← Chapters

အခန်း (၉၆၁-၉၆၄)

Vol. 49 Ch. 961-964

အခန်း (၉၆၁-၉၆၄)

Vol. 49 Ch. 961-964

Space and Rebirth 961

ထျန်းရှီသည် ရင်တုန်နေ၏။ ပိုင်ယွီအန်းသည် အမှန်တကယ်ပင် သူမအား တွန်းထုတ်ပြီး ထွက်သွားမည်ကို ကြောက်နေမိသည်။ ဖန်လီချင်းကြောင့်သာ သူမရှေ့မှောက်ရှိယောက်ျားကို လာရှာခြင်းဖြစ်သော်လည်း ပိုင်ယွီအန်းကို ထိလိုက်သည့်အခိုက်အတန့်တွင် သူမသည် ရင်ခုန်စိတ်လှုပ်ရှားမှုကို ပြန်လည်ခံစားခဲ့ရ၏။

ယခင်က သူတို့နှစ်ဦးသည် အလွန်ပင်ချစ်ခင်ကြင်နာခဲ့ကြသည်။ သူမသည် ဖန်လီချင်း၏ သွေးဆောင်ဖြားယောင်းမှုကို မလွန်ဆန်နိုင်ခဲ့ရုံသာရှိ၏။ နောက်ပိုင်းတွင် သူမသည် နောက်ပြန်လှည့်၍ရတုန်းအချိန်၌ ရပ်တန့်ရန်ကြိုးစားခဲ့သော်လည်း ဥက္ကဌဖန်မှာ လွယ်လွယ်ဖြင့် လမ်းခွဲပေးမည့်သူမျိုးမဟုတ်ပေ။ ထို့အပြင် ပိုင်ယွီအန်းသာ ဤကိစ္စအား သိရှိသွားလျှင် သူမအား သေချာပေါက်ကွာရှင်းမည်ဖြစ်ကြောင်း သိနေခဲ့၏။

ထိုမကောင်းသောဇာတ်သိမ်းအား ကြုံတွေ့ရမည့်အစား ဥက္ကဌဖန်နှင့်အတူနေလျှင် ဆက်ထူးနိုင်စရာအကြောင်းမရှိတော့ဟု သူမတွေးခဲ့ပေသည်။

သို့သော် ယခုတွင် သူမ၏ဆုံးဖြတ်ချက်ကို အမှန်တကယ်နောင်တရမိ၏။ သူမသာ ဥက္ကဌဖန်၏ပိုးပန်းမှုများကို လွန်ဆန်ခဲ့လျှင် သူမသည် မဒမ်ပိုင်ဖြစ်နေဦးပေမည်။ သူမတစ်ဦးတည်း ခက်ခဲကြမ်းတမ်းစွာ မနေခဲ့ရလောက်ပေ။ ထို့အပြင် ဤမိန်းကလေး၏ကိုယ်ပေါ်ရှိ လက်ကောက်မှာလည်း သူမလက်ကောက်ဖြစ်နေလိမ့်မည်။ ပိုင်ယွီအန်းမှာ စိတ်အပြောင်းအလဲမြန်သောယောက်ျားမဟုတ်ကြောင်း သူမသေချာသိထားပေသည်။ ဤမိန်းကလေးအား ယခုသာမက နောက်ပိုင်းတွင်လည်း ကောင်းကောင်းဆက်ဆံပေလိမ့်မည်။

ကံမကောင်းစွာဖြင့်...

ထျန်းရှီသည် နှုတ်ခမ်းကိုကိုက်ကာ နောင်တရိပ်များ၊ စွဲလမ်းရိပ်များ ရောပြွန်းနေသောအကြည့်ဖြင့် ပိုင်ယွီအန်းကို ကြည့်လိုက်သည်။

ကျင်းယွင်ကျောင်းသည် ကားနောက်ခန်းထဲတွင် ထိုင်နေကာ သူမကိုမော့သာကြည့်ပြီး စကားသိပ်မပြောချေ။

“အရင်ကတော့ မင်းကိုချစ်ခဲ့ဖူးတယ် ဒါပေမယ့် အခုတော့ မင်းနဲ့ငါက ဘာမှမသက်ဆိုင်တော့တဲ့ သူစိမ်းတွေပဲ၊ တခြားပြောစရာမရှိဘူးဆိုရင် ဖယ်လိုက်တော့”

ပိုင်ယွီအန်းသည် စကားပြောပြီးနောက် ကားတံခါးကိုဖွင့်ကာ အထဲဝင်လိုက်သည်။ သို့သော် သူသည် ကားတံခါးကိုပြန်ပိတ်ခါနီးတွင် ထျန်းရှီသည် အထဲသို့အတင်းတိုးဝင်လာခဲ့၏။ သူမ၏လက်သည်းများဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ ကားတံခါးကိုကုတ်ဆွဲထားလိုက်သည်။ ပိုင်ယွီအန်းသာ အားသုံးလိုက်လျှင် သူမလက်များညှပ်သွားမည်ဖြစ်၏။ ထို့အပြင် သူတို့သည် အပြင်ရောက်နေလေသည်။ ဤထက်အခြေအနေဆိုးရွားလာလျှင် ကောင်းနိုင်စရာမရှိရာ။

“မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ?”

ပိုင်ယွီအန်းမှ ‌ဒေါသတကြီးပြောလိုက်၏။

“ယွီအန်း ရှင်ကျွန်မကိုဒီလိုမဆက်ဆံပါနဲ့ ကျွန်မတို့သူငယ်ချင်းလုပ်လို့တောင်မရဘူးလား? ရှင်အရင်တုန်းကဆို...”

