← Chapters

အခန်း (၂၄၈၁-၂၄၈၂)

Vol. 189 Ch. 2481-2482

အခန်း (၂၄၈၁-၂၄၈၂)

Vol. 189 Ch. 2481-2482

အခန်း(၂၄၈၁)

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အလွန်တရာ ကျယ်ပြောသော စကြဝဠာတစ်ခု ဖြစ်ပြီး မရေမတွက်နိုင်သော အင်မော်တယ် ကျင့်ကြံခြင်း ဂိုဏ်းများစွာ ရှိသည်။

အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာတွင် မဟာယာနအဆင့်ကျင့်ကြံသူများကို ပိုင်ဆိုင်ထားသည့် အမြင့်မြတ်ဆုံးအင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းရှိပြီး ထိုဂိုဏ်းများကို အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းဟု လူသိများသည်။

ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်မှန်သော စွမ်းအားကို သိရှိသွားပြီးနောက်တွင် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အင်အားသည် အမှန်တကယ်ပင် အလွန်တရာ တောင့်တင်းလှ၏။

ကံကောင်းစွာဖြင့် နောက်ဆုံးအကြိမ်က နတ်ဘုရားနယ်မြေဆီသို့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ စစ်ချီတက်မှုတွင် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကိုသာ စေလွှတ်ခဲ့သည်။

ထိုသို့မဟုတ်ဘဲ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အစွမ်းထက်သော ခွန်အားနှင့် ရင်ဆိုင်ရလျှင် နတ်ဘုရားနယ်မြေသည် မည်သည့် ခုခံမှုကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

“ငါ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို အမြန်ဆုံးပြဿနာတချို့ ဖြစ်အောင် လုပ်မှဖြစ်မယ်.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို နတ်ဘုရားနယ်မြေဆီ နောက်တစ်ကြိမ် ချီတက်ဖို့ အခွင့်အရေးပေးလို့ မဖြစ်ဘူး”

ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသာ နတ်ဘုရားနယ်မြေသို့ နောက်တစ်ကြိမ် ချီတက်ခဲ့လျှင် မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ဦးကို စေလွှတ်ရုံဖြင့်ပင် နတ်ဘုရားနယ်မြေကို ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်ရန် လုံလောက်လိမ့်မည် ဖြစ်၏။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ပင်မကမ္ဘာသည် အလွန်တရာပင် ကျယ်ပြောပြီး ပြန်လည် ပေါင်းစည်းထားသော နတ်ဘုရားနယ်မြေထက်ပင် ပိုမို ကြီးမားသည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ပင်မကမ္ဘာကို မရေမတွက်နိုင်သော နယ်မြေများ အဖြစ် ပိုင်းခြားထားပြီး ထိုအထဲတွင် ကောင်းကင်နယ်မြေ ဆယ်ခုသည် အကျော်ကြားဆုံးဖြစ်သည်။

ယင်း ကောင်းကင်နယ်မြေ ဆယ်ခုအနက် တစ်ခုစီကို ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ အသီးသီး စိုးမိုးထားကြသည်။

ကျန်းချန်တို့ လူစုသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ဝင်ရောက်ပြီး သုံးလအကြာတွင် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ ဆီသို့ ရောက်ရှိလာခဲ့သည်။

ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည့် သွေးနတ်ဆိုးဂိုဏ်း၏ အခြေစိုက်ရာ နယ်မြေဖြစ်သလို သွေးဓားအင်မော်တယ်ဂိုဏ်း တည်ရှိသော နေရာလည်း ဖြစ်သည်။

ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ ထဲသို့ ဝင်ရောက်ပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်း၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ကျန်းချန်သည် ဦးဆုံးအနေဖြင့် သူ၏ လူများကို နေရာချရန် နေရာတစ်ခုကို ရှာဖွေခဲ့ပြီး ရွှယ်ချန်ကျဲနှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦးကို သတင်းစုံစမ်းရန် စေလွှတ်လိုက်သည်။

သူ၏ အစီအစဥ်က သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ရန် အတွက် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားကို အသုံးပြုရန် ဖြစ်သော်လည်း သူ့အနေဖြင့် အခြေအနေကို အရင်ဆုံး စုံစမ်းသင့်သည် မဟုတ်ပါလား။

