အခန်း (၅၈၁-၅၈၂)
Vol. 59 Ch. 581-582
အခန်း (၅၈၁) စမ်းသပ်ပွဲ စတင်ခြင်း
"သေမင်းခန်းမထဲကို ရောက်တာနဲ့ ယဇ်ပုရောဟိတ်တွေနဲ့ တွေ့လိမ့်မယ်။ သူတို့ကပဲ စမ်းသပ်ပွဲတွေကို ကိုင်တွယ်မှာ။ ငါတို့ကတော့ အထဲကို ဝင်ခွင့်မရှိလို့ ကူညီပေးနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အပြင်ကနေတော့ အကုန်လုံးကို လှမ်းကြည့်နေလို့ ရတယ်။ အထဲမှာ ဂရုစိုက်နော်" ရွမ်းယီနှင့် အခြားအကြီးအကဲများက စမ်းသပ်ပွဲတွင် ပါဝင်မည့် တပည့်များကို အထဲသို့ မလွှတ်မီ မှာကြားနေကြသည်။
မူယွမ်ကလည်း လုံချန်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲဒီဆွဲကြိုးကိုတော့ မချွတ်ပါနဲ့၊ ဒါဆိုရင် ယဇ်ပုရောဟိတ်က သားရဲ့အသက်ကို ကယ်ပေးလိမ့်မယ်။ အဲဒါကိုပဲ မှတ်ထားပါ။ ပြီးတော့ အစွမ်းကုန် ကြိုးစားပါ။ သားသာ အာရုံစိုက်ပြီး တိုက်ခိုက်မယ်ဆိုရင် ဒီတိုက်ပွဲတွေထဲမှာ သား မကျော်ဖြတ်နိုင်တာ ဘာမှမရှိပါဘူး" မူယွမ်က ဆိုသည်။
"ကံကောင်းပါစေ" သူမက လုံချန်း၏ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
လုံချန်းသည် ခေါင်းညိတ်ပြကာ မူယွမ်ကို ထားရစ်ခဲ့ပြီး သေမင်းခန်းမဟု လူသိများသော နန်းတော်ကြီးထဲသို့ လှမ်းဝင်လိုက်သည်။
လုံချန်းသည် ရူရှန်နှင့်အတူ ဝင်လာခဲ့ပြီး အခြားတပည့်များကလည်း သက်ဆိုင်ရာ အကြီးအကဲများ ရွေးချယ်ပေးထားသည့် နှစ်ယောက်တစ်တွဲ အဖွဲ့များအလိုက် အသီးသီး ဝင်လာကြသည်။
နန်းတော်ထဲသို့ ရောက်သောအခါ အချင်း မီတာ ၂၀ ခန့်ရှိသော စက်ဝိုင်းပုံ ခန်းမကြီးတစ်ခန်းကို တွေ့လိုက်ရသည်။
ပါဝင်သူများထဲတွင် လုံချန်းသည် လူတစ်ရာခန့်ကို မှတ်မိနေပြီး ၎င်းမှာ အဖွဲ့ပေါင်း ငါးဆယ်ခန့် ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ စမ်းသပ်ပွဲများကို အဖွဲ့လိုက် ယှဉ်ပြိုင်ရမည်လားဆိုသည်မှာမူ မသေချာသေးပေ။ ပုံမှန်အားဖြင့် တစ်ဦးချင်း စမ်းသပ်ပွဲများ ဖြစ်သင့်သော်လည်း လုံချန်း နားလည်ထားသည်မှာ အခွင့်အရေး ရပါက တစ်ဦးနှင့်တစ်ဦး ကူညီခြင်းကို တားမြစ်ထားသည့် စည်းမျဉ်းမရှိခြင်းပင်။
ခန်းမထဲတွင် တပည့်တစ်ရာခန့် မတ်တပ်ရပ်နေစဉ် တစ်စုံတစ်ယောက်က သူ့ကို မနာလိုဝန်တိုစိတ်ဖြင့် စိုက်ကြည့်နေသည်အား လုံချန်း ခံစားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်နေသော မီယင်ကို တွေ့ရသော်လည်း သူမ၏ မျက်နှာထားမှာ တည်ငြိမ်နေသည်။ လုံချန်း သူမကို ကြည့်နေသည်ကို မြင်သောအခါ သူမ၏ ရှေ့တွင် ရပ်နေသော အမျိုးသားတစ်ဦးက လုံချန်းတို့ဆီသို့ လျှောက်လာသည်။
