အခန်း (၃၀၄)
Vol. 31 Ch. 304
''ရပြီ...''
ကျုံးရှန်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဝေးကွာလှသော အရပ်၌ အသက်မသေဘဲ ကျန်ရှိနေခဲ့ကြသော ဂျောက်ကျိ တစ်နည်း ရေသူများသည်ကား ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားများဖြင့် ကျုံးရှန်ကို ကြည့်လိုက်ကြလေသည်။ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် ဂျောက်ကျိမျိုးနွယ်စုအတွက်မူ မျိုးနွယ်စုတစ်ခုလုံး၏ အသက်သွေးကြော ဖြစ်သည်။
ယင်း၏ အတွင်း၌ အသန့်စင်ဆုံးသော ဝိညာဉ်ဝါးမြိုခြင်းအနှစ်သာရ စွမ်းအားများ ကိန်းဝပ်လျက် ရှိသည်။ ထိုအရာသည် အမြုတေလုံးလေး တစ်လုံးမျှသာ ရှိသော်လည်း ဝိညာဉ်ဝါးမြိုခြင်း တာအိုနိယာမ၏ အရင်းအမြစ်ပင် ဖြစ်သည်။
ကျုံးရှန်သည် မိမိ၏ လက်ဖဝါးအတွင်းရှိ အမြုတေလုံးထံမှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်လှသည့် စုပ်ယူအားကို ခံစားကြည့်လိုက်သည်။ ထို့နောက်တွင် သူသည် ရုတ်တရက် ပါးစပ်ကို ဟကာ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ် အမြုတေလုံးကို မြိုချလိုက်၏။ ဤလုပ်ရပ်သည် တွင်းနက်ကြီးတစ်ခုကို ဗိုက်ထဲသို့ ထည့်လိုက်ခြင်းနှင့် ကွဲပြားခြင်း မရှိချေ။
မျက်စိတစ်မှိတ်အတွင်းပင် အမြုတေလုံးသည် သူ၏ ဝမ်းဗိုက်မှတစ်ဆင့် ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားသည်။
ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် ဆန်ဂိုဒေါင်အတွင်းသို့ ရောက်ရှိသွားသော ကြွက်တစ်ကောင်ကဲ့သို့ပင် သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းရှိ စွမ်းအားများကို ရူးသွပ်စွာဖြင့် စတင် ဝါးမြိုလိုက်၏။ သို့သော်လည်း ကျုံးရှန်သည်ကား တုန်လှုပ်သွားခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်ပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအတ္တ အမှုန်အမွှား ၈၁၀ သန်းကို နှိုးဆွလိုက်သည်။
ထိုစစ်မှန်သောအတ္တ အမှုန်အမွှား တစ်ခုချင်းစီတိုင်းသည် သေးငယ်လှသော ကျုံးရှန်၏ ပုံစံငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားကာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ထိုဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို ဝိုင်းရံပိတ်ဆို့လိုက်ကြလေသည်။ ဤသည်မှာ လူအင်အားဖြင့် အနိုင်ယူသော နည်းဗျူဟာ ဖြစ်သည်။
အမှုန်အမွှား တစ်ခုချင်းစီတိုင်းသည် နတ်ဘုရားအမြုတေ မရှိသော နတ်ဘုရားနယ်ပယ် အဆင့် ၁ ကျွမ်းကျင်သူ တစ်ဦး၏ စွမ်းအားနှင့် ညီမျှလေသည်။ အစပိုင်းတွင် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် ထိုအမှုန်အမွှားများ၏ စွမ်းအားကို လျင်မြန်စွာ ဝါးမြိုနိုင်ခဲ့ကာ ယင်းတို့အား မီးခိုးရောင် အမှုန်များအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ သို့သော်လည်း စစ်မှန်သောအတ္တ အမှုန်အမွှားများ၏ အရေအတွက်သည် တဖြည်းဖြည်း တိုးပွားလာပြီး ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို လုံးဝ ဖုံးလွှမ်းသွားသည်။
အမှုန်အမွှား အရေအတွက်သည် တစ်ခု ၊ နှစ်ခုမျှသာ ရှိသည် မဟုတ်ဘဲ ၈၁၀ သန်းအထိ ရှိနေခြင်း ဖြစ်၏။ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ၈၁၀ သန်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကာ ထိုအမှုန်အမွှားကိုယ်ပွားများအတွင်း၌ ကိန်းဝပ်နေသော စွမ်းအားသည် ခန့်မှန်းရခက်ခဲလှပေသည်။
ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် အမှုန်အမွှားများ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီးနောက်တွင် အမှုန်အမွှားများသည် ယင်းကို အပိုင်းပိုင်း ခွဲခြမ်းလိုက်သည်။ ကျုံးရှန်၏ ပုံစံငယ်လေးများအဖြစ် ပြောင်းလဲထားသော အမှုန်အမွှား တစ်ခုချင်းစီသည် ဝိညာဉ်ဝါးမြိုခြင်း အနှစ်သာရ တစ်စစီကို ခွဲထုတ်ယူလိုက်ကြကာ မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ ထည့်သွင်းကျင့်ကြံလိုက်ကြလေသည်။
ပုရွက်ဆိတ်များက တောင်ကြီးကို ရွှေ့ပြောင်းနေသကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်သည် မကြာမီ အချိန်အတွင်း၌ လုံးဝ ကြေမွပျက်စီးသွားခဲ့ကာ အမှုန်အမွှားအားလုံး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ထိုလုပ်ငန်းစဉ်အတွင်း ကျုံးရှန်၏ စစ်မှန်သောအတ္တ အမှုန်အမွှားများအနက် တစ်ရာကျော်ခန့်သာ စွမ်းအားများ ခမ်းခြောက်သွားခဲ့လေသည်။
အမှုန်အမွှားများသည် အလွန် ထူးခြားသော တည်ရှိမှုများ ဖြစ်ပြီး သူတို့သည် ရတနာများကဲ့သို့ ဖြစ်သော်လည်း တစ်ဖက်တွင်မူ သီးခြားဖြစ်တည်နေသော သက်ရှိ ဝိသေသလက္ခဏာများလည်း ရှိနေကြသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်သွားစေကာမူ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိချေ။ ကျုံးရှန်က ကျင့်ကြံခြင်းကို ပြန်လည် ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းတို့သည် ဖြည်းညှင်းစွာဖြင့် ပြန်လည် ပြည့်ဖြိုးလာမည် ဖြစ်သည်။
စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာဖြစ်သည့် ဤသမုဒ္ဒရာအတွင်းရှိ ဝိညာဉ်စွမ်းအင် ကြွယ်ဝသည့် ပင်လယ်ငါးများ သို့မဟုတ် ပင်လယ်သားရဲများကို စားသုံးလိုက်မည် ဆိုပါက အမှုန်အမွှားများ၏ စွမ်းအား ပြန်လည် ပြည့်ဖြိုးမှုသည် ပို၍ပင်လျင်မြန်လာမည်ဖြစ်သည်။ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို ခွဲခြမ်းလိုက်ပြီးနောက်တွင် အမှုန်အမွှားများ၏ နှစ်ဆယ်ပုံ တစ်ပုံခန့်သည် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို ရရှိသွားကြလေသည်။
သူတို့သည် ထိုစွမ်းအားများကို မိမိတို့၏ ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်ကျင့်ကြံလိုက်ကြသောအခါ အမှုန်အမွှား တစ်ခုချင်းစီတိုင်းသည် ဝိညာဉ်ဝါးမြိုခြင်းစွမ်းရည်ကို ပိုင်ဆိုင်သွားကြ၏။ ထိုစွမ်းရည်သည် ကျုံးရှန်၏ ဝိညာဉ်စွမ်းအင်များအတွင်းသို့ ရောက်ရှိသွားကာ သူ၏ စွမ်းအားကို ပိုမို ရက်စက်ကြမ်းကြုတ်လာစေပြီး မည်သည့် စွမ်းအားကိုမဆို ဝါးမြိုနိုင်သော ဂုဏ်သတ္တိများ ရှိလာစေလေသည်။
