← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁) ရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခ ဆင်းသက်လာခြင်း.... ဒါက အာဟာရတစ်ခု သက်သက်ပဲ

"ဒါပေမယ့် စနစ်... အရင်က မဟာတာအို သုံးထောင်ကို အမဲလိုက်မယ်လို့ မင်း ပြောခဲ့တယ်လေ... ဘာလို့ အခု ဒီတာအိုနာမည် နည်းနည်းလေးပဲ ရှိနေရတာလဲ..."

"မဟာတာအို သုံးထောင်ထဲမှာ ထိပ်ဆုံးဖြစ်တဲ့ အချိန်တာအို ဟင်းလင်းပြင်တာအို နဲ့ ဒဏ္ဍာရီလာ ကံကြမ္မာတာအိုတွေက ဘာလို့ စနစ်ဇယားပေါ်မှာ ပေါ်မလာသေးတာလဲ..."

"သခင်... စနစ်လေးရဲ့ အရင်က အနက်ရောင်အဆင့် အဆင့်မြှင့်တင်မှုကြောင့် မဟာတာအို သုံးထောင်ကို အမဲလိုက်ဖို့ ပုံစံခွက်က အခုမှ စပွင့်တာပါ... စနစ်လေးက ဆက်ပြီး ဖောက်ထွင်းပြီး အဆင့်မြှင့်တင်နေတုန်းပါပဲ..."

"လောလောဆယ်တော့ သခင်က ခဏလောက် သည်းခံပေးဖို့ လိုပါတယ်..."

စနစ်သည် အလွန်ကြိုးစားပမ်းစား အဆင့်မြှင့်တင်နေသည်ကို မြင်သောအခါ ခုံးဝူတောက် ဘာမှ ထပ်မပြောတော့ပေ။

မည်သို့ပင်ဆိုစေကာမူ အချိန်နှင့် ဟင်းလင်းပြင်ကဲ့သို့သော ထိပ်ဆုံးတာအိုများသည် အလွန် ကျယ်ပြန့်သော အရာများနှင့် ဆက်စပ်နေသည်။

ထိုအရာသည် ညတွင်းချင်း အမဲလိုက်နိုင်သည့် အရာမျိုး မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူသည် ဤ ကောင်းကင်အမိန့်တော်အမှတ်များကို အရင်ဆုံး သင့်တော်သလို ခွဲဝေသုံးစွဲရပေမည်။

ခုံးဝူတောက်သည် ကောင်းကင်အမိန့်တော်အမှတ်များဖြင့် သူ၏ ရုပ်ခန္ဓာကိုယ် တိုးတက်မှုကို ကျင့်ကြံရန် ပြင်ဆင်ရင်း နောက်တစ်ကြိမ် ​ပလ္လင်ခွေ ထိုင်လိုက်သည်။

ချက်ချင်းပင် ရှေးဟောင်းမှော်စာလုံးများသည် ခုံးဝူတောက်၏ ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထူထပ်သိပ်သည်းစွာ ထွက်ပေါ်လာသည်။

ထိုမှော်စာလုံးများသည် ကောင်းကင်နှင့် မြေပြင်၏ အဆုံးစွန်သော အမှန်တရားများကို သယ်ဆောင်ထားပုံရပြီး လောကီနှင့် ကင်းကွာကာ သာလွန်ထူးကဲသည့် တာအိုတေးသွားများကို ထုတ်လွှတ်နေသည်။

[ဒင်... သခင်ရဲ့ ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ် တိုးတက်မှု မြင့်တက်သွားပါပြီ... လက်ရှိ တိုးတက်မှု...၅၀၀၀ / ၉၉၉၉၉၉]

[ဒင်... သခင် ရဲ့ မူလဘူတအချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ် တိုးတက်မှု မြင့်တက်သွားပါပြီ... လက်ရှိ တိုးတက်မှု...၅၀၀၀ / ၉၉၉၉၉၉]

...

ခုံးဝူတောက်သည် သူ၏ ရုပ်ခန္ဓာကိုယ် တိုးတက်မှုကို အဆက်မပြတ် မြှင့်တင်နေစဉ်...

တစ်ချိန်တည်းမှာပင် အချိန်လေဟာနယ် သူတော်စင်ခန်းမ၏ အပြင်ဘက်တွင်....

ကောင်းကင်ယံအထက်တွင် မည်သည့်အချိန်ကတည်းကမှန်းမသိရဘဲ တိမ်မည်းများ ထပ်မံ၍ စုရုံးလာသည်။ ထူထပ်သော တိမ်မည်းကြီးများသည် မိုင်ပေါင်း မည်မျှထိဝေးကွာစွာ ဖုံးအုပ်ထားသည်ကိုပင် မသိနိုင်ချေ။

ကြောက်မက်ဖွယ်ကောင်းသော တိမ်မည်း ဝဲကတော့တစ်ခုကဲ့သို့ ထိုတိမ်တိုက်သည် ကြယ်တာရာနယ်မြေ၏ထက်ဝက်နှင့်အတူ အချိန်လေဟာနယ် တားမြစ်နယ်မြေကို လွှမ်းခြုံထားလိုက်သည်။

"အချိန်လေဟာနယ် သူတော်စင်ခန်းမ ရှိတဲ့ဘက်က... ဘာလို့ ဒီလို ကြောက်စရာကောင်းတဲ့ ထူးခြားတဲ့ သဘာဝလွန်ဖြစ်စဉ်က ထပ်ပေါ်လာရပြန်တာလဲ... နတ်ဘုရားသားတော် ခုံးဝူတောက်က နတ်ဘုရားစွမ်းရည်တစ်ခုခုကို ထပ်ပြီး နိုးထစေခဲ့တာများလား..."

