← Chapters

အခန်း (၄၇၁-၄၇၂)

Vol. 24 Ch. 471-472

အခန်း (၄၇၁-၄၇၂)

Vol. 24 Ch. 471-472

အပိုင်း(၄၇၁) အယောင်ဆောင် ဝင်ရောက်ခြင်း

လင်းယွမ်၏ အကြည့်များက ထွက်ခွာသွားသော ကျောပြင်ပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။

လူပုတမန်က အသံကို နှိမ့်ချကာ ပြောလိုက်သည်။ "မင်းလူတွေကို အပေါ်တက်လာခိုင်းလိုက်"

ဟွမ်ကွမ်းဇူက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ"

ထို့နောက် ဟွမ်ကွမ်းဇူက လျှိုဆန်းနှင့် အခြားသူများကို အဆောက်အအုံထဲရှိ လူတစ်ရာကျော်အား အပေါ်သို့ ခေါ်လာရန် ခိုင်းစေလိုက်သည်။

လင်းယွမ်ကလည်း လူအုပ်ထဲတွင် ဝင်ရပ်နေလိုက်ပြီး ရေနတ်ဘုရားဂိုဏ်းမှ ဤလူပုတမန် တရားဟောမည့်အပေါ် စိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်။

"လူကြီးမင်းတို့... ရေနတ်ဘုရားရဲ့ မျက်နှာသာပေးမှုကို ထပ်မံရရှိပြီး ရေနတ်ဘုရားရဲ့ သွန်သင်ဆုံးမမှုတွေကို နားထောင်ဖို့ ဒီလိုအခွင့်အရေးမျိုး ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

"နတ်ဘုရားတွေက လူသားတွေရဲ့ မာနတရားတွေကို ရေလွှမ်းမိုးမှုနဲ့ ဆေးကြောသန့်စင်ပေးခဲ့တယ်... သစ္စာရှိတဲ့ ယုံကြည်သူတွေသာ ရေနစ်သေဆုံးခြင်းကနေ ပြန်လည်မွေးဖွားလာနိုင်လိမ့်မယ်"

"သမုဒ္ဒရာက ကုန်းမြေကို အဆုံးမှာ ဝါးမျိုသွားလိမ့်မယ်... ယုံကြည်သူတွေအနေနဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပြီး အစွမ်းတွေကို နိုးထလာစေမှသာ နက်ရှိုင်းတဲ့ သမုဒ္ဒရာခေတ်ကြီးနဲ့ လိုက်လျောညီထွေ ရှင်သန်နိုင်လိမ့်မယ်"

"လူ့ယဉ်ကျေးမှုအားလုံး ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်သွားတဲ့အခါ... နတ်ဘုရားတွေက သက်ရှိတွေရဲ့ သံသရာကို ပြန်လည်စတင်ပေးလိမ့်မယ်"

...

လူပုတမန်က ရေနတ်ဘုရားဂိုဏ်း၏ ကျမ်းစာများကို အဆက်မပြတ် ရွတ်ဆိုနေသည်နှင့်အမျှ အောက်ဘက်ရှိ လူများအားလုံးကလည်း တိတ်ဆိတ်စွာ နားထောင်နေကြသည်။

အစပိုင်းတွင် လူအများအပြားက စိတ်ဝင်စားမှု မရှိကြသော်လည်း နားထောင်ရင်း နားထောင်ရင်းဖြင့် မှင်တက်သွားကြတော့သည်။

လင်းယွမ်က လူအုပ်ကြားထဲမှ ဤမြင်ကွင်းကို ကြည့်ရင်း မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။

"စိတ်စွမ်းအင် လွှမ်းမိုးမှု"

သူ့ရှေ့ရှိ လူပုတမန်က စိတ်စွမ်းအင်ကို အသုံးပြုကာ ထိုနေရာရှိ လူအားလုံးကို လွှမ်းမိုးနေကြောင်း သူက အလွန်တရာ ထက်မြက်စွာ ခံစားသိရှိနိုင်ပေသည်။

ဤသို့သော စိတ်စွမ်းအင် အသုံးပြုမှု နည်းလမ်းက အသံတိတ် လှုပ်ရှားမှုမျိုး ဖြစ်ပြီး တိတ်တဆိတ် စိမ့်ဝင်သွားစေသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေသည်။

ယင်းက သူ၏ စကားလုံးများနှင့်အတူ အခြားသူများ၏ စိတ်နှလုံးထဲသို့ စိမ့်ဝင်သွားနိုင်ပေသည်။

သူ၏ စကားလုံးများက လူများ၏ စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်သော စွမ်းအားတစ်ရပ် ရှိနေသကဲ့သို့ပင်။

လင်းယွမ်၏ စိတ်စွမ်းအင်က အလွန်တရာ အစွမ်းထက်လွန်းလှရာ ဤမျှသော လွှမ်းမိုးမှုလောက်က သူ့အပေါ် မည်သို့မျှ သက်ရောက်နိုင်မည် မဟုတ်ပေ။

တစ်ဖက်လူက ဤသို့သော နည်းလမ်းဖြင့် တရားဟောနေသည်ကိုသာ သူက အံ့အားသင့်နေမိခြင်း ဖြစ်သည်။

ယင်းက သူ ထိုက်ယန်တောင်၌ လူများ၏ စိတ်နှလုံးကို သိမ်းသွင်းရသည်ထက် အများကြီး ပိုမို လွယ်ကူနေပေသည်။

သူက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရှိ နေထိုင်သူများ၏ စိတ်နှလုံးကို သိမ်းသွင်းရန် အမှတ်ပေးစနစ်များကို ထောက်ပံ့ပေးရုံသာမက စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်းနှင့် အလုပ်အကိုင်များ ခွဲဝေပေးခြင်းတို့ကိုပါ လုပ်ဆောင်ပေးခဲ့ရသည်။

ဤရေနတ်ဘုရားဂိုဏ်းကဲ့သို့ စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက်ကို စေလွှတ်ကာ စိတ်စွမ်းအင်ဖြင့် လူအားလုံး၏ စိတ်အသိကို တိုက်ရိုက် လွှမ်းမိုး ဆေးကြောပစ်ခြင်းမျိုးနှင့် မည်သို့မျှ မတူညီပေ။

ဒါကမှ တကယ့်ကို ဦးနှောက်ဆေးတာပဲ...

လင်းယွမ်က အနည်းငယ် သက်ပြင်းချမိသွားသလို အနည်းငယ်လည်း ဆွံ့အသွားရသည်။

ဤနည်းလမ်းက မြန်ဆန်သော်လည်း အခြေခံအားဖြင့်မူ ဦးနှောက်ဆေးသည့် သဘောတရားသာ ဖြစ်ကြောင်း သူက သိထားပေသည်။

ဤအချိန်တွင် လူပုတမန်က နောက်ဆုံး ဦးနှောက်ဆေးသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူက သံပြိုင်ရွတ်ဆိုလိုက်သည်ကိုသာ ကြားလိုက်ရသည်။

"ကုန်းမြေက သေဆုံးသွားပြီ... ဒီရေက ထာဝရ ရှင်သန်နေတယ်"

"အသက်ရှူခြင်းက အပြစ်တစ်ခုပဲ... ရေနစ်ခြင်းကသာ မွန်မြတ်ခြင်း ဖြစ်တယ်"

အောက်ဘက်ရှိ လူအုပ်ကြီးကလည်း လိုက်လံ အော်ဟစ်လိုက်ကြသည်။

"ကုန်းမြေ သေဆုံးသွားပြီ... ဒီရေက ထာဝရ ရှင်သန်နေတယ်"

"အသက်ရှူခြင်းက အပြစ်တစ်ခုပဲ... ရေနစ်ခြင်းကသာ မွန်မြတ်ခြင်း ဖြစ်တယ်"

မလှမ်းမကမ်းရှိ ဟွမ်ကွမ်းဇူပင်လျှင် ရူးသွပ်သော စိတ်ခံစားချက်များ ထွက်ပေါ်လာကာ အသံကျယ်ကြီးဖြင့် လိုက်လံ အော်ဟစ်နေတော့သည်။

