← Chapters

အခန်း (၉၇၃-၉၇၆)

Vol. 49 Ch. 973-976

အခန်း (၉၇၃-၉၇၆)

Vol. 49 Ch. 973-976

Space and Rebirth 973

ကျင်းယွင်ကျောင်း၏စနောက်လိုက်သော စကားကြောင့် ပိုင်ယွီအန်းနှင့် ရှန်းကျင်တို့နှစ်ဦးလုံး မျက်နှာထားစရာနေရာမရှိဘဲ ဖြစ်သွားတော့၏။ တစ်ချိန်တည်းမှာပင် သူတို့သည် ငိုရမည်လော ရယ်ရမည်လော မဝေခွဲတတ်တော့ချေ။ သူတို့နှစ်ဦးလုံးသည် အတွေ့အကြုံရှိပြီးသောသူများ ဖြစ်လျက်နှင့်ပင် မျက်နှာများ၊ နားရွက်များ နီမြန်းသွားလောက်သည်ထိ မိန်းကလေးငယ်တစ်ဦး၏ စနောက်ခြင်းကို ခံနေရ၏။

ကျင်းယွင်ကျောင်း တောက်ပစွာ ပြုံးလိုက်သည်။ ရှန်းကျင်မှာ အရှက်အကြောက်သည်းသောသူမဟုတ်ပေ။ များမကြာမီတွင် သူမသည်လည်း ကျင်းယွင်ကျောင်းနှင့်အတူ နောက်ပြောင်ရယ်မောတော့သည်။ တစ်အိမ်လုံး ရယ်မောသံများဖြင့် ပြည့်နှက်နေတော့၏။

ထွက်သွားသော ထျန်းမိသားစုဝင်များမှာမူ သုန်မှုန်သောမျက်နှာထားများဖြင့် တက္ကစီပေါ်သို့ တက်လိုက်ကြသည်။ ကားထဲရှိ အခြေအနေမှာ လေးလံထိုင်းမှိုင်းနေပြီး သုံးဦးလုံး မျက်နှာမကောင်းကြချေ။

“ကြည့်စမ်း နင်ကလေ အပြင်ထွက်ရင် ပြင်ပြင်ဆင်ဆင်တောင် မထွက်တတ်ဘူးလား၊ ငါသာပိုင်ယွီအန်းဆိုရင်လည်း နင့်ကိုမဟုတ်ဘဲ ရှန်းကျင်ကို သဘောကျမိမှာပဲ!”

ဦးလေးထျန်းသည် ထူးဆန်းသောလေသံဖြင့် ပြောလိုက်တော့သည်။ ထျန်းရှီ မတရားခံရသလို ခံစားလိုက်ရသည်။

သူမသည် ယနေ့အတွက် အထူးပင် ပြင်ဆင်ဝတ်စားပြီး မိတ်ကပ်အသစ်တစ်စုံစာ၊ အင်္ကျီအဝတ်အစားများနှင့် ရေမွှေးများ ဝယ်ယူထားခဲ့၏။ ထိုမိန်းကလေးကိုတွေ့မိပြီး သူမ၏အင်္ကျီများမှာ အရည်အသွေးနိမ့်ကြောင်း ထပ်အပြောခံရမည်ကို ကြောက်မိနေခဲ့သောကြောင့်ဖြစ်သည်။ သို့ရာတွင် သူမသည်လည်း မငယ်တော့ပေ။ မည်မျှပင် ဝတ်စားဆင်ယင်စေကာမူ အသက် ၂၀ ကျော်မိန်းကလေးတစ်ဦးနှင့် မတူနိုင်သည်ဖြစ်ရာ သူမအဘယ်သို့တတ်နိုင်မည်နည်း?

“အားရှီ နင်က အရင်ဘဝမှာ ဘာအပြစ်တွေများကျူးလွန်ခဲ့လို့လဲ? ပိုင်ယွီအန်းလို ယောက်ျားကောင်းတစ်ယောက်ကို နင်ဘာလို့အရင်က မဆွဲထားခဲ့တာလဲ ပြောစမ်း နင်သာအဲ့အချိန်တုန်းက သူ့ကိုအပိုင်ဆွဲထားနိုင်ခဲ့ရင် အခုချိန်မှာ သူဌေးကတော်ဖြစ်နေလောက်ပြီ၊ နင်လိုချင်တာဘာမဆိုဝယ်လို့ရနေလောက်ပြီ အခုတော့ ရှန်းကျင်က နင့်ထက်ခြေတစ်လှမ်းသာနေပြီလေ အဲ့မိန်းမကိုကြည့်စမ်း နင့်ထက်ဘယ်လောက်မှလည်းငယ်တာလည်းမဟုတ်၊ နင့်ထက် အရမ်းကြီးလှနေတာလည်းမဟုတ်ဘဲနဲ့ နင့်ခေါင်းပေါ်တက်နင်းသွားပြီ စဥ်းစားကြည့်လိုက်တာနဲ့ ငါဒေါသထွက်တယ်!”

အန်တီထျန်းမှ ဒေါသတကြီးပြောလိုက်၏။

သူတို့မိသားစုမှာ မြို့သူမြို့သားများဖြစ်သော်လည်း မချမ်းသာကြပေ။ သူတို့အိမ်မှာ အိုဟောင်းနေပြီး မြို့လယ်ခေါင်နှင့် မနီးလှသောကြောင့် သူတို့သမီးသည် အများအားဖြင့် သူတို့နှင့်မနေတတ်ဘဲ အခြားနေရာများ၌ နေတတ်၏။

သို့ရာတွင် ပိုင်ယွီအန်းမှာ နယ်ကတတ်လာသောကောင်လေးတစ်ဦးဖြစ်သည်။ ထို့ကြောင့် မြို့ကြီးသူများဖြစ်သောသူတို့သည် ပိုင်ယွီအန်းအား အထင်အမြင်သေးကာ မုန်းတီးကြလေသည်။ ထျန်းရှီ၏အလှနှင့် ကိုယ်ရည်ကိုယ်သွေးဖြင့်ဆိုလျှင် ချမ်းသာသောမိသားစုတစ်စုထဲသို့ ဝင်နိုင်သည်မဟုတ်လော။