ထျန်းရှီသည် သတိတကြီးဖြင့် ပြောလိုက်သည်။

ဤသည်မှာ ရှက်ဖွယ်ကောင်းပြီး မျက်နှာပူစရာဖြစ်မှန်းသိသော်လည်း သူမသည် သူမကိုယ်သူမ မထိန်းနိုင်တော့ချေ။

“အရင်တုန်းကအကြောင်းတွေ ငါ့ကိုလာမပြောနဲ့! မင်းမှာ အဲဒါတွေ ပြောပိုင်ခွင့်မရှိဘူး”

ပိုင်ယွီအန်း၏မျက်လုံးများသည် စက်ဆုပ်ရွံရှာဟန်ဖြင့် ပြည့်နှက်နေသည်။

ယခင်က? ယခင်က ထျန်းရှီသည် ဤမျှလောက် အရှက်မကင်းမဲ့ချေ။ ထိုစဥ်က သူမသည် စကားရိုင်းရိုင်းကြားရုံဖြင့် မျက်နှာပူတတ်သောသူဖြစ်၏။ သို့သော် သူမ ဖောက်ပြန်ရဲလောက်သည်ထိ သတ္တိရှိသည့်အချိန်မှစ၍ အရာအားလုံးပြောင်းလဲသွားချေပြီ။ မိမိ၏မိသားစုအား စတင်စွန့်ပစ်ခဲ့သူမှာ သူမဖြစ်နေသည့်တိုင် အတိတ်ကဆက်ဆံရေးအကြောင်းကို ဖွင့်ဟပြောဆိုချင်သေးသလော? သူပိုင်ယွီအန်းကို မည်သို့သောလူဟု မှတ်နေသနည်း? သူမစေလိုရာစေနိုင်သည့် ကျွန်တစ်ဦးဟု မှတ်နေသလော?

ထျန်းရှီ၏မျက်နှာ သွေးဆုပ်သွားသည်။

“ယွီအန်း ကျွန်မအမှားလုပ်မိတာသိပါတယ်၊ ကျွန်မဘာမှလုပ်ချင်တာမဟုတ်ပါဘူး ကျွန်မကဒီအတိုင်း....ကျ-ကျွန်မအိမ်မှာ အခုချိန်ထိ ရှင့်ပစ္စည်းတွေရှိသေးတယ်၊ မြို့ထဲကနေ ရှင်ထွက်သွားပြီးတဲ့နောက်မှာ ရှင့်သူငယ်ချင်းတစ်ယောက်က ရှင့်ကိုရှာမတွေ့ဘူးဆိုလို့ ရှင့်ကိုလက်ဆင့်ကမ်းခိုင်းလိုက်တဲ့ပစ္စည်းတွေရှိတယ်၊ ရှင့်လိပ်စာနဲ့ ဖုန်းနံပါတ်ပေးပါလားဟင် ကျွန်မအားရင် ရှင့်ဆီပို့ပေးမယ်လေ...”

ထျန်းရှီသည် ရုတ်ချည်းဆိုသလို မှတ်မိသွားပြီး အခွင့်ကောင်းယူကာ အကြောင်းပြချက်တစ်ခုခုရှာလိုက်သည်။

တကယ်တမ်းတွင် ထိုပစ္စည်းများမှာ အလွန်အရေးမကြီးလှချေ။ ၎င်းတို့မှာ သူငယ်ချင်းများ မိတ်ဆုံစားပွဲအပြီးတွင် ရိုက်ထားသော ဓာတ်ပုံအချို့သာဖြစ်၏။

“မလိုဘူး မင်းသိမ်းချင်သိမ်း ပစ်ချင်ပစ် မင်းသဘောပဲ”

ပိုင်ယွီအန်းမျက်မှောင်ကိုကြုတ်ကာ အညှာအတာကင်းမဲ့စွာ ပြောလိုက်၏။

“မဟုတ်ဘူး အရမ်းအရေးကြီးတဲ့ပစ္စည်းတွေလို့ ရှင့်သူငယ်ချင်းကပြောတယ်၊ ရှင့်ကိုဆက်ဆက်ပေးမှဖြစ်မယ်တဲ့...ယွီအန်း ပြီးတော့လေ...ရှင်နဲ့မကွာရှင်းခင်တုန်းက ကျွန်မမိဘတွေ ရှင့်ကိုဆိုးဆိုးဝါးဝါးဆက်ဆံခဲ့တယ်မှတ်လား? လွန်ခဲ့တဲ့သုံးနှစ်အတွင်း သူတို့ခမျာ အဲဒါကို နောင်တရနေခဲ့ကြတယ်လေ သူတို့ကျန်းမာရေးတွေကလည်းသိပ်မကောင်းတော့ဘူး ရှင့်ကို နောက်တစ်ခေါက်တွေ့ပြီး တောင်းပန်ချင်တယ်လို့ သူတို့တဖွဖွပြောနေကြတာ၊ အဲ့တော့ ရှင့်လိပ်စာနဲ့ ဖုန်းနံပါတ်ကို ပေးပါလား?”

ထျန်းရှီသည် လျင်မြန်စွာဖြင့် အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်သည်။

ပိုင်ယွီအန်းသည် သူ၏မျက်ရိုးများကို နှိပ်လိုက်၏။ သူသည် အလွန်ပင်အာရုံနောက်နေချေပြီ။

အလုပ်တွင် လူများဖြင့် ညှိနှိုင်းဆွေးနွေးရသည်ကပင် သူ၏ဇနီး‌ဟောင်းကို ပြောဆိုဆက်ဆံရသည်လောက် လက်ပေါက်မကပ်လောက်ပေ။

သူတို့သည် ယခင်က လင်မယားဖြစ်ခဲ့ကြသောကြောင့် အချို့အရာများကို တည့်တည့်ဖြေရှင်း၍မရပေ။ သူမအား လိုက်လျောပေးလွန်းလျှင် ယောက်ျားမာနကင်းမဲ့ရာကျပေမည်။ သို့သော် သူမအား ရက်ရက်စက်စက် ပြုမူမိလျှင်လည်း နောက်ပိုင်းတွင် သူကိုယ်တိုင်ကသာ စိတ်မကောင်းဖြစ်မိလိမ့်မည်။

ယခုတွင် သူမကို အဖြေတစ်ခုခုပြန်မပေးလျှင်လည်း သူမဆက်လက်အာရုံနောက်နေမည်ကို စိုးရိမ်ရ၏။

“ငါလောလောဆယ် မြို့တော်ထဲမှာ အိမ်မရှိသေးဘူး၊ ဖုန်းနံပါတ်ပဲပေးခဲ့မယ်”

ပိုင်ယွီအန်းသည် အေးတိအေးစက်ဖြင့် ပြောလိုက်၏။ ထိုအခါ ထျန်းရှီ မှင်သေသွားတော့သည်။

သူ့တွင် အိမ်မရှိဟု ပြောလိုက်သလော?

