အခန်း (၃၀၈)
Vol. 31 Ch. 308
ဂျောက်လန်၏ လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်ခြင်းသည် နဂါးမြွေငါးရှဉ့် (လုံရှဲ့မန်) များတွင် ခန့်မှန်းရခက်ခဲသော ထူးခြားချက်များ ရှိနေကြောင်း ဖော်ပြနေသည်။
'တစ်ကောင်နဲ့တစ်ကောင် ပေါင်းစပ်နိုင်တာလား...'
'နဂါးမြွေ...'
ကျုံးရှန်သည် ပင်ကိုအသိစိတ်အရ ထူးခြားသော အချက်တစ်ခုကို သတိပြုမိသွားသည်။
နဂါးနှင့် မြွေဟူသော အမည်ကို အသုံးပြုထားသည့် သက်ရှိမှန်သမျှသည် ထူးခြားသည့် အချက်များ ရှိတတ်ကြသည် ဖြစ်သည်။ ရှေးလူတို့၏ဆိုရိုးများအရ တောများအတွင်း၌ နဂါးနှင့် မြွေများ ပုန်းကွယ်နေကြပြီး လေနှင့်တိမ်တို့ ဆုံစည်းချိန်တွင် ပုန်းကွယ်နေသောနဂါးသည် ချောက်နက်အတွင်းမှ ပျံတက်လာလိမ့်မည် ဖြစ်သည်။
နဂါးမြွေငါးရှဉ့်များသည် နဂါးနှင့် မြွေတို့၏ ဆင့်ကဲပြောင်းလဲခြင်း စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်ပေသည်။
နဂါးနှင့် မြွေဟူသော အဓိပ္ပာယ်သည် အသွင်ကူးပြောင်းမှုနှင့် တိုးတက်မှုကို ကိုယ်စားပြုသည်။ မြွေသည် အရေခွံလဲကာ မြွေနဂါး ဖြစ်ပြီးမြွေနဂါးသည် အကြေးခွံလဲကာ နဂါးအစစ်အမှန် ဖြစ်လာသည်။
ပထမတွင် လက်သည်းသုံးခုရှိသော နဂါး။ ထို့နောက်တွင်မူ လက်သည်းငါးခုရှိသော ရွှေနဂါး ဖြစ်လာလေသည်။
နဂါးနှင့် မြွေသည် နတ်ဘုရားနှင့် သာမန်လူသားကဲ့သို့ပင် ဖြစ်သည်။
ယင်းတို့သည် တစ်ခုတည်းသော တည်ရှိမှု၏ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ကိုယ်စားပြုခြင်းဖြစ်ကာ အလွန် နက်ရှိုင်းသောအဓိပ္ပာယ်ရှိပေသည်။
''သွားကြရအောင်... ဒီ နဂါးမြွေငါးရှဉ့်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လို ထူးခြားချက်တွေ ရှိနေသလဲဆိုတာ သွားကြည့်ကြတာပေါ့...''
ကျုံးရှန်သည် မနီးမဝေးရှိ ပင်လယ်ရေအောက် တောင်တန်းကြီးကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
ထို့နောက်တွင်မူ သူသည် ပင်လယ်ရေအောက် တောင်တန်းကြီးဆီသို့ ဦးဆောင် ကူးခတ်သွားလေသည်။ ဂျောက်လန်၏ စိတ်ထဲ၌ ကြောက်ရွံ့မှုအချို့ ရှိနေသော်လည်း လင်လုံ ပင်လယ်သားရဲ မျိုးနွယ်စုအတွင်း၌ ကျုံးရှန် ပြသခဲ့သော စွမ်းဆောင်ရည်များကို ပြန်လည် အမှတ်ရလိုက်သည်။ ထို့ကြောင့် သူသည် ကျုံးရှန်၏ နောက်မှသာ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
လမ်းတစ်လျှောက်တွင် မည်သည့် ထူးခြားမှုမျှ ဖြစ်ပေါ်လာခြင်း မရှိချေ။ ကျုံးရှန်နှင့် ဂျောက်လန်တို့သည် တောင်တန်းကြီး၏ အနီးသို့ ရောက်ရှိသွားသည့်တိုင် နဂါးမြွေငါးရှဉ့်တစ်ကောင်ကိုမျှ မမြင်တွေ့ရသေးဘဲဖြစ်နေ၏။ ကင်းလှည့်နေသော စစ်သည်တစ်ဦးကိုမျှပင် မတွေ့ရသည်မှာ အလွန်ထူးဆန်းလှလေသည်။
တောင်တန်းကြီးပေါ်၌ ထင်ရှားလှသော လိုဏ်ဂူပေါက် မြောက်မြားစွာကို မြင်တွေ့နေရသည်။ ထိုတောင်တန်းကြီးသည် မာကျောလှသော ကျောက်ဆောင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ယခုအခါ၌မူ အပေါက်ငယ် မြောက်မြားစွာဖြင့် ကျိုးပဲ့ပျက်စီးသကဲ့သို့ ဖြစ်နေသည်။
ကျုံးရှန်နှင့် ဂျောက်လန်တို့သည် လိုဏ်ဂူဝအနား၌ တိုက်ရိုက် ရပ်နေကြသော်လည်း ဘေးကင်းလုံခြုံနေဆဲ ဖြစ်သည်။
မည်သည့် နဂါးမြွေငါးရှဉ့်မျှ ထွက်ပေါ်လာခြင်း မရှိချေ။
''ထူးဆန်းလိုက်တာ...''
