← Chapters

အခန်း (၉၇၇-၉၈၀)

Vol. 49 Ch. 977-980

အခန်း (၉၇၇-၉၈၀)

Vol. 49 Ch. 977-980

Space and Rebirth 977

ကျင်းယွင်ကျောင်းသည် ရှုမိသားစုနှင့် နေထိုင်သည်မှာ အချိန်တစ်ခုကြာပေပြီ။ သူတို့သည် အတူနေထိုင်ရုံမက သွေးတော်စပ်သူများလည်းဖြစ်သဖြင့် သူတို့ကြားမှ ဆက်ဆံရေးသည် တစ်နေ့တစ်ခြား ပိုကောင်းသထက်ကောင်းလာတော့၏။ မိသားစုဝင်များနှင့် ပထမဆုံးစတွေ့စဥ်က သူမ၏အေးတိအေးစက်အပြုအမူနှင့်ယှဥ်လျှင် များစွာပြောင်းလဲသွားသည်ဟု ပြောရမည်။

ယခု သူမ၏ကုမ္ပဏီမှာ ပြသာနာတက်နေကြောင်း ရှုယွမ်ထက်ကြားလိုက်ရသောအခါ ပဟေဠိဖြစ်သွားတော့သည်။

“သမီးကုမ္ပဏီက စစ်တပ်ရဲ့ကာကွယ်မှုအောက်မှာ ရှိနေတာမဟုတ်ဘူးလား? ဘယ်သူကများ သမီးတို့ကို ထိရဲတာလဲ?”

သူကိုယ်တိုင်ပင်လျှင် ကျောက်စိမ်းဆေးဝါးကုမ္ပဏီအား စိတ်ရှိသလို ကိုင်တွယ်ဖြေရှင်း၍မရခဲ့ပေ။

“ဆေးကုမ္ပဏီမဟုတ်ပါဘူး ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီပါ”

ကျင်းယွင်ကျောင်းသုတ်သီးသုတ်ပြာဖြင့် ရှင်းပြလိုက်သည်။

“ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက နင်းမြို့တော်မှာစခဲ့တဲ့ သမီးလုပ်ငန်းတွေထဲကတစ်ခုပါ၊ အခုလည်း ကောင်းကောင်းတိုးတက်နေပါတယ် အခုတလော သမီးကစျေးကွက်ပြောင်းပြီး မြို့တော်မှာ ရုံးခွဲဖွင့်ဖို့ပြင်နေခဲ့ပေမယ့် တစ်ယောက်ယောက်က မီဒီယာတွေကို လာဘ်ထိုးပြီး စိတ်မချမ်းသာစရာကိစ္စတစ်ချို့ကို သတင်းရေးလိုက်လို့ပါ၊ သမီးတို့ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက မြို့တော်ထဲမှာလည်း အဆက်အသွယ်ရှိတာမဟုတ်ဘူးလေ၊ သမီးဘက်က ပိုက်ဆံပေးဖြေရှင်းရင်တောင် မီဒီယာတွေက ကုမ္ပဏီကို လွှတ်ပေးချင်မှလွှတ်ပေးမှာ၊ ဒါကြောင့် ဦးလေးအကြီးကိုပဲ သမီးအားကိုးရတော့မယ်”

ကျင်းယွင်ကျောင်းစကားပြောပြီးနောက်တွင် လက်ဖက်ရည်ခွက်ကိုကိုင်ထားသော ရှုယွမ်ထက်၏လက်သည် ပြင်းထန်စွာ တုန်ခါသွားတော့၏။ ကံကောင်းစွာဖြင့် သူ၏ပါးစပ်ထဲရှိလက်ဖက်ရည်များမှာ ဗိုက်ထဲရောက်နေလေပြီ။ မဟုတ်ပါက သူ၏ပါးစပ်မှ လက်ဖက်ရည်များ ဖူးခနဲထွက်လာမည်မှာ သေချာ၏။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီလို့ပြောလိုက်တာလား? အဲ့ကုမ္ပဏီရဲ့သူဌေးက ပိုင်ယွီအန်းဆိုတဲ့လူမဟုတ်ဘူးလား?”

ရှုယွမ်ထက်သည် မျက်လုံးပြူးမျက်ဆန်ပြာဖြင့် မေးလိုက်တော့သည်။

“အစ်ကိုပိုင်က သမီးအတွက် အလုပ်လုပ်ပေးနေတာပါ”

ကျင်းယွင်ကျောင်းသည် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။

ရှုယွမ်ထက်၏နှုတ်ခမ်းစွန်းများ တွန့်သွားပြန်သည်။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် မြို့တော်ထဲသို့ အခွန်ငွေများစွာ သယ်ဆောင်လာပေးခဲ့၏။ ၎င်းထက်ပိုအရေးကြီးသောအရာမှာ သူမ၏ဝိုင်ကုမ္ပဏီသည် လူများစွာအတွက် အလုပ်အခွင့်အလမ်းများစွာ ပေးခဲ့ပေသည်။ ထို့အပြင် သူမသည် မကြာသေးမီကပင် နိုင်ငံကိုယ်စားပြုဝိုင်ဆုကို ရရှိခဲ့သည်။ သူသည် အနည်းငယ်အားကျမိသွား၏။ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသာ သူ၏လက်အောက်တွင်ရှိနေခဲ့လျှင် သေချာပေါက် နိုင်ငံရေးအောင်မြင်မှုတစ်ခုဖြစ်ချေမည်။

သို့သော် သူအထင်ကြီးနေခဲ့သောကုမ္ပဏီမှာ သူ့တူမလေး၏အပိုင်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အားကျောင်း ဦးလေးမှတ်မိတာမှန်တယ်ဆိုရင် ဒီကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီက...လွန်ခဲ့တဲ့ နှစ်နှစ်-သုံးနှစ်က ပေါ်လာတာမဟုတ်ဘူးလား? အဲ့အချိန်တုန်းက သမီးဘယ်နှစ်နှစ်ရှိသေးလို့လဲ? ပြီးတော့ ကုမ္ပဏီထောင်ဖို့ မတည်ငွေကိုလည်း ဘယ်ကနေရခဲ့တာလဲ?”

