← Chapters

အခန်း (၉၅၇-၉၆၀)

Vol. 48 Ch. 957-960

အခန်း (၉၅၇-၉၆၀)

Vol. 48 Ch. 957-960

Space and Rebirth 957

ဖန်လီချင်းသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေချေပြီ။ သူသည် ကျိုးပဲ့နေသောကျောက်စိမ်းတုံးအား အချိန်အတော်ကြာကြည့်လိုက်၏။ စက္ကန့်အနည်းငယ်ခန့်ကြာသောအခါ သူသည် ထျန်းရှီထံသို့ ထလမ်းလျှောက်သွား၍ သူမပါးအား နာနာရိုက်လိုက်သည်။

“မင်းတမင်လုပ်လိုက်တာလား?! မင်းအခုထိ အဲ့ကောင်ကို မမေ့နိုင်သေးဘူးမှတ်လား!”

ကြမ်းပြင်မှာ အလွန်ပင်ပြားချပ်နေပြီး ခလုတ်တိုက်စရာမရှိသည့်အပြင် သူမခြေထောက်သည်လည်း ကြွက်တက်စရာအကြောင်းမရှိပေ။ အဘယ်သို့ ရုတ်တရတ်ဆန်စွာချော်လဲရသနည်း? ထျန်းရှီအား နှစ်ပေါင်းများစွာ သိခဲ့သည့်တစ်လျှောက် ဤအမျိုးသမီးသည် သူ့အရှေ့တွင် တစ်ခါမှ မတော်တဆမဖြစ်ဖူးချေ။ သို့ရာတွင် ယခု၌ သူမသည် ချော်လဲကာ ကျောက်စိမ်းကို ခွဲလိုက်လေ၏။ ဤသည်မှာ ပိုင်ယွီအန်းအတွက် လုပ်ခြင်းသာဖြစ်ရပေမည်။ ဤသည်ကို မတော်တဆမှုဟု သူမယုံကြည်နိုင်ပါပေ!

“မဟုတ်ဘူး...အစ်ကိုဖန် ကျွန်မတမင်လုပ်တာမဟုတ်ပါဘူး ဘာလို့လဲမသိ ကျွန်မခြေထောက်က...”

ထျန်းရှိ သုတ်သီးသုတ်ပြာဖြင့် ရှင်းပြလိုက်သော်လည်း သူမစကားမဆုံးနိုင်ခင်တွင်ပင် ဖန်လီချင်းမှ သူမအား ပါးရိုက်လိုက်ပြန်သည်။

“ငါ့ကိုအရူးများမှတ်နေလား?!”

နှစ်ကြိမ်မျှ အရိုက်ခံရပြီးနောက် ထျန်းရှီသည် မှင်တက်နေလေပြီ။ ယခင်က သူမသည် ပိုင်ယွီအန်းနှင့်ရှိခဲ့စဥ်က ညင်သာမှု၊ ချိုသာမှုများသာရှိခဲ့၏။ သူတို့လင်မယားသည် ဆက်ဆံရေး အလွန်ကောင်းခဲ့ပေသည်။ ပိုင်ယွီအန်းသည် အလွန်ပင်ဆင်ခြင်တုံတရားရှိသောလူဖြစ်၏။ သူတို့ကြားထဲတွင် အငြင်းပွားမှုဖြစ်ခဲ့လျှင်ပင် သူသည် အမျိုးသမီးတစ်ဦးကို ဘယ်သောအခါမှ ရိုက်မည်မဟုတ်ပေ။ သူမသစ္စာဖောက်ကြောင်းသိသွားစဥ်ကပင် ပိုင်ယွီအန်းသည် သူမအား စိတ်ပျက်ဝမ်းနည်းဟန်ဖြင့်သာကြည့်ခဲ့ပြီး လက်ဖြင့်ရွယ်ပင်မရွယ်ခဲ့ချေ။

ထို့အပြင် ဖန်လီချင်းသည် သူမအား အရယူရန် နည်းလမ်းများစွာ သုံးခဲ့၏။ ဖန်လီချင်းသည် ထိုအချိန်က အထူးပင် လူကြီးလူကောင်းဆန်နေပြီး သူမအပေါ် ကြမ်းတမ်းမှုမရှိခဲ့ချေ။ လွန်ခဲ့သောနှစ်နှစ်အတွင်း သူမသည် ဖန်လီချင်းအား တွေ့နိုင်သောအခွင့်အရေး သိပ်မရှိခဲ့သော်ငြား...

ယခုတွင် ဖန်လီချင်းသည် ကျောက်စိမ်းတစ်တုံးအတွက်နှင့် ပိုင်ယွီအန်းအရှေ့တွင် သူမအား အော်ငေါက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမအား လက်ဖြင့်ပင်...

“အစ်ကိုဖန် ကျွန်မတကယ်မလုပ်...”

ထျန်းရှီ၏ရင်ဘတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်နေလေပြီ။

အစောပိုင်းက မည်သို့ဖြစ်သွားသည်ကို သူမတကယ်မသိချေ။ သူမသည် လက်ထဲတွင် ကျောက်စိမ်းကိုကိုင်ထားသဖြင့် အထူးပင် သတိထားနေခဲ့၏။ သို့ရာတွင် တံခါးဆီသို့လက်လှမ်းလိုက်ချိန်၌ သူမပေါင်တံကျိုးလုမတတ် စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း သူမသည် ရုတ်ချည်းဆန်စွာ လဲကျသွားခြင်းဖြစ်သည်။ သူမလဲကျသွားပုံမှာ ဆိုးရွားလွန်းသဖြင့် ဒူးပွန်းကာ သွေးထွက်နေချေပြီ။ ယခုအချိန်တွင် ပိုင်ယွီအန်းသာ သူမအမျိုးသားဖြစ်နေသေးလျှင် ကျောက်စိမ်းတုံးကို နှမြောနေမည်မဟုတ်ပေ။ သူမခန္ဓာကိုယ်အတွက်သာ ဦးစားပေးစိတ်ပူလိမ့်မည်!

