အခန်း (၅၉၃-၅၉၄)
Vol. 60 Ch. 593-594
အခန်း (၅၉၃) နောက်ဆုံးစမ်းသပ်မှု
"မင်း ဘာများပြောမလဲလို့ ငါ စဉ်းစားနေတာ... ဒါကိုး။ မင်းက လူအတစ်ယောက်ဆိုတာ ငါသိပေမဲ့ အခုတော့ ငါ့ရဲ့ မျှော်လင့်ချက်ထက်တောင် ကျော်လွန်သွားပြီပဲ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။ ဤကဲ့သို့ ပြောလိုက်ရုံဖြင့် အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်နေသော သူက မည်မျှပင် တုံးအကြောင်း သူ နားမလည်နိုင်အောင် ဖြစ်ရသည်။
"နံပါတ် ၁၇၊ အဖြူရောင်ဘုရင်ကို သတ်ပြီး သူ့ရဲ့ ဒုက္ခတွေကို အဆုံးသတ်ပေးလိုက်စမ်း" လုံချန်းက သူ၏ ဘုရင်မအကွက်ကို အမိန့်ပေးလိုက်သည်။
ဘုရင်မသည် ဆံပင်နီကောင်အနားသို့ ချဉ်းကပ်သွားပြီး သူ၏ ရင်ဘတ်ထဲသို့ လက်ဖြင့် ထိုးဖောက်ကာ နှလုံးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ထိုနှလုံးကို ဆံပင်နီကောင်၏ မျက်စိရှေ့မှာတင် ချေမွပစ်လိုက်တော့သည်။
ထို့နောက်တွင်တော့ သူမသည် ဆံပင်နီကောင်၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်လိုက်ရာ ဦးခေါင်းမှာ သစ်သီးတစ်လုံးကဲ့သို့ ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ဦးနှောက်အစိပ်အပိုင်းများ နေရာအနှံ့ စင်ထွက်ကုန်သည်။ အချို့မှာ ဘုရင်မ၏ မျက်နှာပေါ်သို့ပင် ကျရောက်သွားခဲ့သည်။
"သူ အောင်မြင်သွားပြီလား"
"သူ နိုင်သွားပြီ"
"အံ့သြစရာပဲ။ သူက အလားအလာအကောင်းဆုံး ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူလိုက်တာပဲ"
စောင့်ကြည့်နေကြသော အကြီးအကဲများအားလုံး လုံချန်း၏ အောင်ပွဲကို မြင်တွေ့ရသောအခါ အံ့အားသင့်ကုန်ကြသည်။ သူတို့အားလုံးသည် လုံချန်း၏ အောင်မြင်မှုအတွက် မူယွမ်ကို ဝိုင်းဝန်း ဂုဏ်ပြုကြတော့သည်။
မပျော်မရွှင်ဖြစ်နေသော အကြီးအကဲ အနည်းငယ်သာ ရှိပြီး ထိုအထဲတွင် လုံချန်း သတ်လိုက်သော ဆံပင်နီကောင်၏ ဖခင်လည်း ပါဝင်သည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း ဘာမှတော့ ထုတ်မပြောပေ။
လုံချန်းသည် မိမိကိုယ်မိမိ ချည်နှောင်ထားသည့် အင်အားစုတစ်ခုမှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။ ယခုအခါ သူသည် ဘုရင်တစ်ယောက်ကဲ့သို့ နေရာတစ်ခုတည်းမှာ ပိတ်မိမနေတော့ဘဲ အခန်းထဲတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီ ဖြစ်သည်။
သူ၏ရှေ့တွင် တံခါးတစ်ပေါက် ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