ရှုယွမ်ထက်သေချာစဥ်းစားကြည့်လိုက်သော်လည်း မယုံနိုင်သေးပေ။

သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှုဝမ်ချန်းလည်း နားကိုစွင့်လိုက်၏။ သူ၏မျက်နှာအသွင်အပြင်မှာ အံ့သြမှုနှင့် ဂုဏ်ယူမှုများဖြင့် ရောပြွန်းနေလေသည်။ ဤအခိုက်အတန့်တွင် သူ၏ခံစားချက်များကို ဖော်ပြ၍မစွမ်းသာပေ။ ကျင်းယွင်ကျောင်းအားကြည့်နေသော သူ၏အကြည့်ပင်လျှင် အဓိပ္ပာယ်ဖော်ရခက်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြင့် ပြည့်နှက်နေလေ၏။

“အဲ့တုန်းက သမီးအမှုမဲ့အမှတ်မဲ့နဲ့ ကရားကြီးတစ်လုံးဝယ်ခဲ့တယ်၊ ရှေးဟောင်းကရားတစ်ခုလေ အဲ့ကရားကို လိုင်းပေါ်မှာ တင်လိုက်တော့ အဲဒါကို နင်းမြို့တော်မှာနေတဲ့ အကြီးအကဲထန်က အရမ်းသဘောကျသွားပြီး သမီးကို အရမ်းများတဲ့ငွေပမာဏတစ်ခုပေးခဲ့တယ်၊ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို အဲ့ငွေတွေနဲ့ စထောင်ခဲ့တာပဲ၊ ပြီးတော့ သမီးယန်ခရိုင်မှာရှိတုန်းက လူနာတွေကို မကြာခဏ ဆေးကုပေးခဲ့ရတယ်လေ၊ ဒါကြောင့်မို့ နင်းမြို့တော်နဲ့ သမီးတို့ခရိုင်မှာ သမီးအဆက်အသွယ်တွေက ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်ပြောရမယ်၊ အဲဒါအပြင်...သမီးကို ပညာတွေအများကြီးသင်ပေးပြီး အဖိုးတန်ရတနာတစ်ချို့ပေးခဲ့တဲ့ လျှို့ဝှက်ဝိဇ္ဇာတစ်ယောက်ကိုလည်း တွေ့ခဲ့ရသေးတယ် သူပေးတဲ့အထဲမှာ ဂျင်ဆင်းမြစ်တစ်ခုပါတယ်၊ အဲ့ဂျင်ဆင်းကို အဘိုးဆီရောင်းလိုက်တော့ ယွမ်သန်းချီရခဲ့တယ်လေ”

ကျင်းယွင်ကျောင်းအသေးစိတ်ရှင်းပြလိုက်သည်။

ထိုအချိန်က ဤအကြောင်းအရာများအား သူမနှင့်အလုပ်လုပ်ခဲ့သောလူများကိုသာ ပြောခဲ့ဖူး၏။ ဥပမာအားဖြင့် ယွီထျန်းရှန်းမှ တုလင်းဖြစ်သည်။ သူမပိုင်ဆိုင်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအား ထိုထူးဆန်းလျှို့ဝှက်သောဆရာမှ ထောက်ပံ့ခြင်းဖြစ်သည်ဟု သူမပြောခဲ့သည်။ တုလင်းမှာ သူမစကားကို သိပ်မယုံကြည်သော်လည်း သူစုံစမ်းကြည့်လျှင်ပင် ဘာကိုမှတွေ့မည်မဟုတ်ချေ။

ဤကမ္ဘာနှင့် သီးခြားတည်ရှိနေသော နေရာလွတ်နယ်မြေတစ်ခုရှိလိမ့်မည်ဟု မည်သူကထင်ခဲ့မည်နည်း? ထို့အပြင် သူမသည် တုလင်းအား ရွေးချယ်ရသောအကြောင်းရင်းမှာ အနာဂတ်တွင် ယွီထျန်းရှန်း၏စီးပွားရေးအား တိုးတက်စေချင်သောကြောင့်ဖြစ်ပြီး ယွီထျန်းရှန်းလိုအပ်သောအရာကိုလည်း သူမနားလည်သောကြောင့်ဖြစ်သည်။ တုလင်းမှာ အချက်အပြုတ်ကိုစွဲလမ်းသူဖြစ်၏။ သူသည် သူ၏ဘိုး‌ဘေးများ၏ ချက်ပြုတ်ရေးစွမ်းရည်များကို ထုတ်ဖော်ပြသနိုင်သော ကုန်ကြမ်းအချို့ကို လိုချင်နေခဲ့၏။ ထိုကုန်ကြမ်းပစ္စည်းများ၏စျေးမှာ သင့်တင့်နေသရွေ့ သူသည်လက်ခံမည်ဖြစ်ပြီး အခြားမေးခွန်းများမေးမည်မဟုတ်ပေ။

သို့ရာတွင် ယခုအချိန်၌ ကျင်းယွင်ကျောင်း၏စကားများကြောင့် ရှုညီအစ်ကို ထိတ်လန့်အံ့အားသင့်သွားတော့သည်။

“အဲ့ဝိဇ္ဇာက ဘယ်ကနေလာတာလဲ?”

