← Chapters

အခန်း (၃၀၂)

Vol. 31 Ch. 302

အခန်း (၃၀၂)

Vol. 31 Ch. 302

ကျုံးရှန်သည်ပင်လျှင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ ဝိညာဉ်ဝါးမြိုမီးတောက်များဖြင့် လုံးဝ ဖုံးလွှမ်းခြင်း ခံထားရသော ပင်လယ်ပြင်ကြီးကို ရင်ဆိုင်ရသည့်အခါ အနည်းငယ် ကိုင်တွယ်ရ ခက်ခဲသည်ဟု ခံစားရလိုက်သည်။ သို့သော်လည်း သူ ပိုင်ဆိုင်ထားသော နည်းလမ်း မြောက်မြားစွာဖြင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော မဟာမိစ္ဆာဘုရင်ကြီးပင်လျှင် ကျုံးရှန်၏ ရှေ့မှောက်၌ အရှုံးပေးရပေလိမ့်မည်ဖြစ်သည်။

သို့နှင့်သူသည် မိမိ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်း၌ တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။ ခဏအကြာတွင် သူသည် တောက်ပြောင်လှသော အပြာရောင် ရေခဲလုံး တစ်လုံး နှင့်း အေးခဲနေကာ အလင်းရောင်များ ထွက်ပေါ်နေသော နှလုံးသား တစ်ခုကို ထုတ်ယူလိုက်လေသည်။ ဤအရာများသည် အတိတ်ကာလတွင် ရွှယ်ဝူရွမ်း၏ ခန္ဓာကိုယ်အတွင်းမှ ရရှိခဲ့သော ရေခဲနတ်ဘုရား မျိုးဆက်သွေး အနှစ်သာရ နှင့် ရေခဲနတ်ဘုရားထံမှ ဆင်းသက်လာသော အေးခဲခြင်းနှလုံးသား ဖြစ်သည်။

ရေခဲနတ်ဘုရားသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကမ္ဘာဦးကာလရှိ အစစ်အမှန် နတ်ဘုရားများထဲမှ တစ်ပါး ဖြစ်သည်။ ထိုသူသည် ကောင်းကင်ဘုံ၏ တရားဝင် အသိအမှတ်ပြုခြင်းကို ခံယူခဲ့ရသော စစ်မှန်သည့် နတ်ဘုရားတစ်ပါး ဖြစ်ကာ မိမိ၏ ပင်ကိုယ်ဂုဏ်သတ္တိနှင့် အကိုက်ညီဆုံးသော အေးခဲခြင်းအမြုတေကို ပိုင်ဆိုင်ထားသည်။ ရေခဲနတ်ဘုရား၏ အဆင့်အတန်းသည် အစစ်အမှန်နတ်ဘုရားနယ်ပယ်အဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိထားသော တည်ရှိမှုမျိုး ဖြစ်သည်။

သူ၏ စွမ်းအားသည် နောက်ပိုင်းတွင် ပေါ်ထွန်းလာသော အဆင့် ၃ အစစ်အမှန် နတ်ဘုရားများထက် များစွာ ပိုမို အင်အားကြီးမားလှပေသည်။ ရေခဲနတ်ဘုရား၏နောက်ပိုင်းတွင် ထွက်ပေါ်လာသော နတ်ဘုရား အများစုသည် ပျက်သုဉ်းသွားခဲ့ကြသော နတ်ဘုရားများ၏ နတ်ဘုရားအာဏာစက်ကို ဆက်ခံခဲ့ကြခြင်းသာ ဖြစ်လေသည်။ ထိုနတ်ဘုရားအမြုတေများသည် ကြွေလွင့်ပျက်သုဉ်းသွားပြီဖြစ်သည့် နတ်ဘုရားတို့ထံမှ အမွေအနှစ်ဆက်ခံကြခြင်းဖြစ်၍ထိုနတ်ဘုရားတို့၏ ထူးခြားသောအမှတ်အသားများ ရှိနေသဖြင့် နှစ်ပေါင်း သန်းချီတိုင်အောင် ပေါင်းစပ်စေကာမူ လုံးဝ တစ်သားတည်း ဖြစ်ရန် ခက်ခဲလှသည်။ သို့ဖြစ်၍ ရေခဲနတ်ဘုရား၏ နောက်ပိုင်း၌ထွက်ပေါ်ခဲ့သောနတ်ဘုရားတို့သည် အစစ်အမှန် နတ်ဘုရားတစ်ပါး၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိကြချေ။

