← Chapters

အခန်း (၉၆၅-၉၆၈)

Vol. 49 Ch. 965-968

အခန်း (၉၆၅-၉၆၈)

Vol. 49 Ch. 965-968

Space and Rebirth 965

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီနှင့်ပတ်သတ်၍ ကောလဟာလများ ပလူပျံနေလေသည်။ အချို့လူများမှာ သူဌေးအစစ်အကြောင်း သိချင်နေကြပြီး အချို့လူများကမူ ဤသည်မှာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား ပရိုမိုးရှင်းဆင်းရန် ပိုင်ယွီအန်၏အကြံအစည်တစ်ခုသာဖြစ်သည်ဟု တွေးနေကြသည်။ ထို့ကြောင့် ဤသတင်းအား အလေးအနက်မထားကြချေ။ သို့သော မည်သို့ပင်ဖြစ်စေကာမူ ဤသတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားသည်မှာ သေချာပေ၏။

ထိုအချိန်တွင် ပိုင်ယွီအန်းသည် ကြယ်စင်ခုနစ်ဖော်ဝိုင်မှ ပထမဆုရသည့်အချက်ကို အခွင့်ကောင်းယူပြီး သူ၏အိမ်တွင် အိမ်တက်ပွဲတစ်ခု ကျင်းပလိုက်သည်။

သူဝယ်ခဲ့သောအိမ်မှာ ပရိဘောဂများ အပြည့်အစုံတပ်ဆင်ထားနှင့်ပြီးဖြစ်သည်။ သူ၏အထုပ်အပိုးများယူ၍ ဝင်နေရုံသာရှိသည်။ ရက်အနည်းငယ်ခန့် ရိုးရှင်းသောအိမ်ထောင်ပစ္စည်းအချို့ကို ဝယ်ယူပြီးနောက် ဟိုတယ်တွင် ဆက်မနေတော့ချေ။

ပိုင်ယွီအန်းသာမက ရှန်းကျင်လည်း မြို့တော်ထဲသို့ ရောက်လာလေပြီ။ သူမသည် မမြင်ရသည်မှာကြာပြီဖြစ်သော ကျင်းဖန်ကိုလည်း ခေါ်လာခဲ့၏။ ဤအိမ်တက်ပွဲမှာ အိမ်တွင် ရိုးရိုးထမင်းစားဖိတ်ခြင်းသာဖြစ်ပေသည်။ ပွဲတက်သူဟူ၍ သူတို့လေးဦးသာရှိသည်။

သူဌေးဖြစ်သော ကျင်းယွင်ကျောင်းမှာ ဟင်းချက်စရာမလိုပါပေ။ ရှန်းကျင်နှင့် ကျင်းဖန်ကသာ ဟင်းချက်ရန် အစပြုလိုက်၏။ မြိန်ရှက်ဖွယ်ဟင်းလျာများကို စားပွဲအပြည့်ပြင်ဆင်လိုက်သောအခါ လူများသွားရည်ကျစရာဖြစ်သွားတော့သည်။

အချင်းချင်းမတွေ့ရသည်မှာ ကြာပြီဖြစ်သည့်အလျောက် ကျင်းဖန်၏အသွင်အပြင်နှင့် စရိုက်မှာလည်း များစွာပြောင်းလဲသွားချေပြီ။ ယခင်က သူမသည် အလွန်ပင်အနေအေးခဲ့၏။ သူမ၏နာမည်အတိုင်း အလွန်ပင်နုနယ်သိမ်မွေ့သောသူဖြစ်သည်။ သို့သော် ယခုတွင် သူမသည် အလွန်ပင်တက်ကြွဖျတ်လတ်နေလေပြီ။ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး အားအင်များပြည့်ဝနေကာ ပို၍ပင်လှလာတော့သည်။

“အစ်မမိသားစုကို ရှာတွေ့သွားပြီလို့ အစ်ကိုပိုင်ဆီက ကြားလိုက်တယ်၊ တကယ်ပဲလား?”

မိသားစုအရေးကိစ္စနှင့်ပတ်သတ်လျှင်မူ ကျင်းဖန်သည် အနည်းငယ်သတိထားပြီး ပြောလိုက်သည်။

ကျင်းဖန်သည် အနီရောင်ငှက်မွေးနုဂျာကင်ကို ဝတ်ဆင်ထားသဖြင့် သူမမျက်နှာတွင် အသွေးအရောင်လွှမ်းနေသည်။ အမှန်တကယ်ပင် မှင်တက်ဖွယ်ကောင်းလောက်အောင် လှနေပေသည်။ သူမ၏ဆံပင်ရှည်အား အပေါ်သို့စည်းနှောင်ထားသဖြင့် သူမ၏တောက်ပသောနဖူးပြင်ကို လှစ်ဟပြလျက်ရှိသည်။ သူမမျက်လုံးများတွင် သွက်လက်ချက်ချာမှုများဖြင့် ပြည့်နှက်နေပြီး သူမနှုတ်ခမ်းစွန်းများမှာ ကော့ညွှတ်နေသည်။ သူမသည် အလွန်ပင်တက်ကြမှုပြည့်ဝသော မိန်းကလေးငယ်တစ်ဦးဖြစ်၏။

“အင်း ရှာတွေ့ပြီ”

ကျင်းယွင်ကျောင်း ခေါင်းငြိမ့်လိုက်သည်။

“ဒါဆို...သူတို့ကဘယ်လိုလူတွေလဲ? အစ်မက သမီးတို့နယ်မှာ နေတာမဟုတ်ဘူးလား? ဘာလို့အစ်မမိသားစုက မြို့တော်ထဲရောက်နေတာလဲ?”

