← Chapters

အခန်း (၃၀၆)

Vol. 31 Ch. 306

အခန်း (၃၀၆)

Vol. 31 Ch. 306

ဂျောက်လန်၏ လမ်းပြမှုအောက်တွင် ကျုံးရှန်သည် လင်လုံ ပင်လယ်သားရဲ မျိုးနွယ်စု၏ အခြေစိုက်စခန်းအပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထိုနေရာ၌ ပုံစံအမျိုးမျိုး ရှိသော စက်ဝိုင်းပုံစံ အမိုးခုံး အသိုက်အမြုံများကို မြင်တွေ့နိုင်သည်။ ယင်းတို့သည် ကျိုးပဲ့နေသော သန္တာကျောက်တန်းများ၊ ပင်လယ်ရေအောက်၌ နစ်မြုပ်နေသော ကျောက်ဆောင်ကြီးများနှင့် အခြားသော ပင်လယ်သားရဲများ၏ သန်မာလှသော အရိုးစုများကို အသုံးပြုကာ တည်ဆောက်ထားကြခြင်း ဖြစ်သည်။

အသိုက်အမြုံ တစ်ခုချင်းစီတိုင်းသည် ပေပေါင်း မြောက်မြားစွာ ကျယ်ဝန်းလှကာ လူသားတို့၏ နေအိမ်အရွယ်အစားခန့်ရှိသည်။ လင်လုံ ပင်လယ်သားရဲ မျိုးနွယ်စု၏ နယ်မြေသည် အလွန် ကျယ်ပြောလှသဖြင့် သူတို့၏ စွမ်းအားသည် ရေသူမျိုးနွယ်စုထက် များစွာပိုမိုကြီးမားကြမှန်း သိသာလေသည်။

ကျုံးရှန်တို့အဖွဲ့ လင်လုံ ပင်လယ်သားရဲ မျိုးနွယ်စု၏ အပြင်ဘက်သို့ ချဉ်းကပ်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ကင်းလှည့်နေကြသော လင်လုံ ပင်လယ်သားရဲ စစ်သည်တော်များသည် ချက်ချင်းပင် သတိထားမိသွားကြသည်။ လင်လုံ ပင်လယ်သားရဲများ၏ ခန္ဓာကိုယ်သည် ရေသူများထက် မြောက်မြားစွာ ပိုမို ကြီးမားလှကာ ခေါင်းမှ အမြီးအထိဆိုပါက ပေပေါင်း မြောက်မြားစွာ ရှည်လျားပြီး ရေသူများကဲ့သို့ လူသားပုံစံနှင့် တူညီခြင်း မရှိကြချေ။

လင်လုံတို့သည် ကြောက်မက်ဖွယ်ကောင်းလှသော သူတို့၏ခန္ဓာကိုယ်မျှ ကြီးမားသည့်ပါးစပ်ကြီးများကို ပိုင်ဆိုင်ထားပြီး ကျုံးရှန်ကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်နိုင်စွမ်းရှိသည်။ သူတို့၏ ခန္ဓာကိုယ် အပြင်ဘက်တွင် အညိုနုရောင်ရှိသော မာကျောသည့် အကြေးခွံများ ဖုံးလွှမ်းနေပြီး ထိုအကြေးခွံများသည် တစ်ခုနှင့်တစ်ခု ထပ်လျက် တည်ရှိနေကြကာ ကြမ်းတမ်းခက်ထန်သော ရှေးဟောင်းခေတ်မှ ဖိအား အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

အထူးခြားဆုံး အချက်သည် ထိုပင်လယ်သားရဲများ၏ ဦးခေါင်းထက်၌ မီးအိမ်တစ်ခုကဲ့သို့ တောက်ပနေသော အလင်းလုံးလေးများ ရှိနေခြင်း ဖြစ်သည်။ ထိုအလင်းလုံးလေးများကို ရှည်လျားလှသော အာရုံခံ အမျှင်တန်း တစ်ခုဖြင့် ချိတ်ဆက်ထားသဖြင့် အလွန်ပင် ထင်ရှားလှသည်။

