← Chapters

အခန်း (၄၆၁-၄၆၂)

Vol. 24 Ch. 461-462

အခန်း (၄၆၁-၄၆၂)

Vol. 24 Ch. 461-462

အပိုင်း(၄၆၁) ကျောက်ခိုင် အဆင့်တက်ခြင်းနှင့် အသူရာရေခဲလိပ်

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီဝက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ ခြေအောက်တွင် ကြီးမားသော ရေခဲလွှာကြီးတစ်ခု လုံးဝ အခဲအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

ကျောက်ခိုင် ရှိနေသောဘက်တွင်လည်း ရေခဲမြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ အထက်ကောင်းကင်ယံတွင် နှင်းပွင့်များပင် ကျဆင်းနေပေသည်။

ယင်းမှာ သူ၏ ခန္ဓာကိုယ်အနီးရှိ အပူချိန်က အလွန်နိမ့်ကျနေသောကြောင့် မိုးရေများက နှင်းပွင့်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

ယခုအခါ ပတ်ဝန်းကျင် တစ်ခုလုံးက အလွန်အေးခဲလှသော ဆောင်းရာသီကြီး တစ်ခုနှင့်ပင် တူညီနေတော့သည်။

မြေပြင်ပေါ်တွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေပြီး ကျောက်ခိုင်က ရေခဲမြူခိုးများ ဖုံးလွှမ်းခံထားရဆဲ ဖြစ်သည်။

လင်းယွမ်က မူလနေရာတွင် ရပ်ကာ မျက်လုံးမှိတ်ပြီး စောင့်ဆိုင်းနေသည်။

ရုတ်တရက် သူက မျက်လုံးပွင့်လာပြီး ဟိုဘက်ရှိ ကျောက်ခိုင်ကို လှမ်းကြည့်လိုက်သည်။

ထိုအခါ ကျောက်ခိုင်၏ တစ်ကိုယ်လုံးရှိ မြူခိုးများက ပွက်ပွက်ဆူနေသကဲ့သို့ လှုပ်ရှားနေပြီး အလျင်အမြန် ကျုံ့ဝင်သွားသည်ကို တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်ရှိ အပူချိန်ကလည်း အလျင်အမြန် ပုံမှန် ပြန်ဖြစ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြူခိုးများ လုံးဝ ကင်းစင်သွားပြီး ကျောက်ခိုင်၏ တစ်ကိုယ်လုံးတွင် ရေခဲပြာရောင် ဝတ်စုံ တစ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်နေသည်။

သူ၏ ခေါင်းပေါ်တွင်ပင် ရေခဲပြာရောင် ခမောက်တစ်ခုကို ဆောင်းထားပေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က အနည်းငယ် ကြောင်အမ်းသွားပြီး အံ့သြတကြီး မေးလိုက်သည်။ "မင်းအစွမ်းက"

ကျောက်ခိုင်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုလင်း... ကျွန်တော် အောင်မြင်သွားပြီ... ဒါက ကျွန်တော့် မျိုးရိုးဗီဇမျိုးစေ့မှာ ပါလာတဲ့ ပင်ကိုယ်အစွမ်းလေ"

"ပင်ကိုယ်အစွမ်း"

"ဟုတ်တယ်... သုညဒီဂရီ ဝတ်စုံ"

"ဟမ်... အကာအကွယ် အမျိုးအစား ပင်ကိုယ်အစွမ်းလား"

ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... သုညဒီဂရီ ဝတ်စုံက ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှု အလွန်မြင့်မားရုံတင်မဟုတ်ဘူး... ဓာတ်သဘာဝ ခုခံကာကွယ်နိုင်စွမ်းနဲ့ စိတ်ဝိညာဉ် ခုခံကာကွယ်နိုင်စွမ်းတွေကိုပါ ပေါင်းစပ်ထားတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ သူ၏ စိတ်စွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ကျောက်ခိုင်၏ ဝတ်စုံဆီသို့ အလျင်အမြန် ပျံ့နှံ့သွားစေလိုက်သည်။

တကယ်ပင် ဤရေခဲပြာရောင် သုညဒီဂရီ ဝတ်စုံက စိတ်စွမ်းအင်များကို ရောင်ပြန်ဟပ်နိုင်သော အစွမ်းအမှန်တကယ် ရှိနေပေသည်။

လင်းယွမ်က ရယ်မောလိုက်သည်။ "မင်းရဲ့ မျိုးရိုးဗီဇမြေပုံက ဘာလဲ"

ကျောက်ခိုင်က ပြောလိုက်သည်။ "အာ့ခ်စ် အသူရာရေခဲလိပ်လို့ ခေါ်တဲ့ မျိုးရိုးဗီဇမြေပုံ တစ်မျိုးပါ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ပြောလိုက်သည်။ "နားထောင်ရတာ လိပ်အမျိုးအစား မျိုးရိုးဗီဇမြေပုံ တစ်မျိုးမျိုးနဲ့ တူတယ်"

ယေဘုယျအားဖြင့် လိပ်အမျိုးအစား သတ္တဝါများက အကာအကွယ် အမျိုးအစား အစွမ်းများ ပါဝင်လာခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

သို့သော် လင်းယွမ် ထင်မှတ်မထားသည်မှာ တူညီသော ရေခဲဓာတ် အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ ဖြစ်သော်လည်း သူ နားလည်သဘောပေါက်ခဲ့သည်မှာ ရေခဲမြေရိုင်းဝက်ဝံ၏ မျိုးရိုးဗီဇမြေပုံ ဖြစ်နေခြင်းပင်။

ကျောက်ခိုင်မှာမူ အာ့ခ်စ် အသူရာရေခဲလိပ်၏ မျိုးရိုးဗီဇမြေပုံ ဖြစ်နေသည်။

တကယ်ပင် လူတစ်ဦးစီ၏ ပါရမီက မတူညီကြသဖြင့် နိုးထလာသော မျိုးရိုးဗီဇမြေပုံများကလည်း လုံးဝ တူညီမှု မရှိကြပေ။

မျိုးရိုးဗီဇ မျိုးစုံကွဲပြားမှုက ဤအချိန်တွင် နောက်တစ်ခေါက် ထင်ရှားပေါ်လွင်လာခဲ့သည်။

"မင်းရဲ့ အမှတ် တိုးလာတာကို တစ်ချက်လောက် စမ်းကြည့်ရအောင်"

"ကောင်းပြီလေ"

သူတို့နှစ်ယောက်က တောအုပ်ထဲတွင် ချက်ချင်းပင် စမ်းသပ်မှုများ စတင်ပြုလုပ်ကြတော့သည်။

တိုက်ခိုက်ရေးပိုင်းတွင် ကျောက်ခိုင်၏ ရေခဲကို ထိန်းချုပ်နိုင်စွမ်းက အမျိုးအစား ပိုမိုစုံလင်လာခဲ့သည်။

လေထဲတွင် မျောလွင့်နေသော ရေခဲချွန်များကို ဖန်တီးနိုင်ရုံသာမက သိပ်သည်းများပြားလှသော လေပေါ်ပျံ ရေခဲဆူးများအဖြစ်သို့ပါ ပြောင်းလဲပြီး ပစ်ခတ်နိုင်ပေသည်။

တိုက်ခိုက်မှု အကွာအဝေးက များစွာ ကျယ်ပြန့်လာပြီး သတ်ဖြတ်နိုင်စွမ်းကလည်း အများကြီး ပိုမို အားကောင်းလာခဲ့သည်။

ထို့နောက် ထိုရေခဲချွန်များက သူ၏ စိတ်အာရုံ ထိန်းချုပ်မှုအောက်တွင် ပေါက်ကွဲသွားနိုင်ပြီး ကွဲအက်နေသော ရေခဲစများအဖြစ်သို့ ပြောင်းလဲကာ ရန်သူကို တိုက်ခိုက်နိုင်သေးသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးက ရုတ်တရက် ဖုံးကွယ်ထားနိုင်ပြီး သတိမထားမိပါက အလွယ်တကူ ထိခိုက်သွားနိုင်သည်။

ထို့နောက် အကာအကွယ်ပိုင်းတွင်လည်း လင်းယွမ်က အနည်းငယ် စမ်းသပ်ကြည့်ခဲ့သည်။

သုညဒီဂရီ ဝတ်စုံ၏ အကာအကွယ်စွမ်းရည်က အမှန်တကယ်ပင် အလွန် အစွမ်းထက်ပေသည်။

အမှတ် ငါးဆယ် ဝန်းကျင်ရှိသော တိုက်ခိုက်မှုစွမ်းအားက ၎င်း၏ အကာအကွယ်ကို လုံးဝ မဖောက်ထွင်းနိုင်ပေ။

အမှတ် ငါးဆယ်ကျော်ပြီး ခွန်အားအမှတ် ၅၇ မှတ် ဝန်းကျင်သို့ ရောက်ရှိမှသာ သုညဒီဂရီ ဝတ်စုံ၏ အကာအကွယ်ကို ဖောက်ထွင်းနိုင်မည် ဖြစ်သည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်နည်းဖြင့် ဖောက်ထွင်းခြင်း ဖြစ်သည်။

စိတ်စွမ်းအင် တိုက်ခိုက်မှုပိုင်းတွင်မူ အကြမ်းဖျင်းအားဖြင့် ၅၆ မှတ် ဝန်းကျင် ရောက်မှသာ ရေခဲခမောက်၏ တားဆီးမှုကို အတင်းအဓမ္မ ဖောက်ထွင်းပြီး ကျောက်ခိုင်၏ ဦးနှောက်ကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ဓာတ်သဘာဝ တိုက်ခိုက်မှုများနှင့် ပတ်သက်လာလျှင်မူ သုညဒီဂရီ ဝတ်စုံ၏ ခုခံနိုင်စွမ်းက အတော်လေး မြင့်မားပေသည်။

