← Chapters

အခန်း (၉၉၃-၉၉၆)

Vol. 50 Ch. 993-996

အခန်း (၉၉၃-၉၉၆)

Vol. 50 Ch. 993-996

Space and Rebirth 993

အစေခံများထွက်သွားပြီးနောက် ရှုဝမ်ချန်းနှင့် အကြီးအကဲရှုလည်း အိမ်ထဲသို့ဝင်လာ၏။ ရှုယွမ်ထက်သည် မျက်နှာတောင့်တင်းနေသော ရှန်ရှီအားကြည့်ပြီး တံခါးကိုပိတ်ချလိုက်သည်။

“ဦးလေး? ဒီလူကိုသိတာလား?”

ကျင်းယွင်ကျောင်းသည် အနည်းငယ်သံသယဝင်နေလေသည်။ အစောပိုင်းက အိမ်သို့လာခဲ့ကြသောသူများကို သူမသေချာသိနေလေ၏။ ရှုယု၏ဝမ်းကွဲလည်း မဟုတ်နိုင်ရာ...

သူမသည် ၎င်းကိုစဥ်းစားလိုက်သောအခါ နှုတ်ခမ်းစွန်းများတွန့်သွားတော့၏။ သူမသည် အလျင်အမြန်ပင် အနီးကပ်ကြည့်လိုက်သည်။ တစ်ဖက်လူမှာ ဝမ်းလျားမှောက်နေသဖြင့် ခန္ဓာကိုယ်ပုံစံအား ရေးရေးမျှသာ မြင်နိုင်လေသည်။ အမှန်တကယ်ပင်...ရှုယုနှင့်တူလေ၏။

သို့သော် ဤသည်မှာ ရှုယုဆိုလျှင် နှစ်လအတွင်း ဤမျှလောက် ပြောင်းလဲသွားသည်ဟူသော အဓိပ္ပာယ်ပင်!

ရှုဝမ်ချန်းသည် ကြမ်းပြင်ပေါ်ရှိလူမှာ သူ၏တူဖြစ်ကြောင်း မသိပေ။ သူသည် ရှုယုဆီသို့ လှမ်းလျှောက်သွားပြီး မျက်ခုံးတစ်ချက်ပင့်ကာ အားအပြည့်ဖြင့် ကန်ချလိုက်၏။ ထို့နောက် သူသည် ကျင်းယွင်ကျောင်းနှင့် အခြားသူများကိုဝေ့ကြည့်ကာ ပြောလိုက်သည်။

“အဆင်ပြေကြရဲ့လား? ခိုက်မိသွားကြသေးလား?”

“ဟင့်အင်း ဦးလေး”

ကျင်းယွင်ကျောင်းခေါင်းခါပြလိုက်သည်။

“တော်သေးတာပေါ့”

ရှုဝမ်ချန်းသည် စကားပြောပြီးသည်နှင့် သူ၏အစ်ကိုကြီးအား ကြည့်လိုက်၏။

“အစ်ကိုကြီး၊ ဒီသူခိုးလေးက ဘယ်ကလာမှန်းမသိဘူး၊ ကျွန်တော်တို့သူ့ကိုဘယ်လိုလုပ်ရမလဲ...အစ်ကိုကြီး?”

ရှုယွမ်ထက်၏ဒေါသထွက်နေသောပုံစံကိုကြည့်ပြီး ရှုဝမ်ချန်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။

“ယောက်ျား....တစ်ခုခုအထင်လွဲနေတာပဲဖြစ်မှာပါ၊ အားယုက သူ့ညီမလေးကိုတွေ့ချင်လို့ ခွင့်ပြုချက်မရှိဘဲ ဒီကိုလာခဲ့တာဖြစ်မယ်၊ သူနိုးလာရင် သူရှင်းပြတာကို နားထောင်ပေးပါနော်?”

ရှန်ရှီ သုတ်သုတ်ပြာပြာဖြင့် ပြောလိုက်သည်။

သူမသည် ဒေါသလည်းထွက် စိတ်လည်းပျက်မိသော်လည်း ထိုအရာများထက် အရေးကြီးဆုံးသောအချက်မှာ သူမသားအတွက် စိတ်မကောင်းဖြစ်မိခြင်းဖြစ်သည်။

သူမသားအား မိမိနေရာ မိမိသိရန် ကတိတောင်းခဲ့သော်လည်း အဆုံးတွင် သူသည် မိခင်အားပေးထားသောကတိအား မတည်နိုင်ခဲ့ပေ။ ထိုသို့ဆိုလျှင်ပင် သတိမေ့သည်ထိ သူ့အား မရိုက်နှက်သင့်ကြပေ။ ထို့အပြင် အစောပိုင်းက အစေခံများသည် မဝင်လာခဲ့သော်လည်း ရှုယုကြမ်းပြင်ပေါ်တွင်လဲနေသည်ကို အဝေးကနေပင် မြင်ခဲ့ကြ၏။ မကြာမီတွင် ဤသတင်းသည် တောမီးနှယ် ပျံ့သွားတော့မည်မဟုတ်လော?

သူမ ပို၍ခံပြင်းသည်မှာ ရှုဝမ်ချန်း၏ကန်ချက်ဖြစ်သည်။ ရှုဝမ်ချန်းသည် သူမရှေ့မှောက်တွင် သူမသားဖြစ်သူကို ကန်ခဲ့၏။ ဤသည်မှာ အနိုင်ကျင့်ဗိုလ်ကျလွန်းသည်မဟုတ်လော!

“အားယု? ဒီကောင်က ရှုယုလို့ပြောလိုက်တာလား?!”