ထိုလူမှာ ကောင်းကင် အဆင့် ၅ ကျင့်ကြံသူ ဖြစ်သည်။ သူ၏ အမည်မှာ ဝမ်ကျွင်း ဖြစ်ပြီး မီယင်တို့အတန်းထဲမှ သူမနှင့်အတူ ရွေးချယ်ခံရသူ ဖြစ်သည်။
"ဟေ့ကောင်... မင်း မီယင်ကို နှောင့်ယှက်နေတာ ဘယ်တော့ ရပ်မှာလဲ။ အကြီးအကဲတစ်ယောက်ရဲ့ သားဖြစ်နေရုံနဲ့ မင်း ကြိုက်တာ လုပ်လို့ရမယ် ထင်နေတာလား။ ဂိုဏ်းထဲမှာ အကြီးအကဲတွေ အများကြီး ရှိတယ်ဆိုတာ မမေ့နဲ့ဦး" ဝမ်ကျွင်းက လုံချန်းကို လက်ညှိုးငေါ့ငေါ့ထိုးကာ ပြောလိုက်သည်။
ဝမ်ကျွင်း၏ အသံကြောင့် ခန်းမထဲရှိ လူအားလုံး၏ အာရုံမှာ လုံချန်းထံသို့ ရောက်ရှိသွားကြသည်။
"ဘာလဲ... သူက မိန်းကလေးတွေကို နှောင့်ယှက်တာလား။ အဲဒီမိန်းကလေးက သူ့ထက် ပိုသန်မာတာ မဟုတ်ဘူးလား"
"ဒါက ဖြစ်လေ့ဖြစ်ထရှိတာပါပဲ။ အဲဒီကောင်လေးက အကြီးအကဲမူရဲ့ သားလေ၊ မိန်းကလေးကတော့ အကြီးအကဲလို ရာထူးကြီးတဲ့သူရဲ့ သားသမီး မဟုတ်ဘူး။ ဒါကြောင့် သူက အဲဒီကလေးကို ဘာမှ ပြန်မလုပ်ရဲတာပေါ့။ ဒါကို အခွင့်ကောင်းယူပြီး အဲဒီကလေးက သူမကို နှောင့်ယှက်ရဲတာ ဖြစ်မှာပါ"
"ဟားဟား... သူရဲကောင်းတွေက ဘာကိုမှ မကြောက်ဘူးကွ။ မိန်းကလေးကို သဘောကျရင် ယူလိုက်ရုံပဲ။ ဒါက ဒီမှာ အားလုံး လက်ခံထားတဲ့ အစွမ်းထက်သူက အစိုးရတယ်ဆိုတဲ့ နိယာမပဲလေ။ ဒါပေမဲ့ အဲဒါက မင်းမှာ လုံလောက်တဲ့ အစွမ်းရှိမှ။ အမေကို အားကိုးပြီး မိန်းကလေးကို နှောင့်ယှက်တယ်ဆိုတာတော့... ဒီလူက ဘယ်လောက်အထိ အောက်တန်းကျ လိုက်လဲ"
"သူ့နာမည်က မူလင်း ထင်တယ်။ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်း အဆင့်မတက်ဘဲ ပိတ်မိနေတဲ့ အမှိုက်တစ်ယောက်ပဲ။ ပါရမီလည်း မရှိ၊ အရည်အချင်းလည်း မရှိဘဲနဲ့ အလှအပကို မက်မောရဲသေးတယ်လား။ တကယ့် ခွေးကောင်လေးပဲ"
တစ်ယောက်တစ်ပေါက်နှင့် လုံချန်းကို ဝိုင်းဝန်း လှောင်ပြောင်နေကြသည်။ ရူရှန်ကတော့ လုံချန်းအနားတွင် ရပ်နေပေမည့် တစ်ခွန်းမျှ မပြောဘဲ လုံချန်း မည်သို့ တုံ့ပြန်မလဲဆိုသည်ကိုသာ စောင့်ကြည့်နေသည်။
ဝမ်ကျွင်းက ကောင်းကင် အဆင့် ၅ ဖြစ်ပြီး မီလောင်က အဆင့် ၄ ဖြစ်နေသော်လည်း လုံချန်းကတော့ သူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်မှန်း သိနေသဖြင့် အေးအေးဆေးဆေးပင် ရှိနေသည်။ သူ အေးဆေးနေဖို့ ကြိုးစားပေမည့် သူ၏ ထက်လှသော လျှာကတော့ ငြိမ်မနေခဲ့ပေ။
"မင်းက ဘယ်သူလဲ" လုံချန်းက ပုံမှန်အသံဖြင့် မေးလိုက်သော်လည်း ဝမ်ကျွင်းကို အထင်အမြင်သေးစွာ ငုံ့ကြည့်နေသကဲ့သို့ ခံစားရစေသည်။
"ငါက ဝမ်ကျွင်းကွ။ အကြီးအကဲဝမ်ရဲ့ သားပဲ။ မင်းကို ငါ သတိပေးထားမယ်၊ သူ့ကို နှောင့်ယှက်တာ မရပ်ရင်တော့..."