'ကျေးဇူးပဲ ရွှင်း... နင်မရှိရင် ငါ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး' လုံချန်းက ပြုံးလျက် ရွှင်းကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ငါက စည်းမျဉ်းတွေကိုပဲ ပြောပြခဲ့တာပါ။ ကျန်တာအားလုံးကို နင်ကိုယ်တိုင် လုပ်ခဲ့တာလေ။ နင် တကယ် ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ နင် ဒီလောက် တော်မယ်လို့ ငါ မထင်ထားဘူး" ရွှင်းက ခေါင်းခါရင်း ပြန်ပြောသည်။
"ငါက တော်ပြီးသားပါ။ ငါတို့ ခရီးစကတည်းက နင့်ကို ငါ ပြောနေတာပဲလေ" လုံချန်းက ရယ်မောရင်း တံခါးထဲသို့ ဝင်လိုက်သည်။
"အဲဒါကိုတော့ ငါ အခုထိ သံသယရှိတုန်းပဲ" ရွှင်းက ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
လုံချန်းသည် တံခါးထဲသို့ ဝင်ကာ လျန်ရီအခန်းမှ ထွက်ခွာခဲ့ပြီး လူအချို့ ရောက်နှင့်နေပြီဖြစ်သော အခြားနေရာ တစ်နေရာသို့ ရောက်ရှိသွားသည်။ သူ ရောက်သွားသည့် အခန်းထဲတွင် လူ ၄ ယောက် ရောက်နှင့်နေပြီဖြစ်ရာ လုံချန်းမှာ ၅ ယောက်မြောက် ရောက်ရှိလာသူ ဖြစ်သည်။
ထို ၄ ယောက်စလုံးမှာ လုံချန်းထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများ ဖြစ်ကြသည်။ သူတို့အထဲတွင် ၂ ယောက်မှာ ကောင်းကင်အဆင့် ထိပ်ဆုံးသို့ ရောက်နေသူများ ဖြစ်ကြပြီး တစ်ယောက်မှာ ကောင်းကင်အဆင့် ၇ နှင့် ကျန်တစ်ယောက်မှာ ကောင်းကင်အဆင့် ၅ တို့ ဖြစ်ကြသည်။
လုံချန်းသည် ကောင်းကင်အဆင့် ၁ သာ ရှိသဖြင့် အားလုံးထက် အားနည်းနေသော်လည်း သူ၏ အစစ်အမှန် ခွန်အားမှာတော့ ထိုအဆင့်ထက် များစွာ သာလွန်သည်။
'တခြားစမ်းသပ်မှုတွေ အောင်မြင်လာတဲ့ တပည့်တွေလား။ ဒါက တူညီတဲ့ စမ်းသပ်မှုအဆင့်တွေကို အောင်မြင်လာတဲ့သူတွေ စောင့်ဆိုင်းရမယ့်နေရာ ထင်တယ်။ ဒီနေရာကစပြီး စမ်းသပ်မှုတွေက တစ်ခုတည်း ပြန်ဖြစ်သွားတာနေမှာ။ ငါ့အထင်အရတော့ ပါဝင်သူ အများစုက အခုလောက်ဆို ပြုတ်ကုန်ကြပြီ ထင်တယ်။ ဒီကို ရောက်လာနိုင်တဲ့သူတွေကတော့ ထိပ်တန်းတွေပဲ ဖြစ်ရမယ်။ ဘယ်နှစ်ယောက်လောက် အောင်မြင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်' လုံချန်းသည် ထိုသို့ တွေးတောရင်း အခြားတပည့်များကဲ့သို့ပင် ဘေးတစ်နေရာတွင် ဝင်ထိုင်လိုက်သည်။
"ကလေးတစ်ယောက်က ဒီကို ရောက်လာတာလား။ ငါ မမှားဘူးဆိုရင် သူက အကြီးအကဲ မူယွမ်ရဲ့ သားပဲ။ သူက ကောင်းကင်အဆင့်ကိုတောင် မရောက်သေးဘူး မဟုတ်လား။ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ" အဆင့် ၅ ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ဆိုသည်။
"မင်း ရောက်လာသလိုမျိုးပဲပေါ့။ သူလည်း ခွန်အားကို အဓိကမထားတဲ့ လွယ်ကူတဲ့ စမ်းသပ်မှုတစ်ခုနဲ့ ကြုံခဲ့ရလို့ ဖြစ်မှာပေါ့" ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"စမ်းသပ်မှု အောင်မြင်တဲ့သူတွေ အကုန်ရောက်လာပြီး ကျန်တဲ့သူတွေ ပြုတ်သွားပြီဆိုရင် ငါတို့ ဒီအခန်းကနေ ထွက်လို့ရမှာပါ။ သူတို့ ငါတို့ကို အကြာကြီး စောင့်ခိုင်းမှာ မဟုတ်ပါဘူး" အဆင့် ၇ ကျင့်ကြံသူက ဝင်ပေါက်ဆီသို့ ကြည့်ရင်း ပြောသည်။
