အခန်း (၅၈၇-၅၈၈)
Vol. 59 Ch. 587-588
အခန်း (၅၈၇) မေးခွန်းမရှိသော အဖြေ
"ငါ့လမ်းက ဖယ်စမ်း။ ငါ့မှာ အဲဒီအဘိုးကြီးအတွက် အချိန်မရှိဘူး၊ ပြီးတော့ မင်းကိုလည်း မနာကျင်စေချင်ဘူး" ထိုလူငယ်က အနက်ရောင်လိပ်မျိုးနွယ်စုမှ သက်လတ်ပိုင်းအမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။ "ငါ... ရွှမ်ဝူချင်ဟာ တစ်စကြဝဠာလုံးကို လှည့်လည်ပြီး အပန်းမဖြေရမချင်း ဘယ်တော့မှ ပြန်မလာဘူး"
ထိုလူငယ်မှာ အနက်ရောင်လိပ်တို့၏ တော်ဝင်မျိုးနွယ်ဖြစ်သော ရွှမ်ဝူမျိုးနွယ်စုမှ ဖြစ်သည်။ သူ၏ မျိုးနွယ်စုခေါင်းဆောင်မှာ ကျားဖြူဘုရင်၊ နဂါးဘုရင်တို့နှင့်အတူ နတ်ဘုရားသားရဲဘုရင် ကိုးပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်သည်။
"မင်းသားလေးရွှမ်ဝူ... ကျွန်တော့်မှာ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်သာမရှိရင် မင်းသားလေးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားမိမှာပါ။ တောင်းပန်ပါတယ်... ဒါပေမဲ့ မင်းသားလေးကို ဒီမှာ ထားခဲ့လို့ မရဘူး။ ကျေးဇူးပြုပြီး အသာတကြည် လိုက်ခဲ့ပေးပါ" သက်လတ်ပိုင်း အမျိုးသားက ဆိုသည်။
"ငါက မလိုက်ဘူးဆိုရင်ကော" ရွှမ်ဝူချင်က လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်တော့်ဘက်က အတင်းအကျပ် ခေါ်သွားရလိမ့်မယ်"
"ဘာ... မင်းက တော်ဝင်သွေးမရှိဘဲနဲ့ ငါ့ကို တိုက်ခိုက်ပြီး ဒဏ်ရာရအောင် လုပ်မယ်လို့ တကယ်ပြောနေတာလား" ရွှမ်ဝူချင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး... မင်းသားလေးကို ဒဏ်ရာမရစေဘဲ ခေါ်သွားနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်" ထိုအမျိုးသားက ခေါင်းခါရင်း ပြောသည်။
"အိုး... ဟုတ်လို့လား။ ငါတော့ သိပ်မယုံဘူး" ရွှမ်ဝူချင်က ပြုံးလျက် တံခါးဆီသို့ လျှောက်သွားသည်။ သို့သော် သက်လတ်ပိုင်းအမျိုးသားက သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ၏လက်ကို လှမ်းဖမ်းလိုက်သည်။
ရွှမ်ဝူချင်က မရုန်းဘဲ သူ၏လက်ကို အဖမ်းခံလိုက်သည်။ သက်လတ်ပိုင်းအမျိုးသားမှာ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ အရာအားလုံးက ဤမျှ မလွယ်ကူသင့်ပေ။ မင်းသားလေးက အဘယ်ကြောင့် မရုန်းရသနည်း။ ရွှမ်ဝူချင်၏ မျက်နှာတွင် လှောင်ပြုံးတစ်ခုကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသား၏ မျက်နှာ အရောင်ပြောင်းသွားတော့သည်။
