← Chapters

အခန်း (၉၈၉-၉၉၂)

Vol. 50 Ch. 989-992

အခန်း (၉၈၉-၉၉၂)

Vol. 50 Ch. 989-992

Space and Rebirth 989

ရှုယွမ်ထက်သည် ပင်မအဆောင်တွင် နောက်ကျသည်ထိ မနေပေ။ အကြီးအကဲနှစ်ဦးမှာ အချင်းချင်းစကားကောင်းနေကြပြီး ကလေးများမှာလည်း သူ့အား စကားမပြောနိုင်သောကြောင့်ဖြစ်သည်။ သူ၏ညီငယ်မှာလည်း ပို၍ပင် မဆင်မခြင်ရှိလှပြီး တစ်ဦးတည်းနေရန် အင်အားမရှိသဖြင့် ကျင်းယွင်ကျောင်း၏သူငယ်ချင်းများအား အကြမ်းဖျင်းသိရှိပြီးနောက် ပွဲမှထွက်ကာ သွား‌ရောက်အနားယူလေသည်။

သို့သော် ရှုယွမ်ထက်သည် ဘေးအဆောင်၏ ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ထိတ်လန့်အံ့အားသင့်သွားတော့၏။

“အားယု မင်းကဆေးရုံမှာရှိနေတာမဟုတ်ဘူးလား?”

ရှုယွမ်ထက်၏မျက်နှာအိုသည် မေးခွန်းမေးရင်း တွန့်သွားတော့၏။

သူမကျေမနပ်ဖြစ်သောကြောင့်မဟုတ်ပေ။ ရှုယုအား ကြာမြင့်စွာ မတွေ့ရပြီးနောက်၌ မမှတ်မိသလောက်နီးပါးဖြစ်သွားသောကြောင့်ဖြစ်သည်။ ရှုယုအသားအရေမှာ မှောင်ပိန်းနေ၏။ အပြင်ဘက်တွင် တွေ့မိလျှင်ပင် မိမိ၏သားဖြစ်သူဟု မျက်မှန်းတန်းမှတ်မိမည်မဟုတ်ပေ။

သူ၏သားသည် ယခင်က ရုပ်ရည်ချောမောခဲ့သော်လည်း ယခုမူ...

သူ၏ချောမောသောရုပ်ရည်ကို မမြင်ရတော့ချေ။ သူ၏အသားအရေမှာလည်း ယခင်ကနှင့် တခြားစီဖြစ်ကာ မည်းနက်နေလေသည်။

ရှုယွမ်ထက်သည် ခြောက်ကပ်စွာ ချောင်းဟန့်ပြီး သူ၏စိတ်ထဲရှိ ထိန်းမနိုင်သိမ်းမရဖြစ်နေသော ရယ်ချင်စိတ်ကို တတ်နိုင်သမျှမြိုသိပ်ထားလိုက်ကာ လူကြီးတစ်ဦး၏ဣန္ဒြေကို အလျင်အမြန်ထိန်းလိုက်၏။ ရှန်ရှီသည် သုတ်သီးသုတ်ပြာဖြင့် သူ့အနားရောက်လာပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

“သူ့မှာ ဘာပြသာနာမှမတွေ့တာနဲ့ ကျွန်မအိမ်ပြန်ခေါ်လာခဲ့တာ၊ အားယုကို ယွင်ကျောင်းနဲ့ ပေးတွေ့ချင်ပေမယ့် အားယုအသားကိုကြည့်ပါဦးရှင်၊ ယွင်ကျောင်းသူ့ကိုမှတ်မိမယ်မထင်ဘူး”

“ဟုတ်တယ် ရှောင်ကျောင်းရဲ့သူငယ်ချင်းတွေ လန့်သွားလိမ့်မယ်၊ နောက်ရက်ပိုင်းအတွင်း ဘေးအဆောင်မှာပဲနေပေါ့ အပြင်မထွက်နဲ့၊ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရှေးဟောင်းကျမ်းတွေကို များများဖတ်နေလိုက် အဲ့ကျမ်းတွေထဲမှာ တကယ်ကောင်းတဲ့ကျင့်စဥ်တွေအကြောင်း ရေးထားတယ်”

ရှုယွမ်ထက်ခေါင်းငြိမ့်ကာ ဤအခွင့်အရေးကိုယူပြီး ဆုံးမလိုက်သည်။

သူသည် ရှုယုအား နေရာတိုင်းတွင် ကဲ့ရဲ့လိုသောစိတ်မရှိပေ။ အဓိကအားဖြင့်သူနှင့်ပတ်သတ်လာလျှင် ချီးမွမ်းစရာမရှိခြင်းသာဖြစ်သည်။

ရှုယုအတွက် သူသည် ယခင်က ပညာရေးနယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးဖူး၏။ သူသည် ရှုယုအား အတင်းကာရော ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမပြုရဟု ထိုပညာရှင်မှ ပြောခဲ့သည်။ ထို့ကြောင့် သူသည် ဤရက်ပိုင်းအတွင်း ရှုယုအား ကောင်းကောင်းဆက်ဆံပြီး ရှုယုတိုးတက်လာစေရန် သူ့အား နေရာတကာတွင် လမ်းညွှန်သွန်သင်ပေးနေခဲ့၏။ သို့သော် ရလဒ်မှာ ရှုယုသည် သူ့ကိုယ်သူ အခြားသူများက မထိပါးနိုင်သော မိသားစု၏အိမ်ရှေ့စံတစ်ဦးနှယ် ထင်သွားခဲ့လေသည်။ ထိုအတွေးများမှာ ပို၍ပင်ဆိုးနေသေးသည်။

ယခင်က ရှုယုသည် အမှားလုပ်မိသောကြောင့် သူ့အား ဟေ့ကျိုးသို့ပို့ခဲ့၏။ ဤအမှားမှာလည်း လွယ်လွယ်ခွင့်လွှတ်၍ရသောအမှားမဟုတ်ပေ။

