အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁) ရှေးခေတ်ကတည်းက ရှိခဲ့သော စံချိန်များကို ချိုးဖျက်ခြင်း
သူတော်စင်၏ စိတ်ခံစားချက်သည် အလွန်ဆိုးရွားနေ၏။
လွန်ခဲ့သော အခိုက်အတန့်လေးကပင် ကျမ်းစာဆောင်၏ ထိပ်တန်းအဆင့် သိုင်းနည်းစနစ်များကို သန့်စင်ရန် ကြိုးစားသည့် နင်းဖန်၏ မိုက်မဲမှုအပေါ် သူ ကြိတ်ပြီး ဝမ်းသာနေခဲ့သည်ပင်။ မည်မျှ ရယ်စရာကောင်းလိုက်ပါ သနည်း။
သူသည် သူ၏ တောက်ပသော အနာဂတ်ကို သူ၏လက်အစုံဖြင့် လွှင့်ပစ်နေခဲ့ခြင်းသာဖြစ်၏။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် မြေကြီးထဲမှ ရွှေရောင်ကြာပန်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်မှ မင်္ဂလာရှိသော နိမိတ်လက္ခဏာများ ကျဆင်းလာကာ မဟာတာအိုသည် တစ်ပြိုင်နက် တည်း ပဲ့တင်ထပ်သွားခဲ့လေသည်။
ရိုးရိုးသားသား ပြောရလျှင် သူတော်စင်သည် မိန်းမောနေဆဲပင် ဖြစ်၏။
သူ၏ ဦးနှောက်ကို မည်မျှပင် အလုပ်ပေးစေကာမူ ကောင်းကင်ဘုံ အဆင့်မြင့် ကျင့်ကြံခြင်းသိုင်းနည်း စနစ် သုံးဆယ့်ခုနစ်ခုကို သန့်စင်ခြင်းက မည်သို့ အောင်မြင်သွားနိုင်သနည်းဆိုသည်ကို သူ နားမလည်နိုင် ခဲ့ချေ။ ထိုကဲ့သို့ အလွယ်တကူပင်။
လုံးဝကို အဓိပ္ပာယ်မရှိလှချေ။
ထို့ထက်ဆိုးသည်မှာ နင်းဖန်၏ အောင်မြင်မှုက ယခင် ပြစ်မှုအားလုံးကို ချက်ချင်း ဖျက်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
မဟာအကြီးအကဲ ကျီးယန်ပင်လျှင် သတ်ဖြတ်ရန် အမိန့်ကို ရုပ်သိမ်းခဲ့ပြီး သူ့အား ကိုယ်တိုင် တရား သေလွှတ်ပေးခဲ့ခြင်းဖြစ်၏။
ဂိုဏ်းတစ်ခုလုံး လွတ်လပ်သွားသည်နှင့် နင်းဖန်သည် တပည့်ခေါင်းဆောင်၏ ထိပ်ဆုံးသို့ တိုက်ရိုက် ခုန်တက်သွားမည် ဖြစ်သည်။
သူ၏ အဆင့်အတန်းသည် အခြားတပည့်တိုင်းထက် သာလွန်သွားမည် ဖြစ်၏။
ယခင်က "သူတော်စင်များ" သည်လည်း ယခုမူ နှိုင်းယှဉ်၍မရနိုင်တော့ချေ။
သူတော်စင်သည် မည်သို့ တည်ငြိမ်နေနိုင်မည်နည်း။
ထို့ပြင် ယခင်က နင်းဖန်နှင့် ပတ်သက်သည့် ကိစ္စတိုင်းသည် အချိုးအကွေ့များဖြင့် ပြည့်နှက်နေပြီး သူတော်စင်၏ တာအိုနှလုံးသားကို ဆိုးရွားစွာ တုန်လှုပ်စေခဲ့ပြီး ဖြစ်၏။
ယခုအချိန်တွင် သူသည် လုံးဝ တုန်လှုပ်နေခဲ့ပြီဖြစ်သည်။
သူသည် နှုတ်ခမ်းများကို တင်းတင်းစေ့ကာ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် စကားပြောလိုက်၏။
"ဂျူနီယာညီလေးနင်းဆီမှာ...။ ပြိုင်ဘက်ကင်း ပါရမီရှိတယ်...။ ဒီတပည့်က ပေါ့ပေါ့ဆဆ ခန့်မှန်းဖို့ မရဲပါဘူး...။"
"ဒါပေမယ့် သိုင်းလမ်းကြောင်းမှာ မွေးရာပါ ပါရမီအပြင် လူတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းကလည်း အဆုံးအဖြတ်ပေးပါတယ်...။"
"ဂျူနီယာညီလေးနင်းက ကောင်းကင်ဘုံအဆင့် အမြင့်ဆုံး သိုင်းနည်းစနစ်တစ်ခုကို ကျင့်ကြံနေတာ ဆိုတော့ သူ့ရဲ့ နားလည်နိုင်စွမ်းအပေါ် တောင်းဆိုမှုတွေက ပိုမြင့်မားပြီး နားလည်ဖို့ လိုအပ်တဲ့ အချိန်ကလည်း ပိုရှည်ကြာလိမ့်မယ်...။"
"ဒါကြောင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ သုံးရက်ထက် ပိုကြာတာက လုံးဝကို ပုံမှန်ပါပဲ...။"
သူတော်စင် စကားပြောပြီးသောအခါ အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အနည်းငယ် ခေါင်းညိတ်လိုက်ကြ၏။
ကျင့်ကြံခြင်းလမ်းကြောင်းတွင် နားလည်နိုင်စွမ်းသည် ပါရမီကဲ့သို့ပင် အရေးကြီးပေသည်။
