အခန်း (၄၆၃-၄၆၄)
Vol. 24 Ch. 463-464
အပိုင်း(၄၆၃) အရိုးဖြူသင်္ဘောမိစ္ဆာ
သူတို့ရှေ့ရှိ ဧရာမ စစ်သင်္ဘောကြီးက အမြင့် ပေသုံးဆယ်ကျော်ခန့် ရှိပြီး အလျား ပေသုံးရာကျော် ရှည်လျားသည်။
တစ်ကိုယ်လုံး၏ ပုံပန်းသဏ္ဍာန်က တစ်စုံတစ်ရာသော သက်ရှိသတ္တဝါ၏ အရိုးစုများဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး သင်္ဘောဦးပိုင်းကမူ ငါးတစ်မျိုးမျိုး၏ ခေါင်းစဉ်းအရိုးစုနှင့် ပို၍ တူနေသည်။
ဤဧရာမ စစ်သင်္ဘောကြီး၏ အောက်ဘက်တွင်မူ အရိုးများဖြင့် ဖွဲ့စည်းထားသော ထူးဆန်းသည့် သင်္ဘောငယ်လေးအချို့က ဘေးတစ်ဖက်တစ်ချက်စီမှ ရံရွေတော်များသဖွယ် ဝန်းရံကာ လှည့်လည်သွားလာနေကြသည်။
လင်းယွမ်၏ အမြန်ယာဉ်က အဝေးတစ်နေရာတွင် ရပ်တန့်သွားရာ ဤဧရာမ အရိုးစစ်သင်္ဘောကြီး၏ အရှေ့တွင် ထိုက်ယန်တောင် အမြန်ယာဉ်လေးက အနည်းငယ် သေးငယ်သွားသယောင် ထင်ရသည်။
ထူလုံ၏ မျက်နှာအမူအရာက လေးနက်သွားပြီး ပြောလိုက်သည်။ "ဒီလောက်ကြီးတဲ့ သင်္ဘောကြီး ဘယ်လိုလုပ် ရှိနေတာလဲ"
ပိုင်ကျစ်လဲ့ကလည်း မနေနိုင်ဘဲ အံ့သြတကြီး ရေရွတ်လိုက်သည်။ "ဒီသင်္ဘောရဲ့ ပုံစံက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ"
လင်းယွမ်ကလည်း မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "တကယ်ကို ထူးဆန်းတာပဲ... ဒီနေရာက ငါတို့ ထိုက်ယန်တောင်နဲ့ မိုင်သုံးဆယ်တောင် မဝေးဘူးလေ... ဒီလို သင်္ဘောကြီးမျိုး ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ"
"ဆရာလင်း... ကျွန်တော် သွားကြည့်လိုက်ရမလား" ထူလုံက ချက်ချင်း မေးလိုက်သည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။ "ငါပဲ သွားကြည့်လိုက်မယ်... မင်းတို့ ဒီကနေပဲ စောင့်နေကြ"
သူက ပြဿနာ အသစ်တွေ ထပ်မရှာချင်တော့ပေ။ ရောဂါပိုး ကျွမ်းကျင်ပညာရှင် ကျန်းဇီယန်ကို အမြန်ဆုံး ရှာတွေ့ရန်က အရေးကြီးဆုံး ဖြစ်သည်။
သို့သော် ဤကဲ့သို့ ထူးဆန်းသော ပုံစံရှိသည့် သင်္ဘောကြီးတစ်စီးက ထိုက်ယန်တောင်နှင့် မိုင်သုံးဆယ်ခန့်သာ ကွာဝေးသော နေရာတွင် ပေါ်လာသည်ဖြစ်ရာ သူက သဘာဝကျကျပင် ပေါ့ဆနေ၍ မရနိုင်ပေ။
သူ၏ ကိုယ်ဟန်က တစ်ချက် လှုပ်ရှားသွားသည်နှင့် လေထဲသို့ တိုက်ရိုက် ခုန်ပျံတက်သွားပြီး ထိုအရိုးသင်္ဘောကြီးဆီသို့ အလျင်အမြန် ပျံသန်းသွားတော့သည်ကို မြင်လိုက်ရသည်။
"ဝှစ်"
ခဏအကြာမှာပင် သူက ထိုအရိုးသင်္ဘောကြီးအနီးသို့ အလျင်အမြန် ရောက်ရှိသွားလေပြီ။
အရိုးသင်္ဘောကြီး၏ ပတ်ပတ်လည်ရှိ ကင်းလှည့် သင်္ဘောငယ်လေးများက သူ ရှိနေသည်ကို သတိမထားမိကြပေ။ လင်းယွမ်က သူ၏ ကိုယ်ဟန်ကို သင်္ဘောကိုယ်ထည်မှ အပြင်သို့ ငေါထွက်နေသော အရိုးများကြားတွင် ဖုံးကွယ်ထားလိုက်သည်။
ရှေးဦးစွာ သူက အောက်ဘက်ရှိ ထိုသင်္ဘောငယ်လေးများကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
အနီးကပ် လေ့လာကြည့်လိုက်သောအခါ ဤသင်္ဘောငယ်လေးများက သင်္ဘောများ မဟုတ်ဘဲ အစစ်အမှန် သန္ဓေပြောင်း သတ္တဝါများ၏ အရိုးစုများ ဖြစ်နေကြောင်း လင်းယွမ် သတိထားမိလိုက်သည်။
ထူးဆန်းသည်မှာ ၎င်းတို့က အရိုးစုသာ ကျန်တော့သည်ဆိုသော်ငြားလည်း အသက်ရှင်နေသော သတ္တဝါများကဲ့သို့ ရေထဲတွင် ကူးခတ်သွားလာနေဆဲ ဖြစ်နေခြင်းပင်။
"ဒါက ဘယ်လို အခြေအနေကြီးလဲဟ"
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး သူက ကိုယ်ဟန်ကို တစ်ချက် ခုန်ပျံလိုက်ကာ ဤထူးဆန်းသော သင်္ဘောကြီးပေါ်သို့ တိုက်ရိုက် တက်ရောက်သွားတော့သည်။
ဤသင်္ဘော၏ ကုန်းပတ်ပေါ်တွင် လင်းယွမ် ထင်မှတ်ထားသကဲ့သို့ တင်းကြပ်သော အစောင့်အရှောက်များ မရှိပေ။
ကုန်းပတ်ပေါ်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လင်းယွမ် မတွေ့ရသည့်အပြင် မြေပြင်ပေါ်၌ လဲလျောင်းနေသော လူသေအရိုးစု အများအပြားကိုပင် တွေ့လိုက်ရပြီး မည်မျှကြာအောင် သေဆုံးနေခဲ့မှန်းပင် မသိနိုင်တော့ချေ။
လင်းယွမ်၏ ရင်ထဲတွင် အံ့သြသွားသည်။ "ဒီသင်္ဘောပေါ်မှာ လူမရှိဘူးလား"
စိတ်ထဲတွင် ထူးဆန်းနေသဖြင့် လင်းယွမ်က သင်္ဘောအတွင်းပိုင်းသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ခြေလှမ်း နှစ်လှမ်းမျှပင် မလျှောက်ရသေးမီ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
"မ... မဝင်သွားနဲ့"
လင်းယွမ်၏ ခြေလှမ်းများက ချက်ချင်း ရပ်တန့်သွားပြီး ရင်ထဲတွင် တုန်လှုပ်သွားကာ ကုန်းပတ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ လူသေအရိုးစုများမှလွဲ၍ မည်သည့်အရာကိုမျှ သူ မတွေ့ရပေ။
"ဘယ်သူလဲ"
"မဝင်သွားနဲ့... မြန်မြန် ထွက်သွားတော့"
ထိုအသံက ထပ်မံ ထွက်ပေါ်လာရာ လင်းယွမ်က အသံလာရာ နေရာကို ချက်ချင်း ဖမ်းဆုပ်နိုင်လိုက်သည်။
သူ၏ အကြည့်များက ကုန်းပတ်ပေါ်ရှိ ဧရာမ ရွက်တိုင်ကြီးဆီသို့ အလိုအလျောက် ရောက်ရှိသွားတော့သည်။
ထိုထူးဆန်းသော အသံက ဤရွက်တိုင်ကြီးပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။
လင်းယွမ်က သံသယများနှင့်အတူ ရွက်တိုင်ကြီးရှေ့သို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
ဤရွက်တိုင်ကြီးမှာ မျက်မြင်ခန့်မှန်းချက်အရ အချင်း သုံးပေကျော်ခန့် ရှိပြီး ၎င်း၏ အပေါ်တွင် ကြိုးများကဲ့သို့သော အရာများကို အထပ်ထပ် ရစ်ပတ်ချည်နှောင်ထားသည်။
သို့သော် သေချာစွာ ကြည့်လိုက်သောအခါ ဤကြိုးများက မြွေများကဲ့သို့ ဖြစ်နေပြီး အပေါ်ယံတွင် စေးကပ်သော အရည်များ စိမ့်ထွက်နေကာ သာမန် ကြိုးများနှင့် လုံးဝ မတူညီပေ။
လင်းယွမ်၏ စိတ်စွမ်းအင်များက ထိုကြိုးများပေါ်သို့ အလျင်အမြန် ဖြတ်သန်းသွားရာ သူ၏ မျက်နှာအမူအရာက ချက်ချင်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
သူက လက်ကို လှမ်းဆွဲလိုက်ရာ အရိုးဓားတစ်လက်က သူ၏ လက်ထဲတွင် ပေါ်လာသည်။
