အခန်း (၉၈၅-၉၈၈)
Vol. 50 Ch. 985-988
Space and Rebirth 985
ရှန်ရှီသည်သာ အလိုမလိုက်ခဲ့လျှင် ရှုယုသည်လည်း ကလေးဆိုးတစ်ဦးကဲ့သို့ ပြုမူနေမည်မဟုတ်ပေ။
ယခင်က သူသည် ရှုယုအား အမှန်တကယ်စိတ်ဆိုးပြီး ထိုကလေးအား လေ့ကျင့်ပေးရန် နိုင်ငံခြားသို့လွှတ်ခဲ့၏။ သို့ရာတွင် ရှုယုမှာ ရှုမိသားစု၏ တစ်ဦးတည်းသောသားဖြစ်ပြီး သူ၏ကလေးလည်းဖြစ်ပေသည်။ ရှုယုအား သူမည်မျှပင် အားလိုအားမရဖြစ်ကာ မနှစ်မြို့ပါစေ သေတွင်းထဲသို့ အရောက်မပို့နိုင်ပါပေ။ ထို့ကြောင့် သူသည် နိုင်ငံခြားတွင် လူများလွှတ်ကာ ရှုယုအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်စေခဲ့၏။ ရှုယုသည် ဒုက္ခဆင်းရဲခံရသည့်တိုင် အသက်ဆုံးရှုံးရမည်မဟုတ်ပေ။ ဤသို့ဘက်ပေါင်းစုံမှ ကာကွယ်ထားသဖြင့် ပြင်းထန်သောရောဂါတစ်ခုဖြင့် ပြန်လာနိုင်စရာအကြောင်းမရှိရာ။
သူ၏သားဖြစ်သူသည် ဤထက်အနည်းငယ်ပို၍ မိဘအပေါ်သိတတ်ရန်သာ သူမျှော်လင့်မိသည်။ ငယ်စဥ်က သူနှင့် ဝမ်ချန်းကဲ့သို့ မဖြစ်စေလိုပေ။ မည်သည့်လုပ်ရပ်မဆို အမှားနှင့်အမှန်ကို ပိုင်းခြားသိပြီး စာရိတ္တတရားရှိစေချင်မိ၏။ သို့ရာတွင် ထိုကလေးမှာ အလွန်ခေါင်းမာလှပြီး သူ၏မကောင်းသောအကျင့်များလည်း နက်နက်ရှိုင်းရှိုင်းစွဲမြဲနေပေပြီ။
သို့သော် သူသည် ဒုက္ခများစွာခံခဲ့ရသဖြင့် ဤတစ်ခေါက်တွင်မူ အနည်းငယ်ပြောင်းလဲသွားနိုင်ပေသည်။
“အားယုပြန်လာရင်ပြောထားလိုက်၊ တော်ကြာ ကမူးရှူးထိုးနဲ့ မိန်းကလေးတွေကို လိုက်အနိုင်ကျင့်နေမှာစိုးလို့၊ အိမ်မှာ ဧည့်သည်တွေ ရက်ပိုင်းလောက်ရှိနေမှာမို့ ငါတို့မျက်နှာပျက်စရာ ထပ်လုပ်ခိုင်းလို့မဖြစ်ဘူး”
အကြီးအကဲရှုသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုကာ ပြောလိုက်၏။
“အဖေ ကျွန်တော်သေချာပေါက် သူ့ကိုကြိုပြောထားလိုက်ပါမယ်”
ရှုယွမ်ထက်သည် အားလျော့စွာဖြင့် ပြောလိုက်တော့၏။
အမှန်အတိုင်းပြောရလျှင် ရှုယု ပြသာနာရှာမည် မရှာမည်ကို သူသည်လည်း မသေချာချေ။ သူသည် ရှုယုအား နိုင်ငံခြားအထိပင် ပို့ခဲ့သည်ဖြစ်ရာ နောက်တစ်ခေါက်ဆိုလျှင် မည်သည့်နည်းဖြင့် အပြစ်ပေးရမည်ကို မသိပေ။ ဤကလေးသည် အတိတ်ဘဝအား သူ၏အကြွေးရှင်ဖြစ်ခဲ့သလောဟုပင် ထင်မိသည်။ သူ့အား အလွန်ခေါင်းကိုက်စေ၏။
“အစ်ကိုကြီး ခင်ဗျားရဲ့တစ်ဦးတည်းသောမြေးကောင်လေးအကြောင်း ပြောနေတာမှတ်လား?”