အကြောင်းရင်းမှာ ရွှယ်ချန်ကျဲသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာနှင့် ဝေးကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၍ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ၏ လက်ရှိ အခြေအနေကို ဘာမှမသိသောကြောင့်ပင်။

အကယ်၍ ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် သို့မဟုတ် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ အနိုင်ယူခြင်းကို ခံခဲ့ရလျှင် သူ့အနေဖြင့် သွေးဓားအင်မော်တယ်ဂိုဏ်းသို့ ပူးပေါင်းရန် အလျင်စလို သွားရောက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မည်ကဲ့သို့ ကွာခြားပါမည်နည်း။

နာရီဝက်ခန့်အကြာတွင် ရွှယ်ချန်ကျဲတို့ အဖွဲ့သည် သတင်းစုံစမ်းရာကနေ အဆုံးသတ်၌ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

သူတို့သုံးယောက်၏ မျက်နှာပေါ်တွင် အလွန်တရာ တည်ကြည်လေးနက်သော အမူအရာများ ရှိနေကြ၏။

“မင်းတို့ရဲ့ အမူအရာတွေကို ကြည့်ရတာ သတင်းစုံစမ်းတာ အဆင်မပြေလို့လား”

ကျန်းချန်က ရွှယ်ချန်ကျဲတို့ သုံးဦးကို ကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

“သခင်ကြီး.. သတင်းစုံစမ်းတာ အဆင်မပြေတာကြောင့် မဟုတ်ပါဘူး”

ရွှယ်ချန်ကျဲက မျက်နှာ မသာမယာဖြင့် ပြောလိုက်သည်။

“သွေးနတ်ဆိုးဂိုဏ်းက ကျွန်တော်တို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာဆီ ပြန်ရောက်လာတာကို သိနေပုံပဲ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“မင်း သတင်းစုံစမ်းဖို့ အပြင်ထွက်လိုက်တာ သွေးနတ်ဆိုးဂိုဏ်းက မှတ်မိသွားလို့လား”

သူတို့က ယခုမှသာ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ရာ အကယ်၍ ရွှယ်ချန်ကျဲ မည်သူမည်ဝါ ဖြစ်မှန်း စောစီးစွာ ဖော်ထုတ်ခံလိုက်ရလျှင် ယင်းသည် သူတို့အတွက် သတင်းကောင်း မဟုတ်ပေ။

“အဲလိုလည်း မဟုတ်ပါဘူး.. ကျွန်တော် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ ထွက်ပြေးပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ရုပ်ရည်ကို လုံးဝ ပြောင်းလဲထားခဲ့တယ်.. အခုက ကျွန်တော့်ရဲ့ ရုပ်ရည် အစစ်အမှန် မဟုတ်ပါဘူး.. သွေးနတ်ဆိုးဂိုဏ်းက လူတွေတောင် ကျွန်တော့်ကို မှတ်မိဖို့ ခဲယဥ်းပါတယ်”

ရွှယ်ချန်ကျဲက ခေါင်းခါရမ်းလိုက်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော် သတင်းစုံစမ်းဖို့ မြို့ထဲကို သွားရင်း သွေးနတ်ဆိုးဂိုဏ်းက ကျွန်တော့်အတွက် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို တွေ့ခဲ့ရတယ်.. အဲဒီဖမ်းဝရမ်းက ကျွန်တော်တို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲကို ဝင်ရောက်ပြီး သိပ်မကြာခင်ကမှ ထုတ်ပြန်ထားခဲ့တာပဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့ဩသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“သွေးနတ်ဆိုးဂိုဏ်းက လူတွေက ဘယ်လိုလုပ်ပြီး သိသွားတာလဲ”

