အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉) ရတနာတွေကို ဆက်တိုက်ပေးအပ်လာကြပြီး အဖွဲ့အစည်းအားလုံးက ဖိတ်ခေါ်နေကြတယ်
ပြန်လည်ဝင်စားခြင်း မဟာဧကရီက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
သူမသည် ကြိုတင်ပြင်ဆင်မှုများကိုပင် ပြုလုပ်ထားပြီးဖြစ်သည်။
ခုံးဝူတောက်သည် သူမကို မည်သို့သော မျက်နှာသာမျှ ပေးမည်မဟုတ်ဘဲ သူမကိုလည်း ဤကိစ္စထဲသို့ ဆွဲသွင်းလိမ့်မည်ဟု တွေးထင်ခဲ့မိခြင်းဖြစ်သည်။
ပြန်လည်မွေးဖွားသူ တစ်ယောက်အနေဖြင့် သူမသည် ခုံးဝူတောက်၏အကျင့်စရိုက်ကို သဘာဝကျကျ သိရှိထားသည်။
သူမ၏ ယခင်ဘဝတွင် ခုံးဝူတောက်သည် အမြဲတစေ အာဏာရှင်ဆန်ပြီး သူ၏ စိတ်ခံစားမှုများသည် ခန့်မှန်းရခက်ပေ၏။
သူ့ကို ရန်စသူတိုင်းသည် အပိုင်းပိုင်း ဆုတ်ဖြဲခံရခြင်း သို့မဟုတ် အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် သူ၏ ဖိနှိပ်သတ်ဖြတ်ခြင်းတို့ကို ခံရပေမည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ့ကို ရန်စခြင်းသည် သေချာပေါက်သေရမည်ဟူသော အဓိပ္ပာယ်ပင်။
ခုံးဝူတောက်က ဤမျှ ကြီးမားသော သနားညှာတာမှု ပြသပြီး သူမကို အသက်ချမ်းသာပေးလိမ့်မည်ဟု သူမ အမှန်တကယ်ကို မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ဤသည်က သူမအတွက် သတိပေးချက်တစ်ခုလည်း ဖြစ်သည်။
ခုံးဝူတောက်သည် သူ့အပေါ် အကြံအစည်ရှိသူများကို အမုန်းဆုံးဖြစ်ပြီး တစ်ကြိမ် ဖော်ထုတ်ခံရသည်နှင့် သေလမ်းသာဖြစ်ပေမည်။
သူမသည် ဤအရေးကြီးသောအချက်ကို အမှန်တကယ်ကို မေ့လျော့နေခဲ့သည်။
သူမသည် ကြီးမားသော အမှားကြီး တစ်ခုကို လုပ်မိတော့မလိုပင် ဖြစ်သွားခဲ့ပေ၏။
"ကြည့်ရတာ... ခုံးဝူတောက်ကို ဒီလို နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတာက... မဖြစ်နိုင်သလောက်နီးပါးပဲ..."
"ဒါဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့..."
အကယ်၍ သူမက သူမ၏တပည့်ကို လျှို့ဝှက်ရည်ရွယ်ချက်ဖြင့် ခုံးဝူတောက်ထံ နောက်တစ်ကြိမ် ချဉ်းကပ်ခိုင်းမည်ဆိုလျှင် ထိုအရာသည် သူ့ထံမှ ကြီးမားသော မကျေနပ်မှုကို သေချာပေါက် ဖြစ်ပေါ်စေပေလိမ့်မည်။
ထိုသို့သောအခြေအနေကို ရှောင်ရှားရန် သူမ ကိုယ်တိုင်သာ သွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ရိုးသားမှုသည် အဆုံးစွန်သော သတ်ဖြတ်ခြင်းတိုက်ကွက်ပင်။
သူမ၏နှလုံးသားထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ပြန်လည်ဝင်စားခြင်း မဟာဧကရီသည် ခုံးဝူတောက်ဆီသို့ဦးတည်ပြီး နောက်တစ်ကြိမ် သူမ၏လက်နှစ်ဖက်ကို ဆုပ်ကာ ပြောဆိုလိုက်သည်။
"ဒီနေ့ကိစ္စက ကျွန်မတို့ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းရဲ့ အမှားပါ..."
"ဒီမဟာဧကရီက နောက်တစ်နေ့မှာ တောင်းပန်ဖို့ သေချာပေါက် လာရောက်လည်ပတ်ပါ့မယ်... ကျေးဇူးပြုပြီး နတ်ဘုရားသားတော် ခုံးဝူတောက်... စိတ်ထဲ မထားပါနဲ့..."
အခြေအနေများအရ သူမ အဓိက လုပ်ရမည့်အရာမှာ ခုံးဝူတောက်၏ စိတ်ခံစားမှုများကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ရန်ပင်။
ဤကိစ္စကြောင့် သူတို့ကြားတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်သွားခြင်း သို့မဟုတ် ရန်သူများ ဖြစ်သွားခြင်းတို့ကို သူမ အဖြစ်မခံနိုင်ပေ။
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ချူယွင်ရှီးသည် လက်ခံသူအပေါ် ကျေးဇူးတင်နေကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်... စနစ်က ယဉ်ပါးအောင် သွေးဆောင်ခြင်း လုပ်ငန်းစဉ်ကို အလိုအလျောက် စတင်လိုက်သည်...]
[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ချူယွင်ရှီးကို ၂ ရာခိုင်နှုန်း ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့သည့်အတွက် လက်ခံသူကို ဂုဏ်ယူပါသည်... သူမ၏ကောင်းကင်အမိန့်တော်အမှတ်များ အမှတ် ၅၀၀ လျော့ကျသွားသည်...]
[သုံးဆ ပြင်းထန်သော ထိုးနှက်ချက်ကို အောင်မြင်စွာ ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၁၅၀၀ ကို ရရှိခဲ့သည့်အတွက် လက်ခံသူ ကို ဂုဏ်ယူပါသည်...]
[ချူယွင်ရှီး၏ ကျန်ရှိနေသော ကောင်းကင်အမိန့်တော်အမှတ်: ???]
စနစ်၏စကားများကို ကြားသောအခါ ခုံးဝူတောက်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
မမျှော်လင့်ထားသော အကျိုးအမြတ်တစ်ခု ထပ်ရပြန်သလော..
ဤပြန်လည်ဝင်စားခြင်း မဟာဧကရီသည် နည်းဗျူဟာများ ရေးဆွဲရာတွင်လည်း ထူးချွန်သူပင်။
သူမကို ၂ ရာခိုင်နှုန်း ယဉ်ပါးအောင် သွေးဆောင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ အများကြီး မဟုတ်သော်လည်း အစကောင်းတစ်ခုပင်။
သေချာသည်မှာ သူမကို ယဉ်ပါးအောင် သွေးဆောင်၍ မရလျှင်ပင် ကိစ္စမရှိချေ။
အကယ်၍ လိုအပ်လာလျှင် သူ သူမကို သတ်ပစ်လိုက်၍ရသည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်..."
ဤအချိန်အခိုက်အတန့်တွင် ပြန်လည်ဝင်စားခြင်း မဟာဧကရီ သည်လည်း ခုံးဝူတောက်၏ စူးစမ်းလေ့လာနေသော အကြည့်ကို သတိပြုမိပြီး နားမလည်စွာဖြင့် မေးလိုက်မိသည်။
မဟာဧကရာဇ် အစွမ်းထက် ကျွမ်းကျင်သူ တစ်ဦးအနေဖြင့် သူမ၏အတွေ့အကြုံများသည် အလွန်ကြွယ်ဝပေ၏။
သူမ တစ်စုံတစ်ခုကို ရှင်းလင်းစွာ အာရုံခံမိသည်။
ခုံးဝူတောက်က သူမကို ကြည့်နေသည့် အကြည့်က အရမ်း ထူးဆန်းနေကာ သူမကို အလွန်စိတ်ဝင်စားနေသည့်အလားပင်။
ဤကဲ့သို့ အကြည့်မျိုးက သူမ၏ မဟာဧကရာဇ် ဂုဏ်သိက္ခာကို အထင်သေးခြင်း ဖြစ်သည်မှာ သေချာပေါက်ပင်။
အကယ်၍ တခြားသူတစ်ယောက်သာဆိုလျှင် သူမက တုံ့ဆိုင်းမနေဘဲ ချက်ချင်းသတ်ဖြတ်မိပေမည်။
သို့သော် ပြန်လည်မွေးဖွားသူ တစ်ယောက်အနေဖြင့် ခုံးဝူတောက်၏ နည်းလမ်းများနှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ အခြေခံအုတ်မြစ်တချို့ကို သိထားသူဖြစ်ရာ ခြိမ်းခြောက်မှု ပြုလုပ်ရန်အထိ သူမ မမိုက်မဲရဲပေ။
သူမ၏ ဂုဏ်ယူစရာ ဂုဏ်သိက္ခာကို စွန့်ပစ်လိုက်ရန်သာ သူမ တတ်နိုင်တော့သည်။
ရှောင်လွှဲ၍ရလျှင် တစ်ဖက်လူကို မရန်စခြင်းက အကောင်းဆုံးပင်။
...
ထိုစကားကို ကြားသောအခါ ခုံးဝူတောက်က ပြုံးရုံသာ ပြုံးပြီး ပြောဆိုလိုက်သည်။
"စီနီယာ... စိတ်ချပါ... ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကို စီနီယာ့ရဲ့မျက်နှာကို ထောက်ပြီး လျစ်လျူရှုပေးပါ့မယ်..."
"ဒါပေမယ့် ဂျူနီယာက စီနီယာ့ရဲ့ နာမည်ကြီးမှုကို အချိန်အတော်ကြာကတည်းက လေးစားအားကျခဲ့ရပြီးတော့ ပြန်လည်ဝင်စားခြင်း မဟာတာအိုကို အတော်လေး စိတ်ဝင်စားမိတယ်..."
"အနာဂတ်မှာ စီနီယာက ဂျူနီယာကို ပြန်လည်ဝင်စားခြင်း မဟာတာအိုနဲ့ ပတ်သက်ပြီး လမ်းညွှန်မှု နည်းနည်းလောက် ပေးနိုင်မလား မသိဘူး..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားပေ၏။
ကျွမ်းကျင်သူများစွာသည် အနည်းငယ် တွေဝေသွားကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ ဤသို့သော အပြောင်းအလဲကို လုံးဝ မမျှော်လင့်ထားခဲ့ကြောင်း သိသာရှင်းလင်းနေသည်။
ကျွမ်းကျင်သူများ အနည်းငယ် မိန်းမောသွားရုံသာမက ပြန်လည်ဝင်စားခြင်း မဟာဧကရီကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
ခုံးဝူတောက်... နှောင်းပိုင်း အမှောင်ခေတ်၏ အထွတ်အထိပ် ဧကရာဇ်... ဤကိစ္စကို အလွယ်တကူ လျစ်လျူရှုလိုက်ရုံသာမကဘဲ သူမဆီ ကိုယ်တိုင်လာပြီး တာအို အကြောင်း ရှင်းပြခိုင်းချင်သေးသလော....
သူ၏ လုပ်ရပ်များသည် သူမတို့ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ အမှားများကို ခွင့်လွှတ်ရုံသာမက ရင်းနှီးမှု ပြသသည့် အမူအယာတစ်ခုကိုလည်း ပြသနေခြင်းဖြစ်သည်။
အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ရှေးဟောင်းဘိုးဘေးကြီးများ မရေမတွက်နိုင်အောင် ရှိပြီး ထိုလူများအနက် ပြန်လည်ဝင်စားခြင်း မဟာတာအိုကို ကျွမ်းကျင်သူများလည်း ပါဝင်သည်။
သူတို့အနက်မှ တချို့သည် သူမထက်ပင် ပြန်လည်ဝင်စားခြင်း မဟာတာအိုကို ပို၍ ခိုင်မာစွာ နားလည်သဘောပေါက်ထားကြ၏။
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် တစ်ပါးအနေဖြင့် ခုံးဝူတောက်က စကားပြောလိုက်ရုံဖြင့် အထွတ်အထိပ် ပြန်လည်ဝင်စားခြင်း မဟာတာအို အစွမ်းထက် ကျွမ်းကျင်သူများက သူ့ကို တာအို အကြောင်း ရှင်းပြပေးပေလိမ့်မည်။
သူမထံတွင် မည်သည့်အရည်အချင်းများ ရှိနေသောကြောင့် ဖြစ်သနည်း....
သို့သော် ပြန်လည်ဝင်စား မဟာဧကရီသည် သူ့ထံသို့ ချဉ်းကပ်ရန် ဤအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
သူမကလည်း အလျင်အမြန် ပြောဆိုလိုက်သည်။
"တကယ်လို့ နတ်ဘုရားသားတော် ခုံးဝူတောက် က တောင်းဆိုမယ်ဆိုရင် ဒီမဟာဧကရီက သဘာဝကျကျ ဆန္ဒရှိပါတယ်..."
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ချူယွင်ရှီးသည် လက်ခံသူအပေါ် ကျေးဇူးတင်နေကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်... စနစ်က ယဉ်ပါးအောင် သွေးဆောင်ခြင်း လုပ်ငန်းစဉ်ကို အလိုအလျောက် စတင်လိုက်ပါသည်...]
[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ချူယွင်ရှီးကို ၂ ရာခိုင်နှုန်း ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့သည့်အတွက် လက်ခံသူကို ဂုဏ်ယူပါသည်... သူမ၏ကောင်းကင်အမိန့်တော်အမှတ်များ အမှတ် ၅၀၀ လျော့ကျသွားပါသည်...]
[နှစ်ဆ ပြင်းထန်သော ထိုးနှက်ချက်ကို အောင်မြင်စွာ ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၁၀၀၀ ကို ရရှိခဲ့သည့်အတွက် လက်ခံသူကို ဂုဏ်ယူပါသည်...]
[ပစ်မှတ်၏ ကျန်ရှိနေသော ကောင်းကင်အမိန့်တော်အမှတ်: ???]
[ပစ်မှတ်၏ ယဉ်ပါးအောင် သွေးဆောင်ခြင်း တိုးတက်မှု: ၄ %]
တစ်ဖက်လူက တိုက်ရိုက်သဘောတူရုံသာမက က သူမအတွက် နည်းဗျူဟာများပင် ထပ်ရေးဆွဲနေသည်ကို မြင်တွေ့ချိန်၌....
ခုံးဝူတောက်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု မသိမသာ ကွေးတက်သွားသည်။
တစ်ဖက်လူက ဤမျှ လွယ်လွယ်ကူကူဖြင့် နည်းဗျူဟာများ ဆွဲနေခြင်းက သူမသည် အလွန်ရိုးအလွန်းသည်ဟု ဆိုလိုခြင်း မဟုတ်လောက်ချေ။
သူမသည် နှောင်းပိုင်းခေတ်များတွင် မည်သည့်အရာများ ဖြစ်ခဲ့သည်ကို... အထူးသဖြင့် သူနှင့် ပတ်သက်ပြီး မည်သည့်အရာ ဖြစ်ခဲ့သည်ကို သိနေနိုင်ခြေ အလွန်များသောကြောင့် သူ့အပေါ်တွင် ရှင်းပြ၍မရသော အကြောက်တရား ရှိနေခြင်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေ ဤကိစ္စသည် သူ၏အစီအစဉ်အတိုင်း ချောမွေ့စွာ ဖြစ်ပေါ်နေသည်။
လောလောဆယ် သူသည် လူငယ်မျိုးဆက် တစ်ယောက်မျှသာ ဖြစ်ပေ၏။
အကယ်၍ သူက သူမ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့်တွေ့ဆုံရန် တိုက်ရိုက်အဆိုပြုမည်ဆိုလျှင် သူမ၏သံသယများကို ဖြစ်ပေါ်စေနိုင်ခြေ အလွန်များသည်။
ထို့ပြင် တစ်ဖက်လူ လာရောက်လည်ပတ်မည့်အချိန်ကို စောင့်ဆိုင်းခြင်းက ဦးဆောင်မှုကို သူမထံ သေချာပေါက် လွှဲပြောင်းပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဦးဆောင်မှုကို ရယူခြင်းက ပို၍လုံခြုံသော နည်းလမ်းပင်။
သူမကို တာအို အကြောင်း ရှင်းပြပေးရန် တောင်းဆိုမှုကို အစပြုမှုအဖြစ် အသုံးပြုခြင်းဖြင့် သူသည် သူမ၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် တွေ့ဆုံနိုင်ရုံသာမက သူမနှင့် ပို၍နီးကပ်လာနိုင်ပြီး သူမကို ယဉ်ပါးအောင် သွေးဆောင်ရန် အခွင့်အရေလည်း ပိုရလာနိုင်သည်။
"ကောင်းပြီ... ဒီနတ်ဘုရားသားတော် က နောက်တစ်နေ့ကျရင် လာရောက်လည်ပတ်ပါ့မယ်..."
ခုံးဝူတောက်က အပြုံးဖျော့ဖျော့ဖြင့် တုံ့ပြန်လိုက်သည်။
ခုံးဝူတောက်သည် နောက်ပိုင်းတွင် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းသို့ သူကိုယ်တိုင် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ကြားသောအခါ ပြန်လည်ဝင်စားခြင်း မဟာဧကရီ၏ စိတ်သည် ပို၍ပင် တွေဝေမိန်းမောသွားလေ၏။
ခုံးဝူတောက်၏အထောက်အထားက ထူးခြားသည်။
အကယ်၍ သူသာ သူမ၏ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းသို့ သူကိုယ်တိုင် လာရောက်လည်ပတ်မည်ဆိုလျှင် ဤသည်က ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများရှိ တခြားအင်အားစုများကို အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် သူမတို့ကြားရှိ ဆက်ဆံရေးကို သွယ်ဝိုက်၍ ပြသလိုက်ခြင်းပင်။
ဤသည်က ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း အတွက် အကျိုးရှိပြီး ဆိုးကျိုးမရှိပေ။
သူမ၏တပည့်ကို သူနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားရန်အတွက် သူမ မျှော်လင့်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ခုံးဝူတောက်နှင့် အပြန်အလှန် ဆက်သွယ်မှု ရှိလာသူမှာ သူမ ကိုယ်တိုင် ဖြစ်နေသည်။
ဤသည်က သူမကို ရှုပ်ထွေးသော စိတ်ခံစားမှုများ ခံစားရစေပြီး တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှု အရိပ်အယောင် အနည်းငယ်ကိုလည်း ဖြစ်ပေါ်စေသည်။
အလားတူပင် ခုံးဝူတောက်သည် အနာဂတ်တွင် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ကြားပြီးနောက်....
ဂါရဝပြုရန် လာရောက်ကြသော သံတမန် အများအပြားသည်လည်း အလွန်အမင်း မနာလိုသည့် အမူအရာများကို ပြသလာကြပြီး သူတို့၏ တည်ငြိမ်မှုကို လုံးဝဆုံးရှုံးသွားကြသည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်... ဒါက ကျွန်တော်တို့ မဟာယန် ကောင်းကင်ဘုံဂိုဏ်း ရဲ့ ရိုးသားမှု အထိမ်းအမှတ် လက်ဆောင်လေးပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ နတ်ဘုရားသားတော် ခုံးဝူတောက်... နတ်ဘုရားသားတော်က ကျွန်တော်တို့ မဟာယန် ကောင်းကင်ဘုံဂိုဏ်း ကိုလည်း လာရောက်လည်ပတ်ပေးနိုင်မလား... ဒါက ကျွန်တော်တို့ မဟာယန် ကောင်းကင်ဘုံဂိုဏ်း အတွက် ကြီးမားတဲ့ ဂုဏ်ကျက်သရေကို သေချာပေါက် ယူဆောင်လာပေးမှာပါ..."
"နတ်ဘုရားသားတော် ခုံးဝူတောက်... ဒါတွေက ကျွန်တော်တို့ ကောင်းကင်ရတနာခန်းမဆောင် က ပြင်ဆင်ထားတဲ့ လက်ဆောင်တွေပါ... ကျေးဇူးပြုပြီး နတ်ဘုရားသားတော်က သေချာပေါက် လက်ခံပေးပါ... နတ်ဘုရားသားတော်က ကျွန်တော်တို့ရဲ့ ကောင်းကင် ရတနာခန်းမဆောင်ကိုလည်း ဧည့်သည်အဖြစ် လာရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်..."
"နတ်ဘုရားသားတော်... ဒါက ကျွန်တော်တို့ လေတိမ်တိုက်မျှော်စင်က သခင်အတွက် ပြင်ဆင်ထားတဲ့ ကောင်းကင်နဲ့မြေကြီး ရတနာတစ်ခုပါ... ကျေးဇူးပြုပြီး ကျွန်တော့်တို့ လေတိမ်တိုက်မျှော်စင်ကိုလည်း ဧည့်သည်အဖြစ် လာရောက်ပေးပါ..."
".........."
အချိန်တခဏအတွင်းမှာပင် ဂါရဝပြုရန် လာရောက်ကြသော သံတမန်များအားလုံး ရတနာများကို ပေးအပ်လိုက်ကြသည်။
သူတို့သည် ခုံးဝူတောက်ကို သူတို့၏ အင်အားစုများသို့ ဧည့်သည်အဖြစ် လာရောက်ရန် အတတ်နိုင်ဆုံး ဖိတ်ခေါ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်ပင်။
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဧကရာဇ်သားတော်များအားလုံးသည် အဆင့်အတန်း အလွန်မြင့်မားကြ၏။
ဧကရာဇ်သားတော်များ၏အထက်တွင်ရှိသော နတ်ဘုရားသားတော်တစ်ပါး ပိုင်ဆိုင်ထားသည့် စွမ်းအားက မည်မျှထိ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
ထို့ပြင် သူတို့ကို ခုံးဝူတောက်၏ မျက်နှာသာပေးမှုကို အလိုချင်ဆုံး ဖြစ်စေသောအရာမှာ သူ၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွန်းရောက်နေသော ပါရမီပင်။
ဤမျိုးဆက်တွင် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်အဖြစ် ရွေးချယ်ခံရမည့်သူက ခုံးဝူတောက်ဖြစ်ရန် ဖြစ်နိုင်ခြေအလွန်များသည်။
ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်သည် မျိုးဆက်တစ်ဆက်တွင် တစ်ပါးသာ ပေါ်ထွက်လာလေ့ရှိပြီး ကံကြမ္မာပါလာသည့် တည်ရှိမှုတစ်ခုဖြစ်ကာ ဧကရာဇ်တာအို ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုပင်။
ဤကဲ့သို့သော ပါရမီရှိသည့် လူငယ်တည်ရှိမှုတစ်ခု၏ အနာဂတ် အောင်မြင်မှုများသည် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများ တွင် သေချာပေါက် ထင်ရှားကျော်ကြားလာပေလိမ့်မည်။
ရင်းနှီးမှု ပြသလာသော အင်အားစုများစွာကို ရင်ဆိုင်ရသော်လည်း ခုံးဝူတောက်သည် စိတ်ဝင်စားမှု မရှိဆဲပင်။
ဤရတနာများသည် သူ၏ မျက်လုံးထဲတွင် အမှန်တကယ်ကို သာမန်သာဖြစ်ပြီး သူက ထိုအရာများကို လုံးဝစိတ်မဝင်စားချေ။
သို့သော် အလကားရသောအရာများကို သူ မယူစရာ အကြောင်းမရှိပေ။
ထိုအရာများကို ကောင်းကင်အလင်း မိုးပြာနဂါး ကို ကျွေးလိုက်လျှင်လည်း မဆိုးလှချေ။
...
အခန်း (၄၀) အခြေအနေကို သိတဲ့ ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး... သူ့ရဲ့ ပြန်လည်မွေးဖွားလာမှုက ဖော်ထုတ်ခံလိုက်ရတာလား
ဤအခိုက်အတန့်တွင် ရှားချူလီသည် လူအုပ်အကြားမှ ရှေ့သို့ထွက်လာခဲ့သည်။
သူမက သေသပ်လှပစွာ ဖန်တီးထားသော သလင်းကျောက်စိမ်းသေတ္တာတစ်ခုကို ကိုင်ဆောင်ထားပြီး ခုံးဝူတောက်ဆီသို့ ရိုသေလေးစားစွာ ပေးအပ်လိုက်သည်။
"နတ်ဘုရားသားတော်...သခင်က အခုလေးတင်မှ မွေးဖွားလာပြီး သခင်ရဲ့ မွေးရာပါ အရှိန်အဝါက ဒီကမ္ဘာရဲ့ ဥပဒေသတွေနဲ့ နည်းနည်းသဟဇာတ မဖြစ်သေးဘူးဆိုတာ ကျွန်မ သိပါတယ်..."
"ဒါက သခင့်အတွက် ကျွန်မ သီးသန့် ရွေးချယ်ထားတဲ့ မူလဘူတမိခင်ချီ နတ်ဘုရားကျောက်တုံး ပါ... ကျေးဇူးပြုပြီး သေချာပေါက် လက်ခံပေးပါ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မူလက ဆူညံပွက်လောရိုက်နေသော ကြယ်တာရာနယ်မြေသည် ရုတ်တရက် အေးခဲတောင့်တင်းသွားသည်။
မူလဘူတမိခင်ချီ နတ်ဘုရားကျောက်တုံးဟု ဆိုသလော....
ဤသည်မှာ ဧကရာဇ်ကျဆုံးခြင်းခေတ် မတိုင်မီက ရတနာတစ်ခုဖြစ်ပြီး ယှဉ်ပြိုင်၍မရနိုင်လောက်အောင် အဖိုးတန်သည်ဟု ကောလာဟလရှိသည်။
ထိုအရာတွင် သန့်စင်သော အင်္သချေမိခင်ချီ တစ်မျှင် ပါဝင်သည်။
အင်္သချေမိခင်ချီသည် ကောင်းကင်ဘုံများ၏ ဥပဒေသများကို ဆင့်ကဲပြောင်းလဲစေနိုင်ပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးကာ တာအိုနှင့် ပဲ့တင်ထပ်စေနိုင်သည်။ ထိုအရာသည် ဒဏ္ဍာရီများထဲမှ နတ်ဘုရားရတနာများကြားရှိ ထိပ်တန်းနတ်ဘုရားရတနာတစ်ခုပင်။
ဤစကားကို ကြားသောအခါ ခုံးဝူတောက်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သလင်းကျောက်စိမ်း သေတ္တာထဲမှ မူလဘူတမိခင်ချီ နတ်ဘုရားကျောက်တုံးကို ကောက်ယူလိုက်၏။
ဤကျောက်တုံး၏ မျက်နှာပြင်သည် အရောင်ငါးမျိုးရှိသော အလင်းတန်းကို ထုတ်လွှတ်နေပြီး တောက်ပသော အလင်းစက်ဝန်းများက ထိုအရာ၏နံဘေးပတ်လည်တွင် စီးဆင်းနေသည်။ ထိုကျောက်တုံးကို သူ၏လက်ထဲတွင် ကိုင်ထားရုံဖြင့်ပင် လန်းဆန်းသည့် ခံစားချက်အား ပေးစွမ်းနေသည်။
"မဆိုးပါဘူး... မင်းက တွေးတတ်သားပဲ..."
မူလဘူတမိခင်ချီ နတ်ဘုရားကျောက်တုံးသည် သာမန်လောကတွင် အမှန်တကယ်ကို ရှားပါးသည်ဟု ဆိုနိုင်သည်။
တခြားသူများ သူ့ကိုပေးသော ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် နှိုင်းယှဉ်လျှင် ဤရတနာက များစွာ ပို၍ အဖိုးတန်ပြီး သူ တိတိကျကျ လိုအပ်နေသည့်အရာပင်။
"နတ်ဘုရားသားတော် သဘောကျရင် အဆင်ပြေပါပြီ..."
ရှားချူလီက ရိုသေလေးစားစွာ တုံ့ပြန်လိုက်သည်။
ဤမူလဘူတမိခင်ချီ နတ်ဘုရားကျောက်တုံး သည် အင်ပါယာဘဏ္ဍာတိုက်မှ သူမ ယူဆောင်လာသော ရတနာတစ်ခုဖြစ်ပြီး ကန့်ကွက်မှုများစွာကို ကျော်လွှားခဲ့ရသည်။
ခုံးဝူတောက်သည် သူ၏ အိပ်မောကျရာမှ ယခုလေးတင် နိုးထလာခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဥပဒေသ များသည် ဤကမ္ဘာနှင့် ယာယီသဟဇာတ မဖြစ်သေးကြောင်း သူမ စဉ်းစားမိခဲ့သည်။
မူလဘူတမိခင်ချီ နတ်ဘုရားကျောက်တုံးသည် ခုံးဝူတောက်ကို ကြီးမားစွာ ကူညီပေးနိုင်ပေသည်။
"နတ်ဘုရားသားတော်... တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်..."
"တစ်နေ့ကျရင် ကျွန်မရဲ့ နေလနတ်ဘုရား အင်ပါယာဆီကို လာရောက်လည်ပတ်ပေးနိုင်မလား..."
သူမ ဤတစ်ကြိမ် ခုံးဝူတောက်ထံ လာရောက်လည်ပတ်ရခြင်းမှာ သူမခမည်းတော်၏ အမိန့်ကြောင့်လည်း ဖြစ်ပြီး သူမတို့နေလ နတ်ဘုရား အင်ပါယာနှင့် အချိန်လေဟာနယ် တားမြစ်နယ်မြေတို့ကြား ဆက်ဆံရေးကောင်းမွန်မှုကို တတ်နိုင်သမျှ သေချာစေရန်ဖြစ်သည်။
သေချာသည်မှာ ခုံးဝူတောက်ကို သူမ၏ နေလနတ်ဘုရား အင်ပါယာတွင် ဧည့်သည်အဖြစ် လာရောက်ရန် ဖိတ်ခေါ်ခြင်းသည် အကောင်းဆုံး နည်းဗျူဟာပင်။
ခုံးဝူတောက် အနည်းငယ် တုံ့ဆိုင်းသွားပြီး အချိန်တခဏကြာ တွေးတောကာ ပြောဆိုလိုက်၏။
"ဖြစ်နိုင်ပါတယ်..."
သူသည် ဤနေလနတ်ဘုရား အင်ပါယာ အပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိသော်လည်း ဤအင်ပါယာ၏ နန်းမွေခံမင်းသမီးသည် ကောင်းကင်ကံကြမ္မာပိုင်ရှင်တစ်ယောက် ဖြစ်နေသည်။
သူသည် ကောင်းကင်အမိန့်တော်အမှတ်များကို ရနိုင်ရုံသာမက....
အကယ်၍ သူသာ သူမကို အောင်မြင်စွာ ယဉ်ပါးအောင် သွေးဆောင်နိုင်မည်ဆိုလျှင် အင်မော်တယ် တာအိုအမွေအနှစ် တစ်ခုကိုလည်း အလဟဿ ရရှိနိုင်မည်ဖြစ်ရာ လုံးဝအရှုံးမရှိသော ကြီးမားသည့် အကျိုးအမြတ်တစ်ခုပင်။
..........
ရှားချူလီသည် အနည်းငယ် ကြက်သေသေသွားပြီး ခုံးဝူတောက်က ဤမျှ တိုက်ရိုက်ဆန်စွာ သဘောတူလိမ့်မည်ဟု သူမ လုံးဝမမျှော်လင့်ထားခဲ့ပေ။
သို့သော် သူမ၏တွေဝေမိန်းမောနေမှုမှ ပြန်လည်အသိဝင်လာပြီးနောက် သူမက အလျင်အမြန် သူမ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော် ခုံးဝူတောက်..."
တစ်ချိန်တည်းမှာပင် ရှားချူလီသည် သူမ၏စိတ်နှလုံးသားထဲတွင် အလွန်ကံကောင်းသည်ဟု ခံစားမိပေ၏။
အမှန်တကယ်ကိုပင် ခုံးဝူတောက်ကဲ့သို့ လူတစ်ယောက်နှင့် ဆက်ဆံသည့်အချိန်၌ အကြွင်းမဲ့ ရိုးသားရန် လိုအပ်သည်။
အကယ်၍ သူမသာ အစကတည်းက လင်းမြောင်ယန်ကဲ့သို့ ဖြစ်နေခဲ့မည်ဆိုလျှင် ကိုယ့်ဒုက္ခ ကိုယ်ရှာသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ရှားချူလီကို ၁၀ ရာခိုင်နှုန်း ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့သည့်အတွက် သခင် ကို ဂုဏ်ယူပါသည်... ပစ်မှတ်ဆီကနေ ကောင်းကင်အမိန့်တော်အမှတ် ၈၀၀ လျော့ကျသွားသည်...]
[နှစ်ဆ ပြင်းထန်သော ထိုးနှက်ချက်ကို အောင်မြင်စွာ ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၁၆၀၀ ကို ရရှိခဲ့သည့်အတွက် သခင်ကို ဂုဏ်ယူပါသည်...]
[ပစ်မှတ်၏ ကျန်ရှိနေသော ကောင်းကင်အမိန့်တော်အမှတ်: ၅၆၀၀]
[ပစ်မှတ်၏ ယဉ်ပါးအောင် သွေးဆောင်ခြင်း တိုးတက်မှု:၃၀ %]
စနစ်၏ကြေညာချက်ကို နောက်တစ်ကြိမ် ကြားသောအခါ ခုံးဝူတောက် ပို၍ပင် အံ့အားသင့်သွားသည်။
ဤကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး သည် အသိဉာဏ်ရှိသည်ဟု ပြောရမည်လော သို့မဟုတ် ထူးဆန်းသော အကျင့်စရိုက် ရှိသည်ဟု ပြောရမည်လောဆိုသည်ကိုပင် သူ မသိတော့ပေ။
ထို့ပြင် ပြန်လည်ဝင်စား မဟာဧကရီ နှင့် နှိုင်းယှဉ်လျှင် သူမက ထိန်းချုပ်ရန် လွယ်ကူလွန်းနေသည် မဟုတ်လော...
သူမကို ဤမျှထိ လွယ်လွယ်ကူကူဖြင့် ယဉ်ပါးအောင် သွေးဆောင်၍ ရနေသည်။
ဤသည်က သူ့ကို တကယ်ပင် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားစေသည်။
မူလက သူသည် သူမကို တိုက်ရိုက်သတ်ဖြတ်ရန် အခွင့်အရေးရှာပြီး သူမ၏ကောင်းကင်အမိန့်တော်အမှတ်များကို ဝါးမျိုရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။
သို့သော် ဤကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီးသည် အလွန်အသိရှိနေသဖြင့် အကျိုးအမြတ်များကို အများဆုံး ရအောင် လုပ်ခြင်းက ပိုကောင်းပေလိမ့်မည်။
ခုံးဝူတောက်က နေလနတ်ဘုရား အင်ပါယာသို့ လာရောက်လည်ပတ်ရန် ရှားချူလီ၏ ဖိတ်ခေါ်မှုကို သဘောတူလိုက်သည်ကို မြင်သောအခါ မရေမတွက်နိုင်သော လူများက သူမကို မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သို့သော် ရှားချူလီ ယခုလေးတင် ပေးလိုက်သော ရတနာက မည်မျှ အဖိုးတန်ကြောင်းကိုလည်း လူတိုင်း သိထားကြ၏။
ဤသည်မှာ သူတို့၏ဂိုဏ်းများကပင် ထုတ်မပေးနိုင်သောအရာဖြစ်ရာ သူ သွားရောက်လည်ပတ်ခြင်းဖြင့် မျက်နှာသာပေးမည်ဆိုသည်ကို နားလည်ပေးနိုင်သည်။
ခုံးဝူတောက်သည် ဤသံတမန်များနှင့် နောက်ထပ် စကားစမြည် ပြောဆိုရန် ပျင်းရိနေသဖြင့် သူတို့ကို ပေါ့ပေါ့ပါးပါးပင် ပြန်လွှတ်လိုက်သည်။
ထို့နောက် သူသည် ကောင်းကင်အလင်း မိုးပြာနဂါးကို စီးကာ အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ ပြန်သွားလေ၏။
"ယဲ့ချန်က အချိန်အတော်ကြာအောင် ထကြွနေခဲ့တာပဲ... သူ့ကို သူ့ရဲ့ အလှလေးတွေနဲ့ ပြန်ဆုံပေးဖို့ အချိန်တန်ပြီ..."