"မဟုတ်ဘူး... ဒီတိမ်မည်းတွေက လှိုင်းထနေတဲ့ ကပ်ဘေးဒုက္ခ မိုးကြိုးစွမ်းအားတွေနဲ့ ပြည့်နှက်နေပုံရတယ်... ကောင်းကင်ကပ်ဘေးဒုက္ခတစ်ခု ဆင်းသက်လာတော့မယ့်ပုံပဲ..."

တစ်ချိန်တည်းမှာပင် ခုံးဝူတောက်ကို လျှို့ဝှက်ကာကွယ်ပေးနေသော ရှေးဟောင်းဘိုးဘေးကြီး များသည်လည်း တိမ်မည်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ မော့ကြည့်လိုက်ကြ၏။

"ဒါက... ရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခ နဲ့ တူတယ်... ခုံးဝူတောက်က သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို ပိုမြင့်တဲ့ နယ်ပယ်တစ်ခုအထိ ကျင့်ကြံနိုင်ခဲ့တာများလား..."

"ရှီး... ဒီရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခက နည်းနည်းတော့ ထူးဆန်းတယ်... ရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခတစ်မျိုးတည်းထက် အများကြီး ပိုများနေပုံရတယ်..."

"လေးမျိုးတောင်... ရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခက လေးမျိုးတောင် တကယ်ကြီး ရှိနေတာပဲ..."

အခြေအနေကို သေချာစွာ စူးစမ်းလေ့လာခဲ့သော ရှေးဟောင်းဘိုးဘေးကြီးများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

ခုံးဝူတောက်သည် ယခင်က ရုပ်ခန္ဓာကိုယ်နှစ်ခုကိုသာ နိုးထစေခဲ့ခြင်းဖြစ်သည်။

ယခုချိန်၌ သူသည် အသစ်နိုးထလာသော ရုပ်ခန္ဓာကိုယ်နှစ်ခုကို ပို၍မြင့်မားသော နယ်ပယ်တစ်ခုအထိ ကျင့်ကြံပြီးသွားသလော....

သူ မူလကပိုင်ဆိုင်ထားသော မဟာမူလရုပ်ခန္ဓာကိုယ် နှစ်ခုပင်လျှင် တိုးတက်လာခဲ့လေပြီ။

ထို့ပြင် သူသည် ဤမဟာမူလရုပ်ခန္ဓာကိုယ် လေးခုကို ဤနယ်ပယ်အထိ တပြိုင်နက်တည်း ကျင့်ကြံနိုင်ခဲ့ပုံရပြီး ထို့ကြောင့်ပင် ရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခလေးမျိုး ဆင်းသက်လာခြင်းပင်။

ရှေးဟောင်းဘိုးဘေးကြီးများသည် ဂရုမစိုက်ဘဲ မနေရဲကြပေ။ သူတို့သည် ချက်ချင်းပင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလိုက်ကြပြီး ခုံးဝူတောက်အတွက် ကပ်ဘေးဒုက္ခ ဖြတ်ကျော်ခြင်းဝင်္ကပါတစ်ခုကို ဖန်တီးလိုက်ကြသည်။

မဟာရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခ လေးခုသည် သေချာပေါက် ထူးခြားပေ၏။ မည်သည့် တန်ကြေးကို ပေးဆပ်ရပါစေ ခုံးဝူတောက်သည် ပြင်ပအကြောင်းတရားများ၏ အနှောင့်အယှက်ကို ခံရမည်မဟုတ်ကြောင်း သူတို့ အာမခံချက်ပေးရပေမည်။

...

အချိန်လေဟာနယ် သူတော်စင်ခန်းမအတွင်း၌...

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ခုံးဝူတောက်၏ ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး မဟာမူလရုပ်ခန္ဓာကိုယ် လေးခုလုံးသည် တစ်ပြိုင်နက်တည်း ပို၍မြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းသွားသည်။

ကျယ်ပြန့်သော စွမ်းအားစီးကြောင်း လေးခုသည် ခုံးဝူတောက်၏ ကိုယ်လက်အင်္ဂါများနှင့် အရိုးများ၌ ပြည့်နှက်သွားပြီးနောက် ကျိုးပေါက်သွားသော ဆည်တစ်ခုအလား သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

နတ်ဘုရားအလင်းတိုင်များသည် အချိန်လေဟာနယ် သူတော်စင်ခန်းမ အတွင်းရှိ အကာအကွယ်ဝင်္ကပါ ကန့်သတ်ချက်များကိုပင် ချိုးဖျက်သွားပြီး အမိုးခုံးကို ဖောက်ထွက်ကာ လှိုင်းထနေသော တိမ်မည်းများထဲသို့ တိုက်ရိုက် ထိုးတက်သွားသည်။

ဝုန်း...