“ကျွန်တော် ခန့်မှန်းတာမမှားဘူးဆိုရင် ကြယ်မြို့တော်က အစောင့်တွေက သွေးနတ်ဆိုးဂိုဏ်းဆီ အကြောင်းကြားလိုက်တာ ဖြစ်ရမယ်.. ကြယ်မြို့တော်ရဲ့ အစောင့်တွေက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ ထိပ်တန်းဂိုဏ်းကြီးတွေက တပည့်တွေနဲ့ မစိမ်းဘူး.. ကျွန်တော်က တပည့်ရင်းအမှတ်အသားကို ထုတ်ပြခဲ့ပေမဲ့ သူတို့က ကျွန်တော့်ကို မသိတဲ့အတွက် သွေးနတ်ဆိုးဂိုဏ်းဆီ အကြောင်းကြားလိုက်တာ ဖြစ်ဖို့များတယ်.. သွေးနတ်ဆိုးဂိုဏ်းရဲ့ တပည့်ရင်းအထောက်အထားနဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ဝင်ရောက်လာတဲ့သူက ကျွန်တော် ဆိုတာ သွေးနတ်ဆိုးဂိုဏ်း ရိပ်မိသွားပြီ ထင်တယ်”

ရွှယ်ချန်ကျဲက ခပ်တိုးတိုး ပြောလိုက်သည်။

တပည့်ရင်း ဆိုသည်မှာ ထိပ်တန်းဂိုဏ်းကြီးများမှ ပိုးမွေးသလို ဂရုတစိုက် မွေးမြူထားသည့် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။

ထိပ်တန်းဂိုဏ်းကြီးများသည် တပည့်ရင်းတိုင်းကို အလွန်တရာ ဂရုစိုက်ကြသည့်အလျောက် သွေးနတ်ဆိုးဂိုဏ်းသည်လည်း ခြွင်းချက်မရှိပေ။

ထိုအကြောင်းကြောင့်ပင် သွေးနတ်ဆိုးဂိုဏ်းသည် သူမည်သူမည်ဝါဖြစ်မှန်း အလွယ်တကူ ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်ပုံရ၏။

“ထားလိုက်ပါ.. မင်းဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မထုတ်ဖော်ခံရသရွေ့ အဆင်ပြေပါတယ်”

ရွှယ်ချန်ကျဲ၏ ရှင်းပြချက်ကို ကြားလျှင် ကျန်းချန်သည် ပြုံး၍ မေးလိုက်သည်။

“ဒါနဲ့ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အခြေအနေကို ပြောပြပါဦး”

ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ ဆီသို့ ရွှယ်ချန်ကျဲ ပြန်ရောက်လာသည်ဟု ခန့်မှန်းထားပြီး နေရာအနှံ့တွင် ရွှယ်ချန်ကျဲကို ရှာဖွေနေခြင်းသာ ဖြစ်သည်။

သူတို့သာ ဂရုတစိုက်ရှိမည် ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းသည် ရွှယ်ချန်ကျဲကို ရှာတွေ့ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

“သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ လက်ရှိအခြေအနေက အရမ်းကို ဆိုးရွားတယ် သခင်ကြီး.. သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ကို စိုးရိမ်တာကြောင့် သွေးနတ်ဆိုးဂိုဏ်းက သွေးဓားအင်မော်တယ်ဂိုဏ်းကို ပြင်းပြင်းထန်ထန် ဖိအားမပေးရဲပေမဲ့ အမြဲတမ်းတော့ ဖိနှိပ်ထားနိုင်ခဲ့တယ်.. လွန်ခဲ့တဲ့နှစ်ဝက်ကပဲ သွေးနတ်ဆိုးဂိုဏ်းက သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်တဲ့ ကျောက်ယွိထျန်ကို သတ်ဖြတ်ခဲ့တယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး သွေးဓားအင်မော်တယ်ဂိုဏ်းက အလွန်အမင်း ဒေါသထွက်သွားပြီး သွေးနတ်ဆိုးဂိုဏ်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်.. တိုက်ပွဲအတွင်းမှာ သွေးဓားအင်မော်တယ်ဂိုဏ်းက ကြီးကျယ်တဲ့ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်.. အခုဆိုရင် သွေးနတ်ဆိုးဂိုဏ်းက သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ အင်အားကို တဖြည်းဖြည်း တိုက်စားနေခဲ့ပြီ.. သိပ်မကြာခင်မှာပဲ သွေးဓားအင်မော်တယ်ဂိုဏ်းက အမှန်တကယ် ဖျက်ဆီးခံရလောက်တယ်

