အခန်း (၃၀၉)
Vol. 31 Ch. 309
တစ်ဖက်တွင် အစွယ်ပါကြယ်ငါး။
အခြားတစ်ဖက်တွင် ကြီးမားလှသော ဒဏ္ဍာရီလာ နဂါးမြွေငါးရှဉ့်။
ထိုအချိန်၌ ထိုသတ္တဝါ နှစ်ကောင်စလုံးသည်လည်း ကျုံးရှန်ကို သတိပြုမိသွားကြလေသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြကာ ကျုံးရှန်ရှိရာသို့ ကြည့်လာကြ၏။
ကျုံးရှန်သည် နေရာ၌မလှုပ်မယှက်တည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။
သူသည် ပင်လယ်ကြမ်းပြင်ရှိ ကျောက်ဆောင်ကြီး တစ်ခုကဲ့သို့ပင် မမှိတ်မသုန် ရှိနေကာ သူ၏ ရှေ့မှောက်ရှိ ပင်လယ်သားရဲများကို အသေအချာ အကဲခတ်နေသည်။
သူတို့၏ အပြင်ပန်း သွင်ပြင်ကို ကြည့်ရုံမျှဖြင့် မည်သည့် ထူးခြားသော လက္ခဏာရပ်ကိုမျှ မြင်တွေ့နိုင်ခြင်း မရှိချေ။ ထို့နောက်တွင်မူ သူသည် စတင်လှုပ်ရှားလိုက်ကာ အနီးဆုံးတွင် ရှိနေသော အစွယ်ပါကြယ်ငါးဆီသို့ ဦးတည်ကူးခတ်သွားသည်။
အစွယ်ပါကြယ်ငါးသည် ကျုံးရှန် ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ၏ ကျန်ရှိနေသော လက်တံသုံးခုကို စုစည်းလိုက်ပြီး ကျုံးရှန်ရှိရာသို့ အားပြင်းစွာဖြင့် တိုးဝင်တိုက်ခိုက်လာသည်။
ထိုသည်ကို အခွင့်ကောင်းယူကာ နဂါးမြွေငါးရှဉ့်သည် ခန်းမကြီး၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လျင်မြန်စွာ ကူးခတ်ထွက်ပြေးသွား၏။ ကျုံးရှန်သည် ဤနေရာကို ခန်းမကြီးတစ်ခုအဖြစ် မြင်တွေ့နေရသော်လည်း သူတို့ ရောက်ရှိနေသော လိုဏ်ဂူထွက်ပေါက်သည် ခန်းမကြီး၏ ထောင့်ချိုးတစ်ခုတွင်သာ ရှိနေသည်။ ထို့ကြောင့် ခန်းမကြီးတစ်ခုလုံး၏ အခြေအနေကို အပြည့်အဝ မြင်နိုင်ခြင်းမရှိချေ။
မျက်နှာကျက်၏ အနေအထားကို ကြည့်ခြင်းဖြင့်သာ ခန်းမကြီး၏ ခန့်မှန်းခြေ အရွယ်အစားကို သိရှိနိုင်လေသည်။
နဂါးမြွေငါးရှဉ့်သည် အလျင်အမြန် ထွက်ပြေးသွားသဖြင့် အနီးနားတွင် အခြားသော နဂါးမြွေငါးရှဉ့်များ ရှိနေနိုင်သလို အကူအညီ တောင်းရန် ပြေးသွားခြင်းလည်း ဖြစ်နိုင်ပေ၏။