နတ်ဘုရားအလင်းတန်းများသည် တိမ်မည်းများအတွင်းရှိ ကြမ်းတမ်းသော မိုးကြိုးများနှင့် တိုက်မိကာ ပေါင်းစပ်သွားပြီး နဂါးများနှင့်မြွေများကဲ့သို့ ဟိန်းဟောက်သံများကို ထုတ်လွှတ်ကာ မိုးကောင်းကင်ယံ တစ်စိတ်တစ်ပိုင်းကို တုန်ခါသွားစေသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူတို့၏ ဘဝတွင် အလှပဆုံးနှင့် အခမ်းနားဆုံး ထူးခြားသည့် ဖြစ်စဉ်ကို သူတို့ မြင်တွေ့လိုက်ရသည်။

သူတို့ မြင်တွေ့လိုက်ရသည်မှာ...

ကောင်းကင်ကိုးထပ် ကြယ်စင်မြစ်ကဲ့သို့ စီးဆင်းကျလာသော ဟုန်မုန့်ခရမ်းရောင်ချီ များသည် ကောင်းကင်ဘုံများအားလုံးကို တုန်ခါသွားစေခြင်းပင်။

မြင့်တက်လာသော အချိန်လေဟာနယ် ဥပဒေသ သည် ခေတ်အဆက်ဆက်ကို လင်းထိန်စေပြီး မဟာတာအိုကို အဓိပ္ပာယ်ဖွင့်ဆိုနေသည်။

ဖရိုဖရဲဟင်းလင်းပြင် အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးကို ပြည့်နှက်သွားပြီး ကျယ်ပြန့်ကာ ရှေးဟောင်းနတ်ဘုရားဆန်မှုကို ပြသနေပေ၏။

ကောင်းကင်ကို ဖုံးကွယ်ထားသော နတ်ဘုရားများနှင့်နတ်ဆိုးများ၏ နေမင်း တစ်စင်းပင် ရှိသေးပြီး ထိုအရာသည် အမည်းရောင်နှင့် အဖြူရောင် ကမ္ဘာနှစ်ခုကို ဖွင့်လှစ်ပေးကာ အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်လှသည်။

မည်ကဲ့သို့ ရုပ်ခန္ဓာကိုယ် စွမ်းအားမျိုးက ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသော ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေနိုင်သည်ကို သူတို့ အမှန်တကယ်ကို နားလည်ရန် ခက်ခဲနေသည်။

ဤအချိန်အခိုက်အတန့်တွင် အချိန်လေဟာနယ် သူတော်စင်ခန်းမ၌ ​ပလ္လင်ခွေထိုင်နေသော ခုံးဝူတောက်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

သူ၏ခေါင်းအထက်တွင် စုစည်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် ကပ်ဘေးဒုက္ခမိုးကြိုး စွမ်းအားများကိုလည်း သူ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

"ရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခ လား..."

ခုံးဝူတောက်က ညင်သာစွာ ရယ်မောလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ခန်းမထဲမှ ထွက်လာခဲ့သည်။

"နတ်ဘုရားသားတော် ခုံးဝူတောက် ထွက်လာပြီ..."

ခုံးဝူတောက် ထွက်ပေါ်လာသည်ကို မြင်သောအခါ မရေမတွက်နိုင်သော အကြည့်များသည် ချက်ချင်းပင် သူ့အပေါ်သို့ စူးစိုက်သွားကြသည်။

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်ခန္ဓာကိုယ် ကောင်းကင်ကပ်ဘေးဒုက္ခကို ခံစားရသဖြင့် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ မရေမတွက်နိုင်သော လူငယ် ပါရမီရှင် များသည် သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။

သို့သော် သူတို့၏အကြည့်အောက်တွင် ဤ ကမ္ဘာပျက်မည့်မြင်ကွင်း၏ အလယ်ဗဟို၌ ရှိနေသော ခုံးဝူတောက်သည် ဂရုမစိုက်ဘဲ တည်ငြိမ်နေဆဲပင်။

သူ၏ မျက်လုံးထဲတွင် အကြောက်တရား မရှိရုံသာမက မျှော်လင့်နေသည့် အရိပ်အယောင်တစ်ခုကိုပင် သူတို့ မြင်တွေ့လိုက်ရသည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာတိုင်အောင် ငြီးငွေ့နေခဲ့သော တည်ရှိမှုတစ်ခုက...

နောက်ဆုံး၌ သူ့ကို တကယ် စိတ်ဝင်စားစေမည့် ကစားစရာတစ်ခုကို ရှာတွေ့သွားသည့်အလားပင်။

ကောင်းကင်ထက်ဝက်ကို လွှမ်းခြုံထားသည့် အဆုံးအစမရှိသော ကပ်ဘေးဒုက္ခမိုးကြိုး များသည် ခုံးဝူတောက်၏ ဂရုမစိုက်သော အမူအရာကြောင့် ဒေါသထွက်သွားပုံရပြီး ပို၍ ဆူပွက်လာကာ ဟိန်းဟောက်နေသည်။

ဝုန်း...