ယခုတွင် ထျန်းရှီလည်း ဒေါသထွက်နေ၏။

အင်အားမဲ့သော မိမိကိုယ်ကို ဒေါသထွက်နေခြင်းဖြစ်သည်။ သူမ၏အချစ်ဦးကို လုယူသွားသော ရှန်းကျင်အား ဒေါသထွက်သည်မှန်သော်လည်း သူမမိဘများကိုပါ ဒေါသထွက်မိ၏။

“တော်လိုက်လို့ရပြီလား? သမီးမှာ အမေတို့အိမ်ပြန်တိုင်း ပိုင်ယွီအန်းက သမီးအတွက် မကောင်းဘူးလို့ပဲ ပြောနေခဲ့တာလေ၊ သူနဲ့ ဆက်မနေနဲ့လို့ ဆက်တိုက်ပြောနေခဲ့ကြတာမဟုတ်ဘူးလား! ကွာရှင်းတုန်းကလည်း အမေတို့ပျော်ခဲ့ကြတယ် ပိုင်ယွီအန်းနဲ့ သမီးကြားမှာ စည်းခြားပစ်ဖို့ အမေတို့ပဲ အသည်းအသန်ဖြစ်နေခဲ့ကြတာ၊ ပိုင်ယွီအန်းက အခုသမီးကိုမုန်းတာ ဘာဆန်းလဲ?!”

ထျန်းရှီ ပြန်ပြောလိုက်၏။ သူမသည် ခေါင်းကိုငုံ့ကာ သူမအဝတ်အစားများကိုကြည့်လိုက်သည်။ သူမနှလုံးသား နာကျင်မိတော့၏။ ဤတစ်လတွင် အသုံးစရိတ်ချွေတာရတော့မည်။

“နင်ကများ ငါတို့ကိုအပြစ်တင်ရဲတယ်? ငါတို့ကနင့်အတွက်ပဲ လုပ်နေတာမဟုတ်ဘူးလား? အဲ့အချိန်တုန်းက ပိုင်ယွီအန်း ဒီလိုဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ? ပြီးတော့ နင်သာ တကယ်ပဲ အကျင့်ဖြူစင်တဲ့မိန်းကလေးဆိုရင် လည်ပင်းဓားထောက်ရင်တောင် ဘာမှလုပ်ရဲမှာမဟုတ်ဘူး! ပြီးတော့ အဲ့အချိန်က နင့်မှာ ဖန်လီချင်းကလေးနဲ့ ဗိုက်ကြီးနေပြီ၊ ငါတို့သာ နင့်ကိုဆွဲမခေါ်သွားရင် ပိုင်ယွီအန်းက နင့်ကိုသေချာပေါက်အရင်ပစ်သွားမှာ သေချာတယ်၊ နင်ဒီလောက် အသုံးမကျဘဲနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? ပိုင်ယွီအန်းကထားတော့ ဖန်လီချင်းကိုတောင် မဆွဲထားနိုင်ဘူး!”

အန်တီထျန်းသည် ဒေါသထွက်လွန်းသဖြင့် မစဥ်းစားဘဲ စကားကိုပြောလိုက်တော့၏။

ထျန်းရှီသည် ဖန်လီချင်းအတွက် သားနှစ်ဦးမွေးဖွားပေးခဲ့သည်။ ယုတ္တိကျကျပြောရလျှင် သူမသည် အကျိုးခံစားခွင့်အားလုံးကို ရရှိသင့်ပေသည်။

သူမသာ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်သရွေ့ ဖန်လီချင်းသည် သူတို့ကလေးများအတွက် သူ၏ဇနီးကိုကွာရှင်းကာ သူမနှင့်အိမ်ထောင်ပြုခဲ့ပေမည်။ သို့ရာတွင် ထျန်းရှီမှာ ထိုမျှလောက် မပါးနပ်ချေ။ သူတို့ကလေးများအား ဖန်မိသားစုအိမ်သို့ခေါ်သွားပြီး သူ၏မိသားစုဝင်များဖြင့် မိတ်ဆက်ပေးမည်ဟု ဖန်လီချင်းပြောခဲ့စဥ်က သူမသည် တုံ့ဆိုင်းခြင်းမရှိ လက်ခံသဘောတူခဲ့သည်။ အဆုံးတွင် ဖန်လီချင်းသည် သူတို့ကလေးများအား လုံးဝပြန်မပေးတော့ဘဲ နေလိုက်၏။

ဖန်လီချင်းအား သူမတရားစွဲချင်လျှင်ပင် တရားစွဲ၍မရပေ။ သူမသည် ‌ငွေကုန်ကြေးကျခံပြီး တရားစွဲလျှင်ပင် ရလဒ်သည် အတူတူသာဖြစ်လိမ့်မည်။

ဖန်မိသားစုသည် ကလေးများအား ပြုစုပျိုးထောင်ရန် ပိုတတ်နိုင်သောအခြေအနေတွင်ရှိပြီး ထျန်းရှီ၏အနေအထားမှာ မကောင်းလှချေ။ ပစ္စည်းဥစ္စာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ဖန်မိသားစုလောက် သူမမထောက်ပံ့နိုင်ပါပေ။

Space and Rebirth 974

ထိုအချိန်တွင် ထျန်းရှီ၏မိဘများမှာ စိတ်မကြည်မလင်ဖြစ်နေလေ၏။ ထျန်းရှီမှာ သူ့အလိုလိုပင် စိတ်ပျက်ဝမ်းနည်းနေသည်ရှိရာ ယခု သူမမိဘဖြစ်သူများထံမှ ထိုစကားကြားလိုက်ရသဖြင့် မျက်ရည်များဖြေမဆည်နိုင်အောင် လိမ့်ဆင်းကျလာတော့သည်။