“အင်း အင်း...ပြောလိုက်လေ ကျွန်မဆက်ကြည့်မယ်...”

သူမသည် အနည်းငယ်တုံဏှိဘာဝေဖြစ်သွားသော်လည်း လက်မလျှော့ဘဲနေဆဲဖြစ်၏။

Space and Rebirth 962

ပိုင်ယွီအန်းသည် ခေါင်းကိုခါယမ်းမိတော့သည်။ သူသည် ထျန်းရှီကိုကြည့်ရင်း ဆွံ့အနေ၏။ အစက သူမအား မြန်မြန်ထွက်သွားစေချင်သောဇောဖြင့် အမည်မသိဖုန်းနံပါတ်တစ်ခုကို ပေးလိုက်ချင်ခဲ့သည်။ သို့သော် သူမတွင် အကြံအစည်တစ်ခုရှိနေခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သေချာစဥ်းစားကြည့်လိုက်သောအခါ သူမသည် ဖန်လီချင်းကို ကူညီနေခြင်းဖြစ်ပြီး သူ၏အခြေအနေအား ဥက္ကဌဖန်အား အသိပေးရန် နှိုက်ချွတ်စုံစမ်းနေခြင်းဖြစ်ပေ၏။

ပိုင်ယွီအန်းသည် သူမအား ဖုန်းနံပါတ်ပေး၍ရပေသည်။ သူသည် ပုံမှန်အားဖြင့် ဖုန်းနှစ်လုံးကိုင်ပေသည်။ တစ်လုံးမှာ ကျင်းယွင်ကျောင်းနှင့် အခြားအရေးကြီးပုဂ္ဂိုလ်များကို ဆက်သွယ်ရန်ဖြစ်ပြီး ကျန်တစ်လုံးမှာ အပြင်လူများအတွက် လျာထား၏။ ဤအချိန်တွင် သူမအား အပြင်လူများအတွက် သတ်မှတ်ထားသော ဖုန်းနံပါတ်ကို ပေးလိုက်သည်။ ထျန်းရှီသည် ထိုနံပါတ်အား တစ်ခါတည်းနှိပ်ကြည့်ပြီး ပိုင်ယွီအန်း၏ဖုန်းမြည်သံကိုကြားမှသာ ရပ်လိုက်တော့သည်။

ထျန်းရှီလက်လွှတ်လိုက်ပြီးသောအခါ ပိုင်ယွီအန်းသည် ချက်ချင်းဆိုသလို ကားတံခါးကိုပိတ်လိုက်ပြီး ဖုန်တန်းကြီးကိုချန်ခဲ့ကာ ကားမောင်းထွက်သွားတော့သည်။

ထွက်သွားသောကားနောက်ကို ကြည့်ပြီး ထျန်းရှီရင်ထဲတွင် သွေးအန်မိသည်။ သူမမျက်နှာမှာ မဲ့ရွဲ့နေပြီး လမ်းလျှောက်သောအခါ ယိုင်နဲ့နေလေ၏။ သို့ရာတွင် သူမသည် နာခံမှုအပြည့်ဖြင့် ဖန်လီချင်းထံလျှောက်သွားကာ ဖုန်းနံပါတ်ကို ပေးလိုက်သေးသည်။

ဖန်လီချင်းသည် အကြောင်းရင်းတိတိပပမရှိဘဲ ငွေများစွာဆုံးရှုံးလိုက်ရသဖြင့် ထျန်းရှီမျက်နှာကို မြင်သည်နှင့် ဒေါသထွက်နေတော့၏။ သူပထမဆုံးရောက်ခါစကနှင့်ယှဥ်လျှင် ယခုအချိန်၌ သူသည် များစွာပို၍အညှာအတာကင်းမဲ့နေလေပြီ။ သူသည် ထျန်းရှီအား အဖတ်မလုပ်ဘဲ သူ၏ကားဒရိုင်ဘာအား မောင်းထွက်ခိုင်းလိုက်၏။ ထျန်းရှီမှာ လှပရိုးရှင်းသောအင်္ကျီကိုဝတ်ဆင်ထားပြီး အိတ်တစ်လုံးကိုကိုင်ဆောင်ထားသော်လည်း ဖန်လီချင်းနှင့်အတူလာခဲ့သောကြောင့် ပိုက်ဆံတစ်ပြားမှ ပါမလာချေ။ သူမသည် ဟော်ရတနာဆိုင်ရှေ့တွင် ကြောင်တိကြောင်တောင်ဖြင့်ရပ်ကာ မည်သို့လုပ်ကိုင်ရမည်ကိုမသိဖြစ်နေတော့၏။ သူမသည် အိမ်ပြန်တက္ကစီကားရန်ပင် ပိုက်ဆံမရှိသဖြင့် ဒေါက်မြင့်ဖိနပ်ကိုစီးကာ သနားစရာကောင်းစွာဖြင့် အိမ်သို့လမ်းလျှောက်ပြန်ရုံသာရှိတော့၏။

“အစ်ကိုပိုင် အစ်ကို့ဇနီးဟောင်းက အနာဂတ်မှာလည်း ရပ်မယ့်ပုံမပေါ်ဘူး”

ကျင်းယွင်ကျောင်းသည် ရုတ်ချည်းဆိုသလို ကားထဲ၌ပြောလိုက်၏။ ပိုင်ယွီအန်းသည် အနည်းငယ်မျက်မှောင်ကြုတ်မိလိုက်သည်။

