အခန်း (၄၇၃-၄၇၄)
Vol. 24 Ch. 473-474
အပိုင်း(၄၇၃) လင်းယွီကျွန်းက ကျွန်းတစ်ကျွန်း မဟုတ်ဘူး
မိုးသောက်ယံ အလင်းရောင် သဲ့သဲ့ထွက်ပေါ်လာချိန် ကောင်းကင်ယံထက်တွင်မူ မိုးတိမ်မည်းများ ဖုံးလွှမ်းနေပြီး မိုးသက်မုန်တိုင်းများ ပြင်းထန်စွာ ကျရောက်နေသည်။
လင်းယွမ်တွင် လက်ပတ်နာရီ ပါမလာခဲ့ချေ။ တကယ်တမ်းပြောရလျှင် ဤကမ္ဘာပျက်ကပ်ကြီးထဲမှ လူသားများအတွက် အချိန်နာရီဆိုသည်မှာ မည်သည့်အဓိပ္ပာယ်မျှ မရှိတော့ပေ။
အသက်ရှင်နေနိုင်ဖို့သာ အဓိကဖြစ်ပြီး တစ်မိနစ် ပိုရှင်သန်ရလျှင် တစ်မိနစ် အမြတ်ပင်။
သို့သော်လည်း နေ့ခင်းဘက်အချိန်က ညဘက်ထက်စာလျှင် လူကို ပို၍ စိတ်အေးသက်သာ ရှိစေသည်မှာ အမှန်ပင်။
ရေနတ်ဘုရားဂိုဏ်း၏ စစ်သင်္ဘောပေါ်တွင် လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်သည်။ မျက်နှာဖုံးအောက်ရှိ သူ၏ မျက်နှာအမူအရာက ရေကန်ငယ်လေးတစ်ခုလို တည်ငြိမ်အေးဆေးနေ၏။
တစ်ညလုံးလုံး စူးစမ်းလေ့လာပြီးနောက် ဤရေနတ်ဘုရားဂိုဏ်း၏ ဖွဲ့စည်းပုံအဆင့်ဆင့်ကို သူ တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့သည်။
ရေနတ်ဘုရားဂိုဏ်းသည် ရေနတ်ဘုရားကို ကိုးကွယ်ယုံကြည်ကြပြီး သူတို့၏ အဓိကအယူဝါဒမှာ "အဆင့်သုံးဆင့် ရှင်သန်ပျက်စီးခြင်း သီအိုရီ" ပင် ဖြစ်သည်။
ထိုသီအိုရီဆိုသည်မှာ "ပထမဒီရေ"၊ "ထာဝရချောက်နက်" နှင့် "မူလအစသို့ ပြန်လည်ရောက်ရှိခြင်း" ဟူသည့် အဓိကအဆင့် သုံးဆင့်ကို ရည်ညွှန်းခြင်း ဖြစ်၏။
ရေနတ်ဘုရားဂိုဏ်းသားများ၏ အဆိုအရ "ပထမဒီရေ" အဆင့်တွင် နတ်ဘုရားများသည် လူသားများ၏ မာနထောင်လွှားမှုများကို ရေလွှမ်းမိုးခြင်းဖြင့် ဆေးကြောသန့်စင်မည်ဖြစ်ပြီး ရေနတ်ဘုရားကို ရိုသေကိုင်းရှိုင်းစွာ ယုံကြည်သူများသာလျှင် ရေနစ်သေဆုံးခြင်းမှတစ်ဆင့် ပြန်လည်ဝင်စားခွင့် ရရှိမည်ဟု ဆိုကြသည်။
"ထာဝရချောက်နက်" အဆင့်တွင်မူ သမုဒ္ဒရာပြင်ကြီးက ကုန်းမြေများကို အပြီးတိုင် ဝါးမြိုသွားမည်ဖြစ်ရာ ယုံကြည်သူများအနေဖြင့် ရေကမ္ဘာခေတ်သစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် မိမိတို့၏ ခန္ဓာကိုယ်များကို ပြုပြင်ပြောင်းလဲကြရမည် ဖြစ်သည်။
"မူလအစသို့ ပြန်လည်ရောက်ရှိခြင်း" အဆင့်မှာမူ ယဉ်ကျေးမှုအားလုံး ပင်လယ်အောက်သို့ နစ်မြုပ်သွားချိန်တွင် နတ်ဘုရားများက သက်ရှိများ၏ သံသရာကို အသစ်တစ်ဖန် ပြန်လည် စတင်ပေးမည့် အချိန်ပင် ဖြစ်သည်။
ဤကမ္ဘာပျက်မည့် သီအိုရီက ကွမ်ဖူဒေသတွင် ယုံကြည်လက်ခံသူ အလွန်များပြားလှပြီး လူအများအပြားက ရေနတ်ဘုရားကို ကိုးကွယ်ယုံကြည်နေကြပြီ ဖြစ်သည်။
သေချာသည်ကတော့ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အခြေခံ အုတ်မြစ်များက ယေဘုယျအားဖြင့် ဤကမ္ဘာပျက်သီအိုရီများပေါ်တွင်သာ တည်ဆောက်ထားကြခြင်း ဖြစ်၏။
မြေမိခင်ဂိုဏ်း ကလည်း ထိုနည်းတူပင် ဖြစ်သည်။ ကမ္ဘာပျက်ကပ်အပေါ် လူသားများ၏ ကြောက်ရွံ့ထိတ်လန့်မှုကို အသုံးချကာ ဂိုဏ်းကို တည်ထောင်ထားခြင်း ဖြစ်သည်။
ကမ္ဘာပျက်ကပ် ပိုဆိုးလာလေလေ ဤကဲ့သို့သော မိစ္ဆာဂိုဏ်းများ ပို၍ ထွက်ပေါ်လာလေလေ ဖြစ်မည်ဆိုတာကို လင်းယွမ်က စိတ်ထဲမှ ကောင်းစွာ သဘောပေါက်ထားသည်။
ဤဂိုဏ်းများက အပေါ်ယံကြည့်လျှင် အသစ်အဆန်းများဟု ထင်ရသော်လည်း တကယ်တမ်း နက်နက်ရှိုင်းရှိုင်း လေ့လာကြည့်လိုက်သည့်အခါ ထိုအယူဝါဒများ၏ နောက်ကွယ်တွင် ဟိုမှဒီမှ ယူငင်ပေါင်းစပ်ထားသည့် အရာများစွာ ပါဝင်နေကြောင်း လင်းယွမ် မြင်တွေ့လိုက်ရသည်။
ထို့အပြင် ရေနတ်ဘုရားဂိုဏ်းက ရေကြီးမှုထဲမှ သန္ဓေပြောင်း သတ္တဝါများကို အလှဆင်ရန်အတွက် ကမ္ဘာကျော်ထူးဆန်းထွေလာ သရဲတစ္ဆေ စာရေးဆရာကြီး အိတ်ချ်ပီလပ်ဗ်ခရပ်၏ ဇာတ်လမ်းများ၏ အစိတ်အပိုင်း အများအပြားကိုပင် ပေါင်းစပ်အသုံးပြုထားသေးသည်။
(H. P. Lovecraft - အိတ်ချ်ပီလပ်ဗ်ခရပ် ဆိုတာ Monster နဲ့Horror ဝတ္ထုတွေရဲ့ ဖခင်ကြီးလို့ပြောလို့ရတဲ့ အမေရီကန်လူမျိုး စာရေးဆရာကြီးပါ။ အခုနာမည်ကြီးနေတဲ့ Lord of Mysteries ဆိုတဲ့ ဝတ္ထုဆိုရင်လည်း ဒီစာရေးဆရာကြီးရဲ့ ဇာတ်လမ်းတွေကို အများကြီးကိုးကားထားတာပါ)
မပြောကောင်းမဆိုသာ၊ ဤအချက်ကို ယုံကြည်နေသူများကလည်း တကယ်ကို မနည်းလှပေ။
အနည်းဆုံးတော့ ဤစစ်သင်္ဘောပေါ်တွင် ရေနတ်ဘုရား တည်ရှိနေကြောင်းကို အကြွင်းမဲ့ ယုံကြည်နေကြသည့် သာမန်ဂိုဏ်းသား အများအပြားကို လင်းယွမ် တွေ့မြင်နေရသည်။
ဤလူများထဲမှ အတော်များများ၏ ခန္ဓာကိုယ်များတွင် သန္ဓေပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး မျက်နှာဖုံးများ၏ အောက်ရှိ မျက်နှာများတွင် ငါးအကြေးခွံများနှင့် ပါးဟက်များကဲ့သို့သော အင်္ဂါအစိတ်အပိုင်းများ ထွက်ပေါ်နေသည်ကို လင်းယွမ် ဆက်စပ် တွေးတောမိလိုက်သည်။
ဤအရာများက သာမန်လူများ၏ စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးထားသည့် အချက်တစ်ချက်လည်း ဖြစ်နိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် တကယ်လို့သာ ငါးပါးဟက်လို အင်္ဂါအစိတ်အပိုင်းမျိုး ပိုင်ဆိုင်ထားမည်ဆိုပါက ရေလွှမ်းမိုးမှုထဲတွင် ရေနစ်သေဆုံးရမည့် အန္တရာယ်ကို ပူပန်နေစရာ မလိုတော့ပေဘူးလား။
သို့သော် ထိုပါးဟက်ကဲ့သို့ အင်္ဂါများက ရေနေသတ္တဝါများနည်းတူ အောက်ဆီဂျင် လိုအပ်ချက်ကို အပြည့်အဝ ကျော်လွှားနိုင်ပြီး ရေအောက်တွင် တကယ် အသက်ရှူနိုင်ခြင်း ရှိမရှိဆိုတာကိုတော့ မသိရသေးပေ။
"ပေါ်..."
