← Chapters

အခန်း (၅၈၉-၅၉၀)

Vol. 59 Ch. 589-590

အခန်း (၅၈၉-၅၉၀)

Vol. 59 Ch. 589-590

အခန်း (၅၈၉) သေမင်းဝင်္ကပါ

​လုံချန်းသည် အိုင်၏ အခြားတစ်ဖက်သို့ ကူးခတ်သွားပြီးနောက် အခန်းပြင်ပသို့ တက်လှမ်းနိုင်ခဲ့သည်။ သူ ရေကူးနေစဉ်အတွင်း ဝိညာဉ်များစွာက သူ့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသော်လည်း ဘာမှမတတ်နိုင်ခဲ့ကြပေ။ လုံချန်းသည် အိုင်ထဲမှ ထွက်ခွာကာ ဘေးကင်းစွာဖြင့် အခန်းပြင်သို့ ထွက်လာနိုင်ခဲ့သည်။

​'ဒီစမ်းသပ်မှုတွေက ထင်သလောက် မခက်ခဲပါလား။ ငါ မျှော်လင့်ထားတာထက်တောင် ပိုလွယ်နေသေးတယ်။ ဘယ်စမ်းသပ်မှုကိုမှ ငါ့ရဲ့ ခွန်အားအပြည့် သုံးစရာတောင် မလိုသေးဘူး။ ဒီသေမင်းခန်းမက မဆိုးပါဘူး၊ နတ်ကောင်ကင်ဘုံဂိုဏ်းကမှ ပိုပြီး ဆိုးဝါးသေးတယ်' လုံချန်းက ခေါင်းခါရင်း တွေးတောလိုက်သည်။

​လုံချန်းသည် အခန်းထဲမှ ထွက်လာပြီးနောက် သဲများဖြင့် ပြည့်နှက်နေသည့် အခန်းတစ်ခန်းထဲသို့ ရောက်ရှိသွားသည်။

​သူသည် ရှေ့သို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်သည်နှင့် ရွေ့လျား၍မရတော့ဘဲ ဖြစ်သွားသည်။ သူ၏ ခြေထောက်များကို သဲများက ဖမ်းဆုပ်ထားသကဲ့သို့ ဖြစ်နေပြီး ရှေ့သို့ ဆက်သွား၍မရအောင် တားဆီးနေခြင်းပင်။ သူသည် အခြားခြေထောက်တစ်ဖက်ကို သုံး၍ နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း ထိုခြေထောက်ပါ ထပ်မံ အဖမ်းခံလိုက်ရပြန်သည်။ သူ၏ ကိုယ်ကာယခွန်အား အပြည့်အဝ အသုံးချသော်လည်း ခြေထောက်များကို သဲထဲမှ ဆွဲထုတ်၍ မရနိုင်ပေ။

​'နင်ကတော့ တော်တော်လေး အထင်ကြီးသွားပုံရတယ်' ရွှင်းက လုံချန်းကို ကြည့်ကာ ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ဆိုသည်။

​"အဲဒါကို လာမပြောနဲ့ဦး" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောရင်း ခြေထောက်များကို လွတ်အောင် ဆက်လက် ကြိုးစားနေသည်။

​"ဒီသဲတွေကို ဖြတ်ပစ်ရမယ်ဆိုရင်လည်း ဖြတ်ရမှာပဲ" လုံချန်းက နောက်ထပ် ဝိဇ္ဇာဓား တစ်လက်ကို ဖန်တီးကာ သူ၏ ခြေထောက်များကို ဖမ်းထားသည့် သဲများကို ခုတ်ပိုင်းလိုက်သည်။ မိမိခြေထောက်ကို မတော်တဆ မထိမိအောင် သူ ဂရုတစိုက် လုပ်ဆောင်ခဲ့သော်လည်း အံ့သြစရာတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။