ရှုဝမ်ချန်းသည် ၎င်းကိုကြားသောအခါ ချက်ချင်းဆိုသလိုပင် ဘေးသို့ယို့ကာ မယုံကြည်နိုင်ဟန်ဖြင့် ကြမ်းပြင်ပေါ်တွင်လဲနေသောလူအား လက်ညှိုးထိုးလိုက်၏။

ကျင်းယွင်ကျောင်းမှာလည်း ထိုနည်း၎င်းပင်။ သူမ၏အေးစက်သောမျက်လုံးများထဲတွင် အံ့သြရိပ်များသန်းသွားသည်။

ရှုယု၏အနီးကပ်ဆုံးဆွေမျိုးများပင် မယုံကြည်နိုင်ဖြစ်နေသဖြင့် စူးချူနှင့် ရှောင်ဟိုင်ချင်းတို့ဆိုလျှင် ပြောစရာပင်မလိုချေ။ အောက်ထပ်တွင် ကျယ်လောင်စွာ ရုတ်ရုတ်သဲသဲဖြစ်နေသော်လည်း ကန်ကျင်းချန်၊ ထန်ကျစ်ဟွားနှင့် အကြီးအကဲကန်မှာ အပေါ်ထပ်တွင်ရှိနေဆဲဖြစ်ပြီး နိုးမလာသေးကြပေ။ မဟုတ်လျှင် မယုံကြည်နိုင်သောလူများ အရေအတွက်တိုးပွားလာတော့မည်။

“ဟုတ်တယ် ဒါက အားယုပဲ”

ရှုယွမ်ထက်၏မျက်လုံးများသည် မှောင်ရိပ်သန်းကာ သုန်မှုန်နေ၏။

ရှုကျင်းဇီသည် အေးတိအေးစက်ဖြင့် ဟမ့်ခနဲအသံပြုကာ သူ၏လက်ကိုင်တုတ်အား အမှီသဟဲပြု၍ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ သူသည် မြေပြင်ပေါ်ရှိ သူ၏မြေးဖြစ်သူကိုကြည့်ကာ သူ၏တုတ်ဖြင့် ရှုယု၏ခေါင်းအား ရိုက်ခွဲချင်စိတ်များ ပေါ်လာတော့၏။

အကြီးအကဲရှုသည် တစ်ခွန်းမှမဟ‌သော်လည်း မျက်နှာမကောင်းပေ။ သူအလွန်တရာပင် ဒေါသထွက်နေကြောင်း ရှုဝမ်ချန်းနှင့် ရှုယွမ်ထက်တို့ နားလည်လိုက်၏။

“ရှောင်ကျောင်း ဘာဖြစ်လဲဆိုတာ ဦးလေးတို့ကိုပြောစမ်း”

ရှုယွမ်ထက်သည် အသေးစိတ်မသိသော်လည်း အခြေအနေကို အကြမ်းဖျင်းနားလည်သလောက်ရှိ၏။ သို့ရာတွင် သူသည် ကျင်းယွင်ကျောင်းအား အရင်မေးလိုက်သေးသည်။

ကျင်းယွင်ကျောင်းသည် ရှောင်ဟိုင်ချင်းအား ဝေ့ကြည့်လိုက်သည်။

ရှောင်ဟိုင်ချင်းမှာ အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေ၏။ သူမရိုက်လိုက်သောလူမှာ ကျင်းယွင်ကျောင်း၏ဝမ်းကွဲဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် သူမခံစားချက်များ ရှုပ်ထွေးနေတော့၏။ သူမသည် မိမိကိုယ်ကို ဆုံးဖြတ်ချက်စောလွန်းသွားသည်ဟု ခံစားမိသည့်အပြင် ဤဝမ်းကွဲအစ်ကိုအားလည်း အမြင်ကတ်မိသည်။

“တကယ်တော့...အဲ့လောက်ကြီးမဟုတ်ပါဘူး...”

မိသားစုဝင်များ မျက်နှာမကောင်းကြောင်း မြင်လိုက်သောအခါ ရှောင်ဟိုင်ချင်းသည် အခြေအနေအား ဖော့ပြောရန် ဆုံးဖြတ်လိုက်၏။

“သခင်လေးရှု ရုတ်တရတ်ပေါ်လာတော့ သမီးလန့်သွားရုံပါ၊ အဲဒါနဲ့ မစဥ်းစားမိဘဲ ရိုက်မိသွားတယ်၊ ဦးလေးရှု ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

သူတို့သည် ရှုမိသားစုအိမ်ထဲတွင် ရှိနေပြီး ဤပုဂ္ဂိုလ်မှာလည်း ကျင်းယွင်ကျောင်း၏ဝမ်းကွဲအစ်ကိုဖြစ်သည်။ ရှုမိသားစု၏အခြေအနေကိုလည်း သူမဂဃဏနမသိသောကြောင့် ဆက်ပြောနေလျှင် ကောင်းနိုင်စရာမရှိရာ။

လူတိုင်းနားလည်သဘောပေါက်လေသည်။ သူမနေရာတွင် စူးချူဆိုလျှင်လည်း ထိုနည်း၎င်း လုပ်ဆောင်လိမ့်မည်။

သို့ရာတွင် ကျင်းယွင်ကျောင်းမှာ မိမိသူငယ်ချင်းများအား အခြားသူမှ အနိုင်ကျင့်သည်ကို မခံနိုင်သောလူမျိုးဖြစ်၏။ ထို့ကြောင့် သူမသည် ဘွင်းဘွင်းသာပြောလိုက်သည်။

“အစ်ကိုသာ သမီးကိုတွေ့ချင်တယ်ဆိုရင် တွေ့ချင်တယ်လို့ ပြောလိုက်လို့ရတာပဲ၊ ဘယ်လိုကိစ္စပဲရှိရှိ သမီးသူနဲ့သွားတွေ့မှာပေါ့၊ သမီးက လူလွှတ်ပြီးတောင် သူ့ကိုဖိတ်ခိုင်းထားတာ၊ ဧည့်သည်တွေရှိနေတာမို့ ဦးလေးအငယ်တောင် မပြောမဆိုနဲ့ ဝင်လာတာမျိုးမရှိတာကို အစ်ကိုကဘာလို့ ညသန်းခေါင်ကြီး သမီးတို့အဆောင်ထဲ လာရလဲဆိုတာ သမီးနားမလည်ဘူး”