"ဝူမင်လည်း လာနေတုန်း ဖြစ်ရမယ်။ သူ ဒီကို ပိုမြန်မြန် ရောက်လိမ့်မယ်လို့ ငါ ထင်ထားတာ။ ဘာတွေ ကြာနေတာလဲ မသိဘူး" ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။
သူ ပြောနေသည့် ကျင့်ကြံသူမှာ ယခင်စမ်းသပ်မှုတွင် လုံချန်း၏ လက်ချက်ဖြင့် အသက်ပျောက်သွားပြီဆိုသည်ကို သူ မသိပေ။
ဆယ်မိနစ်ခန့် ငြိမ်သက်စွာ ကုန်ဆုံးသွားပြီးနောက် ခြေသံအချို့ကို ထပ်မံ ကြားလိုက်ရပြန်သည်။ အားလုံးက ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
"သူလား။ သူက ၆ ယောက်မြောက် ရောက်လာတဲ့သူပေါ့" လုံချန်းက ရောက်လာသူကို မြင်သောအခါ ရေရွတ်လိုက်သည်။
ထိုသူမှာ မီယင် ဖြစ်သည်။ သူမသည် ဝမ်ကျွင်းနှင့်အတူ သေမင်းခန်းမထဲကို ဝင်လာခဲ့သည့် မိန်းကလေး ဖြစ်ပြီး မူလင်းကို သတ်ခဲ့သည့် မိန်းကလေး၏ အစ်မလည်း ဖြစ်သည်။ မူလင်း သေဆုံးမှုတွင် သူမသည် နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သူ ဖြစ်ကြောင်း လုံချန်း သိရှိထားသည်။
မီယင်သည် အခန်းထဲသို့ ဝင်လာပြီး လုံချန်းကို တစ်ချက်သာ လှမ်းကြည့်ကာ အခန်း၏ အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
'သူ့မှာ ထူးဆန်းတာတစ်ခုခု ရှိနေတယ်။ ပုံမှန် မဟုတ်ဘူး' လုံချန်းက သူမကို ကြည့်ရင်း တွေးလိုက်သည်။
'ငါလည်း အဲဒီလို ခံစားရတယ်။ သူ့ရဲ့ ပတ်ပတ်လည်မှာ ထူးဆန်းတဲ့ အငွေ့အသက်တစ်ခု ရှိနေတယ်။ အဲဒီအငွေ့အသက်က သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားပုံရတယ်။ သူက မြင်ရတာထက် ပိုသန်မာလိမ့်မယ်။ ဘယ်သူမှ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ အဆင့်ကို မသိနိုင်ဘူးဆိုရင် သူ့ရဲ့ ပညာရပ်က နင် ပထမဆုံး စမ်းသပ်မှုတုန်းက သွေးမျိုးဆက်ကျောင်းတော်မှာ ရခဲ့တဲ့ ကောင်းကင် ဖုံးလွှမ်းခြင်းလိုမျိုး သန်မာတာ ဖြစ်ရမယ်' ရွှင်းက ဆိုသည်။
'ငါသိတယ်။ သူက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်အဆင့် အလယ်လောက်ပဲ ရှိသယောင် ပြထားတာ။ သူက အနည်းဆုံးတော့ ကောင်းကင်အဆင့် အမြင့်ပိုင်း၊ ဖြစ်နိုင်ရင် အဆင့် ၁၀ လောက်မှာ ရှိနေမှာ' လုံချန်းက မျက်လုံးမှိတ်ကာ တွေးလိုက်သည်။