လင်းယွမ် တွေးတောနေစဉ်မှာပင် ရုတ်တရက် သင်္ဘောက အရှိန်လျှော့လာပြီး ဥဩဆွဲသံတစ်ချက် ထွက်ပေါ်လာသည်။
လင်းယွမ်က ခေါင်းမော့ကြည့်လိုက်ရာ အပြာရောင် ဝတ်ရုံရှင် အများအပြားက အခန်းများထဲမှ ထွက်လာကြပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိလာကြသည်ကို တွေ့လိုက်ရသည်။
သူလည်း အလျင်အမြန် မတ်တတ်ရပ်ကာ ဝတ်ရုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီး လူအုပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ခေါင်းဆောင်ပုံစံ ဝတ်ဆင်ထားသော ခန္ဓာကိုယ် ထွားကျိုင်းသည့် အပြာရောင်ဝတ်ရုံရှင် အမျိုးသားက ခပ်သြသြအသံဖြင့် အမိန့်ပေးလိုက်သည်။ "ဆန်းယွမ် အဆောက်အအုံကို ရောက်ပြီ... ချူမင်... ဝမ်ကျန့်... ဆန်းယွမ် အဆောက်အအုံက ခေါင်းဆောင်ကို သင်္ဘောပေါ် လာတွေ့ခိုင်းလိုက်စမ်း"
လူအုပ်ထဲမှ အပြာရောင်ဝတ်ရုံရှင် တမန်တော်နှစ်ဦး ချက်ချင်း ထွက်လာကြသည်။
"ဟုတ်ကဲ့ပါ အရှင်"
သူတို့နှစ်ဦးက အမိန့်ကို နာခံလိုက်ပြီး ချက်ချင်းပင် ကိုယ်ကို တစ်ချက်လွှင့်ကာ ရေပြင်ထဲသို့ ခုန်ဆင်းသွားကြသည်။
သို့သော် ထိုနှစ်ဦးက ရေအောက်သို့ နစ်မြုပ်မသွားဘဲ ရေလှိုင်းများက လိပ်တက်လာကာ သူတို့နှစ်ဦးကို ပင့်ဆောင်လျက် မလှမ်းမကမ်းရှိ အဆောက်အအုံဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားကြသည်။
"ရေဓာတ် အစွမ်းပိုင်ရှင် နှစ်ယောက်ပါလား"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤရေနတ်ဘုရားဂိုဏ်းရှိ အစွမ်းပိုင်ရှင် အတော်များများက ရေဓာတ် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
"ကြည့်ရတာ ရေနတ်ဘုရားဂိုဏ်းက ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့တွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ပုံပဲ... ဒါပေမဲ့ သူတို့ရဲ့ မျိုးရိုးဗီဇမျိုးစေ့တွေကို ဘာကနေ ထုတ်ယူထားသလဲ ဆိုတာတော့ မသိရသေးဘူး"
တစ်ဖက်လူတွင် ရေဓာတ်နှင့် သက်ဆိုင်သော ရေပေါ်ကျွန်း တစ်ကျွန်းကို ဌာနချုပ်အဖြစ် အသုံးပြုထားသလားဟု လင်းယွမ်က ခန့်မှန်းမိလိုက်သည်။
ထိုသို့မဟုတ်ပါက ဤမျှများပြားသော မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်များ မည်သို့ ရှိနေနိုင်သနည်းဆိုသည်ကို ရှင်းပြ၍ ရမည် မဟုတ်ပေ။
အချိန် သိပ်မကြာလိုက်ဘဲ ထိုအဆောက်အအုံထဲမှ တမန်တော်နှစ်ဦးသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ဆွဲကိုင်လျက် ရေလှိုင်းများကို စီးနင်းကာ ပြန်လည် ရောက်ရှိလာကြသည်။
သင်္ဘောပေါ်သို့ ခုန်တက်လာပြီးနောက် ထိုတမန်တော် နှစ်ဦးထဲမှ ဝမ်ကျန့် ဟုခေါ်သော မျက်နှာဖုံးစွပ် အမျိုးသားက ပြောလိုက်သည်။ "အရှင်... ဆန်းယွမ် အဆောက်အအုံရဲ့ ခေါင်းဆောင် လီဟုန်ကို ခေါ်လာခဲ့ပါပြီ"
မြေပြင်ပေါ်ရှိ လီဟုန် ဟုခေါ်သော လူလတ်ပိုင်း အမျိုးသား၏ မျက်နှာမှာ ဖြူရော်နေပြီး အထိတ်တလန့်ဖြင့် ဒူးထောက်ကာ ပြောလိုက်သည်။ "သိုးထိန်း လီဟုန်... အရှင့်ကို ဂါရဝပြုပါတယ်"
ရေနတ်ဘုရားဂိုဏ်း၏ အပြင်ဘက် အဖွဲ့ဝင်အားလုံးကို သိုးထိန်း ဟု တညီတညွတ်တည်း ခေါ်ဆိုကြကြောင်းကို လင်းယွမ် သိထားသည်။
(ဒီ သိုးထိန်း ဆိုတာက ခရစ်ယာန်ဘာသာရဲ့ စကားလုံးကို ယူသုံးထားတဲ့ပုံပါပဲ)
ဤလူများ၏ အဓိက အရည်အသွေးမှတ်က အမှတ် သုံးဆယ်ကို ကျော်လွန်သွားပါက ရေနတ်ဘုရားဂိုဏ်းထဲသို့ တရားဝင် အဖွဲ့ဝင်အဖြစ် သွတ်သွင်းခံရမည်ဖြစ်ပြီး ရေနတ်ဘုရားဂိုဏ်း၏ သန့်စင်သော နယ်မြေထဲသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
ထို သန့်စင်သော နယ်မြေက မည်သည့်နေရာတွင် ရှိသနည်း ဆိုသည်ကိုတော့ လင်းယွမ် စုံစမ်း၍ မရသေးပေ။
ခန္ဓာကိုယ် ထွားကျိုင်းသော မျက်နှာဖုံးစွပ် အမျိုးသားက လီဟုန်ကို ငုံ့ကြည့်လိုက်ပြီး ခပ်သြသြအသံဖြင့် မေးလိုက်သည်။ "မင်းက လင်းယွီကျွန်းရဲ့ သဲလွန်စကို ရထားတယ်ဆို"
လီဟုန်က စိတ်ထဲမှ အံ့သြသွားပြီး ရေနတ်ဘုရားဂိုဏ်း၏ သတင်းအချက်အလက် စုံစမ်းနိုင်စွမ်းအပေါ် တုန်လှုပ်သွားမိသည်။
သူက ဖုံးကွယ်မထားဝံ့ဘဲ ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ အရှင်... လွန်ခဲ့တဲ့ တစ်ပတ်လောက်က လင်းယွီကျွန်းက လူတွေ ဆန်းယွမ် အဆောက်အအုံကို လာပြီး ကျွန်တော်တို့ဆီက လူအင်အားတချို့ကို လာလဲလှယ်သွားကြပါတယ်"
"အဲဒီအချိန်တုန်းက သူတို့ကအစွမ်းကုန် ရုပ်ဖျက်ထားပေမယ့် သူတို့က လင်းယွီကျွန်းက လူတွေဆိုတာကိုတော့ ကျွန်တော် အတည်ပြုနိုင်ခဲ့ပါတယ်"
ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားက ချက်ချင်း မေးလိုက်သည်။ "မင်းက ဘယ်လိုလုပ်ပြီး အတည်ပြုနိုင်ခဲ့တာလဲ"
"အရင်တစ်ခေါက်က တမန်တော်အရှင် ချန်ထားခဲ့တဲ့ ခြေရာခံ သင်္ကေတကြောင့်ပါ... သူတို့ ခေါ်သွားတဲ့ လူတွေထဲက တစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ခြေရာခံ သင်္ကေတကို ကျွန်တော် တိတ်တဆိတ် ချန်ထားခဲ့တာပါ"
"ခြေရာခံ သင်္ကေတက မလှုပ်ရှားတော့တဲ့ အချိန်ကျမှ ကျွန်တော်ကိုယ်တိုင် နောက်ကနေ လိုက်သွားကြည့်လိုက်တော့ တမန်တော်အရှင် ပြောပြထားတာနဲ့ တစ်ပုံစံတည်းပါပဲ... ဘောလုံးကွင်း နှစ်ကွင်းစာလောက် ကျယ်တဲ့ ကျွန်းတစ်ကျွန်းက ရေမျက်နှာပြင်ပေါ်မှာ ရွေ့လျားနေတာကို တွေ့ခဲ့ရပါတယ်"
"အဲဒါက လင်းယွီကျွန်း ဆိုတာ သေချာပေါက် မမှားနိုင်ပါဘူး"
ခန္ဓာကိုယ် ထွားကျိုင်းသော မျက်နှာဖုံးစွပ် အမျိုးသားက ချက်ချင်းပင် အော်ဟစ်မေးမြန်းလိုက်သည်။ "မင်း သူတို့ရဲ့ နေရာကို ရှာတွေ့ခဲ့တယ်ပေါ့... သူတို့ ဘယ်မှာလဲ"
ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသား၏ အသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် အံ့ဩဝမ်းသာမှုများ ရောယှက်နေသည်။
လီဟုန်က အလျင်အမြန် ပြောလိုက်သည်။ "တောင်ဘက်ကို ၉ မိုင်ခန့် အကွာအဝေးလောက်မှာပါ... ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်ရက်က နေရာပါ... ဒီနှစ်ရက်အတွင်း တမန်တော်အရှင်တို့ကို ကြိုဆိုဖို့အတွက် ကျွန်တော်တို့က ထပ်ပြီး သွားမကြည့်ရသေးပါဘူး"
"ငတုံး"
ခန္ဓာကိုယ် ထွားကျိုင်းသော မျက်နှာဖုံးစွပ် အမျိုးသားက ကျိန်ဆဲလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။ "လင်းယွီကျွန်းရဲ့ နေရာကို အခုချက်ချင်း ပြန်ရှာစမ်း"
"အာ... ဟုတ်... ဟုတ်ကဲ့ပါ"
လီဟုန်က ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို အလျင်အမြန် မှိတ်ကာ ခြေရာခံ သင်္ကေတ၏ ဦးတည်ရာကို စတင် အာရုံခံလိုက်သည်။
လင်းယွမ်က လူအုပ်ထဲမှနေ၍ ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် အံ့အားသင့်သွားသည်။
ရေနတ်ဘုရားဂိုဏ်းရဲ့ ခြေရာခံ သင်္ကေတ ဆိုတာက ဘာကြီးလဲ...