ရွှယ်ချန်ကျဲက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူ၏ စကားအရ သွေးဓားအင်မော်တယ်ဂိုဏ်းတွင် မျှော်လင့်ချက် သိပ်မရှိသည်မှာ ထင်ရှားနေခဲ့၏။

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ မေးလိုက်သည်။

“သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ လက်ရှိအင်အားက ဘယ်လောက်လဲ”

“လက်ရှိ သွေးဓားအင်မော်တယ်ဂိုဏ်းမှာ မဟာယာနအဆင့်ကျင့်ကြံသူ မရှိပါဘူး.. မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦးပဲ ရှိတယ်.. အခုအချိန်အထိ သူတို့တွေ သွေးနတ်ဆိုးဂိုဏ်းရဲ့ လက်ထဲကနေ ကြံ့ကြံ့ခံနိုင်တဲ့ အဓိကအကြောင်းရင်းက သွေးဓားအင်မော်တယ်ဂိုဏ်းမှာ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ် ရှိနေလို့ပဲ”

ရွှယ်ချန်ကျဲက လေးနက်စွာ ပြောလိုက်သည်။

“သွေးဓားအင်မော်တယ်ဂိုဏ်းမှာ သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ အစီအရင်တွေ ရှိပြီး အဲဒီ အစီအရင်တွေက မဟာယာနအဆင့် ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်နိုင်တယ်လို့ ဆိုကြတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းသည် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦးနှင့် မဟာယာနအဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သည့် အစီအရင်များကို ပိုင်ဆိုင်ထား၍ အလွန်တရာ အစွမ်းထက်သော အင်အားစုတစ်ခုဖြစ်၏။

အကယ်၍ သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းလိုက်မည် ဆိုလျှင် သူ့အနေဖြင့် များစွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

“သွေးနတ်ဆိုးဂိုဏ်းမှာရော မဟာယာနအဆင့် ကျင့်ကြံသူ ဘယ်နှစ်ယောက်ရှိလဲ”

ကျန်းချန်က သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ အခြေအနေကို မေးမြန်းလိုက်သည်။

“သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာ အဆင့်လေး နေရာမှာရှိပြီး မဟာယာနအဆင့် ကျင့်ကြံသူငါးဦးကို ပိုင်ဆိုင်ထားတယ်”

ရွှယ်ချန်ကျဲက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။

သွေးနတ်ဆိုးဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူငါးဦးကို ပိုင်ဆိုင်ထားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် မင်ယွဲ့ရှင်း သတ်ဖြတ်ခဲ့သည့် သွေးနတ်ဆိုးကို ဖယ်လိုက်လျှင် သွေးနတ်ဆိုးဂိုဏ်းတွင် အနည်းဆုံး မဟာယာနအဆင့် ကျင့်ကြံသူ လေးဦး ကျန်ရှိနေသေး၏။

ထိုကဲ့သို့သော အင်အားသည် အမှန်တကယ်ပင် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော အင်အား ဖြစ်သည်။

နတ်ဘုရားနယ်မြေ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းတည်းကိုပင် ယှဥ်နိုင်ရန် အလွန်တရာ အလှမ်းဝေးလွန်းသည် ဖြစ်ရာ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးနှင့် ယှဥ်ပြိုင်ရန်ဆိုလျှင် ဆိုဖွယ်ရာမရှိတော့ပေ။

သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို တိုက်ခိုက်ခွင့်မရအောင် ပြဿနာအချို့ လုပ်ဆောင်လိုလျှင် သေချာပေါက် ခရီးရှည်ကြီးကို ဖြတ်သန်းရလိမ့်ဦးမည် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ သွေးဓားအင်မော်တယ်ဂိုဏ်း၏ အင်အားကို အသုံးပြု၍ သွေးနတ်ဆိုးဂိုဏ်းကို ပြဿနာအချို့ဖြစ်အောင် လုပ်ဆောင်ခြင်းသည် သူ၏ ပထမဆုံးအဆင့် အစီအစဥ်ပင် ဖြစ်သည်။

ထို့နောက်တွင် ကျန်းချန်သည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ ရွှယ်ချန်ကျဲကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“ငါ့ကို သွေးဓားအင်မော်တယ်ဂိုဏ်းဆီ ခေါ်သွားပေးပါ”