အကြီးအကဲကန်သည် အနည်းငယ် ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။
ရှုမိသားစု၏မြေးယောက်ျားလေးသည် မည်သို့ပင်ဖြစ်စေ အလွန်မဆိုးသွမ်းနိုင်ပါချေ။
“အပြင်ပန်းမှာသာ ကြော့မော့နေပေမယ့် စိတ်ထဲမှာ ပုပ်အက်နေတာပဲ၊ ခင်ဗျားမနက်ဖြန်ကျရင် တွေ့ပါလိမ့်မယ်၊ အဲ့အချိန်ကျမှ ကျွန်တော့်ကို မလှောင်နဲ့နော်၊ အဲ့ကလေးက ငယ်ငယ်ကတည်းက လူကြီးမိဘတွေအပေါ် မသိတတ်ဘူး သူလုပ်ချင်သလိုကိုလုပ်တာ၊ ကျွန်တော်တို့မိသားစုကလည်း သူ့ကိုနည်းနည်းမှ ထိန်းချုပ်လို့မရဘူး”
အကြီးအကဲရှုသည် အမှန်တရားကို မကွယ်ဝှက်ဘဲပြောလိုက်၏။ သူသည် အမှန်တကယ်ပင် အနည်းငယ်စိတ်ပျက်နေမိသည်။
သူ၏မြေးယောက်ျားလေးဖွားမြင်စဥ်က သူ၏သမီးဖြစ်သူ အသက်ရှိသေးသည်။ သူသည် ထိုစဥ်က ထိုကလေးအား အလွန်ချစ်မြတ်နိုးခဲ့၏။ မိသားစုထဲတွင် တစ်ဦးတည်းသောမြေးပင် မဟုတ်လော။ ဆေးဖော်စပ်တိုင်း ထိုကလေးအား တကောက်ကောက်ခေါ်သွားခဲ့၏။ သို့ရာတွင် ထိုကလေးမှာ စကားမပြောတတ်ခင်၊ လမ်းမလျှောက်တတ်ခင်မှစ၍ ချစ်မွှေးမပါလာခဲ့ပေ။
သူ၏သားဖြစ်သူမှာလည်း ငယ်စဥ်က ပြသာနာအိုးဖြစ်ခဲ့သော်ငြား သူ့အား ကျိုးကြောင်းပြ၍ သင်ကြားပေးနိုင်ခဲ့၏။ သို့ရာတွင် ရှုယုမှာ ထိုသို့မဟုတ်ပေ။ သူမည်မျှပင် ဆုံးမသင်ကြားစေကာမူ နားမထောင်တတ်ဘဲ မပြီးနိုင်မစီးနိုင် ငိုတတ်၏။ အနည်းငယ် အသက်ကြီးလာသောအခါ ပို၍ပင်ဆိုးသွားတော့သည်။ သူသည် သူမနှစ်သက်သူတိုင်းအား ပစ္စည်းများဖြင့် ကောက်ပေါက်တတ်ပြီး တစ်ဖက်လူမှ သူ၏ဆန္ဒကို မလိုက်လျောလျှင် သူ၏မိဘများထံသို့သွားကာ ထိုလူကို နှင်ထုတ်ခိုင်းတတ်၏။
ထိုအချိန်က စတင်ခဲ့သော မကောင်းမှုအသေးစားလေးများမှာ ရှုယုအရွယ်ရောက်လာချိန်၌ ကြီးမားသောမကောင်းမှုကြီးများအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
အကြီးအကဲကန်သည် အနည်းငယ်သိချင်မိသွား၏။ သူသိပ်မယုံကြည်လှသော်လည်း ရှုကျင်းဇီမှာ လိမ်ညာတတ်သောသူမဟုတ်ပါပေ။ ထို့အပြင် သူ၏မြေးယောက်ျားလေးသာ အလွန်လိမ္မာနေပါက အခြားသူများရှေ့တွင် ဤမျှလောက်စိတ်ပျက်နေသောမျက်နှာထားကို ပြသလိမ့်မည်မဟုတ်ချေ။
“ခင်ဗျားမြေးက ဒီနှစ်ဆို အသက်ဘယ်လောက်ရှိပြီလဲ? သူမရင့်ကျက်သေးဘူးဆိုတာ ငယ်သေးလို့ဖြစ်မှာပေါ့ဗျာ၊ နှစ်နည်းနည်းလောက်ကြာရင် သေချာပေါက် ပိုလူကြီးဆန်လာပါလိမ့်မယ်”
အကြီးအကဲကန်မှ နှစ်သိမ့်လိုက်သည်။
“သူလား? အဲ့လိုပဲမျှော်လင့်ရတာပဲ၊ ကျွန်တော်ကအိုနေပါပြီ အခုချိန်မှာ မြေးမိန်းကလေးတစ်ယောက်နဲ့တင် ကျေနပ်တယ်၊ တခြားကိစ္စတွေမှာတော့ မျှော်လင့်ချက်ကြီးကြီးမားမားမရှိတော့ဘူး”
ရှုကျင်းဇီသည် စိတ်ပျက်အားလျော့စွာဖြင့် ပြုံးပြလိုက်သည်။ သူ၏လေသံမှာ အနည်းငယ်အထီးကျန်ဆန်နေဟန်ရှိလေသည်။
ရှုမိသားစု၏ ဆေးဝါးပညာအမွေကို လက်ဆင့်ကမ်းလာသည်မှာ ကြာချေပြီ။ သူ၏သားနှစ်ဦးကလည်း ထိုအမွေကို မထိန်းသိမ်းနိုင်သလို သူ၏မြေးယောက်ျားလေးမှာလည်း မလုပ်နိုင်ချေ။ သူ၏မြေးမိန်းကလေးအပေါ်သာ သူ၏မျှော်လင့်ချက်များကို တင်ထားမိတော့သည်။
သို့ရာတွင် ဤမြေးမိန်းကလေးမှာ ကျင်းမိသားစု၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်၏။ အနာဂတ်တွင် သူသည် သေချာပေါက် ကျင်းမိသားစု၏ ဆေးကုသရေးပညာကို အမွေဆက်ခံလိမ့်မည်။ ထိုအရာကို သူမတားနိုင်ပါချေ။
ထိုအရာကိုစဥ်းစားလိုက်သောအခါ အကြီးအကဲရှုသည် သူ၏သားနှစ်ဦးကိုကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
“ဝမ်ချန်း ဟိုတစ်ခေါက်က ကြင်ဖက်သွားတွေ့တာ ဘယ်လိုဖြစ်သွားလဲ?”