မီးဓာတ် တိုက်ခိုက်မှုတွင် စိတ်စွမ်းအင် ပေါင်းထည့်မှု ၆၀ မှတ်သို့ ရောက်ရှိသောအခါမှသာ သုညဒီဂရီ ဝတ်စုံက အရည်ပျော်သွားခြင်း ဖြစ်သည်။

ရေဓာတ် တိုက်ခိုက်မှု နည်းလမ်းကမူ ရေခဲဝတ်စုံကို ဖောက်ထွင်းရန် လုံးဝ ခက်ခဲပြီး ရေခဲဝတ်စုံနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲအဖြစ်သို့ ချက်ချင်း အသွင်ပြောင်းသွားပေသည်။

ဤသုညဒီဂရီ ရေခဲဝတ်စုံက ရေဓာတ် အပေါ်တွင် အလွန် အားကောင်းသော ထိန်းချုပ်နှိမ်နင်းနိုင်စွမ်း ရှိသည်ဟု ဆိုနိုင်ပေသည်။

အခြားသော ဓာတ်သဘာဝ အသီးသီးကိုလည်း စမ်းသပ်ကြည့်ခဲ့ရာ ယေဘုယျအားဖြင့် ၅၇ မှတ် ဝန်းကျင်တွင် သုညဒီဂရီ ဝတ်စုံကို ဖောက်ထွင်းနိုင်ပေသည်။

ကျောက်ခိုင်က ယခုမှ ၅၀ မှတ်ကို ကျော်လွန်သွားကာ လက်ရှိတွင် စိတ်စွမ်းအင် အမှတ်မှာ အများဆုံး ၅၁ မှတ် ဝန်းကျင်သာ ရှိသေးကြောင်းကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ဤသုညဒီဂရီ ဝတ်စုံက သူ၏ အကာအကွယ် ကန့်သတ်ချက်ကို ၅၇ မှတ်အထိ မြှင့်တင်ပေးလိုက်ခြင်းက အတော်လေး အစွမ်းထက်နေပြီ ဖြစ်သည်။

ဤသည်မှာ သူ၏ မျိုးရိုးဗီဇမြေပုံဖြစ်သော အာ့ခ်စ် အသူရာရေခဲလိပ်နှင့် ဆက်စပ်နေမည်မှာ သေချာပေသည်။

"မင်းရဲ့ လက်ရှိ စွမ်းရည်နဲ့ဆိုရင် ထိုက်ယန်တောင်တစ်ခုလုံးမှ ငါကလွဲပြီး ဘယ်သူမှ မင်းရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး"

"ဒါမှ ငါလည်း အဲ့ဒီ ပိုးမွှားကျွမ်းကျင် ပညာရှင်ကို သွားရှာဖို့ စိတ်အေးရမှာ"

ကျောက်ခိုင်၏ မျက်နှာအမူအရာက လေးနက်သွားပြီး မေးလိုက်သည်။ "အစ်ကိုလင်း... တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားမိလို့လား"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဒီ ကူးစက်ရောဂါ ပိုးက အရမ်းကို ထူးဆန်းနေတယ်... သိပ်ပြီး ပုံမှန် မဟုတ်ဘူး"

"တိတိကျကျတော့ ငါလည်း မပြောတတ်ပေမဲ့ သိပ်မကောင်းတဲ့ အတိတ်နိမိတ်မျိုး ခံစားနေရတယ်"

"ဒါတွေ ထားလိုက်တော့... ငါ မင်းအတွက် ပစ္စည်းတစ်ခု ပြင်ဆင်ထားသေးတယ်"

ထိုသို့ ပြောရင်း လင်းယွမ်က ပေတံတစ်ချောင်းကို ထုတ်ယူလိုက်သည်။

ဤပေတံက အစောပိုင်းတုန်းက လီရှန်ယန် သူ့ကို ပေးအပ်ခဲ့သော ပေတံပင် ဖြစ်သည်။

ပေတံ၏ အတွင်းပိုင်းတွင် ထူးခြားသော သင်္ကေတ လမ်းကြောင်းများ ရှိနေသည်။

လင်းယွမ်က ၎င်းအတွင်းမှတစ်ဆင့် ထိုက်ယန်တောင် မျိုးရိုးဗီဇ နိုးထခြင်း ကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။

"အရမ်း အစွမ်းထက်တဲ့ ပြိုင်ဘက်နဲ့ တွေ့ရင် ဒီပေတံကို သုံးလိုက်"

ကျောက်ခိုင်က သံသယဝင်သွားပြီး မေးလိုက်သည်။ "အစွမ်းသုံး လက်နက်လား... ကျွန်တော့်ဆီမှာလည်း ရှိပါတယ် အစ်ကိုလင်းရ"

"ဒီတစ်ခုက မတူဘူး"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ ဤပေတံပေါ်တွင် သူက အကြောင်းအကျိုး ကြိုးမျှင်များကို ရစ်ပတ်ထားခဲ့သည်။

ထိခိုက်မှု လွှဲပြောင်းခြင်း၏ အကြောင်းအကျိုး ကြိုးမျှင်များက လင်းယွမ်၏ တိုက်ခိုက်မှု စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဤပေတံပေါ်သို့ လွှဲပြောင်းပေးနိုင်ပေသည်။

ဆိုလိုသည်မှာ လင်းယွမ်က ထိုက်ယန်တောင်တွင် မရှိလျှင်ပင် ကျောက်ခိုင်က ဤပေတံကို အသုံးပြုလိုက်ပါက ၎င်းအပေါ်ရှိ အကြောင်းအကျိုး ဆက်စပ်မှုအောက်တွင် လင်းယွမ်က ခံစားသိရှိနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် သူက လက်စွမ်းပြလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ တိုက်ခိုက်မှု စွမ်းအားကို ဤပေတံပေါ်သို့ လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။

ဤသည်မှာ ကျောက်ခိုင် အနေဖြင့် အန္တရာယ်ကြုံတွေ့နေရချိန်တွင် ပေတံမှတစ်ဆင့် လင်းယွမ်၏ ခွန်အားကို ငှားရမ်းအသုံးပြုနိုင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဤသည်ကပင် ခရမ်းရောင်အဆင့် ပညာရပ်၏ ကြောက်မက်ဖွယ်ကောင်းသော အချက် ဖြစ်သည်။

အကြောင်းအကျိုး အမျိုးအစား ပညာရပ်များက အကြောင်းပြချက် မရှိပေ။

သေချာသည်မှာ ဤအကြောင်းအကျိုး လွှဲပြောင်းခြင်းနှင့် ထိခိုက်မှု လွှဲပြောင်းခြင်းက ဟွမ်မင်ခိုင်ကဲ့သို့ စွမ်းအင်များကို သိုလှောင်ထားနိုင်မည်တော့ မဟုတ်ပေ။

လင်းယွမ်က ယခုအချိန်အထိ ဟွမ်မင်ခိုင်က မည်သည့်နည်းလမ်းမှတစ်ဆင့် အခြားသူများ၏ တိုက်ခိုက်မှုကို သူ၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားနိုင်ခဲ့သည်ကို နားမလည်သေးပေ။

၎င်းက ထိခိုက်မှု လွှဲပြောင်းခြင်း မဟုတ်ဘဲ ထိခိုက်မှု စုပ်ယူခြင်းနှင့် ထိခိုက်မှု လွှဲပြောင်းခြင်းတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

သို့သော် လင်းယွမ်က လက်ရှိတွင် ကျေနပ်နေပြီ ဖြစ်သည်။ အနည်းဆုံးတော့ တစ်ဖက်လူ၏ အရိုးစုပေါ်မှ အကြောင်းအကျိုး လွှဲပြောင်းခြင်းကဲ့သို့သော ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ခရမ်းရောင်အဆင့် ပညာရပ်ကို ရရှိခဲ့သည် မဟုတ်ပါလား။

ကျောက်ခိုင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အခြေခံအားဖြင့် နားလည်သွားပြီးနောက် လင်းယွမ်၏ စိတ်ထဲတွင် တည်ငြိမ်သွားတော့သည်။

ဤသို့ဖြင့် ထိုက်ယန်တောင်ကို ကျောက်ခိုင်ထံတွင် အပ်နှံထားခဲ့မှသာ သူလည်း ကျန်းဇီယန်ဆိုသော ရောဂါပိုး ပညာရှင်ကို ရှာဖွေရန် စိတ်အေးနိုင်မည် ဖြစ်သည်။

"အစ်ကိုလင်း... ဘယ်တော့ စထွက်မှာလဲ"

"ဒီနေ့မွန်းလွဲပိုင်းလောက် သွားမယ်"

"ဒီလောက်တောင် မြန်တာလား"

"အင်း... ဒီကိစ္စကို အချိန်ဆွဲနေလို့ မရဘူး... ရောဂါပိုးက ကူးစက်ပြန့်ပွားနေတုန်းပဲ... အဲ့ဒီ ရောဂါပိုး ပညာရှင်ကို ငါ အမြန်ဆုံး ရှာတွေ့မှ ရမယ်"

လင်းယွမ်က ကျောက်ခိုင်ကို ကြည့်လိုက်သည်။ "နောက်ပိုင်း ကာလတွေမှာ ထိုက်ယန်တောင်ကို မင်းဆီပဲ အပ်ထားခဲ့တော့မယ်"