အခြားသူဆိုလျှင် ဤကမ္ဘာပေါ်၌ လျှို့ဝှက်ဝိဇ္ဇာတစ်ဦးရှိကြောင်း ယုံမည်မဟုတ်သော်လည်း ရှုမိသားစုဝင်များဖြစ်ကြသောကြောင့် သူတို့နှစ်ဦးလုံးယုံကြပေသည်။

သာဓကပြရလျှင် သူတို့ဖခင်သည် ဝိဇ္ဇာဘွဲ့ရရှိထားသူဖြစ်၏။ ရှုမိသားစုမျိုးဆက်များသာ နာမည်မကြီးလျှင် သူတို့ဖခင်သည်လည်း လျှို့ဝှက်ဝိဇ္ဇာတစ်ဦးဖြစ်မည်မှာ သေချာပေသည်။

Space and Rebirth 978

သူမ၏ဆရာအကြောင်း ပြောရသောကြောင့် ကျင်းယွင်ကျောင်းသည် အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်၏။

“ဆရာက နတ်ဘုရားတစ်ပါးလို အငွေ့အသက်မျိုးရှိပြီး စရိုက်အေးတယ်၊ သူကသမီးကို အများကြီးသင်ပေးခဲ့တာပေါ့၊ သူ့ကြောင့်သာမဟုတ်ရင် သမီးအခုချိန်ထိ ချောင်မိသားစုထဲမှာ ဒုက္ခခံနေရဦးမှာ၊ ဒါပေမယ့် ဆရာက သူ့အကြောင်းနဲ့ပတ်သတ်ပြီး တခြားသူတွေကိုများများစားစားပြောဖို့ ခွင့်မပြုထားဘူး၊ သူ့တပည့်စဖြစ်တုန်းက သမီးလည်း လေးလေးနက်နက်သစ္စာဆိုထားခဲ့တာမို့ အသေးစိတ်တော့ပြောလို့မရဘူး၊ ဦးလေး သမီးကို အတင်းမမေးပါနဲ့နော်”

“သူ့ကိုကတိပေးထားတာဆိုတော့ လျှို့ဝှက်ထားမှဖြစ်မှာပေါ့”

ရှုယွမ်ထက်သည် အလွန်ပင် နားလည်ပေးလေသည်။

ရှုမိသားစုမှာ နှစ်ထောင်ချီသော ပညာအမွေရှိ၏။ သူတို့၏ဆေးညွှန်းများ၊ ဆေးကျမ်းများလုံးနီးပါးသည် လျှို့ဝှက်ချက်များဖြစ်သည်။ သူတို့အားလုံးသည် ဆေးပညာမသင်ယူခင်တွင် ကိုယ့်ကျင့်တရားကို အရင်သင်ယူကြရသည်။ အနည်းဆုံးအနေဖြင့် မိမိပေးထားသောကတိကို တည်ရပေမည်။

“ကြည့်ရတာ ငါတို့ရှောင်ကျောင်းက အရင်တုန်းက လူတွေအများကြီးနဲ့တွေ့ခဲ့ပုံပဲ”

ရှုဝမ်ချန်း မနေနိုင်မထိုင်နိုင် အာမေဋိတ်ပြုမိတော့၏။

“သမီးရဲ့ကံကို....ရှုမိသားစုထဲက ဘယ်သူမှ ယှဥ်နိုင်မယ်မထင်ဘူး”

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ....ဤကုမ္ပဏီအကြောင်းကို သူလည်းသိထားလေသည်။

သူသည် တရုတ်ပြည်သို့ ပြန်ရောက်ချိန်မှစ၍ အိမ်တွင်ဖြစ်စေ အပြင်သွားလျှင်ဖြစ်စေ နေရာတကာတွင် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီမှ ထုတ်လုပ်သော ဝိုင်များကို တွေ့နေရ၏။ လွန်ခဲ့သောရက်ပိုင်းလောက်ကပင် တစ်စုံတစ်ယောက်က သူ့အား လက်ဆောင်ပို့ထားသေးသည်။ ထိုလက်ဆောင်များထဲတွင် ကြယ်စင်ခုနစ်ဖော်ဝိုင်နှစ်ပုလင်း ပါပေ၏။ ချိန်ဆသောက်သုံးလျှင် ခန္ဓာကိုယ်အား ကြံ့ခိုင်စေသည်ဟု ပြောကြသည်။ ကြယ်စင်ခုနစ်ဖော်ဝိုင်ထဲတွင် သုံးထားသော ပါဝင်ပစ္စည်းများမှာလည်း အလွန်အကျိုးရှိပေသည်။ စျေးမှာလည်း မယုံနိုင်လောက်အောင် မြင့်မားလှပြီး တစ်နှစ်တွင် ထုတ်လုပ်သောပမာဏမှာ အလွန်နည်းပါးပေ၏။

ထိုအချိန်က သူသည် များများစားစားမတွေးဘဲ ထိုဝိုင်အား သူ၏အဖေဖြစ်သူသောက်ရန်ပေးလိုက်သည်။ သူ၏အဖေမှာ ၎င်းကိုမြင်လိုက်သည်နှင့် မျက်စောင်းခဲကာ သူ့အား ဝိုင်ကောင်းကိုဖြုန်းတီးနေသည်ဟု အပြစ်တင်ပြောဆိုကာ ဒေါသတကြီးဖြင့် ယူသွားခဲ့၏။

ထိုအချိန်က သူ၏ဖခင်သည် သူ၏ ‘ကိုယ်ပိုင်’ ဝိုင်ပုလင်းတစ်လုံးရှိကြောင်း သူသိလိုက်ရသည်။ အမြဲတမ်းလိုလိုပင် ထိုပုလင်းအား မွှေးကြိုင်သောဝိုင်များဖြင့် အပြည့်ဖြည့်ထားတတ်၏။ အခြားဝိုင်များကိုမူ လက်ဖြင့်ပင် မထိထားချေ။ ယခုသူစဥ်းစားကြည့်လိုက်သောအခါ သူ့ဖခင်၏ဝိုင်အား ကျင်းယွင်ကျောင်းမှ ပေးထားခြင်းဖြစ်မည်။ ထို့ကြောင့်လည်း သူသည် ၎င်းအား ထိုမျှလောက် တန်ိဖိုးထားနေခြင်းဖြစ်မည်။

