျင်ပူပြင်းနေတော့သည်။
ဖန်လီချင်းသည် ရှူးရှူးရှဲရှဲဖြင့် ထျန်းရှီကိုကြည့်လိုက်သည်။ သူသည် ထျန်းရှီ၏အဝတ်အစားများကို ဝေ့ကြည့်လိုက်သောအခါ အနည်းငယ်ရွံရှာသွားတော့သည်။ ဤအမျိုးသမီးသည် တစ်ခုခုတော့ တစ်ခုခုပင်။ သူမအား အပြင်ခေါ်သွားမည်ဟု သေချာပြောထားလျက်နှင့်ပင် အဘယ်ကြောင့် ပြင်ပြင်ဆင်ဆင်မဝတ်စားထားရသနည်း? ယခုမူ ဤမိန်းမကြောင့် သူသည် ပိုင်ယွီအန်းအရှေ့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ရတော့မည်!
“ထျန်းရှီက ချွေတာသုံးနေကျမို့လို့ လိုတာထက်ပိုပြီး ဖြီးလိမ်းပြင်ဆင်ရတာမကြိုက်ဘူး ဒါပေမယ့် ကောင်မလေး မင်းပြောမှ ငါသတိရသွားတယ်…”
သူသည် ပြောပြောဆိုဆိုဖြင့် ကျောက်စိမ်းကိုကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒီကျောက်စိမ်းကိုထုပ်ပေးစမ်း ငါယူမယ်”
သူ၏နှုတ်မှ ထိုသို့ထွက်လာသည်နှင့် အရောင်းစာရေးသည် ပျော်ရွှင်သွားတော့သည်။
“ခဏနေဦး!”
ကျင်းယွင်ကျောင်းသည် ရန်လိုသောအကြည့်ဖြင့် ရုတ်တရတ်ဆန်စွာ ထပြောလိုက်သည်။
“ဥက္ကဌဖန် မေ့သွားပြီလား? အခုလေးတင် အစ်ကိုပိုင်က ကျွန်မအတွက်ဝယ်ပေးမှာလို့ ပြောနေတာလေ ရှင့်မှာ ဘာလုပ်ပိုင်ခွင့်ရှိလို့ သူ့ပစ္စည်းကိုလာလုနေတာလဲ?”
“ငါ့မှာဘာလုပ်ပိုင်ခွင့်ရှိလဲတဲ့လား? ကောင်မလေး သူလိုလူက ငါ့ကိုဘယ်လိုယှဉ်နိုင်မှာလဲ? သူဒီဟာကိုလုံးဝမဝယ်နိုင်ဘူးလို့ ငါပြောထားတယ်လေ!”
ဖန်လီချင်းမှ ပက်ခနဲပြန်ပြောလိုက်၏။
သူမသည် မိန်းကလေးငယ်တစ်ဦးသာဖြစ်သောကြောင့် ဖန်လီချင်းသည် သူမအား အလေးအနက်မထားချေ။ အများဆုံးအနေဖြင့် သူမ၏ရုပ်ရည်ကြောင့် နှမြောတသဖြစ်ရုံသာရှိသည်။
“ရှင်ကမဝယ်နိုင်ဘူးလို့ပြောတိုင်း ကျွန်မတို့ကမဝယ်နိုင်တော့ဘူးလား? ၁၉ သန်းပဲရှိတာကိုများ..ကျွန်မအစ်ကိုပိုင်က သန်းနှစ်ဆယ်ပေးမယ်! ရှင့်လိုအဘိုးကြီးတစ်ယောက်ကို မနိုင်နိုင်ဘူးလို့ ဘယ်သူပြောလဲ?”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ရန်လိုသောဟန်ပေါက်လာပြီး တစ်ဖက်လူမခံနိုင်အောင် ပြောတော့သည်။
သူတို့သာ စီးပွါးပြိုင်ဘက်များဖြစ်လျှင် ဖန်လီချင်းသည် သေချာပေါက် သတိကြီးကြီးထားပြီး နောက်ဆုတ်၍ရတုန်း နောက်ဆုတ်ပေလိမ့်မည်။ သို့ရာတွင် သူ၏ရန်ဘက်မှာ သူအထင်အမြင်သေးသော ပိုင်ယွီအန်းနှင့် မိန်းကလေးငယ်တစ်ဦးသာဖြစ်သည်။
ပိုင်ယွီအန်းအား သူသည် တစ်ခေတ်တစ်ခါက အနိုင်ယူခဲ့သဖြင့် အစကတည်းက ပိုင်ယွီအန်းအား ကြောက်မနေချေ။ သို့ရာတွင် ကျင်းယွင်ကျောင်းပြောလိုက်သော “အဘိုးကြီး” ဟူသောစကားကြောင့် သူသည် ဒေါသပေါက်ကွဲသွားတော့သည်။
ပိုင်ယွီအန်းမှာ သူ့ထက်ငယ်သည့်ပုံပေါက်သွားလေသည်။
“ဟ ရှောင်ပိုင် မင်းဘယ်လိုအကွက်မျိုးသုံးထားလို့ ကောင်မလေးတစ်ယောက်ပါးစပ်က ဒီလိုထွက်နေတာလဲ? မင်းကိုယ်တိုင်ပြောစမ်း ဒီပစ္စည်းကို မင်းဝယ်နိုင်လား?”