ကျောက်ခိုင်၏ မျက်နှာအမူအရာက လေးနက်တည်ကြည်သွားသည်။ "စိတ်ချပါ... ကျွန်တော် ဒီအသက်ကို ပေးရမယ်ဆိုရင်တောင် ထိုက်ယန်တောင်ကို လုံးဝ ကာကွယ်စောင့်ရှောက်သွားမှာပါ"

"ဘာတွေပြောနေတာလဲ... မင်း အသက်ပေးစရာ မလိုပါဘူး... တကယ်လို့ ခုခံလို့မရတဲ့ အန္တရာယ်မျိုးနဲ့ ကြုံလာရရင် ရန်မေတို့ကို ခေါ်ပြီး အရင်ဆုံး ထွက်သွားဖို့ သေချာပေါက် လုပ်ရမယ်"

လင်းယွမ်က ကျောက်ခိုင်ကို ကြည့်ကာ လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

ကျောက်ခိုင်က အံ့အားသင့်သွားပြီး လင်းယွမ်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ "အစ်ကိုလင်း... ခင်ဗျား... ဒီထိုက်ယန်တောင်က ကျွန်တော်တို့ မနည်းကြိုးစားပြီး တိုက်ခိုက်သိမ်းပိုက်ထားခဲ့ရတာလေ"

လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "အဲဒါက မင်းတို့ရဲ့ အသက်လောက် အရေးမကြီးပါဘူး... နယ်မြေဆိုတာ အချိန်မရွေး ပြန်လုယူလို့ ရတယ်... ဒါပေမဲ့ လူသေသွားရင်တော့ ပြန်ရှင်လာလို့ မရတော့ဘူး"

ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် ကြည်နူးသွားမိသည်။

သို့သော်လည်း သူက ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။ "အစ်ကိုလင်း စိတ်ချပါ... ဒါက ကျွန်တော်တို့ရဲ့ အိမ်ပဲ... အဲ့ဒီလို အခြေအနေမျိုး ရောက်လာခဲ့ရင်တောင် အားလုံးက လွယ်လွယ်နဲ့ အရှုံးပေးကြမှာ မဟုတ်ပါဘူး"

လင်းယွမ်က ပြုံးလိုက်သည်။ "ငါက ဒီလိုပဲ ပြောပြတာပါ... လက်ရှိ အခြေအနေတွေက ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းပါပဲ"

သူတို့နှစ်ယောက်က အဆိုးရွားဆုံး အစီအစဉ်များကို ပြောဆိုရင်းနှင့် ဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

မွန်းလွဲပိုင်းအချိန်တွင် လင်းယွမ်က ပိုင်ကျစ်လဲ့နှင့် ထူလုံတို့ကို ခေါ်ဆောင်ကာ အမြန်ရေယာဉ် တစ်စီးကို စီးနင်း၍ ထိုက်ယန်တောင်မှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

အမြန်ရေယာဉ်ပေါ်တွင် ပိုင်ကျစ်လဲ့က ပတ်ဝန်းကျင်နှင့် သူမ ခြေအောက်ရှိ ဤအမြန်ရေယာဉ်ကို စူးစမ်းချင်စိတ်များဖြင့် အကဲခတ်နေသည်။

သူမက မနေနိုင်ဘဲ ပြောလိုက်သည်။ "အကိုလင်း... ဒီအမြန်ရေယာဉ်က ကြည့်ရတာ ရေမလွှမ်းမိုးခင်က နည်းပညာ ထုတ်ကုန်တွေနဲ့ မတူဘူးနော်"

လင်းယွမ်က စကားမပြောရသေးမီ ဘေးဘက်ရှိ ထူလုံက ရယ်မောရင်း ပြောလိုက်သည်။ "ဒါက သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနရဲ့ နောက်ဆုံးပေါ် သုတေသန ယာဉ်လေ... ဒီထဲက ရွေ့လျားမှု စနစ်က ဓာတ်ဆီတို့၊ လျှပ်စစ်တို့ မဟုတ်ဘဲ စွမ်းအင်ကျောက်တုံးတွေကို သုံးပြီး မောင်းနှင်ထားတာ"

"ဒီလှေရဲ့ ပစ္စည်းတွေက သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုးတွေကို အမှုန့်ကြိတ်ပြီး အသစ်ပြန် ပုံသွင်းထားတာ... ခိုင်မာမှုက သံမဏိတို့ ကွန်ကရစ်တို့ထက် မလျော့ဘူး"

"ဒီအပေါ်က သင်္ကေတ လမ်းကြောင်းတွေကို မြင်တယ်မလား... ဒါတွေ အားလုံးက ပါမောက္ခလီတို့ ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ စွမ်းအင် သင်္ကေတ အစီအရင်တွေပဲ"

ပိုင်ကျစ်လဲ့က မနေနိုင်ဘဲ အံ့သြတကြီး အာမေဍိတ်သံ ထွက်လာသည်။ "ဟာ... ကျွန်မတို့ ထိုက်ယန်တောင်က အမြန်ရေယာဉ်တွေကိုတောင် ကိုယ်တိုင် ထုတ်လုပ်နိုင်နေပြီလား"

ထူလုံက ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဤမိန်းကလေးငယ်၏ အံ့သြနေသော ပုံစံကို ကြည့်ကာ အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။

"ဒါက ဘာမှ မဟုတ်သေးဘူး... နောက်ပိုင်းဆိုရင် စစ်သေင်္ဘောကြီးတွေကိုတောင် သုတေသန လုပ်ပြီး ထုတ်လုပ်ဦးမှာ"

ပိုင်ကျစ်လဲ့က အံ့သြချီးကျူးနေပြီး ဤအမြန်ရေယာဉ်ကို အကြိမ်ကြိမ် ပွတ်သပ်ကာ ပြောလိုက်သည်။ "ကျွန်မတို့ ထိုက်ယန်တောင်က တကယ်ကို တစ်နေ့တခြား တိုးတက်လာတာပဲ... ဒီလို ယာဉ်မျိုးကိုတောင် သုတေသန လုပ်ပြီး ထုတ်လုပ်နိုင်နေပြီ"

ထိုအချိန်တွင် လှေဦးပိုင်းရှိ လင်းယွမ်က စကားစပြောလိုက်သည်။ "ရေကြီးပြီးတဲ့နောက်ပိုင်း လူသားတွေက မျှော်လင့်ချက် ကင်းမဲ့တာကို ကြုံတွေ့ခဲ့ရတယ်လေ... ယဉ်ကျေးမှုတွေ ပျက်သုဉ်းသွားခဲ့ပေမဲ့ မျိုးဆက်သစ်တွေကတော့ ဆက်ပြီး ရှင်သန်နေတုန်းပဲ... အခုဆို အရာအားလုံးက ပြန်လည် မွေးဖွားလာနေပြီ"

"အနာဂတ်ဆိုတာ နည်းပညာနဲ့ သန္ဓေပြောင်းစွမ်းအင် ပေါင်းစပ်ထားတဲ့ ခေတ်သစ်တစ်ခု ဖြစ်လာမှာ သေချာတယ်"

"ငါတို့ရဲ့ ဒါလေးက ဘာမှ မဟုတ်သေးပါဘူး"

သူ၏ စိတ်ထဲတွင် လင်ကျောင်းတက္ကသိုလ် ရေအောက်၌ သူ မြင်တွေ့ခဲ့ရသော ထိုရေငုပ်သင်္ဘောကို မနေနိုင်ဘဲ တွေးတောမိသွားသည်။

ထိုရေငုပ်သင်္ဘောက ခရုခွံနှင့်တူသော သန္ဓေပြောင်း သတ္တဝါ တစ်မျိုးမျိုး၏ အပြင်ခွံကို အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။

ဤသည်က အချို့သော အင်အားစုများက နည်းပညာနှင့် သန္ဓေပြောင်း သတ္တဝါတို့ကို လုံးဝ ပေါင်းစပ်ပြီး လုံးဝ အသစ်စက်စက် ယာဉ်များကို သုတေသနပြုကာ ထုတ်လုပ်နေပြီ ဖြစ်ကြောင်း လုံလောက်စွာ သက်သေပြနေပေသည်။

"အကိုလင်း... ကျွန်တော်တို့ ထိုက်ယန်တောင်ကလည်း မညံ့ပါဘူး"

"အခုဆို ဒီအမြန်ရေယာဉ်တွေကို အကြမ်းဖျင်း စတင် ထုတ်လုပ်နေပြီလေ... နောက်ဆို ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ ကင်းလှည့်တပ်ဖွဲ့တွေက အခြေခံအားဖြင့် ဒီလို အမြန်ရေယာဉ်မျိုးတွေကို သုံးနိုင်တော့မှာပါ"

"အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ ထိုက်ယန်တောင် အနီးတစ်ဝိုက်က ရေပိုင်နက်တွေ လုံးဝ လုံခြုံသွားလိမ့်မယ်"

ထူလုံက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

သူက ထိုက်ယန်တောင် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ ဖြစ်သည်။ မရေမတွက်နိုင်သော ညများတွင် သူနှင့် သူ၏ ကောင်မလေး ဝမ်ရှောင်ယာတို့က ထိုက်ယန်တောင်၏ ဤရက်ပိုင်းအတွင်း ပြောင်းလဲမှုများကို အမြဲတမ်း အံ့သြချီးမွမ်းခဲ့ကြသည်။