ယခင်က သူသည် နိုင်ငံခြားမှ တင်ပို့သော နာမည်ကြီးဝိုင်နီကိုသာ နှစ်သက်သော်လည်း ယခုမူ သူ၏တူမမှာ ဝိုင်ရောင်းနေသောကြောင့် မည်သို့ပင်ဖြစ်စေ သူမအား အားပေးရပေမည်။ အနာဂတ်တွင် သူ၏အကြိုက်ကို ပြောင်းလဲရတော့မည်။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းမှာ သူမကိုယ်သူမ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏သူဌေးဟု ကြေညာလိုက်ပြီဖြစ်သည်။ ရှုယွမ်ထက်၏စိတ်ထဲတွင် အံ့အားသင့်နေသော်လည်း သူမက အကူအညီလာတောင်းသောကြောင့် သေချာပေါက်ကူညီရချေမည်။

သူသည် ချက်ချင်းဆိုသလိုပင် သူ၏အတွင်းရေးမှူးအား ဖုန်းဆက်ကာ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား ဒုက္ခပေးနေသော ကောလဟာလအကြောင်းကို မေးမြန်းစုံစမ်းလိုက်၏။

ကျင်းယွင်ကျောင်းလည်း ဒေါသထွက်နေသော်လည်း သူဒေါသထွက်သည်ကို မီမည်မထင်ပေ။ တစ်စုံတစ်ယောက်က ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား မြို့တော်ထဲတွင် ခြေကုပ်ယူရန် မလိုလားချေ။ ထိုလူသည် သူ၏အဖိုးတန်တူမလေးမှ သူ့အပေါ်အာရုံစိုက်ရန် မလိုလားသည့်သဘောသာဖြစ်သည်။ ဤကိစ္စအား အဘယ်သို့ကျေနပ်နိုင်မည်နည်း? သူအမိန့်ပေးလိုက်သည်နှင့် သူ၏လက်အောက်ငယ်သားများသည် ဤကိစ္စအား ရင်တုန်ပမ်းတုန်ဖြင့် ဖြေရှင်းပေးကြလိမ့်မည်။

“ရှောင်ကျောင်း စိတ်မပူနဲ့နော်၊ မနက်ဖြန်မနက်မတိုင်ခင် မကောင်းတဲ့သတင်းတွေအားလုံး ပျောက်သွားစေရမယ်လို့ ဦးလေးအာမခံတယ်”

ရှုယွမ်ထက်နှစ်သိမ့်လိုက်၏။

ကျိကျိတက်ချမ်းသာသော လုပ်ငန်းရှင်များပင်လျှင် ရှုယွမ်ထက်အာဏာကို လျစ်လျူရှု၍မရပေ။

“ကျေးဇူးပါ ဦးလေး၊ ဦးလေးကြောင့် သမီးအခုမှပဲ စိတ်အေးရတော့တယ်”

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုစေ့ကာ တောက်ပဝင်းလက်သောမျက်လုံးများဖြင့် ပြုံးလိုက်သည်။

သူမဦးလေးနှစ်ဦးလုံးသည် တစ်ချိန်တည်းတွင်ပင် ပျော်ရွှင်မိသော်လည်း ခံစားချက်မျိုးစုံ သောင်းပြောင်းရှုပ်ထွေးသွားတော့၏။ သူတို့သည် အဓိပ္ပာယ်ဖော်ရခက်သောအကြည့်ဖြင့် ကျင်းယွင်ကျောင်းကို ကြည့်လိုက်ကြသည်။

ကျင်းယွင်ကျောင်း၏အရည်အချင်းအား အသိအမှတ်ပြုပြီး သူမအား ကူညီပေးရခြင်းမှာ ရေနစ်သူကို ဝါးကူပေးခြင်းမဟုတ်ပေ။ သူမတွင် အောင်မြင်မှုများစွာရှိလေလေ ရှုမိသားစုမှ သူမအား အခွင့်ကောင်းယူနေသည့်ပုံပေါက်လေလေဖြစ်၏။ အနာဂတ်တွင် သူမ၏နာမည်ဂုဏ်သတင်းမွှေးပျံ့လာသည်နှင့်အမျှ ဦးလေးဖြစ်သောသူတို့သည်လည်း အကျိုးခံစားခွင့်များစွာ ရရှိလာပေလိမ့်မည်။

ကောင်းသောအရာဖြစ်သော်လည်း စိတ်ထဲတွင် အနည်းငယ်မချိုမချဥ်ဖြစ်မိ၏။ သူမစောစောစီးစီးရင့်ကျက်ထက်မြက်သည်ကို မြင်ရသည်ထက် သူတို့ကသာ တူမလေးအား ရင်အုပ်မကွာ စောင့်ရှောက်ပေးချင်မိသည်။

ရှုယွမ်ထက်၏အကူအညီဖြင့် မီဒီယာများသည် ချက်ချင်းသလို ကြောက်ဒူးတုန်ကာ သတင်းများကို အလျင်အမြန်ဖျက်သိမ်းလိုက်ကြသည်။

ဖန်လီချင်းသည် ဤအရာများအားလုံးကို နောက်ကွယ်မှကြည့်နေခဲ့၏။ သတင်းများအားလုံး အစအနမကျန်ဘဲ ပျောက်သွားကြောင်း မြင်လိုက်ရသောအခါ နားမလည်နိုင်ဖြစ်သွားတော့သည်။ သူသည် သုတ်သီးသုတ်ပြာဖြင့် သူနှင့်အရင်းနှီးဆုံး မီဒီယာသမား ဆက်သွယ်ကာ မေးမြန်းလိုက်သော်လည်း ဤတစ်ခေါက်တွင် သူသည် ပို၍ပင် ဇဝေဇဝါဖြစ်သွားတော့သည်။

