← Chapters

အခန်း (၂၀၄)

Vol. 21 Ch. 204

အခန်း (၂၀၄)

Vol. 21 Ch. 204

204

ထိုအချိန်တွင် ကျိုးရှန်းဟူ၏လက်သီးများသည် တင်းတင်းကြပ်ကြပ်ဆုပ်ထားမိရာမှ တဗြိဗြိအသံပင် ထွက်ပေါ်လာသည်။ ​သူ မည်သူဖြစ်ကြောင်း သိလိုလှသဖြင့် လည်ပင်းကိုဆန့်ကာ ကြည့်လိုက်သည်။ ​ကျိုးထောင်ဟွား၊ ရန်ချွန်းမေနှင့် အခြားသူများလည်း ထိုအသံကြောင့် အံ့အားသင့်ကာ လှည့်ကြည့်လိုက်ရာ တံတိုင်းပေါ်မှ ငုံ့ကြည့်နေသော ကျိုးရှန်းလင်ကို တွေ့လိုက်ရသည်။ ​ရန်ချွန်းမေ သူ့ကို ချက်ချင်းဆွဲတားပြီး ပြောလိုက်၏။

"ရှန်းလင် အစ်မအတွက်နဲ့ မင်းရှေ့ထွက်ပြောနေစရာမလိုပါဘူး၊ ကျိုးရှန်းဟူလို လူစားမျိုးအတွက်နဲ့ အချိန်ဖြုန်းရတာ မတန်ဘူး"

​မမျှော်လင့်ဘဲ ကျိုးရှန်းလင်မှ သူမစကားကို နားမထောင်သည့်အပြင် ဆိုလိုက်သည်။

"အစ်မချွန်းမေ ကျွန်တော်အတည်ပြောတာပါ၊ ကျွန်တော်လည်း အစ်မဘက်ကနေ ရပ်တည်ပေးချင်တယ်"

​"???"

​ရန်ချွန်းမေမှာ ကြောင်အသွားရသည်။

‘တကယ်ကြီးလား’

​ကျိုးထောင်ဟွားနှင့် ရွာလူကြီးတို့မှာလည်း လုံးဝအံ့အားသင့်သွားကြသည်။ ချမ်ရှီနှင့် ကျန်းရှီတို့မှတိုးတိုးလေးပြောလိုက်ကြ၏။

"ရှန်းလင်က ချွန်းမေကိုသဘောကျနေတာလား"

​"ငါ့အထင်တော့ ချွန်းမေက တကယ်ကို မိန်းမကောင်းလေးပါ၊ အရင်က အိမ်ထောင်ကျဖူးတာ ဘာဖြစ်လဲ"

​"မှန်တယ်၊ ချွန်းမေက စိတ်ထားကောင်းတယ်၊ နူးညံ့တယ်၊ အလုပ်လည်းလုပ်နိုင်တယ်၊ ချွန်းမေနဲ့ ရှန်းလင်သာဆိုရင် တကယ်ကို လိုက်ဖက်မှာ၊ သူတို့ဘဝကို ကောင်းကောင်း တည်ဆောက်နိုင်မှာပါ၊ တကယ်တော့ ချွန်းမေ ကျိုးရှန်းဟူနဲ့ ကွာရှင်းလိုက်တာက ကံကောင်းတာပဲ"

​ကျိုးရှန်းလင်ကိုမြင်လိုက်ရသည့် တခဏမှာပင် ကျိုးရှန်းဟူ၏မျက်လုံးများ နီမြန်းလာသည်။ ​ကျိုးရှန်းလင်မှာ ယခုနှစ်တွင် အသက် ၂၀ သာရှိသေး၏။ လူပျိုကြီးဟု သတ်မှတ်ခံရသော်လည်း သူသည်ရှန်းဟူထက် ပိုနုပျိုပြီး ရုပ်ရည်လည်းပိုချောမောသည်။ ​ကျိုးရှန်းဟူ ဒေါသတကြီး ခုန်ပေါက်ကာ ကျိုးရှန်းလင်ကိုဆဲရေးလိုက်၏။

