အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
အခန်း ( ၁၀၃ )
( လဂွန်းအိမ်နဲ့ သီရိပျံချီ )
"သတ် ... သတ်"
"အမြောက်တပ်ရင်း ပစ်"
"ဖောင်း ... ဖောင်း ... ဖောင်း ... ဒိုင်း ... ဒိုင်း"
"အုန်း ... ဝုန်း ... ဂျိန်း"
"တက်ကြ .... တက်၊ မြို့ရိုးပေါ်ရအောင်တက်ကြ"
"အသေခံပြီး သူပုန်တွေကို ခုခံကြဟေ့ ... အား"
အောင်ဇယျနိုင်ထီးနန်းစွန့်ပြီး တစ်လအကြာမှာတော့
အောင်မင်္ဂလာနိုင်ငံဟာ အောင်မိသားစု လက်အောက်မှာပဲ အကွဲကွဲ အပြဲပြဲ ဖြစ်သွားရပါတယ်။
နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အောင်မိသားစု သစ္စာခံ ပြည်နယ်စောင့်တပ်တွေနဲ့ လင်းမိသားစု သစ္စာခံ ပြည်နယ်စောင့်တပ်တွေ ပြန်တိုက်ခိုက်နေကြသလို နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းမှာလဲ စောရန်နိုင်နဲ့ နယ်စားနှစ်ယောက်ပေါင်းတပ်တွေ တိုက်ခိုက်နေကြပါတယ်။
ပေါ်တယ်ကာကွယ်ရေး ပျက်ဆီးသွားမှုကြောင့် ထောင်သောင်းချီတဲ့ ကျိုင်းကောင်တွေကလဲ နိုင်ငံရဲ့ အလယ်ပိုင်းဒေသအနှံ့ ဝင်ရောက်ဖျတ်ဆီးနေကြပါပြီ။
အနောက်ပြည်နယ်ရဲ့မြို့တော်လဲ စောရန်နိုင်လက်အောက် ကျရောက်သွားပါသလို ရန်မိသားစုဝင်တွေကလဲ တိုက်မိသားစုဆီ အပြေးအလွှား ပူးပေါင်းခဲ့ရပါတယ်။ ဒီအခြေအနေတွေအထိကို ရန်မိသားစုဘိုးဘေးက မျက်နှာထွက်မပြခဲ့ပါဘူး။
တကယ်တော့ သူလဲ သူ့အခက်အခဲနဲ့သူ ရှိနေတာပါ။ ဘယ်ကလာမှန်းမသိတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ သတိပေးစကားတွေကြောင့် သူဟာလက်ရှိ နိုင်ငံရေးပဋိပက္ခတွေမှာ ပါဝင်ဖို့ မဝံ့ရဲခဲ့ပါဘူး။
သီရိမင်္ဂလာ အင်ပါယာအနေနဲ့လဲ ယခင်လို လက်အောက်ခံနိုင်ငံတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ လူအင်အားနဲ့ အချိန်က လုံလောက်မနေတော့ပါဘူး။
ကျိုင်းကောင်သားရဲအုပ်တွေက အင်ပါယာကြီး ၃ခုစလုံးမှာ ပျံ့နှံ့နေကြသလို လူသားတွေအနေနဲ့လဲ ကိုယ့်မြို့ကိုယ်တောင် အနိုင်နိုင် ကာကွယ်နေရချိန်ပါပဲ။
အနောက်ပြည်နယ်နဲ့ တောင်ပိုင်းပြည်နယ် နယ်စပ်ခရိုင်ဒေသတစ်ခုဖြစ်တဲ့ ယင်းမာပင်ခရိုင်မှာတော့ တစ်ရာပြည်နယ်ရဲ့ တပ်ရင်းတွေက ယင်းမာပင်ခရိုင်မြို့တော်ကို အပြင်းအထန် ဝင်တိုက်ခိုက်နေကြပါတယ်။