Space and Rebirth 979

သစ္စာကင်းမဲ့ဝိုင်ဟု ဖန်လီချင်းအား ကူညီကြေညာပေးခဲ့သော မီဒီယာကုမ္ပဏီ၏စီအီးအိုမှာ ဖန်လီချင်းနှင့် တိုက်ရိုက်ရင်းနှီးပေသည်။ ဖန်လီချင်းသည် ထိုကုမ္ပဏီ၏ရှယ်ယာရှင်တစ်ဦးဖြစ်၏။ သူ့တွင် ရှယ်ယာများစွာ မပိုင်ဆိုင်သော်လည်း မိမိတို့အား ကျောထောက်နောက်ခံအဖြစ်နေပေးမည့် ငွေအင်အားတစ်ရပ်ဖြစ်သောကြောင့် မီဒီယာကုမ္ပဏီသည် ဖန်လီချင်းပြောသမျှကို နာခံလေသည်။

“တခြားကုမ္ပဏီတွေတော့မသိပေမယ့် ကျွန်တော်တို့ကတော့ ဒီမနက်မှာ အစိုးရပိုင်းကနေ ဖုန်းဆက်တာခံလိုက်ရတယ် ၊ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီကို နာမည်ဖျက်တဲ့သတင်းမှန်သမျှ ပိတ်ပင်တယ်တဲ့လေ၊ ဒီအမိန့်ကို မြို့တော်ဝန်ရှုကိုယ်တိုင် လက်ဆင့်ကမ်းလိုက်တဲ့ပုံပဲ၊ သူ‌ဌေးဖန် ကျွန်တော်ကတော့ အခုမလှုပ်ရဲတော့ဘူး ကျွန်တော်သာ မြို့တော်ဝန်ရှုကို အာခံမိရင် ကျွန်တော့်ရဲ့ မီဒီယာသတင်းကုမ္ပဏီပိစိလေးလည်း ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူးလေ”

ကုမ္ပဏီစီအီးအိုသည် ဖုန်းတစ်ဖက်ခြမ်းမှ သုတ်သီးသုတ်ပြာ ရှင်းပြနေ၏။

“မြို့တော်ဝန်ရှု? ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီဘက်က မြို့တော်ဝန်ရှုအယောင်ဆောင်ဖို့ လူတစ်ယောက်ယောက်လွှတ်လိုက်တာများလား?”

ဖန်လီချင်း လုံးဝမယုံကြည်ချေ။

ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် အမှန်တကယ်ပင် နာမည်ကြီးသော်ငြား မြို့တော်၌ လွှမ်းမိုးမှုသိပ်မရှိသည့်အပြင် သူကိုယ်တိုင်ကလည်း မီဒီယာအား ဖိအားပေးရန် အခြားဝိုင်ကုမ္ပဏီအချို့ကို တိတ်တခိုးဆက်သွယ်ခဲ့သေးသည်။ မြို့တော်ဝန်ရှုမှ ဤကိစ္စအား သိသွားလျှင်ပင် ထိုဝိုင်ကုမ္ပဏီများ၏အရှိန်အဝါကြောင့် မသိကျိုးကျွံပြုထားပေလိမ့်မည်။

“အယောင်ဆောင်တာတော့မဟုတ်ဘူး ဖုန်းခေါ်တဲ့သူက မြို့တော်ဝန်ရှုနားကလူပဲ”

ထိုစီအီးအိုမှ ထပ်လောင်းပြောကြားလိုက်၏။

ဖန်လီချင်းထက် စိတ်ဆိုးသထက် ဆိုးလာတော့သည်။

“မြို့တော်ဝန်ရှုက အားယားနေတာလား? အစိုးရပိုင်းက ဘာထပ်ပြောသေးလဲ?”

“ဒီလိုမကောင်းတဲ့ပြိုင်ဆိုင်မှုမျိုးကို ရပ်လိုက်ဖို့နဲ့ နောက်တစ်ခါ ဒီလိုအခြေအနေမျိုးဖြစ်ရင် စုံစမ်းစစ်ဆေးရေးအရှိန်ကို တိုးမြှင့်ပါမယ်တဲ့၊ ဟိုဝိုင်ကုမ္ပဏီတွေကိုလည်း သူတို့အသိပေးပြီးလောက်ပြီ၊ မကြာသေးခင်ကပဲ အဲ့ကုမ္ပဏီက ကိုယ်စားလှယ်တွေက သူတို့ကြေညာချက်တွေကို ပြန်ရုတ်သိမ်းဖို့ ဆက်သွယ်လာတယ်...”

ဖန်လီချင်းမှ သူ၏နားထင်ကိုပွတ်လိုက်၏။ အဘယ်ကြောင့် မြို့တော်ဝန်ရှုကိုယ်တိုင် ဤသို့ကိစ္စအသေးအမွှားလေးအား ဝင်ရောက်စွက်ဖက်ရသည်ကို သူနားမလည်နိုင်ပေ။

ဧကန္တ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီ၏ ကြယ်စင်ခုနစ်ဖော်ဝိုင်သည် နိုင်ငံတကာပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရပြီး နိုင်ငံကိုယ်စားပြုဝိုင်အဖြစ် ဂုဏ်သတင်းတက်လာသောကြောင့်လော? သူမည်သို့ပင်စဥ်းစားစေကာမူ အဖြေရှာမရဘဲ အကြပ်ရိုက်နေတော့၏။

“နောက်တစ်ခါစမ်းကြည့်ဦး၊ ဒီတစ်ခေါက် လူထုဆီကြေညာတာ နည်းနည်းလျှော့ပြီး သွေးတိုးစမ်းကြည့်...”

