အခန်း (၂၄၈၇-၂၄၈၈)
Vol. 189 Ch. 2487-2488
အခန်း(၂၄၈၇)
ရွှယ်ချန်ကျဲသည် တစ်ချိန်က အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းကပင် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ယခုနှစ်ပေါင်းရာချီ ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ ရွှယ်ချန်ကျဲ၏ ခွန်အားသည် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် ရွှယ်ချန်ကျဲထံတွင် ရွှယ်ယွိထျန်းကို သတ်ဖြတ်နိုင်သည့် ခွန်အားများ အမှန်တကယ်ပင် ရှိနေနိုင်၏။
အကယ်၍ ထိုကိစ္စသာ သွေးဓားအင်မော်တယ်ဂိုဏ်း၏ လက်ချက် မဟုတ်ခဲ့လျှင် ရွှယ်ယွိထျန်းကို သတ်ဖြတ်ခဲ့သည့် လူသတ်သမားမှာ ရွှယ်ချန်ကျဲ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။
“ဂိုဏ်းချုပ်.. ရွှယ်ချန်ကျဲက အခုအမှောင်ထဲမှာ ပုန်းအောင်းနေတယ်...ဒါက ကျွန်တော်တို့ သွေးနတ်ဆိုးဂိုဏ်းအတွက် ကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်လို့ ဒီကိစ္စကို အမြန်ဖြေရှင်းမှဖြစ်လိမ့်မယ်”
သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်ကိုပင် တိတ်တဆိတ် သတ်ဖြတ်နိုင်သည်ဆိုလျှင် အနည်းဆုံး ကပ်ဘေး အထွတ်အထိပ်အဆင့် သို့မဟုတ် မဟာယာန တစ်ပိုင်းအဆင့် သို့ပင် ရောက်ရှိနေမည်ကို သူစိုးရိမ်နေမိသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မဟာယာနအဆင့် ကျင့်ကြံသူမှ လွဲလျှင် သာမန် ကျင့်ကြံသူများသည် ရင်ဆိုင်ရန် မလွယ်ကူပေ။
အကယ်၍ ရွှယ်ချန်ကျဲကိုသာ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် ဆက်လက် ပုန်းအောင်းခွင့် ပြုထားမည်ဆိုလျှင် နောက်ဆက်တွဲရလဒ်များသည် ဆိုးရွားလာလိမ့်မည် မဟုတ်ပါလား။
“ရွှယ်ချန်ကျဲကို အမြန်ဆုံးရှာဖွေဖို့ ချက်ချင်း အမိန့်ထုတ်လိုက်.. ဆိတ်ငြိမ်သွေးကောင်းကင် တစ်ခုလုံးကို မြေလှန်ရှာရမယ် ဆိုရင်တောင် အဲဒီသစ္စာဖောက်ကို ရအောင်ရှာဖွေရမယ်”
သွေးနတ်ဘုရား၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
သူ၏ အေးစက်စက် စကားသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
သွေးနတ်ဘုရား၏ အမိန့်အရ သွေးနတ်ဆိုးဂိုဏ်းသည် အင်အား အလုံးအရင်းကို အသုံးပြုကာ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် မြေလှန်ရှာဖွေရေးကို စတင်ခဲ့သည်။
သို့သော် ထိုသို့ ရှာဖွေသည့်တိုင် သွေးနတ်ဆိုးဂိုဏ်းသည် ရွှယ်ချန်ကျဲ၏ အရိပ်အယောင်ကိုပင် မတွေ့ရဘဲ ရွှယ်ချန်ကျဲသည် လေထဲမှာပင် အငွေ့ပျံ ပျောက်ကွယ်သွား သကဲ့သို့ ဖြစ်နေခဲ့၏။
နှစ်ပတ်ကြာသည်အထိ သွေးနတ်ဆိုးဂိုဏ်းသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် မြေလှန်ရှာဖွေခဲ့သော်လည်း ရွှယ်ချန်ကျဲကို ရှာမတွေ့ခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့် သွေးနတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ပါရမီရှင် လေးဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်သော ရွှယ်ဟုန်ယန်သည် သွေးနတ်ဆိုးဂိုဏ်းမှ တပည့်များကို ဦးဆောင်ကာ ရွှယ်ချန်ကျဲကို ရှာဖွေနေစဥ်အတွင်း တစ်အုပ်စုလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည်။