​ဝိဇ္ဇာဓားသည် သဲများကို ထိမှန်သွားသော်လည်း လုံးဝ ပိုင်းဖြတ်နိုင်ခြင်း မရှိပေ။ ထိုသဲများမှာ ဝိဇ္ဇာဓားဖြင့် ဖျက်ဆီး၍မရနိုင်သော အင်မော်တယ် ပစ္စည်းတစ်ခုကို သွားတိုက်မိသကဲ့သို့ ခံစားရသည်။ သူ ထပ်ခါတလဲလဲ ကြိုးစားသော်လည်း ရလဒ်က အတူတူပင်။ သဲများမှာ လွှတ်ပေးရန် အစီအစဉ်မရှိသော သားရဲတစ်ကောင်ကဲ့သို့ သူ၏ခြေထောက်များကို မြဲမြဲဆုပ်ကိုင်ထားသည်။

​'ဒါက ဘာကြီးလဲ။ ဝိဇ္ဇာဓားနဲ့တောင် ပိုင်းလို့မရဘူးလား။ ပုံမှန်ဆိုရင်တော့ ငါ ဒီနေရာကနေ နေရာရွှေ့ပြောင်းခြင်း သုံးပြီး ထွက်သွားမှာပဲ၊ ဒါပေမဲ့ သေမင်းခန်းမထဲမှာတော့ လူတွေ စောင့်ကြည့်နေနိုင်လို့ အဲဒါကို သုံးလို့မရဘူး' လုံချန်းက မျက်မှောင်ကြုတ်ကာ တွေးတောရင်း မြေပြင်ပေါ်မှာ ထိုင်ချလိုက်သည်။ ခြေထောက်များ မလွတ်ဘဲနှင့်တော့ ဤနေရာမှ ထွက်ခွာရန် မဖြစ်နိုင်ပေ။

​လုံချန်း မည်သို့ လုပ်ရမှန်း တွေးတောနေစဉ် မြေပြင်တွင် လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။

​"သဲတွေက အပေါ်တက်လာတာလား။ မဟုတ်ဘူး... ငါက အောက်ကို နစ်သွားတာပဲ။ ဒါ တကယ့်ကို သဲနွံပဲ" လုံချန်း၏ ခြေထောက်များ သဲထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားသည်ကို မြင်သောအခါ သူ အော်ဟစ်လိုက်မိသည်။ သူ မည်မျှပင် ကြိုးစားစေကာမူ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် မရုန်းနိုင်ပေ။

​ဤအခြေအနေတွင် မိမိကိုယ်မိမိ အစွမ်းမထုတ်ဘဲ ဘာမှလုပ်၍မရမှန်း သူသိသော်လည်း နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဤအရာမှာ စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ကြောင်း သူ သိနေသည်။ တပည့်တစ်ယောက်ကို သဲထဲတွင် မြှုပ်သတ်ဖို့သက်သက် စမ်းသပ်ပွဲ လုပ်လိမ့်မည်မဟုတ်ပေ။ အနောက်တွင် တစ်ခုခု ရှိနေဦးမည်မှာ သေချာသည်။

​သူသည် စောင့်ဆိုင်းနေရုံမှအပ ဘာမှမတတ်နိုင်ပေ။ သဲထဲသို့ လုံးဝ နစ်ဝင်သွားလျှင်ပင် ဘေးကင်းစေရန် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို ဟင်းလင်းပြင် အကာအကွယ်ဖြင့် ထပ်မံ ဖုံးအုပ်လိုက်သည်။ အကယ်၍ အန္တရာယ်ရှိလာပြီး ဆက်၍ မရုန်းကန်နိုင်တော့ပါက နေရာရွှေ့ပြောင်းခြင်းကို သုံးပြီး သဲထဲမှ ရုန်းထွက်ကာ နောက်ဆုံးအခန်းထဲ ရောက်သွားသည်အား မည်သူမျှ သတိမထားမိစေရန်သာ မျှော်လင့်ရပေမည်။

​လုံချန်း၏ ခန္ဓာကိုယ်မှာ သဲထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားပြီး မကြာမီ ခါးအောက်ပိုင်းအထိ မြုပ်သွားတော့သည်။ ခန္ဓာကိုယ် အပေါ်ပိုင်းသာ အပြင်ဘက်တွင် ကျန်ရှိတော့သည်။ အချိန်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြီးနောက် လုံချန်းသည် သဲထဲသို့ လုံးဝ နစ်မြုပ်သွားခဲ့သည်။

