← Chapters

အခန်း (၉၉၇-၁၀၀၀)

Vol. 50 Ch. 997-1000

အခန်း (၉၉၇-၁၀၀၀)

Vol. 50 Ch. 997-1000

Space and Rebirth 997

သူမသည် ကျင်းမိသားစု၏ မိသားစုအမွေအနှစ်ကို သယ်ဆောင်ထား၏။ ထိုနှစ်က နေရာလွတ်နယ်မြေထဲတွင် ပေါ်ထွက်လာခဲ့သော ဘိုးဘေးကျင်းဟယ်လည်း ကျင်းမျိုးဆက်သာ နေရာလွတ်နယ်မြေကိုဖွင့်နိုင်ကြောင်း သူမကိုပြောခဲ့သည်။ ထို့ကြောင့် စဥ်းစားကြည့်လိုက်သောအခါ ကျင်းဟယ်မှာ ကျင်းမိသားစုနှင့် ရှုမိသားစုတို့နှစ်ခုလုံး၏ အကြီးအကဲဘိုးဘေးဖြစ်ချေမည်။

သူမသည် ဘိုးဘေး၏အမွေအနှစ်ကို ဆက်ခံထားသောကြောင့် မိသားစုထဲတွင် အညှီအဟောက်ရှိနေလျှင် ဘိုးဘေး၏မျက်နှာကိုထောက်၍ သုတ်သင်ရှင်းလင်းပေးရပေမည်။ ယခင်က ရှုယုမှာ သူမဦးလေး၏သားဖြစ်သောကြောင့် ရှန်ရှီအား ကိုင်တွယ်ဖြေရှင်းရလျှင်ပင် ရှုယုအား လွှတ်ပေးမည်ဟု သူမတွေးခဲ့၏။ သို့ရာတွင် မိသားစုငယ်ဆိုလျှင် ကိစ္စမရှိသော်လည်း နှစ်ထောင်ချီပညာအမွေရှိသော မိသားစုတစ်စုအတွက်မူ ရှုယုအား အမွေဆက်ခံသူထားရန် မဖြစ်နိုင်ပါချေ။

ရှုမိသားစုကဲ့သို့ပင် အခြားမိသားစုများ၌ အကြီးဆုံးသားနှင့် အကြီးဆုံးမြေးယောက်ျားလေးမှာ အနာဂတ်တွင် မိသားစုကိုဦးစီးရမည့်သူများဟု လျာထား၏။

ထိုအချိန်တွင် သူမအဘိုးဖြစ်သူမှ ဤမြေးယောက်ျားလေးနှင့် ပတ်သတ်လာလျှင် အဘယ်ကြောင့် ပစ်ပစ်ခါခါနေရသည်ကို နားလည်သွားတော့သည်။ ဤသည်မှာ သူသည် ရှုယုအား အမှန်တကယ်ပင် စိတ်ပျက်ကာ မနှစ်မြို့သောကြောင့်ဖြစ်သော်လည်း အရေးအကြီးဆုံးအချက်မှာ သူသည် ရှုယုအား အဝေးကကြည့်မှသာ ရှင်းရှင်းလင်းလင်းသုံးသပ်အကဲဖြတ်နိုင်သောကြောင့်ဖြစ်၏။

ရှုယု၏စိတ်ထားမမှန်ကြောင်း သိလျက်ဖြင့် သူ့အားအလိုလိုက်နေလျှင် အနာဂတ်တွင် သူသည် ဖြောင့်မတ်မျှတစွာဖြင့် ရှုမိသားစု၏အမွေများအား ကိုင်တွယ်ဦးစီးနိုင်မည်မဟုတ်ပေ။ အနာဂတ်တွင် ရှုယုသာ မိသားစုလုပ်ငန်းအား အမွေဆက်ခံပါက ရှုမိသားစု၏သိက္ခာကိုသာ ကျဆင်းစေလိမ့်မည်။

ယခုတွင် သူ၏အဘိုးသည် ဝင်မပြောဘဲ အေးစက်မာကြောစွာသာ ကြည့်နေ၏။ ဖြစ်သင့်သောအရာများ ဖြစ်နေသောကြောင့်ဖြစ်သည်။

“ယွင်ကျောင်း! ကျေးဇူးပြုပြီး...”

ရှန်ရှီ၏သူငယ်အိမ်များ ကျဥ်းသွားပြီး ရုတ်ချည်းဆိုသလို ကျင်းယွင်ကျောင်း၏လက်‌မောင်းအား အားအပြည့်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ကျင်းယွင်ကျောင်းပြောသောစကားဆိုလျှင် ရှုယွမ်ထက်အပါအဝင် ကျန်လူများပါ သေချာပေါက်နားထောင်ပေမည်!

“အန်တီရှန် ကျွန်မသူငယ်ချင်းသာ သူ့ကိုယ်သူကာကွယ်နိုင်စွမ်းမရှိခဲ့ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ အန်တီရှန်တွေးဖူးလား?”

ကျင်းယွင်ကျောင်းသည် ခနဲ့သံပြုကာ ရှန်ရှီ၏လက်အား ဆွဲဖယ်လိုက်သည်။

“သူကမေ့‌ဆေးတောင် ယူလာတာဆိုတော့ သေရင်တောင် နည်းဦးမယ်၊ ဒါတောင် အခုထိမသေသေးဘူး! သူသာ သမီးဦးလေးရဲ့သားမဟုတ်ခဲ့ရင် သမီးကိုယ်တိုင် သူ့ကိုလည်ပင်းညှစ်သတ်ပြီးပြီ”

ထို့နောက်တွင် ရှန်ရှီသည် တုန်ယင်နေသောလက်သီးဆုပ်များဖြင့် မြေပြင်ပေါ်သို့ ခွေယိုင်လဲသွားသည်။

သူမသားသည် ဤပုံစံဖြင့် ဒုက္ခိတဖြစ်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ချေ။

သူမအပြစ်သာဖြစ်ပေသည်။ သူမသည် ရှုယုအား စောင့်ကြည့်ရန် လူတစ်ယောက်လွှတ်ထားခဲ့သင့်သည်။ ရှုယုသည် ဟေ့ကျိုးတွင်ရှိနေခဲ့သဖြင့် အလွန်ပင်စိတ်မထိန်းချုပ်နိုင်ဖြစ်နေလေသည်။ သူထင်ရာစိုင်းတတ်သည်ကို သူမသိလျက်နှင့်ပင်...