ထို့အပြင် သူ၏သားဖြစ်သူ၏စရိုက်ကို အဘယ်သို့မသိဘဲနေမည်နည်း? ရှုယုလွတ်လပ်ခွင့်ရသည်နှင့် ရှောင်ကျောင်း၏သူငယ်ချင်းများလည်း အေးအေးချမ်းချမ်းနေနိုင်တော့မည်မဟုတ်ပေ။ ထိုမတော်တဆမှုမျိုးဖြစ်မည်ကို တားဆီးရန် ရှုယုအား ကြိုတင်သတိပေးထားသည်က ပိုကောင်းပေမည်။

ရှန်ရှီသည် ရှုယွမ်ထက်၏စကားများကို ကြားသောအခါ သူမအပြုံးသည် ပို၍ပင်ကြီးမားသွားတော့၏။

“အားယုတိုးတက်လာပါပြီရှင့်၊ ဒီတစ်ခေါက်တော့ ရှင်ပြောသမျှကို သူနားထောင်မယ်ဆိုတာ ကျွန်မအာမခံတယ်”

ထိုသို့ပြောပြီးနောက် ရှန်ရှီသည် ရှုယုအား ဝေ့ကြည့်လိုက်သည်။ ရှုယုသည် မိခင်ဖြစ်သူ၏အကြည့်ကြောင့် အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ကဲ့ အဖေ ကျွန်တော်သွားဖတ်လိုက်ပါမယ်”

(စာဖတ်ရမယ်? အဲဒီစာအုပ်ဟောင်းတွေက ဘာစိတ်ဝင်စားစရာကောင်းလို့လဲ? အနံ့ကလည်း ဖုန်အနံ့တွေချည်းပဲ၊ တော်သေးလို့ စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းတွေကို ငါတစ်အိမ်လုံးပတ်သိမ်းထားတာ၊ မဟုတ်ရင် ငါပျင်းပြီးသေသွားမလားပဲ)

ရှုယုမှ အဆင်သင့်သဘောတူလိုက်သောကြောင့် ရှုယွမ်ထက်အံ့အားသင့်သွားသည်။

အမှန်အတိုင်းပြောရလျှင် ရှုယုအမှန်တကယ်ပင် ပြောင်းလဲသွားပြီဟူသောသတင်းထက် မနက်ဖြန်တွင် နေသည် အနောက်အရပ်မှ ထွက်လာလိမ့်မည်ဟူသောစကားက ပိုယုံရလွယ်ပေသည်။ သို့ရာတွင် ယခုသူသည် အလွန်ပင်နာခံရိုကျိုးနေသောကြောင့် ဖခင်တစ်ဦးအနေဖြင့် အကောင်းဘက်က မြင်ပေးလိုက်၏။

“နောက်ကျရင် မင်းအဘိုးလည်း အိမ်မှာနေလိမ့်မယ်၊ သူ့ဒေါသကိုမဆွနဲ့ မင်းအရင်က ရှောင်ကျောင်းကို ရန်စဖူးတယ်မှတ်လား? ငါအခွင့်အရေးရရင် မင်းတို့နှစ်ယောက်ကို ပေးတွေ့မယ်၊ မင်းဘက်ကသာ လက်ဆောင်တစ်ခုပြင်ထားပြီး သူ့ကိုသေချာတောင်းပန်ဖို့စဥ်းစားထား၊ နားလည်လား?”

ရှုယွမ်ထက် ထပ်ပြောလိုက်ပြန်၏။

ရှုယုအနည်းငယ်မျက်မှောင်ကြုတ်သွားသော်လည်း ရှုယွမ်ထက်အရှေ့တွင် စကားပြန်ပြောရဲသည့်သတ္တိမရှိသဖြင့် ခေါင်းသာငြိမ့်လိုက်သည်။ သူ၏အသားအရေမှာ ကာကွယ်ရေးအလွှာတစ်ခုကဲ့သို့ဖြစ်နေသောကြောင့် သူ၏ရွံရှာဖွယ်မျက်နှာထားကို လူများမမြင်ရချေ။

ထိုသို့ပြောပြီးနောက် ရှုယွမ်ထက်သည် သူ၏အိပ်ခန်းသို့ ပြန်လိုက်သည်။ သူနှင့်ရှန်ရှီ၏အိပ်ခန်းမှာ ဒုတိယထပ်တွင်ဖြစ်သော်လည်း တစ်ခန်းတည်းမဟုတ်ပေ။ ရှန်ရှီ၏အိပ်ခန်းမှာ ကြောင်လိမ်လှေကား၏ ဘယ်ဘက်တွင်ရှိပြီး သူ၏အိပ်ခန်းမှာ လှေကားညာဘက်တွင်ဖြစ်သည်။

“အမေ၊ ဝမ်းကွဲကောင်မလေးရဲ့သူငယ်ချင်းက ဘယ်နှစ်ယောက်လဲ?’

ရှုယုသည် အခန်းထဲသို့မပြန်မီ မနေနိုင်မထိုင်နိုင်မေးလိုက်၏။

“လူကြီးတစ်ယောက် လူငယ်သုံးယောက်၊ မနက်ဖြန်ကျရင် နောက်တစ်ယောက်ထပ်လာလိမ့်မယ်၊ ဟွားနင်ခရိုင်မှာ သူတွေ့ခဲ့တဲ့မိတ်ဆွေတွေချည်းပဲ၊ ဒီလူတွေက အမေတို့အိမ်မှာ ယာယီနေကြမှာလေ၊ သူ့မွေးနေ့ရောက်ရင်လည်း တခြားသူငယ်ချင်းတွေ လာကြလိမ့်မယ်၊ မင်းအဖေနဲ့ ဦးလေးအငယ်ကလည်း သူတို့ခင်တဲ့လူတွေဖိတ်ထားကြတာဆိုတော့ ပွဲကြီးပွဲကောင်းဖြစ်မှာပေါ့”

“သူ့သူငယ်ချင်းတွေအားလုံးက မိန်းကလေးတွေပဲလား? အဲ့မိန်းကလေးတွေကရော လှကြလား?”

