အခန်း (၃၀၇)
Vol. 31 Ch. 307
သို့သော်လည်း ကျုံးရှန်သည် ထိုသားရဲဘုရင်ကို ယင်းအလိုရှိသည့်အတိုင်း အလွယ်တကူ လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိချေ။ သို့နှင့် ကျုံးရှန်သည် သူ၏ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် သူ၏ ခြေထောက်အောက်ရှိ လင်လုံ ပင်လယ်သားရဲ ဘုရင်ကြီး၏ အကြေးခွံများ ဖုံးလွှမ်းနေသည့် ကြမ်းတမ်းလှသော ဦးခေါင်းကြီးကို အဆက်မပြတ် ထိုးနှက်လေတော့သည်။ သူ၏ လက်သီးချက်များသည် ကျယ်လောင်စွာထွက်ပေါ်လာလျှင် ပြင်းထန်သော ထိုးနှက်ချက်များကြောင့် ပင်လယ်ရေစီးကြောင်းအတွင်း၌ လေပူဖောင်း မြောက်မြားစွာ ထွက်ပေါ်လာရသည်။
လင်လုံ ပင်လယ်သားရဲ ဘုရင်၏ ဦးခေါင်းအတွင်း၌ ဆူညံသံများဖြင့် ပြည့်နှက်သွားကာ မူးဝေလာ၏။ ကျုံးရှန်၏ လက်သီးချက် တစ်ချက်ချင်းစီတိုင်းသည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံပြင်းထန်လှပေသည်။
လင်လုံ ပင်လယ်သားရဲ ဘုရင်သည် မွေးဖွားလာသည့် အချိန်မှစ၍ ယခုကဲ့သို့သော ပြင်းထန်လှသည့် ရိုက်နှက်မှုကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးချေ။ ယင်းသည် ပင်လယ်ရေအောက်ခြေ၌ နှစ်ပေါင်း မြောက်မြားစွာ နေထိုင်ခဲ့သဖြင့် ရေဖိအားကြောင့် အလွန်ပင် မာကျောသော ခန္ဓာကိုယ်နှင့် အရေပြားကို ပိုင်ဆိုင်ထားသော်လည်း ကျုံးရှန်၏ လက်သီးချက်များအောက်တွင်မူ ခုခံနိုင်စွမ်း မရှိဘဲဖြစ်နေသည်။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် လင်လုံ ပင်လယ်သားရဲ ဘုရင်သည် လုံးဝ မူးဝေသွားကာ သတိလစ်လုနီးပါး ဖြစ်သွားရလေသည်။ ထိုအချိန်မှသာ ကျုံးရှန်သည် သူ၏ လက်သီးများကို ရပ်တန့်ပြီး မိမိ၏ စိတ်အာရုံ အမျှင်တန်းများကို ထုတ်လွှတ်လိုက်ကာ လင်လုံ ပင်လယ်သားရဲ ဘုရင်၏ အသိစိတ်နှင့် တိုက်ရိုက် ဆက်သွယ်လိုက်သည်။
ထိုမှတစ်ဆင့် သူသည် မြောက်မြားလှသော သတင်းအချက်အလက်များကို ပေးပို့လိုက်၏။
'မင်း အရှုံးပေးမလား ဒါမှမဟုတ် အသေခံမလား...'
ဤသတင်းစကားကို ရရှိလိုက်သောအခါ လင်လုံ ပင်လယ်သားရဲ ဘုရင်သည် ခေတ္တမျှ ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း နောက်ဆုံးတွင် ပြတ်သားစွာပင် အရှုံးပေးရန် ဆုံးဖြတ်လိုက်လေသည်။
ယင်းသည် ကျုံးရှန်၏ အမိန့်ကို နာခံမည် ဖြစ်ကြောင်း ပြသသည့် အနေဖြင့် အညံ့ခံလိုသော ခံစားချက်များကို ပြန်လည် ပေးပို့လိုက်သည်။ လင်လုံ ပင်လယ်သားရဲ ဘုရင်၏ ဉာဏ်ရည်သည် မြင့်မားလှသဖြင့် အကယ်၍ ကျုံးရှန်ကို အာခံမည် ဆိုပါက မိမိကိုယ်တိုင် သေဆုံးရမည် ဖြစ်ရုံသာမက မိမိ၏ မျိုးနွယ်စု တစ်ခုလုံးသည်လည်း ဤလူသား၏ ရိတ်သိမ်းခြင်းကို ထပ်ခါတလဲလဲ ခံရပေလိမ့်မည် ဖြစ်ကြောင်း သိရှိထားလေသည်။ ထို့ကြောင့် အရှုံးပေးလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်မည်ဟု တွေးလိုက်ခြင်းဖြစ်သည်။
'ကောင်းပြီ... ဒါဆိုရင် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို ထုတ်ပေးစမ်း...'