ဖန်လီချင်းသည် အေးတိအေးစက်ဖြင့် လှောင်ရယ်သံပြုလိုက်သည်။
ပိုင်ယွီအန်းမှာလည်း တုံးအသောသူမဟုတ်ရာ ချက်ချင်းပင် ပြန်ဖြေလိုက်၏။
“သူလိုချင်မှတော့ ငါမွဲပြာကျသွားရင်တောင် ဝယ်ပေးရမှာပေါ့”
“ဟမ့် အဲ့လိုဆိုရင် အဲဒီသန်းနှစ်ဆယ်ကိုထုတ်ပြီး ငါ့ကိုအရင်ပြလိုက်စမ်းပါ”
ဖန်လီချင်းပုံစံမှာ ဖျော်ဖြေပွဲတစ်ခုကို ကြည့်နေသည့်အတိုင်းပင်။
ကျင်းယွင်ကျောင်းသည် လက်ကိုမြှောက်ကာ အေးအေးလူလူဖြင့် ကတ်တစ်ကတ်ကိုထုတ်ပြီး အရောင်းစာရေးအား ကမ်းပေးလိုက်သည်။
“ဥက္ကဌဖန်က လေပဲကျယ်တတ်တယ်နော် ပိုက်ဆံပေးကြည့်လိုက်ရင်ရပြီမှတ်လား? ပေးကြည့်တာနဲ့ ရှိလား မရှိလားဆိုတာကို သိရလိမ့်မယ် ဒါပေမယ့် အာချောင်ရုံလောက်ပဲသိတဲ့ ရှင်လိုလူကတော့ ဒီနေရာကနေ ထွက်သွားတာကောင်းမယ် ရှင်ကရှင့်စရိတ်နဲ့ရှင့်သေတွင်း ပြန်တူးနေတာပဲ၊ ဘယ်ပြောနိုင်မလဲ ရှင်ဝတ်ထားတဲ့အင်္ကျီတွေကလည်း ငှါးထားတာတွေဖြစ်ရင်ဖြစ်နေဦးမယ်”
စကားအနည်းငယ်ဖြင့် ဖန်လီချင်းမှာ အတော်ဒေါသထွက်နေလေပြီ။ သူ၏ဘဝတွင် ပိုက်ဆံမရှိသူအဖြစ် စွပ်စွဲလှောင်ပြောင်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
တစ်ဖက်လူပုံစံကို ကြည့်လိုက်သောအခါ အမှန်တကယ်ပင် ယုံကြည်ချက်ရှိနေဟန်ရ၏။ ဤပစ္စည်းအား ပိုင်ယွီအန်းသာ အမှန်တကယ်ဝယ်ယူလိုက်ပါက သူသည် အရှက်ကွဲရချေတော့မည်။
အဆုံးတွင် ဤသည်မှာ ကျောက်စိမ်းတစ်တုံးမျှသာဖြစ်သည်။ ငွေသန်းနှစ်ဆယ်ဟူသည်မှာ သူ့အတွက် ပမွှားသာသာပင်။
Space and Rebirth 954
ဖန်လီချင်းထပ်မံတွေးကြည့်လိုက်၏။ ကျောက်စိမ်းမှာ စျေးကြီးလှသော်လည်း သူ၏အနေအထားဖြင့်ဆိုလျှင် ပြန်လဲ၍မရသည်တော့မဟုတ်ပေ။ လူသိရှင်ကြားပြန်လဲပြီး မိမိအရှက်မိမိမခွဲလိုပါကမူ ၎င်းကျောက်စိမ်းအား အခြားသူတစ်ဦးဆီ ပြန်ရောင်းခြင်း သို့မဟုတ် အရေးကြီးတစ်နေရာတွင် သုံးလိုက်ခြင်း လုပ်နိုင်သေးသည်။
ဤသည်မှာ တန်ဖိုးနှင့်ညီသောအကျိုးအမြတ်ကို ပြန်ပေးစွမ်းနိုင်သည့် ဥစ္စာရတနာပင်မဟုတ်လော။ သူဝယ်လိုက်၍အရှုံးမရှိနိုင်ရာ။
“ခုလေးတင် ငါဒီပစ္စည်းကိုဝယ်ချင်တယ်လို့ပြောထားတယ်လေ အခုချက်ချင်း ကတ်ကိုသူ့ဆီပြန်ပေးလိုက်! ကျောက်စိမ်းဖိုးကို ငါပေးမယ်”
ဥက္ကဌဖန်သည် စိတ်မရှည်ဟန်ဖြင့် အရောင်းစာရေးကို ပြောလိုက်၏။
အရောင်းစာရေးမှ ဝေခွဲရခက်နေစဉ်တွင် ဖန်လီချင်းသည် သူ၏ကတ်ကို အရောင်းစာရေးလက်ထဲသို့ ထည့်နှင့်လေပြီ။
ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းကို တစ်ချက်ဝေ့ကြည့်လိုက်၏။ ပိုင်ယွီအန်းချက်ချင်းနားလည်သဘောပေါက်သွားသည်။
“၂၁ သန်းအထိတိုးပေးမယ် ဒီပစ္စည်းက ငါ့အပိုင်ပဲ”
ပိုင်ယွီအန် တဲ့တိုးပြောချလိုက်တော့၏။