'ဘာပဲဖြစ်ဖြစ်လေ... သူ ဖုံးကွယ်ချင်သလောက် ဖုံးကွယ်ထားပါစေ။ ခွန်အားချင်း ယှဉ်ရမယ်ဆိုရင်လည်း ငါ သူ့ကို အနိုင်ယူမှာပဲ၊ ဦးနှောက်ချင်း ယှဉ်ရမယ်ဆိုရင်လည်း ငါ သူ့ကို အနိုင်ယူမှာပဲ။ ငါ မရှုံးစေရဘူး။ လျှို့ဝှက်နယ်မြေဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းသလို ကျောင်းတော်ရဲ့ အထက်ပိုင်းအဆင့်တွေဆီကနေ သတင်းအချက်အလက်တွေ ရဖို့ ငါ့ရဲ့ အစီအစဉ်အတွက်လည်း အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပဲ' သူက ရွှင်းကို ပြောပြသည်။
"သူနဲ့ ပတ်သက်ရင်တော့ သတိထားပါ။ ဒီမှာ ရှိနေတဲ့သူတွေထဲမှာ သူက အန္တရာယ်အရှိဆုံးလို့ ငါ ခံစားရတယ်။ သူ့ကို လျှော့မတွက်နဲ့နော်" ရွှင်းက လုံချန်းကို အလေးအနက် သတိပေးလိုက်သည်။
'ငါ သတိထားပါ့မယ်' လုံချန်းက ခေါင်းညိတ်ပြသည်။ 'ငါ့ရဲ့ စိတ်ခံစားချက်တွေက ငါ့ကို လွှမ်းမိုးခွင့် မပေးဘူး'
"ကောင်းပါပြီ"
အချိန်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားပြီးနောက် နောက်ထပ် တပည့်တစ်ဦး ရောက်လာပြန်သည်။ ထိုသူမှာ နောက်ထပ် ကောင်းကင်အဆင့် ထပ်ဆုံး ကျင့်ကြံသူ တစ်ဦးပင် ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ တပည့်အသစ်များ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ ၁၀ ယောက်မြောက် တပည့် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဝင်ပေါက်မှာ ပိတ်သွားတော့သည်။
"ဒီလောက်ပဲ ထင်တယ်။ နောက်ဆုံးတော့ စမ်းသပ်မှုရဲ့ နောက်တစ်ဆင့်ကို စလို့ရပြီ" တပည့်များက ဝင်ပေါက် ပိတ်သွားသည်ကို မြင်သောအခါ မတ်တပ်ရပ်ရင်း ပြောလိုက်ကြသည်။ ဆိုလိုသည်မှာ ယခင်စမ်းသပ်မှုများကို အောင်မြင်ခဲ့သူအားလုံး ရောက်ရှိသွားပြီဖြစ်ကာ ကျန်ရှိသူများမှာ ပြုတ်သွားပြီ ဖြစ်သည်။
ရောက်ရှိနေသော တပည့် ၁၀ ယောက်ထဲတွင် မီယင် တစ်ယောက်သာ မိန်းကလေး ဖြစ်သည်။ အခြားတစ်ဖက်တွင်တော့ လုံချန်းသည် ကောင်းကင်အဆင့် ၁ သာ ရှိသဖြင့် ကျင့်ကြံခြင်း အားနည်းဆုံး ဖြစ်နေသည်။ မီယင်မှာ အဆင့် ၄ ဖြင့် ဒုတိယ အားနည်းဆုံး ဖြစ်သော်လည်း သူမသည် ဤနေရာတွင် အသန်မာဆုံး ဖြစ်နိုင်ပြီး ကျင့်ကြံခြင်းအဆင့်မှာ အတုအယောင် ဖြစ်ကြောင်း လုံချန်း သိနေသည်။
ဝင်ပေါက် ပိတ်သွားပြီးနောက် ရှေ့ဘက်နံရံတွင် နောက်ထပ် တံခါးတစ်ပေါက် ပေါ်လာသည်။
"နောက်တစ်ဆင့် စမ်းသပ်မှုဆီကို သွားကြရအောင်" ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူများက ဦးဆောင်၍ အခန်းထဲမှ ထွက်ခွာသွားကြသည်။ လုံချန်းသည်လည်း သူတို့နောက်မှ လိုက်ပါသွားခဲ့သည်။
တပည့် ၁၀ ယောက်စလုံးမှာ ကျယ်ဝန်းသော အခန်းကြီးတစ်ခန်းထဲသို့ ရောက်ရှိသွားကြသည်။ သူတို့ရှေ့တွင် အပေါ်သို့ တက်လှမ်းရမည့် လှေကား ၁၀ စင်း ရှိနေသည်။
"လှေကား တစ်စင်းကို ရွေးချယ်ပြီး ပထမဆုံး လှေကားထစ်မှာ ရပ်လိုက်ကြပါ" ထိုလျှို့ဝှက်ဆန်းကြယ်သော အသံက အခန်းထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြီး ဘာလုပ်ရမည်ကို ညွှန်ကြားလိုက်သည်။
ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူများမှာ အမြန်ဆုံးဖြစ်ပြီး လှေကားတစ်စင်းစီကို ချက်ချင်း ရွေးချယ်ကာ ပထမအဆင့်တွင် ရပ်လိုက်ကြသည်။ အခြားသူများကလည်း ထိုအတိုင်း လိုက်လုပ်ကြသည်။ လုံချန်းကတော့ နောက်ဆုံးကျန်ရှိနေသည့် လှေကားတစ်စင်းကိုသာ ရွေးချယ်လိုက်သည်။
အခန်း (၅၉၄) ကံတရားထက် ပိုသောအရာ
လုံချန်းသည် မိမိအတွက် လှေကားရွေးချယ်ရာတွင် အလောတကြီး မလုပ်ခဲ့ပေ။ အကြောင်းမှာ ဤလှေကားအားလုံးသည် အတူတူပင်ဖြစ်ပြီး စမ်းသပ်မှုများသာ ကွဲပြားလိမ့်မည်ဟု သူယုံကြည်သောကြောင့်ဖြစ်သည်။ လှေကားရွေးချယ်မှုသည် အရေးကြီးသောအစိတ်ပိုင်းဖြစ်နေလျှင်ပင် ဘာမှကြိုမသိရဘဲ ရွေးချယ်ရခြင်းမှာ မှန်းဆချက်တစ်ခုသာ ဖြစ်သဖြင့် ပထမဆုံးရွေးချယ်သူဖြစ်ရန် သူ စိတ်မလောခဲ့ခြင်းပင်။
တပည့်တစ်ဦးသည် လှေကား၏ ဒုတိယအထစ်သို့ လှမ်းတက်ရန် ကြိုးစားသော်လည်း မရပေ။
"ဒီလှေကားတွေက ငါတို့ကို ရွေ့လို့မရအောင် တားထားတယ်" သူက အခြားသူများကို ပြောလိုက်သည်။ ကျန်တပည့်များလည်း စမ်းကြည့်ကြသော်လည်း မည်သူမျှ ရွေ့လျား၍မရပေ။
ယင်းက စစ်တုရင်ခုံတွင် သူကြုံခဲ့ရသည်နှင့် ဆင်တူနေကြောင်း လုံချန်း တွေးမိသည်။
'စည်းမျဉ်း တစ်ခုခုတော့ ရှိရမယ်' လုံချန်းသည် လျှို့ဝှက်ဆန်းကြယ်သော အသံက စမ်းသပ်မှုအကြောင်း ရှင်းပြသည်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
လုံချန်း စောင့်ဆိုင်းနေစဉ်မှာပင် သူ၏ရှေ့တွင် မျက်နှာကိုးဖက်ပါသော အံစာတုံး တစ်တုံး ပေါ်လာပြီး လေထဲတွင် လွင့်မျောနေသည်။ သူက ထိုအကြောင်း တွေးတောနေစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ကတော့ လှေကားရဲ့ ထိပ်ဆုံးကို ရောက်ဖို့ပဲ။ အောင်မြင်တဲ့သူက သေမင်းပူဇော်ပွဲရဲ့ အနိုင်ရရှိသူဖြစ်လာမှာဖြစ်ပြီး ကျန်တဲ့ကိုးယောက်ကတော့ သေမင်းခန်းမအတွက် ယဇ်ပူဇော်ခြင်း ခံရလိမ့်မယ်"
လုံချန်းနှင့် အခြားသူများ နောက်လှည့်ကြည့်လိုက်ရာ ထိုစကားကို ပြောနေသူမှာ ယဇ်ပူဇော်ပွဲကို တာဝန်ယူထားသည့် ယဇ်ပုရောဟိတ် ဖြစ်နေသည်။
"မင်းတို့ရှေ့က အံစာတုံးဟာ ဒီစမ်းသပ်မှုမှာ အကြီးမားဆုံး လက်နက်ပဲ။ လှေကားထစ်တိုင်းမှာ စာသားတွေ ရေးထားတယ်၊ အဲဒီအပေါ်ကို လှမ်းနင်းလိုက်တဲ့အခါမှ စာသားတွေက ထင်ရှားပေါ်လွင်လာလိမ့်မယ်။ အံစာတုံးကို လှိမ့်လိုက်လို့ ကျလာတဲ့ ဂဏန်းဟာ မင်းတို့ လှမ်းတက်ရမယ့် လှေကားထစ် အရေအတွက်ပဲ။ မင်းတို့ ရောက်သွားတဲ့ လှေကားထစ်မှာ ရေးထားတဲ့ စာသားအတိုင်း လိုက်နာရမယ်။ ထိပ်ဆုံးကို အောင်အောင်မြင်မြင် ရောက်တဲ့သူက အနိုင်ရသူပဲ။ ဒါ သိထားရမယ့် အချက်တွေပဲ၊ အခု စတင်နိုင်ပြီ"
