← Chapters

အခန်း (၉၆၉-၉၇၂)

Vol. 49 Ch. 969-972

အခန်း (၉၆၉-၉၇၂)

Vol. 49 Ch. 969-972

Space and Rebirth 969

ထျန်းရှီသည် အမှားလုပ်ထားသော်လည်း ၎င်းကို ဦးလေးထျန်း သိပ်ဂရုမစိုက်ချေ။

ဤခေတ်ဤအခါတွင် မိန်းကလေးများစွာသည် လက်မထပ်ခင် ယောက်ျားလေးပေါင်းများစွာနှင့် ထည်လဲတွဲကြ၏။ သူတို့လင်မယားသည် အတွေးအမြင်ရှေးကျသောလူများ မဟုတ်သောကြောင့် ထိုကိစ္စအား သိပ်အာရုံစိုက်စရာမလိုပေ။

ထို့အပြင် သူ၏သမီးမှာ ပိုင်ယွီအန်းအား သူမ၏ပထမဆုံးအကြိမ်ကို အပ်နှင်းခဲ့သည်။ လမ်းတစ်ဝက်တစ်ပျက်တွင် ဖန်လီချင်းအနောက်သို့ မှားပါသွားခဲ့သည်ဆိုသော်ငြား သူမဘဝတစ်ခုလုံးတွင် ယောက်ျားနှစ်ဦးဖြင့်သာ အတူနေခဲ့ဖူး၏။ အပြင်လောကတွင် ယောက်ျားတကာနှင့် ပတ်အိပ်နေသော ရွံရှာဖွယ်အမျိုးသမီးများနှင့်ယှဥ်လျှင် သာပေသေးသည်မဟုတ်လော?

မိဘအများအနေဖြင့် မိမိတို့သားသမီးများကို ကောင်းကောင်းမွန်မွန်ဆက်ဆံရပေမည်။

“ယွီအန်း ငါတို့အားရှီက တက္ကသိုလ်တက်ကတည်းက မင်းအနောက်ပဲလိုက်ခဲ့တာ၊ သူစာကောင်းကောင်းမလုပ်နိုင်ခဲ့တာလည်း မင်းကြောင့်ပဲ၊ နောက်ပိုင်းမှာ မင်းမိသားစုကို ဂရုစိုက်ပေးချင်လို့ သူအပြင်ထွက်ပြီး အလုပ်တောင်မလုပ်ခဲ့ဘူး၊ အဲဒါရဲ့ရလဒ်အနေနဲ့ သူ့မှာ အလုပ်အတွေ့အကြုံ ဘာမှမရှိတော့ အခုသူ့ခမျာ အိမ်တစ်ဆောင် မီးတစ်ပြောင်တောင် မနေနိုင်ရှာဘူး၊ မြို့တော်ထဲမှာ အပြိုင်အဆိုင်ဘယ်လောက်များလဲဆိုတာ မင်းလည်းကောင်းကောင်းသိတာပဲ၊ သူအမှားလုပ်ခဲ့တယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမယ့် လူဆိုရင် အမှားနဲ့ဘယ်ကင်းနိုင်မလဲ? မင်းအမေကြီးနဲ့ ငါစဥ်းစားပြီးသွားပြီ၊ မင်းသာ အားရှီနဲ့ ပြန်သင့်မြတ်အောင်နေရင် သူ့ကောင်းကွက်တွေကို ပြန်တွေ့လာလိမ့်မယ်၊ စိတ်မပူပါနဲ့ မင်းစိတ်ဆင်းရဲရအောင် ငါတို့လုပ်မှာမဟုတ်ဘူး၊ သူမင်းနဲ့ပြန်လက်ထပ်ပြီးတာနဲ့ ကလေးနှစ်ယောက်ယူပြီး မင်းအဖေ၊ အမေတွေကို လုပ်ကျွေးပြုစုစေရမယ်၊ အားရှီရဲ့ အမွှာလေးတွေကတော့ ဖန်မိသားစုဝင်တွေဖြစ်နေပြီဆိုတော့ မင်းနဲ့မဆိုင်တောဘူး သူတို့ကိုမရှိသလိုပဲ သဘောထားလိုက်ပါ၊ အနာဂတ်မှာ သူသာ အမှားတစ်ခုခုလုပ်မိရင် မင်းသူ့ကိုရိုက်ချင်ရိုက် ဆူချင်ဆူ ငါတို့မမြင်ချင်ဟန်ဆောင်ပေးမယ်၊ ဘယ်လိုသဘောရလဲ?”

ဦးလေးထျန်းမှ အာပေါင်အာရင်းသန်သန်ဖြင့် စည်းရုံးလိုက်သည်။ ပိုင်ယွီအန်းရှင်းရှင်းလင်းလင်းမြင်နိုင်ရန် သူ၏နှလုံးအား ဖောက်ထုတ်ဆိုလျှင်ပင် ဖောက်ထုတ်ပေးလောက်မည်။ သို့သော် သူ၏စကားများသည် တစ်ဝက်သာစိတ်ရင်းမှန်ဖြစ်လေသည်။

အမွှာနှစ်ဦးမှာ ဖန်မိသားစု၏ကလေးများဖြစ်၏။ သူတို့၏မိခင်ဖြစ်သော ထျန်းရှီပင် သူတို့အား ပုံမှန်အားဖြင့် မတွေ့နိုင်ရာ အဘိုး၊ အဘွားများဆိုလျှင် ပြောစရာမရှိချေ။ ထို့ကြောင့် ပိုင်ယွီအန်းနှင့်မဆိုင်သောအရာဖြစ်သည်မှာ မထူးဆန်းသောအရာဖြစ်၏။