သူမသည် ရှုယုအား မမှတ်မိရခြင်း အကြောင်းရင်းရှိလေသည်။

ဟေ့ကျိုးမှပြန်လာပြီးနောက် ရှုယု၏ခန္ဓာကိုယ်သည် ခြောက်ကပ်ပိန်လှီနေပေသည်။ ယခင်က သူ၏ဆံပင်စတိုင်နှင့် အလွန်လိုက်ဖက်စွာရှိလှသော သူ၏အရပ်အမောင်းမှာ ကျုံ့သွားချေပြီ။ သူ၏ဆံပင်ရှည်၊ မည်းနက်သောအသားအရေနှင့် ဟေ့ကျိုးတွင် ကြာမြင့်စွာနေခဲ့သဖြင့် ပေါ်ထွက်လာသော သူစိမ်းအငွေ့အသက်များကြောင့် ကျင်းယွင်ကျောင်းမပြောနှင့် ရှုယုနှင့်အတူ နေ့နေ့ညညနေခဲ့သောလူများပင်လျှင် မှတ်မိလောက်မည်မဟုတ်ပါချေ။

Space and Rebirth 994

ကျင်းယွင်ကျောင်း၏စကားများကြောင့် ဤကိစ္စမှာ ဆွေးနွေးသင့်သောကိစ္စတစ်ရပ်ဖြစ်ကြောင်း သတ်မှတ်ခံလိုက်ရတော့သည်။

သူမသည် ရှန်ရှီအား ဓားသွားတစ်ချောင်းနှယ် စူးရဲသောအကြည့်များဖြင့် အမုန်းတရားပြည့်နှက်စွာ စူးစိုက်ကြည့်လိုက်၏။ သူမ၏ဒေါသမီးတောက်လောင်သောမျက်လုံးများမှာ ရှုယွမ်ထက်အပေါ်သို့ပင် သက်‌ရောက်လုဆဲဆဲရှိသည်။

ရှောင်ဟိုင်ချင်းနှင့် အခြားသူများသည် သူမကြောင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ သူတို့သည် ရှုမိသားစုအိမ်တွင်ရှိနေသရွေ့ သူတို့အားကာကွယ်ရန် သူမတွင် တာဝန်ရှိပေ၏။ ထို့အပြင် ရှောင်ဟိုင်ချင်းမှ မပြောပြလျှင်ပင် အစောပိုင်းက ဖြစ်ပျက်သွားသောကိစ္စများကို သူမသိနေလေ၏။ ရှုယုကသာ မဖွယ်မရာလုပ်ရန် မကြိုးစားခဲ့လျှင် ရှောင်ဟိုင်ချင်းသည်လည်း ဧည့်ခန်းထဲတွင် လူသတ်လိုသောအကြည့်များဖြင့် ရှိနေခဲ့မည်မဟုတ်ပေ။

ဂျိမ်းစ်ကိစ္စဖြစ်ပွားပြီးသည့်အချိန်မှစ၍ ရှောင်ဟိုင်ချင်းသည် အခြားသူများမှ သူမအားထိသည်ကို မနှစ်မြို့ချေ။ ကျင်းယွင်ကျောင်း၏ယခင်ဘဝတွင် မိမိ၏အပျိုစင်ဘဝအား ကာကွယ်ရန် ချောင်ဝေ့မင်အား သတ်ခဲ့သောအချိန်က ခံစားရသောခံစားချက်မျိုးနှင့် ဆင်တူပေသည်။

ရှုယုသည် ရှောင်ဟိုင်ချင်းအား စမ်းသပ်ကြည့်ပြီး သူမ၏ ခံနိုင်ရည်အား စိန်ခေါ်နေခြင်းသာဖြစ်သည်။

သူသည် ရှုမိသားစုအိမ်ထဲတွင် ရှိလျက်နှင့်ပင် အတင့်ရဲလွန်းလှပေသည်! ဤသည်မှာ လူများစွာရှိနေသောအိမ်ဖြစ်သည့်တိုင် သူသည် သူမ၏သူငယ်ချင်းများကို ထိပါးရဲသေး၏!

ရှုယုနှင့် ကျင်းယွင်ကျောင်းကြားတွင် ပုံမှန်အားဖြင့် ဆက်ဆံရေးမည်သို့ရှိသည်ကို ရှောင်ဟိုင်ချင်းမသိသောကြောင့် ကျင်းယွင်ကျောင်းမှသူမအား ကူညီနေသည်ကို မြင်လိုက်ရသောအခါ ပီတိဖြစ်သွားရသည်။ ထို့အပြင် ကျင်းယွင်ကျောင်းက သူမဘက်တွင်ရှိသောကြောင့် သူမအမှန်တရားပြောနေကြောင်း သက်သေပြနိုင်ချေပြီ။ ထို့ကြောင့် သူမသည် နှုတ်ကိုဖွင့်ကာ ပြောလိုက်တော့၏။

“ခုနတုန်းက သခင်လေးရှုက သမီးကိုအခန်းထဲဆွဲခေါ်မလို့ လုပ်ခဲ့တာပါ၊ သမီးပါးစပ်ကို ပုဝါတစ်ထည်နဲ့လည်း ပိတ်လိုက်ပါသေးတယ်၊ ပုဝါပေါ်မှာ ထူးဆန်းတဲ့အနံ့တစ်မျိုးရှိနေတာမို့ ဆေးတစ်မျိုးမျိုး သုတ်ထားတယ်ထင်ပါတယ်”

ဤသည်မှာ လေးနက်သောကိစ္စဖြစ်၏။ သူမသည် ဘာမှမပြောချင်ခဲ့သော်လည်း အခြားသူများမှ အနိုင်ကျင့်ခြင်းကို ခေါင်းငုံ့ခံရသည်မှာလည်း မတရားရာကျလွန်းသည်။ ကျင်းယွင်ကျောင်းလည်းရှိနေပြီဖြစ်သဖြင့် သူမဖွင့်ဟပြောဆိုနိုင်လေပြီ။

