အခန်း (၁၀၉-၁၁၁)
Vol. 8 Ch. 109-111
အခန်း ( ၁၀၉ )
( ပေါ်တယ်အနီးက တိုက်ပွဲများ ၁ )
လေတပ်ဗျူဟာ၃ခုအနေနဲ့ ပေါ်တယ်အနားနီးလာချိန်မှာတော့ မြေပြင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါပြီ။
မင်းထင်နော်ရထာကိုယ်တိုင် ဦးစီးအုပ်ချုပ်နေတာ ဖြစ်ပြီး သနသတပ်ရင်း ၁၀ခုပါ တပ်မ၅ခု၊ မြင်းတပ် ( မတ ) တပ်ရင်း ၅ခုပါ တပ်မ ၂ခု၊ စိန်ပြောင်း ( စပတ ) တပ်ရင်း ၅ရင်း၊ အမြောက်ကြီး( အမက )တပ်ရင်း ၁ရင်း၊ အမြောက်ငယ်( အမင )တပ်ရင်း ၃ရင်း၊ လောင်ချာ ( လခ )တပ်ရင်း ၅ရင်း၊ gatling gun ( Gg ) စက်သေနတ်ကြီး ( စသနက ) တပ်ရင်း ၅ရင်း၊ M 34 machine gun ( Mg ) စက်သေနတ်ကြီးတပ်ရင်း ၃ရင်း၊ PPSH 41 submachine gun ( Smg ) စက်ကလေး ( စကလ ) တပ်စု ၁၀စု၊ ပါဝင်ပါတယ်။
( စိန်ပြောင်းကို အတိုချုံ့ရင် ထွက်လာတဲ့ အမည်က ဆင်ဆာထိတာမလို့ စပတ လို့သာရေးပါရစေ )
"အမကတပ်ရင်း ... ပစ်"
"အမငတပ်ရင်း ... ပစ်"
"စပတတပ်ရင်း ... ပစ်"
"ဝုန်း ... ဝုန်း ... ဂျိန်း"
"ပေါင် ... ပေါင် ... ရွှီး ... ရွှီး"
အဝေးမှာရှိတဲ့ ပေါ်တယ်အနီးနားက ကျိုင်းကောင်သားရဲဂူတွေကို ချီအမြောက်ဆံတွေထိမှန်ပြီး ပြိုကျကုန်ပါတယ်။
"ဝုန်း ... အုန်း ... ကျီး ... ကျီး ... ကျိ ... ကျိ"
"ပစ်"
"ဒိုင်း ဒိုင်း ဒိုင်း ဒက် ဒက် ဒက် ရွှီး ရွှီး"
ဂူတွေနဲ့ မလှမ်းမကမ်းမှာရှိတဲ့ လှုပ်ရှားဗျုဟာတွေဟာ မသေပဲ လျှံထွက်လာတဲ့ ကျိုင်းကောင်တွေကို အနီးကပ်ပစ်ခတ်ပြီး ခြေမှုန်းကြရပါတယ်။
"ကျီး ... ကျီး ... ကျိကျိကျိ"
"ထန် ... ထန် ... ထန်"
ကကရ တပ်ရင်းတွေအနေနဲ့က ကျိုင်းကောင်နှိမ်နှင်းရေးတွေမှာ ပါဝင်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ musket သေနတ်တွေဟာ အဆင့် ၃ကျိုင်းကောင် ဘုရင်မရဲ့ အပေါ်ယံအခွံကို မထိုးဖောက်နိုင်လို့ပါ။
ဒါကြောင့်မလို့ ကျိုင်းကောင်နှိမ်နှင်းရေးတွေမှာ သနကအနေနဲ့ kar 98k တွေနဲ့ m1 carbine တပ်ရင်းတွေသာ အဓိကတပ်ရင်းတွေအနေနဲ့ ပါဝင်ပါတယ်။