သူမသည် ကျင်းယွင်ကျောင်းအား အချိန်အတော်ကြာသည်းခံခဲ့၏။ အမြဲတမ်းလိုလို သူမနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ခဲ့သော်လည်း ရလဒ်မှာ မထိုက်တန်လှပေ! သူမသားအား ဟေ့ကျိုးသို့သွားစေခဲ့ရုံမက ပြန်လာသည်နှင့် တံကောက်ကြောအဖြတ်ခံရစေရန် လုပ်ခဲ့ပြန်သည်!

“ကျွန်မသိပါတယ် အားယုနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ပါ”

တစ်ခန်းလုံးငြိမ်သက်နေ၏။ အဘိုးကန်၏ခြေသံများသည် တဖြည်းဖြည်းဖြင့် ကျယ်လောင်လာတော့သည်။ ရှန်ရှီသည် ရုတ်ချည်းဆိုသလို ပါးစပ်ကိုဖွင့်ကာ ပြောလိုက်၏။

“မိန်းကလေးရှောင်ကို တောင်းပန်ပါတယ်”

ရှောင်ဟိုင်ချင်းသည် မျက်မှောင်ကြုတ်လိုက်တော့၏။ ရှုဝမ်ချန်းနှင့် အခြားသူများ၏မျက်နှာများသည်လည်း တစ်မျိုးဖြစ်သွားကြတော့သည်။

ဤအရာကြောင့်ပင် ရှုဝမ်ချန်းသည် သူ၏မရီးဖြစ်သူကို မနှစ်မြို့ခြင်းဖြစ်သည်။ သူမသည် လက်ရှိတွင်သာ သဘောထားကြီးသောပုံပေါက်သော်လည်း လူ့သဘာဝနှင့် သိပ်မကိုက်ညီလှပေ။

ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းကို ဝေ့ကြည့်ပြီး ရှန်ရှီ၏စကားများကို မတုံ့ပြန်ချေ။

ရှန်ရှီသည် မြေပြင်ပေါ်မှထကာ မီးဖိုချောင်ထဲဝင်သွားလိုက်၏။ နာကျင်မှုဖြင့်မေ့လဲနေသော ရှုယုအား သူမတစ်ကိုယ်လုံးဖြင့် တွဲကူမပြီးနောက် တစ်လှမ်းချင်းစီ အိမ်ထဲမှထွက်သွားတော့သည်။

ရှုယွမ်ထက်သည် မျက်နှာကိုဘေးသို့ လွှဲနေလိုက်သည်။ သို့သော် သူ၏မျက်နှာထားမှာ တင်းမာနေဆဲ၊ စိတ်ပျက်ဟန်ပေါ်ဆဲဖြစ်၏။ လူတိုင်းတွင် မျက်နှာထားအမျိုးမျိုးရှိနေကြလေသည်။

သူတို့မှာ ရှုမိသားစုဝင်များဖြစ်သဖြင့် ဤမျှလောက် ကြီးလေးသောပြစ်ဒဏ်အားပေးရခြင်းကို ခံစားချက်မကောင်းသော်လည်း ရှုယုနှင့်ထိုက်တန်ကြောင်း သိနေကြ၏။

“မိန်းကလေးရှောင် တကယ်တောင်းပန်ပါတယ်၊ ခုနက အပြင်ထွက်ဖို့လုပ်နေတာမှတ်လား? ဝမ်ချန်းကို လိုက်ပို့ခိုင်းလိုက်မယ်”

ရှုယွမ်ထက်၏လေသံမှာ စိတ်မောနေဟန်ရှိသော်လည်း သူသည် ရှောင်ဟိုင်ချင်းကို ကြည့်သောအချိန်၌ အပြစ်တင်စိတ် စိုးစဥ်းမျှမရှိချေ။ အစောပိုင်းက ရှောင်ဟိုင်ချင်းသည် ဧည့်ခန်းထဲ၌မရှိခဲ့လျှင်ပင် သူ၏သားသည် သူမအခန်းကိုရှာဖွေနိုင်ရုံမက စူးချူနှင့် ကျင်းယွင်ကျောင်း၏အခန်းများကိုပင် ရှာဖွေသွားရောက်နိုင်ကြောင်း သိထားသောကြောင့်ဖြစ်၏။

ဤနေရာမှာ ရှုမိသားစုအိမ်ဖြစ်သည်။ ရှုယုသည် မိမိတို့ မိသားစု၏ နေအိမ်ဖွဲ့စည်းပုံအား ကောင်းကောင်းသိလေသည်။ အစေခံများကို မေးလိုက်သည်နှင့် မည်သူက မည်သည့်အခန်းတွင်နေသည်ကို အတိအကျသိနိုင်၏။

သူဒေါသထွက်နေရခြင်းမှာ ရှုယုမှ ကျင်းယွင်ကျောင်း၏ဧည့်သည်များကို အနိုင်ကျင့်ရဲရုံမက ကျင်းယွင်ကျောင်းကိုယ်တိုင်ကိုပင် မျက်စိကျနေခဲ့သောကြောင့်ဖြစ်သည်။

Space and Rebirth 998

ရှုယွမ်ထက်သည် အားအင်များ ကုန်ခမ်းနေသည့်ပုံပေါက်ပေသည်။ ရှုဝမ်ချန်းမှာ သူ့အစ်ကိုကြီး၏ဆန္ဒများကို လိုက်လျောလေ့မရှိသော်လည်း ယခုတွင်မူ ရိုကျိုးစွာဖြင့် ခေါင်းငြိမ့်ကာ ကားမောင်းပေးရန် သဘောတူလိုက်သည်။