ရှုယုသည် အခြားအရာများကိုလုံးဝစိတ်မဝင်စားဘဲ သူသိချင်သောအရာကိုသာ တန်းမေးလိုက်၏။ရှန်ရှီ၏ပုံစံမှာ ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးကဲ့သို့ပင်။ အနီးအနားမှ အစေခံတစ်ဦးသည် သူမအား မြင်လိုက်သောအခါ အားမကျမိဘဲမနေချေ။

ကျင်းယွင်ကျောင်းတစ်ဖြစ်လဲ အငယ်ဆုံးသခင်မလေး မိသားစုထဲသို့ရောက်လာချိန်မှစ၍ မိသားစုထဲတွင် မဒမ်၏ရာထူးမှာ တဖြည်းဖြည်းနိမ့်လာခဲ့သည်။ မဒမ်သည် အငယ်ဆုံးသခင်မလေးအား ပုံမှန်အားဖြင့် အစားကောင်းအသောက်ကောင်းများဖြင့် တည်ခင်းဧည့်ခံသည့်တိုင် အငယ်ဆုံးသခင်မလေးမှာ သူမအား ဂရုပင်မစိုက်ချေ။ သခင်မလေး၏မျက်နှာပေါ်တွင် အမြဲတစေ အေးစက်မာကြောသောမျက်နှာထားရှိနေပြီး တစ်ဖက်သားမျက်နှာပျက်စေရန် “အန်တီရှန်” ဟုသာခေါ်လေ့ရှိ၏။

ယခင်က မဒမ်သည် အိမ်ထဲသို့ သူမသူငယ်ချင်းအချို့ကို ဖိတ်ခေါ်တတ်သည်။ သို့ရာတွင် ယခုတလောပိုင်း၌ အငယ်ဆုံးသခင်မလေး စိတ်ငြိုငြင်မည်ကိုစိုးသဖြင့် သူမမိတ်ဆွေများကိုပင် မဖိတ်တော့ပေ။ သူမသည် ပုံမှန်အားဖြင့် တစ်ရက်လုံးအိမ်ထဲတွင်သာနေရသဖြင့် ပျင်းနေလေပြီ။ ထိုတင်မက ယခုတွင်လည်း အငယ်ဆုံးသခင်မလေးမှ ဧည့်သည်များကို ကြိုဆိုဧည့်ခံနေစဥ်တွင် သခင်ကြီးမှ သူ၏မိန်းမနှင့်ကလေးကိုဘေးဖယ်ကာ သူမအား သွားရောက်အဖော်ပြုပေးရ၏။

သို့ရာတွင် ရှုမိသားစုအရေးကိစ္စများမှာ သူတို့လို အပြင်လူများ ဝင်ရောက်စွက်ဖက်၍ရသောကိစ္စမဟုတ်ပါပေ။

Space and Rebirth 990

မိန်းကလေးအကြောင်း ပြောလိုက်သည်နှင့် ရှုယုမျက်လုံးများ ဝင်းလက်သွားသည်။ ရှန်ရှီ မျက်မှောင်ကြုတ်လိုက်၏။

“အားယု ပေါက်ကရတွေလုပ်ဖို့မစဥ်းစားနဲ့၊ သူ့သူငယ်ချင်းတွေ ဘယ်လောက်လှလှ သားသွားထိလို့မရဘူး၊ အနည်းဆုံးတော့ လူရှေ့သူရှေ့မှာ လုပ်လို့မရဘူးပေါ့”

ရှန်ရှီသည် အသံကိုနိမ့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

သူမသားဖြစ်သူမှာ မိန်းမပွေသူတစ်ဦးဖြစ်ကြောင်း သူမသိထားသည်မှာ ကြာချေပြီ။ ယခင်က သူမသည် သားဖြစ်သူအား ထိန်းချုပ်ရန် ကြိုးစားခဲ့၏။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ခန္ဓာကိုယ်ကျဆင်းမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သို့သော် အချိန်တစ်ခုကြာပြီးနောက်တွင် သူမသားသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိသွားလေသည်။ သူသည် မိန်းမလှများကို နှစ်သက်ရုံသာနှစ်သက်ပြီး ကာမမလိုက်စားပေ။

ရှုယုခေါင်းငြိမ့်လိုက်၏။ သူသည် လက်ကိုလှမ်းကာ လိမ္မာသောသားငယ်တစ်ဦးကဲ့သို့ ရှန်ရှီ၏ပုခုံးကိုဖက်လိုက်သည်။ ထို့နောက် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေသည်။

“မပူပါနဲ့ အမေရဲ့ သားသတိထားမှာပါ”

“ဒါပေမယ့် သားတို့အဖြစ်က တကယ်သနားစရာပဲ၊ သားတို့မိသားစုက နှစ်ပေါင်းများစွာတစ်လျှောက် ဒီလောက်များတဲ့ဧည့်သည်တွေကို တစ်ခါမှမဖိတ်ဖူးဘူး၊ သားရဲ့အသက်ပြည့်မွေးနေ့မှာတောင် ဒီလိုမျိုးလုပ်ဖူးတာမဟုတ်ဘူးလေ၊ အဲဒီကျင်းယွင်ကျောင်းက တကယ်ကံကောင်းသွားတာပဲ၊ နှမြောစရာကောင်းလိုက်တာ၊ ဒီလိုမိန်းမလှမျိုးကို တွေ့ရတာ ရှားပါတယ်ဆိုမှ ကျွန်တော့်ဝမ်းကွဲလာဖြစ်နေတယ်၊ အရင်ခေတ်ကအတိုင်းဆို မိသားစုထဲမှာပဲ ပြန်မျိုးစပ်ပေးမှာ အခုတော့ မဖြစ်နိုင်တော့ဘူး!”