"သူ လွတ်သွားပြီ။ ဒါက ကိုယ်ပွားပဲ" သက်လတ်ပိုင်းအမျိုးသားမှာ အဝေးသို့ အမြန်ပြေးထွက်ရန် ကြိုးစားသော်လည်း မမီတော့ဘဲ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားတော့သည်။
ထိုပေါက်ကွဲမှုမှာ တစ်ကမ္ဘာလုံးကို တုန်ခါသွားစေသည်။ ထိုဂြိုဟ်ပေါ်ရှိ နန်းတော်ကြီးမှာ မြေလှန်ဖျက်ဆီးခံလိုက်ရပြီး ဤကမ္ဘာ၏ တစ်ဦးတည်းသော ဧကရာဇ်မှာလည်း တော်ဝင်မိသားစုဝင် အားလုံးနှင့်အတူ ထိုပေါက်ကွဲမှုအတွင်း သေဆုံးသွားတော့သည်။ ထိုဂြိုဟ်၏ အနာဂတ်မှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့ရသည်။
မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် ဝေဝါးသော ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ အဝတ်အစားများမှာ မပျက်မစီးဘဲ ရှိနေကာ မီးတောက်များ၏ ဒဏ်ကို ခံရပုံမပေါ်ပေ။ ထိုသူမှာ အနက်ရောင်လိပ်မင်းသားလေးကို လာခေါ်သော သက်လတ်ပိုင်း အမျိုးသားပင် ဖြစ်သည်။
ထိုလူက ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"သူ့ရဲ့ လုပ်ရပ်ကြောင့် နောက်ထပ် ဂြိုဟ်တစ်ခုရဲ့ ကံကြမ္မာ ထိခိုက်သွားပြန်ပြီ။ ဟူး... မျိုးနွယ်စုခေါင်းဆောင်တော့ တကယ် စိတ်ဆိုးတော့မှာပဲ။ သူကလည်း လွတ်သွားပြန်ပြီ" ထိုသူက ရေရွတ်လိုက်သည်။
အခြားဂြိုဟ်တစ်ခုပေါ်တွင်မူ လုံချန်းသည် သေမင်းခန်းမထဲရှိ ယဇ်ပူဇော်ပွဲတွင် ရှိနေဆဲ ဖြစ်သည်။
သူသည် ဝမ်ကျွင်းနှင့် တိုက်ခိုက်ပြီးနောက် ထိုအခန်းမှ ထွက်လာခဲ့ရာ အခြားအခန်းတစ်ခန်းသို့ ရောက်ရှိသွားသည်။ ထိုအခန်း၏ ကြမ်းပြင်မှာ သွေးကဲ့သို့ ရဲရဲနီနေပြီး အနည်းငယ် စေးကပ်ကပ် ဖြစ်နေသည်။ အခန်းမှာ အလျား မီတာ ၃၀ နှင့် အနံ မီတာ ၂၀ ခန့် ရှိသည်။ အခန်းထဲတွင် ဝိညာဉ်များစွာ ပျံဝဲနေပြီး လုံချန်းကို စိုက်ကြည့်နေကြသည်။
"ငါတို့ရဲ့ မေးခွန်းကို ဖြေစမ်း" အခန်းထဲတွင် အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာသည်။
လုံချန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်သော်လည်း ထိုဝိညာဉ်များမှအပ မည်သူ့ကိုမျှ မတွေ့ရပေ။
"ငါတို့ရဲ့ မေးခွန်းကို ဖြေစမ်း" ထိုအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"မင်းတို့က ငါ့ကို ဘာမေးခွန်းမှ မမေးရသေးဘူးလေ" လုံချန်းက ပြန်အော်လိုက်သည်။
"ငါတို့ရဲ့ မေးခွန်းကို ဖြေစမ်း"
"အပိုတွေပဲ" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။ သူသည် ရှေ့သို့ ကြည့်လိုက်ရာ အခန်း၏ အခြားတစ်ဖက်တွင် ထွက်ပေါက်တံခါးကို မြင်လိုက်ရသည်။