​သူသည် သဲထဲသို့ နစ်ဝင်သွားပြီးနောက် မည်သို့ ဖြစ်မည်မှန်း သိလိုသဖြင့် ဘေးကင်းရာသို့ နေရာရွှေ့ပြောင်းခြင်း မပြုဘဲ စောင့်ကြည့်နေသည်။ သို့သော် သူ နစ်ဝင်သွားပြီးနောက်တွင်မူ အောက်သို့ ပြုတ်ကျနေသည်ကိုသာ သူ ခံစားလိုက်ရသည်။

​လုံချန်းသည် လေထဲမှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျလာသည်။

​'ဒါက သေတွင်းမဟုတ်ဘူးပဲ။ ငါ ထင်ထားတဲ့အတိုင်းပါပဲ။ ဒီက စမ်းသပ်မှုတွေက ခက်ခဲပေမဲ့ လူတစ်ယောက်ကို လွတ်လမ်းမပေးဘဲ သတ်မယ့်အရာတွေတော့ မဟုတ်ဘူး' လုံချန်းက မတ်တပ်ရပ်ရင်း တွေးလိုက်သည်။

​သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လမ်းတစ်လမ်းပေါ် ရောက်နေသည်ကို တွေ့ရသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် လမ်းအတိုင်း ရှည်လျားစွာ တည်ရှိနေသော မြင့်မားသည့် နံရံကြီးနှစ်ခု ရှိနေသည်။

​လုံချန်းသည် ရှေ့သို့ စတင်လျှောက်လှမ်းရန် ပြင်လိုက်စဉ် အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံမှာ စမ်းသပ်မှုများတွင် သူ ကြားနေရသည့် အသံပင် ဖြစ်သည်။ ထိုအသံကပင် မေးခွန်းမရှိဘဲ အဖြေတောင်းခဲ့သလို အနက်ရောင်အရည်အကြောင်းကိုလည်း ပြောပြခဲ့ခြင်း ဖြစ်သည်။

​"မင်းဟာ သေမင်းဝင်္ကပါထဲကို ရောက်ရှိနေပြီ။ ဒီဝင်္ကပါထဲမှာ သေစေနိုင်တဲ့ ထောင်ချောက်တွေနဲ့ မိစ္ဆာဝိညာဉ်တွေ ပြည့်နှက်နေတယ်။ အသက်ရှင်ချင်ရင် ထွက်ပေါက်ကို ရှာဖွေပါ၊ ကျရှုံးရင်တော့ မင်း သေရလိမ့်မယ်" ထိုအသံက ဆိုသည်။

​"ဝင်္ကပါပေါ့လေ... သဲထဲမှာ မြုပ်နေရတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်" လုံချန်းက ရေရွတ်ရင်း ရှေ့သို့ လျှောက်လှမ်းခဲ့သည်။ လမ်းအတိုင်း လျှောက်လာရာ လမ်းငါးခွဆုံ တစ်နေရာသို့ ရောက်ရှိသွားပြီး လမ်းတစ်လမ်းစီမှာ မတူညီသော ဦးတည်ချက်များသို့ ဦးတည်နေသည်။ လမ်းတိုင်းကို မြင့်မားသော နံရံကြီးများဖြင့် ဝန်းရံထားသဖြင့် တကယ့် ဝင်္ကပါကြီးတစ်ခုအလားပင်။

​လုံချန်းသည် တည့်တည့်သွားသော လမ်းကို ရွေးချယ်ကာ ဆက်လက် လျှောက်လှမ်းခဲ့သည်။ လမ်းတစ်လျှောက်တွင် ရွေးချယ်စရာ လမ်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင်မူ နံရံကြီးဖြင့် ပိတ်ဆို့ထားသော လမ်းဆုံးသို့သာ ရောက်ရှိသွားတော့သည်။

​"ငါ လမ်းမှားရွေးမိသွားပြီ ထင်တယ်" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ အချိန်အတော်ကြာ လျှောက်လာခဲ့ပြီးမှ လမ်းပိတ်နေသည်ကို တွေ့ရသဖြင့် သူ အနည်းငယ် စိတ်ပျက်သွားသည်။ သူသည် အခြားလမ်းကို ရွေးရန် နောက်သို့ ပြန်လှည့်လိုက်စဉ်မှာပင် အန္တရာယ်ရှိသည့် အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသည်။