ဤအရာအားလုံးက သူ့ရှေ့ရှိ ဆရာလင်း ယူဆောင်လာပေးခဲ့ခြင်း ဖြစ်ကြောင်း သူ သိထားသည်။

ထို့ကြောင့် ဆရာလင်းက ထိုက်ယန်တောင်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မိမိကိုယ်ကိုယ် နှိမ့်ချပြောဆိုနေသည်ကို မြင်သောအခါ သူက မနေနိုင်ဘဲ စကားအနည်းငယ် ဝင်ရောက် ချေပပြောဆိုလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်က ပြုံးလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

သူတို့က ထိုက်ယန်တောင်တွင်သာ နေထိုင်နေကြပြီး အပြင်ဘက်သို့ ထွက်မကြည့်ဖူးကြသေးပေ။ အပြင်လောကကြီး မည်မျှအထိ ဖွံ့ဖြိုးတိုးတက်နေပြီကို သူတို့ မသိကြသေးပေ။

ထိုက်ယန်တောင်က မြို့သစ်ဧရိယာ တစ်ဝိုက်တွင် အတော်လေး အစွမ်းထက်သော အင်အားစုတစ်ခု ဖြစ်လာပြီဟု မှန်ကန်စွာ ဆိုနိုင်ပေသည်။

သို့သော် ကွမ်ဖူနှင့် နှိုင်းယှဉ်ပါက ကွာဟချက်က သေးငယ်လှသည်တော့ မဟုတ်ပေ။

ပိုင်ကျစ်လဲ့က ကမန်းကတန်း စကားလမ်းကြောင်း လွှဲလိုက်ပြီး မေးလိုက်သည်။ "အကိုလင်း... အကို အခု တစ်ခေါက် အပြင်ထွက်တာ... ဘယ်လိုဖြစ်ပြီး ကျွန်မကို ခေါ်လာဖို့ စဉ်းစားမိတာလဲ"

သူမက သူမ၏ စိတ်ထဲမှ သံသယကို ထုတ်ဖော်မေးမြန်းလိုက်ခြင်း ဖြစ်သည်။

သူမက တိုက်ခိုက်ရေး အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက် မဟုတ်ပေ။ အနားတွင် ခေါ်ထားခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်မနေဘူးလား။

သူမအနေဖြင့် အပြင်ထွက်ကာ လောကကြီးကို မြင်တွေ့ချင်စိတ် ရှိသော်လည်း ရေလွှမ်းမိုးနေသော ကမ္ဘာကြီးကို အမှန်တကယ်ပင် အနည်းငယ် ကြောက်ရွံ့မိပေသည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒီတစ်ခေါက် အပြင်ထွက်တာက သတ်ဖြတ်ဖို့ မဟုတ်ဘူး... ရောဂါပိုး ပညာရှင် ကျန်းဇီယန်ကို သွားရှာဖို့ပဲ"

"သူ့ကို ရှာတွေ့တဲ့အချိန်မှာ တကယ်လို့ သူ့မှာ အသက်အန္တရာယ် ရှိနေခဲ့ရင် မင်းလို ကုသနိုင်တဲ့သူ တစ်ယောက် ဘေးမှာရှိနေတာ အသုံးဝင်နိုင်မယ်လို့ ငါ တွေးမိလို့"

"ကျန်တာတွေအတွက်တော့ မင်း စိတ်ပူစရာ မလိုပါဘူး... အားလုံးအတွက် ငါတို့ ရှိတယ်"

ပိုင်ကျစ်လဲ့က ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ အကိုလင်း သူမကို ခေါ်ဆောင်လာခြင်းက ဤရည်ရွယ်ချက်ကြောင့်ပင် ဖြစ်သည်။

သူမက ခေါင်းအမြန် ညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ အကိုလင်း"

ထိုအချိန်တွင် ထူလုံကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဒါဆို ကျွန်တော်ကရော... ဆရာလင်း... ဘာလို့ ကျွန်တော့်ကို ခေါ်လာတာလဲ"

သူ့ကိုယ်သူ သိစိတ် ရှိပေသည်။ ယခင် ထိုက်ယန်တောင်တွင် သူ ထူလုံက နံပါတ်တစ် ပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်နိုင်ပြီး ရေ၊ ကုန်း၊ လေ သုံးရပ်လုံးတွင် တိကျသော တိုက်ခိုက်ရေးစွမ်းရည် ရှိခဲ့သည်။

သို့သော် လင်းယွမ် ပြီးခဲ့သည့်အကြိမ်က ခေါ်ဆောင်လာခဲ့သော သင်္ဘောခေါင်းဆောင် အုပ်စုထဲတွင် အစွမ်းပိုင်ရှင် အများအပြား ပါဝင်နေပေသည်။

သင်္ဘောခေါင်းဆောင် အများစု၏ အဓိက အမှတ်များက ၄၅ မှတ်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။

ဓာတ်သဘာဝ အသွင်ပြောင်းနိုင်စွမ်း ရှိသော အစွမ်းပိုင်ရှင် အချို့နှင့် ရင်ဆိုင်ရပါက သူက ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ကြောင်း ထူလုံက သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်။

ထို့ကြောင့် လင်းယွမ်က သူ့ကို အဘယ်ကြောင့် ခေါ်ဆောင်လာခဲ့သည်ကို သူလည်း နားမလည်နိုင် ဖြစ်နေသည်။

လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဘက်စုံစွမ်းရည်က ထိုက်ယန်တောင်မှာ ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတယ်... တက်တူးဝိညာဉ်အစွမ်းက ခင်ဗျားကို အမျိုးမျိုးသော တက်တူးဝိညာဉ်တွေအဖြစ် အသွင်ပြောင်းပြီး တိုက်ခိုက်နိုင်စေတယ်... ရေ၊ ကုန်း၊ လေ အားလုံးမှာ ခင်ဗျားက အိမ်ကွင်း အားသာချက် ရှိတယ်"

"တကယ်လို့ ကျွန်တော်သာ ခင်ဗျားတို့အနားမှာ မရှိခဲ့ရင် ခင်ဗျားရဲ့ တာဝန်က နို့ဖြူလေး ကို သေချာ ကာကွယ်ပေးထားဖို့ပဲ... နားလည်လား"

ပိုင်ကျစ်လဲ့က လင်းယွမ် သူမ၏ နာမည်ပြောင်ကို ခေါ်လိုက်သည်ကို ကြားသောအခါ အကြောင်းပြချက်မရှိဘဲ မျက်နှာ ရဲတက်သွားတော့သည်။

ဤနာမည်ပြောင်က သိုင်းဘုရင်ဂေဟာတွင် ရှိစဉ်ကတည်းက ပေးထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း သိုင်းဘုရင်ဂေဟာ ပြိုကွဲသွားပြီးနောက် ကောကျဲ၊ ကျွမ်းရှုယွမ်တို့က သူမကို အမြဲတမ်း ခေါ်ဝေါ်ခဲ့ကြသည်။

ကောပိုင်ကျွမ်းဆိုင် လူသိများလာမှုနှင့်အတူ သူမ၏ "အာဟာရဖြည့်ရည်" များက သတ္တုတွင်းနယ်မြေနှင့် မိန်တောင် အစရှိသည့် နေရာများ အနှံ့အပြားသို့ ရောင်းချခဲ့ရပြီး သူမကဲ့သို့ ကုသပေးသူ တစ်ယောက်၏ အတိတ်ဇာတ်ကြောင်းကိုလည်း လူအများက မနည်းမနော တူးဖော်ခဲ့ကြပေသည်။

နို့ဖြူလေးဟူသော နာမည်ပြောင်ကလည်း သဘာဝကျစွာပင် ဖုံးကွယ်ထား၍ မရတော့ပေ။

သို့သော် သာမန်လူများကမူ သူမ၏ ရှေ့တွင် ဤနာမည်ပြောင်ကို မခေါ်ဝံ့ကြပေ။

ထိုရင်းနှီးသော လူဟောင်းများနှင့် ညီအစ်မများသာ သူမကို ထိုသို့ ခေါ်ဝေါ်ကြသည်။

ဆရာလင်းကပါ သူမကို ဤသို့ ခေါ်ဝေါ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့သောကြောင့် ပိုင်ကျစ်လဲ့ကို အနည်းငယ် ရှက်ရွံ့သွားစေသည်။

သို့သော် စိတ်နှလုံး အနက်ရှိုင်းဆုံး နေရာတွင်မူ အနည်းငယ် ခိုးကြိတ် ဝမ်းသာနေမိသည်။

လင်းယွမ်၏ စကားကို ကြားပြီးမှသာ လင်းယွမ်၏ ရည်ရွယ်ချက်ကို ထူလုံ နားလည်သွားတော့သည်။

သူက မနေနိုင်ဘဲ ခေါင်းကုတ်လိုက်ပြီး တဟဲဟဲ ရယ်မောကာ ပြောလိုက်သည်။ "ဒါဆိုလည်း ကတိနော်... တကယ်လို့ ပြဿနာ ကြုံလာရင် ကျွန်တော်က ညီမပိုင်ကို ခေါ်ပြီး အရင် ပြေးမှာ... ဆရာ့ကိုတော့ ဂရုစိုက်နေမှာ မဟုတ်ဘူးနော်"

လင်းယွမ်က ရယ်မောလျက် ဆဲဆိုလိုက်သည်။ "ငါ ရှိနေတဲ့အချိန်တောင် မင်းတို့ကို မကာကွယ်နိုင်ဘူးဆိုရင် မင်း ထွက်ပြေးလို့ရော လွတ်မယ် ထင်နေတာလား"

ဆက်ရန်...