“အဲ့အမျိုးသမီးက အခု အသက် ၂၅-၂၆ လောက်ရှိနေတာတောင် ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်လို ဝတ်စားထားတယ်၊ ကျွန်တော်တို့ခဏပဲတွေ့ရသေးတယ် ကျွန်တော်က သူ့ကိုအနိုင်ကျင့်နေသလို ပြောပါလေရော၊ အနောက်ကနေကြည့်ရင် ကျွန်တော်က ကလေးမလေးတစ်ယောက်ကို မကောင်းတာတစ်ခုခုလုပ်နေသလိုပဲ၊ အဲ့လိုမိန်းမထက်စာရင် ယောက်ျားတစ်ယောက်ကို ယူလိုက်တာမှ ပိုကောင်းဦးမယ်”
ရှုဝမ်ချန်းသည် အကြောင်းပြချက်တစ်ခုကို ကြိုတင်ပြင်ဆင်ထားသဖြင့် အေးအေးလူလူသာပြောလိုက်သည်။
Space and Rebirth 986
ရှုဝမ်ချန်းသည် ထိုနေ့ကလောင်းကြေးရှုံးပြီးနောက် ကြင်ဖက်သွားတွေ့ပုံကို ပြန်စဥ်းစားလိုက်သောအခါ ခေါင်းကိုက်လာတော့သည်။
ထိုကြင်ဖက်မိန်းကလေးအား ရှုယွမ်ထက်ရွေးချယ်ခဲ့ခြင်းဖြစ်၏။ သူမဖခင်မှာလည်း အစိုးရအရာရှိမိသားစုမှဖြစ်သော်ငြား ရှုယွမ်ထက်လောက် အာဏာမကြီးပေ။ ဤအမျိုးသမီးသည် ရုပ်ရည်အရ အတော်အတန်ကြည့်ကောင်းပေ၏။ သူမသည် ရှုဝမ်ချန်းအား တစ်ခေါက်သာတွေ့ခဲ့ဖူးရုံဖြင့် သူ့အား နှစ်ပေါင်းများစွာ ချစ်ကျွမ်းဝင်နေခဲ့လေသည်။ ထို့ကြောင့်လည်း ဤအသက်အရွယ်အထိ ယောက်ျားမယူရသေးခြင်းဖြစ်သည်။
ကြင်ဖက်တွေ့ဆုံခြင်းဖြစ်သဖြင့် ရှုယွမ်ထက်သည်လည်း သူ၏ညီလေးအား ကောင်းကောင်းမွန်းမွန်ဆက်ဆံမည့်သူဖြစ်ရန် မျှော်လင့်မိသည်။ ထို့ကြောင့်လည်း ဤအမျိုးသမီးအား သူရွေးချယ်ခဲ့ပေသည်။
သို့ရာတွင် ထိုအမျိုးသမီးမှာ အလွန်ပင်ကလေးဆန်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။
သူမသည် ရှုဝမ်ချန်းကိုတွေ့သည်နှင့် အချစ်မွှန်နေသောမျက်လုံးများ ဖြစ်သွားတော့သည်။ ရှုဝမ်ချန်းမှာမူ အစကတည်းကပင် ဇီဇာကြောင်သူဖြစ်ရာ သူမ၏အသွင်အပြင်နှင့် စရိုက်လက္ခဏာကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို စိတ်ဝင်စားမှုပျောက်ဆုံးသွားတော့၏။ ရှုဝမ်ချန်းသည် အပြင်ဘက်တွင် အလွန်လေးနက်တည်ကြည်သောသူဖြစ်သည်။ သူစိတ်မကြည်မလင်ဖြစ်နေသည်ကို မြင်သောအခါ ထိုအမျိုးသမီးသည် အလွန်ပင် စိတ်မကောင်းဝမ်းနည်းဖြစ်သွားတော့၏။ သူမသည် ရှုဝမ်ချန်းအား လွန်ခဲ့သောနှစ်များအတွင်း အလွန်သဘောကျနေခဲ့ကြောင်း၊ သူ၏ဓာတ်ပုံများစွာကိုပင် စုဆောင်းထားကြောင်း မျက်ရည်စက်လက်ဖြင့် ပြောကာ ထိုဓာတ်ပုံများကို သူမအိတ်ထဲမှ တစ်ပုံပြီးတစ်ပုံထုတ်ပြတော့သည်။ ထိုစဥ်က ရှုဝမ်ချန်းသည် သူ၏အစ်ကိုဖြစ်သူကိုသာ ကတိမပေးထားခဲ့လျှင် ထိုအမျိုးသမီးအား ချက်ချင်းဆိုသလို အပေါ်ထပ်မှ ပစ်ချမိပေလိမ့်မည်။
ဤသည်မှာ ကြင်ဖက်တွေ့ဆုံခြင်းလော? ကြင်ဖက်တွေ့ခြင်းနှင့်မတူဘဲ မိမိအား အရူးအမူးစွဲလမ်းကာ အနောက်တစ်ကောက်ကောက်လိုက်နေသော နှာဘူး သို့မဟုတ် stalker ကို တွေ့ရသည်နှင့် ပိုတူလေ၏။
သို့ရာတွင် အကြီးအကဲရှုမှာ ထိုအရာများကိုမသိချေ။ ထို့ကြောင့် ရှုဝမ်ချန်း၏ပါးစပ်မှ ယောက်ျားတစ်ဦးကိုသာ ယူလိုက်မည်ဟူသောစကားကို ကြားလိုက်သောအခါ ရုတ်ချည်းဆိုသလို ဒေါသပုန်ထသွား၏။
“ယောက်ျားလေးသာ ကလေးမွေးနိုင်တယ်ဆိုရင် မင်းယောက်ျားယူရင်တောင် ကိစ္စမရှိဘူးကွ!”