​သူသည် လေထဲသို့ ခုန်တက်ကာ နောက်သို့ မီတာအနည်းငယ် ဆုတ်လိုက်သည်။ သူ ရပ်နေခဲ့သည့် မြေပြင်မှာ နှစ်ခြမ်းကွဲသွားပြီး လူတစ်ယောက် မြေထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုသူ၏ အရေပြားမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့နေသည်။ သူ၏ လက်တစ်ဖက်စီတွင် ဓားတစ်လက်စီကို ကိုင်ဆောင်ထားသည်။

​"အလောင်းရုပ်သေးလား" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​သူသည်လည်း မူလင်း၏ မြေကမ္ဘာအဆင့် ဓားကို ထုတ်လိုက်သည်။

​"ဒါက ဟိုအသံပြောတဲ့ ထောင်ချောက် ဖြစ်ရမယ်" လုံချန်းက ထိုရုပ်သေးကို ကြည့်ရင်း ရေရွတ်လိုက်သည်။

​"ဘာပဲဖြစ်ဖြစ်လေ... ဒါက ထောင်ချောက်ဆိုရင်လည်း ငါ ဒါကို ဖျက်ဆီးပစ်ရမှာပဲ" လုံချန်းသည် အော်ဟစ်လိုက်ကာ ထိုအလောင်းရုပ်သေးထံသို့ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်သွားတော့သည်။

​အလောင်းရုပ်သေးကလည်း လုံချန်းထံသို့ တိုးဝင်လာပြီး သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

​လုံချန်း၏ အချက်အလက်များအရ စမ်းသပ်မှုများသည် လူတိုင်းအတွက် မျှတအောင် ပြုလုပ်ထားခြင်းဖြစ်ရာ ထိုရုပ်သေး၏ စွမ်းအားမှာ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် တူညီလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သူ၏ အစစ်အမှန် ခွန်အားကို ဖော်ပြနိုင်ခြင်း မရှိသဖြင့် ထိုရုပ်သေးထက် သူ ပိုသန်မာလိမ့်မည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။

​လုံချန်း၏ ဓားနှင့် ရုပ်သေး၏ ဓားတို့ ထိမှန်သွားကြသည်။

​လုံချန်း၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ ခန့်မှန်းချက်မှာ မှားယွင်းနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ခွန်အား အပြည့်အဝ အသုံးပြုထားသော်လည်း အလောင်းရုပ်သေးက သူ့ထက် ပိုသန်မာနေခြင်းပင်။

​လုံချန်းမှာ နောက်သို့ လွင့်ထွက်သွားပြီး နံရံနှင့် သွားတိုက်မိတော့သည်။ နံရံမှာ ချိုင့်ဝင်သွားပြီး သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ လုံချန်းသည် ပြန်ထကာ သူ၏ အဝတ်အစားများကို ခါလိုက်သည်။

​"ငါ မှားသွားတာပဲ။ ငါသာ မမှားဘူးဆိုရင် ဒီကောင်ရဲ့ ခွန်အားက ကောင်းကင်အဆင့် ထိပ်ဆုံးမှာ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှနေတယ်။ စွမ်းအားသက်သက်နဲ့တော့ ငါ မနိုင်နိုင်ဘူး၊ ပြီးတော့ ငါ့ရဲ့ တကယ့် ပညာရပ်တွေကိုလည်း သုံးလို့ မရသေးဘူး။ ဒီလို ကန့်သတ်ချက်တွေနဲ့ တိုက်ရတာ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတယ်" လုံချန်းက အလောင်းရုပ်သေးကို ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။

​"ဒါက လွယ်မှာမဟုတ်ဘူးဆိုတာ နင် သိပြီးသားပဲလေ။ အခုမှ ဘာလို့ စိုးရိမ်နေတာလဲ" ရွှင်းက လုံချန်းကို လှမ်းမေးလိုက်သည်။

အခန်း (၅၉၀) မတူညီသော စမ်းသပ်မှုများ

​"ဒါက ခက်ခဲလိမ့်မယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ သူတို့က ကျင့်ကြံခြင်းအဆင့်ကို အဓိကမထားဘူးလို့ ပြောခဲ့ကြတာပဲ။ ငါ့ရဲ့ စွမ်းအား အစစ်တွေကို မသုံးဘဲနဲ့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်ခဲ့တာ။ ကျင့်ကြံခြင်းကို အဓိကမထားတဲ့ စမ်းသပ်မှုမှာ ဘာလို့ အဲဒီအလောင်းရုပ်သေးက ဒီလောက်တောင် သန်မာနေရတာလဲ။ အဲဒါကြောင့် ငါ့ရဲ့ တွက်ချက်မှုတွေ လွဲကုန်တာပဲ" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။