"ကျိုးရှန်းလင် မင်းကအရူးလား၊ မင်းမှာ ငွေလည်းရှိတယ်၊ အပျိုလည်းယူလို့ရတာကို ဘာလို့ ရန်ချွန်းမေလိုကလေးအမေ၊ ကွာရှင်းထားတဲ့မိန်းမကိုမှ ရွေးရတာလဲ"

​ကျိုးရှန်းလင် ထိုစကားများကိုလုံးဝဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင်ပြောလိုက်သည်။

"ကျွန်တော့်အတွက်တော့ အစ်မချွန်းမေက ကမ္ဘာပေါ်မှာ အကောင်းဆုံး အမျိုးသမီးပဲ"

​တစ်ရွာလုံး တုပ်ကွေးမိစဉ်က သူသေတော့မည်ဟုထင်မှတ်ကာ သူ့အမွေအားလုံးကို ကျိုးလျန်ဟွားကိုပေးရန် ပြင်ဆင်နေချိန်တွင် အစ်မချွန်းမေ၏ နှစ်သိမ့်စကားများကို သူအမှတ်ရနေခဲ့သည်။ ​ထို့ပြင် နောက်ပိုင်းလများတွင်လည်း အစ်မချွန်းမေမှာ အလွန်တရာအလုပ်ကြိုးစားသူ၊ နူးညံ့သိမ်မွေ့သူနှင့် နားလည်မှုရှိသူတစ်ဦးဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။ မည်ကဲ့သို့သော အမျိုးသမီးကို ဇနီးအဖြစ် သူလိုချင်သည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ အရင်က သူကျိုးလျန်ဟွားကို လက်ထပ်ချင်ခဲ့သည်မှာ သူမ၏ဂုဏ်သိက္ခာကို သူညှိုးနွမ်းစေခဲ့မိသဖြင့် အပြစ်ရှိစိတ်ကြောင့်သာဖြစ်သည်။

​သို့သော် အစ်မချွန်းမေအပေါ်ထားရှိသည့် သူ့ခံစားချက်မှာတော့ စစ်မှန်သောချစ်ခြင်းမေတ္တာဖြစ်သည်။ သူမကို သူအမှန်တကယ် လက်ထပ်လိုခြင်းပင်။ ​ဤတစ်ကြိမ်တွင် သူငွေအလုံအလောက် စုမိထားသော်လည်း ချွန်းမေကိုတောင်းရမ်းရန် အောင်သွယ်မရှာရသေးခင်မှာပင် စစ်သည်များရောက်လာပြီး ရွာကို ဝိုင်းထားခဲ့ကြသည်။ သူတို့ ရွာကိုရက်ပေါင်းများစွာ ဝိုင်းထားပြီး စစ်သည်များလည်း ပို၍များပြားလာသည်။ ယခုအခါ ရွာမှထွက်သွားခဲ့သည့် ကျိုးရှန်းဟူပင် ပြန်ရောက်လာပြီ။ ​တံတိုင်းအောက်တွင် ကျိုးရှန်းဟူ ကျိုးရှန်းလင်၏စကားကို ကြားပြီးနောက် ဆွံ့အသွားသည်။

‘​သူမကလား’

‘အကောင်းဆုံး အမျိုးသမီးပေါ့လေ’

​ကျိုးရှန်းဟူ မျက်မှောင်ကြုတ်ကာ ထိုစကားကို လုံးဝသဘောမတူသော်လည်း ချွန်းမေမှ အိမ်ထောင်‌ရေးကိုမည်မျှ ကောင်းမွန်စွာ စီမံနိုင်ခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ ​သို့သော် ဤအချိန်တွင် သူ၏ယောက်ျားမာနမှာ အလျှော့မပေးနိုင်ပေ။ ​ဒေါသတကြီး သူအော်လိုက်သည်။