တက္ကစီကားဆရာသည်လည်း အခြေအနေကိစ္စအကြမ်းဖျင်းကို ကြားလိုက်ရသဖြင့် ဤမိသားစုမှာ မည်သို့သောလူမျိုးများဖြစ်ကြောင်း အနည်းနှင့်အများ ခန့်မှန်းလိုက်နိုင်ပေသည်။ သူသည် စိတ်ထဲတွင် အနည်းငယ်ရွံရှာမိသွား၏။ အထူးသဖြင့် ထျန်းရှီမိဘများမှ မည်မျှပင် ပစ္စည်းဥစ္စာမက်မောပြီး အောက်တန်းစားဆန်ကြောင်း မြင်လိုက်ရသောအခါ သူတို့သမီးဖြစ်သူမှာလည်း ဤသို့ဖြစ်သည်မှာ မဆန်းပါချေဟု သူတွေးလိုက်မိသည်။ အဆုံးတွင် သူသည် ဆက်နားမထောင်နိုင်‌တော့သဖြင့် လမ်းခရီးတစ်ဝက်တစ်ပျက်တွင် ချလိုက်တော့သည်။ သူတို့အားအဆုံးထိပို့ရန်ပင် စိတ်မရှိတော့ချေ။

ထျန်းမိသားစုထွက်လာသောအခါ ဖန်လီချင်းသည် သတင်းကြားပြီးဖြစ်၍ လှောင်ရယ်သံပြုလိုက်၏။

သူသည် ပိုင်ယွီအန်း စိတ်အနှောင့်အယှက်ဖြစ်ရန်အတွက် သွားပြသာနာရှာရန် ထျန်းရှီအား လွှတ်လိုက်သော်လည်း သူမမှာ အလွန်ပင်အတင့်ရဲနေပေသည်။ ပိုင်ယွီအန်းအတွက် လှလှပပပင်ပြင်ဆင်ဝတ်စားပြီး လက်ဆောင်များ ယူသွားခဲ့၏။ ဤသည်မှာ သွားပြသာနာရှာခြင်းလော? သူ၏အမြင်အရ သူမသည် ပိုင်ယွီအန်းနှင့် ဇာတ်လမ်းဟောင်းဆက်ချင်နေပုံသာပေါက်၏!

ထင်ထားသည့်အတိုင်းပင် အခြားသူများအား သစ္စာဖောက်ဖူးသော ထျန်းရှီကဲ့သို့မိန်းမမျိုးအား မယုံရပါပေ။

သို့ရာတွင် သူသည် ဤကိစ္စဖြစ်မည်ဖြစ်ကြောင်း တွေးထားနှင့်လေပြီ။ သူမထိုသို့လုပ်ရန်ကိုပင် ရည်ရွယ်ပြင်ဆင်ထားခဲ့၏။ သူ၏လက်ထဲတွင် ထျန်းရှီ၏သားများရှိနေပြီး ထျန်းမိသားစု၏လောဘကြီးပုံကိုလည်း သူကောင်းကောင်းသိထားသောကြောင့်ဖြစ်သည်။ ထျန်းရှီမှ ပိုင်ယွီအန်းအား သစ္စာဖောက်ရန် သူတစ်ကြိမ်လုပ်နိုင်လျှင် နောက်တစ်ကြိမ်မလုပ်နိုင်စရာအကြောင်းမရှိရာ။ သို့ရာတွင် ပိုင်ယွီအန်းသည် သူတစ်ချိန်ကချစ်ခဲ့ဖူးသောအမျိုးသမီးကို မြင်သည့်တိုင် မတုန်မလှုပ်ဘဲရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

ခဏအကြာတွင် ဖန်လီချင်းသည် ထျန်းရှီကို ခေါ်လိုက်၏။

ထျန်းရှီသည် ဖုန်းဖန်သားပြင်ပေါ်ရှိ နာမည်ကို တွေ့လိုက်ရသောအခါ တစ်ကိုယ်လုံးတုန်ယင်သွားသည်။ သူမသည် အချိန်အတော်ကြာ တုံ့ဆိုင်းပြီးတော့မှ ဖုန်းကိုင်လိုက်တော့သည်။

“ဟယ်လို...ဥက္ကဌဖန်...”

သူမအသံသည် အနည်းငယ်နှာသံပေါက်နေပြီး အက်ရှရှဖြစ်နေ၏။ ငိုထားသည်မှာ မကြာသေးကြောင်း သိသာ၏။

ဖန်လီချင်းသည် လှောင်ရိပ်ပြည့်သောဟန်ဖြင့် ရယ်မောလိုက်၏။ သူသည် အလွန်တရာမှပင် နှလုံးသားကင်းမဲ့လှသည်။ သူ့အတွက် သူမမျက်ရည်များသည် အဘယ်မျှလောက် တန်ဖိုးရှိနိုင်မည်နည်း?

“အားရှီ မင်းဒီနေ့ပင်ပန်းသွားပြီ၊ ငါဒီနေ့မင်းကို ဟိုတယ်မှာ ထမင်းလိုက်ကျွေးမယ် ခါတိုင်းနေရာပဲ ချက်ချင်းလာခဲ့လိုက်”

ဖန်လီချင်းသည် အမိန့်အာဏာသံစွတ်ကာ နတ်ဘုရားတစ်ပါးနှယ် အေးအေးလူလူပြောလိုက်၏။ သို့ရာတွင် သူသ်ည ထျန်းရှီ၏လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်နေလေသည်။

ထျန်းရှီသည် သူမမိဘများ၏ညွှန်ကြားချက်ကြောင့် စပီကာဖွင့်လိုက်ရသဖြင့် ထျန်းလင်မယားသည် ဖန်လီချင်းပြောသမျှအား ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။ သူတို့သည် အလျင်အမြန်ပင် သူမခန္ဓာကိုယ်ကိုလက်ညှိုးထိုးကာ မြန်မြန်သဘောတူရန် လက်ဟန်ခြေဟန်ပြကာခိုင်းလိုက်သည်။ မည်သည့်ကိစ္စများဖြစ်နေသည်ကို ထျန်းရှီနားမလည်သော်လည်း စဥ်းစားကြည့်လိုက်ပြီးနောက် သူမလက်ခံလိုက်လေသည်။