လှုပ်ရှားဗျုဟာ ( လရဗ ) ဖွဲ့စည်းပုံအနေနဲ့ kar98k သနကတပ်ရင်း တစ်ရင်း၊ m1 cb သနကတပ်ခွဲ တစ်ခွဲ၊ စသနက တစ်စု၊ စကလ တစ်စိတ်၊ လခ တပ်စိတ်တစ်စိတ်ကို လှုပ်ရှားဗျုဟာတစ်ခုအနေနဲ့ ဖွဲ့စည်းပြီး နန်းစောခရိုင်အနှံ့ကို ထိုးစစ်ဆင်နေခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် ပေါ်တယ်တည်ရှိရာ နန်းမြို့ဟောင်းတစ်ခုဖြစ်တဲ့ အောင်မင်္ဂလာမြို့တော်ဟောင်းရဲ့ အနီးပတ်ဝန်းကျင်က မြို့ကြီးမြို့ငယ်တွေကိုပဲ ဖြစ်ပါတယ်။
နန်းစောခရိုင်မြို့တော် နန်းလယ်ရှိ တပ်ရင်းတစ်ခုမှာတော့
"ဗိုလ်ချုပ်ကြီး နန်းကျိုင်၊ နန်းလှိုင်ဘက်ကိုတော့ ရှင်းလင်းရေးလုပ်ပြီးပါပြီ၊ အောင်မင်္ဂလာမြို့တော်ဖက်ခြမ်းကိုတော့ အခုထိ မထိုးဖောက်နိုင်သေးပါဘူး"
"ဘာဖြစ်ရပြန်ပြီလဲကွာ အဲဒီဖက်က သတင်းတွေကို တင်ပြကြ"
" ဟုတ်ကဲ့ပါ "
"ကကရတွေအနေနဲ့ တပ်ရင်းအလိုက် ကျဆုံးမှုတွေရှိနေတဲ့အပြင် နယ်မြေခံ ( နမခ ) တွေဖြစ်တဲ့ နစတတပ်ရင်းတွေလဲ တပ်ရင်းလိုက် ကျဆုံးမှုတွေ ရှိထားပါတယ်"
"လက်ရှိမှာ လရဗ ၁၃၊ ၂၁၊ ၁၅၊ ၁၈က ထိုးစစ်ပြန်ဆင်နေပါပြီ"
"အဲဒီမှာထိုင်တဲ့ အမက၊ အမင တပ်ရင်းတွေအနေနဲ့လဲ ချီခဲယမ်း မလုံလောက်မှုတွေကြုံနေရကြောင်း သတင်းပို့ထားပါတယ်"
"ချီခဲယမ်း မလောက်ငှရအောင် စစ်ဖက်ထောက်ပံ့ရေးတပ်ဆွယ် ( စထတ ) တွေက ဘယ်သွားသေနေတာလဲကွ"
"အရှင်စောရဲ့ အမိန့်နဲ့ ခရိုင်တစ်ခုကို စထတ ၂ခုနဲ့ ရထတ ( အရပ်ဖက်ထောက်ပံ့ရေးတပ်ဆွယ် ) ၁ခု တပ်ဆွဲထားရမယ်လို့ ထုတ်ပြန်ထားတာ အခုတော့ ဘယ်သွားသေနေကြတာလဲ စုံစမ်းစမ်း"
"ဟုတ်"
"တစ်ယောက်ယောက် ခရိုင် စထတနဲ့ ရထတ ဗိုလ်မှူးတွေကို သွားခေါ်ပေးစမ်း"
"လွှတ်ထားပါတယ်ဆိုတဲ့ လတဗ ၃ခုကကော အခုထိ မရောက်သေးဘူးလား"
"ဗိုလ်ချုပ်ကြီး လဗတ ၃ခု ပျံတက်သွားတာ အခုမှ မိနစ်ပိုင်းပဲ ရှိပါသေးတယ်ခင်ဗျ"
"ဟေ ... ဟုတ်သားပဲ"
မင်းထင်နော်ရထာတစ်ယောက် စိတ်လောနေခြင်း ဖြစ်ပါတယ်။ စောရန်နိုင်က ဒီဆောင်း၄လအကုန်မှာ တစ်ရာနိုင်ငံကို ကျိုင်းကောင်လုံးဝမရှိတဲ့ အရပ်ဒေသတစ်ခုဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားလို့ပဲဖြစ်ပါတယ်။
သူအနေနဲ့ ကြည်းတပ်တော်က တပ်ရင်းများကိုသာ အုပ်ချုပ်ရတာမလို့ အခက်အခဲများစွာရှိနေပါတယ်။ အထူးသဖြင့် အဆင့်၅ ကျိုင်းကောင်ဘုရင်မတစ်ကောင် ပေါ်လာရင် ရှိသမျှ ချီခဲယမ်းနဲ့ လေတပ်အကူကို ရသလောက် သုံးစွဲကြရပြီး လေတပ်လက်အောက်ခံဖြစ်တဲ့ စထတ၊ ရထတ၊ လတဗတို့နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေမှာ အားနည်းနေပါသေးတယ်။