"အဲဒါ ထွက်ပေါက်ပဲ ဖြစ်ရမယ်" လုံချန်းက ရှေ့သို့ လှမ်းတက်ရန် ပြင်လိုက်စဉ် သူ၏နောက်ကွယ်မှ အခြားတပည့်တစ်ဦး အခန်းထဲသို့ ဝင်လာသည်။ ထိုသူမှာ လုံချန်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်နေသည့် အခြားတပည့်တစ်ဦး ဖြစ်သည်။
"ငါတို့ရဲ့ မေးခွန်းကို ဖြေစမ်း" အသံက ထပ်မံ ထွက်ပေါ်လာသည်။
"ဘာမေးခွန်းလဲ" ထိုတပည့်သစ်ကလည်း လုံချန်းကဲ့သို့ပင် ပြန်မေးလိုက်သည်။
"ငါတို့ရဲ့ မေးခွန်းကို ဖြေစမ်း" ထိုစကားလုံးများသာ ထပ်ခါတလဲလဲ ထွက်ပေါ်နေသည်။
"ဘာတွေ ပြောနေတာလဲ။ သွားစမ်းပါကွာ၊ ငါတော့ ရှေ့ဆက်သွားပြီ" ထိုသူက ဆိုကာ ရှေ့သို့ လှမ်းတက်လိုက်သည်။ သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဝိညာဉ်တစ်ကောင်က ထိုသူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် ဖြတ်သန်းသွားတော့သည်။
လုံချန်းသည် မျက်မှောင်ကြုတ်ကာ အရာအားလုံးကို စောင့်ကြည့်နေသည်။ ဝိညာဉ်က ထိုသူ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီးနောက် ထိုတပည့်၏ ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
'ဒါဆို ဒီအခန်းကလည်း စမ်းသပ်မှုတစ်ခုပဲပေါ့။ ဝိညာဉ်တွေက လက်နက်တွေပဲ၊ အဲဒီအသံက မေးနေတဲ့အရာကို မဖြေဘဲ ထွက်သွားဖို့ ကြိုးစားရင် သူတို့က တိုက်ခိုက်လိမ့်မယ်။ ပြဿနာက မေးခွန်းက ဘာလဲဆိုတာတောင် ငါမသိဘဲ ဘယ်လိုဖြေရမလဲဆိုတာပဲ' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
'ထားလိုက်ပါတော့... ဒီဝိညာဉ်တွေက ငါ့ကို ဘာမှမလုပ်နိုင်ပါဘူး။ ငါက သူတို့ကို ထိလို့ရသလို ရိုက်လည်း ရိုက်နိုင်တာပဲ။ သူတို့က ဟိုလူ့လိုမျိုး ငါ့ခန္ဓာကိုယ်ထဲကို ဝင်ပြီး မထိခိုက်နိုင်ဘူး' သူက ကြမ်းပြင်ပေါ်က အလောင်းကို ကြည့်ရင်း ဆိုသည်။
"ငါတို့ရဲ့ မေးခွန်းကို ဖြေစမ်း" ထိုအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"အဲဒါက ဘာစမ်းသပ်မှုလဲ။ ငါ အဲဒါအကြောင်း မသိပါလား" သေမင်းခန်းမ အပြင်ဘက်မှ အကြီးအကဲတစ်ဦးက လုံချန်းကို ကြည့်ရင်း မေးလိုက်သည်။
"မသိဘူး။ ငါလည်း အဲဒါအကြောင်း ဘာမှ မသိဘူး" အခြားအကြီးအကဲတစ်ဦးက ပြန်ဖြေသည်။
"ဒါက ဘာလဲ။ မေးခွန်းမရှိဘဲ သူက ဘယ်လို ဖြေမှာလဲ" မူယွမ်က မျက်မှောင်ကြုတ်ကာ ရွမ်းယီကို မေးသည်။
"ငါလည်း ဘာမှ မသိဘူး" ရွမ်းယီက ခေါင်းခါပြသည်။
"ဟူး... ဒါက သူ့ကို မျက်စိမှိတ် တိုက်ခိုင်းနေသလိုပဲ။ သူ ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ ခရီးက ဒီမှာတင် အဆုံးသတ်သွားပြီ ထင်တယ်" အခြားအကြီးအကဲတစ်ဦးက ဆိုသည်။ "ဟုတ်တယ်... သူ အမှားမလုပ်မိဖို့ပဲ မျှော်လင့်ရမှာပဲ။ သူ အဲဒီပုံဆောင်ခဲကို ခွဲပြီး ထွက်လာသင့်ပြီ။ သူ့အတွက် ဒီစမ်းသပ်မှုက ပြီးသွားပြီလေ။ အသက်ကို အန္တရာယ်ထဲ ထည့်ထားစရာ အကြောင်းမရှိဘူး"