ကျုံးရှန်နှင့် ဂျောက်လန်ကို မြင်တွေ့လိုက်ရသောအခါ သူတို့သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် ရှေ့သို့ တိုးဝင်လာကြသည်။ သူတို့၏ ပါးစပ်ကြီးများကို အဆက်မပြတ် ဟလိုက် ပိတ်လိုက် ပြုလုပ်နေကြကာ ချွန်ထက်လှသော သွားများအကြားမှ ပြင်းထန်လှသော ရေစီးကြောင်းများကို ထုတ်လွှတ်လိုက်ကြသည်။ ထိုရေစီးကြောင်းများကြောင့် ပင်လယ်ကြမ်းပြင်ရှိ ရွှံ့နွံများနှင့် သဲများ လွင့်ပျံလာကာ အမြင်အာရုံကို ပိတ်ဆို့သွားစေသည်။

ပါးစပ်ကြီးများသည် အသားကြိတ်စက်ကြီးများကဲ့သို့ ဖြစ်နေကာ မည်သည့်အရာကိုမဆို ဝါးမျိုပစ်တော့မည့်အလား ရှိနေသည်။

ဂျောက်လန်သည် ကြောက်ရွံ့သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် စွမ်းအားချင်း နှိုင်းယှဉ်ကြည့်မည် ဆိုပါက ရေသူများသည် လင်လုံ ပင်လယ်သားရဲများကို ယှဉ်နိုင်စွမ်း မရှိကြချေ။ ကံကောင်းသည်မှာ ရေသူများသည် လင်လုံ ပင်လယ်သားရဲများထက် ပိုမို မြင့်မားသော ဉာဏ်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေခြင်း ဖြစ်သည်။

သို့သော်လည်း ရံဖန်ရံခါတွင် ရေမျက်နှာပြင်သို့ တက်လာသော လင်လုံ ပင်လယ်သားရဲများသည် ရေသူမြောက်မြားစွာကို အလွယ်တကူပင် ဝါးမျိုပစ်တတ်ကြလေသည်။

ကျုံးရှန်သည် နီးကပ်လာသော လင်လုံသားရဲများကို အနည်းငယ်မျှပင် အရေးစိုက်ခြင်းမရှိပေ။ လင်လုံ ပင်လယ်သားရဲများ၏ ကြောက်မက်ဖွယ် ပါးစပ်ကြီးများကို ရင်ဆိုင်ရသည့်တိုင် သူသည် နောက်သို့ ဆုတ်ခွာခြင်း မရှိသည့်အပြင် ခြေထောက်ကို အားပြုကာ ရှေ့သို့ တိုက်ရိုက်ပင် တိုးဝင်သွားလိုက်သည်။ သူ၏ လှုပ်ရှားမှုသည် ပင်လယ်ရေထဲ၌ ကျွမ်းကျင်စွာ ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ အလွန် သွက်လက်လှ၏။

တိုးဝင်လာသောလင်လုံ ပင်လယ်သားရဲတစ်ကောင်သည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။ ကျုံးရှန်သည် သူ၏ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာကာ သူ၏ ဦးခေါင်းထက်ရှိ မီးအိမ်ငယ်လေးကို လက်သီးဖြင့် ထိုးနှက် ဖျက်ဆီးပစ်လိုက်သည်။

''ခွပ်...''

ထိုတစ်ခဏ၌ သန့်စင်သော ဝိညာဉ်စွမ်းအင်များသည် ထူးဆန်းလှသော အလင်းတန်းများနှင့်အတူ အပြင်သို့ ပေါက်ကွဲထွက်ပေါ်လာ၏။

မီးအိမ်ငယ်လေးသည် လင်လုံ ပင်လယ်သားရဲ၏ တစ်သက်တာ စုစည်းထားသော စွမ်းအင် အဆီအနှစ်များ ဖြစ်ဟန် ရှိသည်။ ပင်လယ်သားရဲများကို လင်လုံ (ဝိညာဉ်မီးအိမ်) ဟု အဘယ်ကြောင့် ခေါ်ဆိုရခြင်းကို ကျုံးရှန်သည် ယခုမှ နားလည်သွားရလေသည်။ မီးအိမ်ငယ် တစ်ခုအတွင်း၌ ရှိနေသော စွမ်းအားသည် သူတော်စင်အဆင့်အောက်ရှိ ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားနှင့် ညီမျှနေသဖြင့် ဝိညာဉ်ဝါးမျိုခြင်း ပင်လယ်အတွင်းရှိ ပင်လယ်ငါးများထက် မြောက်မြားစွာ ပိုမို တန်ဖိုးရှိလှသည်။

