အခန်း (၄၇၇-၄၇၈)
Vol. 24 Ch. 477-478
အပိုင်း(၄၇၇) လင်းယွီကျွန်းသခင်
လင်းယွမ်၏ မေးမြန်းမှုကို ကြားသောအခါ ကျန်းဇီယန်က ပြုံးနေသော်လည်း ဘာမှ ပြန်မဖြေခဲ့ပေ။
သို့သော် သူမ ဘာမှ ပြန်မဖြေခြင်းကပင် အကောင်းဆုံး အဖြေတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က ဟွမ်ဟန်ကို မတွေးမိဘဲ မနေနိုင်တော့ပေ။ သူမ၏ သားရဲထိန်းချုပ်အစွမ်းကလည်း သူမ၏ အားဟွမ်နှင့် တွဲဖက်ရာတွင် အပ်ကျမတ်ကျ အံဝင်ခွင်ကျ ဖြစ်လှသည်။
သို့သော် သူမက သူမ၏ ရွှေရောင်စပါးအုံးမြွေကြီးနှင့်သာ တွဲဖက်နိုင်သည်။
အကယ်၍ သူမသာ သန္ဓေပြောင်း သတ္တဝါများကို ဒီထက်ပိုပြီး ထိန်းချုပ်နိုင်မည် ဆိုပါက သူမ တစ်ယောက်တည်းနှင့်ပင် စစ်တပ်တစ်ခုလို ဖြစ်လာနိုင်မည် မဟုတ်ပါလား။
ယခု သူ့မျက်စိရှေ့ရှိ လင်းယွီကျွန်းပေါ်မှ သားရဲထိန်းချုပ်သူသည် သန္ဓေပြောင်း သတ္တဝါ အများအပြားကို ထိန်းချုပ်နိုင်သူ ဖြစ်ရမည်မှာ အသေအချာပင်။ ထို့ကြောင့်သာ ရေနတ်ဘုရားဂိုဏ်းမှ အစွမ်းပိုင်ရှင်များကို သတ်ဖြတ်ရန် ဤသန္ဓေပြောင်း သတ္တဝါများကို ခိုင်းစေနိုင်ခြင်း ဖြစ်သည်။
ရုတ်တရက် လင်းယွမ်က လန်းဆန်းတက်ကြွသွားပြီး ဤကျွန်း၏ မူလခန္ဓာကိုယ်ဖြစ်သော ထိုလိပ်ကြီးကို ချက်ချင်း တွေးမိသွားသည်။
"ဒီလိပ်ကြီးကိုလည်း... ဒီလူကပဲ နှိမ်နင်းပြီး ထိန်းချုပ်ထားလို့ လိမ္မာရေးခြားရှိရှိ စကားနားထောင်ပြီး တစ်ဖက်လူရဲ့ ခြေချစရာ နေရာတစ်ခု ဖြစ်လာတာများလား"
လင်းယွမ်က ထိုခန့်မှန်းချက်အတိုင်း တွေးကြည့်လိုက်ရာ ဤသားရဲထိန်းချုပ်သည့် အစွမ်းပိုင်ရှင်သည် ဤကျွန်း၏ အစစ်အမှန် ကျွန်းသခင် ဖြစ်နိုင်ကြောင်းကို ချက်ချင်း သဘောပေါက်သွားတော့သည်။
သူက ဟွမ်ကွမ်းဇူ ပြောခဲ့ဖူးသည့် လင်းယွီကျွန်းတွင် ကျွန်းသခင် နှစ်ယောက်ရှိသည်ဆိုသော စကားကို တွေးမိသွားသည်။
ကျွန်းသခင်မ၏ အမည်က ဝမ်လင်းအာ ဖြစ်ပြီး ကျွန်းသခင်မလေး၏ အမည်က ဝမ်ယွိအာ ဖြစ်သည်။
ဤနှစ်ယောက်ထဲမှ မည်သူက သားရဲထိန်းချုပ်သည့် အစွမ်းပိုင်ရှင် ဖြစ်မည်ကိုတော့ သူ မသိသေးပေ။
လင်းယွမ်၏ စိတ်ကူးများ လွင့်မျောနေစဉ်မှာပင် လင်းယွီကျွန်းပေါ်ရှိ အစွမ်းပိုင်ရှင်များက ရေထဲသို့ ဆင်းသွားကြပြီး ရေနတ်ဘုရားဂိုဏ်းမှ သင်္ဘောပျက် အကြွင်းအကျန်များကို စတင် ဆယ်ယူနေကြသည်ကို မြင်လိုက်ရသည်။
ထိုအထဲတွင် သင်္ဘောပေါ်ရှိ ကုန်ပစ္စည်း အမြောက်အမြားလည်း ပါဝင်ပေသည်။
"သွားကြရအောင်... ကျွန်းသခင်လည်း ခဏနေ ပြန်ရောက်လာလောက်ပြီ"
ကျန်းဇီယန်က လင်းယွမ်ကို ပြုံးကာ ဖိတ်ခေါ်လိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူ၏ နောက်မှလိုက်ကာ ခရုခွံအခန်းထဲမှ ထွက်လာခဲ့သည်။ သူတို့က လမ်းတစ်လျှောက် ရှေ့သို့ ဆက်လျှောက်လာခဲ့ရာ ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရဲတိုက်ကြီး တစ်လုံးကို မကြာမီမှာပင် မြင်လိုက်ရသည်။
ထိုရဲတိုက်က အမြွှာရဲတိုက် ဖြစ်ပြီး မှန်ထဲမှ အရိပ်တစ်ခုကဲ့သို့ တစ်ထပ်တည်း တူညီနေကာ အပြင်ဘက်တွင် ကင်းလှည့်နေသူ အများအပြားက စောင့်ကြပ်နေကြသည်။
ကျန်းဇီယန်ကို မြင်သောအခါ ချက်ချင်းပင် တစ်စုံတစ်ယောက်က အရိုအသေ ပေးလိုက်သည်။
ဤအချိန်တွင် လင်းဟယ် အမည်ရသော အစွမ်းပိုင်ရှင်ကလည်း လျှောက်လာခဲ့ပြီး လင်းယွမ်နှင့် ကျန်းဇီယန်တို့ကို မြင်သောအခါ အော်ဟစ် ရယ်မောလိုက်သည်။
"ဒေါက်တာကျန်း... ကိုလင်းယွမ်... ခင်ဗျားတို့ ရောက်လာပြီပဲ... မြန်မြန် ကြွကြပါ... ကျွန်တော်တို့ ကျွန်းသခင်က အထဲမှာ ခင်ဗျားတို့ကို စောင့်နေပါတယ်"
ကျန်းဇီယန်က မေးလိုက်သည်။ "ကျွန်းသခင် နှစ်ယောက်လုံး ဒဏ်ရာမရကြဘူး မလား"
လင်းဟယ်က ပြုံးရင်း ပြန်ဖြေသည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူတို့လိုငါးပုပ် ပုဇွန်ပုပ်လေးတွေက ကျွန်းသခင်ကို ခြိမ်းခြောက်ချင်နေသေးတယ်"
"ဒါဆိုရင်လည်း တော်သေးတာပေါ့... တော်ပါသေးရဲ့" ကျန်းဇီယန်ကလည်း ပြုံးလိုက်သည်။
သူတို့နှစ်ယောက်က လင်းယွမ်ကို ခေါ်ဆောင်ကာ ရဲတိုက်ထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။
ရဲတိုက်အတွင်း၌ လုံခြုံရေး အလွန် တင်းကျပ်ထားပြီး အပြင်ဘက်တွင် လျော့ရဲဟန် ပေါက်နေသော်လည်း အတွင်းဘက်တွင်မူ အထူး တင်းကျပ်ထားသည်။
ပန်းခြံကို ဖြတ်ကျော်ပြီးနောက် ဧည့်ခန်းမကြီး တစ်ခုထဲသို့ မကြာမီ ရောက်ရှိသွားကြသည်။
ဧည့်ခန်းမထဲတွင် အဝါရောင် တီရှပ်ဝတ်ဆင်ထားပြီး အသားအရေ ဖြူဖွေးကာ ခေါင်းပေါ်တွင် ရွှေသရဖူ ဆောင်းထားသော ကောင်မလေး တစ်ယောက် ထိုင်နေသည်။ သူမက မင်းသမီးလေး တစ်ပါးနှင့်ပင် တူနေတော့သည်။
ဤကောင်မလေးက အသက် ဆယ်နှစ်ကျော် အရွယ်ခန့်သာ ရှိသေးပြီး သူမ၏ မျက်လုံးများက သွက်လက် တက်ကြွနေကာ လင်းယွမ်ကို သိချင်စိတ် ပြင်းပြစွာဖြင့် အကဲခတ်နေသည်။