ကျင်းယွင်ကျောင်း၊ စူးချူနှင့် တခြားကလေးများမှာ မှင်သေသွားတော့သည်။ သူတို့ရယ်ချင်သော်လည်း မရယ်နိုင်သဖြင့် မျက်နှာများနီမြန်းကုန်ကြ၏။
“ကျွန်တော့်မိန်းမဖြစ်မယ့်သူက မှားရင်မှားတဲ့အကြောင်း ပြောရဲတဲ့သတ္တိရှိရမယ်၊ သူ့မာန်နဲ့သူရှိရမယ်၊ မကြိုက်ဘူးဆိုရင် ငြင်းရဲရမယ်၊ ယောက်ျားရတာနဲ့ အရုပ်ကလေးလိုပဲနေတတ်တဲ့ ကျွန်တော့်မရီးသူဌေးကတော်လိုမဖြစ်ရဘူး၊ မရီးဆိုရင် ပြုံးပဲပြုံးတတ်တယ် ငိုတောင်မငိုရဲဘူး၊ ကျွန်တော့်မိန်းမဖြစ်မယ့်သူက ကျွန်တော့်ကို စိတ်ရှိသလို ဒေါသထွက်နိုင်ပြီး အကျိုးအကြောင်းပြရှင်းပြရင် နားထောင်တတ်ရမယ်...အတိုချုံးပြောရရင် ကျွန်တော့်မိန်းမဖြစ်မယ့်သူက ကျွန်တော်သဘောကျမှဖြစ်မယ်ဗျာ၊ မဟုတ်ရင် ဘဝတစ်လျှောက် ကျွန်တော်ဘယ်လိုဆက်ရှင်နိုင်မှာလဲ?”
ရှုဝမ်ချန်းသည် သူ၏နှုတ်ခမ်းကို ဖြည်းဖြည်းချင်းသုတ်ကာ အလွန်ပင်ကြော့ရှင်းတည်ငြိမ်စွာဖြင့် စကားလုံးတစ်လုံးချင်းစီကို အေးအေးဆေးဆေးပြောလိုက်သည်။
အကြီးအကဲရှုသည် ဒေါသထွက်နေသော်လည်း သူ၏မာန်ကိုချ၍မဖြစ်ပေ။ သူ၏သားဖြစ်သူသည် မည်မျှပင် ဇီဇာကြောင်၍ ပြောရခက်စေကာမူ သူ၏သားဖြစ်နေသေး၏။ တွေ့ကရာအမျိုးသမီးတစ်ဦးနှင့် လက်ဆတ်ပေး၍မဖြစ်ပါချေ။
ရှန်ရှီမှာလည်း ထိုနည်း၎င်းဖြစ်သည်။ သူမသာ ကိုယ်ဝန်မရှိခဲ့လျှင် ဤမိသားစုထဲဝင်ရန် သဘောတူခဲ့မည်မဟုတ်ပေ။
ချွေးမရွေးရာတွင် သူသည် မိသားစုနောက်ခံထက် ထိုအမျိုးသမီး၏စရိုက်ကြန်အင်လက္ခဏာနှင့် နှီးနွှယ်မှုကိုသာ ဂရုစိုက်ပေသည်။ ရှန်ရှီသည် အမြဲတစေ မိသားစုကိုရှေ့တန်းတင်ပြီး လူကြီးသူမအပေါ် သိတတ်သည့်ပုံပေါက်သော်ငြား သူမနှင့်အတူရှိလျှင် အနည်းငယ်နေရခက်လေ့ရှိသည်။ ရှန်ရှီသည် သူ၏အကြီးဆုံးသားဖြစ်သူနှင့် လက်ထပ်ထားသည်မှာ နှစ်နှစ်ဆယ်ကျော်ချေပြီ။ ယခုအချိန်ထိ သူမပြောနှင့် ဤမိသားစုအတွက် နှစ်နှစ်ဆယ်ကြာ အလုပ်လုပ်ခဲ့ဖူးသော အိမ်စေများပင်လျှင် သူတို့နှစ်ဦးရန်ဖြစ်သည်ကို မမြင်ဖူးချေ။ ရန်ဖြစ်ရန်မဆိုထားနှင့် သူမသည် ရှုယွမ်ထက်အား ဒေါသပင်မပေါက်ကွဲဖူးသောသူဖြစ်၏။
သူသည် အတွေးအခေါ်ရှေးကျသောလူမျိုးမဟုတ်ပါပေ။ အမျိုးသမီးများသည် အမျိုးသားများ၏စကားမှန်သမျှကို မဖြစ်မနေနာယူရမည်ဟု မထင်ချေ။ ထိုနှင့်ဆန့်ကျင်ဘက်ဖြစ်သော ရဲစွမ်းသတ္တိရှိပြီး အမှန်အမှားဝေဖန်ပိုင်းခြားပြောဆိုရဲသည့် အမျိုးသမီးများအား ပိုတန်ဖိုးထား၏။
သူ၏အကြီးဆုံးသားမှာ သူ့အလုပ်နှင့် သူရှုပ်နေတတ်သည်။ သူသည် အရည်အချင်းရှိသောယောက်ျားတစ်ဦးဖြစ်သော်ငြား အခြားသူများအတွက် မတွေးပေးတတ်ချေ။ သာမန်အမျိုးသမီးများဆိုလျှင် ထိုသို့သောခင်ပွန်းမျိုးအား ဒေါသဖြစ်နိုင်သော်လည်း ရှန်ရှီမှာ ထိုသို့မဟုတ်ပေ။
“ဟမ့် အဲ့လိုမိန်းမမျိုးရှိတယ်ထားဦးတော့ မင်းကိုလက်ထပ်ဖို့စောင့်နေမယ်ထင်လား? တခြားယောက်ျားတွေလက်ထဲရောက်နေလောက်ပြီ မင်းကိုယ်မင်းငယ်သေးတယ်ထင်နေလား ဒီထက် ထပ်စောင့်လို့ရသေးလို့လား?”