“ကြည့်စမ်းပါဦး ပြိုင်ဘက်ရှိလာတော့ ဒီယောက်ျားရဲ့ ပိုင်ဆိုင်လိုစိတ်က အားကောင်းလာတော့တာပဲ၊ နင့်ကိုလိုချင်နေတာ ထိန်းလို့တော့မရတော့ဘူး”

အန်တီထျန်းမှ ရယ်ကာပြောလိုက်သည်။

“ဒါပေမယ့် အမေ သူကသမီးကို ဘာလုပ်နိုင်မှာတဲ့လဲ? ခုနလေးတင် သမီးအိမ်ကိုပြန်ယူသွားကြပြီလေ အခုသမီးမှာ နေစရာအိမ်တောင်မရှိတော့ဘူး”

ထျန်းရှီသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“နင်ရူးနေပြီလား? ဒါက နေစရာမရှိတာထက်စာရင် ကောင်းသေးတယ်မဟုတ်ဘူးလား? နင်သာသူ့ကိုမြှူဆွယ်နိုင်ရင် နင့်ကိုအိမ်ခေါ်သွားရင် ခေါ်သွားမှာပေါ့၊ အဲ့လိုဆိုရင် ငါ့မြေးလေးနှစ်ယောက်ကိုလည်း နင်တွေ့နိုင်မှာ!”

ထျန်းရှီ၏အမေသည် ထျန်းရှီ၏ခေါင်းကို လက်ညှိုးဖြင့် နာနာထိုးလိုက်၏။

ထျန်းရှီသည် နှုတ်ခမ်းကို‌စေ့ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် ကြိတ်မှတ်သာခံနေရ၏။ ပြန်ပြောနိုင်လောက်သော သတ္တိများမရှိချေ။

ကံကောင်းစွာဖြင့် ထျန်းရှီသည် ယနေ့တွင် လှပသောအဝတ်အစားများ ဝတ်စားဆင်ယင်ထားသဖြင့် အင်္ကျီလဲစရာမလိုဘဲ တန်းသွားနိုင်ပေ၏။ သူမသည် တက္ကစီတစ်စီးကိုငှားကာ ချိန်းချက်ထားသောနေရာသို့ အပြေးအလွှားသွားတော့သည်။

ဖန်လီချင်းပြောသော သွားနေကျနေရာကို သူမသိပေသည်။ သူမဘယ်သောအခါမှ မေ့မည်မဟုတ်ပေ။ ၎င်းမှာ ဖန်လီချင်းမှ သူမအား မကြာခဏခေါ်သွားလေ့ရှိသော အထက်တန်းစားဟိုတယ်ဖြစ်၏။ ထိုနေရာသည် ကျောက်စိမ်းနှင့် ရွှေများအတိပြီးသောနေရာဖြစ်ပြီး မိမိအား အိပ်မက်တစ်ခုထဲသို့ ဝင်ရောက်ရသလို ခံစားရစေသည်။ ထို့ကြောင့်လည်း သူမစိတ်လွတ်သွားရန် လွယ်ကူစေသောနေရာဟုဆိုလည်း မှန်ပေသည်။

မကြာမီတွင် သူမရောက်သွားတော့သည်။

ဖန်လီချင်းမှာ အထဲတွင် စောင့်နေလေပြီ။

စျေးကြီးဟင်းလျာများနှင့် ဝိုင်နီအား စားပွဲပေါ်သို့ မှာယူထား၏။ အလှဆင်ထားသော ဖယောင်းတိုင်မီးသည် ဖျတ်ခနဲဖြစ်သွားပြီး နက်ရှိုင်းငြိမ့်ညောင်းသော တယောသံမှာ နားဝင်ပီယံရှိလှစွာ ထွက်ပေါ်လာသည်။ လူများ၏နှလုံးသားအား လေပေါ်ပျံတက်စေနိုင်သောနေရာဖြစ်ပေသည်။

“အစ်ကိုဖန်...”

ထျန်းရှီသည် သတိကြီးစွာခေါ်လိုက်၏။

ဖန်လီချင်းမှာ တောက်ပစွာ ပြုံးလိုက်တော့သည်။

“ကဲ ဘာမှမပြောသေးနဲ့ဦး ထိုင်ပြီး ငါနဲ့အတူသောက်လိုက်”

ထျန်းရှီသည် ခေါင်းငြိမ့်ကာ ဝိုင်ခွက်အား ဂရုတစိုက်ကောက်ယူလိုက်၏။ လှုပ်ယမ်းနေသောဝိုင်နီရည်မှ ယစ်မူးဖွယ်မွှေးရနံ့များ ထွက်ပေါ်နေသည်။ သူမသည် တစ်ငုံမျှ သောက်လိုက်ပြီး အမျိုးသမီးတစ်ဦး၏ အကောင်းဆုံးကိုယ်နေဟန်ထားဖြင့် ဆက်ထိုင်နိုင်ရန် ကြိုးစားလိုက်၏။

Space and Rebirth 975

ထျန်းရှီသည် ဘယ်နှစ်ခွက်သောက်မိသည်ကို မသိတော့‌ပေ။ မီးရောင်၏တစ်ဖက်ခြမ်းတွင်ရှိနေသူမှာ သူမအချစ်ရဆုံးအမျိုးသားအား သစ္စာဖောက်ပြီး ရယူရန်စိတ်ကူးခဲ့သောလူဖြစ်၏။

သူမသည် အပူအပင်ကင်းသောဘဝကို လိုချင်ခဲ့သည်။ မနက်နိုးလာတိုင်းတွင် ပင်လယ်ပြင်ရှုခင်းအားကြည့်နိုင်သော အခန်းတစ်ခုတွင် နိုးထလာကာ အပြင်ဘက်ရှိရှုမျှော်ခင်းအား ကြည့်ရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်၏။ သူမရွေးချယ်ခဲ့သောခင်ပွန်းသည်မှာ သူမနှင့်မတန်ကြောင်း မိဘများမှ စဥ်ဆက်မပြတ် ညီးတွားနေသည်ကို သူမမကြားလိုတော့ပေ....