​"ထားလိုက်ပါတော့လေ... ရှိတာနဲ့ပဲ အသုံးချရမှာပဲ။ ခန္ဓာကိုယ်ခွန်အားနဲ့ မနိုင်ရင် အခုသုံးလို့ရတဲ့ တစ်ခုတည်းသော ပညာရပ်နဲ့ ဦးနှောက်ကိုပဲ သုံးရတော့မယ်" သူက ဆိုကာ ဓားကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။

​"သူ ဓားကို ပြန်သိမ်းလိုက်တာလား။ လက်လျှော့လိုက်တာလား။ သူ့သားဆီက ဒီထက်ပိုတဲ့ တိုက်ပွဲဝင်လိုစိတ်မျိုး ငါ မျှော်လင့်ထားတာ။ ဒါကတော့ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတယ်" လုံချန်း ဓားပြန်သိမ်းသည်ကို မြင်သောအခါ ကျောင်းတော်သခင်က ရေရွတ်လိုက်သည်။

​"လက်လျှော့တာက အဖြေမဟုတ်ဘူးကွ၊ ကောင်လေးရဲ့" သူက တိုးတိုးလေး ဆိုသည်။

​"သူ လက်လျှော့လိုက်တာလား"

​"ယဇ်ပူဇော်ပွဲမှာ သူ့ရဲ့ခရီးကတော့ ပြီးသွားပြီထင်တယ်"

​"ငါက သူ့ကို ဒီထက်ပိုပြီး မျှော်လင့်ထားတာ"

​အကြီးအကဲများအားလုံး မြင်တွေ့လိုက်ရသည့် အရာကြောင့် စိတ်ပျက်သွားကြသည်။ လုံချန်းအနေဖြင့် အနည်းဆုံးတော့ ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားသော်လည်း အကြီးအကဲတစ်ဦး၏သားက ဤမျှ ကြောက်ရွံ့နေသည်ကို မြင်ရသည်မှာ သူတို့ မျှော်လင့်ထားသည့်အရာ မဟုတ်ပေ။

​အပြင်ဘက်တွင် စောင့်ကြည့်နေသော တပည့်များကလည်း တစ်ယောက်တစ်ပေါက် ပြောဆိုလာကြသည်။ အများစုမှာ လုံချန်းအား လူကြောက်ဟု လှောင်ပြောင်နေကြခြင်း ဖြစ်သည်။ သို့သော် အကြီးအကဲ မူယွမ် ကြားသွားမည်စိုးသဖြင့် သူတို့ အသံတိုးတိုးဖြင့်သာ ပြောနေကြသည်။

​လုံကျွင်းသည်လည်း သူ၏ အကျဉ်းခန်းထဲရှိ ဖန်သားပြင်ကို လှမ်းကြည့်လိုက်သည်။

​"ဟင်း... နင့်ရဲ့ သွေးမျိုးဆက်က လူတစ်ယောက်အနေနဲ့ ဒီလောက်အထိ ရောက်တာကိုပဲ တော်တော် ဟုတ်နေပါပြီ။ နင့်ရဲ့ ဝမ်းကွဲညီအစ်မရဲ့သားက ဒီလောက်ထိ ရောက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါက ဝိညာဉ်ကျောင်းတော်ရဲ့ သင်ကြားမှုတွေ ကောင်းလို့ ဖြစ်ရမယ်။ တကယ်လို့ နင့်ရဲ့သားသာဆိုရင် သေမင်းခန်းမထဲ ခြေချလိုက်တာနဲ့ သေနေလောက်ပြီ" ထိုအမျိုးသမီးက လုံကျွင်းကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။

​လုံချန်းသည် အလောင်းရုပ်သေးကို ကြည့်ကာ ဓားအား ပြန်သိမ်းလိုက်သော်လည်း သူ၏ မျက်လုံးများကတော့ ပြတ်သားဆဲပင်။ တိုက်ပွဲကို လက်လျှော့လိုက်သည့် အရိပ်အယောင် လုံးဝ မရှိပေ။