ဤနေရာတွင် စျေးကို အတိအလင်းသတ်မှတ်နှင့်ပြီးဖြစ်၍ လေလံပစ်ရန် မသင့်တော်လှပါချေ။ သို့ရာတွင် ဤအခိုက်အတန့်၌ အခြေအနေမှာ အနည်းငယ်တင်းမာနေလေသည်။ အရောင်းစာရေးမသည် မည်သို့လုပ်ရမည်ကို မသိတော့သဖြင့် မန်နေဂျာကို သုတ်သီးသုတ်ပြာဖြင့် ခေါ်တော့သည်။ မန်နေဂျာသည် ဖြစ်ကြောင်းကုန်စင်ကိုကြားသောအခါ သေချာစဉ်းစားကြည့်လိုက်၏။ သူသည်လည်း ဉာဏ်တိမ်သောသူမဟုတ်ပေ။ မိမိရှေ့မှောက်ကျလာသော ငွေဝင်ပေါက်ကို အဘယ်သို့အလွတ်ပေးမည်နည်း? အဆိုးဆုံးအနေဖြင့် အချိန်တန်လာလျှင် သူရရှိထားသော အပိုငွေအားလှူလိုက်ပြီး သူတို့ဆိုင်ခွဲအတွက် နာမည်တက်အောင်လုပ်ရုံသာရှိသည်။ ထို့ပြင် စျေးဝယ်သူနှစ်ဦးမှာလည်း လေလံပစ်ရန် ဆန္ဒရှိနေကြသဖြင့် ဆိုင်ဖက်မှ အတင်းအဓမ္မလုပ်ခိုင်းသောအရာမဟုတ်ပါပေ။
သူတို့နှစ်ဦးလုံး နောက်ဆုတ်လက်လျှော့မည်ကို စိတ်ပူစရာမရှိပေ။ နှစ်ဦးနှစ်ဖက်လုံးသည် ဤကိစ္စအား ရေးကြီးခွင်ကျယ်လုပ်ထားကြသဖြင့် သူတို့သာ စကားမတည်လျှင် သိက္ခာကျစရာဖြစ်တော့မည်။ ထို့အပြင် ရတနာဆိုင်၏သူဌေးမှာလည်း သာမန်သူဌေးတစ်ဦးမဟုတ်ပေ။ ရရှိမည့်အပိုငွေအား ပြန်ပေးလျှင်ပင် ထိုသူဌေးသည် မိမိတို့ဝန်ထမ်းများအား ဆုကြေးများချန်ရစ်ပေးလောက်ဦးမည်။ ယခုတွင် မိမိတို့လုပ်ရမည့်အရာမှာ လက်ရှိရန်ပွဲကို ဖြေရှင်းပေးရန်ဖြစ်၏။
“ရှောင်ပိုင် ကိုယ့်အတွက် ခက်ခဲလာရင် နောက်ဆုတ်ရမယ်ဆိုတာ မင်းနားမလည်ဘူးလား? ၂၁ သန်း? ဟက် အဲ့ ၂၁ သန်းနဲ့ ငါမင်းကိုရောင်းပေးရင်တောင် မင်းဝယ်နိုင်မှာမဟုတ်ဘူး!”
ဖန်လီချင်းမှ ခနဲ့သံဖြင့် ပြောလိုက်သည်။
“ဥက္ကဌဖန် မင်းအရင်တုန်းက ငါ့အမျိုးသမီးကို တိတ်တိတ်ပုန်းနည်းနဲ့ ဖြတ်လုခဲ့တယ်၊ အခု ငါသူ့ကိုပြန်မလိုချင်တော့ဘူးဆိုပေမယ့် တခြားအရာတွေကိုတော့ ငါကာကွယ်နိုင်သေးတယ်၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီနေ့ ငါမင်းကို ဒီကျောက်စိမ်းမပေးနိုင်ဘူး အနာဂတ်မှာ ငါပိုင်တဲ့ပစ္စည်းတွေကို မင်းသဘောကျလာရင်တောင် ငါမင်းလက်ထဲထည့်ပေးလိုက်ဖို့ စိတ်ကူးမရှိတော့ဘူး!”
ပိုင်ယွီအန်းမှ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
ထိုစကားတစ်ဝက်မှာ ဟန်ဆောင်နေခြင်းဖြစ်ပြီး တစ်ဝက်မှာ စိတ်ရင်းမှန်ဖြစ်၏။ မည်သူကမှ ဤကဲ့သို့သောအရှက်ခွဲမှုမျိုးကို မခံချင်ကြချေ။
ဤစကားကြောင့် ဖန်လီချင်း၏မျက်နှာထားမှာ ပို၍တည်ကြည်လေးနက်သွားသည်။ ပိုင်ယွီအန်းသည် သူ၏လက်အောက်တွင်ရှိစဉ်က သူဌေးဖြစ်သောသူ့ကိုပင် ကျော်လွန်လောက်သည်ထိ မည်မျှထူးချွန်တောက်ပခဲ့သည်ကို ပြန်တွေးကြည့်လိုက်သောအခါ အံကိုတင်းတင်းကြိတ််မိပြီး အေးစက်စွာဖြင့် ဟမ့်ခနဲအသံပြုလိုက်၏။
“မင်းပစ္စည်း? အရင်တုန်းက မင်းဆိုတာ ငါ့အောက်မှာ လုပ်ခဲ့တဲ့ကောင်ပါကွ! ၂၂ သန်းတိုးတယ်!”
“နောက်တစ်သန်းထပ်တိုးပေးမယ် ခင်ဗျားတို့ဆိုင်က စျေးဝယ်သူတွေဆီက ငွေအများကြီးလက်ခံလို့မရဘူးဆိုတာ သိတယ်၊ ဒါကြောင့်မို့ ကျွန်တော့်ဆီ ဒီကျောက်စိမ်းရောင်းလိုက်တာနဲ့ လုံးဝပြန်လာမလဲဘူးလို့ အာမခံတယ်၊ အဲဒါအပြင် အပိုဆောင်းငွေကိုလည်း ခင်ဗျားတို့ ဆိုင်နာမည်ကို အမည်ခံပြီး လှူပေးမယ် ဘယ်လ်ိုသဘောရလဲ?”
