← Chapters

အခန်း (၉၈၁-၉၈၄)

Vol. 50 Ch. 981-984

အခန်း (၉၈၁-၉၈၄)

Vol. 50 Ch. 981-984

Space and Rebirth 981

ကျင်းယွင်ကျောင်းသည် အဘိုးကန်အား တွဲကူကာ အထဲသို့ဝင်သွား၏။ စူးချူ၊ ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားတို့မှာ ဘေးတစ်ဖက်တစ်ချက်စီမှ လိုက်လာကြသည်။ သူတို့သည် ဧည့်ခန်းထဲသို့ဝင်လိုက်သည်နှင့် အစေခံများက သူတို့အထုပ်အပိုးများကို ကူညီသယ်ပိုးပေးကြ၏။

သူမတရားဝင်အသက်ပြည့်သောမွေးနေ့ဖြစ်သဖြင့် မိသားစုနှစ်စုလုံး လက်ဆောင်များပြင်လာကြသည်။ ထန်မိသားစုမှာ ချမ်းသာကြွယ်ဝရုံမက သူမသည်လည်း ထန်ကျစ်ဟွားအား အသက်ကယ်ဖူးသဖြင့် အဘိုးထန်သည် နှမြောတွန့်တိုမနေပေ။ သူအနှစ်သက်ဆုံးဖြစ်သော ရှေးဟောင်းဇီးရောင်ပန်းအိုးတစ်စုံကို သူမအား ပေးခဲ့၏။ ပန်းအိုးများ၏ဒီဇိုင်းမှာ ကြော့ရှင်းလှပနေပြီး ရှေးဟောင်းပစ္စည်းများဖြစ်သည့်တိုင် အနာအဆာတစ်စက်မှမရှိဘဲ သန့်ရှင်းတောက်ပြောင်နေတော့သည်။ ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်မှာ သိသာ၏။ ကျင်းယွင်ကျောင်းသည် သူ့အား ကျေးဇူးတင်မဆုံးတော့ပေ။ နောက်တစ်ကြိမ် အဘိုးထန်၏မွေးနေ့ရောက်လျှင် သူနှစ်သက်သောအရာတစ်ခုကို သေချာပေါက်ပြန်ပေးမည်ဟု ကျင်းယွင်ကျောင်းတွေးလိုက်တော့သည်။

ဆက်ဆံရေးတစ်ခုတွင် မေတ္တာအသွားအပြန်ရှိမှသာ ရေရှည်ခံနိုင်လေသည်။

ပထမဆုံးအနေဖြင့် သူမသည် ထန်ကျစ်ဟွားနှင့် အတန်းဖော်သူငယ်ချင်းဖြစ်ခဲ့သည်။ ထန်ကျစ်ဟွားကြောင့်မဟုတ်လျှင်ပင် အကြီးအကဲထန်သည် ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီအား များစွာကူညီခဲ့၏။ အနာဂတ်တွင်လည်း အတူတကွအလုပ်တွဲလုပ်ရဦးမည်ဖြစ်ရာ နှစ်ကိုယ်ကြားဆက်ဆံရေးအား ဂရုတစိုက်ထိန်းသိမ်းရပေမည်။

“အခု မင်းအဘိုးဆိုတဲ့သူကို ငါတကယ်သိချင်သွားပြီ၊ ဒီအိမ်ကိုလည်း ရှေးဟောင်းအိမ်ကြီးလို့ သတ်မှတ်လို့ရတယ်မှတ်လား? မိသားစုနောက်ခံသာ ကောင်းမနေရင် ဒီအိမ်ကြီးလည်း အခုချိန်ထိ ခံနေနိုင်မှာမဟုတ်ဘူး၊ ယွင်ကျောင်း ဒီရှုမိသားစုဆိုတာ နာမည်ကြီးမိသားစုတစ်စုပဲဖြစ်ရမယ် ဟုတ်တယ်မလား?”

ထန်ကျစ်ဟွားသည် အိမ်ထဲသို့ဝင်ပြီးနောက် သိချင်စိတ်ပိုမိုပြင်းပြသွားသည်။

ထန်ကျစ်ဟွားသည် လွန်ခဲ့သောခြောက်လအတွင်း X မြို့တော်တွင် ပညာသင်ယူခဲ့၏။ ထိုကျောင်းတွင် စီးပွားရေးပညာသာမက ယဥ်ကျေးမှုသင်တန်းကိုပါ တွဲဖက်သင်ကြားလေသည်။ ထိုနေရာတွင် ကျောင်းတက်သောလူများသည် နေရာစုံမှလာသောလူများဖြစ်ကြပြီး ကျောင်းဝင်ခွင့်ရသော ကျောင်းသားများမှာလည်း အများစုအားဖြင့် မိသားစုနောက်ခံကောင်းပေသည်။

ထိုကျောင်းတွင် သင်ကြားသောအရာများမှာ အလွန်အကျိုးရှိ၏။ ထန်ကျစ်ဟွားသည် ယခင်ကကဲ့သို့ ပျော့တိပျော့ဖတ် အားနွဲ့မှုမျိုးမရှိတော့ချေ။ ထိုအစား သူသည် အလွန်ရိုကျိုးနှိမ့်ချနေတော့၏။ သူ၏လုပ်ရပ်တိုင်း မျက်နှာထားတိုင်းသည် အလွန်ပင်ယဥ်ကျေးနေကာ သူဌေးသားသခင်လေးတစ်ဦး၏ အရှိန်အဝါအပြည့်ရှိနေလေသည်။

“တကယ်တော့ ဒီအဘိုးကို အဘိုးကန်လည်းမြင်ဖူးတယ်”

ကျင်းယွင်ကျောင်းသည် တစ်ခုခုကိုလျှို့ဝှက်နေဟန်ဖြင့် ကြည့်လိုက်သည်။

“တကယ်လား?”