အေးခဲခြင်းနှလုံးသားသည် အလွန် ပြင်းထန်လှသော အေးခဲခြင်းတာအိုနိယာမများ ပါဝင်နေသည့် ရတနာတစ်ခု ဖြစ်ကာ ရေခဲနတ်ဘုရား၏ ကျင့်ကြံခြင်းအနှစ်သာရများ စုစည်းပါဝင်သည်။ ယခု ကျုံးရှန် ရင်ဆိုင်နေရသော ဝိညာဉ်ဝါးမျိုမီးတောက်သည် ထူးဆန်းလှသော်လည်း အခြေခံအားဖြင့် မီးတောက် တစ်မျိုးသာ ဖြစ်သဖြင့် အေးခဲခြင်းတာအိုနိယာမကို အသုံးပြုခြင်းအားဖြင့် ထိုမီးတောက်ကို ကောင်းစွာ နှိမ်နင်းနိုင်ပေလိမ့်မည်။

ထို့အပြင် အစစ်အမှန် နတ်ဘုရားတစ်ပါး၏နှလုံးသားသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ စည်းမျဉ်းများ၏ ဖိနှိပ်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်း ရှိလေသည်။ ကျုံးရှန်၏ လက်ထဲ၌ ရေခဲလုံးလေး တစ်လုံးလည်း ရှိနေဆဲ ဖြစ်သည်။

ထိုရေခဲလုံးသည် ရွှယ်ဝူရွမ်း၏ ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူထားသော ရေခဲနတ်ဘုရား မျိုးဆက်သွေး၏အနှစ်သာရစွမ်းအားများ ပါဝင်သည်။ ယင်းကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုခြင်းအားဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ အေးခဲခြင်းနှလုံးသား၏ စွမ်းရည်အားလုံးကို ခဏတာအတွင်း အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။ အကယ်၍ ပြင်ပလောကမှ တစ်စုံတစ်ယောက်သာ ကျုံးရှန်၏ လုပ်ရပ်ကို မြင်တွေ့ခဲ့လျှင် တန်ဖိုးရှိလှသော ရတနာများကို ဖြုန်းတီးပစ်သည်ဟု ဆဲရေးကြပေလိမ့်မည်။

ရေခဲနတ်ဘုရား၏ မျိုးဆက်သွေးအနှစ်သာရစွမ်းအားများ ပါဝင်သော ဤရေခဲလုံး သို့မဟုတ် အေးခဲခြင်းနှလုံးသားကိုသာ ပြင်ပလောကသို့ ယူဆောင်သွားပါက အေးခဲခြင်းတာအိုနိယာမကို ကျင့်ကြံသော ထူးချွန်သည့် ပညာရှင် နှစ်ဦးကို အလွယ်တကူ မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။

သို့သော်လည်း ကျုံးရှန်သည် ထိုအရာများကိုဂရုစိုက်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် မြောက်မြားစွာသော အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက်တွင် အစစ်အမှန် နတ်ဘုရားနယ်ပယ်ရှိ ကျွမ်းကျင်သူများသည်သာလျှင် သူ၏ မျက်လုံးထဲသို့ ဝင်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သူသည် ရေခဲနတ်ဘုရား၏ နတ်ဘုရားအမြုတေကို ရရှိခဲ့မည် ဆိုပါက ထိုအရာကို ပိုမို တန်ဖိုးထားမိပေလိမ့်မည်။

ခဏမျှ စဉ်းစားပြီးနောက်တွင် ကျုံးရှန်သည် ရေခဲနတ်ဘုရား၏ မျိုးဆက်သွေးအနှစ်သာရစွမ်းအားများ ပါဝင်သော ရေခဲလုံးကို ရုတ်တရက် ခြေမွပစ်လိုက်သည်။

''ဂျွတ်...''