ကျုံးရှန်သည် ထိုအချက်ကို တွေးတောမိသောအခါ အချိန်ဆွဲမနေတော့ဘဲ လက်သီးတစ်ချက်ကို အစွယ်ပါကြယ်ငါး၏တိုးဝင်လာသော လက်တံများထံထိုးနှက်လိုက်သည်။ အစွယ်ပါကြယ်ငါးသည် မျက်စိတစ်မှိတ်အတွင်းပင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရလေသည်။
အစွယ်ပါကြယ်ငါး၏ ထူးခြားချက်များကို လေ့လာရန် အချိန်မရသေးဘဲ ကျုံးရှန်သည် ထွက်ပြေးသွားသော နဂါးမြွေငါးရှဉ့်၏ နောက်သို့ လိုက်သွားသည်။ သူသည် ထိုထောင့်ချိုးမှ ကျော်လွန်သွားသောအခါတွင်အလွန် ပြင်းထန်လှသော တိုက်ပွဲကြီးကို မြင်တွေ့လိုက်ရလေသည်။
သူ၏ ရှေ့မှောက်ရှိ ခန်းမကြီး တစ်ခုလုံးတွင် တစ်ဦးနှင့်တစ်ဦး လုံးထွေး သတ်ပုတ်နေကြသော နဂါးမြွေငါးရှဉ့်များနှင့် အစွယ်ပါကြယ်ငါးများကို နေရာအနှံ့ မြင်တွေ့နေရသည်။ နှစ်ဖက်စလုံး၏ အရေအတွက်သည် မျှခြေညီနေပြီး သတ္တဝါ တစ်ကောင်ချင်းစီတိုင်းသည် အသက်လုကာ တိုက်ခိုက်နေကြသည်။
သူတို့သည် ရှေးကျလှသော ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို အသုံးပြုကာ တစ်ဖက်လူကို သတ်ဖြတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သန်မာသူသည် အားနည်းသူကို ဝါးမြိုကာ အားကြီးသူသာ ရှင်သန်ရမည့် သဘာဝနိယာမပင် ဖြစ်သည်။
နဂါးမြွေငါးရှဉ့် မြောက်မြားစွာသည် အစွယ်ပါကြယ်ငါးများ၏ အစွယ်များဖြင့် ကိုက်ဖြတ်ခြင်းကို ခံထားရကာ ခန္ဓာကိုယ်များ ပြတ်တောက်နေကြပြီး အစွယ်ပါကြယ်ငါး မြောက်မြားစွာသည်လည်း နဂါးမြွေငါးရှဉ့်များ၏ ဆွဲဖြဲခြင်းကို ခံရကာ အပိုင်းပိုင်း ဖြစ်နေကြသည်။
ထိုမြင်ကွင်းသည် သွေးစွန်း ရက်စက်လွန်းလှသည့် ပင်လယ်ပြင်အတွင်းရှိ အစစ်မှန်ဆုံးသော တိုက်ပွဲပင် ဖြစ်သည်။
ကျုံးရှန်သည် သူ၏ရှေ့မှရှုပ်ထွေးလှသော မြင်ကွင်းကြောင့် မည်သည့်နေရာမှ စတင်၍ ကိုင်တွယ်ရမည်ကို စဉ်းစားရခက်သွားကာ မျက်မှောင်ကြုတ်လိုက်မိလေသည်။
'အားလုံးကို သတ်ပစ်ရမလား...'
'ဒါမှမဟုတ် သူတို့ တိုက်ခိုက်လို့ ပြီးတဲ့အထိ စောင့်ရမလား...'