ဖန်လီချင်းစဥ်းစားကြည့်လိုက်သောအခါ ဤအရာအား ထူးဆန်းလှသည်ဟု မှတ်သောကြောင့် ဤသို့လုပ်ရန်ညွှန်ကြားလိုက်၏။

ဤမီဒီယာကုမ္ပဏီမှာ ဖန်လီချင်းနှင့် ရင်းနှီးပေသည်။ သူတို့သည် အနည်းငယ်စိုးရွံ့မိသော်လည်း ဖန်လီချင်းသာ ဒေါသထွက်လျှင် သူတို့ကုမ္ပဏီအတွက် ကောင်းနိုင်စရာမရှိရာ။ ထို့ကြောင့် နာခံကျိုးနွံစွာဖြင့်သာ နားထောင်လိုက်ပြီး အွန်လိုင်းသတင်းစာမျက်နှာတွင် ပိုင်ယွီအန်း၏သတင်းအတွက် တစ်နေရာစာချန်ထားလိုက်ကြ၏။

ပိုင်ယွီအန်းမှာ ရှေ့ထွက်၍ အခြေအနေကို ရှင်းပြပြီးဖြစ်ကာ ဤကိစ္စ၏ အကျိုးဆက်မှာလည်း လျစ်လျူရှု၍ရနိုင်သော အနေအထားသို့ ရောက်သွားချေပြီ။

သို့ရာတွင် ယင်ကောင်ဟူသည်မှာ လူများကို မသေစေနိုင်သော်လည်း နားရွက်အနီးတွင် တစီစီပျံဝဲနေလျှင် အာရုံနောက်စရာကောင်းသည်မဟုတ်လော။ ထို့ကြောင့်ပင် ကျင်းယွင်ကျောင်း၏တောင်းဆိုချက်ဖြင့် ပိုင်ယွီအန်းသည် အလျင်အမြန်ပင် ဤအွန်လိုင်းသတင်းမီဒီယာကုမ္ပဏီအား စုံစမ်းတော့သည်။

ထိုကုမ္ပဏီမှာ ကုမ္ပဏီအကြီးအစားမဟုတ်သော်လည်း သတင်းမီဒီယာနယ်ပယ်တွင် သြဇာညောင်းပေ၏။ ၎င်းတို့ဖမ်းယူရရှိသောသတင်းများသည် အမြဲတစေ အာရုံဖမ်းစားနိုင်စွမ်း ပိုရှိလှသည်။ ထို့ကြောင့် ၎င်းတို့ထုတ်သမျှ ပုံနှိပ်သတင်းစာဖြစ်စေ အင်တာနက်ပေါ်မှ အွန်လိုင်းသတင်းဖြစ်စေ ဖတ်ရှုသူအရေအတွက် အလွန်မြင့်မား၏။

သို့ရာတွင် ဖတ်ရှုသူများကို ဆွဲဆောင်ရန်အတွက် ဤမီဒီယာကုမ္ပဏီများ ထုတ်လွှင့်သောသတင်းများသည် အနည်းနှင့်အများဆိုသလို ချဲ့ကားပြောခြင်းများ၊ မတိကျခြင်းများ ရှိသည်။ သူတို့သည် သတင်းများများရေးလေလေ ပြသာနာများဖြစ်လာလေလေဖြစ်၏။ ထိုပြသာနာ၏အရင်းအမြစ်အား ရှာဖွေရန် မခက်ခဲပါချေ။

ကျင်းယွင်ကျောင်းသည် ဤကုမ္ပဏီမှ ထုတ်လွှင့်ထားသော နာမည်ကြီးသတင်းများအားလုံးကို သူမငှားရမ်းထားသော လက်ရွေးစင်စုံထောက်အချို့ထံ ပို့လွှတ်လိုက်သည်။ သူတို့၏စွမ်းရည်ဖြင့်ဆိုလျှင် ထိုသတင်းများထဲမှ အဓိကဇာတ်ဆောင်များ၏ လက်တွေ့အခြေအနေကို ရှာဖွေသိရှိရန် လွယ်ကူပေသည်။

သို့ရာတွင် ဤစုံစမ်းစစ်ဆေးရေးမှာ တစ်ညတည်းဖြင့် ပြီးသောအရာမဟုတ်ပေ။ မိမိလူများလွှတ်လိုက်ပြီဖြစ်၍ ကျင်းယွင်ကျောင်းသည် ယခုတလောပိုင်းတွင် ဧည့်သည်များအား ကြိုဆိုခြင်းကိုသာ အာရုံစိုက်တော့၏။

မွေးနေ့ပွဲမတိုင်ခင် ရက်အနည်းငယ်သာ လိုပေတော့သည်။ အကြီးအကဲကန်၊ စူးချူ၊ ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားပင်လျှင် ယန်ခရိုင်မှ အပြေးအလွှားလာခဲ့ကြလေသည်။

Space and Rebirth 980

ကျင်းယွင်ကျောင်းသည် ဖုန်းမှတဆင့် အခြားသူများအား သူမမိသားစုနှင့်ပြန်ပေါင်းစည်းပြီဖြစ်ကြောင်း ပြောခဲ့သော်လည်း သူမမိသားစု၏အလုပ်အကိုင်ကိုမူ မပြောခဲ့ချေ။ ကျင်းယွင်ကျောင်းသည် သူတို့အား မြို့တော်ထဲသို့ခေါ်လာသောကြောင့် သူတို့အား ရှုမိသားစုနှင့်အတူ နေထိုင်ရန် စီစဥ်ရပေမည်။