ကန်ကျင်းချန် အံ့သြသွားတော့၏။ သူသည် အလျင်အမြန်ပင် အကြီးအကဲထန်အား မေးလိုက်သည်။

“အဘိုးသိနေရက်နဲ့ ဘာလို့ကျွန်တော်တို့ကိုမပြောပြတာလဲ? မဟုတ်သေးပါဘူး အဘိုးက မြို့တော်ထဲမရောက်တာ နှစ်ချီနေပြီမှတ်လား”

ကန်ကျင်းချန်၏လက်ရှိပြောင်းလဲသွားပုံမှာ ထန်ကျစ်ဟွားနှင့် လုံးဝဆန့်ကျင်ဘက်ပင်။ သူ၏အသားအရောင်မှာ စပါးနှံကဲ့သို့ ဝါကျင်နေပြီး သူ၏မျက်လုံးများမှာ တောက်ပစူးရှနေ၏။ သူ၏လက်ပေါ်တွင် အသားမာအချို့ပင်တက်နေလေသည်။ မြို့တော်၏ ထိပ်တန်းစစ်တပ်ဆေးပညာကျောင်းမှာ သူ့အား အတော်အတန်ပင် သ ပေးလိုက်လေ၏။

“ယွင်ကျောင်း၊ မင်းအဘိုးကို ငါအရင်ကမမြင်ဖူးပါဘူး...မဟုတ်မှလွဲရော...”

အကြီးအကဲကန်သည် သူမ၏လျှို့ဝှက်ဟန်ရှိသောမျက်နှာထားကို တွေ့လိုက်ရသောအခါ တစ်ခုခုကို တွေးမိသွားသည်။ သူသည် ရုတ်ချည်းဆိုသလို မေးလိုက်တော့၏။

“မဟုတ်မှလွဲရော မင်းဆရာ ရှုကျင်းဇီများလား?”

ယခင်က ရှုကျင်းဇီသည် ဟွားနင်ခရိုင်၌ အလွန်တရာပင် နာမည်ကြီးခဲ့၏။ ဆေးရုံကြီးများအားလုံးဆိုသလို သူ့အား လေးစားခဲ့ရသည်။ ရှုကျင်းဇီ မည်သည့်နေရာမှ လာသည်ကို သူမသိသော်လည်း ထိုလူမှာ အလွန်ပင် မာန်မာနကြီးလှပြီး ပညာရှိရသေ့တစ်ဦးအသွင်ဆောင်နေခဲ့၏။ သာမန်လူတစ်ဦးမဟုတ်သည်မှာ သေချာနေပေသည်။

ကျင်းယွင်ကျောင်းချက်ချင်းဆိုသလို ခေါင်းငြိမ့်လိုက်သည်။

“ရှုကျင်းဇီက သမီးအဘိုးပါ”

သူမသည် ဂုဏ်ယူဟန်အပြည့်ဖြင့် ဤစာကြောင်းကို ပြောလိုက်၏။

အဘိုးကန်သည် အံ့သြမှင်တက်သွားပြီး ချက်ချင်းဆိုသလို သူ၏ပေါင်အား ပြန်ရိုက်လိုက်သည်။

“ဒီလိုဖြစ်နေတာကိုး! အရင်တုန်းက ဆရာရှုကို တွေ့ချင်နေတဲ့လူတွေအများကြီးရှိတာတောင် သူက ဘယ်သူ့ကိုမှမတွေ့ဘဲ မင်းကိုပဲ ဂရုစိုက်တန်ဖိုးထားခဲ့တာ ဘာကြောင့်များလဲလို့ ငါစဥ်းစားနေတာ၊ ဖြစ်ချင်တော့ ဒီသွေးဆက်ကံကြမ္မာကြောင့်ပဲ၊ ယွင်ကျောင်း မင်းဒုက္ခတွေ ပြီးဆုံးပြီပေါ့ ဒီဆရာရှုက ဆေးပညာနဲ့ပတ်သတ်လာရင် ပညာအဆင့်အတန်းတော်တော်မြင့်တယ်၊ မင်းသာ သူ့ဆီက ကောင်းကောင်းသင်ယူရင် အနာဂတ်မှာ လိုလေးသေးမရှိ၊ ပူပင်စရာမရှိဘဲ နေနိုင်မှာသေချာတယ်!”

အကြီးအကဲကန်သည် ဝမ်းလည်းဝမ်းသာ အားလည်းကျမိပေသည်။

ရှုကျင်းဇီမှ ဟွားနင်ခရိုင်သို့ ပထမဆုံးစရောက်စဥ်က သူနှင့်ပတ်သတ်သောသတင်းများသည် ဆေးပညာလောကတွင် မည်သို့ပျံ့နှံ့သွားသည်ကို မသိသော်လည်း လူများစွာသည် အရွယ်မရွေး၊ သိက္ခာမရွေးဘဲ မိမိတို့၏သားသမီးများကိုခေါ်လာကာ သူ၏လက်အောက်တွင် တပည့်ခံခိုင်းရန် တောင်းဆိုကြ၏။ ဆေးဝါးဖြစ်စေ၊ ဆေးပညာဖြစ်စေ သူ့ဘက်မှ တစ်ခုခုသင်ပေးချင်ရုံဖြင့် ထိုကလေးများသည် အလွန်တရာကြီးမားသောအကျိုးကို ရရှိနိုင်ကြပေသည်။

သို့သော် ဤဆရာရှုမှာ စိတ်ကြီးလှ၏။ သူ၏စိတ်နှင့်မတွေ့သောလူတိုင်းအား နှင်ထုတ်တတ်သဖြင့် မကြာမီတွင် လူတိုင်းလည်း တဖြည်းဖြည်းဖြင့် လက်လျှော့လိုက်ကြတော့သည်။

သူကိုယ်တိုင်ပင်လျှင် ထိုစဥ်က သွားရောက်တပည့်ခံချင်မိသလို ဖြစ်ခဲ့သော်လည်း အပြင်လူများ တမ်းတမ်းစွဲလိုချင်ခဲ့သောအရာမှာ ကျင်းယွင်ကျောင်းလက်ထဲသို့ ရောက်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ဤသည်မှာ အမှန်တကယ်ပင် ရေစက်ဖြစ်လေသည်!