ရှုယွမ်ထက်သည် ၎င်းကိုကြားသောအခါ ဒေါသထွက်လွန်းသဖြင့် ဆံပင်မွေးများပင်ထောင်သွား၏။ သူသည် ရှုယုအား ကြမ်းပြင်ပေါ်မှ ဆွဲမြှောက်ကာကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်အောက်တွင် အဖြူရောင်ပုဝါတစ်ထည်ရှိနေလေသည်။ ထို့ကြောင့် ရှုယွမ်ထက်သည် ထိုပုဝါအား ကောက်ယူကာ ရှူကြည့်လိုက်သည်။ ထိုအခါ သူသည် ဒေါသထွက်လွန်းသဖြင့် ၎င်းအား ကြမ်းပြင်ပေါ်သို့ ပြန်ပစ်ပေါက်ချတော့၏။

ရှုမိသားစုအိမ်တွင် ဆေးဝါးအမယ်များ စုံစုံလင်လင်ရှိပေသည်။ ကာမစိတ်ကြွဆေးကဲ့သို့ ဆေးမျိုးများမရှိသော်ငြား မေ့ဆေးအာနိသင်ပေးနိုင်သော ဆေးများရှိသေး၏။

“ကောင်းတယ် မင်းတို့သားကိုကြည့်စမ်း”

ရှုကျင်းဇီသည် ဒေါသမထွက်ချေ။ ထိုအစား သူသည် ရယ်မောကာ ရှုယွမ်ထက်နှင့် ရှန်ရှီတို့အား အေးတိအေးစက်ဖြင့် ဝေ့ကြည့်လိုက်သည်။

ရှုယွမ်ထက်သည် ချက်ချင်းဆိုသလို အကြီးအကဲရှုနံ‌ဘေးတွင် ဒူးထောက်ချကာ ပြောလိုက်၏။

“ကျွန်တော် ကောင်းကောင်းမဆုံးမခဲ့လို့ပါ”

“မင်းငယ်ငယ်တုန်းက အမှားတစ်ခုလုပ်တိုင်း ဒူးထောက်ရတယ်၊ မင်းဘဝမှာ ဒူးသုံးကြိမ်ပဲထောက်ရသေးတယ် ငါဆုံးမလိုက်တာနဲ့ မင်းနောက်တစ်ခါမလုပ်တော့ဘူး၊ ဒါပေမယ့် ဒီကောင်အတွက်နဲ့ မင်းဘယ်နှစ်ခေါက်တောင် ဒူးထောက်ရပြီလဲ မင်းသိလား?”

ရှုကျင်းဇီသည် အေးစက်ခြောက်ကပ်စွာ ရယ်လိုက်၏။ သူ၏မျက်လုံးများမှာ စိတ်ပျက်ဟန်များ လွှမ်းနေလေသည်။

ရှုမိသားစုသည် စည်းကမ်းတင်းကြပ်ပေသည်။

မိမိသားစည်းကမ်းမဲ့လျှင် အဖေဖြစ်သူ၏အပြစ်ဖြစ်၏။

ရှုယွမ်ထက်နှင့် ရှုဝမ်ချန်းတို့ငယ်စဥ်က အမှန်တကယ်ပင် ဒူးသုံးကြိမ်ထက် ပိုမထောက်ခဲ့ဖူးပေ။ သုံးကြိမ်ထဲမှ တစ်ကြိမ်မှာ ရှုရှန်းလန်အား ထွက်ပြေးနိုင်ရန် သူတို့ကူညီပေးခဲ့စဥ်ကဖြစ်သည်။ သူတို့ပြစ်မှုကို လူမိသွားချိန်၌ အကြီးအကဲရှုရှေ့တွင် ဒူးထောက်တောင်းပန်ခဲ့လေသည်။

သို့ရာတွင် ရှုယွမ်ထက်မှာ ရှုယုအတွက် တစ်ကြိမ်မက ဒူး‌ထောက်ခဲ့ရ၏။ ရှုယွမ်ထက်သည်လည်း ငယ်စဥ်က အမှားများလုပ်ခဲ့သော်ငြား သူငယ်ရွယ်ပြီး မရင့်ကျက်ခဲ့စဥ်ကဖြစ်ပြီး လူကြီးဖြစ်သူက ဆုံးမလိုက်လျှင် အဆင်ပြေချေပြီ။ ရှုကျင်းဇီသည် ရှုယွမ်ထက်အား တစ်ခါမှ အပြစ်မတင်ဖူးပေ။ သို့ရာတွင် ရှုယွမ်ထက်မှ အမှားကိုမပြင်ဆင်ဘဲ ထပ်လုပ်နေလျှင် အပြစ်ပေးလေသည်။ ထိုအချိန်တွင် ရှုယွမ်ထက်သည် မိမိကိုယ်မိမိပြန်သုံးသပ်ရစမြဲဖြစ်၏။ သူသည် အကြီးအကဲရှုရှေ့တွင် အကြိမ်များစွာ ဒူးမထောက်ခဲ့သော်ငြား မိသားစုသင်္ချိုင်းသို့သွားကာ ဘိုးဘေးများရှေ့တွင် ဒူးထောက်ရသည်မှာ အကြိမ်ပေါင်းမနည်းပေ။ အမှားကြီးကြီးမားမားလုပ်မိသောအချိန်မျိုးတွင်ဖြစ်၏။

“အဖေ၊ အားယုကငယ်သေးလို့ ဘာမှမသိသေးတာပါ...စိတ်မဆိုးပါနဲ့နော် ကျန်းမာရေးထိခိုက်ပါလိမ့်မယ်”

ရှုယွမ်ထက် ဒူးထောက်ချလိုက်သဖြင့် ရှန်ရှီလည်း မနေသာပေ။ သူမသည် သုတ်သီးသုတ်ပြာဖြင့် သတိကြီးစွာ ပြောလိုက်သည်။