ဝမ်ကျွင်းက လုံချန်းကို ခြိမ်းခြောက်နေတုန်းမှာပင် လုံချန်းက ကြားဖြတ် ပြောလိုက်သည်။
"တော်စမ်းပါ... စကားတွေ အများကြီး ပြောလေ မင်းက ပိုပြီးတော့ ထုံအ,သလို ဖြစ်နေလေပဲ။ မင်းရဲ့ အဲဒီ ထုံအ,မှုတွေကို ဒီမှာ လာမဖြန့်ဘဲ ပြန်သွားလိုက်တော့" လုံချန်းက လက်ကို ခပ်ပေါ့ပေါ့ ဝေ့ယမ်းရင်း ပြန်ပြောလိုက်သည်။
"မင်း... မင်း အခု ငါ့ကို ထုံအတယ်လို့ ပြောလိုက်တာလား" ဝမ်ကျွင်းက ဟိန်းဟောက်လိုက်သည်။
"ဟေး... ငါကတော့ ဒီကလေးကို အရှိန်အဝါ သုံးတတ်တဲ့ လူကြောက်တစ်ယောက်လို့ ထင်ထားတာ၊ တကယ်တော့ သတ္တိတော့ ရှိသားပဲ"
"ဟားဟားဟား... အဲဒီကလေးက ဝမ်ကျွင်းကို ထုံအတယ်လို့ ပြောလိုက်တယ်ဟ"
"ဝမ်ကျွင်းသာ ဒီကလေးကို မဆုံးမရင်တော့ သူက ယောက်ျား မဟုတ်တော့ဘူး"
"အကြီးအကဲ နှစ်ယောက်ရဲ့ သားတွေ တိုက်တာကို ကြည့်ရမှာ တကယ် စိတ်ဝင်စားဖို့ ကောင်းမှာပဲ။ အဲဒီကလေးက ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူးဆိုတာ သိနေပေမဲ့လည်းပေါ့"
"ဝမ်ကျွင်းတော့ ဒီနေ့ သိက္ခာကျပြီ ဟားဟား"
ပွဲကြည့်နေသူများက ဝိုင်းဝန်း ရယ်မောနေကြသည်။
"အမှန်တရား မရှိတဲ့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို မင်းက ယုံနေတယ်ဆိုရင်တော့ မင်းကို ထုံအတယ်လို့ မခေါ်ရင် ဘာခေါ်ရဦးမှာလဲ။ ငါက ဘာလို့ မင်းပြောတဲ့ မိန်းမကို နှောင့်ယှက်ရမှာလဲ။ ငါ့ရဲ့ အကြိုက်က မင်းလိုမျိုး အောက်တန်းကျတယ်လို့ ပြောချင်တာလား" လုံချန်းက လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သော်လည်း မီယင်၏ တည်ငြိမ်နေသော မျက်နှာမှာ ဒေါသကြောင့် ရုတ်တရက် လှုပ်ခတ်သွားသည်ကို သူ သတိထားမိလိုက်သည်။
"မင်း တကယ့် ခွေးကောင်ပဲ။ သေချင်နေတာပဲ" ဝမ်ကျွင်းက ဟိန်းဟောက်ကာ လုံချန်းကို တိုက်ခိုက်လိုက်သည်။
'ကဲ... အဘိုးကြီး၊ တိတ်တိတ်လေး ကြည့်မနေနဲ့တော့။ နောက်ဆုံးအချိန်ကျမှ ဆရာကြီးစတိုင်နဲ့ ဝင်တားမှာ ငါ သိတယ်' လုံချန်းက ငြိမ်သက်စွာ ရပ်နေရင်း တွေးလိုက်မိသည်။
"ဘယ်သူက သေမင်းခန်းမထဲမှာ တိုက်ခိုက်ရဲတာလဲ"
သေခြင်းတရား အငွေ့အသက်များ ဖုံးလွှမ်းနေသကဲ့သို့ ခံစားရသော ကြောက်မက်ဖွယ် အသံကြီးတစ်သံက ခန်းမထဲတွင် ဟိန်းထွက်လာသည်။
ဝမ်ကျွင်း၏ လက်သီးမှာ လုံချန်း၏ မျက်နှာကို ထိခိုက်တော့မည့်ဆဲဆဲမှာပင် ထိုအသံကို ကြားလိုက်ရသဖြင့် ရပ်တန့်သွားသည်။ သူ၏ လက်သီးမှာ လုံချန်း၏ မျက်နှာနှင့် လက်မအနည်းငယ်သာ ကွာတော့သည်။
လုံချန်းက တည်ငြိမ်သော မျက်နှာဖြင့် လှည့်ကြည့်လိုက်ရာ ရင်ဘတ်အထိ ကျနေသော မုတ်ဆိတ်ဖြူကြီးနှင့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