Space and Rebirth 982

အကြီးအကဲကန်၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် တောက်ပဝင်းလက်သွားတော့၏။ သူသည် စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် မေးလိုက်သည်။

“မင်းအဘိုးရော? ရောက်လက်စနဲ့ သူ့ကိုသွားနှုတ်ဆက်မှဖြစ်မှာပေါ့”

“သူက သူ့ဆေးတွေနဲ့အလုပ်ရှုပ်နေတယ်၊ အဘိုးကန်တို့ စောစောရောက်လိမ့်မယ်လို့ သမီးမထင်ထားခဲ့ဘူးလေ၊ သူနဲ့နေ့လယ်မှ တွေ့ပေးဖို့ စီစဥ်ထားတာမို့ အဘိုးသာ ကောင်းကောင်းအနားယူပြီး သူနဲ့နေ့လယ်မှတွေ့တော့နော်”

ကျင်းယွင်ကျောင်းအားနာဟန်ဖြင့် ပြောလိုက်သည်။

အဘိုးကန်နှင့် အခြားသူများအားလုံးသည် ခရီးဝေးမှလာခဲ့ကြသော်လည်း အိမ်ပြင်ထွက်၍ နှုတ်ဆက်ကြိုဆိုသူမှာ သူမတစ်ယောက်သာရှိခဲ့လေသည်။

သို့ရာတွင် ထူးဆန်း‌သောအရာမှာ ထိုအမျိုးသမီး ရှန်ရှီဖြစ်၏။

ယခုတစ်လောတွင် သူမသည် ကျင်းယွင်ကျောင်းအား လိုအပ်သည်ထက်ပင် ပိုမိုဂရုစိုက်ပေးနေသည်။ ကျင်းယွင်ကျောင်းအား မိမိသမီးအရင်းတစ်ဦးနှယ် ဆက်ဆံနေလေသည်။ ယုတ္တိကျကျပြောရလျှင် ထိုသို့သောသူက ဧည့်သည်များလာမည်ဟုသိထားလျှင် အဒေါ်တစ်ယောက်အနေဖြင့် အောက်သို့ဆင်းကာ နှုတ်ဆက်ဧည့်ခံရမည်မဟုတ်လော။

“အန်တီရှန်ရော?”

ကျင်းယွင်ကျောင်းသိချင်စိတ်ပြင်းပြလာသဖြင့် အိမ်စေတစ်ဦးအား လှည့်မေးလိုက်သည်။

“သခင်လေးက မြို့တော်ထဲပြန်လာပေမယ့် သူ့ကျန်းမာရေးက သိပ်မကောင်းတာမို့ ဆေးရုံတန်းတက်လိုက်ရပါတယ်၊ မဒမ်က သခင်လေးကို ဆေးရုံမှာသွားကြည့်တာပါ”

ထိုအိမ်စေမှ သုတ်သီးသုတ်ပြာဖြင့် ရှင်းပြလိုက်သည်။

ဤမိသားစုထဲတွင် မည်သူက ရာထူးမြင့်သည်ကို သူတို့ကောင်းကောင်းသိကြလေသည်။ လွန်ခဲ့သောနှစ်ရက်ခန့်က အိမ်စေတစ်ဦးမှ မိန်းကလေးကျင်းအကြောင်း အတင်းခိုးတုပ်နေခဲ့သည်။ သခင်ကြီးမှ ထိုအရာကို သိသွားသောအခါ ထိုအိမ်စေမိန်းကလေးအား ချက်ချင်းအလုပ်ထုတ်လိုက်လေသည်။

ရှုမိသားစုလက်အောက်တွင် အလုပ်လုပ်ရသည်မှာ လစာကောင်းပြီး မိသားစုဝင်လည်းမများသဖြင့် လုပ်ရကိုင်ရလွယ်ကူပေသည်။ ထို့ကြောင့် ဤအလုပ်သည် အိမ်စေအလုပ်သမားများအတွက် အလွန်အရေးကြီးသောအလုပ်ဖြစ်၏။

ကျင်းယွင်ကျောင်းနားလည်သွားဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

ရှုယုပြန်လာသောကြောင့် အိမ်ထဲတွင် ရှန်ရှီမရှိသည်မှာ မဆန်းပါပေ။

မိမိသားဖြစ်သူ၏ ကျန်းမာရေးနှင့်ပတ်သတ်သောအရာဖြစ်သဖြင့် ရှန်ရှီလည်း ဆက်ဟန်မဆောင်နိုင်တော့ခြင်းဖြစ်ပေသည်။

ကျင်းယွင်ကျောင်းမှ အဘယ်ကြောင့် သူမအဒေါ်အား “အန်တီရှန်” ဟုခေါ်နေရကြောင်း အကြီးအကဲကန်နှင့် အခြားသူများနားမလည်နိုင်ခဲ့ပေ။ သို့ရာတွင် “အန်တီရှန်” ဟုခေါ်စဥ်၌ သူမ၏အေးစက်ခက်ထန်သောမျက်လုံးများကို တွေ့လိုက်ရသောအခါ ထိုလူသည် သူမရွံရှာသောသူတစ်ဦးဖြစ်ကြောင်း ချက်ချင်းသိလိုက်ရတော့၏။ ထို့ကြောင့် သူတို့သည် အရိပ်အကဲနားလည်စွာဖြင့် မေးခွန်းများဆက်မမေးတော့ဘဲ အစေခံများနောက်လိုက်ကာ မိမိတို့အသီးသီးနေထိုင်မည့်အခန်းများဆီသို့ သွားလိုက်ကြသည်။

ရှန်ရှီသည် တစ်နေ့လုံးပေါ်မလာခဲ့ပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် စိတ်အေးချမ်းပျော်ရွှင်နေတော့၏။ ထိုအမျိုးသမီး၏လှည့်ကွက်များကို သတိထားစရာမလိုတော့ပေ။