သူ့အပေါ် သစ္စာရှိခြင်းမှာလည်း စိတ်ရင်းမှန်ဖြစ်သည်။ ယနေ့တွင် ဖန်လီချင်းသည် ထျန်းရှီအား ပိုင်ယွီအန်း၏လိပ်စာကို ပေးခဲ့သည်။ သူမမိသားစုမှ ဤနေရာသို့လာပြီး ပြသာနာရှာစေရန် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်။ သို့ရာတွင် သေချာစဥ်းစားကြည့်လိုက်ပြီးနောက် ဖန်လီချင်းများ၏စကားသည် သိပ်မယုံကြည်ရဟု ထျန်းလင်မယားခံစားမိလိုက်သည်။ ယခင်ကလည်း ဖန်လီချင်းသည် ထျန်းရှီအား လိမ်ခဲ့ဖူးသည်မဟုတ်လော။ ထို့ကြောင့် ထျန်းမိသားစုသည် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့သည် လုပ်လက်စဖြင့် ဖန်လီချင်းနှင့် အဆက်အသွယ်ဖြတ်ပြီး အနာဂတ်တွင် ပိုင်ယွီအန်းကိုသာ အာရုံစိုက်တော့ပေမည်။

ထျန်းရှီ၏ဖခင်ဖြစ်သူ စကားပြောပြီးနောက် ပိုင်ယွီအန်းသည် ဒေါသကြောင့် ရှူးရှူးရှဲရှဲဖြစ်နေလေပြီ။

“မဖြစ်ဘူး!”

ထိုအခိုက်အတန့်တွင် အခန်းထဲမှ အမျိုးသမီးတစ်ဦးအသံသည် ရုတ်ချည်းဆန်စွာ ပေါ်ထွက်လာသည်။

ထျန်းမိသားစုဝင်သုံးဦးသည် ချက်ချင်းလှည့်ကြည့်လိုက်သောအခါ ထမင်းစားခန်းမှ အမျိုးသမီးတစ်ဦးထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးသည် အလွန်တရာလှပပြီး ထျန်းရှီထက် အသက်များစွာငယ်၏။ သူမကိုယ်လုံးကိုယ်ပေါက်မှာ လှပနေပြီး ကလေးတစ်ခါမှ မမွေးဖူးသည်မှာ သိသာနေသည်။ အဝတ်အစားကိုလည်း သေသပ်ကြော့ရှင်းစွာ ဝတ်စားဆင်ယင်ထားသည်။ သူမစကားပြောပြီးသည်နှင့် ပိုင်ယွီအန်းဆီသို့ တည့်တည့်မတ်မတ်လျှောက်သွားကာ သူ၏လက်မောင်းကိုဆုပ်ကိုင်လိုက်၏။

“ရှင်ကဘယ်သူလဲ?”

ထျန်းရှီ နှလုံးခုန်သံမှားလုမတတ်ဖြစ်သွားသည်။ ဤကိစ္စနှင့်ပတ်သတ်၍ သူမခံစားချက်သိပ်မကောင်းပေ။

သူမရှေ့မှောက်ရှိ အမျိုးသမီးမှာ မိမိအိမ်တွင်ရှိနေသည့်အတိုင်း အိမ်တွင်းစီးဖိနပ်ကို ဝတ်ဆင်ထားပြီး အလွန်ပေါ့ပါးလွတ်လပ်သည့်ပုံပေါက်နေသည်...

အစက သူမသည် ယခင်တစ်ခေါက်က တွေ့ခဲ့သော မိန်းကလေးဖြစ်နေလိမ့်မည်ဟု ထင်ခဲ့သော်လည်း နောက်အမျိုးသမီးတစ်ဦးဖြစ်နေလေသည်။ ယခင်က မိန်းကလေးသာဆိုလျှင် သူမတွင် အနိုင်ရနိုင်ချေမြင့်မားပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော မိန်းကလေးမျိုးသည် ဆွဲဆောင်မှုအသစ်ရှိရာသို့ လိုက်တတ်သောမိန်းကလေးမျိုးဖြစ်သောကြောင့်ဖြစ်သည်။ ပိုင်ယွီအန်းသည် ထိုမိန်းကလေးမျိုးအပေါ် ပိုက်ဆံသုံးနိုင်သော်လည်း သူမအား ဘယ်သောအခါမှ လက်မထပ်နိုင်ချေ။ သို့သော် ယခုတွင် ဤအမျိုးသမီးဖြစ်သူမှ ရုတ်တရတ်ပေါ်လာသောကြောင့် သူမ မရေရာမသေချာဖြစ်သွားသည်...

သူတို့နှစ်ဦးမှာ.....လိုက်ဖက်သည့်ပုံပေါ်နေသည့်မဟုတ်လော။

“မင်္ဂလာပါ ကျွန်မနာမည်က ရှန်းကျင်လို့ခေါ်ပါတယ် အစ်ကိုပိုင်ရဲ့ကောင်မလေးပါ”

ရှန်းကျင်၏နှုတ်ခမ်းစွန်းများ ကွေးတက်သွားသည်။ သူမပုံစံမှာ သဘောထားကြီးပြီး စိတ်ထားမြင့်မြတ်မည့်ပုံပေါ်သော်လည်း သူမ၏အရှိန်အဝါသည် တစ်ဖက်သားအား ချိုးနှိမ်နိုင်လောက်သော အင်အားမျိုးရှိ၏။

ရှန်းကျင်သည် သူဌေးသမီးတစ်ဦးဖြစ်ခဲ့ဖူးသည်။ သူမသည် အိမ်ထောင်ပြုပြီးနောက် ဇာတ်နိမ့်သွားခဲ့သော်လည်း အထက်တန်းလွှာသွေးများသည် သူမသွေးကြောတစ်လျှောက်စီးဆင်းနေဆဲဖြစ်၏။ ထို့အပြင် သူမသည် လွန်ခဲ့သောသုံးနှစ်အတွင်း ကျင်းယွင်ကျောင်းအတွက် အလုပ်လုပ်ပေးခဲ့သည့်တစ်လျှောက် လူပေါင်းစုံနှင့် တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် သူမ၏အရှိန်အဝါသည် စိတ်ဓာတ်သန်မာသောအမျိုးသမီးတစ်ဦး၏ သြဇာအာဏာအပြည့်ကို လှစ်ဟာပြနေတော့၏။

“ကောင်-ကောင်မလေး?”