ကျုံးရှန်သည် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ကာ နောက်ထပ် သတင်းစကားတစ်ခု ပေးပို့လိုက်သည်။
သို့သော်လည်း လင်လုံ ပင်လယ်သားရဲ ဘုရင်သည် ထိုသတင်းစကားကို ရရှိသောအခါ အနည်းငယ်မျှ တုံ့ဆိုင်းနေကာ စိုးရိမ်ထိတ်လန့်သော ခံစားချက်များကို ပြသလေသည်။ ကျုံးရှန်သည် သူ၏ စိုးရိမ်မှုကို ခန့်မှန်းမိသဖြင့် ဦးခေါင်းကို လက်ဖြင့် အသာအယာ ပုတ်ပေးလိုက်သည်။
'ဘာမှ စိုးရိမ်မနေနဲ့... ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်က ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး...'
ကျုံးရှန်သည် ယုံကြည်ချက် အပြည့်ရှိသော သတင်းစကားကို ထပ်မံ ပေးပို့လိုက်သည်။ ကျုံးရှန်၏ ပြတ်သားလှသော သဘောထားကို မြင်သောအခါ လင်လုံ ပင်လယ်သားရဲ ဘုရင်သည် သူ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ကာ မျိုးနွယ်စုအတွင်းရှိ ကြီးမားလှသော ဘဲဥပုံစံ အသိုက်အမြုံတစ်ခုရှိရာသို့ ကူးခတ်သွားလေသည်။ ထိုနေရာသည် သူ၏ ပုံမှန် နေထိုင်ရာ နေရာ ဖြစ်ပြီး ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို ထိုအသိုက်အမြုံအတွင်း၌ သိမ်းဆည်းထားဟန် ရှိသည်။ ယခင်က တွေ့ရှိခဲ့ရသော ရေသူမျိုးနွယ်စု၏ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်အရ ထိုရတနာသည် အရာအားလုံးကို ဝါးမြိုနိုင်စွမ်း ရှိရုံသာမက ဝိညာဉ်စွမ်းအင်များကိုလည်း အလိုအလျောက် လိုက်လံ ရှာဖွေတတ်လေသည်။ ကျုံးရှန်သည် လင်လုံ ပင်လယ်သားရဲ ဘုရင်တစ်ကောင် ထိုရတနာကို မည်သို့ မည်ပုံ သိမ်းဆည်းထားသည်ကို သိရှိလိုစိတ် ပြင်းပြနေ၏။
လင်လုံ ပင်လယ်သားရဲ ဘုရင်၏ ခန္ဓာကိုယ်သည် အလွန်ပင် ကြီးမားလှသည်။ ပေပေါင်း ဆယ်ဂဏန်းခန့် ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် ပြင်ပလောက၌ ကြီးမားလှသည် မဟုတ်သော်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ ပင်လယ်ပြင်၌မူ အလွန်ကြီးမားသော သားရဲကြီးအဖြစ် သတ်မှတ်နိုင်လေသည်။ သူ၏ ဦးခေါင်းသည် အလွန်ပင် ကျယ်ဝန်းလှသဖြင့် ကျုံးရှန်သည်ပင် ထိုအပေါ်၌ လဲလျောင်း၍ ရနေ၏။
သူ၏ ကူးခတ်မှု အရှိန်သည်လည်း မနှေးလှသဖြင့် ဤပင်လယ်အတွင်း၌ စီးနင်းလိုက်ပါရန် အလွန်ကောင်းမွန်သော သားရဲတစ်ကောင် ဖြစ်သည်။ မကြာမီ အချိန်အတွင်းပင် သူတို့သည် အသိုက်အမြုံအတွင်းသို့ ရောက်ရှိသွားကြလေသည်။ လင်လုံ ပင်လယ်သားရဲ ဘုရင်သည် သတိကြီးစွာဖြင့် အသိုက်အမြုံအတွင်းသို့ တိုးဝင်သွားကာ သူ၏ အမြီးနှင့် ရေယက်များကို အသုံးပြု၍ မြေပြင်၌ တွင်းတစ်ခုကို တူးလိုက်သည်။