လင်းယွမ်၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။ ဟွမ်ကွမ်းဇူက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက် မဟုတ်သော်လည်း သူက သဘာဝဓာတ် အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည့်အတွက် သူ၏ အဓိက အရည်အသွေးက သဘာဝအားဖြင့် စိတ်စွမ်းအင်ပင် ဖြစ်သည်။

သို့သော်လည်း ဟွမ်ကွမ်းဇူပင်လျှင် ဤလူပုတမန်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။

ဒါက ဘာကို ဖော်ပြနေသနည်း။

ဤလူပုတမန်၏ စိတ်စွမ်းအင် အားကောင်းမှုက ဟွမ်ကွမ်းဇူထက်ပင် ပို၍ သာလွန်နေကြောင်းကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

လင်းယွမ်က စွမ်းအင်တိုင်းမျက်မှန်နှင့် ဟွမ်ကွမ်းဇူ၏ စိတ်စွမ်းအင် အားကောင်းမှုကို စစ်ဆေးထားခြင်း မရှိပေ။

သို့သော် ဟွမ်ကွမ်းဇူ၏ အဓိက အရည်အသွေးက အမှတ် ၅၀ နီးပါးသို့ သေချာပေါက် ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူက အသေအချာ ပြောရဲပေသည်။

ဤလူပုတမန်က ဟွမ်ကွမ်းဇူထက် စိတ်စွမ်းအင် ပိုမို အားကောင်းနေခြင်းမှာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိပေသည်။

လူပုတမန်က မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေခြင်းပင်။

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး စိတ်စွမ်းအင်များကို ဖြည်းညင်းစွာ ဖြန့်ကျက်လိုက်ကာ ပတ်ဝန်းကျင် တစ်ခုလုံးကို အလျင်အမြန် လွှမ်းခြုံလိုက်သည်။

ချက်ချင်းပင် မျက်မြင်မရသော စိတ်စွမ်းအင် အလွှာတစ်ခုက လူပုတမန်၏ စိတ်စွမ်းအင် ပျံ့နှံ့ လွှမ်းမိုးမှုများကို တားဆီးပေးလိုက်သည်။

လွန်ခဲ့သည့် စက္ကန့်ပိုင်းကမှ ရူးသွပ်နေခဲ့ကြသော လူအုပ်ကြီးက ရုတ်တရက် သူတို့၏ ဦးခေါင်းများ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

ဆူပွက်နေသော စိတ်ခံစားချက်များက ချက်ချင်းပင် အေးကျသွားတော့သည်။

လူအားလုံးက အံ့အားသင့်နေသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။

ထို့နောက် ထိုလူပုတမန်ကို သံသယဖြစ်ဖွယ် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

ဟွမ်ကွမ်းဇူ၏ မျက်နှာအမူအရာကလည်း ပြောင်းလဲသွားပြီး လူပုတမန်ကို ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်သည်။

စောစောက ဘာဖြစ်သွားခဲ့သည်ကို သူက ချက်ချင်းပင် နားလည်သွားတော့သည်။

သူက ဦးနှောက်ဆေးခံလိုက်ရခြင်းပင်။

တစ်ခဏချင်းမှာပင် သူ၏ စိတ်နှလုံးများ တုန်လှုပ်သွားကာ အထိတ်တလန့် ဖြစ်သွားရသည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်ကို လျှို့ဝှက်စွာ လှမ်းကြည့်လိုက်သည်။

စောစောက လင်းယွမ် ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ဖြစ်ကြောင်း သူက သိထားပေသည်။

သို့မဟုတ်ပါက သူက ဦးနှောက်ဆေး ခံလိုက်ရပြီ ဖြစ်သည်။

လူပုတမန်ကလည်း အခင်းဖြစ်ပွားရာ နေရာရှိ လူများ၏ စိတ်ခံစားချက်များ မှားယွင်းနေကြောင်းကို ခံစားသိရှိသွားသည်။

ချက်ချင်းပင် လူအုပ်ကြီးကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများက အနည်းငယ် ကျယ်လာပြီး ဒေါသတကြီးဖြင့် မေးလိုက်သည်။ "ဘယ်သူလဲ... ဘယ်သူက ဒီအခမ်းအနားကို အနှောင့်အယှက်ပေးနေတာလဲ"

ဟွမ်ကွမ်းဇူက ချက်ချင်းပင် မေးလိုက်သည်။ "တမန်တော်ကြီး... ခင်ဗျားရဲ့ ဒီအခမ်းအနားက တကယ်တော့ ဘာလဲ... စောစောက ဘာဖြစ်သွားတာလဲ"

သို့သော်လည်း လူပုတမန်က သူ့ကို ကြည့်မနေဘဲ အခင်းဖြစ်ပွားရာ နေရာရှိ လူအားလုံးကို အလျင်အမြန် အကဲခတ်လိုက်သည်။

သူ၏ မျက်လုံးများက တောက်ပသွားပြီး ရုတ်တရက် မည်သည့်စကားမှ မဆိုတော့ဘဲ ပြတင်းပေါက်ဆီသို့ အလျင်အမြန် လှည့်ပြေးသွားတော့သည်။

သို့သော်လည်း သူက ပြတင်းပေါက်သို့ ရောက်ရှိသွားချိန်တွင် သူ၏ နားထဲ၌ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟားဟား... တော်တော် ပြတ်သားတာပဲ"

"ဘာ"

လူပုတမန်က အထိတ်တလန့် ဖြစ်သွားပြီး နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ၏ အနောက်ဘက်တွင် ဘယ်အချိန်ကတည်းက လူတစ်ယောက် ရောက်နေမှန်းကို မသိခဲ့ပေ။

ထိုလူက သူ၏ ပခုံးကို အလွယ်တကူ ဆုပ်ကိုင်ထားသည်ကိုပင် တွေ့လိုက်ရသည်။

ချက်ချင်းပင် သူ၏ ပခုံးဆီမှ ပြင်းထန်သော နာကျင်မှုများက ဝင်ရောက်လာသည်။

သူက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "မင်းလား"

ထို့နောက် သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "မင်းက ငါ့ကိုတောင် လက်ပါရဲလောက်အောင် သတ္တိကောင်းနေတာလား"

"ငါက ရေနတ်ဘုရားဂိုဏ်းရဲ့ တမန်တော်ပဲ... မင်းက ငါ့ကို လက်ပါရဲတယ်ဆိုတော့ ရေနတ်ဘုရားဂိုဏ်းရဲ့ ဒေါသကို မကြောက်ဘူးလား"

လင်းယွမ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ "မင်းက ဘာလို့ ဒီလောက် အပိုစကားတွေ ပြောနေရတာလဲ"

လူပုတမန်၏ မျက်နှာဖုံးအောက်ရှိ မျက်နှာက ပြာနှမ်းသွားသည်။ ဤအမေးက တကယ့်ကို အဓိပ္ပာယ်မရှိသော စကားပင် ဖြစ်သည်။

တစ်ဖက်လူက လက်ပါလာပြီဆိုမှတော့ သဘာဝအားဖြင့် ရေနတ်ဘုရားဂိုဏ်းကို ကြောက်ရွံ့နေမည် မဟုတ်ပေ။

သူက ဟွမ်ကွမ်းဇူကို အလျင်အမြန် လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။ "ဟွမ်ကွမ်းဇူ... မင်းလည်း သေရမှာကို မကြောက်ဘူးလား"

ဟွမ်ကွမ်းဇူက တံတွေးမြိုချလိုက်ပြီး မကြားဟန်ဆောင်နေလိုက်သည်။

လင်းယွမ်က သူ၏ လက်ဝါးကို ခပ်ဖွဖွ ဆုပ်နယ်လိုက်ရာ "ခွပ်" ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။

ချက်ချင်းပင် ထိုလူ၏ ပခုံးက တိုက်ရိုက် ကြေမွသွားတော့သည်။

"အား"

လူပုတမန်က ချက်ချင်းပင် တိုးညင်းစွာ အော်ဟစ်လိုက်ပြီး နောက်လက်တစ်ဖက်က ဆေးရည်တစ်ပုလင်းကို အလျင်အမြန် ယူကာ ပြင်းပြင်းထန်ထန် ဆုပ်ချေလိုက်သည်။

"ဖောင်း"

ဆေးရည်က ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ပြင်းထန်သော အပြာရောင် မြူခိုးများက လိပ်တက်လာတော့သည်။