အပိုင်း(၄၆၂) ဝန်ထုပ်ဝန်ပိုး အဖြစ်မခံခြင်း

ထိုက်ယန်တောင်... ရေပေါ်တံတားဆိပ်ကမ်း။

တင်းယန်က မျက်မှောင်ကြုတ်ထားပြီး အဝေးသို့ ထွက်ခွာသွားပြီဖြစ်သော ရွက်လှေကို ကြည့်ကာ မျက်နှာပေါ်တွင် လေးလံမှိုင်းညို့သည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေ၏။

ကျောက်ခိုင်က အနားသို့ လျှောက်လာပြီး "အမတင်း... ပြန်ကြရအောင်... အစ်ကိုလင်းက အဝေးကြီး ရောက်သွားလောက်ပြီ" ဟု ပြောလိုက်သည်။

တင်းယန်က ကျောက်ခိုင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး "နင် မျိုးရိုးဗီဇမျိုးစေ့ကို ရောက်သွားပြီလား" ဟု ရုတ်တရက် မေးလိုက်သည်။

ကျောက်ခိုင်က ခေါင်းညိတ်လိုက်ပြီး "အင်း... အစ်ကိုလင်းက ကျွန်တော့်ကို စောင့်ကြပ်ပေးတာလေ... ဒီမနက်တင် ရောက်သွားပြီး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားတာပါ"

တင်းယန်က ကျောက်ခိုင်ကို စူးစိုက်ကြည့်နေရင်း "ငါနဲ့ တစ်ပွဲလောက် ယှဉ်ရအောင်" ဟု ရုတ်တရက် ပြောလိုက်၏။

ကျောက်ခိုင် ကြောင်အမ်းသွားပြီး "ဗျာ"

"ငါနဲ့ တစ်ပွဲလောက် ယှဉ်ရအောင်လို့ ပြောတာ... မျိုးရိုးဗီဇမျိုးစေ့ နိုးထလာပြီးတဲ့နောက် ဘယ်လောက်တောင် အစွမ်းထက်လာလဲဆိုတာ ငါ ကြည့်ချင်တယ်"

"မဖြစ်ဘူး မဖြစ်ဘူး... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျောက်ခိုင်က ခေါင်းကို တရစပ် ခါယမ်းလိုက်ပြီး အလျင်အမြန် နောက်ဆုတ်သွားသည်။

သူတို့အဖွဲ့ မိန်တုဥယျာဉ်မှာ စတင်ရှိနေစဉ်ကတည်းက တင်းယန်က အနည်းငယ် အေးစက်စက်နိုင်ပြီး လူရာမဝင်သည့် ပုံစံ ပေါက်နေခဲ့သည်။

အေးစက်ခက်ထန်သော အသွင်အပြင်အောက်တွင် မည်သူ့ကိုမဆို အဝေးသို့ တွန်းထုတ်ထားသကဲ့သို့ ရှိနေခဲ့၏။

သို့သော် အမတင်းက ဤနည်းလမ်းကို အသုံးပြုကာ သူမ၏ အားနည်းချက်များကို ဖုံးကွယ်ရန်အတွက် မာကျောသော အကာအကွယ်တစ်ခုကို ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း ကျောက်ခိုင်က သိထားသည်။

ယခင်က သူ အစွမ်း မနိုးထသေးချိန်၌ လက်တစ်ဖက် ပြတ်သွားခဲ့ဖူး၏။

လင်းယွမ်တို့အဖွဲ့၏ စွန့်ပစ်ခြင်းကို ခံရတော့မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း လင်းယွမ်က သူ့ကို မစွန့်ပစ်ခဲ့သည့်အပြင် လျှောက်လမ်း တံခါးဝကို စောင့်ကြပ်ရန်ပင် စီစဉ်ပေးခဲ့သည်။

သူ လျှောက်လမ်း၌ စောင့်ကြပ်နေရသည့် အချိန်တိုင်းတွင် အမတင်းက ဘာမှမပြောသော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ ရည်ရွယ်ချက်မပါဘဲဖြစ်စေ အခန်းတံခါးကို ဖွင့်ထားပေးကာ သူ့ကို စောင့်ရှောက်ပေးခဲ့သည်။

ထိုအချိန်က သူသည် လက်တစ်ဖက် ပြတ်နေပြီး အစွမ်းလည်း မနိုးထသေးပေ။

လျှောက်လမ်းပေါ်တွင် မသမာသူများသာ ရှိလာခဲ့ပါက သူက ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။

ထို့ကြောင့် ယနေ့အချိန်အထိ အမတင်း၏ စောင့်ရှောက်မှုများကို သူ အမြဲတမ်း မှတ်သားထားခဲ့သည်။

ဒါကြောင့် သူက အမတင်းကို ဘယ်လိုလုပ်ပြီး လက်ပါနိုင်မည်နည်း။

တင်းယန်က မျက်မှောင်ကို တင်းကျပ်စွာ ကုတ်လိုက်ပြီး "အခြောက်လိုလုပ်မနေနဲ့... ချမှာဖြင့်ချစမ်းပါ" ဟု အော်ဟစ်လိုက်၏။

"မလုပ်ပါနဲ့ အမတင်းရယ်... ကျွန်တော်က..."

"နင် မချရင် ငါ စမယ်"

"ဝှစ်"

တင်းယန်က ပြောသည့်အတိုင်း လုပ်ဆောင်လိုက်ပြီး နောက်တစ်ခဏတွင် သူမ၏ ခြေဖဝါးအောက်၌ အစွမ်းသွင်းခြင်း အလင်းရောင် နှစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ သူမက လျှပ်စီးတစ်တန်းအလား အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွား၏။

ကျောက်ခိုင်က ကိုယ်ကို အလျင်အမြန် လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်ရာ တင်းယန်၏ လက်သီးချက်မှ သီသီလေး လွတ်မြောက်သွားခဲ့သည်။

တင်းယန်၏ လက်သီးအားက လေဟာနယ်ထဲတွင် ပေါက်ကွဲသွားပြီး လေဖိအားအမြောက်လက်သီး က ပေါက်ကွဲထွက်လာကာ ကျယ်လောင်သော လေလှိုင်းများ ထွက်ပေါ်လာသည်။

ကျောက်ခိုင်က အလွန် စိုးရိမ်သွားပြီး "အမတင်း... ဘာလုပ်တာလဲဗျာ" ဟု အလျင်အမြန် အော်ဟစ်လိုက်၏။

"ချစမ်း... ဟိုတုန်းက မော်ရှောင်ချန်ကို သတ်ခဲ့တဲ့ နင်ရဲ့ သတ္တိတွေကို ထုတ်ပြစမ်းပါ" တင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျောက်ခိုင်က ပြန်လည် မတိုက်ခိုက်ရဲသော်လည်း တင်းယန်က နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

သူမက ပေါက်ကွဲအားသုံးသည့် အစွမ်းတစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်ထားပုံ ရ၏။

အစွမ်းသွင်းခြင်း အလင်းရောင်၏ ပံ့ပိုးမှုအောက်တွင် ထူးခြားသော သင်္ကေတ လမ်းကြောင်းများ ဖြစ်ပေါ်လာပြီး သူမ၏ ခြေဖဝါးအောက်၌ ပေါက်ကွဲထွက်လာသည်။

အကြိမ်တိုင်းတွင် သူမက အမြောက်ဆံတစ်စင်းကဲ့သို့ ပစ်လွှတ်ခြင်း ခံရပြီး အလွန်တရာ ပြင်းထန်ကြမ်းကြုတ်လှသည်။

ကျောက်ခိုင်က ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ သူ၏ အစွမ်းကို အလျင်အမြန် လည်ပတ်လိုက်၏။

ခန္ဓာကိုယ်အတွင်းမှ အေးစိမ့်သော လေထုများ ချက်ချင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားတော့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရေခဲဝတ်စုံ များ တစ်လွှာပြီးတစ်လွှာ ပေါ်ထွက်လာသည်။

ထို့နောက်တွင်လည်း သူက ပြန်လည် မတိုက်ခိုက်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် တင်းယန်ကသာ အဆက်မပြတ် တိုက်ခိုက်နေပြီး ကျောက်ခိုင်၏ ခန္ဓာကိုယ်ပေါ်သို့ အကြိမ်ကြိမ် ထိမှန်ခဲ့သည်။

သို့သော် ကျောက်ခိုင်က တစ်ချက်လေးမျှ မတုန်မလှုပ် ရှိနေသည့်အပြင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အေးစိမ့်သော လေထုများက ပြန်လည် ရိုက်ခတ်သွားရာ တင်းယန်၏ လက်ခြေများကို ထုံကျင်သွားစေပြီး ရေခဲလွှာများ အများအပြား ဖြစ်ပေါ်သွားစေသည်။

တင်းယန်က ခန္ဓာကိုယ်ကို အစွမ်းသွင်းခြင်း ဖြင့် ကာကွယ်ထားသော်လည်း ဤအေးစိမ့်သော လေထုကိုတော့ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

မကြာမီမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရေခဲလွှာ တစ်ထပ် ဖုံးလွှမ်းသွားခဲ့၏။

ကျောက်ခိုင်က လုံးဝ မလှုပ်ရှားတော့ဘဲ နေရာမှာပင် ရပ်နေရင်း "အမတင်း... အမ မြင်တဲ့အတိုင်းပဲ... မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို ရောက်ပြီးတဲ့နောက် ကျွန်တော်က အကာအကွယ် အမျိုးအစား မျိုးရိုးဗီဇမြေပုံကို နိုးထနိုင်ခဲ့တယ်"

"ကျွန်တော် ဒီနေရာမှာ မလှုပ်မယှက် ရပ်နေရင်တောင်... အမက ကျွန်တော့်ရဲ့ ရေခဲဝတ်စုံ ကို ခွဲနိုင်မှာ မဟုတ်ဘူး"

တင်းယန်ကလည်း ရပ်တန့်သွားပြီး ကျောက်ခိုင်ကို စူးစိုက်ကြည့်ကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာကို အကဲခတ်နေလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူမက ရုတ်တရက် ရယ်မောလိုက်၏။

"မဆိုးဘူး... အခု နင်က လင်းယွမ်ရဲ့ အလေးထားတာနဲ့ တကယ်ကို ထိုက်တန်သွားပြီ"

ကျောက်ခိုင် ကြောင်အမ်းသွားပြီး "အမတင်း... အမ..."