သွေးနတ်ဆိုးဂိုဏ်းသည် နောက်တစ်ကြိမ် ထပ်မံ တုန်လှုပ် သွားပြန်သည်။
နှစ်ပတ်အတွင်း သွေးနတ်ဆိုးဂိုဏ်းမှ ထိပ်တန်း ပါရမီရှင်လေးဦးထဲမှ နှစ်ဦးသည် သွေးနတ်ဆိုးဂိုဏ်း ထိန်းချုပ်ထားသော ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲတွင် ကျဆုံးသွားခဲ့သည်။
ဤသည်မှာ သွေးနတ်ဆိုးဂိုဏ်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် စာရင်းဝင်လာကတည်းကပင် ဤမျှ ပြင်းထန်သော ထိုးနှက်ချက်မျိုးကို တစ်ခါမှ မခံစားခဲ့ဖူးပေ။
ကပ်ဘေးအဆင့် လူငယ်ပါရမီရှင် နှစ်ဦး ဆက်တိုက် ကျဆုံးသွားခြင်းသည် သွေးနတ်ဆိုးဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည့် သွေးနတ်ဘုရားကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
ထို့ကြောင့် သူက မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် သူ၏ ကိုယ်ရံတော်နှစ်ဦးထဲမှ တစ်ဦး ဖြစ်သည့် လက်ဝဲကိုယ်ရံတော် ရွှယ်ရန်ဟဲကို ရွှယ်ဟုန်ယန် ကျဆုံးသည့် ကိစ္စအား စုံစမ်းရန် စေလွှတ်ခဲ့သည်။
-------------------
ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေရှိ ကျော်ကြားသော တောင်တန်းတစ်ခု ဖြစ်သည့် သွေးမြူတောင်တန်း၏ ပတ်ဝန်းကျင်သည် အလွန်တရာပင် ကြမ်းတမ်းပြီး တစ်နှစ်ပတ်လုံး သွေးရောင်မြူများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သာမန် ကျင့်ကြံသူတစ်ဦးသာ သွေးမြူတောင်တန်းတွင် အချိန်အကြာကြီး နေထိုင်မည်ဆိုလျှင် စိတ်ကစဥ့်ကလျား ဖြစ်နိုင်ခြေ အလွန်များ၏။
ထိုအချက်ကြောင့်ပင် ကျင့်ကြံသူ တချို့သည် အထူးလိုအပ်ချက် မရှိသရွေ့ သွေးမြူတောင်တန်းထဲသို့ လာရောက်လေ့ မရှိပေ။
မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်သည့် သွေးနတ်ဆိုးဂိုဏ်း၏ လက်ဝဲကိုယ်ရံတော် ရွှယ်ရန်ဟဲနှင့် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ အပါအဝင် သွေးနတ်ဆိုးဂိုဏ်းသား အချို့သည် သွေးမြူတောင်တန်းထဲရှိ တိတ်ဆိတ်သော တောအုပ်တစ်ခု၏ အထက်တွင် ပေါ်လာခဲ့သည်။
သူတို့က အောက်ဘက်ရှိ တောင်တန်းနှင့် တောအုပ်များကို အကဲခတ် ကြည့်လိုက်ကြ၏။
အောက်ဘက်ရှိ တောင်တန်းနှင့် တောအုပ်များသည် ပရမ်းပတာ ဖြစ်နေခဲ့ပြီး မိုင်ပေါင်းထောင်ချီ ဧရိယာအတွင်းရှိ သစ်ပင်ပန်းပင် အားလုံးနီးပါသည် အပျက်အစီးများ ဖြစ်နေခဲ့သည်။
မိုင်ပေါင်းထောင်ချီ ရှည်လျားသော အက်ကြောင်းကြီးတစ်ခုသည် မြေပြင်ထက်တွင် ချောက်ကမ်းပါးကြီးတစ်ခုနှယ် ဖြစ်ပေါ်နေခဲ့သည်။
ထိုကြီးမားသော အက်ကြောင်းထဲတွင် ပြင်းထန်သော ဓားအရှိန်အဝါများ ခပ်ရေးရေး ပျံ့နှံ့နေဆဲ ဖြစ်၏။
