အခန်း (၃၉၅-၃၉၆)
Vol. 40 Ch. 395-396
အခန်း (၃၉၅) - ဝိညာဉ်ပဋိညာဉ် ၊ ချင်းမုခရိုင် ၊ ပန်းပွင့်တာ့ဆွေ့ ၊ ဆင်းရဲသားတာအိုဆရာလေး ချောင်ချောင်
"ကျနော် နာမည်က လင်းဖုန်းကျီ ပါ၊ တုန်းလင်းစီရင်စု၊ ချီယွမ်တောင်က တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပါ။ ဒီနှစ် ဖေဖော်ဝါရီလတုန်းက ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်က လူတွေ ကျနော် ဆီ ရောက်လာပြီး သူတို့အဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ"
"အရှိအတိုင်း ပြောရရင် ကျနော် လည်း ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်အကြောင်း သိပ်မသိပါဘူး။ သူတို့က တစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်မတွေ့ဘဲ လျှို့ဝှက်ဆက်သွယ်ကြတာပါ။ ကျနော် ရဲ့ အထက်လူကြီးက နုကျွင်းကျယ် ဆိုတာပဲ သိပါတယ်"
"ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်က အဖွဲ့ဝင်တွေအပေါ် သိပ်ပြီး တင်းတင်းကျပ်ကျပ် ကန့်သတ်မထားပါဘူး။ ပေးတဲ့တာဝန် ပြီးမြောက်ရင် ရပါပြီ။ ဒါ့အပြင် နုကျွင်းကျယ်က ကျနော် ကို အကြောင်းမရှိဘဲ ဘယ်တော့မှ မဆက်သွယ်ပါဘူး"
လီယန်ချူက တည်ကြည်အေးစက်သော မျက်နှာပေးဖြင့် မေးလိုက်သည်
"ဒီ နုကျွင်းကျယ် ဆိုတာက ဘယ်လိုလူစားမျိုးလဲ"
လင်းဖုန်းကျီက ရှင်းပြသည်
"သူ့ရဲ့ မူလခန္ဓာကိုယ်က ဘာလဲဆိုတာ ကျနော် လည်းထိုးထွင်းမသိနိုင်ဘူး။ သူက တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး ဒေါသထွက်နေတဲ့ မျက်နှာပုံစံရှိတဲ့ ကြေးနီမျက်နှာဖုံးကို တပ်ထားတတ်တယ်"
"မင်းမှာ ငါ့ကို ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်ထဲ ဝင်လို့ရအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိလား"
လီယန်ချူက လေးလေးနက်နက် မေးလိုက်သည်။
လင်းဖုန်းကျီမှာ ခေတ္တမျှ မှင်တက်သွားပြီး လီယန်ချူကို သေချာအကဲခတ်ကာ ပြောသည်
"တာအိုဆရာ ကို အမှန်အတိုင်း ပြောရရင် ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်က မိစ္ဆာမျိုးနွယ်တွေကိုပဲ အဖွဲ့ဝင်အဖြစ် လက်ခံတာပါ။ လူသားကျင့်ကြံသူတွေကို လက်မခံပါဘူး"
လီယန်ချူက အသာအယာ ပြုံးလိုက်ပြီး
"မင်း သေသေချာချာ ထပ်ကြည့်စမ်းပါဦး၊ ကျုပ်က တကယ်ပဲ ဘယ်လိုလူမျိုးလဲဆိုတာ"
တာအိုအတတ်
အသွင်ပြောင်းအတတ်
လင်းဖုန်းကျီက မိစ္ဆာစွမ်းအားတွေကို မျက်ဝန်းမှာ စုစည်းပြီး သေချာအကဲခတ်ကြည့်လိုက်ရာ မအောင့်နိုင်ဘဲ အာမေဍိတ်သံ ထွက်သွားသည်
"ဟင်... တာအိုဆရာက ငါတို့ မြေခွေးမျိုးနွယ်နဲ့ တစ်မျိုးတည်းပဲလား"
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်
"ငါ မင်းကို မေးနေတယ်လေ၊ ငါ့ကို ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်ထဲ ဝင်ဖို့ နည်းလမ်းရှိလားလို့"
လင်းဖုန်းကျီသည် လီယန်ချူ၏ လေသံမကောင်းသည်ကို မြင်သောအခါ အလောတကြီး ပြန်ဖြေသည်
"သာမန်အချိန်ဆိုရင်တော့ မရပါဘူး။ ဒါပေမဲ့ မကြာခင်မှာ ထိုက်ရွှီးကျောင်း က ဟွာယန်နတ်မိမယ် က ယန်ဝိညာဉ် အဆင့်ကို တက်လှမ်းနိုင်တာကြောင့် လောကက တရားသောလမ်းစဉ် ကျင့်ကြံသူတွေကို ဖိတ်ကြားပြီး အောင်ပွဲခံအခမ်းအနား ကျင်းပဖို့ ရှိပါတယ်"
"နုကျွင်းကျယ်က သတင်းပို့ထားတာကတော့ လက်အောက်ခံ မိစ္ဆာအမျိုးပေါင်း ဒါဇင်ဝက်လောက်ကို စုစည်းပြီး ရွှီကျိုးစီရင်စု ကို ဆူပူသောင်းကျန်းအောင် လုပ်ဖို့ပါပဲ။ ခြင်္သေ့ဘုရင်ကို ခေါင်းဆောင်ခိုင်းပြီး ကျနော်ကို အကူအဖြစ် ထားပါတယ်။ အလုပ်အောင်မြင်ရင် လူသားအသွင်ပြောင်းဆေး ဆုချမယ်လို့ ကတိပေးထားတယ် "
