← Chapters

အခန်း (၂၄၈၉-၂၄၉၀)

Vol. 189 Ch. 2489-2490

အခန်း (၂၄၈၉-၂၄၉၀)

Vol. 189 Ch. 2489-2490

အခန်း(၂၄၈၉)

ရွှယ်ချန်ကျဲ ဆိုသည်မှာ သူ့ထက် ခေတ်တစ်ခေတ်စောသည့် သွေးနတ်ဆိုးဂိုဏ်းမှ ပါရမီရှင် ဖြစ်သည်။

သူ သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် ဖြစ်လာစဥ်မှာပင် ရွှယ်ချန်ကျဲသည် ကပ်ဘေးအဆင့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ချေပြီ။

ယခုလို နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက်တွင်မူ ရွှယ်ချန်ကျဲသည် အနည်းဆုံး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးပင် ဖြစ်နေလောက်၏။

သို့သော်လည်း ရွှယ်ချန်ကျဲတို့ နှစ်ယောက်က မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူ့အနေဖြင့် အချိန်တစ်ခဏ ဆွဲထားနိုင်သရွေ့ သွေးနတ်ဆိုးဂိုဏ်းမှ အင်အားကြီး ပုဂ္ဂိုလ်များသည် ရွှယ်ယန်မြို့သို့ ရောက်ရှိလာနိုင်မည် မဟုတ်ပါလား။

“ရွှယ်ချန်ကျဲ မင်းရဲ့သတ္တိက မခေဘူးပဲ.. သွေးနတ်ဆိုးဂိုဏ်းက ပါရမီရှင်နှစ်ယောက်ကို သတ်ဖြတ်ပြီး ငါမြို့စားမင်းရဲ့ နယ်မြေထဲမှာတောင် ပုန်းအောင်းရဲသေးတယ်”

ရွှယ်ချင်းယန်က ရွှယ်ချန်ကျဲကို အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါတို့က တစ်ဂိုဏ်းတည်းသားတွေ ဖြစ်ခဲ့ဖူးတဲ့ အတွက် မင်းသာ လိမ်လိမ်မာမာနဲ့ အညံ့ခံမယ်ဆိုရင် ငါမင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားပေးမယ်”

ရွှယ်ချင်းယန်ထံမှ စကားကိုကြားလျှင် ရွှယ်ချန်ကျဲ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ရွှယ်ချင်းယန်က သူတို့ တည်နေရာကို အဘယ်ကြောင့် လျင်မြန်စွာ ရှာတွေ့ခဲ့သည်မှာ မထူးဆန်းတော့ပေ။

အကြောင်းရင်းမှာ ရွှယ်ချင်းယန်သည် ရွှယ်ယန်မြို့၏ မြို့စားမင်း ဖြစ်နေသောကြောင့်ပင်။

ရွှယ်ယန်မြို့သည် သွေးနတ်ဆိုးဂိုဏ်း၏ လက်အောက်တွင် ရှိသောကြောင့် ရွှယ်ယန်မြို့၏ မြို့စားမင်းရာထူးကို သွေးနတ်ဆိုးဂိုဏ်း၏ တပည့်များကသာ ဆက်ခံကြလေ့ ရှိသည်။

ရွှယ်ယန်မြို့၏ မြို့စားမင်း ရာထူးသည် သွေးနတ်ဆိုးဂိုဏ်းတွင် အဆင့်အတန်း အလွန်တရာ မြင့်မားပြီး ဂိုဏ်းချုပ်၏ ကိုယ်ရံတော်နှစ်ယောက် ပြီးလျှင် ဒုတိယနေရာ၌ ရှိသလို မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲများ၏ အောက်တွင်လည်း မရှိတော့ပေ။

ရွှယ်ချင်းယန်သည် ရွှယ်ယန်မြို့၏ မြို့စားမင်း ဖြစ်လာနိုင်ပုံ‌ထောက်လျှင် သေချာပေါက် ကိုင်တွယ်ရ လွယ်ကူသောသူ မဟုတ်လောက်ချေ။

“တိုက်ပွဲကို အမြန်လက်စသတ်ရအောင်.. ရွှယ်ချင်းယန်ကို ငါနဲ့လွှဲထားလိုက်.. ကျန်တဲ့လူတွေကိုတော့ မင်းရှင်းလိုက်တော့”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ရွှယ်ချင်းယန်ဆီသို့ လျင်မြန်စွာပင် တိုးဝင်သွားခဲ့သည်။