ထျန်းရှီ၏မျက်နှာထားပြောင်းလဲသွားသည်။ ထျန်းလင်မယားနှစ်ဦးသည် ရှန်းကျင်နှင့် ပိုင်ယွီအန်းကိုကြည့်ရင်း ပို၍ပင်ဂနာမငြိမ်ဖြစ်သွားတော့၏။

Space and Rebirth 970

ရှန်းကျင်နှင့် ပိုင်ယွီအန်းသည် လုပ်ဖော်ကိုင်ဖက်များဖြစ်သဖြင့် ထိတွေ့ဆက်ဆံရသောအချိန်များစွာ ရှိခဲ့သည်။ ထိုသို့အချိန်များကြာမြင့်ပြီးနောက် သူတို့နှစ်ဦးကြားတွင် စကားမပြောရဘဲ အကြည့်တစ်ချက်ဖြင့်ပင် အချင်းချင်းနားလည်နိုင်ကြပေပြီ။ သူမပေါ်ထွက်လာသည်ကို မြင်လိုက်သည်နှင့် ပိုင်ယွီအန်းသည် စိတ်ထဲတွင် သက်မကြီးကို ချလိုက်မိတော့သည်။

အမျိုးသမီးတစ်ဦးအား နောက်အမျိုးသမီးတစ်ဦးက ကိုင်တွယ်ဖြေရှင်းမှသာ သင့်တော်ပေလိမ့်မည်။

ရှန်းကျင်သည် ခပ်ဟဟပြုံးလိုက်သော်လည်း သူမအကြည့်တွင် ခြိမ်းခြောက်ဟန်များရှိနေ၏။

“အစ်ကိုပိုင်က အစ်မအကြောင်းကို အရင်ကပြောဖူးပါတယ်၊ ဒီနေ့အစ်မကိုတွေ့ရတာ တကယ်ကံကောင်းတာပဲ၊ အစ်မထျန်းက ညီမထင်ထားသလိုပဲ ထူးခြားတယ်”

ထျန်းရှီ၏ မေးများတုန်ယင်သွားသည်။

အစ်မထျန်း? သူမသည် ထိုမျှလောက် အိုစာနေပြီလော?

“သူကအစ်မအကြောင်းပြောတယ်?”

ထျန်းရှီသည် တိတ်တခိုးအံကြိတ်ကာ မျက်နှာမပျက်အောင် တတ်နိုင်သမျှကြိုးစားလိုက်သည်။

“ယွီအန်းနဲ့အစ်မက နှစ်တော်တော်ကြာကြာ လင်မယားတွေဖြစ်ခဲ့တာ၊ တစ်ယောက်အတွက် တစ်ယောက်ကလည်း အချစ်ဦးပဲ၊ အဲဒါတောင် ညီမလေးဘယ်လိုမှ မခံစားရဘူးလား?”

ထျန်းရှီသည် ဤအမျိုးသမီး၏နာမည်အား အင်တာနက်ပေါ်တွင် ဖတ်ခဲ့ဖူး၏။ ရှန်းကျင်သည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ဒုဥက္ကဌဟု ပြောကြသည်။ သို့သော် သူမအမြင်အရဆိုလျှင် ရှန်းကျင်သည် အတွင်းရေးမှူးတစ်ဦးနှင့်မခြားပေ။ ဤကဲ့သို့သောအမျိုးသမီးသည် သူမအရည်အချင်းဖြင့် ဤရာထူးသို့ တက်လာနိုင်ခဲ့လိမ့်မည်မဟုတ်ချေ။ ဤမိန်းမသည် လူနောက်ကွယ်တွင် မည်သို့သောလှည့်ကွက်မျိုးများအားသုံးပြီး အပေါ်တက်လာသည်ကို မည်သူသိနိုင်မည်နည်း?

“ဘာခံစားစရာရှိမှာလဲ? ငယ်တုန်းရွယ်တုန်းမှာ ဘယ်သူမဆို မဟုတ်တဲ့လူတွေနဲ့ တွဲမိနိုင်တာပဲမဟုတ်ဘူးလား? ကိုယ့်အတွက် မကောင်းတဲ့သူကို တွေ့ဖူးမှ ကိုယ့်အတွက်ကောင်းတဲ့သူကို ရှာတတ်မှာပေါ့ အစ်မထျန်း စိတ်မဆိုးနဲ့နော်၊ အစ်မအကြောင်းပြောနေတာမဟုတ်ဘူး ဒီတိုင်း ဥပမာပြတာ”

ရှန်းကျင်သည် အပြုံးတစ်ပွင့်ဖြင့် သူမဆံပင်ကို သပ်ခါလိုက်၏။

“အစ်ကိုပိုင်ကလေ ဘက်ပေါင်းစုံတော်တယ် အထူးသဖြင့် လူမှုဆက်ဆံရေးမှာပေါ့၊ အပြစ်ပြောစရာတစ်ကွက်မှမရှိဘူး ဒါကြောင့်မို့ တစ်ခါတစ်လေ သူဘယ်အချိန်မှာ ဒေါသထွက်နေလဲဆိုတာတောင် ပြောရခက်တယ်၊ ကျွန်မသူနဲ့အလုပ်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် နေ့နေ့ညညအတူရှိနေရတာဆိုတော့ ဒီအပိုင်းမှာ ကျွန်မသူ့ကိုကောင်းကောင်းသိတယ်၊ ဒါကြောင့်မို့ သူ့ကိုပြောစရာရှိတယ်ဆိုရင် ကျွန်မကိုပဲပြောလိုက်ပါ၊ အစ်ကိုပိုင်နဲ့ကျွန်မက အချင်းချင်းကောင်းကောင်းနားလည်ထားတော့ ကျွန်မကိုပြောတာက သူ့ကိုပြောသလိုပါပဲ”