'ယဇ်ပုရောဟိတ်... အဆင့်မြင့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူပဲ' လုံချန်းက တွေးလိုက်မိသည်။
"ယဇ်ပုရောဟိတ်" တပည့်အားလုံးက လက်အုပ်ချီကာ နှုတ်ဆက်ကြသည်။ လုံချန်းလည်း ထိုအတိုင်း လိုက်လုပ်လိုက်သည်။
ယဇ်ပုရောဟိတ်က လုံချန်းကို ကြည့်လိုက်ရာ သူ၏ လည်ပင်းက ဆွဲကြိုးအား သတိထားမိသွားပြီး ပြုံးလိုက်သည်။
'ဒီကောင်လေးက ပါရမီ ပြန်ရလာပြီ၊ ကျောင်းတော်သခင်ကလည်း သူ့ဆွဲကြိုးကို ပေးပြီး ပါဝင်ခွင့်ပြုလိုက်တယ်ဆိုတော့ ကောင်လေးကို ယုံကြည်မှု ရှိနေတာပဲ။ တကယ်လို့ သူသာ အရင်လို ပြန်ဖြစ်လာပြီဆိုရင် ဒီထဲက လူတွေအားလုံးထက် သူက အခွင့်အရေး အရှိဆုံးပဲ။ စိတ်မကောင်းစရာက သူ့မှာ မှတ်ဉာဏ်တွေ မရှိတော့တာပဲ။ အဲဒါက သူ့အတွက် ခက်ခဲစေလိမ့်မယ်' ယဇ်ပုရောဟိတ်က တွေးတောရင်း သက်ပြင်းချလိုက်သည်။
"ကဲ... အားလုံးပဲ။ ယဇ်ပူဇော်ပွဲက တကယ်တော့ ရိုးရှင်းပါတယ်။ အနိုင်ရဖို့ဆိုရင် အခန်းထဲကို ဝင်သွားပြီး နန်းတော်ရဲ့ ထိပ်ဆုံးကို ရောက်အောင် ရှေ့ကိုပဲ ဆက်သွားရမှာပါ" ယဇ်ပုရောဟိတ်က ရှေ့ရှိ တံခါးကို ညွှန်ပြရင်း ပြောလိုက်သည်။
"မင်းတို့အားလုံးကို ပုံဆောင်ခဲ တစ်ခဲစီ ပေးမယ်။ မင်းတို့ ဆက်မတောင့်ခံနိုင်တော့ဘူးလို့ ခံစားရတဲ့အခါ အဲဒီပုံဆောင်ခဲကို ခွဲလိုက်ပါ၊ ဒါဆိုရင် မင်းတို့ ဒီနေရာကို ပြန်ရောက်လာလိမ့်မယ်။ ဒါပေမဲ့ အရေးကြီးတာ တစ်ခု မှတ်ထားပါ။ ပုံဆောင်ခဲကို ခွဲလိုက်တာနဲ့ ဒီကို ပြန်ရောက်ဖို့ကြားမှာ ၁၀ စက္ကန့် ကြာမြင့်တယ်။ အဲဒီအချိန်မတိုင်ခင်မှာ မင်းတို့ သေသွားခဲ့ရင်တော့ အသက်ပြန်သွင်းလို့ မရတော့ဘူး။ မင်းတို့ သိကြတဲ့အတိုင်း သေမင်းခန်းမထဲမှာ သေတဲ့သူတွေကို အသက်ပြန်သွင်းလို့ မရဘူး... ပုံမှန်အားဖြင့်ပေါ့လေ" ယဇ်ပုရောဟိတ်က အားလုံးကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
"ဟိုမှာ သေတ္တာတစ်လုံး ရှိတယ်။ အဲဒီထဲမှာ ပုံဆောင်ခဲတွေ ရှိတယ်။ အားလုံးက တစ်ခဲစီ ယူသွားလို့ ရတယ်" သူက ဆိုသည်။
တပည့်များက ခေါင်းငြိတ်ကာ သူတို့အနားရှိ သေတ္တာငယ်ဆီသို့ သွား၍ ပုံဆောင်ခဲ တစ်ခဲစီ ယူလိုက်ကြသည်။ ပုံဆောင်ခဲများမှာ အပြာနုရောင်ဖြစ်ပြီး ခြောက်မြောင့်ပုံစံ ရှိသည်။ အားလုံးက ထိုပုံဆောင်ခဲများကို ဂရုတစိုက် သိမ်းဆည်းလိုက်ကြသည်။
"ကဲ... အခု ဝင်သွားလို့ ရပါပြီ" ယဇ်ပုရောဟိတ်က ရှေ့က အခန်းထဲသို့ ဝင်ရန် အချက်ပြလိုက်တော့သည်။
အခန်း (၅၈၂) လုံကျွင်း၏ ဆိုးရွားသောအခြေအနေနှင့် ရက်စက်သော ကျောင်းတော်