“မင်းက ငါတို့ သွေးနတ်ဆိုးဂိုဏ်းက ပါရမီရှင်တွေကို ဓားချက်တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တဲ့ ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူလား.. မင်းရဲ့ဓားက ဘယ်‌လောက်တောင် အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်သေးတယ်”

ရွှယ်ချန်ကျဲက သူ့ဆီသို့ တိုးဝင်လာသည့် ကျန်းချန်ကို ကြည့်ကာ လှောင်ပြုံး ပြုံး၍ ပြောလိုက်သည်။

မကြာခင်မှာပင် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သွေးရောင်လက်ဝါးကြီးသည် ကောင်းကင်ယံကိုပင် လောင်ကျွမ်းပစ်နိုင်လောက်သည့် စွမ်းအားများနှင့်အတူ ကျန်းချန်ထံ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်လာခဲ့သည်။

“စိတ်မကောင်းပါဘူး.. မင်းဒီနေ့ ငါ့ရဲ့ဓားချက်ကို မြင်တွေ့ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး”

ကျန်းချန်က အေးစက်စက် ရေရွတ်ပြီးသည်နှင့် သူ၏ လက်ဖဝါးထဲတွင် အင်မော်တယ်ကျောက်တိုင်သည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကျန်းချန်သည် သဘာဝကျစွာပင် ရှင်းလင်းစွာ သိရှိထားခဲ့သည်။

သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် မည်သည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို မဆို စိုးရိမ်စရာမလိုသော်လည်း ရွှယ်ချင်းယန်နှင့် အချိန်အကြာကြီး တိုက်ခိုက်နေ၍ မဖြစ်ပေ။

သို့မဟုတ်လျှင် သွေးနတ်ဆိုးဂိုဏ်းမှ မဟာယာနအဆင့်ကျင့်ကြံသူများ ရောက်လာသည်နှင့် ထွက်ပြေးရန် အမှန်တကယ် ခက်ခဲသွားပေလိမ့်မည် မဟုတ်ပါလော။

ထိုအချက်ကြောင့်ပင် ကျန်းချန်သည် အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုရန် တွေဝေမနေခဲ့ဘဲ အင်မော်တယ်ကျောက်တိုင်၏ အစွမ်းကို အသုံးချကာ တစ်ချက်တည်းဖြင့် ရွှယ်ချင်းယန်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့သည်။

“ဝုန်း..”

ကျန်းချန်၏ အစွမ်းကုန် လှုံ့ဆော်မှုအောက်တွင် အင်မော်တယ်ကျောက်တိုင်ထံကနေ အလွန်တရာ တောက်ပသော အင်မော်တယ် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဖိနှိပ်ချုပ်ချယ်နိုင်လောက်သည့် နတ်ဘုရားကျောက်တိုင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ရွှယ်ယန်မြို့ တစ်ခုလုံးမှ ကျင့်ကြံသူအားလုံးသည် အင်မော်တယ်ကျောက်တိုင်၏ ဖိအားအောက်တွင် တုန်လှုပ် ချောက်ချားသွားကြ၏။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုနှင့်အတူ အင်မော်တယ် ကျောက်တိုင်၏ စွမ်းရည်သည်လည်း အဆမတန် မြင့်တက်လာခဲ့သည်။

ယခု ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် နဝမအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အင်မော်တယ်ကျောက်တိုင်၏ စွမ်းရည်သည် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိနေချေပြီ။

“ဒါ.. ဒါက ဘာကြီးလဲဟ”

လေထုထဲတွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည့် ကျောက်တိုင်ထံကနေ ထွက်ပေါ်လာခဲ့သော ကြောက်မက်ဖွယ်ရာ အင်အားကို ခံစားမိလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရွှယ်ချင်းယန်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သူက အင်မော်တယ်ကျောက်တိုင် ထံကနေ အလွန်တရာအန္တရာယ် ကြီးမားသော အငွေ့အသက်ကို ခံစားလိုက်ရ၏။

သူ့အနေဖြင့် အနည်းငယ် ပေါ့ဆမိရုံဖြင့်ပင် ဤနေရာတွင် အမှန်တကယ် ကျဆုံးသွားနိုင်မည်ကို သူစိုးရိမ်နေမိသည်။