"ကံတရားအပေါ် အခြေခံထားတဲ့ စမ်းသပ်မှုပေါ့လေ" လုံချန်းက ဖန်သားပြင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"ဒါက ကံတရားတစ်ခုတည်းထက် ပိုပါတယ်" ယဇ်ပုရောဟိတ်က လုံချန်း၏ စကားကို ကြားသွားသဖြင့် ပြုံးလျက် ပြန်ပြောသည်။
လုံချန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ ဘုန်းတော်ကြီးက ဤမျှ ဝေးကွာသော နေရာမှ သူပြောသည့် စကားအား ကြားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူသည် အမြဲဂရုစိုက်တတ်သူဖြစ်ရာ ပြဿနာမတက်နိုင်သည့် စကားမျိုးကိုသာ ပြောခဲ့ခြင်း ဖြစ်သည်။
လုံချန်းသည် လက်လှမ်းလိုက်ပြီး သူ၏ရှေ့တွင် လွင့်မျောနေသော အံစာတုံးကို ဖမ်းယူလိုက်သည်။ ထို့နောက် အံစာတုံးကို လှိမ့်လိုက်ရာ လေထဲတွင် လည်ပတ်သွားပြီး နံပါတ် ၃ တွင် ရပ်သွားသည်။
"သုံးပေါ့" လုံချန်းက ရေရွတ်ရင်း ခြေလှမ်းကြည့်ရာ ယခုမှ လှုပ်ရှား၍ ရတော့သည်။ သူသည် လှေကားသုံးထစ် တက်လှမ်းလိုက်ပြီး စတုတ္ထမြောက် အထစ်တွင် ရပ်လိုက်သည်။
ထိုလှေကားထစ်မှာ စတင်တောက်ပလာပြီး စာသားအချို့ ပေါ်လာသည်။
"လက်တစ်ဖက်အတွက် လက်နှစ်ဖက်၊ ခြေတစ်ဖက်အတွက် ခြေနှစ်ဖက်" လုံချန်းက ထိုစာကို ဖတ်လိုက်သည်။
"ဒါက ဘာကို ဆိုလိုတာလဲ" သူက နားမလည်နိုင်စွာ မျက်မှောင်ကြုတ်ရင်း အသံထွက်၍ မေးမိသည်။ ကျောင်းတော် ပူဇော်ပွဲနှင့် ပတ်သက်ပြီး ဤစာသား၏ အဓိပ္ပာယ်ကို သူ မတွေးတတ်ပေ။
"ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို မင်း ကြိုက်သလို အနာတရဖြစ်အောင် လုပ်နိုင်တယ်လို့ ဆိုလိုတာပဲ။ မင်းရတဲ့ ဒဏ်ရာထက် နှစ်ဆကို ကျန်တဲ့သူတွေ ခံစားရလိမ့်မယ်။ တကယ်လို့ မင်း လက်တစ်ဖက်ကို စတေးလိုက်မယ်ဆိုရင် ကျန်တဲ့သူတွေလည်း လက်တစ်ဖက်စီ ဆုံးရှုံးရလိမ့်မယ်၊ ဒါပေမဲ့ သူတို့က လက်နှစ်ဖက် ဆုံးရှုံးရသလို နာကျင်မှုကို ခံစားရမှာ" ယဇ်ပုရောဟိတ်က ရှင်းပြသည်။
အခြားတပည့်များမှာ လုံချန်းက သူတို့ကို မည်သို့သော အနာတရဖြစ်အောင် လုပ်မည်နည်းဟု စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လာကြသည်။
"နားထောင်ပါဦး သူငယ်ချင်း... ဒီကစားပွဲအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်စရာ မလိုပါဘူး။ ငါတို့ ကံတရားအတိုင်းပဲ ကစားကြရအောင်။ ထိပ်ဆုံးကို ရောက်ဖို့ တခြား အခွင့်အရေးကောင်းတွေ ရှိဦးမှာပါ" တပည့်အချို့က လုံချန်းကို မည်သည့်အရာမှ မလုပ်ဘဲ ကျော်သွားရန် စတင်ဖျောင်းဖျကြတော့သည်။ ထိုစာသားမှာ ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ နာကျင်အောင် လုပ်ရမည်ဟု မဆိုထားပေ။