"ဗိုလ်ချုပ်ကြီး ဒီပုံစံနဲ့ဆိုရင် ရန်သူတွေ တောင့်ခံနိုင်တော့မှာမဟုတ်ဘူးပဲ"
မြို့တော်ဝန် ချစ်မွှေးနဲ့ ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာတို့နှစ်ယောက်သား မြို့တော်နဲ့ မလှမ်းမကမ်းက တောင်ကုန်းတစ်ခုပေါ်ကနေ မြို့သိမ်း တိုက်ပွဲကို ကွပ်ကဲနေကြတာပါ။
"လေကြောင်းဗျုဟာက အခုထိမရောက်လာသေးဘူလား"
"မကြာခင်ရောက်လာတော့မှာပါ၊ ဒါပေမဲ့ နယ်စားစောရဲ့ အမိန့်အရ မြို့တော်ကို အထိအခိုက်အနည်းဆုံးဖြစ်အောင် သိမ်းပိုက်ဖို့မှာထားတာ မမေ့သင့်ဘူးနော်"
"မပူပါနဲ့ဗျာ၊ ကျွန်တော်သေသေချာချာ စီစဉ်ထားပါတယ်"
ထိုအချိန်မှာပဲ တပ်ဗိုလ်မှူး တစ်ဦးက
"တင်ပြပါတယ်၊ ရန်သူဘက်က အလံဖြူထောင်ထားပါပြီ"
"ဟား ... ဟား၊ သိပ်ကောင်းတယ် အရှူံးပေးတာကို လက်ခံလိုက်ကြ"
"ဟုတ်"
ဒီမြို့တော်နဲ့ဆိုရင် တစ်ရာပြည်နယ်စစ်တပ်တွေ သိမ်းပိုက်လာတာ မြို့ပေါင်း ၅၀ကျော်လာပါပြီ။ ခုခံသူတွေဟာ ရန်မိသားစုလက်အောက်ခံ မြို့စားတပ်တွေနဲ့ မိသားစုတပ်ပေါင်းစုတွေပါ။
အနောက်ပြည်နယ်ရဲ့ နောက်ဆုံးလက်ကျန် ခရိုင်တစ်ခုဆိုလဲမမှားတော့ပါဘူး။ မင်းထင်နော်ရထာက စိတ်အာရုံဖြင့်
[ နယ်စားစော၊ ယင်းမာပင်ခရိုင်မြို့တော်ကို သိမ်းပိုက်လိုက်နိုင်ပါပြီ၊ ဆက်လက်ညွှန်ကြားပေးပါ ]
[ သိပ်ကောင်းတယ်၊ တပ်ရင်းတပ်ဖွဲ့တွေကို သိမ်းပိုက်ပြီးတဲ့မြို့တွေမှာပဲ ခံစစ်အခိုင်အမာယူထားခိုင်းပါ၊ ထိုးစစ်အားလုံးရပ်တန့်ပြီး ခံစစ်ပြင်မယ် ]
[ ကောင်းပါပြီ၊ နယ်စားစော ]
စောရန်နိုင်အနေနဲ့ မစ်ရှင်လက်ကျန်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ အနောက်ပြည်နယ်ကို သိမ်းပိုက်ပြီး နိုင်ငံသစ်ထူထောင်ရမဲ့ မစ်ရှင်ကို အပြီးသတ်ချင်နေခဲ့တာပါ။ ဒီနှစ်ခုပြီးရင် သူအနေနဲ့ နောက်ထပ် ဘယ်မစ်ရှင်ကိုမှ ရရှိတော့မှာ မဟုတ်ပါဘူး။
ဒီတစ်ခုကို အတင်းမဲနေရတဲ့အကြောင်းအရင်းက မစ်ရှင်ဆုလာဒ်ဖြစ်တဲ့ ချီကျောက်တုံးတွင်းတွေကို သူအနေနဲ့ အရေးတကြီးလိုအပ်နေလို့ပါပဲ။
နှစ်နဲ့ချီတိုက်ခဲ့ရတဲ့ စစ်ပွဲတွေကြောင့် သူ့ဆီက လက်ကျန်သားရဲအမြူတေတွေ နည်းပါးနေပါပြီ။ သားရဲအမြူတေသာမရှိတော့ရင် သူ့ရဲ့ လက်နက်ကြီးငယ် အများအပြားက သံချောင်းသပ်သပ်ပဲ ဖြစ်ကုန်တော့မှာပါ။