ပိုင်ယွီအန်းရှင်းပြလိုက်၏။
ဤအကြံပြုချက်ကြောင့် မန်နေဂျာ စိတ်အေးသက်သာရာရသွားပြီး အလျင်အမြန်ခေါင်းငြိမ့်လိုက်၏။
ဖန်လီချင်းမျက်နှာ ကွက်ခနဲပျက်သွားတော့သည်။
“မင်းကမဆိုးဘူးပဲ၊ ဒါပေမယ့် ငါဖန်လီချင်းကို မင်းကဘာများမှတ်နေလဲ? ဒီငွေပမာဏလောက်လေးကို မထုတ်နိုင်ဘူးထင်နေတာလား? ၂၅ သန်း!”
“၂၈ သန်း!”
ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းအချက်ပြနေသည်ကိုပင် မကြည့်တော့ဘဲ ဆက်ပြောလိုက်သည်။
“၂၉ သန်းကွာ!”
ဖန်လီချင်းအံကြိတ်လိုက်၏။
“သန်းသုံးဆယ်!”
…
“၃၅ သန်း!”
သူသည် အသက်ကိုပြင်းပြင်းရှူပြီးအော်လိုက်၏။ သူ ဖန်လီချင်းသည် မည်သူကိုမဆို အလျှော့ပေးနိုင်သော်လည်း ပိုင်ယွီအန်းကိုတော့မဖြစ်ချေ။
…
“သန်းလေးဆယ်!”
ပိုင်ယွီအန်း၏မျက်နှာထားသည် အနည်းငယ်စိတ်လှုပ်ရှားနေဟန်ရပြီး သူ၏လေသံမှာ အနည်းငယ်တုံ့ဆိုင်းနေ၏။
ဖန်လီချင်း အထိနာသွားသော်လည်း သေချာစဉ်းစားကြည့်လိုက်သောအခါ သူ့တွင် အင်အားကြီး အဆက်အသွယ်များ ရှိပေသည်။ နောက်ပိုင်းမှသာ ထွက်လမ်းရှာရန် ဆုံးဖြတ်လိုက်၏။ ယခုတွင်မူ ငွေကိုတွန့်တိုနှမြောနေစရာ အကြောင်းမရှိချေ။ ထို့ကြောင့် မတုံ့မဆိုင်းဘဲပြောလိုက်၏။
“သန်းငါးဆယ်!”
ဤစကားကြောင့် ဘေးပတ်ဝန်းကျင်ရှိလူများ မျက်လုံးကျွတ်ကျလုမတတ်ဖြစ်သွားတော့သည်။
ကျင်းယွင်ကျောင်းသည် သူမ၏နှာခေါင်းထိပ်ကို ပွတ်လိုက်၏။ ပိုင်ယွီအန်းသည် အံကိုကြိတ်ကာ မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“မင်း! ဥက္ကဌဖန် မင်းက အဲ့လောက်များတဲ့ငွေပမာဏကို ထုတ်နိုင်တယ်လို့ ငါမယုံဘူး”
“ဒီပမာဏက ငါ့အတွက် ဘာမှမဟုတ်ဘူး!”
ထိုသို့ပြောပြီးနောက် သူသည် မန်နေဂျာထံသို့ အောင်နိုင်သူအကြည့်ဖြင့် ကြည့်လိုက်သည်။ မန်နေဂျာသည် တုန်ယင်နေသောလက်ဖြင့် ကတ်ကိုချက်ချင်းဖြတ်လိုက်၏။ ငွေသန်းငါးဆယ်သည် ချက်ချင်းဆိုသလို ထွက်သွားတော့သည်။
“ဒါပေမယ့် ရှင်တို့ဆိုင်က စျေးဝယ်သူတွေကို အနိုင်မကျင့်သင့်ဘူးနော် ကျန်တဲ့ ၃၁ သန်းကို ရှင်တို့ဆိုင်နာမည်နဲ့ လှူမယ်လို့ သဘောတူခဲ့ကြတယ်မလား? စာချုပ်စာတမ်းနဲ့လုပ်သင့်တယ်မထင်ဘူးလား?”
ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို စကားလမ်းကြောင်းလွှဲလိုက်သည်။
Space and Rebirth 955
ကျင်းယွင်ကျောင်းမှ စာချုပ်စာတမ်းဖြင့် လုပ်မည်ဟု ပြောလိုက်သည်နှင့် ဖန်လီချင်း ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်သည်။ သို့ရာတွင် အခြေအနေမှာ ရှုပ်ထွေးလွန်းနေ၍ ၎င်းကိုအငြင်းပွါး၍မဖြစ်ပေ။ လူများစွာကြည့်ရှုနေသောကြောင့် စာချုပ်အား လက်မှတ်ထိုးရန် သဘောမတူဘဲနေလျှင် ထူးဆန်းချေတော့မည်။
စဉ်းစားကြည့်လိုက်ပြီးနောက် သူသည် အလှူအတန်းကို သဘောမတူနိုင်စရာမရှိပေ။ သူသည် ကုမ္မဏီအား နှစ်ကာလရှည်ကြာစွာ ဦးစီးခဲ့သည့်တစ်လျှောက် ကောင်းမှုကုသိုလ်များစွာလုပ်ခဲ့ပေ၏။ တစ်ခါတစ်ရံတွင် သူသည် အပြင်ပန်းတွင် မျက်နှာပန်းလှအောင် လုပ်ရပေမည်။ နောက်ဆက်တွဲဖြစ်သောကိစ္စများမှာမူ ပိုင်ယွီအန်းနှင့် ထိုကောင်မလေးတို့ နားလည်နိုင်သောအရာမဟုတ်ပေ။
“မန်နေဂျာ ကျေးဇူးပြုပြီး စာချုပ်မိတ္တူနှစ်စောင်ကို ချက်ချင်းကူးပေးပါ”
ဖန်လီချင်း တစ်ခါတည်းပြောလိုက်၏။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းစွန်းများ ကွေးညွှတ်သွားပြီး သူမမျက်လုံးများထဲတွင် အံ့အားသင့်လေးစားသယောင်ဖြစ်သွားသည်။ သူမတမင်တကာပြောလိုက်၏။
“ဥက္ကဌဖန် ရှင်ကတကယ်ရက်ရောတာပဲ၊ အစ်ကိုပိုင် ရှင်ကတော့ ဒီအပိုင်းမှာ ဥက္ကဌဖန်လောက် မရက်ရောနိုင်ပါလား ပြီးတော့ ဒီအန်တီကလည်း ဥက္ကဌဖန်လိုလူမျိုးရဲ့အနောက်ကို လိုက်နိုင်တာ ပိုပြီးတော့တောင် ကံကောင်းသေးတယ် အားကျလိုက်တာရှင်”
ထျန်းရှီမျက်နှာပျက်သွားသည်။ သူမသည် ပိုင်ယွီအန်းနှင့် သက်တူရွယ်တူဖြစ်သော်လည်း ဤမိန်းကလေးမှာ ပိုင်ယွီအန်းကို “အစ်ကို” ဟုခေါ်ပြီး သူမကိုမူ “အန်တီ” ဟုခေါ်နေလေသည်။ ဤသည်မှာ ဘာအဓိပ္ပာယ်နည်း? သူမအား အသက်ကြီးနေပြီဟု ပြောဆိုနေခြင်းပင်မဟုတ်လော!
သို့ရာတွင် ဤခေါ်ဝေါ်ပုံမှအပ သူမသည် စိတ်ကြည်လင်နေလေသည်။ ဖန်လီချင်းအနောက်သို့ နှစ်ပေါင်းများစွာလိုက်ပြီးနောက် ဥက္ကဌဖန်သည် သူမအား အကျိုးအမြတ်ခံစားခွင့် အနည်းငယ်သာပေးခဲ့၏။ အဆုံးတွင် သူမသားဖြစ်သူကိုပင် မကြာခဏ မတွေ့ရချေ။ တစ်ခါတစ်ရံတွင် သူမသည် နောင်တရမိ၏။
သို့ရာတွင် ယခုချိန်၌ ဖန်လီချင်းသည် လူများစွာ၏မျက်မှောက်တွင် သူမအတွက် ကျောက်စိမ်းကောင်းတစ်တုံးကို ဝယ်ပေးခဲ့လေပြီ။ နှစ်ပေါင်းများစွာ သူမ၏ကြိုးစားအားထုတ်မှုများသည် သဲထဲရေသွန်မဖြစ်တော့ချေ။
၁၉ သန်းတန်သောပစ္စည်းဖြစ်သောကြောင့် လျှော့စျေးဖြင့် ရောင်းလျှင်ပင် ဤငွေပမာဏသည် သူမ၏ဘဝတစ်လျှောက်စာ သက်တောင့်သက်သာနေနိုင်သော ပမာဏဖြစ်လေသည်။
ဖန်လီချင်းသည် ငွေမြောက်များစွာပိုင်ဆိုင်သောကြောင့် အနာဂတ်တွင် သူမသည် ပို၍ပင် ကြိုးစားအားထုတ်ရပေမည်။
မကြာမီတွင် ဤကျောက်စိမ်းအား ဘရိုကိတ်ဘူးထဲ ထည့်ကာ ထုပ်ပိုးလိုက်တော့သည်။ မန်နေဂျာသည် ပစ္စည်းအား ဂရုတစိုက်ဖြင့် ကမ်းပေးလိုက်ပြီး ဖန်လီချင်းသည်လည်း အလှူစာရွက်စာတမ်းကို လက်မှတ်ထိုးလိုက်သည်။
ဖန်လီချင်းသည် ကြက်တိုက်ပွဲတွင် အနိုင်ရထားသော ကြက်ဖ၏အကြည့်မျိုးဖြင့် ပိုင်ယွီအန်းအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
“ကျေးဇူးပါ အစ်ကိုဖန်…”
ထျန်းရှီသည် နားဝင်ချိုဖွယ်အသံဖြင့် ခေါ်ဆိုလိုက်ပြီး လက်နှစ်ဖက်ကမ်းကာ ပစ္စည်းကိုယူရန် ဟန်ပြင်လိုက်သည်။ ဖန်လီချင်းသည် ခေတ္တမျှ တွေဝေသွားပြီးနောက် သူမဆီသို့ ကျောက်စိမ်းကို ကမ်းပေးလိုက်တော့၏။ သူတို့သည် အပြင်ရောက်နေသောကြောင့် သူရက်ရောကြောင်း ဟန်ဆောင်ပြရပေမည်။ သို့ရာတွင် သူသည် မန်နေဂျာကို အရိပ်အယောင်ပြထားခဲ့၏။ သူအရိပ်ပြသည်ကို မန်နေဂျာမှ အကောင်မြင်လောက်မည်ဟု ယုံကြည်ပေသည်။
ထို့ကြောင့် ဤကျောက်စိမ်းတုံးအား ကာကွယ်မှဖြစ်ပေမည်။ ကျိုးပဲ့ပျက်စီးသွားလျှင် အရာအားလုံး သဲထဲရေသွန်ဖြစ်တော့မည်။
“သေချာကိုင်နော်”
ဖန်လီချင်း ကမ်းပေးရင်းပြောလိုက်၏။
ထျန်းရှီ ချက်ချင်းဆိုသလို မျက်ခုံးများပင့်သွားသည်။ သူမတစ်ကိုယ်လုံး ပီတိအဟုန်ဖြင့် လွှမ်းနေလေပြီ။
“အစ်ကိုဖန်ကအကောင်းဆုံးပဲ!”