ရှုယွမ်ထက်သည် မထီလေးစားဟန်ဖြင့် ပြောလိုက်၏။
“အစ်ကိုကြီး ဒီနေ့ခေတ်မှာ အသက်သုံးဆယ်ဝန်းကျင်ယောက်ျားတွေပဲ ရေပန်းစားတယ်ဆိုတာ မသိဘူးလား၊ ကောင်လေးငယ်ငယ်လေးတွေဆိုတာ မိန်းကလေးတွေအတွက် တွေးပေးတတ်တာမဟုတ်ဘူး၊ မင်းတို့ရော အဲ့လိုမထင်ဘူးလား?”
ရှုဝမ်ချန်းသည် တစ်ပြားသားမျှ မလျှော့ချေ။ သူသည် ဘေးသို့ဝေ့ကြည့်ကာ ကျင်းယွင်ကျောင်း၊ စူးချူနှင့် အခြားသူများကို မေးလိုက်သည်။
“အဲဒါဟုတ်လောက်မယ် သမီးတို့အတန်းထဲမှာ ဦးအရွယ်ယောက်ျားတွေကို အရူးအမူးဖြစ်ကြတဲ့မိန်းကလေးတွေ အများကြီးပဲ”
စူးချူခေါင်းငြိမ့်သဘောတူလိုက်သည်။ ထန်ကျစ်ဟွားနှင့် အခြားသူများသည် သံယောင်လိုက်တော့သည်။
ရှုဝမ်ချန်းမှာ အသက် ၃၁ နှစ်ရှိချေပြီ။ သူသည် အသက်မကြီးသေးပေ။ ပြောရလျှင် သူသည် ယောက်ျားတစ်ဦး၏ဆွဲဆောင်မှုများ ထွက်ပေါ်နေသော အသက်အရွယ်သို့ ရောက်နေလေပြီ။
“ဒါနဲ့ အစ်ကိုကြီးရော ပြောပါဦး နှစ်နှစ်ဆယ်ကျော် အိမ်ထောင်သက်ကို ကျေနပ်ရဲ့လား? မရီးနဲ့အတူနေရတာ...ကျေနပ်တယ်ပေါ့?”
Space and Rebirth 987
ရှုဝမ်ချန်းသည် မျက်ခုံးကိုပင့်ကာ ပါးနပ်သောအပြုံးတစ်ခုကို လှစ်ဟပြလိုက်သည်။ သူသည် ရှုယွမ်ထက်အား တမင်တကာ ရန်စနေခြင်းဖြစ်၏။
“မင်းမရီးက လူကောင်းတစ်ယောက်ပါ၊ ငါသူ့ကိုနှစ်နှစ်ဆယ်အတွင်း အနိုင်ကျင့်ခဲ့တာမျိုး မရှိခဲ့ဖူးဘူး”
ရှုယွမ်ထက်ပြောလိုက်၏။
မည်သို့အိမ်ထောင်မျိုးဖြစ်ပါစေ ရှုယွမ်ထက်သည် ယောက်ျားသားတစ်ဦးဖြစ်သဖြင့် အပြင်လူများရှေ့တွင် မိမိဇနီး၏သိက္ခာကို ကာကွယ်ရပေမည်။ ထို့အပြင် သူသည် ရှန်ရှီအပေါ် ချစ်ခြင်းမေတ္တာမရှိသော်လည်း သူမသည် မဒမ်ရှုဖြစ်နေသရွေ့ အခြားသူများမှ သူမအား စိတ်ရှိသလို အရှက်ခွဲနေသည်ကို ခွင့်မပြုနိုင်ပါပေ။
“ဟ”
ရှုဝမ်ချန်းပြုံးလိုက်၏။
“ဟုတ်ပါတယ် သူကလူကောင်းတစ်ယောက်ပါ၊ အစ်ကိုကြီးသာ သူ့အပေါ်ခံစားချက်မရှိရုံပဲ”
တကယ်တမ်းပြောရလျှင် ခံစားချက်မရှိသည်ထက် ပိုပေသည်။
ရှန်ရှီသည် မိသားစုထဲသို့ဝင်လာစဥ်က သူသည် ငယ်သေးပေသည်။ ဆယ်နှစ်သားအရွယ်သာရှိသေး၏။ ရှုမိသားစုကလေးများသည် အမြဲတစေ အရွယ်ရောက်မြန်လှသည်။ ဆယ်နှစ်အရွယ်ဖြစ်နေလျှင်ပင် နားလည်သင့်သောအရာများကို နားလည်နေလေပြီ။ ထိုအရွယ်တွင် လျှောက်ပတ်ဆော့ကစားခြင်းမပြုရုံမက အမျိုးသမီးများအနားသို့ မဆင်မခြင် ချည်းကပ်မည်မဟုတ်ပေ။ ထိုအချိန်က သူ၏အစ်မသည် ရှန်ရှီကိုနှစ်သက်ခဲ့၏။ နှစ်ဦးသားသည် မကြာခဏဆိုသလို စကားများဖောင်ဖွဲ့ပြောတတ်သည်။ သူ၏အစ်ကိုအကြီးဆုံးမှာမူ အိမ်တွင်သိပ်မရှိသောကြောင့် ဤအရာကို မသိလိုက်ရချေ။ သို့ရာတွင် ရှန်ရှီနှင့် သူ၏အစ်မဖြစ်သူကြားမှ ဆက်ဆံရေးမှာ ညီအစ်မအရင်းများသဖွယ်ဖြစ်နေကြောင်းကို သူသိနေခဲ့၏။