လင်းယွမ်က သူမကို မြင်လိုက်ရသောအခါ ချက်ချင်း လန်းဆန်းတက်ကြွသွားပြီး သူမကို ချက်ချင်း မှတ်မိသွားတော့သည်။
ဤကောင်မလေးက စောစောကမှ ခန္ဓာကိုယ် တောင့်တင်းခိုင်မာလှသော ရေနတ်ဘုရားဂိုဏ်း၏ တမန်တော်ခေါင်းဆောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော ကောင်မလေးပင် ဖြစ်သည်။
တစ်ဖက်လူ၏ အသက်က ဤမျှငယ်ရွယ်ပြီး ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် အရွယ်ခန့်သာ ရှိဦးမည်ဟု လင်းယွမ် ထင်မှတ်မထားခဲ့ပေ။
သူမ၏ ရုပ်သွင်ကို ထပ်မံ ကြည့်ရှုလိုက်ရာ မျက်နှာပေါက်က သပ်ရပ်လှပနေပြီး အရွယ်မရောက်သေးသည့် ကလေးဆန်ဆန် အငွေ့အသက်များ ပါဝင်နေကာ ရုပ်ရည်အားဖြင့် ဆယ့်လေးနှစ် အရွယ်ခန့်သာ ရှိပုံရသည်။
သူမ၏ အသားအရေက ဖြူဖွေးနေပြီး ခန္ဓာကိုယ်လေးက သေးသွယ် နုနယ်လှသော်လည်း သူမ၏ ကိုယ်ပေါ်တွင် မိန်းကလေး တစ်ယောက်၏ နုပျိုတက်ကြွသော အငွေ့အသက်များ ယိုဖိတ်နေကာ လေးနက်တည်ငြိမ်သော ခံစားချက် တစ်မျိုးကလည်း ဖုံးလွှမ်းနေသည်။
နုပျိုတက်ကြွမှုနှင့် လေးနက်တည်ငြိမ်မှု ဟူသော လုံးဝ ကွဲပြားခြားနားသည့် စရိုက်လက္ခဏာ နှစ်မျိုးက လူတစ်ယောက်တည်း၏ ကိုယ်ပေါ်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် ပေါ်လွင်နေသည်။
ဤထူးခြားသော စရိုက်လက္ခဏာက သူမကို အလွန် ကွဲပြားခြားနားသွားစေသည်။
သူမက လင်းယွမ်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် သူစိမ်း တစ်ယောက်ကို မြင်တွေ့ရသဖြင့် ရှက်ရွံ့နေသည့် အရိပ်အယောင် အနည်းငယ် ရှိနေသော်လည်း ပွင့်လင်းရိုးသားစွာပင် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါရှင်... ကိုလင်းဟယ်က ကျွန်မကို ပြောပြတယ်... ရှင်က ဒေါက်တာကျန်းဆီမှာ ဆေးလာကုတာ ဆို"
လင်းယွမ်က သတိပြန်ဝင်လာပြီး ခေါင်းညိတ်ကာ ပြုံးရင်း ပြန်ဖြေလိုက်သည်။ "မင်္ဂလာပါ... ဟုတ်ပါတယ်... ကျွန်တော်က ဒေါက်တာကျန်းကို လာရှာတာပါ"
"အို... ဒေါက်တာကျန်း... ဒါဆိုလည်း သူ့ကို ကူညီပေးလိုက်ပါဦး... နေမကောင်းဖြစ်ရတာ အရမ်း ခံစားရခက်တယ်လေ" ဝမ်ယွိအာက ကျန်းဇီယန်ကို ကြည့်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြောလိုက်သည်။
ကျန်းဇီယန်က ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ဤလင်းယွီကျွန်း၏ ကျွန်းသခင်မလေးက အသက်ငယ်ရွယ်သေးပြီး အတော်လေး အပြစ်ကင်းစင်ကာ ရိုးသားသည်ကို သူမ သိထားပေသည်။
ထို့ပြင် ကျွန်းသခင်မက သူမကို အလွန် ကောင်းမွန်စွာ ကာကွယ်ပေးထားသဖြင့် မည်သူ့ကိုမဆို သဘောကောင်းတတ်ပေသည်။
အကယ်၍ ကျွန်းသခင်မက အစွမ်းထက်သော စွမ်းရည်အပေါ် အားကိုးပြီး လူတိုင်းကို သူမ၏ အနီးအနားတွင် စုစည်းထားသည်ဟု ဆိုရမည် ဆိုလျှင်။
ကျွန်းသခင်မလေးကမူ သူမ၏ အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်မှုများဖြင့် လူတိုင်းကို ရင်တွင်းထဲမှ လှိုက်လှိုက်လှဲလှဲ ကာကွယ်ပေးချင်စိတ် ပေါက်လာအောင် လုပ်ဆောင်နိုင်သူ ဖြစ်သည်။
သူမက ညင်သာစွာ ပြုံးရင်း ပြောလိုက်သည်။ "ကျွန်းသခင်မလေးယွိအာ... ဒီကိစ္စက ပြောရရင်တော့ ရှုပ်ထွေးတယ်... သူတို့ ခိုလှုံရေးစခန်းက ရောဂါပိုးက သာမန် ရောဂါပိုး မဟုတ်ဘူးလေ"
"သာမန် ရောဂါပိုး မဟုတ်ဘူး ဟုတ်လား"
"အင်း... ကျွန်မ ခန့်မှန်းရသလောက်ဆိုရင် ဒီကိစ္စက ရေနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်နေနိုင်ခြေ အများကြီး ရှိတယ်... ဒီရောဂါပိုးက ရေနတ်ဘုရားဂိုဏ်းက ကူးစက်ရောဂါ ယဇ်ပုရောဟိတ်ရဲ့ လက်ချက် ဖြစ်ဖို့ များတယ်"
"ဟင်... ရေနတ်ဘုရားဂိုဏ်းပဲလား... ဒီငါးစုတ်ပုစွန်စုတ်တွေ... တကယ် မုန်းဖို့ ကောင်းတာပဲ" ကျွန်းသခင်မလေး ဝမ်ယွိအာက ရေနတ်ဘုရားဂိုဏ်းအပေါ် အလွန် ဆိုးရွားသော အမြင် ရှိပုံရသည်။
သူမကဲ့သို့ ရိုးသားဖြူစင်သူ တစ်ယောက်ပင်လျှင် ဒေါသတကြီးဖြင့် မဆူပူဘဲ မနေနိုင်တော့ပေ။
ဘေးနားရှိ လင်းဟယ်က ဤစကားကို ကြားသောအခါ သူ၏ မျက်နှာအမူအရာလည်း လေးနက်တည်ငြိမ်သွားပြီး ပြောလိုက်သည်။ "ကူးစက်ရောဂါ... ယဇ်ပုရောဟိတ် လွှတ်လိုက်တဲ့ ရောဂါပိုးလား"
သူက လင်းယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည့် အရိပ်အယောင်တစ်ခုကို ဖော်ပြရင်း ပြောလိုက်သည်။ "ကြည့်ရတာ ခင်ဗျားတို့ကို ရေနတ်ဘုရားဂိုဏ်းက မျက်စိကျသွားပြီ ထင်တယ်"
"ရေနတ်ဘုရားဂိုဏ်းရဲ့ မျက်စိကျတာကို ခံရတဲ့ အဖွဲ့အစည်းတွေဆီကိုပဲ ကူးစက်ရောဂါ ယဇ်ပုရောဟိတ်က ရောက်လာတတ်တာ"
"တကယ်လို့ သူ့လက်ချက်သာ တကယ်ဆိုရင် ဒီလို ရောဂါပိုးတွေ ပျံ့နှံ့နေတဲ့ အချိန်အတွင်းမှာ ချောက်နက်သူလျှိုတွေက ခင်ဗျားတို့ အဖွဲ့အစည်းထဲကို လျှို့ဝှက် ဝင်ရောက်လာပြီး အောက်ခြေကနေ စတင်ပြီး ဘာသာရေး တရားဟောတာတွေ လုပ်နေလောက်ပြီ"
လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် မည်းမှောင်သွားပြီး မေးလိုက်သည်။ "စောစောကတည်းက ခင်ဗျားတို့ ချောက်နက်သူလျှို ဆိုတာကို ပြောနေတာ ကြားတယ်... အဲဒီ ချောက်နက်သူလျှိုဆိုတာက ဘယ်လို လူမျိုးတွေလဲ"
ထိုစကားကို ကြားသောအခါ လင်းဟယ်က ရှင်းပြလိုက်သည်။ "ချောက်နက်သူလျှိုတွေနဲ့ ရေနစ်ဝိညာဉ်တပ်ဖွဲ့က ရေနတ်ဘုရားဂိုဏ်းရဲ့ လက်နက်ကိုင် တပ်ဖွဲ့ နှစ်မျိုးပဲ"
"အဲဒီအထဲက ရေနစ်ဝိညာဉ်တပ်ဖွဲ့ဆိုတာက သူတို့ကိုယ်သူတို့ ရေနတ်ဘုရားဂိုဏ်းရဲ့ တမန်တော်တွေလို့ ခေါ်ကြတဲ့ ကောင်တွေလေ... သူတို့ တစ်ကိုယ်လုံးမှာ ငါးအကြေးခွံတွေ ပေါက်နေပြီး လူလုပ် ပါးဟက်နဲ့ စစ်ထုတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့အတွက် ရေထဲမှာ ပျော်ဝင်နေတဲ့ အောက်ဆီဂျင်ကို ထုတ်ယူနိုင်ပြီး ရေအောက်မှာ အသက်ရှူနိုင်တဲ့ အစွမ်းကို ရရှိထားကြတယ်"
"ဒါပေမဲ့ ဒီလို ခွဲစိတ်မှုမျိုးက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတယ်... အဲဒီအထဲက တစ်ခုကတော့ အရေပြားပေါ်မှာ ငါးအကြေးခွံပုံစံ အလွှာတွေ တစ်သက်လုံး တိုးပွားလာပြီး လူနဲ့လည်းမတူ၊ သရဲနဲ့လည်းမတူတဲ့ ပုံစံမျိုး ဖြစ်သွားတာပဲ"
"ရေနတ်ဘုရားဂိုဏ်းက လူတွေကတော့ အဲဒါကို ရှက်စရာလို့ မထင်ဘဲ ဂုဏ်ယူစရာလို့တောင် ထင်နေကြသေးတယ်... ဒါကို ရေနတ်ဘုရားရဲ့ ဆုလာဘ်လို့ သူတို့က မှတ်ယူထားကြတာ"
"ချောက်နက်သူလျှိုတွေကျတော့ အရေပြားမှာ ရေဘဝဲရဲ့ ရောင်ခြယ်ဆဲလ်တွေကို ပေါင်းစပ်ထည့်သွင်းထားတဲ့ အစွမ်းပိုင်ရှင် တစ်စုပဲ"
"သူတို့တွေက ပြင်ပ ပတ်ဝန်းကျင် အခြေအနေအပေါ် မူတည်ပြီး သူတို့ရဲ့ အသားအရောင်ကို ပြောင်းလဲနိုင်တယ်... အဲဒီလိုမျိုး ပုံဖျက်ပြီး ကိုယ်ယောင်ဖျောက်တဲ့ နေရာမှာ ကျွမ်းကျင်သလို လုပ်ကြံသတ်ဖြတ်တာနဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာတွေမှာလည်း တော်ကြတယ်"
"အရင်တုန်းက ခိုလှုံရေးစခန်းခေါင်းဆောင် အတော်များများလည်း သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတာပဲ"
"ခင်ဗျား ပြန်ရောက်ရင် သေချာပေါက် သတိထားရမယ်... ခင်ဗျားတို့ လူတွေကိုလည်း အချိန်မရွေး သတိရှိနေဖို့ သတိပေးထားလိုက်"
လင်းယွမ်က နားထောင်ပြီးနောက် မျက်နှာအမူအရာ အနည်းငယ် မည်းမှောင်သွားခဲ့သည်။
သူကိုယ်တိုင်ကတော့ ဤကဲ့သို့သော လုပ်ကြံသတ်ဖြတ်မှုကို စိုးရိမ်စရာ မလိုပေ။
သို့သော် ထိုက်ယန်တောင်မှ အထက်တန်းအဆင့် ခေါင်းဆောင် အများစု၏ စွမ်းရည်မှာ အလွန် သာမန်သာ ဖြစ်ပြီး ကျောက်ခိုင် တစ်ယောက်တည်းသာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ တက်ရောက်ထားနိုင်ခြင်း ဖြစ်သည်။
အကယ်၍ ဤကဲ့သို့သော လုပ်ကြံသတ်ဖြတ်မှုနှင့် ကိုယ်ယောင်ဖျောက်ခြင်းကို ကျွမ်းကျင်သည့် ရန်သူများ ပေါ်လာပါက သူ၏ လူများက ခုခံကာကွယ်နိုင်မည်ဟု လင်းယွမ် အာမမခံရဲပေ။
ကြည့်ရသည်မှာ သူ အမြန်ဆုံး ပြန်သွားမှသာ ဖြစ်တော့မည်။
"ကျွန်းသခင်မ ပြန်လာပြီ"
ရုတ်တရက် အပြင်ဘက်မှ လူတစ်ယောက်၏ အော်ဟစ် အားပေးသံ ထွက်ပေါ်လာပြီး ထိုနောက်တွင် နှုတ်ဆက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
ခြေသံ အမြောက်အမြား ထွက်ပေါ်လာသည်နှင့်အတူ လင်းယွမ်က ပန်းခြံဘက်သို့ လှည့်ကြည့်လိုက်သည်။
အဖြူရောင် သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ရွှေသရဖူ ဆောင်းထားကာ ရေတံခွန်ကဲ့သို့ မည်းနက်သော ဆံပင်ရှည်များရှိသည့် အမျိုးသမီး တစ်ဦးက လူအများ၏ အကာအကွယ်ဖြင့် ဧည့်ခန်းမကြီးဘက်သို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
သူမ၏ မျက်နှာပေါက်က အလွန် လှပပြီး တောက်ပတက်ကြွနေသည့် မျက်လုံးတစ်စုံ ရှိသည်။ ဘဲဥပုံ မျက်နှာလေးပေါ်တွင် အေးစက်တည်ကြည်သော အရိပ်အယောင်တစ်ခု ရှိနေပြီး အာဏာပါသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သူမ၏ ခန္ဓာကိုယ် အချိုးအစားကလည်း အလွန် လှပကျော့ရှင်းပေသည်။ အပေါ်ပိုင်းတွင် အဖြူရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ရင်သားများက မို့မောက်နေကာ ခါးလေးက သေးသွယ်လှသည်။
အောက်ပိုင်းတွင်လည်း အဖြူရောင် စကတ်ပုံစံ သံချပ်ကာကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် ဘွတ်ဖိနပ်ရှည် တစ်ရံကို စီးထားကာ ချောမွေ့သော ပေါင်တံတစ်ဝက်ကို ဖော်ပြနေသည်။
လင်းယွမ်၏ အကြည့်က သူမ၏ ပါးပြင်ပေါ်သို့ ဖြတ်သန်းသွားရာ သူ အနည်းငယ် ကြက်သေ သေသွားရသည်။
ဒီအမျိုးသမီးရဲ့ မျက်နှာပေါက်က ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ...