“ခုနက ဥက္ကဌဖန်ရဲ့စနက်တွေပါ သူကအဲ့လောက်မျက်နှာပြောင်မယ်မထင်ဘူး၊ ဥက္ကဌဖန်အရှေ့ရောက်ရင်တော့ ငါနဲ့တတ်နိုင်သမျှ အဝေးဆုံးမှာနေတာလေ”

“အစ်ကိုပြောသလိုပဲ ဥက္ကဌဖန်အရှေ့မှာသာ အဲ့လိုဖြစ်နေတာလေ”

ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်သည်။ သူမမျက်လုံးများသည် အဆုံးမဲ့သောချောက်နက်တစ်ခုကဲ့သို့ပင်။

“ခုနက သူညီမလက်ကောက်ကို ကြည့်နေခဲ့တာ၊ မနာလိုဖြစ်လွန်းလို့ ရူးမတတ်ဖြစ်နေပုံပဲ သူသာ ဖန်လီချင်းဆီက ဘာမှယူလို့မရတော့မှန်းသိသွားပြီး အစ်ကိုပိုင်ရဲ့ လက်ရှိအနေအထားကိုစုံစမ်းမိသွားရင် အစ်ကိုပိုင်နဲ့ဆက်ဆံရေးဟောင်းကို ပြန်စဖို့ကြိုးစားမှာ အသေအချာပဲ”

ပိုင်ယွီအန်းသည် ကြားသာကြားလိုက်သော်လည်း သိပ်မယုံကြည်ချင်ချေ။

ထျန်းရှီအား အမျိုးသမီးကောင်းတစ်ဦးဟု ထင်သောကြောင့်မဟုတ်ပေ။ သူနှင့် ထျန်းရှီကြားတွင် ဆက်ဆံရေးဆိုးဝါးအေးစက်နေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်ဖြစ်သည်...

သူပြောင်းလဲမည်မဟုတ်ကြောင်းကိုလည်း ထျန်းရှီသိနေသင့်ပေသည်။

“သူအခုမက်နေတဲ့ဟာက ငွေဆိုတော့ ငွေအတွက်ဘာမဆိုလုပ်မှာပေါ့၊ အစ်ကိုပိုင် ဒီမိန်းမမျိုးနဲ့ယှဥ်လိုက်ရင် ရှန်းကျင်က အဆပေါင်းသန်းချီသာတယ် ဒီကိစ္စကို ရှင်းစရာရှိတာသေချာရှင်းပြီး ရှန်းကျင်အထင်မလွဲအောင်လုပ်တာကောင်းမယ်၊ မဟုတ်ဘဲ သူတစ်မျိုးထင်သွားလို့ကတော့ ညီမတောင် ဝင်ကူညီပေးနိုင်မှာမဟုတ်တော့ဘူး”

ကျင်းယွင်ကျောင်းသည် သူမဦးလေးပေးထားသော ခရမ်းပြာကျောက်စိမ်းလက်ကောက်ကို ကိုင်ပြီး ပြောလိုက်သည်။

ပိုင်ယွီအန်းခေါင်းငြိမ့်လိုက်သည်။ ရှန်းကျင်အကြောင်းတွေးလိုက်သောအခါ သူ၏နှလုံးသားတစ်ခွင်လုံး နွေးထွေးသွားသည်။

သူသည် ရှန်းကျင်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် မတွေးခဲ့ဖူးသော်ငြား ကျင်းယွင်ကျောင်းအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့်တစ်လျှောက် သူနှင့်ရှန်းကျင်သည် ပုံမှန်နီးပါးတွေ့ခဲ့ရလေသည်။ ရှန်းကျင်မှာ ထျန်းရှီနှင့်အလွန်မတူညီသောအမျိုးသမီးဖြစ်၏။ သူမသည် တိကျစေ့စပ်ပြီး အရည်အချင်းရှိကာ ပြသာနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျွမ်းကျင်သည်။ သူဘာမှပြောစရာပင်မလိုလိုက်ဘဲ သူမဘာသာ နည်းစနစ်တကျဖြေရှင်းခဲ့သောကိစ္စများစွာ ရှိလေသည်။ သူတို့၏အတိတ်မှ ဒဏ်ရာဟောင်းများကိုပါ ထည့်တွက်လိုက်သောအခါ နှစ်ဦးသားသည် တစ်လှေတည်းစီးသောသူများကဲ့သို့ ခံစားရပေသည်။

ထို့ကြောင့် ခံစားချက်အသစ်များ ပေါ်ထွက်လာသည်ကို ရှောင်လွှဲ၍မရပေ။

သူတို့နှစ်ဦးလုံး လူပျို/အပျိုကြီးများဖြစ်ပြီး ကလေးမရှိကြရုံမက အရွယ်လည်းမလွန်သေးချေ။ ထို့ကြောင့် သူသာ ရှန်းကျင်အပေါ် ဘာခံစားချက်မှမရှိဟုပြောလျှင် လိမ်ရာကျပေတော့မည်။

ကျင်းယွင်ကျောင်းသည် ပိုင်ယွီအန်းနှင့်အတူ အိမ်ကြည့်ရန် အတူလိုက်ပါသွားနေ၏။ ပိုင်ယွီအန်းသည်လည်း သူမကူညီဆုံးဖြတ်ပေးရန် ကျင်းယွင်ကျောင်းကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ အိမ်ပိုင်ဆိုင်လိုက်သည်နှင့် ပိုင်ယွီအန်းသည် လုံခြုံမှုရှိကာ စိတ်အေးသက်သာရာရသွားလိမ့်မည်။