တင်းယန်က ရေပြင်ကြီးဘက်သို့ လှည့်ကြည့်လိုက်ပြီး "ငါသိတယ်... သူ မသွားခင်က ထိုက်ယန်တောင်ကို နင်လက်ထဲ အပ်ခဲ့တာ သေချာတယ်"

ကျောက်ခိုင်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ဘယ်လို ပြောရမည်ကိုပင် မသိတော့ချေ။

တင်းယန်က ပြောလိုက်သည်။ "ငါတို့တွေက သုံးစားမရတာပါ... ဒီလောက် အချိန်ကြာနေတာတောင် သာမန် အစွမ်းပိုင်ရှင် အဆင့်မှာပဲ လည်ပတ်နေကြတုန်းပဲ"

"ဘာကိစ္စပဲ ဖြစ်ဖြစ် သူ့ကိုပဲ ရှေ့ဆုံးကနေ ရင်ဆိုင်ခိုင်းနေရတယ်"

"အဖွဲ့တစ်ဖွဲ့ဆိုတာ ဒီလိုမျိုး မဖြစ်သင့်ဘူးလေ... ဟုတ်တယ်မလား"

ကျောက်ခိုင်က တစ်စုံတစ်ရာကို နားလည်သွားပြီး တင်းယန်ကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။ "အမတင်း... အစ်ကိုလင်းက ကျွန်တော်တို့ကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဖူးပါဘူး..."

တင်းယန်က ခေါင်းလှည့်ကာ ကျောက်ခိုင်ကို ကြည့်လိုက်ပြီး "မဟုတ်ဘူး... သူက ငါတို့ကို အပြစ်မတင်ဘူး ဆိုပေမယ့် ငါတို့ကိုယ်တိုင်ကတော့ ဒါကို သဘာဝကျတယ်လို့ သတ်မှတ်ထားလို့ မရဘူး"

"ငါက မိန်းမတစ်ယောက်ပါ... အားနည်းသူတွေရဲ့ အခြေအနေကို ငါ ကောင်းကောင်းကြီး သိတယ်"

"ငါက သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး... အထူးသဖြင့် တစ်နေ့နေ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျရင် သူများလာကယ်ဖို့ကိုပဲ ထိုင်စောင့်နေရတဲ့ အဖြစ်မျိုးကို မလိုချင်ဘူး"

"ငါ့ကိုယ်ငါ အဲ့ဒီလို အခြေအနေမျိုးကို ရောက်အောင် ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး"

ကျောက်ခိုင်က ပါးစပ်ဟသွားပြီး "အမတင်း... အမ... အမ ဘာလုပ်မလို့လဲ"

"ငါ ထိုက်ယန်တောင်ကနေ ထွက်သွားတော့မယ်"

"ဘာ" ကျောက်ခိုင်က ချက်ချင်းပင် အလွန် အံ့အားသင့်သွားသည်။

ထို့နောက် သူက အလျင်အမြန် ပြောလိုက်၏။ "မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး... အစ်ကိုလင်းက သဘောတူမှာ မဟုတ်ဘူး"

တင်းယန်က ပြုံးလိုက်ပြီး "သူမှ ဒီမှာ မရှိတာ"

"ငါ အပြင်ထွက်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါတွေကို သွားရှာမယ်"

"ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ကို ရဖို့ နည်းလမ်းရှာရမယ်... ဒါမှ စောစောစီးစီး မျိုးရိုးဗီဇမျိုးစေ့ အဆင့် အစွမ်းထက်သူ ဖြစ်လာပြီး သူ့ကို ကူညီနိုင်မှာ"

"အမတင်း" ကျောက်ခိုင်က အလွန် စိုးရိမ်သွားပြီး ဖျောင်းဖျရန် ပြင်လိုက်သည်။

သို့သော် တင်းယန်က သူ့ကို အခွင့်အရေး မပေးတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။ "ငါ ဆုံးဖြတ်ပြီးသွားပြီ ကျောက်ခိုင်... နင်ရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင် ထိုက်ယန်တောင်ကို ကာကွယ်ထားဖို့ ပြဿနာ မရှိဘူး... ဒီမှာ ငါတစ်ယောက် လျော့သွားလို့လည်း ဘာမှ မဖြစ်ဘူး"

"ငါ့ရဲ့ ကိုယ်ပိုင် လမ်းကြောင်းကို ရှာဖွေဖို့ လိုနေပြီ... အရာရာတိုင်းကို လင်းယွမ်ကိုပဲ အားကိုးနေလို့ မရဘူး"

ထိုစကားကို ပြောပြီးသည်နှင့် သူမ၏ ကိုယ်ဟန်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး မိုးရေစက်များကြားထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ကျောက်ခိုင်မှာ အလွန် စိုးရိမ်သွားပြီး အလျင်အမြန် လိုက်သွားခဲ့သည်။

သို့သော် သူက အလျင်နှုန်းတွင် အားသာသူ မဟုတ်ဘဲ တင်းယန်၏ ပေါက်ကွဲအားက အလွန် ပြင်းထန်သဖြင့် မိနစ်အနည်းငယ် အကြာတွင် လုံးဝ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

ကျောက်ခိုင်မှာ ရင်ထဲတွင် မီးလောင်နေသကဲ့သို့ စိုးရိမ်ပူပန်နေသော်လည်း ဘာမှ မတတ်နိုင်တော့ပေ။

......

နာရီဝက် ကြာပြီးနောက်...

လင်းယွင်ကုန်း၊ လီရှင်းဟွာ စက္ကူစက်ရုံ။

လီရှင်းဟွာ၊ ကျိုးချင်းမင်၊ အမဝမ် နှင့် အခြားသူများက ဤနေရာတွင် စုဝေးနေကြသည်။

သူတို့အပြင် မိန်တောင်မှ လီရှန်ယန်၊ ကျန်းရုံရုံ နှင့် ယခင် ဟန်ရှန်းမန် အဖွဲ့မှ ဦးလေးကော၊ ရှမင် တို့ နှစ်ဦးလည်း ပါဝင်သည်။

ကျန်းရုံရုံက မနေနိုင်ဘဲ "ကျွန်မတို့က ဘယ်သူ့ကို စောင့်နေတာလဲ" ဟု မေးလိုက်သည်။

လီရှင်းဟွာက ဘာမှမပြောသော်လည်း ဘေးနားရှိ အမဝမ်က ပြုံးလျက် "အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့" ဟု ဖြေလိုက်၏။

ကျန်းရုံရုံက မျက်မှောင်ကြုတ်သွားပြီး "ဘယ်လို အရေးကြီးတဲ့ ပုဂ္ဂိုလ်မျိုးလဲ" ဟု မနေနိုင်ဘဲ ထပ်မေးလိုက်သည်။

"ရောက်လာရင် သိရမှာပေါ့" ကျိုးချင်းမင်က ဝင်ပြောလိုက်သည်။

လီရှန်ယန်က စကားစလိုက်သည်။ "ဘယ်သူ့ကို စောင့်နေလဲဆိုတာကို ကျွန်တော် စိတ်မဝင်စားပါဘူး... ကျွန်တော် တစ်ခုပဲ မေးချင်တယ်... ခင်ဗျားတို့ ပြောတဲ့ အဲ့ဒီ သတ္တဝါက တကယ်ပဲ အလင်းဓာတ် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားလား"

ကျိုးချင်းမင်က ပြန်ပြောသည်။ "သူက အလင်းဓာတ် အစွမ်းကို ထုတ်သုံးတာ ကျွန်တော် မြင်ဖူးတယ်... ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား ဟုတ်မဟုတ် ကိုတော့ ကျွန်တော် သေချာ မသိဘူး"

ဦးလေးကောက ရုတ်တရက် ဝင်ပြောလိုက်၏။ "အလင်းဆိုတာလည်း ဓာတ်သဘာဝ တစ်ခုပဲ မဟုတ်လား... ဓာတ်သဘာဝ အမျိုးအစားထဲမှာ မပါသင့်ဘူးလား"

လီရှန်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ "အလင်းနဲ့ အမှောင်က ရိုးရိုး ဓာတ်ကြီးငါးပါးနဲ့ မတူဘူး... ကျွန်တော့်ရဲ့ အလင်းဓာတ် အစွမ်းက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အများကြီး သက်ဆိုင်နေတယ်ဆိုတာ ကျွန်တော် ခံစားလို့ရတယ်"

ကျန်းရုံရုံက ရုတ်တရက် ဦးလေးကောနှင့် ရှမင်တို့ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ကျွန်မတို့က အဲ့ဒီ အလင်းဓာတ် သန္ဓေပြောင်း သတ္တဝါအတွက် သွားတာလေ... ရှင်တို့ နှစ်ယောက်က ဓာတ်သဘာဝ အမျိုးအစားတွေ မဟုတ်ဘူးလား... ဘာလို့ လိုက်လာကြတာလဲ"