အကြီးအကဲကန်မှ အောက်ဆင်းလာသောအခါ ဧည့်ခန်းထဲတွင် သွေးစသွေးနများကို တွေ့လိုက်ရတော့၏။ သူသည် အံ့သြသွားသော်လည်း လူကြီးသူမဖြစ်နေသောကြောင့် သိချင်စိတ်ကိုမြိုသိပ်ကာ ဆက်မမေးတော့ချေ။

ထို့နောက်တွင် သူတို့သည် မိမိတို့အခန်းကိုယ်စီသို့ ပြန်သွားကြတော့၏။ ရှောင်ဟိုင်ချင်းသည် မနက်စာကို ရိုးရှင်းစွာစားသောက်ပြီးနောက် ရှုဝမ်ချန်း၏ဦးဆောင်မှုနောက် လိုက်သွားတော့သည်။

စူးချူသည် ကြောက်ရွံ့တုန်လှုပ်နေဆဲဖြစ်၏။ သူမသည် ကျင်းယွင်ကျောင်း၏လက်မောင်းအား အလျင်အမြန်ပင် ဆုပ်ကိုင်ကာ အပေါ်ထပ်တက်သွားသည်။

“ခုနက ကြောက်လွန်းလို့ သေတော့မယ့်အတိုင်းပဲ၊ နင့်ဦးလေးတွေက ရှုယုကို သတ်တော့မယ်လို့တောင် ငါထင်လိုက်တာ!”

စူးချူသည် အခန်းထဲသို့ပြန်ရောက်သည်နှင့် တီးတိုး‌ပြောလိုက်သည်။

“ဘယ်လောက်ပဲရက်စက်တဲ့ကျားဖြစ်ဖြစ် ကိုယ့်သားပေါက်ကိုတော့ ကိုယ်ပြန်စားမှာမဟုတ်ဘူး၊ ဘယ်လိုလုပ် ကိုယ့်အသွေးအသားကို သတ်နိုင်မှာလဲ?”

ကျင်းယွင်ကျောင်းသည် သူမအား နှစ်သိမ့်ကာပြောလိုက်၏။

“ငါနင်တို့ကိုဖိတ်တုန်းက ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ငါတောင်းပန်ပါတယ်”

“ရပါတယ် အိမ်တွင်းရေးပြသာနာမရှိတဲ့လူဆိုတာ ရှိလား? ပြီးတော့ ရှုမိသားစုဆိုတာ မိသားစုကြီးတစ်ခုပဲလေ ဒါပေမယ့် ရှုယုကလွဲရင် ကျန်တဲ့လူတွေအားလုံးက ကောင်းကြပါတယ်၊ ဦးလေးအကြီးရှုနဲ့ ဒုတိယဦးလေးရှုကလည်း ငါတို့အပေါ် အရမ်းပျူငှာလွန်းလို့ တကယ်ပီတိဖြစ်မိတယ်”

စူးချူသည် ရိုးသားစွာပြောလိုက်၏။

စူးချူမှာ ကျင်းယွင်ကျောင်း၏သူငယ်ချင်းများထဲမှ တစ်ဦးဖြစ်သည်။ ထိုသူငယ်ချင်းများတွင် စူးချူသည် သဘောထားအကြီးဆုံးလည်းဖြစ်၏။

သူမသည် ရည်မှန်းချက်ကြီးကြီးမားမားမရှိဘဲ ရိုးရှင်းသောဘဝဖြင့်သာ ရှင်သန်ကာ ဖော်ရွေသောစရိုက်ရှိသည်။ သူမသည် စိတ်ကောင်းရှိသော်လည်း အလွန်အကျူးမရိုးအလွန်းပေ။ အခြားအရာများကို သိပ်အာရုံထားလေ့မရှိသောကြောင့် သူမဘဝသည် အေးဆေးတည်ငြိမ်နေ၏။

ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းမှာမူ သူမနှင့်မတူသောလူများဖြစ်သည်။

“အာ ဟုတ်သားပဲ နင်ခုနက အန်တီရှန်ကို ရင့်ရင့်သီးသီးငြင်းလိုက်တာဆိုတော့ သူနင့်ကိုမုန်းနေမှာပေါ့?”

စူးချူထပ်မေးလိုက်ပြန်၏။

“ဒါဆို နင့်အမြင်အရရော ခုနက သူပြန်ပြောတဲ့ပုံစံက ငါ့ကိုမုန်းနေတဲ့ပုံလား မမုန်းတဲ့ပုံလား?”

ကျင်းယွင်ကျောင်းသည် တုန်လှုပ်နေသေးသော စူးချူအတွက် ရေတစ်ခွက်ငှဲ့ပေးကာ ဆက်မေးလိုက်သည်။

စူးချူသည် ခေတ္တမျှတွေးကြည့်ပြီးနောက် သူမမျက်နှာထားသည် တစ်မျိုးဖြစ်သွားတော့သည်။

“အစတုန်းကတော့ သူနင့်ကိုမုန်းနေမယ်ထင်ခဲ့တာ၊ ဒီလိုဟာ...ငါသာ အမှားတစ်ခုခုလုပ်မိပြီး ခြေထောက်အချိုးခံရရင် ငါဘယ်လောက်ပဲမှားမှား ငါ့မိဘတွေကတော့ ငါ့ဘက်က ဒေါသထွက်ပြီး နာကျည်းပေးမှာပဲ၊ ငါ့ကိုထိခိုက်ခဲ့တဲ့လူကို သူတို့ရန်သူအဖြစ် သတ်မှတ်ကြလိမ့်မယ်၊ ဒါပေမယ့် အန်တီရှန်ကတော့ အဲ့လိုမဟုတ်ဘူး သူမပေါက်ကွဲဘဲ ဒေါသကိုပြန်မြိုချလိုက်သလိုပဲ အရမ်းထူးဆန်းလွန်းတယ်”

“နင်တောင် ထူးဆန်းတယ်လို့ မြင်နိုင်ရင် ပြသာနာတစ်ခုခုရှိလို့ပေါ့”