နောက်တစ်ခဏတွင် သူက အပေါ်မှနေ၍ အောက်ဘက်သို့ အားကုန်သုံးကာ ခုတ်ချလိုက်သည်။
"ဖျန်း"
ချက်ချင်းဆိုသလိုပင် "ကြိုး"များက အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ပြတ်တောက်သွားသော ကြိုးများထဲမှ သွေးများ အမြောက်အမြား ပန်းထွက်လာသည်။
"ရှီး"
ထိတ်လန့်ဖွယ်ရာ စုပ်ယူသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် ရွက်တိုင်ပေါ်တွင် ရစ်ပတ်ထားသော ကြိုးများက ရုတ်တရက် ပြေကျသွားသည်။
ခဏအတွင်းမှာပင် ထူးဆန်းသော မြွေပေါင်းများစွာက ခေါင်းပြူထွက်လာပြီး အစွယ်များ၊ လက်သည်းများကို ထုတ်ဖော်ပြသကာ လင်းယွမ်ဆီသို့ အကြမ်းပတမ်း ရစ်ပတ်ဝင်ရောက်လာကြသည်။
လင်းယွမ်၏ ကိုယ်ဟန်က အလျင်အမြန် နောက်ဆုတ်သွားပြီး တစ်ချိန်တည်းမှာပင် လက်ဝါးနှစ်ဖက်ဖြင့် ရွက်တိုင်ကြီးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဒုန်း"
အစွမ်းများကို အသက်သွင်းလိုက်မှုအောက်တွင် မရေမတွက်နိုင်သော အအေးဓာတ်များက အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ ရိုက်ခတ်သွားတော့သည်။
ပစ်ဝင်လာသော မြွေခေါင်းများ အားလုံးက ရေခဲရုပ်တုများအဖြစ်သို့ တစ်ကောင်ပြီးတစ်ကောင် အေးခဲသွားကြသည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်က ထိုရွက်တိုင်ကြီးကို လှမ်းကြည့်လိုက်သည်။
ရွက်တိုင်ကြီးက လေဟာနယ်ထဲတွင် တစ်ဆမျှ သေးငယ်သွားသည်ကို မြင်လိုက်ရပြီး ပတ်ပတ်လည်တွင် မြွေခေါင်းများဖြင့် ပြည့်နှက်နေကာ အတွင်းဘက် ချိုင့်ဝင်နေသော နေရာ၌ လုံးဝ မပုပ်သိုးသေးသော လူသေအရိုးစု အများအပြား ရှိနေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
အရိုးစုများ၏ အပြင်ဘက်ဆုံးတွင် အရိုးပေါ်အရေတင် ပိန်ချုံးနေသော အမျိုးသားတစ်ဦးက လင်းယွမ်ကို ကြည့်နေပြီး သူ၏ မျက်နှာတစ်ခုလုံးတွင် တောင်းပန်တိုးလျှိုးနေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
"ကယ်... ကယ်ပါဦး"
လင်းယွမ်၏ ကိုယ်ဟန်က တစ်ချက် ခုန်ပျံသွားပြီး နောက်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်တစ်ချက် ခါယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ကြယ်ရေခဲ သံကြိုးက ပြင်းထန်စွာ ပစ်ထွက်သွားတော့သည်။
"ဒုန်း"
သံကြိုးက ၎င်းတို့ထဲမှ အရိုးစုတစ်ခုကို တိုက်ရိုက် ဖောက်ထွင်းသွားပြီးနောက် ထိုအရိုးပေါ်အရေတင် ပိန်ချုံးနေသော အမျိုးသားကို အကြမ်းပတမ်း ရစ်ပတ်ကာ အားကုန် ဆွဲယူလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ရေခဲစ အများအပြား ပေါက်ကွဲထွက်သွားပြီး မြွေခေါင်းများစွာက ရူးသွပ်စွာ တိုးဝှေ့လာကာ ကြယ်ရေခဲ သံကြိုးကို ရစ်ပတ်၍ လင်းယွမ်နှင့် အားပြိုင်နေကြသည်။
လင်းယွမ်က ချက်ချင်း အေးစက်စက် ရယ်မောလိုက်ပြီး ဧရာမ ခွန်အားများကို ပေါက်ကွဲထုတ်တော့မည့် အဆဲတွင်...
ရုတ်တရက် ဤအချိန်လေးမှာပင် ကုန်းပတ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါလာတော့သည်။
ထို့နောက်တွင် ဤအရိုးကုန်းပတ်ကြီးက အသက်ဝင်လာသကဲ့သို့ ဧရာမ ပါးစပ်ကြီးကို အကြမ်းပတမ်း ဖြဲကားလိုက်သည်။
ချွန်ထက်သော သွားများ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာရာ လင်းယွမ်၏ ခြေအောက်က ဟာလာဟင်းလင်း ဖြစ်သွားပြီး အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
အရေးပေါ် အခြေအနေတွင် သူက စိတ်စွမ်းအင်များကို လေထဲတွင် တိုက်ရိုက် နင်းချလိုက်ပြီး အလျင်အမြန် ခုန်ပျံတက်သွားခဲ့သည်။
သို့သော် ဤအချိန်တွင် သင်္ဘော၏ ဝမ်းဗိုက်ထဲမှ ဧရာမ အရိုးလှံတံကြီးတစ်ခုက အကြမ်းပတမ်း ပစ်ထွက်လာခဲ့သည်။
သင်္ဘောကိုယ်ထည် တစ်ခုလုံးကလည်း လင်းယွမ်ကို အသေအလဲ သတ်ဖြတ်ရန် ကြိုးစားနေသယောင်ပင်။
ရွက်ဖျင်၊ ရွက်တိုင်၊ သင်္ဘောဘေးပေါင်၊ အရိုးကျောက်ဆူး စသည်တို့ကဲ့သို့ အရာအားလုံးက လင်းယွမ်ဆီသို့ ရူးသွပ်စွာ တိုက်ခိုက်ဝင်ရောက်လာကြသည်။
လင်းယွမ်၏ ဦးရေပြားများ ထုံကျဉ်သွားပြီး ဤသင်္ဘောကြီးက သက်ရှိသတ္တဝါတစ်ကောင် ဖြစ်နေသည်ဟူသော ထင်ယောင်ထင်မှား ဖြစ်မှုမျိုးကို ခံစားလိုက်ရသည်။
သူ၏ ကိုယ်ဟန်က အဆက်မပြတ် မြင့်တက်သွားပြီး ခြေဖဝါးအောက်တွင် မီးစင်္ကြာများ ပွင့်ထွက်လာကာ လက်ဝါးနှစ်ဖက်တွင်လည်း လေဖိအား ပေါက်ကွဲမှု အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
"ဝုန်း"
သူ၏ အလျင်က ရုတ်တရက် အကြီးအကျယ် တိုးတက်လာခဲ့သည်။
လေထုပင်လျှင် လှိုင်းများအဖြစ် စုတ်ပြဲသွားပြီး သူက အရိပ်တစ်ခုကဲ့သို့ ကောင်းကင်ယံကို အလျင်အမြန် ဖြတ်သန်းသွားကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေသုံးရာကျော် အထိ ပျံသန်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကြယ်ရေခဲ သံကြိုးကိုမူ မစွန့်လွှတ်ခဲ့ပေ။
သူ၏ အလျင်အမြန် ပျံသန်းမှုနှင့်အတူ ကြယ်ရေခဲ သံကြိုးက ဖြောင့်တန်းသွားသည်အထိ ဆွဲဆန့်ခံလိုက်ရသည်။
ခြောက်သွေ့နေသော အရိုးစုကဲ့သို့သော ကိုယ်ဟန်တစ်ခုကို ကြယ်ရေခဲ သံကြိုးက သင်္ဘောပေါ်မှ ဆွဲထုတ်လာခဲ့သည်။
"ဝေါင်း"
ထိုအရိုးသင်္ဘောကြီးပေါ်မှ မိုးလုံးဟိန်းမတတ် ဟောက်သံကြီးတစ်သံ ပေါက်ကွဲထွက်လာသည်ကို ကြားလိုက်ရသည်။
လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်သည်။
ယခုအချိန်တွင် ထိုအရိုးသင်္ဘောကြီးက အပေါ်သို့ မြင့်မားစွာ ထောင်တက်လာပြီး သင်္ဘောဦးပိုင်းရှိ ငါးခေါင်းအရိုးစုက သူ့ကို ချိန်ရွယ်ကာ ထိတ်လန့်ဖွယ် ဟောက်သံကြီးကို ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသည်။
အပေါ်ရှိ ရွက်တိုင်၊ ကြိုးများ၊ အရိုးကျောက်ဆူး စသည့် ပစ္စည်းအားလုံးက သက်ရှိများကဲ့သို့ သူ့ဆီသို့ ရူးသွပ်စွာ ဟိန်းဟောက်နေကြသည်။
လင်းယွမ်၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားပြီး ဤအချိန်တွင် ၎င်းက သင်္ဘောတစ်စီး လုံးဝ မဟုတ်ကြောင်း သူ အတော်လေး သေချာသွားပြီ ဖြစ်သည်။