ဝမ်လင်းအာက ဧည့်ခန်းမထဲသို့ ဝင်လာပြီး တစ်ချက် ဝေ့ကြည့်လိုက်ရာ သူမ၏ အကြည့်များက လင်းယွမ်၏ မျက်နှာပေါ်တွင် ကျရောက်သွားသည်။
မူလက အေးစက်တည်ငြိမ်ပြီး အာဏာပါသော မျက်နှာအမူအရာက ရုတ်တရက် ကြက်သေသေသွားသည်။
နောက်တစ်စက္ကန့်တွင် သူမက အံ့ဩဝမ်းသာစွာဖြင့် အော်လိုက်သည်။ "ရှင်ပဲ"
လင်းယွမ်က ကြက်သေသေသွားပြီး အံ့ဩတကြီးဖြင့် ပြောလိုက်သည်။ "ကျွန်းသခင်မက ကျွန်တော့်ကို သိလို့လား"
အခြားသူများကလည်း အံ့ဩသွားသည့် အမူအရာများကို အသီးသီး ဖော်ပြလိုက်ကြသည်။
ကျန်းဇီယန်ကလည်း ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ဝမ်လင်းအာသည် လင်းယွီကျွန်းကို အုပ်ချုပ်ရာတွင် အမြဲတမ်း အာဏာရှိသော ပုံစံဖြင့်သာ နေလေ့ရှိပြီး ဤကဲ့သို့ အံ့ဩဝမ်းသာသည့် အမူအရာမျိုးကို တစ်ခါမှ မပြဖူးပေ။
လင်းဟယ်က ပို၍ပင် အံ့ဩသွားပြီး မေးလိုက်သည်။ "ကျွန်းသခင်မက ကိုလင်းယွမ်ကို သိလို့လား"
ဝမ်လင်းအာက အမြန်လျှောက်လာခဲ့ပြီး လင်းယွမ်၏ အရှေ့သို့ ရောက်လာပြီးနောက် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ရှင်က လင်းယွမ်မလား... ရှင် လင်းယွမ်ပဲ မလား... ဟုတ်တယ်မလား"
"မိန်တုဥယျာဉ် တိုက်အမှတ် (၇၆) က လင်းယွမ်လေ... ဟုတ်တယ်မလား"
လင်းယွမ်က အလွန် အံ့ဩသွားပြီး ပြောလိုက်သည်။ "ခင်ဗျားက"
"ကျွန်မလေ... ကျွန်မ ဝမ်လင်းအာလေ... ရှင် မေ့သွားပြီလား... ကျွန်မက တိုက်အမှတ် (၈၈)၊ အခန်း (၃) ကလေ"
"ကျောက်ကျွင်းကို ရှင် မှတ်မိသေးလား... အစ်ကိုဟော်ကိုရော ရှင် မှတ်မိသေးလား"
ဝမ်လင်းအာက လူနာမည် နှစ်ခုကို ဆက်တိုက် ပြောပြလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် လင်းယွမ်က ကျောက်ကျွင်းဆိုသည်ကို မမှတ်မိတော့ပေ။
သို့သော် အစ်ကိုဟော်ကိုတော့ သူ အလွန် မှတ်မိနေသေးသည်။
အကြောင်းမှာ မီးတောက်ငှက် သင်္ဘောက အစ်ကိုဟော့် လက်ထဲမှ လုယူလာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
သူ၏ စိတ်ထဲတွင် အတွေးတစ်ချက် လင်းလက်သွားပြီး ယခု သူ့ရှေ့ရှိ ဤကောင်မလေးက မည်သူဖြစ်ကြောင်းကို ရုတ်တရက် မှတ်မိသွားတော့သည်။
"မင်းပဲ"
လင်းယွမ်က အံ့ဩဝမ်းသာ ဖြစ်သွားပြီး ချက်ချင်းပင် မှတ်မိသွားတော့သည်။
အစောပိုင်းတုန်းက သူက ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို လေ့ကျင့်ရန်အတွက် ရေအောက်ထဲသို့ ကိုယ်တိုင် ဆင်းသက်ကာ စတင် လေ့ကျင့်ခဲ့သည်။
နောက်ပိုင်းတွင် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက အလွန် အစွမ်းထက်သော ဆဲလ်စိမ့်ဝင်ဖိအား မျက်ဝန်းလွှာကို ဆင့်ကဲပြောင်းလဲနိုင်ရန် ကူညီပေးခဲ့ပြီး ရေအောက်ကမ္ဘာနှင့် အသားကျသွားစေခဲ့သည်။
ထို့နောက် သူက မိန်တုဥယျာဉ်၏ မြေအောက် ကားပါကင်သို့ အထူးတလည် သွားရောက်ကာ ကုန်ပစ္စည်းများနှင့် ကားများကို စတင် ရှာဖွေခဲ့သည်။
ထိုအချိန်က လူတစ်ယောက်၏ ထိန်းချုပ်ထားခြင်းကို ခံရသော ကဏန်းတပ်ကြီး တစ်ခုကို မထင်မှတ်ဘဲ သူ တွေ့ရှိခဲ့သည်။
ထိုကဏန်းတပ်ကြီးကလည်း ကားပါကင်ထဲတွင် ကုန်ပစ္စည်းများကို စုဆောင်းနေကြခြင်း ဖြစ်သည်။
သူက ထိုကဏန်းတပ်ကြီး၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး လမ်းတစ်လျှောက် နောက်မှ လိုက်သွားခဲ့ကာ တိုက်အမှတ် (၈၈) အဆောက်အအုံထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင်တော့ ယခု သူ၏ မျက်စိရှေ့ရှိ ကဏန်းများကို ထိန်းချုပ်နိုင်သော ဤကောင်မလေးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
"ဟုတ်ပြီ... မင်းက ဝမ်လင်းအာပဲ"
သူ မှတ်မိသွားပြီ... ထိုအချိန်က ကောင်မလေးက ယခု သူ၏ မျက်စိရှေ့ရှိ ဤကောင်မလေးပင် ဖြစ်သည်။
သို့သော် ယခု သူ၏ မျက်စိရှေ့ရှိ အလွန် အာဏာရှိပုံရသော ဤအမျိုးသမီးနှင့် ထိုအချိန်က စိတ်ဓာတ်ခိုင်မာသော်လည်း အကူအညီမဲ့နေသော ထိုကောင်မလေးတို့ကို မည်သို့မှ သူ ဆက်စပ်တွေးတော၍ မရနိုင်ခဲ့ပေ။
သူမတို့ နှစ်ယောက်ကြားတွင် ရုပ်ရည် ပြောင်းလဲမသွားသည်မှလွဲ၍ ကျန်သည့်အရာ အားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းအာက လင်းယွမ် သူမကို မှတ်မိသွားသည်ကို မြင်သောအခါ အလွန် ဝမ်းသာပျော်ရွှင်သွားတော့သည်။
သူမက တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ကျန်းဇီယန်နှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရှင်တို့အားလုံး ဆင်းသွားကြတော့... ကျွန်မ ကိုလင်းယွမ်နဲ့ သီးသန့် စကားနည်းနည်း ပြောချင်လို့"
ကျန်းဇီယန်နှင့် လင်းဟယ်တို့က အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး မလွဲမသွေ ခေါင်းညိတ်လိုက်ကြသည်။
"ကျွန်းသခင်မ... ဒါဆို ကျွန်တော်တို့ အရင် ဆင်းသွားလိုက်ပါ့မယ်"
"မမ... ညီမလေး နေခဲ့လို့ မရဘူးလားဟင်" ဝမ်ယွိအာက ထွက်မသွားချင်ဘဲ အလိုလိုက်ခံချင်သည့် ပုံစံဖြင့် ချွဲနွဲ့ကာ ပြောလိုက်သည်။
ဝမ်လင်းအာက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ယွိအာ နေခဲ့လိုက်... ကျန်တဲ့သူတွေ ဆင်းသွားကြတော့"
လူအားလုံး ထွက်သွားပြီးနောက် ဧည့်ခန်းမထဲတွင် ဝမ်လင်းအာ၊ ဝမ်ယွိအာနှင့် လင်းယွမ် သုံးယောက်တည်းသာ ကျန်ရစ်တော့သည်။
ဝမ်လင်းအာက ဝမ်ယွိအာကို ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်။ "ယွိအာ... ဒါက အရင်တုန်းက နင့်ကို ငါ ပြောပြဖူးတဲ့ ကိုလင်းယွမ်လေ"
"အဲဒီတုန်းကသာ သူ မရှိရင် ငါတို့တွေ ကျောက်ကျွင်းရဲ့ အနိုင်ကျင့် သတ်ဖြတ်တာကို ခံရတော့မှာ"
ဝမ်ယွိအာက လင်းယွမ်ကို ကြည့်ကာ အလွန် အံ့ဩဝမ်းသာစွာဖြင့် ပြောလိုက်သည်။ "အို... ကိုကြီးက ကိုကြီးလင်းယွမ်ဆိုတာလား... မမက ကိုကြီးရဲ့အကြောင်း သမီးကို ခဏခဏ ပြောပြဖူးတယ်"
လင်းယွမ်ကလည်း မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး ဝမ်လင်းအာကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ "တကယ်ကို ထင်မထားခဲ့ဘူး... မင်းက အခု လင်းယွီကျွန်းရဲ့ ကျွန်းသခင်မတောင် ဖြစ်နေပြီပဲ"
"မင်း နာမည်ကို ပထမဆုံးအကြိမ် ကြားတုန်းကတောင် နည်းနည်း ရင်းနှီးနေပါတယ်လို့ ငါထင်နေတာ"
ဝမ်လင်းအာက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုရင် ရှင် ကြည့်ကြည့်ပါဦး... ဒီကျွန်းကိုရော ရှင် ရင်းနှီးသလားလို့"
လင်းယွမ်က ကြက်သေသေသွားပြီး သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ငါ ဒီကျွန်းပေါ်ကို တက်ဖူးတာ မင်း သိနေတာလား"
ဝမ်ယွိအာက ဘေးနားမှ တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။ "ကိုကြီးလင်းယွမ်... မိန်တုဥယျာဉ်ကနေ ကိုကြီးတို့ ထွက်သွားကတည်းက သမီးတို့ ကိုကြီးရဲ့နောက်ကနေ လိုက်လာခဲ့တာလေ"
လင်းယွမ်က အလွန် အံ့ဩသွားသည်။ "ဘာ... အဲဒီတုန်းက နင်တို့က ငါတို့နောက်ကနေ တစ်ချိန်လုံး လိုက်လာခဲ့တာလား"
ဝမ်လင်းအာက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ထိုင်ပြီးမှ ပြောကြတာပေါ့"
သူတို့ သုံးယောက် ထိုင်လိုက်ပြီးနောက် ဝမ်လင်းအာက သူမ၏ အတွေ့အကြုံများကို ဖြည်းညင်းစွာ စတင် ပြောပြတော့သည်။
ဆက်ရန်...