ရှုမိသားစုစံအိမ်၏ သုံးလွှာမှာ အလွန်ပင်ကျယ်ဝန်း၏။ လူအနည်းငယ်သာမက လူဒါဇင်ချီပင် လွယ်လင့်တကူ နေထိုင်နိုင်ပေသည်။ သို့ရာတွင် သူတို့သည် ဧည့်သည်များဖြစ်ကြသောကြောင့် အိမ်ရှင်၏နေအိမ်အဆောင်နှင့် သီးသန့်ရှိနေသောနေရာတွင် နေရပေမည်။ ထို့ကြောင့် ရှုဝမ်ချန်းသည် လွန်ခဲ့သောရက်ပိုင်းအတွင်း ပင်မဆောင်၌ ယာယီနေနေခဲ့ပြီး အဆောင်ခွဲများအား ဧည့်သည်များကိုထားရှိရန် အထူးအသုံးပြုလျက်ရှိ၏။

“အစ်မမိသားစုအိမ်က ကြီးကျယ်ခမ်းနားလိုက်တာ၊ မြို့တော်ထဲ ဒီလိုအိမ်မျိုးမှာနေရတာဆိုတော့ အစ်မကိုအရမ်းအားကျတာပဲ!”

စူးချူသည် ကားထဲမှထွက်လာသည်နှင့် အာမေဋိတ်ပြုလိုက်၏။

ရှုမိသားစုအိမ်သည် လေးဘက်လေးတန် လှပသောရှုခင်းများဖြင့် ဝန်းရံထားသည်။ အိမ်အဆောင်မှာ ခမ်းနားလှပြီး အနောက်တွင်လည်း ခြံဝင်းကြီးတစ်ခုရှိကာ အခြားဥယျာဥ်ငယ်များလည်းရှိသည်။ ခြံထဲတွင် ကမဲလီးယားပန်းများအား စိုက်ထား၏။ ထိုပန်းများသည် ဆောင်းရာသီရောက်လျှင် ညှိုးနွမ်းကြွေဆင်းသွားတတ်သော်လည်း နှင်းကျပြီးသောအခါတွင်မူ နတ်ဘုံနတ်နန်းတမျှ လှပလေသည်။

“နင်ကမြို့တော်ထဲမှာပဲ ကျောင်းတက်နေတာဆိုတော့ ‌နောက်ကျရင် ဒီကိုမကြာမကြာလာလည်ပေါ့၊ အခု အိမ်ထဲမှာ လူငယ်ဆိုလို့ငါပဲရှိတာမို့ တိတ်ဆိတ်နေတာပဲ၊ လူများများလာလည်ရင် အိမ်ကြီးလည်း အသက်ဝင်လာမှာပေါ့”

ကျင်းယွင်ကျောင်း အပြုံးဖျော့ဖျော့ ပြုံးလိုက်သည်။ သူမအကြည့်များသည် နူးညံ့သိမ်မွေ့နေပြီး သူမအနီးတွင် တည်ငြိမ်ရင့်ကျက်သော တော်ဝင်အငွေ့အသက်တစ်မျိုးက လွှမ်းခြုံနေ၏။

အကြီးအကဲကန်သည် သူ၏မွေးစားမြေးမလေးအား ကြည့်ပြီး တိတ်တခိုးကျွတ်စုတ်မိသည်။

ကျင်းယွင်ကျောင်းအား မတွေ့ရသည်မှာ မကြာသေးသော်လည်း သူမသည် တစ်နေ့တစ်ခြားအလွန်လှလာတော့၏။ သူမတစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်ကာ နတ်ဘုရားမအသွင်‌ဆောင်နေပြီး ဆောင်းနှင်းမြူကဲ့သို့ ဖြူစင်ကြည်လင်နေတော့သည်။ သို့ရာတွင် သူမသည် အခြားသူများအား ဆက်ဆံရာ၌ နူးညံ့ညင်သာမှုအရိပ်အယောင်ရှိနေလေသည်။

“ယွင်ကျောင်း၊ ဒီကောင်မလေး ပေါက်ပန်းလေးဆယ်တွေ လျှောက်လုပ်လို့ မင်းမိသားစုရှေ့မှာ မင်းမျက်နှာပျက်ရတာမျိုး မဖြစ်စေနဲ့နော်”

အဘိုးကန်သည် ပျော်ရွှင်နေသော်လည်း လူကြီးပီပီ ထိန်းသိမ်းသင့်သည်များကို ထိန်းသိမ်းကြပ်မတ်လိုက်သည်။

ယခုအချိန်တွင် ကျင်းယွင်ကျောင်း၏မိသားစုဝင်များမှ သူမအား မည်သို့ဆက်ဆံနေသည်ကို သူတို့မသိရချေ။ ဤမိသားစု၏လူနေမှုပုံစံမျိုးဖြင့်ဆိုလျှင် သူတို့၏အဆင့်အတန်းမှာ မနိမ့်လောက်ပေ။ ကျင်းယွင်ကျောင်းသည် မိသားစုနှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် အချိန်တိုအတွင်း ထိုသူတို့နှင့် ရင်းနှီးသွားလိမ့်မည်ဟု တပ်အပ်မပြောနိုင်ပါပေ။ ထို့ကြောင့် ဤအချိန်မျိုးတွင် ပြသာနာမရှာသည်က အကောင်းဆုံးဖြစ်၏။

ထို့အပြင် သူမတွင် အဘိုးတစ်ဦးနှင့် ဦးလေးများရှိသည်ဟု သူကြားခဲ့သည်။ ထိုဦးလေးများတွင် မိမိတို့အိမ်ထောင်နှင့် မိမိတို့အလုပ်ကိုယ်စီ ရှိနေလောက်ကြပေပြီ။ ထို့ကြောင့် သူတို့၏တူမဖြစ်သူ ကျင်းယွင်ကျောင်းအား ကောင်းကောင်းဆက်ဆံချင်မှ ဆက်ဆံပေလိမ့်မည်။