ထမင်းစားခန်းထဲတွင် ၎င်းကိုကြားလိုက်သော ကျင်းယွင်ကျောင်းသည် အာမေဋိတ်သံမပြုမိဘဲမနေတော့ချေ။

အမျိုးသမီးတစ်ဦးမှ မိမိလူကို ကာကွယ်နေသောအချိန်တွင် ကြောက်စရာအကောင်းဆုံးဆိုသည်မှာ မှန်ပေသည်။ ရန်စကားမျိုးစုံကို သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်သည်မဟုတ်လော။

သူမနံဘေးတွင်ရှိသော ကျင်းဖန်သည်လည်း အံ့သြသွား၏။ အစ်မရှန်းကျင်သည် ထိုသို့သောစကားမျိုးကို ပြောနိုင်လိမ့်မည်ဟု သူမမထင်ထားခဲ့ချေ။

သူမသည် နေ့စဥ်ဘဝတွင် အလွန်ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်ပြီး အရည်အချင်းရှိသောလူဖြစ်၏။ အခြားသူများအား ထိုမျှလောက် ပစ်မှတ်ထား မပြောဆိုခဲ့ဖူးချေ။

ထျန်းရှီသည် ၎င်းကိုကြားသောအခါ မျက်လုံးများနီမြန်းလာတော့သည်။

အန်တီထျန်းသည် သူမသမီးဖြစ်သူမှ အရေးနိမ့်နေကြောင်း မြင်လိုက်သောအခါ ချက်ချင်းဆိုသလို သုန်မှုန်သွားပြီး ပြောလိုက်၏။

“သမီးလေး အန်တီတို့ အားရှီနဲ့ ယွီအန်းက လင်မယားတွေဖြစ်ခဲ့တာ နှစ်တွေအများကြီးရှိပြီ၊ အချင်းချင်းလည်း ကောင်းကောင်းနားလည်ထားကြတယ်၊ အရင်တုန်းက သူတို့ဆက်ဆံရေးက အခုသမီးတို့ဆက်ဆံရေးလောက်မကောင်းနိုင်ဘူး၊ ယွီအန်းက အန်တီတို့အားရှီကို အလိုလိုက်ပြီး ဘယ်တော့မှ အလုပ်မခိုင်းခဲ့ဘူး သူ့အမျိုးသမီးက လူတွေရှေ့မှာ မျက်နှာငယ်ရမှာစိုးလို့တဲ့လေ၊ အဲ့တော့ သမီးက သူ့ကောင်မ‌လေးလို့ပြောတော့ အန်တီမယုံနိုင်ဘူး...”

“အန်တီက အသက်ကြီးနေပြီဆိုတော့ မှတ်ဉာဏ်တွေသိပ်မကောင်းတော့ဘူးထင်တယ်၊ အမျိုးသမီးတစ်ယောက်က လူရှေ့သူရှေ့မှာ အလုပ်လုပ်ရတာ ရှက်ဖို့ကောင်းတယ်ဆိုရင် တခြားယောက်ျားနဲ့အိပ်တာကရော ပိုရှက်ဖို့ကောင်းတယ်မထင်ဘူးလား? ဟုတ်သားပဲ အန်တီ့သမီးက တခြားယောက်ျားအတွက် အမွှာကလေးနှစ်ယောက်တောင် မွေးပေးခဲ့တယ်လို့ အစ်ကိုပိုင်ဆီကကြားဖူးတယ်၊ ဟူး ဒီလိုလုပ်ရပ်မျိုးက ရှေးခေတ်တုန်းကဆိုရင် ရေကန်ထဲနှစ်သတ်ပြီး အပြစ်ပေးကြတာလေ ဟုတ်တယ်မလား? ရေကန်ထဲနှစ်သတ်ရုံတင်မလုံလောက်သေးပါဘူး ဒီလိုအပြစ်သားမျိုးကို သစ်သားမြည်းရုပ်ပေါ်မှာ တင်ပြီး ရပ်ကွက်တစ်ပတ်လှည့်ပြခိုင်းသင့်တယ်မထင်ဘူးလား?”

ရှန်းကျင် အပြုံးဖျဖျပြုံးလိုက်၏။ သူမသည် စကားတစ်လုံးချင်းစီတိုင်းကို ဖြည်းဖြည်းချင်းအားယူပြောလိုက်သော်လည်း စကားလုံးတိုင်းသည် လှိုက်လှိုက်လှဲလှဲရှိလှသည်။

အန်တီထျန်းသည် ဒေါသထွက်လွန်းသဖြင့် မူးဝေနေလေပြီ။

ယခင်က သူမသမီးသည် အခြားယောက်ျားတစ်ဦးနောက် လိုက်သွားခဲ့ဖူး၏။ သူမဂုဏ်သတင်းသည် မကောင်းတော့သဖြင့် သူမနှင့် သူတို့၏သမက်မှာ လွန်ခဲ့သောအချိန်ကြာမြင့်စွာကတည်းကပင် ကွာရှင်းနှင့်ပြီး မိဘများစိတ်ပူမည်ကို ကြောက်၍သာ လျှို့ဝှက်ထားကြောင်း အခြားလူများကို သူတို့လင်မယားပြောခဲ့သည်။ ထို့ကြောင့် အပြင်လူများ၏အမြင်တွင် သူတို့သမီးသည် မည်သည့်အမှားမှ မလုပ်ထားချေ။

ထို့အပြင် ပိုင်ယွီအန်းသည် ကွာရှင်းပြီးမကြာခင်တွင်ပင် ထွက်သွားသောကြောင့် ဖြူသည် မည်းသည်ကို သူတို့ကသာ ဆုံးဖြတ်လိုက်တော့သည်။

“မိန်းကလေးရှန်း! ရှင်ကအရမ်းယုံကြည်ချက်ပြည့်နေတဲ့ပုံပါလား? ဒါပေမယ့် ရှင့်ကိုသတင်းဆိုးပြောပြလိုက်ဦးမယ်! လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကျွန်မနဲ့ယွီအန်း ရတနာဆိုင်တစ်ဆိုင်မှာ တွေ့တဲ့အချိန်မှာ တခြားမိန်းကလေးတစ်ယောက်က သူ့ဘေးမှာရပ်နေခဲ့တယ်၊ အဲ့မိန်းကလေးက ရှင့်ထက်ပိုလှ၊ ပိုငယ်ပြီး ပိုကြော့မော့တယ်၊ ယွီအန်းဝယ်ပေးထားတဲ့လက်ကောက်ကိုတောင် သူ့လက်ပေါ်မှာ ဝတ်ထားသေးတယ် သူကယွီအန်းပိုက်ဆံကိုသုံးနေတယ်ဆိုတဲ့သဘောပဲ၊ ရှင်ကတော့ ရှင့်ကိုယ်ရှင် သူ့ကောင်မလေးလို့ပြောနေတယ်ဆိုရင် အဲ့မိန်းကလေးကရော ဘယ်သူလဲ? ရှင့်ဘာသာရှင် တစ်ယောက်တည်း အတွေးလွန်နေတာတော့ မဟုတ်ပါဘူးနော်?”

Space and Rebirth 971

ထျန်းရှီသည် ရှန်းကျင်အား စူးရဲစွာကြည့်ပြီး သူမမျက်လုံးထဲ၌ မယုံသင်္ကာဖြစ်ဟန်များ၊ တွေဝေသွားဟန်များ အစအနရှာဖွေလိုက်သေးသည်။ သို့ရာတွင် ထိုသို့သောအရိပ်အယောင်များ စိုးစဥ်းမျှမရှိချေ။

ထိုတင်မက ထျန်းရှီ၏စကားကိုကြားပြီနောက် ရှန်းကျင်သည်မျက်ခုံးကိုပင့်ပြီး သူမ၏သွယ်လျသောလက်ချောင်းများဖြင့် ပိုင်ယွီအန်း၏ခါးကိုဖက်လိုက်၏။

“ဒီလူသာ အဲ့လိုမျိုးလုပ်တတ်တဲ့လူဆိုရင် အစကတည်းက ကျွန်မဘယ်သဘောကျမိမလဲ”

“အမှန်တွေလို့!”

ထျန်းရှီသည် ဂနာမငြိမ်ဖြစ်စွာဖြင့် မေးလိုက်သည်။ သို့ရာတွင် သူမသည် ထိုစကားကိုပြောပြီးပြီးချင်း သူမရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိနှင့်လေပြီ။

သူမရှေ့မှောက်ရှိ အမျိုးသမီး၏လက်အောက်၌ သူမအရေးနိမ့်သွားပြီဖြစ်၏။

ရှန်းကျင်မှာ ပြာပြာသလဲဖြစ်နေပြီး စကားစရှာမရဖြစ်နေသော သူမနှင့် မတူညီစွာဖြင့် တည်ငြိမ်အေးဆေးနေ၏။ သူမ၏စိတ်ထဲတွင်မူ ပိုင်ယွီအန်းသည် သူမတစ်ဦးတည်း၏အပိုင်သာဖြစ်နိုင်သည်။ သူမသည် ယခင်က ပိုင်ယွီအန်းအား ထိုမိန်းကလေးနှင့်အတူတွေ့လိုက်သော်လည်း ထိုမိန်းကလေးသည် ပိုင်ယွီအန်းနှင့် သိပ်ရင်းနှီးပုံမရသည့်အပြင် သူတို့အချင်းချင်းစကားပြောပုံမှာလည်း ထူးဆန်းနေသေး၏။ ထို့အပြင် ထိုအချိန်က ဖန်လီချင်းလည်းရှိနေသောကြောင့် သူမသိပ်မခံစားခဲ့ရချေ။ သို့ရာတွင် ယခုမူ အခြေအနေပြောင်းလဲသွားလေပြီ။

သူမသည် ပိုင်ယွီအန်းနှင့်အတူ ပြန်လည်သင့်မြတ်လိုသောကြောင့် ရိုကျိုးနှိမ့်ချသောစိတ်ဖြင့် သူ၏အိမ်ထဲသို့ ခေါင်းငုံ့ဝင်လာခဲ့ခြင်းဖြစ်၏။ သို့သော် သူ၏ရည်းစားဆိုသူက ပေါ်လာချေပြီ။

“ကျွန်မအကြောင်းပြောနေတာလား?”

ကျင်းယွင်ကျောင်း အနောက်မှလိုက်ထွက်လာ၏။

“အစ်မကျင် ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အတူတွဲလမ်းလျှောက်နေတာနဲ့ ရည်းစားဆက်ဆံရေးလို့ မြင်နေတဲ့လူက ‌တော်တော်စိတ်မသန့်တဲ့လူပဲဖြစ်ရမယ် ဟုတ်တယ်မလား?”

ထျန်းရှီသည် ချက်ချင်းဆိုသလို မိမိ၏မိတ်ဆွေများအားလုံး ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားရသော်လည်း လက်မလျှော့လိုသေးပေ။

“နင်...နင့်လက်ကောက်ကို သူဝယ်ပေးထားတာလေ၊ သူဝယ်ပေးတာမဟုတ်ရင် ဘယ်လိုလုပ်...”