“မီးလျှံသွေးပင်လယ်.. စုစည်းစမ်း”

ရွှယ်ချင်းယန်က သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။

သူက လုံးဝ မပေါ့ဆဝံ့တော့ဘဲ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စစ်မှန်သော အနှစ်သာရ စွမ်းအားများကို ချက်ချင်းဆိုသလို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ရွှယ်ချင်းယန်၏ ခန္ဓာကိုယ်ကနေ သွေးစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းနိုင်လောက်သည့် သွေးပင်လယ်ကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုသွေးပင်လယ်ထဲတွင် ပွက်ပွက်ဆူနေသည့် သွေးရောင်ချော်ရည်ခဲများပင် ရှိနေခဲ့၏။

ကပ်ဘေးအဆင့် ကျင့်ကြံသူသည်ပင် ထိုသွေးပင်လယ်ထဲ ကျသွားမည် ဆိုလျှင် ချက်ချင်းဆိုသလို အငွေ့ပျံပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ရွှယ်ချင်းယန်၏ ရုန့်ရင်းပြီး အစွမ်းထက်သော သွေးပင်လယ်သည် ကောင်းကင်ယံတွင် အစွမ်းကုန် တောက်ပနေသည့် အင်မော်တယ်ကျောက်တိုင် အတွက်မူ ဘာမှ အသုံးမဝင်ခဲ့ပေ။

တစ်ခဏအတွင်းမှာပင် အင်မော်တယ်ကျောက်တိုင်ပေါ်မှ တောက်ပသော အင်မော်တယ် အလင်းတန်းများသည် ကောင်းကင်နှင့်နေမင်းကို ဖုံးလွှမ်းထားနိုင်သည့် သွေးပင်လယ်ကို ထိုးဖောက်ကာ သွေးပင်လယ်တစ်ခုလုံးကို ဇကာပေါက်ကဲ့သို့ ဖြစ်သွားစေခဲ့သည်။

အဆုံးသတ်တွင် သွေးပင်လယ်သည် အင်မော်တယ်ကျောက်တိုင်၏ အင်အားကို ခံနိုင်ရည်မရှိတော့ဘဲ ရွှယ်ယန်ပြည်နယ်၏ အထက်ကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှယ်ချင်းယန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး အင်မော်တယ် ကျောက်တိုင်၏ အင်မော်တယ် အလင်းတန်းနှင့် ထိမှန်ကာ လေထုထဲကနေ ပြုတ်ကျသွားခဲ့သည်။

ရွှယ်ချင်းယန်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချင်းယန်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ဘဲ ရွှယ်ချန်ကျဲကို ဝိုင်းရံထားသည့် ကျင့်ကြံသူများကို ဖိနှိပ်ရန် အင်မော်တယ်ကျောက်တိုင်ကို ထပ်မံ အသုံးပြုလိုက်သည်။

ကောင်းကင်နှင့်မြေကြီးက တုန်လှုပ်သွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့ကာ ရာနှင့်ချီသော ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပင် သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ယံကနေ သွေးမိုးများသည် အဆက်မပြတ် ရွာကျလာခဲ့ပြီး ရွှယ်ယန်မြို့ တစ်ခုလုံးသည် စွဲမက်ဖွယ်ရာကောင်းသော အနီရောင်သွေးများဖြင့် ဆေးခြယ်ထားသလို ဖြစ်နေခဲ့သည်။

“သွားကြစို့”

အင်မော်တယ်ကျောက်တိုင်ကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုပြီးနောက်တွင် ကျန်းချန်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

သူက တုံ့ဆိုင်းမနေဘဲ ရွှယ်ချန်ကျဲနှင့်အတူ အလင်းတန်းနှစ်ခု အဖြစ်သို့‌ ပြောင်းလဲကာ ကောင်းကင်ယံထဲသို့ တိုးဝင်၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်တို့ ရွှယ်ယန်မြို့ကနေ ထွက်သွားပြီး အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်တွင် ပုံရိပ်တစ်ခုသည် ရွှယ်ယန်မြို့၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

ထိုသူမှာ သွေးနတ်ဆိုးဂိုဏ်း၏ လက်ယာကိုယ်ရံတော် ဖြစ်သည့် ရွှယ်ကျိုးမင် ဖြစ်သည်။

အောက်ဘက်ရှိ ပရမ်းပတာ ဖြစ်နေသော အခြေအနေများကို မြင်တွေ့လိုက်ရလျှင် သူ၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