ထိုအချိန်တွင် ရှန်ရှီ၏မျက်နှာသွေးဆုပ်နေလေပြီ။ သို့ရာတွင် သူမသည် လိုအပ်သည်ထက်ပို၍ ထိတ်ထိတ်ပျာပျာဖြစ်၍မရပေ။ သူမသည် အကြီးအကဲရှုအား သတိတကြီးဖြင့် ကြည့်လိုက်သည်။ အကြီးအကဲရှုမှ ဒေါသစိတ်မွှန်၍ သူမသားဖြစ်သူအား သူမမြင်နိုင်သောနေရာတစ်ခုခု သို့မဟုတ် လူမသိသူမသိသော ကျွန်းတစ်ကျွန်းကျွန်းသို့ ပို့လိုက်မည်ကို စိုးရိမ်နေလေ၏။

သူမသည် ပို၍ပင် စိတ်မောသွားရသည်။

ကျင်းယွင်ကျောင်းတင်မက သူမသူငယ်ချင်းများပါ ကျက်သရေတုံးလေသည်။ သူမသားပြန်လာသည်ပင် မကြာသေးသော်လည်း ယခုကဲ့သို့ နှိပ်စက်ခံနေရ၏...

“မင်းတို့အဆင်ပြေသလိုသာလုပ်ကြတော့”

အကြီးအကဲရှုမှ ပြောလိုက်၏။

ဒေါသထွက်ရမည်? သူ၏မြေးဖြစ်သူမှ အမှားလုပ်တိုင်း ဒေါသထွက်ရမည်ဆိုလျှင် သူသည် သွေးတက်၍သေနေသည်မှာ ကြာချေပြီ။

ရှုယွမ်ထက် မျက်မှောင်ကြုတ်လိုက်၏။ သူသည် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို မသိတော့ပေ။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေထဲသို့ ရောက်နေတော့သည်။

Space and Rebirth 995

ရှုယွမ်ထက် ချီတုံချတုံဖြစ်နေချိန်တွင် ကြမ်းပြင်ပေါ်တွင်ရှိနေသော ရှုယုလှုပ်ရှားသွားသည်။

၎င်းကိုမြင်လိုက်သောအခါ ရှန်ရှီသည် သူ၏နံဘေးသို့ အလျင်အမြန်ပြေးသွားပြီး သူ့အား လှုပ်ခါနှိုးလိုက်၏။ ရှုယုစကားမပြောနိုင်ခင်မှာပင်

“အားယု၊ သားအဆင်ပြေရဲ့လား? သားက ညီမလေးနဲ့စကားပြောဖို့ ဒီကိုလာခဲ့တာမဟုတ်ဘူးလား? ယွင်ကျောင်းကို စမ်းသပ်ဖို့ ဒီဆေးကိုလည်း ဒီကိုယူလာခဲ့တာလေ ဟုတ်တယ်မလား?”

“အဖေ၊ ယောက်ျား၊ ကျွန်မအသင်အပြညံ့လို့ ဒီလိုဖြစ်ရတာပါ၊ ကျေးဇူးပြုပြီး ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးပါ၊ သူနောက်တစ်ခါဒီလိုလုပ်မှာမဟုတ်ဘူးလို့ ကျွန်မကတိပေးပါတယ် သူလိမ္မာမှာပါ!”

ရှန်ရှီ သုတ်သုတ်ပြာပြာဖြင့် ပြောလိုက်သည်။

သူမသည် ရှုယွမ်ထက်အကြောင်း ကောင်းကောင်းသိနေ၏။ ဤအမျိုးသားသည် ရက်စက်လျှင် မိတ်ဆွေများကိုပင် မညှာချေ။ ယခင်က သူယုံကြည်ရသောသူငယ်ချင်းများမှ သူအား ရုတ်ချည်းဆိုသလို သစ္စာဖောက်သွားခဲ့စဥ်တွင် သူသည် ဆုံးဖြတ်ချက်အား ပိုင်ပိုင်နိုင်နိုင်ချကာ ဖြေရှင်းခဲ့၏။ ယခု မိမိသားကိုလည်း ထိုသို့တစ်ထေရာတည်း လုပ်နိုင်သောသူဖြစ်သည်။

သူမသည် ခေါင်းထဲတွင် အစီအစဥ်များစွာချခဲ့သော်လည်း သူမသားဖြစ်သူမှ အမှားကြီး လုပ်ချလိုက်ချေပြီ!

“မင်းလည်းအမြဲတမ်းကတိပေးသလို ငါလည်းအမြဲတမ်းညှာပေးခဲ့တယ်၊ ဒါပေမယ့် ဒီလိုအောက်တန်းစားကောင်မျိုးကတော့ ကိုယ့်ကိုယ်ကိုရော တခြားသူတွေကိုပါ ဒုက္ခပဲပေးတတ်တယ်၊ သူ့ကို ဆက်ခွင့်လွှတ်ပေးလို့ ဘာအကျိုးရှိမှာလဲ?!”

ရှုယွမ်ထက် ဒေါသတကြီးဖြင့် ပြောလိုက်၏။ သူ၏အသံသည် အေးစက်ပြီး ခြိမ်းခြောက်ဟန်များ ရောပါနေသည်။ သူသည် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချလိုက်ချေပြီ။

ထိုသို့ပြောပြီးနောက် သူသည် ရှုယုအား အနောက်လှည့်ကြည့်လိုက်သည်။ ရှုယုသည် သတိမေ့နေရာမှ နိုးလာသည်နှင့် သူ၏မိခင်မှ တစ်ခုခုပြောကြားနေသည်ကို ဝိုးတဝါးကြားလိုက်ရ၏။ သူ၏မျက်လုံးများကို ဖွင့်လိုက်သောအခါ အစောပိုင်းက သူကိုင်တွယ်ခဲ့သောမိန်းကလေးနံဘေးတွင် ကျင်းယွင်ကျောင်းမှာ အတူရပ်တည်နေကြောင်း မြင်လိုက်ရသည်။ သူသည် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“အမေ၊ ဒီမိန်းကလေးက ကျွန်တော့်ကိုရိုက်တာ၊ ကျွန်တော်သူ့ကိုသတ်မှဖြစ်မယ်...”