"အရင်ဆုံး ငါ့ရဲ့ အဖြေကို မေးခွန်းထုတ်ကြည့်လိုက်လေ။ အဲဒီကျရင် ငါ မင်းရဲ့ မေးခွန်းကို ဖြေပေးမယ်" လုံချန်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"ငါတို့ရဲ့ မေးခွန်းကို ဖြေစမ်း"
ထိုအသံမှာ လုံချန်း၏ စကားကို လုံးဝ လျစ်လျူရှုထားပုံရသည်။
"အဖြေကတော့... မင်းတို့က ငတုံးတွေပဲ" လုံချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
သူက ဖြေချင်သော်လည်း မေးခွန်းမရှိဘဲ ဖြေဖို့က မဖြစ်နိုင်သည် မဟုတ်လော။ သူသည် ဝိညာဉ်များကို ကိုင်တွယ်ရန် ပြင်ဆင်ပြီး ရှေ့သို့ စတင် လျှောက်လှမ်းလိုက်စဉ် ထိုအသံကို ထပ်မံ ကြားလိုက်ရသည်။
"မှန်ကန်တဲ့ အဖြေပဲ"
လုံချန်းသည် ထိုစကားကို ကြားသောအခါ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။
"ဘာကြီးလဲ" သူ အံ့သြသွားသည်။ ထိုအဖြေက အလုပ်ဖြစ်သွားမည်ဟု သူ မယုံနိုင်ပေ။ မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုသည်က အဖြေ မဟုတ်ပေ။ ထိုသည်က သူ စိတ်တိုတိုဖြင့် ပြောလိုက်သော စကားမျှသာ ဖြစ်သည်။ မေးခွန်းမရှိဘဲ အဖြေတောင်းနေသည့် လူက ငတုံးဖြစ်သည်မို့ သူ့စကားက မှန်သွားသည်လော။ လုံချန်း တွေးတောနေမိသည်။
ထိုအသံ ထပ်မံထွက်ပေါ်မလာတော့သဖြင့် စမ်းသပ်မှု ပြီးဆုံးသွားပြီဟု သူ ယူဆလိုက်သည်။ သို့သော် ဝိညာဉ်များက တိုက်ခိုက်လာလျှင် ကိုင်တွယ်ရန် သူကတော့ အသင့်ပြင်ထားဆဲပင်။ လုံချန်း လျှောက်လှမ်းသွားသော်လည်း မည်သည့် ဝိညာဉ်မှ သူ့ကို မတိုက်ခိုက်ပေ။
စမ်းသပ်မှု ပြီးသွားပြီဖြစ်ကြောင်း သူ နားလည်သွားသဖြင့် ပြုံးလိုက်သည်။ ယင်းက တော်တော်လေး ခက်ခဲသလိုလိုဖြင့် တကယ်တော့ တော်တော်လေး ရိုးရှင်းနေပြန်သည်။ သူသည် ဝိညာဉ်များကို ကျော်ဖြတ်ကာ အခန်းအဆုံးရှိ တံခါးသို့ ရောက်ရှိပြီး အပြင်သို့ ထွက်ခွာခဲ့တော့သည်။
"ဘာကြီးလဲ။ မေးခွန်းမဟုတ်တဲ့ မေးခွန်းရဲ့ အဖြေက အဲဒါကြီးလား"
"အဲဒီလိုပဲ ထင်ရတာပဲ။ ငါဆိုရင် ဘယ်တော့မှ မှန်းမိမှာ မဟုတ်ဘူး။ အဲဒီကောင်လေးက တကယ့် ပါရမီရှင်ပဲ"
"ဂုဏ်ယူပါတယ် အကြီးအကဲမူ။ နင့်သားက နောက်ထပ် စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ။ သူက တကယ့် ပါရမီရှင်ပဲ"
အကြီးအကဲများအားလုံးမှာ လုံချန်း၏ ထူးဆန်းသော စမ်းသပ်မှုကို အေးဆေး ကျော်ဖြတ်သွားပုံအား ကြည့်ပြီး အံ့သြတကြီး ပြောဆိုနေကြသည်။