“အစ်ကိုပိုင်က ကျွန်မကို လက်ကောက်ဝယ်ပေးတာကို ရှင်က ဘယ်မျက်လုံးနဲ့များ မြင်လိုက်တာလဲ? အဲ့အချိန်တုန်းက သူက ရှင့်ကိုထောင်ချောက်ဆင်နေရုံပဲ အဲဒါတောင်မရိပ်မိဘူးဆိုတော့ တော်တော်ဦးနှောက်မရှိဘူးပြောရမယ်”

ကျင်းယွင်ကျောင်းသည် ဉာဏ်တိမ်သူတစ်ဦးကို ကြည့်နေသကဲ့သို့ သူမအား ကြည့်လိုက်သည်။ သူမသည် ထပ်မံ၍ ထျန်းရှီကို အညှာအတာကင်းမဲ့စွာ ရန်စလိုက်ပြန်၏။

ထျန်းရှီ သေချာစဥ်းစားကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းပြောနေသလိုပင်ဖြစ်သည်။ ဤမိန်းကလေးသည် ကျောက်စိမ်းအား ဝယ်ယူချင်သောဆန္ဒရှိခဲ့သော်လည်း အဆုံးတွင် ဖန်လီချင်းကသာ ဝယ်သွားခဲ့ရသည်။ သူမလက်ပေါ်ရှိခရမ်းဆွဲကျောက်စိမ်းမှာမူ ဟော်ရတနာဆိုင်ကဖြစ်သော်ငြား ဝယ်ပေးသောသူမှာ ပိုင်ယွီအန်း ဟုတ်မဟုတ် မသိရချေ။

သူမသည် ပိုင်ယွီအန်းနှင့်အတူ ပြန်လည်ပေါင်းစည်းရန် ရင်ခုန်စိတ်လှုပ်ရှားစွာ လာရောက်ခဲ့သော်လည်း အဆုံးတွင် အရှက်သာအခွဲခံခဲ့ရသည်။ မည်သို့လုပ်ရမည်နည်း?

“ပိုင်ယွီအန်း မင်းရက်စက်လိုက်တာ၊ အားရှီက မင်းအတွက် ဘာလုပ်ပေးခဲ့တယ်ဆိုတာ မင်းသိလား?! အဲ့တုန်းက ထျန်းရှီသာ မင်းအတွက် မပြောပေးခဲ့ရင် မင်းလည်း မြို့တော်ထဲကနေထွက်ရရုံနဲ့ ပြီးမှာမဟုတ်ဘူး၊ ပြီးတော့ မင်းကိုရှာဖို့အတွက်နဲ့ သူ့အိမ်ကိုလည်း ဖန်လီချင်းသိမ်းတာခံလိုက်ရတယ်! အနာဂတ်မှာ သူနေစရာအိမ်မရှိတော့ဘူး ဒီကိစ္စကိုမင်းတာဝန်ယူပေးမှဖြစ်မယ်!”

ဦးလေးထျန်းသည် အပျော့ဆွဲဖြင့် ဆွဲ၍မရသောကြောင့် စတင်ပွဲကြမ်းတော့သည်။

ဖန်လီချင်းသည် အမှန်တကယ်ပင် ထျန်းရှီ၏အိမ်ကို ပြန်ယူလိုက်ချေပြီ။ သူမသာ ပိုင်ယွီအန်းအား စိတ်အနှောင့်အယှက်မပေးနိုင်သည့်အပြင် ပိုင်ယွီအန်း၏အားနည်းချက်ကိုပါ မဆုပ်ကိုင်နိုင်ပါက ထိုအိမ်လည်း စုံးစုံးမြုပ်ချေပေမည်။

အဓိကအကြောင်းရင်းမှာ ကွဲသွားသောကျောက်စိမ်းတုံးကြောင့်ဖြစ်၏။

ဖန်လီချင်းမှာ အလွန်တရာမှပင် ကပ်စေးနည်းလှသည်။ မိမိအား အချိန်မ‌ရွေး သစ္စာဖောက်နိုင်သည့်အမျိုးသမီးတစ်ဦးအား ကျွေးမွေးရန်အတွက် ငွေကုန်ကြေးကျမခံလိုပါပေ။ ထို့အပြင် ထျန်းရှီသည် လူများစွာရှေ့၌ ကျောက်စိမ်းကိုခွဲခဲ့ပြီး သူမျက်နှာပျက်အောင်လုပ်ခဲ့၏။ အိမ်ဆုံးရုံမက ထျန်းမိသားစုသည် အနာဂတ်တွင်လည်း ကောင်းကောင်းနေရလိမ့်မည်မဟုတ်ပေ။

“သူများနဲ့သွားဖောက်ပြန်တဲ့ ကိုယ့်သမီးကို တခြားတစ်ယောက်လက်ထဲ အတင်းလာထိုးထည့်နေတာမြင်ရတာ ပထမဆုံးပဲ၊ တာဝန်ယူဖို့ လူရှာနေတာဆိုရင် ဖန်လီချင်းကိုသာသွားရှာလိုက်ကြ! ရှင်တို့သုံးယောက်က ဥက္ကဌဖန်ကိုတော့ ရန်စလို့မရမှန်းသိပေမယ့် ကျွန်မတို့ စီအီးအိုပိုင်ကိုတော့ ရန်စလို့ရတယ်ထင်နေတယ်ပေါ့? ရှင်တို့ကိုသတိပေးလိုက်ဦးမယ် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက ဒီအနေအထားကိုရောက်ဖို့ဆိုတာ တရားဝင်ဖြစ်ဖြစ် တရားမဝင်ဖြစ်ဖြစ် လာဘ်ထိုးသင့်တဲ့သူကို လာဘ်ထိုးရတယ်၊ ရှင်တို့မတော်တဆတစ်ခုခုဖြစ်မှာကို မကြောက်ဘူးဆိုရင် နေ့တိုင်းသာလာလိုက်ကြ အဆင်သင့်ကြိုဆိုပေးမယ်”

ရှန်းကျင် ခပ်ဟဟပြုံးလိုက်သော်လည်း ထိုအပြုံးတွင် ခြိမ်းခြောက်ရိပ်များဖြင့် ပြည့်နှက်နေ၏။

ဦးလေးထျန်းသည် ၎င်းကိုကြားလိုက်သောအခါ နှလုံးခုန်မှားလုမတတ်ဖြစ်သွားသည်။ သူမေ့သွားခဲ့လေသည်။

သူသည် ပိုင်ယွီအန်းအား ယခင်ကကဲ့သို့ သူ့အရှေ့တွင် လိမ္မာယဥ်ကျေးပြီး လေးစားသမှုရှိသော သမက်ဟောင်းတစ်ဦးအဖြစ်သာ မှတ်မိနေခဲ့၏။ သို့ရာတွင် သူသည် ယခုတွင် ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်နေလေပြီ။ ပိုင်ယွီအန်းသာ တစ်ခုခုလုပ်ချင်လျှင် လူအားဖြစ်စေ ငွေအားဖြစ်စေ ချို့တဲ့နေခြင်းမရှိတော့ပါပေ။

Space and Rebirth 972

ထျန်းရှီနှလုံးတုန်သွား၏။

“ယွီအန်းက အဲ့လိုလုပ်မှာမဟုတ်ဘူး၊ ယွီအန်း ရှင်တကယ်ပဲ....ကျွန်မကို သေစေချင်နေတာလား?”