နာရီပိုင်းခန့်ကြာသောအခါ ဆေးဝါးအခန်းမှ အဘိုးကြီးတစ်ဦး ထွက်လာ‌တော့သည်။ မိမိမြေးမလေး၏ သူငယ်ချင်းများနှင့် မွေးစားအဘိုးရောက်ရှိမည်ဖြစ်ကြောင်း သိထားသဖြင့် သူသည် အထူးတလည်ပင် တရုတ်ရိုးရာအင်္ကျီအသစ်အား ပြောင်းလဲဝတ်ဆင်ထားပြီး အလွန်တက်ကြွသည့်ပုံပေါက်နေသည်။ ကျင်းယွင်ကျောင်းမှ သူ့အားပေးထားသော အရည်အသွေးမြင့်ဝိုင်ကိုပင် ထုတ်ထား၏။ တစ်ချက်ကြည့်ရုံမျှဖြင့် သူသည် ထိုဝိုင်အား မည်မျှတန်ဖိုးထားကြောင်း သိသာပေသည်။

အကြီးအကဲနှစ်ဦးသည် သက်တူရွယ်တူများဖြစ်သဖြင့် ဆွေးနွေးပြောဆိုစရာများစွာ ရှိကြလေသည်။ ယခင်က အကြီးအကဲကန်သည် မာန်မာနကြီးပြီး အပြင်လူများအား အဖတ်မလုပ်တတ်ချေ။ သို့သော် ပေါင်းကူးတံတားအနေဖြင့် ကျင်းယွင်ကျောင်းရှိနေသဖြင့် သူသည် အကြီးအကဲရှုအား လေးစားယဥ်ကျေးသမှုဖြင့် ဆက်ဆံတော့သည်။

“ဒီကလေးက ကျွန်တော့်မြေးမလေး ချူချူပါ၊ ဒါကတော့ ကျွန်တော့်မြေး ကျင်းချန်၊ ဒီကလေးနှစ်‌ယောက်က ယွင်ကျောင်းနဲ့ တစ်တန်းတည်းပဲ၊ ကျောင်းတက်တုန်းက သူတို့တွေ အတူသွားအတူစားခဲ့ကြပေမယ့် ယွင်ကျောင်းလောက်တော့ အသိတရားမရှိကြဘူး၊ အစက သူတို့ကိုဆေးပညာသင်ပေးပြီး မိသားစုစီးပွားရေးကို အမွေဆက်ခံခိုင်းဖို့ စဥ်းစားနေခဲ့ပေမယ့် နှစ်ယောက်လုံးက စိတ်တောင်မဝင်စားကြဘူးလေ”

အကြီးအကဲကန်နှင့် အကြီးအကဲရှုတို့နှစ်ဦး အလ္လာပသလ္လာပပြောပြီးနောက်တွင် ဖြည်းဖြည်းချင်း ရင်းနှီးသွားကြတော့၏။

အကြီးအကဲရှုသည် လူငယ်သုံးဦးကိုကြည့်ကာ အလွန်ပင်အားရကျေနပ်မိသည်။

“လိမ္မာတဲ့ကလေးတွေပါပဲ၊ ဆေးပညာသင်သင် မသင်သင် စရိုက်ကောင်းရင် ပြီးပြီမဟုတ်လားဗျ”

အကြီးအကဲရှုမှ စိတ်ရင်းဖြင့် ပြောလိုက်သောစကားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများ၏မြေးများကို မြင်လိုက်ရသောအခါ မိမိတို့မိသားစုမှ ဆန်ကုန်မြေလေးတစ်ဦးကို တွေးမိသွားခြင်းကြောင့်ဖြစ်သည်။

သူတို့၏ရှုမိသားစုသည် မျိုးဆက်များစွာ ဆေးဝါးပညာဖြင့် လူများကို အသက်ကယ်တင်ခဲ့ဖူးပြီး မရေမတွက်နိုင်သော ဂုဏ်ဒြပ်များစွာကို ရရှိခဲ့၏။ ကံမကောင်းစွာဖြင့် ရှုမိသားစုအား အမွေဆက်ခံမည့် မြေးသားမှာ အကျင့်စရိုက်ဆိုးရွားလွန်းသဖြင့် မိသားစုမှား၍မွေးလာသလောဟုပင် ထင်ရလေသည်။

“မှန်ပါတယ်ဗျာ စစ်ဆေးဆရာဝန်ဆိုတာလည်း ဆရာဝန်တွေပဲမို့ ကျွန်တော် အဲဒါနဲ့ပဲ ဖြေသိမ့်ရပါတယ်”

အကြီးအကဲကန်ပြုံးလိုက်သည်။ သူသည် စားပွဲပေါ်ရှိဝိုင်၏ သင်းရနံ့ကို ရှူရှိုက်မိလိုက်သောအခါ အားကျစွာဖြင့် ပြောလိုက်၏။

“ဒီဝိုင်ကိုရှူကြည့်လိုက်တာနဲ့ ယွင်ကျောင်းစပ်ထားတာမှန်း တန်းပြောလို့ရတယ်၊ အနံ့နဲ့တင် သောက်ချင်စရာကောင်းလွန်းတဲ့ပုံပေါက်နေပြီ”

“အစ်ကိုကန် စစ်တုရင်ကစားတတ်လား? တစ်ခွက်တစ်ဖလားသောက်ရင်း စစ်တုရင်ကစားကြမလားဗျ?”

“ကောင်းပြီလေ! ဒီကလေးအုပ်နဲ့လည်း ဘာမှပြောစရာရှိတာမဟုတ်ဘူး၊ ကျွန်တော်တို့နှစ်ယောက် သောက်ပြီး စကားပြောနေတဲ့အချိန်မှာ ကလေးတွေ လုပ်ချင်တာ လုပ်ကြပါစေပေါ့ဗျာ!”