တကယ်ပဲ တည်နေရာကို ခြေရာခံနိုင်လို့လား...
ခဏအကြာတွင် လီဟုန်က မျက်လုံးများကို ဖွင့်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။ "တမန်တော်အရှင်... ခြေရာခံ သင်္ကေတရဲ့ နေရာက တောင်ဘက်မှာပဲ ရှိနေပါသေးတယ်... ဒါပေမဲ့ အကွာအဝေးကတော့ ၁၂ မိုင်လောက် ကျော်သွားပါပြီ"
"လိုက်"
ခန္ဓာကိုယ် ထွားကျိုင်းသော မျက်နှာဖုံးစွပ် အမျိုးသားက စကားအပို မပြောတော့ဘဲ ခေါင်းလှည့်ကာ အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် စစ်သင်္ဘောက လမ်းကြောင်းပြောင်းသွားပြီး တောင်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် လိုက်လံသွားတော့သည်။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် ထွားကျိုင်းသော မျက်နှာဖုံးစွပ် အမျိုးသားက လီဟုန်ဟူသော လူသားရေဒါကို လင်းယွီကျွန်း၏ နေရာကို အချိန်ပြည့် အာရုံခံနေရန် အမိန့်ပေးထားသည်။
၁၂ မိုင်ဆိုသည့် အကွာအဝေးမှာ ဝေးသည်ဟုလည်း မဆိုသာသလို နီးသည်ဟုလည်း မပြောနိုင်ပေ။
ရေနတ်ဘုရားဂိုဏ်း၏ စစ်သင်္ဘော အမြန်နှုန်းဖြင့်ပင် တစ်နာရီခန့် အချိန်ယူမှသာ ရောက်ရှိနိုင်မည် ဖြစ်သည်။
တစ်နာရီခွဲခန့် အကြာတွင် လီဟုန်က ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ "ရောက်ပြီ... အာရုံခံမိပြီ"
ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားက သင်္ဘောလက်ရန်းဆီသို့ အလျင်အမြန် လျှောက်သွားကာ အရှေ့ဘက် ရေပြင်ကို လှမ်းကြည့်လိုက်သည်။
အရှေ့ဘက်ရှိ ကျယ်ပြောလှသော ရေပြင်ကြီးထက်တွင် ပလတ်စတစ်များနှင့် သစ်သားစများကဲ့သို့သော အမှိုက်သရိုက် အမြောက်အမြား မျောပါနေသည်ကို တွေ့လိုက်ရသည်။
ရေအောက်ရှိ အရိပ်များထဲတွင်လည်း တိုက်မြင့် အဆောက်အအုံများ၏ ပုံရိပ်များကို ဝိုးတဝါး မြင်တွေ့နေရသည်။
သူက ထိုအရာများကို လျစ်လျူရှုလိုက်ပြီး အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။
ရေနှင့် ကောင်းကင် တစ်ဆက်တည်း ဖြစ်နေသော မိုးကုပ်စက်ဝိုင်း အဆုံးတွင် အမည်းရောင် ကျွန်းတစ်ကျွန်းက သူ၏ မျက်စိရှေ့၌ တဖြည်းဖြည်း ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။
"အရှိန်အကုန်တင်ပြီး လိုက်စမ်း"
သူက ချက်ချင်း အမိန့်ပေးလိုက်ရာ ချက်ချင်းပင် စစ်သင်္ဘော တစ်စီးလုံးက အရှိန်မြှင့်တင်သွားပြီး ထိုအမည်းစက်ဆီသို့ အလွန် လျင်မြန်စွာ ချဉ်းကပ်သွားတော့သည်။
လင်းယွမ်ကလည်း ထိုအမည်းရောင် ကျွန်းကြီးကို လှမ်းကြည့်နေခဲ့သည်။
စစ်သင်္ဘောက တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ကျွန်း၏ ပုံသဏ္ဍာန်ကလည်း ပိုမို ရှင်းလင်းပြတ်သားလာသည်။
အဝေးမှ ကြည့်လိုက်လျှင် ထိုကျွန်းက သိပ်မကြီးမားလှသော်လည်း ကျွန်းပေါ်တွင် တောင်တန်းများ၊ ရေပြင်များ၊ သစ်တောများနှင့် အနိမ့်စား အိမ်ခြေများက စီတန်းနေသည်ကို တွေ့ရသည်။
သို့သော် ဘာကြောင့်မှန်း မသိဘဲ လင်းယွမ်က ထိုကျွန်းကို ကြည့်ရင်း အကြောင်းပြချက်မရှိဘဲ ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ထိုကျွန်းက သိသာထင်ရှားစွာ ရွေ့လျားနေသည့် အရိပ်အယောင်မျိုး မရှိသေးပေ။
သို့သော်လည်း ထိုကျွန်းက ရေမျက်နှာပြင်ပေါ်တွင် အမှန်တကယ် ပေါလောပေါ်နေပြီး ရေစီးကြောင်းနှင့်အတူ မျောပါနေကြောင်းကို လင်းယွမ်က ခံစားသိရှိနေဆဲ ဖြစ်သည်။
"လင်းယွီကျွန်း... တကယ်ပဲ လင်းယွီကျွန်းပါလား"
"ဟားဟားဟား... ရေနတ်ဘုရားက ကယ်မလို့ နောက်ဆုံးတော့ မင်းကို ဖမ်းမိပြီပေါ့"
ခန္ဓာကိုယ် ထွားကျိုင်းသော ခေါင်းဆောင်က ဟားတိုက် ရယ်မောလိုက်ပြီးနောက် ချက်ချင်း အော်ဟစ်လိုက်သည်။ "ရေနစ် ဝိညာဉ်တပ်ဖွဲ့ဝင် အားလုံး... တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြ"
"မိုးကြိုး အမြောက်တွေကို အသက်သွင်းလိုက်"
သူ၏ အမိန့်ပေးသံနှင့်အတူ ပတ်ဝန်းကျင်ရှိ ရေနတ်ဘုရားဂိုဏ်းသားများ အားလုံးက အလျင်အမြန် လှုပ်ရှားလာကြပြီး မိမိတို့၏ နေရာ အသီးသီးဆီသို့ ပြေးသွားကြသည်။
လင်းယွမ်က ဆူညံပွက်လောရိုက်နေသော လူအုပ်ကြားထဲတွင် အသံတိတ်စွာ ရောနှောဝင်ရောက်သွားပြီး သင်္ဘောခန်းထဲသို့ ဝင်သွားခဲ့သည်။
ဤသင်္ဘော အတွင်းပိုင်းရှိ လက်နက် တပ်ဆင်ထားမှုများကို သူ ကြည့်ရှုချင်နေသည်။
အထူးသဖြင့် ဒီ မိုးကြိုး အမြောက် ဆိုတဲ့ အရာကိုပင်...
မနေ့ညကတည်းက ဤသင်္ဘောတွင် အဝေးပစ် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း သူ ကြားသိထားခဲ့သော်လည်း သင်္ဘောခန်းထဲသို့ ဝင်ရောက်ရန် အခွင့်အရေး မရခဲ့ပေ။
ယခုအခါ တိုက်ပွဲ စတင်ပြီဖြစ်ရာ နောက်ဆုံးတွင် သူ အခွင့်အရေး ရရှိသွားပြီ ဖြစ်သည်။
သင်္ဘောခန်း အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်နှင့် လင်းယွမ်က အလုပ်ရှုပ်နေကြသော အပြာရောင် ဝတ်ရုံရှင် တမန်တော် အများအပြားကို တွေ့လိုက်ရသည်။
ဤလူများက သင်္ဘောကိုယ်ထည်ပေါ်ရှိ စက်ဝိုင်းပုံ အပေါက် အကာအရံများကို ဆွဲဖွင့်လိုက်ကြပြီး အမြောက်ပြွန်များကို အပြင်သို့ တွန်းထုတ်လိုက်ကြသည်။
ဤအမြောက်ပြွန်များ အားလုံးကို သံမဏိဖြင့် သွန်းလုပ်ထားသော်လည်း ၎င်းတို့ပေါ်တွင် လှပသေသပ်သော သင်္ကေတများကို ရေးထွင်းထားကြောင်း လင်းယွမ် သတိထားမိလိုက်သည်။
သင်္ကေတ တစ်ခုနှင့် တစ်ခုကြားတွင် ချိုင့်ခွက်လေးများ ရှိနေပြီး ထိုချိုင့်ခွက်များ အတွင်း၌ ခရမ်းရောင် စွမ်းအင်ကျောက်တုံး အမြောက်အမြားကို ထည့်သွင်းထားသည်။
လင်းယွမ်က အနည်းငယ် အာရုံခံကြည့်လိုက်ရာ ဤစွမ်းအင်ကျောက်တုံးများ၏ ဓာတ်သဘာဝကို ချက်ချင်း သိရှိသွားခဲ့သည်။
ဒါတွေ အကုန်လုံးက လျှပ်စီးဓာတ် စွမ်းအင်ကျောက်တုံးတွေပဲ...
ထိုသို့ဆိုလျှင် ဤသင်္ကေတများကလည်း လျှပ်စီးဓာတ်နှင့် ဆက်စပ်နေမည်မှာ ပြောစရာပင် မလိုတော့ချေ။
လင်းယွမ်က ဤအမြောက်ကြီးများကို ကြည့်နေသော်လည်း သူတို့က အမြောက်ဆန်များကို ထည့်သွင်းနေသည်ကို မတွေ့ရဘဲ အပေါက်ဝသို့ တွန်းထုတ်ပြီးနောက် ဆက်လက် စောင့်ဆိုင်းနေကြသည်ကိုသာ တွေ့ရသည်။
သင်္ဘောဦးပိုင်း လှည့်သွားသည်နှင့်အမျှ အမြောက်ပြွန်များရှိသည့် ဘက်က လင်းယွီကျွန်းဆီသို့ မျက်နှာမူသွားသည်။
အပြင်ဘက်မှ ပြင်းထန်သော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ "ပစ်"
ထို့နောက် သင်္ဘောခန်း အတွင်းရှိ အသံချဲ့စက်ထဲမှလည်း ပြင်းထန်သော အော်ဟစ်သံက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
"ပစ်"
လင်းယွမ်က ခေါင်းမော့ကြည့်လိုက်ရာ သင်္ဘောခန်း၏ အမိုးပေါ်တွင်လည်း အလားတူ သင်္ကေတ တစ်စုကို ရေးထွင်းထားသည်ကို သတိပြုမိလိုက်သည်။
ထိုသင်္ကေတများ လင်းလက်လာပြီး ၎င်းက အသံပို့လွှတ်သည့် ကိရိယာတစ်ခု၏ သင်္ကေတ ဖြစ်ပုံရသည်။
ထို "ပစ်" ဟူသော အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်...