အခန်း(၂၄၈၁)ပြီး၏။

အခန်း(၂၄၈၂)

ကျန်းချန်သည် သူ၏ရှေ့တွင် ကြီးမားသော သွေးရောင်တောက်ပနေသည့် တောင်ကြီးတစ်လုံးကို မြင်တွေ့ခဲ့ရသည်။

ထိုတောင်ကြီးသည် ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်နေသည့် သွေးရောင်နတ်ဓားတစ်လက် အလား ထောင်မတ်စွာ တည်ရှိနေခဲ့၏။

စင်စစ် ထိုသွေးရောင်တောင်ကြီးသည် သွေးဓားအင်မော်တယ်ဂိုဏ်း တည်ရှိသောနေရာ ဖြစ်သည့် သွေးဓားတောင်ပင်ဖြစ်သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ရှေးအကျဆုံး ဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်သည်။

ဂိုဏ်း၏ အထွတ်အထိပ်ကာလတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်ခဲ့သည်။

သို့သော်လည်း ဂိုဏ်း၏ အတွင်းရေး မငြိမ်မသက်မှုများကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းမှ လူတချို့သည် သွေးဓားအင်မော်တယ်ဂိုဏ်းကနေ ခွဲထွက်ပြီး သွေးနတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။

သွေးနတ်ဆိုးဂိုဏ်းကို တည်ထောင်ပြီးသည့် အချိန်ကစ၍ သွေးနတ်ဆိုးဂိုဏ်းသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲတွင် လျင်မြန်စွာ အင်အားကြီးထွားလာခဲ့ပြီး မကြာမီမှာပင် အင်အားများစွာ ထိခိုက်ပျက်စီးသွားခဲ့သော သွေးဓားအင်မော်တယ်ဂိုဏ်းကိုပင် ကျော်တက်သွားခဲ့ကာ သွေးဓားအင်မော်တယ်ဂိုဏ်း၏ နေရာကို အစားဝင်ပြီး အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်လာခဲ့သည်။

ဤနှစ်များတစ်လျှောက်လုံးတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး တဖြည်းဖြည်း အင်အား ဆုတ်ယုတ်လာခဲ့သည်။

နှစ်စဥ်နှစ်တိုင်းတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်လိုသူများသည် အလွန်တရာ နည်းပါးသွားခဲ့သည်။

ထိုအကြောင်းကြောင့်ပင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ပြိုင်ဘက်ကင်း ပါရမီရှင်များကို မွေးဖွားရန် ခက်ခဲလာခဲ့ပြီး မျိုးဆက် တစ်ဆက်ထက် တစ်ဆက် ပိုမို၍ အားနည်းလာခဲ့သည်။

ဤအခြေအနေကပင် လက်ရှိ သွေးဓားအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးမျှပင် မရှိတော့သည့်အခြေအနေသို့ ဦးတည်သွားစေခဲ့၏။

သိပ်မကြာမီက သွေးဓားအင်မော်တယ်ဂိုဏ်းတွင် ကျောက်ယွိထျန်းဟု အမည်ရသည့် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ခက်ခက်ခဲခဲ မွေးဖွားလာသော်လည်း မကြာသေးမီကပင် သွေးနတ်ဆိုးဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သွေးဓားအင်မော်တယ်ဂိုဏ်းသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်းနှင့် တိုက်ပွဲပင် ဖြစ်ပွားခဲ့သော်လည်း အဆုံးသတ်၌ ဝမ်းနည်းကြေကွဲမှုများနှင့်သာ ပြန်လာခဲ့ရသည်။

ယနေ့အခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းကို ဟန့်တားရန် အတွက် ၎င်းတို့၏ အခြေခံအုတ်မြစ်ကို အားကိုး၍ သွေးဓားတောင်ပေါ်တွင်သာ နေနိုင်တော့၏။

ကျန်းချန်တို့နှစ်ဦးက အရှိန်အဝါကို ဖုံးကွယ်၍ ခရီးဆက်လာရင်း သွေးဓားအင်မော်တယ်ဂိုဏ်း၏ တံခါးဝ ဆီသို့ ရောက်ရှိလာကြသည်။

“မင်းတို့က ဘယ်သူတွေလဲ.. ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းဆီ ဘာလာလုပ်တာလဲ”