“လက်ဝဲကိုယ်ရံတော်.. ကျွန်တော်တို့ ရရှိထားတဲ့ သတင်းတွေအရ ဒီနေရာက ရွှယ်ဟုန်ယန်တို့တွေ နောက်ဆုံး ပျောက်ကွယ်သွားတဲ့ နေရာပဲ”
ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သိပ်ကို ကြောက်ဖို့ကောင်းတဲ့ ဓားချက်ပဲ.. ဒီဓားချက်က လွဲရင် ဒီနေရာမှာ တိုက်ခိုက်ထားတဲ့ အရိပ်အယောင် လုံးဝမရှိဘူး”
ရွှယ်ရန်ဟဲက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ ခန့်မှန်းချက်မမှားဘူးဆိုရင် ပြိုင်ဘက်က ဓားချက်တစ်ချက်တည်းနဲ့ ရွှယ်ဟုန်ယန် အပါအဝင် သွေးနတ်ဆိုးဂိုဏ်းရဲ့ တပည့် တစ်ဒါဇင်ကျော်ကို သတ်ဖြတ်လိုက်တာပဲ ဖြစ်ရမယ်”
ရွှယ်ရန်ဟဲ၏ စကားကိုကြားလျှင် သူနှင့်အတူ လိုက်ပါလာသည့် သွေးနတ်ဆိုးဂိုဏ်းသားများ၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ရှိနေခဲ့၏။
ရွှယ်ဟုန်ယန်သည် ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထို့အပြင် သူနှင့်အတူ လိုက်ပါသွားသည့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် တပည့်တစ်ဒါဇင်ကျော်သည်လည်း သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။
ရွှယ်ချန်ကျဲသည် အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းပါရမီ ရှိသော်လည်း ဤမျှအထိ အစွမ်းထက်နေရန်မှာ ဖြစ်နိုင်ပါသလော။
ရွှယ်ချန်ကျဲသည် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို အမှန်တကယ် ကျော်ဖြတ်ပြီး မဟာယာနတစ်ပိုင်းအဆင့် သို့မဟုတ် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့ပါသလော။
အကယ်၍ ထိုအတိုင်းသာ ဖြစ်နေခဲ့လျှင် အခြေအနေသည် ပို၍ပင် ခက်ခဲသွားနိုင်ပေသည်။
ရွှယ်ချန်ကျဲသည် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ဖြစ်၍ မဟာယာန တစ်ပိုင်းအဆင့်ကိုသာ ထိုးဖောက်နိုင်ခဲ့လျှင် သာမန် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ရွှယ်ချန်ကျဲကို ရင်ဆိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူများ မလှုပ်ရှားသရွေ့ သွေးနတ်ဆိုးဂိုဏ်း အတွင်း မည်သူကမျှ ရွှယ်ချန်ကျဲကို နှိမ်နင်းနိုင်မည် မဟုတ်လောက်ချေ။
“လက်ဝဲကိုယ်ရံတော်.. ရွှယ်ချန်ကျဲရဲ့ အင်အားက နက်ရှိုင်းလွန်းတယ်.. သူက သွေးနတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်တပည့်တွေကို ရည်ရွယ်သတ်ဖြတ်ပြီး သွေးနတ်ဆိုးဂိုဏ်းကို ကလဲ့စားချေနေပုံပဲ.. အခု ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူက ရွှယ်ရန်ဟဲကို မေးလိုက်သည်။
နှစ်ပတ်အတွင်း သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် ကပ်ဘေးအဆင့် လူငယ်ပါရမီရှင် နှစ်ဦးနှင့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် တပည့်တစ်ဒါဇင်ကျော်ကို ဆုံးရှုံးခဲ့ရသည်။
အကယ်၍ ရွှယ်ချန်ကျဲကိုသာ ရှာမတွေ့နိုင်လျှင် သွေးနတ်ဆိုးဂိုဏ်း၏ တပည့်များစွာသည် ရွှယ်ချန်ကျဲ၏ လက်ထဲတွင် ထပ်မံ ကျဆုံးရမည်ကို သူစိုးရိမ်နေမိသည်။