“အားကျင်ရဲ့သဘောက ငါ့သဘောပဲ၊ ငါကမြို့တော်ထဲကိုရောက်တာ မကြာသေးဘူးဆိုပေမယ့် ငွေရှိရင်အရာရာဖြစ်နိုင်တယ်မှတ်လား၊ မှောင်ခိုစျေးမှာ လူမိုက်ငှားဖို့ဆိုရင် တစ်သန်း-နှစ်သန်းမပြောနဲ့ သိန်းချီပေးတာနဲ့ ရတယ်၊ ထျန်းရှီ မင်းဒီမျက်နှာကို အကောင်းအတိုင်းရှိစေချင်သေးတယ်မှတ်လား ခြေတွေလက်တွေလည်း မကျိုးချင်ဘူးမှတ်လား၊ မင်းကလေးကိုလည်း အသက်ရှိစေချင်ဦးမှာပဲလေ ဟုတ်တယ်နော်?”

ပိုင်ယွီအန်းသည် ဤအခြေအနေအား အခွင့်ကောင်းယူကာ သူမအား ခြိမ်းခြောက်လိုက်သည်။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် နာမည်တစ်ခုရလိုလျှင် ဒုစရိုက်လောကနှင့် ကင်းရှင်း၍မရပေ။ သို့ရာတွင် ဤခေတ်အခါ၌ ဒုစရိုက်လောကမှာလည်း သန့်ရှင်းလှသော သိုးသားရေနှင့် ခြုံလွှမ်းထား၏။ မိမိတွင် ငွေကြေးအာဏာရှိသရွေ့ မိမိကိုယ်ပိုင် လူမိုက်များကို မွေးနိုင်ချေပြီ။

ပိုင်ယွီအန်း၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေ၏။ ထျန်းရှီနှလုံး ဒုတ်ခနဲမြည်သွားပြီး နောက်သို့ခြေနှစ်လှမ်းဆုတ်မိလိုက်သည်။

မတွေ့ရသည်မှာ သုံးနှစ်ကြာပြီးနောက် သူမရှေ့မှောက်ရှိ အမျိုးသားသည် ယခင်ကကဲ့သို့ သူမထိန်းချုပ်ချင်သလို ထိန်းချုပ်၍ရသော လူမဟုတ်တော့ပေ။

ရုတ်ချည်းဆိုသလို သူမတစ်ကိုယ်လုံးချိနဲ့သွားတော့၏။

အချစ်ဖြစ်စေ သတ္တိဖြစ်စေ အားလုံးကွယ်ပျောက်ပျက်ဆီးသွားချေပြီ။

ပိုင်ယွီအန်းကဲ့သို့ ယောက်ျားတစ်ဦးသည် ကွာရှင်းပြီးလျှင်ပင် သူမအား ဂရုစိုက်နေသေးဦးမည်ဟု သူမထင်ခဲ့၏။ သူတို့၏အလွန်ကြာမြင့်စွာ ခင်တွယ်ခဲ့သော သံယောဇဥ်ကြိုးကြောင့် သူမဘက်မှ အမှားဝန်ခံသရွေ့ ပိုင်ယွီအန်းသည်လည်း သူမအား ပြန်လက်ခံလာလိမ့်မည်ဟု ထင်ခဲ့သည်...

သူမနှလုံးသားမွန်းကြပ်လွန်း၍ ပေါက်ကွဲလုမတတ်ဖြစ်နေလေပြီ။ ထျန်းရှီသည် ထိုအခန်းမှ သူမမည်သို့ထွက်ခဲ့သည်ကိုပင် မသိတော့ချေ။ သူမလက်များ‌ လေးလံသွားသည်ကိုသာ မှတ်မိတော့၏။ ရှန်းကျင်သည် အပြုံးတစ်ပွင့်ဖြင့် ထျန်းရှီယူဆောင်လာသောပစ္စည်းများအား သူမလက်ထဲသို့ ပြန်ထိုးထည့်ပေးလိုက်သည်။

“ကျွန်မတို့အိမ်ထဲမှာ ညစ်ပတ်တဲ့အရာတွေမထားဘူး၊ ပြီးတော့ ခဏနေကျရင် ကျွန်မ လုံခြုံရေးအစောင့်တွေကိုပြောထားမယ်၊ ရှင်တို့သုံးယောက် နောက်တစ်ခါ မပြောမဆိုနဲ့ဝင်လာတာနဲ့ ဒီတစ်ခေါက်လို ရိုးရိုးရှင်းရှင်းပြီးသွားမှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် သူမသည် တံခါးအား ဂျိန်းခနဲပိတ်ချလိုက်၏။ တံခါးသည် ထျန်းမိသားစုဝင်သုံးဦး၏ နှာခေါင်းကိုပင် ထိသွားသည်။ တံခါးအပြင်ဘက်တွင် သူတို့သုံးဦးသည် သွေးဆုပ်သောမျက်နှာများဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။

အိမ်ထဲတွင်မူ ရှန်းကျင်သည် အနောက်သို့လှည့်လိုက်သည်နှင့် ချက်ချင်းဆိုသလို မျက်နှာနီတွတ်သွားတော့သည်။