ထိုမီးအိမ်တို့အတွင်း၌ ပါဝင်သော စွမ်းအားသည် လင်လုံ ပင်လယ်သားရဲ၏ သန့်စင်သောစွမ်းအင်အနှစ်သာရ ဖြစ်သဖြင့် မည်သည့် မသန့်စင်မှုမျှ မရှိချေ။ ဦးခေါင်းထက်ရှိ မီးအိမ်ငယ် ဖျက်ဆီးခြင်း ခံလိုက်ရသောအခါ လင်လုံ ပင်လယ်သားရဲသည် ချက်ချင်းပင် အားအင်များ ခမ်းခြောက်သွားရကာ သေဆုံးသွားခြင်း မရှိသော်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ပင်လယ်ရေအောက်ခြေသို့ နစ်မြုပ်သွားသည်။

လင်လုံပင်လယ်သားရဲများသည် ကျုံးရှန်နှင့် ရင်ဆိုင်ရသောအခါ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိကြချေ။

ဤသို့ဖြင့် ရိတ်သိမ်းမှု စတင်သွားလေသည်။

ကျုံးရှန်သည် လင်လုံမျိုးနွယ်စုအတွင်း၌ လျင်မြန်စွာ ကူးခတ်သွားလာနေပြီး သူ ဖြတ်သန်းသွားသည့် နေရာတိုင်းမှလင်လုံသားရဲတို့၏မီးအိမ်ငယ်များဖြတ်ထုတ်ခြင်းခံလိုက်ရသည်။ သူ၏ လက်ထဲ၌ သေးငယ်လှသော မီးအိမ်ငယ်လေးများ တစ်ခုပြီးတစ်ခု တိုးပွားလာလေသည်။ လင်လုံတို့၏ သန့်စင်သောစွမ်းအင်အနှစ်သာရပါသည့် မီးအိမ်ငယ်များသည် ကျုံးရှန်၏ စစ်လက်နက်များဖွဲ့စည်းရန်အတွက် အဖိုးတန်အရင်းအမြစ်များ ဖြစ်လာကြလေသည်။ ကျုံးရှန်သည် မီးအိမ်များကိုသာ သိမ်းဆည်းလိုက်ခြင်း ဖြစ်ပြီး လင်လုံ ပင်လယ်သားရဲများ၏ အသက်ကို အဆုံးမသတ်ခဲ့ချေ။ ဂျောက်လန်၏ မှတ်ဉာဏ်များအရ မီးအိမ်များကိုသာ သိမ်းဆည်းမည် ဆိုပါက ထိုပင်လယ်သားရဲများသည် သေဆုံးသွားမည် မဟုတ်ချေ။

သူတို့သည် ပြင်းထန်စွာ အားနည်းသွားမည် ဖြစ်သော်လည်း အချိန်အတော်ကြာ ပြန်လည် နားယူလိုက်မည် ဆိုပါက မီးအိမ်သစ်များကို ထပ်မံ ထွက်ပေါ်လာစေနိုင်မည် ဖြစ်သည်။

ဤသည်မှာ ကြက်သွန်မြိတ် ရိတ်သိမ်းသကဲ့သို့ပင် ဖြစ်လေသည်။ အမြစ်မှ ဆွဲနှုတ်ပစ်ခြင်းသည် မိမိ၏ ရေရှည် အကျိုးစီးပွားကို ဖျက်ဆီးခြင်း ဖြစ်သဖြင့် အပေါ်ယံ အပိုင်းကိုသာ ရိတ်သိမ်းခြင်းဖြင့် အကျိုးမြတ်များကိုအကန့်အသတ်မရှိ ရရှိစေနိုင်မည်။

ကျုံးရှန်သည် မီးအိမ်ငယ်ပေါင်း ရာနှင့်ချီ၍ သိမ်းဆည်းပြီးသောအခါတွင် မျိုးနွယ်စု၏ အလယ်ဗဟိုမှ ကြီးမားလှသော ရေဝဲကြီးတစ်ခု ပေါ်ပေါက်လာသည်။ ပေပေါင်း ဆယ်ဂဏန်းခန့် ကြီးမားလှသော လင်လုံ ပင်လယ်သားရဲ ဘုရင်ကြီးသည် ထိုရေဝဲကြီးအတွင်းမှ ထွက်ပေါ်လာ၏။

ပင်လယ်သားရဲ ဘုရင်ကြီးသည် ခန္ဓာကိုယ်သာကြီးမားလှသည်မဟုတ်ဘဲ သူ၏ ဦးခေါင်းထက်ရှိ မီးအိမ်သည်လည်း လူဦးခေါင်းခွံခန့် ရှိလေသည်။ ထိုမီးအိမ်သည်သာမန် လင်လုံ ပင်လယ်သားရဲများထက် ဆယ်ဆကျော်မျှ ပိုမို ကြီးမားနေခြင်း ဖြစ်သည်။

''ဆရာကြီး သတိထားပါ... အဲဒါက လင်လုံ ပင်လယ်သားရဲ ဘုရင်ပဲ... သူက ဒီအနီးနား ပင်လယ်ပြင်ရဲ့ အကြွင်းမဲ့ အရှင်သခင်တစ်ပါးပေါ့...''

ဂျောက်လန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သတိပေးလိုက်သည်။

''ဘာမှ မဖြစ်ဘူး... ငါ့ကိုပဲ လွှဲထားလိုက်...''

ကျုံးရှန်သည် အေးအေးဆေးဆေးပင် ပြန်လည် ပြောဆိုလိုက်လေသည်။

လင်လုံ ပင်လယ်သားရဲ ဘုရင်ကြီးကို ကြည့်နေသော သူ၏ မျက်လုံးများအတွင်း၌ မည်သည့် ခံစားချက်မျှ ရှိမနေချေ။ သူ၏ အမြင်၌မူ ထိုဘုရင်ကြီးသည် သူ ရိတ်သိမ်းရမည့် ပိုမို ကြီးမားသော မီးအိမ်ကြီး တစ်လုံးမျှသာ ဖြစ်သည်။

လင်လုံ ပင်လယ်သားရဲ ဘုရင်သည် မိမိ၏ မျိုးနွယ်စုဝင်များ၏ မီးအိမ်များ ဖြတ်ထုတ်ခြင်း ခံလိုက်ရသည်ကို မြင်သောအခါ အလွန် ဒေါသထွက်သွားပြီး ကြီးမားလှသော ခန္ဓာကိုယ်ကြီးဖြင့် ကျုံးရှန်ရှိရာသို့ လျင်မြန်စွာ ကူးခတ်လာသည်။ အရွယ်အစားကြီးမားလှသော်လည်း အလွန်ပင် သွက်လက်လှသည်။

ကျုံးရှန်သည် တုန်လှုပ်ခြင်းမရှိဘဲ နေရာတွင်ပင်ရပ်နေကာ အရာအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။ လင်လုံ ပင်လယ်သားရဲ ဘုရင်ကြီး၏ တိုးဝင်လာမှုကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ ပင်လယ်သားရဲ ဘုရင်ကြီး၏ ကြောက်မက်ဖွယ် ပါးစပ်ကြီး သူ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည့် အချိန်မှသာ ကျုံးရှန်သည် စတင်၍ လှုပ်ရှားလာသည်။

သူသည် ပင်လယ်ရေစီးကြောင်းကို အသုံးပြုကာ ပင်လယ်သားရဲ ဘုရင်ကြီး၏ ဦးခေါင်းထက်သို့ ခုန်တက်လိုက်ပြီး‌ ကြီးမားလှသော မီးအိမ်ကြီးကို လက်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။ ကျုံးရှန်တစ်ယောက် ထိုမီးအိမ်ကြီးကို ဖမ်းဆုပ်လိုက်သည့် တစ်ခဏ၌ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

မီးအိမ်ကြီးသည် ရုတ်တရက် တောက်ပလာကာ အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပင်လယ်ရေကိုပင် ဆူပွက်သွားစေနိုင်သော ပြင်းထန်လှသည့် လျှပ်စစ်စီးကြောင်းများ ထွက်ပေါ်လာလေတော့သည်။

'အဆုံးစွန် လျှပ်စစ်တာအိုနိယာမ... လျှပ်စီး ဝိညာဉ်စွမ်းအင်ပဲ...'

ဤသည်မှာ လင်လုံ ပင်လယ်သားရဲ ဘုရင် ခင်းကျင်းထားသော ထောင်ချောက်တစ်ခု ဖြစ်နေသည်။

ကြောက်မက်ဖွယ် ကောင်းလှသော လျှပ်စစ် စွမ်းအားများသည် မျက်စိတစ်မှိတ်အတွင်း၌ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းသို့ ဖြတ်သန်းသွားကာ သူ၏ တစ်ကိုယ်လုံးသည် လျှပ်စစ်စီးကူးပစ္စည်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး နက်မှောင်လှသော အပြာရောင် အလင်းတန်းများ ဖြာထွက်လာသည်။

ထိုအပြာရောင် အလင်းတန်းများသည် စက္ကန့် သုံးဆယ်ခန့်ကြာအောင် တောက်ပနေခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများပင် အပူချိန် မြင့်တက်လာရသည်။ လျှပ်စစ်စီးကြောင်းများ ပျောက်ကွယ်သွားသောအခါ ကျုံးရှန်သည် လင်လုံ ပင်လယ်သားရဲ ဘုရင်ကြီး၏ ဦးခေါင်းထက်၌ ရပ်နေဆဲ ဖြစ်သည်။

''ဂေ့...''

သူသည် ပါးစပ်မှ မီးခိုးမည်းများကို ထုတ်လွှတ်လိုက်ကာ လေချဉ်တစ်ချက် တက်လိုက်သည်။ ထို့နောက်တွင်မူ သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ ခမ်းခြောက်နေခဲ့သော နိုအာချပ်ပြားသည် အပြင်သို့ထွက်လာကာ ကျုံးရှန်၏ ရှေ့မှောက်၌ ဝဲပျံနေလိုက်သည်။

''စွမ်းအင် ဖြည့်တင်းမှု ၂.၉၆ ရာခိုင်နှုန်း...''

လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်းထုတ်လွှတ်လိုက်သည့် လင်လုံ ပင်လယ်သားရဲ ဘုရင်၏ လျှပ်စစ်စီးကြောင်းများကို ကျုံးရှန်သည်သူ၏ ခန္ဓာကိုယ်အတွင်းရှိ နိုအာချပ်ပြား အတွင်းသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ထိုစွမ်းအားများကြောင့် နိုအာချပ်ပြားသည် ၂.၉၆ ရာခိုင်နှုန်းသော စွမ်းအင်များကို ရရှိသွားခဲ့ကာ ထိုစွမ်းအင် ပမာဏကို လုံးဝ လျှော့မတွက်သင့်ပါချေ။ ကျုံးရှန်သည် နတ်ဘုရားအမြုတေ ကျောက်တုံးများကို အသုံးပြုကာ နှစ်ပေါင်း သောင်းချီတိုင်အောင် စွမ်းအင် ဖြည့်တင်းခဲ့သော်လည်း နိုအာချပ်ပြားသည် ၁ ရာခိုင်နှုန်းမျှသာ ပြန်လည် ပြည့်ဖြိုးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ၌ လင်လုံ ပင်လယ်သားရဲ၏ လျှပ်စစ်စီးကြောင်းကို စက္ကန့် သုံးဆယ်ခန့် အသုံးချလိုက်ရုံဖြင့် ၂.၉၆ ရာခိုင်နှုန်းအထိ ရရှိသွားလေသည်။

ကျုံးရှန်သည် အလွန်ကျေနပ်သွားကာ နိုအာချပ်ပြား ကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက်တွင် သူ၏ ခြေထောက်အောက်ရှိ ပင်လယ်သားရဲ ဘုရင်ကြီးကို ကြည့်နေသော အကြည့်များ ပြောင်းလဲသွားသည်။

ယင်းသည် ကြီးမားလှသော အားသွင်းစက်ကြီး တစ်ခုပင် ဖြစ်ပြီး သူ၏မီးအိမ်အတွင်း၌ အလွန် စင်ကြယ်လှသော လျှပ်စစ်ဓာတ် ဝိညာဉ်စွမ်းအင်များ ရှိနေကာ ပြင်းထန်လှသော လျှပ်စစ်တာအိုနိယာမများ ကိန်းဝပ်နေသည်။ နိုအာချပ်ပြား ကို အားသွင်းရန်အတွက်သာမက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရှိမျိုးဆက်သစ်များ လျှပ်စစ်နိယာမကိုကျင့်ကြံရာတွင်လည်း ပိုမို နားလည်စေရန်အတွက် ကြီးမားလှသော အထောက်အကူတစ်ခု ဖြစ်လာပေလိမ့်မည်။

လင်လုံ ပင်လယ်သားရဲ ဘုရင်သည် မိမိ၏ အစွမ်းကုန် ထုတ်ဖော်လိုက်သော တိုက်ကွက်သည် ထိရောက်မှု မရှိသည်ကိုမြင်သောအခါ ကျုံးရှန်ကို ခါချပစ်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

All Chapters