အပိုင်း(၄၇၈) မိတ်ဆွေဟောင်းများ ဖြစ်နေခြင်း
"အဲ့ဒီတုန်းက အစ်ကို ကယ်တင်ပေးပြီးတဲ့နောက် ကျောက်ကျွင်းက ထွက်ပြေးသွားတယ်လေ"
"အဲ့ဒီနောက် အစ်ကိုနဲ့ အစ်ကိုဟော်တို့ တိုက်ခိုက်ခဲ့ကြတာ မလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "အင်း... ငါ အပေါ်ဆုံးထပ်ကို သွားပြီး အဲ့ဒီအစ်ကိုဟော်ဆိုတဲ့လူနဲ့ တွေ့ခဲ့တယ်... နည်းနည်းပါးပါး လက်ရည်စမ်းခဲ့ကြတယ်"
ဝမ်လင်းအာက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "ဒါကြောင့်ကိုး... အစ်ကို ထွက်သွားပြီးတဲ့နောက် အစ်ကိုဟော်က ဒေါသတကြီးနဲ့ အဆောက်အအုံ တစ်ခုလုံးကို ရှာဖွေဖို့ အမိန့်ပေးခဲ့တယ်"
"ကျွန်မနဲ့ ယွိအာလည်း ဆက်ပုန်းနေလို့ မရတော့တာနဲ့ သူ့ကိုခေါ်ပြီး တခြား အဆောက်အအုံတွေဆီ ထွက်ပြေးခဲ့ရတယ်"
"ဒါပေမဲ့ တခြား အဆောက်အအုံတွေမှာလည်း နေရထိုင်ရတာ မလွယ်ကူခဲ့ဘူး... ကျွန်မတို့ မိန်းကလေး နှစ်ယောက်တည်းဆိုတော့ နေရာစိမ်းမှာ အပယ်ခံရရုံတင်မကဘဲ တချို့လူတွေက ကျွန်မတို့ကို မကောင်းကြံဖို့တောင် ကြိုးစားကြသေးတယ်"
"ဒီလိုနဲ့ ဟိုပုန်းဒီရှောင် နေလာခဲ့ပြီးတဲ့နောက်... ဒီအိမ်ရာဝင်းထဲမှာ ဆက်နေရင် အနှေးနဲ့အမြန် သေရမှာပဲဆိုတာ သိလာလို့ အပြင်ထွက်ပြီး စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်"
"ဒါပေမဲ့ အဲ့ဒီတုန်းက အပြင်ဘက်က အခြေအနေကို အစ်ကိုလည်း သိတဲ့အတိုင်းပဲလေ... ကျွန်မတို့ ညီအစ်မ နှစ်ယောက်တည်း အပြင်ကို ထွက်သွားဖို့ တကယ်ကို မရဲခဲ့ကြဘူး"
"ရုတ်တရက် တစ်နေ့မှာ ညီမလေးက ကျွန်မကို နှိုးပြီး လူတချို့ ဖောင်ဖွဲ့ပြီး အိမ်ရာဝင်းထဲကနေ ထွက်သွားကြပြီလို့ လာပြောတယ်... ကျွန်မလည်း ထပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အစ်ကိုရယ် အစ်ကိုတို့ အဆောက်အအုံက လူတွေရယ် သစ်သားဖောင်ကြီးနဲ့ အိမ်ရာဝင်းထဲကနေ ထွက်သွားကြတာကို တွေ့လိုက်ရတယ်"
"အဲ့ဒီအချိန်မှာ ကျွန်မလည်း ညီမလေးကို ချက်ချင်းဆွဲခေါ်ပြီး အစ်ကိုတို့နောက်ကို လိုက်ဖို့နဲ့ အစ်ကိုတို့နဲ့အတူ ထွက်သွားဖို့ ကြိုးစားခဲ့တယ်"
"ဒါပေမဲ့ ကျွန်မတို့မှာ သစ်သားဖောင် မရှိတော့ အနီးအနားမှာ တွေ့တဲ့ သစ်သားပြားတွေနဲ့ ပလတ်စတစ်တွေကို ယာယီ ပေါင်းချည်လိုက်ရတယ်... ပြီးတော့ ကျွန်မတို့ ညီအစ်မ နှစ်ယောက် ရှိသမျှ ပစ္စည်းတွေအကုန် သယ်ပြီး အစ်ကိုတို့နောက်ကို အရူးအမူး လိုက်ခဲ့ကြတာပဲ"
"အစ်ကိုတို့ ကိုယ်တိုင် အဆောက်အအုံထဲကနေ ထွက်ပြီး ရေလွှမ်းနေတဲ့ အထဲကို ဝင်သွားကြတာက ဘယ်လောက်တောင် ဂယက်ရိုက်သွားလဲဆိုတာ အစ်ကို သိမှာတောင် မဟုတ်ဘူး"
"အဲ့ဒီတုန်းက အဆောက်အအုံတိုင်းက လူတွေ အစ်ကိုတို့အကြောင်းကိုပဲ ပြောနေကြတာ"
အတိတ်က အကြောင်းအရာများကို ပြန်လည် စဉ်းစားမိသွားချိန်တွင် ဝမ်လင်းအာ၏ လှပသော မျက်နှာလေးပေါ်၌ သက်ပြင်းချချင်စရာ ခံစားချက်တစ်ခု ပေါ်လွင်လာခဲ့သည်။
ငယ်ရွယ်သေးသော ဝမ်ယွိအာ၏ မျက်နှာပေါ်တွင်ပင် ဝမ်းနည်းကြေကွဲမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။
လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "ပြီးတော့ရော"
"ပြီးတော့လား... ပြီးတော့ ကျွန်မတို့ အစ်ကိုတို့နောက်ကို လိုက်ရင်း ဟန်လုံစင်တာကို ရောက်လာခဲ့တယ်" ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။
လင်းယွမ်က အလွန် အံ့သြသွားသည်။ "မင်းတို့ ဟန်လုံစင်တာအထိ ဆက်တိုက် လိုက်လာခဲ့တာလား"
"ဟုတ်တယ်... အဲဒါတင် မကသေးဘူး... ယွိအာက အစ်ကိုတို့နဲ့ ဟန်လုံစင်တာက လူတွေ တိုက်ခိုက်နေကြတာကို သူ့မျက်စိနဲ့တောင် ကိုယ်တိုင် မြင်ခဲ့သေးတယ်"
"ဒါပေမဲ့ သူ့ကို လုံးဝ ထွက်မပြဖို့ ကျွန်မ သတိပေးထားခဲ့တယ်... နောက်ဆုံးတော့ သူ တိတ်တဆိတ် ပြန်လာပြီး အဲ့ဒီအကြောင်းတွေ အကုန်လုံး ကျွန်မကို ပြန်ပြောပြခဲ့တယ်"
"အဲ့ဒီတုန်းက ကျွန်မတို့ အနီးအနားက အဆောက်အအုံ တစ်ခုထဲမှာ ပုန်းနေခဲ့ကြတယ်... သွားပြီး ကူညီပေးဖို့ မရဲခဲ့ဘူး... အစ်ကို ကျွန်မတို့ကို အပြစ်မတင်ဘူး မလား"
ဝမ်လင်းအာက တောင်းပန်ချင်သော အမူအရာလေးဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။
ယခင်က သူမ အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရချိန်တွင် လင်းယွမ်က ဝင်ရောက် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွမ်တို့ အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင်မူ သူမက ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ခဲ့မိသောကြောင့် ဤကိစ္စအတွက် လင်းယွမ်အပေါ် အမြဲတမ်း အကြွေးတင်နေသလို ခံစားနေရသည်။
လင်းယွမ်က ပြုံးလိုက်ရင်း ပြောလိုက်သည်။ "အပြစ်တင်စရာ အကြောင်းမှ မရှိတာ... ဒီလို ကပ်ဆိုးကာလကြီးမှာ ကိုယ့်လုံခြုံရေးက နံပါတ်တစ်ပဲလေ"
"ငါသာဆိုရင်လည်း မင်းတို့လိုပဲ လုပ်မှာပါ"
ဝမ်လင်းအာက မနေနိုင်ဘဲ ရယ်မောလိုက်ရင်း ပြောလိုက်သည်။ "ကျွန်မ တစ်ယောက်တည်းဆိုရင်တော့ သေချာပေါက် ကူညီမှာပါ... ဒါပေမဲ့ ကျွန်မမှာ စောင့်ရှောက်ရမယ့် ညီမလေး တစ်ယောက် ရှိနေသေးတယ်လေ... ဒါကြောင့်... ကျွန်မ အသက်ရှင်နေဖို့ လိုအပ်တယ်"