ရွှယ်ချန်ကျဲကို ရှာမတွေ့သရွေ့ သွေးနတ်ဆိုးဂိုဏ်းမှ တပည့်အားလုံးသည် ဂိုဏ်းထဲမှာပင် နေထိုင်ပြီး အပြင်လုံးဝ မထွက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော သွေးနတ်ဆိုးဂိုဏ်းသည် ရွှယ်ချန်ကျဲ ကဲ့သို့ သစ္စာဖောက်တစ်ဦးကြောင့် ဤမျှအထိ အကျပ်ရိုက်နေသော သတင်းသာ ပျံ့နှံ့သွားခဲ့လျှင် နောင်တွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၌ မည်ကဲ့သို့ မျက်နှာမျိုးဖြင့် ရပ်တည်နိုင်ပါတော့မည်နည်း။
“ရွှယ်ချန်ကျဲ.. မင်းကို ငါတို့ သွေးနတ်ဆိုးဂိုဏ်းက မဖမ်းနိုင်ဘူးလို့များ ထင်နေလား"
ရွှယ်ရန်ဟဲ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူက မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းငါ့ကို စောင့်ရှောက်ထားပေး.. ငါဘယ်လောက်ပဲ ပေးဆပ်ရပါစေ.. ဒီနေ့ အဲဒီသစ္စာဖောက်ကို မရရအောင် ရှာဖွေမယ်”
စကားဆုံးသည်နှင့် ရွှယ်ရန်ဟဲသည် လေထုထဲတွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်သည်။
ရွှယ်ချန်ကျဲက လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ သွေးရောင် တောက်ပနေသော အစီအရင် သင်္ကေတများသည် အောက်ဘက်ရှိ တောအုပ် ဆီသို့ ရောက်ရှိသွားခဲ့သည်။
ခဏအကြာတွင် ရွှယ်ရန်ဟဲ၏ အေးစက်စက် ကြုံးဝါးသံသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“သံသရာသွေးပညာရပ်.. ပေါင်းစည်းစမ်း”
“ဝုန်း..”
ရွှယ်ရန်ဟဲ၏ အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် သူယခင်က လက်ဟန်များ ပြုလုပ်ကာ ထုတ်ဖော်ခဲ့သည့် သွေးရောင် အစီအရင်သင်္ကေတများသည် အောက်ဘက်ရှိ တောအုပ်ထဲကနေ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ပြီး အဆုံးသတ်တွင် လေထုထဲ၌ ကြီးမားသော သွေးကောင်းကင်ယံ အဖြစ် စုစည်းသွားခဲ့သည်။
ထိုခဏဝယ် အောက်ဘက်ရှိ တောအုပ်အတွင်းတွင် ပုံရိပ်များ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် အချိန်သည် စဥ်ဆက်မပြတ် နောက်ပြန်ဆုတ်သွားပုံရ၏။
အလွန် လျင်မြန်စွာပင် သွေးရောင်ကောင်းကင်ယံသည် သူတို့ ရောက်မလာခင်က အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး မြေပြင်ထက်ရှိ အက်ကြောင်းကြီး ပင်လျှင် အစအနမကျန်ရှိသည်အထိ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ပုံရိပ်သုံးခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့၏။
အခန်း(၂၄၈၇)ပြီး၏။
အခန်း(၂၄၈၈)
အချိန်များ ပြန်လည် ကူးပြောင်းသွားသည်နှင့်အမျှ ရွှယ်ရန်ဟဲတို့လူစုသည် ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ဖြစ်စဥ် တစ်ခုလုံးသည် အမှန်တကယ်ပင် ရိုးရှင်းလှ၏။
ရွှယ်ဟုန်ယန်တို့ လူစုသည် အမှန်တကယ်ပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