​"ဝိဇ္ဇာဓားသိုင်း" လုံချန်းက အော်ဟစ်လိုက်ကာ သူ၏ ချီစွမ်းအင် အများစုကို အသုံးပြုပြီး ယခင်ကထက် ပိုမိုကြီးမားသော ဝိဇ္ဇာဓားတစ်လက်အား ဖန်တီးလိုက်သည်။

​လုံချန်း၏ ရှေ့တွင် အလျား ၅ မီတာနှင့် အနံ မီတာဝက်ခန့်ရှိသော ဝိဇ္ဇာဓားကြီး တစ်လက် ပေါ်လာပြီး တဖြည်းဖြည်း ပို၍ ကြီးမားလာသည်။

​"ငါ့ရဲ့ ရန်သူကို ပိုင်းဖြတ်စမ်း" လုံချန်းက အလောင်းရုပ်သေးထံသို့ လက်ညှိုးညွှန်ကာ အမိန့်ပေးလိုက်သည်။

​ဝိဇ္ဇာဓားကြီးသည် အလောင်းရုပ်သေး၏ ဦးခေါင်းတည့်တည့်သို့ ခုတ်ပိုင်းချလိုက်သည်။ တိုက်ပွဲစကတည်းက ငြိမ်သက်စွာ ရပ်နေခဲ့သော အလောင်းရုပ်သေးသည် နောက်ဆုံးတွင် လှုပ်ရှားလာပြီး လျှပ်စီးကဲ့သို့ မြန်သော အရှိန်ဖြင့် ဓားချက်ကို ရှောင်တိမ်းလိုက်သည်။

​သူသည် ဝိဇ္ဇာဓား၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်နိုင်ခဲ့သည်။

​လုံချန်းသည် ဤသို့ ဖြစ်လာနိုင်သည်ကို ကြိုသိထားသဖြင့် ဝိဇ္ဇာဓားနှင့်အတူ သူကိုယ်တိုင်လည်း စတင် လှုပ်ရှားလိုက်သည်။ အလောင်းရုပ်သေးက ဓားချက်ကို ရှောင်ရန် အာရုံစိုက်နေစဉ်မှာပင် လုံချန်းက သူ၏အနားတွင် ရုတ်တရက် ပေါ်လာပြီး ရုပ်သေး၏ လက်အား လှမ်းဖမ်းလိုက်သည်။

​လုံချန်းသည် သူ၏ ခြေလှမ်းနှင့် ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်လိုက်ကာ ခန္ဓာကိုယ်ခွန်အား အပြည့်အား အသုံးပြုပြီး အလောင်းရုပ်သေးကို ကောင်းကင်ပေါ်သို့ လွှဲပစ်လိုက်တော့သည်။

​အလောင်းရုပ်သေးသည် နံရံဆီသို့ လွင့်ထွက်သွားသည်။ လုံချန်းက ရုပ်သေးကို နံရံ၏ အခြားတစ်ဖက်သို့ ရောက်သွားအောင် အားအကုန်သုံး၍ ပစ်လိုက်ခြင်း ဖြစ်သည်။ အလောင်းရုပ်သေးသည် နံရံ၏ အခြားတစ်ဖက်သို့ ကျသွားခဲ့ရာ ယခုအခါ နံရံကြီးက လုံချန်းနှင့် ရုပ်သေးကို ခြားထားလိုက်ပြီ ဖြစ်သည်။

​"အဲဒီအလောင်းရုပ်သေးက ပျံလည်း မပျံနိုင်ဘူး၊ နံရံကိုလည်း မဖျက်နိုင်ဘူး။ ဒီတိုက်ပွဲကတော့ ပြီးသွားပြီ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။

​"နင် ဦးနှောက်ကို တစ်ခါလောက် သုံးလိုက်တာ မြင်ရတော့ ငါ အံ့သြသွားတာပဲ။ တော်တယ်" ရွှင်းက လုံချန်းအနားတွင် ပေါ်လာပြီး ချီးကျူးစကား ဆိုသည်။