"ဒီကောင်လေးက ငါ မျှော်လင့်ထားတာထက်တောင် ပိုတော်နေပါလား။ သူ ဒီလိုပဲ ဆက်သွားနိုင်ဖို့ မျှော်လင့်ရတာပဲ။ သူ့မှာ အနိုင်ရဖို့ အခွင့်အရေး အများကြီး ရှိတယ်" ရွမ်းယီက ပြုံးလျက် ရေရွတ်လိုက်သည်။
အနောက်တွင် ရပ်နေသော တပည့်များမှာလည်း လုံချန်း၏ စွမ်းဆောင်ရည်ကို ကြည့်ကာ အံ့သြနေကြသည်။
"ငါ တကယ်ပဲ မြင်လိုက်တာလား... အကြီးအကဲရွမ်း ပြုံးနေတာကိုလေ"
အခန်း (၅၈၈) ဝိညာဉ်အိုင်
"ငါလည်း မြင်လိုက်တယ်။ အံ့သြစရာပဲ"
အရင်က တစ်ခါမှ မပြုံးဖူးသော တင်းမာလှသည့် အကြီးအကဲရွမ်း ပြုံးနေသည်ကို မြင်လိုက်ရသည့်အတွက် တပည့်များမှာ ပို၍ပင် အံ့သြကုန်ကြသည်။
လုံချန်းသည် အခန်းထဲမှ ထွက်လာပြီးနောက် တစ်နေရာသို့ ဦးတည်နေသော ရှည်လျားသည့် စင်္ကြံလမ်းထဲသို့ ခြေချလိုက်သည်။ ထိုလမ်းအတိုင်း မိနစ်နှစ်ဆယ်ကျော်ကြာ လျှောက်လှမ်းပြီးနောက် လမ်းသုံးခွဆုံ တစ်နေရာသို့ ရောက်ရှိသွားသည်။ လမ်းတစ်လမ်းက ဘယ်ဘက်၊ တစ်လမ်းက ညာဘက်နှင့် ကျန်တစ်လမ်းမှာ တည့်တည့်သွားသော လမ်းဖြစ်သည်။
လမ်းသုံးလမ်းစလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး ထူးခြားသည့် အန္တရာယ်ရှိပုံမရပေ။ လုံချန်းသည် ဘယ်ဘက်လမ်းကို ရွေးချယ်ကာ ဝင်လိုက်သည်။ နောက်ထပ် ဆယ်မိနစ်ခန့် တည့်တည့်လျှောက်ပြီးနောက် ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ကွင်းသို့ ရောက်သွားသည်။ ကွင်းပြင်တစ်ကွင်းလုံးကို အလွန်နက်ပုံရသော ရေများဖြင့် ပြည့်နှက်နေသည့် အိုင်ကြီးတစ်အိုင်က ဖုံးလွှမ်းထားသည်။
လုံချန်း၏အနားတွင်တော့ အိုင်ထဲ၌ မျောနေသော လှေငယ်တစ်စင်း ရှိနေသည်။
'ဒီအိုင်ကို ငါ ပျံပြီး ဖြတ်သွားလို့ ရပေမဲ့... စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးရှိနေတော့ အဲဒါက ခက်ခဲလိမ့်မယ်။ ရေကူးပြီး ဖြတ်လို့လည်း ရနိုင်ပေမဲ့ ဒီအိုင်ထဲမှာ တစ်ခုခု အန္တရာယ်ရှိနေလို့သာ ဒီလှေကို ထားထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလှေကလည်း အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်လောက်ဘူး။ ဒါက နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်ရမယ်၊ ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး။ တကယ်လို့ ဒီလှေနဲ့ အေးအေးဆေးဆေး ဖြတ်သွားလို့ ရနေရင် ဒါက အရမ်း လွယ်ကူလွန်းနေမှာပေါ့' လုံချန်းက မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