ရှုယွမ်ထက် ခေါင်းကိုခါယမ်းကာ ချက်ချင်းဆိုသလို သူ့အား မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားသည်။

ရှုယွမ်ထက်သည် မီးဖိုချောင်ထဲရောက်သည်နှင့် တံခါးအား ဂျိမ်းခနဲပိတ်ချလိုက်၏။ ရှန်ရှီသည် သူ့အား တားဆီးရန်ကြိုးစားသော်လည်း သူမသည် ဘေးသို့အတွန်းခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့လဲနေလေသည်။

“အား- နာတယ်ဗျ! အမေ....သားကို လာကယ်ပါဦး! အဖေရူးသွားပြီ! အဖေရူးသွားပြီ!”

ရုတ်ချည်းဆိုသလိုပင် ဝက်တစ်ကောင်အား ပေါ်နေသကဲ့သို့ ဆွဲငင်အော်ဟစ်သံများ မီးဖိုချောင်ထဲမှ ထွက်လာတော့၏။ အခြားသူများအား ကြက်သီးမွေးညင်းထစေသောအသံမျိုးဖြစ်သည်။

ရှန်ရှီသည် ၎င်းကိုကြားလိုက်သောအခါ သူမ၏ပုံမှန်တည်ငြိမ်မှုမျိုး လွင့်ပျောက်သွားတော့သည်။ သူမသည် တံခါးဆီသို့ အပြေးအလွှားသွားကာ တဒုန်းဒုန်းဖြင့် ထုလိုက်၏။

“ယောက်ျား! ရှင်သူ့ကိုလွှတ်! ကျွန်မသားကိုလွှတ်!”

အကြီးအကဲရှုသည် ဤမြင်ကွင်းအား မလှုပ်မယှက်ဖြင့် ကြည့်နေ၏။ ရှုဝမ်ချန်းလည်း မလှုပ်ပေ။

ကျင်းယွင်ကျောင်းသည် ရှန်ရှီအား ဝေ့သာကြည့်ကာ သူတို့အတိုင်းပင် ဂရုမစိုက်ဟန်ပြည့်နေသည်။

လီရှောက်ယွင်၏အဘိုးအား သူမတွေ့စဥ်က ကြားလိုက်ရသောစကားကို သူမမှတ်မိနေဆဲဖြစ်သည်။ အကြီးအကဲလီသည် သူ၏ရာထူးဖြင့်ဆိုလျှင် သူ၏သားသမီးမြေးမြစ်များမှ အခြားသူများအား ထိပါးအန္တရာယ်ပေးလျှင်ပင် ဂရုမစိုက်ဘဲနေနိုင်၏။ သို့ရာတွင် သူသည် သူ၏တာဝန်ကို လုပ်ဆဲလုပ်မြဲဖြစ်သည်။ ထိုတာဝန်မှာ သူ၏သားသမီးမျိုးဆက်များအား ကောင်းမွန်စွာ ဆုံးမပျိုးထောင်သွန်သင်ရန်ဖြစ်၏။

“ယွင်ကျောင်း?”

ရှောင်ဟိုင်ချင်းသည် မျက်မှောင်ကြုတ်ကာ အနည်းငယ်နေရခက်ဟန်ဖြင့် ကျင်းယွင်ကျောင်းအား ကြည့်လိုက်သည်။

သူမကြောင့်ဖြစ်သောကိစ္စဖြစ်သဖြင့် ရှုယုသာ တစ်ခုခုဖြစ်လျှင် သူမအလွန်ပင်နေရခက်ချေတော့မည်။ ရှုမိသားစုသည် သူတို့၏ဧည့်သည်များကို အလွန်ပင်ယဥ်ကျေးပျူငှာလှ၏။ သူမသည် တစ်ညသာနေရသေးသော်လည်း ဤသို့ဖြစ်သွားချေပြီ။ သူမအပြစ်မဟုတ်သော်ငြား သူမသည် အနည်းငယ်မလုံမလဲဖြစ်မိသည်။

“နင်နဲ့မဆိုင်ပါဘူး၊ နင်ကြောင့်မဟုတ်ရင်တောင် တစ်ချိန်ချိန်မှာ ဖြစ်မယ့်ကိစ္စပဲ”

ကျင်းယွင်ကျောင်းပြောလိုက်၏။ သူမအမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ သူမနှင့်ရှုယုသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရင်ဆိုင်ရမည့်အတူတူ ယခုဖြစ်သွားသည်က ပိုကောင်းပေသည်။

သူမသည် ရှုယုအား တစ်ကြိမ်မြင်ခဲ့ဖူး၏။ ရှုယုသည် ဆင်ခြင်တုံတရားမဲ့ကာ ထင်ရာစိုင်းတတ်ပြီး အောက်တန်းကျပေသည်။ သူမသည် ရှုယုအား ကျောင်းရှိလူများစွာရှေ့၌ အချက်ပေါင်းများစွာ ရိုက်ခဲ့ဖူးသဖြင့် သူမအား အငြိုးထားနေမည်မှာ သေချာ၏။ သူသည် အချိန်တစ်ခုစာမျှ သည်းခံနေလျှင်ပင် တစ်ချိန်ချိန်၌ ခွင့်မလွှတ်နိုင်စရာလုပ်ရပ်ကို လုပ်လာလိမ့်မည်။

ရှောင်ဟိုင်ချင်း ချက်ချင်းသဘောပေါက်သွားတော့သည်။ သူမသည် တိတ်တခိုးဖြင့် ကျွတ်စုပ်ကာ ကျင်းယွင်ကျောင်းအား သနားဟန်ဖြင့် ကြည့်လိုက်၏။

ဤသို့သော ဝမ်းကွဲအစ်ကိုမျိုးအား ပိုင်ဆိုင်ရသည်မှာ အင်မတန်ပင် ကံဆိုးလှချေသည်။

သူမတကယ်ပင် နားမလည်နိုင်ပါချေ။ ရှုမိသားစုဝင်တိုင်းသည် စည်းကမ်းသေဝပ်ပြီး ဖြောင့်မတ်တည်ကြည်သောလူများဖြစ်၏။ ဤသို့သော စုန်းပြူးတစ်‌‌ကောင်က အဘယ်သို့ပေါ်လာခဲ့သနည်း? သို့သော်...သူ၏အသားအရေကို ကြည့်လိုက်သောအခါ...