ရုတ်တရက် တောင်ကြီးများကဲ့သို့ ကြီးမားသော ကပ်ဘေးဒုက္ခမိုးကြိုး အလင်းတန်းကိုးခုသည် တိမ်မည်းများ၏အနက်ရှိုင်းဆုံးနေရာမှ ပစ်လွှတ်လာပြီး ကောင်းကင်ဘုံများအပြင်ဘက်မှ နတ်ဘုရားအလင်းတန်းများ လူသားလောကသို့ ကျဆင်းလာသည့်အလားပင်။

ထိုအလင်းတန်း တစ်ခုစီတိုင်းတွင် ဖျက်ဆီးခြင်း တားမြစ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ အဝေးကြီးမှပင် အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ပါရမီရှင်များသည် ထိုသို့သော အရှိန်အဝါကို ခံစားရပြီး သူတို့၏စိတ်များ ပြိုကျလုမတတ် ခံစားမိပေ၏။

အကြီးအကဲများပင်လျှင် သူတို့၏အရှိန်အဝါများကို ထိန်းချုပ်ကာ အသက်ရှူအောင့်ထားပြီး ကျယ်လောင်စွာ အသက်ရှူဝံ့ခြင်းပင် မရှိကြချေ။

ခုံးဝူတောက်သည် နတ်ဘုရားတောင်ကြီးတစ်လုံးအလား လေထဲတွင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။

သူက ထိုကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများကို သူ၏ခန္ဓာကိုယ်ပေါ်သို့ အမှန်တကယ်ပင် တိုက်ခိုက်ခွင့် ပြုလိုက်သည်။

ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးများ၏ သောင်းကျန်းမှုအောက်တွင် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အပိုင်းပိုင်းဆုတ်ဖြဲခံရလောက်သည်။

သို့ရာတွင်... အဆုံးအစမရှိသော မိုးကြိုးများက ခုံးဝူတောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ မြစ်ရေများ ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ ချက်ချင်းပင် အသံတိတ် ပျောက်ကွယ်သွားလေ၏။

သူ့ကို ဒဏ်ရာရစေရန် မဆိုထားနှင့် သူ၏ ဝတ်ရုံများပေါ်တွင် ဖုန်မှုန့်တစ်စက်ပင် မစွန်းထင်းစေခဲ့ပေ။

"ဒါက..."

ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့သော ပါရမီရှင် များသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏မျက်နှာများပေါ်တွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့၏ နတ်ဘုရားသားတော်သည် ကပ်ဘေးဒုက္ခမိုးကြိုးများကို ဖျက်ဆီးပစ်မည့် နည်းလမ်းပေါင်းစုံကို သူတို့ စိတ်ကူးယဉ်တွေးတောခဲ့ကြသည်။

သို့သော် သူတို့၏နတ်ဘုရားသားတော်သည် ဤအတိုင်း ငြိမ်ငြိမ်လေး ရပ်နေပြီး အဆုံးအစမရှိသည့် ကပ်ဘေးဒုက္ခမိုးကြိုးများက သူ့ကို အနည်းငယ်မျှပင် အန္တရာယ် မပေးနိုင် ဖြစ်နေမည်ဟု သူတို့ အမှန်တကယ်ကို မမျှော်လင့်ထားခဲ့ပေ။

ထိုသို့သော အစွမ်းထက်သည့် အနေအထားက အလွန်အမင်း ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှပြီး လူတိုင်း၏ စိတ်များကို ဗလာကျင်းသွားစေသည်။

ဝုန်း...

ဤအခိုက်အတန့်တွင် ခုံးဝူတောက်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားစီးကြောင်း လေးခုသည် တစ်ပြိုင်နက်တည်း တုန်ခါသွားပေ၏။

ထိုအရာများသည် သူ၏မရီဒါန်းများထဲသို့ စုပ်ယူလိုက်သော ကောင်းကင်မိုးကြိုးများကို အရသာရှိသော အစားအစာတစ်ခုကဲ့သို့ သဘောထားပြီး ထိုအရာအားလုံးကို ခွဲဝေ ဝါးမျိုလိုက်ကြသည်။

ဖျက်ဆီးခြင်း တားမြစ်စွမ်းအားများဖြင့် ပြည့်နှက်နေသော ကပ်ဘေးဒုက္ခအလင်းတန်း များသည် ခုံးဝူတောက်ကို အနည်းငယ်မျှ အန္တရာယ် မပေးနိုင်ခဲ့ရုံသာမက သူ့ကို အာဟာရဖြစ်စေမည့် စွမ်းအားတစ်ခုပင် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ တွေးထင်ထားခဲ့မည် မဟုတ်ပေ။

...

အခန်း (၃၂) လှံတစ်ချက်တည်းနဲ့ ရုပ်ခန္ဓာကိုယ်ရဲ့ ကပ်ဘေးဒုက္ခကို ချိုးဖျက်လိုက်ခြင်း.... ပြိုင်ဘက်ကင်းတဲ့ ကိုယ်ဟန်အမူအရာ

ခုံးဝူတောက်၏လုပ်ရပ်များက ပျံ့နှံ့နေသော ကပ်ဘေးဒုက္ခမိုးကြိုးကို ပို၍ဒေါသထွက်သွားစေခဲ့သည်။

ဝုန်း...