သို့သော် သူ၏အစ်မဖြစ်သူ ပျောက်ဆုံးသွားသောအခါ၌ ရှန်ရှီသည် ဝမ်းနည်းသည့်ပုံမပေါ်ပေ။ အပြင်ပန်းတွင်သာ ဟန်ဆောင်နေခြင်းဖြစ်မည်။ လူနောက်ကွယ်တွင် သူမသည် ထိုဆက်ဆံရေးအား ထူးခြားသည်ဟုမမြင်ပေ။ လပိုင်းခန့်ကြာသောအခါ သူမသည် အခြားမိသားစုတစ်စုမှ ကတော်တစ်ဦးနှင့် တွေ့ခဲ့သည်။ ထိုအမျိုးသမီးအား ဆက်ဆံရာ၌လည်း ရှန်ရှီသည် ထိုနည်း၎င်းသာဖြစ်သည်။
ထို့အပြင် သူ၏အစ်ကိုကြီးသည် ရှန်ရှီဆီမှ တောင်းဆိုဖူးသောအရာမရှိပေ။ နှစ်ဦးသားသည် တစ်ဦးအပေါ်တစ်ဦး လေးစားချစ်ခင်မှုသိပ်မရှိဟုပြောရမည်။ သူတို့နှစ်ဦးသည် သူစိမ်းများကဲ့သို့ ဆက်ဆံရေးအေးစက်မာကြောနေသည်ဆိုလျှင် ပိုမှန်မည်။
ဤအမျိုးသမီး၏အပြုံးသည် နူးညံ့ချိုသာသော်လည်း ရင်ထဲရောက်သောအပြုံးမဟုတ်ပေ။ သူ၏အစ်ကိုကြီးသည် မည်သည့်နည်းဖြင့် နှစ်ပေါင်းများစွာ ဤဆက်ဆံရေးအားခံနိုင်ခဲ့သည်ကို သူနားမလည်နိုင်ပါချေ။
ထိုအချိန်တွင် မျက်စိတစ်မှိတ်အတွင်း၌ လူရိပ်တစ်ခုသည် တံခါးနားမှ ရိပ်ခနဲဖြတ်သွားသည်။
ကျင်းယွင်ကျောင်းသည် ခေါင်းကိုစောင်းကာ ခပ်ဟဟပြုံးလိုက်ပြီး မမြင်ချင်ယောင်ဆောင်လိုက်၏။
ရှန်ရှီသည် ဒုတိယဦးလေး၏စကားများကို ကြားသွားဟန်ရသည်။ ထို့ကြောင့် သူမသည် လူရှေ့ထွက်လာရန် ရှက်သွားခြင်းလော? သို့ရာတွင် သူမသည် ထိုစကားများကိုကြားလျှင်ပင် ဘယ်လိုမှမခံစားရလောက်ချေ။
သို့သော် သူမသည် ထူးဆန်းစွာပင် ဆေးရုံမှ စောစောစီးစီးပြန်လာခဲ့ပေ၏။
“ဝမ်ချန်း မင်းလက်မထပ်ချင်ရင်လည်း နေပါကွာ၊ ငါနဲ့မင်းမရီးကိုတော့ ထည့်မပြောစမ်းပါနဲ့၊ အရင်တစ်ခေါက်က မိန်းကလေးကို မင်းမကြိုက်ဘူးဆိုရင်လည်း နောက်တစ်ခေါက်ကျ မင်းကြိုက်လောက်မယ့်တစ်ယောက်စီစဥ်ပေးထားမယ်၊ မြို့တော်ထဲမှာ ဂုဏ်သရေရှိမိသားစုတွေထဲက သမီးတွေမှအများကြီးကွာ၊ သူတို့ထဲက တစ်ယောက်ကိုတော့ မင်းသေချာပေါက်မျက်စိကျမှာပဲ”
ရှုယွမ်ထက်သည် သူ့အားအပြစ်မတင်လိုပေ။ ရှန်ရှီအတွက်နှင့် သူ၏ညီငယ်အား အော်ငေါက်ဆူဆဲမည်မဟုတ်ချေ။
ရှန်ရှီသည် အနည်းငယ်သနားစရာကောင်းသည်ဟု ကျင်းယွင်ကျောင်းခံစားမိလိုက်သည်။ ရှန်ရှီသည် သူမကိုယ်သူမ မြို့တော်ဝန်ကတော်အဖြစ်နေရခြင်းကို အကောင်းဆုံးဟုထင်နေသော်ငြား လက်တွေ့တွင်မူ နှစ်ပေါင်းများစွာကြာသည့်တိုင် ချမ်းသာကျော်ကြားမှုမှလွဲ၍ သူမဦးလေးထံမှ ဂရုစိုက်မှုများ အနည်းငယ်မျှပင် မရခဲ့ချေ။
ထိုသို့ဖြစ်သည်မှာလည်း မဆန်းပါပေ။ ရှန်ရှီနှင့် သူမဦးလေးအကြီးသည် အချင်းချင်းသဘောကျပြီး လက်ထပ်ခဲ့ခြင်းမဟုတ်သောကြောင့်ဖြစ်သည်။
ရှုဝမ်ချန်းသည် သူ၏အစ်ကိုကြီးဖြစ်သော ရှုယွမ်ထက်၏စကားကို တစ်ဝက်သာနားထောင်ကာ အာရုံသိပ်မထားချေ။ စားသောက်ရန်စောင့်ဆိုင်းနေကြသော ကလေးများလည်းရှိသဖြင့် သူသည် ကလေးများနှင့်အတူထိုင်ကာ စကားစပြောတော့သည်။
မြို့တော်ဝန်ဖြစ်သော ရှုယွမ်ထက်နှင့်ယှဥ်လျှင် ရှုဝမ်ချန်းပုံစံမှာ အနည်းငယ်ပို၍ လွတ်လပ်ပေါ့ပါးနေ၏။ ညီအစ်ကိုနှစ်ဦးတွင် ထန်ကျစ်ဟွားသည် ရှုဝမ်ချန်းအား ပိုသိချင်သွားပြီး စီးပွားရေးနှင့်ပတ်သတ်၍ အကြံဉာဏ်များတောင်းခံလိုက်သည်။