ထျန်းရှီမျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေတော့၏။ သူမသည် အလွန်တရာပင် ယူကျုံးမရဖြစ်နေလေသည်။ ဤအခိုက်အတန့်တွင် သူမသည် အလွန်သနားစရာကောင်းနေကာ သူမမျက်နှာပေါ်ရှိ နောင်တရိပ်များမှာ ပို၍ပင် လေးလံကြီးမားလာသည်။ အားနွဲ့သောအမျိုးသမီး၏အလှမျိုးလည်းမရှိတော့ချေ။ ထိုအစား အငြိုးကြီးသောအိမ်ရှင်မတစ်ဦး၏ အငွေ့အသက်မျိုးသာရှိသည်။

ပိုင်ယွီအန်းသည် သူ၏ဇနီးဟောင်းကို ဤသို့ပုံစံဖြင့် မြင်ရသောအခါ နှလုံးကြေကွဲဝမ်းနည်းလိမ့်မည်ဟု သူ့ကိုယ်သူထင်ခဲ့သော်လည်း မထင်မှတ်ထားစွာဖြင့် စိတ်တည်ငြိမ်နေလေသည်။

အချိန်ရွေ့လျားကုန်ဆုံးသွားသည်နှင့်အမျှ အခြေအနေလည်း ပြောင်းလဲကုန်လေပြီ။ သူသည် မြို့တော်နှင့် ဝေးရာတွင် ရှိနေခဲ့သည်မှာ သုံးနှစ်ကြာ‌ချေပြီ။ မကျေနပ်ချက်များ၊ အမုန်းစများ အနည်းငယ်ခံစားရသေးသော်ငြား ဤအမျိုးသမီးအပေါ်ရှိခဲ့သော သူ၏သံယောဇဥ်များအားလုံးသည် အမှန်တကယ်ပင် ပျောက်ဆုံးသွားပြီဖြစ်၏။

သူငယ်စဥ်က သူ၏ခံစားချက်များအားလုံးကို ဤအမျိုးသမီးတစ်ဦးတည်းအပေါ် အားလုံးနီးပါးသွန်ချခဲ့သော်ငြား ဤအမျိုးသမီးတန်ပြန်ပေးသောအရာဟူ၍ သူ၏စိတ်ထဲမှ လှပသောအမှတ်တရများအားလုံးကို ချေဖျက်ခဲ့ရုံသာရှိသည်။ သူ့တွင်လည်း မျက်လုံးရှိပေသည်။ ထျန်းရှီနှင့် ဖန်လီချင်းတို့အတူဝင်လာစဥ်က သူတို့သည် မိမိအား နိမိတ်မကောင်းသောအရာတစ်ခုနှယ် ရွံရှာကြောက်ရွံ့ဟန်ဖြင့် ကြည့်နေခဲ့ကြ၏။ ထိုသို့ဆိုလျှင် သူသည် အဘယ်ကြောင့် တစ်ဦးတည်း ခါးသက်စွာဖြင့် မကောင်းသော အတိတ်ကိုလက်မလွှတ်နိုင်ဖြစ်နေပြီး ဆက်လက်ဆုပ်ကိုင်ထားရမည်နည်း?

“ပိုင်ယွီအန်း မင်းသူ့ကိုလုပ်ခိုင်းတာလား? ဒီကျောက်စိမ်းက တန်ဖိုးကြီးတော့ မင်းသူ့အစား လျော်ပေးမှဖြစ်မယ်! သန်းငါးဆယ်ပြန်ပေး! တစ်ပြားမှ မလျှော့နိုင်ဘူး!”

ဖန်လီချင်းသည် ထျန်းရှီအပေါ် သူ၏ဒေါသများကိုပုံချပြီးနောက် ချက်ချင်းဆိုသလို ပိုင်ယွီအန်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။

အစက ဤလူသည် သူဌေးသူကြွယ်ကြီးတစ်ဦး၏ အရှိန်အဝါမျိုးရှိသော်လည်း ယခု ဤအခိုက်အတန့်တွင်မူ သူသည် ‌ကျောက်စိမ်းတစ်တုံးဖြင့် ဒေါသအကြီးအကျယ်ထွက်နေလေပြီ။ သူသည် ခွေးရူးတစ်‌‌ကောင်နှယ် မြင်သမျှလူကို ကိုက်နေတော့၏။

“ဥက္ကဌဖန် မင်းကငါ့ကို အဲ့လောက်နှံတဲ့လူလို့ထင်နေတာလား? ဒီပစ္စည်းကို မင်းပဲလိုချင်လို့ လေလံပစ်ခဲ့ပြီးတော့ သူ့ကိုဒီနေရာခေါ်လာတဲ့လူကလည်း မင်းပဲ၊ အဲဒါကို ဘာလို့ငါက ပစ္စည်းဖိုးလျော်ရမှာလဲ?”

ပိုင်ယွီအန်းချက်ချင်းဖြေလိုက်၏။ သူသည် အားရပါးရဖြင့် ပြောလိုက်သော်လည်း မျက်လုံးထဲမှ ရွံရှာစက်ဆုပ်ဟန်များကို ကွယ်ဝှက်မထားချေ။

“သူကမင်းမိန်းမလေ မင်းကြောင့်သာမဟုတ်ရင် သူဒီကျောက်စိမ်းကိုခွဲမလား?!”

ဖန်လီချင်း‌ ဒေါသတကြီးဖြင့် ပြောလိုက်၏။

ဤအမျိုးသမီးမှာ ကျေးဇူးမသိတတ်ကြောင်း သူသိနေခဲ့သော်လည်း ဤမျှလောက်စုံလုံးကန်းသောမိန်းမဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် ပိုင်ယွီအန်းအား ကူညီရန် ကြိုးစားရဲသေး၏။ အတင့်ရဲလှပေသည်!