လုံချန်းနှင့် အခြားသူများသည် တံခါးဆီသို့ လှမ်းတက်သွားကြသည်။
အခြားတပည့်များမှာ စမ်းသပ်ပွဲကို စောစောစတင်နိုင်လေ အဆုံးသတ်သို့ မြန်မြန်ရောက်လေဟု ယုံကြည်နေကြသည့်အလား တံခါးဆီသို့ အလုအယက် ပြေးဝင်သွားကြသည်။
သို့သော် လုံချန်း၏ အတွေးမှာမူ သူတို့နှင့် မတူပေ။ ဤစမ်းသပ်ပွဲမှာ ထိုမျှလောက် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူ နားလည်ထားသဖြင့် သူ၏ ပုံမှန်ခြေလှမ်းဖြင့်သာ လျှောက်လှမ်းခဲ့သည်။ ရူရှန်ပင်လျှင် အထဲသို့ ဝင်သွားပြီဖြစ်ရာ လုံချန်းသည် အခန်းထဲသို့ နောက်ဆုံးမှ ဝင်သွားသူ ဖြစ်လာသည်။
'သူ့ကိုတော့ ငါ မျက်ခြေမပြတ် စောင့်ကြည့်ရမယ်။ တခြားသူတွေ သေရင် သူတို့ရဲ့ ဝိညာဉ်ပါ ပျက်စီးသွားမှာမို့ ပြန်ရှင်ဖို့ မဖြစ်နိုင်ပေမဲ့၊ ဒီကောင်လေးမှာတော့ ကျောင်းတော်သခင်ရဲ့ ဆွဲကြိုးရှိနေတော့ ဝိညာဉ်က ဘေးကင်းလိမ့်မယ်။ ဒါကြောင့် သူသာ သေသွားခဲ့ရင် အချိန်မီ အသက်ပေးဆေးလုံး သုံးပြီး ပြန်ရှင်အောင် လုပ်ပေးဖို့ ငါ အဲဒီမှာ ရှိနေရမယ်' ယဇ်ပုရောဟိတ်က တံခါးကို ကြည့်ရင်း ရေရွတ်လိုက်သည်။
အားလုံး အထဲသို့ ဝင်သွားပြီးနောက် သူက လက်ဖျောက်တစ်ချက် တီးလိုက်ရာ သူ၏ရှေ့တွင် အတွင်း၌ ဖြစ်ပျက်နေသမျှကို ပြသနေသည့် တစ်ပိုင်းတစ်စ ကြည်လင်သော ဖန်သားပြင်တစ်ခု ပေါ်လာသည်။
ထိုကဲ့သို့သော ပြကွက်မျိုးကို အခြားသော နန်းတော်များစွာတွင်လည်း ပြသနေသည်။ သေမင်းခန်းမ အပြင်ဘက်တွင် ရပ်နေကြသော လူများသည်လည်း ပါဝင်ယှဉ်ပြိုင်နေသည့် တပည့်အားလုံးကို ထိုဖန်သားပြင်မှတစ်ဆင့် ကြည့်ရှုနေကြသည်။ ကျောင်းတော်သခင်သည်လည်း သူ၏ အခန်းထဲမှနေ၍ ဤအဖြစ်အပျက်ကို စောင့်ကြည့်နေသကဲ့သို့ အခြားသော ယဇ်ပုရောဟိတ်များလည်း စိုက်ကြည့်နေကြသည်။
ထိုအဖြစ်အပျက်ကို ကြည့်နေသူ နောက်တစ်ဦးလည်း ရှိသေးသည်။
အကျဉ်းထောင်တစ်ခုဟု ထင်ရသော နေရာထဲတွင် အမျိုးသားတစ်ဦးသည် နံရံကို မှီ၍ ထိုင်နေသည်။ ထိုသူ၏ မျက်နှာသွင်ပြင်မှာ လုံချန်းနှင့် ဆင်တူသော်လည်း ပို၍ ညစ်ပတ်ပေရေကာ ဖရိုဖရဲ ဖြစ်နေသည်။ သူ၌ အတန်ကြာအောင် မရိတ်ဘဲ ထားပုံရသော မုတ်ဆိတ်ရှည်ကြီး ရှိပြီး သူ၏ ဆံပင်ရှည်များမှာလည်း နှစ်ပေါင်းများစွာ ရေမချိုးထားသကဲ့သို့ ဖြစ်နေသည်။ သူ၏ အဝတ်အစားများမှာလည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။
သူ၏ ဘေးတွင် လှပသော အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေပြီး သူမသည်လည်း သူတို့ရှေ့ရှိ ယဇ်ပူဇော်ပွဲကို ပြသနေသည့် ဖန်သားပြင်ကို ကြည့်နေသည်။