​"ငါက အမြဲ ဦးနှောက်သုံးတာပါ" လုံချန်းက အေးဆေးပင် ပြန်ဖြေလိုက်ရာ ရွှင်းကတော့ မျက်လုံးလှန်ပြလိုက်တော့သည်။

​လုံချန်းသည် ထိုနေရာမှ ထွက်ခွာကာ ထွက်ပေါက်ရှိရာ လမ်းမှန်ကို ရှာရန် နောက်သို့ ပြန်လှည့်လာခဲ့သည်။

​နောက်ထပ် တစ်နာရီခန့် ဝင်္ကပါထဲတွင် လမ်းလျှောက်ရင်း ထွက်ပေါက်ကို ရှာဖွေခဲ့သည်။ ထိုတစ်နာရီအတွင်း လုံချန်းသည် လမ်းပိတ်နေသည့် နေရာများစွာနှင့် ထောင်ချောက်များစွာကို ကြုံတွေ့ခဲ့ရသည်။ တစ်ခါတစ်ရံ နံရံထဲမှ မြှားများဖြင့် ပစ်ခတ်ခြင်း ခံရသလို တစ်ခါတစ်ရံတွင်လည်း သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

​ဤဝင်္ကပါ၏ လမ်းပိတ်နေသော နေရာတိုင်းတွင် ထောင်ချောက်များ ရှိနေသည်ကို လုံချန်း သတိပြုမိသွားသည်။

​နောက်ထပ် တစ်နာရီခန့် ရုန်းကန်ပြီးနောက်တွင်တော့ လုံချန်းသည် ဝင်္ကပါ၏ အဆုံးသတ်သို့ ရောက်ရှိသွားသည်။ သူ၏ အဝတ်အစားများမှာ နေရာအတော်များများတွင် စုတ်ပြဲနေပြီး သွေးများလည်း ပေကျံနေသည်။ သူသည် ဒဏ်ရာရထားပုံပေါ်သော်လည်း ပြင်းထန်သော ဒဏ်ရာမျိုးတော့ မဟုတ်ပေ။

​"နောက်ဆုံးတော့ ထွက်ပေါက်ကို ရောက်ပြီ။ ဒီဝင်္ကပါကတော့ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ" လုံချန်းက ရေရွတ်ရင်း ဝင်္ကပါထဲမှ ထွက်လာကာ အခန်းတစ်ခန်းထဲသို့ ဝင်လိုက်သည်။

​ထိုအခန်းထဲတွင် ကြည်လင်သော ရေများ ထွက်နေသည့် ရေပန်းငယ်တစ်ခု ရှိနေသည်။

​"မင်း ဝင်္ကပါကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ ဒါက အနားယူတဲ့ နေရာပဲ။ မင်း မိနစ် ၃၀ ကြာ အနားယူနိုင်ပြီး ဒဏ်ရာတွေကို ကုသနိုင်တယ်" ထိုလျှို့ဝှက်ဆန်းကြယ်သော အသံက လုံချန်း၏ ဦးနှောက်ထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။

​လုံချန်းသည် ရှေ့သို့ တိုးသွားကာ ရေပန်းမှ ထွက်နေသော ရေကို ခပ်ယူသောက်လိုက်သည်။ ရေသောက်လိုက်ရသဖြင့် သူ အနည်းငယ် လန်းဆန်းသွားပြီး စိတ်လက်ပေါ့ပါးသွားသည်။

​သူသည် ရေပန်းအနားတွင် ထိုင်ချကာ အနားယူနေလိုက်သည်။

​"စမ်းသပ်မှုတွေ ဘယ်လောက်တောင် ကျန်သေးလဲ မသိဘူး" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။

​"ငါ ဒီထဲမှာ ရောက်နေတာ တစ်ဝက်လောက် ရှိနေပြီ ထင်တယ်။ ပထမဆုံး အခန်းကနေ လူခွဲလာပြီးကတည်းက တခြားတပည့် တစ်ယောက်ကိုမှ မတွေ့ရသေးဘူး။ ငါတို့က မတူညီတဲ့ စမ်းသပ်မှုတွေကို ဖြတ်သန်းနေရတာလား။ စင်္ကြံလမ်းထဲက တံခါးတွေကြောင့် ဖြစ်ရမယ်" လုံချန်းက မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။