မြင့်မားသော ပါရမီဆိုသည်မှာ ရုပ်ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်ချီများကို သန့်စင်ရန် ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေဖြစ်ပြီး အဟန့်အတားများ နည်းပါးစွာ ကြုံတွေ့ရခြင်းကိုသာ ဆိုလို၏။
နားလည်နိုင်စွမ်းမှာမူ ကွဲပြားလေသည်။ ထိုစွမ်းရည်သည် ဉာဏ်ရည်ဉာဏ်သွေး၊ ဦးနှောက်စွမ်းရည်ကို ကိုယ်စားပြုပေသည်။
မကျင့်ကြံမီ ကျင့်ကြံခြင်းသိုင်းနည်းစနစ်ကို ကိုယ်တိုင် ဦးစွာ သင်ယူရမည် ဖြစ်၏။
ဘယ်လို အသက်ရှူရမလဲ၊ သွေးကြောများကတစ်ဆင့် ချီနဲ့ သွေးတွေကို ဘယ်လို လမ်းကြောင်းပေးရ မလဲ စသည်များကို သင်ယူရမည် ဖြစ်သည်။
ဤသင်ယူမှု လုပ်ငန်းစဉ်သည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိလေ၏။
ထက်မြက်သော နားလည်နိုင်စွမ်း ရှိသူများသည် အရိပ်အမြွက် အနည်းငယ်ဖြင့်ပင် နားလည်နိုင်ကြ လေသည်။
ထိုစွမ်းရည် မရှိသူများမှာမူ သိုင်းနည်းစနစ်က မည်သည့်အရာကို ဆိုလိုကြောင်း နားလည်ရန် အချိန် ကြာမြင့်စွာ လေ့လာရပေမည်ဖြစ်၏။
ထို့ကြောင့် ပါရမီနှင့် နားလည်နိုင်စွမ်းသည် ကွဲပြားသောအရာနှစ်ခု ဖြစ်ပြီး ထိုနှစ်ခုပေါင်းစပ်မှသာ အလုံးစုံသော စွမ်းရည်ကို ဖြစ်ပေါ်စေနိုင်ပေသည်။
ယခုအချိန်တွင် နင်းဖန်သည် ကျမ်းစာဆောင်၏ ထိပ်ဆုံးထပ်သို့ ရောက်ရှိခြင်းက သူ၏ ပါရမီသည် ထူးခြားကြောင်း သက်သေပြနေ၏။
ထိုသေမျိုးခန္ဓာကိုယ်သည် မည်သည့် ကျင့်ကြံခြင်းသိုင်းနည်းစနစ်နှင့်မဆို လိုက်လျောညီထွေဖြစ်ပြီး ထို ခန္ဓာကိုယ်၏ အမြန်နှုန်းမှာ ထိပ်တန်း နတ်ဘုရား သို့မဟုတ် သူတော်စင် ခန္ဓာကိုယ်များနှင့် ယှဉ်နိုင် ပေသည်။
သို့သော် သူ၏ နားလည်နိုင်စွမ်းကိုမူ မပြသရသေးချေ။
တိုက်ဆိုင်စွာပင် သူ ကျင့်ကြံနေသော အကန့်အသတ်မဲ့ တာအိုကျမ်းစာသည် ကမ္ဘာပေါ်တွင် ပထမဆုံး သော ကောင်းကင်ဘုံအဆင့် အမြင့်ဆုံး သိုင်းနည်းစနစ်ဖြစ်ပြီး အလွန် ခက်ခဲလှ၏။
ထို့ကြောင့် သူ၏ လှုပ်ရှားမှုများမှာ သွက်လက်နေပုံရသော်လည်း သူသည် လေ့ကျင့်နေစဉ်အတွင်း သင်ယူနေဆဲဖြစ်ပြီး သိုင်းနည်းစနစ်၏ အရေးကြီးသော အချက်များကို လိုက်နာနေခြင်း ဖြစ်သည်။
ထိုသင်ယူမှုသည် အချိန်မည်မျှ ကြာမည်ကို မည်သူကမျှ မသိရှိချေ။
ထိုက်ရီ သူတော်စင်သည် အကြွင်းမဲ့ စကားများ မပြောခဲ့ချေ။ သူသည် ဦးစွာ နှိမ့်ချသော အနေအထားကို ယူကာ ထို့နောက် သူ၏ အမြင်ကို ပါးနပ်စွာ ပေးခဲ့၏။
ဤသည်က အကြီးအကဲများစွာကို ကျေနပ်စေခဲ့သည်။
အထူးသဖြင့် ရွှီယိုဝေမှာ အလွန် ဝမ်းသာနေခဲ့၏။
ချွမ်းကုန်းတောင်ထိပ်၏ အရှင်သခင်အနေဖြင့် သူသည် သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့နှင့် အများ ဆုံး ဆက်ဆံလေ့ရှိပြီး ကျင့်ကြံခြင်းအကြောင်း မကြာခဏ ဟောပြောပို့ချလေ့ရှိသည်။
သူတော်စင်၏ စိတ်နေသဘောထားကို သူ ကောင်းစွာ သိရှိထား၏။
ပါရမီရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော်လည်း၊
အမြင်ကျဉ်းမြောင်းကာ မွေးရာပါ ကြောက်တတ်ပြီး စမ်းသပ်မှု မခံရဖူးချေ။
နားလည်နိုင်ပါသည်။ ဂိုဏ်းအတွင်း ကြီးပြင်းလာပြီး လောကကို အတွေ့အကြုံယူရန် ဘယ်သောအခါမျှ အပြင်မထွက်ခဲ့ဖူးချေ။
ဂိုဏ်းက သူ့ကို အပြင်ထွက်ခွင့် မပေးခြင်း မဟုတ်ဘဲ သူကိုယ်တိုင်က ဆန္ဒမရှိခြင်းသာ ဖြစ်၏။
သူ၏ အမြင်တွင် ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ သူတော်စင်တစ်ဦးအနေဖြင့် သူ့တွင် အရင်းအမြစ်များနှင့် ပါရမီရှိရာ အပြင်ဘက်တွင် အသက်အန္တရာယ် စွန့်ရန် မလိုအပ်ချေ။
ဂိုဏ်းထဲတွင် နေကာ တိတ်ဆိတ်စွာ ကျင့်ကြံပြီး အချိန်တန်လျှင် သူသည် ဂိုဏ်းချုပ်ရာထူးကို သဘာ ဝကျကျ ဆက်ခံမည်ပင် ဖြစ်သည်။