ထိုအခါ တင်းကျပ်စွာ ပိတ်ထားသော ကြီးမားလှသော ကမာခွံ သုံးခု ထွက်ပေါ်လာသည်။ ထို့နောက် လင်လုံ ပင်လယ်သားရဲ ဘုရင်သည် ထိုအရာများသည် ကျုံးရှန် အလိုရှိနေသော ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များ ဖြစ်ကြောင်း သတင်းစကား ပေးပို့လိုက်လျှင် ကျုံးရှန်လည်း သူ၏ ဦးခေါင်းပေါ်မှ ခုန်ချလိုက်ကာ ကမာခွံများရှိရာသို့ ကူးခတ်သွားလေသည်။
ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်ကို သိမ်းဆည်းရန်သည် အလွန်ပင် ရိုးရှင်းလှသည်။ ဝိညာဉ်စွမ်းအင် မရှိသော ဖန်၊ ကမာခွံ သို့မဟုတ် ကျောက်တုံးများအတွင်း၌ ထည့်သွင်းထားလျှင် ထိုရတနာသည် ဝါးမြိုစရာ မရှိသဖြင့် ငြိမ်သက်နေမည် ဖြစ်သည်။
ကျုံးရှန်သည် ကမာခွံများကို လက်သီးဖြင့် ထိုးနှက်လိုက်သောအခါ ကမာခွံများ ကြေမွသွားပြီး အတွင်းရှိ ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ် အမြုတေလုံးများ ထွက်ပေါ်လာသည်။
ကျုံးရှန်သည် ထိုအမြုတေများကို လက်ဖြင့် ဖမ်းဆုပ်လိုက်ကာ ပါးစက်ထဲသို့တိုက်ရိုက် မြိုချလိုက်သည်။ ယခင်က အတွေ့အကြုံများ ရှိထားပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌လည်း ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်၏ နှစ်ဆယ်ပုံတစ်ပုံ ရှိနေသဖြင့် ယခုတစ်ကြိမ် ပေါင်းစပ်သည့်လုပ်ငန်းစဥ်သည် ပိုမို လွယ်ကူလာသည်။
သူသည် စစ်မှန်သောအတ္တ အမှုန်အမွှား ဆယ်ခုခန့်၏ စွမ်းအားကိုသာ အသုံးပြုလိုက်ရကာ ထိုဝါးမြိုခြင်းအရင်းအမြစ်ကို လုံးဝ ချေဖျက်လိုက်နိုင်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ဝါးမြိုခြင်း စွမ်းအားသည် ဆယ်ပုံ တစ်ပုံအထိ တိုးတက်လာ၏။ ထို့နောက်တွင် ကျုံးရှန်သည် ကျန်ရှိနေသော အမြုတေ နှစ်ခုကိုလည်း ဆက်တိုက် ဝါးမြိုလိုက်ပြီး နောက်ဆုံး၌ သူ၏ ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်သည် ငါးပုံ တစ်ပုံအထိ ရောက်ရှိသွားလေသည်။
ထိုဖြစ်စဉ်သည် လင်လုံ ပင်လယ်သားရဲ ဘုရင်ကို အလွန်ပင် ထိတ်လန့်သွားစေလေသည်။ အစပိုင်းတွင် ယင်းသည် ကျုံးရှန်၏ အင်အားသုံး ခြိမ်းခြောက်ခံရခြင်းကြောင့် အရှုံးပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ကျုံးရှန်၏ စွမ်းအားကို အမှန်တကယ် လေးစားသွားရလေသည်။ ဂျောက်လန်သည်လည်း ကျုံးရှန်၏ အစွမ်းထက်မှုကို မြင်တွေ့ခဲ့ပြီး ဖြစ်သော်လည်း ဤကဲ့သို့သော ရတနာ သုံးခုကို မျက်စိတစ်မှိတ်အတွင်း ပေါင်းစပ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူသည်လည်း ကျူံးရှန်အပေါ်ထားသော လေးစားရိုကျိုးစိတ်များပိုမိုတိုးပွားလာသည်။
'ငါ့နောက်ကို လိုက်ခဲ့... အနာဂတ်ကျရင် မင်း ကူးခတ်သွားလာနိုင်မယ့် နေရာက ဒီပင်လယ်လေး တစ်ခုတည်းတင် မကတော့ဘူး...'
ကျုံးရှန်သည် ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ် သုံးခုကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သဖြင့် စိတ်အခြေအနေ အလွန် ကောင်းမွန်နေကာ လင်လုံ ပင်လယ်သားရဲ ဘုရင်၏ ဦးခေါင်းကို အသာအယာ ပုတ်ပေးလိုက်လေသည်။
ထို့နောက်တွင် သူသည် လက်ကို ဝှေ့ယမ်းလိုက်လျှင် အစွမ်းထက်လှသော စုပ်ယူအားတစ်ခုထွက်ပေါ်လာကာ လင်လုံ ပင်လယ်သားရဲ ဘုရင်ကိုစုပ်ယူသွားသည်။ ကျုံးရှန်သည် သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းရှိ စွမ်းအားမြင့် ဟင်းလင်းပြင်ရတနာအတွင်းသို့ သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။ ဤသည်မှာ ယခင်က မျက်လုံးသုံးလုံး ဖျံကို သိမ်းဆည်းခဲ့သကဲ့သို့ပင် ဖြစ်သည်။
ကျုံးရှန်သည် သူတော်စင်အဆင့်ရှိသော ကိုယ်ပိုင်ကမ္ဘာကို မဖန်တီးနိုင်သေးသော်လည်း သူ၏ ကိုယ်တွင်းဟင်းလင်းပြင်သည် အရာအားလုံးကို လက်ခံနိုင်စွမ်း ရှိကာ စွမ်းအားမြင့် ဟင်းလင်းပြင်ရတနာများကိုပင် သိမ်းဆည်းထားနိုင်လေသည်။ ကိုယ်တွင်းဟင်းလင်းပြင်သည် ကျုံးရှန်၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အတွင်း၌ တည်ရှိနေခြင်း ဖြစ်သဖြင့် မျှော်စင်အတွင်းမှ ရရှိသော အရာများကို ပြင်ပသို့ ယူဆောင်သွားရန်အတွက် အလွန်ကောင်းမွန်လှပေသည်။
ကျုံးရှန်သည် ဆက်လက်၍ လင်လုံမီးအိမ်များကို ရိတ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။ လင်လုံ ပင်လယ်သားရဲ ဘုရင်၏ မှတ်ဉာဏ်များအရ မျိုးနွယ်စုအတွင်း၌ ပင်လယ်သားရဲပေါင်း သုံးထောင်ခန့် ရှိနေသည်။ သူသည် ထိုအရေအတွက်၏ သုံးပုံ နှစ်ပုံခန့်ကို ရိတ်သိမ်းလိုက်ကာ ကျန်ရှိနေသော သုံးပုံ တစ်ပုံကို မျိုးနွယ်စုကို ကာကွယ်ရန်နှင့် ပြန်လည် ထူထောင်ရန်အတွက် ချန်ထားပေးခဲ့သည်။
တစ်နာရီခန့် ကြာပြီးနောက်တွင် ကျုံးရှန်သည် လင်လုံမျိုးနွယ်စု၏ပိုင်နက်နေရာမှ တရားဝင် ထွက်ခွာသွားလေသည်။ အနာဂတ်တွင် သူသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို သိမ်းပိုက်နိုင်မည် ဆိုပါက လင်လုံ ပင်လယ်သားရဲများကို ဝိညာဉ်စွမ်းအင် အရင်းအမြစ်များအဖြစ် ကောင်းစွာ မွေးမြူမည် ဖြစ်သည်။