ကျုံးရှန်သည် အမြဲတမ်း ပြတ်သားစွာ ဆုံးဖြတ်ချက် ချလေ့ရှိသူ ဖြစ်သော်လည်း ယခုကဲ့သို့ ပင်လယ်သားရဲများ အချင်းချင်း သတ်ဖြတ်နေကြသည်ကို မြင်သောအခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
သို့သော်လည်း ရှုပ်ထွေးနေသော တိုက်ပွဲသည် ကြာရှည်စွာ မတည်တံ့ခဲ့ချေ။
ကျုံးရှန်သည် မနီးမဝေးတွင် တစ်ဦးနှင့်တစ်ဦး လုံးထွေး တိုက်ခိုက်နေကြသည့်ကြီးမားလှသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။
ထိုနှစ်ကောင်စလုံး၏ အရွယ်အစားသည် အလွန်ပင် ကြီးမားလှပြီး တစ်ကောင်သည် နဂါးမြွေငါးရှဉ့် ဖြစ်ကာ အခြားတစ်ကောင်သည် အစွယ်ပါကြယ်ငါး ဖြစ်သည်။
ထိုသတ္တဝါ နှစ်ကောင်စလုံး၏ အရွယ်အစားသည် သာမန် မျိုးနွယ်တူများထက် ငါးဆခန့် ပိုမို ကြီးမားနေကြသည်။
ပင်လယ်သားရဲ မျိုးနွယ်စု နှစ်ခု၏ ဘုရင်များ ထွက်ပေါ်လာခြင်း။
ကျုံးရှန်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားလေသည်။
နဂါးမြွေငါးရှဉ့်နှင့် အစွယ်ပါကြယ်ငါးတို့သည် လင်လုံ ပင်လယ်သားရဲများကဲ့သို့ ဝိညာဉ်စွမ်းအင်များကို သိုလှောင်ထားနိုင်သည့် လင်လုံ (ဝိညာဉ်မီးအိမ်) များ မရှိကြချေ။ကျုံးရှန်အတွက်မူ အနှီသတ္တဝါများသည် သူတို့၏ အသားမှလွဲ၍ အခြား ထူးခြားသော တန်ဖိုးရှိသည့် အရာများ မရှိပေ။
ယခုကဲ့သို့ ရှုပ်ထွေးနေသော အခြေအနေတွင် အရေးကြီးဆုံး အချက်သည် ခေါင်းဆောင်ကို အရင်ဆုံး ဖမ်းဆီးရန် ဖြစ်သည်။
အစွယ်ပါကြယ်ငါးနှင့် နဂါးမြွေငါးရှဉ့် မျိုးနွယ်စုတို့ သိမ်းဆည်းထားသော ဝိညာဉ်ဝါးမျိုခြင်းအရင်းအမြစ်များကို ရရှိရန်သည် သူ၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော အတ္တအမှုန်အမွှားများကို ဝိညာဉ်ဝါးမြိုခြင်းအရင်းအမြစ်များနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ရန် ကြိုးစားခြင်းသည် အလွန်အရေးကြီးလှ၏။ ပြည့်စုံသော ဝါးမြိုခြင်းစွမ်းရည်ကို ရရှိရန်သည် ကျုံးရှန်၏ ပထမဦးစားပေး ဖြစ်ကာ ပင်လယ်သားရဲအသားနှင့် ငါးသားများအတွက်မူ သူသည် လွန်ခဲ့သော တစ်ပတ်ခန့်ကပင် အမြောက်အမြား ဖမ်းဆီး သိုလှောင်ထားခဲ့ပြီး ဖြစ်လေသည်။
သူသည် စတုတ္ထအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်း၌ ရက်ပေါင်း မြောက်မြားစွာ ကုန်ဆုံးခဲ့ပြီး သူ၏ တက်လှမ်းမှုနှုန်းသည် အလွန် မြန်ဆန်လှသော်လည်း ယခုအခါ၌ ဆယ်နှစ်တာ ကာလ ပြည့်ရန် ကိုးနှစ်ကျော်မျှသာ လိုတော့သည်။
ထို့ကြောင့် အနာဂတ်တွင် ကြုံတွေ့ရမည့် မသိနိုင်သော အခြေအနေများအတွက် အချိန်ကို ချွေတာရန် လိုအပ်ပေသည်။
အထက်ပိုင်းတွင် အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ ငါးခုနှင့် လျှို့ဝှက်ဆန်းကြယ်လှသော ကောင်းကင်ဘုံဟု ယူဆရသည့် နောက်ဆုံး အထပ်ထောင်ကမ္ဘာအလွှာတစ်ခု ကျန်ရှိနေသေးသည်။
ထိုနေရာများကို စူးစမ်းရှာဖွေရန်အတွက် အချိန်မည်မျှ ကုန်ဆုံးမည်ကို မည်သူမျှ မသိနိုင်ချေ။
ဤအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာတွင်မူ ဝိညာဉ်ဝါးမျိုခြင်းအရင်းအမြစ်ကို ရရှိလိုက်သည်နှင့်ပင် ကြီးမားလှသော အကျိုးကျေးဇူးကို ရရှိသွားပြီဟု ဆိုနိုင်လေသည်။ ကျန်ရှိနေသော အရာများကိုမူ သူသည် မျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိကာ ထိန်းချုပ်ခွင့် ရရှိသောအခါမှ ပြန်လည် စူးစမ်းလေ့လာလျှင်လည်း နောက်မကျသေးပေ။
ယခုအခါတွင်မူ နှစ်ဖက်စလုံး၏ ဘုရင်များ ထွက်ပေါ်လာခြင်းသည် ကျုံးရှန်၏ ဆန္ဒနှင့် ကိုက်ညီနေ၏။ သူ၏ နှုတ်ခမ်းအစုံသည် အေးစက်လှသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။
ပင်လယ်သားရဲများ အချင်းချင်း တိုက်ခိုက်နေကြခြင်းသည် ကျုံးရှန်အတွက် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။
နဂါးမြွေငါးရှဉ့် နှင့် အစွယ်ပါကြယ်ငါးကို တစ်ခါတည်းဖြင့် ဖမ်းဆီးရရှိနိုင်ပေတော့မည်။
ထိုဘုရင် နှစ်ကောင်၌ ဝိညာဉ်ဝါးမျိုခြင်းအရင်းအမြစ်များ မည်မျှရှိမည်နည်း။
အတွေးများဖြင့် ကျုံးရှန်တစ်ယောက် ပိုမိုတက်ကြွသွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ အရူးအမူး တိုက်ခိုက်နေကြသော ဘုရင် နှစ်ကောင်ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။
ဘုရင် နှစ်ကောင်၏ တိုက်ပွဲသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး သူတို့၏ အရှိန်အဝါသည် သာမန် နဂါးမြွေငါးရှဉ့်များနှင့် အစွယ်ပါကြယ်ငါးများထက် များစွာ သာလွန်နေသည်။ မြေပြင်ပေါ်ရှိ အရိုးစုများနှင့် ရွှံ့နွံများသည် ရေစီးကြောင်းနှင့်အတူ လွင့်ပျံလာကာ ခန်းမကြီးတစ်ခုလုံး၏ အမြင်အာရုံကိုရှင်းလင်းစွာမမြင်နိုင်ရန် ပိတ်ဆို့ထား၏။
ဘုရင် နှစ်ကောင်၏ ခန္ဓာကိုယ် အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ကျုံးရှန်၏ ခန္ဓာကိုယ်သည် အလွန်ပင် သေးငယ်လှသည်။ သူသည် ရှေ့သို့ တိုးဝင်သွားကာ မည်သည့် စကားမျှ မဆိုဘဲ ဘုရင် တစ်ကောင်ချင်းစီကို လက်သီးဖြင့် တစ်ချက်စီ ထိုးနှက်လိုက်လျှင် တစ်ဦးလုံးထွေးသတ်ပုတ်နေကြသည့် ဘုရင်နှစ်ကောင်သည် ကွဲကွာသွားကြသည်။
ကျုံးရှန်၏ လက်သီးသည် သာမန် လက်သီးချက်မျိုး မဟုတ်ချေ။
လက်သီး တစ်ချက်သည် ဘုရင် နှစ်ကောင်ကို ချက်ချင်း ပေါက်ကွဲသွားစေရန် မလုံလောက်သော်လည်း သူတို့ကို အလွန်အမင်း နာကျင်သွားစေကာ လက်သီးချက် ထိမှန်သွားသော နေရာရှိ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် အသားစိုင်များအဖြစ်သို့ ပြောင်းလဲသွားရလေသည်။
ဘုရင်နှစ်ကောင်လုံးသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကာ သူတို့၏အာရုံသည် ကျုံးရှန်ရှိရာသို့ ကျရောက်လာကြသည်။
''ရှူး...''
နဂါးမြွေငါးရှဉ့်ဘုရင်သည် စူးရှလှသော အသံတစ်သံကို ထုတ်လွှတ်လိုက်သည်။
ကျုံးရှန်၏ လက်သီးချက်ကြောင့် သူသည် စစ်မှန်သော အသက်အန္တရာယ်ကို စတင်ခံစားလာရပြီ ဖြစ်သည်။ ထို့ပြင် အစွယ်ပါကြယ်ငါးဘုရင်၏ ဖိအားပေးမှုလည်းရှိနေသဖြင့် သူသည် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။
''ရှူး... ရှူး... ရှူး...''