အချိန်တခဏအတွင်းမှာပင် ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာရှိ ထူထပ်သော ကပ်ဘေးဒုက္ခတိမ်တိုက်ဝဲကတော့သည် လောကကြီးကို ဖျက်ဆီးမည့် ကြိတ်ဆုံကျောက်ကြီးတစ်ခုအလား လည်ပတ်လာသည်။

အဆုံးမဲ့မိုးကြိုးများ ရောယှက်ကာ ဟိန်းဟောက်နေပြီး ပို၍ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားသည်။

ဤတစ်ကြိမ်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ သူတော်စင်များနှင့် အကြီးအကဲများစွာပင်လျှင် သူတို့၏နှလုံးသားများ အကြောက်တရားဖြင့် တုန်ရီသွားသည်ကို ခံစားလိုက်ရသည်။

အကယ်၍ ဤကပ်ဘေးဒုက္ခအလင်းတန်းသာ ကျဆင်းလာမည်ဆိုလျှင် သူတို့ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

"ဒီရုပ်ခန္ဓာကိုယ် ကပ်ဘေးဒုက္ခမိုးကြိုးက နည်းနည်းတော့ လွန်နေပြီ... ဒီလို စွမ်းအားမျိုးကို သာမန်လောက်ပဲ အစွမ်းထက်တဲ့ သူတော်စင် တစ်ပါးတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."

အကြီးအကဲတစ်ဦးက စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်သည်။

"တားမြစ်နယ်မြေသခင်..နတ်ဘုရားသားတော် သခင်ကို ငါတို့ သွားကူညီသင့်သလား..."

"မလိုပါဘူး..."

ခုံးဝူကျီက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး သူ၏အကြည့်က ခုံးဝူတောက် ရှိရာဘက်သို့ အမြဲတစေ စူးစိုက်၍ ကျရောက်နေကာ ပြောဆိုလိုက်သည်။

"ငါက ခုံးဝူတောက်ရဲ့စွမ်းအားကို ယုံကြည်တယ်..."

ခုံးဝူတောက်၏ဖခင်အနေဖြင့် ခုံးဝူကျီ သည် သူ၏သားကို အလွန်ကောင်းစွာ နားလည်ထားသည်။

သူ့သား၏ပါရမီနှင့် စွမ်းအားသည် သူ၏အကြီးမားဆုံး ဂုဏ်ယူစရာ အရင်းအမြစ် အမြဲတစေ ဖြစ်ခဲ့ပေ၏။

ထို့ပြင် သူ၏အကျင့်စရိုက်အရ ဆိုလျှင်....

ခုံးဝူတောက်သည် သူ၏ရုပ်ခန္ဓာကိုယ် ကပ်ဘေးဒုက္ခကို ကျော်လွှားရန် တခြားသူများ၏ စွမ်းအားကို အားကိုးရန် ဆန္ဒမရှိသည့်အပြင် ထိုသို့လုပ်ရန်ကိုပင် အထင်သေးပေလိမ့်မည်။

ရုတ်တရက် လူအိုကြီးတစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟဲဟဲ... စိတ်ပူစရာ မလိုပါဘူး... ဒီနေရာက ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေပဲလေ..."

"သာမန် ကောင်းကင်ကပ်ဘေးဒုက္ခလေးက အရမ်းကြီးမားတဲ့ မုန်တိုင်းတစ်ခုကို မဖန်တီးနိုင်ပါဘူး..."

ထိုစကားကို ကြားသောအခါ အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ အကြီးအကဲများစွာသည် အသံလာရာဘက်သို့ ကြည့်လိုက်ကြသည်။

"ဘိုးဘေးဆယ့်ကိုး... ဘာလို့ ဘိုးဘေးလည်း နိုးထလာရတာလဲ..."

"ပြီးတော့ ဘိုးဘေးဆယ့်ရှစ်...ဘိုးဘေးဆယ့်ခုနစ်..."

ရှေးဟောင်းဘိုးဘေးကြီးသုံးပါးသည် အပြုံးဖြင့် ခေါင်းညိတ်ရုံသာ ပြုလိုက်ကြသည်။

သူတို့၏မျက်လုံးများသည် အချိန်လေဟာနယ် သူတော်စင်ခန်းမ အထက်ရှိ ခုံးဝူတောက်ကို ကြည့်နေပြီး အံ့အားသင့်လေးစားမှုများ စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်နေသည်။

ခုံးဝူတောက် နိုးထကတည်းက သူ၏ အရှိန်အဝါကို သူတို့ အာရုံခံမိပြီး တစ်ယောက်ပြီးတစ်ယောက် နိုးထလာခဲ့ကြခြင်း ဖြစ်သည်။

ဆက်တိုက်ပေါ်ထွက်လာသော တာအို၏ ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်များကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ပေ။

သူ့ထံမှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် ဤ ရှေးဟောင်းဘိုးဘေးကြီးများကို သူတို့၏ အိပ်မောကျနေရာမှ နိုးထစေခဲ့ရုံသာမက...