ဒါက သိသိသာသာကို သန္ဓေပြောင်း မိစ္ဆာတစ်မျိုးပင်တည်း။
"ဒါ ဘယ်လိုထူးဆန်းတဲ့ သတ္တဝါကောင်ကြီးလဲ"
သူက မနေနိုင်ဘဲ ဆဲဆိုလိုက်ပြီး အကွာအဝေးကို ထပ်မံ ချဲ့ကားကာ ပေရာပေါင်းများစွာ အဝေးသို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။
"ဝုန်း"
ထိုသင်္ဘောမိစ္ဆာကြီးက ရေလှိုင်းများကို အကြမ်းပတမ်း ရိုက်ခတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ ဧရာမ ရေလှိုင်းလုံးကြီးများ ထကြွလာတော့သည်။
ပြင်းထန်သော လှိုင်းလုံးကြီးများက ဟိန်းဟောက်နေပြီး ရေလှိုင်းများက လိမ့်တက်လာသည်။
သင်္ဘောဦးပိုင်းရှိ အရိုးစုများထံမှ "တောက်... တောက်..." ဟူသော အသံများ ထွက်ပေါ်လာပြီး ငါးခေါင်းကဲ့သို့သော သင်္ဘောဦးပိုင်းမှ အနီရောင် အလင်းတန်းများ လင်းလက်လာကာ အကြည့်တစ်မျိုးမျိုးနှင့် တူညီနေပြီး လင်းယွမ်ကို စူးစိုက်ကြည့်နေသည်။
နောက်ဆုံးတွင် ရေလှိုင်းများ၏ ဟိန်းဟောက်သံများကြား၌ သင်္ဘောတစ်စီးလုံးက ရေအောက်သို့ နစ်မြုပ်သွားပြီး အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။
လင်းယွမ်က လေထဲတွင် ရပ်နေရင်း ဤမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိသည်။ သူက မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ထားနိုင်သူ ဖြစ်လင့်ကစား ကျောပြင်မှ အေးစက်စက် ချွေးများ ထွက်လာသည်အထိ မနေနိုင်အောင် ဖြစ်သွားရသည်။
"ဒါက ဘာမိစ္ဆာကြီးလဲ... အခု ရေအောက်က မိစ္ဆာတွေက ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အဆင့်အထိတောင် ဆင့်ကဲပြောင်းလဲသွားကြပြီလား"
သူ၏ နှလုံးသားက တဒိန်းဒိန်း ခုန်ပေါက်နေသည်။ စောစောကသာ အမြန် ထွက်မလာခဲ့လျှင် မိစ္ဆာကောင်၏ မျိုချခြင်းခံရပါက ပြဿနာ အကြီးအကျယ် တက်သွားမည်ဟု သူ၏ မသိစိတ်က ပြောပြနေသည်။
လင်းယွမ်က သူ၏ ကြယ်ရေခဲ သံကြိုးဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။
သံကြိုး၏ အဆုံးတွင် စောစောက သူ့ကို သတိပေးခဲ့သော အမျိုးသားကို ရစ်ပတ်ထားသည်ကို မြင်လိုက်ရသည်။
သို့သော် လင်းယွမ်ကို အံ့အားသင့်ကာ ဒေါသထွက်စေသည်မှာ ဤအမျိုးသား၏ ခန္ဓာကိုယ် အပေါ်ပိုင်းကိုသာ သူ ဆွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် အောက်ပိုင်းက ပျောက်ကွယ်နေပြီ ဖြစ်သည်။
ထူးဆန်းသည်မှာ ထိုခန္ဓာကိုယ် အောက်ပိုင်း ပြတ်တောက်သွားသော နေရာတွင် သွေးများ မရှိဘဲ ရေစိမ်ခံထားရသဖြင့် အနည်းငယ် ပုပ်ပွနေသော ခံစားချက်မျိုး ဖြစ်နေခြင်းပင်။
လင်းယွမ်က ခန္ဓာကိုယ်တွင်းရှိ အစွမ်းများကို ချက်ချင်း အသက်သွင်းလိုက်ရာ ရေခဲဓာတ် စွမ်းအင်များ ပျံ့နှံ့သွားပြီး အမျိုးသား၏ ခန္ဓာကိုယ် အောက်ပိုင်း ပုပ်ပွနေသော နေရာကို အလျင်အမြန် အေးခဲသွားစေသည်။
တစ်ချိန်တည်းမှာပင် သူ့ကို ဆွဲတင်လိုက်ပြီး လေထဲတွင် မတ်တတ်ရပ်စေလိုက်သည်။
"စောစောက သင်္ဘောကြီးက ဘာဖြစ်တာလဲ"
အသက်ငင်လုဆဲဆဲ ဖြစ်နေသော အမျိုးသားကို ကြည့်ကာ လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
အမျိုးသားမှာ ယခုအချိန်တွင် အသက်ရှူသံ သိပ်မရှိတော့ဘဲ မျက်လုံးများက ဖြူလျော့နေကာ အသက်ငင်တော့မည့် ပုံစံမျိုး ဖြစ်နေသည်မှာ သိသာလှသည်။
သူ၏ နှုတ်ခမ်းများက လှုပ်ရှားနေသော်လည်း သူ ဘာပြောနေသည်ကို လင်းယွမ် သေချာ မကြားရပေ။
သူက အမျိုးသားကို ချက်ချင်း ဖမ်းဆွဲလိုက်ပြီး ကိုယ်ဟန်က တစ်ချက် လှုပ်ရှားသွားကာ အမြန်ယာဉ်ပေါ်သို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။
ထူလုံနှင့် ပိုင်ကျစ်လဲ့တို့က စောစောက မြင်ကွင်းကို ကြည့်နေခဲ့ကြပြီး ယခုအချိန်တွင် ထိတ်လန့်မှုထဲမှ သတိပြန်ဝင်လာကြသည်။
ထူလုံက အလောတကြီး မေးလိုက်သည်။ "ဆရာလင်း... စောစောက အကောင်ကြီးက ဘာကြီးလဲ"
လင်းယွမ်က ဖြေကြားရန် အချိန်မရဘဲ ပိုင်ကျစ်လဲ့ကို အလျင်အမြန် ပြောလိုက်သည်။ "အရင် လူကယ်လိုက်ဦး"
ပိုင်ကျစ်လဲ့က အချိန်မဆွဲရဲဘဲ ဆေးရည်တစ်ပြွန်ကို အမြန် ထုတ်ယူကာ ဤအရိုးပေါ်အရေတင် ပိန်ချုံးနေသော အမျိုးသား၏ ပါးစပ်ထဲသို့ အလျင်အမြန် တိုက်ကျွေးလိုက်သည်။
မကြာမီတွင် ဤအမျိုးသားက သောက်ချလိုက်ရာ သူ၏ ဖြူရော်နေသော မျက်နှာပေါ်တွင် အနီရောင် အသွေးအဆင်း အနည်းငယ် ပေါ်လာတော့သည်။
ပိုင်ကျစ်လဲ့က အလောတကြီး ပြောလိုက်သည်။ "ဒါက ဆေးကုသရေးဌာနက အသက်ဓာတ် ဆေးရည်လေ... အသက်ဓာတ် စွမ်းရည်တွေကို နှိုးဆွပေးနိုင်ပေမယ့် သူ့လို အခြေအနေမျိုးမှာဆိုရင် နှိုးဆွပြီးတာနဲ့ ကယ်လို့မရတော့မှာ စိုးရိမ်ရတယ်"
လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ယခုအချိန်တွင် ဤကဲ့သို့ ပြင်းထန်သော ဆေးကို အသုံးမပြုပါကလည်း ဤလူ သေဆုံးသွားနိုင်ခြေ အလွန်များကြောင်း သူ သိသည်။
သူ စကားပြောရန်ပင် မစောင့်ဘဲ ဤအမျိုးသားက ရုတ်တရက် အသံသြသြဖြင့် စကားစပြောလာသည်။ "ရ... ရပါတယ်... ကျွန်တော့်အကြောင်း ကျွန်တော် သိပါတယ်... ကျွန်တော်... ကျွန်တော် သိပ်မခံတော့ပါဘူး"
လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။ "ဘာတွေဖြစ်ခဲ့တာလဲ... စောစောက သင်္ဘောကြီးက ဘာဖြစ်တာလဲ"
လင်းယွမ်က ထိုသင်္ဘောကြီးအကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ အမျိုးသား၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။
သူက လင်းယွမ်၏ လက်ကို အသေအလဲ ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။ "မဟုတ်ဘူး... အဲ့ဒါ သင်္ဘော မဟုတ်ဘူး... အဲ့ဒါ... အဲ့ဒါ အသက်ရှင်နေတဲ့ အကောင်ကြီး"
"အပေါ်ကို လုံးဝ မတက်သွားနဲ့... တာ့ဟိုင်... အားလုံ... သူတို့အားလုံး သေကုန်ပြီ... အားလုံး သေကုန်ပြီ"
"မသွားနဲ့... အဲ့ဒါကို အနားမကပ်နဲ့"
"အဲ့ဒါ မိစ္ဆာကောင်ကြီး"
"မိစ္ဆာကောင်ကြီး"
...
