← Chapters

အခန်း (၃၀၃)

Vol. 31 Ch. 303

အခန်း (၃၀၃)

Vol. 31 Ch. 303

အေးခဲခြင်းနှလုံးသားနှင့် ရေခဲနတ်ဘုရားမ၏ မျိုးဆက်‌သွေးအနှစ်သာရစွမ်းအားများကို ထိုကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုနိုင်သူမှာ တစ်လောကလုံး၌ ကျုံးရှန် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။ သူသည် အဖိုးတန်လှသော ရတနာများကို ရတနာတစ်ခုကဲ့သို့ သဘောမထားဘဲ အသုံးပြုနေခြင်း ဖြစ်သည်။ အခြားသော ကျင့်ကြံသူများ ဤသည်ကို မြင်တွေ့ခဲ့လျှင် မနာလိုစိတ်ဖြင့်ပင် သေဆုံးသွားနိုင်ပေသည်။

အေးခဲသွားသော နယ်မြေသည် ပင်လယ်ရေမျက်နှာပြင်ထက်၌ ပိုမို ကျယ်ပြန့်လာကာ ဝိညာဉ်ဝါးမြိုခြင်းမီးတောက်ပင်လယ်ကို အေးခဲခြင်းနယ်မြေအဖြစ် ပြောင်းလဲနေသည်။ ထိုအချိန်တွင်ပင်လယ်ရေအောက်ခြေဆီမှ ထူးဆန်းလှသော ညို့ယူနိုင်သည့် သီချင်းဆိုသံများ ထွက်ပေါ်လာ၏။

''ဝူး... လာ... လာ...''

''ဟူး... လား... လား...''

''ရှဲ... လား... လား...''

ထိုအသံများသည် ဂျောက်ကျိ တစ်နည်းရေသူမျိုးနွယ်များထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

မကြာမီအချိန်အတွင်း၌ပင် လောင်ကျွမ်းနေသော မီးပင်လယ်၏ တစ်ဖက်ရှိ အေးခဲခြင်း စွမ်းအားများ နယ်မြေ၏ အစွန်းပိုင်း၌ ရေသူများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာကြလေသည်။ တိုတောင်းလှသော အချိန်အတွင်း၌ပင် ရေသူပေါင်း တစ်ထောင်ကျော်ခန့်သည် ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာကြ၏။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် လောင်ကျွမ်းနေသော မီးပင်လယ်သည် ရေသူမျိုးနွယ်စု၏ အခြေစိုက်စခန်း သို့မဟုတ် အချက်အချာကျသော နယ်မြေတစ်ခု ဖြစ်သည်မှာ ထင်ရှားလှပေသည်။

ရေသူများသည် တစ်ဦးနှင့်တစ်ဦး အသွင်အပြင် မတူညီကြဘဲ အမျိုးမျိုး ကွဲပြားနေကြလေသည်။ သူတို့သည် မိမိတို့၏ နယ်မြေကို ကျူးကျော်ဝင်ရောက်လာပြီး မီးတောက်များကို အနိုင်ယူနေသော အေးခဲခြင်း စွမ်းအားများကို ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာထားများဖြင့် ကြည့်နေကြသည်။

အေးခဲခြင်းနှလုံးသားအတွင်း၌ လောကတွင် အစင်ကြယ်ဆုံးသော အေးခဲခြင်းတာအိုနိယာမများ ကိန်းဝပ်နေခဲ့ပြီး ယခုအချိန်၌ ထိုစွမ်းအားများသည် အပြည့်အဝ နိုးထနေလေသည်။