ဦးလေးကောက ပြုံးလိုက်ပြီး ဆေးတံကို တစ်ချက်ဖွာကာ ပြောလိုက်၏။ "အဲ့ဒီနေရာမှာ အဲ့ဒီ ဘီလူးကောင် တစ်ကောင်တည်း ရှိတာမှ မဟုတ်တာ"

လီရှန်ယန်က လီရှင်းဟွာကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်ပြန်သည်။ "တကယ်ပဲ အဲ့ဒီလို နေရာမျိုး ရှိနေတာ သေချာရဲ့လား"

လီရှင်းဟွာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မယုံဘူးဆိုရင် ခင်ဗျား မလိုက်လို့ ရပါတယ်"

ရှမင်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "ခင်ဗျားက ဘာလို့ ဆရာလင်းကို အတူတူသွားဖို့ မခေါ်တာလဲ... သူသာ ပါမယ်ဆိုရင် ကျွန်တော်တို့ မျိုးရိုးဗီဇမျိုးစေ့ ဘီလူးကောင်တွေကို သတ်ရတာ အများကြီး လွယ်ကူသွားမှာ မဟုတ်ဘူးလား"

လီရှင်းဟွာက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အစကတော့ ဆရာလင်းကို ခေါ်မလို့ပါပဲ... ဒါပေမယ့် အခု ထိုက်ယန်တောင်မှာ ဒီလိုကိစ္စမျိုး ဖြစ်နေတော့... အချိန်တိုအတွင်း သူလည်း အားဦးမှာ မဟုတ်လောက်ဘူး"

"အခု ထိုက်ယန်တောင်မှာ လူတိုင်း သီးသန့်ခွဲနေရတဲ့ အချိန်နဲ့ အံကိုက်ဖြစ်နေတော့... ဒီအခွင့်အရေးကို ယူပြီး ကျွန်တော်တို့ အဲ့ဒီနေရာကို သွားစူးစမ်းကြည့်တာကလည်း ကောင်းပါတယ်"

ရှမင်က သဘောပေါက်သွားပြီး ထပ်မေးရန် ပြင်လိုက်သည်။

ရုတ်တရက် လီရှင်းဟွာက ဝါးတောဘက်သို့ ခေါင်းမော့ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ "ရောက်လာပြီ" ဟု ပြောလိုက်၏။

ဝါးတောထဲမှ သန်မာဖျတ်လတ်သော ကိုယ်ဟန်တစ်ခုက လျှပ်တစ်ပြက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

"ခေါင်းဆောင်တင်း... ခင်ဗျား နောက်ကျနေပြီ" လီရှင်းဟွာက ပြုံးလျက် ပြောလိုက်သည်။

တင်းယန်က လူအများကို တစ်ချက်ကြည့်လိုက်ပြီး "ကျွန်မ လာမယ်ဆိုတာ ရှင်က အဲ့ဒီလောက်တောင် သေချာနေတာလား" ဟု ပြောလိုက်သည်။

"ဟားဟား... သေချာတာပေါ့... ဘာလို့လဲဆိုတော့ ထိုက်ယန်တောင်ကို ဆရာလင်း တစ်ယောက်တည်းကပဲ အားပြုနေရတာ မဖြစ်သင့်မှန်း ကျွန်တော်တို့ အားလုံး သိထားကြတယ်လေ"

"ကျွန်တော်တို့က တိုးတက်မှု မရှိဘူးဆိုရင်... ဆရာလင်းအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာလေ... မဟုတ်ဘူးလား" လီရှင်းဟွာက ပြုံးကာ ပြောလိုက်သည်။

တင်းယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောတော့ဘဲ "အဲ့ဒီ သင်္ဘောကပ္ပတိန် ပြောတဲ့ သတင်းက သေချာတယ်ဆိုတာ ရှင် အတည်ပြုနိုင်လား" ဟုသာ မေးလိုက်၏။

လီရှင်းဟွာက ခေါင်းညိတ်လိုက်သည်။ "သေချာပါတယ်... ကိုကျိုး ကိုယ်တိုင် သွားကြည့်ပြီးပြီ... အဲ့ဒီနေရာက ဟင်းလင်းပြင်က တကယ် ပြဿနာ ရှိနေတယ်... ဆယ်ပုံ ကိုးပုံလောက်ကတော့ ဟင်းလင်းပြင် ခေါက်ချိုးဖြစ်စဉ် ပဲ ဖြစ်ရမယ်"

"ဒါပေမယ့် ခေါက်ချိုးဖြစ်နေတဲ့ ဟင်းလင်းပြင် ဧရိယာက ဘယ်လောက်ကျယ်လဲ ဆိုတာကိုတော့ ကျွန်တော် အတည်မပြုနိုင်သေးဘူး... အထဲကို ဝင်ကြည့်မှပဲ သိရမှာ"

"ဒါပေမယ့် တစ်ဖက်လူ ပြောပုံအရဆိုရင်တော့... အထဲမှာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေ သေချာပေါက် ရှိနေတယ်"

"ဟုတ်ပြီ... ဒါဆို သွားကြမယ်"

တင်းယန်က ချက်ချင်းပင် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

လီရှင်းဟွာက ရယ်မောလိုက်ပြီး "သင်္ဘောကို အစောကတည်းက ပြင်ဆင်ထားပြီးပြီ... သွားကြစို့" ဟု ပြောလိုက်၏။

တကယ်တော့ လွန်ခဲ့သည့် အချိန်ကာလ တစ်ခုက ထိုက်ယန်တောင် ရေပေါ်တံတားဆိပ်ကမ်းမှာ စည်ကားလာခဲ့ပြီး အနီးအနားရှိ သင်္ဘောပုံစံ ခိုလှုံရေးစခန်း အချို့က ထိုက်ယန်တောင်၏ ရေပေါ်တံတားဆိပ်ကမ်းသို့ လာရောက်ကာ ရိက္ခာများ ဖြည့်တင်းလေ့ ရှိကြသည်။

သို့မဟုတ် တချို့ကလည်း ထိုက်ယန်တောင်သို့ ဝင်ရောက်ကာ ထိုက်ယန်တောင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန်ပင် ဆန္ဒရှိနေကြသည်။

သို့သော် တစ်လတိတိ တာဝန်ထမ်းဆောင်ရမည် ဟူသော စည်းကမ်းချက်က သင်္ဘောအချို့ကို တွေဝေသွားစေခဲ့သည်။

ထို့အပြင် သင်္ဘောအတော်များများကလည်း ထိုက်ယန်တောင်သို့ ဝင်ရောက်ပြီးပါက သူတို့၏ သင်္ဘောများမှာ သိမ်းဆည်းခံရမည်ကို စဉ်းစားနေကြသည်။

နောက်ထပ် အချက်တစ်ချက်မှာ ရေများ လွှမ်းမိုးကာ ဆက်လက် မြင့်တက်နေဆဲဖြစ်ရာ ထိုက်ယန်တောင်က မည်မျှ ကြာကြာ တောင့်ခံထားနိုင်မည်ကို မည်သူကမျှ မသိနိုင်ပေ။

အနာဂတ်တွင် အကယ်၍ ထိုက်ယန်တောင်သာ ရေလွှမ်းခံရမည်ဆိုပါက သူတို့က ထိုက်ယန်တောင်သို့ ဝင်ရောက်ခြင်းသည် ကျဆုံးခါနီးစစ်တပ်ထဲ ဝင်သလို ဖြစ်မသွားပေဘူးလား။

ထိုသို့ဆိုလျှင် ကိုယ့်သင်္ဘောကိုယ် စောင့်ပြီး ဆက်လက် စောင့်ကြည့်နေတာကမှ ပိုကောင်းပေလိမ့်မည်။

သို့သော်လည်း သင်္ဘော ခိုလှုံရေးစခန်း အချို့၏ ခေါင်းဆောင်များက ထိုက်ယန်တောင်၏ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားကြပြီး ဤနေရာရှိ ပတ်ဝန်းကျင် အခြေအနေကိုလည်း သဘောကျကာ ဝင်ရောက်ရန် တစ်ခဲနက် ဆန္ဒရှိနေကြသည်။

သို့သော် ထိုက်ယန်တောင် ဘက်တွင်လည်း စိစစ်ရေး သတ်မှတ်ချက်များ ရှိနေပြီး မည်သူမဆို အလွယ်တကူ ဝင်ရောက်သည်တော့ မဟုတ်ပေ။

သတ်မှတ်ထားသော အထူးကျွမ်းကျင်မှု တစ်ခုခု ရှိမှသာ စိစစ်မှုကို အလွယ်တကူ အောင်မြင်နိုင်မည် ဖြစ်သည်။

အချို့သော သူများက ဤစိစစ်ရေးကို မြင်တွေ့ရသောအခါ ထိုက်ယန်တောင် အတွင်းပိုင်းရှိ လူများထံမှ အကူအညီ ရယူရန် နည်းလမ်းရှာကြသည်။

သေချာသည်ကတော့ ဤသည်မှာလည်း ထိုက်ယန်တောင်၏ စည်းမျဉ်း ဘောင်အတွင်း၌ပင် ရှိနေသည်။

လီရှင်းဟွာ၏ စက္ကူစက်ရုံက ယခုအခါ ထိုက်ယန်တောင်တွင် နာမည်အတော်လေး ရနေပြီ ဖြစ်သည်။

ထို့ကြောင့် လီရှင်းဟွာထံသို့ လာရောက်ကာ အကူအညီ တောင်းခံသူများ ရှိလာခဲ့သည်။

လီရှင်းဟွာက သဘာဝကျကျပင် အလကား ကူညီပေးမည် မဟုတ်ဘဲ အများအားဖြင့် ထိုသို့ လာရောက် အကူအညီ တောင်းခံသူများကို ဂရုစိုက်လေ့ မရှိပေ။