မိုးကြိုး အမြောက်များ အနီးရှိ အပြာရောင် ဝတ်ရုံရှင် တမန်တော်များ အားလုံးက အမြောက်ပြွန်များကို အသီးသီး အသက်သွင်းလိုက်ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ခရမ်းရောင် လျှပ်စီးကြောင်းများ တစ်ခုပြီးတစ်ခု လင်းလက်လာကာ စွမ်းအင်ကျောက်တုံးများက ချက်ချင်း လှုံ့ဆော်ခံလိုက်ရသည်။
စွမ်းအင် အမြောက်အမြားက အမြောက်ပြွန်ဝဆီသို့ စုစည်းသွားကြသည်။
စက္ကန့်အနည်းငယ်ခန့် အကြာတွင် ကျယ်လောင်သော မြည်ဟည်းသံကြီး တစ်ချက် ပေါက်ကွဲထွက်လာတော့သည်။
"ဝုန်း"
အမြောက်ပြွန်ဝမှ ဧရာမ ခရမ်းရောင် လျှပ်စီးတန်းကြီး တစ်ခုက ချက်ချင်း ပေါက်ကွဲထွက်ကာ အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်သွားသည်။
လျှပ်စီးအလင်းလုံးကြီးများက လေထုကို ခွဲထုတ်ကာ မိုးစက်များကို ဖြတ်သန်းပြီး အဝေးရှိ လင်းယွီကျွန်းဆီသို့ အလွန် လျင်မြန်စွာ ပစ်ခတ်သွားကြသည်။
"ဘုန်း... ဘုန်း... ဘုန်း"
မြည်ဟည်းသံများ ပေါက်ကွဲထွက်လာပြီး လင်းယွီကျွန်းပေါ်တွင် ချက်ချင်းပင် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ဖုန်မှုန့်များ လွင့်စင်သွားပြီး ပေါက်ကွဲသံများက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားသည်။
လင်းယွီကျွန်းပေါ်မှ ဒေါသတကြီး အော်ဟစ်သံတစ်ချက် ချက်ချင်း ထွက်ပေါ်လာပြီး ပေရာပေါင်းများစွာ ကွာဝေးနေလင့်ကစား ထိုအသံက အမျိုးသမီးတစ်ဦး၏ စူးရှသော အော်ဟစ်သံဖြစ်ကြောင်းကို လင်းယွမ် ကြားလိုက်ရသည်။
နောက်တစ်ခဏတွင် လင်းယွီကျွန်း တစ်ခုလုံး၏ ကောင်းကင်ယံ၌ အလွန် အစွမ်းထက်သော စွမ်းအင် အကာအကွယ် တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဤအကာအကွယ်က ခြောက်ထောင့်ပုံစံ အကြည်ရောင် အပြာရောင် အကာအကွယ် အလွှာများသဖွယ် လင်းယွီကျွန်း တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
ထိုမိုးကြိုး အမြောက်များက အပြာရောင် အကာအကွယ်ပေါ်သို့ ဗုံးကြဲတိုက်ခိုက်လိုက်သော်လည်း အကာအကွယ်၏ တားဆီးခြင်းကို ချက်ချင်း ခံလိုက်ရသည်။
လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်ကာ မိုးကြိုးများ လှိမ့်တက်သွားသော်လည်း ဤအပြာရောင် အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် လင်းယွီကျွန်းက အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ရွေ့လျားလာခဲ့သည်။
လင်းယွမ်က အရှိန်အဟုန်ပြင်းစွာဖြင့် ချဉ်းကပ်လာသော လင်းယွီကျွန်းကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားမိသည်။
"ရေပေါ်ကျွန်း တစ်ကျွန်းက ဒီလောက်တောင် မြန်တဲ့ ရွေ့လျားနှုန်း ရှိနေတာလား"
သူက အနည်းငယ် မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။
မြူခိုးမြို့တော်သည် ရေပေါ်တွင် ပေါလောပေါ်၍ ရွေ့လျားနိုင်သည် ဆိုသော်လည်း ၎င်းက သမုဒ္ဒရာ ရေစီးကြောင်းများနှင့်အတူ မျောပါနေခြင်းဖြစ်ပြီး ရေလှိုင်းများ၏ တွန်းကန်မှုဖြင့် ရွေ့လျားနေခြင်းသာ ဖြစ်ကြောင်းကို သိထားရမည်။
သူ့ရှေ့မှ ဤလင်းယွီကျွန်းကတော့ သက်ရှိ သတ္တဝါ တစ်ကောင်လိုပင် ရေထဲတွင် ရေဆန်ကိုပင် ဆန်တက်လာနိုင်ပြီး အလွန် ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံ တိုက်ခိုက်လာနေခြင်း ဖြစ်သည်။
ဤသည်က လင်းယွမ် တစ်ခါမှ မကြုံဖူးသေးသော အခြေအနေမျိုး ဖြစ်သည်။
"မကောင်းတော့ဘူး... အမြန် ရှောင်ကြ"
"ရေနတ်ဘုရား နံပါတ် ၂ နဲ့ ၃ သင်္ဘောတွေ... ဆက်တိုက် ပစ်... ပစ်စမ်း"
ရေနတ်ဘုရားဂိုဏ်းဘက်မှ ခန္ဓာကိုယ် ထွားကျိုင်းသော ခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်ကာ အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ရေနတ်ဘုရား သင်္ဘောကို ရန်သူများထံမှ လျင်မြန်စွာ ရှောင်တိမ်းရန် အမိန့်ပေးလိုက်သည်။
သို့သော် ရေနတ်ဘုရား စစ်သင်္ဘော၏ အရွယ်အစားက အလွန် ကြီးမားလွန်းသဖြင့် အလွန် နှေးကွေးနေခဲ့သည်။
တစ်မိနစ်ပင် မပြည့်သေးခင်မှာပဲ ထိုလင်းယွီကျွန်းက အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လာတော့သည်။
ထိုသို့ ဖြစ်လာသည်ကို မြင်သောအခါ ခန္ဓာကိုယ် ထွားကျိုင်းသော ခေါင်းဆောင်က ချက်ချင်း အော်ဟစ်လိုက်သည်။ "ရေနတ်ဘုရား အကာအကွယ်... ရေနတ်ဘုရား အကာအကွယ်ကို ဖွင့်လိုက်စမ်း"
နောက်တစ်ခဏတွင် သင်္ဘောကိုယ်ထည် တစ်ခုလုံး၌ ရေလှိုင်းများနှင့် တူသော အကာအကွယ် တစ်ခု လျင်မြန်စွာ ပေါ်ထွက်လာပြီး သင်္ဘော တစ်စီးလုံးကို ဖုံးလွှမ်းသွားတော့သည်။
"ဝုန်း"
ရေနတ်ဘုရား သင်္ဘော တစ်စီးလုံးက လင်းယွီကျွန်းနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားပြီး အကြည်ရောင် ရေနတ်ဘုရား အကာအကွယ်က ထိုအပြာရောင် လင်းယွီကျွန်း အကာအကွယ်နှင့် တိုက်မိသွားတော့သည်။
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသည်နှင့် တစ်ချိန်တည်းမှာပင် လင်းယွီကျွန်းက ရုတ်တရက် အပေါ်သို့ ပင့်တက်လာပြီး လေထဲသို့ မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။
နောက်တစ်ခဏတွင် ထိုကျွန်း၏ ရေအောက်မှ အလွန် ကြီးမားလှသော ခေါင်းကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုခေါင်းကြီးတွင် အရောင်အသွေး စုံလင်သော အကြေးခွံများ ဖုံးလွှမ်းနေပြီး အပေါက်နက်ကြီးများကဲ့သို့ ကြီးမားသော မျက်လုံးကြီး နှစ်လုံးက ရေနတ်ဘုရား သင်္ဘောကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည်။
၎င်းက ပါးစပ်ကို ဖြဲကာ ရေနတ်ဘုရား နံပါတ် ၁ ၏ အကာအကွယ်ပေါ်သို့ အားကုန် ကိုက်ချလိုက်သည်ကို တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရေဓာတ် အကာအကွယ်က ဂျယ်လီတစ်ခုလို ထိုပါးစပ်ကြီး၏ စုပ်ယူစားသောက်ခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။
ရေနတ်ဘုရား နံပါတ် ၁ ပေါ်ရှိ ကာကွယ်ရေး သင်္ကေတအစီအရင်အတွက် အသုံးပြုထားသော စွမ်းအင်ကျောက်တုံးများ အားလုံးမှာ ချက်ချင်းပင် အကုန်အစင် ကုန်ခန်းသွားတော့သည်။
အကာအကွယ် ပျက်စီးသွားသည်နှင့်အမျှ လင်းယွီကျွန်းက ထပ်မံ၍ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လာပြန်သည်။
ဝုန်းခနဲ အသံနှင့်အတူ ရေနတ်ဘုရား နံပါတ် ၁ တစ်စီးလုံး ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး သင်္ဘောကိုယ်ထည် ပြတ်တောက်သွားကာ ရေလွှမ်းမိုးမှုများက ကောင်းကင်ယံအထိ လိမ့်တက်လာပြီး အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။
ခန္ဓာကိုယ် ထွားကျိုင်းသော ရေနတ်ဘုရား တမန်တော် ခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အော်ဟစ်လိုက်သည်။ "ကုန်းမြေက သေဆုံးသွားပြီ... ဒီရေက ထာဝရ ရှင်သန်နေမယ်... ကျွန်းပေါ်ကို တက်သတ်ကြစမ်း"
"သတ်"
ချက်ချင်းပင် သင်္ဘောပေါ်ရှိ ရေနတ်ဘုရား တမန်တော်များက ဝတ်ရုံများကို ဆွဲဖြဲလိုက်ကြပြီး မျက်နှာဖုံးများကို ချွတ်ချကာ ငါးအကြေးခွံများကဲ့သို့ အရေပြားများနှင့် ငါးပါးဟက်များကဲ့သို့ ပါးပြင်များကို ဖော်ထုတ်လိုက်ကြသည်။
ထို့နောက် ရူးသွပ်စွာဖြင့် ရေထဲသို့ ခုန်ဆင်းသွားကြပြီး ရေပြင်ကြီးကို အနည်းငယ်မျှပင် မကြောက်ရွံ့ကြပေ။
ဤလူအုပ်ထဲတွင် လူတစ်ယောက်တည်းကသာ ရေမြုပ်တော့မည့် ရေနတ်ဘုရား နံပါတ် ၁ ပေါ်တွင် မယုံနိုင်စရာကောင်းလောက်အောင် ရပ်နေပြီး ထို "လင်းယွီကျွန်း" ဆိုသည်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လင်းယွမ်က ရေများ လွှမ်းမိုးလာသည်ကို ဂရုမစိုက်ဘဲ ဤလင်းယွီကျွန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
ဒါက ဘယ်လိုလုပ် ကျွန်းတစ်ကျွန်း ဖြစ်နေရမှာလဲ... အလွန် ကြီးမားလှတဲ့ လိပ်ကြီး တစ်ကောင် ဖြစ်နေတာ အသိသာကြီးကို...