“ဒီတစ်ခေါက် ရွှယ်ချန်ကျဲ ပြန်လာတဲ့အခါမှာ တစ်ယောက်တည်း မဟုတ်ဘဲ အစွမ်းထက် အဖော်တစ်ယောက် ပါလာလိမ့်မယ်လို့ ငါမထင်ထားမိဘူး”
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူက မှင်တက်ရာကနေ ပြန်လည် သတိဝင်လာခဲ့သည်။
ဤအခိုက်အတန့်တွင် သူတို့ သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ယွိထျန်းနှင့် ရွှယ်ဟုန်ယန် ဟူသည့် ထိပ်တန်း ပါရမီရှင်နှစ်ဦးသည် အဘယ်ကြောင့် ကျဆုံးသွားသည်မှန်း သူတို့ နားလည်သွားကြပြီ ဖြစ်သည်။
ရွှယ်ချန်ကျဲသည် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုကာ သွေးနတ်ဆိုးဂိုဏ်းမှ ပါရမီရှင်များ၏ အာရုံကို ဆွဲဆောင်နေစဥ်တွင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူထက် မနိမ့်ကျသော ပြိုင်ဘက်ကင်း ကျင့်ကြံသူက ဓားချက် တစ်ချက်တည်းဖြင့် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်းဓားချက်သည် သာမန် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုပင် အနည်းငယ် ပေါ့ဆမိရုံဖြင့် ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်၏။
ရွှယ်ချန်ကျဲ တစ်ယောက်တည်းကပင် သူတို့ကို ခေါင်းခဲစေရန် လုံလောက်နေပြီ ဖြစ်ရာ ဤကဲ့သို့ ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူ တစ်ဦးသာ ထပ်ပေါင်းလိုက်လျှင် အခြေအနေသည် သေချာပေါက် ပိုမို၍ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ စကားပြောဆိုနေစဥ်မှာပင် အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ရွှယ်ရန်ဟဲ၏ မျက်နှာအမူအရာသည် အလွန်အမင်း ဖြူဖျော့သွားခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာနအဆင့်ကနေ မဟာယာန တစ်ပိုင်းအဆင့်သို့ တိုက်ရိုက်ပင် ကျဆင်းသွားခဲ့၏။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ဖော်ထုတ်ရန် ရွှယ်ရန်ဟဲ အသုံးပြုခဲ့သော သွေးသံသရာပညာရပ် အတွက် အလွန်ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်မှာ ထင်ရှားနေခဲ့၏။
“လက်ဝဲကိုယ်ရံတော် အခြေအနေကောင်းရဲ့လား”
ဤမြင်ကွင်းကိုမြင်လျှင် သွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများသည် အနည်းငယ် အံ့အားသင့်သွားကြသည်။
“ရပါတယ်.. ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ”
ရွှယ်ရန်ဟဲက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အဲဒီ ဓားကျင့်ကြံသူကို သွေးဓားအင်မော်တယ်ဂိုဏ်းကလို့ မင်းတို့ထင်လား”
ရွှယ်ရန်ဟဲ၏ မေးခွန်းကိုကြားလျှင် လူတိုင်း၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ဓားလမ်းစဥ်ကို အထူးပြု ကျင့်ကြံသည့် အင်အားစုများစွာ မရှိပေ။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ ဓားလမ်းစဥ်ကျင့်ကြံသည့် ဂိုဏ်းတစ်ဂိုဏ်းကို ဖယ်လိုက်လျှင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် အကျော်ကြားဆုံး ဖြစ်သည်။