အနည်းငယ်သောက်ပြီးသောအခါ သူမမူးဝေလာတော့၏။

သူမစိတ်ကူးအိပ်မက်များကို ကိုယ်စားပြုသောအမျိုးသားမှာ သူမရှေ့မှောက်တွင် ထိုင်နေလေသည်။ ထိုအမျိုးသားသည် သူမအား တွဲကူအား ဓာတ်လှေကားထဲသို့ ဒယီးဒယိုင်ဝင်သွားတော့သည်။ သူတို့သည် အခန်းထဲသို့ဝင်သွားသောအခါ ထိုယောက်ျားစိတ်မပျော်မည်ကို စိုးရိမ်သဖြင့် သူမသည် အပြုံးတစ်ပွင့်ဖြင့် သူ၏နာမည်ကိုခေါ်လိုက်သည်။ ထိုသူ စိတ်ကျေနပ်ပျော်ရွှင်စေရန် သူမအတတ်နိုင်ဆုံးကြိုးစားလိုက်၏။

လောကကြီးတစ်ခုလုံး မှောင်မိုက်နေတော့သည်။ သူမခေါင်းတစ်ခုလုံး မူးဝေနေပြီး သူမအာရုံများမှာလည်း ရီဝေဝေဖြစ်နေ၏။

သူမမျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါတွင် သူမနှင့်မရင်းနှီးသောအခန်းတစ်ခုသို့ ရောက်နေကြောင်း မြင်လိုက်ရ၏။ တစ်ခန်းလုံး ဖြူစွတ်လွန်းနေသဖြင့် မျက်စိပင်ကျိန်းစေသည်။ သေချာစဥ်းစားကြည့်လိုက်သောအခါ သူမသည် ဟိုတယ်ထဲ၌သာရှိမည်ဖြစ်ကြောင်း တွေးမိလိုက်၏။ ထို့ကြောင့် အသက်ကိုပြင်းပြင်းရှူကာ အနောက်သို့လှည့်ကြည့်လိုက်သည်။ သို့ရာတွင် လှုပ်ရှားလိုက်သည်နှင့် ထိတ်လန့်အံ့အားသင့်သွားရတော့၏။ သူမခန္ဓာကိုယ်မှ နာကျင်မှုလှိုင်းလုံးများ လိမ့်ဆင်းလာသောကြောင့်ဖြစ်သည်၊ မသိလျှင် သူမတစ်ကိုယ်လုံးကျိုးကြေတော့မည့်အတိုင်းပင်။ တတ်နိုင်သမျှကြိုးစားထကြည့်ပြီးသောအခါ အခန်းထဲရှိ ထိတ်လန့်ဖွယ်အရှုပ်ပုံများကို သူမတွေ့လိုက်ရတော့သည်။ သေချာစဥ်းစားကြည့်သော်လည်း ယမန်နေ့ညက မည်သို့ဖြစ်သည်ကို မမှတ်မိချေ!

တစ်ခန်းလုံး အောက်သိုးသိုးအနံ့တစ်ခုဖြင့် ပြည့်နှက်နေပြီး အိပ်ရာပေါ်တွင်လည်း အဝတ်အစားများ ဖရိုဖရဲဖြင့်ရှိနေသည်။ အချို့အဝတ်အစားများဆိုလျှင် ပေကျံနေသေးသည်။ အခန်းထဲတွင် သူမကလွဲ၍ အခြားမည်သူမှမရှိချေ။

ဥက္ကဌဖန်၏လက်ချက်ဖြစ်ရမည်...ဟုသူမတွေးပြီးသောအခါ သက်မကိုချလိုက်၏။

သူမသည် ဥက္ကဌဖန်အတွက် သားများပင် မွေးဖွားပြီးသောလူဖြစ်သောကြောင့် သိပ်မအံ့သြတော့ချေ။ သူမဖုန်းကိုကောက်ကိုင်လိုက်၏။

ဖုန်း၏ မှန်သားပြင်မှာ မည်းနက်နေသည်။ ထိုမှသာ ဖုန်းစက်ပိတ်ထားကြောင်း သူမသိလိုက်ရသည်။ သို့ရာတွင် သူမဖုန်းဖွင့်လိုက်သည်နှင့် ဖုန်းအဝင်ခေါ်တစ်ခု ချက်ချင်းဝင်လာတော့၏။

“သောက်ရူးမ! နင်ရူးနေပြီလား?! နင်ဥက္ကဌဖန်ကို သွားတွေ့တာမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး နင့်ပုံဆိုးပန်းဆိုးပုံက ထွက်လာတာလဲ!”

ဦးလေးထျန်းသည် ဖုန်းတစ်ဖက်ခြမ်းမှ ဒေါသတကြီးကြိမ်းမောင်းနေ၏။

ထျန်းရှီသည် အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။

“အဖေ ဘာတွေပြောနေတာလဲ? သမီး ဥက္ကဌဖန်ကိုသွားတွေ့တာလေ”

“ဥက္ကဌဖန် ဥက္ကဌဖန်နဲ့ လုပ်မနေနဲ့! နင်ကိုယ်တိုင် ပိုင်ယွီအန်းကိုသွားရှာ၊ ပိုင်ယွီအန်းရဲ့ ဇနီးဟောင်းက ကိုယ်‌ရေးကိုယ်တာအရှုပ်အထွေးရှိပြီး ပိုင်ယွီအန်းကို အကြိမ်ပေါင်းမနည်း ဖောက်ပြန်ခဲ့တယ်ဆိုပြီး သတင်းစာခေါင်းစီးထွက်နေပြီ!”