''နဂါးမြွေငါးရှဉ့်တွေက အမြဲတမ်း တိုက်ခိုက်လိုစိတ် ပြင်းထန်ပြီး ရက်စက်တဲ့ သဘာဝ ရှိကြတာ...''
''ပုံမှန်အားဖြင့်ဆိုရင် သူတို့ရဲ့ အသိုက်အမြုံနားကို ချဉ်းကပ်ဖို့ မပြောနဲ့... ဒီတောင်တန်းရဲ့ မိုင်တစ်ရာ ပတ်ဝန်းကျင်ကို ရောက်လာတာနဲ့တင် တိုက်ခိုက်ခံရမှာပဲ...''
''အရွယ်အစား ကြီးမားလှတဲ့ လင်လုံ ပင်လယ်သားရဲတွေတောင် နဂါးမြွေ ငါးရှဥ့်တွေ ဝိုင်းအုံ တိုက်ခိုက်တာကို ခံရရင် တစ်စစီ ဆုတ်ဖြဲခံရမှာလေ...''
ဂျောက်လန်သည် စိတ်ရှုပ်ထွေးမှုများစွာဖြင့် ရေရွတ်လိုက်သည်။
''အတွင်းထဲဝင်ပြီး ကြည့်ကြတာပေါ့...''
ကျုံးရှန်သည် သူ၏ ခြေရင်း၌ ရှိနေသော လိုဏ်ဂူတစ်ခုကို ကြည့်ကာ ပြောဆိုလိုက်သည်။ ထို့နောက် ထိုလိုဏ်ဂူဆီသို့ဦးတည်ကူးသွားလေသည်။
ဂျောက်လန်သည် မှောင်မည်းနေသော လိုဏ်ဂူဝကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ကျုံးရှန်၏ ရေသူမျိုးနွယ်စုတစ်ခုလုံးအတွက် ပေးထားသော ကတိကို ပြန်လည် အမှတ်ရလိုက်သောအခါ သွားများကို တင်းတင်းစေ့ကာ အတွင်းသို့ လိုက်ဝင်သွားတော့သည်။
လိုဏ်ဂူသည် ကွေ့ကောက်နက်ရှိုင်းလှကာ လမ်းတစ်လျှောက်တွင် လမ်းခွဲ မြောက်မြားစွာ ရှိနေသဖြင့် အတွင်းထဲ၌ လမ်းပျောက်သွားရန် လွယ်ကူလှသည်။ ကံကောင်းသည်မှာ လိုဏ်ဂူသည် ကျဉ်းမြောင်းခြင်း မရှိခြင်း ဖြစ်သည်။
နဂါးမြွေငါးရှဉ့်များသည် သူတို့၏ ခန္ဓာကိုယ်များဖြင့် အချိန်အတော်ကြာ ပွတ်တိုက်သွားလာခဲ့ကြသဖြင့် လူတစ်ဦး ဖြတ်သန်းသွားလာနိုင်ရန် လုံလောက်သော အကျယ်အဝန်း ရှိနေလေသည်။ သို့ဖြစ်ရာ ကျုံးရှန်နှင့် ဂျောက်လန်တို့၏ ခန္ဓာကိုယ် အရွယ်အစားဖြင့် ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ကြသည်။
ကျုံးရှန်သည် ဂျောက်လန်ကို ခေါ်ဆောင်ကာ လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည်သွားသည်။
သူ၏ နည်းလမ်းသည် ရိုးရှင်းလှကာ လမ်းတစ်လျှောက်တွင် ရှိနေသော လမ်းခွဲများကို လျစ်လျူရှုပြီး သူတို့ ရောက်ရှိနေသော လိုဏ်ဂူ၏ လမ်းကြောင်းအတိုင်း တည့်တည့်သာ ရှေ့ဆက်သွားခြင်း ဖြစ်သည်။
သို့ဖြင့် ဆယ်မိနစ်ခန့် ကြာသောအခါ ကျယ်ပြောလှသော ခန်းမကြီးတစ်ခုသို့ ရောက်ရှိသွားကြသည်။