ရှုဝမ်ချန်းသည် အိမ်တွင်သာ လပ်လျားလပ်လျားနေသော်လည်း လက်တွေ့တွင် သူသည် အရည်အချင်းရှိသူဖြစ်၏။ သူသာ ဉာဏ်ရည်ထက်မြက်သူမဟုတ်ခဲ့ပါက ရှုမိသားစု၏ကာကွယ်မှုရှိနေလျှင်ပင် သူ၏ကိုယ်ပိုင်စီးပွားရေးကို ဖန်တီးတည်ထောင်နိုင်ခဲ့မည်မဟုတ်ပေ။
ပင်မအဆောင်တွင် ရယ်သံများလွှမ်းနေစဥ်၌ နံဘေးရှိ ဘေးအဆောင်သည် အလွန်ဆိတ်ငြိမ်နေတော့သည်။
ရှန်ရှီနှင့် ရှုယုသည် ထမင်းစားပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ကာ ရှုယွမ်ထက်ရောက်လာမည့်အချိန်ကို ရိုကျိုးစွာ စောင့်နေလိုက်သည်။ သို့ရာတွင် ရှုယွမ်ထက်မှာ ဧည့်သည်များအား ဧည့်ခံရန် ပင်မအဆောင်တွင် နေနေရသဖြင့် တော်တော်ကြာကြာနှင့် ရောက်မလာခဲ့ချေ။
ရှန်ရှီသည် အပြုံးတစ်ခုကို ဆင်မြန်းထားဆဲဖြစ်သော်လည်း သူမအပြုံးမှာ အနည်းငယ်တောင့်တင်းနေတော့၏။
ရှုယုမှာ တဖြည်းဖြည်းဖြင့် စိတ်မရှည်တော့ချေ။
“အမေ၊ သားရဲ့ ဝမ်းကွဲညီမလေးကို သွားကြည့်လို့မရဘူးလား? အဖေသာ ဒီညပြန်မလာတော့ဘူးဆိုရင် ကျွန်တော် တစ်ညလုံးဒီမှာစောင့်နေရတော့မှာမှတ်လား? ကျွန်တ်ေက နေလည်းမကောင်းသေးတာကို သူ့ကြောင့်နဲ့ အချိန်ဖြုန်းနေလို့မရဘူးလေ!”
Space and Rebirth 988
ရှုယု၏ပုံစံမှာ ပြောင်းလဲသွားချေပြီ။ သူ၏မျက်နှာမှာ အစက်အပြောက်များဖြစ်နေသကဲ့သို့ မှောင်ပိန်းနေသည်။ သူ၏နှုတ်ခမ်းနှင့် အသားအရေပင်လျှင် တစ်ရောင်တည်းဖြစ်နေချေပြီ။ သူသာ ပါးစပ်မဟဘဲ သူ၏ဖြူဖွေးသောသွားများကို လှစ်ဟမပြလျှင် သူ့အား သက်မဲ့အရာဝတ္ထုတစ်ခုဟုပင် လူများထင်သွားနိုင်၏။
“အားယုရယ်”
ရှန်ရှီသည် အားမလိုအားမရဖြစ်ဟန်ဖြင့် ခေါ်လိုက်၏။ ထို့နောက် သူမသည် ခေါင်းကိုမော့၍ အိမ်စေတစ်ဦးအား တစ်စုံတစ်ရာ စေခိုင်းလိုက်တော့သည်။ ၎င်းအပြီးမှ သူမဆက်ပြောလိုက်၏။
“အမေအရင်ကပြောထားတယ်မလား? အိမ်မှာနေရင် အရာရာကိုသည်းခံပြီး ယဉ်ကျေးရမယ်လို့၊ နောက်တစ်ခါ နိုင်ငံခြားအပို့ခံချင်လို့လား?”
“ကျွန်တော်သည်းမခံနိုင်ဘူးဗျာ”
ရှုယုသည် အနည်းငယ်အာရုံနောက်နေ၏။
“ဘယ်လိုပဲဖြစ်ဖြစ် အဖေက ကျွန်တော့်ကို ဘာမှလုပ်နိုင်တာမှမဟုတ်တာ၊ ကျွန်တော်က သူ့ရဲ့တစ်ဦးတည်းသောသားပဲ၊ ကျွန်တော်မရှိရင် ရှုမိသားစုကိုအမွေဆက်ခံမယ့်သူလည်းရှိတော့မှာ မဟုတ်ဘူး”
“ဟက် သားအဖေက ဘယ်လိုလူမျိုးလဲဆိုတာကို သိတယ်မလား၊ သူဒေါသထွက်လာရင် ဘယ်လိုလုပ်မလဲဆိုတာ ပြောရခက်တယ်ကွယ့်!”
ရှန်ရှီသည် ရှုယွမ်ထက်အား ပြက်ရယ်ပြုလိုက်၏။
“သားအဖေက သားရဲ့ဝမ်းကွဲကောင်မလေးကို ဘယ်လိုဆက်ဆံသလဲဆိုတာ မတွေ့သေးဘူးထင်တယ်၊ သူ့ခမျာ အဲ့ကောင်မလေးကို ပစားပေးချင်နေတာ အသည်းအသန်ပဲ၊ အမေက ဒီမိသားစုထဲမှာ ဘာအာဏာမှာမရှိတာမို့လို့ အခု သားအပေါ်ပဲမူတည်တော့တယ်၊ သားသာ လိမ်လိမ်မာမာမနေဘဲ သူ့ကိုအာခံနေရင် အမေတို့လည်း ကောင်းကောင်းနေရမှာမဟုတ်ဘူး”
“တကယ်ကြီးလား?”