သို့သော် လင်းယွမ်က ပါးစပ်ဟကာ မှုတ်ထုတ်လိုက်သည်။

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် လေစီးကြောင်းများက လိပ်တက်လာသည်။

အပြာရောင် ဓာတ်ငွေ့များအားလုံးက ချက်ချင်း အရည်ပျော်သွားကာ ရေခဲများအဖြစ် အသွင်ပြောင်းသွားတော့သည်။

"ခွပ်... ခွပ်" အသံများနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

"ရေခဲဓာတ် အစွမ်းပိုင်ရှင်"

လူပုတမန်က အထိတ်တလန့် အော်ဟစ်လိုက်သည်။

သူက အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားသော စိတ်စွမ်းအင်များက လင်းယွမ်၏ စိတ်ပင်လယ်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။

သို့သော် လင်းယွမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး သရော်ပြုံး တစ်ခုကိုပင် ထုတ်ဖော်ပြသလိုက်သေးသည်။

ထိုကြီးမားသော စိတ်စွမ်းအင်များက လင်းယွမ်၏ စိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်တွင်ပင်။

လူပုတမန်၏ မျက်နှာက ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။

ခန့်မှန်းရခက်သော ကြောက်မက်ဖွယ် စိတ်စွမ်းအင်များက သူ့ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည်။

လူပုတမန်က တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ချက်ချင်းပင် စိတ်စွမ်းအင်၏ ပြန်ကန်မှုဒဏ်ကို ခံလိုက်ရပြီး သူ၏ ဦးခေါင်းတစ်ခြမ်းက ရုတ်တရက် "ဖောက်" ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် သူ၏ တစ်ကိုယ်လုံးက တိုက်ရိုက် ခွေကျသွားတော့သည်။

လင်းယွမ်က အနည်းငယ် မှင်တက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် သူက မျိုးရိုးဗီဇမျိုးစေ့အဆင့် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက်ပဲလေ... ကိုယ့်စိတ်စွမ်းအင် ပြန်ကန်တဲ့ဒဏ်ကိုတောင် မခံနိုင်ဘူးလား"

အဓိက အရည်အသွေး အမှတ် ၅၀ ပြည့်မီခြင်း မရှိဘဲ မျိုးရိုးဗီဇမျိုးစေ့အဆင့်သို့ အဆင့်တက်ထားသော အစွမ်းပိုင်ရှင်များ၏ အခြေခံက မည်မျှ ညံ့ဖျင်းကြောင်းကို လင်းယွမ်က ထပ်မံ သတိပြုမိသွားသည်။

စောစောက သူက မည်သို့မျှပင် တန်ပြန်တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ တစ်ဖက်လူက သူ၏ ကိုယ်ပိုင် စိတ်စွမ်းအင် ပြန်ကန်မှုအောက်တွင် လုံးဝ သေဆုံးသွားခဲ့ခြင်းပင် ဖြစ်သည်။

လင်းယွမ်က လူပုတမန်၏ မျက်နှာဖုံးကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။ "မင်းက တကယ်တမ်း ဘယ်လိုပုံစံလဲဆိုတာ ကြည့်ရသေးတာပေါ့"

မျက်နှာဖုံးကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားတော့သည်။

မျက်နှာဖုံးအောက်တွင် အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်၏ မျက်နှာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ၏ နဖူးပေါ်တွင် အကြေးခွံများစွာ ပေါက်ရောက်နေပေသည်။

သူ၏ ခေါင်းစွပ်အောက်ရှိ နားရွက်နောက်ဘက်နှင့် ပါးရိုးအောက်တွင် ငါးပါးဟက်ကဲ့သို့သော အင်္ဂါအစိတ်အပိုင်း အချို့က ကွဲအက်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလူ နိုးထလာတာက စိတ်စွမ်းအင် မဟုတ်ဘူးလား... ဘာလို့ ကျန်းဖန်ရဲ့ ရေလူသား အသွင်ပြောင်းတဲ့ ပုံစံမျိုး ရှိနေရတာလဲ"

သူက ဤလူ၏ ငါးပါးဟက်ကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများကို သေချာစွာ ကြည့်ရှုလိုက်ရာ ဤအင်္ဂါအစိတ်အပိုင်းများ၏ ပတ်လည်တွင် သဘာဝအတိုင်း ပေါက်ရောက်လာခြင်း မဟုတ်ဘဲ တိကျသော ချုပ်ရိုးချုပ်ကြောင်းများ ရှိနေကြောင်းကို ရုတ်တရက် သတိပြုမိသွားသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လင်းယွမ်၏ စိတ်ထဲတွင် မယုံကြည်နိုင်ဖွယ် ခန့်မှန်းချက် တစ်ခုက ထွက်ပေါ်လာသည်။

ဒီလူက ခွဲစိတ်မှုကနေတစ်ဆင့် ငါးပါးဟက် အင်္ဂါအစိတ်အပိုင်းကို အစားထိုးကုသထားတာများလား...

သူ၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ အကယ်၍ သူတွေးထားသလို တကယ်ဖြစ်နေပါက ရေနတ်ဘုရားဂိုဏ်းက လူသားများကို ဦးဆောင်ကာ အသစ်စက်စက် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းဆီသို့ သွားနေပုံရပေသည်။

သူတို့က သမုဒ္ဒရာကို တက်ကြွစွာ ပွေ့ဖက်ပြီး သမုဒ္ဒရာ သက်ရှိတွေအဖြစ်သို့ ဆင့်ကဲပြောင်းလဲနေကြတာလား...

"ဆရာ... ဟိုလူရှည်တမန်တော်က ပြန်ရောက်လာပြီ"

ရုတ်တရက် လျှိုဆန်းက အလျင်အမြန် ပြေးဝင်လာပြီး အလောတကြီး အော်ဟစ်လိုက်သည်။

ဟွမ်ကွမ်းဇူနှင့် အခြားသူများကလည်း သတိဝင်လာပြီး လင်းယွမ်ကို အလောတကြီး လှမ်းကြည့်လိုက်ကြသည်။

"ဆရာ... အခု ဘယ်လိုလုပ်ကြမလဲ"

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး သူ၏ လက်ထဲရှိ လူပုတမန်၏ ဝတ်ရုံကို အလျင်အမြန် ချွတ်ယူလိုက်သည်။

ထိုလူ၏ အရေပြား တစ်ခုလုံးပေါ်တွင် ငါးအကြေးခွံကဲ့သို့သော အလွှာများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

အများကြီး လေ့လာကြည့်ရှုရန် အချိန်မရတော့ဘဲ လင်းယွမ်က ဝတ်ရုံကို သူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် စွပ်ဝတ်လိုက်သည်။

ထို့နောက် မျက်နှာဖုံးကိုလည်း သူ၏ မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူက ဟွမ်ကွမ်းဇူကို ပြောလိုက်သည်။ "အလောင်းကို ဖွက်ထားလိုက်... အခုကစပြီး ငါက ရေနတ်ဘုရားဂိုဏ်းရဲ့ တမန်တော်ပဲ... အားလုံးက စောစောက နားထောင်နေတဲ့ ပုံစံအတိုင်း ဆက်နေကြ... မြန်မြန်"

ဟွမ်ကွမ်းဇူက ထိုစကားကို ကြားသောအခါ နားလည်သွားပြီး ခေါင်းလှည့်ကာ အလျင်အမြန် အော်ဟစ်လိုက်သည်။ "အားလုံး မတ်မတ်ရပ်ထားကြ"

သူကိုယ်တိုင်ကလည်း အလောင်းကို အလျင်အမြန် ဆွဲယူကာ အခန်းတစ်ခန်းထဲသို့ ပစ်သွင်းလိုက်သည်။

ထို့နောက် လူအုပ်ကြီး၏ အရှေ့သို့ အလျင်အမြန် ပြေးသွားကာ နားထောင်နေသည့် ပုံစံမျိုး ဖမ်းလိုက်သည်။

လင်းယွမ်ကမူ သူတို့၏ အရှေ့တွင် ရပ်နေလိုက်သည်။

သူက ခြေလှမ်းအနည်းငယ် လျှောက်သွားသည်ကိုသာ မြင်လိုက်ရပြီး မူလက မြင့်မားတောင့်တင်းသော သူ၏ ခန္ဓာကိုယ်က အံ့သြဖွယ်ကောင်းလောက်အောင် ဖြည်းညင်းစွာ သေးငယ်သွားကာ လူပုတမန်နှင့် အရပ်အမောင်း တူညီသွားတော့သည်။