အဲဒီ ခေါင်းကြီးက လိပ်ခေါင်းကြီးပဲ...
အဲဒီ ကျွန်းဆိုတာက လိပ်ခွံပေါ်မှာ နှစ်ပေါင်းများစွာ စုပုံနေတဲ့ သဲတွေနဲ့ ဖုန်မှုန့်တွေ စုပုံပြီး ဖြစ်လာတဲ့ ကျွန်းပဲ...
ဤလိပ်ကြီးကို သူ အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
မိန်တုဥယျာဉ် မှ သူ ထွက်လာပြီးကတည်းက ၎င်းနှင့် တွေ့ဆုံခဲ့ဖူးသည်။
အဲဒီ အကြိမ်တုန်းကပဲ မိန်တုဥယျာဉ် ကနေ သူနဲ့အတူ ထွက်လာခဲ့တဲ့ အိမ်နီးချင်း တော်တော်များများကို သူ ဆုံးရှုံးခဲ့ရတာ...
လိပ်ကျွန်း...
လင်းယွီကျွန်း ဆိုတာက... အရင်တုန်းက လိပ်ကျွန်းကြီး ဖြစ်နေခဲ့သည်ကိုး။
ဆက်ရန်...
အပိုင်း(၄၇၄) လင်းယွီကျွန်းကို တိုက်ခိုက်ခြင်း
လင်းယွမ်က ဤလိပ်ကျွန်းကြီးကို ယနေ့တိုင် မှတ်မိနေဆဲပင်။
ထိုစဉ်က ကမ္ဘာပျက်ကပ် ရေကြီးပြီးနောက်ပိုင်း သက်ရှိများ၏ သန္ဓေပြောင်းလဲမှုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သူ ပထမဆုံးအကြိမ်အဖြစ် ခံစားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ဤလိပ်ကျွန်းကြီးက ယခုကဲ့သို့သော ပုံစံမျိုးဖြင့် သူ၏ အရှေ့တွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာလိမ့်မည်ဟု သူ မည်သို့မျှ တွေးထင်ထားခဲ့မိခြင်း မရှိပေ။
တစ်စုံတစ်ယောက်က ဤလိပ်ကြီးကို ယဉ်ပါးအောင် သွေးဆောင်နိုင်ခဲ့ပြီး တကယ့် ကျွန်းတစ်ကျွန်းအဖြစ် တည်ရှိနေစေရန် လုပ်ဆောင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
လင်းယွမ်က ရင်ထဲမှ အံ့အားသင့်မှုကို အတင်းဖိနှိပ်ထားလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန် လှုပ်ရှားကာ ရေထဲသို့ တိုက်ရိုက် ခုန်ချလိုက်တော့သည်။
ရေအောက်သို့ ရောက်ရှိသွားသောအခါ ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားတွင် ရေပူဖောင်းများ ပြည့်နှက်နေပြီး ရေနတ်ဘုရားဂိုဏ်းမှ လူများက ရေစီးကြောင်း၏ အန္တရာယ်ကို လုံးဝ မကြောက်ရွံ့ကြဘဲ ယခုအချိန်တွင် ၎င်းတို့က မျက်နှာဖုံးများကို ခွာချကာ အပြာရောင် ဝတ်ရုံများကို ချွတ်ပစ်လိုက်ကြသည်။
လူတိုင်းက ရေသူဘီလူးများနှင့် တူညီနေကြပြီး ခန္ဓာကိုယ်ပေါ်တွင် ငါးအကြေးခွံများနှင့် တူညီသော အလွှာများ ပေါက်ပွားနေကာ နားရွက် အနောက်ဘက်တွင်လည်း ပါးဟက်ကဲ့သို့သော ရေစစ်ထုတ်သည့် အရာများ ထွက်ပေါ်နေသည်။
ရေစီးကြောင်းများက အဝင်အထွက် ဖြစ်ပေါ်နေပြီး ထိုအရာက သူတို့အတွက် အောက်ဆီဂျင် ထောက်ပံ့ပေးနိုင်သည့်ပုံ ပေါ်သည်။
သူတို့ တစ်ယောက်ချင်းစီက လက်နှင့် ခြေထောက်များတွင် ဘဲခြေဖဝါးများကို အလျင်အမြန် တပ်ဆင်လိုက်ကြပြီး ရေထဲတွင် အလျင်အမြန် ကူးခတ်ကာ အဝေးရှိ လိပ်ကြီးဆီသို့ ပြေးဝင်သွားကြတော့သည်။
ရေအောက်တွင် ရှိနေသော လင်းယွမ်က ရေအောက်ရှိ လိပ်ကြီး၏ ပုံပန်းသဏ္ဍာန်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ဤလိပ်ကြီးက တကယ်ကို ကြီးမားခမ်းနားလွန်းလှပြီး ဘောလုံးကွင်း နှစ်ကွင်းစာမျှ ရှိသည့် အရွယ်အစားက ၎င်း၏ လိပ်ခွံ ဧရိယာသာ ဖြစ်ပေသည်။
သို့သော် ယင်းက ရေပေါ်သို့ ပေါ်ထွက်နေသော ဧရိယာသာ ဖြစ်ပြီး အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်း အများစုကမူ ရေအောက်တွင် ပုန်းကွယ်နေဆဲပင်။
ယခုအချိန်တွင် ၎င်း၏ တစ်ကိုယ်လုံး၌ ရေပြာရောင် စွမ်းအင်ဒိုင်းကာတစ်ခု စုစည်းဖြစ်ပေါ်လာကာ ကြီးမားလှသော လိပ်ခွံကြီးနှင့်အတူ ၎င်းကိုယ်တိုင်ပါ ထိုအထဲတွင် ရစ်ပတ်ဖုံးလွှမ်းသွားတော့သည်။
ပတ်ဝန်းကျင်ရှိ ရေနတ်ဘုရားဂိုဏ်းမှ မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင်များ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုလိုက်ပြီးနောက် လိပ်ကြီး၏ ခေါင်းက ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ရေနတ်ဘုရားဂိုဏ်း၏ သင်္ဘောများကို ကိုက်ဖြတ် တိုက်ခိုက်တော့သည်။
ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ရေနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်က သူ၏ ကျောဘက်မှ ရေအောက်သုံး မှိန်းသေနတ် တစ်လက်ကို ထုတ်ယူလိုက်ပြီး အပြာရောင် အကာအကွယ်ကို ချိန်ရွယ်ကာ ခလုတ်ကို အားကုန် ဆွဲချလိုက်သည်။
"ဖောင်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မှိန်းသေနတ်ပေါ်မှ အနီရောင် စွမ်းအင်လှိုင်းတစ်ခုက အကြမ်းပတမ်း ပေါက်ကွဲထွက်ပေါ်လာသည်။
ဒိုင်းခနဲ မြည်သံတစ်ချက်နှင့်အတူ ဤစွမ်းအင်လှိုင်းက လိပ်ကြီး၏ တစ်ကိုယ်လုံးရှိ အကာအကွယ်ကို ချက်ချင်း ဖောက်ထွင်းသွားတော့သည်။
အကာအကွယ်၏ အတွင်းပိုင်းတွင် လူရိပ်တစ်ခုက အလျင်အမြန် ပြေးလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "စွမ်းအင်ချိတ်ပိတ်မြှားပဲ... အားရှု... ကျိုးချန်... မြန်မြန် လာကာကွယ်ကြ"
စကားသံ ဆုံးသွားသည်နှင့် ပင်လယ်ရေများက အကာအကွယ်၏ အတွင်းပိုင်းသို့ အဆက်မပြတ် ဝင်ရောက်လာပြီး အမျိုးသားနှင့် အမျိုးသမီး အနည်းငယ်တို့က ဤဘက်သို့ အလျင်အမြန် ပြေးဝင်လာကြသည်။
သို့သော် ယခုအချိန်တွင် အခြားသော ရေနတ်ဘုရားဂိုဏ်းမှ လူများကလည်း မှိန်းသေနတ်များကို ထုတ်ယူကာ စွမ်းအင်ချိတ်ပိတ်မြှားများကို အသီးသီး ပစ်ခတ်လိုက်ကြသည်။
"ဖောင်း... ဖောင်း... ဖောင်း"
အဆက်မပြတ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး အရှေ့ဘက်ရှိ စွမ်းအင် အကာအကွယ်က အဆက်မပြတ် ပေါက်ကွဲသွားကာ အရွယ်အစား အမျိုးမျိုးရှိသော အပေါက်များ ထွက်ပေါ်လာတော့သည်။
လင်းယွမ်က မလှမ်းမကမ်းမှနေ၍ ဤမြင်ကွင်းကို စောင့်ကြည့်နေပေသည်။
ဤစွမ်းအင်ချိတ်ပိတ်မြှား မှိန်းသေနတ်က သူ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
သူက ရေနတ်ဘုရားဂိုဏ်းမှ လူတစ်ယောက်၏ အနောက်ဘက်သို့ အလျင်အမြန် ကူးသွားလိုက်သည်။
ထိုလူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူက အလျင်အမြန် လှုပ်ရှားလိုက်တော့သည်။
ဖောင်းခနဲ မြည်သံတစ်ချက်နှင့်အတူ စိတ်စွမ်းအင် တစ်ချက် ပေါက်ကွဲထွက်ပေါ်လာကာ ထိုလူ၏ စိတ်ပင်လယ်ကို တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်။
လင်းယွမ်က တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ စွမ်းအင်ချိတ်ပိတ်မြှား မှိန်းသေနတ်ကို အလျင်အမြန် လုယူလိုက်ပြီးနောက် အနီးအနားရှိ ရေအောက် နက်ရှိုင်းသော နေရာရှိ အဆောက်အအုံများကြားထဲသို့ ပုန်းကွယ်သွားတော့သည်။