Space and Rebirth 958

ဖန်လီချင်းပါးစပ်မှ “မိန်းမ” ဟုထွက်လာသောအခါ သူ၏အနီးရှိလူများတွင် မျက်နှာထားမျိုးစုံဖြစ်သွားတော့သည်။

ဥက္ကဌဖန်သည် ထိုအမျိုးသမီးနှင့်အတူ လူသိရှင်ကြားတွဲဝင်လာပြီး ပွတ်သီးပွတ်သပ်ပင် ပြုမူခဲ့သေးသည်။ အဘယ်ကြောင့် သူမအား အခြားသူ၏မိန်းမဟု ပြောနေရသနည်း? အမျိုးသမီးဖြစ်သူမှ ပြသာနာရှာသောအခါ သူသည် အခြားသူထံ အပြစ်ကိုပုံချနေလေပြီ။ မည်သူကမှန်ပြီး မည်သူကမှားနေသည်ကို မျက်စိရှိသောမည်သူမဆို ပြောနိုင်ပေသည်။

ထျန်းရှီသည် ဖန်လီချင်း၏စကားကို ကြားသောအခါ သူမမျက်နှာသွေးဆုပ်သွားတော့သည်။

သူမသည် ပိုင်ယွီအန်း၏မိန်းမဖြစ်သည်ဟု ဖန်လီချင်းမှယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့၏။ ဆိုလိုသည်မှာ သူမအား ပိုင်ယွီအန်းဖြင့် တစ်ဖွဲ့တည်းရောနှောလိုက်ခြင်းဖြစ်၏။ ထိုသို့ဆိုလျှင် ဖန်လီချင်းသည် သူမအား မလိုချင်တော့သည့်အဓိပ္ပာယ်ဖြစ်ပေသည်!

သူမသည် ဖန်လီချင်းအတွက် နှစ်ပေါင်းများစွာကို စတေးခဲ့ပြီး သူမအပေါ်ထားရှိသော ပိုင်ယွီအန်း၏နက်ရှိုင်းသည့်ခံစားချက်များကိုပင် သစ္စာဖောက်ခဲ့၏။ ယခုမူ သူမအစားပြန်ရသောအရာမှာ အဘယ်နည်း? သူမ၏အမွှာသားများမှာ ဖန်မိသားစု၏သခင်လေးများဖြစ်နေသော်လည်း ဖန်လီချင်းတွင် တရားဝင်ဇနီးနှင့် သမီးတစ်ဦးရှိနေလေပြီ။ ထိုဇနီးသည် သူမသားများအား မည်ကဲ့သို့ဆက်ဆံသည်ကို မသိရချေ။ ဖန်လီချင်းမှ ထိုမိန်းမအား ကွာရှင်းပြီး သူမနှင့်အိမ်ထောင်ပြုလာရန် ကြိုးစားရာ၌လည်း မအောင်မြင်ခဲ့ရုံမက ဖန်လီချင်း၏စွန့်ပစ်သည်ကိုပင် ခံရတော့မည်။ ဤအရာကို သူမအဘယ်သို့ လက်ခံနိုင်မည်နည်း?

“အစ်ကိုဖန် ကျွန်မတကယ်တမင်လုပ်လိုက်တာမဟုတ်ပါဘူး ခုနကကျွန်မခြေထောက်နာသွားလို့ ချော်လဲမိသွားတာပါ၊ ပိုင်ယွီအန်း အစ်ကိုဖန်ကိုပြောလိုက်လေ ငါတို့အချင်းချင်းမတွေ့ရတာ သုံးနှစ်တောင်ရှိနေပြီကို ငါကဘာလို့နင့်ကိုကူညီရမှာလဲ?”

ထျန်းရှီသည် သုတ်သီးသုတ်ပြာဖြင့် ပြောလိုက်၏။ သူမသည် အလွန်တရာပင် စိုးရွံ့နေဟန်ရှိလေသည်။ ပိုင်ယွီအန်းသည် ၎င်းကိုကြားသောအခါ လှောင်ပြောင်ခနဲ့သောအသံဖြင့် ရယ်လိုက်တော့၏။

သူမစကားကိုကြည့်ပါလေ။ သူ ပိုင်ယွီအန်းအား နှံအပိန်းတိန်းသူတစ်ဦးဟု ထင်နေသလော။

သူမသည် အဘယ်သို့ကူညီနိုင်မည်နည်း? မှန်ပေသည်။ ထိုစဥ်က သူမသည် ခွေးကျင့်ခွေးကြံဖြင့် ဖန်လီချင်းအား တမ်းတမ်းစွဲဖြစ်‌နေခဲ့သည်။ မဟုတ်သေးပေ။ ခွေးပင် သစ္စာရှိတတ်ဦးမည်။ သူမဆိုသည်မှာ သစ္စာ၏အဓိပ္ပာယ်ကို နားမလည်ပါချေ။

သူမြို့တော်မှ ထွက်သွားရခြင်းမှာ ပထမဆုံးအနေဖြင့် ဖန်လီချင်း၏ဖိအားပေးမှုကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူတို့လင်မယားကြားမှ သံယောဇဥ်ဟောင်းကို ငဲ့ညှာ၍ဖြစ်သည်။ သူသည် သာမန်မိသားစုတစ်စုမှ ပေါက်ဖွားလာသူဖြစ်ကြောင်း မိမိကိုယ်ကိုသိပေသည်။ သူသည် တက္ကသိုလ်တက်စဥ်က လူရည်ချွန်ဖြစ်ခဲ့သော်လည်း သူ၏မိသားစုနောက်ခံကို သိသွားသောအခါ မိန်းကလေးများစွာသည် သူနှင့်ခပ်ကင်းကင်းခွာသွားကြသည်။ သူ့အနားသို့ မကပ်လိုကြတော့ပေ။ သူ့ထံမှ မကောင်းသောအကြံယုတ်များ ထွက်ပေါ်လာတော့မည့်အတိုင်း သူ့ကိုရှောင်ခဲ့ကြ၏။ ထိုမိန်းကလေးများနှင့် မတူသောသူဟူ၍ ထျန်းရှီတစ်ဦးတည်းသာရှိသည်။