“အင်း”
သူပြန်ဖြေလိုက်သော်လည်း မျက်လုံးထဲမှ ရွံရှာစက်ဆုပ်ဟန်များကို မကွယ်ဝှက်ထားနိုင်ချေ။ ဤအမျိုးသမီးသည် သူမည်သို့တွေးနေသည်ကိုပင် မသိတတ်ရာ သူမအား အဘယ်သို့ ဂရုစိုက်ပေးချင်စရာရှိမည်နည်း?
သို့သော် ထျန်းရှီအား ပထမဆုံးတွေ့စဉ်အချိန်ကို ပြန်တွေးကြည့်မိလိုက်သောအခါ ထိုစဉ်က သူမသည် အတန်ငယ်ပါးနပ်ပြီး အမြော်အမြင်ရှိခဲ့ဖူး၏။ သူမသည် ပိုင်ယွီအန်းနံဘေးတွင် လွန်စွာဣန္ဒြေရှိသောဟန်ပန်ဖြင့် ရှိခဲ့ဖူးသည်။ ပိုင်ယွီအန်းတစ်ချက်ကြည့်ရုံဖြင့် နားလည်သဘောပေါက်ကာ ချက်ဆိုနားခွက်ကတောက်သူဖြစ်ခဲ့၏။ သူတို့နှစ်ဦးသားသည် အပြန်အလှန်နားလည်မှုရှိလှပြီး အလွန်ပင်ပနံသင့်လိုက်ဖက်ကြောင်း ကုမ္ပဏီထဲရှိ လူများစွာက ပြောခဲ့လေသည်။ ထိုစဉ်က ဖန်လီချင်းသည် သူတို့အတွက် အမှန်တကယ်ပင် ပီတိဖြစ်ပေးခဲ့သော်လည်း သူ၏နံဘေးတွင် သူ၏အတွေးများကို ထိုမျှလောက်နားလည်ပေးနိုင်ခဲ့သော အမျိုးသမီးတစ်ဦးမရှိခဲ့သဖြင့် သူမအား လိုချင်ခဲ့မိလေသည်။
သို့သော် ဤအမျိုးသမီးသည် ပိုင်ယွီအန်းနံဘေးမှ ထွက်လိုက်သည်နှင့် ဘာမှအဖိုးမတန်သောလူဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမတွင် စဉ်းစားဆင်ခြင်နိုင်စွမ်းဟူ၍ တစ်စက်မျှမကျန်ဘဲ သူမ၏အားနည်းချက်များသည်လည်း ဘူးပေါ်သလို ပေါ်လာခဲ့သည်။ သူမသည် အပြင်လောကရှိ ဦးနှောက်မရှိသောမိန်းမများနှင့် ဘာမှမခြားနားသောကြောင့် သူအလွန်ပင်စိတ်ပျက်မိလေ၏!
ထျန်းရှီသည် လက်ထဲရှိဘူးကို ကြပ်ကြပ်ကိုင်လိုက်၏။ ဖန်လီချင်းတစ်ကိုယ်လုံး များစွာသက်တောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။
ဤငွေကို သုံးလိုက်ရသော်လည်း လက်တွေ့တွင် မသုံးလိုက်ရသည့်အတိုင်းပင်။ သူသည် ပိုင်ယွီအန်းအရှေ့တွင် မော်ကြွားနိုင်သဖြင့် အလွန်ပင်လန်းဆန်းနေတော့သည်။
“ရှောင်ပိုင် မင်းမှာပိုက်ဆံမရှိရင်လည်း မင်းကောင်မလေးကို စျေးဝယ်ထွက်ဖို့ ခေါ်မလာနဲ့လေ အခုကြည့်စမ်း ဘယ်လောက်ရှက်စရာကောင်းလဲ? ငါသာမင်းနေရာမှာဆိုရင် ဒီမှာဆက်နေရဲဖို့ သတ္တိတောင်ရှိမယ်မထင်ဘူး”
ဖန်လီချင်းသည် ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်းဘက်လှည့်လိုက်သည်။
“မိန်းမလှလေး ငါ့လုပ်ငန်းကတ်ကို ကောင်းကောင်းသိမ်းထား၊ လိုအပ်တာရှိတာနဲ့ ခေါ်လိုက်၊ မိန်းကလေးတွေကို ကောင်းကောင်းမဆက်ဆံတာတွေ့ရင် ငါအမုန်းဆုံးပဲ ငါမင်းကိုသေချာပေါက်ထောက်ပံ့ပေးမယ်!”
Space and Rebirth 956
ဖန်လီချင်းစကားပြောပြီးသည်နှင့် အကြိမ်အနည်းငယ်ခန့်ရယ်မောလိုက်၏။ ထိုရယ်သံများသည် အလွန်ပင် ပလွှားနေလေသည်။ ပိုင်ယွီအန်းသည် နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ဘာမှမပြောချေ။ ကျင်းယွင်ကျောင်းသည်လည်း အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။
နှစ်ဦးသားငြိမ်သွားကြောင်း တွေ့လိုက်ရသောအခါ ဖန်လီချင်း အားရသွားသည်။
“ထျန်းရှီ ကားဆီပြန်ပြီး ငါ့ကိုအရင်သွားစောင့်နှင့်၊ ရှောင်ပိုင်နဲ့စကားပြောစရာတွေကျန်သေးတယ်”
သူသည် ပိုင်ယွီအန်းနေထိုင်သောနေရာကို သိချင်နေပေသည်။ တစ်ခါအရှက်ခွဲရုံဖြင့် မလုံလောက်ပေ။ ပိုင်ယွီအန်းသည် နေ့စဥ်ရက်ဆက် သူ၏အရိပ်အောက်တွင် ဝပ်ပြားနေသည်ကို မြင်ရမှ နေသာထိုင်သာရှိပေမည်။
ထျန်းရှီသည် ၎င်းကိုကြားလိုက်သောအခါ ချက်ချင်းဆိုသလို သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်၏။ သူမသည် ဤကျောက်စိမ်းတုံးကိုယူကာ ချက်ချင်းထွက်သွားချင်မိနေတော့သည်။
ငွေ ၁၉ သန်း...