ရှေးဟောင်းဘိုးဘေးကြီးခြောက်ပါးနှင့် ရှေးဦးဘိုးဘေးကြီးသုံးပါးပင်လျှင် ဤကိစ္စအတွက် သူတို့၏ နတ်ဘုရားစိတ်အာရုံများကို ဆင်းသက်စေခဲ့ပြီး အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေသော သူတို့၏ ဥပဒေသကိုယ်ပွားများကို နိုးထစေခဲ့သည်။

သူတို့၏ ရှေးဟောင်းဘိုးဘေးကြီးများနှင့် ရှေးဦးဘိုးဘေးကြီးများသည် မရေမတွက်နိုင်သော ခေတ်ကာလများကတည်းက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားခဲ့ကြလေပြီ။

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများတွင် ချန်ရစ်ခဲ့သော ဥပဒေသကိုယ်ပွား တစ်ခုပင်လျှင် မူလပိုင်ရှင်၏စွမ်းအား တစ်သန်းပုံတစ်ပုံသာ ရှိသည်။

အကယ်၍ သူတို့၏ စစ်မှန်သော ခန္ဓာကိုယ်များသာ ဤနေရာသို့ ဆင်းသက်လာမည်ဆိုလျှင် လက်ချောင်းတစ်ချောင်း တောက်လိုက်ရုံဖြင့် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများအနက်မှ အများစုကို ဖျက်ဆီးပစ်နိုင်သည်။

သေချာသည်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အခြေခံအုတ်မြစ်သည် ဤမျှသာ မကသေးချေ။

"မဟာမူလရုပ်ခန္ဓာကိုယ် လေးခု... ပြီးတော့ ဒါတွေအားလုံးက ဒဏ္ဍာရီခေတ်တုန်းက ပေါ်ထွက်ခဲ့တဲ့ မူလရုပ်ခန္ဓာကိုယ်တွေချည်းပဲ..."

ဘိုးဘေးဆယ့်ကိုးသည် ကောင်းကင်ယံအထက်ရှိ တောက်ပနေသော ပုံရိပ်ကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

"ငါတို့အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ ဒီမျိုးဆက်အတွက် ခုံးဝူတောက် ရှိနေပြီ... နောက်ဆုံးကျရင် ကြီးမားတဲ့ စီမံကိန်းကြီးက သေချာပေါက် ပြီးမြောက်သွားလိမ့်မယ်..."

...

ဤအချိန်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများဖြင့် တဝုန်းဝုန်းထနေသည့် ကပ်ဘေးဒုက္ခမိုးကြိုးသည် ကျိုးပေါက်သွားသော ဆည်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။

ထိုမိုးကြိုးသည် စစ်လှံတစ်လက်နှင့်တူသော မိုးကြိုးအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ခုံးဝူတောက်ဆီသို့ ပြင်းထန်စွာ တိုးဝင်လာသည်။

ဤအခိုက်အတန့်တွင် တရားစီရင်ခြင်းလှံတစ်လက် မိုးကောင်းကင်ယံမှ ဆင်းသက်လာသည့်အလားပင်။

ကြီးမားကျယ်ပြန့်သော အရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်ပင်လျှင် ဝမ်းနည်းပူဆွေးသော ငိုကြွေးသံများကို ထုတ်လွှတ်နေသည်။

"နတ်ဘုရားလှံတစ်လက်နဲ့တူတဲ့ ကပ်ဘေးဒုက္ခမိုးကြိုးလား..."

"လှံ တာအိုကို ဒီနတ်ဘုရားသားတော်က သိပ်မထိတွေ့ဖူးပေမယ့်... ဒီသာမန်ကပ်ဘေးဒုက္ခမိုးကြိုးလေးကို ဖြေရှင်းဖို့တော့ လုံလောက်သင့်တယ်..."

ခုံးဝူတောက်က ခပ်ဖျော့ဖျော့ပြုံးကာ အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

ကောင်းကင်နှင့်မြေကြီးမှ အင်္သချေတာအို များ၏ လက်နက်များကို ဆင်းသက်စေနိုင်သော အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်သည် သူ၏ အတွေးတစ်ချက်ဖြင့် အမျိုးမျိုးသော လက်နက်ပုံစံများအဖြစ် ပြောင်းလဲနိုင်ပေ၏။

ခုံးဝူတောက်၏အတွေး လှုပ်ရှားလိုက်သည်နှင့် သူ၏လက်ထဲရှိ အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်သည် တောက်ပစွာ လင်းလက်လာပြီးနောက် ငွေရောင်တောက်ပနေသော နတ်ဘုရားလှံတစ်လက်အဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်။

"သာမန်ရုပ်ခန္ဓာကိုယ် ကပ်ဘေးဒုက္ခမိုးကြိုး လေးကို ငါက လှံတစ်ချက်တည်းနဲ့ ချိုးဖျက်ပစ်မယ်..."

ခုံးဝူတောက်က ခပ်ဖျော့ဖျော့ပြုံးကာ နတ်ဘုရားလှံကို ဆုပ်ကိုင်ပြီး သူ၏ခေါင်းအထက်သို့ မြှောက်ကာ သူ၏ခန္ဓာကိုယ်ကို နောက်သို့ယိမ်း၍ ပစ်လွှတ်မည့်ဟန် ပြင်လိုက်သည်။

ဝီ...