ထို့အပြင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် သူတို့ သွေးနတ်ဆိုးဂိုဏ်းနှင့် အမြဲတစေ ရန်ငြိုးရန်စများ ရှိနေခဲ့ကြပြီး ကမ္ဘာမကြေရန်သူများလည်း ဖြစ်ကြသည်။
ဤတစ်ခေါက် ရွှယ်ချန်ကျဲ ပြန်ရောက်လာခြင်းသည် သွေးနတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ရန် အတွက် သွေးဓားအင်မော်တယ်ဂိုဏ်းနှင့် ပူးပေါင်းခြင်းလည်း ဖြစ်နိုင်လောက်၏။
“အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ်.. ဓားကျင့်ကြံသူဖြစ်တဲ့ အနက်ရောင်ဝတ်စုံဝတ် လူငယ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူနဲ့ ယှဥ်နိုင်တဲ့ ပါရမီရှင် တစ်ဦးပဲ.. သွေးဓားအင်မော်တယ်ဂိုဏ်းမှာ ဒီလို ပါရမီရှင်မျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ”
သွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူ တစ်ဦးက မယုံကြည်နိုင်သောအမူအရာဖြင့် ပြောလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. သွေးဓားအင်မော်တယ်ဂိုဏ်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ ခန့်မှန်းလို့မရတဲ့ နောက်ခံတွေရှိတယ်.. သူတို့တွေ ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူ တစ်ဦးကို တိတ်တဆိတ် ပျိုးထောင်ထားမလား ဆိုတာ ဘယ်သူသိနိုင်မှာလဲ.. ဒါ့အပြင် ရွှယ်ချန်ကျဲက ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်တွေနဲ့ ပတ်သက်ပြီး အရမ်းကို နှံ့နှံ့စပ်စပ် သိနေတဲ့ပုံပဲ.. ကြည့်ရတာ သွေးဓားအင်မော်တယ်ဂိုဏ်းက အမှောင်ထဲကနေ အကူအညီပေးနေတာ ဖြစ်ဖို့များတယ်.. ငါ့အနေနဲ့ မတော်တဆ ဖြစ်ရပ်မျိုး အကြိမ်တစ်သောင်းမှာ တစ်ကြိမ်တောင် အဖြစ်မခံနိုင်ဘူး.. ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကိစ္စကို ငါတို့ သေချာကိုင်တွယ်မှရမယ်”
သွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူ တစ်ဦးက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“သွားကြစို့ ဒီကိစ္စက သာမန်မဟုတ်ဘူး.. ခေါင်းဆောင်ဆီပဲ အရင် သတင်းပို့ကြတာပေါ့.. အရာအားလုံးကို ခေါင်းဆောင်ပဲ ဆုံးဖြတ်ပါစေ”
ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ရန်ဟဲသည် သွေးနတ်ဆိုး ဂိုဏ်းဝင်များနှင့်အတူ လေထုထဲကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ရွှယ်ယန်ပြည်နယ်၏ ရွှယ်ယန်မြို့မှ မထင်မရှား သာမန် တည်းခိုခန်းလေး တစ်ခုတွင် ကျန်းချန်သည် အခန်းထဲရှိ ကုတင်ပေါ်၌ တင်ပျဥ်ခွေကာ ထိုင်နေခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သွေးမြူတောင်တန်း၌ ရွှယ်ဟုန်ယန်တို့ လူစုကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲနှင့် အတူ ရွှယ်ယန်မြို့ထဲသို့ ဝင်ရောက်ခဲ့ပြီး ဤတည်းခိုခန်းတွင် ပုန်းအောင်းနေခဲ့သည်။