ထိုအချိန်က သူတို့သည် နေ့စဥ်နေ့တိုင်း ရိုးရှင်းသော်လည်း ကြည်နူးမှုအတိပြီးသောဘဝကို ဖြတ်သန်းခဲ့ရ၏။ ထျန်းရှီသည် သူမမိဘများ၏သဘောထားကို ဆန့်ကျင်ပြီး သူ့အားလက်ထပ်ခဲ့သောကြောင့် သူသည် အမြဲတမ်းဆိုသလို ထိုအရာအတွက် အားနာမိခဲ့သည်။ ထို့ကြောင့် သူတို့လက်ထပ်ပြီးနောက်တွင် မည်သည့်နည်းနှင့်မဆို ထျန်းရှီ၏အလိုကို လိုက်လျောခဲ့လေသည်။

သူမအား အိမ်အလုပ်ပေးမလုပ်ရက်သည့်အပြင် အပြင်ထွက်၍ ငွေလည်းမရှာခိုင်းခဲ့ပေ။ ပိုင်ယွီအန်းတစ်ဦးတည်းသာ အိမ်တစ်လုံးဝယ်နိုင်ရန် ကြိုးစားအလုပ်လုပ်ခဲ့၏။ ချေးငွေထုတ်၍ ဝယ်ယူနိုင်ခဲ့သော်လည်း ရပ်ကွက်အကျယ်အဝန်းမှာ မသေးလှသဖြင့် သူ၏ဘဝမှာ ပြီးပြည့်စုံနေခဲ့သည်။ ထို့အပြင် သူ၏အရည်အချင်းဖြင့်ဆိုလျှင် အနာဂတ်တွင် ဤထက်ပိုကောင်းမွန်သောဘဝကို ပိုင်ဆိုင်နိုင်ပေသည်။

သို့ရာတွင် ကုမ္ပဏီစားသောက်ပွဲတစ်ခု၌ ဖန်လီချင်းသည် ထျန်းရှီကို မျက်စိကျသွားတော့သည်။

ထိုစဥ်က သူသည် ထျန်းရှီကို အလွန်ယုံကြည်ခဲ့လေသည်။ သူ့အပေါ် အမှားတစ်စုံတစ်ရာမလုပ်နိုင်ဟု တထစ်ချယုံကြည်ထားသဖြင့် သံသယဖြစ်ဖွယ်ကိစ္စများစွာကိုပင် မသိကျိုးကျွံပြုခဲ့သေးသည်။

နောက်ပိုင်းတွင် သူ၏မိန်းမနှင့် သားဖြစ်သူတို့မှ စွန့်ခွာသွားလျှင်ပင် သူမုန်းတီးသည့် တစ်ဦးတည်းသောသူမှာ ဖန်လီချင်းဖြစ်သည်။ သူသည် ဤအမျိုးသမီးနှင့်ပတ်သတ်လာလျှင် စိတ်နှလုံးသားမာကြောခြင်းမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။ သူသည် သူမ၏ရွေးချယ်မှုကိုသာ လေးစားပေးပြီး ဆက်လက်၍ တွယ်ငြိမနေဘဲ နောက်ဆုတ်သွားခဲ့သည်။

သို့ရာတွင် ယခင်က သူလုပ်ဆောင်ခဲ့သောရွေးချယ်မှုသည် ထျန်းရှီအတွက် နည်းနည်းမှ အရေးမကြီးခဲ့ချေ။ အရေးမကြီးရုံမက စိတ်ပင်မဝင်စားပေ။

ထျန်းရှီသည် သူတို့ပြန်တွေ့သည်နှင့် သူ့အား ရန်စကားများသာ ပြောဆိုခဲ့၏။ ထိုသို့ဖြစ်နေသောကြောင့် သူသည်သာ အတိတ်အား သံယောဇဥ်လက်ကျန်ထားနေသေးလျှင် ဦးနှောက်မရှိသောလူမှာ သူသာဖြစ်တော့မည်!

ထျန်းရှီ၏စကားများကြောင့် ပိုင်ယွီအန်း၏ဆုံးဖြတ်ချက်သည် ပို၍ခိုင်မာသွားတော့သည်။

“ဟုတ်တာပေါ့ ငါတို့မတွေ့ရတာသုံးနှစ်ရှိနေပြီ၊ မင်းငါ့ကိုကူညီချင်ရင်တောင် ငါကကူညီခွင့်ပေးမှာမဟုတ်ဘူး”

ပိုင်ယွီအန်းသည် အေးတိအေးစက်ဖြင့် ထေ့လိုက်ကာ သူ၏ကတ်အား လှမ်းယူ၍ ပိုက်ဆံအိတ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် သူဆက်ပြောတော့၏။

“ဥက္ကဌဖန် အပြစ်မရှိတဲ့လူကို လာအပြစ်ပုံချမနေနဲ့ သူကငါ့မိန်းမဖြစ်ခဲ့ဖူးပေမယ့် အခုင့ါအတွက်တော့ သူကငါ့ကိုသစ္စာဖောက်ခဲ့တဲ့မိန်းမတစ်ယောက်သာသာပဲ၊ ငါ ပိုင်ယွီအန်းက သူ့ကိုအရင်ကလို တန်ဖိုးမထားတော့ဘူး၊ ငါတို့ကွာရှင်းထားတာ သုံးနှစ်ကြာနေပြီ မင်းသူ့ကို ငါ့ရင်ခွင်ထဲပြန်ထည့်ချင်တယ်ဆိုရင် ငါသူ့ကိုရွံလား မရွံလား အရင်မေးသင့်တယ်မထင်ဘူးလား”

သူသည် စကားပြောပြီးသောအခါ လူများစွာသည် ထျန်းရှီအား အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်ကြတော့၏။