ခန်းမကြီးသည် တောင်တန်းကြီး၏ ဗဟိုချက် နေရာတွင် ရှိနေပြီး တောင်တန်းတစ်ခုလုံး၏ အတွင်းပိုင်းကို ထွင်းထုထားခြင်း ဖြစ်သည်။ ခန်းမတစ်ခုလုံး၏အကျယ်အဝန်းသည် ဆယ်မိုင်ခန့် ရှိပြီး ကြမ်းပြင်ပေါ်၌မူ ထူထဲလှသော အရိုးမြောက်မြားစွာ ရှိနေသည်။
ထိုအရိုးများထဲတွင် ပင်လယ်သားရဲများ၊ ပင်လယ်ငါးများနှင့် ရေသူမျိုးနွယ်စုဝင်များ၏ အရိုးများသာမက နဂါးမြွေငါးရှဉ့်များ၏ မျိုးနွယ်တူ အရိုးစုများပင် ပါဝင်နေသည်။
ကြမ်းပြင်တစ်ခုလုံးသည် ထိုအရိုးများဖြင့်ဖုံးလွှမ်းထားသဖြင့် မည်မျှ ထူထဲမည်ကိုပင် ခန့်မှန်း၍ မရနိုင်ချေ။ ဤနေရာသည် နဂါးမြွေငါးရှဉ့်များ၏ အဓိက အခြေစိုက်စခန်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
နဂါးမြွေငါးရှဉ့်များအတွင်း၌ အခြေခံ အသိဉာဏ်များ စတင် ပေါ်ပေါက်နေပြီ ပင်ဖြစ်နိုင်သည်။ အထူးသဖြင့် နဂါးမြွေငါးရှဉ့်များများ၏ ခေါင်းဆောင်များသည် လူသားများထက် မနိမ့်ကျသော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပေလိမ့်မည်။
ယခင်က တွေ့ခဲ့ရသော လင်လုံ သားရဲဘုရင်ကဲ့သို့ပင် ဖြစ်သည်။ သူ၏ ဉာဏ်ရည်သည် သာမန် လူသားတစ်ဦးနှင့် အဆင့်တူနေပြီ ဖြစ်သည်။ သူသည် သူ၏ လျှပ်စစ်တာအိုနိယာမကို အသုံးပြုကာ ကျုံးရှန်ကိုပင် လှည့်ကွက်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။
သို့သော်လည်း ကျုံးရှန်၏ စွမ်းအားသည် လင်လုံ သားရဲဘုရင်၏ သိမြင်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သဖြင့် ကျုံးရှန်သည် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သည့်အပြင် ထိုလျှပ်စစ်စွမ်းအားများကို အသုံးပြုကာ နိုအာချပ်ပြားကိုပါ အားသွင်းနိုင်ခဲ့လေသည်။
ယခုအခါတွင်မူ ဤနေရာသည်နဂါးမြွေငါးရှဉ့်များ၏ အသိုက်အမြုံ ဖြစ်ကြောင်း အတည်ပြုနိုင်သော်လည်း ကျုံးရှန်သည် လှုပ်ရှားနေသော ပင်လယ်သားရဲ တစ်ကောင်ကိုမျှ မမြင်တွေ့ရသေးချေ။
ဤအချက်သည် အလွန်ပင် ပုံမှန် မဟုတ်လှပေ။
''ဒီ နဂါးမြွေငါးရှဉ့်တွေက ဒီနေရာကနေ ထွက်သွားကြတာများလား...''
ဂျောက်လန်သည် ထိုဖြစ်နိုင်ခြေကို တွေးတောကာ ရေရွတ်လိုက်သည်။
သို့သော်လည်း နောက်တစ်ခဏ၌ပင် သူသည် ထိုအတွေးကို ပြန်လည် ငြင်းပယ်လိုက်သည်။
''မဖြစ်နိုင်ပါဘူး... ဒီကောင်တွေ ဒီမှာ နေလာတာ တစ်နှစ် နှစ်နှစ်ပဲ ရှိတာ မဟုတ်ဘူးလေ...''