ဝိညာဉ်ဝါးမြိုမီးတောက်သည် ရက်စက်ကြမ်းကြုတ်လှသော်လည်း ယင်းသည် ကောင်းကင်တာအို၏ အခြေခံအနှစ်သာရ နိယာမတစ်ခု မဟုတ်ချေ။ ထိုမီတောက်စွမ်းအားသည် သက်ရှိများ၏ သွေးနှင့် အဆီကို လောင်ကျွမ်းစေခြင်းမှတစ်ဆင့် ပြောင်းလဲလာသော ထူးခြားသည့် စွမ်းရည်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းချင်း နှိုင်းယှဉ်ကြည့်မည် ဆိုပါက ဝိညာဉ်ဝါးမျိုမီးတောက်သည် စစ်မှန်သော အေးခဲခြင်းတာအိုနိယာမထက် အဆင့်နိမ့်ကျနေလေသည်။

စတုတ္ထအထပ်တစ်ထောင် ဟင်းလင်းပြင်ကမ္ဘာ၏ သာမန်စွမ်းရည်တစ်ခုနှင့် လောက၏ အစင်ကြယ်ဆုံးသော တာအိုနိယာမတစ်ခုတွင် မည်သည့်အရာက ပိုမို အစွမ်းထက်မည်နည်း။

ထိုမေးခွန်း၏ အဖြေသည်သိသာထင်ရှားလှ၏။

ကျုံးရှန်သည် ပင်လယ်ရေမျက်နှာပြင်အေးခဲသွားသည်ကိုကြည့်နေသော်လည်း ဝမ်းသာခြင်းမရှိပေ။ သူသည် မီးပင်လယ် တစ်ဖက်ရှိ ရေသူမျိုးနွယ်များကို ငြိမ်သက်စွာဖြင့် ကြည့်နေဆဲဖြစ်သည်။

သူသည် ဤဟင်းလင်းပြင်ကမ္ဘာအတွင်း၌ အလွန် စင်ကြယ်လှသော ဝိညာဉ်ဝါးမြိုခြင်း တာအိုနိယာမများ ပါဝင်နေသည့် ရတနာတစ်ခု ရှိနေရမည်ဟု ခန့်မှန်းထားလေသည်။

သမုဒ္ဒရာကြီးသည် သူကိုယ်တိုင် လိုက်လံ ရှာဖွေရန်အတွက် မသင့်တော်သော်လည်း ဒေသခံ သက်ရှိများ၌မူ ထိုကဲ့သို့သော ရတနာများ ရှိနေနိုင်သည်။ အကယ်၍သာ ထိုရတနာကို ရရှိခဲ့မည် ဆိုလျှင် ကျုံးရှန်သည် ဝိညာဉ်ဝါးမြိုခြင်းစွမ်းအင်၏ လျှို့ဝှက်ချက်များကို ဖောက်ထွင်းမြင်နိုင်ပေလိမ့်မည်ဖြစ်သည်။

ရေသူမျိုးနွယ်များသည် ရေမျက်နှာပြင်ထက်‌ပေါ်လာပြီးနောက်တွင် ကျုံးရှန်ကိုသတိမထားမိသကဲ့သို့ ဝိညာဉ်ဝါးမြိုမီးပင်လယ်အတွင်းရှိ ပိုမိုကျယ်ပြန့်လာနေသောအေးခဲခြင်းနယ်‌မြေကိုသာ လေးနက်မှုအပြည့်ဖြင့်ကြည့်‌နေကြသည်။

အေးခဲခြင်းနယ်မြေသာပိုမိုကျယ်ပြန့်လာမည်ဆိုပါက နာရီဝက်အတွင်းတွင် ပင်လယ်ပြင်၏ကြီးမားသောအကျယ်အဝန်းတစ်ခုသည် အေးခဲခြင်းခံရပေတော့မည်။

ဤစတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၏ပင်လယ်အတွင်း၌ မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများနှင့် သက်ရှိများ ရှိနေကြကာ သက်ဆိုင်ရာနယ်ပယ်အလိုက်အသီးသီးနေထိုင်ကြသည်။ သူတို့သည်အနှီပင်လယ်၏သဘာဝအလျောက် ဝိညာဉ်စွမ်းအင်ဝါးမြိုနိုင်သောစွမ်းရည်ကိုပိုင်ဆိုင်ထားသဖြင့် ပင်လယ်အတွင်း၌ ကြမ်းတမ်းသောသတ်ဖြတ်ခြင်းများနှင့်ပြည့်နှက်နေလေသည်။ သူတို့သည် ဝိညာဉ်စွမ်းအင်ပြည့်ဝနေသောသက်ရှိများဖြစ်သဖြင့် အချင်းချင်းဝါးမြိုခြင်းဖြင့်ရှင်သန်နေကြကာ စတုတ္ထအထပ်တစ်ထောင်ဟင်းလင်ပြင်ကမ္ဘာ၏သမုဒ္ဒရာသည် ရက်စက်ပြင်းထန်သောရှင်သန်ရေးရုန်းကန်မှုများဖြင့်ပြည့်နှက်နေ၏။

ကျုံးရှန်သည် သစ်သားဖောင်လေးအပေါ်၌ရပ်တန့်၍သာကြည့်ရှုနေသည်။

အေးခဲခြင်းတာအိုနိယာမများသည် သူ့ကိုထိ‌ခိုက်အောင်လုပ်နိုင်စွမ်းမရှိချေ။ မျက်လုံးသုံးလုံးဖျံသည်လည်း ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်၏အစွမ်းဖြင့် ရေပြင်ထက်၌လွင့်မျောနေသဖြင့် အေးခဲခြင်းတာအိုနိယာများ၏စွမ်းအားကို ကြောက်ရန်မလိုအပ်ပေ။

ရေသူမျိုးနွယ်များသည် ရုတ်တရက်ရေမျက်နှာပြင်ထက်၌ စုဝေးသွားကာ ထူးဆန်းလှသော ပုံစံတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။ ရေသူပေါင်း တစ်ထောင်ကျော်သည် ပင်လယ်ပြင်၏ အရပ်မျက်နှာတစ်ခုကို ဝန်းရံလိုက်ကြကာ ရှေးဟောင်း တေးသံများကို တစ်ပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြခြင်းဖြစ်သည်။ ထိုအသံများသည် ထူးဆန်းသောတေးသံတစ်ခုအဖြစ်ပေါင်းစည်းသွားကာ ဘေးပတ်လည်ကိုပျံနှံ့သွားသဖြင့် ဟင်းလင်းပြင်ပင် တုန်ခါလာရသည်။

ထို့နောက် ပင်လယ်ရေများ ဆူပွက်လာကာ ရက်စက်ကြမ်းကြုတ်၍ သက်ရှိအားလုံးကို ဝါးမြိုနိုင်စွမ်း ရှိသော အရှိန်အဝါဖိအားတစ်ခုထွက်ပေါ်လာသည်။ ရေသူများ ဝန်းရံထားသော အလယ်ဗဟိုမှ ကြီးမားလှသော ရေတိုင်လုံးကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားကာ ထိုရေတိုင်၏ ထိပ်ဖျား၌ မီးခိုးရောင် အမြုတေလုံး တစ်လုံး ပါရှိနေသည်။

ပြင်းထန်သော ဝါးမြိုခြင်းအရှိန်အဝါ များသည် ထိုအမြုတေလုံးလေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက် မြောက်မြားစွာသော ရေသူများသည် ရူးသွပ်နေကြသည့်အလား ထိုရေတိုင်လုံးကြီးပေါ်သို့ တွားသွားတက်သွားကြလေသည်။ သူတို့အားလုံးသည် ထိုမီးခိုးရောင် အမြုတေလုံးကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ပထမဦးဆုံး ရောက်ရှိသွားသော ခန္ဓာကိုယ် ထွားကျိုင်းလှသော ရေသူတစ်ဦးသည် အမြုတေကို လက်ဖြင့် ထိတွေ့လိုက်သည့် တစ်ခဏတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်သွားပြီး အသက်ဓာတ်များ အားလုံး စုပ်ယူခြင်း ခံလိုက်ရကာ ရေထဲသို့ ငါးခြောက်တစ်ခုကဲ့သို့ ပြန်လည်ပြုတ်ကျသွားသည်။