ထိုမျှမက သူ၏ အသံကလည်း အနည်းငယ် ပြောင်းလဲသွားပြီး လူပုတမန်၏ အသံနှင့် ပိုမို နီးစပ်သွားပေသည်။

အသွင်တစ်ရာ မျိုးရိုးဗီဇက သူ၏ အံ့သြဖွယ်ကောင်းလှသော အစွမ်းကို ထပ်မံ ထုတ်ဖော်ပြသလိုက်ခြင်းပင်။

ဤအချိန်တွင် လူရှည်တမန်တော်၏ ခန္ဓာကိုယ်က စင်္ကြံလမ်းထဲတွင် ထွက်ပေါ်လာသည်။

လင်းယွမ်က အချိန်ကိုက်ပင် ရွတ်ဆိုလိုက်သည်။

"ကုန်းမြေ သေဆုံးသွားပြီ... ဒီရေက ထာဝရ ရှင်သန်နေတယ်"

"အသက်ရှူခြင်းက အပြစ်တစ်ခုပဲ... ရေနစ်ခြင်းကသာ မွန်မြတ်ခြင်း ဖြစ်တယ်"

လင်းယွမ်၏ ရွတ်ဆိုမှုနှင့်အတူ အောက်ဘက်ရှိ ဟွမ်ကွမ်းဇူကလည်း ချက်ချင်းပင် အသံကျယ်ကြီးဖြင့် လိုက်လံ အော်ဟစ်လိုက်သည်။

အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်လံ အော်ဟစ်လိုက်ကြသည်။

"ကုန်းမြေ သေဆုံးသွားပြီ... ဒီရေက ထာဝရ ရှင်သန်နေတယ်"

"အသက်ရှူခြင်းက အပြစ်တစ်ခုပဲ... ရေနစ်ခြင်းကသာ မွန်မြတ်ခြင်း ဖြစ်တယ်"

...

လူရှည်တမန်တော်က ဧည့်ခန်းမထဲသို့ ဝင်လာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မည်သို့မျှ သံသယ ဝင်မသွားခဲ့ပေ။

သူက လင်းယွမ်၏ အနီးသို့ အလျင်အမြန် လာကာ အသံကို နှိမ့်ချ၍ မေးလိုက်သည်။ "ပြီးသွားပြီလား"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ကာ "အင်း" ဟု အသံပြုလိုက်သည်။

လူရှည်တမန်တော်က ပြောလိုက်သည်။ "အထက်က အမိန့်ကျလာတယ်... လင်ယွီကျွန်းရဲ့ သတင်းအချက်အလက်တွေကို ရယူဖို့ ဆန်းယွမ် အဆောက်အအုံဆီကို မြန်မြန် သွားရမယ်တဲ့... ဒီတစ်ကြိမ်တော့ လင်ယွီကျွန်းကို မဖြစ်မနေ ရှာတွေ့မှ ရမယ်"

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး ထပ်မံ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"

ချက်ချင်းပင် သူက လူရှည်တမန်တော်နောက်သို့ လိုက်ကာ ဤနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။

လူရှည်တမန်တော်၏ ဦးဆောင်မှုအောက်တွင် လင်းယွမ်က သူနှင့်အတူ မြို့ပတ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

ရေပြင်ပေါ်တွင် အနက်ရောင်နှင့် အပြာရောင် ရောစပ်နေသော သင်္ဘောတစ်စီး ရပ်နားထားပေသည်။

သင်္ဘော၏ အဖြူရောင် မျက်နှာပြင်ပေါ်တွင် အထပ်သုံးထပ် လိမ်ယှက်နေသော ပြောင်းပြန် လက်ဝါးကပ်တိုင် သင်္ကေတတစ်ခု ရှိနေပေသည်။

သူတို့နှစ်ယောက် သင်္ဘောပေါ်သို့ တက်သွားပြီးနောက် လူရှည်တမန်တော်က ထိန်းချုပ်ခလုတ်ကို တစ်ချက် နှိပ်လိုက်ရာ သင်္ဘောက ချက်ချင်း စတင်မောင်းနှင်သွားပြီး မြို့ပတ် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။

ဤအချိန်မှသာ လူရှည်တမန်တော်က စကားစပြောလိုက်သည်။ "မင်းက ဘာလို့ စကားမပြောတာလဲ"

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။ "ဘာပြောရမှာလဲ"

"အရင်ကဆို မင်းက လင်ယွီကျွန်း သတင်းကို ကြားတာနဲ့ အရမ်းကို စိတ်လှုပ်ရှားနေတာပဲလေ... ဒီတစ်ကြိမ်တော့ ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ"

လင်းယွမ်က ပြောလိုက်သည်။ "သတင်းအမှား ဖြစ်နေမှာကို ငါ စိုးရိမ်နေလို့ပါ"

လူရှည်တမန်တော်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "ဒီတစ်ခါတော့ မတူဘူး... လင်ယွီကျွန်းက လူတွေ ဆန်းယွမ် အဆောက်အအုံမှာ ပေါ်လာဖို့ ဖြစ်နိုင်ခြေ ရှိတယ်"

"ပြီးခဲ့တဲ့လကလည်း ငါတို့ သတင်းရခဲ့သေးတယ်... လင်ယွီကျွန်းက မြို့တော်ကုန်သွယ်ရေးစင်တာ အနီးနားမှာ ပေါ်လာခဲ့တယ်တဲ့... မြို့တော်ကုန်သွယ်ရေးစင်တာနဲ့ ဆန်းယွမ် အဆောက်အအုံက နည်းနည်းဝေးပေမယ့် လမ်းကြောင်းအရ ပြောရရင်တော့ ကွမ်ဖူဘက်ကနေ ဒီဘက်ကို လာတဲ့ လမ်းကြောင်းတွေချည်းပဲ"

"ဒီလမ်းကြောင်းက ဝူကျုံးခရိုင်ကို သွားတဲ့ လမ်းကြောင်းလေ... ဝူကျုံးခရိုင်မှာ ရေပေါ်ကျွန်း ရှိနိုင်တယ်ဆိုတဲ့ သတင်းကို ငါတို့ လွှင့်ထားခဲ့တာ... ဒီသတင်းကို လင်ယွီကျွန်းက လူတွေ သိသွားလောက်ပြီ ထင်တယ်"

"သူတို့က ဒီသတင်း အမှားအမှန်ကို သွားရောက် စစ်ဆေးကြဖို့ သေချာသလောက် ရှိတယ်"

"ဟားဟား... ဒါက ငါတို့ရဲ့ ထောင်ချောက်တစ်ခုဆိုတာကိုတော့ သူတို့ မသိကြဘူးလေ"

လူရှည်တမန်တော်က သရော်ပြုံး ပြုံးလိုက်သည်။ "ဒီတစ်ကြိမ်တော့ လင်ယွီကျွန်းက အဲ့ဒီ မိန်းမယုတ်တွေကို ငါတို့ သေချာပေါက် ဖမ်းမိမှာပဲ"

ဆက်ရန်...