[ တပ်ရင်းအားလုံး မိမိမြို့ရဲ့လုံခြုံရေးကို အထူးဂရုစိုက်ကြပါ၊ ဗိုလ်ချုပ်အဆင့်အထက်အားလုံး မြို့တော်မှာ စုစည်းကြပါ ]
[ ဟုတ် ]
သီဟသီရိမြို့တော်ဝန်ခန်းမအတွင်း စောရန်နိုင်ရဲ့ လက်အောက်ခံတွေ ပြန်စုစည်းနေကြပြန်ပါပြီ။ ဒါဟာ စောရန်နိုင် အနေနဲ့ ကြီးကျယ်တဲ့အမှုကိစ္စတစ်ခုခုကို ဆောင်ရွက်တော့မယ်ဆိုတာ ရိပ်မိနေကြပါပြီ။
စောရန်နိုင်အနေနဲ့လဲ ရှည်ရှည်ဝေးဝေး စကားပလ္လင်ခံမနေတော့ပါဘူး။
"ကျွန်တော်အနေနဲ့ မြို့ကြီး ၂၀ ၊ မြို့ငယ်၆၀ ကျော်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီမလို့ ဒီမြို့တွေကို စုပေါင်းပြီး ပြည်နယ်သုံးခုပါတဲ့ နိုင်ငံသစ်တစ်နိုင်ငံကို ထူထောင်ချင်တယ်၊ အားလုံးပဲ ဘယ်လိုသဘောရသလဲဗျ"
"အောင်မင်္ဂလာနိုင်ငံက မကြာခင်ပြိုလဲတော့မဲ့ နိုင်ငံဟောင်းတစ်နိုင်ငံပါပဲ၊ ကျွန်တော်တို့ကတော့ နယ်စားစောနောက် သစ္စာအပြည့်နဲ့ လိုက်ပါပေးမှာပါ"
"အဲဒါအမှန်ပဲ နယ်စား၊ နယ်စားနောက်ကို လိုက်ဖို့ အသင့်ပါပဲ"
ဒီလူတွေဟာ ယခင်ကထဲက စောရန်နိုင်ရဲ့ဦးဆောင်မှုနောက်ကို ယုံယုံကြည်ကြည် လိုက်ပါနေကြသူတွေပါ။ စောရန်နိုင်အနေနဲ့ ပြန်လည်စည်းရုံးဖို့ မလိုအပ်သလို ထွေထွေထူးထူး ရှင်းပြနေစရာလဲ မလိုအပ်ကြပါဘူး။
"ကောင်းပြီ တစ်ပတ်အတွင်း နိုင်ငံသစ်တစ်ခု ထူထောင်ကြောင်းနဲ့ ရာထူးခန့်အပ်ပွဲကို ကျင်းပကြတာပေါ့"
"ကောင်းပါပြီ"
အခန်း ( ၁၀၃ ) ပြီး
အခန်း ( ၁၀၄ )
( လင်္ကာဒီပ ကုန်းမြေရဲ့ အခြေအနေ )
"ဟုတ်ကဲ့ပါ နယ်စားစော"
"စီစဉ်စရာရှိတာစီစဉ်ဖို့ နောက်နေ့မှ ပြန်စုဝေးကြတာပေါ့ ဒီနေ့ဒီလောက်ပါပဲ"
"နူတ်ဆက်ပါတယ် နယ်စား"
[ ဒင်၊ အနောက်ပြည်နယ်အား သိမ်းပိုက်ပြီး နိုင်ငံတော်သစ် ထူထောင်ပါ၊ ဆုလာဒ်
ချီဧကရာဇ်အလယ်အလတ်ဗိုလ်ချုပ်ကြီး ၂ဦး
( ဗိုလ်ချုပ်ကြီးလဂွန်းအိမ်၊ ဗိုလ်ချုပ်ကြီးသီရိပျံချီ )
စွမ်းအင်နှစ်မျိုးသုံးBeutepanzer M IV
သံချပ်ကာကား ထုတ်လုပ်ရေးစက်ရုံ ၂ရုံ
အဆင့်၃အစီအရင်အားလုံးပါဝင်သော
အစီအရင်ကျမ်းစာအုပ် ၁ အုပ်
ချီစစ်သူကြီးအဆင့်နှင့် အဆင့်၄ သားရဲအောက်
ထောက်လှမ်းနိုင်သော ဆိုနာထုတ်စက်ရုံ ၁ရုံ
ချီစွမ်းအင်သုံးရေပြင်သွားဘစ်စမတ်စစ်သင်္ဘောကြီး