ရှုယုမယုံကြည်နိုင်ပေ။
သူ၏ဝမ်းကွဲကောင်မလေးမှာ ထင်ရာစိုင်းသောမိန်းကလေးတစ်ဦးသာမဟုတ်လော? နယ်မြို့လေးတွင် ကြီးပြင်းလာသော မိန်းကလေးတစ်ဦးမှာ အထက်တန်းလွှာအသိုင်းအဝိုင်း၏ စည်းမျဥ်းစည်းကမ်းများနှင့် ယဥ်ကျေးမှုများကို မသိလောက်ချေ။ ထိုမိန်းကလေးသည် သူ့အား မကျော်လွန်နိုင်ဟု ရှုယုတထစ်ချယုံကြည်ထား၏။
သူသည် သူ၏အဘိုး၊ ဖခင်နှင့် သူ၏ဦးလေးကိုပင် ကြောက်ရွံ့သော်လည်း သူတို့အများဆုံးလုပ်နိုင်သောအရာဟူ၍ သူ့အားအပြစ်ပေးရုံသာရှိသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှုမိသားစု၏သွေးများ စီးဆင်းနေသည်မဟုတ်လော။ မည်သို့ပင်ဖြစ်စေ သူ့အား မည်သူမှ မထိနိုင်ချေ။
“သူတို့က ကျင်းယွင်ကျောင်းကိုချစ်ကြတယ်၊ သားက သူ့ကိုကောင်းကောင်းဆက်ဆံသရွေ့ သားအဖေနဲ့အဘိုးကလည်း သားကိုကောင်းကောင်းဆက်ဆံမှာပဲ၊ အရင်တစ်ခေါက်က သူနဲ့ရန်ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲ့အချိန်တုန်းက သားက သူဘယ်သူမှန်းမသိခဲ့ဘူးလေ၊ အခုချိန်မှာ ပြန်တည့်အောင်နေကြပေါ့၊ သားတို့အချင်းချင်းဂရုစိုက်ပေးလို့ရတယ်...”
ရှန်ရှီ၏မျက်လုံးများ လက်ခနဲဖြစ်သွားသည်။ သူမမျက်လုံးများမှ မီးပွားများလွင့်စင်လာသကဲ့သို့ပင်။ သူမပြောသောစကားလုံးတိုင်းသည် ရင်ထဲမှလာသောစကားများ ဖြစ်နေ၏။
ရှုယု၏မျက်နှာတွင် ရှားရှားပါးပါးဆိုသလို လေးစားရိပ်များသန်းသွားပြီး ခေါင်းငြိမ့်သဘောတူလိုက်သည်။
“အခု သားအဖေရှေ့မှာ ဟန်ဆောင်ပြီး ကျင်းယွင်ကျောင်းကို ကာကွယ်ပေးဖို့ ကတိပေးမှဖြစ်မယ်၊ အနာဂတ်မှာ ဆက်လျှောက်ဖို့ ခရီးအရှည်ကြီးရှိသေးတယ်၊ နောက်ဆုံးမှာ ဘယ်သူအနိုင်ရမလဲဆိုတာ မသေချာသေးဘူး”
ရှန်ရှီသည် သူမလက်ကောက်ဝတ်ပေါ်မှ သစ်မွှေးလက်ကောက်အားထိပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
ရှုယုမှာ သူ့မိခင်၏အာဘော်များနှင့် ကျင့်သားရနေချေပြီ။ သူ့အား စောင့်ဆိုင်းခိုင်းထားသောကြောင့် အမေ့စကားအတိုင်း ငြိမ်သက်လိမ္မာစွာ စောင့်ဆိုင်းရပေမည်။ သူသည် ဆေးရုံ၌လည်း ရက်ရှည်ကြာမြင့်စွာ အိပ်ခဲ့ရသည်မဟုတ်လော။
သို့ရာတွင် မလှမ်းမကမ်းတွင်ရှိသော အစေခံတစ်ဦး၏အကြည့်ကို မြင်လိုက်ရသောအခါ ရှုယုသည် အနည်းငယ်နာကျည်းမိသွားသည်။
ကျင်းယွင်ကျောင်းသည် သူ၏ဝမ်းကွဲဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ခေ။ ထို့ကြောင့်လည်း သူ၏ဖခင်သည် ကျင်းယွင်ကျောင်းအတွက် သူ့အား ဟေ့ကျိုးသို့ ပို့ပစ်လိုက်ခြင်းဖြစ်သည်။
ဟေ့ကျိုးဟူသောနေရာမှာ လွင်တီးခေါင်နေရာဖြစ်၏။ ဆိုးရွားလွန်းသဖြင့် သူ့အား သေချင်စော်ပင်နံစေသည်။ အစာရေလည်း ပြတ်လပ်သဖြင့် သူသည် အချိန်တိုင်းလိုလို မူးမေ့လဲကျခဲ့ရသည်။ ကံကောင်းစွာဖြင့် သူသည် ရှင်သန်နိုင်ခဲ့လေသည်။ သူပြန်ရောက်သည်နှင့် ထိုမိန်းကလေးအား သင်ခန်းစာပေးမည်ဟု တေးထားခဲ့၏!
သားအမိနှစ်ဦးသည် ဧည့်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။