“တောက်.. ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ”

ရွှယ်ကျိုးမင်က သတင်းရရပြီးခြင်း သွေးနတ်ဆိုးဂိုဏ်းကနေ ချက်ချင်းဆိုသလို အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

ရွှယ်ယန်ပြည်နယ်၏ မြို့တော်တွင် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရွှယ်ချင်းယန် ရှိနေ၍ ထိုနှစ်ယောက်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် အချိန်အနည်းငယ်ခန့် ဆွဲထားနိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

သို့ရာတွင် သူ မမျှော်လင့်ခဲ့သည်မှာ ရွှယ်ချင်းယန် တို့သည် သူတို့ ရောက်လာသည်အထိ တောင့်မခံနိုင်ခဲ့ဘဲ အားလုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရခြင်းပင်။

ရွှယ်ချင်းယန်ကို ဤမျှ တိုတောင်းသောအချိန်အတွင်း သတ်ဖြတ်ရန်မှာ သာမန် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် အလွယ်တကူ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

သို့ဆိုလျှင် ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်နေပါသလော။

ရွှယ်ကျိုးမင်၏ စိတ်ထဲတွင် မရေမရာ ဖြစ်နေသောအချိန်မှာပင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တချို့သည် သူ၏ အနားတွင် ပေါ်လာခဲ့သည်။

“လက်ယာကိုယ်ရံတော်.. ဒါ.. ဒါက ဘာတွေဖြစ်ကုန်တာလဲ”

အောက်ဘက်ရှိ ပရမ်းပတာ ဖြစ်နေသော အခြေအနေကို မြင်လိုက်ရလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပင် အံ့ဩ ထိတ်လန့်သွားကြသည်။

“ငါတို့ ခြေတစ်လှမ်း နောက်ကျသွားခဲ့တယ်”

ရွှယ်ကျိုးမင်က သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။

“ရွှယ်ချန်ကျဲတို့ နှစ်ယောက်က ငါတို့တွေ ရောက်လာမှာကို ရိပ်စားမိပြီး ခပ်မြန်မြန် လက်စသတ်သွားတဲ့ပုံပဲ”

ထိုစကားကိုကြားလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ရွှယ်ယန်မြို့တွင် မဟာယာနအဆင့် ကျင့်ကြံသူ မရှိသော်လည်း အင်အားမှာ သေချာပေါက် အားမနည်းပေ။

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ၎င်းတို့ကို အလွယ်တကူ သတ်ဖြတ်ရန် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။

သူတို့က ရွှယ်ချန်ကျဲတို့ နှစ်ယောက်၏ အင်အားကို လျှော့မတွက်ခဲ့သော်လည်း ထိုနှစ်ယောက်သည် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

အခန်း(၂၄၈၉)ပြီး၏။

အခန်း(၂၄၉၀)

“လက်ဝဲကိုယ်ရံတော်က သံသရာသွေးပညာရပ်ကို အသုံးပြုပြီး ရွှယ်ချန်ကျဲတို့ နှစ်ယောက်ရဲ့ လုပ်ရပ်ကို ဖော်ထုတ်ခဲ့ကတည်းကစပြီး ကျွန်တော်တို့တွေ သတိထားခဲ့ကြတယ်.. သူတို့ဘက်က ဒီကိစ္စကို အလွယ်တကူ သိရှိနိုင်မှာ မဟုတ်ဘူး”

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက အေးစက်စက် ပြောလိုက်သည်။

“ဒါက သေချာပေါက် သွေးဓားအင်မော်တယ်ဂိုဏ်းက လူတွေ သူတို့ကို သတင်းပေးလိုက်တာပဲ ဖြစ်ရမယ်.. ကျွန်တော်တို့ သွေးဓားအင်မော်တယ်ဂိုဏ်းကို သွားပြီး အဲဒီဂိုဏ်းကို အရင်ဆုံး အမြစ်ပြတ်ချေမှုန်းမှ ရတော့မယ်ထင်တယ်”

သွေးဓားအင်မော်တယ်ဂိုဏ်း၏ ဧရိယာမှလွဲ၍ ဆိတ်ငြိမ် သွေးကောင်းကင်နယ်မြေ တစ်ခုလုံးသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ရွှယ်ချန်ကျဲတို့ နှစ်ယောက်ကို ကြိုတင်သတိပေးနိုင်စွမ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းထဲတွင်သာ ရှိသည်။

ယခင်က သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို ရွှယ်ချန်ကျဲက တိတ်တဆိတ် ကူညီပေးနေသည်ဟု သံသယသာ ရှိခဲ့သည်။

ယခုအခါတွင်မူ သွေးဓားအင်မော်တယ်ဂိုဏ်းသည် ရွှယ်ချန်ကျဲနှင့် ပူးပေါင်းနေသည်မှာ လုံးဝ သေချာသလောက် ရှိနေခဲ့ချေပြီ။

“သွေးဓားအင်မော်တယ်ဂိုဏ်းရဲ့ နောက်ခံအင်အားကို အထင်မသေးနဲ့”

ရွှယ်ကျိုးမင်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“သွေးဓားအင်မော်တယ်ဂိုဏ်းကိုသာ ဒီလောက်အထိ အလွယ်တကူ ဖျက်ဆီးလို့ရမယ် ဆိုရင် သွေးနတ်ဆိုးဂိုဏ်းက အခုထိ သူတို့ကို ဘာလို့ အသက်ရှင်ခွင့်ပေးထားမှာလဲ”

ယခင်က သွေးဓားအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ခဲ့ဖူးသည်။

သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို အသာစီး ရရှိလာပြီးနောက်တွင် သွေးဓားအင်မော်တယ်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန်အတွက် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးထက်မကကို စေလွှတ်ခဲ့သော်လည်း မည်သူမျှ ပြန်မလာနိုင်ခဲ့ပေ။

ထိုအချက်ကြောင့်ပင် သွေးနတ်ဆိုးဂိုဏ်းသည် သွေးဓားအင်မော်တယ်ဂိုဏ်းကို ကြောက်ရွံ့နေခဲ့ကြပြီး အလွယ်တကူ သွားရောက် မတိုက်ခိုက်ဝံ့ခြင်း ဖြစ်သည်။

“လက်ယာကိုယ်ရံတော်.. ဒီတစ်ကြိမ်လည်း ရွှယ်ချန်ကျဲတို့ နှစ်ယောက်က လွတ်မြောက်သွားပြန်ပြီ.. သူတို့ကို သွေးဓားအင်မော်တယ်ဂိုဏ်းက ဆက်လက် ကူညီပေးနေဦးမယ်ဆိုရင် ကျွန်တော်တို့ သူတို့ကို ရှာဖွေဖို့ ပိုပြီး ခက်ခဲသွားမယ်ထင်တယ်.. အခု ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်း ငါ့ကို ကာကွယ်ထားပေးပါ.. အဲဒီနှစ်ကောင် ကမ္ဘာအဆုံးအထိ ထွက်ပြေးရင်တောင် ငါ သူတို့ကို သေချာပေါက် ရအောင်ရှာမယ်”

ရွှယ်ကျိုးမင်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“လက်ယာကိုယ်ရံတော် မလုပ်ပါနဲ့”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူက အလျင်အမြန်ပင် တားမြစ်လိုက်သည်။

“ပြီးခဲ့တဲ့တစ်ကြိမ်ကလည်း လက်ဝဲကိုယ်ရံတော်က တားမြစ်ပညာရပ်ကို အသုံးပြုခဲ့တဲ့အတွက် ကျင့်ကြံခြင်းအဆင့်တွေ ကျဆင်းပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ် အတွင်း ပြန်လည်ကောင်းမွန်လာဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တယ်.. တကယ်လို့ လက်ယာကိုယ်ရံတော်ကပါ တားမြစ်ပညာရပ်ကို အသုံးပြုလိုက်ရင် နောက်ဆက်တွဲရလဒ်က ခန့်မှန်းလို့ မရနိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်”

ထိုစကားကို ကြားလျှင် တားမြစ်ပညာရပ်ကို ထုတ်သုံးတော့မည့် ရွှယ်ကျိုးမင်၏ လှုပ်ရှားမှုများသည် ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေသို့ စစ်ချီခဲ့စဥ်တွင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို ဆုံးရှုံးခဲ့ရသည်။

ယခုအခါ လက်ဝဲကိုယ်ရံ‌တော်သည်လည်း တားမြစ်ပညာရပ်ကို အသုံးပြုခဲ့၍ တိုတောင်းသော အချိန်အတွင်း မဟာယာနအဆင့်ကို ပြန်လည် ရောက်ရှိရန် ခက်ခဲနေခဲ့သည်။

ယင်းသည် သွေးနတ်ဆိုးဂိုဏ်း အတွက်မူ ကြီးမားသော ထိခိုက်မှု တစ်ခုပင်။

အကယ်၍ သူသာ ရွှယ်ချန်ကျဲတို့ နှစ်ယောက်ကို ခြေရာခံရန်အတွက် တားမြစ်ပညာရပ်ကို အတင်းအကျပ် အသုံးပြုလိုက်မည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ကျဆင်းသွားနိုင်ခြေ ရှိနေခဲ့၍ သွေးနတ်ဆိုးဂိုဏ်း၏ အခြေအနေသည် ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။

ထို့အပြင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ် အစည်းအဝေးသည် နောက်သုံးနှစ် အတွင်း ကျင်းပတော့မည် ဖြစ်သည်။

အကယ်၍ တားမြစ်ပညာကို အသုံးပြုလိုက်၍ သုံးနှစ်အတွင်း ပြန်လည် မကောင်းမွန်လာခဲ့လျှင် အင်မော်တယ်ဂိုဏ်းကြီးများ အကြားတွင် သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်အတန်းသည် သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။

ရွှယ်ကျိုးမင်၏ မျက်ဝန်းများထဲတွင် တွေဝေသော အရိပ်အယောင် ဖြစ်သွားခဲ့ပြီး အဆုံးသတ်တွင် တားမြစ်ပညာရပ်ကို အသုံးပြုမည့် အစီအစဥ်အား လက်လျှော့လိုက်သည်။

“သွားစို့.. အရင်ဆုံး ဂိုဏ်းကို ပြန်ပြီး ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ သတင်းပို့ကြတာပေါ့”

စကားဆုံးသည်နှင့် ရွှယ်ကျိုးမင်၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားခဲ့ပြီး ရွှယ်ယန်မြို့ အထက်ကနေ တိုက်ရိုက်ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ရွှယ်ယန်ပြည်နယ်မှ ရွှယ်ကျိုးမင် ပြန်ရောက်လာပြီးနောက်တွင် သွေးနတ်ဘုရားသည် ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် သွေးနတ်ဆိုးဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများကို အစည်းအဝေးလုပ်ရန် ဆင့်ခေါ်ခဲ့သည်။

ရွှယ်ယန်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို သိရှိလိုက်ရလျှင် သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲ တော်တော်များများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေတွင် ရွှယ်ချန်ကျဲပေါ်လာခဲ့သည်မှာ တစ်လ မပြည့်သေးသော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်နှစ်ဦးသည် သတ်ဖြတ်ခံလိုက်ရပြီး ယခုဆိုလျှင် ရွှယ်ယန်မြို့ ပင်လျှင် မကြုံစဖူး ပြင်းထန်သော ထိခိုက်ပျက်စီးမှုများကို ခံစားခဲ့ရသည်။

သွေးနတ်ဆိုးဂိုဏ်းကို တည်ထောင်စဥ်ကတည်းပင် ဤမျှကြီးမားသော ထိုးနှက်ချက်မျိုးကို မရရှိခဲ့သည်မှာ ဘယ်နှစ်နှစ် ရှိပြီးမှန်းပင် သူတို့ မမှတ်မိတော့ပေ။

“အားလုံးပဲ...ရွှယ်ချန်ကျဲက ဒီတစ်ကြိမ်မှာ အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ပြန်ရောက်လာတဲ့ပုံပဲ.. ဒီကိစ္စကို ငါတို့ သွေးနတ်ဆိုးဂိုဏ်း အနေနဲ့ ဘယ်လို ကိုင်တွယ်သင့်တယ်လို့ မင်းတို့ထင်လဲ”

သွေးနတ်ဘုရားက ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို အဆုံးသတ်၌ ဖြိုခွင်းလိုက်သည်။

ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည့် သွေးနတ်ဆိုးဂိုဏ်းသည် ဂိုဏ်း၏ သစ္စာဖောက်တစ်ဦးကြောင့် ဤမျှ အရှက်ရစရာကောင်းသော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သွေးနတ်ဘုရား လုံးဝ ထင်မထားခဲ့ပေ။

သွေးနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲများသည် သွေးနတ်ဘုရား၏ စကားကိုကြားလျှင် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။

တစ်ခဏအတွင်း သူတို့သည် ပိုကောင်းသော နည်းလမ်းကို ရှာမတွေ့ခဲ့ကြပေ။

“ဂိုဏ်းချုပ်.. ကျွန်တော်တို့က အခု အလင်းထဲမှာ ရှိနေပြီး ရွှယ်ချန်ကျဲတို့ကတော့ အမှောင်ထဲမှာ ရှိနေတယ်.. ဒါ့အပြင် သူတို့ကို သွေးဓားအင်မော်တယ်ဂိုဏ်းက တိတ်တဆိတ် ကူညီပေးနေတာဆိုတော့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့ကပဲ ကျွန်တော်တို့ကို နဖားကြိုး ဆွဲသလို ဖြစ်နေလိမ့်မယ်.. ဂိုဏ်းချုပ်အနေနဲ့ ဗျူဟာကို ပြောင်းလဲဖို့ လိုအပ်မယ်ထင်တယ်”

ထိုအခိုက်အတန့်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အကြံပေးလိုက်သည်။

သွေးနတ်ဘုရားက ထိုလူငယ်ကို ကြည့်ကာ မေးလိုက်၏။

“မင်းက ဘယ်လိုဗျူဟာကို ပြောင်းလဲချင်လို့လဲ”

“ဒီလိုမျိုး ရွှယ်ချန်ကျဲ တို့ကို လိုက်ရှာနေမဲ့အစား အသင့်စောင့်ဆိုင်းပြီး သူတို့ ပေါ်ထွက်လာအောင် လုပ်တာက ပိုကောင်းလိမ့်မယ် ထင်တယ်”

ထိုစကားကို ပြောနေစဥ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့သည်။

“သူတို့က သွေးနတ်ဆိုးဂိုဏ်းရဲ့ပါရမီရှင်တွေကိုပဲ လုပ်ကြံနေတာ မဟုတ်လား.. ဒီလိုဆိုမှတော့ သူတို့ကို နောက်ထပ် လုပ်ကြံဖို့ အခွင့်အရေး တစ်ခု ဖန်တီးပေးလိုက်တာပေါ့”

“ဂိုဏ်းချုပ်.. ဒီအစီအစဥ်က ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်ထင်တယ် ကျွန်တော်တို့ ဂိုဏ်းက ပါရမီရှင် တစ်ယောက်ကို ရွှယ်ချန်ကျဲတို့ နှစ်ယောက် ထွက်လာအောင် ဆွဲဆောင်ဖို့ အသုံးချရမယ်.. ပြီးရင် ကျွန်တော်တို့က သူတို့ကို ဖမ်းဖို့ အချိန်ကိုက် စောင့်နေလိုက်ရုံပဲ.. ဒီလိုဆိုရင် ရွှယ်ချန်ကျဲတို့ နှစ်ယောက် အတောင်ပံပါရင်တောင် လွတ်မှာမဟုတ်ဘူး”

ရွှယ်ကျိုးမင်ကလည်း လူလတ်ပိုင်းအရွယ် အမျိုးသား၏ အစီအစဥ်ကို ထောက်ခံလိုက်သည်။

ရွှယ်ချန်ကျဲတို့ နှစ်ယောက် အမှောင်ထဲတွင် ပုန်းအောင်းနေခြင်းသည် သွေးနတ်ဆိုးဂိုဏ်း အတွက် သေချာပေါက် ကြီးမားသည့် စိုးရိမ်စရာတစ်ခု ဖြစ်သည်။

သွေးနတ်ဆိုးဂိုဏ်းသည် ရွှယ်ချန်ကျဲတို့ နှစ်ယောက်ကို ရှာမတွေ့နိုင်သည့် အတွက် ၎င်းတို့ကို ထောင်ချောက်ဆင်ဖမ်းခြင်းသည် အကောင်းမွန်ဆုံး နည်းလမ်းတစ်ခုပင် မဟုတ်ပါလော။

“ကောင်းပြီ အစီအစဥ်အတိုင်းလုပ်ကြတာပေါ့”

“လက်ယာကိုယ်ရံတော်.. ဒီကိစ္စကို မင်းပဲစီစဥ်လိုက်ပါ”

ထိုစကားကို ပြောနေစဥ် သွေးနတ်ဘုရား၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံသွားခဲ့သည်။