များ တည်ဆောက်နိုင်ရန်သင်္ဘောကျင်းကြီး ၁ခု
ချီစွမ်းအင်သုံး ဝေဟင်သွား စပေ့ရှစ်စစ်သင်္ဘောကြီး
များ တည်ဆောက်နိုင်ရန် စက်ရုံကြီး ၁ရုံ
အဆင့်မြင့် သံမဏိအရည်ကျို စက်ရုံကြီး ၃ရုံ
အဆင့်နိမ့် ချီကျောက်တုံးမိုင်းတွင်း ၁တွင်း
အဆင့်မြင့်ရွှေမိုင်းတွင်း ၂တွင်း
ငွေမိုင်းတွင်း ၄တွင်း
အရည်အသွေးမြင့် သံရိုင်းသတ္တုမိုင်းတွင်း ၆တွင်း
အားရရှိပါသည်၊ ပိုင်ရှင်နှစ်သက်ရာ နေရာများ၌ နေရာချထားနိုင်ပါပြီ ]
[ စနစ် ၊ ဗိုလ်ချုပ်ကြီးနှစ်ဦးကို အခုပဲ မြို့တော်ခန်းမမှာ နေရာချပေးပါ၊ မိုင်းတွင်းတွေကို စစ်ဌာနချုပ်ဘေး ညအချိန်မှာ နေရာချပေးပါ၊ စပေ့ရှစ်စက်ရုံကြီးကိုလဲ ညအချိန် လေတပ်ဌာနချုပ် အနီးက လေယာဉ်ထုတ်စက်ရုံတွေနား နေရာချပေးပါ၊ ဘစ်စမတ် သင်္ဘောကျင်းကိုတော့ ပျော်စံရာရေတပ်ဠာနချုပ်မှာ ငါကိုယ်တိုင်ပဲ နေရာသွားချလိုက်မယ် ]
[ ပိုင်ရှင် သဘောထားအတိုင်း စီစဉ်ပြီးပါပြီ ]
"လဂွန်းအိမ်က အရှင့်ကို နူတ်ဆက်ပါတယ်"
"သီရိပျံချီ က အရှင့်ကို နူတ်ဆက်ပါတယ်"
"ဟား ... ရေတပ်နဲ့ မြင်းတပ်ကို ဘယ်သူ့လက်ထဲအပ်ရမလဲစဉ်းစားနေတာ ဦးလေးတို့ရောက်လာတာ ကွက်တိပဲဗျို့ ၊ ကျင့်ကြံခြင်းကမ္ဘာကနေ ကြိုဆိုပါတယ်ဗျာ"
"အခုတော့ ကျွန်တော်နဲ့ ပျော်စံရာမြို့ဆီ လိုက်ခဲ့ကြပါဦး"
" ဟုတ်ကဲ့ပါ "
စောရန်နိုင်ရဲ့ လက်အောက်မှာ လက်ရှိအဆင့်မြင့်ကျင်ကြံသူတွေအနေနဲ့ ချီဧကရာဇ် အဆင့် ၆ယောက်ရှိနေပါတယ် ။ မကြာခင်ကလဲ ချူရင်တစ်ယောက်ကလဲ ချီဧကရာဇ် အလယ်အလတ်အဆင့်ကို တက်လှမ်းထားပါသေးတယ်။
ထွန်းအောင်၊မင်းထင်နော်ရထာ နဲ့ ချစ်မွှေးက ချီဧကရာဇ် စဦးအဆင့်တွေမှာဖြစ်ကြပြီး ချူရင်၊ သီရိပျံချီ၊ လဂွန်းအိမ်တို့က ချီဧကရာဇ် အလယ်အလတ်အဆင့်မှာ ရှိနေကြပါတယ်။
ဘစ်စမတ်စစ်သင်္ဘောကျင်းကို ပျော်စံရာဆိပ်ကမ်းမှာ တည်နေရာချပေးလိုက်ပြီး တစ်ဆက်ထဲမှာပဲ လဂွမ်းအိမ်ကို ကြယ်နှစ်ပွင့် ရေတပ်တော်ဗိုလ်ချုပ်ကြီး၊ သီရိပျံချီကို ကြယ်နှစ်ပွင့် မြင်းတပ်တော် ဗိုလ်ချုပ်ကြီး၊ မင်းထင်နော်ရထာကို ခြေလျင်တပ်တော် ကြယ်တစ်ပွင့် ဗိုလ်ချုပ်ကြီး၊ မြို့တော်ဝန်ထွန်းအောင်ကို စစ်ဖက်ဆိုရင်ရာ ထောက်ပံ့ရေးဝန်ကြီးဌာနဝန်ကြီး၊ မြို့တော်ဝန်ချစ်မွှေးကို အရပ်ဖက်ဆိုင်ရာထောက်ပံ့ရေးဝန်ကြီးဌာနရဲ့ဝန်ကြီးများအဖြစ် လစာတစ်လ ရွှေပြား ၂၅၀၀နှင့်တကွ ခန့်အပ်ကြောင်းကို ရာထူးခန့်အမိန့်စာ ထုတ်ပြန်ဖို့ ဝင်းလှိုင်ကို ညွှန်ကြားခဲ့ပါတယ်။