သို့သော် လွန်ခဲ့သည့်လက သင်္ဘောခေါင်းဆောင် တစ်ယောက်က ဟင်းလင်းပြင် ခေါက်ချိုးခြင်း နှင့် ပတ်သက်သည့် သတင်းတစ်ခုကို အသုံးပြုကာ ထိုက်ယန်တောင်သို့ ဝင်ရောက်ခွင့် တစ်နေရာကို တောင်းဆိုလာခဲ့သည်။

လီရှင်းဟွာ ကိုယ်တိုင်ကလည်း ဟင်းလင်းပြင် အစွမ်းပိုင်ရှင် တစ်ဦးဖြစ်ရာ ဟင်းလင်းပြင် နှင့် ပတ်သက်သည့် သတင်းကို ကြားလိုက်ရချိန်တွင် အလိုအလျောက်ပင် စိတ်ဝင်စားသွားခဲ့သည်။

ထို့ကြောင့် အပေးအယူ တစ်ခု ပြုလုပ်ပြီးနောက် ထို ဟင်းလင်းပြင် ခေါက်ချိုးခြင်း ရှိရာ တည်နေရာကို သူ ရရှိခဲ့ပြီး ကျိုးချင်းမင်နှင့် အတူ ကိုယ်တိုင် သွားရောက်ခဲ့သည်။

ထိုသို့ သွားရောက် စုံစမ်းကြည့်ရှုလိုက်မှသာ ဤ ဟင်းလင်းပြင် ခေါက်ချိုးခြင်း က အလွန် ထူးခြားနေကြောင်း သူ တွေ့ရှိလိုက်ရသည်။

ဤနေရာရှိ ခေါက်ချိုးဖြစ်နေသော ဟင်းလင်းပြင် နယ်ပယ်က အလွန် ကြီးမားပုံရပြီး သူက ချက်ချင်းပင် သူ၏ အစွမ်းကို အသုံးပြုကာ ကျိုးချင်းမင်ကို အတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။

ကျိုးချင်းမင်၏ သွေးမြူခိုး အစွမ်းက ဤ ဟင်းလင်းပြင် ခေါက်ချိုးခြင်း အတွင်းသို့ ပြီးပြည့်စုံစွာ ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့သည်။

အတွင်း၌ ကြီးမားလှသော ကုန်းမြေကျွန်းကြီးများ ရှိနေရုံသာမက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းထက် သန္ဓေပြောင်း သတ္တဝါ အများအပြားလည်း ရှင်သန် နေထိုင်နေကြကြောင်း တွေ့ရှိလိုက်ရသည်။

ထိုမျှမက ထိုနေရာက သီးခြား ဟင်းလင်းပြင် ဖြစ်နေသဖြင့် မိုးသက်မုန်တိုင်းများ မရှိသောကြောင့် ထိုနေရာရှိ ကုန်းမြေများက လုံးဝ ရေလွှမ်းမိုးခံရခြင်း မရှိသေးပေ။

အများစုမှာ ကျွန်းများအဖြစ် ပြောင်းလဲသွားပြီး ရေလွှမ်းမိုးမှုက ဆက်လက် ပြန့်နှံ့နေဆဲ ဖြစ်သော်လည်း အတွင်း၌ ခြေကုပ်ယူစရာ နေရာ ရှိနေသေးသည်။ တစ်ခုတည်းသော ပြဿနာမှာ ဤ ဟင်းလင်းပြင် ခေါက်ချိုးခြင်း က မည်မျှ ကြာကြာ တည်ရှိနေနိုင်မည်ကို မသိရခြင်းပင် ဖြစ်သည်။

သူတို့နှစ်ယောက် ပြန်ရောက်လာပြီးနောက် လင်းယွမ်ကို သတင်းပို့ရန် ရည်ရွယ်ထားခဲ့ကြသည်။

သို့သော် တိုက်ဆိုင်စွာပင် လင်းယွမ်က ထိုက်ယန်တောင်မှ ထွက်ခွာသွားပြီး မြူခိုးမြို့တော် သို့ သွားရောက်ခဲ့သည်။

ထို့ကြောင့် ဤကိစ္စက နှောင့်နှေးသွားခဲ့ရသည်။

နောက်ပိုင်းတွင် လင်းယွမ် ပြန်ရောက်လာပြီးနောက် မျိုးရိုးဗီဇမျိုးစေ့ နှင့် ပတ်သက်သည့် သတင်းများကို ယူဆောင်လာခဲ့ပြီး မျိုးရိုးဗီဇမျိုးစေ့ကို ရောက်ရန် သက်ဆိုင်ရာ ဓာတ်သဘာဝရှိသော မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါ၏ သွေးစစ်စစ်ကို ရယူရန် လိုအပ်ကြောင်း ရှင်းပြခဲ့သည်။

ထိုအချက်က လီရှင်းဟွာ၊ ကျိုးချင်းမင် နှင့် အခြားသူများကို ချက်ချင်းပင် စိတ်အား ထက်သန်သွားစေခဲ့သည်။

ထို ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းရှိ အစွမ်းထက် သန္ဓေပြောင်း သတ္တဝါများမှာ ဆယ်ပုံ ကိုးပုံခန့် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ သန္ဓေပြောင်း သတ္တဝါများ ဖြစ်ကြောင်းကို သူတို့က ခန့်မှန်းမိပြီး ဖြစ်သည်။

သို့သော် သူတို့၏ စွမ်းအားက အမှတ် ၅၀ သို့ မရောက်ရှိသေးသောကြောင့် ကိုယ်ကျိုးရှာလိုစိတ်များ လွှမ်းမိုးလာကာ လင်းယွမ်ကို သတင်းမပို့ခဲ့ကြပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က လီရှင်းဟွာနှင့် ကျိုးချင်းမင်တို့ အဖွဲ့ နောက်ဆုံးတွင် အဓိက အရည်အသွေး အမှတ် ၅၀ ကို ရောက်ခဲ့ချိန်၌ ထိုက်ယန်တောင်တွင် ရုတ်တရက် ကူးစက်ရောဂါ ကျရောက်လာခဲ့သည်။

လင်းယွမ်မှာ လုံးဝ အားမလပ်နိုင် ဖြစ်နေသဖြင့် သူတို့ကလည်း လင်းယွမ်ကို အနှောင့်အယှက် ပေးရန် အခက်တွေ့နေခဲ့ကြသည်။

ထို့ကြောင့် လီရှင်းဟွာက တင်းယန်ကို ကိုယ်တိုင် သွားရောက် ရှာဖွေခဲ့ပြီး အဓိက အရည်အသွေး အမှတ် ၅၀ ပြည့်နေပြီဖြစ်သော အစွမ်းပိုင်ရှင် အချို့ကိုပါ ထပ်မံ ရှာဖွေခဲ့သည်။

ထို့ကြောင့် ယခုကဲ့သို့ စုဝေးမှု ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ဤတစ်ကြိမ် မျိုးရိုးဗီဇမျိုးစေ့ ဘီလူးကောင်များကို သတ်ဖြတ်ရန်အတွက် သူတို့က အပြည့်အဝ ပြင်ဆင်ထားခဲ့ကြသည်။

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ နောက်ဆုံးပေါ် ကိရိယာများဖြစ်သော စွမ်းအင်တိုင်းမျက်မှန်... ချိတ်ပိတ် သင်္ကေတ အစီအရင် ကို ယူဆောင်လာခဲ့ရုံသာမက အမျိုးမျိုးသော အစွမ်း လက်နက်သစ်များကိုပါ ယူဆောင်လာခဲ့ကြသည်။

တကယ်တော့ အသေချာဆုံး နည်းလမ်းမှာ လင်းယွမ်ကို သူတို့နှင့် အတူတူ လိုက်သွားခိုင်းခြင်း ဖြစ်ကြောင်း တင်းယန်၏ စိတ်ထဲတွင် ကောင်းကောင်းကြီး သိနေသည်။

သို့သော် ယခုအချိန်တွင် ထိုက်ယန်တောင်က လင်းယွမ်ကို လိုအပ်နေပြီး သူမကလည်း ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်ချင်ပေ။

လီရှင်းဟွာတို့က ကိုယ့်ဘာသာကိုယ် တိုးတက်ကြီးထွားနိုင်တယ် ဆိုရင်... သူမ တင်းယန်ကရော ဘာလို့ မရနိုင်ရမှာလဲ။

......

ယခုအချိန်တွင်တော့ လင်းယွမ်က တင်းယန်နှင့် လီရှင်းဟွာတို့၏ အစီအစဉ်များကို မသိရှိသေးပေ။

သူ စီးနင်းလာသော ထိုက်ယန်တောင် စက်လှေမှာ ရေပြင်ပေါ်တွင် အလွန် လျင်မြန်သော အရှိန်နှုန်းဖြင့် ပြေးလွှားနေသည်။

သို့သော် ဆယ်မိုင်ခန့်မျှသာ မောင်းနှင်ရသေးချိန်တွင် လင်းယွမ်၏ အမြန်ယာဉ်က အခက်အခဲနှင့် ကြုံတွေ့ရလေတော့သည်။

ရှေ့ရှိ ရေပြင်ပေါ်တွင် လှိုင်းလုံးကြီးများ လိမ့်တက်နေပြီး အရိုးခေါင်း ပုံသဏ္ဍာန်ရှိသော ဧရာမ သင်္ဘောကြီး တစ်စင်းက ရေပေါ်တွင် ပေါလောပေါ်နေကာ လင်းယွမ်တို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရလေသည်။

ဆက်ရန်...

All Chapters