“အစ်မကျင် အစ်မယောက်ျား အစ်ကိုပိုင်က အစ်မကိုရှာနေပြီ”

ကျင်းယွင်ကျောင်းစလိုက်၏။ ရှန်းကျင်သည် ပို၍ပင်ရှက်သွားတော့သည်။

အစောပိုင်းကမူ သူမသည် ပိုင်ယွီအန်းရှေ့၌ ထိုသုံးဦးသား ပြောချင်ရာပြောနေသည်ကို သည်းမခံနိုင်ခဲ့ပေ။ ထို့အပြင် ထျန်းရှီမှာ ဇနီးဟောင်းဖြစ်တိုင်း ပို၍မြင့်မြတ်သည့်ပုံစံ ဟန်ဆောင်နေခဲ့သည်ကို သူမရွံရှာမိလေသည်။ ထို့ကြောင့်လည်း သူမမပေါ်လာဘဲ မနေနိုင်ခဲ့ခြင်းဖြစ်၏။ ပိုင်ယွီအန်းသည် ထိုအမျိုးသမီးအပေါ် မည်သည့်ခံစားချက်မှမရှိတော့ကြောင့် သက်သေပြလိုခြင်းဖြစ်သည်။ ထိုမှသာ ထိုမိန်းမသည် အနာဂတ်တွင် သူမကိုယ်သူမ အထင်ကြီးနေတော့မည်မဟုတ်ပေ။

“ရှန်းကျင် ခုနက မင်း...”

ပိုင်ယွီအန်းသည် ခေတ္တမျှရပ်တန့်သွားပြီး သူ၏စကားလုံးများကိုစီကာ ‌ပြောလိုက်၏။

“ငါ့မိသားစုမှာ...အမျိုးသမီးအိမ်ထောင်ဦးစီးတစ်ယောက် လိုနေတယ်၊ အားကျင် မင်းမရှိရင် ငါ့ဘဝထဲက အခက်အခဲတွေကို ဖြေရှင်းနိုင်တော့မှာမဟုတ်ဘူး အခုချိန်ကစပြီး မင်း ငါ့အိမ်ထောင်ကိုဦးစီးပေးမယ့် အမျိုးသမီးဖြစ်ပေးနိုင်မလား?”

နောက်ဆုံးတွင် သူပြောလိုက်တော့၏။ ပိုင်ယွီအန်းပုံစံမှာ ဟန်ဆောင်နေခြင်းမရှိပေ။

သူတို့နှစ်ဦးသားသည် အချင်းချင်းစိတ်ဝင်စားနေကြသည်မှာ ကြာပြီဖြစ်သော်လည်း ရှင်းရှင်းလင်းလင်းမဖွင့်ပြောခဲ့ရသေးပေ။ ယခုမူ အရာအားလုံးသည် ကွက်တိစီစဥ်ထားသကဲ့သို့ ချောချောမွေ့မွေ့စီးဆင်းနေလေပြီ။

“အလုပ်မှာလည်း ရှင့်အတွက် ပြသာနာဖြေရှင်းပေးရ၊ ရှင့်ကိုယ်ရေးကိုယ်တာဘဝမှာလည်း ရှင့်အတွက် ဂရုစိုက်ပေးရနဲ့ အဲ့လောက်လွယ်တယ်ထင်နေလား?”

ရှန်းကျင် ဟမ့်ခနဲအသံပြုလိုက်သည်။

“ဘယ်လွယ်ပါ့မလဲ”

ပိုင်ယွီအန်း အနည်းငယ်စိတ်လှုပ်ရှားနေလေပြီ။ သူသည် အလျင်အမြန်ပင် ရှန်းကျင်ထံပြေးသွားကာ သူမ၏ပုခုံးများကို ဆုပ်ကိုင်လိုက်၏။

“ငါကမင်းကို အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပေးဖို့ ကမ်းလှမ်းနေတာ၊ မင်းက ငါ့ကိုအလုပ်မှာကူညီပေးပြီးတော့ အိမ်ကိစ္စတွေအားလုံးကိုတော့ မင်းသဘောအတိုင်း လုပ်ပေးမယ်၊ ဟင်းချက်စရာရှိရင် ငါပဲချက်ပေးပြီးတော့ ငါပဲပန်းကန်ဆေးပေးမယ်၊ မင်းသာငါ့ကိုအရှေ့ဖက်သွားခိုင်းရင် အနောက်ဖက်ကို ငါလုံးဝမျက်နှာမူမှာမဟုတ်ဘူး!”

ရှန်းကျင်ရင်ထဲထိရှသွား၏။ သူမသည် ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်လိုက်တော့သည်။

သူမသည် အိမ်ထောင်ပြိုကွဲသည့်ဒဏ်ကို ခံစားရပြီးနောက် ဘဝတစ်သက်စာလုံး တစ်ကောင်ကြွက်ဘဝဖြင့် အရိုးထုတ်ရလိမ့်မည်ဟု ထင်ခဲ့သော်ငြား အချိန်ခဏလေးအတွင်းဖြင့် မိမိဘဝအတွက် အသင့်တော်ဆုံးလက်တွဲဖော်တစ်ဦးကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူမခေါင်းငြိမ့်လိုက်သည်ကို ပိုင်ယွီအန်းတွေ့သောအခါ သူမအား အလျင်အမြန်ဖြင့် တင်းကြပ်စွာဖက်လိုက်တော့သည်။

ကျင်းယွင်ကျောင်း သက်ပြင်းခပ်ဖွဖွချလိုက်၏။ သူမသည် အထူးပင် လေးနက်တည်ကြည်သောဟန်ပန်ဖြင့် မျက်နှာသေအသွင်ဆောင်ကာ ပြောလိုက်သည်။

“အစ်ကိုတို့ အစ်မတို့ အိမ်ထဲမှာ အသက်မပြည့်သေးတဲ့ကလေးရှိတယ်နော် သတိထားပေးကြပါဦး”

All Chapters