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ရေခဲလုံးသည် ကျုံးရှန်၏ လက်ထဲ၌ ကြေမွသွားသည်။

ထို့နောက် ထိုအစအနများသည် အပြာရောင် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲ၌ လွင့်မျောသွားပြီး အေးခဲခြင်းနှလုံးသားအတွင်းသို့ ပေါင်းစပ်သွားလေသည်။ ပေါင်းစပ်ပြီးနောက်တွင် အေးခဲခြင်းနှလုံးသားမှ အေးစက်လှသော အရှိန်အဝါများထွက်ပေါ်လာကာ နတ်ဘုရားမတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုနတ်ဘုရားမသည် အပြာနုရောင်ရှိသော အဝတ်အစားများကို ဝတ်ဆင်ထားကာ အပေါ်မှ အဖြူရောင် ဝတ်ရုံပါးကို ထပ်မံ လွှမ်းခြုံထားပြီး သူမ၏ လှပလသော လည်ပင်းနှင့် ညှပ်ရိုးများကို မြင်တွေ့နိုင်သည်။ သူမ၏ ဝတ်စုံသည် နှင်းပွင့်များနှင့် လရောင်များ စီးဆင်းနေသကဲ့သို့ တောက်ပနေကာ အောက်သို့ အနည်းငယ် လျှောကျနေသဖြင့် သူမ၏ လှုပ်ရှားမှုများကို ပိုမို တင့်တယ်လှပနေစေ၏။

ရှည်လျားနက်မှောင်သော ဆံနွယ်များကို ဖဲကြိုးဖြင့် စည်းနှောင်ထားကာ လိပ်ပြာပုံစံ ဆံထိုးကို ထိုးစိုက်ထားပြီး ပါးပြင်ပေါ်၌ နီမြန်းနေသော အသွင်အပြင် ရှိနေသဖြင့် ပန်းပွင့်လွှာများကဲ့သို့ နူးညံ့လှပသော ခံစားချက်ကို ပေးစွမ်းလေသည်။ သူမ၏တစ်ကိုယ်လုံးသည် လေထဲ၌ ဝဲပျံနေကာ ပတ်ဝန်းကျင်၌ ကြည်လင်အေးမြသော နှင်းပွင့်များကျဆင်းနေသည်။

ရှေးဟောင်း ရေခဲနတ်ဘုရားမ ဆင်းသက်လာခြင်း။

ထိုနတ်ဘုရားမသည် ခံစားချက် မရှိသော မျက်နှာထားဖြင့် ကျုံးရှန်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင် အရပ်လေးမျက်နှာကို ဝေ့ဝဲ ကြည့်ရှုလိုက်သည့်အချိန်တွင် သူမ၏ လှပသော မျက်ခုံးတန်းများသည် ချက်ချင်းပင် တွန့်ချိုးသွား၏။

''ဒီနေရာက... ကောင်းကင်တက်လှမ်းခြင်းမျှော်စင်လား...''

''လူငယ်လေး... မင်းက ငရဲပြည်ထဲမှာ ရှိတဲ့ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲကို ဘယ်လိုလုပ် ဝင်လာနိုင်ရတာလဲ...''