သွေးဓားအင်မော်တယ်ဂိုဏ်း၏ တံခါးဝသို့ ကျန်းချန်တို့ နှစ်ဦး ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ဦးသည် ကျန်းချန်တို့ နှစ်ဦးကို ဟန့်တားလိုက်ပြီး သတိကြီးသော အမူအရာဖြင့် စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်၏။

“ငါတို့နှစ်ယောက်က သွေးဓားအင်မော်တယ်ဂိုဏ်းကို ဝင်ရောက်ဖို့ ရောက်လာတာပါ”

“သွေးဓားအင်မော်တယ်ဂိုဏ်းထဲကို ဝင်ရောက်ဖို့လား”

ကျန်းချန်၏ စကားကိုကြားလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်သည် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

သွေးဓားအင်မော်တယ်ဂိုဏ်း အင်အားဆုတ်ယုတ်လာကတည်းကပင် သွေးဓားအင်မော်တယ်ဂိုဏ်း ထဲသို့ ဝင်ရောက်လာသူ အရေအတွက်သည် နည်းသထက် နည်းလာခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း သွေးဓားအင်မော်တယ်ဂိုဏ်းဆီသို့ တပည့်ခံရန် ရောက်ရှိလာသူမှာ မရှိသလောက်ပင်။

အထူးသဖြင့် ကျောက်ယွိထျန်းကြောင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုး၏ လက်ထဲ၌ အကြီးအကျယ် အရေးနိမ့်ခဲ့သောကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် သူတို့ သွေးဓားအင်မော်တယ်ဂိုဏ်း ထဲသို့ ဝင်ရောက်လာသူ ရှိနေဦးမည်ဟု သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်သည် မမျှော်လင့်ထားခဲ့ပေ။

[ဒီအခြေအနေက တကယ်ကို ထူးဆန်းနေတယ်.. ငါ့ရှေ့က နှစ်ယောက်က သွေးဓားအင်မော်တယ်ဂိုဏ်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာတဲ့ သွေးနတ်ဆိုးဂိုဏ်းဝင်တွေများ ဖြစ်နေမလား]

ထိုသို့တွေးမိလျှင် သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်သည် သတိကြီးစွာ ထားရန် ဆုံးဖြတ်လိုက်သည်။

ယနေ့အခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သွေးနတ်ဆိုးဂိုဏ်းနှင့် လုံးဝ ယှဥ်နိုင်စွမ်းမရှိတော့သော်လည်း သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဌာနချုပ်ကို ဝင်တိုက်ရန် ဘယ်တော့မှ မဝံ့ရဲခဲ့ပေ။

အကယ်၍ သွေးနတ်ဆိုးဂိုဏ်းမှ လူများကိုသာ သွေးဓားအင်မော်တယ်ဂိုဏ်းထဲသို့ အမှန်တကယ် ထိုးဖောက် ဝင်ရောက်ဖွင့် ပေးလိုက်မိပြီး ၎င်းတို့က သွေးဓားအင်မော်တယ်ဂိုဏ်းကို ထောက်လှမ်းရန် သို့မဟုတ် ဖျက်ဆီးရန် အတွက် ဖြစ်နေခဲ့လျှင် နောက်ဆက်တွဲ ရလဒ်များသည် မှန်းဆ၍ပင် ရမည်မဟုတ်ပေ။

“ဒါဆို မင်းတို့နှစ်ယောက် ကျေးဇူးပြုပြီး ငါ့နောက်ကနေ လိုက်ခဲ့ပေးပါ”

သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်သည် ကျန်းချန် တို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် သွေးဓားအင်မော်တယ်ဂိုဏ်း၏ အတွင်းပိုင်းဆီသို့‌ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။

ဤနှစ်ဦးက သွေးဓားအင်မော်တယ်ဂိုဏ်းထဲကို ဝင်ရောက်ရန် စိတ်ရင်းအမှန်ဖြင့် ရောက်လာခြင်းလော သို့မဟုတ် သွေးနတ်ဆိုးဂိုဏ်းမှ စေလွှတ်လိုက်သော အတွင်းသူလျှိုလော ဆိုသည်ကို သူ့အနေဖြင့် ခွဲခြားနိုင်ခြင်း မရှိချေ။