"ကဲ... ယဇ်ပူဇော်ပွဲကို ကြည့်စမ်းပါ။ နင် ပျော်နိုင်တုန်းလေး ပျော်ထားလိုက်ဦး။ ဒီကလေးတွေက ငါတို့နဲ့အတူ နယ်မြေအသစ်ရှာဖွေဖို့ နင်နဲ့အတူ လိုက်ပါခွင့်ရအောင် ယှဉ်ပြိုင်နေကြတာကို ကြည့်ပြီး အရသာခံလိုက်စမ်းပါ။ ဒါနဲ့... နင့် ဝမ်းကွဲအစ်မရဲ့ သားလည်း ဒီပွဲမှာ ပါဝင်နေတယ်နော်" ထိုအမျိုးသမီးက မေးစေ့ကို လက်ဖြင့် ထောက်ရင်း ပြောလိုက်သည်။
သူမ၏ ဘေးတွင် ထိုင်နေသော ထိုအမျိုးသားမှာ လုံကျွင်း ဖြစ်သည်။ သူသည် ဤကမ္ဘာတွင် လုံချန်း၏ ဖခင်ဖြစ်သလို လုံချန်း လာရောက်ရှာဖွေနေသည့်သူလည်း ဖြစ်သည်။ လုံကျွင်းသည် ထိုမိန်းကလေးကို အားနည်းစွာဖြင့် လှမ်းကြည့်လိုက်သည်။
"ဪ... ဟုတ်သားပဲ။ နင်က နင့်ရဲ့ ဝမ်းကွဲအစ်မအကြောင်းလည်း သိမှာ မဟုတ်ဘူးပဲ။ နင်က ကျောင်းတော် ပြင်ပမှာ မွေးဖွားခဲ့ပြီး နင့်ရဲ့ ဇစ်မြစ်အမှန်ကို မသိတဲ့ မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့တာကိုး။ နင့်ရဲ့ မိသားစု အစစ်အမှန်အကြောင်း မသိတာကို ငါ အပြစ်မတင်ပါဘူး" ထိုအမျိုးသမီးက တဟားဟား ရယ်မောရင်း ပြောသည်။
"နင့်ရဲ့ သားကလွဲရင် နင်နဲ့ သွေးချင်းနီးစပ်ပြီး အသက်ရှင်ကျန်ရစ်သူ နှစ်ယောက်ပဲ ရှိတော့တယ်။ တစ်ယောက်က နင့်ရဲ့ ဝမ်းကွဲအစ်မပဲ။ သူက နင့်အမေ မောင်အရင်းရဲ့ သမီးပေါ့။ သူနဲ့ သူ့ရဲ့ သားကပဲ နင့်မှာရှိတဲ့ တစ်ဦးတည်းသော သွေးသားရင်းချာတွေပဲ။ စိတ်မကောင်းစရာက နင် ဒီဘဝမှာ သူတို့နဲ့ တွေ့ခွင့်ရတော့မှာ မဟုတ်ဘူး" ထိုအမျိုးသမီးက ပြုံးလျက် ဆိုသည်။
"ဟိုမှာ အပြာရောင် ဝတ်စုံဝတ်ထားတဲ့ ကလေးကို မြင်လား။ သူက တစ်နည်းအားဖြင့် နင့်ရဲ့ တူပဲ။ မူလင်းတဲ့။ သူကတော့ မမျှော်လင့်ထားတဲ့ ကိစ္စအချို့ ဖြစ်ပြီးနောက်မှာ ဒီယဇ်ပူဇော်ပွဲမှာ အနိုင်ရဖို့ အခွင့်အရေး အရှိဆုံးပဲ။ တကယ်လို့ သူသာ နိုင်သွားရင် နင် မသေခင်မှာ နင့်ရဲ့ မိသားစုဝင်တွေနဲ့အတူ ခရီးသွားခွင့် ရဦးမှာပေါ့" သူမက ဖန်သားပြင်ကို ညွှန်ပြရင်း ရှင်းပြသည်။
လုံကျွင်းသည် ဖန်သားပြင်ကို ကြည့်လိုက်ရာ သူမပြောသော လူကို မြင်လိုက်ရသည်။ သူ မသိသည်မှာ သူ မြင်နေရသော ထိုလူမှာ အမှန်တကယ်တော့ ဝေးလံလှသော တိုင်းပြည်တစ်ပြည်တွင် ဘေးကင်းစွာ ရှိနေလိမ့်မည်ဟု သူ ယုံကြည်ထားသည့် သူ၏ သားအရင်း ဖြစ်နေခြင်းပင်။