Space and Rebirth 959

ဤပိုင်ယွီအန်းသည် ရုပ်ရည်ပိုင်းအရ ပြောရလျှင် ကြည့်ရမဆိုးလှပေ။ သူသည် ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို ပိုင်ဆိုင်သော ယောက်ျားတစ်ဦးဖြစ်၏။ ဥက္ကဌဖန်နှင့် ယှဥ်လိုက်လျှင် သူသည် ပိုမိုငယ်ရွယ်နုပျိုပြီး ပိုခန့်ညားပေသည်။ သူသည် စကားပြောရာ၌ သြတ္တပ္ပတရားရှိတာ ယဥ်ကျေးသိမ်မွေ့၏။ သူ၏စရိုက်မှာ ဥက္ကဌဖန်လောက် မကြမ်းတမ်းသူဖြစ်သည်။ ယောက်ျားကောင်းတစ်ဦးဖြစ်သည်မှာ ပြောစရာမလိုချေ။ ဤအမျိုးသမီးသည် ဤကဲ့သို့ယောက်ျားကောင်းတစ်ဦး၏နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်ဖြင့် ဥက္ကဌဖန်နှင့်အတူ တိတ်တိတ်ပုန်းနေခဲ့သည်။ ငွေကြောင့်မဟုတ်လျှင် ဘာကြောင့်ဖြစ်မည်နည်း?

သူမသည် ကျောက်စိမ်းတုံးအား ပွေ့ဖက်ထားပြီး ပျော်ရွှင်နေပုံကို ပြန်တွေးကြည့်လိုက်သောအခါ အလွန်ပင်ဟာသမြောက်လှသည်ဟု ပိုင်ယွီအန်းတွေးမိသည်။ သူမသာ ငွေချူစားသောပိုင်းလုံးမတစ်ဦးဆိုလျှင်ပင် လက်ခံနိုင်သေးသည်။ သို့ရာတွင် သူမမှာ စာရိတ္တတရားပျက်ပြားနေသော မိန်းမပျက်တစ်ဦးသာဖြစ်သည်။ မည်သူက သူမအား အထင်ကြီးမည်နည်း?

“ဥက္ကဌဖန် ဒီမိန်းမက ခင်ဗျားအပိုင်ဖြစ်နေပြီ၊ သူများအကြွင်းအကျန်ကိုမှ ကောက်ယူရတာ ကြိုက်တယ်ဆိုရင်လည်း ခင်ဗျားနဲ့ငြင်းမနေတော့ဘူး၊ ဒီလိုကျောက်စိမ်းတုံးလေးတစ်တုံးကိုတောင် ခင်ဗျားက ရေးကြီးခွင်ကျယ်လုပ်နေမှတော့ ငါတို့ဥက္ကဌကြီးဖန်က ထင်ထားသလောက် မရက်ရောပုံပဲဗျ”

ပိုင်ယွီအန်းသည် လက်ပေါ်မှာ နာရီကိုကိုင်ကာ ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူသည် မျက်မှောင်ကြုတ်လိုက်တော့၏။

“နောက်ကျနေပြီပဲ ငါတို့က ဥက္ကဌဖန်လောက် အားယားမနေတော့ အရင်သွားခွင့်ပြုပါဦး!”

“ပိုင်ယွီအန်း ရှင်တကယ်ပဲ...ကျွန်မတို့ရဲ့ အရင်တုန်းက သံယောဇဥ်ကို မထောက်တော့ဘူးလား?”

ထျန်းရှီသည် မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

သူမသည် ပိုင်ယွီအန်းကို နားလည်ပေသည်။ ပိုင်ယွီအန်းမှာ အတိတ်က ဆက်ဆံရေးဟောင်းများကို တန်ဖိုးထားတတ်သူဖြစ်၏။ အမှားလုပ်ခဲ့သူမှာ သူမဖြစ်နေလျှင်ပင် ဖန်လီချင်းမှ သူမအား သံသယမဝင်အောင် ကူညီပေးမည့်လူစားမျိုးဖြစ်သည်။ သို့ရာတွင် ပိုင်ယွီအန်းမှာ ဤမျှလောက် သူမအပေါ် အညှာအတာမရှိဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ!

ဥက္ကဌဖန်သည် မိမိ၏သိက္ခာကို အလွန်ငဲ့ကွက်တတ်သူဖြစ်ကြောင်းကို ပိုင်ယွီအန်းသေချာသိလျက်ဖြင့်ပင် သူမအား လူတိုင်း၏ရှေ့၌ အကြွင်းအကျန်ဟု ခေါ်ခဲ့ပေသည်။ ထို့ကြောင့် ဥက္ကဌဖန်သည် သူမအား သေချာပေါက် ပိုမုန်းတီးပေတော့မည်။ အနာဂတ်တွင် ဥက္ကဌဖန်၏နှလုံးသားကို သူမအဘယ်သို့ သိမ်းပိုက်နိုင်တော့မည်နည်း!

“အရင်တုန်းက သံယောဇဥ်ကို ထောက်ရမယ်?”

ပိုင်ယွီအန်းသည် လှောင်သံစွတ်စွာဖြင့် ပြောလိုက်၏။

“ထျန်းရှီ အရင်တုန်းက ငါမင်းအပေါ် ကောင်းကောင်းဆက်ဆံခဲ့တယ်၊ ငါရှာလို့ရသမျှက မင်းနဲ့ မင်းမိဘအတွက်ချည်းပဲ မင်းကတော့ ငါ့စေတနာကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ? ငါမင်းဆီက ဘာမှမတောင်းဆိုပါဘူး အနည်းဆုံးအနေနဲ့ မင်းစိတ်ထဲမှာ သစ္စာတော့ရှိရမှာပေါ့ ဖန်လီချင်းက နာမည်ကြီးဆိုင်တွေက အင်္ကျီတွေ၊ အိတ်တွေ နည်းနည်းပါးပါးဝယ်ပေးပြီး အလိမ္မာစကားတစ်ခွန်းနှစ်ခွန်းနဲ့ အချိုသပ်လိုက်တာနဲ့ မင်းကတော့ ကောက်ကောက်ပါအောင် လိုက်သွားတာပဲ၊ သူနဲ့အိပ်ပြီးတာတောင် ငါ့အ‌ရှေ့မှာ ဘာမှမလုပ်ခဲ့သလိုနေပြီး ဇနီးကောင်းတစ်ယောက်ပုံစံ ဟန်ဆောင်ခဲ့သေးတယ်မှတ်လား? ပြန်စဥ်းစားကြည့်စမ်း မင်းမရှက်တတ်ဘူးလား?”