ရှုယုသည် နှမြောတသဖြစ်ဟန်ဖြင့် ပြောလိုက်၏။

ရှန်ရှီသည် ခေါင်းကိုခါကာ သက်ပြင်းချလိုက်တော့သည်။

“သား၊ အမေလေ ယွင်ကျောင်းဆိုတဲ့ အဲ့ကလေးကို...တကယ်သဘောမကျဘူး၊ မင်းအနာဂတ်မှာ ယူမယ့်မိန်းကလေးကလည်း သူ့လောက် ဘဝင်မြင့်နေလို့မဖြစ်ဘူးနော်၊ သားရဲ့အနာဂတ်ဇနီးလောင်းက မိသားစုနောက်ခံအရမ်းမြင့်လို့မဖြစ်ဘူး နူးညံ့သိမ်မွေ့ပြီး လူကြီးစကားနာခံတတ်ရမယ်၊ မဟုတ်လို့ကတော့ အမေ့စိတ်နဲ့တွေ့မှာမဟုတ်ဘူး”

ရှန်ရှီသည် သူ့အား တိုးပျပျဖြင့် သတိပေးလိုက်၏။

သူမ၏မိသားစုနောက်ခံမှာ သူမ၏အကြီးမားဆုံးနောင်တဖြစ်သည်။ သူမသည် ရှုမိသားစုထဲ၌ နှစ်နှစ်ဆယ်ကျော် နေလာသည့်တိုင် ယခုပင်လျှင် သူမနောက်ကွယ်၌ အတင်းတုပ်နေဆဲဖြစ်သော သူဌေးကတော်များရှိနေသေး၏။ ဤကိစ္စအား သူမရှင်းရှင်းလင်းလင်း သိထားလေသည်။

သို့ရာတွင် မိသားစုတစ်စုထဲမှ လာသော်လည်း သူမညီမဖြစ်သူ ရှန်တုန်းမှာမူ သူမနှင့်မတူညီသော သုံးသပ်ချက်ကို လူအများဆီမှ ရရှိခဲ့၏။

ယခင်ကတည်းကပင် ရှန်တုန်းသည် မွေးရာပါသရုပ်ဆောင်ပါရမီရှိသည်ဟု လူများကပြောကြသည်။ ရှန်ရှီမှာ ရိုးရှင်းသောမိသားစုမှ ဆင်းသက်လာသဖြင့် စိတ်ထားကြင်နာပြီး ပါးနပ်လိမ္မာကြောင်း၊ ရွှေဟူသောအမျိုးမှာ မည်သည့်နေရာတွင်မဆို တောက်ပြောင်ကြောင်း ပြောကြ၏။ သို့ရာတွင် သူမနှင့်ပတ်သတ်လာလျှင် ထိုအရာများသည် လူများ၏နှုတ်ခမ်းမှ မပွင့်ထွက်လာချေ။ ရှန်တုန်းဟူသော သူမမှာ ကြက်ခြံထံမှ ဇာမဏီငှက်မျိုးထဲသို့ ရောက်ရှိသွားသော ကြက်မတစ်ကောင်သာဖြစ်ကြောင်း ပြောကြလေ၏။ သူမသည် ရှုယွမ်ထက်နှင့် မထိုက်တန်သောသူ၊ အောက်တန်းကျပြီး ဇာတ်နိမ့်သူတစ်ဦးဟုသာ ထင်ကြလေသည်။

ထို့ကြောင့် သူမသည် နေ့ရက်စဥ်တိုင်း သတိကြီးစွာ နေထိုင်ခဲ့၏။

“အမေသဘောကျတဲ့မိန်းမမျိုးကို သားမသိဘူးများထင်နေလား? အနာဂတ်မှာ ကျွန်တော့်ဇနီးလောင်းကိုရွေးတဲ့အချိန်ရောက်ရင် အဲ့မိန်းကလေးရုပ်လှသရွေ့ ကျွန်တော်အဆင်ပြေပြီ အမေ့ဘာသာ သူ့စရိုက်တွေ မိသားစုနောက်ခံတွေ ကြိုက်သလိုသာရွေးဗျာ”

ရှုယုသည် သုတ်သီးသုတ်ပြာဖြင့် သူ့အမေအား နှစ်သိမ့်လိုက်၏။

မည်သို့ပင်ဖြစ်စေ သူသည် အိမ်ထောင်ပြုလျှင်ပင် အမျိုးသမီးတစ်ဦးတည်းဖြင့် တစ်သက်လုံး မနေနိုင်ရာ။ တစ်ဖက်အမျိုးသမီးအား ပျင်းရိမည့်အတူတူ သူ၏မိခင်ကြိုက်နှစ်သက်သောလူအား ရှာဖွေသည်က ကောင်းပေမည်။

ရှန်ရှီသည် ကျေနပ်အားရဟန်ဖြင့် ပြုံးလိုက်၏။ သူမအလွန်ပင် နှစ်ထောင်းအားရရှိနေလေသည်။

သူမယောက်ျားဖြစ်သူနှင့် တစ်သက်လုံးကြိတ်မှိတ်နေရလျှင်ပင် ကိစ္စမရှိချေ။ သူမသားဖြစ်သူက သူမနံဘေးတွင်ရှိလျှင် လုံလောက်ပေပြီ။ သူမသည် မြို့ဝန်ကတော်တစ်ဦး၏ ရာထူးနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ပြီး သူမသားဖြစ်သူအား နေ့တိုင်းတွေ့နိုင်သရွေ့ သူမကျေနပ်ချေပြီ။

သားအမိနှစ်ဦးမှာ အလွန်ပင် ချစ်နေကြ၏။ ရှုယုမှ အလျင်အမြန်ပင် ချိုသာသောစကားအချို့ကို ပြောလိုက်သောအခါ ရှန်ရှီ၏အပြုံးမှာ ပို၍ပင်နူးညံ့သွားသည်။

ကျင်းယွင်ကျောင်းသည် ယနေ့ညတွင် စူးချူနှင့်အတူ ဘေးအဆောင်တွင် အိပ်လေသည်။ နောက်တစ်နေ့ညတွင် ရှောင်ဟိုင်ချင်းလည်း အပြေးအလွှားရောက်လာတော့၏။

သူမသည် ဤအချိန်တွင် ရိုက်ကူးရေးလုပ်နေပြီး ကျောင်းပိတ်ရက်လည်းဖြစ်သဖြင့် အစက ကျင်းယွင်ကျောင်းသည် သူမအား ရှုမိသားစုအိမ်တွင် အိပ်စေချင်မိသည်။ သို့ရာတွင် ရှောင်ဟိုင်ချင်းမှာ ရိုက်ကူးရေးကွင်းနှင့် အလွန်နီးသောနေရာတွင် အိမ်တစ်အိမ်ငှားလိုက်ပြီဖြစ်သောကြောင့် ကျင်းယွင်ကျောင်း၏ကမ်းလှမ်းချက်ကို ငြင်းလိုက်၏။