အမျိုးသား၏ ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း အရောင်အဝါ ကင်းမဲ့သွားကာ ရုတ်တရက် လက်ဝါးက လျော့ရဲသွားပြီး ဤသို့ပင် သေဆုံးသွားတော့သည်။
လင်းယွမ်၏ ဘေးရှိ ထူလုံက မနေနိုင်ဘဲ အော်ခေါ်လိုက်သည်။ "သတိထားဦး... သတိထားဦးလေ... ခင်ဗျား ရှင်းရှင်းလင်းလင်း ပြောဦး"
သို့သော် ထူလုံ မည်သို့ပင် အော်ခေါ်နေစေကာမူ အမျိုးသားကမူ ပါးစပ် ထပ်မဟနိုင်တော့ပေ။
လင်းယွမ်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "မခေါ်နဲ့တော့... သူ သေသွားပြီ"
ထူလုံက သက်ပြင်းတစ်ချက်ချလိုက်သည်။ "အဲ့ဒီ ဆေးရည်တစ်ပြွန်က ဈေးမပေါဘူးနော်... သူ ဘာမှတောင် မပြောရသေးဘဲ သေသွားတာပဲ"
လင်းယွမ် စကားဆွံ့အသွားသော်လည်း စကားပြောလိုက်ဆဲဖြစ်သည်။ "ဆေးရည်ဖိုးကို ငါ့စာရင်းထဲ ထည့်လိုက်... နို့ဖြူလေး... မင်း ပြန်ရောက်ရင် ဆေးကုသရေးဌာနမှာ သွားထုတ်လိုက်"
ပိုင်ကျစ်လဲ့က ချက်ချင်း ရယ်မောလိုက်ပြီး ခေါင်းကို အလျင်အမြန် ညိတ်ပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အကိုလင်း"
လင်းယွမ်က ဂရုမစိုက်တော့ဘဲ အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ချက် ရှာဖွေကြည့်လိုက်သော်လည်း တန်ဖိုးရှိသော ပစ္စည်း တစ်ခုမျှ မတွေ့ရပေ။
နောက်ဆုံးတွင် တစ်ဖက်လူ၏ အလောင်းကို ရေထဲသို့ လွှင့်ပစ်လိုက်ရုံသာ တတ်နိုင်တော့သည်။
အဆုံးအစမဲ့ ကျယ်ပြောလှသော ရေပြင်ကြီးနှင့် ရေမျက်နှာပြင်ပေါ်တွင် ဟိုတစ်စဒီတစ်စ ပေါ်လွင်နေသော အဆောက်အအုံကြီးများကို ကြည့်ရင်း လင်းယွမ်၏ မျက်နှာအမူအရာက မနေနိုင်ဘဲ လေးနက်သွားရသည်။
"လူသားတွေက ရေမျက်နှာပြင်ပေါ်မှာ ရှင်သန်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ရေအောက်က မိစ္ဆာတွေက ဘယ်လောက်တောင် အကြိမ်ကြိမ် ဆင့်ကဲပြောင်းလဲနေကြပြီလဲ မသိနိုင်တော့ဘူး"
"အရင်တုန်းကတော့ သန္ဓေပြောင်း ငါးတွေ၊ သန္ဓေပြောင်း ဖားတွေလောက်ပဲ ရှိသေးတာ... နောက်တော့ ဧရာမ ရေဘဝဲ မိစ္ဆာကြီးတွေ ပေါ်လာတယ်... အခုဆို နာမည်တောင် ခေါ်လို့မရတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေအထိတောင် ဆင့်ကဲပြောင်းလဲလာကြပြီ"
လင်းယွမ်၏ ရင်ထဲတွင် မနေနိုင်ဘဲ အနည်းငယ် အလောတကြီး ဖြစ်လာပြီး သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်က မလုံလောက်သေးကြောင်း ပို၍ ခံစားလာရသည်။
ယခုအချိန်တွင် သူက ထိုက်ယန်တောင်မှ လူများ၏ရှေ့ကို အဝေးကြီး ဖြတ်ကျော်ထားနိုင်ပြီ ဖြစ်လင့်ကစား သူ လုံလုံလောက်လောက် မသန်မာသေးကြောင်းကိုမူ သူ သိနေသည်။
ပင်လယ်ထဲရှိ ဤမိစ္ဆာများနှင့် နှိုင်းယှဉ်လိုက်ပါက သူက အများကြီး လိုအပ်နေသေးဆဲပင်။
"ဆရာလင်း... ဒီမိစ္ဆာကောင်က ထိုက်ယန်တောင် အနီးအနားမှာ ပေါ်လာတာဆိုတော့ ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်မလား" ထူလုံက မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "ဖြတ်သွားရုံ သက်သက်ပဲ ဖြစ်လောက်တယ်... ဒီလို ဧရာမ သန္ဓေပြောင်း သားရဲကြီးက ရေတိမ်ပိုင်းတွေမှာ အချိန်ကြာကြာ နေနိုင်မှာ မဟုတ်ဘူး... သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားက ဒီရေတိမ်ပိုင်းတွေမှာ နေဖို့ မသင့်တော်ဘူးလေ"
ထူလုံက ကြားလိုက်ရသောအခါ ချက်ချင်း သက်ပြင်းချလိုက်မိသည်။ "ဒါဆိုလည်း တော်သေးတာပေါ့ဗျာ... တော်သေးတာပေါ့"
"သွားကြစို့... မြို့လယ်ခေါင်ကို မြန်မြန် သွားရအောင်"
"သိပါပြီ"
ထူလုံက အမြန်ယာဉ်ကို စွမ်းအင်ကျောက်တုံး တစ်တုံး ချက်ချင်း လဲလှယ်တပ်ဆင်ပေးလိုက်ပြီး အမြန်ယာဉ်ကို ထပ်မံ စက်နှိုးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ရေပြင်ပေါ်တွင် အဖြူရောင် လှိုင်းတံပိုးတစ်ခု ဖြတ်သန်းသွားကာ အမြန်ယာဉ်က ရေပြင် မိုးကုတ်စက်ဝိုင်းပေါ်၌ အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၄၆၄) ကျန်းဇီယန်အား ရှာဖွေခြင်း
အမြန်လှေ၏ အမြန်နှုန်းက အလွန်မြန်ဆန်လှပြီး ဖီးနစ် သင်္ဘောထက် အဆပေါင်းများစွာ ပိုမြန်ပေသည်။
(စပိဘုတ်ကို အမြန်ယာဉ်အစား အမြန်လှေလို့ပဲပြန်တော့မယ်နော်)
လင်းယွမ်တို့အဖွဲ့က ကျယ်ဝန်းလှသော ရေပြင်ကြီးကို ဖြတ်သန်းကာ မြို့လယ်ခေါင်သို့ ရောက်ရှိရန် နေ့တစ်ဝက် အချိန်သာ ယူလိုက်ရသည်။
သို့သော် မြို့လယ်ခေါင်၏ အခြေအနေက လင်းယွမ် မျှော်လင့်ထားသည်ထက် အနည်းငယ် လွန်ကဲနေခဲ့သည်။
ယခုအချိန်တွင် အမြန်လှေက ရေပြင်ထက်၌ ရပ်တန့်နေပြီး အရှေ့ဘက်ရှိ ရေပြင်က အဆုံးအစမဲ့ ကျယ်ပြောနေကာ မည်သည့် အဆောက်အအုံကိုမျှ လုံးဝ မတွေ့ရချေ။
ထူလုံက မြေပုံကို ထုတ်ယူ၍ အကြိမ်ကြိမ် နှိုင်းယှဉ်ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။ "ဆရာလင်း... ဒီနေရာက တကယ်ပဲ မြို့လယ်ခေါင်လား... ဘာလို့ ဘာမှ မရှိတာလဲ"
ပိုင်ကျစ်လဲ့ကလည်း ခေါင်းပြူထွက်ကာ မြေပုံကို ကြည့်လိုက်သော်လည်း သူမက လမ်းမျက်စိလည်တတ်သူ ဖြစ်ရာ မြေပုံကို နားမလည်ကြောင်း သိသာလှသည်။
လင်းယွမ်ကလည်း မြေပုံကို ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ခုနက ဖြတ်လာတဲ့ အဆောက်အအုံကြီးပေါ်မှာ ထျန်ဟုန်ဆိုတဲ့ စာတန်း ပါတယ်လေ... အဲ့ဒါက မြေပုံထဲက ထျန်ဟုန် ဈေးဝယ်စင်တာပဲ ဖြစ်ရမယ်"