ကျင်းယွင်ကျောင်းသည် အိပ်ရာပေါ်တွင် လှဲချကာ ကုတင်တိုင်ပေါ် မှီလိုက်သည်။ သူမဆက်ပြောလိုက်၏။

“ရှန်ရှီဆိုတာ မြို့ဝန်ကတော်ရာထူးကိုပဲ ဂရုစိုက်တတ်တဲ့လူမျိုးပဲ၊ သူ့နေရာကို ထိပါးနိုင်တဲ့ ဘယ်အမှားမျိုးကိုမှ ခွင့်ပြုမှာမဟုတ်ဘူး၊ သူဒေါသထွက်နေရင်တောင် ရှုမိသားစုရှေ့မှာ ဘယ်တော့မှ ဒေါသမပေါက်ကွဲမယ့်လူပေါ့၊ အထူးသဖြင့် ဦးလေးကြီးရှေ့မှာ အဲ့လိုလုပ်မှာမဟုတ်ဘူး၊ သူ့သားခြေထောက်တွေ အချိုးခံရရင်တောင် သူ့နေရာတည်မြဲဖို့ ဒေါသကိုမြိုသိပ်ထားမယ့်လူပဲ”

ရှန်ရှီသည် သူမ၏ဂုဏ်သိက္ခာကို အလွန်ငဲ့ကွက်လွန်း၏။ သူမငိုလိုက်လျှင် အခြားသူများမှ သူမအား ရန်လိုတတ်သောမိန်းမတစ်ဦးဟု ထင်သွားမည်ကို စိုးနေသကဲ့သို့ပင်။

ထို့ကြောင့် နေရာမရွေး၊ အချိန်မရွေး သူမသည် နူးညံ့သိမ်မွေ့သောအသွင်အပြင်ကို ထိန်းသိမ်းရပေသည်။ အတွင်းတစ်မျိုး အပြင်တစ်မျိုးဖြစ်၏။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် ထိုသို့ပြောရင်းဖြင့် ရှန်ရှီ၏အကျင့်သည် သူမမိသားစုနောက်ခံနှင့် သက်ဆိုင်လိမ့်မည်ဟု ရုတ်ချည်းဆိုသလို မှတ်မိသွားသည်။

ရှန်ရှီနှင့် ရှန်တုန်းမှာ ညီအစ်မများဖြစ်သည်။ သို့ရာတွင် ရှန်ရှီသည် ရှန်တုန်းအား မေတ္တာသိပ်မရှိချေ။ ရှန်တုန်းအပေါ်ပင် တိတ်တခိုးဖြင့် လူနောက်ကွယ်၌ လှည့်ကွက်များသုံးခဲ့သေးသည်။ သာမန် ညီအစ်မအချင်းချင်း မတည့်သည့်ကိစ္စမျိုးမဟုတ်ပေ။ နှစ်ဦးကြားတွင် ရန်ငြိုးတစ်ခုခုရှိနေသည်နှင့် ပိုတူပေသည်။

သူတို့သည် တစ်မိသားစုတည်းမှ ပေါက်ဖွားလာသော်လည်း ဆယ်ကျော်သက်အရွယ်တွင် ရှန်တုန်းမှာ တိုင်းသိပြည်သိနာမည်ဖြစ်နေချေပြီ။ တီဗီဖန်သားပြင်ပေါ်ရှိ သူမပုံရိပ်အား လူများက မမေ့နိုင်ဆဲဖြစ်သည်။ ရှန်ရှီမှာ သူမထက် အသက်ကြီးသော်ငြား ရှန်တုန်း၏လက်ထောက်သာဖြစ်ခဲ့၏။ မိမိညီမဖြစ်သူနှင့် မိမိကိုယ်မိမိယှဥ်မိလျှင် စိတ်မသက်သာစရာဖြစ်ပေမည်။

နောက်ပိုင်းတွင် သူမသည် အလွန်ထူးချွန်ကာ အရည်အချင်းရှိသော ဦးလေးနှင့် ကောက်ကာငင်ကာ လက်ထပ်လိုက်သဖြင့် လုံးဝမတူညီသောအဆင့်အတန်းတစ်ခုသို့ ခုန်တက်သွားတော့သည်။ ထို့ကြောင့် သူမသည် အလွန်အစွန်းရောက်သွားရခြင်းလော?

ကျင်းယွင်ကျောင်းမျက်နှာတွင် အပြုံးတစ်ခုက ဘွားခနဲပေါ်လာသည်။ သူမမျက်လုံးများမှာ အေးစက်နေသည်။ သူမအကြည့်များမှ တောက်ပနေသောအလင်းရောင်မှာ အပြင်ဘက်ရှိ ကြယ်ရောင်များထက်ပင် လင်းလက်နေသေး၏။

Space and Rebirth 999

ဤတစ်လျှောက်လုံးတွင် ရှန်ရှီသည် မည်သို့သောအရာမျိုးအား ဂရုစိုက်သည်ကို သူမမသိခဲ့ချေ။ ယခုတွင် သူအပြည့်အဝနားလည်သွားပေပြီ။

သူမဂရုစိုက်သောအရာမှာ ဦးလေးအကြီးရော ရှုယုပါ မဟုတ်ချေ။ အတိအကျပြောရလျှင် သူမဂုဏ်သိက္ခာအား ကိုယ်စားပြုသော မြို့ဝန်ကတော်ရာထူးပင် မဟုတ်သေးပေ။

သူမလိုချင်သောအရာမှာ လူအာရုံစိုက်မှုပင်...အခြားသူများ၏ လေးစားမှုနှင့် အားကျမှုများကို ဖြစ်၏။ သူမသာ ရှုမိသားစုမှ ထွက်ပြီးသည့်တိုင် လူတိုင်း၏ အားပေးဂရုစိုက်ခြင်းများနှင့် ချီးမွမ်းသံများကို ရရှိနိုင်လျှင် ရှန်ရှီသည် ပျော်ရွှင်စွာဖြင့် ရှုမိသားစုထဲမှ ထွက်ပေမည်။