စူးချူနှင့် အခြားသူများသာမလာခဲ့လျှင် ရှောင်ဟိုင်ချင်းသည်လည်း သူတို့နှင့် အထူးတလည် လာနေဖြစ်မည်မဟုတ်ပေ။

“နင့်ရိုက်ကူးရေးအဖွဲ့က မနားဘူးလား? ရာသီဥတုက ဒီလောက်အေးနေပြီး မကြာခင်မှာ နှစ်သစ်ကူးနေ့ရောက်တော့မှာကို”

စူးချူသည် ‌ရှောင်ဟိုင်ချင်း၏မဖျက်ရသေးသော မိတ်ကပ်အားကြည့်ပြီး ချက်ချင်းစိတ်ဆင်းရဲသွားသည်။

“အခုက ရိုက်ကူးရေးအဖွဲ့သားတွေ အသည်းအသန်အလုပ်လုပ်နေတဲ့အချိန်ပဲ၊ ငါမနက်ဖြန်ကစပြီး နေမထွက်ခင် သွားရမှာမို့ နေ့တိုင်းဒီကိုမလာနိုင်လောက်ဘူး၊ ဒါပေမယ့် ယွင်ကျောင်းမွေးနေ့မှာတော့ ဒါရိုက်တာကို ခွင့်တောင်းပြီး လာခဲ့မယ်”

ရှောင်ဟိုင်ချင်းသည် အစားအသောက်များကို အားပါးတရမြိုချစားသောက်ကာ ပြောလိုက်၏။

Space and Rebirth 991

ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်း၏ပုံစံအားကြည့်ကာ စူးချူနှင့် အကြည့်ချင်းဖလှယ်လိုက်၏။ ရှောင်ဟိုင်ချင်းမှာ အချိန်ကြာမြင့်စွာ မစားရမသောက်ရသည့်အသွင်ပေါက်နေလေသည်။

“အဲ့လောက်တောင် စားကောင်းနေတာလား?”

ကျင်းယွင်ကျောင်းမျက်မှောင်ကြုတ်လိုက်သည်။ သူမနားမလည်နိုင်ပါပေ။

“ယွင်ကျောင်း နင်မသိလို့၊ ရှင်းဟန်ဇာတ်ရုပ်က ရက်စက်ပြီး အကြံပက်စက်တဲ့လူဆိုပေမယ့် သူက သူ့အထက်လူကြီးရှေ့မှာ ရက်ချီအစာငတ်ရတာ ပုံမှန်ပဲ၊ ပြီးတော့ ငါက မိုးလင်းကနေ မိုးချုပ်အလုပ်တွေရှုပ်နေတာလေ၊ ဒုက္ခခံရတဲ့ဇာတ်ကွက်တွေကို ရိုက်တာလည်း ပြီးခါနီးပြီဆိုတော့ ဇာတ်ရုပ်ပိုပီပြင်အောင် ရိုက်ကူးရေးအဖွဲ့သားတွေက ငါ့ကို ထမင်းဘူးမပေးဘူး”

ရှောင်ဟိုင်ချင်းသည် ထမင်းအား နောက်တစ်လုပ်မြိုချကာ ဆက်ပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် အနည်းငယ်ဒေါသထွက်သွား၏။

“နင့်ဒါရိုက်တာက နင့်ကိုထမင်းတောင် မကျွေးဘူးလား? ဇာတ်ကွက်တွေအားလုံး ပီပြင်ချင်တာနဲ့ပဲ နင့်ကိုအဲ့လိုလုပ်ခိုင်းလို့မရဘူးလေ”

“အစတုန်းက ငါလည်း နည်းနည်းလိုအပ်ချက်ရှိနေခဲ့တယ်၊ ငါက ဗိုက်ဆာတဲ့ဒဏ်ကို ခံဖူးပြီး စိတ်ဒုက္ခရောက်တဲ့ ခံစားချက်ကိုသိရင်ကောင်းမယ်လို့ ဒါရိုက်တာက အကြံပေးခဲ့တာ၊ တကယ်တော့ ထမင်းနှစ်နပ်လောက် မစားရုံနဲ့ ငါဘာမှမဖြစ်ပါဘူး၊ နောက်ဆုံးတော့ ယိဝမ်က တစ်ယောက်ယောက်ကိုပြောပြီး ငါ့အတွက် နှစ်ရက်စာလောက် ထမင်းမပြင်ပေးဖို့ ပြောခဲ့တယ်၊ အဲဒါအပြင် ငါ့ကိုလည်း ရိုက်ကူးရေးအဖွဲ့သားတွေရှေ့မှာ ချီးမွမ်းပြလိုက်သေးတယ်လေ၊ ငါလည်း ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လမ်းအတွက် ကောင်းတဲ့အရာလို့ ထင်လိုက်တာမို့ မငြင်းတော့ဘူး”

ရှောင်ဟိုင်ချင်းပြုံးလိုက်၏။

ကျင်းယွင်ကျောင်းသည် လက်သီးကိုသာ ကျစ်ကျစ်ဆုပ်၍ ဘာမှဆက်မပြောတော့ချေ။

“စိတ်မပူပါနဲ့ ငါကသူများအနိုင်ကျင့်တိုင်းခံမယ့်လူမဟုတ်ပါဘူး၊ ယိဝမ်က အခု ဇာတ်ဆောင်မင်းသမီးပဲ၊ သူနဲ့အငြင်းပွားလို့ ကောင်းနိုင်စရာဘာမှမရှိဘူး၊ ရိုက်ကူးရေးအဖွဲ့သားတွေပဲ အလုပ်နှေးပြီး ငါ့ကို ထိခိုက်နိုင်လိမ့်မယ်၊ ကိစ္စတစ်ခုခုဖြစ်ရင် နောက်ပိုင်းမှဖြေရှင်းလို့ရတာပဲ၊ ပြောရရင် ငါသူ့ကိုတောင် ကျေးဇူးတင်ရဦးမယ်၊ အရင်တုန်းက ကိစ္စတွေကြောင့် လူတွေက ငါ့ကိုသူနဲ့မတည့်ဘူးလို့ ပြောနေခဲ့ပေမယ့် သတင်းထောက်တွေကို သူခေါ်လိုက်တဲ့နောက်ပိုင်းမှာ ငါ့ကိုမုန်းနေခဲ့တဲ့ပရိသတ်တွေတောင် ငါ့ကိုအားပေးလာကြပြီး ငါ့အမာခံပရိသတ်တွေဖြစ်ကုန်ပြီ၊ ပရိသတ်အချင်းချင်းရန်ပွဲဖြစ်တော့ ငါလည်း ပိုနာမည်ကြီးလာတာပေါ့”