အခန်း ( ၁၀၉ ) ပြီး
အခန်း ( ၁၁၀ )
( ပေါ်တယ်ကို သိမ်းပိုက်နိုင်ခြင်း )
အောင်မင်္ဂလာမြို့တော်ဟောင်း ပတ်ဝန်းကျင်ရှိ သနက တပ်ရင်းဌာနချုပ်တွေမှာတော့ ကြီးမားတဲ့ အခက်အခဲတစ်ခုကို ရင်ဆိုင်နေရပါတယ်။ သနကတပ်ရင်းတွေအနေနဲ့က နစတတပ်ရင်းတွေဖြစ်တဲ့ သနက ၃၃၂၈၊ ၃၃၂၉၊ နဲ့ ကကရတပ်ရင်းတွေဖြစ်တဲ့ သနက ၉၁၂၆၊ ၉၁၂၇၊ ၉၁၂၈၊ ၉၁၂၉ တပ်ရင်းတွေသာ ရှိပါတော့တယ်၊ ယခင်က ကကရတပ်ရင်း၈ခု ရှိပေမဲ့ ၄ရင်းကတော့ တပ်ရင်းလိုက်ပြုတ်သွားကြပါပြီ။
လက်ကျန်တပ်ရင်းအားလုံးကလဲ အင်အားနည်းပါးနေကြပါတယ်။ လရဗ ၄ခုက စစ်ကူအနေနဲ့ လာပူးပေါင်းနေကြပေမဲ့ ရောက်မလာသေးပါဘူး။
အောင်မင်္ဂလာမြို့တော်ဟောင်း ဆိုတာက ပေါ်တယ်တည်ရှိရာမြို့ကြီး တစ်ခုဖြစ်တာကြောင့် ရာချီတဲ့ သားရဲတွင်းတွေ တည်ရှိနေပါတယ်။ ဒါကြောင့်လဲ စောရန်နိုင်က နန်းစောခရိုင်သစ်ရဲ့ မြို့တော်အဖြစ် နန်းလယ်မြို့ကို သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
( တစ်ရာနိုင်ငံသစ်မှာ လေးခရိုင် တစ်ပြည်နယ်၊ ကိုးမြို့ တစ်ခရိုင် ဖွဲ့စည်းပုံအရ ပြည်နယ်၆ခု ခရိုင်၂၄ခု မြို့ပေါင်း ၂၁၆မြို့ ပါဝင်ပါတယ် )
"ပစ်ကြ ... စိတ်ကြိုက်ပစ်"
လေတပ်ဗျုဟာရောက်ရှိချိန်မှာ မြေပြင်တိုက်ပွဲက တော်တော်လေးပြင်းထန်နေပါပြီ။ ပေါ်တယ်အနီး မိုင်း၅၀ပတ်လည်မှာ နစတတပ်ရင်း၊ ကကရတပ်ရင်းပေါင်းများစွာက ခံစစ်လိုင်းတွေတည်ဆောက်ပြီး ခုခံနေကြပါတယ်။ အဲဒီကလျှံထွက်လာတဲ့ ကျိုင်းကောင်သားရဲတချို့ကို အထက်ဖော်ပြပါ တပ်ရင်းတွေက ခုခံတိုက်ခိုက်ရတာဖြစ်ပါတယ်။
"ကျီး ... ကျီး ... ကျိ ကျိ ကျိ"
"အဆင့်၅ ကျိုင်းကောင်ဘုရင်မကြီးဟေ့ ပြန်ဆုတ်ကြ၊ ပြန်ဆုတ်ကြ"
"အဆင့်၅ ကျိုင်းကောင်ဘုရင်မတွေ အများကြီးပဲ၊ ငါတို့ဘယ်လိုလုပ်ထိန်းနိုင်တော့မှာလဲကွ"
"ကျီး ... အား ... အား .... အင့်"
"လာခဲ့ကြစမ်း မျိုးမစစ်သားရဲကောင်တွေ အတူတူသေကြတာပေါ့ ကျား ... ဝုန်း"
"ညီအစ်ကို ... ဟာကွာ ဒီသားရဲတွေ"
"လခတပ်ရင်းတွေ ပစ်ကြ သေချာပစ်"
"အမြောက်တပ်တွေ ခံစစ်နဲ့ အနီးကပ်ဆုံးပစ် ... ငါတို့ပါ ထိချင်ထိပါစေ၊ ဒီခွေးသားရဲတွေနဲ့ အတူတူသေရဲတယ်ကွ ... အား"