ထို့ကြောင့် ဤနှစ်ဦးကို ဂိုဏ်း၏ အကြီးအကဲများထံ ခေါ်‌ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်တို့ နှစ်ဦးသည် ခန်းမတစ်ခုဆီသို့ လျင်မြန်စွာပင် ရောက်ရှိလာခဲ့သည်။

ခန်းမ၏ အလယ်ဗဟိုတွင် သွေးရောင်ဝတ်စုံဝတ် အဘိုးအို တစ်ယောက်သည် မျက်စိမှိတ်၍ တင်ပျဥ်ခွေကာ ထိုင်နေခဲ့၏။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်နေခြင်း မရှိသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးသည် မရေမတွက်နိုင်သော သွေးများ စွန်းပေနေသည့် ထက်ရှသော ဓားတစ်လက် ကဲ့သို့ဖြစ်နေခဲ့ပြီး လူတို့၏ စိတ်ကို ထိုးဖောက်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။

“အကြီးအကဲသွေးသစ်ရွက်.. ဒီနှစ်ယောက်က သွေးဓားအင်မော်တယ်ဂိုဏ်းထဲ ဝင်ဖို့ ရောက်လာတာပါ.. ကျေးဇူးပြုပြီး အကြီးအကဲ ဆုံးဖြတ်ပေးပါဦး”

သွေးဓားအင်မော်တယ်ဂိုဏ်းမှတပည့်သည် ခန်းမအလယ်တွင် တင်ပျဥ်ခွေကာ ထိုင်နေသည့် အဘိုးအိုကို ကြည့်ကာ တရိုတသေ ပြောလိုက်သည်။

သွေးဓားအင်မော်တယ်ဂိုဏ်း ဆုတ်ယုတ်လာကတည်းကစ၍ နှစ်စဥ်နှစ်တိုင်းတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသို့ လာရောက် တပည့်ခံသူ အရေအတွက်မှာ လက်ချိုးရေတွက်၍ ရသလောက်သာရှိတော့သည်။

ထို့ကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဂိုဏ်းဝင်များအတွက် စစ်ဆေးရေး အကဲဖြတ်မှုကို ဖျက်သိမ်းခဲ့ပြီး အရာအားလုံးကို အကြီးအကဲ သွေးသစ်ရွက်ကသာ ဆုံးဖြတ်ခဲ့သည်။

သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်၏ စကားကိုကြားလျှင် အကြီးအကဲ သွေးသစ်ရွက်သည် မှိတ်ထားသော သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

သူက စူးရှသော အကြည့်ဖြင့် ကျန်းချန်တို့ နှစ်ဦးကို အကဲခတ်လိုက်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်က သွေးဓားအင်မော်တယ်ဂိုဏ်းဆီ အမှန်တကယ် ဝင်ဖို့လာတာ မဟုတ်ဘူး.. ပြောစမ်း သွေးနတ်ဆိုးဂိုဏ်းက မင်းတို့ကို လွှတ်လိုက်တာ မဟုတ်လား”

ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အကြီးအကဲ သွေးသစ်ရွက်ကို မေးခွန်းထုတ်လိုက်သည်။

“အကြီးအကဲက ကျွန်တော်တို့ကို သွေးနတ်ဆိုးဂိုဏ်းကလို့ ဘာလို့ ဒီလောက်အထိ အတိအကျ ပြောနိုင်တာလဲ”

“ကပ်ဘေးအဆင့် ကျင့်ကြံသူ နှစ်ယောက်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ အဖြစ် ဟန်ဆောင်နေတာ ငါ မသိဘူးလို့များ မင်းတို့ ထင်နေလား”

အကြီးအကဲသွေးသစ်ရွက်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“ကြည့်ရတာ သွေးနတ်ဆိုးဂိုဏ်းက ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးဖို့ အမှန်တကယ် အားထုတ်နေတဲ့ပုံပဲ”

“ကပ်.. ကပ်ဘေးအဆင့်လား”