ဤကဲ့သို့သော ကြောက်မက်ဖွယ် ဖြစ်ရပ်သည် ရေသူများကို ဟန့်တားနိုင်ခြင်း မရှိချေ။ အရွယ်ရောက်ပြီးသော ရေသူများ သာမက ငယ်ရွယ်သော ရေသူလေးများပင်လျှင် ထိုအမြုတေရှိရာသို့ ရူးသွပ်စွာ တိုးဝှေ့တက်နေကြသည်။

တစ်ကောင်…

နှစ်ကောင်…

သုံးကောင်…

တစ်ရာ…

နှစ်ရာ…

.....

နောက်ဆုံးတွင် ရေသူပေါင်း ရာနှင့်ချီ၍ အသက်ဓာတ်များ စုပ်ယူခြင်း ခံလိုက်ရပြီး ပင်လယ်ထဲသို့ ပြန်လည်ပြုတ်ကျလာကြသည်။

ထိုသို့သော ပရမ်းပတာ အခြေအနေအတွင်းမှာပင် လှပသော ရေသူမလေး တစ်ဦးသည် အခွင့်အရေးကို ရရှိသွားကာ မီးခိုးရောင် အမြုတေကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက်သူမသည် အသက်ဓာတ်နှင့် ဝိညာဉ်စွမ်းအင်များ စုပ်ယူခြင်း မခံရမီ အချိန်အတွင်း၌ပင် အမြုတေကို အေးခဲနေသော ရေခဲပြင်ကြီးရှိရာသို့ အားကုန် လွှဲပစ်လိုက်လေသည်။

အမြုတေသည် ရေခဲပြင်ပေါ်၌ လိမ့်ဆင်းသွားကာ ထိတွေ့သမျှ ရေခဲများကို ချက်ချင်းပင် အရည်ပျော်သွားစေ၏။ ထိုသို့ အရည်ပျော်သွားရခြင်းသည် ရေခဲအတွင်းရှိ အေးခဲခြင်း စွမ်းအားများကို အမြုတေလုံးက ဝါးမြိုလိုက်သောကြောင့် ဖြစ်လေသည်။

မီးခိုးရောင်အမြုတေလုံးအတွင်း၌ ပျက်စီးခြင်းအလင်းတန်းများတောက်ပနေသည်။ အမြုတေလုံးသည် အရာအားလုံးကိုဝါးမြိုနိုင်စွမ်းရှိနေသကဲ့သို့ ထင်ရလေသည်။ ထိုအမြုတေသည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရသွားဟန်ဖြင့် အေးခဲခြင်း စွမ်းအား၏ အရင်းအမြစ် ဖြစ်သော ရေခဲနတ်ဘုရားမ၏ ခန္ဓာကိုယ်ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် လိမ့်ဝင်သွားသည်။

မီးခိုးရောင် အမြုတေနှင့် အေးခဲခြင်းနှလုံးသားမှ ထွက်ပေါ်နေသော အဖြူရောင် စွမ်းအား အချင်းချင်း ထိတွေ့သွားကာ ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။ အစပိုင်းတွင် နှစ်ဖက်စလုံးသည် အင်အားခြင်းတူညီ နေသဖြင့် အားပြိုင်သည့်အနေအထား၌ရှိ နေသော်လည်း ခဏအကြာတွင် မီးခိုးရောင် အမြုတေလုံးသည် တဖြည်းဖြည်း အသာစီး ရလာသည်။ အဖြူရောင် အေးခဲခြင်း စွမ်းအားများကို ပို၍ဝါးမြိုပြီးနောက်တွင် မီးခိုးရောင် အမြုတေ၏ စွမ်းအားသည် ပိုမို ကြီးမားလာလေတော့သည်။