ဦးလေးထျန်းသည် ဒေါသမာန်အပြည့်ဖြင့် ပြောလိုက်၏။

ထျန်းရှီသည် သုတ်သုတ်ပြာပြာဖြင့် ဖုန်းကိုချလိုက်ပြီး ဘေးဘီဝဲယာပတ်ကြည့်လိုက်သည်။ သူမသည် စိတ်တိုလွန်းသဖြင့် မူးမေ့လဲမတတ်ဖြစ်နေလေပြီ။

တစ်နေ့တာကုန်ဆုံးသွားပြီဖြစ်ကာ ယခုတွင် နောက်တစ်နေ့ နေ့လယ်ခင်းသို့ ရောက်နေလေပြီ။ ထိုသတင်းအား မနက်ခင်းတွင် ထုတ်လွှင့်လိုက်ခြင်းဖြစ်ပြီး သူမ၏ဝါးတားတားဓာတ်ပုံများ များစွာရှိနေ၏။ ဓာတ်ပုံများမှာ အလွန်ထိတ်လန့်ဖွယ်ကောင်းပြီး ထိုပုံများအား လူအများစုက တွေ့ပြီးလေပြီ။ နေရာတိုင်းတွင် သူမနှင့်ပတ်သတ်သော သတင်းများ၊ ကောမန့်များ ရှိနေသည်...အချို့လူများက သူမအား ကျိန်ဆဲပြစ်တင်နေပြီး အချို့လူများက ပိုင်ယွီအန်းကို လှောင်ပြောင်နေကြ၏...

ဥက္ကဌဖန်...

ထျန်းရှီ တုန်ယင်သွားသည်။ ထိုသူ၏လက်ချက်သာဖြစ်ရမည်!

သူမသည် ဥက္ကဌဖန်၏ဖုန်းနံပါတ်ကို အလျင်အမြန်နှိပ်ခေါ်လိုက်၏။ သို့ရာတွင် တစ်ဖက်လူမှ ဖုန်းကိုင်ရန် အချိန်အတော်ကြာယူနေပေသည်။

“အစ်ကိုဖန် ဒါဘယ်လိုလုပ်...”

မည်သို့မည်ပုံဖြင့် ဓာတ်ပုံထဲတွင် သူမမသိသောသူစိမ်းယောက်ျားတစ်ဦးက ရောက်နေရသနည်း? ထိုသူစိမ်းယောက်ျားမှာလည်း တစ်ယောက်မကပေ။ ဓာတ်ပုံထဲတွင် သူမသည် အလွန်ရွှင်မြူးနေသောပုံပေါက်ပြီး တက်ကြွကာ အားမာန်ပြည့်နေ၏။ ထို့ကြောင့်လည်း သူမဖခင်ဖြစ်သူမှ ဆိုးဆိုးရွားရွားငေါက်လိုက်ခြင်းဖြစ်သည်! သို့ရာတွင် သူမသည် ယမန်နေ့ညက ကိစ္စများကို မမှတ်မိချေ။ သူမသည် မူးနေလျှင်ပင် ဤသို့ဖြစ်မည်မဟုတ်ကြောင်း သူမကိုယ်သူမသေချာသိနေ၏!

“ဪ မင်းပဲ ဓာတ်ပုံတွေကိုတွေ့လိုက်လား?”

ဖန်လီချင်းသည် ပျင်းရိလေးတွဲသောအသံဖြင့် ပြောလိုက်သည်။

“ထျန်းရှီ မင်းကိုယ်မင်းနည်းနည်းပါးပါးသိမှပေါ့ မင်းအသက်ဘယ်လောက်ကြီးနေပြီလဲဆိုတာ သိသေးရဲ့လား? မင်းကိုယ်မင်းအပျိုပေါက်လေးလို့ ထင်နေတုန်းလား? ပထမအကြိမ်လည်းမဟုတ်တာကို ဘာလို့အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလဲ? ပြီးတော့ မင်းက ပိုင်ယွီအန်းနဲ့ပြန်ပေါင်းချင်တာမှတ်လား? ငါမင်းကိုအခုကူညီပေးနေတာလေ ဘယ်သူပြောနိုင်မလဲ အိပ်ရာပေါ်မှာ မင်းဘယ်လောက်တော်လဲဆိုတာကို ပိုင်ယွီအန်းမြင်သွားရင် မင်းဆီပြန်လာရင်ပြန်လာမှာပေါ့!”

သူသည် ရိုးရှင်းသောစကားတစ်ခွန်းဖြင့် ထျန်းရှီ၏မကျေနပ်ချက်များကို ပိတ်လိုက်၏။

ပိုင်ယွီအန်းဇနီးဟောင်း၏ပျော်ပါးမှုသတင်း အနောက်တွင် အခြားအရာများထွက်ပေါ်လာရန် သူပြင်ဆင်ထားသည်။ ယခုတွင် ဤသတင်းသည် အလွန်နာမည်ကြီးစပြုနေလေပြီ။ ဤသတင်းအပြီးတွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ မကောင်းသတင်းအချို့အား လိုက်ရေးပေမည်။ ဥပမာအားဖြင့်...ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် အကျင့်ပျက်လွန်းသဖြင့် ဝိုင်ထဲတွင် ယောက်ျားများအား စိတ်လွတ်စေသောအရာတစ်ခုပါဝင်ပြီး ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ကြယ်စင်ခုနစ်ဖော်ဝိုင်အား သောက်သူများ၏ ဇနီးသည်များသည် ထျန်းရှီကဲ့သို့ ကိုယ့်ယောက်ျားအပေါ် ဖောက်ပြန်နိုင်သည်ဟူ၍ဖြစ်သည်။

သူသည် ဤသမိုင်းဝင်ဝိုင်၏နာမည်အား သစ္စာကင်းမဲ့ဝိုင်ဟုပင် အမည်ပေးကာ ကြိုးစားပမ်းစားနာမည်ဖျက်ခဲ့သည်။ ယောက်ျားများအားလုံးမှာ အထူးသဖြင့် ဤအပိုင်း၌ မာနကြီးသောသူများဖြစ်သဖြင့် သေချာပေါက် ကြယ်စင်ခုနစ်ဖော်ဝိုင်ကို ရှောင်ကြလေမည်။ သူ့ဘက်မှ တတ်နိုင်သမျှ သွားပုပ်လေလွင့် နာမည်ဖျက်ပြီး မြို့တော်ထဲရှိ ဝိုင်ကုမ္ပဏီကြီးများဖြင့် အင်အားပေါင်းကာ ပိုင်ယွီအန်းတို့ကိုဖိနှိပ်နိုင်သရွေ့ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည်လည်း မြို့တော်ထဲသို့ ဘယ်သောအခါမှ ခြေချနိုင်မည်မဟုတ်တော့ပေ!