အပိုင်း(၄၇၂) ရေနတ်ဘုရားဂိုဏ်း ကျူးကျော်ခြင်း

လင်းယွမ်က စကားများလျှင် အမှားပါတတ်သည်ဆိုသော သဘောတရားကို ကိုယ်တိုင် သိရှိထားသဖြင့် သူက သဘာဝကျကျပင် ဘာမှ ထပ်မပြောတော့ပေ။

လမ်းတစ်လျှောက်တွင် စကားအနည်းငယ်ဖြင့် ဟန်လုပ်ပြောဆိုလာပြီးနောက် မကြာမီမှာပင် ဤသင်္ဘောက ရေနတ်ဘုရားဂိုဏ်း၏ စစ်သင်္ဘောထံသို့ ရောက်ရှိသွားသည်။

သူတို့နှစ်ယောက်က ကြိုးလှေကားကို ဆွဲကိုင်ကာ စစ်သင်္ဘောပေါ်သို့ အလျင်အမြန် တက်သွားကြသည်။

ဤစစ်သင်္ဘောကလည်း အနက်ရောင်နှင့် အပြာရောင် ပေါင်းစပ်ထားသော အရောင်အသွေးပုံစံပင် ဖြစ်သည်။

၎င်း၏ ရွက်တိုင်က ကြီးမားလှပြီး အလံပေါ်တွင် အပြာရောင် ဒီရေလှိုင်း သုံးထပ် အမှတ်အသား ပါရှိသည်။

သင်္ဘောဦးပိုင်းတွင်လည်း သုံးထပ်လိမ်ယှက်နေသော ပြောင်းပြန် လက်ဝါးကပ်တိုင် တစ်ခု မတ်မတ် ရပ်တည်နေသည်။

ဤနှစ်ခုစလုံးက ရေနတ်ဘုရား အမှတ်အသားများ ဖြစ်ပုံရသည်။

သူတို့နှစ်ယောက် သင်္ဘောပေါ်သို့ တက်ရောက်သွားပြီးနောက် လင်းယွမ်က အရပ်ရှည်ရှည် တမန်တော်၏ ဦးဆောင်မှုအောက်တွင် ကုန်းပတ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

ကုန်းပတ်ပေါ်တွင် အခန်းတစ်ခန်း ရှိပြီး အပြာရောင် ဝတ်ရုံဝတ်ဆင်ထားသူ တစ်စုက ထိုနေရာတွင် ရှိနေကြသည်။

ခေါင်းဆောင်ဖြစ်သူမှာ ခန္ဓာကိုယ် ထွားကျိုင်းလှသော အပြာရောင် ဝတ်ရုံရှင် တစ်ယောက်ဖြစ်ပြီး သူကလည်း မျက်နှာဖုံးကို တပ်ဆင်ထားသည်။

ဤနေရာရှိ အပြာရောင် ဝတ်ရုံရှင်များထဲမှ လူအများအပြား၏ မျက်လုံးများထဲတွင် ထူးဆန်းသော မီးစိမ်းရောင် အလင်းတန်းလေးများ ပါရှိနေကြသည်။

လင်းယွမ်က ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။

သူက စွမ်းအင်တိုင်းမျက်မှန်ကို တိတ်တဆိတ် တပ်ဆင်လိုက်ပြီး ဤလူများ၏ အစွမ်းအစများကို စတင် လေ့လာကြည့်လိုက်သည်။

ဤသို့ ကြည့်လိုက်သောအခါ သူက ချက်ချင်းပင် အနည်းငယ် အံ့အားသင့်သွားရသည်။

ဤနေရာရှိ အပြာရောင် ဝတ်ရုံရှင် ဒါဇင်ပေါင်းများစွာက အားလုံး မျိုးရိုးဗီဇမျိုးစေ့အဆင့် ရှိကြသော အစွမ်းပိုင်ရှင်များ ဖြစ်နေကြသည်ပင်။

သို့သော် ဤလူများ၏ အဓိက အရည်အသွေးမှတ်များက ယေဘုယျအားဖြင့် ၅၀ မှ ၆၀ မှတ် ကြားတွင်သာ ရှိပြီး အနည်းငယ်ကသာ ၆၀ မှတ်ထက် ကျော်လွန်ကြသည်။

အစွမ်းထက်ဆုံးသူမှာ ထိုခေါင်းဆောင် အပြာရောင် ဝတ်ရုံရှင်ပင် ဖြစ်သည်။

ဤလူ၏ အဓိက အရည်အသွေးမှတ်က ၆၅ မှတ် ဝန်းကျင်အထိ ရောက်ရှိနေသည်။

လင်းယွမ်၏ စိတ်ထဲတွင် အံ့အားသင့်သွားရသည်။ ဤမျှလောက်သော အင်အားစုက ထိုက်ယန်တောင်ကို အလွယ်တကူ တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ပြဿနာ လုံးဝ မရှိနိုင်ပေ။

သူ၏ စိတ်ထဲတွင် အရေးပေါ် အခြေအနေတစ်ခုလို ထပ်မံ ခံစားလိုက်ရသည်။

ထိုက်ယန်တောင်မှ လူများ၏ အစွမ်းအစ တိုးတက်မှုက အလွန် နှေးကွေးနေဆဲပင်။

"အားလုံးပဲ... ထာဝရရေယာဉ်ရဲ့ အမိန့်အရ လင်းယွီကျွန်းကို မဖြစ်မနေ ဖျက်ဆီးပစ်ရမယ်"

"ဒီတစ်ခါ ငါတို့ ရေနစ်ဝိညာဉ်တပ်ဖွဲ့က နောက်တစ်ဆင့် သဲလွန်စ ရတာနဲ့ အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်... တစ်ဖက်လူကို လုံးဝ ထပ်ပြီး လွတ်သွားခွင့် မပေးနိုင်ဘူး"

"ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်... အရှိန်ကုန်တင်ပြီး ရှေ့ကို ချီတက်ကြ"

"ဟုတ်ကဲ့ပါ"

...

"ထိုက်ယန်တောင် အခြေအနေ ဘယ်လိုရှိလဲ"

ထိုက်ယန်တောင်နှင့် ၆ မိုင်ကျော် ကွာဝေးသော ရေပြင်ထက်တွင် ဧရာမ သင်္ဘောကြီး သုံးစီး ရပ်နားထားသည်။

ဤသင်္ဘောသုံးစီးလုံးက အပြာရောင်နှင့် အနက်ရောင် ရောယှက်နေပြီး လွှင့်ထူထားသော အလံများပေါ်တွင် သုံးထပ် ဒီရေလှိုင်း အမှတ်အသား ပါရှိသည်။

အကယ်၍ လင်းယွမ်သာ ဤနေရာတွင် ရှိနေပါက ယင်းသည် ရေနတ်ဘုရားဂိုဏ်း၏ အလံဖြစ်ကြောင်း သေချာပေါက် မှတ်မိနိုင်ပေလိမ့်မည်။

ပင်မသင်္ဘော၏ ကုန်းပတ်ပေါ်တွင် အကြေးခွံချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသားတစ်ဦးက မှန်ပြောင်းတစ်လက်ကို ကိုင်ဆောင်ကာ ထိုက်ယန်တောင် ရှိရာ အရပ်သို့ လှမ်းကြည့်ရင်း မေးမြန်းလိုက်သည်။

သူ၏ အနောက်ဘက်တွင် မျက်နှာဖုံး တပ်ဆင်ထားသော အခြား အမျိုးသားတစ်ဦးက လက်အုပ်ချီကာ ပြောလိုက်သည်။ "အရှင်... ထိုက်ယန်တောင်ရဲ့ ခံစစ်က သိသိသာသာ တင်းကျပ်လာတယ်... ကြည့်ရတာ ရောဂါပိုးက အာနိသင် ပြနေပြီထင်တယ်"

"ဟေ... ရောဂါပိုးက အာနိသင် ပြနေပြီကို သူတို့ဆီမှာ အုန်းအုန်းကျွက်ကျွက် မဖြစ်သေးဘူးလား"

"လောလောဆယ်တော့ မဖြစ်သေးပါဘူး... ကျွန်တော်တို့လူတွေ အထဲကို ခိုးဝင်သွားပြီး တရားစဟောနေပါပြီ"

အကြေးခွံချပ်ဝတ်နှင့် အမျိုးသားက ထိုစကားကို ကြားသောအခါ မှန်ပြောင်းကို ချထားလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ကြည့်ရတာ ဒီ ထိုက်ယန်တောင်ပေါ်မှာ ခြေကုပ်ယူထားတဲ့ အင်အားစုက ဗရမ်းဗတာဖြစ်နေတဲ့ လူစုလူဝေးတော့ မဟုတ်လောက်ဘူး... သူတို့မှာလည်း အရည်အချင်း နည်းနည်းတော့ ရှိသားပဲ"

"အောက်ကို အကြောင်းကြားလိုက်... တရားဟောအဖွဲ့ကို အရှိန်မြှင့်ဖို့ ပြောလိုက်... သူတို့ ထိုက်ယန်တောင် အတွင်းပိုင်းမှာ အဓိကရုဏ်းတွေ မြန်မြန် ဖန်တီးဖို့လိုတယ်"

"ဟုတ်ကဲ့ပါ"

...

ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေ တစ်ခုအတွင်း။

ကောင်းကင်ယံထက်တွင် အချိန်အခါမရွေး ရေလှိုင်းများကဲ့သို့ တွန့်ခေါက်မှုများ ထွက်ပေါ်လာတတ်သည်။

ထူးဆန်းသည်မှာ ဤနေရာတွင် မိုးသက်မုန်တိုင်းများ လုံးဝ မရှိခြင်းပင် ဖြစ်သည်။

အရှေ့ဘက်တွင် အဆုံးအစမရှိ ကျယ်ပြောလှသော ရေပြင်ကြီး ရှိနေပြီး အဆောက်အအုံများစွာ ရေအောက်သို့ နစ်မြုပ်နေသော်လည်း။

သို့သော် ပို၍ ဝေးကွာသော နေရာတွင်မူ ကုန်းမြေများ ရှိနေဆဲပင်။

ထို အဆောက်အအုံများက ပေ ၃၀ ကျော်ခန့်သာ ရေလွှမ်းမိုးခံထားရသည်။

ရုတ်တရက် ရေပြင်ပေါ်ရှိ ဟင်းလင်းပြင် တစ်နေရာက အနည်းငယ် ပုံပျက်သွားသည်။

ထို့နောက် အက်ကွဲကြောင်း တစ်ခု ထွက်ပေါ်လာသည်။

ထိုနောက်တွင် သွေးမြူခိုးများ အလျင်အမြန် ပျံ့နှံ့ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် လူရိပ်အနည်းငယ် ထပ်မံ ဝင်ရောက်လာကြသည်။

ထိုလူများက ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖြတ်ကျော်လာပြီးနောက် ချက်ချင်းပင် ရေထဲသို့ ကျသွားကြသည်။

သို့သော် ချက်ချင်းပင် တစ်ယောက်ချင်းစီ လေထဲသို့ ခုန်တက်သွားကြပြီး ရေပြင်မှ အလျင်အမြန် ခွာထွက်သွားကြသည်။

လီချင်းဟွာက နောက်ဆုံးမှ ဝင်ရောက်လာပြီးနောက် ထို ဟင်းလင်းပြင် အက်ကွဲကြောင်းက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"ရောက်ပြီ"

"ဒီနေရာမှာ တကယ်ပဲ ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေ ရှိနေတာပဲ"

"အရမ်း မှောင်နေတာပဲ"

လူအများက တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။

လီရှန်ယန်က လက်ကို မြှောက်လိုက်ရာ သူ၏ လက်ပေါ်တွင် အလင်းတန်း တစ်ခု လင်းလက်လာသည်။

သို့သော် သူ၏ ဤလုပ်ရပ်က တင်းယန်၏ ကြိမ်းမောင်းသံကို ချက်ချင်း ထွက်ပေါ်လာစေသည်။

"မြန်မြန် ပြန်ငြိမ်းလိုက်စမ်း"

လီရှန်ယန်က ကြောင်အသွားပြီးနောက် အလျင်အမြန် လက်ကို ဖြေလျှော့လိုက်ရာ အလင်းရောင်က ပျောက်ကွယ်သွားသည်။

ကျန်းရုံရုံက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

တင်းယန်က အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ဒီနေရာက ဒီလောက် မှောင်နေတာ... နင့်ရဲ့ အလင်းရောင်က ဒီနေရာမှာ ထင်ရှားတဲ့ ပစ်မှတ်တစ်ခု ဖြစ်မနေဘူးလား"

ထိုအချိန်တွင် လီချင်းဟွာကလည်း ဝင်ပြောလိုက်သည်။ "ခေါင်းဆောင်တင်း ပြောတာ မှန်တယ်... တကယ် အရေးမကြီးရင် အဲ့ဒီလို မလုပ်တာ ကောင်းမယ်"

"ဒါဆို ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ... ဘာမှလည်း မမြင်ရဘူးလေ"

ပတ်ဝန်းကျင် တစ်ခုလုံးက အမှောင်ကျနေပြီး ရေလှိုင်းသံနှင့် လေတိုက်သံများကိုသာ ကြားနေရသည်။

လီချင်းဟွာက ပြောလိုက်သည်။ "ဒီနေရာက ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေလေ... သီးခြား ဟင်းလင်းပြင် မဟုတ်ဘူး... အလင်းရောင်တွေလည်း ဝင်လာမှာပဲ"

"အခုလောလောဆယ်က ညဘက် ဖြစ်နေတော့... ကျွန်တော်တို့ အရင်ဆုံး နေရာတစ်နေရာ ရှာပြီး မိုးလင်းတဲ့အထိ စောင့်ကြည့်ကြတာပေါ့"

လူအများက ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ကြသည်။

ချက်ချင်းပင် ထိုလူစုက ရေပြင်ပေါ်တွင် အလျင်အမြန် ပြေးလွှားသွားကြပြီး မကြာမီမှာပင် ရေထဲတွင် မတ်မတ် ရပ်တည်နေသော အဆောက်အအုံ တစ်ခုကို တွေ့လိုက်ရသည်။

လူအုပ်ကြီးက အလွန် ဝမ်းသာသွားကြပြီး အဆောက်အအုံထဲသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။

ရေပြင်မှ ထွက်ခွာလာပြီးနောက် ခြေထောက်နှင့် မြေပြင် ထိတွေ့သွားသော ခံစားချက်ကြောင့် လူအုပ်ကြီး၏ စိတ်ထဲတွင် များစွာ စိတ်အေးသွားရသည်။

လီရှန်ယန်က ပြောလိုက်သည်။ "အခုဆိုရင်တော့ အလင်းရောင် နည်းနည်း လင်းလို့ ရလောက်ပြီမလား"

တင်းယန်က ခေါင်းညိတ်ပြလိုက်သည်။ "အဆောက်အအုံထဲမှာဆိုတော့ ကိစ္စမရှိလောက်ပါဘူး"

ချက်ချင်းပင် လီရှန်ယန်က လက်ကို လှမ်းဆန့်ထုတ်ကာ အစွမ်းကို အသက်သွင်းလိုက်သည်။

အလင်းရောင်က အဆောက်အအုံ လျှောက်လမ်းကို လင်းထိန်သွားစေသည်။

သို့သော် လျှောက်လမ်းထဲတွင် အလောင်းများစွာ ရှိနေသည်ကို မြင်တွေ့လိုက်ရပြီး အားလုံးက အရိုးစုများ ဖြစ်နေကြပြီ ဖြစ်သည်။

ကျန်းရုံရုံက မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီနေရာမှာ အရင်က လူတွေ နေခဲ့ကြတာပဲ"

လီချင်းဟွာက ပြောလိုက်သည်။ "သေချာပေါက် လူတွေ နေခဲ့ကြမှာပေါ့... ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေဆိုတာ သူ့အလိုလို ထွက်ပေါ်လာတဲ့ သီးခြားနယ်မြေ တစ်ခု မဟုတ်ဘူးလေ... မူလတည်ရှိနေတဲ့ နေရာတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းက ခေါက်ချိုးခံလိုက်ရပြီး သီးသန့်ဖြစ်သွားတာ"

"ဒီနေရာက အရင်တုန်းက အပြင်လောကရဲ့ တစ်နေရာရာ ဖြစ်လောက်တယ်"

"သဲလွန်စများ ရှိမလား လိုက်ရှာကြည့်ရအောင်" ဦးလေးကောက ဝင်ပြောလိုက်သည်။

လူအုပ်ကြီးက အခန်းတစ်ခန်းကို ကျပန်း ဖွင့်လိုက်ရာ မှိုနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသည်။

လူအုပ်ကြီးက မသိမသာပင် အသက်အောင့်ထားလိုက်ကြပြီးနောက် စတင် ရှာဖွေစစ်ဆေးကြတော့သည်။

မကြာမီမှာပင် ရှမင်က တံခါးဝရှိ စာပို့ဗူးပေါ်မှ သဲလွန်စတစ်ခုကို ရှာတွေ့သွားသည်။

"ရှာတွေ့ပြီ... ဒီနေရာက နည်းပညာမြို့တော် ဖုန်းဟွာဥယျာဉ်ပဲ"