ပြည်သူဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သစ်တောရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဝန်ကြီးဌာန၊ ဆက်ဆံရေးဝန်ကြီးဌာန၊ ဘက်စုံအခွန်ဌာန အပါအဝင် တခြားသော အရပ်ဖက်ဆိုင်ရာ ဌာနတွေမှာလဲ သူ့နောက်လိုက်ပါနေတာ ကြာပြီဖြစ်တဲ့ မိသားစုနဲ့ဂိုဏ်းတွေကို ဝန်ကြီးရာထူးခန့်အပ်ပြီး အခွင့်အရေးပေးခဲ့ပါသေးတယ်။
နိုင်ငံသစ် စနစ်သစ်အရ တစ်ရာနိုင်ငံအတွင်းမှာရှိတဲ့ မိသားစုတိုင်း၊ ဂိုဏ်းတိုင်းဟာ ဆက်လက်ရပ်တည်ဖို့အတွက် ပြည်ထဲရေးဌာန၊ ဆက်ဆံရေးဌာနတွေဆီကနေ
ခွင့်ပြုချက်နဲ့ ထောက်ခံချက်ရယူရမှာဖြစ်ပါတယ်။
နိုင်ငံသားတိုင်းကလဲ ပြည်ထဲရေးဌာနမှာ နိုင်ငံသားအဖြစ် မှတ်ပုံတင်ကြရမှာဖြစ်ပြီး၊ လူသတ်ရင် မည်သူမဆို အပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
လုပ်ငန်းခွင်တိုင်း အခွန်ဌာနဆီမှာ သက်သာသောနှုန်းထားဖြင့် အခွန်တစ်ခုဆောင်ပေးရမှာဖြစ်ပြီး၊ နိုင်ငံတော်ဆိုင်ရာ အဆောက်အဦးအသစ်များ ဆောက်လုပ်ခွင့်ကိုလဲ လေလံစနစ်နဲ့ ချပေးခဲ့ပါတယ်။
ပွင့်လင်းသောလေလံစံအိမ်က နိုင်ငံအနှံ့အပြားမှာ နှစ်တစ်ရာလေလံဆွဲပွဲ ကျင်းပခွင့်ရရှိခဲ့ပါတယ်။
ဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီးများအဖြစ် လွင်မိုးနဲ့ မေသူဇာကို ခန့်အပ်ခဲ့ပြီး မိသားစုကြီးများနဲ့ ဂိုဏ်းများကြားကပြဿနာများ၊ မိသားစုနဲ့ ဂိုဏ်းများရဲ့ ပြည်သူများကြားက ပြဿနာများကိုအဓိက ဆောင်ရွက်ပေးကြရပါတယ်။
တစ်ပတ်အကြာမှာတော့ အထက်ပါအစီအစဉ်များအတိုင်း ရာထူးခန့်အပ်စာများ ထုတ်ပြန်ခဲ့ပြီး တစ်ရာနိုင်ငံတော်သစ်တည်ထောင်ကြောင်းနဲ့ မြို့တော်အဖြစ် သီဟသီရိမြို့အား သတ်မှတ်ကြောင်း ကြေညာချက်ထြတ်ခဲ့ကြပါတယ်။
သီရိမင်္ဂလာအင်ပါယာအနေနဲ့ ထိုကြေညာချက်သည် တရားမဝင်ကြောင်းနဲ့ နိုင်ငံသစ်ကို အသိအမှတ်မပြုကြောင်း ပြန်ကြေညာချက်ထုတ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ထိထိရောက်ရောက် အရေးယူမဆောင်ရွက်နိုင်ခဲ့ပါဘူး။