အကယ်၍ သူ အပြင်ထွက်ပြီး မတော်တဆမှုဖြင့် သေဆုံးသွားပါက သူသာလျှင် ရယ်စရာ ဖြစ်သွား ပေလိမ့်မည်။
ထိပ်တန်း အင်အားစုတစ်ခု၏ သူတော်စင်ကို မည်သူကမျှ မထိရဲဘူးဟု သူ ယူဆထားလေ၏။
သို့သော် သင် အပြင်ထွက်လိုက်သည်နှင့် မည်သည့်အရာမဆို ဖြစ်လာနိုင်ပေသည်။
အသက်စွန့်ရန် ဝန်မလေးသူများသည် သင့် နောက်ခံကို ဂရုစိုက်မည် မဟုတ်ချေ။
ဤစိတ်ဓာတ်ဖြင့် သူတော်စင်သည် အမြဲတမ်း အတွင်း၌သာ နေခဲ့၏။
ရွှီယိုဝေနှင့် ဂိုဏ်းချုပ်တို့သည် ဤကိစ္စကို သီးသန့် ဆွေးနွေးခဲ့ဖူးကြသည်။
သူတော်စင်သည် ပိုမို သတ္တိရှိလာပြီး တောင်တံခါးမှ ထွက်ခွာနိုင်ရန် သူတို့ မျှော်လင့်ခဲ့ဘူးကြ၏။
ကျင့်ကြံခြင်း ကပင် ကောင်းကင်ဘုံကို အံတုသော လုပ်ရပ်တစ်ခု ဖြစ်သည်။
အပြင်ကမ္ဘာတွင် ရဲရင့်စွာ ရင်ဆိုင်သော ပါရမီရှင်များသည် အရင်းအမြစ်များအတွက်သာမက အသက် နှင့်သေဆုံးခြင်း အတွေ့အကြုံများအတွက်ပါ တိုက်ခိုက်ကြရ၏။
သွေးနှင့် မီးဖြင့် သန့်စင်ခြင်းမှတစ်ဆင့်သာ မဟာတာအိုကို အမှန်တကယ် လျှောက်လှမ်းနိုင်မည် ဖြစ် သည်။
ယနေ့ နင်းဖန်သည် ကြယ်တံခွန်တစ်ခုကဲ့သို့ ပေါ်လာပြီး မဟာအကြီးအကဲများက တညီတညွတ်တည်း မျက်နှာသာပေးခြင်းကို ခံခဲ့ရ၏။
ယခု သူ၏ အဆင့်အတန်းသည် သူတော်စင်ကို ခြိမ်းခြောက်နေပြီ ဖြစ်သည်။
ရွှီယိုဝေအတွက်မူ ဤသည်မှာ အလွန် ကောင်းမွန်ပေသည်။
ထိုအရာက သူတော်စင်ကို ဖိအားများ ခံစားရစေရန် လှုံ့ဆော်ပေးနိုင်ပြီး သူ၏ အားနည်းသော စိတ်ဓာတ် ကို ပြောင်းလဲပေးနိုင်ကောင်း ပြောင်းလဲပေးနိုင်ပေလိမ့်မည်။
အစောပိုင်း မေးခွန်းမှာ သူတော်စင်၏ တုံ့ပြန်မှုကို စမ်းသပ်ခြင်း ဖြစ်၏။
အကယ်၍ သူတော်စင်သာ ဒေါသထွက်ပြီး နင်းဖန် အောက်ကျနေချိန်တွင် ထပ်မံ ထိုးနှက်ရန် ကြိုးစား ခဲ့ပါက အကြီးအကဲများ အလွန် စိတ်ပျက်သွားကြမည် ဖြစ်သည်။
သို့သော် ယခုလောလောဆယ်တွင်မူ သူတော်စင်သည် တုန်လှုပ်နေသော်လည်း တည်ငြိမ်နေဆဲ ဖြစ်၏။
သူသည် ချဲ့ကားပြောဆိုခြင်းလည်း မရှိသလို အထင်သေးခြင်းလည်း မရှိခဲ့ချေ။
ကျင့်ကြံခြင်း၏ အမှန်တရားများကိုသာ သူ ရိုးရှင်းစွာ ပြောဆိုခဲ့သည်။
ဤသည်က အကြီးအကဲများ တွေးတောနေသည်နှင့် ကိုက်ညီပေသည်။
နင်းဖန်သည် လွန်ခဲ့သော နှစ်သန်းနှစ်ဆယ်က ပြိုင်ဘက်ကင်း ပါရမီရှင်ကဲ့သို့ သုံးရက်အတွင်း ရုပ်ခန္ဓာ ကိုယ်သန့်စင်ခြင်းကို ပြီးမြောက်နိုင်၊ မနိုင် မည်သူကမျှ မပြောနိုင်ချေ။
မည်သို့ပင်ဆိုစေ သေမျိုးခန္ဓာကိုယ်တစ်ခုတွင် အထူးရုပ်ခန္ဓာကိုယ်၏ အထူး မြှင့်တင်မှုများ မရှိရာ အမြန် နှုန်း နှေးကွေးခြင်းမှာ ပုံမှန်ပင် ဖြစ်၏။
ထို့ပြင် သူ၏ နားလည်နိုင်စွမ်းကိုလည်း မသိရသေးချေ။ မျှော်လင့်ချက်များကို အလွန်အမင်း မြင့်မားစွာ မထားသင့်ပေ။ သို့သော် ဆယ်ရက်ဆိုလျှင်တော့ လုံလောက်ပေသည်။
ထိုသို့ဆိုလျှင်ပင် သမိုင်း၏ ထိပ်တန်း အယောက်တစ်ရာစာရင်းတွင် ပါဝင်မည်ဖြစ်ပြီး ၎င်းမှာ အလွန် အံ့မခန်း ဖြစ်နေပြီ ဖြစ်၏။
ရွှီယိုဝေက သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ လေးစားစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ငါတို့ရဲ့ ဘိုးဘေးက ငါတို့ကို တကယ် စောင့်ရှောက်တာပဲ...။ နင်းဖန်လို ထူးချွန်တဲ့ တပည့်တစ်ယောက် ရလိုက်လို့ ငါတို့ဂိုဏ်းက ပိုပြီး စည်ပင်လာတော့မှာပဲ...။"
အခြားအကြီးအကဲများကလည်း သူ့စကားကို ထောက်ခံလိုက်ကြ၏။ စကားလုံးတိုင်းက နင်းဖန်ကို ချီးမွမ်းနေကြသည်။
ယွီရူရွှမ်း၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ကွေးတက်သွားကာ ပြောလိုက်၏။