"တာအိုဆရာက မြေခွေးမျိုးနွယ်ဆိုရင်တော့ ဒီအခွင့်အရေးကို သုံးပြီး ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်ထဲကို ရောနှောဝင်ရောက်နိုင်မှာပါ"
"ထိုက်ရွှီးကျောင်းလား"
လီယန်ချူက မျက်မှောင်ကြုတ်ကာ
"တာအိုလမ်းစဉ်ရဲ့ ဂိုဏ်းကြီးတစ်ခု ဖြစ်တဲ့အပြင် အခု ယန်ဝိညာဉ် အဆင့်ရှိတဲ့သူကလည်း ရှိနေတာ၊ မင်းတို့သွားတာ သေတွင်းထဲ ဆင်းတာနဲ့ မတူဘူးလား"
ထိုက်ရွှီးကျောင်းမှာ ဇီယွမ်နတ်မိမယ် တည်ထောင်ခဲ့ပြီး တပည့်အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။
မော်ရှန်းတောင်၊ ချင်ချန်တောင်တို့လောက် မကျော်ကြားသော်လည်း လျှော့တွက်၍ မရချေ။
အထူးသဖြင့် ယခုအခါ တတိယအဆင့်ဖြစ်သည့် ယန်ဝိညာဉ် ကျွမ်းကျင်သူတစ်ဦး ရှိနေပြီဖြစ်ရာ သာမန်မိစ္ဆာတွေ ဘယ်လောက်သွားသွား အသက်ပေးရုံသာ ရှိမည်။
အဆင့် (၃) ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအား ရှိခြင်းနှင့် မရှိခြင်းမှာ လုံးဝ ကွာခြားလှသည်။
လက်ရှိတွင် ထိုက်ရွှီးကျောင်းသည်လည်း တာအိုဘာသာ၏ ထိပ်တန်းဂိုဏ်းကြီးတစ်ခု ဖြစ်နေပြီ
လင်းဖုန်းကျီက ရှင်းပြသည်
"နုကျွင်းကျယ်က ကျနော် တို့ကို သာမန်လူတွေကို သတ်ဖြတ်ပြီး ဆူပူမှုတွေ ဖြစ်အောင်ပဲ လုပ်ခိုင်းတာပါ။ ထိုက်ရွှီးကျောင်းကို သွားတိုက်ခိုင်းတာ မဟုတ်ပါဘူး"
လီယန်ချူက သက်ပြင်းချလိုက်ပြီး
"စောစောက မင်းပြောတာတွေက တော်တော်လေး စိတ်ရင်းပါပုံရပါတယ်။ ဒါပေမဲ့ ကံဆိုးတာက ငါ မင်းကို သိပ်မယုံဘူး။ မင်းသာ လမ်းမှာ သစ္စာဖောက်လိုက်ရင် ငါ အချည်းနှီး ဖြစ်သွားမှာပေါ့။ ဒါကြောင့် မင်းကို သတ်လိုက်တာက ပိုကောင်းမယ် ထင်တယ်"
ဟာ... သွားပြီ
လင်းဖုန်းကျီမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။
မင်းက တကယ်ရော လူသားဟုတ်ရဲ့လား သူက အလောတကြီး ရှင်းပြသည်
"တာအိုဆရာလေး... အဲဒီကိစ္စက ဖြေရှင်းလို့ရပါတယ်။ စိတ်မပူပါနဲ့"
"ဟင်"
လီယန်ချူက လှမ်းကြည့်လိုက်သည်။
"ဝိညာဉ်ပဋိညာဉ် "
လင်းဖုန်းကျီက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည်
"ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ဒီအတတ်ကို ကျနော် သင်ဖူးပါတယ်။ ကျနော်ရဲ့ မူလဝိညာဉ်ကို ဆရာလေးဆီ အပ်နှံလိုက်မယ်ဆိုရင် ကျနော် ကို ဆရာလေး စိတ်ကြိုက်ထိန်းချုပ်လို့ ရပါပြီ။ အဲဒီအခါကျရင် ကျနော် ရဲ့ အသက်က ဆရာလေးရဲ့ စိတ်အလိုအတိုင်း ဖြစ်သွားပါလိမ့်မယ်"
လီယန်ချူမှာ ခေတ္တမျှ မှင်တက်သွားပြီး သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
ထိုကဲ့သို့ အရာမျိုးမှာ သူ့အတွက် မစိမ်းလှပေ။
အွန်လိုင်းဝတ္ထုတွေထဲမှာ အိမ်မွေးတိရစ္ဆာန် ပဋိညာဉ်၊ တန်းတူညီမျှ ပဋိညာဉ် သို့မဟုတ် ကျွန် ပဋိညာဉ် ဆိုတာမျိုးတွေ ခဏခဏ ဖတ်ဖူးသည်။
သို့သော် ဤကဲ့သို့ မိစ္ဆာနှင့် နတ်ဝိဇ္ဇာလောကထဲတွင် ကိုယ်တိုင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။
ဒါပေမဲ့... ဒီလင်းဖုန်းကျီက ဘာဖြစ်လို့ ဒီလိုအတတ်မျိုးကို အားအားယားယား သင်ထားတာလဲ။
ဘေးနားရှိ လိမ္မော်ရောင်ကြောင်က တစ်ချက်နှာခေါင်းရှုံ့လိုက်ပြီး နှုတ်ခမ်းမဲ့ကာ
"ဟွန်း... ရှက်စရာကြီး "
ဟု ဆိုလိုက်သည်။
ရွှီကျိုးစီရင်စု
မြောက်ပိုင်း စီရင်စုလေးခုထဲမှ တစ်ခုဖြစ်ပြီး လက်အောက်တွင် ခရိုင်နှင့် မြို့ပေါင်း ဒါဇင်ဝက်ခန့် ရှိကာ လူဦးရေ သန်းနှင့်ချီ နေထိုင်ကြသည်။
ချင်းမုခရိုင် မှာ ရွှီကျိုးစီရင်စု၏ မြို့ကြီးတစ်မြို့ ဖြစ်ပြီး တုန်းလင်းစီရင်စုနှင့် နယ်နိမိတ်ချင်း ထိစပ်နေကာ တောင်တန်းကြီးများ ပေါများပြီး လူနေဟန်မှာလည်း ခက်ထန်ရဲရင့်ကြသည်။