သူမက ဝမ်ယွိအာ၏ ခေါင်းလေးကို အလိုလိုက်အကြိုက်ဆောင်သော အမူအရာဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ဝမ်ယွိအာကမူ နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ပြောလိုက်သည်။ "မမ... သမီးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်နေပါပြီ... ဒီနေ့တောင် ရေနတ်ဘုရားဂိုဏ်းက အဲ့ဒီ ငါးပုပ်ကောင်ကို သမီး ရိုက်လွှတ်လိုက်တာနော်"
ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။ "ဟုတ်ပါပြီ... ဟုတ်ပါပြီ... ညီမလေးက အတော်ဆုံးပါ"
လင်းယွမ်က သူတို့ ညီအစ်မနှစ်ယောက်၏ နက်ရှိုင်းသော သံယောဇဉ်ကို ခံစားမိလိုက်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "မင်းတို့ နှစ်ယောက်လုံး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားကြပြီလား"
ဝမ်လင်းအာက ခေါင်းညိတ်ပြလိုက်သည်။ "အင်း"
လင်းယွမ်က အလွန် အံ့အားသင့်သွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ဘယ်လို လုပ်လိုက်တာလဲ"
သူက ထိုက်ယန်တောင်ပေါ်တွင် အချိန်အတော်ကြာ အခြေချခဲ့ပြီး စနစ်သာ မရှိခဲ့လျှင် မျိုးရိုးဗီဇမျိုးစေ့ စုစည်းရန် နည်းလမ်းကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း သိထားရမည် ဖြစ်သည်။
ဤညီအစ်မ နှစ်ယောက်က မည်သို့လုပ်၍ ဤမျှ မြန်မြန်ဆန်ဆန် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့ရသနည်း။
ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။ "အစ်ကို့ကို ကျေးဇူးတင်ရမှာပေါ့"
"ဟင်... ဘာအဓိပ္ပာယ်လဲ" လင်းယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အစ်ကိုတို့ ဟန်လုံစင်တာကနေ ထွက်လာပြီးတဲ့နောက် ကျွန်းတစ်ကျွန်းနဲ့ တွေ့ခဲ့တယ် မလား"
"ကျွန်မရဲ့ ဒီနေရာကို ကြည့်ပါဦး... ရင်းနှီးနေသလိုများ မခံစားရဘူးလား"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်ရင်း ပြောလိုက်သည်။ "ငါ အကြမ်းဖျင်းတော့ ခန့်မှန်းမိပါတယ်... ငါ ထွက်သွားပြီးတဲ့နောက် မင်းက ဒီလိပ်ကြီးကို ယဉ်ပါးသွားအောင် တစ်နည်းနည်းနဲ့ လုပ်နိုင်ခဲ့တာ မလား"
"ဒါပေမဲ့ ငါ နည်းနည်း သိချင်တာက... အဲ့ဒီတုန်းက မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီလိပ်ကြီးကို ယဉ်ပါးအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ဝမ်လင်းအာက ပြုံးရင်း ပြောလိုက်သည်။ "ဟုတ်တယ်... အဲ့ဒီတုန်းက ကျွန်မက အဓိက အရည်အသွေး ဆိုတာကိုတောင် မသိခဲ့သေးတော့ ဒီလိပ်ကြီးကို လုံးဝ ယဉ်ပါးအောင် မလုပ်နိုင်ခဲ့ဘူး"
"ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကျွန်မ ညီမလေးက မြေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေပြီး မြေလျှိုးအစွမ်းကို အသုံးပြုနိုင်ခဲ့တယ်လေ"
"ကျွန်မတို့ နှစ်ယောက်က လိပ်ကြီးရဲ့ ကျောကုန်းပေါ်က မြေပုံထဲကို တိုးဝင်ပြီး လုံခြုံတဲ့ နေရာလေး တစ်ခုကို တည်ဆောက်ခဲ့ကြတယ်"
"အောက်ဆီဂျင် မရှိတော့ သန္ဓေပြောင်း ငါးတွေရဲ့ ငါးလေအိပ်တွေကို စုဆောင်းပြီး အောက်ဆီဂျင်ဘူး အဖြစ် အသုံးပြုခဲ့ကြတယ်"
"လိပ်ကြီး ရေအောက်ထဲကို ငုပ်သွားတဲ့ အချိန်တွေမှာ ကျွန်မတို့က အဲ့ဒီလိုပဲ အစပိုင်းက ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ကြရတယ်"
"ကျွန်မက နေ့တိုင်း ကျွန်မရဲ့ အစွမ်းကို အသုံးပြုပြီး ဒီလိပ်ကြီးနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့သလို သူ့ကိုလည်း ထိန်းချုပ်ချင်ခဲ့တယ်"
"အစပိုင်းမှာတော့ သူက ကျွန်မကို ဂရုမစိုက်ခဲ့ပါဘူး... ဒီလိုနဲ့ တစ်လလောက် တောင့်ခံပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ ကျွန်မ သူနဲ့ ဆက်သွယ်လို့ ရသွားခဲ့တယ်"
"ဒါပေမဲ့ အစပိုင်းမှာတော့ ကျွန်မလည်း သူ့ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး... သူ့ကိုယ်ပေါ်က သန္ဓေပြောင်း ကပ်ပါးခရုတွေကို ရှင်းလင်းပေးမယ်ဆိုတဲ့ သဘောတူညီချက် တစ်ခုပဲ ယူနိုင်ခဲ့တာပါ"
"သူကလည်း ရေမျက်နှာပြင်ပေါ်မှာ အတတ်နိုင်ဆုံး နေပေးပြီး ကျွန်းတစ်ကျွန်းအနေနဲ့ တာဝန်ယူပေးခဲ့တယ်"
"ဒီလိုနဲ့ ကျွန်မနဲ့ ညီမလေးက သူ့ကိုယ်ပေါ်က ကပ်ပါးခရုတွေကို ခွာချပေးရင်းနဲ့ ကျွန်မတို့ နှစ်ယောက်လည်း သန္ဓေပြောင်း ကပ်ပါးခရုအသားတွေကို စားသောက်ပြီး အနီးအနားက စုဆောင်းရရှိထားတဲ့ ပစ္စည်းတွေနဲ့အတူ ဒီကျွန်းပေါ်မှာ ဖြည်းဖြည်းချင်း အခြေချ နေထိုင်လာခဲ့ကြတယ်"
"အဲ့ဒီနောက်မှာတော့ သနားစရာ ကောင်းတဲ့ လူတချို့နဲ့ ရည်မှန်းချက် တူညီတဲ့ သူငယ်ချင်း တချို့ကို တွေ့ဆုံခဲ့ရပြီး... အတူတကွ ပူးပေါင်း ဖွံ့ဖြိုးလာခဲ့လို့ အခုလို လင်းယွိကျွန်းဆိုပြီး ဖြစ်တည်လာခဲ့တာပဲ"
လင်းယွမ်က မေးလိုက်သည်။ "ဒေါက်တာကျန်းကလည်း ကွမ်ဖူကို သွားတဲ့ လမ်းမှာ မင်းတို့နဲ့ တွေ့ခဲ့တာလား... နောက်ဆုံးကျမှ မင်းတို့နဲ့ လာပူးပေါင်းခဲ့တာလား"
ဝမ်လင်းအာက ခေါင်းညိတ်ပြရင်း ပြုံးကာ ပြောလိုက်သည်။ "ဒေါက်တာကျန်းရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ရုပ်ရည်သွင်ပြင်က ပထမတန်းစား အလှပိုင်ရှင်ပဲ... သူ့လို မိန်းကလေးမျိုးက အပြင်ဘက်မှာ အန္တရာယ် ကြုံတွေ့ရဖို့ အရမ်း လွယ်တယ်လေ"
"အဲ့ဒီတစ်ခေါက်ကလည်း မထင်မှတ်ထားတဲ့ ကိစ္စပဲ... ကျွန်မ အပြင်ထွက်ပြီး ပစ္စည်းတွေ သွားရှာရင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သူ့ကို တွေ့လို့ ခေါ်လာခဲ့တာ... အဲ့ဒီနောက်တော့ သူက ကျွန်မတို့ ဒီက ကျွမ်းကျင် ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တာပါပဲ"