​"ငါလည်း အဲဒီလိုပဲ ထင်တယ်" ရွှင်းက ခေါင်းငြိတ်ကာ ထောက်ခံသည်။

​"ဒါပေမဲ့ ဒါက ဒီလို မဖြစ်သင့်ဘူးလေ။ ဒါက တပည့်တွေကြားက ယှဉ်ပြိုင်တဲ့ စမ်းသပ်မှု မဟုတ်ဘူးလား။ လူတိုင်းက မတူညီတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်နေရရင် ဘယ်လိုလုပ်ပြီး မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်နိုင်မှာလဲ" ရွှင်းက နားမလည်စွာ မေးသည်။

​"လောကကြီးက မမျှတဘူးလေ။ ဒီလောက်များပြားတဲ့ တပည့်တွေကို စမ်းသပ်မှု တစ်ခုတည်းမှာ ထည့်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တချို့က အစပိုင်းမှာ လွယ်တဲ့စမ်းသပ်မှုနဲ့ ကြုံရသလို တချို့ကလည်း ခက်တာနဲ့ ကြုံရမှာပဲ။ လူဦးရေ နည်းသွားတဲ့အခါမှပဲ တပည့်အားလုံးကို စမ်းသပ်မှု တစ်ခုတည်းမှာ ထားဖို့ လွယ်ကူသွားလိမ့်မယ်" လုံချန်းက အမိုးကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

​"အချိန်စေ့ပြီ" သူ မြင်လိုက်ရသည့်အတိုင်း သူ၏ ရှေ့ရှိ နံရံတွင် တံခါးတစ်ပေါက် ပေါ်လာသည်။

​သူသည် မတ်တပ်ရပ်ကာ အနားယူသည့် အခန်းမှ ထွက်ခွာခဲ့သည်။

​လုံချန်းသည် ကြီးမားသော စစ်တုရင်ခုံကြီးနှင့် တူသော အခန်းတစ်ခန်းထဲသို့ ဝင်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် စစ်တုရင်ခုံကွက်များကဲ့သို့ အဖြူရောင်နှင့် အမည်းရောင် အကွက်များ ရှိနေသည်။ ထူးခြားချက်မှာ ၈ ကွက်ပတ်လည် မဟုတ်ဘဲ ၉ ကွက် ပတ်လည် ပုံစံ ဖြစ်နေခြင်းပင်။

​လုံချန်းသည် သူ၏ဘက်ရှိ အကွက်များတွင် အမည်းရောင်ဝတ်ဆင်ထားသော လူ ၁၇ ယောက် မတ်တပ်ရပ်နေသည်ကို တွေ့ရသည်။ အလယ်တွင်တော့ ဘုရင်နေရာအတွက် လွတ်နေသော အကွက်တစ်ကွက် ရှိနေသည်။

​"နောက်ဆုံးတော့ တစ်ယောက် ရောက်လာပြီပဲ။ ကောင်လေး၊ ငါတို့ စလို့ရအောင် အဲဒီနေရာကို မြန်မြန်သွားစမ်း။ ဒီအခန်းထဲမှာ ရပ်နေရတာ ငါ ပျင်းလှပြီ။ မင်းကို သတ်ပြီး ငါ ဒီကနေ အမြန်ဆုံး ထွက်သွားချင်ပြီ" အသံတစ်သံ ကြားလိုက်ရသည်။

​လုံချန်းသည် ရှေ့သို့ လှမ်းကြည့်လိုက်ရာ ထိုဘက်တွင်လည်း အလားတူ ပုံစံမျိုးကို တွေ့လိုက်ရသည်။ ထိုဘက်တွင် အဖြူရောင်ဝတ်ဆင်ထားသော လူ ၁၇ ယောက် ရှိနေပြီး ဘုရင်နေရာတွင်တော့ လူတစ်ယောက် မတ်တပ်ရပ်နေသည်။

​ထိုသူမှာ လုံချန်း ယခင်က မြင်ဖူးသည့် ဝိညာဉ်ကျောင်းတော်မှ တပည့်တစ်ဦးပင် ဖြစ်သည်။ ထိုတပည့်မှာ ကောင်းကင်အဆင့် ထိပ်ဆုံးကို ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူသည် အလွန်ပင် သန်မာမည်မှာ အထင်အရှားပင်။

All Chapters