"ငါနဲ့အိပ်ပြီး ငါ့သားကိုမွေးပေးထားတဲ့ မိန်းမကိုမှ မင်းကလိုချင်နေသေးတယ်၊ ကျိုးရှန်းလင် မင်းကတော့ တကယ်ကို မိန်းမငတ်နေတာပဲ၊ သူမကငါနဲ့ ကွာရှင်းထားပေမဲ့ သူကတော့တစ်ခါသုံးပြီးသား မိန်းမပဲ"

​မမျှော်လင့်ဘဲ ကျိုးရှန်းလင်မှကျောက်ခဲတစ်ခဲကိုကောက်ယူ၍ ပစ်ပေါက်လိုက်ရာ ကျိုးရှန်းဟူ၏မျက်နှာကို တည့်တည့်မှန်ပြီး သွေးများချက်ချင်းထွက်လာသည်။ ​ကျိုးရှန်းလင် ဆဲရေးလိုက်၏။

"ပါးစပ်ကို စောင့်စည်းစမ်း၊ မဟုတ်ရင်တော့ ငါ့လက်ကိုမညှာဘူးလို့မပြောနဲ့"

​"အား"

​တံတိုင်းအောက်တွင် ကျိုးရှန်းဟူသည် နာကျင်စွာဖြင့် မျက်နှာကိုအုပ်ကာ ရွာတံခါးဘက်သို့ ပြန်ဝင်ပြေးလိုက်သည်။ ​ကျိုးရှန်းလင် ရန်ချွန်းမေအတွက် တကယ်ကြီးတိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

​’ကျိုးရှန်းလင်က အဲ့ကောင်မရန်ချွန်းမေကို တကယ်တန်ဖိုးထားနေတာလား’

​ကျိုးရှန်းဟူ သွေးထွက်နေသော ပါးပြင်ကိုအုပ်ကာ တံတိုင်းကိုခပ်ပြင်းပြင်းကန်လိုက်သည်။ တံတိုင်းပေါ်တွင်တော့ ကျိုးရှန်းလင် သူ့ကျောနောက်မှမီးလှံကို ထုတ်လိုက်၏။ ​ကျိုးထောင်ဟွား ယင်းကိုမြင်သောအခါ ချက်ချင်းသတိပေးလိုက်သည်။

"ကျိုးရှန်းလင် စိတ်အေးအေးထားပါ၊ ကျိုးရှန်းဟူလို လူစားမျိုးအတွက်နဲ့ မင်း အသက်ကိုအန္တရာယ်ဖြစ်စေဖို့ မထိုက်တန်ဘူး"

​ယခုအခါ မြို့စားများမှာမတူညီသော ရည်ရွယ်ချက်များဖြင့် နေရာအနှံ့ တိုက်ခိုက်နေကြပြီး သေဆုံးသူများပြားနေသော်လည်း သာမန်လူများလူသတ်မှုကျူးလွန်ပါက ဥပဒေကိုချိုးဖောက်ရာရောက်သဖြင့် ထောင်နန်းစံခြင်း သို့မဟုတ် ခေါင်းဖြတ်ခံရခြင်းများရှိနေသေးသည်ပင်။ ရှန်းမင် သူ့လက်ထဲမှမီးလှံကို ဆွဲယူလိုက်သည်။ ကျိုးရှန်းလင် ဇနီးမောင်နှံနှစ်ဦးကို ရှင်းပြလိုက်၏။

"ကျွန်တော် သူ့ကိုသတ်ဖို့ မရည်ရွယ်ပါဘူး၊ အစ်မချွန်းမေအပေါ် မကောင်းပြောတာတွေ ရပ်သွားအောင်လို့ သူ့ခြေထောက်နားပဲ ခြိမ်းခြောက်တဲ့အနေနဲ့ပစ်မှာပါ၊ ​စိတ်မပူပါနဲ့ ကျွန်တော် ရူးမသွားသေးပါဘူး၊ ​ကျွန်တော် အသက်ရှင်ချင်သေးတယ်၊ ပြီးတော့ အစ်မချွန်းမေကိုလည်း လက်ထပ်ချင်သေးတယ်"