ရွှယ်ဟုန်ယန်ကို သတ်ဖြတ်ပြီးနောက်တွင် သွေးနတ်ဆိုးဂိုဏ်းသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေတွင် အင်အားအလုံးအရင်းဖြင့် စတင်ရှာဖွေနေခဲ့သည်။
ရွှယ်ယန်မြို့ကိုလည်း သွေးနတ်ဆိုးဂိုဏ်းသည် တစ်ကြိမ်ထက်မက ရှာဖွေခဲ့သည့်တိုင် သူတို့ရှိနေသော နေရာသည် ဘေးကင်းသော နေရာတစ်ခု ဖြစ်နေခဲ့သည်။
ဤသို့ဖြင့်ပင် ကျန်းချန်တို့ နှစ်ယောက်သည် တည်းခိုခန်းတွင် ပုန်းအောင်းနေထိုင်ရင်း ကျန့်ဝူရွှယ်ထံမှ သတင်းကို ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
သူတို့ ပုန်းအောင်းနေသည့် တတိယမြောက်နေ့တွင် ကျန့်ဝူရွှယ်သည် ဓားအဆောင်လက်ဖွဲ့မှ တစ်ဆင့် ကျန်းချန်ထံ သတင်းတစ်ခု ထပ်မံ ပေးပို့ခဲ့သည်။
“သွေးဓားအင်မော်တယ်ဂိုဏ်းက သတင်းရတာ မြန်လှချည်လား”
ဓားအဆောင်လက်ဖွဲ့ ထဲသို့ သတင်းစကား ရောက်ရှိလာသည်ကို ခံစားမိလိုက်လျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက တုံ့ဆိုင်းမနေတော့ဘဲ သူ၏ နတ်အသိစိတ်အာရုံဖြင့် ဓားအဆောင်လက်ဖွဲ့ ထဲမှ အချက်အလက်များကို ဖတ်ရှုလိုက်၏။
ဓားအဆောင်လက်ဖွဲ့ထဲမှ အချက်အလက်များကို ဖတ်ရှုပြီးနောက်တွင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
အချက်အလက်များသည် သူမျှော်လင့်ထားသလို သွေးနတ်ဆိုးဂိုဏ်းမှ နောက်ထပ် ပါရမီရှင်၏ အချက်အလက်များမဟုတ်ဘဲ ကျန်းချန်နှင့် အလွန်ရင်းနှီးသော ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။
ထိုပုံရိပ်မှာ သူသွေးမြူတောင်တန်းတွင် ရွှယ်ဟုန်ယန်တို့ လူစုကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် ပုံရိပ်ပင်ဖြစ်သည်။
“မမျှော်လင့်ဘဲ သွေးမြူတောင်တန်းရဲ့ကိစ္စက လူသိရှင်ကြားဖြစ်သွားခဲ့ပြီပဲ”
ဓားအဆောင်လက်ဖွဲ့ထဲမှ သတင်း အချက်အလက်များကို ကြည့်ရှုပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် ချက်ချင်းပင် ပို၍ လေးနက်သွားခဲ့သည်။
သူက သွေးနတ်ဆိုးဂိုဏ်းကို အထင်သေးမိခဲ့ပုံရသည်။
သို့သော်လည်း ပြန်လည် စဥ်းစားကြည့်ပြီးနောက်တွင် ကျန်းချန်သည် လျင်မြန်စွာပင် စိတ်သက်သာရာ ရသွားခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။
ဆိုရလျှင် သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်၍ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးထက်မက ရှိသည့်အပြင် ထူးခြားသော နည်းလမ်းတချို့လည်း ရှိနိုင်ပေသည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သွေးမြူတောင်တန်းကို သွေးနတ်ဆိုးဂိုဏ်း၏ အစွမ်းထက် ကျင့်ကြံသူတစ်ဦး ရောက်ရှိခဲ့ပြီး လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် သွေးမြူတောင်တန်းတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ဖော်ထုတ်ခဲ့ခြင်း ဖြစ်နိုင်လောက်၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
ထိုခဏမှာပင် သူ၏ပုံရိပ်သည် လက်ခနဲ ဖြစ်သွားခဲ့ကာ ရွှယ်ချန်ကျဲရှိနေသည့် အခန်းထဲတွင် တိုက်ရိုက်ပင် ပေါ်ထွက်လာခဲ့၏။
“သခင်ကြီး ဘာဖြစ်လို့လဲ”
ကျန်းချန် ရုတ်တရက် ပေါ်လာသည်ကိုမြင်လျှင် ရွှယ်ချန်ကျဲသည် တစ်ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်၏။
“သွေးနတ်ဆိုးဂိုဏ်းက သွေးမြူတောင်တန်းမှာ ဖြစ်ပျက်ခဲ့သမျှကို အကုန်သိသွားပြီ.. ငါတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုလည်း သူတို့ သိသွားကြပြီ.. ဒါကြောင့် ရွှယ်ယန်မြို့မှာ ဆက်နေလို့ မဖြစ်တော့ဘူး.. ငါတို့ ခပ်မြန်မြန် ထွက်သွားကြရအောင်”
ထိုစကားကို ကြားလျှင် ရွှယ်ချန်ကျဲသည် ရုတ်တရက် အံ့ဩထိတ်လန့်သွားခဲ့သည်။
ပါရမီရှင် လုပ်ကြံခြင်း အစီအစဥ်အရ သွေးဓားအင်မော်တယ်ဂိုဏ်းက ပေးအပ်ထားသော တိကျသည့် သတင်းအချက်အလက်ကို အခြေခံ၍ သူတို့သည် သွေးနတ်ဆိုးဂိုဏ်းမှ ပါရမီရှင်များကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ပြီး လျင်မြန်စွာ ထွက်ပြေးနိုင်ခဲ့ရာ လက်သည် တရားခံမပေါ်ဘဲ တစ္ဆေသရဲများ သဖွယ် ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း အခြေအနေက ဤအထိ ရောက်ရှိနေပြီ ဖြစ်ရာ ရွှယ်ချန်ကျဲသည် ဘာစကားမျှ မပြောတော့ပေ။
ယခုအခါတွင် သူတို့ မည်သူမည်ဝါ ဖြစ်မှန်း ပေါ်ပေါက်သွားသဖြင့် ရွှယ်ယန်မြို့သည် သူတို့အတွက် အလွန်အမင်း အန္တရာယ်ကြီးနေပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် အရေးတကြီး လိုအပ်သည်မှာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန်သာ ဖြစ်၏။
ထို့ကြောင့် နှစ်ဦးသားသည် မည်သည့်တုံ့ဆိုင်းမှုမှ မရှိဘဲ တည်းခိုခန်းကနေ တိုက်ရိုက် ထွက်ခွာလာခဲ့ကြပြီး ရွှယ်ယန်မြို့ကနေ အပြေးအလွှား ထွက်ခွာရန် ပြင်လိုက်ကြသည်။
သို့သော်လည်း ကျန်းချန်တို့ ရွှယ်ယန်မြို့ကနေ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ကောင်းကင်ယံတွင် လူရိပ် ရာပေါင်းများစွာ ပေါ်လာခဲ့ပြီး ကျန်းချန်တို့ကို လျင်မြန်စွာ ဝိုင်းရံထားလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသည် ရွှယ်ယန်မြို့၏ အထက်ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့သည်။
“ရွှယ်ချန်ကျဲ မင်းကိုငါတို့ ဝိုင်းထားပြီးပြီ.. လိမ်လိမ်မာမာ အဖမ်းခံလိုက်စမ်း”
ထိုစကားသံက ကောင်းကင်နှင့်မြေကြီး အကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်နှင့်အမျှ သွေးရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သန်မာထွားကျိုင်းသည့် ပုံရိပ်တစ်ခုသည် ကျန်းချန်တို့ ရှေ့ရှိ လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။
ရုတ်တရက် ပေါ်ထွက်လာသည့် သန်မာထွားကျိုင်းသော ပုံရိပ်ကို မြင်လျှင် ရွှယ်ချန်ကျဲ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“ရွှယ်ချင်းယန်.. လက်စသတ်တော့ မင်းဖြစ်နေတာကိုး”
အခန်း(၂၄၈၈)ပြီး၏။