သူတို့သည် စကားပြောရင်းဖြင့် တစ်ဦးအပေါ် တစ်ဦးက အမြင်ကြည်လာကြ၏။ တစ်ဦးမှာ ယခင်ကဲ့သို့ အခြားသူများအပေါ်ထားရှိသော မာန်မာနပလွှားမှုများ မရှိတော့သလို နောက်တစ်ဦးမှာလည်း ယခင်ကထက် သံသယစိတ်များနည်းပါးလာလေပြီ။ သူတို့သည် ချက်ချင်းဆိုသလိုပင် နံဘေး၌ စစ်တုရင်ပွဲတစ်ပွဲကို စတင်ကြတော့၏။

Space and Rebirth 983

ကျင်းယွင်ကျောင်းသက်မချလိုက်၏။ ယခင်က သူမအဘိုးသည် အခြားသူများအပေါ် အမြဲတစေရိုင်းပျတတ်သဖြင့် သူမသည် အနည်းငယ်စိတ်ပူနေခဲ့မိသည်။ ယခု နှစ်ဦးသား အလွန်သင့်မြတ်နေသည်ကို မြင်လိုက်ရသောအခါ သူမစိတ်အေးသွားရ၏။

များမကြာမီတွင် သူမဦးလေးများသည် တစ်ဦးပြီးတစ်ဦး ရောက်ချလာတော့သည်။ သူတို့၏မျက်နှာအသွင်အပြင်များမှာ ပုံမှန်ထက် ဖော်ရွေနေဟန်ရှိ၏။ သာမန်အလုပ်များလုပ်ကိုင်သော လူကြီးများကဲ့သို့ပင်။

လူငယ်အုပ်သည်လည်း အလျင်အမြန်ထကာ ကျင်းယွင်ကျောင်း၏ဦးလေးများကို နှုတ်ဆက်လိုက်သည်။ ထန်ကျစ်ဟွားသည် ရှုယွမ်ထက်ကို ဝေ့ကြည့်လိုက်သောအခါ ဤလူအား မျက်မှန်းတန်းမိနေသည်ဟု သူခံစားမိလိုက်‌တော့၏။ ခေတ္တအကြာတွင် ရုတ်ချည်းဆိုသလို သူမေးလိုက်သည်။

“ဦးလေးရှုကို ကျွန်တော်အရမ်းရင်းနှီးနေသလိုပဲ၊ တစ်နေရာမှာ တွေ့ဖူးသလားလို့....ဦးလေးက...”

ထန်ကျစ်ဟွားသည် စဥ်းစားရအကြပ်ရိုက်လွန်းသဖြင့် ခေါင်းများပင်ကိုက်နေလေပြီ။

“ငါ့ဦးလေးက မြို့တော်ဝန်လေ၊ အဘိုးထန်က မြို့တော်ထဲမှာ လုပ်ငန်းတွေရှိတော့ သူ့ကိုသိနေမှာပေါ့၊ အဘိုးထန်အိမ်မှာ သူ့ကိုမြင်ဖူးကြတာဖြစ်မယ်”

ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။ သူမစကားအပြီးတွင် လူငယ်များအားလုံး ထိတ်လန့်သွားတော့၏။ တစ်ဖက်တွင်မူ အဘိုးကန်မှာ ဤအရာကို လွယ်လင့်တကူပင် လက်ခံလိုက်သည်။ ဤမိသားစုမှာ ရိုးရှင်းသောမိသားစုမဟုတ်ကြောင်း သူသိနေလေသည်။ အထူးသဖြင့် ရှုကျင်းဇီ၏သားဖြစ်သောကြောင့် ပိုဆိုးပေ၏။ ရှုကျင်းဇီ၏သားဖြစ်နေသောကြောင့် သူ့တွင်လည်း တောက်ပသောအနာဂတ်ရှိရပေမည်။ ထို့ကြောင့် သူသည် အထူးတလည် အံ့သြမနေတော့ချေ။

“ဟုတ်တယ် ဟုတ်တယ်! ငါ့အဘိုးပြောဖူးတာမှတ်မိပြီ...”

ထန်ကျစ်ဟွားသည် ချက်ချင်းဆိုသလိုပင် တစ်ခုခုကို သတိထားမိသွားပြီး စိုးရွံ့သွားတော့သည်။

“မြို့တော်ဝန်ရှု ကျွန်တော့်အဘိုးပြောထားဖူးတာတောင် မြို့တော်ဝန်ရှုကို မမှတ်မိတဲ့အတွက် တကယ်တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပေးပါ ကျွန်တော့်အဘိုးအစား မြို့တော်ဝန်ရှုကို နှုတ်ဆက်လိုက်ပါတယ်...”

သူသည် အလေးအနက်ပြောနေခြင်းဖြစ်သည်။ သူသည် ၁၉ နှစ်သာရှိသေးသော်လည်း စကားပြောရာတွင် အလွန်တည်ကြည်ကာ ယဥ်ကျေးနေ၏။

ရှုယွမ်ထက်သည် မရယ်မိဘဲမနေတော့ချေ။ သူသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။

“ဧည့်သည်အနေနဲ့လာတာဆိုတော့ ရာထူးတွေ ကြည့်မနေပါနဲ့တော့၊ ဦးလေးလို့ပဲခေါ်လို့ရတယ် ငါ့မှာလည်း တူတွေမရှိတာမို့ ရင်းရင်းနှီးနှီးနေကြတာပေါ့”

သူသည် စကားပြောရင်းဖြင့် ရှုဝမ်ချန်းအား စူးစိုက်ကြည့်လိုက်သည်။ သူ၏ညီဖြစ်သူမှ ဤအသက်အရွယ်တွင် အိမ်ထောင်ပြုပြီး သားသမီးများမွေးဖွားခဲ့လျှင် သူတို့မိသားစုသည်လည်း ဤမျှလောက် အားနည်းနေမည်မဟုတ်ရာ။

“ဟုတ် ကျေးဇူးပါ ဦးလေးရှု”