သူမဘဝတစ်လျှောက်လုံး ကြိုးစားလျှင်ပင် ထိုငွေပမာဏမျိုးကိုရရန်မဖြစ်နိုင်ချေ...
ထို့ကြောင့် သူမသည် အပြင်သို့ထွက်ရန် ခြေလှမ်းပြင်တော့သည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်း၏မျက်လုံးများ ဝင်းလက်သွားပြီး သူမ၏နှုတ်ခမ်းစွန်းများ အနည်းငယ်ကွေးညွှတ်တက်သွား၏။ ထျန်းရှီသည် တံခါးဆီသို့သွားပြီး အပြင်သို့ထွက်ခါနီးတွင် ကျောက်စရစ်ခဲအသေးတစ်လုံးသည် ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်းလက်ထဲတွင်ပေါ်လာပြီး ထျန်းရှီ၏ပေါင်တည့်တည့်သို့ ဦးတည်သွားတော့သည်။ ထိုကျောက်စရစ်ခဲအား မည်သူမှအာရုံမစိုက်သောအချိန်တွင် ပစ်ပေါက်လိုက်သောကြောင့် သက်သေအထောက်အထားရှာဖွေရန် ခက်ခဲပေသည်။
ထျန်းရှီမှာ စိတ်ရွှင်မြူးနေခဲ့သော်လည်း ရုတ်ချည်းဆိုသလို သူမပေါင်တံသည် နာကျင်မှုဒဏ်ကို ခံစားလိုက်ရ၏။ ချက်ချင်းဆိုသလို သူမသည် လဲကျသွားတော့သည်။ သူမလက်ထဲရှိအနီရောင်ဘူးမှာလည်း ပျံလွှားနီတစ်ကောင်ကဲ့သို့ ရိပ်ခနဲ ပျံသန်းသွားကာ လူတိုင်း၏အကြည့်အောက်တွင် မီတာအနည်းငယ်ခန့်အကွာ၌ ကျသွားတော့သည်။ ဘူးတစ်ခုလုံး ကွဲကြေသွားပြီးနောက် အတွင်းရှိကျောက်စိမ်းမှာလည်း အပြင်သို့ခုန်ထွက်လာကာ မြေပြင်သို့ပြုတ်ကျ၍ အပိုင်းပိုင်းအစစကြေမွသွားတော့၏။
“ငါ့ကျောက်စိမ်း!”
ဖန်လီချင်း၏မျက်လုံးများ ကျွတ်ထွက်လုမတ်ဖြစ်သွားသည်။ သူသည် သုတ်သီးသုတ်ပြာဖြင့် အပြေးအလွှားသွားကြည့်လိုက်၏။ သို့သော် သူကြည့်လိုသောအရာမှာ ထျန်းရှီမဟုတ်ပေ။ ထိုအစား အဝေးတစ်နေရာတွင် ကျကွဲနေသောအနီရောင်ဘူးကိုသာ သူကြည့်လိုက်၏။ သူသည် သုန်မှုန်သောမျက်နှာဖြင့် ကျိုးကြေနေသောကျောက်စိမ်းအပိုင်းအစအား ကောက်ယူလိုက်သည်။ ထို့နောက် ဒေါသအဟုန်ဖြင့် ထျန်းရှီထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။
“သောက်ရူးမ!”