သူက ရေအောက်တွင် ဤမှိန်းသေနတ်ကို စမ်းသပ်ကြည့်လိုက်ရာ ဤစွမ်းအင်ချိတ်ပိတ်မြှား ဆိုသည်မှာ တကယ်တော့ မှိန်းသေနတ်ပေါ်တွင် ချိတ်ပိတ် သင်္ကေတကို ရေးဆွဲထားပြီး စွမ်းအင်ကျောက်တုံးကို ခဲယမ်းအဖြစ် အသုံးပြုကာ ပစ်ခတ်လိုက်ပြီးနောက် စွမ်းအင် ချိတ်ပိတ်သည့် အာနိသင်ကို ဖြစ်ပေါ်စေသော တိုက်ခိုက်မှုတစ်ခု ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
လင်းယွမ်က သဘောပေါက်သွားတော့သည်။ "ချိတ်ပိတ် သင်္ကေတက သန္ဓေပြောင်းစွမ်းအင်တွေ လည်ပတ်မှုကို တားဆီးပိတ်လှောင်နိုင်တယ်... ဒီလိပ်ကြီး ကိုယ်ပေါ်က အကာအကွယ်ကလည်း သူ့ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းစွမ်းအင်တွေ လည်ပတ်မှုအပေါ် မှီခိုပြီးမှ ဖန်တီးထားတာပဲ ဖြစ်ရမယ်"
"ဒါပေမဲ့ ဒီစွမ်းအင်ချိတ်ပိတ်မြှားရဲ့ သက်ရောက်နိုင်စွမ်းက သေးငယ်လွန်းတယ်... အဲ့ဒီလိုမှ မဟုတ်ရင် တစ်ချက်တည်းနဲ့ လိပ်ကြီးရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး လိပ်ကြီးရဲ့ အကာအကွယ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်မှာပဲ"
လင်းယွမ်က တွေးတောနေမိပြီး ရေနတ်ဘုရားဂိုဏ်းနှင့် အခြားသော ဂိုဏ်းနှစ်ခုတို့အကြောင်းကို ပိုမို နားလည်လာလေလေ၊ ဤဂိုဏ်းများက ချိတ်ပိတ် သင်္ကေတကို လက်နက် အမျိုးမျိုးအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထည့်သွင်း အသုံးပြုနေပြီ ဖြစ်ကြောင်း သိလာလေလေ ဖြစ်ပေသည်။
အကာအကွယ်ကို ဖျက်ဆီးလိုက်ခြင်းက ဤလိပ်ကြီးကို သတ်ဖြတ်နိုင်ပြီဟု ဆိုလိုခြင်း မဟုတ်ပေ။
ရေနတ်ဘုရားဂိုဏ်းမှ လူများက အကာအကွယ်ကို ဖျက်ဆီးခြင်းဖြင့် လင်းယွီကျွန်းပေါ်သို့ တက်ရောက်နိုင်မည့် အခွင့်အရေးကို ဖန်တီးလိုရုံသာ ဖြစ်သည်။
ယခုအချိန်တွင် လိပ်ကြီး ကိုယ်ပေါ်ရှိ အပြာရောင် အကာအကွယ်မှာ အပေါက်အပြဲများ ဖြစ်ပေါ်နေပြီ ဖြစ်ပြီး ရေနတ်ဘုရားဂိုဏ်းမှ လူများက အကာအကွယ် အတွင်းသို့ ရူးသွပ်စွာ ပြေးဝင်သွားကြတော့သည်။
အကာအကွယ် အတွင်းပိုင်းရှိ ကျွန်းပေါ်တွင် လင်းယွီကျွန်း အဖွဲ့အစည်းမှ လူများက စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။
နှစ်ဖက်စလုံးက ရေအောက်မှာတင် သတ်ဖြတ် တိုက်ခိုက်မှု စတင်နေပြီ ဖြစ်သည်။
ရေနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သော ခန္ဓာကိုယ် တောင့်တင်းခိုင်မာသည့် ထိုခေါင်းဆောင်ကမူ ဤအခွင့်အရေးကို အသုံးချကာ လိပ်ကြီး၏ လည်ပင်း အနီးသို့ တိုက်ရိုက် ကူးခတ်သွားတော့သည်။
သူက လက်ထဲရှိ မှိန်းသေနတ်ကို မြှောက်ကာ လိပ်ကြီး၏ လည်ပင်းကို ချိန်ရွယ်ပြီး ခလုတ်ကို အားကုန် ဆွဲချလိုက်သည်ကို တွေ့လိုက်ရသည်။
"ဒုန်း"
ကြီးမားလှသော အလင်းတန်းတစ်ခုက ရေလှိုင်းများကို ဖောက်ထွင်းသွားကာ ဟိန်းယံသော အသံကြီးနှင့်အတူ လိပ်ကြီး၏ လည်ပင်းဆီသို့ အရှိန်အဟုန်ဖြင့် ပစ်ခတ်သွားတော့သည်။
ဤအလင်းတန်းက လိပ်ကြီး၏ လည်ပင်းကို ထိမှန်တော့မည့်ပုံ ပေါ်သည်။
လိပ်ကြီးက အာရုံခံမိသွားသည့်အလား ခေါင်းကို အလျင်အမြန် ရုပ်သိမ်းလိုက်တော့သည်။
"ဗလုံ... ဗလုံ... ဗလုံ"
ရေပူဖောင်း အမြောက်အမြား ပေါက်ကွဲထွက်လာပြီး ၎င်း၏ ခေါင်းက လိပ်ခွံ အတွင်းပိုင်းသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
အလင်းတန်းက ၎င်း၏ ခေါင်းပေါ်မှ ချက်ချင်း ပွတ်တိုက် သွားကာ ရေစီးကြောင်းများထဲတွင် အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။
ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်က အေးစက်စွာ ရယ်မောလိုက်ပြီး အလျင်အမြန် ကူးသွားကာ လိပ်ခွံ အတွင်းပိုင်းကို ထပ်မံ ချိန်ရွယ်၍ တစ်ချက် ပစ်ခတ်လိုက်ပြန်သည်။
"ဝုန်း"
အားကောင်းသော အလင်းတန်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တန်းအဖြစ် တိုက်ရိုက် ပေါက်ကွဲထွက်ပေါ်လာသည်။
လိပ်ခွံ အတွင်းသို့ ဝင်ရောက်သွားတော့မည့်ပုံ ပေါ်သည်။
ထိုအချိန်မှာပင် သေးသွယ်လှပသော လူရိပ်တစ်ခုက လိပ်ခွံ၏ အရှေ့ဘက်တွင် ထွက်ပေါ်လာသည်။
ရောက်လာသူက လိပ်ခွံ၏ ခေါင်းပိုင်းတွင် ရပ်နေကာ လက်နှစ်ဖက်ဖြင့် လိပ်ခွံဆီသို့ ဖိချလိုက်သည်။
"ဂျွတ်... ဂျွတ်... ဂျွတ်"
လိပ်ခွံပေါ်တွင် ကျောက်တုံး အမြောက်အမြား ရူးသွပ်စွာ စုစည်းဖြစ်ပေါ်လာကာ နံရံတစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး လိပ်ခွံ၏ အရှေ့ဘက်တွင် ချက်ချင်း ကာကွယ်လိုက်တော့သည်။
"ဝုန်း"
ထိုစွမ်းအင်တန်းက မြေသားနံရံနှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားကာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ပေါက်ကွဲသွားတော့သည်။
မြေသားနံရံက ရူးသွပ်စွာ ပေါက်ကွဲသွားပြီး ရွှံ့ရည်များအဖြစ် အရပ်မျက်နှာ အနှံ့အပြားသို့ စတင် ပက်ဖြန်းသွားတော့သည်။
သို့သော် ထိုသေးသွယ်လှပသော လူရိပ်က အေးစက်စွာ ရယ်မောလိုက်သည်။ "ရွှံ့ပုပ်၊ ငါးပုပ်တွေ... ငါ့ရှေ့ကထွက်သွားကြစမ်း"
သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လွင့်စင်ထွက်သွားသော ရွှံ့ရည်များက ရေစီးကြောင်း တစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲသွားပြီး ကျွန်းပေါ်သို့ အလျင်အမြန် ပြန်လည် ရောက်ရှိသွားတော့သည်။
လင်းယွမ်က သူမ၏ ကိုယ်ပေါ်မှ အလွန် ထူထပ်သော မြေဝါရောင် အလင်းရောင်များ ထွက်ပေါ်နေသည်ကို သတိထားမိလိုက်သည်။
သံသယဖြစ်စရာ မလိုဘဲ ဤသူက မြေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ပေသည်။
ထို့ပြင် မျိုးရိုးဗီဇအဆင့်ရှိ အားကောင်းသော တည်ရှိမှုတစ်ခုလည်း ဖြစ်ပေသည်။
လင်းယွမ်က စွမ်းအင်တိုင်းမျက်မှန်ကို အလျင်အမြန် တပ်ဆင်လိုက်ပြီး ဤမိန်းမ၏ စွမ်းအားကို အကဲခတ်လိုက်သည်။
ဤသို့ ကြည့်လိုက်သောအခါ သူ၏ ရင်ထဲတွင် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
"အဓိက အရည်အသွေး ၆၁ မှတ်တောင်"
ဤခန္ဓာကိုယ် သေးငယ်သော မိန်းမ၏ အဓိက အရည်အသွေးက ၆၁ မှတ်အထိ ရောက်ရှိနေသည်မှာ အံ့သြစရာပင်။
ရေနတ်ဘုရားဂိုဏ်း၏ ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်ထက် လေးမှတ်သာ လျော့နည်းပေသည်။
လင်းယွမ်က မယုံနိုင်အောင် ဖြစ်သွားမိသည်။ ဤမိန်းမက မြေဓာတ် ဖြစ်ပြီး မျိုးရိုးဗီဇမျိုးစေ့ကိုပါ စုစည်းနိုင်ခဲ့သေးသည်။
သူမက မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ဘယ်ကနေ ရလာခဲ့တာလဲ။