တစ်ဖက်မှာ မှော်လက်နက်အင်ပါယာ( ဂန္ဓဝင်မီးတောက်အင်ပါယာ ) နဲ့စစ်တိုက်နေရသလို တစ်ဖက်မှာလဲ အင်ပါယာလက်အောက်ခံနိုင်ငံများအနှံ့ ပျံ့နှံ့လာနေတဲ့ ကျိုင်းကောင်ကပ်ဘေးကို ရင်ဆိုင်နေရလေသည်။
တောင်ငူအင်ပါယာအနေနဲ့လဲ ကျိုင်းကောင်ကပ်ဘေးကို ထိန်းထားနိုင်ယုံသာရှိပြီး သီရိမင်္ဂလာအင်ပါယာကို အပြည့်အဝ မထောက်ပံ့နိုင် မကူညီနိုင်ဖြစ်နေပါတယ်။
အယုဒ္ဓအင်ပါယာကတော့ နာမည်သာကျန်တော့ပြီး ဟိုတစ်စု ဒီတစ်စုနဲ့သာ ခံတပ်ကြီးများတည်ပြီး လုံခြုံရေးထူထောင်ထားရပါပြီ။
အခန်း ( ၁၀၄ ) ပြီး
အခန်း ( ၁၀၅ )
( လွယ်လင်ခရိုင် )
၅နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုအတွင်းမှာ လင်္ကာဒီပကုန်းမြေ တစ်ခုလုံးဟာ သားရဲကပ်ဘေးကြီးတစ်ခုရဲ့ ပြင်းထန်တဲ့ ထိုးနှက်ချက်ကြောင့် လူပေါင်းသန်းချီ နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးနေကြရပါတယ်။
လူသားတွေအနေနဲ့ ယခင်က ဟိုတစ်စုဒီတစ်ခု ခံတပ်ကြီးများတည်ပြီး ခုခံထားနိုင်ရာကနေ ပြည်နယ်တစ်ခုကို ခံတပ်ကြီး တစ်ခု၊ နှစ်ခုနှုန်းလောက်သာ ထိန်းထားနိုင်ပါတော့တယ်။
၅နှစ်ဆိုတဲ့ အချိန်အတွင်းမှာ စောရန်နိုင်ဟာ အောင်င်မင်္ဂလာနိုင်ငံရဲ့ ၅ပုံ၄ပုံကို သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။ တခြားနိုင်ငံတွေအနေနဲ့ တစ်ပြည်နယ်ခံတပ်တစ်ခုနှစ်ခုသာ ထိန်းထားနိုင်သော်လည်း စောရန်နိုင်ကတော့ သိမ်းပြီးသမျှ ခရိုင်နဲ့ ပြည်နယ်တွေကို ကောင်းကောင်းကြီး ကာကွယ်ထားနိုင်ခဲ့ပါတယ်။
သူရဲ့စီမံမှုအရ တစ်ရာပြည်နယ်ရဲ့ ၃၆ မြို့သော တံတိုင်းအတွင်းက မြို့ကြီးမြို့ငယ်တွေကို အတွင်းပိုင်းအနေနဲ့ သတ်မှတ်ပြီး တံတိုင်းအပြင်ဘက်က တခြားသော မြို့တွေဆီကို ရိက္ခာ၊ ဆေးဝါး၊ လက်နက်ခဲယမ်းစသည်များကို လေကြောင်းကနေ ထောက်ပံ့ပေးနေကြပါတယ်။
လင်းမိသားစုက သူ့ဆီသစ္စာခံခဲ့တာကြောင့် မြောက်ပိုင်းကို တိုက်စရာမလိုပဲ ရခဲ့သလို စစ်တပ်မယ်မယ်ရရ မရှိတော့တဲ့ အနောက်ပြည်နယ်ကိုလဲ အလွယ်တကူ သိမ်းထားနိုင်ခဲ့ပါတယ်။ အောင်မိသားစုက အထွက်ပေါ်တယ်ကနေတဆင့် သီရိမင်္ဂလာအင်ပါယာဆီ ထွက်ပြေးသွားကြသလို တိုက်မိသားစုလဲ အိမ်နီးချင်း ရွှေတစ်ခေတ်နိုင်ငံဆီ ထွက်ပြေးခိုလှုံသွားကြပါတယ်။