အတိုချုံးပြောရလျှင် ကျင်းယွင်ကျောင်းအတွက် ပြသာနာမဖြစ်စေရန် ကြိုးစားသည်က အကောင်းဆုံးဖြစ်သည်။

“စိတ်မပူပါနဲ့ အဘိုးရဲ့ သမီးဦးလေးတွေက သမီးအတွက် အဖော်လုပ်ပေးဖို့ လူတွေထပ်ရှိစေချင်နေတာ”

ကျင်းယွင်ကျောင်းသည် အဘိုးကန်အပေါ် အလွန်ကျေးဇူးတင်မိသည်။ သူမ ချောင်မိသားစုထဲမှ ထွက်လာစဥ်က အဘိုးကန်ကြောင့်သာ သူမသည် မိသားစုဝင်တစ်ဦး၏နွေးထွေးမှုကို ခံစားခဲ့ရသည်။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် သူ့အပေါ်အလွန်တရာလေးစားချစ်ခင်၏။

ထို့ကြောင့် သူမပြောလိုက်သည်။

“အခုသမီးမှာ အဘိုးအရင်းရော မွေးစားအဘိုးရော နှစ်ယောက်ရှိနေပြီဆိုတော့ သမီးဘဝကပြည့်စုံသွားပြီပြောရမယ်၊ ဒါပေမယ့် နှစ်သစ်ကူးနေ့နီးပြီမို့ သမီးဦးလေးနှစ်ယောက်က ခါတိုင်းထက်စာရင် အလုပ်များနေတယ်၊ ညကျမှ ပြန်ရောက်ကြလိမ့်မယ်ထင်တယ်၊ အဲ့အချိန်ကျရင် အဘိုးကို ကြိုဆိုဖို့ သမီးကိုယ်တိုင်ဟင်းချက်ကျွေးမယ်”

“ကောင်းပါပြီကွယ် ကောင်းပါပြီ မင်းရဲ့လက်ရာကို မစားရတာကြာပြီဆိုတော့ ချဥ်ခြင်းတပ်နေပြီ!”

အဘိုးကန်မှ ရုတ်ချည်းဆိုသလို ရယ်လိုက်၏။

လူငယ်မျိုးဆက်ထဲတွင် ကျင်းယွင်ကျောင်းသည် လူကြီးမိဘများအပေါ် အသိတတ်ဆုံးဖြစ်သည်။ သူမသည် သူ့အား ပုံမှန်အားဖြင့် ဖုန်းဆက်တတ်ကာ မကြာခဏဆိုသလို သူ့အား ဝိုင်များပို့တတ်သည်။

လွန်ခဲ့သောရက်ပိုင်းခန့်က တစ်စုံတစ်ဦးသည် သူ၏ဆေးခန်းတွင် ပြသာနာရှာခဲ့၏။ အဆုံးတွင် တစ်နာရီပင်မကြာလိုက်ဘဲ အခြားလူတစ်ဦးမှ လာရောက်ကူညီကာ ထိုလူရမ်းကားအား ခြောက်ထုတ်လိုက်လေသည်။ ထိုအချိန်က သူ့အား လာရောက်ကူညီခဲ့သောလူမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းပြီး ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် တူကြောင်း မြင်လိုက်ရသည်။ သူသည် အနည်းငယ်ဇဝေဇဝါဖြစ်သွားတော့၏။ သေချာမေးကြည့်လိုက်သောအခါ ထိုလူမှာ ယခင်က ကျင်းယွင်ကျောင်းကူညီခဲ့ဖူးသော လူတစ်ဦးဖြစ်ကြောင်း သိလိုက်ရတော့သည်။ ကျင်းယွင်ကျောင်းမထွက်သွားခင်တွင် ဆေးခန်းအား ကူညီစောင့်ရှောက်ပေးရန် တောင်းဆိုထားသောလူဖြစ်၏။

ထိုအခိုက်အတန့်တွင် သူ၏နှလုံးသားတစ်ခုလုံး ခံစားချက်မျိုးစုံ ရောပြွန်းသွားတော့သည်။

သူသည် ဤကလေးအား မိမိ၏မြေးအရင်းကဲ့သို့ ဆက်ဆံဖူးသော်လည်း သူတို့နှစ်ဦးသည် သွေးတော်သားစပ်မှုမရှိကြချေ။ အရာအားလုံးကို စိတ်နှစ်ကိုယ်နှစ်ဆက်ဆံ၍ ကောင်းနိုင်စရာအကြောင်းမရှိရာ သူသည် သူမအားဆက်ဆံရာ၌ ဖန်ရှို့နှင့် ကျင်းခန်တို့အား ဆက်ဆံသည့်ပုံစံနှင့် အနည်းငယ်မတူညီစွာ ဆက်ဆံခဲ့လေသည်။ သူမသည် ဉာဏ်ရည်ပါးနပ်လျင်မြန်သူဖြစ်သောကြောင့် သူ၏ခွဲခြားဆက်ဆံပုံကို သိနေခဲ့မည်ဖြစ်သော်လည်း သူ၏ကြင်နာမှုကိုသာ အာရုံစိုက်အမှတ်ထားခဲ့၏။

သူသည် ဤလောကတွင် အသက်ရှင်သည်မှာ ကြာလေပြီ။ သူရှင်သန်ခဲ့သောဘဝတစ်လျှောက်တွင် နှမြောတသအဖြစ်မိဆုံးအရာမှာ ကျင်းယွင်ကျောင်းသည် သူ၏မြေးအရင်းတစ်ဦးမဟုတ်ခြင်းဖြစ်၏။

All Chapters