သူသည် နာမည်ကြီးတံဆိပ်ပစ္စည်းများကို မဝယ်နိုင်သည့်လူမဟုတ်ခဲ့ပေ။ ယခင်က မဝယ်ပေးဖူးရုံသာရှိသည်။ လတိုင်းလိုလို အိမ်စရိတ်အပြင် သူ၏လစာငွေအချို့ကိုသုံးကာ သူမအတွက် ပစ္စည်းပစ္စယများ ဝယ်ပေးတတ်၏။ သူမအား လိုလေသေးမရှိထားခဲ့လေသည်။

သို့ရာတွင် ဖန်လီချင်းမှာ သူ၏သူဌေးဖြစ်သောကြောင့် ငွေကြေးအရာ၌ အသာစီးရခဲ့လေသည်။ ထိုအရာကြောင့်လည်း ထျန်းရှီ စိတ်လွတ်သွားခဲ့ခြင်းဖြစ်၏။

ထျန်းရှီသည် သူ၏စကားများကြောင့် မျက်နှာပူသွားသည်။

“အဲ့တုန်းက ရွေးချယ်စရာမရှိခဲ့လို့ပါ”

ပိုင်ယွီအန်း လှောင်ရယ်ရယ်လိုက်တော့သည်။

“မင်းတို့ရဲ့ သံယောဇဥ်အကြောင်းတွေ ငါမကြားချင်ဘူး! ပိုင်ယွီအန်း မင်းဒီနေ့ ကျောက်စိမ်းအတွက် လျော်ကြေးပြန်မပေးရင် ငါချက်ချင်းရဲကိုခေါ်ပြီး ဒီကောင်မကို ဖမ်းခိုင်းမယ်”

ဖန်လီချင်းသည် ဒေါသတကြီးဖြင့် ပြောတော့သည်။

“ဒါဆိုလည်း မင်းသဘောပဲလေ”

ပိုင်ယွီအန်း ခပ်ဟဟရယ်လိုက်သည်။ သူဂရုမစိုက်ပါချေ။ စကားပြောပြီးနောက်တွင် သူသည် ကျင်းယွင်ကျောင်းသွားနိုင်ရန် လမ်းဖွင့်ပေးကာ လက်ဖြင့်ကမ်းပြလိုက်သည်။

ကျင်းယွင်ကျောင်းသည် ထျန်းရှီကို ဝေ့ကြည့်ကာ ခေါင်းကိုခါယမ်းလိုက်၏။ သူမမထွက်သွားခင်တွင် မန်နေဂျာအား ဝေ့ကြည့်ကာ ဟော်ထျန်းရှန်းမှ သူမအားပေးထားသော အထူး VIP ကတ်ကို ထုတ်လိုက်သည်။

“ဒီကိစ္စပြေလည်သွားဖို့ မျှော်လင့်တယ် မဟုတ်ရင် ရှင်တို့ရတနာဆိုင်ရဲ့ သမီးအကြီးဆုံးက ဒီကိစ္စကို အာရုံစိုက်လာလိမ့်မယ်ဆိုတာ စိတ်ချနေလိုက်”

သူမသာ ဟော်မိသားစု၏ရတနာဆိုင်တွင် မျက်နှာပျက်ခဲ့ရလျှင် ထူးဆန်းနေတော့မည်။ ဟော်ထျန်းရှန်းမှာလည်း သူမ၏လူတစ်ဦးဖြစ်ပေသည်။ ထိုသို့ဖြစ်သည့်အလျောက်အကျိုးအမြတ်ရစရာရှိလျှင် သူမတွင်လည်း ရပိုင်ခွင့်ရှိပေသည်၊

မန်နေဂျာသည် ထိုကတ်ကိုမြင်သောအခါ ချက်ချင်းဆိုသလို မျက်နှာထား ပိုလေးနက်သွားတော့သည်။ သူသည် ပါးစပ်အဟောင်းသားဖြင့် ကျင်းယွင်ကျောင်းကို ကြည့်လိုက်သည်။

ဟော်ရတနာဆိုင်တွင် VIP ကတ်အမျိုးအစားများစွာရှိပေသည်။ ၎င်းတို့အား သာမန်အဖွဲ့ဝင်များ၊ အထူးအဖွဲ့ဝင်များနှင့် အထူး VIP များဟူ၍ အမျိုးအစားခွဲထားသည်။ ဤအထူး VIP ကတ်များကို ပိုင်ဆိုင်ထားသူများမှာ ဟော်မိသားစု၏မိတ်ဆွေသူငယ်ချင်းများဖြစ်သည်။ ထို့ကြောင့် ထိုကတ်များသည် ပမာဏများများစားစားမရှိချေ။ ဆယ်ခုဝန်းကျင်သာရှိ၏။ ဤမိန်းကလေးတွင် ထိုသို့သောကတ်မျိုး ရှိနေလိမ့်မည်ဟု သူမထင်ခဲ့ချေ။ ဤကတ်ဖြင့်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဤကိစ္စအား ဂရုတစိုက်ကိုင်တွယ်မှဖြစ်ပေမည်။ ဥက္ကဌဖန်ကိုယ်တိုင်က ကျေအေးပေးချင်ပြီး နောက်ကွယ်မှ တိတ်တခိုးဖြင့် လျော်ကြေးပေးလျှင်ပင် မည်သည့်ပမာဏကမှ လုံလောက်နိုင်မည်မဟုတ်ချေ။

Space and Rebirth 960

မန်နေဂျာ၏ပုံစံပြောင်းလဲသွားသောအခါ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ဖန်လီချင်းသည်လည်း ရိပ်မိသွားတော့၏။ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောအကြည့်ဖြင့် ကျင်းယွင်ကျောင်းအား စူးစိုက်ကြည့်လိုက်သည်။

“မင်းက ဟော်ကုမ္ပဏီက လူတစ်ယောက်ယောက်နဲ့သိတာလား?”