ကျင်းယွင်ကျောင်းသည် မြို့တော်ထဲတွင် ရုံးချုပ်ဖွင့်ရန်စီစဥ်ထားပြီး သူမ၏အာရုံကို မြို့တော်စျေးကွက်သို့ လွှဲပြောင်းရတော့မည်။ အနာဂတ်တွင် ရှန်းကျင်နှင့် ပိုင်ယွီအန်းသည် သူမအား ကူညီရန် ရောက်လာကြပေလိမ့်မည်။ နင်းမြို့တော်စျေးကွက်သည် တည်ငြိမ်နေပြီး သူမလက်အောက်ရှိလူများမှာလည်း နေရာတကျရှိနေလေပြီ။ သူတို့သည် ပိုင်ယွီအန်းကြောင့် လစ်ဟာသွားသော ရာထူးနေရာကို ဖြည့်ပေးကြလိမ့်မည်။ ယခုအချိန်မှစ၍ မြို့တော်သည် သူမ၏အဓိကစစ်မျက်နှာဖြစ်သွားလေပြီ။

Space and Rebirth 963

ညဘက် လူတိုင်းအိမ်ပြန်ချိန်တွင် မြို့တော်ထဲရှိအိမ်ကြီးတစ်ခုနှင့် အခြားအိမ်ငယ်လေးတစ်ခုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ရှုပ်ထွေးသောခံစားချက်များဖြင့် သူတို့ရှေ့မှောက်ရှိပစ္စည်းများကို စူးစိုက်ကြည့်နေကြ၏။

ဖန်လီချင်းသည် ရတနာဆိုင်မှထွက်သည်နှင့် ချက်ချင်းဆိုသလို အလှူကိစ္စအား ဖြေရှင်းရန် ဟော်မိသားစုကုမ္ပဏီမှလူများကို ဆက်သွယ်လိုက်သည်။ တစ်ဖက်လူမှ သူ့အား ပြေပြေလည်လည်ဖြင့် ပစားပေးမည်ဟု ထင်ခဲ့သော်လည်း သူ၏ဂုဏ်သိက္ခာကိုတစ်စက်မှမငဲ့ဘဲ တန်းငြင်းလိုက်လေ၏။

သူသည် ဒေါသပုန်ထသွားတော့သည်။ ထိုမှသာ သူသည် ပိုင်ယွီအန်းအား စတင်စုံစမ်းတော့သည်။ စုံစမ်းပြီးသောအခါ သူ၏စိတ်အလွန်တရာပင် မွန်းကြပ်သွားတော့၏။

အစက ပိုင်ယွီအန်းအကြောင်း လုံးစေ့ပတ်စေ့သိရှိရန် အချိန်တစ်ခုကြာလောက်မည်ဟု ထင်ခဲ့သော်လည်း နာရီပိုင်းလောက်ဖြင့် သူသည် အရာအားလုံးကို ရှင်းရှင်းလင်းသိခဲ့ရလေသည်။ ပိုင်ယွီအန်းသည် အလွန်အရှိန်အဝါကြီးနေပုံပေါက်သောကြောင့်သာ သူသည် နင်းမြို့တော်သို့ဆက်သွယ်ပြီး စုံစမ်းခဲ့ခြင်းဖြစ်သည်။ ပိုင်ယွီအန်းနှင့်ပတ်သတ်သမျှအရာအားလုံးကို သူသိချင်နေမိလေသည်!

စုံစမ်းထားသောအချက်အလက်အရ ပိုင်ယွီအန်းသည် လွန်ခဲ့သောသုံးနှစ်က ရုတ်ချည်းဆိုသလို ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား တည်ထောင်ခဲ့၏။ အရသာရှိလှသောဝိုင်များကြောင့် နင်းမြို့တော်၏မီဒီယာဖြစ်စေ အခြားနေရာများ၌ဖြစ်စေ သူ့အား အဆုံးမရှိအမွမ်းတင်နေကြပေသည်!

သုံးနှစ်တည်းဖြင့် သူသည် ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲကာ အောင်မြင်မှုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပြန်၏!

ပိုင်ယွီအန်း မည်သည့်နေရာမှ ငွေရသည်ကို ဖန်လီချင်း သိချင်နေမိတော့သည်။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ မတည်ငွေမှာ မသေးလှသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူမည်သို့စုံစမ်းစေကာမူ လမ်းစပျောက်စရစမြဲဖြစ်သည်။ သူ၏နောက်ကွယ်တွင် ပညာရှင်တစ်ဦးရှိသည်ဟု အင်တာနက်ပေါ်မှ သတင်းသဲ့သဲ့ကြားရသော်လည်း ထိုပညာရှင်အား မည်သူမှမသိကြချေ။

အတိုချုံးအနေဖြင့် လက်ရှိပိုင်ယွီအန်းမှာ ယခင်က မြို့တော်မှသူနှင်ထုတ်ခဲ့သော အနုတ်စုတ်ဂုတ်စုတ်လူမဟုတ်တော့ပေ!

ထို့ကြောင့်လည်း သူ့အား စိန်ခေါ်ရဲနေခြင်းဖြစ်သည်။ ထိုကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ချမ်းသာကြွယ်ဝမှုမှာ သူ၏ကုမ္ပဏီကို ခြေရာတိုင်းနိုင်လေသည်!

ထို့အပြင် သူသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအကြောင်းကို သိထားခဲ့၏။ ထိုကုမ္ပဏီမှ ထုတ်လုပ်သောဝိုင်မှာ အလွန်ပင်နာမည်ကြီးလှပြီး နှစ်သစ်ကူးပွဲဖြစ်စေ သာမန်ပွဲလမ်းသဘင်များဖြစ်စေ ဤဝိုင်၏အရိပ်ကို ဖျတ်ခနဲတွေ့ရတတ်သည်။ အရသာမှာ အထူးပင်ကောင်းလှသည်ဟု ပြောရမည်။ သူသည်လည်း အလွန်ကြိုက်နှစ်သက်ပေသည်။ သို့သော် ယခုတွင် ထိုဝိုင်မှာ ပိုင်ယွီအန်းမှ ထုတ်လုပ်ကြောင်း စဥ်းစားလိုက်သောအခါ သောက်ထားသမျှကို အန်ထုတ်လိုက်ချင်မိတော့၏!