သူသည် လှေအနားသို့ လျှောက်သွားပြီး အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ သစ်သားလှေမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး လူတစ်ယောက်စာသာ ဆံ့သည်။ လှေထဲတွင် ရေပုံးငယ်တစ်ပုံးမှအပ ဘာမှမရှိပေ။
"ဘာပဲဖြစ်ဖြစ်လေ... ဒါက စမ်းသပ်မှုတစ်ခုဆိုရင်လည်း ငါ ဒီစမ်းသပ်မှုကို အောင်မြင်အောင် လုပ်ရုံပဲရှိတာပေါ့" လုံချန်းက ရေရွတ်ရင်း လှေပေါ်သို့ လှမ်းတက်လိုက်သည်။
အပြင်ဘက်က အကြီးအကဲများကတော့ ဖန်သားပြင်ကတစ်ဆင့် သေမင်းခန်းမထဲက တပည့်များကို စောင့်ကြည့်နေဆဲပင်။ လောလောဆယ်မှာတော့ ဖန်သားပြင်က ရှေ့ဆုံးမှ ဦးဆောင်နေသော တပည့်ကို ပြသနေသည်။
"သူက တော်တော် မြန်တာပဲ။ တခြားသူတွေထက် အရင်ဆုံး အဆုံးသတ်ကို ရောက်ပြီး အနိုင်ရလိမ့်မယ် ထင်တယ်" အကြီးအကဲတစ်ဦးက ဆိုသည်။
"မဟုတ်ဘူး... သူ တစ်ယောက်တည်းတော့ မလုပ်နိုင်ပါဘူး။ နောက်ဆုံးစမ်းသပ်မှုရဲ့ အဆုံးကို ရောက်သွားရင်တောင် တစ်ယောက်တည်း အဆုံးသတ်လို့ မရဘူး။ တခြားသူတွေ ရောက်လာတဲ့အထိ စောင့်ပြီး ယှဉ်ပြိုင်ရဦးမှာ။ ဒီပွဲကို အဲဒီလိုပဲ စီစဉ်ထားတာလို့ ငါ ကြားတယ်"
"ဟုတ်လား၊ အဲဒါ ဘယ်သူပြောတာလဲ"
"အဲဒါတော့ ပြောလို့မရဘူး"
"ထားလိုက်ပါတော့ဗျာ... ဒီသတင်းက အမှန်ဆိုရင် ယဇ်ပုရောဟိတ်ပဲ ဖြစ်မှာပါ။ သူ့နာမည်ကိုလည်း ငါ မမေးတော့ပါဘူး"
အကြီးအကဲ နှစ်ဦး စကားပြောနေစဉ် ဖန်သားပြင်က ပြောင်းလဲသွားပြီး လုံချန်းကို ပြသတော့သည်။ လုံချန်းက လှေပေါ်သို့ လှမ်းတက်နေသည်ကို သူတို့ မြင်လိုက်ရသည်။
"အိုး... သူ နာကျင်ခြင်းအိုင်ထဲ ရောက်နေပြီပဲ။ မကြာခင် သူ့ရဲ့ အော်ဟစ်သံတွေကို ငါတို့ ကြားရတော့မယ် ထင်တယ်" အကြီးအကဲတစ်ဦးက သက်ပြင်းချရင်း ဆိုသည်။
"ဟုတ်တယ်... ဒီစမ်းသပ်မှုကိုတော့ သူ တခြားစမ်းသပ်မှုတွေလို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး" အခြားအကြီးအကဲတစ်ဦးကလည်း ထောက်ခံသည်။
အကြီးအကဲ မူယွမ်နှင့် ရွမ်းယီတို့ကတော့ မျက်မှောင်ကြုတ်ကာ ဖန်သားပြင်ကို ကြည့်နေကြသည်။ မူယွမ်၏ မျက်နှာတွင် စိုးရိမ်မှုများ အထင်းသား ပေါ်လွင်နေပြီး သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ လုံချန်းအား စိုက်ကြည့်နေတော့သည်။
"စိတ်မပူပါနဲ့။ ယောကျ်ားကောင်းဆိုတာ နာကျင်မှုကို မကြောက်တတ်ပါဘူး။ မူလင်း သေချာပေါက် လုပ်နိုင်မှာပါ။ သူ အောင်မြင်လိမ့်မယ်၊ တကယ်လို့ ကျရှုံးခဲ့ရင်တောင် သူ ဘေးကင်းမှာပါ" ရွမ်းယီက မူယွမ်ကို အားပေးစကား ဆိုလိုက်သည်။
"ငါ အဆင်ပြေပါတယ်" မူယွမ်က ခေါင်းညိတ်ပြသော်လည်း သူမ၏ စိုးရိမ်မှုများကတော့ လျော့ပါးမသွားသေးပေ။