​ရန်ချွန်းမေမှာ ဘေးတွင်ရပ်နေရင်း ကျိုးရှန်းဟူကို ဒေါသတကြီးကျောက်ခဲနှင့် သူပစ်ပေါက်လိုက်စဉ်ကတည်းမှ သူမရင်ထဲတွင် လှိုင်းတစ်ခုထသွားခဲ့သည်။ ​ခဏတာအတွင်းမှာတင် ကျိုးရှန်းလင်၏စကားများကြောင့် သူမစိတ်လှုပ်ရှားတုန်လှုပ်ခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်။

‘​ကျိုးရှန်းလင်က သူမကိုတကယ်ကြီး လက်ထပ်ချင်နေတာလား’

​သူမသည် အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး ပျိုမြစ်နုနယ်သူ မဟုတ်တော့သော်လည်း ကျိုးရှန်းလင်၏စကားများကိုကြားပြီးနောက် မရှက်ဘဲမနေနိုင်အောင်ဖြစ်နေရသည်။ ​ကျိုးရှန်းလင်၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး လေသံမှာလည်း လေးနက်နေသည်ကို မြင်သောအခါမှ ရှန်းမင် သူ့လက်ကိုလွှတ်ပေးလိုက်သည်။

​"ဒိုင်း"

​ကျယ်လောင်လှသော မီးလှံသံကြောင့် ရှန်ကွမ်းဟောက်၏ စစ်စခန်းမှစစ်သည်အားလုံးထိတ်လန့်သွားကြသည်။ ထိုအသံမှာ နားကွဲမတတ်ပြင်းထန်လှ၏။ ​ကျိုးရှန်းလင်၏ကျည်ဆန်သည် ကျိုးရှန်းဟူခြေထောက်အနီး မြေပြင်ကိုထိမှန်သွားသဖြင့် ရှန်းဟူမှာလန့်ဖျပ်သွားရသည်။​ကျိုးရှန်းလင်ပုန်းအောင်းနေကာ ကျိုးရှန်းဟူကိုအော်ဟစ်လိုက်၏။

"မင်းအစ်မချွန်းမေကို ထပ်ပြီးဆဲရဲသေးတယ်ဆိုရင် ဒီကျည်ဆံဒဏ်ကို ခံနိုင်ရည်ရှိမရှိ နှစ်ခါပြန်စဉ်းစားလိုက်ဦး"

​ထိုသို့ပြောပြီးနောက် ကျိုးရှန်းလင်သည် သူ့မီးလှံကို ပြန်သိမ်းလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ တံတိုင်းပေါ်ရှိရွာသားအားလုံး သူ့ကိုစိုက်ကြည့်နေကြပြီး ရန်ချွန်းမေလည်းပါဝင်နေသည်။ ​သူ ရန်ချွန်းမေကိုလေးလေးနက်နက် ပြောလိုက်၏။

"အစ်မချွန်းမေ ကျွန်တော်အစ်မကို တကယ်ချစ်တယ်၊ တကယ်လည်း လက်ထပ်ချင်တာပါ၊ ​အခု ကျွန်တော်တို့ရွာကပိတ်ထားရတဲ့ အခြေအနေမလို့ အောင်သွယ်ရှာပြီး တောင်းရမ်းဖို့မဖြစ်နိုင်သေးဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ရွာတံခါးတွေပြန်ဖွင့်တာနဲ့ ကျွန်တော်အစ်မဆီကို အရောက်လာပြီးလက်ထပ်ပါ့မယ်"