"ဒီကောင်လေးက အံ့သြစရာတွေချည်းပဲ...။ ။ ငါတောင် သူ့အကွက်ထဲ ရောက်သွားတယ်...။"
ကောင်းကင် နိမိတ်လက္ခဏာများ မပေါ်လာမီက အခြေအနေ ပြောင်းပြန်ဖြစ်သွားနိုင်မည်ဟု မည်သူကမျှ မထင်ခဲ့ကြချေ။
သို့သော် ပြောင်းပြန်ဖြစ်သွားခဲ့၏။
ခေတ်အဆက်ဆက် မတွေ့ခဲ့ရသော ဤအသန်မာဆုံး သေမျိုးခန္ဓာကိုယ်သည် သာမန် အသိတရားကို အမှန်တကယ် ဆန့်ကျင်နေပေသည်။ ယွီရူရွှမ်းသည် ယခုအခါ နင်းဖန်ကို ပို၍ပင် လေးစားလာခဲ့၏။
သူ့အား ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုသော သူမ၏ ဆန္ဒသည် ပိုမို အားကောင်းလာခဲ့သည်။ သူမ သည်လည်း သိချင်နေခဲ့၏။ ဤသေမျိုးခန္ဓာကိုယ်ပိုင်ရှင် ပါရမီရှင်သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းကို ဝင်ရောက်ရန် ရက်မည်မျှ ကြာနိုင်မည်နည်း။
အောက်ဘက်တွင်…၊
နင်းဖန်သည် သူ၏ လှုပ်ရှားမှုတိုင်းက ဤမျှ အာရုံစိုက်ခံနေရကြောင်းကို လုံးဝ မသိသေးချေ။ ဗလာ ကျင်းနေပုံရသော ဂိုဏ်းအတွင်း နစ်မြုပ်နေလျက် သူသည် ကိုယ့်ကိုယ်ကိုယ် မေ့လျော့ကာ ကျင့်ကြံနေ ခဲ့ပြီး သူ၏ စိတ်ဝိညာဉ်ဆန်ကို စားရန်ပင် မေ့နေခဲ့၏။
ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီ အမျှင်တန်းများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဆွဲယူခံရပြီး အကန့် အသတ်မဲ့ တာအိုကျမ်းစာ၏ လမ်းကြောင်းအတိုင်း လည်ပတ်ကာ သွေးကြောများနှင့် အသား များကို သန့်စင်ပေးနေခဲ့သည်။
ထိုစိတ်ဝိညာဉ်ချီကို တာအိုမှ ဆင်းသက်လာသော အသက်ရှူမှုအဖြစ် ပြောင်းလဲရန် ယခုအချိန်တွင် သူသည် အလွန် အားနည်းနေသေး၏။ သို့သော် စိတ်ဝိညာဉ်ချီသည် လုံလောက်ပေသည်...။ သူသည် သာမန် သေမျိုးတစ်ဦးသာ ဖြစ်နေသေးသည်။
တစ်ကြိမ်ပြီးတစ်ကြိမ် သူ လေ့ကျင့်နေခဲ့ပြီး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအပေါ် သူ၏ နားလည်မှုမှာ ပိုမို ကျွမ်းကျင်လာခဲ့၏။
အမှန်တကယ်တော့ ပဉ္စမအကြိမ်မြောက် လည်ပတ်မှုတွင် အသက်ရှူခြင်း သို့မဟုတ် လမ်းကြောင်းကို တမင် ထိန်းချုပ်ရန် သူ မလိုအပ်တော့ချေ။ ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ စနစ်က သူ၏ အလုံးစုံသော ပါရမီကို အဆတစ်သောင်း မြှင့်တင်ပေးထားခဲ့သည်ပင်မဟုတ်ပါလား။
ပါရမီတွင် သဘာဝကျစွာပင် နားလည်နိုင်စွမ်းလည်း ပါဝင်ပေသည်။ ထို့ကြောင့် နင်းဖန်သည် အရာ အားလုံးကို လျင်မြန်စွာ သင်ယူနိုင်ခဲ့၏။ အကန့်အသတ်မဲ့ တာအိုကျမ်းစာကဲ့သို့ အမြင့်ဆုံး အနုပညာ တစ်ခုပင်လျှင် သူ၏ လက်ထဲတွင် အားစိုက်ထုတ်စရာ မလိုသကဲ့သို့ ဖြစ်နေခဲ့သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။
အပြင်ဘက် ကောင်းကင်သည် နက်မှောင်သော အနက်ရောင်မှ နံနက်အရုဏ်ဦး၏ ပထမဆုံး မီးခိုး ရောင်ဖျော့ဖျော့သို့ ပြောင်းလဲသွားခဲ့ပြီး တစ်ညတာသည် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
နင်းဖန်သည် နံနက်ခင်း စိတ်ဝိညာဉ်ချီ၏ ပထမဆုံး အသက်ရှူမှုကို ရှူသွင်းလိုက်သည်နှင့် သူ၏ ကျယ် ပြန့်သော ကိုယ်နေဟန်ထားသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့၏။
[ဒင်...။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားပါပြီပိုင်ရှင်။ လမ်းညွှန်တာဝန် ပြီးဆုံး ပါပြီ...။]
[ဆုလာဘ်- သိုင်းနည်းစနစ် အောင်မြင်မှုအသေးစား လက်မှတ် ×၁...။]