တပ်ရင်းမှူးတွေဆိုတာက ချီစစ်သူကြီး အဆင့်တွေသာများတာမို့ အဆင့်၃ ဘုရင်မတွေကို သာမာန်အတိုင်း မသတ်နိုင်ကြတော့ပါဘူး။
တချို့သော တပ်ရင်းမှူးတွေ၊ ကျင့်ကြံဆင့် အတော်အတန်မြင့်သူတွေက ကျိုင်းကောင်ဘုရင်မတွေနဲ့အတူတူ မိမိရဲ့ကိုယ်တွင်းချီအား ဖောက်ခွဲပြီး အတူတူအဆုံးသတ်ပစ်ကြပါတယ်။
ဂိုဏ်းအနည်းငယ်နဲ့ မိသားစုအနည်းငယ်ကလဲ ကာကွယ်ရေးမှာ ကိုယ်ကျိုးမငှဲ့ပဲ လာပူးပေါင်းကြတာမို့ ယခုလိုနှစ်နဲ့ချီပြီး ခံစစ်လိုင်းကို ထိန်းထားနိုင်ကြတာပဲဖြစ်ပါတယ်။
"ဗိုလ်မှူး ခင်ဗျားစစ်တပ်ကို ဆုတ်လိုက်ပါတော့ ကျွန်တော်တို့အသေခံပြီး ကာကွယ်ပေးထားမယ်"
"ဘာစကားပြောတာလဲကွ၊ ငါတို့နစတတပ်တွေအနေနဲ့ ပြန်ဆုတ်စရာအကြောင်းမရှိဘူး၊ အရှက်ကိုအသက်နဲ့လဲမယ်ကွ ... တိုက်ကြ"
စစ်မြေပြင်တစ်ခုလုံး အလဲလဲအကွဲကွဲ ဖြစ်နေချိန်မှာပဲ လေတပ်ဗျူဟာ၃ခု ရောက်ရှိလာပြီး စစ်မြေပြင်ဆီကို စွမ်းအင်ဗုံးများ ကြဲချပါတော့တယ်။
"ဝေါ .. ဝေါ .. ဝေါ .. ဝှစ် .. ဝှစ် ..ဝုန်း .. အုန်း"
"ဝေါ .. ဝေါ .. ဒက် .. ဒက် .. ဒက်"
"ကျီး .. ကျိ .. ကျိ .. ကျိ"
"ဓားတစ်ထောင်တို့ရဲ့ အိမ်အပြန်လမ်း" ( ချစ်မွှေး )
"ဝှီး ... ဝှစ် ... ဝှစ် ... ဝုန်း ... အုန်း ... အုံး"
"နဂါးတစ်ကောင်ရဲ့တမ်းချင်း" ( သီရိပျံချီ )
"ဂရား ... ဝှီး .. ဝှီး .. ဝေါင်း"
"လွှင့်ကြွေနေတဲ့ ဓားပန်းရာသီ" ( မင်းထင်နော်ရထာ )
"ဝှီး ... ဝှစ် ... ဝှစ် ... ဝုန်း ... အုန်း ... အုံး"
"ပေါ့ပါးသောမိုးတိမ်" ( ထွန်းအောင် )
"ဝှီး ... ဝှစ် ... ဝှစ် ... ဝုန်း ... အုန်း ... အုံး"
စစ်မြေပြင်ရဲ့ ဝေဟင်အထက်မှာ ချီဧကရာဇ်အဆင့်တွေ ဝန်းရံပြီး စောရန်နိုင်တစ်ယောက် ရောက်ရှိလာပါတယ်။ လေတပ်ဗျူဟာရဲ့ ဗုံးကြဲမှု ချီဧကရာဇ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထောင်သောင်းချီတဲ့ အဆင့်၃အောက် ကျိုင်းကောင်သားရဲ အများအပြား စေဆုံးကုန်ပါတယ်။ ခံစစ်လိုင်းထဲ ကျူးကျော်လာတဲ့ ကျိုင်းကောင်သားရဲတွေကိုလဲ M IVသံချပ်ကာ ကားတွေက ပစ်ခတ်နှိမ်နှင်းနေကြပါပြီ။
"ဝေး ... တိုက်ကြ၊ အရှင်စောနဲ့ ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်ရောက်လာပြီဟေ့"