လှေသည် အိုင်၏ အခြားတစ်ဖက်သို့ ဦးတည်၍ စတင်ရွေ့လျားလာသော်လည်း၊ အလယ်ခေါင်သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားသည်။ လုံချန်း မည်သို့ပင် ကြိုးစားစေကာမူ လှေက ရှေ့မတိုးတော့ပေ။ ထိုအချိန်တွင် ရေကျသံတစ်သံကို သူ ကြားလိုက်ရသည်။
ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ လေဟာနယ်ထဲမှ အနက်ရောင် အရည်အချို့ ပေါ်လာပြီး လှေပေါ်ရှိ ရေပုံးထဲသို့ ကျလာသည်ကို မြင်လိုက်ရသည်။ စက္ကန့်အနည်းငယ်အတွင်း ရေပုံးမှာ အနက်ရောင်အရည်များဖြင့် ပြည့်သွားပြီး အရည်များ ကျလာခြင်း ရပ်တန့်သွားသည်။
လုံချန်းသည် ထိုနေရာတွင် ထိုင်ကာ ဤအနက်ရောင်အရည်များ ပြည့်နေသည့် ရေပုံးကို မည်သို့ လုပ်ရမှန်း စဉ်းစားနေမိသည်။ သူ တွေးတောနေစဉ်မှာပင် ယခင်အခန်းကကဲ့သို့ ထူးဆန်းသောအသံကို သူ၏ဦးနှောက်ထဲတွင် ကြားလိုက်ရသည်။
"မင်းအနားက ရေပုံးထဲမှာ တစ်ခုခု ရှိနေတယ်။ အဲဒီအရည် တစ်စက်လောက်သာ အိုင်ထဲကို ကျသွားရင် ဝိညာဉ်တွေက ဒေါသတကြီး ထွက်လာပြီး မင်းကို တိုက်ခိုက်လိမ့်မယ်။ တကယ်လို့ အဲဒီအရည် တစ်စက်လောက်သာ လှေပေါ်ကို ကျသွားရင် လှေက ပျက်စီးသွားပြီး မင်းကို ဝိညာဉ်အိုင်က ဝါးမျိုသွားလိမ့်မယ်။ အဲဒီအရည်တွေကို ပုံးထဲကနေ မဖယ်ရှားမချင်း လှေက ရှေ့မတိုးဘူး။ တကယ်လို့ မင်း ဒီအခန်းကနေ ၁၀ မိနစ်အတွင်း မထွက်နိုင်ရင် ဝိညာဉ်တစ်ကောင်က မင်းရဲ့ခန္ဓာကိုယ်ကို ပူးကပ်ပြီး သတ်ပစ်လိမ့်မယ်။ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်စမ်း"
"ဒါက နောက်ထပ် ပဟေဠိတစ်ခုပဲ။ အကြီးအကဲ ပြောတာ မှန်တယ်... သေမင်းခန်းမဆိုတာ ကျင့်ကြံခြင်းထက် တခြားစွမ်းရည်တွေကို ပိုစစ်ဆေးတာပဲ။ ဒီပဟေဠိကတော့ တကယ်ကို ရှုပ်ထွေးတာပဲ။ ဒီအရည်တွေကို ပုံးထဲမှာ ထားလို့မရသလို၊ အပြင်ကို သွန်ထုတ်လို့လည်း မရဘူး။ လှေပေါ်ကျရင် လှေပျက်မယ်၊ ရေထဲကျရင် တိုက်ခိုက်ခံရမယ်။ မဖယ်ရင်လည်း လှေက ရှေ့မတိုးဘူး" လုံချန်းက ရေရွတ်လိုက်သည်။
'ဒီအရည်တွေကို တခြားပုံးတစ်ခုထဲ ပြောင်းထည့်လိုက်ရင်ကော။ ဒါဆို မူလပုံးက အလွတ်ဖြစ်သွားမှာပေါ့' ရွှင်းက လုံချန်းအနားတွင် ပေါ်လာကာ အကြံပေးသည်။
"ငါလည်း အဲဒီအတိုင်း စဉ်းစားနေတာ။ ဒါပေမဲ့ ဒီပဟေဠိကို ဖန်တီးတဲ့သူကလည်း ဒါကို ကြိုတွေးထားမှာ သေချာတယ်" လုံချန်းက ဆိုသည်။
"ဒီကောင်လေးက သူ့ဘာသာ စကားပြောတာ တော်တော် ဝါသနာပါတာပဲ" ကျောင်တော်သခင်က ဖန်သားပြင်ရှိ လုံချန်းကို ကြည့်ကာ ရေရွတ်သည်။ "သူ့အဖေရဲ့ တစ်ယောက်တည်း စကားပြောတတ်တဲ့ အကျင့်ကိုပါ ရလာတာ ထင်တယ်"