Space and Rebirth 996

ရှောင်ဟိုင်ချင်းသည် ခေတ္တမျှ ချီတုံချတုံဖြစ်သွားသော်လည်း ဒေါသထွက်ပြီးနောက် အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။ နောက်ဆုံးတွင် သူမသည် ကျင်းယွင်ကျောင်းနားသို့ကပ်ကာ တီးတိုးမေးလိုက်သည်။

“ယွင်ကျောင်း၊ နင့်ဝမ်းကွဲအစ်ကိုကလေ....နင့်အဒေါ်နဲ့ တခြားယောက်ျားတစ်ယောက်က မွေးတဲ့သားများလား?”

“ဟင်?”

ကျင်းယွင်ကျောင်းသည် မျက်လုံးအပြူးသားဖြင့် သူမအား ဝေ့ကြည့်လိုက်သည်။ သူမသည် အနည်းငယ်ဇဝေဇဝါဖြစ်သွားတော့၏။

ရှောင်ဟိုင်ချင်းသည် အနည်းငယ်မဝံ့မရဲဖြစ်နေသည်။ သူမ တီးတိုးမေးလိုက်ပြန်သည်။

“သူ့အသားကလေ...သူ့အသားက နည်းနည်းမည်းလွန်းနေတယ်မဟုတ်ဘူးလား? ဒါက ‘နိုင်ငံခြားသား’ အသားအရေမဟုတ်ဘူးလား?”

ကျင်းယွင်ကျောင်း၏နှုတ်ခမ်းစွန်းများ ပြင်းထန်စွာတွန့်သွားတော့သည်။

သူတို့နံဘေးတွင်ရှိသော ရှုဝမ်ချန်းသည် ရှောင်ဟိုင်ချင်းအား ဝေ့ကြည့်လိုက်သည်။ ခေတ္တအကြာတွင် သူသည် ခေါင်းကိုပြန်လှည့်သွား၏။ ရှောင်ဟိုင်ချင်းစကားကို ကြားလိုက်သလော မကြားလိုက်သ‌လော မသိရချေ။

“ငါ့ဦးလေးက သူ့ကိုနိုင်ငံခြားပို့လိုက်လို့ဖြစ်မယ်၊ အရင်တစ်ခေါက် သူ့ကိုတွေ့လိုက်တုန်းကတော့ သူဒီလိုပုံမဟုတ်ဘူး၊ အဲ့တုန်းက သူက အသားဖြူဖွေးပြီး ကြည့်ကောင်းတယ်”

ကျင်းယွင်ကျောင်း တီးတိုးတီးတိုးဖြင့် ပြန်ဖြေလိုက်သည်။

ရှောင်ဟိုင်ချင်းခေါင်းငြိမ့်ကာ စိတ်ထဲ၌ မိမိဘာသာရေရွတ်လိုက်၏။

“ဒါကြောင့်ကိုး”

သူမသည် ရှုယုအား ပထမဆုံးတွေ့စဥ်က အလွန်ကြောက်နေခဲ့သည်။ အထူးသဖြင့် ရှုယုမှာ ညအချိန်မတော်တွင် ထွက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ ပထမဆုံးမြင်စဥ်က သူမသည် ရှုယုအား မျောက်ဝံအသေးစားတစ်ကောင်ဟုပင် ထင်မိသည်။

သို့ရာတွင် ရှုမိသားစု၏သခင်လေးဖြစ်သောသူက အဘယ်ကြောင့် ဟေ့ကျိုးသို့သွားရသည်ကို သူမနားမလည်နိုင်ဖြစ်နေ၏။ မိန်းမလှများကို နှစ်သက်တတ်သည်မှာ ကိစ္စမရှိသော်လည်း မိမိပုံစံမှာ ကြောက်စရာကောင်းနေသည့်တိုင် သူမအား ထိရဲသေးသည်။

ထိုအချိန်တွင် မီးဖိုချောင်ထဲမှ ကြေကွဲစရာအသံများစွာ ထွက်ပေါ်လာနေ၏။ အပြင်ဘက်တွင်မူ ရှန်ရှီမှာ အသံများအက်ကွဲသည်အထိ အော်ဟစ်နေသည်။ သူမမျက်နှာပေါ်တွင် မျက်ရည်များလည်း စီးကျနေသဖြင့် အလွန်ပင် အော့နှလုံးနာဖွယ်မြင်ကွင်းဖြစ်၏။

ကျင်းယွင်ကျောင်းနံဘေးတွင်ရှိသော စူးချူမှာ ထိတ်လန့်အံ့အားသင့်နေသည်။ သူမသည် ကျင်းယွင်ကျောင်းအနောက်တွင်ရပ်ကာ မျက်မှောင်ကြုတ်နေ၏။ သူမသည် ကျင်းယွင်ကျောင်းလက်မောင်းအား ဆွဲထားသော်လည်း အခြေအနေအား‌ နှောင့်ယှက်ခြင်းမပြုပေ။

များမကြာမီတွင် မီးဖိုချောင်တံခါးပွင့်လာပြီး ရှုယွမ်ထက် ပြန်ထွက်လာ၏။ သူထွက်လာသောအခါ သွေးများစွန်းထင်းနေသောအင်္ကျီများကိုသာ အားလုံးကမြင်လိုက်ရသည်။ အလွန်ခြောက်ခြားဖွယ်ကောင်းသောမြင်ကွင်းတစ်ခုဖြစ်ပေသည်။ ကျင်းယွင်ကျောင်းပင်လျှင် အနည်းငယ်ထိတ်လန့်သွား၏။

“အားယု! အားယု သားဘယ်လိုနေလဲ? အားယု အားတင်းထားနော်...အမေ သားအတွက် ဆရာဝန်ရှာပေးမယ်...”