ဖန်လီချင်းသည် ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေချေပြီ။

နံဘေးရှိ သူ၏ဝန်ထမ်းဖြစ်သူမှ ပြောလိုက်၏။

“နင်းမြို့တော်ကလူတွေပြောတာတော့ ဒီတစ်ခေါက် ပိုင်ယွီအန်းက မြို့တော်ပြန်လာရတဲ့ကိစ္စက ကုမ္ပဏီခွဲဖွင့်ဖို့တဲ့၊ အနာဂတ်မှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက မြို့တော်စျေးကွက်ကို တိုးချဲ့ဖို့လုပ်တော့မယ်ထင်တယ် အာ မေ့တော့မလို့၊ ပိုင်ယွီအန်းက ဒီတစ်ခေါက် တရားဝင်ဝိုင်ပြပွဲမှာ သူ့ဝိုင်ကို ယူလာမယ်လို့ ပြောနေကြတယ်”

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ကြယ်စင်ခုနစ်ဖော်ဝိုင်မှာ ယန်ခရိုင်အတွင်း ထိပ်တန်းဝိုင်ဆယ်မျိုးစာရင်းတွင် ပါဝင်သည်မှာ ကြာလေပြီ။ ၎င်းသည် ဤတစ်ခေါက်တွင် နိုင်ငံကိုယ်စားပြုဆုကိုပါ ဆွတ်ခူးနိုင်ပါက ဂုဏ်သတင်းမွှေးပျံ့မှုမှာ ပို၍ပင်ကြီးမားသွားဦးမည်။

ယခင်က ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှာ သူနှင့်ဘာမှမသက်ဆိုင်သောအရာဖြစ်၏။ သို့သော် ယခုတွင် ပိုင်ယွီအန်းမှ သူ့ပိုက်ဆံသူရှာပြီး သူ့ခြေထောက်ပေါ်သူရပ်နေသည်ကို မြင်လိုက်ရသောအခါ အလွန်ပင်နေရခက်သွားတေ့သည်။

သို့ရာတွင် သူသည် ပိုင်ယွီအန်းအကြောင်းနှင့် ပိုင်ယွီအန်းမှ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား မည်သို့သောနည်းဖြင့် ဤမျှလောက်တိုးတက်အောင် လုပ်နိုင်ခဲ့ပုံကို သိပ်မသိသေးသောကြောင့် ဤကိစ္စအား ဖြေရှင်းရခက်နေတော့သည်....

ဖန်လီချင်းအကြပ်ရိုက်နေစဥ်တွင် ထျန်းရှီမှာ ပို၍ပင် စိတ်ခံစားချက်ပြင်းထန်နေ၏။

သူမအိမ်ပြန်ရောက်သည်နှင့် ချက်ချင်းဆိုသလို လိုင်းပေါ်တွင် ပိုင်ယွီအန်းအကြောင်း ရှာဖွေလိုက်သည်။ အစက ဘာကိုမှရှာတွေ့လောက်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း သူ၏ဓာတ်ပုံသည် ပထမစာမျက်နှာပေါ်တွင်ပင် ဘွားခနဲပေါ်လာတော့သည်။ သူမသည် ပိုင်ယွီအန်း၏ကိုယ်ရေးအကျဥ်းကို ဖတ်ကြည့်လိုက်သောအခါ ပို၍ပင်ထိတ်လန့်အံသြသွားတော့သည်။

ပိုင်ယွီအန်းမှ ယန်ခရိုင်တွင် လူသိများသောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်၏။ သူသည် နှစ်စဥ်အမြတ်ငွေ ဆယ်ဘီလီယံကျော်ရသော ဝိုင်ကုမ္ပဏီတစ်ခုကို ဦးစီးနေလေသည်...

၎င်းအနောက်တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီနှင့်ပတ်သတ်သော သတင်းအချို့ထွက်လာ၏...ပိုင်ယွီအန်းအနောက်တွင် ထောက်ပံ့သူတစ်ဦးရှိသည်ဟူသော သတင်းအချို့လည်းဖတ်လိုက်ရပြီး သူနှင့် ဒုဥက္ကဌ ရှန်းကျင်မှာ နေနှင့်လ ရွှေနှင့်မြကဲ့သို့ လိုက်ဖက်သူနှစ်ဦးဖြစ်သည်ဟု အချို့လူများကလည်း ပြောနေကြသည်...

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ...”

၎င်းကိုမြင်လိုက်သောအခါ ထျန်းရှီ၏မျက်နှာထားပြောင်းလဲသွားသည်။ ထို့နောက် သူမသည် ခါးသက်စွာ ပြုံးလိုက်သည်။

“ယွီအန်းက တကယ်သြဇာရှိနေပြီပဲ...”

ပိုင်ယွီအန်းတွင်လည်း ဤသို့သောနေ့မျိုး ရှိလာမည်ဖြစ်ကြောင်း သူမသိခဲ့လျှင် ဖန်လီချင်းမှ သူမအား ရွှေကိုတောင်လိုပုံပေးလျှင်ပင် စိတ်ယိမ်းယိုင်ခဲ့မည်မဟုတ်ပေ။ ပိုင်ယွီအန်းနှင့် ဖန်လီချင်းတို့ အဆင့်တစ်ခုတည်းတွင်ရှိနေလျှင် ပိုင်ယွီအန်းမှာ များစွာသာလွန်နေပေသည်!

Space and Rebirth 964

ဤအချိန်တွင် ထျန်းရှီမှာ ဖန်သားပြင်ပေါ်ရှိ ပုံရိပ်အား မျက်လုံးမခွာနိုင်ဘဲ အချိန်အတော်ကြာ ကြည့်နေမိ၏။ ဓာတ်ပုံထဲရှိအမျိုးသားမှာ တည်ငြိမ်ရင့်ကျက်သော ယောက်ျားတစ်ဦးဖြစ်နေပြီး သက်လတ်ပိုင်းအရွယ်ဟု မထင်ရလောက်အောင် နုပျိုနေပေသည်။ ချမ်းသာသောလူပျိုကြီးတစ်ဦးပီသစွာ သူ၏တစ်ကိုယ်လုံးမှ အရောင်အဝါများထွက်ပေါ်လာသကဲ့သို့ရှိနေ၏။

သူမသည် အချိန်တစ်ခုစာမျှ ကြောင်ငေးနေပြီးနောက် အဆုံးတွင် သူမခြေထောက်မှ ကိုက်ခဲမှုကို ခံစားရမှသာ အသိတရားပြန်ဝင်လာတော့သည်။ ဟော်ရတနာဆိုင်မှ သူမ၏အိမ်ငယ်လေးဆီသို့ နာရီပိုင်းခန့်လမ်းလျှောက်လိုက်ရသည်။ သူမ၏ခြေထောက်တစ်ပြင်လုံး အရည်ကြည်ဖုများထနေတော့သည်။

သူမ၏ယာယီအိမ်လေးအား ကြည့်ပြီး ထျန်းရှီသည် ပို၍ပင် နောင်တရသွားသည်။

သူမသည် ပိုင်ယွီအန်းအား ကွာရှင်းပြီးနောက် ဤအိမ်ကိုဝယ်ခဲ့၏။ ထိုအချိန်က ဖန်လီချင်းသည် ပိုင်ယွီအန်းအား အရှက်ခွဲလိုသောကြောင့် သူမနေထိုင်ရန်အိမ်ကို အထူးတလည်ဝယ်ခဲ့ပေးလေသည်။ သို့ရာတွင် ဤအိမ်မှာ တစ်ယောက်အိပ်တိုက်ခန်းဖြစ်ပြီး အလွန်ပင်သေးငယ်ကျဥ်းမြောင်း၏။ ပုံမှန်အားဖြင့် သူမမိဘများလာလည်၍ ဤနေရာတွင် ညအိပ်ချင်လျှင်ပင် အိပ်မရပေ။

ယခု သူမစဥ်းစားကြည့်လိုက်သောအခါ ထိုစဥ်က သူမသည် ပိုင်ယွီအန်းနှင့်အတူ ချေးငွေထုတ်၍ အိမ်ဝယ်ထားခဲ့သဖြင့် တစ်လတစ်လ ချေးငွေပြန်ဆပ်နေရသော်လည်း သူမတို့အိမ်မှာ ကျယ်ဝန်းပြီး အလင်းရောင်ကောင်းကောင်ရပေသည်။ စာကလေးအသိုက်နှင့် အလားတူသော ဤအိမ်ငယ်ကဲ့သို့မဟုတ်ပေ။

ထျန်းရှီသည် သူမဖုန်းကိုဖွင့်ကာ ပိုင်ယွီအန်း၏နံပါတ်ကိုကြည့်လိုက်သည်။ ခေတ္တမျှစဥ်းစားကြည့်ပြီးနောက် သူမသည် ထိုနံပါတ်ကိုဆက်လိုက်တော့သည်။

ညသန်းခေါင်ဖြစ်နေသောကြောင့် အချင်းချင်းစကားပြောရန် အလွန်ပင်သင့်တော်လေသည်။ စိတ်မကောင်းစွာဖြင့် ပိုင်ယွီအန်းသည် ဝင်လာသောဖုန်းနံပါတ်ကို တစ်ချက်ကြည့်ပြီး ချက်ချင်းဆိုသလို ဖုန်းချကာ ဘလော့လိုက်သည်။

ဖုန်းမအားပါဟူသော အသံအပြီးတွင် ထျန်းရှီသည် ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ ယောက်ျားအား မျက်ရည်စက်လက်ဖြင့် ကြည့်လိုက်တော့၏။

…

ကျောင်းပိတ်ရက်များစသည်နှင့် ကျင်းယွင်ကျောင်းမှာ အလုပ်များရတော့သည်။ ညတိုင်းလိုလို သူမသည် နေရာလွတ်နယ်မြေထဲသို့ အချိန်အတိအကျဝင်ကာ လေ့လာစရာရှိသည်များကို လေ့လာပြီး သိုင်းပညာကိုလေ့ကျင့်၏။ မနက်အချိန်တွင် သူမသည် သူမ၏မိသားစုနှင့် နေလျှင်နေ မနေလျှင် ရှောင်ဟိုင်ချင်း၏ရိုက်ကူးရေးနေရာသို့ သွားလည်တတ်သည်။

သူမသည် ရိုက်ကူးရေးနေရာသို့ မကြာခဏဆိုသလို အစားအသောက်များယူလာတတ်သဖြင့် တဖြည်းဖြည်းဆိုသလို ဒါရိုက်တာနှင့် ပို၍ရင်းနှီးသွားတော့သည်။ ရှောင်ဟိုင်ချင်းသည် ရိုက်ကူးရေးအဖွဲ့သားများကြားတွင် အလွန်ပင်ရေပန်းစားနေ၏။ အစ်မလင်းမှ သူမအား ပရိုမိုးရှင်းဆင်းပြီးနောက် သူမတွင် အင်အားတောင့်တင်းသော ပရိသတ်အုပ်ကြီးရှိနေလေပြီ။ သူမ၏ချောမောပြေပြစ်သော ရုပ်ရည်ကြောင့်လည်း တစ်နေ့တစ်ခြား လူအာရုံစိုက်မှုကို ခံလာရခြင်းဖြစ်သည်။

သူမနှင့် ပိုင်ယွီအန်းတွေ့ဆုံပြီး နှစ်ရက်အကြာတွင် ပိုင်ယွီအန်းသည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား နိုင်ငံတကာပြိုင်ပွဲတစ်ခုတွင် စာရင်းသွင်းပြိုင်ဆိုင်ကာ ရွှေတံဆိပ်ဆုရခဲ့၏။ သူတို့၏ဝိုင်သည် နိုင်ငံကိုယ်စားပြုဝိုင်အဖြစ် ဂုဏ်သတင်းရရှိသွားပြီး ထပ်မံ၍ နာမည်ကျော်ကြားသွားတော့သည်။

အင်တာဗျူးတွင် ပိုင်ယွီအန်းသည် ရုတ်တရတ်ဆန်သော သတင်းကြီးတစ်ခုကို ကြေညာလိုက်သဖြင့် အားလုံးထိတ်လန့်အံ့အားသင့်သွားကြ၏။ ၎င်းမှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ သူဌေးအစစ်အကြောင်းဖြစ်သည်။

ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းနာမည်ကို မဖွင့်ဟခဲ့ပေ။ ထိုအစား သူသည် ကုမ္ပဏီ၏ ယာယီဥက္ကဌဖြစ်သည်ကိုသာ လူများရှင်းရှင်းလင်းလင်းသိရန် ပြောခဲ့သည်။ လက်တွေ့တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ကြိုးကိုင်သူအစစ်အမှန်မှာ နောက်ကွယ်တွင် ရှိနေခဲ့လေသည်။ အရေးကြီးသောဆုံးဖြတ်ချက်များအားလုံးကို ဤသူဌေးအစစ်မှ ဆုံးဖြတ်လေ၏။ လူတိုင်းအား နှစ်ချီပဟေဠိဖြစ်စေခဲ့သော ငွေကြေးအထောက်အပံ့ကိစ္စမှာ နောက်ဆုံးတွင် ရှင်းလင်းသွားတော့သည်။

သူထိုသို့ပြောလိုက်သည်နှင့် လူများစွာသည် ပိုင်ယွီအန်းမှ ထိုသူဌေးကြီး၏နာမည်ကိုဖွင့်ဟရန် စိတ်အားထက်သန်စွာဖြင့် မော့ကြည့်ပြီး စောင့်ဆိုင်းလိုက်ကြတော့သည်။ သို့ရာတွင် ပိုင်ယွီအန်းသည် နောက်ဆုံးအချိန်ထိ ပါးစပ်ကိုတင်းတင်းစေ့ထားပြီး ဤအရာကို လျှို့ဝှက်ထားချင်နေဟန်ရ၏။ ထို့ကြောင့် လူများစွာသည် သွေးအန်လုမတတ်ဖြစ်သွားတော့သည်။

ဤသတင်းကြောင့် နယ်ပယ်တစ်ခုလုံး မုန်တိုင်းတိုက်ခတ်သွားပြီး လူများစွာက သူဌေးအစစ်အကြောင်းကို စုံစမ်းကြတော့၏။

သို့ရာတွင် သူတို့သည် သဲလွန်စတစ်ခုကိုမှ ရှာမတွေ့ခဲ့ချေ။ နင်းမြို့တော်တွင် ကျင်းယွင်ကျောင်းအား သိနေခဲ့သောသူများကမူ ထိုသူဌေးမှာ သူမဖြစ်ကြောင်း သိနေလေသည်။ သူမ၏အရည်အချင်းကို လက်ဝါးထင်ထင်မြင်ခဲ့ရသောကြောင့် သူမဖြစ်ကြောင်း ခန့်မှန်းနိုင်ကြပေ၏။ သို့သော် ထိုလူများမှာလည်း အလွန်ပင်အရေအတွက်နည်းလှသည်။ ထို့အပြင် အခြားလူများအား ကျင်းယွင်ကျောင်းဟု ပြောလျှင်ပင် ယုံလောက်ကြမည်မဟုတ်ပေ။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား တည်ထောင်ခဲ့သည်မှာ သုံးနှစ်ရှိလေပြီ။ ကျင်းယွင်ကျောင်းသည်သာ သူဌေးဆိုလျှင် သူမစတင်အလုပ်လုပ်ချိန်၌ ၁၅ နှစ်သမီးသာရှိသေးပေသည်။ မည်သည့် ၁၅ နှစ်သမီးက ကုမ္ပဏီတည်ထောင်ရန် အရည်အချင်းရှိနိုင်မည်နည်း?

ပိုင်ယွီအန်းသည် လွန်ခဲ့သောရက်ပိုင်းအတွင်း ဖုန်းအဝင်များစွာ လက်ခံရရှိခဲ့သော်လည်း အနည်းငယ်မျှပင် ဒေါသမထွက်ချေ။ ထိုအစား သူသည် အလွန်ပင်ပျော်ရွှင်နေတော့၏။

ဤကိစ္စအား မည်သူကိုမှမပြောဘဲ သူ၏စိတ်ထဲတွင်သာ ကြိတ်သိမ်းထားရသည်မှာ အလွန်ကြာနေလေပြီ။ ယခင်က သူသည် ကျင်းယွင်ကျောင်းအား ကာကွယ်ရန်အတွက် ဤသတင်းအား မည်သူကိုမှမပြောနိုင်ခဲ့ချေ။ မိမိသူဌေး၏ ထူးကဲပြောင်မြောက်မှုကို မိမိတစ်ဦးတည်းသာ မြင်ခဲ့ရ၏။ ထိုသို့သောခံစားချက်မျိုးမှာ အလွန်ပင်စိတ်ဆင်းရဲဖွယ်ကောင်းလှသည်။ ယခုတွင် အချိန်တစ်ခုကြာပြီဖြစ်၍ ဤနှစ်ပေါင်းများစွာတစ်လျှောက် သူခံစားခဲ့ရသော အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုအား အခြားလူများစွာဖြင့် ဝေမျှခံစားနိုင်လေပြီ။ သူသည် ဤအရာအား အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားနေမိခဲ့၏!

အထူးသဖြင့် ယခုတွင် သူမအကြောင်းသိချင်သောသူများ များသထက်များလာသောကြောင့် သူသည် အလျင်စလိုကြေညာရန်စိတ်ကူးမရှိတော့ချေ။

All Chapters