လင်းယွမ်က ယခုအချိန်တွင် ဤလင်းယွီကျွန်း၌ သူမအား မျိုးရိုးဗီဇအဆင့် သန္ဓေပြောင်း သားရဲ၏ သွေးကို ရရှိစေရန် လုံလောက်သော အရင်းအမြစ်များ လုံးဝ မရှိနိုင်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။
သူက တွေးတောနေရင်း ဤမိန်းမကို မျက်မှန်းတန်းမိသလို ခံစားလိုက်ရပြီး သူ ကိုယ်တိုင် ဘယ်နေရာမှာ မြင်ဖူးခဲ့လဲဟု တွေးနေမိသည်။
ဤအတွေး ထွက်ပေါ်လာသည်နှင့် လင်းယွမ်၏ ရင်ထဲတွင် ချက်ချင်း ထူးဆန်းသွားတော့သည်။
"ငါ မြင်ဖူးတာလား... မဖြစ်နိုင်ဘူး... ငါသာ ဒီလို အစွမ်းထက်တဲ့ မိန်းမကို မြင်ဖူးခဲ့ရင် လုံးဝ မေ့သွားစရာ အကြောင်း မရှိဘူး"
သူက မျက်မှောင်ကြုတ်လိုက်ပြီး ဟိုဘက်ရှိ စစ်မြေပြင်ကို စိုက်ကြည့်နေလိုက်သည်။
ထိုသေးငယ်သော မိန်းကလေးက မြေဓာတ် စွမ်းအင်များကို ကြိုးကိုင်ကာ ရေအောက်ရှိ အဆောက်အအုံများမှ ကျောက်ခဲများကို အဆက်မပြတ် စုစည်းလာစေရန် တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး ရေနတ်ဘုရားဂိုဏ်း ခေါင်းဆောင်ဆီသို့ ရူးသွပ်စွာ ပစ်ပေါက်လိုက်သည်ကို တွေ့လိုက်ရသည်။
ထိုခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်က ရေစီးကြောင်းများကို အဆက်မပြတ် လည်ပတ်စေကာ ကျောက်တုံးကြီးများ၏ တိုက်ခိုက်မှုကို ကာကွယ်နေပေသည်။
သူတို့နှစ်ယောက်က စစ်သည်လာလျှင် စစ်သူကြီးနှင့်တား၊ ရေလာလျှင် မြေနှင့်ကာ ဆိုသလို အပြန်အလှန် တိုက်ခိုက်နေကြသည်။
ဤမိန်းမ၏ မြေဓာတ် အစွမ်းက ရေနတ်ဘုရားဂိုဏ်း၏ ရေဓာတ် အစွမ်းကို တကယ်ပင် နှိမ်နင်းနိုင်ပေသည်။
သူတို့နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေစဉ် ထိုလိပ်ကြီးကလည်း အလွန် ကောက်ကျစ်စဉ်းလဲကာ အချိန်ရတိုင်း ခေါင်းကို ရုတ်တရက် ဆန့်ထုတ်ကာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်တော့သည်။
သို့မဟုတ် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်ကို တိုက်ရိုက် ကိုက်ဖြတ်ပေသည်။
ထိုခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်က တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို ရင်ဆိုင်နေရသဖြင့် မိန်းကလေးထက် လေးမှတ် ပိုနေသော အရည်အသွေး အသာစီးရမှုကို လုံးဝ အသုံးချနိုင်ခြင်း မရှိပေ။
ထို့ထက်မက လူတစ်ယောက်နှင့် လိပ်တစ်ကောင်၏ ဖိနှိပ်မှုအောက်တွင် လုံးဝ ရောက်ရှိသွားတော့သည်။
သို့သော် ဤဘက်ရှိ အခြေအနေက မဆိုးသော်လည်း ရေနတ်ဘုရားဂိုဏ်းမှ အခြားသူများက ကျွန်းပေါ်သို့ ဝင်ရောက်လာကြပြီ ဖြစ်ပြီး ရေမျက်နှာပြင် အထက်သို့ စတင်၍ ရူးသွပ်စွာ ပြေးတက်သွားကြတော့သည်။
လင်းယွီကျွန်းမှ လူများကလည်း သူတို့နှင့် အလျင်အမြန် စတင် တိုက်ခိုက်ကြတော့သည်။
နှစ်ဖက်စလုံးတွင် လင်းယွီကျွန်းက သိသိသာသာ အရေးနိမ့်နေပေသည်။
အဘယ်ကြောင့်ဆိုသော် လင်းယွီကျွန်းဘက်တွင် မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင် အနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။
အများစုမှာ သာမန် အစွမ်းပိုင်ရှင်များသာ ဖြစ်ကြသည်။
ရေနတ်ဘုရားဂိုဏ်းဘက်တွင်မူ တစ်ပြေးညီ မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင်များချည်း ဖြစ်ကြသည်။
အများစုမှာ အရောအနှော မျိုးရိုးဗီဇများသာ ဖြစ်ကြသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန် အစွမ်းပိုင်ရှင်များနှင့် နှိုင်းယှဉ်၍ ရနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လင်းယွီကျွန်းဘက်တွင် တစ်ခါတစ်ရံ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာတတ်သည်။
လင်းယွမ်က လူအုပ်ထဲသို့ တိတ်တဆိတ် ရောနှောဝင်ရောက်သွားပြီးနောက် မြေလျှိုးအစွမ်းကို အသုံးပြုကာ လင်းယွီကျွန်း အတွင်းပိုင်းသို့ အလျင်အမြန် ခိုးဝင်သွားတော့သည်။
မြေကြီးထဲသို့ ပေသုံးဆယ်ခန့် နက်ရှိုင်းစွာ ဝင်ရောက်သွားပြီးနောက် လင်းယွမ်က သူ၏ ခြေအောက်ရှိ အရာဝတ္ထုမှာ မြေကြီး ဖွဲ့စည်းပုံ မဟုတ်တော့ဘဲ အလွန် မာကျောသော အရာဝတ္ထု ဖြစ်နေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ယင်းက လိပ်ကြီး၏ လိပ်ခွံ ဖြစ်ရမည်ဟု သူ ချက်ချင်း သိလိုက်သည်။
"ဒီလိပ်ကြီးက ပေသုံးဆယ် အထူရှိတဲ့ မြေသားကုန်းမြေကြီးကိုတောင် သယ်ဆောင်ထားတာပဲ"
လင်းယွမ်က ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ဤလိပ်ကြီးက ရေပေါ်မှာ ပေါ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ... တစ်ခါလေးတောင် ရေမငုတ်ဘူးလား။
သူ အနည်းငယ် ဆွံ့အသွားပြီးနောက် ပတ်ဝန်းကျင်တွင် တစ်ပတ် ထပ်မံ လှည့်လည် ကြည့်ရှုလိုက်ရာ လိပ်ခွံ၏ အစွန်အဖျား ဒေသတွင် တောင်ကုန်းများကဲ့သို့သော အရာဝတ္ထုများက လိပ်ခွံနှင့် ပေါင်းစပ်နေသည်ကို တွေ့ရှိလိုက်ရသည်။
ဤတောင်ကုန်းများကြောင့်သာ ဤနေရာရှိ မြေကြီးများက လိပ်ခွံထဲမှ လျှောကျမသွားခြင်း ဖြစ်ပေသည်။
လင်းယွမ်က သေချာစွာ ခွဲခြားကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာက တဖြည်းဖြည်း ထူးဆန်းလာတော့သည်။
ဤတောင်ကုန်းများက သိသိသာသာကို ကြီးမားခမ်းနားလွန်းလှသော ခရုချွန်ကြီးများပင် ဖြစ်နေသည်။
ဤခရုချွန်များက ကြီးမားလှသော အရွယ်အစားရှိပြီး လိပ်ခွံ၏ အစွန်အဖျားတွင် ကပ်တွယ်နေကာ မြေကြီးများ လျှောကျမသွားစေရန် အတားအဆီးများအဖြစ် ဖြစ်ပေါ်နေသည်။
လင်းယွမ်က ဤခရုချွန်များ၏ အစီအစဉ်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ "ဒါက သိသိသာသာကို လူတွေ လုပ်ထားတဲ့ အစီအစဉ်ပဲ... သဘာဝအတိုင်း ဖြစ်ပေါ်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
လင်းယွမ်က ဤခရုချွန်များအနီးသို့ ချဉ်းကပ်သွားရာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို ထပ်မံ တွေ့ရှိလိုက်ရသည်။
ဤခရုချွန် အခွံများက လိပ်ခွံပေါ်တွင် ကပ်တွယ်နေပြီး လိပ်ခွံနှင့် တစ်သားတည်း ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် ခရုချွန်၏ အတွင်းပိုင်းတွင်မူ သက်ရှိ အငွေ့အသက် လုံးဝ မရှိတော့ဘဲ အတွင်းမှ ခရုသားများကို ရှင်းလင်းထားသည်မှာ ကြာပြီ ဖြစ်သည်။
ထိုမျှမက အတွင်းပိုင်းတွင် နေထိုင်ခဲ့သည့် ခြေရာလက်ရာများပင် ရှိနေသည့်ပုံ ပေါ်သည်။
ဤခရုချွန် အခွံများကို ခရုသားများ ဖယ်ရှားပြီးနောက် ခံတပ်များအဖြစ် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
လင်းယွမ်၏ ရင်ထဲတွင် မအံ့သြဘဲ မနေနိုင်တော့ပေ။ ဤသည်မှာ မည်သည့် ပါရမီရှင် တွေးတောထားသော နည်းလမ်း ဖြစ်သနည်း။