"ဟိုမှာလဲ ထောက်ပို့တပ်ဆွယ်တွေရောပဲ"
"မြင်းတပ်ရင်းတွေရော၊ လက်နက်ယာဉ်တွေရောဟေ့"
"ဟား .. ဟား ...ဟား၊ ငါတို့နိုင်တော့မယ် ငါတို့နိုင်တော့မယ်ကွ တိုက်ကြ တက်ကြ"
CH 47 အစင်းရာချီဟာ မြင်းတပ်ရင်းများစွာ သံချပ်ကာကားများစွာ သနကတပ်ရင်းများစွာနဲ့ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာကို စစ်မြေပြင်ဆီ အဆက်မပျက် ချပေးနေကြပါပြီ။
နိုင်ငံအနှံ့မှာ ဖြန့်ကျက်ချထားတဲ့ လေတပ်ဗျုဟာများစွာလဲ တပြိုင်နက်ထဲ ရောက်ရှိလာပြီး ကျိုင်းကောင်သားရဲဂူ ရှိနိုင်မယ်ထင်ရတဲ့ နေရာပေါင်းများစွာကို ဝေဟင်ကနေ စွမ်းအင်ဗုံးပေါင်းရာချီ ကြဲချနေကြပါတယ်။
မြေပြင်ပေါ်ကိုနေရာချပြီးတဲ့ အမကတပ်ရင်းများစွာ၊ စပတတပ်ရင်းများစွာကလဲ အဝေးကနေ သားရဲဂူတွေဆီကို အဆက်မပြက်ပဲ စွမ်းအင်အမြောက်ကျည်များစွာ ပစ်ခတ်နေကြပါပြီ။
အခန်း ( ၁၁၀ )
စာစဉ် 8 အလယ်
အခန်း ( ၁၁၁ )
( တစ်လစာစုပေါင်း မှတ်ပုံတင်ခြင်းဆုလာဒ် )
များပြားသောတပ်ရင်းများရဲ့ အကူအညီနဲ့အတူ စောရန်နိုင်ကိုယ်တိုင် စစ်ထွက်လာခဲ့ပြီး ပေါ်တယ်ရှိရာ နန်းစောပြည်နယ်ကို ရှင်းလင်းရေးလုပ်နိုင်ခဲ့ပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး လဂွန်းအိမ်ဦးဆောင်ပြီးလဲ လွယ်လင်ခရိုင်ကို ရှင်းလင်းရေးလုပ်နေကြတာ အောင်မြင်နေပါတယ်။ သူတို့ကတော့ ရိုက်ဒါစစ်သင်္ဘောအုပ်စုတွေကို ပျော်စံရာရေတပ်ဌာနချုပ်ကတဆင့် လွယ်လင်ခရိုင်ကို ပြောင်းရွှေ့ပြီး အခြေပြုလှုပ်ရှားကြတာပဲ ဖြစ်ပါတယ်။
သီဟသီရိမြို့တော်ရဲ့ ဝေဟင်ပြင်ကိုတော့ ဝေဟင်သွားချီစွမ်းအင်သုံး စပေ့ရှစ်စစ်သင်္ဘောကြီး ၃စင်းက ခန့်ခန့်ငြားငြား စိုးမိုးလျက် တည်ရှိနေကြပါတယ်။
တစ်နှစ်ခွဲကိုတစ်စီးသာ ထုတ်လုပ်နိုင်တဲ့ ခဲရောင်စပေ့ရှစ် စစ်သင်္ဘောကြီးတွေဟာ အလျား၃မိုင် အနံ၁မိုင်ခန့်အထိ ကြီးမားလှပါတယ်။ ဒါ့အပြင် နေရာလွတ်အစီအရင်များစွာနဲ့ တိုက်ခိုက်ရေး၊ ကာကွယ်ရေးအစီအရင်များစွာ ထည့်သွင်းရေးဆွဲထားပါတယ်။
စပေ့ရှစ်စစ်သင်္ဘောကြီးတစ်စင်းကို စစ်သည်သန်းနဲ့ချီသယ်ဆောင်သွားနိုင်ပါတယ်။
နိုင်ငံအတွင်း ရှင်းလင်းပြီးတဲ့ စောရန်နိုင်ဟာ တစ်နှစ်အကြာမှာတော့ ရွှေပြားသန်း၁၀၀၀ကို ပိုင်ဆိုင်နေပြီမို့ စစ်တပ်အတွက်လိုအပ်တာတွေကို စနစ်ကနေ ဝယ်ယူဖြည့်တင်းနိုင်ခဲ့ပါတယ်။