သူသည် ရှည်လျားလှသော ဟစ်အော်သံတစ်ခုကို ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။
ထိုအခါတွင်မူ တိုက်ခိုက်နေကြသော နဂါးမြွေငါးရှဉ့် အားလုံးသည် သူတို့၏ ရန်သူများကို စွန့်လွှတ်လိုက်ကြကာ မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ ဘုရင်ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။
နဂါးမြွေငါးရှဉ့် မြောက်မြားစွာသည် ဘုရင်၏ ပတ်ဝန်းကျင်တွင် စုဝေးလာကြလျှင် ထူးဆန်းလှသော အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာ၏။
မည်းနက် ချောကျိနေသော သူတို့၏ အရေခွံများသည် စတင်၍ အရည်ပျော်လာပြီး ကြွက်သားများ၊ ဦးခေါင်းများနှင့် အရိုးများသည်လည်း တစ်စစီ ဖြစ်လာကာ မီးခိုးရောင် သွေးသားစိုင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုသွေးသားစိုင်များသည် ပုံသဏ္ဌာန်အတိအကျ မရှိဘဲ အသက်ဓာတ်များ ပြည့်နှက်နေကာ အဆက်မပြတ် လှုပ်ရှားနေကြသည်။
သူတို့သည် နဂါးမြွေငါးရှဉ့်ဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားလျှင် ဘုရင်၏ ခန္ဓာကိုယ်သည် ပိုမို ကြီးမားလာသည်။ သူ၏ အရောင်သည်လည်း အနက်ရောင်မှ မီးခိုးရောင်သို့ ပြောင်းလဲသွားကာ နဂါးမြွေငါးရှဉ့် အားလုံး ပေါင်းစပ်ပြီးသွားသောအခါတွင် နဂါးမြွေငါးရှဉ့်ဘုရင်၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင်ပင် ကြီးမားသွားလေသည်။
ယင်းသည် အစွယ်ပါကြယ်ငါးဘုရင်ထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ကြီးမားသွားခြင်း ဖြစ်သည်။
ကျုံးရှန်သည် သူ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်ငယ် တစ်ကောင်ကဲ့သို့ပင် ဖြစ်နေတော့သည်။
ယခုအခါတွင် နဂါးမြွေငါးရှဉ့်ဘုရင်၏ ပုံသဏ္ဌာန်သည် ကြီးမားလှသော မီးခိုးရောင် အသားစိုင်ကြီး တစ်ခုကဲ့သို့ ရှိနေပြီး အဆက်မပြတ် လှုပ်ရှားကာ အသွင်ပြောင်းလဲလာနေသည်။
ဦးချိုများနှင့် အကြေးခွံများ။
သိန်းငှက် တစ်ကောင်၏ လက်သည်းများနှင့် တူညီသော သန်မာလှသည့် လက်သည်းငါးခု။
အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ ကျုံးရှန်ပင်လျှင် မျက်မှောင်ကြုတ်လိုက်မိသည်။
နဂါးအသွင်အပြင်ပုံစံ။
ယင်းသည် နဂါးတစ်ကောင်၏အသွင်အပြင် များဖြင့် ပြည့်စုံနေလေသည်။ သူ၏ အရွယ်အစားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ထိုသတ္တဝါထံမှ နဂါး အရှိန်အဝါ သို့မဟုတ် ဝိညာဉ်စွမ်းအားများကို မခံစားရချေ။
ထိုအချိန်တွင် အစွယ်ပါကြယ်ငါးများသည်လည်း သူတို့၏ ဘုရင် ပတ်ဝန်းကျင်တွင် စုဝေးလာကြသည်။ သူတို့သည် အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသော နဂါးမြွေငါးရှဉ့်ဘုရင်ကို ကြည့်ကာ အလွန်ပင် ထိတ်လန့်တုန်လှုပ်နေကြလေသည်။