"ဒီရက်ပိုင်းတွေ အတွင်းမှာ သူက ကျွန်မတို့ဆီက လူအများကြီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ နာမည်ကောင်း အတော်လေး ရထားတယ်"
ဝမ်လင်းအာက ကျန်းဇီယန် မည်သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို ထည့်သွင်း မပြောပြခဲ့သော်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်သည်။
လင်းယွမ်ကလည်း ဆက်လက် မေးခွန်းထုတ်မနေဘဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ သိထားသလောက်ဆိုရင် မျိုးရိုးဗီဇမျိုးစေ့ကို ချိုးဖျက်နိုင်ဖို့ အတွက် သန္ဓေပြောင်း သားရဲတွေရဲ့ သွေးအဆီအနှစ်တွေကို သန့်စင်ပြီး ကိုယ်ပိုင် မျိုးရိုးဗီဇ အားနည်းချက်တွေကို ဖြည့်ဆည်းပေးရတယ်... ပြီးတော့ မျိုးရိုးဗီဇ သိပ်သည်းဆကို မြှင့်တင်ပေးမှ အဆင့်တက်နိုင်တာလေ"
"မင်းတို့ ဘယ်လို လုပ်လိုက်တာလဲ"
ဝမ်လင်းအာက ထိုစကားကို ကြားသောအခါ ပြန်ဖြေလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်လလောက်က ဖြစ်မယ်... ကျွန်မနဲ့ ညီမလေး နှစ်ယောက်လုံး အစွမ်းတွေက အမြင့်ဆုံးကို ရောက်နေပြီလို့ ခံစားမိခဲ့ပြီး ဆက်ပြီး မြှင့်တင်လို့ မရတော့ဘူး ဖြစ်သွားခဲ့တယ်"
"အဲ့ဒီအချိန်မှာပဲ ကျွန်မတို့က လင်းဟယ်တို့ကို လက်ခံ စောင့်ရှောက်ပေးခဲ့တယ်... သူတို့က ကွမ်ဖူဘက်ကနေ ထွက်ပြေးလာကြတာလေ"
"သူတို့ဆီကနေ ကြားရမှ ကွမ်ဖူမှာ ကပ်ဆိုးကာလကြီး အတွင်း... အသက်ရှင် ကျန်ရစ်သူ အများအပြား ရှိနေသေးတယ်ဆိုတာ ကျွန်မတို့ သိခဲ့ရတယ်"
"ပြီးတော့ အဲ့ဒီ အသက်ရှင် ကျန်ရစ်သူတွေက ခေတ်မီ နည်းပညာတွေနဲ့ စက်ပစ္စည်းတွေကိုသုံး... အစွမ်းတွေနဲ့ ပေါင်းစပ်ပြီး နည်းပညာ ယဉ်ကျေးမှု အသစ်တစ်ခုကို တီထွင် ဖွံ့ဖြိုးလာခဲ့ကြတယ်"
"အဲ့ဒီအထဲမှာ ကွမ်ဖူ စစ်ဌာနချုပ်က ကိုယ်စားပြုအနေနဲ့ ပါဝင်ပြီး... သူတို့က အစွမ်းလက်နက်တွေနဲ့ အမျိုးမျိုးသော သင်္ကေတအစီအရင်တွေကို တီထွင်နိုင်ခဲ့ကြတယ်"
"ပြီးတော့ ကွမ်ဖူ ဒေသမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းလည်း ရှိသေးတယ်... သူတို့က အရူးအမူး တိုးချဲ့နေကြပြီး စစ်တပ်နဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းကြားမှာ စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေလို့ သူတို့ရဲ့ အစွမ်းနည်းပညာတွေကလည်း အရမ်း လျင်လျင်မြန်မြန် တိုးတက်လာခဲ့တယ်"
"မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို တက်ဖို့ ကြံစည်တဲ့ အနေနဲ့... ကျွန်မတို့ ကွမ်ဖူဘက်ကို သွားပြီး မျိုးရိုးဗီဇမျိုးစေ့ သတင်းတွေကို နေရာအနှံ့ စုံစမ်းခဲ့ကြတယ်"
"မြေဝါနတ်ဘုရားကျွန်း ပေါ်ထွက်လာတဲ့ အချိန်အထိပဲ... အဲ့ဒီနေရာက အင်အားစု အသီးသီးကို လာရောက် လုယက်ဖို့ ဆွဲဆောင်နိုင်ခဲ့တယ်"
"မြေဝါနတ်ဘုရားကျွန်း" လင်းယွမ်က သံသယဖြင့် ဝမ်လင်းအာကို ကြည့်လိုက်သည်။
ဝမ်လင်းအာက ပြောလိုက်သည်။ "အဲဒါက ရေမျက်နှာပြင်ပေါ်မှာ ပေါ်နေနိုင်တဲ့ ကျွန်းတစ်ကျွန်းပဲ... ဒါပေမဲ့ ကျွန်မရဲ့ လေ့လာ စောင့်ကြည့်မှုနဲ့ ခန့်မှန်းချက်တွေ အရဆိုရင် ဒီရေပေါ်ကျွန်းလို့ ခေါ်တဲ့ အရာတွေက ဧရာမ သက်ရှိသတ္တဝါတစ်မျိုးမျိုးရဲ့ အလောင်းကောင်တွေ ဖြစ်နိုင်တယ်"
ဝမ်လင်းအာက ဤနေရာသို့ ရောက်သောအခါ သူမ၏ မျက်နှာအမူအရာက အလွန် လေးနက်သွားသည်။
"ဒီလို အလောင်းကောင်မျိုးတွေက ဘယ်ကနေ ရောက်လာလဲဆိုတာတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ တကယ် ပေါ်လာတာ... ပြီးတော့ ဒီလို အလောင်းကောင်မျိုးက တစ်ခုတည်း မဟုတ်ဘူး... မြေဝါနတ်ဘုရားကျွန်း မပေါ်လာခင် အစောပိုင်းတုန်းက ရေနတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့က ရေပေါ်ကျွန်း တစ်ကျွန်းကို အရင် တစ်ကြိမ် လုယက်ခဲ့ကြသေးတယ်"
"နောက်ဆုံးမှာ ရေနတ်ဘုရားဂိုဏ်းက အသာစီး ရသွားပြီး အဲ့ဒီ မီယွမ်မိုးသစ်တောကျွန်း ကို လုယူနိုင်ခဲ့တယ်"
"စစ်တပ်ကလည်း ရေပေါ်ကျွန်း တစ်ကျွန်းကို ပိုင်ဆိုင်ထားတယ်လို့ ကြားရတယ်... ဒါပေမဲ့ နေရာအတိအကျကိုတော့ မသိရဘူး... တချို့က ချုံးလုံတောင်ရဲ့ အတွင်းပိုင်းမှာ ရှိတယ်လို့ ပြောကြသလို တချို့ကလည်း စစ်တပ်ရဲ့ ဟင်းလင်းပြင် အစွမ်းပိုင်ရှင်တွေက သီးခြားဟင်းလင်းပြင်တစ်ခုထဲကို သိမ်းဆည်းထားလိုက်ပြီလို့လည်း ပြောကြတယ်"
"ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်မှာ ဝိညာဉ်စွမ်းအင်ဂိုဏ်း တစ်ခုတည်းကပဲ ရေပေါ်ကျွန်းမပိုင်သေးတာ... ဒါကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ ဝိညာဉ်စွမ်းအင်ဂိုဏ်းက အင်အား အနည်းဆုံး ဖြစ်နေတယ်"
"ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ အရင်လူဟောင်းတွေက ကွမ်ဖူ ဆေးဘက်ဆိုင်ရာ စက်မှုဇုန်က လူတွေဖြစ်ပြီး... သူတို့က ဆေးဘက်ဆိုင်ရာ စက်မှုဇုန် တည်ရှိတဲ့ မီသွေ့တောင်ကို သိမ်းပိုက်ထားတယ်လေ... ဒါကြောင့် နည်းပညာနဲ့ အစွမ်းကို ပေါင်းစပ် ဖွံ့ဖြိုးစေတဲ့ နေရာမှာတော့ သူတို့က ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ အတိုးတက်ဆုံးပဲ"
ဝမ်လင်းအာက ထိုနေရာသို့ အရောက်တွင် အနည်းငယ် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ "စကားတွေ လမ်းချော်သွားပြီ... မြေဝါနတ်ဘုရားကျွန်း အကြောင်းကိုပဲ ပြန်ပြောကြရအောင်"