ထိုအချိန်တွင် ချင်းမုခရိုင်မြို့ထဲသို့ လူနှစ်ယောက်နှင့် ကြောင်တစ်ကောင် ရောက်ရှိလာရာ အလွန်ပင် ထင်ရှားနေတော့သည်။
တစ်ယောက်မှာ ချောမောသော စာဆိုတော်ဖြစ်ပြီး ကျောတွင် ရှေးဟောင်းဓားတစ်စင်း လွယ်ထားသည်။
နောက်တစ်ယောက်မှာ လူငယ်တာအိုဆရာဖြစ်ပြီး ထိုစာဆိုတော်ထက်ပင် ပိုမိုချောမော ခန့်ညားကာ ခါးတွင် ဓားရှည်တစ်စင်း ချိတ်ဆွဲထားသည်။
ထိုလိမ္မော်ရောင်ကြောင်မှာမူ ကိုယ်လုံးကိုယ်ပေါက် ကျော့ရှင်းပြီး လမ်းလျှောက်ပုံမှာလည်း အလွန်ပင် မောက်မာလှသည်။
ရုပ်ရည်နှင့် အရှိန်အဝါအရ ဆိုလျှင် လူငယ်တာအိုဆရာမှာ နတ်သက်ကြွေလာသည့်အလား အတုမရှိ ထူးခြားလှသော်လည်း လူအများ၏ အကြည့်မှာမူ ထိုချောမောသည့် စာဆိုတော်ဆီသို့သာ အများဆုံး ရောက်နေကြသည်။
အကြောင်းမှာ လီယန်ချူသည် လူသိထင်ရှား ဖြစ်ရသည်ကို မနှစ်သက်သဖြင့် အမှောင်ဖုံးကွယ်အတတ် ကို အမြဲသုံးကာ မိမိ၏ တည်ရှိမှုကို လျှော့ချထားသောကြောင့်ပင်။
ချင်းမုခရိုင်ထဲတွင် ဝါးခပတ်ဆောင်းပြီး ခါးတွင် ဓားလွယ်ထားသည့် သိုင်းလောကသား ကျွမ်းကျင်သူများကို နေရာအနှံ့ တွေ့နိုင်သလို၊ ရံဖန်ရံခါတွင်လည်း တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လှပသော တာအိုမယ် များကို မြင်တွေ့ရသည်မှာ စိတ်ကြည်နူးစရာပင်။
ထိုက်ရွှီးကျောင်း မှာ ချင်းမုခရိုင်မြို့အတွင်းမှာပင် တည်ရှိပြီး အလွန်ပင် နာမည်ကြီးကာ လာရောက်ဖူးမြော်သူ များပြားလှသည်။
လူနှစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ လမ်းတကာ လှည့်ပတ်သွားလာပြီးနောက် မြို့၏ အနောက်ဘက်ရှိ စံအိမ်တစ်ခုသို့ ရောက်ရှိလာသည်။
စံအိမ်၏ ဆိုင်းဘုတ်ပေါ်တွင် မင်ယွဲ့ရှောင်ကျူ ဟူသော စာလုံးကြီး လေးလုံးကို ရေးထွင်းထားသည်။
ချောမောသည့် စာဆိုတော်က ရှေ့သို့တက်ကာ တံခါးခေါက်လိုက်ရာ မကြာမီမှာပင် အစေခံတစ်ယောက် ထွက်လာပြီး သူတို့နှစ်ဦးကို အတွင်းသို့ ခေါ်ဆောင်သွားသည်။
စံအိမ်အတွင်း၌ တံတားကလေးများ၊ စမ်းချောင်းငယ်များနှင့် ထူးဆန်းသော ကျောက်တုံးများဖြင့် တန်ဆာဆင်ထားရာ အလွန်ပင် ခန့်ညားထည်ဝါလှပြီး ချမ်းသာကြွယ်ဝမှုကို ဖော်ပြနေသည်။
မင်ယွဲ့ရှောင်ကျူ ၏ ပိုင်ရှင်မှာ ဆံပင်နှစ်ဖက် ဖြူနေသော သက်လတ်ပိုင်း တာအိုဆရာတစ်ဦး ဖြစ်သည်။
"နတ်ဘုရားတွေကို နှုတ်ဆက်ပါတယ်၊ ကျုပ်ရဲ့ အမည်က ရှောက်ယီ ပါ၊ လူကြီးမင်းတို့ လာမှာကို စောင့်နေတာ ကြာပါပြီ"
သက်လတ်ပိုင်း တာအိုဆရာ၏ မျက်ဝန်းများတွင် ဝိညာဉ်အလင်းများ ကွယ်ဝှက်နေပြီး အသားအရေမှာ ဖြူစင်နုနယ်လှသည်။
သူ၏ အရှိန်အဝါမှာ ပြောမပြနိုင်လောက်အောင် ခန့်ညားထည်ဝါလှရာ ကျင့်စဉ်မြင့်မားသည့် တာအိုဆရာတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
စကားပြောပြီးနောက် သူသည် ရှေ့မှနေ၍ ဦးညွှတ်ကာ လမ်းပြလိုက်ရာ နောက်ဖေးဝင်းရှိ တံတိုင်းတစ်ခုသို့ ရောက်ရှိသွားသည်။
ရှောက်ယီ တာအိုဆရာက လက်ကို ဝှေ့ယမ်းလိုက်ရာ တံတိုင်းမှာ ရေမျက်နှာပြင်ကဲ့သို့ ဖြည်းညှင်းစွာ ကွဲထွက်သွားပြီး ခန့်ညားသည့် တံခါးကြီးတစ်ခု ဖြစ်သွားတော့သည်။
သူသည် တံခါးကို ဖွင့်ကာ လူနှစ်ဦးကို အထဲသို့ ခေါ်ဆောင်သွားသည်။
တံခါးနောက်ကွယ်တွင် ကျယ်ဝန်းသော အခန်းတစ်ခန်း ရှိနေပြီး စန္ဒကူးနံ့သာနံ့များ သင်းပျံ့နေကာ အပြင်အဆင်မှာလည်း ရှေးဆန်ပြီး ခန့်ညားလှသည်။
ထိုနေရာတွင် ရုပ်ဆိုးအကျည်းတန်လှသည့် မိစ္ဆာ (၇) ကောင် (၈) ကောင်ခန့် စောင့်ဆိုင်းနေကြပြီး လင်းဖုန်းကျီကို မြင်သောအခါ အလောတကြီး ထရပ်၍ နှုတ်ဆက်ကြသည်။
"လူကြီးမင်းကို နှုတ်ဆက်ပါတယ် "