အောင်မင်္ဂလာနိုင်ငံရဲ့ ကျန်ရှိနေတဲ့ ၅ပုံ၁ပုံက ကျိုင်းကောင်များ ကြီးစိုးရာနေရာပဲ ဖြစ်ပါတယ်။ မိုင်ပေါင်း ၅သောင်းကျယ်ဝန်းတဲ့ အောင်မင်္ဂလာနိုင်ငံဟာ စောရန်နိုင်ရဲ့ အုပ်ချုပ်မှုအောင် အပြည့်အဝနီးပါး ကျရောက်ခဲ့ပါပြီ။
လက်ရှိအချိန်မှာ မြင်းတပ်ရင်းတွေက မြေပြင်လှည့်ကင်းတာဝန်ယူထားကြသလို ခြေလျင်သေနတ်တပ်ရင်းတွေကလဲ မြို့အသီးသီးမှာ ကာကွယ်ရေး ယူထားကြပါတယ်။
အဓိကကျိုင်းကောင်သားရဲ သုတ်သင်ရေးမစ်ရှင်တွေကိုတော့ လေတပ်ကနေ Ba 17 ဗုံးကြဲလေယာဉ် ၅ စင်း၊ PH 51 ၁၀စင်းကို လေတပ်ဗျုဟာတစ်ခုအနေနဲ့ တွဲဖက်ပေးထားပြီး ဗျုဟာ ၅ခုနဲ့ ထမ်းဆောင်နေပါတယ်။
ချီကျောက်တုံးတွင်း ပိုင်ဆိုင်ထားတာကြောင့် ခဲယမ်းပျက်မှာကို လောလောဆယ်ပူစရာ မလိုသေးပါဘူး။ နိုင်ငံတဝန်း သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ရေး ပြဿနာတွေကို ထောက်ပံ့ရေးတပ်ဆွယ် အခု၊ စုစုပေါင်း CH 47 အစီး ၁၀၀နဲ့ ဆောင်ရွက်နေကြပါတယ်။
မြောက်ပိုင်းလင်းပြည်နယ်ဟောင်းအစောင့်တပ်နဲ့ အနောက်ပိုင်းပြည်နယ်ဟောင်း အစောင့်တပ်တွေက တစ်ရာနိုင်ငံရဲ့ ကာကွယ်ရေးအရန်တပ်တွေအဖြစ် လက်အောက်ခံထားကြတာ ကြာပါပြီ။ ဒါပေမဲ့ လူသားခြင်းစစ်ပွဲ၊ ကျိုင်းကောင်ခုခံရေးစစ်ပွဲတွေကြောင့် စစ်သည်အားဖြင့် ၁သန်းအောက် လျော့နည်းနေကြပြီပဲဖြစ်ပါတယ်။
၁သန်းဆိုတာများပြားတယ် ထင်နေရပေမဲ့ အဆင့်မြင့်ကျင့်ကြံသူ အင်မတန်နည်းပါးတဲ့အပြင် ရိက္ခာထောက်ပို့ ၊ လက်နက်ထောက်ပို့ စသဖြင့် အစစအရာရာကို ထွန်းအောင်နဲ့ ချစ်မွှေးကပဲ စီမံပေးနေရပါတယ်။
အရှေ့ပြည်နယ်နဲ့ ရွှေတစ်ခေတ်နိုင်ငံ နယ်ခြားဒေသခရိုင်တစ်ခုဖြစ်တဲ့ လွယ်လင်ခရိုင်မှာ kar 98k သေနတ်ကိုင် ခြေလျင်တပ်ရင်း၂ခု၊ brown bessမီးကျောက်စေနတ်ကိုင် ခြေလျင်တပ်ရင်း၅ခု၊ M 1752 musketကိုင် ခြေလျင်တပ်ရင်း၅ခု၊ ထောက်ပို့လေတပ်ဆွယ်၁ခု၊ လေတပ်ဗျုဟာတစ်ခု၊ လောင်ချာတပ်ရင်း၁ခု၊ အမြောက်တပ်ရင်း ၅ခု၊ စက်သေနတ်ကြီးတပ်ရင်း ၂ခုပါဝင်တဲ့ တပ်တော်စုတစ်ခုကို ချီဘုရင်အဆင့် ဗိုလ်ချုပ်တစ်ဦးအုပ်ချုပ်လျက် ကာကွယ်ရေးတပ်အင်အား ၁သိန်းခွဲနဲ့ပူးပေါင်းပြီး ခရိုင်လုံခြုံရေးယူထားရပါတယ်။ ခရိုင်မြို့တော် လွယ်ခုန်းကျယ်မြို့ ...