တစ်ချိန်တည်းမှာပင် အဆုံးမဲ့လှံတာအို မှော်စာလုံးများသည် ခုံးဝူတောက်၏ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထိုစာလုံးများသည် နတ်ဘုရားလှံကို ဖြည်းညှင်းစွာ ရစ်ပတ်သွားကာ တောက်ပနေပြီဖြစ်သော နတ်ဘုရားလှံကို ပို၍ပင် တောက်ပလာစေသည်။

ပျံ့နှံ့နေသော ကပ်ဘေးလှံအလင်းတန်းက အနီးသို့ ရောက်ရှိလာချိန်တွင် ခုံးဝူတောက်သည် နတ်ဘုရားလှံကို ချက်ချင်းပစ်လွှတ်လိုက်၏။

ဝုန်း...

အချိန်တခဏအတွင်းမှာပင် သူ၏ရှေ့ရှိ ဟင်းလင်းပြင်သည် အလွှာလိုက်ကွဲအက်သွားပြီး လှိုင်းထနေသော ဥပဒေသလှိုင်းတံပိုးများက မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားကာ နားကွဲမတတ် တုန်ခါသံများကို ထုတ်လွှတ်လိုက်သည်။

ငွေရောင်တောက်ပနေသော နတ်ဘုရားလှံသည် ဟင်းလင်းပြင်ကို ချက်ချင်း ဖောက်ထွင်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကို ဆန့်ကျင်ကာ မြင့်တက်သွားသည်။

ဝီ...

နတ်ဘုရားလှံမှ ပေါက်ကွဲထွက်လာသော တောက်ပမှုသည် နေမင်းကို ထိုးဖောက်သွားသည့် အလင်းတန်းရှည်ကြီးတစ်ခုကဲ့သို့ဖြစ်ပြီး မိုးကြိုးအမြောက်အများကို ချက်ချင်းဆုတ်ဖြဲလိုက်သည်။

ထို့နောက် ထိုနတ်ဘုရားလှံသည် အဆုံးအစမရှိသော မိုးကြိုးပင်လယ်ကြီးကို အမှန်တကယ်ပင် အတင်းအကြပ် နှစ်ပိုင်းခွဲလိုက်၏။

လူတိုင်း၏ မြေငလျင်လှုပ်သကဲ့သို့ တုန်လှုပ်နေသော သူငယ်အိမ်များထဲတွင်....

ခုံးဝူတောက်ကို ဝါးမျိုတော့မည့် ဖျက်ဆီးခြင်း ဘေးဒုက္ခအလင်းတန်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရသည့်အလားပင်။ ထိုအရာသည် ချက်ချင်းဆိုသလိုပင် ဆီးနှင်းတောင် ပြိုကျသကဲ့သို့ ပြိုကျသွားပြီး မရေမတွက်နိုင်သော ကြယ်မှုန်များအဖြစ် ပြောင်းလဲသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

ဤမြင်ကွင်းသည် မည်မျှထိ ခမ်းနားထည်ဝါလိုက်သနည်း...

အောက်ဘက်တွင် ခုံးဝူတောက်သည် အချိန်ကို တွက်ချက်ပြီးသား ဖြစ်ပုံရသည်။

သူက ဘယ်လက်ကို နောက်ကျောဘက်တွင် ထားကာ ညာလက်ကို ရုတ်တရက် ဆန့်တန်းလိုက်သည်။

သူသည် ကောင်းကင်မှ ကျဆင်းလာသော အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်ကို တိကျစွာ ဖမ်းဆုပ်လိုက်၏။

အင်္သချေသရုပ်ထင်ဟပ်ခြင်း နတ်ဘုရားလက်နက်သည် သူ၏ လက်ထဲသို့ ရောက်ရှိသွားသည့် အခိုက်အတန့်မှာပင် ကောင်းကင်နှင့် မြေကြီးသည် တစ်ပြိုင်နက်တည်း အံ့အားသင့်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့လိုက်ရသည်။

ဝှစ်...

ကောင်းကင်ကို ဖုံးကွယ်ထားသော တိမ်မည်း သမုဒ္ဒရာကြီး၏အလယ်ဗဟိုတွင် နတ်ဘုရားအလင်းတန်း အစက်အပြောက်များ ရုတ်တရက် လင်းလက်လာပြီး ကြယ်ပေါင်း သန်းရာချီ၍ တစ်လုံးပြီးတစ်လုံး ထွန်းညှိခြင်းခံလိုက်ရသည့်အလားပင်။

ရုတ်ချည်းဆိုသလိုပင် ကြီးမားသော ကပ်ဘေးဒုက္ခတိမ်တိုက်များသည် လောကကြီးကို တုန်ခါစေသော ဟိန်းဟောက်သံများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကြောင့် အလယ်မှနေ၍ အတင်းအကြပ် ဆုတ်ဖြဲခံလိုက်ရသည်။

လှိုင်းထနေသော ဥပဒေသလှိုင်းတံပိုးများသည် ကျိုးပေါက်သွားသော အပေါက်ကို ဗဟိုပြု၍ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