​ကျိုးရှန်းလင်၏စကားအဆုံးတွင် တံတိုင်းပေါ်ရှိလူများထံမှ အောင်ဟစ်သံများ ဆူညံစွာထွက်ပေါ်လာသည်။ ရန်ချွန်းမေမှာ မျက်နှာတစ်ခုလုံးနီမြန်းကာ ခေါင်းငုံ့ထားမိ၏။ ​သူမ တစ်ခုခုကိုတိုးတိုးလေး ပြောချင်သကဲ့သို့ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် အရှက်သည်းစွာဖြင့် ခေါင်းကိုသာပြန်ငုံ့လိုက်ရသည်။ ​ရွာလူကြီးမှာ ရန်ချွန်းမေကိုကြည့်လိုက်၏။ ရန်ချွန်းမေသည် ယခုကျိုးကျားရွာသူဖြစ်နေပြီဆိုသော်လည်း သူမမှာမိဘမရှိသော တစ်ဦးတည်းသောသမီးဖြစ်သည်။ ​ကျိုးရှန်းလင်မှာ အရင်တစ်နှစ်အတွင်း သိသိသာသာတိုးတက်ပြောင်းလဲလာခဲ့သူဖြစ်ရာ သူမဘဝကို ပုံအပ်နိုင်လောက်သည့် လူတစ်ယောက်ဖြစ်သည်ဟု ရွာလူကြီးတွေးမိသည်။

​သူပြောသည်မှာ မှန်၏။ ရွာကပိတ်ထားသဖြင့် အောင်သွယ်ငှား၍မရသေးပေ။ ရွာတံခါးမည်သည့်အချိန်မှ ပြန်ပွင့်မည်ကိုလည်း မည်သူမှမသိကြချေ။ ​ထို့ကြောင့် ရွာလူကြီး ရန်ချွန်းမေအနားသို့ လျှောက်သွားကာ သူမသဘောထားကိုမေးလိုက်သည်။

"ချွန်းမေ ရှန်းလင်ကို မင်းဘယ်လိုထင်လဲ၊ သူ့ကိုသဘောကျရဲ့လား၊ ​မင်းမှာမိဘတွေ မရှိတော့ဘူးဆိုတော့ ငါကရွာလူကြီးအနေနဲ့ရော လူကြီးတစ်ယောက်အနေနဲ့ပါ မင်းကိုကူညီပေးမယ်၊ ​မင်းလည်း အသက်မငယ်တော့ဘူး၊ အကယ်၍ ရှန်းလင်ကသာ လူကောင်းတစ်ယောက်လို့ မင်းထင်ရင် ဒီလက်ထပ်ပွဲကိုအမြန်ဆုံး အတည်ပြုလိုက်ကြတာ ပိုကောင်းမယ်၊ ​ဒါဆိုရင် လာမယ့်နှစ်မှာ မင်းတို့အမွှာလေးချီရမှာပေါ့၊ မင်းတို့ အဆင်ပြေတယ်ဆိုရင် အောင်သွယ်ကိစ္စကိုလည်း ငါပဲစီစဉ်ပေးပါ့မယ်"

​ရွာလူကြီး ထောင်ဟွားပြောသမျှကို အကုန်ကြားထားပြီးသားဖြစ်သည်။ ​ရွာလူကြီး၏အမြင်တွင် ရန်ချွန်းမေမှာ အသက်ကြီးလာပြီဖြစ်ရာ လက်ထပ်ပြီး ကလေးယူချင်သည်ဆိုလျှင် စောစောစီးစီးလုပ်ခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ​ရွာလူကြီး ဤမျှတိုက်ရိုက်ပြောလိမ့်မည်ဟု ရန်ချွန်းမေ မထင်ထားခဲ့သော်လည်း ယင်းမှာ သူမရင်ထဲသို့ တည့်တည့်တိုးဝင်သွားသည်။ ​သူမသည် ကျိုးရှန်းလင် ရှိနေသည့်ဘက်သို့ မော့ကြည့်လိုက်၏။

All Chapters