ရှန်ရှီသည် မျက်ရည်များ စီးကျလျက်ဖြင့် ဖုန်းဆီသို့ အပြေးအလွှားသွားလိုက်သည်။

“ဆရာဝန်မရှာနဲ့!”

ရှုယွမ်ထက်သည် အေးစက်စွာ ပြောလိုက်၏။

“သူ့ခြေထောက်ကို သူမထိန်းနိုင်မှတော့ ငါကူညီပေးရတာပေါ့!”

“ယောကျ်ား...ရှင်...ရှင် သူ့တံကောက်ကြောကို ဖြတ်လိုက်တာပဲ...ရှင်...”

ရှန်ရှီ လူးလွန့်သွားသည်။

“တောင်းပန်ပါတယ်ရှင် ကလေးကိုကယ်ပေးပါ၊ သူ့ဘဝတစ်လျှောက်လုံး ဒုက္ခိတဖြစ်နေတာကို ရှင်မြင်ချင်တာလား?”

သူ၏တံကောက်ကြောကိုဖြတ်ထားသဖြင့် အနာဂတ်တွင် ရှုယုသည် ဘီးတပ်ကုလားထိုင်ဖြင့်ပင် နေရနိုင်သည်။ သို့ရာတွင် ယခုအချိန်တွင် နောက်မကျသေးချေ။ တံကောက်ကြောအားပြန်ဆက်သည့် ခွဲစိတ်မှုအား အလျင်အမြန်လုပ်နိုင်သရွေ့ ခြေထောက်ပြန်ကောင်းနိုင်ချေရှိပေသည်။ ဒဏ်ရာ၏နောက်ဆက်တွဲများ ရှိမည်ဆိုသော်လည်း ဒုက္ခိတဖြစ်ရသည်ထက် သာပေ၏။

“ရှန်ရှီ ငါ့ကိုလာမစမ်းနဲ့၊ ဒီနေ့ သူက သူ့အောက်ပိုင်းကို မထိန်းနိုင်ဘဲ သူ့ညီမလေးရဲ့ ဧည့်သည်ကိုတောင် ထိရဲသေးတယ်ဆိုတော့ အနာဂတ်မှာ ဘာတွေပါ လုပ်နိုင်မလဲမသိဘူး၊ အရင်ကတော့ အပြင်လူတွေကို ဒုက္ခပေးတိုင်း သူ့အဖေတစ်ယောက်အနေနဲ့ သူ့အရှုပ်ထုပ်တွေကို ငါအကြိမ်ပေါင်းများစွာ ရှင်းပေးခဲ့ပြီးပြီ၊ ငါလျော်ကြေးပေးခဲ့ရတဲ့လူတွေ ဘယ်လောက်တောင်များလဲမင်းသိလား?! ငါတို့ရှုမိသားစု နှစ်ထောင်ချီလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေက သူ့လက်ထက်မှာ အားလုံးပျက်ဆီးသွားမှာကို ငါခွင့်မပြုနိုင်ဘူး! အရင်ကတော့ ငါသူ့ကိုသင်ခန်းစာပေးဖို့ပဲ ကြိုးစားခဲ့တယ်၊ အခုချိန်ကစပြီး သူမလုပ်သင့်တဲ့ဟာတစ်ခုခုလုပ်တာနဲ့ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစ်ခုပြီးတစ်ခုဖြုတ်ပြီး နောက်ဘဝရောက်အောင် ပို့ပေးလိုက်မယ်!”

ရှုယွမ်ထက်၏ကြိမ်းမောင်းသံမှာ အလွန်ကျယ်လောင်လှသည်။ အပေါ်ထပ်တွင်ရှိသော အကြီးအကဲကန်ပင်လျှင် မကြာမီတွင် နိုးလာလိမ့်မည်ဟု ခန့်မှန်းရ၏။

ရှန်ရှီ တစ်ကိုယ်လုံးတုန်ယင်သွားသည်။ သူမသည် အစက ရှုယွမ်ထက်၏လက်ကို လှမ်းယူဖမ်းဆုပ်ရန် ကြိုးစားလိုက်သော်လည်း ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်၏။

“ယွင်ကျောင်း၊ အဒေါ်...မဟုတ်ဘူး အန်တီရှန် တောင်းပန်ပါတယ်ကွယ်၊ အားယုခြေထောက်ကို ခွဲစိတ်နိုင်အောင် ခွင့်ပြုပေးပါနော်...”

သူမအသံသည် တိုးဖွနေပြီး သူမမျက်လုံးများလည်း တုန်ယင်နေသည်။ သူမတစ်ကိုယ်လုံးမှာ လေအတိုက်တွင် ချိနဲ့စွာ ယိမ်းယိုင်နေသော မိုးမခပင်ကဲ့သို့ပင်။

ကျင်းယွင်ကျောင်းသည် သူမအား မော့ကြည့်လိုက်သော်လည်း သူမမျက်လုံးများမှာ အေးစက်ပြီး ပြတ်သားနေ၏။

“လုပ်ရဲမှတော့ ခံရဲရမှာပေါ့၊ အပြစ်ဒဏ်ကတော့ ပေါ့သေးသေးမဖြစ်သင့်ဘူးလေ၊ ပြီးတော့ သမီးအမြင်အရ ရှုမိသားစုအမွေကိုလည်း သူ့ကိုမဆက်ခံခိုင်းသင့်ဘူး”

ကျင်းယွင်ကျောင်းသည် ဖြည်းညင်းတိုးဖွစွာ ပြောလိုက်တော့သည်။

All Chapters