Space and Rebirth 976

ထျန်းရှီမှာ ကြက်သေသေနေ၏။ သူမသည် ပိုင်ယွီအန်းအား ထပ်မံဖုန်းဆက်လိုက်သော်လည်း ပိုင်ယွီအန်း၏ဘလော့ခြင်းကို ခံထားရသဖြင့် ဆက်သွယ်၍ လုံးဝမရချေ။

ထိုအချိန်တွင် ပိုင်ယွီအန်းနှင့် ကျင်းယွင်ကျောင်းမှာလည်း သတင်းကြားထားသဖြင့် မီဒီယာဌာနများကိုဆက်သွယ်ကာ သတင်းတောမီးကို ထိန်းသိမ်းရန် ကြိုးစားနေကြ၏။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ယခုအချိန်တွင် အလွန်နာမည်ကျော်ကြားလွန်းနေပြီး လူတိုင်းနီးပါးသိသောနာမည်ဖြစ်နေလေပြီ။ ထိုအချိန်တွင် ရှင်းပြချက်မရှိဘဲ ဤသတင်းသာ ပျံ့နှံ့သွားပါက သူတို့ အထိနာသွားလိမ့်မည်။ အထူးသဖြင့် ဤသစ္စာကင်းမဲ့ဝိုင်ဟူသော ကောလဟာလရုတ်တရတ်ပေါ်လာသဖြင့် အခြေအနေများ ပို၍ဆိုးရွားလေသည်။

“အစ်ကိုပိုင် အင်တာဗျူးလုပ်ဖို့ သတင်းထောက်တွေကိုဆက်သွယ်ပြီး အစ်ကိုပိုင်က ကွာရှင်းလိုက်ပြီဆိုတာကို မီဒီယာတွေသေချာသိအောင် ချက်ချင်းရှင်းပြလိုက်တော့၊ ပြီးရင် အစ်ကိုနဲ့ အစ်မရှန်းကျင်အတူသွားတာကောင်းမယ် ဒါမှ ထျန်းရှီနဲ့ အစ်ကိုပိုင်ကြားမှာ စည်းခြားနေပြီဆိုတာကို ရှင်းရှင်းလင်းလင်းပြနိုင်မှာ၊ တခြားသတင်းတွေကိုတော့ ညီမပဲ လူတစ်ယောက်ရှာပြီး ရှင်းခိုင်းလိုက်မယ်”

ကျင်းယွင်ကျောင်းသည် မျက်မှောင်ကြုတ်ကာ စီစဥ်စရာရှိသည်များကို စီစဥ်လိုက်သည်။

ပိုင်ယွီအန်းသည် အလုပ်ကိစ္စကိုင်တွယ်ဖြေရှင်းရာ၌ စိတ်ပူစရာမလိုချေ။ ထျန်းရှီမှာ လက်ထပ်ထားစဥ်အတွင်း အခြားယောက်ျားတစ်ဦးကိုရှာဖွေခဲ့သော်လည်း ထိုကိစ္စမှာ အလွန်ကြာညောင်းခဲ့ချေပြီ။ သူတို့နှစ်ဦးသည် ကွာရှင်းရန်သဘောတူထားကြသည်မှာ အလွန်ကြာမြင့်ပြီဟု ပိုင်ယွီအန်းပြောနိုင်သည်။ အတိုချုံးပြောရလျှင် ထျန်းရှီသည် လုံးဝနာမည်ပျက်သွားပေပြီ။ ဤအရေးကိစ္စအား ရှင်းလင်းပြောဆိုလျှင် ပိုင်ယွီအန်အတွက်သာ ကောင်းနိုင်လိမ့်မည်။

“ဒါပေမယ့် ဥက္ကဌကျင်း ဘယ်လိုဖြေရှင်းမှာလဲ? နင်းမြို့တော်မှာသာဆိုရင် ဒီသတင်းကို ဘယ်သူမှရေးရဲမှာမဟုတ်ပေမယ့် ဒီနေရာက မြို့တော်ကြီးလေ”

ပိုင်ယွီအန်းမေးလိုက်သည်။ သူစိတ်အပူဆုံးအရာမှာ ဤအချက်ဖြစ်ပေသည်။ သူတို့သည် မြို့တော်ထဲတွင် အဆက်အသွယ်သိပ်မရှိချေ။ မီဒီယာဌာနများမှာလည်း အလွန်အင်အားကောင်းသဖြင့် သူတို့အာခံ၍မရပေ။ သူတို့သည် မီဒီယာသတင်းထောက်များ၏ပါးစပ်ကို ငွေဖြင့်သာပိတ်နိုင်သည်။

မကြာမီတွင် သူလုပ်မည့် အင်တာဗျူးပင်လျှင် တစ်ဖက်လူမှ မိမိအတွက် အကျိုးရှိမည့်ဆောင်းပါးရေးနိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားသည့် အင်တာဗျူးဖြစ်သည်။

ဤသတင်းသည် ပုံမှန်ဆိုလျှင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအတွက် သိပ်အထိမနာသောအရာဖြစ်သော်လည်း ယခုမူ သူတို့သည် မြို့တော်ထဲတွင် စျေးကွက်ချဲ့ထွင်နေချိန်ဖြစ်၏။ ဤလုပ်ငန်းစဥ်အား အနှောင့်အယှက်ပေးနိုင်သောအရာမှန်သမျှ ဖယ်ရှားမှဖြစ်လေမည်။