“ဒီတစ်ကြိမ်တော့ ဂိုဏ်းချုပ် ဖြစ်တဲ့ ငါကိုယ်တိုင် ပါဝင်ပြီး အဲဒီ သစ္စာဖောက်ကို အသေသတ်ပစ်မယ်”

ကျန်းချန်နှင့်ရွှယ်ချန်ကျဲ တို့သည် ရွှယ်ယန်မြို့က‌နေ တစ်လမ်းလုံး ထွက်ပြေးလာခဲ့ကြသည်။

သူတို့ မည်သူမည်ဝါဖြစ်မှန်း ပေါ်ပေါက်သွားပြီ ဖြစ်သောကြောင့် လက်ရှိအသွင်အပြင်ဖြင့် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေတွင် သွားလာနေ၍ မရတော့ပေ။

ထို့ကြောင့် လျှို့ဝှက်နည်းစနစ်များကို အသုံးပြုကာ သူတို့၏ ရုပ်ရည် အသွင်အပြင်နှင့် အရှိန်အဝါများကို ပြောင်းလဲလိုက်ကြသည်။

မဟာယာနအဆင့်ကျင့်ကြံသူကိုယ်တိုင်မှလွဲ၍ သာမန်လူများအနေဖြင့် သူတို့ကို ဖော်ထုတ်ရန် မလွယ်ကူပေ။

ကျန်းချန်တို့သည် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေ အတွင်း လှည့်လည်သွားလာမနေဘဲ ပုန်းအောင်းရန် နေရာတစ်ခုကို အရင် ရှာဖွေခဲ့ကြသည်။

ဤတစ်လအတွင်း သူတို့သည် သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် နှစ်ဦးကို လုပ်ကြံခဲ့သည်။

ယခုဆိုလျှင် ရွှယ်ယန်မြို့ကိုပါ အကြီးအကျယ် ထိခိုက်စေခဲ့ပြီ ဖြစ်ရာ သွေးနတ်ဆိုးဂိုဏ်းသည် သူတို့ကို နောက်ထပ်အခွင့်အရေး အလွယ်တကူ ပေးတော့မည် မဟုတ်ပေ။

ထို့ကြောင့် အချိန်တိုအတွင်း သူတို့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းမှ ပါရမီရှင်များကို ထပ်မံ လုပ်ကြံရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကျန်းချန် ထံတွင် ကျန့်ဝူရွှယ် ပေးထားသည့် ဓားအဆောင်လက်ဖွဲ့လည်း ရှိနေခဲ့၍ ကျန့်ဝူရွှယ်မှ တစ်ဆင့် သွေးနတ်ဆိုးဂိုဏ်း၏ လှုပ်ရှားမှုများကို သိရှိနိုင်သည် ဖြစ်ရာ သတင်းများကို လိုက်လံစုံစမ်းနေရန် မလိုအပ်ချေ။

ထိုအချိန်ကို အခွင့်ကောင်းယူပြီး ကျန်းချန်သည် ကျင့်ကြံခြင်းကို အာရုံစိုက်ကာ အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ရန် စတင် ကြိုးစားခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်များကို လုပ်ကြံသည့် အစီအစဥ်သည် မမျှော်လင့်ဘဲ အောင်မြင်ခဲ့သည့်တိုင် သွေးနတ်ဆိုးဂိုဏ်း၏ အဓိကအင်အားများကို မထိခိုက်စေခဲ့ပေ။

ထို့အပြင် ယခုအခါတွင် သွေးနတ်ဆိုးဂိုဏ်းသည် ကြိုတင်ပြင်ဆင်ထားမည် ဖြစ်၍ သူတို့အတွက် လုပ်ကြံရန် ပို၍ ခက်ခဲသွားတော့မည် ဖြစ်သည်။

ယင်းကြောင့် ကျန်းချန်က သူ၏ ခွန်အားကို အမြန်ဆုံးမြှင့်တင်ရန် ဆုံးဖြတ်ထားခဲ့သည်။

သူ့အနေဖြင့် အုပ်စိုးသူအဆင့်ကို ရောက်ရှိမှသာလျှင် သွေးနတ်ဆိုးဂိုဏ်းနှင့် ယှဥ်ပြိုင်နိုင်သည့် အရည်အချင်း အစစ်အမှန်ကို ရရှိလိမ့်မည် မဟုတ်ပါလား။

အခန်း(၂၄၉၀)ပြီး၏။

All Chapters