"ဒီတစ်လအတွက် ထောက်ပံ့ရေးပစ္စည်းတွေ လုံလောက်ရဲ့လားဟေ့"
"ဟုတ်၊ ပြီးခဲ့တဲ့၁လကတင် ပြည်နယ်မြို့တော်ဆီကနေ ချီခဲယမ်းပုံး( ချီကျောက်တုံးကနေ စောရန်နိုင် တီထွင်ထားတဲ့ ကျည်မျိူးမျိူး ) ၅ထောင် ထပ်ရောက်ထားပါတယ်ဗိုလ်မှူး"
"တင်ပြပါတယ်ဗိုလ်မှူး လွယ်နန်မြို့ကို ကျိုင်းကောင်တွေ ဝင်လုံးနေကြကြောင်း ကာကွယ်ရေးတပ်က သတင်းပို့လာပါတယ်"
"ဒီသားရဲတွေ ဝင်လုံးကြပြန်ပြီလားဟ လွယ်နန်ကို ဝင်လုံးနေတာ ဒီနှစ်ထဲကို အကြိမ်၅၀ မကတော့ဘူး"
"သွားပြီး လေတပ်ဗျုဟာကို အသိပေးလိုက်ကြ၊ CH 47 ၁စင်းကို ခြေလျင်တပ်က အကူလိုချင်ပါတယ်လို့ပါပြောခဲ့၊ ကြာပါတယ်ကွာ ငါဆီကိုပဲခေါ်ခဲ့လိုက်"
"ဟုတ်"
ခနအကြာ လေတပ်ဆွယ်ရဲ့ လေတပ်ဗိုလ်မှူးတစ်ဦးရောက်လာပြီး
"ဗိုလ်ချုပ် ထောက်ပို့လေတပ်ဆွယ်ဆီက အကူမရလောက်တော့ဘူး"
"ဘာလို့လဲဟ"
"ခရိုင်အနှံ့က မြို့တွေဆီ ရိက္ခာ၊ခဲယမ်းပို့ဖို့နဲ့ ပြည်နယ်မြို့တော်ဆီ ချီခဲယမ်းပုံးတွေ သွားသယ်ကြတာနဲ့ဆိုရင် ကျွန်တော်တို့ခရိုင်မြို့မှာ CH 47 တစ်စီးမှ လောလောဆယ်မရှိသေးလို့ပါ"
"ဟာကွာ၊ ပြဿနာပဲ တစ်ယောက်ယောက် လေတပ်ဗျုဟာက ဗိုလ်မှူးသူရမင်းထင်ကို ဆင့်ခေါ်ပေးကြစမ်းဟေ့"
သူကတော့ လွယ်လင်ခရိုင်ရဲ့ ကာကွယ်ရေးမှူး ကြယ်တစ်ပွင့်ဗိုလ်ချုပ် နေမျိူးရန်နိုင်ပဲ ဖြစ်ပါတော့တယ်။
အခန်း ( ၁၀၅ ) ပြီး
စာစဉ် ၇ ပြီး