"ပြီးတော့ စောစောက တွေ့ခဲ့တဲ့ ဟိုတယ်က ရာမန်ဒါ ဟိုတယ်ပဲ... အရင်တုန်းက အဲ့ဒီမှာ တည်းဖူးတယ်"
"ဒီအထောက်အထားတွေအရ ဆိုရင်တော့ ဒီနေရာက မြို့လယ်ခေါင်နားမှာ ဆိုတာ သေချာတယ်"
"ဒါပေမယ့် ဒီမှာ ဘာမှမှ မရှိတာ" ထူလုံက အဆုံးအစမဲ့ ကျယ်ပြောနေသော ရှေ့မှ ရေပြင်ကြီးကို လက်ညှိုးထိုးပြရင်း မနေနိုင်ဘဲ ပြောလိုက်သည်။
ရေပြင်ပေါ်တွင် ပလပ်စတစ်များ၊ စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းလျားများကဲ့သို့သော ပစ္စည်း အများအပြား ပေါလောပေါ်နေသည်။
သို့သော် အဆောက်အအုံ တစ်လုံးကိုမျှ မတွေ့ရပေ။
လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒါက ပုံမှန်ပါပဲ... လင်ကျန်းမြို့က ရှေးဟောင်းမြို့တော်လို့ အမြဲတမ်း နာမည်ကြီးခဲ့တာလေ... မြို့တော်စည်ပင်က အစောပိုင်း ကတည်းက စီမံကိန်းချပြီး ရှေးဟောင်းမြို့တော်ရဲ့ အသွင်အပြင်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့တာ... မြို့လယ်ခေါင် တစ်ဝိုက်မှာ အရမ်းမြင့်တဲ့ လူနေအဆောက်အအုံတွေ ဆောက်လုပ်ခွင့် တစ်ခါမှ မပြုခဲ့ဘူး"
"ဒီနေရာက ရေလွှမ်းမိုးမှုအောက်မှာ အကုန်လုံး နစ်မြုပ်သွားလောက်ပြီ"
"ဒါပေမယ့် သေချာအောင် အောက်ဆင်းပြီး စစ်ဆေးကြည့်ဖို့တော့ လိုသေးတယ်... ခင်ဗျားတို့ ဒီမှာပဲ စောင့်နေကြ"
လင်းယွမ်က စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရေထဲသို့ ချက်ချင်း ခုန်ဆင်းသွားတော့သည်။
ခန့်မှန်းချက်သည် ခန့်မှန်းချက်သာ ဖြစ်ပြီး ဤနေရာက တကယ်ပဲ မြို့လယ်ခေါင် ဟုတ်မဟုတ် အတည်ပြုရန်အတွက် သူ ကိုယ်တိုင် အောက်ဆင်း၍ ကြည့်ရှုရမည် ဖြစ်သည်။
လင်းယွမ် အလျင်အမြန် ရေငုပ်သွားသည်နှင့်အမျှ ရေအောက်ကြမ်းပြင် နက်ရှိုင်းသော နေရာမှ ရေလွှမ်းမိုးခံထားရသော အဆောက်အအုံများက သူ၏ မျက်မှောက်တွင် တဖြည်းဖြည်း ပေါ်လာတော့သည်။
လင်းယွမ်က ရေအောက်သို့ တိုက်ရိုက် မဆင်းဘဲ အမြန်လမ်းမကြီး တံတားတစ်စင်း အနီးသို့ ချဉ်းကပ်သွားသည်။
တံတားပေါ်ရှိ ဆိုင်းဘုတ်ကို သူ လှမ်းကြည့်လိုက်ရာ အနောက်ဘက် မြို့ပတ်လမ်း ဟူသော စာတန်းကို တွေ့လိုက်ရသည်။
သူက မြို့လယ်ခေါင် နယ်နိမိတ်သို့ တကယ်ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။
လင်ကျန်းမြို့၏ မြေပုံက ခွဲခြားရ အလွန် လွယ်ကူပေသည်။ လင်ကျန်းမြို့လယ်ခေါင်ကို ဗဟိုပြုကာ အမြန်လမ်းမကြီး လေးခုက ရှေးဟောင်းမြို့လယ်ခေါင်ကို လေးထောင့်ပုံစံ ဝန်းရံထားသည်။
အရပ်မျက်နှာများအရ ဤအမြန်လမ်းမကြီး လေးခုကို အရှေ့၊ တောင်၊ အနောက်နှင့် မြောက် မြို့ပတ်လမ်းများအဖြစ် သတ်မှတ်ထားသည်။
နောင်တွင် လင်ကျန်းမြို့၌ လူဦးရေ အလွန် များပြားလာသဖြင့် စက်မှုဇုန်များ အပြင်းအထန် ဖွံ့ဖြိုးတိုးတက်လာကာ လင်ကျန်းမြို့၏ စီးပွားရေး ဗဟိုချက် ဖြစ်လာခဲ့သည်။
ထို့ကြောင့် မြို့တော်စည်ပင်က အရှေ့နှင့် အနောက်ကို ဖြတ်သန်းကာ စက်မှုဇုန်သို့ တိုက်ရိုက် သွားနိုင်သော အလယ်ပိုင်း မြို့ပတ်လမ်း တစ်ခုကို ထပ်မံ ဖောက်လုပ်ခဲ့သည်။
ယခုအခါ လင်းယွမ်က မြို့လယ်ခေါင်၏ အနောက်ဘက်ရှိ အနောက်ဘက် မြို့ပတ်လမ်းပေါ်တွင် ရှိနေခြင်း ဖြစ်သည်။
မြေပုံ၏ တည်နေရာကို ပြန်လည် စဉ်းစားလိုက်ရင်း လင်းယွမ်က မိမိ၏ တည်နေရာကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
သူက တစ်ချက် ဝေ့ကြည့်လိုက်သည်။ တစ်ချိန်က အလွန် စည်ကားခဲ့သော အဓိက မြို့ပြဧရိယာနှင့် ဖြတ်သန်းသွားတိုင်း ကားပိတ်လေ့ရှိသော အနောက်ဘက် မြို့ပတ်လမ်း တံတားအဝင်ပေါက် ဖြစ်ပေသည်။
ယခုအခါတွင်မူ တိတ်ဆိတ် လူသူကင်းမဲ့နေပြီး တံတားပေါ်၌ ရေထဲတွင် စိမ်နေသော ကားအများအပြား ရပ်တန့်နေဆဲ ဖြစ်သည်။
အချို့သော ကားများက ပုံပျက်နေပြီ ဖြစ်ပြီး အချို့ကမူ ဘေးဘက်သို့ လဲကျနေသည်။
မြေပြင်ပေါ်တွင် အရိုးစုများ ရှိနေပြီး ကားထဲတွင်လည်း အဝတ်အစားများ ဝတ်ဆင်ထားသော အရိုးဖြူအချို့ ရှိနေသည်။
အစပိုင်းက ရေကြီးရေလျှံမှု ဝင်ရောက်လာချိန်တွင် တံတားပေါ်၌ မည်မျှ ဆိုးရွားသော ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့သည်ကို တွေးကြည့်၍ ရနိုင်ပေသည်။
လင်းယွမ်က ဤမြင်ကွင်းများကို ကြည့်ရှုလိုက်ပြီး သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားတော့သည်။
"ရှင်းဟိုင် ဥယျာဉ်အိမ်ရာက မြို့လယ်ခေါင်က အိမ်ရာ... အထပ်ကလည်း လေးထပ်ပဲ ရှိတာ... အစောကြီးကတည်းက ရေလွှမ်းမိုးခံရပြီး နစ်မြုပ်သွားလောက်ပြီ... ဒေါက်တာကျန်းဇီယန်ကို ငါ ဘယ်မှာသွားရှာရမှာလဲ"
တစ်ဖက်လူ အသက်ရှင်နေသေးသလား ဆိုသည်ကို သူ သေချာ မသိပေ။ ယခုလို ထွက်ရှာနေခြင်းကလည်း ကံစမ်းနေရုံမျှသာ ဖြစ်သည်။
သို့သော် ယခု မြို့လယ်ခေါင် တစ်ခုလုံး ရေမြုပ်နေပြီ ဖြစ်ရာ ဤလူ အသက်ရှင်ရန် အခွင့်အလမ်းမှာ သိပ်မများတော့ဟု လင်းယွမ် ရုတ်တရက် ခံစားလိုက်ရသည်။
သူက အမြန်လှေပေါ်သို့ ပြန်တက်လာရာ ထူလုံနှင့် ပိုင်ကျစ်လဲ့တို့က လှမ်းကြည့်လာကြသည်။