အထူးသဖြင့်တော့ လက်နက်စက်ရုံတွေနဲ့ စစ်တပ်သုံး အစီအရင်ဖွဲ့စည်းပုံတွေပါပဲ။ အဆင့်မြင့်သားရဲ၊ ကျင့်ကြံသူတွေနဲ့ တိုက်ကြရတိုင်း သူ့စစ်တပ်က တပန်းရှုံးနေတာ သူမမေ့ပါဘူး။
[ စနစ်ရေ ... ဒီတစ်လရဲ့ နေ့စဉ်ဝင်ရောက် မှတ်ပုံတင်ခြင်း စုပြီးထုတ်မယ် ]
[ နေ့စဉ်ဝင်ရောက်ခြင်း ဆုလာဒ်တွေကို တစ်လစာစုပေါင်းထုတ်ယူနိုင်ပါပြီ၊ ထုတ်ယူမည့်ဆုလာဒ်များကို ရွှေးချယ်ပါ။
M 1752 musket ၁၀၀၀ လက်
Brown bess musket ၁၀၀၀ လက်
Kar 98k ၅၀၀ လက်
M1 carbine ၂၀၀ လက်
M IV သံချပ်ကာကား ၂ စီး
လောင်ချာ ၄၀ လက်
88 cm အမြောက်ကြီး ၄ လက်
Helepolis အမြောက် ၂၀ လက်
၈၁မမ စိန်ပြောင်းကြီး ၁၂လက်
Ba 17 ဗုံးကြဲလေယာဉ် ၄ စင်း
P 51 တိုက်လေယာဉ် ၈ စင်း
အဆင့်၃ အစီအရင်တစ်ခု ရွေးချယ်ခွင့် ၄ ကြိမ်
အဆင့် ၅ လက်နက်တစ်ခုရွေးချယ်ခွင့် ၄ ကြိမ်
ချီဧကရာဇ်အဆင့်ကျင့်စဉ် ရွေးချယ်ခွင့် ၄ကြိမ်
အဆင့်တက်ဆေးပြား ရွေးချယ်ခွင့် ၄ ကြိမ်
အဆင့်နိမ့်ချီကျောက်တုံး ၁၀၀၀၀ ]
[ အဆင့် ၅ လက်နက်တစ်ခုရွေးချယ်ခွင့် ၄ကြိမ်ကို ဆုလာဒ်အဖြစ်ယူမယ် ]
[ ဆုလာဒ်အား ရွေးချယ်ပြီးပါပြီ ]
[ အဆင့်၅ တိမ်လွှာနဂါးလှံအား ရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ]
[ အဆင့် ၅ ပင်လယ်ရဲ့နှလုံးသားအမြူတေအား ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ]
[ အဆင့် ၅ မိုးကြိုးဒေါသဓားအား ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပ်တယ် ]
[ အဆင့် ၅ AK 47 သေနတ်အား ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ]
[ အဆင့် ၅ တင့်ခွမ်းဓားအား ရရှိတဲ့အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ် ]
စနစ်ကို အဆင့် ၅ကိုမြှင့်တင်ပြီးနောက် ပြောင်းလဲမှုအသစ်တွေ ရှိနေတာပဲဖြစ်ပ်တယ်။ ယခင်က လိုအပ်ချက်တွေကြောင့် အစီအရင်တွေ၊ ကျင့်စဉ်တွေ၊ ချီကျောက်တုံးတွေနဲ့ အဆင့်တက်ဆေးပြားတွေကိုသာ သူရွှေးချယ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လဲ ထောင်ချီတဲ့ သူရဲ့ နစတတပ်ရင်းတွေမှာ တပ်ခွဲမှူးဖြစ်လာမဲ့ အခြေတည်အဆင့် တပ်ဗိုလ်တွေ၊ တပ်ရင်းမှူးဖြစ်လာမဲ့ ချီစစ်သူကြီးအဆင့် ဗိုလ်မှူးတွေ၊ ဗျုဟာမှူးဖြစ်လာမဲ့ ချီဘုရင်အဆင့်ရှိ ဗိုလ်ချုပ်အသစ်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အခုတော့ သူစစ်တပ်မှာ အလိုအပ်ဆုံးထဲက လက်ကျန်တစ်ခုဖြစ်တဲ့ အဆင့်၅ လက်နက်တွေကို ရယူတော့မှာပါ။
အဲဒါကြောင့် သူနိုင်ငံရဲ့ မြို့တော်တိုင်းမှာ ချီဧကရာဇ်အထွတ်အထိပ်ကို ခုခံနိုင်တဲ့ အဆင့်၃ အစီအရင်တွေ တည်ရှိနေပြီး အဆင့်၅ ကျိုင်းကောင်ဘုရင်မတွေကို ခုခံနိုင်နေတာပဲဖြစ်ပါတယ်။ သာမန်မြို့တစ်မြို့ကိုတောင် အဆင့်၂ အစီအရင်တွေနဲ့ ကာကွယ်ပေးထားတာမလို့ အနည်းဆုံး ချီဧကရာဇ်စဦးအဆင့် တစ်ဦးတစ်ယောက်ပါမှသာ မြို့ကိုထိုးဖောက်နိုင်တော့မှာပါ။
[ ဗိုလ်ချုပ်ကြီး မင်းထင်နော်ရထာ၊ သီရိပျံချီ၊ လဂွန်းအိမ်၊ ထွန်းအောင်၊ ချစ်မွှေးတို့ကို ဆင့်ခေါ်လိုက်ပါ ချူရင် ]
[ ဟုတ် ]
စောရန်နိုင်ရဲ့ လက်ရှိအတွင်းရေးမှူးကတော့ ချူရင်ပဲဖြစ်ပါတယ်။ ခနအကြာမှာတော့ ဆင့်ခေါ်ထားသူတွေ ရောက်လာကြပါပြီ။
သီဟသီရိမြို့တော်ခန်းမထဲမှာ မင်းထင်နော်ရထာတို့ဟာ သူတို့ကိုယ်စီရဲ့လက်ထဲက အဆင့်၅လက်နက်တွေကိုကြည့်ပြီး ပီတိတွေဖြာနေကြပါတယ်။
မင်းထင်နော်ရထာက AK 47၊ သီရိပျံချီက တိမ်လွှနဂါးလှံ၊ ချစ်မွှေးက မိုးကြိုးဒေါသဓား၊ လဂွန်းအိမ်က ပင်လယ်ရဲ့နှလုံးသားအမြူတေ၊ ထွန်းအောင်က တင်ခွမ်းဓား စသည်တို့ကို စောရန်နိုင်က ပေးအပ်ခဲ့လို့ပါပဲ။ စောရန်နိုင်က ရယ်မောလျက်
"ဗိုလ်ချုပ်ကြီးတို့ လက်နက်ကိုကြည့်ပြီးပဲ ပျော်မြူးမနေကြနဲ့ဦးဗျ၊ ပေးထားတဲ့ ချီဧကရာဇ်ကျင့်စဉ်တွေကိုလဲ ကောင်းကောင်းကျင့်ကြံပြီး ချီဧကရာဇ်အထွတ်အထိပ်ကို တက်နိုင်သလောက် ချိုးဖြတ်ကြပါ"
"ဟုတ်ကဲ့ အရှင်စောကို စိတ်မပျက်စေရပါဘူး"
"ကောင်းပြီ လက်နက်နဲ့အသားကျဖို့ တစ်ပတ်အချိန်ယူကြပါ၊ ဗိုလ်ချုပ်ကြီးတို့ ချီဧကရာဇ်အထွတ်အထိပ်ကို ထိုးဖောက်နိုင်ပြီးရင် စစ်ချီကြတာပေါ့ဗျာ"
"ဟုတ်ကဲ့ စိတ်ချပါအရှင်စော အရှင်စောပေးထားတဲ့ အထောက်အပံ့တွေနဲ့ဆိုရင် တစ်နှစ်အတွင်းမှာပဲ ထိုးဖောက်နိုင်တော့မှာပါ"
"ဒီတစ်ခါ ဘယ်ကိုတိုက်ရမှာလဲ၊ အခုကိုတိုက်ချင်နေပြီဗျို့"
" ဟား ... ဟား ... ဟား"
အခန်း ( ၁၁၁ ) ပြီး