''မင်းက ငါ့ရဲ့ အမွေအနှစ်စွမ်းအားကို အသုံးပြုပြီး အေးခဲခြင်းနှလုံးသားကနေတစ်ဆင့် ငါ့ရဲ့ နတ်ဘုရားအာရုံကို ကိုယ်ထင်ပြလာအောင် လုပ်ရဲတယ်ပေါ့... တကယ့်ကို ရက်ရောတာပဲ...''

''မင်းဆီက အရှိန်အဝါက တကယ့်ကို ခန့်မှန်းရ ခက်တယ်... ဒါပေမဲ့ ကျင့်ကြံခြင်း အဆင့်ကတော့ သူတော်စင်အဆင့်အောက်မှာပဲ ရှိနေသေးတာပဲ... ဒါဆို မင်းက ငါ့ရဲ့ အမွေအနှစ် ဆက်ခံသူကို သတ်ပစ်ခဲ့တာလား...''

ရေခဲနတ်ဘုရားမသည် အဖြစ်အပျက်များကို လျင်မြန်စွာပင် ခန့်မှန်းမိသွားကာ ကျုံးရှန်ကို ရန်လိုခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

နတ်ဘုရားတစ်ပါး၏ အမွေအနှစ်ကို ဖျက်ဆီးခြင်းသည် မျိုးနွယ်စုတစ်ခု၏ မျိုးဆက်ကို ဖြတ်တောက်ပစ်လိုက်ခြင်းနှင့် တူညီပေသည်။ ဤသည်မှာ အလွယ်တကူ ခွင့်လွှတ်ပေးနိုင်သော ကိစ္စမျိုး မဟုတ်ပေ။

သို့သော်လည်း ကျုံးရှန်ကမူ ထိုအချက်ကို စိုးရိမ်ခြင်းမရှိချေ။

''အခုအချိန်မှာ ကောင်းကင်တာအိုက အပြောင်းအလဲတွေ ဖြစ်နေပြီး လောကကြီးကလည်း ကပ်ဘေးတွေကြားရောက်နေတယ်...''

''အမွေအနှစ်တွေနဲ့ ကံကြမ္မာ သားတော်တွေကို မဆင်မခြင်ကောင်းချီးပေးပေါ်ထွန်းစေတာက... မကြာခဏဆိုသလို ဖြစ်ပေါ်နေတာပဲ...''

''မင်းရဲ့ အမွေအနှစ် ဆက်ခံသူဆိုတဲ့ သူကလည်း အဲဒီလိုပဲလေ...''

''ဘာပဲဖြစ်ဖြစ် မင်းရဲ့ နတ်ဘုရားအာဏာစက်က ပေါ်မလာသေးဘူး ဆိုတော့ ငါက မင်းအတွက် စစ်ဆေးပေးလိုက်တာပေါ့...''

ရေခဲနတ်ဘုရားမသည် အံ့အားသင့်သွားကာ ကျုံးရှန်ကို စိုက်ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။

''မိုက်ရူးရဲဆန်လှချေလား... ဘာတွေ လျှောက်ပြောနေတာလဲ...''

''ငါ့ရဲ့ အမွေအနှစ်က ဘယ်လောက်ပဲ မပြည့်စုံပါစေဦးတော့... အဲဒါက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်း ကံကြမ္မာ စုစည်းရာ နေရာပဲ... ဘယ်လိုတောင်ဝင်စွက်ဖက်ရဲတာလဲ...''

''သေစမ်း... အေးခဲခြင်း တံဆိပ်တော်...''