"ဘယ်လိုလဲ... မြို့လယ်ခေါင် ဟုတ်ရဲ့လား"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း... အနောက်ဘက် မြို့ပတ်လမ်း မြေအောက်ရထားဘူတာရုံ နားပဲ"
"ဟာ... တကယ်ကြီးလား... ဒါဆို မြို့လယ်ခေါင် တစ်ခုလုံး ရေမြုပ်သွားပြီလို့ ပြောချင်တာလား" ထူလုံက မနေနိုင်ဘဲ ထိတ်လန့်တကြား ပြောလိုက်သည်။
ပိုင်ကျစ်လဲ့ကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဒါဆို မြို့လယ်ခေါင်က လူတွေ အကုန်လုံး"
သူမက ဆက်မပြောတော့သော်လည်း မကောင်းသော ခန့်မှန်းချက်များ ရှိနေပြီ ဖြစ်ကြောင်း သိသာလှသည်။
လင်းယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ "အဲ့လိုလည်း မသေချာဘူး... သူတို့ တကယ်ပဲ ရေနစ်သေတော့မယ် ဆိုရင် အိမ်ထဲမှာ သေခံပြီး နေမှာ မဟုတ်ဘူး... အပြင်ဘက်ကို ထွက်ပြေးတဲ့ လူတွေ အများကြီး ရှိမှာ သေချာတယ်"
"သွားကြစို့... ငါတို့ မူလအစီအစဉ်အတိုင်း ရှင်းဟိုင် ဥယျာဉ်အိမ်ရာ အနီးအနားကနေ စရှာကြတာပေါ့"
"အထပ်မြင့် အဆောက်အအုံတွေကို အဓိကထားပြီး ရှာကြမယ်"
"အသက်ရှင်ကျန်ရစ်သူတွေ စုဝေးနေတဲ့ နေရာကို တွေ့ရင် ရှင်းဟိုင် ဥယျာဉ်အိမ်ရာက လူတွေ ရှိလားလို့ တိုက်ရိုက် မေးကြည့်... မရှိရင် ဆရာဝန် ရှိလားလို့ မေးကြည့်မယ်"
"ကောင်းပါပြီ"
သူတို့သုံးယောက်က အမြန်လှေကို မောင်းနှင်ကာ ပတ်ဝန်းကျင်၌ အလျင်အမြန် စတင် ရှာဖွေကြတော့သည်။
ရှင်းဟိုင် ဥယျာဉ်အိမ်ရာ၏ တည်နေရာက မြို့လယ်ခေါင်တွင် အလွန် ကောင်းမွန်သော နေရာဖြစ်ပေသည်။
သို့သော် များသောအားဖြင့် နေရာပိုကောင်းလေ ပတ်ဝန်းကျင် လိုအပ်ချက်က ပို၍ မြင့်မားလေ ဖြစ်သည်။
ရှင်းဟိုင် ဥယျာဉ်အိမ်ရာသည် စံအိမ် နယ်မြေဖြစ်ပြီး ပတ်ဝန်းကျင် ရှုခင်း သာယာကာ သစ်ပင်များ အရိပ်အာဝါသ ကောင်းမွန်ပေသည်။ အလွန် စည်ကားလှသော မြို့လယ်ခေါင်တွင် ဆူညံမှုကြားမှ တိတ်ဆိတ်မှုကို ရယူထားနိုင်ပြီး အလွန် အဆင့်အတန်း မြင့်မားလှသည်။
သို့သော် ရေလွှမ်းမိုးမှု အပြီးတွင် ဤနေရာက ပထမဆုံး နစ်မြုပ်သွားခဲ့သော နေရာ ဖြစ်ပေသည်။
လင်းယွမ်တို့က ရှင်းဟိုင် ဥယျာဉ်အိမ်ရာ တစ်လျှောက် ခြောက်မိုင်ကျော်ခန့် မောင်းနှင်သွားပြီးမှသာ ဟိုတစ်လုံး ဒီတစ်လုံး ရှိနေသော အဆောက်အအုံများကို တွေ့လိုက်ရသည်။
ဤအဆောက်အအုံများ အတွင်းသို့ ဝင်ရောက်သွားချိန်တွင် လင်းယွမ်တို့ သုံးယောက်က ရူးသွပ်နေပြီဖြစ်သော အသက်ရှင်ကျန်ရစ်သူ အချို့နှင့် လူသဏ္ဌာန် သတ္တဝါများအဖြစ်သို့ သန္ဓေပြောင်းသွားသော ဘီလူးကောင်များကိုသာ တွေ့ရှိခဲ့ရသည်။
ဤအခြေအနေ နှစ်ရပ်လုံးအတွက် လင်းယွမ်က သူတို့၏ သနားစရာကောင်းသော ဘဝများကို တိုက်ရိုက် အဆုံးသတ်ပေးလိုက်သည်။
ထို့နောက် အသုံးပြု၍ ရနိုင်သေးသော ပစ္စည်းအချို့ကို အကြမ်းဖျင်း စုဆောင်းလိုက်ပြီးနောက် နောက်တစ်နေရာသို့ ရှာဖွေရန် အလျင်အမြန် ထွက်ခွာသွားကြတော့သည်။
ဤသို့ဖြင့် နှစ်ရက်တိုင်တိုင် ရှာဖွေပြီးနောက် နောက်ဆုံးတွင် ရှင်းဟိုင် ဥယျာဉ်အိမ်ရာနှင့် ခြောက်မိုင်ကျော်ခန့် ကွာဝေးပြီး စက်မှုဇုန်နှင့် နီးကပ်သော အထပ်မြင့် အဆောက်အအုံရှိ အသက်ရှင်ကျန်ရစ်သူများ စုဝေးရာ နေရာတစ်ခုမှ အသုံးဝင်သော သဲလွန်စတစ်ခုကို လင်းယွမ် ရရှိသွားခဲ့သည်။
ရှင်းဟုန် တိုက်ခန်း၊ အမှတ် ၈၇ တိုက်၊ ၃၂၀၁ ခန်း။
ယင်းက ရှင်းဟုန် တိုက်ခန်း၏ အမြင့်ဆုံး အထပ်ဖြစ်ပြီး တစ်ချိန်က အကောင်းဆုံး တိုက်ခန်း နေရာလည်း ဖြစ်ပေသည်။
ယခုအခါတွင် အစွမ်းပိုင်ရှင် တစ်စုက မြေပြင်ပေါ်၌ ဒူးထောက်နေကြပြီး ကြောက်လန့်တကြား တုန်ယင်နေကြသည်။
သူတို့၏ အရှေ့တွင် ရှိနေသူများမှာ လင်းယွမ်တို့ သုံးယောက်ပင် ဖြစ်ပေသည်။
လင်းယွမ်က ဤလူအုပ်ကို ကြည့်ကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။ "မင်းတို့ ရှင်းဟိုင် ဥယျာဉ်အိမ်ရာက လူတစ်စုကို တကယ်ပဲ လက်ခံထားခဲ့တာလား"
"ဟုတ်ကဲ့... တကယ်ပါ... ကျွန်တော် ကျိန်ရဲပါတယ် ဆရာ... ကျွန်တော့် အခန်းထဲက အဲ့ဒီ သရုပ်ဆောင်မလေးက မူလက ရှင်းဟိုင် ဥယျာဉ်အိမ်ရာက အိမ်ရှင်ပါ... သူမက တခြားသူတွေနဲ့ အတူတူ ထွက်ပြေးလာခဲ့တာပါ"
မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ဤလူအုပ်၏ ခေါင်းဆောင်နှင့် တူသော လူလတ်ပိုင်း တစ်ယောက်က လင်းယွမ် ဒေါသထွက်သွားမည်ကို စိုးရိမ်သဖြင့် စိုးရိမ်တကြီးဖြင့် ဖွင့်ပြောလိုက်သည်။
လင်းယွမ်က လူရှာရန် အလောတကြီး ဖြစ်နေသဖြင့် ယခင်က ယန်ကွမ်းမြို့သစ်သို့ သွားစဉ်ကလို အသံတိတ် မလှုပ်ရှားတော့ချေ။
တစ်လမ်းလုံး လူရှာရာတွင် သူက တံခါးကို တိုက်ရိုက် ဖွင့်ဝင်သွားပြီး ဤလူများထဲမှ ခေါင်းဆောင်ကို ရှာဖွေကာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။
ယေဘုယျအားဖြင့် ဤလုပ်ငန်းစဉ်များ အပြီးတွင် တစ်ဖက်လူက ခေါင်းမာလွန်းသူ မဟုတ်လျှင် ချက်ချင်း လိမ္မာကျိုးနွံစွာ စကားနားထောင်သွားကြပေသည်။
လင်းယွမ်က ချက်ချင်းပင် ပြောလိုက်သည်။ "အဲ့ဒီလူကို သွားခေါ်ခဲ့"
လူလတ်ပိုင်းက အလျင်အမြန် ထရပ်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် အခုပဲ သွားခေါ်လိုက်ပါ့မယ်... အခုပဲ သွားခေါ်လိုက်ပါ့မယ်"
လင်းယွမ်က ထူလုံကို တစ်ချက် ကြည့်လိုက်သည်။