ဝိညာဉ်ဝါးမြိုခြင်း ပင်လယ်အတွင်းရှိ ရေသူမျိုးနွယ်စု၏ ဉာဏ်ရည်သည် အလွန် မြင့်မားသော အဆင့်တွင် ရှိနေသည်။
ဂျောက်လန်သည် ရေသူမျိုးနွယ်စု၏ စစ်သည်တော်တစ်ဦး ဖြစ်သည့်အပြင် ကျုံးရှန်၏ မှတ်ဉာဏ်အချို့ကိုလည်း လက်ခံရရှိထားသူ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ ဉာဏ်ရည်သည် လင်လုံ သားရဲဘုရင်ထက် များစွာ ပိုမို မြင့်မားနေလေသည်။
ကျုံးရှန်သည် စကားတစ်လုံးမျှ မပြောဘဲ မနီးမဝေးရှိ နေရာတစ်ခုသို့ ရုတ်တရက် မော့ကြည့်လိုက်သည်။
ထိုနေရာ၌ နံရံနှင့် ကပ်လျက်ရှိသော လိုဏ်ဂူပေါက်တစ်ခုအတွင်းမှ မှေးမှိန်လှသော သွေးနံ့များသည် ပင်လယ်ရေနှင့်အတူ လွင့်မျောလာနေ၏။ ထို့နောက်တွင်မူ မည်းနက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသည် လိုဏ်ဂူအတွင်းမှ မျောလွင့်ထွက်ပေါ်လာကာ ကျုံးရှန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
အကြွင်းအကျန်များ။
ယင်းသည် ပင်လယ်သားရဲတစ်ကောင်၏ ပျက်စီးနေသော ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်နေသည်။
ဂျောက်လန်သည် လက်ကို ဆန့်ထုတ်ကာ ထိုအစိတ်အပိုင်းကို ဖမ်းဆုပ်လိုက်သည်။မည်းနက်ကာ ချောကျိနေသော အပြင်ဘက် အရေခွံကို ကြည့်လိုက်ပြီးနောက်တွင် သူသည် မျက်မှောင်ကြုတ်လိုက်မိသည်။
''ဆရာကြီး... ဒါက နဂါးမြွေငါးရှဉ့်ရဲ့ အကြွင်းအကျန်ပဲ...''
''ပြီးတော့ ကြည့်ရတာ တစ်ခုခုရဲ့ ဝါးမြိုခြင်းကို ခံထားရသလိုပဲ...''
လွင့်မျောလာသည့် အကြွင်းအကျန်အစိတ်အပိုင်းသည် နဂါးမြွေငါးရှဉ့်၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အရေခွံသည် ကိုက်ခဲထားခံရသဖြင့် အပေါက်ငယ် မြောက်မြားစွာ ဖြစ်ပေါ်နေကာ ပြတ်တောက်နေသော နေရာသည်လည်း ညီညာခြင်း မရှိချေ။
ချွန်ထက်လှသော သွားများဖြင့် အတင်းအဓမ္မ ကိုက်ဖြတ်ထားသကဲ့သို့ ရှိနေခြင်းဖြစ်သည်။
ဂျောက်လန် စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ထိုအစိတ်အပိုင်း မျောထွက်လာသော လိုဏ်ဂူဝမှ ပြင်းထန်သော ရေစီးကြောင်းတစ်ခု ရုတ်တရက် တိုးထွက်လာကာ လေပူဖောင်း မြောက်မြားစွာထွက်ပေါ်လာသည်။ ရေစီးကြောင်းအတွင်း၌ အမှိုက်သရိုက်များနှင့် နောက်ကျိနေသော သွေးများလည်း ရောနှောနေ၏။
''ဗြိ...''
ရေစီးကြောင်းနှင့်အတူ ထွက်ပေါ်လာသည်မှာ စူးရှလှသော ဆုတ်ဖြဲသံတစ်သံ ဖြစ်ပြီး အသားပေါ်မှ အရေခွံကို အတင်းအဓမ္မ ဆုတ်ဖြဲလိုက်သော အသံနှင့် တူညီလှသည်။ ရေစီးကြောင်း၏ အရှိန်ကြောင့် ထိုအသံသည် ရှင်းလင်းစွာကြားရခြင်း မရှိသော်လည်း ပိုမို ကြောက်မက်ဖွယ်ကောင်းကာ ခန့်မှန်းရ ခက်ခဲစေသည်။
တစ်စုံတစ်ခုသည် လိုဏ်ဂူအတွင်း၌ အသက်လု တိုက်ပွဲဝင်နေကြလေသည်။
''ဒီမှာပဲ စောင့်နေ...''