လင်းဖုန်းကျီမှာ ကျင့်စဉ်အောင်မြင်ပြီး နယ်ပယ်တစ်ခုကို တုန်လှုပ်စေနိုင်သည့် မိစ္ဆာကြီးဖြစ်ရာ သူတို့အနေဖြင့် မရိုသေဘဲ မနေရဲကြချေ။
လီယန်ချူ၏ မျက်ဝန်းများတွင် ဝိညာဉ်အလင်းများ လက်သွားသည်။
ထိုမိစ္ဆာအချို့၏ ကိုယ်ပေါ်တွင် ပြင်းထန်လှသော သွေးညှီနံ့နှင့် အာဃာတအငွေ့အသက်များ ရစ်ပတ်နေရာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြကြောင်း သိသာလှသည်။
ဤ ရှောက်ယီ တာအိုဆရာမှာလည်း ကြိုးကြာမိစ္ဆာ တစ်ကောင်ဖြစ်ပြီး ကျောက်စိမ်းဆွဲပြားတစ်ခုကို အသုံးပြုကာ ကိုယ်ပေါ်ရှိ မိစ္ဆာအရှိန်အဝါကို ဖိနှိပ်ထားခြင်း ဖြစ်သည်။
ရှောက်ယီ တာအိုဆရာက အခန်းထဲသို့ ဝင်လာပြီး လက်အုပ်ချီ နှုတ်ဆက်ကာ ပြောသည်
"ဒီမြို့ထဲမှာ ပညာရှင်ကြီးတွေ ရှိနေတာကြောင့် မိစ္ဆာအရှိန်အဝါ အနည်းငယ် ပေါက်ကြားသွားတာနဲ့ ထိုက်ရွှီးကျောင်းက သိသွားနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ဒီမှာပဲ စောင့်ဆိုင်းပေးကြပါ"
"ဟွာယန်နတ်မိမယ်ရဲ့ အခမ်းအနား ကျင်းပဖို့ သုံးရက်ပဲ လိုပါတော့တယ်၊ အဲဒီအချိန်ကျရင် ထိုက်ရွှီးကျောင်းက တခြားအာရုံစိုက်နေရမှာဆိုတော့ မိတ်ဆွေတို့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ပါလိမ့်မယ်"
ရှောက်ယီ တာအိုဆရာက ပြောပြီးနောက် ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
သူ၏ ကိုယ်ပေါ်တွင် ပြင်းထန်လှသော တာအိုလမ်းစဉ် ဝိညာဉ်စွမ်းအားများ ရှိနေသဖြင့် သူ ထွက်ခွာသွားသောအခါ အခန်းတွင်းမှာ ပြန်လည် အေးစက်မှောင်မိုက်သွားပြီး ပြင်းထန်လှသော ရက်စက်သည့် အရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့သည်။
မိစ္ဆာအချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ထိုအထဲမှ ကျားသစ်မိစ္ဆာတစ်ကောင်က ရှေ့သို့ ဦးညွှတ်တိုးထွက်လာကာ စကားပြောသည်
"လင်းဖုန်းကျီ စီနီယာကြီးခင်ဗျာ၊ ကျုပ်ကတော့ ပန်းပွင့်တာ့ဆွေ့ ပါ၊ ဒီတစ်ခါ တာဝန်အတွက် ဘာတွေများ ထပ်ပြီး ညွှန်ကြားချင်တာ ရှိပါသလဲ..."
ကျားသစ်မိစ္ဆာ၏ စကားမဆုံးမီမှာပင် သူ၏ ထွားကျိုင်းလှသော ခေါင်းကြီးမှာ တစ်စုံတစ်ဦး၏ ရိုက်ချက်ကြောင့် တစ်ခဏချင်းမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည် လွင့်စင်လာသော သွေးစက်များမှာ ကျန်ရှိနေသော မိစ္ဆာများ၏ ကိုယ်ပေါ်သို့ စင်ဟပ်ကုန်ရာ အားလုံးမှာ မျက်နှာပျက်ပြီး တုန်လှုပ်ကုန်ကြသည်။
"ကျားသစ်ကောင်ကများ ကိုယ့်ကိုယ်ကိုယ် တာ့ဆွေ့ (နတ်မင်း) လို့ ခေါ်ရဲတယ် "
လီယန်ချူက အေးစက်စွာ ဟောက်လိုက်သည်။
ထိုဖော်မပြနိုင်သော ခွန်အားကြီးမှာ အားလုံးကို အံ့သြမှင်တက်သွားစေသည်။
ဝံပုလွေမိစ္ဆာတစ်ကောင်မှာ စိတ်ထဲမှ တုန်လှုပ်နေမိသည် ဒီမျိုးနွယ်တူက ဘယ်လိုမျိုး ဝံပုလွေမျိုးလဲ၊ ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းနေရတာလဲယုန်မိစ္ဆာတစ်ကောင်မှာလည်း မျက်လုံးအပြူးသားဖြင့် ငါတို့မျိုးနွယ်ထဲမှာ ဘာဖြစ်လို့ ဒီလိုမျိုး ထူးဆန်းတဲ့ ခွန်အားပိုင်ရှင် မိစ္ဆာတစ်ကောင် ထွက်ပေါ်လာရတာလဲ ဟု မယုံနိုင်အောင် ဖြစ်နေသည်။
အသွင်ပြောင်းအတတ် ကို အသုံးပြုထားသဖြင့် သူတို့အားလုံးမှာ လီယန်ချူကို မိမိတို့နှင့် မျိုးနွယ်တူ အရှိန်အဝါဟု ထင်နေကြခြင်း ဖြစ်သည်။
အခြားသော အတတ်ပညာတွေကို ထည့်မတွက်လျှင်ပင် ထိုကဲ့သို့ ကြမ်းတမ်းလှသော ခွန်အားတစ်ခုတည်းနှင့်တင် နယ်ပယ်တစ်ခုကို စိုးမိုးနိုင်သည့် မိစ္ဆာကြီးတစ်ကောင် ဖြစ်နေပြီ။
ထိုမိစ္ဆာများအားလုံး ကြောက်ဒူးတုန်သွားကြပြီ။
လင်းဖုန်းကျီသည်လည်း လီယန်ချူ ရုတ်တရက် လက်ပါလိမ့်မည်ဟု မထင်ထားသဖြင့် အလောတကြီး မိတ်ဆက်ပေးလိုက်ရသည်
"ဒါကတော့ အခုမှ အဖွဲ့ထဲဝင်လာတဲ့ မိတ်ဆွေ ချောင်ချောင် ပါ၊ သူရဲ့ ကျင့်စဉ်က ကျနော်ထက်တောင် မြင့်မားပြီး အနာဂတ်မှာ အတိုင်းအဆမရှိ အောင်မြင်မယ့်သူပါ"
ချောင်ချောင် ဆိုသည်မှာ လီယန်ချူက လင်းဖုန်းကျီကို ပြောပြထားသည့် သူ၏ တာအိုဘွဲ့နာမည်ပင် ဖြစ်သည်။
အခန်း (၃၉၆) - ထိုက်ရွှီးကျောင်း ဟွာယန်နတ်မိမယ် ၊ နုကျွင်းကျယ် ၊ စာသင်ဆရာ ၊ လင်မျိုးနွယ်စု
"ချောင်ချောင် လူကြီးမင်းကို အလေးပြုပါတယ်"
မိစ္ဆာအချို့မှာ အခြေအနေကို အကဲခတ်တတ်ကြသူများပီပီ ရိုရိုသေသေ ဦးညွှတ်နှုတ်ဆက်ကြသည်။
လီယန်ချူက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဆက်လက် သတ်ဖြတ်ခြင်း မပြုတော့ချေ။
သူ၏ မောက်မာရိုင်းစိုင်းလှသော အမူအရာမှာ တစ်နယ်လုံးကို ဗိုလ်ကျစိုးမိုးနေသည့် မိစ္ဆာဘုရင်တစ်ပါးနှင့် အလားသဏ္ဌာန်တူလှသည်။
"ကျုပ်က ဝံပုလွေငယ်ပါ၊ နောင်ခါမှာ ချောင်ချောင် လူကြီးမင်းအနေနဲ့ ကျုပ်ကို မြေတောင်မြှောက်ပေးပါဦး "
"ကျုပ်က ခွေးငယ်ပါ၊ ချောင်ချောင် လူကြီးမင်းအတွက် ခွေးတစ်ကောင်လို သစ္စာရှိရှိ အမှုထမ်းပါ့မယ်"
မိစ္ဆာများမှာ တစ်ကောင်ပြီးတစ်ကောင် နီးစပ်အောင် ကပ်ကြတော့သည်။
မူလက သူတို့ပေးထားသည့် ခန့်ညားလှသော ဘွဲ့အမည်များမှာ ပျောက်ကွယ်သွားပြီး အလွန်ပင် ရင်းနှီးဖော်ရွေသည့် ပုံစံများ ဖြစ်သွားကြသည်။
မိစ္ဆာလောကမှာ ရိုးရှင်းလှသည်၊ အားကြီးသူက အားနည်းသူကို အနိုင်ယူစတမ်းပင်။
စောစောက ကျားသစ်မိစ္ဆာ အသတ်ခံလိုက်ရပြီး မူလခန္ဓာကိုယ် ပေါ်လာသည်ကိုလည်း ဤမိစ္ဆာများမှာ ခဏချင်းပင် မေ့ပျောက်သွားကြပြီ။
ထို့ပြင် ဝံပုလွေမိစ္ဆာတစ်ကောင်မှာ ကျားသစ်မိစ္ဆာ၏ အလောင်းကိုပင် မျက်စိကျနေတော့သည်။
မိစ္ဆာတို့၏ အသား၊ အရေ၊ အကြောနှင့် အရိုးများထဲတွင် မိစ္ဆာစွမ်းအားများ ကိန်းအောင်းနေသလို၊ အတွင်းစာ လည်း ရှိနေသဖြင့် စားသုံးပါက ကျင့်စဉ်စွမ်းအား တိုးတက်စေနိုင်သောကြောင့် ဖြစ်သည်။
"စားချင်ရင် စားကြ"
လီယန်ချူ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
မိစ္ဆာအုပ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့သြဝမ်းသာ သွားကြသည်။
ထို ချောင်ချောင် လူကြီးမင်းမှာ ထင်သလောက် လူသားမဆန်သူ သို့မဟုတ် မိစ္ဆာမဆန်သူ တော့ မဟုတ်ပုံရပေ။
ထို့တင်မကသေးဘဲ လီယန်ချူက ကျားသစ်မိစ္ဆာ၏ အတွင်းစာကိုပင် ငြင်းပယ်လိုက်ရာ လင်းဖုန်းကျီမှာလည်း မိမိ၏ လက်အောက်ငယ်သားများနှင့် လုယူရန် ရှက်သဖြင့် မယူတော့ချေ။
မကြာမီမှာပင် မိစ္ဆာအုပ်မှာ ကျားသစ်မိစ္ဆာ၏ အလောင်းကို ခွဲဝေစားသုံးလိုက်ကြရာ သူတို့၏ အရှိန်အဝါများမှာ သိသိသာသာ ပိုမိုအားကောင်းလာပြီး ကိုယ်ပေါ်ရှိ မိစ္ဆာအငွေ့အသက်များမှာလည်း ပိုမိုထူထပ်လာတော့သည်။
လိမ္မော်ရောင်ကြောင်မှာမူ ထိုရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသည့် မိစ္ဆာများကို အထင်သေးစွာ ကြည့်ရင်း နှုတ်ခမ်းမဲ့နေတော့သည်။
လင်းဖုန်းကျီမှာ ကျင့်စဉ်အမြင့်ဆုံးဖြစ်ပြီး ယခုတာဝန်၏ တာဝန်ခံ ဖြစ်သော်လည်း သူကိုယ်တိုင်ပင် ဤ ချောင်ချောင် လူကြီးမင်းအပေါ် ထားရှိသော ရိုသေမှုကို ကြည့်ခြင်းအားဖြင့် ဤသူမှာ သိသိသာသာပင် အထက်လူကြီး တစ်ယောက်ဖြစ်ကြောင်း ထင်ရှားလှသည်။
အထူးသဖြင့် အလုပ်လုပ်ရာတွင် သဘောထားကြီးပြီး ပြတ်သားလှသဖြင့် ပို၍ပင် လေးစားစရာ ကောင်းနေတော့သည်။
မိစ္ဆာအချို့မှာ လီယန်ချူ၏ နောက်လိုက်များအဖြစ် မိမိကိုယ်ကို သတ်မှတ်လိုက်ကြပြီ။
သုံးရက်အတွင်း မိစ္ဆာ (၃၂) ကောင်ခန့် ထပ်မံရောက်ရှိလာရာ ရွှီကျိုးစီရင်စုအတွင်းရှိ နာမည်ကျော် မိစ္ဆာကြီးများအားလုံး ရောက်လာကြသည်ဟု ဆိုနိုင်သည်။
လင်းဖုန်းကျီ၏ မိတ်ဆက်ပေးချက်အရ ထိုအထဲမှ မိစ္ဆာနှစ်ကောင်မှာ သူ၏ အထက်တွင် ရှိသည်ဟု ဆိုသည်။
တစ်ကောင်မှာ ကျင့်ကြံမှု အောင်မြင်နေသည့် ဝက်ဝံနက်ကြီး ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်နှင့် အရိုးအကြောများမှာ အလွန်ပင် မာကျောထွားကျိုင်းလှသည်။
နောက်တစ်ကောင်မှာ တောဝက်ကြီးဖြစ်ပြီး သူ၏ မူလခန္ဓာကိုယ်မှာ အိမ်အသေးစားလေး တစ်လုံးစာခန့် ကြီးမားကာ အရှိန်အဝါမှာလည်း ရိုင်းစိုင်းကြမ်းကြုတ်လှသည်။
သူတို့အားလုံးမှာ လူသားများကို စားသုံးသည့် ရက်စက်လှသော မိစ္ဆာကြီးများ ဖြစ်ကြပြီး တစ်ကိုယ်တော် လှုပ်ရှားတတ်ကြသူများ ဖြစ်သည်။
လင်းဖုန်းကျီပင်လျှင် သူတို့ကို အနည်းငယ် ရှိန်နေရသည်။
ထိုရက်ပိုင်းအတွင်း လီယန်ချူမှာ အကြောင်းပြချက် အမျိုးမျိုးရှာကာ မိစ္ဆာ (၃) ကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြခဲ့ပြီး အလောင်းများကို ကျန်မိစ္ဆာများအား ခွဲဝေပေးခဲ့သည်။
ထို့ကြောင့် သူတို့ကိုယ်ပေါ်ရှိ အာဃာတ အရှိန်အဝါများမှာ ပို၍ပင် ထူထပ်လာတော့သည်။
ထိုအခန်းအတွင်း၌ ထူးခြားသော အစီရင်အတတ်များဖြင့် တားဆီးထားသဖြင့် အထဲမှ အသံများ အပြင်သို့ မပေါက်ကြားနိုင်သလို အရှိန်အဝါများကိုလည်း ဖုံးကွယ်ထားနိုင်သည်။
လီယန်ချူသည်လည်း ထိုအခန်းထဲ၌ပင် အမြဲနေထိုင်ပြီး အပြင်သို့ မထွက်ဘဲ နုကျွင်းကျယ်ဆီမှ သတင်းစကားကို စောင့်ဆိုင်းနေသည်။
လိမ္မော်ရောင်ကြောင်၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်သည်။
သို့သော် သူမ၏ ကိုယ်ပိုင် အနာကျက်စွမ်းအားကြောင့် မဟုတ်ဘဲ လီယန်ချူ ပေးထားသည့် ကျန်းထင်ရှန်း စပျစ်သီးကြီး များကြောင့်သာ ဖြစ်သည်။
ဒဏ်ရာပျောက်ကင်းရာတွင် အစွမ်းထက်လှသည်။
ဝက်ဝံနက်ကြီး၏ မျက်ဝန်းများ မှောင်ကျသွားပြီး အံ့သြတုန်လှုပ်စွာ မေးလိုက်သည်
"မင်းက ရှောင်ဖုန်းတောင်က အဲဒီ တောင်စောင့်နတ်ရဲ့ အနွယ်ဝင်လား"
လိမ္မော်ရောင်ကြောင်က ခေါင်းကို ၄၅ ဒီဂရီခန့် မော့ကာ ကောင်းကင်ကို ကြည့်ရင်း
"ဟွန်း... ဟုတ်တယ်လေ "
ဟု ပြန်ဖြေလိုက်သည်။
ဝက်ဝံနက်ကြီး၏ မျက်နှာတွင် ရက်စက်လှသော အပြုံးတစ်ခု ပေါ်လာသော်လည်း ဘာမှတော့ မပြောချေ။
အကယ်၍ ထိုမိစ္ဆာ၏ သွေးကို စုပ်ယူနိုင်ပါက သူ၏ အစွမ်းမှာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဟု သူ တွေးနေမိသည်။
သို့သော် ယခုအချိန်တွင်မူ သူသည် ထိုလူငယ်တာအိုဆရာကို အလွန်ပင် ရှိန်နေရသည် ဝက်ဝံမျိုးနွယ်ထဲမှာ လူအသွင်ပြောင်းပြီး ဒီလောက်အထိ ချောမောခန့်ညားနိုင်တယ်ဆိုတာ တကယ့်ကို ရှားပါးလှတယ်၊ ဒါမှမဟုတ် အသွင်ပြောင်းအတတ် လား ဟု သူ အနည်းငယ် ဝေခွဲမရ ဖြစ်နေတော့သည်။
ရွှီကျိုးစီရင်စု၊ တုန်းဟဲမြို့
စာသင်ကျောင်းတစ်ခုအတွင်းရှိ နွမ်းပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် စာသင်ဆရာတစ်ဦးမှာ ရုတ်တရက် ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။
သူသည် စာသင်ကျောင်းမှ အမြန်ဆုံး ထွက်ခွာလာခဲ့သည်။
သူ၏ ခြေလှမ်းများမှာ အလွန်ပင် လျင်မြန်လှပြီး မကြာမီမှာပင် ဆိတ်ငြိမ်လှသော လမ်းကြားတစ်ခုသို့ ရောက်သွားတော့သည်။
အမှောင်ရိပ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူက အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ဒေါသပုံသဏ္ဌာန်ရှိသော လူမျက်နှာဖုံးကို တပ်ထားသည်။
"လက်အောက်ငယ်သား ဖေးယန်၊ နုကျွင်းကျယ်ကို ဂါရဝပြုပါတယ်"
သက်လတ်ပိုင်း အမျိုးသားက ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ငါ ခိုင်းထားတဲ့ အလုပ်တွေ ဘယ်လိုနေလဲ"
နုကျွင်းကျယ်က အသံကို နှိမ့်၍ မေးလိုက်သည်။
"ဟုန်လင် က လင်မိသားစုထဲကို ရောနှောဝင်ရောက်ပြီး လင်မိသားစုခေါင်းဆောင်ကို ပြုစားထားနိုင်ပါပြီ။ ဒါပေမဲ့... အဲဒီပစ္စည်းက လင်မိသားစု သမီးလေးဆီမှာ ရှိနေတာပါ။ သူမက ကိုယ်ရံတော်တစ်ယောက်နဲ့အတူ ဝိုင်းရံထားတာကို ဖောက်ထွက်သွားလို့ အခု ဘယ်ရောက်နေလဲဆိုတာ မသိရသေးပါဘူး"
ဟု စာသင်ဆရာက ရှင်းပြသည်။
နုကျွင်းကျယ်၏ လေသံမှာ အေးစက်သွားသည်
"လင်မိသားစုက ချန်နိုင်ငံ ရဲ့ မျိုးနွယ်ကြီး တစ်ခု ဖြစ်ပေမဲ့ သူတို့ကိုယ်တိုင်လည်း အဲဒီ တံဆိပ်ပြားရဲ့ အသုံးဝင်ပုံကို မသိကြပါဘူး၊ ဒါကြောင့် စိုးရိမ်စရာ မရှိဘူး။ လူလွှတ်ပြီး ဆက်ရှာခိုင်းလိုက်၊ အဲဒီလူနှစ်ယောက်ကို မရမက ပြန်ရှာတွေ့အောင် လုပ်ရမယ်"
စာသင်ဆရာက ဦးညွှတ်ကာ
"ဟုတ်ကဲ့ပါ"
ဟု ဖြေသည်။
နုကျွင်းကျယ်က ဆက်လက်၍
"ဒီနေ့က ဆူပူသောင်းကျန်းမှု စတင်ရမယ့်နေ့ပဲ။ ငါ ရွှီကျိုးစီရင်စုမှာ တစ်ကိုယ်တော်ကျင့်ကြံသူ မိစ္ဆာအမြောက်အမြားကို စုစည်းထားပြီးပြီ။ အချိန်ကျရင် သူတို့ကို နေရာအနှံ့ ခွဲထုတ်လိုက်ပြီး မြို့တွေကို တိုက်ခိုက်ဆူပူအောင် လုပ်မယ်။ ထိုက်ရွှီးကျောင်းက ကျွမ်းကျင်သူတွေကို တောင်ပေါ်က ဆင်းလာအောင် မျှားခေါ်မယ်။ အဲဒီအချိန်ကျရင် အခွင့်အရေးယူပြီး ထိုက်ရွှီးကျောင်းရဲ့ ဘိုးဘွား နတ်ဝိဇ္ဇာဖြစ်တဲ့ ဇီယွမ်နတ်မိမယ် ရဲ့ ဝိညာဉ်ကို ဟွာယန်နတ်မိမယ် ရဲ့ ခန္ဓာကိုယ်ထဲကို ပူးဝင်စေပြီး ရှုပ်ထွေးအောင် လုပ်ရမယ်"
ကျင့်ကြံသူများအတွက် စိတ်တည်ငြိမ်မှုက အဓိကပင်။
အကယ်၍ ထိုက်ရွှီးကျောင်းက ဟွာယန်နတ်မိမယ်ကို ကာကွယ်ရန်အတွက် မိစ္ဆာများကို မနှိမ်နင်းဘဲ တောင်ပေါ်မှာပဲ နေခဲ့လျှင် ဟွာယန်၏ စိတ်နေစိတ်ထားအရ သူမသည် စိတ်မိစ္ဆာ ဝင်သွားပေလိမ့်မည်။
အကယ်၍ တောင်ပေါ်မှ ဆင်းပြီး မိစ္ဆာများကို နှိမ်နင်းလျှင်မူ ကျောင်းတော်အတွင်း၌ ကာကွယ်ရေး အားနည်းသွားမည် ဖြစ်ရာ လူလွှတ်၍ ဇီယွမ်ဘိုးဘေး ကို ပြန်လည်ရှင်သန်အောင် လုပ်ခိုင်းမည် ဖြစ်သည်။
နုကျွင်းကျယ်၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားသည်
"မင်း လင်မိသားစုကိစ္စကို ပြီးအောင် အရင်ရှင်းလိုက်၊ ပြီးရင် ချင်းမုခရိုင်က ရှောက်ယီဆီ သွားပါ။ ဒီကိစ္စပြီးရင် မင်း ဒီမှာ ဆက်ပြီး ပုန်းအောင်းနေစရာ မလိုတော့ဘူး"
စာသင်ဆရာမှာ ဝမ်းသာသွားပြီး အလောတကြီး ဦးညွှတ်လိုက်သည်
"နုကျွင်းကျယ်ကို ကျေးဇူးအများကြီး တင်ပါတယ်"
သူသည် လင်းဖုန်းကျီတို့ကဲ့သို့သော မိစ္ဆာများနှင့် မတူဘဲ ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်၏ တကယ့် မျိုးရိုးစစ်မှန်သူတစ်ဦး ဖြစ်သည်။
အကယ်၍ အမှားကြီးတစ်ခု ကျူးလွန်ခဲ့သဖြင့် ထိုနေရာတွင် အပြစ်ပေးခံရကာ ပုန်းအောင်းနေရခြင်းသာ မဟုတ်ပါက၊ ဤကဲ့သို့ စွန့်စားရသည့် အလုပ်များကို သူ လုပ်စရာ မလိုပေ။
နုကျွင်းကျယ်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ အမှောင်ရိပ်ထဲ၌ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ထိုက်ရွှီးကျောင်း
ဝတ်ရုံဖြူဝတ် တာအိုမယ် (၄) ဦး လူကြီး ၃ ဦးနှင့် လူငယ် ၁ ဦး မှာ ခန်းမဆောင်အတွင်း မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။
မိန်းမပျိုလေးမှာ ဟွာယန် ဖြစ်ပြီး ရိုးရှင်းသန့်ရှင်းသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူမ၏ မျက်နှာမှာ ဖြူစင်အေးစက်နေပြီး အလှတရားမှာ တိုင်းပြည်တစ်ခုကို ဖျက်ဆီးနိုင်လောက်အောင်ပင် ချောမောလှပလှသည်။