ထန်ကျစ်ဟွား တုံ့ဆိုင်းမနေဘဲ ခေါ်လိုက်၏။

ယဥ်ကျေးလေးစားသမှုမှာ အရေးကြီးသော်လည်း မိတ်ဆွေဖွဲ့ခြင်းကို ပို၍ဦးစားပေးရချေမည်။ သူသာ လိုအပ်သည်ထက် ပိုယဥ်ကျေးမိလျှင် မကောင်းနိုင်ကြောင်း သိနေ၏။ သူသည် ကျင်းယွင်ကျောင်း၏မွေးနေ့အား လာရောက်ကျင်းပခြင်းဖြစ်သည်။ မြို့တော်ဝန်ရှုယွမ်ထက်အား မျက်နှာလိုမျက်နှာရလာလုပ်ခြင်းမဟုတ်ပေ။

တစ်ဖက်တွင်မူ ရှုဝမ်ချန်းမှာ ထန်ကျစ်ဟွားအား အကြိမ်အနည်းငယ်ခန့် ထပ်ကြည့်လိုက်၏။ သူ၏ဇီဇာကြောင်သောမျက်လုံးများဖြင့် ထန်ကျစ်ဟွားအား ခေါင်းအစခြေအဆုံး အကဲခတ်နေလေသည်။

အသက်မှာ သူ၏တူမထက်တစ်နှစ်သာပိုကြီးကာ လက်တွဲဖော်ကောင်းတစ်ဦးဖြစ်နိုင်သည့်ပုံပေါက်သည်။ ရုပ်ရည်ချောမောသည်။ အသားအရေလှသည်။ သန့်ရှင်းသပ်ရပ်သည်။ ယခုတွင် ငယ်ရွယ်သေးသည်ဆိုသော်လည်း နှစ်အနည်းငယ်ကြာလျှင် သူသည် ပို၍ရင့်ကျက်တည်ငြိမ်လာလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူသည် အရည်အသွေးမြင့် ပါရမီရှင်တစ်ဦးဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုတင်မက သူ၏မိသားစုနောက်ခံမှာလည်း မဆိုးလှဟု ပြောရမည်။ ထန်မိသားစုမှာ ယန်ခရိုင်၏ နင်းမြို့တော်တွင် ထိပ်တန်းမိသားစုတစ်စုဖြစ်ပြီး ပိုင်ဆိုင်မှုများစွာရှိ၏။

နှစ်ဦးသားသည် ငယ်သူငယ်ချင်းများဖြစ်ကြပြီး နှစ်ဦးကြားတွင်လည်း ဉာဏ်ရည်ကွာဟမှုမရှိချေ။ သူသည် လီရှောက်ယွင်ထက် သေချာပေါက် ပိုကောင်းနေသည်မဟုတ်လော?

ရှုဝမ်ချန်းစဥ်းစားရင်းဖြင့် သူ၏အတွေးများကို ဖုံးကွယ်ထားရန် ရေတစ်ငုံသောက်လိုက်သည်။

တစ်ချိန်တည်းတွင်ပင် သူသည် ကန်ကျင်းချန်အား ဝေ့ကြည့်မိ၏။ ဤကလေးမှာလည်း မဆိုးလှပေ။ သူသည် ထန်ကျစ်ဟွားထက် ပို၍တောင့်တင်းသန်မာနေသည်။ အနာဂတ်တွင် ပို၍ပင်ယောက်ျားပီသသောခန္ဓာကိုယ်အား ပိုင်ဆိုင်လာပေလိမ့်မည်။ သူ၏မိသားစုနောက်ခံမှာ သာမန်သာဖြစ်သော်လည်း ကန်မိသားစုမှာ ရှောင်ကျောင်းအပေါ် အလွန်ကောင်းခဲ့သောသူများဖြစ်သည်။ သူတို့သာ လက်တွဲဖြစ်သွားလျှင် မိသားစုအငြင်းပွားစရာရှိမည်မဟုတ်သည့်အပြင် ရှုမိသားစုမှာလည်း သူတို့အား ထိန်းချုပ်နိုင်စွမ်းရှိ၏။ ထိုတင်မက ဤကောင်‌လေးသည် စစ်ရေးစစ်ရာနှင့် ဆေးပညာရောစပ်ထားသော စစ်တပ်ဆေးပညာအား လေ့လာနေသောသူဖြစ်သည်။ အနာဂတ်တွင် သူသာကြိုးစားပါက တပ်ထဲ၌ လက်ထောက်ဗိုလ်အဆင့်သို့ပင် တက်လှမ်းနိုင်လေသည်။ ဗိုလ်ချုပ် သို့မဟုတ် ဒုဗိုလ်ချုပ်ပင် ဖြစ်လာနိုင်၏။ သူ၏အနာဂတ်သည် အလွန်ပင် တောက်ပနေပေသည်...

“အစ်မ...အစ်မဦးလေးအငယ်က ဘာလို့ သမီးအစ်ကိုနဲ့ ကျစ်ဟွားကို ပြူးကြည့်နေတာလဲဟင်?”

စူးချူသည် ရှုဝမ်ချန်း၏အကြည့်များကို မတော်တဆမြင်လိုက်ရပြီး တစ်ကိုယ်လုံးကြက်သီးမွေးညင်းများ ထသွားတော့သည်။ သူမသည် သတိတကြီးဖြင့် ကျင်းယွင်ကျောင်း၏အင်္ကျီစကို ဆွဲကာ အသံတိုးတိုးဖြင့် မေးလိုက်၏။

ကျင်းယွင်ကျောင်းသည်လည်း အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဤဦးလေးအငယ်၏မျက်လုံးများမှာ မဟုတ်တရုတ်အရာတစ်ခုခုကို လုပ်နေသည့်အတိုင်း ထူးဆန်းသည့်အလင်းရောင်တစ်ခုဖြင့် လက်နေတော့၏။ သူမည်သည့်အရာများစဥ်းစားနေသည်ကို ကျင်းယွင်ကျောင်းမသိချေ။

“ဦးလေး ဘာတွေတွေးနေတာလဲ?”