ထိုအခိုက်အတန့်တွင် စူးချူသည် နှုတ်ခမ်းများကိုစေ့လိုက်၏။ သူမသည် တစ်ခုခုကိုပြောချင်သော်လည်း စကားလုံးများကို ပြန်မြိုချလိုက်သည်။

သူမသည် ရှုမိသားစုအိမ်ထဲသို့ ရောက်လာကတည်းက ကျင်းယွင်ကျောင်းမှာ ရှန်ရှီအပေါ် အမုန်းတရားအာဃာတများ ရှိနေသည်ဟု သူမခံစားမိသည်။ ကျင်းယွင်ကျောင်းသည် ရှန်ရှီကိုတွေ့လိုက်တိုင်း မျက်နှာထားမှာ အလွန်ပင်အေးစက်မာကြောသွား၏။ ချောင်ဟုန်ယဲ့တို့အား မြင်လိုက်ရသောအခါ ဖြစ်သွားသောအကြည့်များကဲ့သို့ပင်။ သူမသည် ၎င်းအား မေးကြည့်ရန် ပါးစပ်ပြင်လိုက်သော်ငြား စဥ်းစားကြည့်လိုက်ပြီးနောက် မေးချင်သောစိတ်များကို ဖယ်ရှားလိုက်၏။

သူမမေးလိုက်လျှင်ပင် တစ်စုံတစ်ရာကူညီနိုင်မည်မဟုတ်ပေ။ သူမသာ ပူပန်မိချေမည်။ ထိုအချိန်တွင် ကျင်းယွင်ကျောင်းမှာ ရှန်ရှီအား စောင့်ကြည့်နေကြောင်း သူမသိရလျှင် လုံလောက်ပေပြီ။ ဤထက်ပိုသိစရာမလိုပေ။ မဟုတ်ပါက သူမသည် ကျင်းယွင်ကျောင်း၏အကြံများအား ရှန်ရှီအရှေ့တွင် မတော်တဆပြောထွက်မိလျှင် ပြသာနာကိုဖိတ်ခေါ်ရာကျချေမည်။

စူးချူသည် စဥ်းစားရင်းဖြင့် အတွေးရေယာဥ်ထဲ နစ်မြောသွားတော့သည်။

သို့သော် ထိုအချိန်တွင် ရှန်ရှီမှာမူ ပြန်အိပ်မရတော့ချေ။

သူမသည် သတိလစ်နေသော သူမသားဖြစ်သူအား ပွေ့ဖက်ကာ အမုန်းတရားများဖြင့် ပြည့်နှက်နေသောမျက်လုံးများနှင့်အတူ သူမနှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ ရှုယုခြေထောက်ရှိသွေးများမှာ တိတ်သွားချေပြီ။ ရှုမိသားစုတစ်အိမ်လုံးတွင် မည်သူမှ သူမတို့အား လာရောက်မကူညီသည်မှာ စိတ်မကောင်းစရာပင်။ မည်သူမှ မကူညီရဲကြပေ။

ကျင်းယွင်ကျောင်းသာ မပေါ်လာခဲ့လျှင် သူမ၏အားယုမှာ အပြစ်ပေးခံရသည့်တိုင် ဤမျှပြင်းထန်ကြမ်းတမ်းစွာ ခံရမည်မဟုတ်ချေ။ သူမသည်လည်း ဤနှစ်ရက်-သုံးရက်အတွင်း မျက်နှာပူရလိမ့်မည် မဟုတ်ပါပေ...

ရှုမိသားစုအိမ်တွင် ဆက်နေရရန်အတွက်....သူမသားအတွက်...သူမတို့အနာဂတ်အတွက်...သူမသည်းခံခဲ့၏။

“သူ့ပတ်တီးတွေကိုဖြေပြီး ဆေးအသစ်လိမ်းလိုက်”

သူမစဥ်းစားနေစဥ်တွင် ရှုယွမ်ထက်သည် သူမအနောက်တွင်ပေါ်လာကာ ကျောက်စိမ်းပုလင်းတစ်ပုလင်းအား ပစ်ပေးလိုက်သည်။

ရှန်ရှီသည် ထိတ်လန့်အံ့အားသင့်သွားသော်လည်း သူမနှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခုက ချက်ချင်းဆိုသလို ပေါက်ဖွားလာတော့သည်။

“ယောက်ျား ဒါက...”

“လွန်ကဲမှုခုနစ်ပါးလိမ်းဆေး”

ရှုယွမ်ထက်မျက်နှာသည် အသက်မဲ့နေသည်။

အရေပြားလွန်ကဲမှု၊ အသားလွန်ကဲမှု၊ အရိုးလွန်ကဲမှု၊ အရွတ်လွန်ကဲမှု၊ အကြောလွန်ကဲမှု၊ ချီလွန်ကဲမှု၊ သေရေးရှင်ရေးလွန်ကဲမှုတို့အား မြှင့်တင်ပေးသောဆေးဖြစ်၏။ ဤပစ္စည်းအား ဘိုးဘေးကြီးမှ ချန်ရစ်ထားသောပစ္စည်းဖြစ်သဖြင့် အလွန်တရာပင် ရှားပါးလေသည်။ အရွတ်အကြောအပေါ်တွင်သုံးလျှင် ထိုအကြောများသည် ဘယ်သောအခါမှ ပြန်ဆက်နိုင်မည်မဟုတ်ချေ။ ထိုအကြောအနီးတစ်ဝိုက်ရှိ အသားစိုင်များပင်လျှင် အလွန်တရာနှေးကွေးသောနှုန်းဖြင့် ပြန်သက်သာမည်ဖြစ်၏။ ခန္ဓာကိုယ်ကို အလွန်ပင်ညှင်းဆဲသော ဆေးတစ်ဖုံဖြစ်သည်။