"ဖုန်းဟွာဥယျာဉ်... တကယ်ကြီး ဒီနေရာ ဖြစ်နေတာလား" လီရှန်ယန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ကျွန်မ အဲ့ဒီဘက်ကို သိတယ်... အဲ့ဒီဘက်က မြို့သစ်က အဓိက တည်ဆောက်ထားတဲ့ ဆေးဘက်ဆိုင်ရာ စက်မှုဇုန်လေ... ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေ ထွက်ပေါ်လာတာလဲ" ကျန်းရုံရုံက အံ့ဩတကြီး ပြောလိုက်သည်။

သူတို့နှစ်ယောက်စလုံးက လင်ကျန်းမြို့ခံများ ဖြစ်ကြရာ လင်ကျန်းမြို့၏ နေရာဒေသများကို အလွန် ရင်းနှီးကျွမ်းဝင်ကြသည်။

မြေပုံကို ကြည့်ရန်ပင် မလိုဘဲ ဤနေရာက မည်သည့်နေရာ ဖြစ်ကြောင်း သူတို့ သိကြသည်။

လီချင်းဟွာက ပြောလိုက်သည်။ "ဒီ ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေက ဘယ်လောက်တောင် ကျယ်လဲဆိုတာ မသိရသေးဘူး... ဒီနေရာမှာ အသက်ရှင်ကျန်ရစ်သူတွေရော ရှိမလား"

"ဒီနေရာက ခေါက်ချိုးခံလိုက်ရတော့ မိုးဆက်မရွာတော့ဘူးလေ... ရေကြီးတဲ့ ဘေးအန္တရာယ်ကလည်း အပြင်ဘက်ထက် အများကြီး သက်သာလောက်တယ်... သေချာပေါက် အသက်ရှင်ကျန်ရစ်သူတွေ ရှိမှာပဲ" ရှမင်က သုံးသပ်ပြလိုက်သည်။

အချိန်အတော်ကြာ စကားမပြောဘဲ နေခဲ့သော ကျိုးချင်းမင်ကမူ ခေါင်းယမ်းလိုက်သည်။ "ပြောရခက်တယ်... ဒီနေရာမှာ မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါတွေ ရှိနေတာလေ"

"မလောနဲ့... ကျွန်တော်တို့ ဒီနေရာမှာ တစ်ညလောက် အရင် နားလိုက်ကြရအောင်... မနက်ဖြန် မိုးလင်းမှပဲ ဒီ ဟင်းလင်းပြင်ကို ဆက်ပြီး စူးစမ်းကြတာပေါ့"

...

"အဟွတ်... အဟွတ်... အမေ... သမီး... သမီး အရမ်း ပူနေတယ်"

ထိုက်ယန်တောင်၊ ရေပေါ်တံတား ဆိပ်ကမ်းရှိ သစ်သားအိမ်တစ်လုံး အတွင်း၌။

လင်းချောင်က အသက်ရှူ မြန်ဆန်နေပြီး မျက်နှာက ပူထူကာ တစ်ကိုယ်လုံး ချွေးများ ထွက်နေသည်။

လင်းချောင်၏ အမေမှာ မျက်ကွင်းများ နီရဲနေပြီး မျက်နှာအမူအရာက အနည်းငယ် ထိတ်လန့်နေသည်။

"သမီးလေး... သမီး... သမီး ကူးစက်ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်"

လင်းချောင်မှာလည်း ကြောက်လန့်တကြားဖြင့် မျက်နှာ ဖြူရော်သွားကာ အလျင်အမြန် ပြောလိုက်သည်။ "ဒါ... ဒါဆို ဘယ်လိုလုပ်မလဲ"

"အမေ ဒေါက်တာရန်ကို သွားခေါ်လိုက်မယ်"

လင်းချောင်၏ အမေက ကပျာကယာ ထရပ်လိုက်သော်လည်း တံခါးဝသို့ အရောက်တွင် ဘေးအိမ်မှ အဘွားကျန်း ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူမက လင်းချောင်၏ အမေ၏ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန် လှမ်းမေးလိုက်သည်။ "လင်းချောင်အမေ... ဘာဖြစ်လို့ ဒီလောက်တောင် ကမန်းကတန်း ဖြစ်နေရတာလဲ"

လင်းချောင်၏ အမေက အလျင်အမြန် စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။ "ကျွန်မသမီး ကူးစက်ခံလိုက်ရပြီ ထင်တယ်... ကျွန်မ ဒေါက်တာရန်ကို သွားရှာမှ ဖြစ်မယ်"

အဘွားကျန်းက ထိုစကားကို ကြားသောအခါ သူမကို ချက်ချင်း ဆွဲထားလိုက်ပြီး ပြောလိုက်သည်။ "ခဏလေး... ညည်း ရူးနေတာလား... အခု ဒေါက်တာရန်တို့ အားလုံးက ကွာရန်တင်း ဧရိယာထဲမှာလေ... သူတို့ နေ့တိုင်း လူနာဘယ်လောက်များများနဲ့ ထိတွေ့နေရလဲဆိုတာ ညည်း မသိဘူးလား"

"ညည်း ဒီလို စိုးရိမ်တကြီးနဲ့ သွားလိုက်လို့ ကူးစက်ခံရရင် ဒုက္ခရောက်လိမ့်မယ်"

"နောက်တစ်ခုက... ညည်းသမီး ရောဂါပိုး ကူးစက်ခံရတာ သေချာလို့လား... ရိုးရိုး အအေးမိတာလေးကိုများ ကိုယ့်သမီးကိုယ် မီးတွင်းထဲ တွန်းပို့သလို မဖြစ်စေနဲ့ဦး"

အဘွားကျန်း၏ စကားကြောင့် လင်းချောင်၏ အမေက ချက်ချင်း ကြောင်အသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဒါ... ဒါပေမဲ့ ချောင်ချောင်က အဖျားမကျဘူးလေ... ကြည့်ရတာ ကူးစက်ခံရတဲ့ လက္ခဏာနဲ့ တူနေတယ်"

အဘွားကျန်းက ခေါင်းယမ်းလိုက်သည်။ "ညည်းက အရမ်း ငယ်လွန်းပါသေးတယ်... ဘာမှလည်း နားမလည်ဘူး... ကလေးဆိုတာ ဒီလိုမျိုး စောင့်ရှောက်ရတာ မဟုတ်ဘူး"

"နောက်ပြီး... ညည်း ဘာပဲဖြစ်ဖြစ် နှစ်ရက်လောက်တော့ စောင့်ကြည့်သင့်တယ်လေ... တကယ်လို့ ရိုးရိုး အအေးမိတာဆိုရင်ရော"

"ဒါပေမဲ့"

"ဒီလိုလုပ်... ကျုပ် သွားကြည့်ပေးမယ်... ကျုပ် ငယ်ငယ်တုန်းက ကျန်းမာရေးဌာနမှာ သူနာပြုအကူ လုပ်ဖူးတယ်... ဒါပေမဲ့ ညည်း အပြင်လူတွေကို သွားမပြောနဲ့နော်... ကျုပ်က အသက်လည်း ကြီးနေပြီဆိုတော့ ကွာရန်တင်း ဧရိယာမှာ သွားမကူချင်လို့"

လင်းချောင်၏ အမေက အလွန် ဝမ်းသာသွားပြီး အံ့ဩတကြီး ပြောလိုက်သည်။ "အဘွားက ဆေးကုတတ်တာလား"

အဘွားကျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျုပ်ကို ညည်းသမီးဆီ ခေါ်သွား"

လင်းချောင်၏ အမေက အခြားတစ်ဖက်လူကို သစ်သားအိမ်ထဲသို့ အလျင်အမြန် ခေါ်ဆောင်သွားတော့သည်။

အဘွားကျန်းက ကုတင်ပေါ်တွင် လှဲလျောင်းနေသော လင်းချောင်ကို ကြည့်ကာ ဟန်ဆောင်ပန်ဆောင်ဖြင့် ခဏမျှ စစ်ဆေးကြည့်လိုက်ပြီးနောက် အသံနှိမ့်ကာ ပြောလိုက်သည်။ "ဒါက ရောဂါပိုးနဲ့ တကယ်ကို တူတယ်... ဒါပေမဲ့ ကျုပ် ညည်းကို ပြောမယ်... ကျုပ်ဆီမှာ ချက်ချင်း သက်သာပျောက်ကင်းသွားစေမယ့် ကုသနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်... ဒါပေမဲ့ ညည်း အပြင်မှာ လျှောက်မပြောရဘူးနော်"