လှုပ်ရှားမှု ပြီးဆုံးသွားသည့် အခိုက်အတန့်တွင် စနစ်၏ အသံက သူ၏ စိတ်ထဲတွင် မြည်ဟည်းသွားခဲ့၏။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ပြောင်းလဲသွားခဲ့သည်။ အတွင်း၌ သွေးများ ဆူပွက်လာပြီး ကြွက်သားများ ဖောင်းထွက်လာကာ အရွတ်များက နဂါးများကဲ့သို့ လိမ်ယှက်နေပြီး သူ၏ နှလုံးခုန် သံသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေခဲ့၏။
ထိုအရာမှာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းသို့ ဝင်ရောက်သွားခြင်း၏ ထင်ရှားသော လက္ခဏာပင် ဖြစ်သည်။
အခန်း (၂၂) ဂိုဏ်းတစ်ခုလုံး စိုးရိမ်နေကြသည်။ နားလည်နိုင်စွမ်း၊ မျက်ကန်းတစ္ဆေမကြောက် မကျင့်ကြံပါနဲ့။
နင်းဖန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းသို့ ချိုးဖောက်ဝင်ရောက်သွားခဲ့လေပြီ။
သူသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပထမအလွှာသို့ ခြေချလိုက်ပြီးနောက် နင်းဖန်ထက် ပို၍ စိတ်လှုပ် ရှားနေသူများမှာ အထက်မှ စောင့်ကြည့်နေသော အကြီးအကဲများပင် ဖြစ်၏။ တစ်ညလုံးလုံး ဤသေမျိုး ခန္ဓာကိုယ် တပည့်သည် ဘာမှမရှိရာမှ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အထိ ကျင့်ကြံသွားသည်ကို သူတို့ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ပြီးတော့ တစ်ညဆိုသည်က ဘယ်လောက်တောင် တိုတောင်းလိုက်ပါသလဲ။
ခြောက်နာရီပဲလေ။
ထိုကိန်းဂဏန်းသည် အားလုံး၏ မျှော်မှန်းချက်များထက် များစွာ ကျော်လွန်နေခဲ့သည် မဟုတ်ပါလား။
ဂိုဏ်းချုပ် ဖေ့ချင်းယွီပင်လျှင် သူ၏ မျက်ခွံများ တုန်လှုပ်နေခြင်းကို မရပ်တန့်နိုင်ခဲ့ချေ။
‘‘ခြောက်နာရီ...။ ။ဒါက ပါရမီရှင်တစ်ယောက်ရဲ့ အမြန်ဆုံး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အတိတ်နဲ့ ပစ္စုပ္ပန် စံချိန်ကို ချိုးဖျက်လိုက်တာပဲ...။’‘ ဟု မိန်းမောနေသော အသံဖြင့် သူ ရေရွတ်လိုက်လေ၏။
တစ်ချိန်က ဖေ့ချင်းယွီသည်လည်း အလယ်ပိုင်းကုန်းမြေတစ်ခွင် ကျော်ကြားသော သူရဲကောင်းဆန် သည့် လူငယ်တစ်ဦး ဖြစ်ခဲ့ဖူးလေသည်။
ထိုအချိန်က သူသည် ဂိုဏ်းတိုင်းမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ခဲ့ပြီး နယ်စပ်လေးခုကို တစ်ကိုယ်တော် လှည့်လည်သွားလာကာ ကောင်းကင်နှင့်မြေကြီး၏ ကျယ်ပြောမှုကို မျက်မြင်တွေ့ရှိခဲ့ပြီး သူ့ကိုယ်သူ ကောင်းကင်အောက်တွင် ပထမတန်းစားအဖြစ် သတ်မှတ်ခဲ့၏။
အချို့သော ကောင်းကင်အရှင်သခင် ကျွမ်းကျင်သူများ သို့မဟုတ် သီးခြားကျင့်ကြံနေသော သူတော်စင် ဘုရင်များနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူသည် ဘယ်သောအခါမျှ နှိမ့်ကျသည်ဟု မခံစားခဲ့ရချေ။
သို့သော် ယနေ့တွင် နင်းဖန် ခြောက်နာရီအတွင်း ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းသို့ ရောက်ရှိသွားသည်ကို မြင် လိုက်ရသောအခါ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် လမ်းပျောက်သွားသလို ခံစားလိုက်ရ၏။
ထိုစဉ်က သူသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ရန် တစ်ဆယ့်ခုနစ်ရက်တိတိ အချိန် ယူခဲ့ရလေသည်။
နာရီပေါင်း နှစ်ရာ့လေးနာရီ။
နင်းဖန်နှင့် နှိုင်းယှဉ်ပါက သူသည် အကြွင်းအကျန်ကိုသာ အနိုင်ရနိုင်ပေသည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် လူအချင်းချင်းကြား ကွာဟချက်မှာ ဤမျှ ကြီးမားနိုင်ကြောင်းကို ဖေ့ချင်းယွီ ပထမဆုံးအကြိမ်အဖြစ် သိရှိသွားခဲ့လေ၏။
*ထူးခြားတဲ့ လူတွေမှာ ထူးခြားတဲ့ ဇာတ်လမ်းတွေ ရှိရမယ်...။*
ကျီးယန် ပြောခဲ့သည့်စကားကို ပြန်လည်တွေးတောရင်း သူသည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ် ရယ်မိလိုက်လေ၏။
*ကံကောင်းလို့ ငါက အနှစ်သုံးထောင် စောမွေးလာတာ...။ တကယ်လို့ ငါတို့သာ ခေတ်တစ်ခေတ်တည်း မှာ နေခဲ့ရရင် ငါ့ရဲ့ တာအိုနှလုံးသားက ကြေမွသွားမှာပဲ...။*
ဂိုဏ်းချုပ်ပင်လျှင် ထိုသို့သော ခံစားချက်မျိုး ခံစားရပါက၊ အခြားသူများမှာမူ မည်မျှပင် ခံစားနေရပါ မည်နည်း။ အထူးသဖြင့် နင်းဖန်နှင့် ခေတ်တစ်ခေတ်တည်းတွင် နေထိုင်ရသော သူတော်စင် ဖြစ်၏။ ယခု အချိန်တွင် သူသည် အားလုံးထဲတွင် စိတ်ပျက်အားအငယ်ဆုံးသူ ဖြစ်နေခဲ့သည်ပင်။
ကျမ်းစာဆောင်၏ အထပ်ကိုးထပ် အလားအလာ၊ ကောင်းကင်ဘုံအဆင့် အမြင့်ဆုံး ကျင့်ကြံခြင်းနည်း စနစ်တစ်ခုကို လေ့ကျင့်ခြင်း၊ သေမျိုးမှ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းသို့ ခြောက်နာရီဖြင့် အောင်မြင်မှု တိုင်းက လိုက်မီရန် မဖြစ်နိုင်ဟု ခံစားရစေ၏။
ယခု သူ၏ တစ်ခုတည်းသော အားသာချက်မှာ ဆယ်စုနှစ်များစွာ စောပြီး စတင်ခဲ့ခြင်းနှင့် ကြီးမားသော နယ်မြေသုံးခု အသာစီးရနေခြင်းသာ ဖြစ်သည်။
သိုင်းလမ်းကြောင်းတွင် ခြေလှမ်းတိုင်းသည် ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲကြောင်း လူတိုင်း သိကြ၏။
ကျင့်ကြံခြင်း၏ ပထမအဆင့်တွင် နှလုံးသွေးနှင့် အချိန်ကို တန်းတူညီမျှ အသုံးပြုရသည်။ ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်းဖြစ်စေ၊ စိတ်စိတ်ဝိညာဉ်သန့်စင်ခြင်းဖြစ်စေ သို့မဟုတ် စိတ်စိတ်ဝိညာဉ်ပုံသွင်းခြင်းဖြစ်စေ အားလုံးသည် အမှားအယွင်းတိမ်းစောင်းမခံပေ။
အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အခြေခံအုတ်မြစ် ဖြစ်သောကြောင့်ပင်...။ ပိုမို ခိုင်မာလေ လေ ပိုကောင်းလေလေ ဖြစ်၏။
ထိုသို့မဟုတ်ပါက နီဗားနား အချုပ်အနှောင်များကို ဘယ်သောအခါမျှ ချိုးဖျက်နိုင်မည် မဟုတ်ချေ။
သူသည် ထိုနယ်မြေသုံးခုတွင် ဆယ်စုနှစ်များစွာ ကြာအောင် တဝဲလည်လည် ဖြစ်နေခဲ့၏။ သူသည် နီဗားနား အချုပ်အနှောင်များကို ပထမဆုံး စတင် တိုက်ခိုက်ချိန်က တစ်ကြိမ် ကျရှုံးခဲ့ပြီး သူ၏ နယ်မြေ ကျဆင်းသွားခဲ့ဖူးသည်။
ယခု သူသည် ပြန်လည်ကျင့်ကြံနေပြီး စိတ်ဝိညာဉ်ပုံသွင်းခြင်း အထွတ်အထိပ်သို့ နောက်တစ်ကြိမ် ရောက်ရှိနေပြီ ဖြစ်၏။
ထို့ကြောင့် ကျင့်ကြံခြင်းသည် မည်မျှ ခက်ခဲနိုင်ကြောင်းကို မည်သူ့ထက်မဆို သူ ပိုသိပေသည်။
ယခုအချိန်တွင် သူသည် သူ့ကိုယ်သူ နှစ်သိမ့်ရုံသာ တတ်နိုင်တော့သည်။
*အနည်းဆုံးတော့ ငါ့မှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိတယ်...။ သူက အောက်မှာ လမ်းညွှန်ပေး မယ့်သူ မရှိဘဲ လမ်းလွဲတွေ အများကြီး သွားရလိမ့်မယ်...။ ကာလတိုအတွင်းမှာ ငါ့ရဲ့ ကျင့်ကြံမှုကို သူ လိုက်မီနိုင်မှာ မဟုတ်ပါဘူး...။*
နင်းဖန်ကို အနိုင်ယူရန် ဘာမျှ မကျန်တော့ချေ။ ပိုမိုမြင့်မားသော ကျင့်ကြံမှုဖြင့်သာ သူ သူ့ကိုယ်သူ နှစ်သိမ့်နိုင်တော့သည်။ မည်သို့ပင်ဆိုစေ သိုင်းလောကတွင် အင်အားကသာ ဘုရင်ဖြစ်၏။
ပါရမီနှင့် နားလည်နိုင်စွမ်းသည် အရေးကြီးသော်လည်း ကြိုးစားပမ်းစား လေ့ကျင့်ပြီး နာမည်ကြီး ဆရာတစ်ဦး ရှိမှသာ အသုံးဝင်ပေသည်။ ပျင်းရိသော၊ အခွင့်အရေး သို့မဟုတ် ဆရာသမား မရှိဘဲ သာမန်အဖြစ်သာ အဆုံးသတ်သွားသော ပါရမီရှင်များမှာ ခေတ်တိုင်းတွင် အများအပြား ရှိကြ၏။
ယခု ဂိုဏ်းတစ်ခုလုံးမှာ ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း ပိတ်မိနေသည်။
အကြီးအကဲများစွာက နင်းဖန်ကို လမ်းညွှန်ပေးချင်သော်လည်း ကူညီရန် အစွမ်းမရှိဖြစ်နေကြ၏။ အရင်းအမြစ်များကိုပင် သူတို့ မထောက်ပံ့ပေးနိုင်ချေ။ လက်ရှိ အခြေအနေကို အကဲဖြတ်ကြည့်လျှင် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းရှိ ပြဿနာများမှာ သေချာပေါက် ကြီးမားလှပေသည်။
မဟာအကြီးအကဲ သုံးဦးပင်လျှင် လောလောဆယ်တွင် လမ်းပျောက်နေကြ၏။ သူတို့ ဤနေရာတွင် မည်မျှကြာအောင် ပိတ်မိနေမည်ကို မည်သူကမျှ မသိချေ။ ထို့ကြောင့် နင်းဖန်သည် ဂိုဏ်းထဲတွင် တစ်ကိုယ်တည်း ကျင့်ကြံနေရပြီး သူ၏ အနာဂတ် တောက်ပမည်၊ မတောက်ပမည်မှာ မသေချာသေး ချေ။
သူတော်စင်က ထိုသို့ တွေးနိုင်ပါက အခြားလူတိုင်းလည်း တွေးနိုင်ပေသည်။
ယခုအချိန်တွင် တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများစွာသည် သူတို့၏ ကနဦး ဝမ်းသာမှုအပြီး တွင် မျက်မှောင်ကြုတ်နေကြ၏။
‘‘‘‘နင်းဖန်က ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို တရားဝင် ခြေချလိုက်ပြီ ဒါပေမယ့် ငါတို့က အပြင်ကို မထွက်နိုင်ဘူး...။ သူ့ရဲ့ မေးခွန်းတွေကို ဘယ်သူက ဖြေပေးမလဲ...။’‘‘‘
‘‘‘‘ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းက ပထမဆုံး နယ်မြေပဲ...။ ကောင်းကောင်းလုပ်တာဖြစ်စေ၊ ဆိုးဆိုးရွားရွား လုပ်တာဖြစ်စေ အဲဒါက နောက်ပိုင်းမှာ ရောက်ရှိနိုင်တဲ့ အမြင့်ကို ဆုံးဖြတ်ပေးတယ်...။’‘‘‘
‘‘‘‘သွေးကြောတွေကို နွေးထွေးစေတဲ့ ဆေးရေချိုးခြင်း၊ အသားကို အာဟာရဖြစ်စေတဲ့ ဆေးလုံး၊ မီးတောက် သွေးသစ္စာ၊ ရေအေး အရိုးသန့်စင်ခြင်း၊ ကလီစာငါးခုနဲ့ အူခြောက်ခုကို ဖန်တီးပေးတဲ့ ကောင်းကင်မိုးကြိုး...။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အတွက် အထောက်အကူပြု နည်းလမ်းတွေက ရေတွက်လို့တောင် မရဘူး...။ အဲဒါတွေကို မှားယွင်းစွာ အသုံးပြုတာက အသုံးမပြုတာလောက်ပဲ ဆိုးရွားပြီး နောက်ဆုံး ရလဒ်က ကောင်းကင်နဲ့မြေကြီးလောက် ကွာခြားလိမ့်မယ်...။’‘
‘‘‘‘ငါတို့ မြန်မြန် လွတ်မြောက်ဖို့နဲ့ ဒီကလေး မျက်ကန်းတစ္ဆေမကြောက် မကျင့်ကြံဖို့ မျှော်လင့်ကြစို့...။’‘‘‘
အကြီးအကဲများအားလုံး နင်းဖန်အတွက် ရိုးသားစွာ စိုးရိမ်နေခဲ့ကြ၏။ ဂိုဏ်းတစ်ခုသည် ခိုလှုံရာပေး ခြင်းနှင့် အမွေအနှစ်များ လက်ဆင့်ကမ်းခြင်းအပြင် အဓိကအားဖြင့် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ရှိ တပည့်များအတွက် အရင်းအမြစ်များ ထောက်ပံ့ပေးရန်နှင့် သံသယများကို ဖယ်ရှားပေးရန် တည်ရှိခြင်း ဖြစ်ပေသည်။
သို့သော် ယခု တစ်ခုခု မှားယွင်းသွားခဲ့လေပြီဖြစ်၏ ။ အင်အားကြီးမားသော ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ တောင်ထိပ် အရှင်သခင်အဆင့် အကြီးအကဲ ဆယ့်နှစ်ဦး၊ အောက်ခြေအဆင့် အကြီးအကဲ ရာပေါင်းများ စွာအားလုံး ပိတ်မိနေကြ၏။
ဂိုဏ်း၏ နှစ်တစ်သန်းတွင် တစ်ခါသာ ပေါ်ထွက်တတ်သော အမြင့်ဆုံး ပါရမီရှင်သည် ဗလာကျင်းနေ သော ဂိုဏ်းအတွင်း အမျိုးမျိုးသော ကျမ်းစာများကို လိုက်နာကာ တစ်ကိုယ်တည်း လေ့ကျင့်နေသည် ကိုသာ သူတို့ စောင့်ကြည့်နေနိုင်တော့သည်။
မည်မျှ စိတ်မကောင်းစရာ ကောင်းလိုက်သနည်း။ ဂိုဏ်းချုပ်ပင်လျှင် တိတ်ဆိတ်သွားခဲ့၏။ အကန့် အသတ်မဲ့ တာအိုကျမ်းစာသည် အံ့ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပြီး မည်သည့် အကူအညီ မျှမပါဘဲ အဆင့်ဆင့် လေ့ကျင့်ခြင်းကပင် ထူးချွန်သော ရလဒ်များကို ထုတ်ပေးနိုင်ပါစေဟုသာ သူ ဆုတောင်းနိုင်တော့သည်။
အောက်ဘက်ရှိ ကျမ်းစာဆောင်တွင်…
နင်းဖန်အတွင်းရှိ ထူးဆန်းသော မြင်ကွင်းမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ တစ်ညလုံး လေ့ကျင့်ခဲ့ သော်လည်း သူ၏ မျက်လုံးများမှာ တောက်ပကာ အရောင်လက်နေဆဲ ဖြစ်သည်။ သူ အသက်ရှူလိုက် တိုင်း သူ၏ နှာခေါင်းရှေ့တွင် အဖြူရောင် ကြိုးပြားလေးတစ်ခု ဖြစ်ပေါ်လာပြီး နံနက်ခင်း နေရောင်ခြည် တွင် ရှင်းလင်းစွာ မြင်တွေ့နေရ၏။
သူသည် ယခင်ကထက် ပို၍ နေလို့ကောင်းနေခဲ့သည်။
*ခြောက်လလောက် ခါးသီးစွာ လေ့ကျင့်ခဲ့တာ ဘာမှ မရခဲ့ဘူး...။ ငါ့ရဲ့ ပါရမီ အဆတစ်သောင်း တိုးလာပြီး နောက်မှာတော့ ငါ တစ်ညတွင်းချင်း ပြန်လည်မွေးဖွားလာခဲ့ပြီ...။*
သူ၏ လက်မောင်းများကို ဆန့်တန်းလိုက်ရင်း နင်းဖန်သည် အတွင်းရှိ တိုးပွားလာသော အင်အားများကို ခံစားမိလိုက်ရပြီး အလွန် စိတ်လှုပ်ရှားသွားခဲ့၏။ ကူးပြောင်းလာပြီးနောက် နှစ်ဝက်အကြာတွင် သူသည် နောက်ဆုံး၌ သာလွန်သော နယ်မြေကို ထိတွေ့နိုင်ခဲ့ပြီ...။ သေမျိုး မဟုတ်တော့ချေ။
*ဟုတ်ပြီ...။ ငါ့ရဲ့ အင်အားက အခု ဘယ်အဆင့်မှာ ရှိနေလဲ...။*
ခဏတာ အနားယူပြီးနောက် သူသည် သိချင်စိတ်ဖြင့် လက်သီးကို ဆုပ်လိုက်၏။ ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်း ပထမအလွှာ ကျင့်ကြံသူတစ်ဦး၏ အနိမ့်ဆုံး အင်အားမှာ လက်တစ်ဖက်တည်းဖြင့် ဂျင် (၁,၆၀၀) ဖြစ်သည်။
ကျင့်ကြံခြင်းသိုင်းနည်းစနစ် ပိုမို အားကောင်းလေလေ ထိုနယ်မြေရှိ အစမှတ်က ပို၍ မြင့်မားလေလေ ဖြစ်၏။
*အကယ်၍ မင်းက မဟာနေမင်း မီးဖိုခန္ဓာကိုယ်ကို လေ့ကျင့်မယ်ဆိုရင် ရုပ်ခန္ဓာကိုယ်သန့်စင်ပြီးနောက် လက်တစ်ဖက်တည်းက ဂျင် (၉,၂၀၀) ကို လွှဲယမ်းနိုင်တယ်။ အကယ်၍ မင်းမှာ အထူးရုပ်ခန္ဓာကိုယ် တစ်ခုလည်း ရှိနေသေးရင် ဂျင် တစ်သောင်းကို ချိုးဖျက်ဖို့က လွယ်ကူပါတယ်...။*
*ငါ့မှာ သေမျိုးခန္ဓာကိုယ် ရှိပေမယ့် ငါ့ရဲ့ အကန့်အသတ်မဲ့ တာအိုကျမ်းစာက ပိုပြီး နက်နဲတယ်။ ဂျင် တစ်သောင်းကို ချိုးဖျက်ဖို့က အားစိုက်စရာ မလိုလောက်ဘူး။ အကန့်အသတ်က ဘယ်လောက်လဲ ဆိုတာကိုပဲ ငါ မသိတာ...။*
ခဏတာ စဉ်းစားပြီးနောက် သိုင်းနည်းစနစ်ခန်းမတွင် သူ့ကိုယ်သူ စမ်းသပ်ရန် သူ ဆုံးဖြတ်လိုက်၏။
သို့သော်လည်း အရင်ဆုံး သူ၏ အကြည့်များသည် သူ၏ ပတ်လည်တွင် လွင့်မျောနေသော နတ်ဘုရား စွမ်းရည်နှင့် သိုင်းနည်းစနစ် ကျောက်စိမ်းပြားများပေါ်သို့ ရုတ်တရက် ကျရောက်သွားခဲ့သည်။
စနစ်က ယခုလေးတင် သိုင်းနည်းစနစ် အောင်မြင်မှုအသေးစားလက်မှတ်တစ်ခုကို သူ့အား ဆုချ ထားခဲ့၏။ ထိုအရာက ထူးခြားပေသည် ၎င်းကို အသုံးပြုရန် သူ မေ့သွား၍ မဖြစ်ချေ။
တိုက်ဆိုင်စွာပင် အကန့်အသတ်မဲ့ တာအိုကျမ်းစာတွင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အတွက် လိုအပ် ချက်တစ်ခု ရှိနေခဲ့သည်။ ခန္ဓာကိုယ် သန့်စင်သူတစ်ဦးသည် အထီးကျန်စွာ မလေ့ကျင့်ရချေ။
ရုပ်ခန္ဓာကိုယ်ကို ဖန်တီးနေစဉ် သားရဲများနှင့်လည်း တိုက်ခိုက်ရမည် ဖြစ်၏။ အဆင့်နိမ့် နတ်ဆိုးသားရဲ များ၏ မူလ သတ်ဖြတ်ချင်စိတ်ကို အသုံးပြု၍ မိမိကိုယ်ကို သန့်စင်ရမည်။
ဤသည်မှာ ‘‘သားရဲများနှင့် တိုက်ခိုက်ရေး နည်းလမ်း’‘ ဖြစ်သည်။ သတ်ဖြတ်ခြင်းတွင် နှလုံးသားနှင့် ခန္ဓာကိုယ်ကို ဖန်တီးပါ။ နတ်ဆိုးသားရဲများကို ရှာရန် မခက်ခဲချေ။
ဂိုဏ်း၏ သားရဲတစ်သောင်း တောင်ထိပ်တွင် အတော်များများ မွေးမြူထား၏၊ သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန် သားရဲများနှင့် တိုက်ခိုက်ရမည်ဖြစ်ရာ သူသည် သဘာဝကျစွာပင် အလွန်ကောင်းမွန်သော သိုင်းနည်းစနစ်တစ်ခုကို လိုအပ်ပေသည်။
ထို့ကြောင့် သူ၏ လက်ထဲရှိ သိုင်းနည်းစနစ် အောင်မြင်မှုအသေးစားလက်မှတ်မှာ အချိန်ကိုက်ပင် ဖြစ်တော့ ၏။