ဂျောက်လန်၏ အကြံပြုချက်နှင့် လင်လုံ ပင်လယ်သားရဲ ဘုရင်၏ မှတ်ဉာဏ်များကို အခြေခံကာ ကျုံးရှန်သည် လားရာတစ်ခုကို ရွေးချယ်၍ ဆက်လက် ထွက်ခွာလိုက်လေသည်။ လမ်းခရီးသည် အလွန်ဝေးကွာလှသော်လည်း ရေသူမျိုးနွယ်စုတွင် အရပ်မျက်နှာကို ခွဲခြားနိုင်သော ထူးခြားသည့် စွမ်းရည် ရှိနေသဖြင့် ဂျောက်လန်သည် မြေပုံအရှင် တစ်ခုကဲ့သို့ အသုံးဝင်လှကာ လမ်းပျောက်မည်ကိုစိုးရိမ်ရန် မလိုအပ်ချေ။
ပင်လယ်ရေအောက်ကြမ်းပြင်၏ မြေမျက်နှာသွင်ပြင်သည် ချိုင့်ဝှမ်းများ ၊ ကုန်းမြင့်များဖြင့် ပုံဏ္ဌာန်အမျိုးမျိုးရှိနေကာ မညီမညာဖြစ်နေသည်။ ဥပမာအားဖြင့် လင်လုံ ပင်လယ်သားရဲများသည် ရေနက်ပိုင်းရှိ ပင်လယ်ကြမ်းပြင်တွင် နေထိုင်ကြပြီး ကျုံးရှန်၏ နောက်ထပ် ပစ်မှတ်ဖြစ်သည့် နေရာသည် လင်လုံသားရဲပိုင်နက်၏ မိုင်ပေါင်းနှစ်ထောင်ခန့်
ဝေးကွာလှသော ပင်လယ်ရေအောက် တောင်တန်းကြီးများအတွင်း၌ ရှိနေလေသည်။
သူတို့သည် သုံးရက်နှင့် သုံးညတိုင်အောင် မနားတမ်း ကူးခတ်ခဲ့ရလေသည်။
နောက်ဆုံးတွင် ကျုံးရှန်နှင့် ဂျောက်လန်တို့သည် ထိုတောင်တန်းကြီးများ၏ နယ်နိမိတ်အပြင်သို့ ရောက်ရှိသွားကြသည်။ ထိုနေရာသည် ပင်လယ်ရေမျက်နှာပြင်ထက်မှ မီတာ တစ်သောင်းခန့်သာ ရှိသဖြင့် လင်လုံသားရဲမျိုးနွယ်စု၏ ပိုင်နက်ကဲ့သို့ အလွန်အမင်း နက်ရှိုင်းခြင်း မရှိပေ။ သို့သော်လည်း ပတ်ဝန်းကျင်သည် မှောင်အတိ ကျနေဆဲ ဖြစ်ကာ မည်သည့် အလင်းရောင်မျှ ရှိမနေချေ။
''ဆရာကြီး... ရှေ့မှာ ရှိနေတာက နဂါးမြွေငါးရှဉ့်တွေရဲ့ နယ်မြေပါပဲ...''
''သူတို့က အုပ်စုလိုက် နေထိုင်ကြတဲ့ သတ္တဝါတွေ ဖြစ်ပြီး... တောင်တန်းတွေအတွင်းမှာ လိုဏ်ခေါင်းပေါင်း မြောက်မြားစွာကို တူးထားကြတယ်... တောင်တစ်ခုလုံးကို အခေါင်းပေါက်တွေ ဖြစ်သွားအောင် လုပ်ထားကြတာပါ...''
''ဒါပေမဲ့ ကြောက်စရာ အကောင်းဆုံး အချက်ကတော့ အဲဒီငါးရှဉ့်တွေက တစ်ကောင်နဲ့တစ်ကောင် ပေါင်းစပ်နိုင်စွမ်း ရှိကြတာပါပဲ...''
ဂျောက်လန်သည် အလွန်ပင် လေးနက်သော လေသံဖြင့် သတိပေးလိုက်သည်။