လှိုင်းတံပိုးများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော တိမ်မည်းကြီးများသည် ပူပြင်းသော နေရောင်နှင့် တွေ့သော နှင်းပွင့်များကဲ့သို့ အလွှာလိုက် ပျောက်ကွယ်သွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်အင်မော်တယ်တစ်ပါးက တိမ်များနှင့် မြူများကို ခွဲထုတ်လိုက်သကဲ့သို့ဖြစ်ပြီး ရုတ်တရက် တိမ်များ ကွဲသွားကာ တောက်ပသော လမင်းကြီး ထွက်ပေါ်လာပြီး မူလက တောက်ပနေသော ကြယ်တာရာ ကောင်းကင်ယံကြီးကို ဖော်ပြလိုက်သည့်အလားပင်။

ကြယ်တာရာကောင်းကင်ယံအောက်တွင် အရပ်ရှည်ပြီး သွယ်လျသော ဝတ်ရုံဖြူပုံရိပ်လေး ရှိနေသည်။

သူ၏ဘယ်လက်က နောက်ကျောဘက်တွင် ရှိနေပြီး သူ၏ညာလက်က နတ်ဘုရားလှံကို ကိုင်ဆောင်ထားသည်။

သူ၏ဝတ်ရုံဖြူများ လှုပ်ခတ်နေပြီး အနက်ရောင်ဆံပင်များ လူးလွန့်နေကာ အင်မော်တယ် တစ်ပါးကဲ့သို့ လောကီနှင့်ကင်းကွာပြီး သာလွန်ထူးကဲနေသည်။

...

ဤအချိန်အခိုက်အတန့်တွင်....

အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ဟင်းလင်းပြင် အေးခဲတောင့်တင်းသွားပြီး ဥပဒေသ များ ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။

လူများအားလုံး၏အကြည့်သည် ထိုအရပ်ရှည်ပြီး သွယ်လျသော ပုံရိပ်လေးပေါ်တွင် စုစည်းနေကြ၏။

ဤအခြေအနေသည် မည်မျှထိ ကြာမြင့်ခဲ့သည်ကို မသိရပေ။

ကြက်သေသေနေသော လူအုပ်ကြီးသည် ရုတ်တရက် ဆူညံသွားပြီး အံ့အားတသင့်ရေရွတ်သံများ နေရာအနှံ့အပြားမှ ထွက်ပေါ်လာသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင် များသည် ပို၍ပင်စိတ်လှုပ်ရှားနေကြပြီး တစ်ယောက်ပြီးတစ်ယောက် ခုန်ပေါက်နေကြသည်။

သူတို့သည် ခုံးဝူတောက်ကိုယ်တိုင်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြ၏။

"ပြီးသွားပြီ... နတ်ဘုရားသားတော်သခင်က လှံတစ်ချက်တည်းနဲ့ ရုပ်ခန္ဓာကိုယ် ကပ်ဘေးဒုက္ခ တိမ်တိုက်တွေကို ချေမှုန်းပစ်လိုက်ပြီ..."

"သူက ပျံ့နှံ့နေတဲ့ ကပ်ဘေးဒုက္ခမိုးကြိုးတွေကို လုံးဝဒဏ်ရာမရဘဲ တောင့်ခံနိုင်ခဲ့တယ်... ပြီးတော့ ကပ်ဘေးဒုက္ခတိမ်တိုက်တွေကို လှံတစ်ချက်တည်းနဲ့ ချေမှုန်းပစ်ခဲ့တယ်..."

"ဒီလို ပြိုင်ဘက်ကင်းပြီး သူရဲကောင်းဆန်တဲ့ ကိုယ်ဟန်အမူအရာမျိုးကို ကောင်းကင်ဘုံတွေနဲ့အင်္သချေနယ်ပယ်တွေအားလုံးမှာ ဘယ်သူက ယှဉ်နိုင်မှာလဲ..."

"ဟား ဟား ဟား... နတ်ဘုရားသားတော်သခင် က ကပ်ဘေးဒုက္ခတိမ်တိုက်တွေကို အခွင့်အရေး ပေးထားရင်တောင်မှ ရှုံးနိမ့်မှု မရှိသေးဘူး... နတ်ဘုရားသားတော်သခင်က ပြိုင်ဘက်ကင်းတယ်..."

"နတ်ဘုရားသားတော် သခင်ရဲ့ နတ်ဘုရားစွမ်းအားက ပြိုင်ဘက်ကင်းပြီး ကောင်းကင်ဘုံတွေအားလုံးမှာ အနိုင်ယူလို့ မရဘူး..."

"..."

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဤပါရမီရှင် များသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်ပယ်များတွင် ထူးခြားထက်မြက်သူများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ ကိုယ်ပိုင်ဂုဏ်ယူမှုများကို ပိုင်ဆိုင်ထားကြသည်။

သို့သော် ယနေ့တွင် သူတို့သည် သူတို့ နတ်ဘုရားသားတော်၏ ပြိုင်ဘက်ကင်းသော နတ်ဘုရားစွမ်းအားကြောင့် လုံးလုံးလျားလျား အညံ့ခံသွားကြလေပြီ။

သူတို့သည် အံ့အားသင့်ဖွယ်တစ်ခု မွေးဖွားလာသည်ကို သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်။

ခုံးဝူတောက်၏ အစွမ်းထက်သော အမူအယာသည် သူတို့၏နှလုံးသားထဲတွင် သေချာစွာ စွဲထင်သွားပြီး မေ့ဖျောက်၍မရနိုင်အောင် ဖြစ်နေလေပြီ။

All Chapters