လင်းချောင်၏ အမေက အလျင်အမြန် မေးလိုက်သည်။ "ဘာနည်းလမ်းမို့လို့လဲ... ဘာလို့ ပြောလို့ မရတာလဲ"

"တိုးတိုး... ကျုပ်ရဲ့ နည်းလမ်းက နည်းနည်းတော့ ရှေးဆန်တယ်... အထက်က ကင်းလှည့်တပ်ဖွဲ့တွေက လုပ်ခွင့်ပေးမှာ မဟုတ်ဘူး"

"ဟင်... ရှေးဆန်တာလား" လင်းချောင်၏ အမေကလည်း ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် အဘွားကျန်းကို လှမ်းကြည့်လိုက်သည်။

အဘွားကျန်းက အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ကျုပ်တို့ မကြာသေးခင်က နတ်ဘုရားတစ်ပါးကို ကိုးကွယ်နေကြတယ်... အရမ်း စွမ်းတာ... သူ့ဆီမှာ ဆုတောင်းရင် တောင်းသမျှ ပြည့်တယ်"

"ဒါက"

"ညည်း မယုံဘူးဆိုရင်လည်း ညည်းသမီးကို ကွာရန်တင်း ဧရိယာဆီသာ ပို့လိုက်တော့"

ထိုစကားကို ကြားသောအခါ လင်းချောင်၏ အမေက ချက်ချင်း စိုးရိမ်သွားသည်။ သူမက သမီးဖြစ်သူတွင် ရောဂါမရှိဘဲ ကွာရန်တင်း ဧရိယာသို့ အပို့ခံရပါက ရောဂါပိုး ကူးစက်ခံရမည်ကို သဘာဝကျကျပင် စိုးရိမ်နေမိသည်။

ထို့ကြောင့် သေလုမြောပါး ဖြစ်နေသော မြင်းကို အရှင်လို သဘောထားပြီး ကုသရန်သာ တတ်နိုင်တော့သဖြင့် သူမက ပြောလိုက်သည်။ "ကျွန်မကို ပြောပြပါ... ကျွန်မ ယုံတယ်လို့ ဆိုရင် ရပြီမလား"

အဘွားကျန်းက ပြုံးလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ "ကျုပ်တို့ ကိုးကွယ်တာက ရေနတ်ဘုရားလေ... ညည်း ကြည့်ကြည့်... ဒီ ရေကြီးမှုကြီး ဖြစ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ... တကယ်တော့ ဒါတွေ အားလုံးက လူသားတွေအပေါ် ရေနတ်ဘုရားက အပြစ်ပေးနေတာပဲ"

"အခု ထိုက်ယန်တောင်က ပြဿနာ မရှိဘူးလို့ ညည်း မထင်နဲ့... ရေကြီးတာက တစ်ရက်တောင် ကျမသွားဘူး... မိုးသက်မုန်တိုင်းကလည်း တစ်ရက်လေး မရပ်ဘူးဆိုရင် ရေပြင်က ဆက်တိုက် မြင့်တက်လာဦးမှာပဲ"

"ဒီ ထိုက်ယန်တောင်က အနှေးနဲ့အမြန် ရေလွှမ်းမိုးခံရမှာပဲ... ရေနတ်ဘုရားကို ကိုးကွယ်မှသာ ကယ်တင်ခံရနိုင်မှာ"

"ထားလိုက်ပါတော့... အခု ညည်းကို ဒါတွေ ပြောပြနေလည်း ညည်း နားလည်မှာ မဟုတ်ပါဘူး"

"ဒီ ရောဂါပိုးက တကယ်တော့ ရေနတ်ဘုရားက ကျုပ်တို့လို သာမန်လူတွေကို အပြစ်ပေးနေတာပဲ"

"ညည်း ကြည်ကြည်ညိုညို ဆုတောင်းမှသာ အစောင့်အရှောက် ရနိုင်မှာ"

"ကျုပ်ဆီမှာ ရေနတ်ဘုရား ချပေးထားတဲ့ အဆောင်စာရွက် တစ်ရွက် ရှိတယ်... ညည်း အဲ့ဒါကို မီးရှို့ပြီးရင် ညည်းသမီးကို ရေနဲ့ ဖျော်တိုက်လိုက်... ချက်ချင်း ထူးခြားသွားစေရမယ်လို့ အာမခံတယ်"

"ဒါက"

လင်းချောင်၏ အမေမှာ အနည်းငယ် မယုံသင်္ကာ ဖြစ်သွားပြီး သိပ်မသေချာသလို ခံစားလိုက်ရသည်။

သို့သော် အဘွားကျန်းက ပြောလိုက်သည်။ "ညည်းကလည်း တုံးလိုက်တာ... စမ်းကြည့်လို့လည်း ဘာမှ ဖြစ်သွားမှာ မဟုတ်ဘူး... ညည်းသမီးအတွက် တွေးကြည့်ဦးလေ"

လင်းချောင်၏ အမေက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

တကယ်လို့ အဆင်မပြေမှပဲ ဒေါက်တာရန်တို့ကို သွားရှာတော့မည်။

ချက်ချင်းပင် သူမက စက္ကူအဆောင်ကို လှမ်းယူလိုက်ပြီး မီးရှို့လိုက်ရာ စက္ကူအဆောင်က ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမက ရေအနည်းငယ်ဖြင့် ဖျော်လိုက်ပြီးနောက် သမီးဖြစ်သူကို ဂရုတစိုက် တိုက်လိုက်သည်။

သမီးဖြစ်သူက မူးဝေနေရင်းဖြင့် အဆောင်ရေကို သောက်လိုက်ရာ မကြာမီမှာပင် လင်းချောင်၏ ခန္ဓာကိုယ်ပေါ်မှ ချွေးများ ပျောက်ကွယ်သွားတော့သည်။

ပူထူနေသော နဖူးကလည်း တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသည်။

တစ်ကိုယ်လုံးတွင်လည်း မှိန်ဖျော့ဖျော့ ရေပြာရောင် အလင်းတန်းလေး တစ်ခု ဖုံးလွှမ်းသွားသည်။

အဘွားကျန်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့ဩတကြီး အော်ဟစ်လိုက်သည်။ "တန်ခိုးပြပြီ... ရေနတ်ဘုရား တန်ခိုးပြပြီ"

"အို... အထက်က ရေနတ်ဘုရား... ကလေးလေးကို ဘေးဘယာ ကင်းဝေးအောင် စောင့်ရှောက်တော်မူပါ"

သူမက ကြမ်းပြင်ပေါ်တွင် အလျင်အမြန် ဒူးထောက်လိုက်ပြီး လင်းချောင်၏ ကုတင်ပေါ်ရှိ အပြာရောင် အလင်းတန်းကို ဦးညွှတ် ရှိခိုးလိုက်သည်။

လင်းချောင်၏ အမေကလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်းသာအံ့ဩဖြစ်သွားပြီး လန့်ဖြန့်ကာ အလျင်အမြန် ဒူးထောက်၍ စတင် ဦးညွှတ် ရှိခိုးတော့သည်။

ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေသည်။ "ကျေးဇူးတင်ပါတယ် ရေနတ်ဘုရား... ကျေးဇူးတင်ပါတယ် ရေနတ်ဘုရား"

ကြမ်းပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေသော အဘွားကျန်းက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးက ထိုက်ယန်တောင်၏ နေရာအတော်များများတွင် ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။

ရေနတ်ဘုရားဂိုဏ်းက ရောဂါပိုး ကူးစက်ပျံ့နှံ့နေသည့် အခွင့်အရေးကို အသုံးချနေခြင်းပင်။

လူများ၏ ထိတ်လန့်ကြောက်ရွံ့မှုများကို အသုံးချကာ ကောလာဟလများ ဖြန့်ဝေပြီး ရေနတ်ဘုရား၏ ကမ္ဘာပျက်မည့်အကြောင်းကို ဝါဒဖြန့်နေကြသည်။

အခြေခံလူတန်းစားများမှ စတင် တရားဟောကြားကာ ထိုက်ယန်တောင်ကို တရားဝင် စတင် ကျူးကျော်လာခဲ့ပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters