အခန်း (၂၄၈၅-၂၄၈၆)
Vol. 189 Ch. 2485-2486
အခန်း(၂၄၈၅)
“နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့တဲ့စစ်တပ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးနဲ့ မသက်ဆိုင်ဘဲ သွေးနတ်ဆိုးဂိုဏ်းနဲ့ပဲ သက်ဆိုင်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ကျန်းချန်၏ စိတ်ထဲတွင် ခန့်မှန်းချက်တချို့ ရှိနေခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေတွင် အင်မော်တယ်ကျောက်တိုင် ပေါ်ထွက်လာခဲ့သည့် သတင်းကို သွေးနေမင်းဘိုးဘေးမှ တစ်ဆင့် သိရှိခဲ့ခြင်း ဖြစ်နိုင်လောက်သည်။
ထိုသတင်းကို ရရှိပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေ အင်အားနည်းနေသည်ကို သိရှိခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ထိုသတင်းကို ဖြန့်ဝေခြင်း မပြုခဲ့သည်မှာ ထင်ရှားနေခဲ့၏။
ဆိုရလျှင် အင်မော်တယ်ကျောက်တိုင် ဆိုသည်မှာ အင်မော်တယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်များ ပါဝင်သည့် အမြင့်မြတ်ဆုံးရတနာတစ်ပါး ဖြစ်သည်။
ထိုအချိန်က နတ်ဘုရားနယ်မြေတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိခဲ့ပေ။
သို့ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် မဟာယာနအဆင့်ကျင့်ကြံသူ တစ်ဦး စေလွှတ်ရုံမျှဖြင့်ပင် နတ်ဘုရားနယ်မြေကို အပြတ်အသတ် ချေမှုန်းနိုင်ပြီး အင်မော်တယ်ကျောက်တိုင်၏ လျှို့ဝှက်ချက်များကို မောင်ပိုင်စီးနိုင်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်လမ်းစဥ်ကို ရှာဖွေရန် ဟူသော အကြောင်းပြချက်ဖြင့် ကြယ်တာရာစစ်သင်္ဘောကို စေလွှတ်ခဲ့ပြီး နတ်ဘုရားနယ်မြေသို့ ကျူးကျော်ခဲ့ကြသည်။
သို့သော်လည်း နတ်ဘုရားနယ်မြေ၏ ကောင်းကင်နှင့် မြေကြီးသည် ပြန်လည် နိုးထလာခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပင် နတ်ဘုရားနယ်မြေ၏ ခွန်အားသည် အဆမတန် မြင့်တက်လာခဲ့ကာ အဆုံးသတ်တွင် သွေးနတ်ဆိုးဂိုဏ်းမှ စေလွှတ်လိုက်သည့် စစ်တပ်ကိုပင် အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့လိမ့်မည်ဟု သွေးနတ်ဆိုးဂိုဏ်း အနေဖြင့် မျှော်လင့်ထားခဲ့လိမ့်မည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိလျှင် ကျန်းချန်သည် အတော်လေး ကံကောင်းသည်ဟု ခံစားမိခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ထိုသတင်းကို ထုတ်ပြန်ခြင်း မပြုခဲ့ပေ။
သို့မဟုတ်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများသည် နတ်ဘုရားနယ်မြေသို့ ပူးပေါင်း၍ စစ်ချီလာပေလိမ့်မည်။
ထိုစဥ်က နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သူမှာ သွေးနတ်ဆိုးဂိုဏ်းသာ ဖြစ်သောကြောင့် သူ့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို ပြဿနာအချို့ ပေးရန် ဆုံးဖြတ်ထားခဲ့သည်။
ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်သည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရှိ မည်သည့် အင်အားစုအတွက်မဆို အလွန်အမင်း ဆွဲဆောင်မှုရှိသော ရတနာတစ်ပါး ဖြစ်သည်။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျောက်တိုင်ကို မောင်ပိုင်စီးရန်အတွက် ထိုသတင်းကို လူသိရှင်ကြား အလွယ်တကူ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
သို့ဖြစ်၍ သူ့အနေဖြင့် ရင်ဆိုင်ရမည့် ရန်သူမှာ သွေးနတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သည်။
သွေးနတ်ဆိုးဂိုဏ်းကို ဟန့်တားထားနိုင်ပြီး နတ်ဘုရားနယ်မြေသို့ ထပ်မံ ကျူးကျော်ရန် အခွင့်အရေးမပေးသရွေ့ နတ်ဘုရားနယ်မြေသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ခြိမ်းခြောက်မှုကို ခံရလိမ့်မည် မဟုတ်ပေ။
ကျန့်ဝူရွှယ်နှင့် ပါရမီရှင်လုပ်ကြံခြင်း အစီအစဥ်ကို ဆွေးနွေးပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲနှင့် အတူ သွေးဓားအင်မော်တယ်ဂိုဏ်းတွင် နေထိုင်ကာ သွေးဓားအင်မော်တယ်ဂိုဏ်း ထံမှ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
ဤသို့ စောင့်ဆိုင်းရင်းဖြင့် ဆယ်ရက် ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
ယနေ့တွင် ကျန့်ဝူရွှယ်သည် ကျန်းချန်တို့၏ ခြံဝန်းသို့ ထပ်မံ၍ ရောက်ရှိလာခဲ့သည်။
“မိတ်ဆွေလေးကျန်းချန်.. မင်းဒီတစ်ကြိမ် လုပ်ကြံရမဲ့သူက သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင်လေးဦး ထဲက တစ်ဦး ဖြစ်တဲ့ ရွှယ်ယွိထျန်ပဲ.. ဒါက သူသိပ်မကြာခင်က လှုပ်ရှားသွားလာခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေပဲ”
ထိုစကားကိုပြောရင်း ကျန့်ဝူရွှယ်က သူ၏လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ သွေးရောင်စာလိပ် တစ်လိပ်သည် ကျန်းချန်တို့၏ ရှေ့ကို တိုက်ရိုက်ပင် လွင့်ပျံလာခဲ့သည်။
ကျန်းချန်က သွေးရောင်စာလိပ်ကို ဖမ်းယူလိုက်ပြီး စာလိပ်ထဲရှိ အချက်အလက် အချို့ကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်သည်။
စာလိပ်ထဲရှိ အချက်အလက်များသည် အလွန်ပင် အသေးစိတ် ကျနေခဲ့၏။
ရွှယ်ယွိထျန်၏ စရိုက်၊ ကျင့်ကြံမှုနှင့် သွားလာတတ်သည့် နေရာများကို မှတ်တမ်းတင်ထားရုံသာမက ကျန်းချန်တို့အတွက် အကောင်းဆုံး လုပ်ကြံနိုင်မည့် နေရာကိုပင် ဖော်ပြပေးထားသည်။
“သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင်လေးဦး ထဲက တစ်ဦးက ဘာမို့လို့လဲ.. သိပ်မကြာခင်မှာပဲ ဒီကောင့်ကို ဒီကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင် ကျွန်တော် လုပ်ပေးမယ်”
ကျန်းချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“ရွှယ်ချန်ကျဲ.. ငါတို့သွားကြစို့”
ရွှယ်ယွိထျန်သည် ကပ်ဘေးအစောပိုင်းအဆင့် ပါရမီရှင် တစ်ဦးသာ ဖြစ်ပြီး သူ၏ လက်ရှိခွန်အားဖြင့် အသာလေးသတ်ဖြတ်နိုင်သော်လည်း ကျန်းချန်က ရွှယ်ချန်ကျဲကို ခေါ်ဆောင်သွားခဲ့သည်။
အကြောင်းရင်းမှာ ရွှယ်ချန်ကျဲသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်ရာ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ သိရှိထားသောကြောင့်ပင်။
ရွှယ်ချန်ကျဲကို သူ၏နံဘေးတွင် ထားရှိခြင်းဖြင့် မလိုလားအပ်သော ပြဿနာများစွာကို လျှော့ချနိုင်လိမ့်မည် မဟုတ်ပါလော။
“မိတ်ဆွေလေးကျန်းချန်.. ခဏနေပါဦး”
ကျန်းချန်တို့ ထွက်ခွာတော့မည့် အချိန်တွင် ကျန့်ဝူရွှယ်ထံမှ စကားသံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ခြေလှမ်းရပ်တန့်လိုက်ပြီး ကျန့်ဝူရွှယ်ကို မေးလိုက်သည်။
“ဂိုဏ်းချုပ်ကျန့် တခြားကိစ္စရှိသေးလို့လား”
ကျန့်ဝူရွှယ်က လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ အဆောင်လက်ဖွဲ့ နှစ်ခုသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
“ဒီဓားအဆောင်လက်ဖွဲ့က မင်းနဲ့ငါ ဆက်သွယ်ဖို့အတွက် အသုံးဝင်တဲ့ပစ္စည်းပဲ.. ဒီသွေးအဆောင်လက်ဖွဲ့ကတော့ ထွက်ပြေးတဲ့အခါ အသုံးဝင်တဲ့ လက်ဖွဲ့ပဲ.. မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးနဲ့ တွေ့ရင်တောင် ဒီအဆောင်လက်ဖွဲ့နဲ့ဆိုရင် မင်းတို့လွတ်အောင် ပြေးနိုင်လိမ့်မယ်.. သေရေး ရှင်ရေး အခြေအနေဆိုရင် ဒါက မင်းတို့ရဲ့ အသက်ကို ကယ်တင်ပေးနိုင်မှာပါ”
ထိုစကားကိုပြောရင်း ကျန့်ဝူရွှယ်သည် လက်ဖွဲ့နှစ်ခုကို ကျန်းချန်ထံ ပေးလိုက်သည်။
ကျန်းချန်က အားနာမနေဘဲ လက်ဖွဲ့နှစ်ခုကို သူ၏သိုလှောင်အိတ်ထဲတွင် တိုက်ရိုက်ပင် ထည့်သိမ်းလိုက်၏။
သွေးဓားအင်မော်တယ်ဂိုဏ်း၏ ပါရမီရှင်လုပ်ကြံခြင်း အစီအစဥ်အရ သူတို့သည် ပိုမို ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိရန်အတွက် အမှောင်ထဲတွင် အမြဲတစေ ပုန်းအောင်းနေရလိမ့်မည် ဖြစ်သည်။
ကျန့်ဝူရွှယ်နှင့် မကြာခဏ ဆက်သွယ်နေလျှင် လူသိရှင်ကြားဖြစ်သွားနိုင်သည့် အန္တရာယ်သည် အလွန်ပင် မြင့်မားလာလိမ့်မည် ဖြစ်၏။
ဤဓားအဆောင်လက်ဖွဲ့ဖြင့် ဆိုလျှင် ကျန့်ဝူရွှယ်နှင့် ဆက်သွယ်ရန်မှာ သေချာပေါက် ပိုမို လွယ်ကူသွားပေလိမ့်မည် မဟုတ်ပါလော။
သွေးအဆောင်လက်ဖွဲ့ကမူ ထွက်ပြေးရာတွင် အသုံးဝင်သော အဆောင်လက်ဖွဲ့ ဖြစ်သည်။
ထိုအဆောင်လက်ဖွဲ့ ရှိခြင်းကြောင့် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူနှင့် တွေ့ဆုံခဲ့လျှင်ပင် သူတို့နှစ်ယောက် အနေဖြင့် အသက်ရှင် လွတ်မြောက်ရန် အခွင့်အရေး ရှိနေခဲ့၏။
ရွှယ်ယန်ပြည်နယ်သည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲရှိ အစည်ကားဆုံးနေရာ ဖြစ်သည်။
ဤနေရာတွင် အင်မော်တယ် ကျင့်ကြံသူများသည် တိမ်တိုက်များကဲ့သို့ များပြားပြီး ပါရမီရှင်များမှာ မိုးရေစက်များ ကဲ့သို့ပင်။
ထို့အပြင် အစွမ်းထက် ကျင့်ကြံသူ အများအပြားလည်း ရှိ၏။
ဆိုရလျှင် ရွှယ်ယန်ပြည်နယ်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သော သွေးနတ်ဆိုးဂိုဏ်း တည်ရှိရာ နယ်မြေလည်းဖြစ်သည်။
ရွှယ်ယန်ပြည်နယ်နှင့် မိုင်ပေါင်းသောင်းချီ ကွာဝေးသော ဝေးလံခေါင်သီသည့် တောင်တန်းတစ်ခုတွင် အရှိန်အဝါများကို ဖျောက်ကာ ပုန်းအောင်းနေသော လူနှစ်ယောက် ရှိနေခဲ့သည်။
ထိုနှစ်ယောက်မှာ သွေးဓားအင်မော်တယ်ဂိုဏ်းကနေ ထွက်ခွာလာခဲ့သည့် ကျန်းချန်နှင့်ရွှယ်ချန်ကျဲ တို့ပင် ဖြစ်သည်။
သူတို့ နှစ်ဦးက သွေးဓားအင်မော်တယ်ဂိုဏ်းကနေ ထွက်ခွာလာပြီးနောက်တွင် ကျန့်ဝူရွှယ် ပေးအပ်ခဲ့သည့် အချက်အလက်များ အတိုင်း ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤနေရာသည် ရွှယ်ယန်ပြည်နယ်နှင့် သွေးနတ်ဆိုးဂိုဏ်းတို့ ကြားရှိ တစ်ခုတည်းသော ဖြတ်သန်းသွားလာရာ လမ်းကြောင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
စာလိပ်ထဲရှိ အချက်အလက်များ အရ သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် ရွှယ်ယွိထျန်သည် လာမည့် ရက်အနည်းငယ် အတွင်း ရွှယ်ယန်ပြည်နယ်ကနေ သွေးနတ်ဆိုးဂိုဏ်း ဆီသို့ ပြန်လာလိမ့်မည် ဖြစ်သည်။
သို့ဖြစ်ရာ ဤနေရာသည် ရွှယ်ယွိထျန်ကို လုပ်ကြံရန် အကောင်းဆုံးနေရာ ဖြစ်သည် မဟုတ်ပါလား။
“သခင်ကြီး.. သုံးရက်တောင် ကုန်လွန်သွားခဲ့ပြီ.. ရွှယ်ယွိထျန်က ဒီနေရာကို ရောက်မလာသေးပါလား.. သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ သတင်းအချက်အလက်က မှားနေတာများလား”
ရွှယ်ယွိထျန် ပေါ်မလာသေးသည်ကို မြင်လျှင် ရွှယ်ချန်ကျဲသည် အဆုံးသတ်၌ ခပ်တိုးတိုးမေးလိုက်သည်။
“စိတ်ရှည်ရှည် စောင့်ပါဦး”
ကျန်းချန်၏ အမူအရာက ပုံမှန်ထက်ပို၍ တည်ငြိမ်နေခဲ့သည်။
သွေးဓားအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး တစ်ချိန်က ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကို စိုးမိုးခဲ့သည့် အမြင့်မြတ်ဆုံး အင်မော်တယ်ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ခဲ့ဖူးသည်။
ယခုအခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဆုတ်ယုတ်နေပြီ ဖြစ်သော်လည်း ပိန်လှီသွားသော ကုလားအုပ်သည် မြင်းထက် ကြီးမားနေဆဲပင်။
သွေးဓားအင်မော်တယ်ဂိုဏ်း၏ စွမ်းအားဖြင့်ဆိုလျှင် သွေးနတ်ဆိုးဂိုဏ်းမှ ပါရမီရှင်များ၏ သွားလာလှုပ်ရှားမှုကို စုံစမ်းရန်မှာ အခက်အခဲ ကြီးကြီးမားမားရှိမည် မဟုတ်ပေ။
ဤသို့ စောင့်ဆိုင်းရင်းဖြင့်ပင် နေ့တစ်ဝက်သည် ကုန်ဆုံးသွားခဲ့၏။
ယင်းအချိန်တွင် မျက်လုံးမှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ထားနေသော ကျန်းချန်သည် တစ်စုံတစ်ရာကို အဆုံးသတ်တွင် အာရုံခံမိသွားခဲ့ပြီး သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်ကာ ရေရွတ်လိုက်သည်။
“နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”
ထိုစကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် ခဏမျှ မှင်တက်သွားခဲ့သည်။
သိပ်မကြာမီမှာပင် သူက ကပ်ဘေးအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါကို ခံစားမိလိုက်ကာ ထိုအရှိန်အဝါက သူတို့ ရှိရာသို့ လျင်မြန်စွာ ချဥ်းကပ်လာသည်ကို သိရှိလိုက်သည်။
သူက လျင်မြန်စွာပင် ကျန်းချန်ကို ပြောလိုက်သည်။
“သခင်ကြီး..ဒီရွှယ်ယွိထျန်းက ကပ်ဘေးအစောပိုင်း အဆင့်ပဲ ရှိပါသေးတယ်.. ကျွန်တော်နဲ့ပဲ လွှဲပေးလိုက်ပါ”
တစ်ချိန်က သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ဖြစ်သည့် အလျောက် ရွှယ်ချန်ကျဲ၏ ပါရမီသည် ရွှယ်ယွိထျန်းထက်ပင် ပို၍ ကောင်းမွန်ခဲ့သည်။
ထို့အပြင် ကျင့်ကြံခြင်း အဆင့်တွင်လည်း ရွှယ်ယွိထျန်းသည် သူ့ထက်ပင် ပို၍ နိမ့်ကျ၏။
ကျန်းချန် မလှုပ်ရှားလျှင်ပင် သူ့အနေဖြင့် ရွှယ်ယွိထျန်းကို သုံးကွက် အတွင်း သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း အဲဒီကောင်ရဲ့ အာရုံကို တစ်ခဏလောက် ဆွဲဆောင်ထားလိုက်.. သူ့ကို ငါပဲ ဖြေရှင်းလိုက်မယ်”
သွေးနတ်ဆိုးဂိုဏ်းမှ ထိပ်တန်းပါရမီရှင် လေးဦးထဲမှ တစ်ဦးဖြစ်၍ ရွှယ်ယွိထျန်တွင် သွေးနတ်ဆိုးဂိုဏ်းမှ ပေးအပ်ထားသည့် ဝှက်ဖဲ တချို့ ရှိနေမည်မှာ သေချာသလောက်ပင်။
ရွှယ်ယွိထျန် အနေဖြင့် ထိုဝှက်ဖဲများကို အသုံးပြုခွင့် ရသွားခဲ့လျှင် သူတို့အတွက် ပြဿနာများ ဖြစ်ပေါ်လာမည် သာမက သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် ထုတ်ဖော်မိသွားနိုင်ပေသည်။
ဤသို့ ဖြစ်လာမည်ကို ကျန်းချန် မလိုလားပေ။
ထိုအတွက်ကြောင့် မတော်တဆ ဖြစ်ရပ် တစ်စုံတစ်ရာ မဖြစ်ပွားစေရန် အတွက် ကျန်းချန်သည် ရွှယ်ယွိထျန်းအား တုံ့ပြန်ရန် အခွင့်အရေး လုံးဝမပေးရန် ဆုံးဖြတ်ခဲ့ပြီး တစ်ကွက်တည်းဖြင့် အသေသတ်ရန် ရည်ရွယ်ထားခဲ့သည်။
အခန်း(၂၄၈၅)ပြီး၏။
အခန်း(၂၄၈၆)
ကျန်းချန်တို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောဆိုနေစဥ်မှာပင် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ကောင်းကင်ယံကနေ ပျံသန်း၍ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ထိုသွေးရောင်ဝတ်စုံဝတ် လူငယ်သည် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင် လေးဦးထဲမှ တစ်ဦး ဖြစ်သည့် ရွှယ်ယွိထျန်းဖြစ်ပြီး ကျန်းချန်တို့ ခရီးစဥ်၏ ပန်းတိုင်လည်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှယ်ယွိထျန်းသည် ကျန်းချန်တို့ရှိနေသည့် တောင်တန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ရွှယ်ချန်ကျဲသည် တုံ့ဆိုင်းမနေဘဲ သွေးရောင်အလင်းတန်း အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကာ ရွှယ်ယွိထျန်း၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။
သူ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည့် မဖိတ်ခေါ်ထားသော ဧည့်သည်အား မြင်လျှင် ရွှယ်ယွိထျန်း အံ့အားသင့်သွားခဲ့သည်။
“ငါရွှယ်ယွိထျန်းရဲ့လမ်းကိုတောင် ပိတ်ဆို့ရဲတယ်ဆိုတော့ မင်းက တော်တော်လေး သတ္တိကောင်းသားပဲ”
ရွှယ်ယွိထျန်းက ရွှယ်ချန်ကျဲကို အေးစက်စက်များဖြင့် စူးစိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့၏။
ဤဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲတွင် သူတို့သွေးနတ်ဆိုးဂိုဏ်းသည် တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်သည်။
သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်လေးဦး အနေဖြင့် သူ၏ အဆင့်အတန်းသည် သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းလုံးတွင်ပင် အလွန်တရာ မြင့်မား၏။
ဆိုရလျှင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲရှိ မရေမတွက်နိုင်သော အင်မော်တယ် ကျင့်ကြံသူများသည် သူ့ကို တရိုတသေ ဆက်ဆံကြရသည်။
ရွှယ်ယွိထျန်း၏ သမိုင်းတွင် တစ်စုံတစ်ဦးက သူ၏ လမ်းကို ဤမျှ ပြောင်ပြောင်တင်းတင်း ပိတ်ဆို့ဝံ့သည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
“သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် လေးဦးထဲမှာ အောက်ဆုံးနေရာမှာ ရှိတဲ့ကောင်က ဘာတွေ ဒီလောက် မာန်တက်နေတာလဲ”
ရွှယ်ချန်ကျဲက ရွှယ်ယွိထျန်းကို မထီမဲ့မြင်ကြည့်ကာ ခနဲ့လိုက်သည်။
“ငါရွှယ်ချန်ကျဲ ဒီတစ်ကြိမ် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာဆီပြန်လာတာက သွေးနတ်ဆိုးဂိုဏ်းက လူတွေကို သတ်ဖြတ်ဖို့ပဲ”
ရွှယ်ချန်ကျဲ၏ စကား အဆုံးသတ်သည်နှင့် ရွှယ်ယွိထျန်း၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
“မင်း.. မင်းက ရွှယ်ချန်ကျဲလား”
ရွှယ်ချန်ကျဲ ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းရာချီက သူတို့သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်ခဲ့သည်။
ထိုအချိန်က သူသည် သန္ဓေဝိညာဥ်အဆင့်သာ ရှိသည့် ကျင့်ကြံသူမျှသာ ဖြစ်ပြီး ရွှယ်ချန်ကျဲကမူ သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း အကြောင်းကိစ္စ တစ်ခုခုကြောင့် ရွှယ်ချန်ကျဲသည် နောက်ပိုင်းတွင် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့သည်။
မကြာသေးမီက သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ ဆီသို့ ရွှယ်ချန်ကျဲ ပြန်ရောက်လာသည် ဟူသော သတင်းကို ရရှိခဲ့ပြီး ရွှယ်ချန်ကျဲကို ဖမ်းဝရမ်း ထုတ်ထားခဲ့သော်လည်း ယနေ့အထိ သတင်းအစန မရရှိခဲ့ပေ။
ရွှယ်ယွိထျန်းသည် ရွှယ်ချန်ကျဲနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင် လေးဦးထဲမှ တစ်ဦး ဖြစ်သော်လည်း ရွှယ်ချန်ကျဲနှင့် ရင်ဆိုင်နိုင်မည်ဟု သေချာမှု မရှိချေ။
သို့ရာတွင် ရွှယ်ယွိထျန်း တစ်ယောက် အံ့ဩထိတ်လန့်မှုကနေ မရုန်းထွက်နိုင်သေးမီမှာပင် အောက်ဘက်ရှိ တောင်တန်းထဲကနေ အင်မော်တယ် အလင်းများ ဖြာထွက်နေသည့် စူးရှသော ဓားအလင်း တစ်ခုသည် ကောင်းကင်ယံ ဆီသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
ထိုဓားအလင်း၏ အရှိန်အဝါသည် နေရာလွတ်ကိုပင် အေးခဲသွားစေခဲ့ပြီး ကောင်းကင်ယံရှိ နတ်ဘုရားတစ်ပါးကိုပင် ဓားချက် တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်တော့မည့်အလား ဖြစ်နေခဲ့၏။
ဤကြောက်မက်ဖွယ် ဓားချက်၏ အရှိန်အဝါ အောက်တွင် ကပ်ဘေးအစောပိုင်းအဆင့်ရှိ ရွှယ်ယွိထျန်းသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
“မသတ်ပါနဲ့”
ရွှယ်ယွိထျန်းက မျှော်လင့်ချက်ကင်းမဲ့ကာ ထိတ်လန့်တကြားဖြစ်နေခဲ့သည်။
သို့သော်လည်း ရွှယ်ယွိထျန်းသည် ထိုစကားတစ်ခွန်းမျှသာပြောနိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ် ဓားအလင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ အဆုံးသတ်၌ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ပါ မကျန် ဓားအလင်းအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
“တကယ်ကို ကြောက်စရာကောင်းတဲ့ ဓားချက်ပါလား”
ကျန်းချန်က ရွှယ်ယွိထျန်းကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ရွှယ်ချန်ကျဲ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကြယ်တာရာကောင်းကင်ယံတွင် ကျန်းချန်နှင့် တိုက်ခိုက်စဥ်က ကျန်းချန်၏ ကြောက်မက်ဖွယ်ရာအင်အားကို သူခံစားဖူးသော်လည်း ယခု ကျန်းချန် ထုတ်ဖော်လိုက်သည့် ဓားချက်ကို မြင်သောအခါမှ ရွှယ်ချန်ကျဲသည် ကျန်းချန်ကို အထင်သေးမိနေဆဲဖြစ်မှန်း သူ့ကိုယ်သူ သိရှိလိုက်သည်။
ထိုဓားချက်သည် ကပ်ဘေး အထွတ်အထိပ်အဆင့်ရှိ သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်ပင် ခုခံနိုင်ရာ အလွန်တရာ ခက်ခဲလိမ့်မည် ဖြစ်၏။
“ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး.. ငါတို့သွားကြစို့”
ကျန်းချန်က ရွှယ်ယွိထျန်းကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ရွှယ်ချန်ကျဲကိုခေါ်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ကျန်းချန်က ရွှယ်ယွိထျန်းကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သောအချိန်မှာပင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သော သွေးနတ်ဆိုးဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ကျယ်လောင်သောခေါင်းလောင်းထိုးသံ တစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။
ထိုခေါင်းလောင်းထိုးသံကို ကြားလျှင် သွေးနတ်ဆိုးဂိုဏ်း တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြ၏။
“ဂိုဏ်းရဲ့ မြင့်မြတ်တဲ့ ခေါင်းလောင်းကို တကယ်ပဲ ထိုးလိုက်တာလား"
"နောက်ဆုံးအကြိမ် မြင့်မြတ်တဲ့ ခေါင်းလောင်းကို ထိုးခဲ့တာက သွေးနတ်ဆိုးဂိုဏ်းကို ရွှယ်ချန်ကျဲ သစ္စာဖောက်တဲ့အချိန်က မဟုတ်လား.. ကြည့်ရတာ သွေးနတ်ဆိုးဂိုဏ်းမှာ ကြီးမားတဲ့ကိစ္စတစ်ခုခု ဖြစ်ပေါ်နေပြီ ထင်တယ်”
“..........”
သွေးနတ်ဆိုးဂိုဏ်းမှ တပည့်များစွာသည် ခေါင်းလောင်းထိုးသံနှင့် ပတ်သက်၍ ဆွေးနွေးနေကြစဥ် သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများသည် ခန်းမတစ်ခုထဲတွင် စုဝေးနေခဲ့ကြသည်။
ခေါင်းဆောင်မှာ သွေးနတ်ဆိုးဂိုဏ်း၏ လက်ရှိခေါင်းဆောင်ဖြစ်သည့် သွေးနတ်ဘုရားပင် ဖြစ်သည်။
ခန်းမထဲကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီးနောက်တွင် သွေးနတ်ဘုရား၏ အသံသည် ခန်းမအတွင်း၌ တိုက်ရိုက်ပင် ပဲ့တင်ထပ်သွားခဲ့သည်။
“အားလုံးပဲ.. သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် လေးဦးထဲက တစ်ဦးဖြစ်တဲ့ ရွှယ်ယွိထျန်း ကျဆုံးသွားခဲ့ပြီ”
ထိုစကားကိုကြားလျှင် ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ဂိုဏ်းချုပ် ဒါမဖြစ်နိုင်ဘူးထင်တယ်.. ရွှယ်ယွိထျန်းက သိပ်မကြာခင်ကပဲ ရွှယ်ယန်ပြည်နယ်ဆီ အလုပ်ကိစ္စနဲ့ သွားတာမဟုတ်လား.. ရွှယ်ယန်ပြည်နယ်ထဲမှာ သွေးနတ်ဆိုးဂိုဏ်းရဲ့ထိပ်တန်း ပါရမီရှင်ကို ဘယ်သူ သတ်ဖြတ်ရဲမှာလဲ”
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ အသတ်ခံလိုက်ရတာက အမှန်တရားပဲ.. ရွှယ်ယွိထျန်းက တကယ်ပဲ အသတ်ခံလိုက်ရပြီ”
သွေးနတ်ဘုရားက မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။
ကပ်ဘေးအဆင့် လူငယ်ပါရမီရှင် တစ်ဦးစီသည် သွေးနတ်ဆိုးဂိုဏ်း၏ မရေမတွက်နိုင်သော အရင်းအမြစ်များဖြင့် ပြုစုပျိုးထောင်ထားသူများ ဖြစ်ပြီး အနာဂတ်တွင် မဟာယာနအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်မည့်သူများ ဖြစ်ကြသည်။
ယနေ့ခေတ် သွေးနတ်ဆိုးဂိုဏ်းတွင်ပင် ထိုကဲ့သို့ ပါရမီရှင် လေးဦးမျှသာ ရှိ၏။
ယခု တစ်ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဟုပင် ဆိုရပေလိမ့်မည်။
“ရွှယ်ယွိထျန်း ရုတ်တရက် ကျဆုံးသွားတာ သိပ်မရိုးရှင်းဘူးထင်တယ်...သွေးဓားအင်မော်တယ်ဂိုဏ်းက ကောင်တွေ ခိုးကြောင်ခိုးဝှက် လုပ်ကြံလိုက်တာများလား”
သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့၏။
ဤဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲတွင် သူတို့ သွေးနတ်ဆိုးဂိုဏ်း၏ အကြီးမားဆုံး ရန်သူမှာ သွေးဓားအင်မော်တယ်ဂိုဏ်း ဖြစ်၍ သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်ကို လုပ်ကြံသတ်ဖြတ်ဝံ့သည့် သတ္တိမျိုးသည် သွေးဓားအင်မော်တယ်ဂိုဏ်းတွင်သာ ရှိလိမ့်မည် ဖြစ်သည်။
“ရွှယ်ယွိထျန်းက ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် လေးဦးထဲက တစ်ဦးပဲ.. သူ့မှာ ဝှက်ဖဲတချို့ ရှိနေတဲ့အတွက် ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးတောင် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး.. သွေးဓားအင်မော်တယ်ဂိုဏ်းက အခုအချိန်မှာ အင်အားနည်းနေပြီ.. လက်ချိုးရေတွက်လို့ရတဲ့ လူအနည်းငယ်က လွဲရင် သူတို့ဂိုဏ်းမှာ တခြားဘယ်သူကမှ ရွှယ်ယွိထျန်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူး.. ဒါပေမဲ့ အဲဒီ လက်ချိုးရေတွက်လို့ရတဲ့ လူအနည်းငယ်က ဘာလှုပ်ရှားမှုမှ မရှိတဲ့အတွက် ရွှယ်ယွိထျန်းကို သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
သွေးဓားအင်မော်တယ်ဂိုဏ်းကို စောင့်ကြည့်ရန် တာဝန်ယူထားသည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။
ထိုစကားကို အခြား မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ပြန်လည်ချေပလိုက်၏။
“ဒီကိစ္စက သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ လက်ချက် မဟုတ်ဘူးဆိုရင် တခြား ဘယ်သူ့လက်ချက် ဖြစ်နိုင်ဦးမှာလဲ”
“သွေးဓားအင်မော်တယ်ဂိုဏ်း အပြင် ရွှယ်ယွိထျန်းကို သတ်ဖြတ်နိုင်ခြေရှိတဲ့ တခြား လူတစ်ယောက် ရှိနေပါသေးတယ်”
သွေးနတ်ဘုရား၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားခဲ့ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“သွေးနတ်ဆိုးဂိုဏ်းကို သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့ ရွှယ်ချန်ကျဲက သိပ်မကြာခင်ကပဲ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို ပြန်ရောက်လာခဲ့ပြီ”
သွေးနတ်ဘုရား၏ စကားကိုကြားလျှင် ခန်းမအတွင်းရှိ အကြီးအကဲများ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ရွှယ်ချန်ကျဲလား”
“ရွှယ်ယွိထျန်းကို သတ်ခဲ့တဲ့သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီ ပြန်ရောက်လာတဲ့ ရွှယ်ချန်ကျဲလို့ ဆိုလိုချင်တာလား”
အခန်း(၂၄၈၆)ပြီး၏။