"နင် လျှို့ဝှက်ချက်တစ်ခု သိချင်လား။ နင့်ရဲ့ အသံကြိုးတွေကို ငါတို့ ဖြတ်ပစ်လိုက်ပြီဆိုတော့ နင့်ကို ပြောပြလည်း ကိစ္စမရှိပါဘူး။ နင်က ဘယ်သူ့ကိုမှ ပြန်ပြောနိုင်မှာ မဟုတ်ဘူးလေ။ နင့်ရဲ့ ဝမ်းကွဲအစ်မ မိသားစုလား။ ငါတို့ပဲ သူတို့ကို အကုန် သုတ်သင်လိုက်တာ။ သူက နင့်အမေကို ထွက်ပြေးဖို့ ကူညီပေးခဲ့လို့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ပေါ့။ စိတ်မကောင်းစရာက အဲဒီမိန်းမကြီးကိုတော့ ငါတို့ မသတ်နိုင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူ့မှာ ကျောင်းတော်သခင်တောင် ကြောက်ရတဲ့ ကြောက်စရာကောင်းတဲ့ ခင်ပွန်းရှိနေလို့ပဲ။ ငါတို့က သူ့ရဲ့ မိသားစုဝင်တွေအကြောင်း အမှန်တရားကို ဖုံးကွယ်ထားပြီး နင့်အမေနဲ့အတူ ထွက်ပြေးသွားတယ်လို့ပဲ လိမ်ပြောထားလိုက်တာ။ အဲဒီအမိုက်မကလည်း အဲဒါကို တကယ် ယုံနေတာလေ" ထိုအမျိုးသမီးက သွားဖြဲရင်း ပြောလိုက်သည်။
လုံကျွင်းသည် သူမကို ကြည့်နေရုံမှအပါး ဘာမှ ပြန်မပြောနိုင်ပေ။ သူ၏ အသံကြိုးများမှာ အထုတ်ခံထားရသဖြင့် သူသည် စကားမပြောနိုင်တော့ပေ။
"နင် အခုထိတော့ လိမ်လိမ်မာမာ နေခဲ့ပါတယ်။ အဆုံးထိ ဒီလိုပဲ ဆက်နေသွားမယ်ဆိုရင် နင့်ရဲ့ တိုင်းပြည်ဆီ ငါတို့ မသွားဘူး။ နင့်ရဲ့ သားကိုလည်း ငါတို့ လက်ဖျားနဲ့တောင် မတို့ဘူး။ နင့်ရဲ့သားက မပတ်သက်သင့်တဲ့ ကိစ္စတွေထဲ မပါဝင်ဘဲ သာမန်လူသားတစ်ယောက်လို အေးအေးဆေးဆေး ရှင်သန်သွားနိုင်မှာပေါ့" သူမက ဆိုသည်။
လုံကျွင်းသည် မျက်လုံးများကိုသာ မှိတ်ထားလိုက်ပြီး မည်သို့မျှ တုံ့ပြန်ခြင်း မပြုတော့ပေ။
လုံချန်းသည် ပထမဆုံး အခန်းထဲသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
တပည့်အားလုံး ရောက်နေကြပြီ ဖြစ်သည်ကို သူ သတိထားမိသည်။ သူတို့အားလုံးမှာ ရှေ့သို့ ဆက်သွားရန် ကြိုးစားနေကြသော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခက်ခဲပင်ပန်းနေကြပုံရသည်။
လုံချန်းသည် ခြေတစ်လှမ်း လှမ်းလိုက်ချိန်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို နားလည်သွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ဤနေရာမှာ သူ ဝိညာဉ်နက်ဂိုဏ်းတွင် ကြုံတွေ့ခဲ့ရသော ဆွဲငင်အား လှေကားထစ်များနှင့် အတူတူပင် ဖြစ်သည်။ ရှေ့သို့ တိုးသွားလေလေ ဆွဲငင်အားမှာ ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။ လုံချန်းမှာ ဤကဲ့သို့သော အရာမျိုးနှင့် အတွေ့အကြုံရှိပြီးသားဖြစ်ရာ သူ၏ ဟင်းလင်းပြင် နိယာမကို သုံး၍ အလွယ်တကူ ကျော်ဖြတ်နိုင်သည်။
သူသာ နေရာရွှေ့ပြောင်းခြင်းကို သုံးလိုက်လျှင် အခန်း၏ အခြားတစ်ဖက်သို့ အလွယ်လေး ရောက်သွားနိုင်သော်လည်း သူ ထိုသို့ မလုပ်နိုင်ပေ။ သူသည် မူလင်း သင်ယူထားခဲ့သော ပညာရပ်များကိုသာ သုံးရမည်ဟု သိထားသည်။ အပြင်ဘက်တွင် လူများက ဤစမ်းသပ်ပွဲကို စောင့်ကြည့်နေကြမည်ဖြစ်ရာ သူသာ အမှားတစ်ခုခု လုပ်မိပါက သူ၏ ကိုယ်ပိုင်အမှတ်အသား ပေါ်သွားပေလိမ့်မည်။