'သူတို့က ငါ့ကို သူတို့စကား နားထောင်လောက်အောင် အောက်တန်းကျတယ်လို့ ထင်နေတာလား။ ဒီအခွင့်အရေးကို သုံးပြီး ငါ့လက်တစ်ဖက်ကို ဖြတ်လိုက်ရင် သူတို့ကို နာကျင်မှုနဲ့ စိတ်ဓာတ်ပျက်ပြားသွားအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ ငါ အဲဒါကို မလုပ်ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ သွေးက သူတို့ထက် ပိုတန်ဖိုးရှိတယ်။ တခြားသူတွေကို ဒုက္ခပေးဖို့သက်သက်နဲ့ ငါ့ကိုယ်ငါ နာကျင်အောင် မလုပ်နိုင်ဘူး' လုံချန်းက တွေးတောလိုက်သည်။
"ငါ့ကိုယ်ငါ နာကျင်အောင် မလုပ်ဘူး" လုံချန်းက ကြေညာလိုက်သည်။
သူပြောလိုက်သည်နှင့် စာသားများ ကွယ်ပျောက်သွားသည်။ အံစာတုံးမှာလည်း ပျောက်ကွယ်သွားပြီး အခြားတပည့်တစ်ဦး၏ ရှေ့တွင် ပေါ်လာသည်။
"တော်တယ် သူငယ်ချင်း။ မင်းက တကယ် ဉာဏ်ကောင်းတာပဲ။ မင်း ဒီအတွက် နောင်တရမှာ မဟုတ်ဘူး" လုံချန်းကို ဖျောင်းဖျနေသည့် တပည့်တစ်ဦးက ပြုံးလျက် ဆိုသည်။
'ဒီလူအကောင်က သူ ဘာတွေတွေးနေလဲဆိုတာ ငါ မသိဘူးလို့ ထင်နေတာပဲ' လုံချန်းက ထိုသူကို မျက်နှာသေဖြင့် ကြည့်ရင်း တွေးလိုက်သည်။
ယခုအခါ အံစာတုံးမှာ ထိုသူ၏ရှေ့သို့ ရောက်နေပြီဖြစ်သည်။ ထိုသူသည် အံစာတုံးကို ကိုင်ကာ လှိမ့်လိုက်သည်။
"ဟားဟားဟား... နံပါတ်ကိုး။ ငါကတော့ ကံကောင်းလိုက်တာ" အံစာတုံးပေါ်က ဂဏန်းကို မြင်သောအခါ ထိုသူက အော်ဟစ်ရယ်မောတော့သည်။ သူသည် အမြင့်ဆုံးဂဏန်းကို ရခဲ့ခြင်းဖြစ်သည်။ သူသည် လှေကားကိုးထစ် တက်သွားပြီး ဆယ်ထစ်မြောက်တွင် ရပ်လိုက်သည်။
ထိုလှေကားထစ်မှာ တောက်ပလာပြီး စာသားများ ပေါ်လာသည်။
'ငါလည်း အားသာချက် တစ်ခုခု ရပါစေ။ မင်းတို့အားလုံး နာကျင်လို့ နာရီပေါင်းများစွာ ငိုရအောင် ငါ လုပ်ပြမယ်' ထိုသူက တွေးတောရင်း စာကို စဖတ်လိုက်သည်။ စာကို ဖတ်လိုက်သည်နှင့် သူ၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သူ ဖတ်လိုက်ရသည့် စာကို သူ ကိုယ်တိုင်တောင် မယုံနိုင်ပေ။
"မင်းရဲ့ ညာဘက်လက်ကို ဖြတ်ပစ်ပါ" သူက ငိုမဲ့မဲ့မျက်နှာဖြင့် ရေရွတ်လိုက်သည်။
"ဒါက ဘာကြီးလဲ။ ငါ့လက်ကို ဖြတ်ရမယ်လို့ပဲ ပါတာလား။ တခြားသူတွေ နာကျင်ရမယ်ဆိုတာမျိုးလည်း မပါဘူး။ ဒါ အကုန်ပဲလား၊ ကျေးဇူးပြုပြီး ဒီစာသားရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ရှင်းပြပေးပါဦး" သူက ယဇ်ပုရောဟိတ်ကို လှမ်းမေးသည်။