ဤလိမ်းဆေးအား မည်သည့်နေရာတွင် လိမ်းစေကာမူ ဖျက်ဆီးခြင်းအာနိသင်အပြည့်အဝရှိလေ၏။ လူနာဖြစ်သူမှ ဆေးအာနိသင်ကြောင့် အသက်ရှူရပ်ခြင်း၊ သေဆုံးခြင်း မဖြစ်သရွေ့ အခြားအရာများအတွက်လည်း အကျိုးရှိပေသည်။ ဥပမာပြရလျှင် အသားစိုင်များ သက်သာသောနှုန်းမှာ နှေးကွေးမည်စိုးသော်ငြား ပြည်တည်ခြင်း၊ ယောင်ယမ်းခြင်း ဖြစ်မည်မဟုတ်ပေ။ ဤဆေးသည် ခန္ဓာကိုယ်အနှံ့ ကူးစက်ရောဂါများ ပြန့်ပွားမည်ကို အတိုင်းအတာတစ်ခုထိ တားဆီးကာကွယ်ပေးနိုင်၏။ ထို့ကြောင့် ဤဆေးအား အချို့ရောဂါများကို ကုသရာ၌ အသုံးပြုလေသည်။

ရှန်ရှီ၏မျက်နှာပြောင်းလဲသွား၏။ သူမသည် ဤဆေးအား တစ်ခါမှမကြားဖူးသော်လည်း နာမည်မှာ အလွန်ပင်...

“လောလောဆယ် အားယုကို ဆေးရုံပို့လို့မရဘူးလား...”

ရှန်ရှီသည် မဆုတ်မနစ်မေးလိုက်၏။

“ဆေးလိမ်းမလား သေမလား မင်းပဲ‌ရွေး”

ရှုယွမ်ထက် အေးစက်စွာ ပြောလိုက်၏။

“ရှန်ရှီ ဒီကောင်က ရှောင်ကျောင်းသူငယ်ချင်းတွေကိုပဲ မျက်စိကျနေတာမဟုတ်ဘူးဆိုတာ မင်းစိတ်ထဲမှာ ကောင်းကောင်းသိတယ်၊ သူက အိမ်ထဲမှာတောင် ဒီလိုဟာမျိုးကို လုပ်ရဲတဲ့သတ္တိရှိတယ်ဆိုတော့ ရှောင်ကျောင်းကိုလည်းလုပ်ဖို့ တွေးပြီးလောက်ပြီ”

ကျင်းယွင်ကျောင်းသည် သူ့ညီမငယ် ရှုရှန်းလန်၏ သမီးဖြစ်ရုံမက ထိုဖြစ်တည်မှုထက် အရေးကြီးသောလူလည်းဖြစ်၏။

ကျင်းမိသားစုနှင့် ရှုမိသားစုတို့၏ အမွေဆက်ခံမှုနှင့် သက်ဆိုင်နေသောမိန်းကလေးဖြစ်သဖြင့် သူမအပေါ် မည်သည့်အန္တရာယ်မျိုးမှ သက်ရောက်၍မဖြစ်ချေ။ ကျင်းမိသားစု၏ဆေးကုသရေးစွမ်းရည်များနှင့် ရှုမိသားစု၏ဆေးဝါးပညာအမွေအား ဆက်ခံနိုင်လျှင် မိမိသားဖြစ်သူအား ခြေထောက်ချိုးပစ်ရန်မပြောနှင့်၊ သတ်ရမည်ဆိုလျှင်ပင် တုံ့ဆိုင်းနေမည်မဟုတ်ပေ။ ဤပညာအမွေမှာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သောအရာဖြစ်၏!

ရှန်ရှီသည် ပုလင်းအား ကျစ်ကျစ်ဆုပ်ကာ ဘာမှမပြောချေ။ သို့ရာတွင် ရှုယွမ်ထက်၏အကြည့်အောက်တွင် သူမသည် မတတ်သာဘဲ ရှုယု၏ဒဏ်ရာနားတွင် ပတ်ထားသောပတ်တီးကိုဖြေကာ တုန်ယင်သောလက်များဖြင့် လိမ်းဆေးကို လိမ်းလိုက်၏။

ဤလိမ်း‌ဆေးအား လိမ်းလိုက်သည်နှင့် သူမသားဖြစ်သူတွင် မျှော်လင့်ချက်မရှိတော့ကြောင်း သူမသိနေလေသည်...

ရက်အနည်းငယ်ခန့်ကြာသော်...

ရှုမိသားစုတစ်အိမ်လုံး ဝမ်းမြောက်ဖွယ်အတိပြီးနေကြ၏။ အစေခံများမှာ ပျားပန်းခတ်လှုပ်ရှားနေပြီး အရာအားလုံးမှာ ကြော့ရှင်းကာ အထက်တန်းဆန်နေသည်။ သေရည်အနံ့များနှင့် ချိုသာသောမုန့်ရနံ့များက လေထုထဲသို့ ချည်းနင်းဝင်ရောက်လာသဖြင့် လူများအား နက်ရှိုင်းစွာ ယစ်မူးစေလေသည်။

ရှန်ရှီသည် ကြီးမားသောအပြုံးတစ်ခုဖြင့် ဧည့်သည်များကို တစ်ဦးပြီးတစ်ဦး ဧည့်ခံနေ၏။ သူမသည် အိမ်ကြီးရှင်မတစ်ဦး၏ ဣန္ဒြေမျိုး ရှိနေလေသည်။

Space and Rebirth 1000

ကျင်းယွင်ကျောင်းသည် အဖြူရောင်ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထား၏။ ထိုဂါဝန်မှာ ကိုယ်တိုင်းဖြင့် ချုပ်လုပ်ထားခြင်းဖြစ်ပြီး အတွင်းဘက်အလွှာမှာ သူမဒူးနှင့် တစ်လက်မမျှ ကွာဝေးသည်။ ဂါဝန်အသားမှာ ပန်းပွင့်ဖတ်များ၏ နူးညံ့မှုအတိုင်း အိစက်နေ၏။ ၎င်းအပေါ်တွင် ဇာမဏီငှက်တစ်ကောင်ပုံအား ပန်းထိုးထားသဖြင့် နူးညံ့အိစက်သောဂါဝန်အား ကျက်သရေဆောင်ကာ ခမ်းနားစေသည်။ အပြင်ဘက်အလွှာမှာ မြူကဲ့သို့ ဝေဝါးနေသော ဇာပိတ်ပါးအလွှာဖြစ်ပြီး ဇာအပေါ်တွင် အခက်အလက်များ ပန်းထိုးထား၏။ ၎င်းအခက်အလက်များသည် အတွင်းဘက်အလွှာနှင့် ကွက်တိကျနေပြီး ပွဲတက်ဝတ်စုံအား သုံးဖက်လှပုံစံဖြစ်စေတော့သည်။