လုံချန်းသည် သူ၏ ခန္ဓာကိုယ်ခွန်အားကိုသာ အသုံးပြုခဲ့သည်။ ယခင်က နတ်ကောင်းကင်ဘုံဂိုဏ်း၌ ဆွဲငင်အားလှေကားကို မတက်နိုင်ခဲ့သော်လည်း ယခုမူ အခြေအနေမှာ ကွဲပြားသွားပြီ ဖြစ်သည်။ သူသည် အရင်ကထက် အများကြီး ပိုမို သန်မာလာခဲ့ပြီ ဖြစ်သည်။ သူသည် ကောင်းကင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ပြီ ဖြစ်သလို သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်မှာလည်း ပိုမို သန်မာလာခဲ့သဖြင့် သူ ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။
လုံချန်း ဒုတိယခြေလှမ်း လှမ်းလိုက်ချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားမှာ တိုးလာသည်။ သို့သော် ထိုဖိအားမှာ သူ့အတွက် ဘာမှမဟုတ်သေးပေ။ သူက အစနားတွင်သာ ရှိသေးသည် မဟုတ်လော။ အခြားသူများမှာ အခန်း၏ ထက်ဝက်ခန့်သို့ ရောက်နေကြပြီ ဖြစ်သည်။ လုံချန်းသည် သူ၏ အရှိန်ကို မြှင့်လိုက်ပြီး တည်ငြိမ်သော အရှိန်ဖြင့် ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။
လူများစွာမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ သွေးများ အန်ထုတ်ကာ ပုံဆောင်ခဲများကို ခွဲ၍ ထွက်ခွာသွားကြသည်ကို လုံချန်း မြင်လိုက်ရသည်။
'အသုံးမကျတဲ့ လူတွေ။ ဒီစမ်းသပ်မှုက အလွယ်ဆုံး ဖြစ်နိုင်တာကို။ ကိုယ့်ခန္ဓာကိုယ်က ဖိအားကို မခံနိုင်ဘဲနဲ့ ရှေ့ကို အတင်းတိုးနေတာက ဘာမှ အကျိုးမရှိဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဖိအားနဲ့ အသားကျအောင် အချိန်ပေးသင့်တာကို၊ ဒီလူတွေက တကယ်ကို ဇွတ်တရွတ်နိုင်လွန်းတယ်' လုံချန်းက တွေးလိုက်သည်။
"ဟင်"
သူ ထိုသို့ တွေးလိုက်ချိန်မှာပင် ရှေ့ဆုံးတွင် ရောက်နေသော လူအချို့မှာ ထိုင်ချလိုက်ပြီး တရားမှတ်နေကြသည်ကို သူ တွေ့လိုက်ရသည်။
'အားလုံးတော့ အသုံးမကျတာ မဟုတ်ဘူးပဲ။ တစ္ဆေကျောင်းတော်ရဲ့ တပည့်တွေကို ကြည့်ပြီး ဒီဂိုဏ်းရဲ့ နာမည်ကျော်ကြားမှုက မဟုတ်တမ်းတရားတွေလားလို့ ငါ ထင်နေမိတာ' လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။
သူသည် ဆက်လက် လျှောက်လှမ်းနေခဲ့ပြီး အခြားသူများမှာလည်း သူတို့၏ အကန့်အသတ်သို့ ရောက်သည့်အခါ ရှေ့ကလူများကို အတုယူ၍ ထိုင်ချကာ အနားယူကြသည်။
လုံချန်းကမူ ဆက်တိုက် လျှောက်လှမ်းနေခဲ့ရာ မကြာမီမှာပင် ကျန်ရှိနေသော တပည့်တစ်ဝက်ကျော်ကို ကျော်တက်သွားတော့သည်။ သူ၏ မျက်နှာမှာ မည်သည့် အခက်အခဲမျှ ရှိပုံမရဘဲ တည်ငြိမ်နေဆဲပင်။