"ဘယ်လျှို့ဝှက်ချက်မှ မရှိဘူး။ မင်း လက်ဖြတ်ရမယ်လို့ပဲ ဆိုလိုတာ။ လှေကားထစ်တွေကနေ ရမယ့် တာဝန်တွေ ဒါမှမဟုတ် အခွင့်အရေးတွေက အတူတူပဲ မဟုတ်ဘူး။ တချို့က အားလုံးအတွက် မကောင်းသလို တချို့က မင်းတစ်ယောက်တည်းအတွက်ပဲ မကောင်းတာမျိုး ဖြစ်နိုင်တယ်။ တချို့ကတော့ တခြားသူတွေအတွက် မကောင်းပေမဲ့ မင်းအတွက်တော့ ဘာမှမဖြစ်တာမျိုးပေါ့။ အခု မင်းရတာက မင်းတစ်ယောက်တည်းအတွက်ပဲ မကောင်းတဲ့အရာပဲ၊ ဒါပေမဲ့ မင်း ဒါကို လုပ်ကိုလုပ်ရမယ်။ တကယ်လို့ ကိုးမိနစ်အတွင်း မလုပ်ရင်တော့ မင်း အသတ်ခံရလိမ့်မယ်" ယဇ်ပုရောဟိတ်က ရှင်းပြလိုက်သည်။
ယဇ်ပုရောဟိတ်၏ အတည်ပြုချက်ကြောင့် ထိုသူသည် ဘေးကင်းစွာ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက် လုံးဝ ကုန်ဆုံးသွားသည်။ သူသည် သိုလှောင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ထုတ်ကာ ညာဘက်လက်အား ပိုင်းဖြတ်ချလိုက်တော့သည်။
သူ၏ ပြတ်ထွက်သွားသော လက်သည် လှေကားထစ်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုလက်ကို လှေကားထစ်က စုပ်ယူသွားသည်ကို သူ ကြည့်နေရပြီး ကြွက်သားများ ထောင်တက်လာသည်အထိ နာကျင်မှုကို အတင်းအကျပ် အောင့်ထားရသည်။
"ကောင်းတယ်" ယဇ်ပုရောဟိတ်က ခေါင်းညိတ်ပြသည်။
အံစာတုံးသည် နောက်ထပ် တပည့်တစ်ဦး၏ ရှေ့တွင် ပေါ်လာပြန်သည်။
ယခုတစ်ခါမှာတော့ မီယင် ရှေ့သို့ ရောက်သွားခြင်းဖြစ်သည်။ မီယင်သည် အံစာတုံးကို ကိုင်ကာ လှိမ့်လိုက်သည်။
အံစာတုံးသည် နောက်ထပ်တစ်ကြိမ် နံပါတ် ၉ တွင် ရပ်သွားပြန်သည်။ မီယင်သည် လှေကားပေါ် တက်သွားပြီး ဆယ်ထစ်မြောက်တွင် ရပ်လိုက်သည်။
သူမ၏ လှေကားထစ်မှာ တောက်ပလာပြီး စာသားအချို့ ပေါ်လာသည်။
"လှေကားသုံးထစ် ပြန်ဆင်းပါ" မီယင်က စာကို ဖတ်လိုက်သည်။ သူမသည် စာသားအတိုင်း လိုက်နာကာ သုံးထစ် ပြန်ဆင်းခဲ့ရာ ခုနစ်ထစ်မြောက်တွင် ရပ်နေခဲ့သည်။ လှေကားမှာ တောက်ပနေခြင်း ရပ်တန့်သွားပြီး အံစာတုံးမှာ ပျောက်ကွယ်သွားကာ အခြားတပည့်တစ်ဦးဆီ ရောက်သွားသည်။
ယခုတစ်ခါ အံစာတုံးသည် ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူတစ်ဦးထံသို့ ရောက်သွားသည်။
ထိုသူသည် အံစာတုံးကို လှိမ့်လိုက်ရာ နံပါတ် ၁ တွင် ရပ်သွားသည်။ ထိုသူက ဆဲဆိုရင်း တစ်ထစ်တက်လိုက်ရာ ဒုတိယအထစ်တွင် ရပ်နေခဲ့သည်။
လှေကားထစ်မှာ ထပ်မံတောက်ပလာပြီး စာသားများ ပေါ်လာသည်။
"နောက်ထပ် ဆယ်ထစ် တက်လှမ်းနိုင်ဖို့အတွက် သေမင်းတမျှ စိတ်အာရုံဝင်္ကပါကို ငါးမိနစ်အတွင်း ကျော်ဖြတ်ပါ။ ကျရှုံးခဲ့လျှင် နောက်သို့ တစ်ထစ် ပြန်ဆုတ်ပါ" သူက စာကို ဖတ်လိုက်သည်။
"သေမင်းတမျှ စိတ်အာရုံဝင်္ကပါက ဘာကြီးလဲ" သူက နားမလည်စွာ မေးလိုက်သဖြင့် ယဇ်ပုရောဟိတ်ကို လှမ်းမေးရန် ပြင်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး သူသည် သွေးချင်းနီနေသော ဝင်္ကပါကြီးတစ်ခုထဲ ရောက်ရှိသွားတော့သည်။