“ဥက္ကဌဖန် ဟော်ကုမ္ပဏီကိုပါ အပြစ်ပုံချချင်လို့လား? ရှင်ကကျွန်မကိုယ်ပိုင်ကျောက်စိမ်းဝယ်ဖို့ လုပ်နေတဲ့အချိန်မှာ လာဝင်ရှုပ်ခဲ့တယ်၊ အဲဒါတင်မက ကျွန်မကို စိတ်အနှောင့်အယှက် တရစပ်ပေးပြီး ကျွန်မနဲ့စျေးပြိုင်ဖို့ ကြိုးစားခဲ့တာကရှင်ပဲ၊ ငွေသန်းငါးဆယ်ထိ ကမ်းလှမ်းခဲ့တာလည်းရှင်ပဲ ဒီအလှူစာချုပ်ကအစ ရှင်လက်မှတ်ထိုးထားတာ၊ ရှင့်မှာ တခြားသူတွေကို အပြစ်တင်ပိုင်ခွင့်ရှိတယ်ထင်လား? ဒါပေမယ့် ဥက္ကဌဖန်က စိတ်စေတနာကောင်းကောင်းနဲ့ ကောင်းမှုကုသိုလ်လုပ်ခဲ့တာဆိုတော့ လူတွေအများကြီးက ရှင့်အပေါ် ကျေးဇူးတင်နေကြမှာပါ”

ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်၏။ သူမသည် စကားပြောပြီးသည်နှင့် ခြေလှမ်းကိုပြင်ကာ အပြင်သို့ထွက်သွားတော့သည်။ ပိုင်ယွီအန်းသည်လည်း ချက်ချင်းဆိုသလို သူမအနောက်မှ လိုက်သွားသည်။

သူ၏နံဘေးမှ ဖြတ်လျှောက်သွားသည်နှင့် ကျင်းယွင်ကျောင်း၏လက်ကောက်ဝတ်ပေါ်၌ ခရမ်းရောင်ရိပ်သန်းသောအရာတစ်ခု လှစ်ခနဲပေါ်ထွက်သွားသည်ကို ဖန်လီချင်းသတိထားမိလိုက်၏။

ဂရုတစိုက်ကြည့်ရှုလိုက်သောအခါ ၎င်းသည် အလွန်ပင်တန်ဖိုးကြီးသော ခရမ်းစွဲကျောက်စိမ်းလက်ကောက်ဖြစ်ပေသည်။ မန်နေဂျာမှာလည်း အမြင်အာရုံစူးရှလှပြီး ဤနယ်ပယ်အတွင်း လုပ်သက်ကြာနေပြီဖြစ်သဖြင့် ပစ္စည်းများနှင့်ပတ်သတ်၍ နားလည်မှုတစ်ခုရှိလေသည်။ သူသည် ချက်ချင်းဆိုသလိုပင် တီးတိုးရေရွတ်မိလိုက်သည်။

“ဒါက ငါတို့ဟော်ရတနာဆိုင်ရဲ့ အထူးထုတ်ကုန်မှတ်လား? စျေးကလည်း သန်းတစ်ဆယ်နဲ့ နှစ်ဆယ်ကြားပဲ ငါတို့ဆီမှာ အဲ့လိုလက်ကောက်မျိုးက ရှားရှားပါးပါးတစ်ကွင်းပဲရှိတာ အရင်တုန်းကတော့ အဲဒီလက်ကောက်ကို အကောင်ကြီးကြီးတစ်ယောက်က ဝယ်သွားတဲ့ပုံပါ...”

ဤပစ္စည်းအား ပင်မဆိုင်မှ ရောင်းလိုက်ခြင်းဖြစ်သည်။ သူလို ဆိုင်ခွဲမန်နေဂျာတစ်ဦးမှ အဘယ်သို့ရှင်းရှင်းလင်းလင်းသိမည်နည်း?

သို့ရာတွင် ဤစကားကြောင့် နံဘေးရှိ ဖန်လီချင်းနှင့် ထျန်းရှီတို့ မျက်လုံးပြူးသွားတော့သည်။ အထူးသဖြင့် ထျန်းရှီဖြစ်သည်။ ပိုင်ယွီအန်းသည် သူ၏မိန်းကလေးအတွက် ထိုမျှလောက် တန်ဖိုးကြီးသောပစ္စည်းတစ်ခုကို ဝယ်ပေးလိမ့်မည်ဟု မယုံကြည်နိုင်ချေ! ဆယ်သန်းနှင့် သန်းနှစ်ဆယ်ကြား....သူမသည် ထိုသို့သောပစ္စည်းမျိုးကို ယခင်က မြင်ပင်မမြင်ဖူးပါပေ!

ဖန်လီချင်းသည် ဒေါသထွက်လွန်းသဖြင့် သူ၏လက်ထဲမှပြေစာအား အပိုင်းပိုင်းအစစဖြစ်အောင် ဆုတ်ဖြဲလိုက်၏။ သို့ရာတွင် ဆုတ်ဖြဲပစ်ပြီးနောက်တွင် နောင်တရမိတော့သည်။

“မင်းတို့ဆိုင်ထဲကမထွက်ခင်ကတည်းက ငါ့ကျောက်စိမ်းကွဲသွားတာ၊ မင်းတို့ကြမ်းပြင်သာ ချောမနေရင် ငါလည်းအဲ့လောက်ဆုံးရှုံးလိုက်ရမှာမဟုတ်ဘူး မင်းတို့ကြည့်စမ်း...”

မန်နေဂျာသည် ၎င်းကိုကြားလိုက်သောအခါ ချက်ချင်းဆိုသလို နောက်တစ်လှမ်းဆုတ်လိုက်၏။

“ဥက္ကဌဖန် ဒီလိုကိစ္စကြီးမျိုးကတော့ ကျွန်တော်တို့အထက်လူကြီးတွေကို တင်ပြမှဖြစ်ပါမယ် ကျွန်တော်လို မဖြစ်စလောက်မန်နေဂျာလေးတစ်ယောက်က ဘယ်လိုဆုံးဖြတ်ချက်ချနိုင်မှာလဲဗျာ?”