"အော်... ဟုတ်သားပဲ... ယဲ့ချန်အတွက်လည်း လက်ဆောင်တချို့ ပြင်ဆင်ရဦးမယ်..."
ခုံးဝူတောက်သည် သူ၏ရင်ဘတ်ကြားမှ အသံပေးပို့ခြင်း ကျောက်စိမ်းဆွဲပြား တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ ပြောဆိုလိုက်သည်။
"ရွှမ်ယန်... ဟင်းလင်းပြင်တာအိုဂိုဏ်းနဲ့ ထာဝရအသက် စုမိသားစုက အဘိုးကြီးတွေ အားလုံးကို မြောက်ဘက်ရွှမ် တာအိုနယ်မြေက ဖရိုဖရဲ မြင့်မြတ်နယ်မြေဆီ ခေါ်သွားလိုက်စမ်း..."
သူတို့အားလုံးသည် မိသားစု တစ်ခုတည်းဖြစ်သဖြင့် သူတို့ အတူတကွ သပ်သပ်ရပ်ရပ်ဖြင့် သေရွာသွားသင့်သည် မဟုတ်လော...
...
နေရာတစ်နေရာတွင် ..
ပြန်လည်ဝင်စားခြင်း မဟာဧကရီသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နယ်နိမိတ်မှ လုံးဝထွက်ခွာလာပြီးမှသာ သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်နိုင်သည်။
ဤသည်က အလွန်ကြောက်စရာကောင်းလှသည်။
ခုံးဝူတောက်သည် အမှန်တကယ်ကို အလွန်ကြောက်စရာကောင်းလွန်းပေ၏။
အကယ်၍ သူသာ ရှင်းပြ၍မရနိုင်လောက်အောင် ကြီးမားသော သနားညှာတာမှု ပြသပြီး သူမကို ခွင့်မလွှတ်ခဲ့လျှင်....
ယခုလေးတင်မှ ပြန်လည်မွေးဖွားလာသော သူမသည် လုံးဝပြီးဆုံးသွားပေလိမ့်မည်။
သူမက အချိန်လေဟာနယ် တားမြစ်နယ်မြေ ရှိရာဘက်သို့ အကြောက်တရားများ ကျန်ရစ်နေသေးသည့် မျက်နှာဖြင့် လှည့်ကြည့်ကာ ရေရွတ်လိုက်သည်။
"ငါ အမြဲတမ်း ခံစားရတယ်... ခုံးဝူတောက် က ငါ့ကို သူ့အတွက် လမ်းညွှန်ချက်ပေးခိုင်းတာက သူ ငါ့အပေါ်မှာ အကြံအစည် တစ်ခုခု ရှိနေသလိုပဲ..."
သေချာသည်မှာ ခုံးဝူတောက်က သူမ၏ ခန္ဓာကိုယ်ကို တပ်မက်နေသည်ဟု သူမ မိုက်မဲစွာ တွေးတောမည်မဟုတ်ပေ။
သူမ၏အသက်က အတော်လေး ကြီးနေပြီဆိုသည်ကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ပေ။
ခုံးဝူတောက်ကဲ့သို့ လူတစ်ယောက်သည်...
သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများရှိ အထူးချွန်ဆုံး မိန်းမလှလေးများ ရောက်လာကြပေမည်။
သူသည် ထိုမိန်းမလှလေးများကို လွယ်လင့်တကူ ရနိုင်သည်။
သူသည် သနားညှာတာစွာဖြင့် သူမကို ချန်ထားခဲ့သည့် အချက်က...
သူမအပေါ်တွင် အကြံအစည် တစ်ခုခု ရှိနေနိုင်ခြေ အလွန်များသည်။
ဤသည်က သူမ၏နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခုကို ရုတ်တရက် ဖြစ်ပေါ်လာစေသည်။
ဖြစ်နိုင်သည်မှာ...
သူမက ဒုတိယအကြိမ် ပြန်လည်ဝင်စားခြင်းဖြင့် အသက်ရှင်နေသည်ကို သူ သိနေခြင်း ဖြစ်သလော....
Book 4 end.