ထူလုံက ချက်ချင်း နားလည်သွားပြီး ချက်ချင်း အော်ပြောလိုက်သည်။ "ငါ မင်းနဲ့ လိုက်ခဲ့မယ်... ခွေးကောင်... မင်းက ဉာဏ်များဖို့ ကြိုးစားရဲရင် မင်း ခေါင်းကို ငါ ခြေမွပစ်မယ်"
လူလတ်ပိုင်း၏ မျက်နှာက ဖြူရော်သွားပြီး ခေါင်းအကြိမ်ကြိမ် ယမ်းကာ ပြောလိုက်သည်။ "မလုပ်ရဲပါဘူး... မလုပ်ရဲပါဘူး... ဒီဘက်ကို လိုက်ခဲ့ပါ"
အစမှ အဆုံးတိုင်အောင် ထိုလူ၏ နာမည်ကိုပင် လင်းယွမ် မေးရန် ပျင်းရိနေခဲ့သည်။
များမကြာမီ ထူလုံနှင့် လူလတ်ပိုင်းတို့ ပြန်ရောက်လာကြသည်။
သူတို့နှင့်အတူ ပိန်ပိန်ပါးပါး မိန်းမတစ်ယောက်လည်း ပါလာခဲ့သည်။
ထိုမိန်းမက အလွန် လှပပြီး ရေလွှမ်းမိုးမှုကြီး မတိုင်မီက ခေတ်စားခဲ့သော အသားဖြူဖြူ၊ နုနုနယ်နယ်နှင့် ပိန်ပိန်ပါးပါး ကောင်မလေး ပုံစံမျိုး ဖြစ်သည်။
သူမ၏ အသားအရေက ဖြူဝင်းနေပြီး မျက်နှာပေါက်က အလွန် လှပပေသည်။ မိတ်ကပ် မလိမ်းထားသော်လည်း သူမ၏ မူလအလှတရားကို မြင်နိုင်ဆဲ ဖြစ်သည်။
ယခုအခါ ထိုမိန်းမ၏ မျက်နှာက ဖြူရော်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ ခေါင်းပင် မမော့ရဲချေ။
"ဆရာ... သူက... သူမက ရှင်းဟိုင် ဥယျာဉ်အိမ်ရာကနေ ထွက်ပြေးလာခဲ့တာပါ"
"မြန်မြန်လာ နှုတ်ဆက်လေ"
လူလတ်ပိုင်းက ခေါင်းလှည့်ကာ ထိုမိန်းမကို အော်ငေါက်လိုက်သည်။
ထိုမိန်းမက လန့်ဖျပ်သွားပြီး ဒိုင်းခနဲ မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ကာ ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်၍ နှုတ်ဆက်လိုက်သည်။ "ဆရာတို့ မင်္ဂလာပါရှင်... သခင်မလေး မင်္ဂလာပါရှင်"
လူလတ်ပိုင်းက ပြုံးဖြီးဖြီး မျက်နှာပေးဖြင့် လင်းယွမ်ကို ကြည့်လာသည်။
လင်းယွမ်၏ မျက်မှောင်များ မနေနိုင်ဘဲ ကြုတ်သွားတော့သည်။ ဤမိန်းမက ဤနေရာတွင် ယဉ်ကျေးအောင် သိမ်းသွင်းခံထားရသည်မှာ ကြာပြီ ဖြစ်ကြောင်း သိသာလှသည်။
လူမြင်လျှင် နှုတ်ဆက်ရာ၌ တိုက်ရိုက် ဒူးထောက်ခိုင်းထားခြင်းပင်။
သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ခေါင်းမော့စမ်း"
ထိုမိန်းမက လန့်ဖျပ်သွားပြီး ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်၍ အတင်းအကျပ် ပြုံးပြလိုက်သည်။
သို့သော် သူမ၏ နီရဲနေသော မျက်ဝန်းများက သူမ၏ ရင်ထဲမှ အကြောက်တရားကို ဖော်ပြနေပေသည်။
လင်းယွမ်က တိုက်ရိုက် မေးလိုက်သည်။ "မင်း နာမည် ဘယ်လိုခေါ်လဲ"
"ကျောက်ဟွေးယောင်လို့ ခေါ်ပါတယ်ရှင်" ထိုမိန်းမက စိုးရိမ်တကြီးဖြင့် ဖြေလိုက်သည်။
လင်းယွမ်က ခဏမျှ ပြန်တွေးကြည့်လိုက်ရာ သူ၏ မှတ်ဉာဏ်ထဲတွင် ဤလူ မရှိပေ။ သူမက တကယ်ပင် နာမည်မကြီးသော သရုပ်ဆောင်လေး တစ်ယောက် ဖြစ်လောက်မည်ဟု ခန့်မှန်းမိသည်။
ဘေးနားမှ ထူလုံက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "သရုပ်ဆောင်ဆို... ဘာလို့ မကြားဖူးရတာလဲ"
ကျောက်ဟွေးယောင်က ချက်ချင်း ရှက်ရွံ့သွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဆရာ... ကျွန်မက အဆင့်သုံး သရုပ်ဆောင်လေးပါရှင်... သိပ်နာမည် မကြီးပါဘူး"
လင်းယွမ်က ထူလုံ၏ အမေးကို ဖြတ်ပြောလိုက်ပြီး မေးလိုက်သည်။ "မင်းက ရှင်းဟိုင် ဥယျာဉ်အိမ်ရာမှာ နေတာလား"
"ဟုတ်ကဲ့... အရင်က အဲ့ဒီမှာ နေတာပါရှင်"
"ကျန်းဇီယန်ဆိုတဲ့ လူကို သိလား"
ကျောက်ဟွေးယောင်က ထိုစကားကို ကြားသောအခါ မှင်တက်သွားပြီး မျက်လုံးများက အနည်းငယ် တောက်ပသွားကာ ရုတ်တရက် ပြောလိုက်သည်။ "သိပါတယ်... ကျွန်မ သိပါတယ်ရှင်... ကျွန်မနဲ့ ကျန်းသခင်မလေးနဲ့ ဆက်ဆံရေး အရမ်း ကောင်းတာပါ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်လုံးများ မှေးကျဉ်းသွားပြီး ရုတ်တရက် မေးလိုက်သည်။ "တကယ် သိတာလား"
"သိပါတယ်... တကယ် သိပါတယ်ရှင်"
"ဒါဆို ကျန်းဇီယန်ရဲ့ ရုပ်ရည်၊ အသက်နဲ့ အလုပ်အကိုင်ကို ပြောပြစမ်း"
"ရှင်"
ကျောက်ဟွေးယောင်က ချက်ချင်း မှင်တက်သွားပြီး မျက်နှာက ရုတ်တရက် ဖြူရော်သွားတော့သည်။
"အဲ... အဲ့ဒါက... သူက... သူက အသက် သုံးဆယ်... မဟုတ်ဘူး မဟုတ်ဘူး... အသက် နှစ်ဆယ်ကျော်လောက် ရှိမယ် ထင်တယ်... ကျွန်မ သိပ်မမှတ်မိတော့ဘူး"
"မိန်းမတွေက ယေဘုယျအားဖြင့် ကိုယ့်အသက်ကို မပြောတတ်ကြဘူးလေ... အဲ့ဒါကြောင့် ကျွန်မ သေချာ မသိဘူး"
လင်းယွမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဆက်ပြောလေ"
"သူက အရမ်း လှတယ်... အရမ်း ကြည့်ကောင်းတယ်... အဲ... သူက ဘာအလုပ် လုပ်လဲ ဆိုတာကိုတော့ ကျွန်မ သေချာ မသိဘူး... ကျွန်မတို့က ခဏခဏ တွေ့ဖြစ်ပေမယ့် တစ်ယောက် အလုပ်ကို တစ်ယောက် မေးရတဲ့အထိ မရင်းနှီးကြသေးဘူးလေ"
ကျောက်ဟွေးယောင်က ပြောလေလေ ပို၍ သွက်လက်လာလေ ဖြစ်သည်။
လင်းယွမ်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။ "သူရဲ့ ရုပ်ရည်ကို ပြောပြစမ်း"
"အာ... အဲ့ဒါက... သူက အရမ်း ကြည့်ကောင်းတယ်... အသားက အရမ်း ဖြူတယ်... ပြီးတော့ မျက်လုံးကလည်း အရမ်း လှတယ်... ကျွန်မ ဘယ်လို ပြောပြရမလဲ မသိဘူး... ဘာပဲဖြစ်ဖြစ် အရမ်းလှတဲ့ ပုံစံမျိုးပဲ"
သူမက ရှင်းပြချင်ဟန် ဆောင်ရန် ကြိုးစားနေပြီး သူမ၏ ဝေါဟာရ နည်းပါးမှုကြောင့် စိတ်ရှုပ်နေပုံရသည်။