“အဆက်အသွယ်တွေဘာတွေကို စိတ်ပူစရာမလိုပါဘူး”

ကျင်းယွင်ကျောင်းခပ်ဟဟရယ်လိုက်၏။

“မီဒီယာက ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို မကြောက်လောက်ပေမယ့် ရှုမိသားစုကိုတော့ ကြောက်လောက်မှာပါ”

“ဒါနဲ့ အင်တာဗျူးဖြေနေတဲ့အချိန်မှာ ကြယ်စင်ခုနစ်ဖော်ဝိုင်ရဲ့ လက်ရှိနာမည်ကြီးမှုကို ခဏခဏပြောပေးဖို့ မမေ့နဲ့နော်၊ ဒါက နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ နိုင်ငံကိုယ်စားပြုဝိုင်ဖြစ်တဲ့အတွက် စော်ကားချင်တိုင်း စော်ကားလို့မရဘူးဆိုတာကိုပေါ့၊ ညီမတို့ကိုစော်ကားတဲ့ မီဒီယာတွေကိုတော့...ပြန်သွားပြီး လိုအပ်တဲ့အချက်အလက်တွေ စစ်ပေးပါလား၊ ဒီထက်ပိုကျယ်ကျယ်ပြန့်ပြန့်သိမှာဖြစ်မယ်”

ကျင်းယွင်ကျောင်းသည် ဖုန်းထဲမှတဆင့် ညွှန်ကြားလိုက်ပြန်၏။

ထို့သို့ပြောပြီးနောက် ကျင်းယွင်ကျောင်းသည် အေးအေးလူလူပင် အိမ်သို့ပြန်ပြီး သူမဦး‌လေးအလုပ်ဆင်းမည်ကို စောင့်နေလိုက်သည်။

သူမသည် တစ်နေ့လုံး တစ်ခုခုကိုတွေးနေသည့်ဟန်ပေါ်နေသဖြင့် ရှုဝမ်ချန်းအလွန်သိချင်နေမိ၏။ သို့ရာတွင် ကျင်းယွင်ကျောင်းဘက်မှ စတင်ပြောမည်ကို စောင့်လိုသောကြောင့် သူမမေးခဲ့ပေ။ ကျင်းယွင်ကျောင်းမှာမူ သူ၏အစ်ကိုကြီးပြန်လာသည်ထိ တစ်ခွန်းမှမဟပါချေ။ အစ်ကိုကြီးအိမ်ပြန်ရောက်မှသာ သူမသည် သက်မချလိုက်တော့၏။ ထိုအရာကြောင့် သူသည် အနည်းငယ်မနာလိုဖြစ်မိသွားသည်။

“ဘာဖြစ်လို့လဲ အားကျောင်း ဘယ်သူကသမီးကိုအနိုင်ကျင့်လဲ?”

ဦးလေးအကြီးသည် ရှုဝမ်ချန်းအား ဝေ့ကြည့်ကာ မေးလိုက်သည်။

“ရှောင်ကျောင်းကို အနိုင်ကျင့်တာငါမဟုတ်ဘူးလေ”

ရှုဝမ်ချန်းသည် ဆိုဖာပေါ်တွင် မှီထိုင်ကာ သူ၏အစ်ကိုကြီးအား မှဲ့ရွဲ့ပြောလိုက်၏။

ကျင်းယွင်ကျောင်းပြုံးလိုက်တော့သည်။

“ဦးလေးအငယ်က သမီးအပေါ်အရမ်းကောင်းပါတယ်၊ သမီးက ဦးလေးအကူအညီလိုလို့ပါ”

“ဟင်?”

ရှုယွမ်ထက်သည် သူ၏ကုတ်အင်္ကျီကိုချွတ်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ သူသည်လည်း အနည်းငယ်သိချင်မိသွားသည်။

“ပြောလေ ဘာဖြစ်လို့လဲ?”

ကျင်းယွင်ကျောင်း မိသားစုနှင့်ပြန်လည်ပေါင်းစည်းသည့်အချိန်မှစ၍ ရှုဝမ်ချန်းနှင့် ရှုယွမ်ထက်တို့နှစ်ဦး အိမ်ပြန်လာလျှင် ပထမဆုံးသွားသောနေရာမှာ သူတို့အဆောက်အဦးမဟုတ်ဘဲ ကျင်းယွင်ကျောင်းနေထိုင်သော ပင်မဆောင်ကိုဖြစ်၏။ ညီအစ်ကိုနှစ်ဦးသည် ယခင်က တွေ့လေ့တွေ့ထမရှိသော်လည်း ယခုမူ တွေ့လိုက်တိုင်း အချင်းချင်းပြိုင်ဆိုင်နေတော့သည်။

“သမီးကုမ္ပဏီက နည်းနည်းပြသာနာတက်နေလို့ပါ၊ မြို့တော်ထဲက မီဒီယာတစ်ချို့က ရှေ့ထွက်လာပြီး ကုမ္ပဏီနဲ့ပတ်သတ်တဲ့ သတင်းအတုတွေလွှင့်နေတယ်လေ၊ ဒီသတင်းကိစ္စကို ငွေနဲ့ပေါက်ပြီးဖြေရှင်းလို့ရပေမယ့် ဒီဟာရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတာမို့ ငွေအများကြီးသုံးမှပြေလည်လိမ့်မယ်၊ သမီးအဲ့လောက်ငွေကုန်ကြေးကျမခံချင်ဘူး ဦးလေး၊ စဥ်းစားကြည့်လိုက်တော့ ဦးလေးအာဏာနဲ့ ဒီကိစ္စကို ဖြေရှင်းတာပဲ ပိုကောင်းမယ်လို့ ထင်လိုက်တာပါ”

ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ခွက်ငယ်အားကိုင်ကာ အလိုလိုက်ခံရသောကလေးတစ်ဦးကဲ့သို့ ပြုမူလိုက်သည်။

All Chapters