မိတ်ကပ်ဆရာမှ ကျင်းယွင်ကျောင်း၏ဆံပင်အား ပြင်ဆင်ပေးနေချိန်တွင် ကျင်းယွင်ကျောင်းမှာ နားကြပ်များကိုတပ်ထားသည်။ သူမသည် ဖုန်းအား လက်တစ်ဖက်တွင်ကိုင်ကာ ဖုန်းတစ်ဖက်ခြမ်းမှလူပြောသော စကားသံများကို နားထောင်နေလေသည်။

ရက်အနည်းငယ်ခန့်စုံစမ်းကြည့်ပြီးနောက် ဖန်လီချင်းရင်းနှီးမြုပ်နှံထားသော မီဒီယာကုမ္ပဏီများအားလုံးနီးပါးကို ကိုင်တွယ်ဖြေရှင်းပြီးလေပြီ။

“အဲဒီမီဒီယာကုမ္ပဏီကထုတ်တဲ့သတင်းအများစုက တစ်ဆိတ်ကို တစ်အိတ်လုပ်ပြောထားတာများတယ်၊ အဲ့အထဲမှာမှ တခြားသတင်းတွေထက် ပိုပြင်းထန်တဲ့သတင်းတစ်ပုဒ်ရှိခဲ့တာပေါ့၊ အရင်တုန်းက လူကြားထဲ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့တာ...”

“ဥက္ကဌကျင်း ဒီလိုပါ၊ လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက ကျောင်းသူလေးတစ်ယောက်ရဲ့အမေက သူဌေးဖန်ကုမ္ပဏီလက်အောက်မှာရှိတဲ့ ဆိုင်တစ်ဆိုင်အရှေ့မှာ ရုတ်တရတ်ကြီးမေ့လဲသွားခဲ့တယ်၊ အကြောင်းရင်းကတော့ အဲ့အဒေါ်က အရည်အသွေးညံ့တဲ့ပစ္စည်းတစ်ခုကို အဲ့ဆိုင်ကနေဝယ်စားခဲ့လို့ပဲ၊ နောက်ဆုံး ညှိလို့မရတဲ့အဆုံး အဲ့အဒေါ်က ပြသာနာရှာတော့တာပေါ့၊ ဒါပေမယ့် သူက ဆိုင်ဝန်ထမ်းတွေ တွန်းထုတ်အော်ငေါက်တာခံလိုက်ရပြီး သူ့ရောဂါပဲ ပိုဆိုးသွားခဲ့တယ်၊ အဲ့အချိန်တုန်းက သူဟန်ဆောင်နေတာလို့ ဝန်ထမ်းတွေက ထင်လိုက်တာမို့ သူ့ကိုအချိန်မီမကယ်လိုက်နိုင်ခဲ့ဘူး၊ အဲ့လိုနဲ့ အဲ့အဒေါ်ကဆုံးသွားတော့တာပဲ”

“သူသေသွားတာနဲ့ လျော်ကြေးပေးရတော့မယ်ဆိုပေမယ့် ကျောင်းသူလေးရဲ့အဖေက ဖန်လီချင်းတို့ဆီကနေ မတန်တဆတောင်းခဲ့တယ်လေ၊ နောက်ဆုံးတော့ ဖန်လီချင်းကလည်း ပြန်ကိုက်ဖို့ဆုံးဖြတ်လိုက်တယ်”

“အဲ့တုန်းက ဖန်လီချင်းက သူရှယ်ယာဝင်ထားတဲ့ မီဒီယာကုမ္ပဏီကိုသုံးပြီး သတင်းတစ်ပုဒ်ကို လုပ်ကြံပြောခဲ့တယ်၊ အဲ့ကျောင်းသူလေးက ‌ကျောင်းမှာ အပြိုင်အဆိုင်စိတ်ဓာတ်ကြီးပြီး ဆိုင်ရှေ့က အီလက်ထရောနစ်ပစ္စည်းဆိုင်မှာ စျေးကြီးတဲ့ဟာတစ်ခုကို အတင်းဝယ်ခိုင်းခဲ့တယ်တဲ့၊ သူ့အမေက ငြင်းတဲ့အချိန်မှာ အဲ့ကျောင်းသူလေးက အော်ဟစ်ငေါက်ငမ်းပြီး သူ့အမေကို ဒေါသထွက်သေအောင် လုပ်လိုက်တယ်တဲ့လေ”

“အဲ့အချိန်တုန်းက လူတွေအားလုံး ဒေါသတွေထွက်ကုန်ပြီး အွန်လိုင်းပေါ်မှာလည်း ဆဲဆိုသံတွေ ပြည့်နေတာပေါ့၊ ဒီကိစ္စကြောင့် ကျောင်းသူလေးက လူတိုင်းဖယ်ကျဥ်တာခံလိုက်ရပြီး သူ့အဖေကလည်း မတတ်သာဘဲ လျော်ကြေးနည်းနည်းပဲ ရလိုက်တယ်၊ သူရတဲ့ငွေက လျော်ကြေးမဟုတ်ပါဘူး လက်ဆောင်ပါလို့တောင် ပြောပြီး ဖန်လီချင်းကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ကြေညာပေးခဲ့ရတာလေ၊ ကျောင်းသူလေးက အနိုင်ကျင့်ခံရတာများလာတော့ နောက်ဆုံးမှာ မခံနိုင်တော့ဘဲ လက်ကောက်ဝတ်လှီးပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်၊ ဒါပေမယ့် ကျောင်းသူလေးသေတဲ့ကိစ္စကတော့ လူသိရှင်ကြားမဖြစ်သေးဘူး၊ သူ့ကိုဆဲဆိုခဲ့တဲ့လူအများစုကလည်း သူသေသွားတာ မသိလိုက်ရဘူး”