သို့သော် လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "မင်းကို ရှင်းပြခိုင်းတာ... တိကျတဲ့ဟာ တစ်ခုတောင် မပါဘူးလား"
"ငါ့ရှေ့မှာ လိမ်ပြောရင် ဘာဖြစ်သွားမလဲဆိုတာ မင်း သိလား"
ကျောက်ဟွေးယောင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ပြောလိုက်သည်။ "မဟုတ်ပါဘူး... ကျွန်မ လိမ်မပြောပါဘူး... ကျွန်မ တကယ်"
လင်းယွမ်က ရုတ်တရက် အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "အရူး... အခု ဒီကမ္ဘာကြီးမှာ အစွမ်းတွေ ရှိနေတယ် ဆိုတာကို မင်း မသိဘူးလား"
"မင်း လိမ်မပြောဘူးဆိုတာကို စိတ်ဖတ်တဲ့ အစွမ်းပိုင်ရှင်ကို ဖုံးကွယ်ထားနိုင်မယ် ထင်လား"
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်ဟွေးယောင်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
သူမက ရုတ်တရက် ခေါင်းကို ကြမ်းပြင်နှင့် အကြိမ်ကြိမ် ဆောင့်ကာ မရပ်မနား ငိုယို တောင်းပန်တော့သည်။ "ချမ်းသာပေးပါ... ချမ်းသာပေးပါရှင် ဆရာ... ကျွန်မ အသက်ရှင်ချင်လို့ပါ... ဆရာ ကျွန်မကို ကယ်တင်နိုင်မလားလို့ပါ... ကျွန်မမှာ တခြား ရည်ရွယ်ချက် မရှိပါဘူး... ဆရာတို့ကို လိမ်ဖို့ တမင် ရည်ရွယ်ခဲ့တာ တကယ် မဟုတ်ပါဘူးရှင်... ဟင့်ဟင့်"
ဤအခြေအနေကို မြင်သောအခါ ဘေးနားမှ လူလတ်ပိုင်းက ချက်ချင်း ဒေါသတကြီး ဖြစ်သွားပြီး ထိုမိန်းမ၏ လည်ပင်းကို ဆွဲညှစ်ကာ အော်ဆဲလိုက်သည်။ "ခွေးမ... အောက်တန်းစားမ... မင်းက ဘယ်လို အခြေအနေလဲ ဆိုတာတောင် မကြည့်ဘဲ ဒီဆရာကို လိမ်ရဲတယ်ပေါ့"
"ငါ အခုပဲ မင်းကို သတ်ပစ်မယ်"
ထိုသို့ပြောရင်း သူက လက်ကို မြှောက်လိုက်ရာ သူ၏ လက်ထဲတွင် ရုတ်တရက် မီးတောက်တစ်တောက် ထွက်ပေါ်လာပြီး ကျောက်ဟွေးယောင်ထံသို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ချရန် ပြင်လိုက်သည်။
ကျောက်ဟွေးယောင်က လန့်ဖျပ်သွားပြီး ချက်ချင်း စူးရှစွာ အော်ဟစ်လိုက်သည်။ အောက်တွင် ဒူးထောက်နေသော အစွမ်းပိုင်ရှင်များ အားလုံးက ခေါင်းငုံ့ထားကြပြီး ဝင်ရောက် တားဆီးရန် မရဲကြပေ။
လင်းယွမ်က ဤမြင်ကွင်းကို မြင်သောအခါ ရုတ်တရက် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ကြယ်ရေခဲ သံကြိုးတစ်ချောင်းက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။
"ဒုန်း" ခနဲ အသံနှင့်အတူ ဤလူလတ်ပိုင်း၏ ခေါင်းကို ချက်ချင်း ထိုးဖောက်သွားတော့သည်။
သူက အော်ဟစ်သံပင် မထွက်နိုင်လိုက်ဘဲ လင်းယွမ်က ကြယ်ရေခဲ သံကြိုးကို တစ်ချက် ရမ်းလိုက်ရာ သူ၏ အလောင်းက အနောက်ဘက်သို့ တိုက်ရိုက် လွင့်စင်သွားတော့သည်။
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "ငါ့ရှေ့မှာအပိုတွေ လာလုပ်နေတယ်"
ကျောက်ဟွေးယောင်က လေထဲမှ ပြုတ်ကျလာပြီး တံတောင်ဆစ်ဖြင့် ကျသွားရာ အရေပြားများ ချက်ချင်း ပေါက်ပြဲသွားသည်။
လင်းယွမ်က ဂရုမစိုက်ဘဲ တိုက်ရိုက် မေးလိုက်သည်။ "မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်... မင်းက ရှင်းဟိုင် ဥယျာဉ်အိမ်ရာက လူ ဟုတ်သလား မဟုတ်ဘူးလား"
"ဟုတ်ပါတယ်... ကျွန်မ တကယ်ပါ... ကျွန်မက ဆရာ ပြောတဲ့သူကို မသိတာပါ... ဒါပေမယ့် ကျွန်မ ကိုယ်တိုင်က ရှင်းဟိုင် ဥယျာဉ်အိမ်ရာက တကယ်ပါရှင်"
"ကျွန်မ ငယ်ငယ်တုန်းက ပိုက်ဆံ နည်းနည်းပါးပါး ရှာနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်နဲ့ အဆင်ပြေသွားလို့ ငွေနည်းနည်း ချေးပြီး အဲ့ဒီက စံအိမ်ကို ဝယ်လိုက်တာပါ"
"ဒီအချက်ကိုတော့ ကျွန်မ တကယ် လိမ်မပြောပါဘူးရှင်"
ကျောက်ဟွေးယောင်က အလျင်အမြန် ရှင်းပြလိုက်သည်။
လင်းယွမ်က ကျောက်ဟွေးယောင်ကို ကြည့်ကာ မေးလိုက်သည်။ "ကောင်းပြီ... ဒါဆို ငါ မင်းကို မေးမယ်... အဲ့ဒီတုန်းက ရေဘေးကြီး ရောက်လာတော့ မင်းတို့ လူတွေ ဘယ်နှယောက် ထွက်ပြေးလွတ်မြောက်လာလဲ... ပြီးတော့ ဘယ်နေရာတွေကို အသီးသီး ထွက်ပြေးသွားကြလဲ"
"မင်း သေချာ စဉ်းစားပြီး ရှိသမျှ အကုန် ငါ့ကို ပြောပြစမ်း... အသေးစိတ် အချက်အလက် တစ်ခုလေးတောင် လွတ်မသွားစေနဲ့"
"လျှောက်မပြောနဲ့... လိမ်လည်း မလိမ်နဲ့... မင်း လိမ်မလိမ် ခွဲခြားနိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်"
"တကယ်လို့ လျှောက်ပြောမယ် ဆိုရင် ခုနက လူရဲ့အဖြစ်က မင်းရဲ့ ဇာတ်သိမ်းပဲ"
ကျောက်ဟွေးယောင်၏ မျက်နှာပေါ်တွင် အကြောက်တရားများ ထွက်ပေါ်လာပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ကျွန်မ... ကျွန်မ တတ်နိုင်သမျှ ပြောပါ့မယ်... ဒါပေမယ့် အဲ့ဒီချိန်တုန်းက ကျွန်မ အိမ်ထဲမှာပဲ ပုန်းနေလို့ အပြင်က အခြေအနေကို သတိမထားမိခဲ့ဘူး"
"မင်း သိတာကိုပဲ ရွေးပြောစမ်း"
"ဟုတ်ကဲ့"
ကျောက်ဟွေးယောင်က တံတွေးမျိုချလိုက်ပြီး ရေလွှမ်းမိုးမှုကြီးကို ကြုံတွေ့ပြီးနောက်ပိုင်း အဖြစ်အပျက်များကို အလျင်အမြန် စတင် ပြောပြတော့သည်။
လင်းယွမ်တို့ကမူ ဘေးတွင် ရပ်ကာ သူမ၏ ရှင်းပြချက်ကို သေချာစွာ နားထောင်နေပြီး တစ်ဖက်လူ လိမ်ပြောခြင်း ရှိမရှိ အတည်ပြုရန်အတွက် ရံဖန်ရံခါ မေးခွန်းအချို့ ထုတ်မေးလိုက်သည်။
ဆက်ရန်...