ကိုယ်ပေါ်ရှိ တာအိုဝတ်ရုံက ဖုံးကွယ်ထားသော်လည်း သူမ၏ ကောက်ကြောင်းအလှနှင့် ဆူဖြိုးထွားကျိုင်းသော ခန္ဓာကိုယ်အလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
သူမသည် ယခုနှစ်တွင် အသက် (၃၅) နှစ် ရှိပြီဖြစ်သော်လည်း အချိန်ကာလက သူမ၏ မျက်နှာပေါ်တွင် မည်သည့် အမှတ်အသားမျှ ချန်ထားခဲ့ခြင်း မရှိဘဲ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်ဝင်းပကာ တင်းရင်းနေဆဲပင်။
ဟွာယန်မှာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ပြီး ဆရာဖြစ်သူက ခေါ်ယူမွေးစားခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းထဲသို့ ရောက်သည်နှင့် သူမ၏ ထူးခြားလှသော စွမ်းအင်ကျင့်ကြံမှု ပါရမီမှာ တစ်ပါးသူများထက် အဆပေါင်းများစွာ သာလွန်ခဲ့သည်။
အသက် (၁၆) နှစ်တွင် ယင်ဝိညာဉ် ကို စုစည်းနိုင်ခဲ့ပြီးနောက် ထိုက်ရွှီးကျောင်း၏ နောက်မျိုးဆက် ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကာ တောက်ပခဲ့သူ ဖြစ်သည်။
သို့သော် ယခုအခါ ထိုလောကကြီးတွင် မမြင်နိုင်သော သံခြေကျင်းတစ်ခု ခတ်ထားသကဲ့သို့ တတိယအဆင့်သို့ တက်လှမ်းရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။
ယန်ဝိညာဉ် ကို စုစည်းရန်မှာ မည်မျှ ခက်ခဲသနည်း။
နောက်ဆုံးတွင် ဟွာယန်သည် ယန်ဝိညာဉ်ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီး တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်။
ဤသည်မှာ တာအိုလောကတွင် အလှမ်းဝေးလှသော ပါရမီရှင်တစ်ဦးအဖြစ် တည်ရှိနေခြင်းပင်။
သို့သော်...
ဟွာယန်သည် မကြာသေးခင်ကပင် ရင်ထဲ၌ စိတ်မအေးဖြစ်နေပြီး တစ်ခုခုကို သတိထားနေမိသည်။
သူမကဲ့သို့ ကျင့်စဉ်အဆင့်ရှိသည့် သူများအတွက် ကံကြမ္မာ၏ အရိပ်အယောင်ကို ခံစားမိသည်မှာ သာမန်ကိစ္စပင်။
သို့သော် ထိုက်ရွှီးကျောင်း၏ အမွေအနှစ်မှာ ဓားကျင့်စဉ် ဖြစ်သဖြင့် ကံကြမ္မာကို တွက်ချက်ခြင်း၌ မကျွမ်းကျင်ချေ၊ အထူးသဖြင့် မိမိကိုယ်ပိုင် ကံကြမ္မာကို တွက်ချက်ရန် ပို၍ပင် ခက်ခဲသည်။
သူမအနေဖြင့် ထိုအရာကို စိတ်မိစ္ဆာ က နှောင့်ယှက်နေသည်ဟုသာ မှတ်ယူနိုင်တော့သည်။
"ဆရာ... တပည့် မကြာခင်ကစပြီး စိတ်ထဲမှာ မအေးမမြ ဖြစ်နေတယ်၊ ကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်လာတော့မယ်လို့ စိုးရိမ်နေမိတယ်"
ဟု ဟွာယန်နတ်မိမယ်က သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးကို ပြောလိုက်သည်။
ထိုအမျိုးသမီးမှာ ထိုက်ရွှီးကျောင်း၏ လက်ရှိဂိုဏ်းချုပ် ရွှမ်ကျီကျိရင် ပင် ဖြစ်သည်။
"စိုးရိမ်စရာ မလိုပါဘူး၊ ယန်ဝိညာဉ်ကို စုစည်းနိုင်တာက ကြီးမားတဲ့ ကိစ္စပဲ။ အခု လောကကြီးကလည်း အပြောင်းအလဲတွေ ဖြစ်နေတော့ ယန်ဝိညာဉ်က ဒီလို လောကကြီးရဲ့ အခြေအနေကို ခံစားမိတာလည်း ဖြစ်နိုင်ပါတယ်"
ဟွာယန်နတ်မိမယ်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
သူမ၏ ဒူးပေါ်တွင် ရှေးဟောင်းဓားတစ်စင်းကို တင်ထားသည်။
ဓားအမည်မှာ ယွဲ့ယင် ဖြစ်သည်။
ဤဓားမှာ ထိုက်ရွှီးကျောင်းကို တည်ထောင်သူ ဇီယွမ်နတ်မိမယ်၏ လက်စွဲတော်ဓား ဖြစ်ပြီး ဟွာယန်သည် ထိုဓားဖြင့်ပင် မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။
သူမ တောင်ပေါ်မှဆင်း၍ လောကအနှံ့ လှည့်လည်စဉ်ကလည်း ပြိုင်ဘက်မရှိသလောက်ပင်။
ယခုအခါ ဤနတ်ဓားမှာ ဟွာယန်၏ ဒူးပေါ်တွင် ငြိမ်သက်စွာ တည်ရှိနေပြီး နတ်အလင်းတန်းများ ထွက်ပေါ်နေသည်။
အရှေ့တွင် ထိုင်နေသော ရွှမ်ကျီကျိရင်၏ အကြည့်မှာ ယွဲ့ယင်နတ်ဓားပေါ်သို့ မသိမသာ ရောက်သွားပြီး ရင်ထဲ၌ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်
"ဟွာယန်... ဆရာ့ကို အပြစ်မတင်ပါနဲ့"