'ငါတော့ အဲဒီလို မထင်ဘူး။ တကယ်လို့ သူတို့ ကြိုတွေးထားရင် ပဟေဠိထဲမှာ ထည့်ပြောမှာပေါ့။ ဘာမှ စိတ်မပူနဲ့၊ စမ်းကြည့်လိုက်စမ်းပါ' ရွှင်းက တိုက်တွန်းသည်။
"ကောင်းပြီလေ" လုံချန်းက ခေါင်းညိတ်ကာ သိုလှောင်လက်စွပ်ထဲမှ အခြားရေပုံးတစ်ပုံးကို ထုတ်လိုက်သည်။
သူသည် အနက်ရောင်အရည်များ ပါသည့် ပုံးကို မလိုက်ပြီး ဒုတိယပုံးထဲသို့ စတင် လောင်းထည့်လိုက်တော့သည်။
"မဆိုးတဲ့ အကြံပဲ၊ ဒါပေမဲ့ မှန်ကန်တဲ့ အဖြေတော့ မဟုတ်ဘူး။ သူ ဒီနည်းနဲ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ လူငယ်တွေက အကြီးအကဲတွေ တွေးထားတာထက် သူတို့က ပိုတွေးနိုင်တယ်လို့ ထင်တတ်ကြတာပဲ" ကျောင်းတော်သခင်က ပြုံးလျက် ခေါင်းခါလိုက်သည်။
လုံချန်းသည် အနက်ရောင်အရည်များကို အကုန် လောင်းထည့်လိုက်သော်လည်း သူ မျှော်လင့်ထားသလို ဖြစ်မလာပေ။ သူ စိုးရိမ်ခဲ့သည့်အတိုင်း ဤအကြံအစည်မှာ ချက်ချင်း ကျရှုံးသွားသည်။ ဒုတိယရေပုံးမှာ အနက်ရောင်အရည်များ ထိသည်နှင့် တစ်ပြိုင်နက် စတင် အရည်ပျော်သွားတော့သည်။
အရည်အားလုံးမှာ လှေ၏ ကြမ်းပြင်ပေါ်သို့ ဖိတ်ကျကုန်သည်။
'နင် ပြောတာ မှန်သွားပြီ။ ငါ အမှားလုပ်မိသွားတာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ စိတ်မပူနဲ့။ ဝိညာဉ်တွေက နင့်ကို ဘာမှ မလုပ်နိုင်ဘူးလေ။ လှေပေါ်က ဆင်းပြီး ဟိုဘက်ကိုသာ ကူးသွားလိုက်တော့' ရွှင်းက ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ဆိုသည်။
"ငါ့မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား" လုံချန်းက လှေပါ စတင်အရည်ပျော်နေသည်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။ လှေသည် အိုင်ထဲသို့ စတင်နစ်မြုပ်သွားတော့သည်။
လုံချန်းသည် လှေပေါ်မှ ခုန်ချကာ အိုင်၏ အခြားတစ်ဖက်သို့ စတင်ကူးခတ်တော့သည်။ အိုင်ထဲက ဝိညာဉ်များ ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ မည်သို့မှ ဝင်ရောက်၍ မရကြပေ။
အမှန်စင်စစ် လုံချန်းတွင် အကာအကွယ် နှစ်ထပ်ရှိနေခြင်း ဖြစ်သည်။ အပြင်က လူကြီးများ အမြင်တွင်မူ ယင်းက ကျောင်းတော်သခင် ပေးထားသော ဆွဲကြိုးကြောင့်ဟု ထင်နေကြမည်ဖြစ်ပြီး တကယ်တမ်းတွင်မူ လုံချန်း၏ သွေးမျိုးဆက်နှင့် အမှောင်နိယာမကြောင့် ဖြစ်သည်။ ဤသို့သော အထင်မှားမှုက လုံချန်းအတွက်တော့ အကျိုးရှိသွားပြီး သူ့ကို မည်သူမျှ သံသယမဝင်တော့ဘဲ ဆွဲကြိုးကြောင့်ဟုသာ ယူဆလိုက်ကြတော့သည်။