"မြေဝါနတ်ဘုရား ရေပေါ်ကျွန်း ပေါ်လာတာက ကွမ်ဖူက အင်အားစု အများအပြားရဲ့ လုယက်မှုကို ဖြစ်ပေါ်စေခဲ့တယ်... မြေဝါနတ်ဘုရားကျွန်းရဲ့ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ပထမဆုံး ထိန်းချုပ်နိုင်တဲ့ သူက ဒီကျွန်းကို သိမ်းပိုက်နိုင်မှာလေ"
"ကျွန်မတို့လည်း အဲ့ဒီတုန်းက သွားခဲ့ကြတယ်... ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေကို ရှာမတွေ့ခဲ့ပေမဲ့ အဲ့ဒီတစ်ခေါက်မှာ ကျွန်မတို့ ရခဲ့တာက အတော်လေး များခဲ့တယ်... မြေဓာတ်အမျိုးအစား သွေးအဆီအနှစ်တွေနဲ့ စိတ်စွမ်းအင်အမျိုးအစား သွေးအဆီအနှစ်တွေ အများကြီး ရခဲ့တယ်လေ"
"အဲ့ဒီနောက်ပိုင်းမှာပဲ ကျွန်မနဲ့ ယွိအာတို့ မျိုးရိုးဗီဇမျိုးစေ့ကို အောင်အောင်မြင်မြင်နဲ့ စုစည်းနိုင်ခဲ့တာ"
လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ထင်သည့်အတိုင်းပင် ဖြစ်ကြောင်း တိတ်တဆိတ် တွေးလိုက်သည်။
ရေပေါ်ကျွန်းမှလွဲ၍ ဝမ်လင်းအာနှင့် ဝမ်ယွိအာတို့ မည်သည့် နည်းလမ်းမှတစ်ဆင့် သွေးအဆီအနှစ်များကို ရရှိခဲ့သနည်း ဆိုသည်ကို သူ တကယ်ပင် တွေးမရခဲ့ပေ။
"မင်းတို့ ကျွန်းပေါ်မှာ ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်တဲ့ သူတွေ အများကြီး ရှိနေသေးတာကို ငါ တွေ့လိုက်ရတယ်"
"ဒီမြေဝါနတ်ဘုရားကျွန်းပေါ်မှာ ရေဓာတ် သွေးအဆီအနှစ်တွေ ရှိနေသေးတာလား"
ဝမ်ယွိအာက ခေါင်းခါပြလိုက်သည်။ "အဲ့ဒီလိုတော့ မဟုတ်ဘူး... ရေဓာတ် သွေးအဆီအနှစ်တွေကို ကျွန်မတို့ ရေနတ်ဘုရားဂိုဏ်းရဲ့ မီယွမ်မိုးသစ်တောကျွန်း ကို ခိုးဝင် တိုက်ခိုက်ပြီး လုယူလာခဲ့တာပါ"
လင်းယွမ်က အံ့အားသင့်သွားသည်။ "ရေနတ်ဘုရားဂိုဏ်းကို ခိုးဝင် တိုက်ခိုက်ခဲ့တယ်"
ဝမ်ယွိအာက ပြုံးရင်း ပြောလိုက်သည်။ "အဲ့ဒီတစ်ခေါက် မြေဝါနတ်ဘုရားကျွန်းမှာ ရေနတ်ဘုရားဂိုဏ်းက တိတ်တဆိတ် လက်စွမ်းပြခဲ့လို့ ကျွန်မတို့ လူတွေ အများကြီး ဒဏ်ရာရခဲ့တယ်လေ"
"သူတို့ကို လက်စားချေတဲ့ အနေနဲ့ ကျွန်မတို့က မြေဝါနတ်ဘုရားကျွန်းကို ဝိုင်းလုတဲ့ထဲကနေ တိုက်ရိုက် နုတ်ထွက်ပြီး ရေနတ်ဘုရားဂိုဏ်းရဲ့ ဌာနချုပ်ကို သွားခဲ့ကြတယ်"
"ရေနတ်ဘုရားဂိုဏ်းက အဲ့ဒီအချိန်တုန်းက လူအင်အား အများအပြားကို အသုံးပြုထားပြီး... အစွမ်းပိုင်ရှင်တွေ အကုန်လုံးက မြေဝါနတ်ဘုရားကျွန်းကို သွားလုနေကြတာ"
"ဒါကြောင့် မီယွမ်မိုးသစ်တော ရေပေါ်ကျွန်းပေါ်မှာ ကာကွယ်ရေး အင်အားက သိပ်မရှိဘူးလေ"
"ခိုးဝင် တိုက်ခိုက်ရတာ အဲ့ဒီလောက်အထိ ချောမွေ့သွားလိမ့်မယ်လို့ ကျွန်မတို့လည်း ထင်မထားခဲ့ဘူး... ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့တွေ အများကြီး ရလာရုံတင်မကဘဲ ရေနတ်ဘုရားဂိုဏ်းရဲ့ အစွမ်းနည်းပညာ တချို့ကိုပါ အသာလေး ယူလာနိုင်ခဲ့ပြီး ပိတ်မိနေတဲ့ အစွမ်းပိုင်ရှင် တော်တော်များများကိုလည်း ကယ်တင်နိုင်ခဲ့တယ်"
"ဒါကြောင့် အစ်ကို မြင်တဲ့အတိုင်းပဲ... ရေနတ်ဘုရားဂိုဏ်းက အခုဆို ကျွန်မတို့ကို အရိုးထဲထိ စွဲနေအောင် မုန်းတီးနေပြီး နေရာအနှံ့ လိုက်လံ သတ်ဖြတ်နေကြတာပဲ"
လင်းယွမ်က ရုတ်တရက် သဘောပေါက်သွားသည်။ ရေနတ်ဘုရားဂိုဏ်းနှင့် လင်းယွိကျွန်းတို့၏ ရန်ငြိုးက ဤကဲ့သို့ စတင်လာခဲ့ခြင်း ဖြစ်ပေသည်။
ဤကမ္ဘာကြီးတွင် သက်ရှိအားလုံး ဆင့်ကဲပြောင်းလဲနေပြီး လူတိုင်းက နဂါးတစ်ကောင်ကဲ့သို့ စွမ်းစွမ်းတမန် ဖြစ်နေကြသည်ကို တွေးမိကာ သူ၏ စိတ်ထဲတွင် သက်ပြင်းချစရာ ခံစားချက်များ အပြည့်အဝ ဖြစ်ပေါ်လာခဲ့သည်။
လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာ အခွင့်အရေးများ အသီးသီး ရှိနေကြသည်။
သူ ကိုယ်တိုင် စနစ်ကို ရရှိခဲ့ခြင်းကပင် လုံလောက်အောင် ကံကောင်းနေခဲ့ပြီ ဖြစ်သည်။
သို့သော် အခြားသူများတွင်လည်း သူတို့၏ ကိုယ်ပိုင် အံ့ဖွယ် ကြုံဆုံမှုများ ရှိနေကြပေသည်။
ဝမ်လင်းအာတို့ ညီအစ်မ နှစ်ယောက်သည် အိမ်ရာဝင်း အဆောက်အအုံများ အတွင်း၌ အသက်ရှင်ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရရာမှ ယခုအခါ လင်းယွိကျွန်း၏ ကျွန်းပိုင်ရှင်များ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။
ထိုညီအစ်မ နှစ်ယောက်စလုံးက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းပိုင်ရှင်များ အဖြစ်သို့ပင် ခြေလှမ်း ဝင်ရောက်လာနိုင်ခဲ့ကြသည်။
ဤသည်က မည်သည့်အရာကို ဖော်ပြနေသနည်း။
ကံကြမ္မာ နတ်သမီးက သူ့တစ်ယောက်တည်းကိုသာ မျက်နှာသာ ပေးနေခြင်း မဟုတ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်ပေသည်။
လင်းယွမ်က ဝမ်လင်းအာကို ကြည့်လိုက်ရင်း ပြောလိုက်သည်။ "ကျွန်းသခင်မ"
ဝမ်လင်းအာက အလျင်အမြန် လက်ကာပြလိုက်ပြီး ပြုံးရင်း ပြောလိုက်သည်။ "တခြားသူတွေ ဒီလို ခေါ်ရင်တော့ ထားလိုက်ပါတော့... အစ်ကိုလင်းကတော့ ကျွန်မကို လင်းအာ လို့ပဲ ခေါ်ပါ"
လင်းယွမ်က ပြုံးလိုက်ရင်း ပြောလိုက်သည်။ "ကောင်းပါပြီ... လင်းအာ... ငါ မင်းနဲ့ အပေးအယူ တစ်ခုလောက် လုပ်ချင်တယ်"
ဝမ်လင်းအာက သံသယဖြင့် လင်းယွမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "အပေးအယူ လုပ်မလို့လား"
"ဟုတ်တယ်... ငါ မင်းဆီကနေ မျိုးရိုးဗီဇမျိုးစေ့ တချို့ကို လဲလှယ်ယူချင်လို့ပါ"
ဆက်ရန်...