သစ်သားဖောင်ပေါ်၌ ရပ်နေသော ကျုံးရှန်၏ မျက်လုံးများ တောက်ပသွားသည်။

သန့်စင်သောဝိညာဉ်ဝါးမြိုခြင်းစွမ်းအား။

ဤအရာသည် သူ ခန့်မှန်းထားသော ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်၏ မြစ်ဖျားခံရာဖြစ်သော ရတနာတစ်ခုပင် ဖြစ်သည်။ ထိုအရာသည် အေးခဲခြင်းနှလုံးသားကိုပင် ဝါးမြိုနိုင်စွမ်း ရှိနေသဖြင့် ယင်းကို ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ် ဟု ခေါ်ဆိုနိုင်ပေသည်။

ကျုံးရှန်သည် ထိုရတနာကို ရယူရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဝိညာဥ်စွမ်းအင်အရည်အသွေးသည် ကျောက်စိုင်အဆင့် သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့လေသည်။ အကယ်၍သာ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို ပေါင်းစပ်နိုင်ခဲ့လျှင် သူသည် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကာ သူ၏ တိုက်ခိုက်မှု တိုင်းသည်လည်း ရန်သူ၏ စွမ်းအားကို ဝါးမြိုနိုင်သော အစွမ်းများ ပါဝင်လာပေလိမ့်မည်။

အမြုတေသည် အေးခဲခြင်းနှလုံးသားကို ဝါးမြိုနေသည့် အချိန်အတွင်းပင် ကျုံးရှန်သည် ရေခဲပြင်ပေါ်သို့ လျင်မြန်စွာ ပြေးဝင်သွားကာ ထိုမီးခိုးရောင် အမြုတေကို လက်ဖြင့် တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

ထိုတစ်ခဏ၌ ကျုံးရှန်သည် မိမိ၏ လက်ဖဝါးအတွင်း၌ ဝိညာဉ်စွမ်းအင်များကိုစုပ်ယူ နေသော တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ရူးသွပ်စွာဖြင့် စုပ်ယူခြင်း ခံလိုက်ရလေသည်။

ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် မြောက်မြားစွာသော ရေသူများ၏စွမ်းအင်များကို ခြောက်သွေ့သွားသည်အထိစုပ်ယူပြီးဖြစ်သည်။ ရေသူများသည် လူသားတို့ကဲ့သို့ အရေအတွက်ကိုအသုံးချစတေးခြင်းဖြင့် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ဖြစ်သည့် အမြုတေလုံးကို ပစ်ရန်အခွင့်အရေးယူခဲ့ရလေသည်။

သို့သော်လည်း ကျုံးရှန်သည် ရိုးရှင်းစွာဖြင့်ပင် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်အမြုတေလုံးကိုဆုပ်ကိုင်လိုက်သည်။

ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် အလွန်အဆင့်မြင့်မားသည့် ရတနာတစ်ခုဖြစ်သည်။ ကံဆိုးသည်မှာ ထိုကဲ့သို့ရတနာမျိုးသည်အနည်းငယ်သာရှိ၏။

ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များသည် သမုဒ္ဒရာကြီးသဖွယ် ကျယ်ပြောလှပေသည်။

၈၁၀ သန်းသော စစ်မှန်သောအတ္တ အမှုန်အမွှားများ။

ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော်အရှင်သခင်များ။

ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်ေတာ်၏ ရွှေရောင်ကိုယ်ပွား။

ထို့အပြင် သူ၏ကိုယ်တွင်းဟင်းလင်းပြင်နှင့် ထိုအတွင်းရှိ ဟင်းလင်းပြင်သိုလှောင်ရတနာများအတွင်း၌ သိုလှောင်ထားသော စွမ်းအားများမှာ အဆုံးအစ မရှိချေ။ ထို့ကြောင့် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်မှ စုပ်ယူနေသော စွမ်းအားသည် ကျုံးရှန်အတွက်မူ သမုဒ္ဒရာကြီးထဲ၌ ဘုံဘိုင်ခေါင်းတစ်ခုကို ဖွင့်ထားသကဲ့သို့သာ ဖြစ်နေလေသည်။

All Chapters