“သူ့အဖေကလည်း သူ့သမီးသေပြီးတဲ့နောက်မှာ နောင်တတွေရပြီး ငွေကိုပြန်ပေးချင်ခဲ့တယ်၊ ဖန်လီချင်းကုမ္ပဏီဘက်ကနေ ရှင်းပြချက်တစ်ခုထုတ်ပေးဖို့လည်း တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် သူက အရင်ကတည်းက ငွေလက်ခံထားတဲ့သူဆိုတော့ ဘာမကျေနပ်ချက်မှ ပြောလို့မရဘူး၊ ဘယ်သူမှ သူ့ကိုမယုံတော့ဘူးလေ၊ သူ့ကိုလောဘကြီးတဲ့လူတစ်ယောက်လို့ပဲ ထင်လိုက်ကြတယ်’

ဖုန်းတစ်ဖက်ခြမ်းတွင် စုန်ဝမ်သည် သူတို့ရှာဖွေတွေ့ရှိခဲ့သောအမှန်တရားအား ကျင်းယွင်ကျောင်းကို အကျဥ်းချုံးပြောပြနေ၏။

ဤကိစ္စအပြင် လူများအား မကျေမချမ်းဖြစ်စေသော ကိစ္စရပ်များစွာ ရှိခဲ့၏။ သို့သော် ထိုကိစ္စအချို့မှာ ကြာမြင့်သောအချိန်တစ်ခုကဖြစ်ပြီး အချို့မှာ ချဲ့ကားပြောထားသောသတင်းများဖြစ်သည်။ ဤသတင်းမှာမူ အမှန်တကယ်ပင် ဖန်လီချင်းနှင့်သက်ဆိုင်နေပြီး အသက်နှစ်သက်စာ ပါဝင်ပတ်သတ်နေပေ၏။

သားအမိနှစ်ဦးလုံးမှာ ဖန်လီချင်းကြောင့် သေခဲ့ရသည်ဟု ပြောနိုင်သည်။

ကျင်းယွင်ကျောင်းသည် ၎င်းကိုကြားသောအခါ အနည်းငယ်ခံစားချက်ပြင်းထန်သွားသည်။

အဆုံးစီရင်ရမည်? ၎င်းမှာ မိုက်မဲလွန်းလှသည်မဟုတ်လော။

သူမသာ အသက်ရှိနေသေးလျှင် နောက်နှစ်ပေါင်းများစွာ အချိန်ယူ၍ အမှန်တရားကိုဖော်ထုတ်ကာ လူရှေ့သူရှေ့တွင် မိမိ၏အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ပေသည်။ သို့သော် သေလွန်လျှင်မူ မိမိအား သေသင့်သည်ဟုပင် လူအများက ကျိန်ဆဲနေလောက်မည်။

ထို့အပြင် မိမိ၏ရန်သူများမှာ အသက်ရှင်နေသေးသည်မဟုတ်လော။ မိမိသေရမည်ဆိုလျှင်ပင် ရန်သူများသေမည့်နေ့ကိုစောင့်ပြီးမှ သေသင့်သည်။ မဟုတ်လျှင် မတရားလွန်း၍ တမလွန်တွင် ငြိမ်းချမ်းစွာ အနားယူနိုင်မည်လော?

“ဒီနယ်ပယ်ထဲမှာ လူ့ကျင့်ဝတ်ရှိတဲ့ မီဒီယာကုမ္ပဏီတစ်ခုကိုရှာပြီး နင်တို့စုဆောင်းထားတဲ့သက်သေတွေကို အတိအကျပို့‌ပေးလိုက်၊ ကျန်တဲ့ကိစ္စကို ငါစီစဥ်ပေးမယ်၊ ဒီတစ်ခေါက်တော့ နင်တို့ကိုပဲ အပူကပ်ရမှာပဲ”

ကျင်းယွင်ကျောင်းရိုးရှင်းစွာပြောလိုက်၏။

“ကိစ္စမရှိပါဘူး၊ ဒီတိုင်း စုံစမ်းစရာတွေက တဖြည်းဖြည်းများလာတော့ လူအင်အားလိုနေပြီ...ဥက္ကဌကျင်း လူထပ်ငှားလို့မရဘူးလားဟင်! ယုံကြည်ရမယ့်လူတချို့လည်း လာလျှောက်ကြပါတယ် သူတို့ကိုမစဥ်းစားပေးချင်ဘူးလား?”

စုန်ဝမ်မှ ထပ်ပြောလိုက်၏။

သူသည် အစက ငွေလိုသောကြောင့်သာ ဤအလုပ်အား လက်ခံခဲ့သော်လည်း မကြာမီတွင် ဝက်ဆိုဒ်အမျိုးမျိုးအား ဟက်ခ်ပြီး သတင်းအချက်အလက်များ ခိုးယူရခြင်းက အတော်ပင် စိတ်ဝင်စားစရာကောင်းလှသည်ဟု တွေးမိတော့၏။ ထို့အပြင် ကျင်းယွင်ကျောင်းမှာလည်း သူ့အား လစာငွေအမြောက်အများပေးထားသည်။ အခြားသူများ၏အချက်အလက်များကို စုံစမ်းရန် တာဝန်ယူထားသော သူတို့အုပ်စုမှာလည်း အသီးသီးတာဝန်ကိုယ်စီရှိကြသော်ငြား အချင်းချင်း ရင်းနှီးသထက်ရင်းနှီးလာကြ၏။ အနာဂတ်တွင် မထင်မှတ်ထားသောအရာများ မပေါ်လာသရွေ့ သူသည် ကျင်းယွင်ကျောင်းအတွက် ဆက်အလုပ်လုပ်ပေးနိုင်ရန် မျှော်လင့်မိသည်။

All Chapters