မန်နေဂျာသည် သုတ်သီးသုတ်ပြာဖြင့် ခြောက်ကပ်ကပ်ရယ်လိုက်၏။

ထိုမိန်းကလေးသည် VIP ကတ်ကိုထုတ်လိုက်ပြီဖြစ်၍ ဤကိစ္စအား မိမိတို့သခင်မလေးနှင့် ဆွေးနွေးရပေတော့မည်။ ထို့ကြောင့် ဤကိစ္စအား သူအမှားတစ်စုံတစ်ရာလုပ်မိပါက အလုပ်ပြုတ်ကိန်းရှိပေ၏။

ဖန်လီချင်းမျက်နှာပျက်သွားတော့သည်။ သူသည် မန်နေဂျာအား လက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။

“ကောင်းတယ်! ဟော်မိသားစုက သတ္တိတွေအရမ်းရှိနေတယ်ပေါ့!”

မန်နေဂျာသည် မျက်နှာပူမိသော်လည်း သူလုပ်နိုင်သောအရာလည်းမရှိတော့ချေ။ ဤကိစ္စအား သူလိုအပြင်လူတစ်ဦး၏ခေါင်းပေါ် တင်၍မရပေ။ ပြောရလျှင် စျေးပြိုင်ပေးရန် တိုက်တွန်းခဲ့သူမှာလည်း ဥက္ကဌဖန်ဖြစ်၏။ သူအနိုင်ရသွားသော်လည်း သူ၏ပျော်ရွှင်မှုသည် တစ်မုဟုတ်ချင်း ဝမ်းနည်းစရာဖြစ်သွားခဲ့လေသည်။ မည်သူ့ကိုအပြစ်တင်စရာရှိသနည်း?

ဖန်လီချင်းသည် မန်နေဂျာအား စိန်းစိန်းဝါးဝါးကြည့်၍ ဒေါသမီးဖြင့် အပြင်ထွက်သွားတော့သည်။ သူမထွက်ခင်တွင် အံကိုကြိတ်ကာ ထျန်းရှီကို ကြည့်သွားသေး၏။

“ဒီမှာဘာရပ်လုပ်နေတာလဲ? ပိုင်ယွီအန်းဘာလုပ်နေလဲဆိုတာ သွားစုံစမ်းလေ!”

မိန်းကလေးငယ်တစ်ဦးအား ထိုမျှလောက် အဖိုးထိုက်တန်သောလက်ကောက်အား “လက်ဆောင်” အဖြစ် ပေးနိုင်သည်ဆိုလျှင် သူသည် သာမန်လူတစ်ဦးမဟုတ်တော့သည်မှာ သေချာပေ၏!

ထျန်းရှီ ကျောချမ်းသွားသည်။ သူမသည် ဖန်လီချင်းကြောင့် ကြောက်သွားရုံမက သူမကိုယ်တိုင်လည်း သိချင်မိသွား၏။ သူမသည် အလျင်အမြန်ပင် ပြေးထွက်ကာ သူမအား အမြဲတစေ ဦးစားပေးခဲ့ဖူးသော သူမခင်ပွန်းဟောင်းမှ အခြားအမျိုးသမီးတစ်ဦးအတွက် ကားတံခါးဖွင့်ပေးနေသည်ကို မြင်လိုက်ရသည်။ သူမစိတ်ထဲ၌ မနာလိုစိတ်များ တဖွားဖွားပေါက်လာတော့သည်။

ဤအမျိုးသားသည် ယခုအချိန်တွင် သူမယောက်ျားဖြစ်နေသင့်ပေသည်။ ထို့အပြင် ဖန်လီချင်းသာ သူမအား မဖြားယောင်းခဲ့လျှင် သူတို့နှစ်ဦးသား၏ဆက်ဆံရေးသည် အဆင်ပြေနေခဲ့ချေမည်။ သူမသည် ပိုင်ယွီအန်းကို အလွန်နှစ်သက်ခဲ့၏။ ထိုစဥ်က အရည်အချင်းကင်းမဲ့ခဲ့သော ပိုင်ယွီအန်းကိုသာ သူမအပြစ်တင်နိုင်တော့သည်...

“ယွီအန်း...ရှင်-ရှင်ဘယ်သွားမလို့လဲ?”

ထျန်းရှီသည် စိတ်အားတင်းပြီးနောက်တွင် ကားပေါ်တက်ရန်လုပ်နေသော ပိုင်ယွီအန်းအား ဖမ်းဆုပ်လိုက်၏။

ပိုင်ယွီအန်းသည် သူ၏လက်မောင်းအား ပြန်ဆွဲကာ ကားနောက်ခန်းရှိ ကျင်းယွင်ကျောင်းကို ဝေ့ကြည့်လိုက်သည်။ သူသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်၏။

“မင်းလုပ်စရာမရှိဘူးဆိုလည်း ငါ့လမ်းတော့လာမရှုပ်နဲ့”

“ယွီအန်း ရှင်ဘာလို့အဲ့လောက်ရက်စက်နေတာလဲ? ကျွန်မမှားခဲ့တာသိပါတယ် ဒါပေမယ့် ရှင့်ကိုကွာရှင်းပြီး လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး ကျွန်မတစ်ခါမှ စိတ်မချမ်းသာခဲ့ရဘူး၊ ခုနကကိစ္စကြောင့် ဖန်လီချင်းက ကျွန်မကိုဘယ်တော့မှခွင့်လွှတ်မှာ မဟုတ်ဘူး၊ ကျွန်မဒီလောက်ဒုက္ခခံနေရတာကိုမြင်ရတာ ရှင်ပျော်လား? ကျွန်မရှင့်ကိုအရမ်းချစ်သေးတယ် ရှင်လည်းကျွန်မကိုချစ်သေးတယ်မှတ်လားဟင်?”

All Chapters