ဝိညာဉ်စွမ်းအင်ဆိုင်ရာအပြောင်းအလဲများကြောင့် ကျုံးရှန်၏ ပင်မ ခန္ဓာကိုယ်သည်လည်း ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည် တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်သွားသည်။ အကယ်၍သာ သူ၏ အမှုန်အမွှား အားလုံးသည် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို ရရှိသွားခဲ့မည် ဆိုပါက သူ၏ ဝိညာဉ်စွမ်းအင်သည် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသွားမည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ ရန်သူနှင့် ရင်ဆိုင်ရသည့် တစ်ခဏအတွင်း၌ပင် ရန်သူ၏ ဝိညာဉ်စွမ်းအင်များကို ချက်ချင်းပင် စုပ်ယူဝါးမြိုနိုင်မည်ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း အရည်အသွေးများ တိုးတက်လာသည်နှင့်အမျှ ထိုရက်စက်လှသော စွမ်းရည်၏ဝိသေသလက္ခဏာသည် ပိုမို၍ သိသာထင်ရှားလာပေလိမ့်မည်။
ကျုံးရှန်သည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအခါ သူ၏ တစ်ကိုယ်လုံးမှ အလွန် ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ပျံနှံ့သွားသည်။ ဝေးကွာလှသော အရပ်ရှိ ဂျောက်ကျိများအားလုံး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝပ်တွားသွားကြကာ လှိုင်းတံပိုးများ ထနေသော ပင်လယ်ပြင်ကြီးပင်လျှင် ချက်ချင်း ငြိမ်သက်သွားရလေသည်။
ဤသည်မှာ ဝိညာဉ်ဝါးမြိုခြင်း၏ အစစ်အမှန် အရှိန်အဝါဖြစ်ကာ အရာအားလုံးကို ဝါးမြိုနိုင်ပြီး မည်သည့်အရာကိုမျှ ပြန်လည် ထုတ်လွှတ်ပေးခြင်း မရှိချေ။ ယခုအချိန်၌ ကျုံးရှန် ပိုင်ဆိုင်ထားသော ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားသည် သူ၏ တစ်ကိုယ်လုံးရှိ စွမ်းအား၏ နှစ်ဆယ်ပုံ တစ်ပုံမျှသာ ရှိသေးသဖြင့် ယင်းကို အပေါ်ယံမျှသာ ရရှိထားသည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ရေသူများ (ဂျောက်ကျိများ)အတွက်မူ ထိုအရာသည်ပင် မတွေးဝံ့စရာ ကိစ္စမျိုး ဖြစ် နေ၏။ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို သူတို့မျိုးနွယ်စု တစ်ခုလုံး၏ အဖိုးတန်ရတနာအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ကာ နှစ်ပေါင်း မြောက်မြားစွာတိုင်အောင် ထိုအမြုတေ၏ ဘေးပတ်လည်၌သာ ကျင့်ကြံခဲ့ကြရပြီး ယင်းကို တိုက်ရိုက် ထိတွေ့ရန် သို့မဟုတ် အနားသို့ ကပ်ရန် မဝံ့ရဲခဲ့ကြပေ။
သို့သော်လည်း သူတို့ရှေ့ရှိလူသားသည် တိုတောင်းလှသော အချိန်အတွင်း၌ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်နှင့် အလွယ်တကူ ပေါင်းစပ်နိုင်ခဲ့လေသည်။
ကျုံးရှန်သည် အားမလိုအားမရ ဖြစ်နေလေသည်။
'ဒီဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်က တကယ့်ကို ကောင်းတဲ့ ရတနာပဲ...'
'ဒါပေမဲ့ သေးလွန်းတယ်...'
'ငါ့ရဲ့ စစ်မှန်သောအတ္တ အမှုန်အမွှား အားလုံးကိုသာ ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားနဲ့ ပေါင်းစပ်နိုင်မယ် ဆိုရင် ဝိညာဉ်ဝါးမြိုခြင်းရဲ့ စွမ်းအား တစ်ရာရာခိုင်နှုန်းလုံးကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မယ်...'
'အဲဒီအချိန်ကျရင် မျက်စိတစ်မှိတ်အတွင်း သေးငယ်တဲ့ ဟင်းလင်းပြင်ကမ္ဘာ ဆယ်ခုလောက်ရဲ့ စွမ်းအားတွေကို ခမ်းခြောက်သွားအောင် စုပ်ယူနိုင်လိမ့်မယ်...'