ရေခဲနတ်ဘုရားမသည် ဒေါသတကြီး ပြောဆိုလိုက်သည်။

သူမသည် ကျုံးရှန်‌၏ ရှင်းပြချက်စကားများကို လုံးဝ ထည့်မတွက်ဘဲ ဖြူဖွေးလှသော လက်ချောင်းလေး တစ်ချောင်းကို ဆန့်ထုတ်ကာ ကျုံးရှန်၏ မျက်ခုံးအလယ်သို့ ထိုးစိုက်လိုက်သည်။ လက်ချောင်းထိပ်တွင် ကြောက်မက်ဖွယ် ကောင်းသော အေးခဲခြင်းတာအိုနိယာမများ စုစည်းလာသည်။ အရာအားလုံး အေးခဲသွားကာ အချိန်ပင် ရပ်တန့်သွားတော့မည့်အလား ဖြစ်သွားသည်။

သွေးမျိုးဆက်အနှစ်သာရစွမ်းအားများကို အသုံးပြုထားသဖြင့် သူမသည် နာရီဝက်ခန့် ကြာအောင် အေးခဲခြင်းတာအိုနိယာမစွမ်းအားများ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် သူမ၏စွမ်းအားသည် မျှော်စင်အတွင်း၌ပင် စုစည်းထားခြင်း ဖြစ်သဖြင့် မျှော်စင်၏ စည်းမျဉ်းနိယာမများထံမှ ဖိနှိပ်မှုအများစုကိုလည်း ခုခံနိုင်လေသည်။

ရေခဲနတ်ဘုရားမ၏ ဒေါသတကြီးဖြင့်ထုတ်လွှတ်လိုက်သော ထိုးနှက်ချက်ကို ရင်ဆိုင်ရသည့်တိုင် ကျုံးရှန်သည် တုန်လှုပ်ခြောက်ခြားသွားခြင်းမရှိပေ။

''အေးခဲခြင်းတာအိုနိယာမကို ကျင့်ကြံတဲ့ မိန်းမတွေက အမြဲတမ်း ဒီလိုပဲ အကျိုးအကြောင်းမစဉ်းစားတတ်ကြဘူးလား...''

သူ့ထံသို့ ဦးတည်လာသော လက်ချောင်းလေးကို ကြည့်ရင်း ကျုံးရှန်သည်လည်း သူ၏ လက်ချောင်း တစ်ချောင်းကို ထုတ်လိုက်သည်။

သို့သော်လည်း သူသည် မည်သည့် စွမ်းအားကိုမျှ ထည့်သွင်းမထားဘဲ ခန္ဓာကိုယ်၏ အင်အားသက်သက်ကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်၏။

လက်ချောင်းအချင်းချင်း ထိတွေ့သွားသည့် တစ်ခဏ၌ ကျုံးရှန်၏ ခန္ဓာကိုယ်သည် အေးခဲခြင်း စွမ်းအားကြောင့် အေးခဲသွားလေသည်။ သို့သော်လည်း အသက်တစ်ရှိုက်စာခန့် ကြာပြီးနောက်တွင် ထိုအေးခဲနေသော ရေခဲလွှာများသည် အလိုအလျောက် ပျောက်ကွယ်သွားသည်။ အေးခဲခြင်းတာအိုနိယာမ အားလုံးသည် သဲထဲရေသွန်လိုက်သကဲ့သို့ပင် လုံးဝ ပျောက်ကွယ်သွားရခြင်းဖြစ်ကာ ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ အေးခဲခြင်း စွမ်းအားများကို တိုက်ရိုက် ဝါးမြိုလိုက်ခြင်း ဖြစ်သည်။

''ဓာတ်ကြီးငါးပါးနတ်ဘုရားဖိနှိပ်ခြင်း...''

ကျုံးရှန်သည် သူ၏ ကိုယ်ပိုင် စွမ်းအားကို အသုံးပြု၍ ဆင်းသက်လာသော ရေခဲနတ်ဘုရားမ၏ နတ်ဘုရားအာရုံကို နိမ်နင်းရန် ကြိုးစားလိုက်သည်။