ရှောင်ဟိုင်ချင်းသည် လက်ထဲမှ ဇွန်းခက်ရင်းများကိုချကာ လျှို့ဝှက်သောအပြုံးတစ်ခုကို ပြုံးလိုက်သည်။

“ဒီနယ်ပယ်ထဲမှာ နာမည်တစ်လုံးရချင်ရင် လူတွေရဲ့အာရုံစိုက်မှုကို ဘယ်လိုနည်းနဲ့မဆိုယူမှဖြစ်မယ်၊ ငါကိုယ်တိုင်က သူများကို အကျင့်မပုပ်ပေမယ့် သူများက ငါ့ကိုလာအနိုင်ကျင့်ရင်တော့ သူတို့ဆီက တန်ရာတန်ကြေးတစ်ခု မဖြစ်မနေယူမှာပဲ”

ကျင်းယွင်ကျောင်းသည် သူမအား ဝေ့ကြည့်လိုက်၏။ ရှောင်ဟိုင်ချင်း၏ ခေါင်းမာသောစရိုက်မှာ ယခင်ကအတိုင်း မပြောင်းလဲပေဟု သူမတွေးမိလိုက်သည်။

မိမိကိုယ်ကိုစတေးပြီး ရန်သူအား အဆထောင်သောင်းချီ အနာတရဖြစ်စေသော သူမအကျင့်မှာ မပြောင်းလဲရှိနေဆဲဖြစ်၏။ သူမကိုယ်သူမ မည်သို့တန်ဖိုးထားရမည်ကို မသိပါချေ။

“ယွင်ကျောင်း၊ နင်သိလား ထမင်းတစ်နပ်-နှစ်နပ်လောက်ပဲ အဆာခံရုံနဲ့ ငါရလိုက်တာတွေအများကြီးပဲ၊ ဒါရိုက်တာကလည်း ငါ့အပိုင်းတွေကို အရမ်းအားရနေတယ်၊ သတင်းထောက်တစ်ယောက်က ငါ့ကိုလာအင်တာဗျူးတုန်းက ငါက ပရော်ဖက်ရှင်နယ်ဆန်ပြီး ပါရမီရှိတယ်လို့ အဲ့သတင်းထောက်ရှေ့မှာ တကူးတကပြောပေးခဲ့တာလေ၊ သူ့စကားတွေက ဘယ်လောက်တောင် အကျိုးသက်ရောက်မှုရှိလဲသိလား? ပြီးတော့ နင်ငါ့ကိုငတုံးမလို့ထင်နေလား? ယိဝမ်က ငါ့ကိုတမင်ချောက်တွန်းမှန်း ရိုက်ကူးရေးတစ်ဖွဲ့လုံးသိတယ် ဒါပေမယ့် ယိဝမ်ကို မဖော်ထုတ်ချင်ကြလို့သာ ငြိမ်နေကြတာ၊ ငါတို့ဇာတ်လမ်းအတွက် ကောင်းနိုင်စရာမရှိဘူးလေ”

ကျင်းယွင်ကျောင်းမျက်နှာမကောင်းကြောင်း မြင်လိုက်ရသောအခါ ရှောင်ဟိုင်ချင်းမှ ဆက်ရှင်းပြလိုက်၏။

“နေတော့ နင်အမြဲမှန်ရမှ ကျေနပ်တာမလား?”

ကျင်းယွင်ကျောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။

“မနက်ဖြန်ကျရင် နင့်ကိုကားမောင်းပို့ပေးဖို့ ငါလူတစ်ယောက်ခေါ်လိုက်မယ်၊ နင်ကားထဲမှာ ခဏလောက် အနားယူလို့ရတာပေါ့၊ အခုလည်း အတူတူပဲ ထမင်းစားပြီးရင် သွားနားတော့”

“အင်း”

ရှောင်ဟိုင်ချင်းသည် ခေါင်းကိုထပ်ခါထပ်ခါ ငြိမ့်ပြလိုက်သည်။

ရှောင်ဟိုင်ချင်းသည် ယခင်ကကဲ့သို့ မာန်သိပ်မရှိတော့ချေ။ သူမအရှေ့တွင် ရှောင်ဟိုင်ချင်းသည် အမြဲတစေ ပွင့်ပွင့်လင်းလင်းပြောတတ်သောအကျင့်မှာ မပြောင်းလဲသော်လည်း တည်ငြိမ်ခြင်း၊ သည်းခံခြင်းအငွေ့အသက်များလည်း ရှိနေ၏။

ကန်ကျင်းချန်နှင့် ထန်ကျစ်ဟွားသည် မယုံနိုင်ဟန်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရှောင်ဟိုင်ချင်းမှ ဤမျှလောက်ပြောင်းလဲသွားသည်ကို သူတို့မယုံကြည်နိုင်ပေ။

သူမသည် ယခုအချိန်တွင် များစွာပွင့်ဖူးလှပလာသလို သည်းခံစိတ်ရှည်ခြင်းများလည်း ရှိလာ၏။ ယခင်ကအတိုင်း အနည်းငယ်စိတ်ကွက်ရုံဖြင့် ကြမ်းတမ်းလာတတ်သောစရိုက်မျိုးမဟုတ်တော့ပေ။