သွေးဓားအင်မော်တယ်ဂိုဏ်းမှ တပည့်သည် အကြီးအကဲ သွေးသစ်ရွက်၏ စကားကိုကြားလျှင် အမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ဤနှစ်ယောက်သည် အမှန်တကယ်ပင် သွေးနတ်ဆိုးဂိုဏ်းမှ စေလွှတ်လိုက်သည့် လူများ ဖြစ်နေခဲ့သည်။

“အကြီးအကဲသွေးသစ်ရွက်ရဲ့ မြင်နိုင်စွမ်းက ဘယ်ဆိုးလို့လဲ”

သူ၏ရှေ့တွင် ရှိသော အဘိုးအိုကိုကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အကြီးအကဲသွေးသစ်ရွက်၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်အမင်း မမြင့်မားဘဲ ကပ်ဘေးနှောင်းပိုင်း အဆင့်တွင်သာ ရှိသော်လည်း ခံစားသိရှိနိုင်စွမ်းတွင်မူ အလွန်တရာထက်မြက်ပြီး သူတို့ နှစ်ဦး၏ စစ်မှန်သော အင်အားကိုပင် တစ်ချက်ကြည့်ရုံဖြင့် ထိုးဖောက်မြင်နိုင်ခဲ့သည်။

“မင်းတို့နှစ်ယောက်က အစွမ်းထက်တယ် ဆိုပေမဲ့လည်း ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းကို လက်လွတ်စပယ် မလာသင့်ဘူး.. ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက အခုအချိန်မှာ အင်အားနည်းနေပေမဲ့ ဘယ်သူမဆို အနိုင်ကျင့်လို့ရတဲ့ ဂိုဏ်း မဟုတ်ဘူး”

အကြီးအကဲ သွေးသစ်ရွက်က အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ သွေးဓားအင်မော်တယ်ဂိုဏ်းဆီ လာရတဲ့ရည်ရွယ်ချက်ကို ပြောစမ်း.. ဒါဆို မင်းတို့ရဲ့အလောင်းကို အကောင်းအတိုင်း ထားပေးဖို့ ငါစဥ်းစားပေးမယ်”

“အကြီးအကဲသွေးသစ်ရွက်.. ကျွန်တော်တို့က သွေးနတ်ဆိုးဂိုဏ်းရဲ့အဖွဲ့ဝင် မဟုတ်ပါဘူး.. ဒါ့အပြင် သွေးဓားအင်မော်တယ်ဂိုဏ်း အပေါ်မှာလည်း မကောင်းတဲ့စိတ် မရှိပါဘူး”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော်တို့က သွေးဓားအင်မော်တယ်ဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရောက်လာခဲ့တာပါ”

ထိုစကားကိုကြားလျှင် အကြီးအကဲသွေးသစ်ရွက်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းနဲ့ မင်းနဲ့ တစ်ခါမှ မဆုံဖူးဘူး.. ငါတို့ကြားမှာ ပူးပေါင်းစရာ ဘာမှ မရှိဘူးထင်တယ်”

“ဒါပေမဲ့ ကျွန်တော်တို့မှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခု ရှိပါတယ်.. အဲဒါက သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ဖို့ပဲ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ရန်သူရဲ့ရန်သူက မိတ်ဆွေပဲလို့ ပြောကြတယ် မဟုတ်လား.. ကျွန်တော် သွေးဓားအင်မော်တယ်ဂိုဏ်းဆီ လာခဲ့တာက သွေးဓားအင်မော်တယ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သွေးနတ်ဆိုးဂိုဏ်းကို အတူတူ ရင်ဆိုင်ဖို့အတွက်ပဲ”

ကျန်းချန်၏ စကားကိုကြားလျှင် အကြီးအကဲသွေးသစ်ရွက်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ စကားသံသည် ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။

“ငါတို့ သွေးဓားအင်မော်တယ်ဂိုဏ်းက နောက်ခံဘာမှန်း မသိရတဲ့ လူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး.. မင်းတို့တွေ သွေးဓားအင်မော်တယ်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သွေးနတ်ဆိုးဂိုဏ်းကို တကယ်ပဲ ရင်ဆိုင်ချင်တယ်ဆိုရင် မင်းတို့ရဲ့ နောက်ခံကို အရင် ပြောပြရလိမ့်မယ်”

အခန်း(၂၄၈၂)ပြီး၏။

All Chapters