ကျင်းယွင်ကျောင်းသည် မျက်ခုံးများကိုပင့်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။

Space and Rebirth 984

ရှုဝမ်ချန်း ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။ သူသည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်း အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

“သမီးက သမီးသူငယ်ချင်းတွေနဲ့ အတော်ခင်တာပဲလို့ တွေးနေတာပါ...အာ ဟုတ်သားပဲ သားမှာ ကောင်မ‌လေးရှိလား?”

သူသည် ထိုသို့ပြောရင်းဖြင့် ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားဖက်သို့ လှည့်ကြည့်လိုက်၏။

နှစ်ဦးသားသည် အံ့သြမှင်တက်သွားပြီး တစ်ပြိုင်နက်တည်းနီးပါး ခေါင်းခါလိုက်ကြသည်။

“ကောင်းတာပေါ့ သားတို့ကငယ်သေးတယ်ဆိုတော့ စာကိုပဲအာရုံပိုစိုက်သင့်တယ်”

ရှုဝမ်ချန်းသည် အလွန်တည်သောမျက်နှာဖြင့် အလေးအနက်ပြောလိုက်၏။

ရှုယွမ်ထက်သည်လည်း ရှုဝမ်ချန်း၏သတိပေးသံကို ကြားလိုက်ရသောအခါ ဤကောင်လေးနှစ်ဦးသည် သူ၏ရှောင်ကျောင်းနှင့် သိကျွမ်းသည်မှာ အလွန်ကြာနေသဖြင့် အချင်းချင်း အလွန်ပင်ခင်မင်ရင်းနှီးမည်ဖြစ်ကြောင်း သတိရသွားသည်။ သူတို့နှစ်ဦးထဲမှ မည်သူမဆို ရှောင်ကျောင်းနှင့် လက်တွဲဖြစ်လျှင် ကောင်းသောအရာဖြစ်ပေမည်။ မြို့တော်ထဲတွင် ရှောင်ကျောင်းနှင့် သက်တူရွယ်တူမျိုးဆက်များထဲ၌ ထူးချွန်သောလူငယ်လူရွယ်များ မရှားလှသော်လည်း ရှောင်ကျောင်း၏စရိုက်ဖြင့်ဆိုလျှင် သူမနှင့်မရင်းနှီးသောလူများကို သဘောမကျလောက်ချေ။ ထို့အပြင် ဤကောင်လေးနှစ်ဦးမှာ အမှန်တကယ်ပင် ထူးချွန်ပြီး ရည်မှန်းချက်ကြီးမားသဖြင့် သူတို့၏မိသားစုနောက်ခံများကိုပင် အာရုံစိုက်စရာသိပ်မလိုပေ။

ငွေကြေးဖြစ်စေ အာဏာဖြစ်စေ ရှုမိသားစုမပိုင်ဆိုင်သောအရာမရှိသဖြင့် တစ်ဖက်ကောင်လေးအား ရှောင်ကျောင်းသဘောကျလျှင် ရချေပြီ။

“ရှောင်ကျောင်း၊ အနာဂတ်မှာ သမီးတွဲမည့်ကောင်လေးသာ ဒီနှစ်ယောက်လိုဖြစ်ရင် ဦးလေးကျေနပ်ပြီ...”

ရှုယွမ်ထက်သည် အပြုံးတစ်ပွင့်ဖြင့် အရိပ်အယောင်ပြလိုက်သည်။

ကျင်းယွင်ကျောင်းနှုတ်ခမ်းစွန်းများ တွန့်သွားတော့သည်။

ထန်ကျစ်ဟွားနှင့် ကန်ကျင်းချန်မှာ ပို၍ပင် အံ့အားသင့်သွား၏။ နှစ်ဦးသားသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခါးသက်စွာပြုံးလိုက်သည်။

လွန်ခဲ့သောနှစ်နှစ်-သုံးနှစ်ခန့်ကသာ ဤစကားအား သူတို့ကြားခဲ့လျှင် အလွန်ပင်ပျော်ရွှင်စိတ်လှုပ်ရှားမိချေမည်။ ထိုစဥ်က သူတို့သည် ကျင်းယွင်ကျောင်းအား ကောင်းကောင်းမသိခဲ့သောကြောင့်ဖြစ်သည်။ သူမသည် အခြားသူများထက် ထူးခြားနေသောကြောင့်သာ သူမအား သဘောမကျမိဘဲ မနေနိုင်ခြင်းဖြစ်သည်။ သို့ရာတွင် သူမအား အချိန်ကြာမြင့်စွာ ရင်းနှီးပြီးနောက် ထိုခံစားချက်သည် တဖြည်းဖြည်းဆိုသလို လေးစားမှုအဖြစ် အသွင်ပြောင်းသွားလေသည်။ သူတို့နှင့် ကျင်းယွင်ကျောင်းကြားရှိ ကွာဟချက်မှာ တဖြည်းဖြည်း ကြီးသထက်ကြီးလာကြောင်းကို သူတို့ပိုသိလာကြ၏။

ယခင်က နှစ်ဦးသားသည် လီရှောက်ယွင်အား မကျေနပ်ရုံမက သူ့ကိုပင် အနည်းငယ်သဝန်တိုမိသေးသည်။ သို့သော် ယခုသူတို့သေချာစဥ်းစားကြည့်လိုက်သောအခါ ထိုအမျိုးသားသည် သူတို့နှင့်စာလျှင် ကျင်းယွင်ကျောင်းနှင့် ပိုထိုက်တန်သောလူဖြစ်ပေသည်။

ထိုတင်မက လွန်ခဲ့သောရက်အနည်းငယ်ခန့်က ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်နှင့် တွဲနေပြီဖြစ်ကြောင်း စူးချူမှ သူတို့အား ဖုန်းဆက်ပြောခဲ့သည်။ ထိုစဥ်က သူတို့သည် အနည်းငယ်ဝမ်းနည်းလိမ့်မည်ဟု မိမိတို့ကိုယ်မိမိထင်ခဲ့သော်ငြား လက်တွေ့တွင် အံ့အားသင့်ပြီး စိတ်အေးသွားရုံသာရှိခဲ့သည်။