ကျင်းဖန်ထပ်မေးလိုက်ပြန်၏။

“မ‌တော်တဆကိစ္စလေးတွေ နည်းနည်းဖြစ်ခဲ့လို့ပါ၊ နောက်ကျမှ အစ်မကျင်ဆီက အသေးစိတ်ကို မေးကြည့်လိုက်တော့”

ကျင်းယွင်ကျောင်းသည် တတ်နိုင်သမျှ ဖော်ရွေသောပုံစံပေါက်အောင်လုပ်ရင်း ပြောလိုက်သည်။ သူမသည် အခြားသူများချည်းကပ်ရခက်ခဲသော အရှိန်အဝါတစ်ခုရှိကြောင်း မိမိကိုယ်ကိုလည်း သိပေ၏။ သူမသည် အခြားသူများကို ဂရုမစိုက်သော်လည်း ကျင်းဖန်မှာမူ သူမကဲ့သို့ လောကဒဏ်ကို အလူးအလဲခံခဲ့ရသည့် သနားစရာကောင်းသောလူတစ်ဦးဖြစ်သည်။ သူမ၏အာရုံသည်လည်း သာမန်လူတစ်ဦးထက် ပို၍စေ့စပ်စူးရှနေလောက်မည်။

ကျင်းဖန်သည် အပြုံးတစ်ခုဖြင့် ကျင်းယွင်ကျောင်းလက်မောင်းအား ဆုပ်ကိုင်လိုက်သည်။ ခေတ္တအကြာတွင် သူမပြောလိုက်သည်။

“အစ်မ၊ အစ်မမိသားစုဆီ ညီမကိုခေါ်သွားလို့မရဘူးလား?”

ကျင်းယွင်ကျောင်းစကားစရှာမရဖြစ်သွားသည်။

အချိန်ခဏမျှစဥ်းစားပြီးနောက် သူမခေါင်းခါကာ ပြောလိုက်၏။

“အခုလောလောဆယ်တော့မရဘူး၊ နင်စာကြိုးစားမှဖြစ်မယ်နော် နောက်ကျရင် သူတို့နဲ့တွေ့ဖို့ အခွင့်အရေးရလာမှာပါ”

ကျင်းဖန်၏မိဘများသည် ကျင်းယွင်ကျောင်းနောက်ကွယ်တွင် အကြံဆိုးများရှိခဲ့ကာ သူမအသရေပျက်လုနီးပါးဖြစ်အောင် လုပ်ခဲ့ဖူးသည်။ ထို့အပြင် လွန်ခဲ့သောရက်ပိုင်းအတွင်း သူမဦးလေးငယ်သည် သူမအား စောစောမတွေ့ခဲ့ခြင်းကြောင့် ယူကျုံးမရဖြစ်ကာ သူမအား ကောင်းသထက် ကောင်းအောင် ဆက်ဆံနေခဲ့၏။ သူမအတိတ်အကြောင်းအား အတိုင်းအတာတစ်ခုထိ နားလည်ထားကြောင်း သိသာသည်။ ယခု ကျင်းဖန်ကိုမြင်လိုက်လျှင် သူမဦးလေးအငယ်သည် သူမရှေ့မှောက်၌ ကျင်းဖန်အား ယဥ်ယဥ်ကျေးကျေးဆက်ဆံနိုင်သော်ငြား သူမနောက်ကွယ်တွင် မည်သို့လုပ်မည်ကို မပြောနိုင်ချေ။

သူမသည် မိသားစုနှင့် ပြန်လည်ပေါင်းစည်းတွေ့ဆုံသည်မှာ မကြာသေးသောကြောင့် အလွန်ထိလွယ်ရှလွယ်သောကာလတစ်ခုကို ဖြတ်သန်းနေရ၏။ တစ်နှစ်-နှစ်နှစ်မျှကြာလျှင် အခြေအနေလည်း အနည်ကျသွားလိမ့်မည်။

ကျင်းဖန်၏မျက်နှာတွင် ဝမ်းနည်းရိပ်များ ဖျတ်ခနဲပြေးသွားသော်ငြား အလျင်အမြန်ပင် ပျောက်ကွယ်သွားသည်။ အစ်မယွင်ကျောင်းသည် ယခင်က သူမမိဘများ၏လုပ်ရပ်ကို ဂရုစိုက်နေရဆဲဖြစ်သည်...အရာအားလုံးမှာ သူမမိသားစု၏အပြစ်ပါပင်။ သူတို့သည်သာ အစ်မယွင်ကျောင်းအား မလိမ်ခဲ့လျှင်...

မဟုတ်ပေ။ ထိုကိစ္စသာမဖြစ်ခဲ့လျှင် သူမသည်လည်း အစ်မယွင်ကျောင်းအား သိခဲ့ရမည်မဟုတ်ချေ။

ကျင်းယွင်ကျောင်းသည် ကျင်းဖန်၏မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

“နောက်နှစ်ဝက်နေရင် နင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့မယ်လို့ အစ်ကိုပိုင်ဆီကကြားတယ်၊ အခုစဥ်းစားကြည့်လိုက်တော့ သိပ်မဟုတ်သေးသလိုပဲ တစ်နှစ်စောနေတယ်မဟုတ်ဘူးလား?”

ကျင်းယွင်ကျောင်းရုတ်ချည်းဆိုသလို မှတ်မိသွား၏။

နင်းမြို့တော်အနီးတစ်ဝိုက်ရှိ နယ်များတွင် နေထိုင်သောကလေးများသည် ကျောင်းတစ်နှစ်စောအပ်လေ့ရှိလေသည်။ ဥပမာပြရလျှင် ကျင်းယွင်ကျောင်းမှာ အထက်တန်းကျောင်းအောင်စဥ်က အသက်ပင်မပြည့်သေးချေ။ ကျင်းဖန်မှာ သူမထက် နှစ်နှစ်ငယ်ပြီး ၁၆ နှစ်သာရှိသေး၏။ ၁၆ နှစ်ဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေသည်မှာ သိပ်မဟုတ်သေးချေ။

Space and Rebirth 966

ယခင်က ကျင်းယွင်ကျောင်းသည် ဤကိစ္စနှင့်ပတ်သတ်၍ များများစားစားမတွေးခဲ့ချေ။ သို့ရာတွင် ကလေးဆန်သော ဤမျက်နှာအား မြင်လိုက်ရသောအခါ သူမမှတ်မိသွားတော့သည်။

ကျင်းဖန်၏အခြေခံလိုအပ်ချက်များဖြစ်သော စားသောက်ရေး၊ နေထိုင်ရေး၊ လမ်းခရီးစရိတ်များနှင့် ကျောင်းလခများအားလုံးကို သူမထောက်ပံ့ပေးထားလေသည်။ ထို့ကြောင့် ဤမေးခွန်းကိုမေးရန် သူမတွင် တာဝန်ရှိပေ၏။

“ရှောင်ဖန်က တစ်တန်းကျော်တက်ပြီး ပထမနှစ်မှာပဲ ဒုတိယနှစ်သင်ခန်းစာတွေအားလုံးကို ပြီးသွားတာလေ”

ရှန်းကျင်သည် ပန်းကန်ပြားတစ်ချပ်ဖြင့် မီးဖိုချောင်ထဲမှထွက်လာပြီး ပြောလိုက်၏။

“ကျွန်မကတော့ ဥက္ကဌကျင်းအပြင် ဒီလောက်စာကြိုးစားတဲ့ကျောင်းသူမျိုး တစ်ခါမှမမြင်ဖူးဘူး၊ ညတိုင်းလိုလို သန်းခေါင်ကျော်တဲ့ထိ စာလုပ်တယ် သူ့အိမ်မှာဆို စာမေးပွဲမေးခွန်းစာရွက်တွေချည်းပဲ၊ ဥက္ကဌကျင်းစိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူးတဲ့လေ တစ်တန်းကျော်တက်တာတောင် သူ့အဆင့်တွေက ကလေးကြီးတွေကြားမှာ အကောင်းဆုံးဖြစ်နေတုန်းပဲ၊ အနာဂတ်မှာ A တက္ကသိုလ်ကို သေချာပေါက်ဝင်ရမှာဖြစ်မယ်တဲ့”

ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားလိုက်သောအခါ အနည်းငယ်အံ့အားသင့်မိသွားသည်။

ကျင်းဖန်အဆင့်များသည် ယခင်ကလည်း အလွန်ကောင်းသော်ငြား တစ်တန်းကျော်တက်နိုင်လောက်သည်ထိ ကောင်းမည်ဟု ကျင်းယွင်ကျောင်းမထင်ထားခဲ့ချေ။ သူမသည် မိမိနှင့်သက်တူရွယ်တူအတန်းထဲတွင်ပင် သူငယ်ချင်းမရှိသည်ဖြစ်ရာ အကြီးတန်းသို့တက်လိုက်လျှင် အထီးကျန်နေမည်မှာ သေချာ၏။ ကျင်းယွင်ကျောင်းမှာမူ ရှောင်ဟိုင်ချင်းနှင့် အခြားသူများ အတန်းထဲတွင်ရှိခဲ့၏။ တစ်ဦးတည်းလျှောက်လှမ်း၍ အဘယ်အကျိုးရှိနိုင်မည်နည်း?

“ရင်းနှီးတဲ့သူငယ်ချင်းတွေရှိလား?”

ကျင်းယွင်ကျောင်းမေးလိုက်၏။

သူမပုံစံမှာ လူကြီးတစ်ဦးနှယ်ဖြစ်သည်။ သူမသည် မိန်းကလေးငယ်တစ်ဦးသာဖြစ်ကြောင်း ရှန်းကျင်နှင့် ပိုင်ယွီအန်းပင်လျှင် မေ့နေချေပြီ။ ထို့ကြောင့်လည်း ကျင်းယွင်ကျောင်းမှ သူတို့အား “ဦးလေးနဲ့အန်တီ” ဟုခေါ်ရမည့်အစား “အစ်ကိုနဲ့အစ်မ” ဟုခေါ်ရန် ပြောခဲ့ကြခြင်းဖြစ်သည်။ သူမသည် အရွယ်နှင့်မလိုက် ရင့်ကျက်လွန်းနေသဖြင့် ဦးလေး/အန်တီဟု ခေါ်လိုက်လျှင် သူတို့အလွန်တရာ အသက်ကြီးလွန်းသည့်ပုံစံ ပေါက်သွားပေမည်။

“သူတို့က....ညီမနဲ့မပေါင်းချင်ကြဘူး”

ကျင်းဖန်ခေါင်းကိုငုံ့လိုက်၏။

သူမပထမဆုံးကျောင်းပြောင်းလာစဥ်က ဆံပင်ပုံစံပြောင်းထားလျက်နှင့်ပင် အင်တာနက်ပေါ်မှ နာမည်ဆိုးဖြင့်ကျော်ကြားသော ကျင်းမိသားစုဝင်တစ်ဦးဖြစ်ကြောင်း လူများက အနှေးနှင့်အမြန်သတိထားမိသွားကြ၏။ ထိုကိစ္စပြီးဆုံးသွားပြီဆိုသော်လည်း သူမနှင့်ပေါင်းနေခဲ့သောသူငယ်ချင်းများသည် သူမအား ခပ်ခွာခွာနေသွားကြတော့သည်။

ထိုအချိန်က ကျင်းယွင်ကျောင်းသည် တစ်နေ့ကျလျှင် သူမအားထောက်ပံ့မိသည်ကို နောင်တရပြီး အရာအားလုံးပြန်ယူသွားမည်ကို စိုးသဖြင့် သူမသည် စာကိုကြိုးစားပမ်းစားလုပ်ကာ တစ်တန်းကျော်တက်လျှင် ကောင်းမည်ဟု တွေးခဲ့၏...

ကျင်းယွင်ကျောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့သည်။

“ကျင်းဖန် ဘဝကိုပြန်စနိုင်တဲ့အခွင့်အရေးဆိုတာ ခဏခဏမလာတတ်ဘူး၊ အခွင့်အရေးကိုအမိအရဆုပ်ကိုင်မှဖြစ်မယ် စာလုပ်တာလည်းအရေးကြီးတယ်ဆိုပေမယ့် အဲ့လောက်ကြိုးစားစရာတော့မလိုဘူး၊ အရေးအကြီးဆုံးက ကိုယ့်အသိုင်းအဝိုင်းကို တည်ဆောက်ဖို့ပဲ သူငယ်ချင်းတစ်ယောက်ပဲရှိရင်တောင် အဆင်ပြေတယ်”

ကျင်းယွင်ကျောင်းချက်ချင်းဆိုသလို ပြောလိုက်သည်။

သူမသည်လည်း အလွန်အလုပ်ကြိုးစားခဲ့ဖူး၏။ သို့ရာတွင် သူမသည် သူငယ်ချင်းများ ရရှိနိုင်ရန် အခွင့်အရေးကိုလည်း ကြိုးစားရှာဖွေခဲ့ပေသည်။ သူမတွင် နေရာလွတ်နယ်မြေရှိခြင်း၏ အကျိုးကျေးဇူးများလည်း ရှိသေး၏။ သို့သော် ကျင်းဖန်မှာ ထိုသို့မဟုတ်ပေ။

စာတော်သည်မှာ ကောင်းသောအရာဖြစ်သော်လည်း သူမတွင် သူငယ်ချင်းတစ်ဦးပင်မရှိဘဲ တစ်တန်းကျော်တက်ရန်အတွေးသာ ခေါင်းထဲ၌ရှိ၏။ အနည်းငယ်လွန်လွန်းလှပေသည်။

သူမစိတ်လှုပ်ရှားနေပုံမှာ ဘဝအသစ်ပြန်စရန် အခွင့်အလမ်းများကို မရပ်မနားရှာပြီး အသိုင်းအဝိုင်းအသစ်ကို ရှာဖွေနေသည့်ပုံပေါက်နေသည်။ သူမဘဝအသစ်အား မကျေနပ်သည်နှင့် ထိုဘဝမှထွက်ပြေးပြီး နောက်ဘဝအသစ်ကို ရှာချေမည်။

“ဟုတ် ညီမမှားတာသိပါတယ်”

ကျင်းဖန်အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်၏။

ကျင်းယွင်ကျောင်းတိတ်တခိုးသက်ပြင်းချလိုက်သည်။ ကျင်းဖန်အား ပြောင်းလဲသွားပြီဟု သူမထင်ခဲ့သည်။ သို့သော် သူမစရိုက်မှာ အရင်အတိုင်းသာဖြစ်သည်။ သူမအသွင်အပြင်မှာ ယုံကြည်ချက်ပြည့်ဝပြီး စိတ်ထားခိုင်မာသောပုံပေါ်သော်လည်း အရင်ကအတိုင်း စိတ်ထားပျော့ပြောင်းဆဲဖြစ်၏။

ကျင်းယွင်ကျောင်းမျက်နှာကို မြင်လိုက်သောအခါ ကျင်းဖန်သည် စိတ်ဂနာမငြိမ်ဖြစ်သွားပြီး သူမလက်သည်းများကို ကိုက်လိုက်သည်။ သူမစိုးရိမ်ပူပန်နေလေပြီ။ ကျင်းဖန်အား ဤပုံစံဖြင့် မမြင်လိုသောကြောင့် ကျင်းယွင်ကျောင်းထပြောလိုက်တော့သည်။

“လျှောက်တွေးမနေနဲ့ အစ်မလည်း နင့်ကိုအရမ်းသတိရနေတာ၊ တခြားအောင်မြင်အောင်လုပ်ရမှာတွေ အများကြီးရှိသေးတယ် တစ်တန်းကျော်တက်တယ်ဆိုတော့ အစ်မမှာ အံ့သြသွားတာပဲ”

ချီးမွမ်းသံကို ကြားလိုက်ရသဖြင့် ကျင်းဖန်မျက်နှာတွင် အပြုံးစစ်အပြုံးမှန်တစ်ခု ပေါ်လာသည်။ သူမသည် အလျင်အမြန်ပင် ပန်းကန်လုံးများ၊ တူများအား ပြင်ဆင်လိုက်၏။ မကြာမီတွင် လေးဦးသား စတင်ဝိုင်းဖွဲ့စားသောက်တော့သည်။

ခဏအကြာတွင် လူခေါ်ခေါင်းလောင်းတီးသံ ထွက်ပေါ်လာသည်။ ပိုင်ယွီအန်း ဇဝေဇဝါဖြစ်သွား၏။ သူသည် ဤနေရာသို့ ပြောင်းလာသည်မှာ မကြာသေးပေ။ မြေယာစီမံအုပ်ချုပ်ရေးမှ လာကြသလော?

သူထရပ်ကာ တံခါးသွားဖွင့်လိုက်၏။ ထိုအခါ သူ၏မျက်နှာ မှောင်ရိပ်သန်းသွားတော့သည်။

တံခါးအပြင်ဖက်တွင် သပ်ရပ်ကျနစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးရပ်နေ၏။ ထိုအမျိုးသမီးအနောက်တွင် အသက် ၅၀-၆၀ ဝန်းကျင် လူနှစ်ယောက်ရှိနေသည်။ သူတို့အားလုံး သစ်သီးပန်းကန်ပြားများကိုင်ကာ ပြုံးနေကြသည်။ သူတို့အပြုံးမှာ အလွန်ပင် စစ်မှန်သည့်ပုံပေါက်နေလေသည်။

Space and Rebirth 967

ထျန်းရှီနှင့် သူမမိဘများဖြစ်သည်။

“ဘာလို့ဒီရောက်နေကြတာလဲ?”

ပိုင်ယွီအန်းမျက်နှာသည် ချက်ချင်းဆိုသလို အေးစက်မာကြောသွားတော့၏။ ထျန်းရှီ၏အရည်အချင်းဖြင့်ဆိုလျှင် ပိုင်ယွီအန်းနေထိုင်သောနေရာကို သိရန်မဖြစ်နိုင်ချေ။ ဖန်လီချင်းမှ စုံစမ်းပြီး သူမကိုလွှတ်လိုက်ခြင်းသာဖြစ်မည်။

ထျန်းရှီ၏မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြင့် နီမြန်းနေသော်လည်း သူမဘာမှမပြောနိုင်ခင်တွင်ပင် သူမအနောက်မှ မိန်းမကြီးတစ်ဦးက အိမ်ထဲသို့တိုးဝင်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ယွီအန်း ဘာလို့မြို့ထဲပြန်ရောက်တာကို အန်တီတို့ကိုမပြောတာလဲကွယ်? အခုမှအိမ်အသစ်ဝယ်လိုက်တာမှတ်လား အရင်တုန်းက ဟိုတယ်မှာပဲနေတယ်ကြားတယ်၊ တကယ်ပါပဲကွယ် ဟိုတယ်ခက ဘယ်လောက်စျေးကြီးတယ်ထင်လဲ? မင်းလာမှန်း အန်တီတို့သာကြိုသိရင် မင်းအဖေကြီးနဲ့ အန်တီက အိမ်မှာပဲကောင်းကောင်း ဧည့်ခံမှာပေါ့၊ အန်တီတို့ကြမ်းပြင်ပေါ်မှာအိပ်ရရင်တောင် သားကိုတော့ သက်တောင့်သက်သာနေရအောင် လုပ်ပေးမှာ”

မိန်းမကြီးသည် စကားပြောပြီးနောက်တွင် သစ်သီးပန်းကန်ပြားကိုချကာ ထျန်းရှီအား အိမ်ထဲသို့ အတင်းဆွဲခေါ်လိုက်သည်။

အမျိုးသမီးနှစ်ဦးမှ စိတ်ရှိသလိုလုပ်နေသဖြင့် ပိုင်ယွီအန်းဘာမှမလုပ်နိုင်ချေ။ ထျန်းရှီသည် ဝင်လာသောအခါ သူမခန္ဓာကိုယ်အား ပိုင်ယွီအန်းနှင့် ပွတ်တိုက်လိုက်သဖြင့် ပိုင်ယွီအန်းနောက်သို့တွန့်ဆုတ်သွားရသည်။

ဤအမျိုးသမီးဝင်လာသည်နှင့် အနောက်မှ ဦးလေးထျန်းသည်လည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် လိုက်ဝင်လာတော့၏။

“ဪ ဧည့်သည်တွေရောက်နေတာလား?”

အဒေါ်ထျန်းသည် ထမင်းစားခန်းကိုဝေ့ကြည့်ပြီး အော်ကြီးဟစ်ကျယ်ဖြင့် ပြောလိုက်၏။ သို့ရာတွင် သူမသည် ထမင်းစားခန်းထဲသို့မဝင်ပေ။

ပိုင်ယွီအန်းသည် ထျန်းရှီနှင့်ပတ်သတ်၍ သံယောဇဥ်တစ်မျှင်မှ မကျန်တော့သော်ငြား သူသည် အောက်တန်းစားတစ်ဦးမဟုတ်ပါချေ။ သူသည် ကောင်းမွန်သောအသိုင်းအဝိုင်းတွင် ကြီးပြင်းလာသော အမျိုးကောင်းသားတစ်ဦးဟုပြောနိုင်၏။ သူ၏နှလုံးသားမှာ ကြေးမုံတစ်ချပ်ကဲ့သို့ ကြည်လင်နေသော်လည်း ဤကဲ့သို့အောက်တန်းစားဆန်ပြီး ပြောရခက်သောလူမျိုးဖြင့် ကြုံတွေ့ရသောအခါ သူသည် မည်သို့လုပ်ကိုင်ရမည်ကိုမသိတော့ပေ။

သူတို့အား ရိုက်ရမည်လော? ဤမိသားစုသည် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ဖွဲ့စည်းထားသောမိသားစုဖြစ်သည်။ သူအဘယ်သို့အကြမ်းဖက်နိုင်မည်နည်း? သူတို့အား အော်ငေါက်ဆဲဆိုရသည်မှာလည်း ခက်ခဲ၏။ သူသည် သူ၏တစ်ဘဝစာလုံး အခြားလူများနှင့် ပေါင်းသင်းဆက်ဆံရေးကို သင်ယူခဲ့သော်လည်း ရန်သူလုပ်နည်းကိုမူ မသင်ယူခဲ့ရချေ။ ထို့ကြောင့် သူသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာများအရောင်ပြောင်းလျှင်ပင် စကားတစ်ခွန်းမှမပြောနိုင်ဖြစ်နေတော့၏။

“ထျန်းရှီ! မင်းသူတို့ကိုပြန်ခေါ်သွား! မဟုတ်ရင် ငါချက်ချင်းလုံခြုံရေးတွေခေါ်ပြီး သူတို့ကိုအပြင်ဆွဲထုတ်သွားခိုင်းလိုက်မယ်”

ပိုင်ယွီအန်း အေးတိအေးစက်ပြောလိုက်၏။

ထျန်းရှီသည် သူမရှေ့မှောက်ရှိ အေးစက်ခက်ထန်သောလူကို ကြည့်ပြီး ချက်ချင်းဆိုသလို မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

“ယွီအန်း ရှင်မြို့တော်ထဲကို ရောက်လာတယ်ကြားတော့ ကျွန်မမိဘတွေက အရမ်းတွေ့ချင်မိသွားလို့ ရှင်မဖိတ်ဘဲ လာမိကြတာပါ၊ မကောင်းတဲ့အကြံဆိုးတွေ မရှိကြပါဘူးရှင် ကျွန်မတို့ကြာကြာမနေပါဘူး ခဏနေပြီး ထွက်သွားပါမယ်...”

သူမသည် သူတို့စစတွေ့ချင်းအချိန်ကအတိုင်း နူးညံ့သောအကြည့်ဖြင့် ပိုင်ယွီအန်းကို ကြည့်လိုက်သည်။

သူမရှေ့မှောက်ရှိယောက်ျားမှာ ထောင်ထောင်မောင်းမောင်းဖြင့် ခန့်ညားနေတော့၏။ သူ၏မျက်နှာတွင် ဇရာအငွေ့အသက်မဆိုစလောက်ရှိနေသော်ငြား သူ၏ထူးကဲသောအသွင်အပြင်ကိုသာ နက်ရှိုင်းလေးနက်စေသည်။

ဤယောက်ျားသည် တစ်ချိန်က သူမခင်ပွန်းဖြစ်ခဲ့ဖူးပေသည်!

ပိုင်ယွီအန်းသည် ထျန်းရှီအပေါ် တဖြည်းဖြည်းပို၍ စကားစရှာမရဖြစ်လာတော့၏။ အစက သူသည် ထျန်းရှီမှ သူ့အား အနှောင့်အယှက်ပေးလိမ့်မည်ဟု မထင်ခဲ့ချေ။ သူမှတ်မိသလောက်ဆိုလျှင် ထျန်းရှီသည် ထိုမျှလောက် အရှက်မကင်းမဲ့သောကြောင့်ဖြစ်သည်။ သို့ရာတွင် သူ၏အထင်နှင့်တက်တက်စင်လွဲနေ၏။ ကျင်းယွင်ကျောင်းပြောသလိုပင် ထျန်းရှီသည် သူ့ထံသို့ အရင်လာရောက်ခဲ့ရုံမက သူမမိဘများကိုပင်ခေါ်လာပြီး လူကြီးများကို အကြောင်းပြနေသေးသည်။

ပိုင်ယွီအန်းသည် ယခင်က သူ၏ယောက္ခမများအပေါ် လွန်စွာလေးစားယဥ်ကျေးသမှုရှိ၏။ နှစ်စဥ်နှစ်တိုင်း သူသည် သူ၏ယောက္ခမများ၏အသုံးစရိတ်အတွက် ငွေကုန်ကြေးကျများစွာရှိခဲ့ရသည်။ သူတို့အိမ်ရှိ အသုံးအဆောင်ပစ္စည်းများ၊ ပရိ‌ဘောဂများအားလုံးနီးပါးကို သူဝယ်ပေးခဲ့ခြင်းဖြစ်သည်။

“ယွီအန်းရယ် အားရှီကိုအပြစ်မတင်ပါနဲ့ သူကဒီတိုင်းမင်းအတွက်စိတ်ပူရုံပါ ပြောစမ်းပါဦး မင်းလိုယောက်ျားလေးတစ်ယောက်တည်း အိမ်မှာကောင်းကောင်းနေနိုင်ပါ့မလား? ဒါကြောင့်မို့ အန်တီတို့လာကြည့်ပေးတာလေ၊ ကြည့်လိုက်စမ်း ဒီအသီးတွေကို အားရှီကိုယ်တိုင်သေချာကျကျနနရွေးထားတာ”

အန်တီထျန်းသည် သူမသမီးကို ကူပြောပေးလိုက်၏။

ပိုင်ယွီအန်း မယုံနိုင်ဟန်ဖြင့် ရယ်လိုက်သည်။

“အခုလာကြည့်ပြီးသွားပြီဆိုတော့ အခုချက်ချင်းအိမ်ထဲကထွက်သွားပေးပါ၊ မထွက်ရင်တော့ ကျွန်တော့်အဆိုးမဆိုနဲ့တော့”

ပိုင်ယွီအန်း နှင်လွှတ်နေဆဲဖြစ်သည်။

ဦးလေးထျန်း၏မျက်နှာကွက်ခနဲပျက်သွားတော့သည်။ သူသည် ဆိုဖာပေါ်တွင် ထိုင်ချပြီး ပိုင်ယွီအန်းအား စူးစိုက်ကြည့်ကာ ပြောလိုက်၏။

“ယွီအန်း ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါတို့ကို နှစ်ကာလတစ်ခုစာလောက် အဖေနဲ့အမေလို့ ခေါ်ခဲ့ဖူးတယ်ဆိုတာ မမေ့လိုက်နဲ့၊ အားရှီက မင်းအပေါ် မှားခဲ့တယ်ဆိုရင်တောင် ငါတို့ကဘာအမှားများလုပ်မိလို့လဲ? အရင်တုန်းက မင်းငါတို့အိမ်လာတိုင်း မင်းအမေကြီးနဲ့ငါက မင်းအတွက် ထမင်းစားပွဲအပြည့် ဟင်းချက်ပြီး ဧည့်ခံခဲ့တာ၊ အခုတော့ ငါတို့မင်းအိမ်လာတာတောင် မင်းကငါတို့ကိုလက်ဖက်ရည်တစ်ခွက် မချတဲ့အပြင် နှင်ပါလွှတ်နေသေးတယ် မင်းကမင်းဧည့်သည်တွေကို ဒီလိုပဲဆက်ဆံတာလား?”

Space and Rebirth 968

ဦးလေးထျန်း၏အသံမှာ ကျယ်လောင်သောခေါင်းလောင်းသံကဲ့သို့ အားအပြည့်ဖြင့် မြည်ဟည်းသွားသည်။ သူပြောသောစကားလုံးတိုင်းမှာ နည်းစနစ်ကျကျဖြင့် ကျိုးကြောင်းဆီလျော်သကဲ့သို့ ပြောနေလေသည်။

ထမင်းစားခန်းထဲတွင် ရှန်းကျင်နှင့် ကျင်းဖန်သည် အချင်းချင်းကြည့်ပြီး အခြေအနေကို နားမလည်နိုင်ဖြစ်နေကြ၏။ ကျင်းယွင်ကျောင်း၏ အံ့အားသင့်မှုမရှိသောမျက်နှာကို မြင်လိုက်သောအခါ သူတို့သည် ပို၍ပင် ဇဝေဇဝါဖြစ်သွားကြပြီး အသံတိုးတိုးဖြင့် မေးလိုက်ကြသည်။

“ဥက္ကဌကျင်း ဒီကိုရောက်လာတဲ့လူတွေက ဥက္ကဌပိုင်ရဲ့....ဇနီးဟောင်းနဲ့ ယောက္ခမဟောင်းတွေလား?”

ပိုင်ယွီအန်း၏စိတ်ဖြင့်ဆိုလျှင် ထိုစဥ်က မျက်စိကန်းနေလျှင်ပင် ဤမျှလောက် မျက်နှာပြောင်အရှက်မရှိသော မိန်းမကို လက်ထပ်ပေါင်းသင်းခဲ့လောက်မည်မဟုတ်ဟု ရှန်းကျင်မြင်မိသည်။ ပိုင်ယွီအန်းကြည့်နေသောလူများ၏ မြင်လိုက်သောအခါ ရှန်းကျင်မျက်နှာတွင် အထင်သေးဟန်များ ပေါ်ထွက်လာသည်။ ဤအရာကြောင့် ကျင်းယွင်ကျောင်းသည် ထိန်းမနိုင်သိမ်းမရရယ်တော့သည်။

“အစ်ကိုပိုင်က စီးပွားရေးလောကမှာ ကျွမ်းပေမယ့် ဒီလိုအောက်တန်းစားမျိုးတွေကိုတော့ လုံးဝမကိုင်တွယ်တတ်ဘူး၊ အစ်မကျင် သူ့ကိုသွားမကူညီပေးချင်ဘူးလား? အဲ့ထျန်းရှီသာ အစ်မကိုမြင်ရင် သေချာပေါက်လက်လျှော့သွားမှာပဲ”

ကျင်းယွင်ကျောင်းသည် အသံတိုးတိုးဖြင့် တမင်တကာစနောက်လိုက်၏။

၎င်းကိုကြားလိုက်ရသောအခါ ရှန်းကျင်မျက်နှာလေး နီမြန်းသွားတော့သည်။

“ဥက္ကဌကျင်း၊ ဒီကိစ္စကိုမေ့လိုက်တာကောင်းပါတယ် သူ့ယောက္ခမတွေက ကြည့်လိုက်တာနဲ့...စကားနဲ့ပြောလို့မရတဲ့သူတွေမှန်း သိသာတယ်၊ ဘာလို့သူတွေကြားထဲဝင်ရမှာလဲ? မတော်လို့ တစ်ခုခုဖြစ်သွားရင် ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘယ်သူ့ကိုမှအပြစ်တင်လို့ရတော့မှာမဟုတ်ဘူး”

ရှန်းကျင်ပြောလိုက်၏။ ထိုသို့ပြောလိုက်သော်လည်း ခေတ္တအကြာတွင် သူမသည် ဝိုင်ဗီရိုကြားမှ အပေါက်ကတဆင့် ဧည့်ခန်းထဲသို့ မနေနိုင်မထိုင်နိုင် ချောင်းကြည့်လိုက်သည်။

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုစေ့ကာ တိတ်တခိုးခွီလိုက်သည်။ သူတို့နှစ်ဦးသားတွင် ပေါင်းစည်းနိုင်ချေရှိသည်ဟု သူမတဖြည်းဖြည်းခံစားမိလာရ၏။

ယခင်က သူမသည် ဟော်ထျန်းရှန်းနှင့် ချီကျုံးကြားမှ ဆက်ဆံရေးကို မှားယွင်းဆုံးဖြတ်မိသော်လည်း ပိုင်ယွီအန်းနှင့် ရှန်းကျင်တို့ဆက်ဆံရေးမှာ သူမထင်သလိုဖြစ်လောက်ပေသည်။ နှစ်ဦးလုံးသည် ယခင်က အိမ်ထောင်ရှိခဲ့ဖူးသောလူများဖြစ်၏။ သူတို့သည် လက်တွဲဖော်ရွေးရာ၌ ယခင်ကထက် သတိကြီးမည့်အပြင် အိမ်ထောင်တစ်ခုအား မည်သို့ကာကွယ်စောင့်ရှောက်ရမည်ကို သိကြသည်။ အမှန်တကယ်ပင် နေနှင့်လ ရွှေနှင့်မြကဲ့သို့ လိုက်ဖက်ပေသည်။

ဤအချိန်တွင် ဦးလေးထျန်းမှ ဧည့်ခန်းထဲတွင် မတ်မတ်ထိုင်နေတော့၏။ မသိလျှင် ပိုင်ယွီအန်းနှုတ်မှ သူ့အပြစ်သူဝန်ခံမည်ကို စောင့်နေသလိုပင်။

ကျွဲပါးစောင်းတီးနေသကဲ့သို့ ပိုင်ယွီအန်းခံစားလိုက်ရသည်။

အတိတ်အကြောင်း ထပ်ခါထပ်ခါပြောပြီး သူ့အား လူဆိုးဇာတ်သွင်းနေကြ၏။ မသိလျှင် ထိုစဥ်က အမှားလုပ်ခဲ့သူမှာ သူဖြစ်နေသလိုပင်!

“ဦးလေးထျန်း ကျွန်တော်တို့ကွာရှင်းတုန်းက ကျွန်တော့်အိမ်ထဲ ဦးလေးအတင်းဝင်လာပြီး ထျန်းရှီကိုခေါ်သွားခဲ့တယ်၊ ထျန်းရှီဘဝကိုဖျက်ဆီးတဲ့လူလို့တောင် ကျွန်တော့်ကိုခေါ်ခဲ့သေးတယ်မလား ဦလေးသမီး ထျန်းရှီက သူဌေးကတော်ဖြစ်ဖို့ ဇာတာပါလာပေမယ့် ကျွန်တော်က သူ့အနာဂတ်ကို ဖျက်ဆီးခဲ့တာတဲ့လေ ဟုတ်တယ်မလား?”

ပိုင်ယွီအန်းသည် အသက်ကိုပြင်းပြင်းရှူပြီး အေးစက်ခက်ထန်သောအကြည့်ဖြင့် သူတို့သုံးဦးသားကိုဆက်ကြည့်လိုက်၏။

“ကျွန်တော်သူ့ကို သူဌေးကတော်လုပ်လို့ရအောင် လွှတ်ပေးလိုက်ပြီးပြီ၊ ဘာလို့ ကျွန်တော့်လိုမျိုး ဘာမဟုတ်တဲ့ကောင်ကိုတွေ့ဖို့ မျက်နှာအပျက်ခံပြီးလာနေကြတာလဲ?”

ဦးလေးထျန်းသည် ၎င်းကိုကြားသောအခါ မျက်နှာနီမြန်းသွားတော့သည်။

ထိုအချိန်က ပိုင်ယွီအန်းသည် မိမိကိုယ်ပိုင်ကုမ္ပဏီကို ဦးစီးနိုင်ပြီး ထိုကဲ့သို့ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌဖြစ်လာလိမ့်မည်ဟု သူမထင်ခဲ့ချေ။ ပိုင်ယွီအန်းသည် အခြားသူတစ်ဦးအတွက် ဥက္ကဌတာဝန်ကို ထမ်းဆောင်နေခြင်းသာဖြစ်သည်ဟူသော သတင်းများကို သူကြားလိုက်ရသော်လည်း တစ်ဖက်လူမှ သူ့အား ဤကုမ္ပဏီကြီးတစ်ခုအား တိုက်ရိုက်အပ်ထားသည်ဖြစ်ရာ သူ့တွင်လည်း အကျိုးအမြတ်များစွာ ရရှိနေမည်မဟုတ်လော? နှစ်ပေါင်းများစွာ ဥက္ကဌတစ်ဦးအနေဖြင့် လုပ်ခဲ့သောကြောင့် သူ့တွင် စုမိဆောင်းမိသောငွေများလည်း ရှိလိမ့်မည်။ ထို့ကြောင့်လည်း ဤသို့သောနေရာကောင်းတစ်ခုတွင် စျေးကြီးသောအိမ်တစ်အိမ်ကို ဝယ်နိုင်ခြင်းဖြစ်မည်။

ထို့အပြင် သူ၏သမီးထျန်းရှီမှာ အသက်အရွယ်လည်းကြီးမြင့်ပြီဖြစ်ကာ ယခင်ကလောက် မလှတော့ချေ။ ဖန်လီချင်းသည် သူမအား နှစ်ပေါင်းများစွာ အရူးလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် သူမအား ချူးတစ်ပြားမှ ချန်ရစ်ရန် စိတ်ကူးမရှိပါပေ။ သူ့သမီး၏လက်ရှိရုပ်ရည်ဖြင့်ဆိုလျှင် မိသားစုနောက်ခံကောင်းသည့် ယောက်ျားကောင်းတစ်ဦးရှာရန် ယေဘုယျအားဖြင့် မဖြစ်နိုင်တော့ချေ။ သို့ရာတွင် မိသားစုနောက်ခံမကောင်းသူကို ယူမိလျှင်လည်း သူသည် အတန်ငယ်စိတ်ပျက်မိဦးမည်။ စဥ်းစားကြည့်လိုက်သောအခါ ပိုင်ယွီအန်းသည် ပိုသာလွန်ကောင်းမွန်ပေသည်။

ယခင်က သူသည် လူကြီးမိဘများအပေါ်သိတတ်ပြီး ထျန်းရှီအား အလွန်အလိုလိုက်ခဲ့၏။ အရေးအကြီးဆုံးအနေဖြင့် သူသည် သူ၏ဇနီးနှင့် ဇနီး၏မိသားစုအတွက်ဆိုလျှင် မိမိ၏အချိန်နှင့်‌ငွေကြေးများကို ခွဲဝေနိုင်သောလူစားမျိုးဖြစ်သည်။

ယခုမူ သူသည် ချမ်းသာအောင်မြင်နေပြီဖြစ်ရာ သူ့အားချည်းကပ်ရန် အကောင်းဆုံးအချိန်ဖြစ်၏။ သူ့တွင်လည်း ဇနီးသည်တစ်ဦးရှာရန် အချိန်ရောက်နေလောက်ပေပြီ။

အခြားအမျိုးသမီးများမှာ သူ့ကိုနားမလည်နိုင်လောက်ချေ။ ဤအရွယ်ဖြင့် အချင်းချင်းခံစားချက်များ တည်ဆောက်ရန်လည်း ခက်ခဲပေလိမ့်မည်။ ထျန်းရှီမှာ ထိုသို့မဟုတ်ချေ။ သူမသည် သူ၏စကားများကို သေသေဝပ်ဝပ်နားထောင်သရွေ့ နှစ်ဦးသားသည် သံယောဇဥ်ကြိုးအဟောင်းကို ပြန်ဆက်နိုင်ပေသည်။ ပိုင်ယွီအန်းသည် ဤကိစ္စကို နားလည်သင့်ပေ၏။

All Chapters