'အဲဒီအချိန်ကျရင် ငရဲပြည်က အထွတ်အထိပ် မိစ္ဆာအရှင်သခင်တွေပဲ ဖြစ်ဖြစ်၊ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးက အထွတ်အထိပ် စစ်မှန်တဲ့ နတ်ဘုရားတွေပဲ ဖြစ်ဖြစ် ငါ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဝံ့ရဲကြမှာ မဟုတ်တော့ဘူး...'
ကျုံးရှန်သည် မိမိ၏ အခြေအနေကို ကောင်းစွာ သိရှိထားကာ စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၌ အန္တရာယ် အရှိဆုံးနှင့် အဖိုးတန်ဆုံးသော အရာသည် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ် ဖြစ်နိုင်ကြောင်းကိုလည်း တွေးတောမိလေသည်။
သို့သော်လည်း နှစ်ပေါင်း မြောက်မြားစွာအတွင်း ကျုံးရှန် တစ်ဦးတည်းသာ ယင်းကို နှိမ်နင်းနိုင်စွမ်း ရှိခဲ့ခြင်း ဖြစ်သည်။ အခြားသော မိစ္ဆာအရှင်သခင်များသာ ဆိုပါက သူတို့၏ အခြေခံ မည်မျှပင် ခိုင်မာစေကာမူ ဤသို့ ချောမွေ့စွာ ပေါင်းစပ်နိုင်လိမ့်မည် မဟုတ်ချေ။ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ မြောက်မြားစွာသော စစ်မှန်သောအတ္တ အမှုန်အမွှားများ ရှိနေပြီး ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်၏ ရွှေရောင်ကိုယ်ပွားငယ်၊ဓာတ်ကြီးငါးပါးနတ်ဘုရားနန်းတော်အရှင်သခင်ငါးပါး ကဲ့သို့သော စွမ်းအား အရင်းအမြစ်များ ရှိနေခြင်းကြောင့်သာ အလွယ်တကူ စုပ်ယူဝါးမြိုလိုက်နိုင်ခြင်းဖြစ်သည်။
ဝိညာဉ်ဝါးမြိုခြင်း စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ရရှိပြီးနောက်တွင် ကျုံးရှန်သည် ပင်လယ်တွင်းရှိ သက်ရှိများ၏ ဝါးမြိုခြင်းကို ကြောက်ရွံ့ရန် မလိုတော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ အလိုရှိပါက အနီးအနားရှိ ပင်လယ်သားရဲများနှင့် ပင်လယ်ငါးများကို ချက်ချင်းပင် စုပ်ယူဝါးမြိုနိုင်လေသည်။
ယခုအခါတွင် သစ်သားဖောင်သည်လည်း အသုံးမဝင်တော့ချေ။ သူသည် သစ်သားဖောင်ပေါ်မှ ခုန်ချလိုက်ကာ ပင်လယ်ရေထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။ ဂျောက်ကျိအုပ်စု ကြောက်လန့်နေကြဟန် ရှိလေသည်။ သို့သော်လည်း သူတို့သည် ထွက်ပြေးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများ မပြုလုပ်ကြဘဲ လှိုင်းတံပိုးများအကြား၌ ငြိမ်သက်စွာ ရှိနေကြသည်။
ကျုံးရှန်သည် ပင်လယ်ရေထဲသို့ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဝိညာဉ်ဝါးမြိုခြင်း အရှိန်အဝါကြောင့် မည်သည့် ပင်လယ်သားရဲမျှ အနားသို့ မကပ်ဝံ့ကြချေ။ သူသည် ခြေထောက်များကို စုလိုက်ကာ ငါးတစ်ကောင်ကဲ့သို့ ရေထဲ၌ လျင်မြန်စွာ ကူးခတ်လိုက်ပြီး မကြာမီ အချိန်အတွင်းပင် ရေသူအုပ်စု၏ အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။
ထိုရေသူများသည် မလှုပ်မယှက် ရှိနေကြကာ ကျုံးရှန်ကို ကြောက်ရွံ့ထိတ်လန့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ သူတို့သည် စုရုံးနေကြကာ အလယ်ဗဟိုရှိ တစ်စုံတစ်ယောက် သို့ မင်းသမီးလေးတစ်ပါးကို ကာကွယ်ထားကြဟန် ရှိလေသည်။ ဂျောက်ကျိများ ဝန်းရံထားသော အလယ်ဗဟို၌ ခန္ဓာကိုယ် သေးငယ်လှသော ရေသူမလေး တစ်ဦး ရှိနေသည်။
ထိုရေသူမလေးသည် အလွန်လှပပြီး သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းသည် လူသား အမျိုးသမီးလေး တစ်ဦးနှင့် ထပ်တူပင် ဖြစ်သည်။ သို့သော်လည်း သူမ၏ မျက်လုံးများသည်ကား လူသားများကဲ့သို့ အသက်ဝင်မှုမရှိခြင်းသာဖြစ်သည်။ ဂျောက်ကျိအားလုံးသည် သူမကို ကာကွယ်ရန်အတွက် ဝန်းရံထားကြခြင်း ဖြစ်၏။
ထိုအပြုအမူသည် ကျုံးရှန်၏ စိတ်ဝင်စားမှုကို ရရှိသွားစေလေသည်။ သူသည် သေးငယ်လှသော ဂျောက်ကျိလေးရှိရာသို့ ကူးခတ်သွားလိုက်လျှင် ဂျောက်ကျိများသည် ရုတ်တရက် လှုပ်ရှားလာကြသည်။ ကျုံးရှန်သည် သူတို့ကာကွယ်ထားသည့်ရေသူမလေးရှိရာ အလယ်ဗဟိုသို့ ဦးတည်နေသည်ကို မြင်သောအခါ သူတို့အားလုံးသည် ရူးသွပ်နေကြသည့်အလား ရှေ့သို့ တိုးဝင်လာကြသည်။
သူတို့သည် အသက်ဘေးကိုပင် မငဲ့တော့ဘဲ ကျုံးရှန်ကို တားဆီးရန် ကြိုးစားလိုက်ကြခြင်းဖြစ်သည်။
''ရှဲ... လား... လား...''
သူတို့သည် အော်ဟစ်သံများ ပြုလုပ်ကာ ကျုံးရှန်ကို သတိပေးနေကြသည်။
ကျုံးရှန်သည်ကား ထိုသည်ကိုဂရုစိုက်ခြင်းမရှိဘဲ သူ၏ လက်ထဲမှ ဟင်းလင်းပြင် နတ်ဘုရားနွယ်ပင်ကို ထုတ်ယူကာ ဘေးပတ်လည်သို့ လွှဲယမ်းလိုက်သည်။
နတ်ဘုရားနွယ်ပင်နှင့် ထိတွေ့မိသမျှ ရေသူများသည် ချက်ချင်းပင် အပိုင်းပိုင်းအစစဖြစ်သွားကာ ပင်လယ်ရေထဲ၌ သွေးမြူထုကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သူတို့သည် ကျုံးရှန်၏ ရှေ့ဆက်တိုးမှုကို လုံးဝ မတားဆီးနိုင်ကြချေ။
''ဂု... လု... လု...''
ထိုအချိန်တွင် အလယ်ဗဟိုရှိ သေးငယ်သော ဂျောက်ကျိမလေးထံမှ ထူးဆန်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကို ကြားလိုက်ရသောအခါ ကျန်ရှိနေသော ရေသူအားလုံးသည် သူတို့၏ ရူးသွပ်သော လုပ်ရပ်များကို ရပ်တန့်လိုက်ပြီး နောက်သို့ ဆုတ်ခွာသွားကာ ကျုံးရှန် ရှေ့ဆက်ရန်အတွက် လမ်းတစ်ခုကို ဖွင့်ပေးလိုက်ကြသည်။
ကျုံးရှန်သည် အနည်းငယ်မျှ အံ့အားသင့်သွားခဲ့သော်လည်း ပိုမို၍ စိတ်ဝင်စားသွားကာ ထိုရေသူမလေးရှိရာသို့ ဆက်လက် ကူးခတ်သွားလိုက်သည်။