မိမိကို အလုပ်အကျွေး ပြုနေသော ပင်လယ် သက်ရှိများကို ကျုံးရှန်အနေဖြင့် အန္တရာယ်အတွင်းသို့ အလွယ်တကူ အရောက်မခံလိုချေ။
ဂျောက်လန်သည်လည်း ခေါင်းညိတ်ကာ ထိုနေရာ၌ပင် ရပ်နေလိုက်သည်။ ရေသူများ၏ တစ်ဦးချင်း စွမ်းအားသည် အလွန်အမင်း ပြင်းထန်လှခြင်း မရှိချေ။
ယခု အခြေအနေအရ အခြားသော ပင်လယ်သားရဲများသည် နဂါးမြွေငါးရှဉ့်များနှင့် တိုက်ခိုက်နေခြင်း ဖြစ်နိုင်ပေသည်။
မျိုးနွယ်စုတစ်ခုလုံး ပါဝင်သော စစ်ပွဲကြီး ပင် ဖြစ်ဟန်ရှိလေသည်။
သို့သော်လည်း ကျုံးရှန်သည် ထိုကိစ္စများအတွက် စိုးရိမ်ပူပန်မှုများ မရှိပေ။ အကယ်၍ စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၌ပင် သူ မခုခံနိုင်သော သားရဲ ရှိနေမည် ဆိုပါက ကောင်းကင်တက်လှမ်းခြင်း မျှော်စင်ကို ဆက်လက် တက်လှမ်းနေရန် မလိုအပ်တော့ချေ။
သူ၏ ခြေထောက်နှစ်ဖက်သည် ငါးအမြီးကဲ့သို့ အဆက်မပြတ် လှုပ်ရှားသွားပြီး လျှင်မြန်သော လှုပ်ရှားမှုများဖြင့် လိုဏ်ဂူဝသို့ ကူးခတ်သွားသည်။ သို့သော်လည်း သူ လိုဏ်ဂူအတွင်းသို့ မဝင်ရသေးမီပင် လုံးထွေးနေသော ပုံရိပ်နှစ်ခု လိမ့်ထွက်လာလေသည်။
ကျုံးရှန်သည် ခန္ဓာကိုယ်ကို အသာအယာ တိမ်းရှောင်လိုက်ကာ လိုဏ်ဂူဝမှ ဖယ်ပေးလိုက်သည်။ ထို့နောက်တွင်မူ ပုံရိပ်နှစ်ခုသည် ခန်းမကြီးအတွင်းသို့ လိမ့်သွားကြလေသည်။ ကြမ်းပြင်ပေါ်ရှိ ထူထဲလှသော အရိုးစုများ လွင့်စင်သွားပြီးနောက်မှသာ သူတို့သည် ခန္ဓာကိုယ်ချင်း ခွာလိုက်ကြသည်။
လုံးထွေးနေသည့် ပင်လယ်သားရဲထဲမှတစ်ကောင်သည် ဆယ်မီတာကျော် ရှည်လျားသော ကြီးမားလှသည့် နဂါးမြွေငါးရှဉ့်ကြီး တစ်ကောင်ဖြစ်ကာ သူ၏ အမြီးပိုင်းသည် ပြတ်တောက်နေပြီး အစိတ်အပိုင်းအချို့မရှိတော့ချေ။
အခြားတစ်ဖက်တွင်မူ ကြီးမားလှသော ပင်လယ်ကြယ်ငါးကြီး တစ်ကောင် ရှိနေသည်။ ထိုပင်လယ်ကြယ်ငါး၏ အလယ်ဗဟို၌ ကြောက်မက်ဖွယ်ကောင်းသော အစွယ်များ ပြည့်နှက်နေသည့် ပါးစပ်ကြီး တစ်ခု ရှိနေပြီးသူ၏ လက်တံငါးခုအနက် နှစ်ခုသည် ပြတ်တောက်နေ၏။
ထိုအချိန်တွင် မနီးမဝေးတွင် ရှိနေသော ဂျောက်လန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
''ဒါက နဂါးမြွေငါးရှဉ့်တွေရဲ့ ရန်သူတော် အစွယ်ပါကြယ်ငါးပဲ...''