သို့သော် သူမသည် ယခုအချိန်တွင် ပို၍ဆွဲဆောင်မှုရှိလာသည်ကိုမူ သူတို့ဝန်ခံရပေမည်။

ရှောင်ဟိုင်ချင်းသည် အိပ်ရာစောစောဝင်သွားသဖြင့် အခြားသူများနှင့် စကားပြောရန် အချိန်မရှိတော့ချေ။

သို့ရာတွင် ဒုတိယရက်၌ အရုဏ်ပင်မတက်သေးမီအချိန်တွင် အခန်းထဲမှ မြေကြီးတုန်လှုပ်ဖွယ်အသံတစ်ခုကို ကြားလိုက်ရသဖြင့် အိပ်မောကျနေသော ကျင်းယွင်ကျောင်းထိတ်လန့်သွားတော့၏။ ထိုအသံသည် ဘေးအခန်းမှလာလေသည်။ ကျင်းယွင်ကျောင်းသည် အသံကြားသည်နှင့် အိပ်ရာထဲမှ ခုန်ထွက်လိုက်သည်။ သူမသည် စူးချူအား အော်ခေါ်ကာ အသံလာရာသို့ ချက်ချင်းပြေးသွားတော့၏။

Space and Rebirth 992

ရှောင်ဟိုင်ချင်းသည် နောက်တစ်နေ့တွင် ရိုက်ကူးရေးသို့ အပြေးအလွှားသွားရမည်ဖြစ်သဖြင့် အောက်ထပ်တွင်သာ နေခဲ့လေ၏။ သူမသည် အိမ်ထဲရှိ အခြားလူများနိုးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သူမသည် အခန်းထဲမှထွက်လာပြီး ဝရံတာရှိ လှေကားလက်ရန်းမှ ငုံ့ကြည်လိုက်သောအခါ နှလုံးခုန်သံမှားလုမတတ်ဖြစ်သွား၏။

သူမသည် ရိုးရှင်းသောညအိပ်ဝတ်စုံကို ဝတ်ထားပြီး သူမအင်္ကျီမှာ အိပ်ရာမှထလာသဖြင့် အနည်းငယ်ရွဲ့ စောင်းနေသောကြောင့် သူမ၏ပုခုံးတစ်ဖက်ကို လှစ်ဟပြနေလေသည်။ တစ်စုံတစ်ဦးရှိနေကြောင်း မြင်လိုက်ရသောအခါ သူမသည် အလျင်အမြန်ပင် အင်္ကျီများကို သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်လိုက်၏။ ဧည့်ခန်းမှာ အလင်းရောင်သိပ်မရှိသေးချေ။ မှိန်ပျပျဖြစ်နေ၏။ သို့ရာတွင် သူမသည် ကြမ်းပြင်ပေါ်တွင် လဲနေသောလူတစ်ဦးကို မြင်နေရသေးသည်။၊ ထိုလူမှာ ယောက်ျားတစ်ဦးဖြစ်သည်။

အစောပိုင်းကအသံသည် ဤယောက်ျားထံမှ လာခဲ့ခြင်းဖြစ်သည်။

“ဘာဖြစ်တာလဲ?”

ကျင်းယွင်ကျောင်းသည် စိတ်ပူစွာဖြင့် အသည်းအသန်ပြေးဆင်းကာ မေးလိုက်၏။

“ယွင်ကျောင်း နင့်အိမ်ထဲမှာ သူခိုးတစ်ယောက်ရောက်နေတယ်၊ နိုင်ငံခြားသားထင်တယ်”

ရှောင်ဟိုင်ချင်းသည် ကြမ်းပြင်ပေါ်ရှိယောက်ျားအား လက်ညှိုးထိုးပြကာ အပြစ်ကင်းစင်သောလေသံဖြင့် ကျင်းယွင်ကျောင်းအား ပြောပြလိုက်၏။

သူမသည် မနက်ပိုင်းတွင် ရှူတင်သို့ သွားရမည်ဖြစ်သောကြောင့် အလွန်စောစီးသော မနက် ၂-၃ နာရီအချိန်မှစ၍ နိုးနေခဲ့လေသည်။ ထိုအချိန်တွင် အစေခံများပင် မထသေးချေ။ သူမသည် ဝမ်းစာကိုဖြည့်ရန် ရိုးရှင်းသောမနက်စာကို ပြင်လိုက်သည်။ သူမခေါင်းမှာ လေးလံနေပြီး မျက်လုံးမှာလည်း ဝိုးတဝါးဖြစ်နေသေးသောကြောင့် မျက်စိမကျိန်းစေရန် မီးကိုမဖွင့်ခဲ့ချေ။ ထိုအစား သူမသည် အမှိန်ဆုံးဖြစ်သော ညအိပ်မီးကိုသာ ဖွင့်သုံးနေခဲ့သည်။ ကိုယ်လက်သန့်စင်ပြီးနောက် မီးဖိုချောင်သို့ဝင်ခါနီးတွင် သူမသည် အနက်ရောင်လူရိပ်တစ်ခု ချည်းကပ်လာသည်ကို မြင်လိုက်ရ၏။ ထိုအချိန်က သူမသည် သရဲတစ္ဆေတစ်ကောင် တွေ့သည်ဟုပင် ထင်သွားသေးသည်။

သို့သော် သူမသည် အခြားသူတစ်ဦး၏အိမ်တွင် ရောက်ရှိနေသဖြင့် တစ်အိမ်လုံးအား ခေါ်နှိုးရန်ဆုံးဖြတ်ချက်ကို ချက်ချင်းမချနိုင်ခဲ့ပေ။ ဤလူရိပ်မှာ သူမကဲ့သို့ ဧည့်သည်တစ်ဦးဖြစ်နေလျှင် သူမသာ အရှက်ရစရာဖြစ်ပေမည်။ သို့ရာတွင် ထိုသို့သူမစဥ်းစားနေချိန်၌ ထိုလူရိပ်မည်းသည် သူမ၏ပါးစပ်အား ပုဝါတစ်ခုဖြင့်ဖုံးအုပ်ကာ သူမအား ဘေးအိပ်ခန်းထဲသို့ ဆွဲခေါ်သွားရန် ကြိုးစားလိုက်၏။