သူတို့သည် လီရှောက်ယွင်အား သိနေသည်မှာလည်း ကြာပေပြီ။ လီရှောက်ယွင်၏နောက်ကြောင်းကိုမူ မသိသော်ငြား သူနှင့်သိကျွမ်းလာသည့်တစ်လျှောက်တွင် သူသည် အမြဲတစေ ကျင်းယွင်ကျောင်းကို ဂရုစိုက်စောင့်ရှောက်ပေးခဲ့၏။ ထိုသို့သောလုပ်ရပ်မှာ ဟန်‌ဆောင်၍မရနိုင်သောအရာဖြစ်သည်။ ကျင်းယွင်ကျောင်းသာ သူစိမ်းတစ်ဦးလက်ထဲသို့ ကျရောက်သည်ထက် လီရှောက်ယွင်နှင့်အတူရှိနေမှသာ သူတို့ပိုစိတ်ချမိပေမည်။

“အစ်မ...သူတို့မသိသေးဘူးလား?”

စူးချူသည် ကိစ္စများကြီးသွားမည်စိုးသဖြင့် တီးတိုးမေးလိုက်သည်။

ကျင်းယွင်ကျောင်းသည်လည်း အနည်းငယ်အံ့သြသွားသည်။ အဘိုးရှုသည် အဘယ်ကြောင့် ဦးလေးအကြီးအား မပြောရသေးသနည်း? ထို့အပြင် ဦးလေးအငယ်သည် ယခင်က လီရှောက်ယွင်အား တွေ့ခဲ့ဖူးသည်မဟုတ်လော? လီရှောက်ယွင်အား တွေ့ပြီးသည့်တိုင် မကျေနပ်သေးသလော?

ပြန်စဥ်းစားကြည့်လိုက်သောအခါ ကျင်းယွင်ကျောင်းသဘောပေါက်သွားတော့သည်။ ထိုနေ့က လီရှောက်ယွင်နှင့် သူမဦးလေးအငယ်မှာ မားစ်ဂြိုဟ်နှင့် အင်္ဂါဂြိုဟ်နှစ်လုံး တိုက်နေသကဲ့သို့ပင်။

ကျင်းယွင်ကျောင်းသည် လီရှောက်ယွင်ဖက်မှ ပြောပေးချင်သော်လည်း သူမဦးလေးအငယ်သည် တမင်ရူးချင်ယောင်ဆောင်နေလေ၏။ သူမပြောလျှင်ပင် အကျိုးရှိမည်မဟုတ်ချေ။ ထို့အပြင် ယခု အိမ်တွင်လည်း ဧည့်သည်များရောက်နေသဖြင့် ဤကိစ္စအားပြောဆိုဆွေးနွေးရန် အချိန်ကောင်းမဟုတ်ဟု ပြောရမည်။

မည်သို့လုပ်ကိုင်ရမည်ကို မသိဘဲဖြစ်နေသော ကျင်းယွင်ကျောင်း၏ဟန်ပန်ကြောင့် စူးချုနှင့် ကျန်နှစ်ဦး စကားစရှာမရဖြစ်သွားသည်။ သူတို့သည် စိတ်ထဲ၌သာ လီရှောက်ယွင်အတွက် တိတ်တခိုးအမျှဝေပေးလိုက်ကြ၏။

ညနေခင်းတွင် ကျင်းယွင်ကျောင်းကိုယ်တိုင် မြိန်ရှက်ဖွယ်ဟင်းလျာများအား စားပွဲအပြည့်ချက်ပြုတ်ကျွေးမွေးတော့သည်။ သူမအိမ်ပြန်ရောက်လာသောအချိန်မှစ၍ ပထမဆုံးအကြိမ် ချက်ပြုတ်ခြင်းဖြစ်၏။ ရှုယွမ်ထက်နှင့် ရှုဝမ်ချန်းသည် သူမလက်ရာကို သိပ်မမျှော်လင့်ထားသော်လည်း တစ်လုပ်စားသောက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူတို့၏စားသောက်လိုစိတ်များ တဖွားဖွားတိုးပွားသွားတော့သည်။

“ရှန်ရှီက ဘာလို့ပြန်မရောက်သေးတာလဲ? အားယုက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့လား?”

ညစာစားပွဲတွင် အကြီးအကဲရှုမှ ရုတ်ချည်းဆိုသလို သတိရသွားသဖြင့် ရှုယွမ်ထက်အား မေးလိုက်သည်။

“မပြင်းပါဘူး နည်းနည်းရှပ်ထိမိရုံပါ၊ ပြီးတော့ နိုင်ငံခြားမှာလည်း ရောဂါပိုးပေါင်းမျိုးစုံရှိတော့ ရှန်ရှီလည်းစိတ်ပူတာနဲ့ သူ့ကို နောက်တစ်ခေါက်နှစ်ခေါက်လောက် ဆေးစစ်ကြည့်နေတာပါ၊ ဒီညလည်း ဆေးရုံမှာအိပ်ရမယ်ထင်ပါတယ်”

ရှုယွမ်ထက်သည်လည်း အနည်းငယ်မကျေမနပ်ဖြစ်နေသည်။ သူ၏သားသည် လူကိုယ်တိုင်ပြန်လာနိုင်သဖြင့် သူ၏ခန္ဓာကိုယ်သည် စစ်ဆေးချက်မျိုးစုံကို အောင်မြင်ခဲ့သည်ဟူသော အဓိပ္ပာယ်ဖြစ်၏။ သို့တိုင်အောင် သူသည် မိမိတို့သားကို ဒုက္ခပေးနေသည်ဟု ရှန်ရှီထင်နေဆဲဖြစ်သည်။

All Chapters