ဖန်လီချင်း၏စကားသံထွက်ပြီးသည်နှင့် သူ၏လက်ကောက်ဝတ်သည် ချက်ချင်းဆိုသလို ထုံကျင်သွား၏။ သူ၏လက်ထဲရှိ ဆိုးဆိုးရွားရွားကျိုးမနေသော ကျောက်စိမ်းအပိုင်းအစများသည် မြေပြင်ပေါ်သို့ကျသွားပြန်သည်။ ဤတစ်ခေါက်တွင် ကျောက်စိမ်းပိုင်းတို့သည် ပြန်ဆက်၍မရနိုင်လောက်သည်ထိ ကျိုးကြေသွားချေပြီ။
ကျောက်စိမ်းအား ပထမဆုံးခွဲမိခဲ့သူမှာ ထျန်းရှီဖြစ်သော်လည်း ကံကောင်းစွာဖြင့် ကျကွဲသွားသောအပိုင်းအစအချို့အား အသုံးပြုပြီး လက်စွပ်တစ်ကွင်းစာ လုပ်နိုင်ပေ၏။ ထိုသို့ဆိုလျှင် ငွေအချို့ပြန်ရနိုင်ပေသည်။ သို့ရာတွင် ဒုတိယတစ်ခေါက်ကျကွဲပြီးနောက် အဖတ်ဆယ်၍လုံးဝမရနိုင်တော့ပေ။ ဖန်လီချင်းသည် မိမိကိုယ်မိမိ ကျိန်စာတိုက်ခံရခြင်းလော သေချာမသိသော်လည်း ဤကဲ့သို့ကံဆိုးမှုမျိုးမှာ အနည်းငယ်လွန်လွန်းလှသည်ဟု ထင်မိ၏။
ဤကျောက်စိမ်းလည်ဆွဲမှာ အစကတည်းက မကြီးမားလှပေ။ ယခု ကွဲကြေသွားပြီဖြစ်၍ ပို၍ပင် တန်ဖိုးမဲ့သွားလေပြီ။
ဖန်လီချင်း ကြက်သေသေနေတော့၏။ သူသည် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အံကိုတင်းတင်းကြိတ်၍ မြေပြင်ပေါ်ရှိ ကျောက်စိမ်းအပိုင်းအစများကို မယုံကြည်နိုင်ဟန်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် ပြုံးလိုက်တော့၏။ သူမအသံသည် အေးစက်သောဆည်းလည်းသံကဲ့သို့ဖြစ်ပြီး လေပြည်ညင်းကဲ့သို့ ကြည်လင်ပြတ်သားနေသည်။
သူမသည် စူးရှမည်းနက်သောမျက်လုံးများဖြင့် ပြောလိုက်တော့သည်။
“ဥက္ကဌဖန် ဒီကျောက်စိမ်းက အသိစိတ်ရှိနေတဲ့ပုံပဲ သူ့ပိုင်ရှင်သူရွေးတတ်တယ်၊ ရှင်ကတော့ ငွေတွေအများကြီးပေးပြီး ဝယ်ခဲ့ပေမယ့် ရှင့်စရိုက်ကိုသဘောမကျလို့ထင်တယ် သူ့ကိုယ်သူခွဲပစ်လိုက်တယ်ရှင့်”
ပိုင်ယွီအန်း၏တင်းမာနေသောမျက်ခုံးရိုးများ ပြေလျော့သွားပြီး ကြိတ်ရယ်မိတော့သည်။
ဖန်လီချင်းနှင့် ထျန်းရှီတို့ လဲကျခြင်းမှာ အနည်းငယ်တိုက်ဆိုင်ခြင်းသာဖြစ်သော်လည်း မည်သည့်အရာကြောင့်မှန်းမသိ ကျင်းယွင်ကျောင်းသည် ကံထူးရှင်တစ်ဦးနှင့် တူလှသည်ဟု သူခံစားမိသည်။ မည်သည့်အရာမဆို ကျင်းယွင်ကျောင်း၏လမ်းကြောင်းပေါ်သို့ ယိမ်းယိုင်လာတတ်စမြဲဖြစ်၏။
“ဥက္ကဌဖန်က ငွေတွေအများကြီးရှိတော့ ဒီအရေးမပါတဲ့ကျောက်စိမ်းတစ်တုံးလောက်ကို သိပ်ဂရုစိုက်မှာမဟုတ်ပါဘူး”
ပိုင်ယွီအန်းသည် တမင်တကာဖြင့် သူ့အားခနဲ့လိုက်၏။
ဖန်လီချင်း၏မျက်နှာအိုမှာ တွန့်သွားတော့သည်။ သူ၏မျက်နှာပေါ်ရှိ သွေးကြောများမှာ ထကြွကာ အရိုင်းဆန်လာတော့သည်။ သူ၏တြိဂံကျသောမျက်လုံးများမှ အေးစက်သောအလင်းရောင်တစ်ခု ထွက်နေဟန်ရ၏။ သူသည် မြေပြင်ပေါ်တွင် လဲကျနေဆဲဖြစ်သော ထျန်းရှီကို ရုန့်ရင်းကြမ်းတမ်းစွာဖြင့် လည်ပင်းညှစ်သတ်ပစ်ချင်မိသည်။
ငွေသန်းငါးဆယ်ဖြစ်ပေသည်! ယခုတွင် ငွေ ၁၉ သန်းမဟုတ်တော့ချေ!
ကျောက်စိမ်းသာ အကောင်းပကတိအတိုင်းဖြစ်လျှင် သူသည် ဆိုင်သို့ပစ္စည်းပြန်လာလဲရန် အကြောင်းရင်းရှိပေဦးမည်။ သို့သော် ယခုတွင် ကျကွဲသွားချေပြီ! လူများစွာ၏ရှေ့မှောက်တွင် သူနှင့်အတူပါလာသော အမျိုးသမီးမှ ခွဲခဲ့သည်ဖြစ်ရာ သူဘာများပြောနိုင်သေးမည်နည်း? ကျောက်စိမ်းမရှိတော့လျှင် အစောပိုင်းက မန်နေဂျာအား သူမျက်ရိပ်မျက်ကဲပြခဲ့သည့်အရာများသည် သဲထဲရေသွန်ဖြစ်ပေပြီ။ ငွေသန်းငါးဆယ် ပြန်ရရှိနိုင်ရန် မဖြစ်နိုင်တော့ချေ။ သူသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်၏။ သူသာ ဤရတနာဆိုင်၏ပိုင်ရှင်ဖြစ်နေလျှင်လည်း သေချာပေါက် ပြန်လဲပေးမည်မဟုတ်ပေ!
သူသည် အစက ဤအခွင့်အရေးအား အသုံးချကာ ရတနာဆိုင်နှင့် သူ့ကုမ္ပဏီ၏ဂုဏ်သတင်းကို မြှင့်တင်ရန် စီစဥ်ထားခဲ့၏။ နောက်မှသာ သူသည် လူနောက်ကွယ်တွင် ရတနာဆိုင်နှင့် လက်ဝါးရိုက်၍ ပစ္စည်းကိုပြန်ပေးပေမည်။ ယခုမူ အခြေအနေများ ဤသို့ဖြစ်သွားသောကြောင့် အဘယ်သို့ပြန်ပေးနိုင်တော့မည်နည်း?!