သူမသည် ဤသို့သောအရာမျိုးကို ကြုံတွေ့ဖူးသောကြောင့် ထိုလူမှ ဆန္ဒရှိသလို လုပ်ခွင့်မပြုခဲ့ချေ။

ဤလူမည်းသည် အဘယ်ကြောင့် ရှုမိသားစုထဲတွင် ပေါ်လာခဲ့သည်ကို သူမမသိသော်ငြား အကြီးဆုံးဦးလေးရှုနှင့် ဦးလေးအငယ်ရှုတို့နှစ်ဦးလုံးမှာ လူကောင်းများဖြစ်ကြောင်း သူမသိပေသည်။ အကြီးအကဲရှုမှာလည်း ဖြောင့်မတ်တည်ကြည်သောသူဖြစ်၏။ ထို့ကြောင့် သူတို့ခေါ်လာသောဧည့်သည်များသည်လည်း ဤသို့လုပ်ရပ်မျိုးကို မလုပ်နိုင်ရာ။ ခေတ္တမျှစဥ်းစားပြီးနောက်တွင် သူမသည် ထိုလူမည်း၏ဖွားဖက်တော်နေရာသို့ ကန်ချလိုက်၏။ ထိုလူမှ နာကျင်မှုဖြင့် အော်လိုက်ပြီးနောက် သူမသည် ထိုလူအား အားရပါးရဖြင့် ရိုက်နှက်ထိုးကြိတ်တော့သည်။ သို့သော် ထိုလူ၏ခန္ဓာကိုယ်မှာ အားနည်းလွန်းသဖြင့် သူမထိုးကြိတ်ပြီး တစ်မိနစ်ပင်မကြာခင်၌ မေ့လဲသွားလေသည်။

ရှောင်ဟိုင်ချင်းနှင့် ကျင်းယွင်ကျောင်းမှာ ယခင်က သိုင်းပညာအတူလေ့ကျင့်ခဲ့သဖြင့် ကိုယ်ခံပညာအရာ၌ ကျွမ်းကျင်ပေ၏။ ‌ရှောင်ဟိုင်ချင်းသည် ဂျိမ်းစ်နှင့် ဖြစ်ခဲ့သောကိစ္စမျိုးအား အနာဂတ်တွင် ထပ်မဖြစ်ရန် တားဆီးလိုခဲ့ပေသည်။

ထိုအချိန်တွင် ကျင်းယွင်ကျောင်းသည် မြေပြင်ပေါ်သို့ ဝေ့ကြည့်လိုက်တော့၏။ သို့သော် ထိုလူမှာ မည်သူဖြစ်ကြောင်း မပြောနိုင်ကြသေးပေ။

ကျင်းယွင်ကျောင်းသည် ခြေလှမ်းကိုပြင်ကာ နံရံပေါ်ရှိ အချက်ပေးခလုတ်ကို နှိပ်လိုက်သည်။ ထိုလူ၏မျက်နှာမှာ မည်းနက်ကာ ရုပ်ဆိုးနေ၏။ ကျင်းယွင်ကျောင်းသည် ကြမ်းပြင်ပေါ်ရှိလူအား ထိချင်စိတ်ပင်မရှိချေ။

အဆောင်တစ်ခုလုံးတွင် အလွှာများစွာရှိပြီး ဧရိယာမှာလည်း ကျယ်ဝန်းသည်။ အခန်းများကြားရှိ အကွာအဝေးဆိုလျှင် ပြောစရာပင်မလိုအောင် ဝေးကွာပေသည်။ သူမ၏တစ်မူထူးခြားသော အကြားအာရုံကြောင့်သာမဟုတ်လျှင် တံခါးပိတ်အိပ်စက်ပြီးနောက် ဧည့်ခန်းထဲရှိ လှုပ်ရှားမှုများကို ကြားနိုင်စရာမရှိပေ။

အချက်ပေးခလုတ်ကို နှိပ်လိုက်ပြီးနောက် အပြင်ဘက်မှ လုံခြုံရေးအစောင့်များနှင့် အစေခံများအသံကို ကြားလိုက်ရတော့သည်။ အခြားအဆောင်နှစ်ခုရှိ လူကြီးများသည်လည်း ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို အပြေးအလွှားရောက်လာကြ၏။

ရှုယွမ်ထက်မျက်နှာမှာ သုန်မှုန်နေသည်။ သူသည် အခြားသူများနှင့်အတူ ဝင်လာသည်နှင့် သူ၏မျက်လုံးများသည် ကြမ်းပြင်ပေါ်တွင် ခွေလဲနေသောယောက်ျားအား ချက်ချင်းဆိုသလို ဝေ့ကြည့်လိုက်တော့၏။ ထိုအခါ သူ၏နှုတ်ခမ်းများသည် ဆိုးရွားစွာ တွန့်သွားတော့သည်။

“မင်းတို့အားလုံးပြန်လိုက်ကြ”

ရှုယွမ်ထက်သည် အံကိုတင်းတင်းကြိတ်လျက်သားဖြင့် အစေခံများကို ပြောလိုက်သည်။

အစေခံများသည် ဇဝေဇဝါဖြစ်သွားသော်လည်း ရှုယွမ်ထက်၏အမိန့်ဖြစ်သောကြောင့် မနာခံ၍မရပေ။ သူတို့သည် သုတ်သုတ်ပြာပြာဖြင့် ထွက်သွားကြတော့၏။

ကျင်းယွင်ကျောင်းသည် ရှုယွမ်ထက်၏ ထူးဆန်းသောမျက်နှာကို မြင်လိုက်ရသောအခါ ခေါင်းကိုငုံ့ပြီး ကြမ်းပြင်ပေါ်ရှိလူအား ကြည့်လိုက်သည်။ သို့သော် သူမမည်သို့ပင်ကြည့်စေကာမူ ထိုလူ၏မျက်နှာပေါ်၌ ရင်းနှီးစရာအရိပ်အယောင်တစ်ခုကိုမျှ မတွေ့ချေ...

All Chapters