လိပ်ကြီးကို ကျွန်းအဖြစ် အသုံးပြုပြီး ခရုချွန်များကို ခံတပ် အတားအဆီးများအဖြစ် အသုံးပြုထားခြင်းက တကယ်ကို ထူးဆန်းအံ့သြဖွယ် အတွေးအခေါ်ပင်။
သူက ဤကျွန်းကို ဒီဇိုင်းဆွဲထားသူအား မလေးစားဘဲ မနေနိုင်အောင်ပင် ဖြစ်သွားမိသည်။
လင်းယွမ်က ခရုခွံ အတွင်းသို့ ဝင်ရောက်ခြင်း မရှိတော့ဘဲ ရေမျက်နှာပြင်ဆီသို့ ပြောင်းလဲ ထွက်ခွာသွားတော့သည်။
မကြာမီမှာပင် သူက လင်းယွီကျွန်းပေါ်သို့ ရောက်ရှိသွားတော့သည်။
ယခုအချိန်တွင် ရေနတ်ဘုရားဂိုဏ်းမှ လူများက ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်နေကြပြီ ဖြစ်သည်။
သို့သော် လင်းယွီကျွန်း၏ ဆုတ်ခွာရမည့် အခြေအနေက ရပ်တန့်သွားခဲ့သည်။
တကယ်တော့ ရေမျက်နှာပြင် အထက်မှာမှ လင်းယွီကျွန်း တပ်မကြီး ရှိနေခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် လင်းယွီကျွန်းပေါ်ရှိ အစွမ်းပိုင်ရှင်များက ရေနတ်ဘုရားဂိုဏ်းဘက်မှ လူများကဲ့သို့ အားလုံး ရေဓာတ် အစွမ်းပိုင်ရှင်များချည်း ဖြစ်နေရန် မဖြစ်နိုင်သောကြောင့်ပင်။
ထို့ကြောင့် လင်းယွီကျွန်း အဖွဲ့အစည်း၏ အဓိက စစ်မြေပြင်မှာ ရေမျက်နှာပြင် အထက်ရှိ ကုန်းမြေပင် ဖြစ်ပေသည်။
နှစ်ဖက် တိုက်ခိုက်မှုတွင် ယခုအကြိမ်၌ တစ်ဖက်သတ် ရှုံးနိမ့်ခြင်းမျိုး မဟုတ်တော့ပေ။
လင်းယွီကျွန်း ကုန်းတွင်း တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်က မဆိုးရွားလှဘဲ ၎င်းတို့ထဲတွင် မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင် အများအပြား ပါဝင်နေပေသည်။
လင်းယွမ်က အနီးအနားတွင် ပုန်းကွယ်နေပြီး လှမ်းကြည့်လိုက်ရာ လင်းယွီကျွန်း၏ မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင်များက အနည်းဆုံး အယောက်နှစ်ဆယ်ကျော် ရှိကြောင်း တွေ့ရှိလိုက်ရသည်။
ထို့ပြင် ၎င်းတို့ထဲမှ အများစုမှာ မြေဓာတ်နှင့် ရေဓာတ် မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
အနည်းငယ်သော အစိတ်အပိုင်းသာ စိတ်စွမ်းအင် အမျိုးအစား မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။
ယခုအကြိမ်တွင် နှစ်ဖက်စလုံးက အင်အား မျှတနေပြီး မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင်များက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖြင့် အလွန် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။
ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာကာ ဟိန်းယံသော တုန်ခါမှုများကြောင့် မြေကြီးပင် တုန်ခါနေတော့သည်။
အကြိမ်ပေါင်းများစွာ တစ်ကျွန်းလုံးက တုန်ခါ နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေခဲ့သည်။
သိသိသာသာပင် လိပ်ကြီးကလည်း မသက်မသာ ခံစားနေရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်ကာ ခန္ဓာကိုယ်ကို တုန်ခါလှုပ်ရမ်းနေခြင်း ဖြစ်ပေသည်။
လင်းယွမ်၏ အကြည့်များက ဝေ့ဝဲသွားပြီးနောက် သူ၏ အကြည့်များက လူတစ်ယောက်အပေါ်သို့ ရုတ်တရက် ကျရောက်သွားတော့သည်။
၎င်းမှာ အဖြူရောင် တီရှပ် ဝတ်ဆင်ထားပြီး အလွန် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အချိုးအစား ရှိသည့် ဆံပင်ရွှေရောင်နှင့် အလှမယ်လေး တစ်ဦး ဖြစ်ပေသည်။
ဤမိန်းမက ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်၊ ဖြူဖွေးသော အသားအရေနှင့် နက်ရှိုင်းသော မျက်နှာသွင်ပြင်တို့ ရှိကာ နိုင်ငံခြားသူ တစ်ယောက်၏ ထူးခြားသော ဆွဲဆောင်မှုမျိုး ရှိပေသည်။
လင်းယွမ်၏ မျက်နှာအမူအရာက ထူးဆန်းသွားပြီး အနည်းငယ် အံ့သြသံသယ ဖြစ်သွားမိသည်။
"ဒီလောက်တောင် တိုက်ဆိုင်နေရလား"
ဤမိန်းမ၏ တိုက်ခိုက်ရေး ပုံစံက ကြမ်းတမ်းခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန် ကျက်သရေ ရှိလှပေသည်။
သူမ၏ တစ်ကိုယ်လုံးတွင် အေးစက်သော အလင်းတန်း ဆယ်ခုကျော်ခန့် ပျံသန်းနေပြီး သူမ၏ လက်ချောင်းများ ဝှေ့ယမ်းမှုနှင့်အတူ အဆက်မပြတ် ပစ်ခတ်သွားတော့သည်။
ဤတိုက်ခိုက်ရေး ပုံစံကို လင်းယွမ်က အလွန် ရင်းနှီးနေပေသည်။
ယင်းက စိတ်အဝေးထိန်း အစွမ်းပင်။
(စိတ်အဝေးထိန်း အစွမ်း ဆိုတာက Telekinesis စိတ်နဲ့ပစ္စည်းတွေကိုအဝေးကနေထိန်းချုပ်တဲ့အစွမ်းကို ပြန်ထားတာပါ)
ဤမိန်းမ နိုးထလာခဲ့သည်မှာ စိတ်စွမ်းအင် ဖြစ်ပြီး ထို့ထက်မက စိတ်အဝေးထိန်း အပိုင်းလည်း ဖြစ်ပေသည်။
ထို့ပြင် သူမ၏ အဓိက အရည်အသွေး စွမ်းအားက ၅၇ မှတ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
မျိုးရိုးဗီဇအဆင့် အစွမ်းပိုင်ရှင်ပင်။
ရုတ်တရက် ရေနတ်ဘုရားဂိုဏ်းမှ အစွမ်းပိုင်ရှင် တစ်ယောက်က သူ၏ ကိုယ်ပေါ်တွင် ရေဓာတ် ကာကွယ်ရေး အကာအကွယ်ကို ဖုံးလွှမ်းလိုက်သည်။
ထိုလူက ဆံပင်ရွှေရောင် မိန်းမ၏ ပျံသန်းနေသော ဓားများကို အံတုကာ မိန်းမဆီသို့ အဆက်မပြတ် ပြေးဝင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သေလိုက်စမ်း"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လေဟာပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ဖိချလိုက်သည်။
ခဏအတွင်းမှာပင် ကောင်းကင်မှ မိုးရေများ စုစည်းဖြစ်ပေါ်လာကာ ရေနဂါး နှစ်ကောင်အဖြစ် ဖြစ်ပေါ်လာပြီး ဆံပင်ရွှေရောင် မိန်းမဆီသို့ ရူးသွပ်စွာ ဝင်တိုက်သွားတော့သည်။
ဆံပင်ရွှေရောင် ကပြားအလှမယ်လေး၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိဘဲ ညာဘက်လက်ကို အရှေ့သို့ တစ်ချက် ထောက်လိုက်သည်။
လေဟာပြင်တွင် ကြီးမားလှသော စိတ်အဝေးထိန်း အကာအကွယ် တစ်ခု ချက်ချင်း စုစည်းဖြစ်ပေါ်လာသည်။
သို့သော် လင်းယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။
ဤရေနတ်ဘုရားဂိုဏ်းမှ လူ၏ အဓိက အရည်အသွေးက ၆၂ မှတ်အထိ မြင့်မားနေကြောင်း သူ သတိထားမိလိုက်သည်။
ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ခေါင်းဆောင်မှလွဲ၍ အစွမ်းထက်ဆုံးသော ရေနတ်ဘုရားဂိုဏ်းမှ လူတစ်ယောက်ပင်။
ပို၍ အရေးကြီးသည်မှာ ဤရေနဂါး နှစ်ကောင်က ပုံမှန် မဟုတ်ပေ။
ထိုရေနဂါး နှစ်ကောင်ထဲတွင် သက်ရှိ အငွေ့အသက်များ ရောနှောပါဝင်နေသည်ကို လင်းယွမ်က ရှင်းလင်းပြတ်သားစွာ အာရုံခံမိလိုက်သည်။
ထိုအငွေ့အသက်ကို အစွမ်းကုန် ဖုံးကွယ်ထားသော်လည်း ၈၃.၅ မှတ်အထိ မြင့်မားလှသော လင်းယွမ်၏ စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ဆံပင်ရွှေရောင် မိန်းမ အန္တရာယ် ရှိနေပြီ။
ဆက်ရန်...