ကျုံးရှန်၏ ကိုယ်တွင်းအင်္ဂါငါးခုအတွင်းမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ဓာတ်ကြီးငါးပါးနတ်ဘုရားနန်းတော်အရှင်သခင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ စံမြန်းနေကြခြင်းဖြစ်သည်။ ယခုအခါ သူတို့သည် ဓာတ်ကြီးငါးပါး စွမ်းအင်များနှင့် ဆက်သွယ်ထားကြကာ တရားထိုင်နေကြပြီး ပါးစပ်မှလည်းကျမ်းစာများကို ရွတ်ဆိုနေကြသည်။

မကြာခင်တွင် သူတို့သည် ဓာတ်ကြီးငါးပါးမဟာတံဆိပ်တော် တစ်ခုကို ဖန်တီးလိုက်ကြသည်။ ထိုတံဆိပ်တော်သည် လက်ချောင်းချင်း ထိတွေ့နေသော နေရာမှတစ်ဆင့် ရေခဲနတ်ဘုရားမ၏ နတ်ဘုရားအာရုံကို နှိမ်နင်းရန်ကြိုးစားလိုက်သည်။ အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း၌ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ကျုံးရှန် ဖော်ထုတ်လိုက်သည့် စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း၌သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သဖြင့် မျှော်စင်၏ စည်းမျဉ်းနိယာမများပင် ကန့်သတ်နိုင်စွမ်း မရှိခဲ့ပေ။

ရေခဲနတ်ဘုရားမ၏ နတ်ဘုရားအာရုံကို နှိမ်နင်းလိုက်သောအခါ သူမ၏ ခန္ဓာကိုယ်သည် ရုပ်ထုတစ်ခုကဲ့သို့တောင့်တင်းသွားသည်။ ထို့နောက် ကျုံးရှန်သည် သူမ၏ ခန္ဓာကိုယ်ကို အားပါလှသော ခြေကန်ချက်တစ်ခုဖြင့် ကန်ထုတ်လိုက်လျှင် ကျုံးရှန်၏ စွမ်းအားကြောင့် ရေခဲနတ်ဘုရားမ၏ ခန္ဓာကိုယ်သည် မိုင်ပေါင်း မြောက်မြားစွာအထိ လွင့်ထွက်သွားကာ လောင်ကျွမ်းနေသော မီးပင်လယ်ကြီးအတွင်းသို့ ကျဆင်းသွားသည်။

ထိုခန္ဓာကိုယ်သည် သာမန် မဟုတ်ဘဲ အေးခဲခြင်းနှလုံးသားကို အခြေခံကာ ရေခဲနတ်ဘုရားမ၏ မျိုးဆက်သွေးအနှစ်သာရစွမ်းအားကို သက်ရှိစွမ်းအင်အဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

မီးပင်လယ်အတွင်းသို့ ကျဆင်းသွားသည့် တစ်ခဏ၌ တောက်လောင်နေသော အသံများ ထွက်ပေါ်လာသည်။ ဝိညာဉ်ဝါးမြိုမီးတောက်များသည် ရူးသွပ်စွာဖြင့် ရေခဲနတ်ဘုရားမ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းရန် ကြိုးစားနေကြလေသည်။ အစပိုင်းတွင် အေးခဲခြင်း စွမ်းအင်သည်ဝိညာဉ်ဝါးမြိုမီးတောက်များကို မယှဉ်နိုင်သကဲ့သို့ ဖြစ်နေသည်။

သို့သော်လည်း ခဏအကြာတွင် ရေခဲနတ်ဘုရားမ၏ ခန္ဓာကိုယ်မှ အပြာရောင် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာကာ ပင်လယ်ပြင်ထက်၌ ပြင်းထန်သော နှင်းမုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုနှင်းမုန်တိုင်း ရောက်ရှိသွားသော နေရာတိုင်းရှိ ဝိညာဉ်ဝါးမြိုမီးတောက်များနှင့် ပင်လယ်ရေမျက်နှာပြင်သည် လုံးဝ အေးခဲသွားကာ အေးခဲခြင်းနယ်မြေတစ်ခုဖြစ်ပေါ်လာလေသည်။

All Chapters