အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အခန်း (၁၇၈) - ပင်လယ်ပြင်သို့ ထွက်ခွာခြင်း.... အော့... ပင်လယ်ကြီးမှာ ရေတွေချည်းပါလားဗျာ
~ချန်ဝူတောင်တန်း၏ အထက် ကောင်းကင်ယံ။ အမြင့်ပေ သုံးထောင်ခန့်၌ ဖြစ်သည်။
“ဝူးဟူး... သောက်ရမ်း မိုက်တာပဲဟေ့”
ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) သည် “ငါတို့ ပင်လယ်စာ စားချင်တယ် သင်္ဘောကြီး” ၏ ဦးပိုင်း (အမှန်တော့ တပ်ဆင်ထားသော ဧရာမ အစွယ်ကြီးပေါ်တွင်) မတ်တတ်ရပ်လျက်... လေပြင်းများကို မျက်နှာမူကာ တိုက်တန်းနစ် ဇာတ်ဝင်ခန်းထဲကလို လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်သည်။ (ဝဖြိုးနေသော ဝက်ဝံဗားရှင်းတော့ ဖြစ်နေသည်လေ)။
“ငါက ကမ္ဘာကြီးရဲ့ ဘုရင်ကွ။ ငါက ပင်လယ်ဓားပြ ဘုရင်ကြီးဟေ့”
သူ၏ အနောက်ဘက် ကုန်းပတ်ပေါ်တွင်မူ... စိတ်လှုပ်ရှားနေကြသော ကစားသမားများဖြင့် ပြည့်ကျပ်နေတော့၏။ ဒီလောက် ကြီးမားတဲ့ ယာဉ်ကြီးကို ပထမဆုံး စီးဖူးကြခြင်း ဖြစ်ပြီး... (အမိုးမပါသဖြင့်) အပေါ်စီးမှနေ၍ အရာအားလုံးကို ထင်ရှားစွာ မြင်တွေ့နေရသည် မဟုတ်ပါလော။ အောက်ဘက်ရှိ တိမ်တိုက်များနှင့် တောင်တန်းများ လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို ကြည့်ရင်း... အားလုံးက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
“ရှုခင်းက သောက်ရမ်း မိုက်တာပဲကွာ” “မျက်နှာပြင် ဓာတ်ပုံ ရိုက်ထားစမ်း... လူမှုကွန်ရက်မှာ တင်ပြီး ကြွားရမယ်ဗျို့” “ဒီ သင်္ဘောကြီးက ကြည့်ရတာသာ အရုပ်ဆိုးတာ... သောက်ရမ်း မြန်တာပဲဟေ့။ ပက်ပါရေ... မင်း သောက်ရမ်း မိုက်တယ်ကွာ”
အင်ဂျင်ခန်း အတွင်း၌မူ... အဆင့် (၂) တောဝက်ကြီး ပက်ပါ သည် ၎င်း၏ မျက်စိရှေ့တွင် တွဲလောင်းကျနေသော ထောင်နှစ်ချီ သက်တမ်းရှိ မှော်မုန်လာဥနီလေးအတွက်... ၎င်း၏ အသက်စွမ်းအင်များကို မီးကုန်ယမ်းကုန် မီးရှို့ကာ ရူးသွပ်စွာ ပြေးလွှားနေရှာတော့သည်။ ၎င်း၏ ခွာလေးဖက်မှာ လေထဲတွင် လွင့်ပျံနေပြီး အရိပ်များပင် ထွက်ပေါ်နေကာ... ဧရာမ တာဘိုင် ဒလက်ကြီးများကို ရူးသွပ်စွာ လည်ပတ်စေနေတော့၏။
သို့သော်ငြား... ဤ စိတ်လှုပ်ရှား ပျော်ရွှင်မှုကြီးမှာ နာရီဝက်ခန့်သာ ခံလိုက်သည်။
အသစ်အဆန်း ဖြစ်မှုတွေ လျော့ကျသွားတဲ့အခါမှာတော့... ကစားသမားတွေဟာ တစ်ခုခု မှားယွင်းနေပြီဆိုတာကို စတင် သတိထားမိလာကြတော့၏။
ပထမဆုံး ပြဿနာကတော့... တုန်ခါမှုပင် ဖြစ်သည်။
အကြောင်းမူကား... ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် စွမ်းအင်စနစ်ကို ဒီဇိုင်းဆွဲရာတွင် ‘တုန်ခါမှု ထိန်းချုပ်ရေး’ ဆိုသည့် သဘောတရားကို လုံးဝ (လုံးဝ) ခေါင်းထဲ ထည့်မထားခဲ့သောကြောင့် ဖြစ်၏။ တောဝက်ကြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း... သင်္ဘောကြီး တစ်စီးလုံး ပြင်းထန်စွာ လှုပ်ခါသွားတော့သည်။
ထို တုန်ခါမှုမှာ ပုံမှန် လှုပ်ရှားမှုမျိုး မဟုတ်ဘဲ... ပါကင်ဆန် ရောဂါသည် တစ်ဦးပမာ ကြိမ်နှုန်းမြင့်မားစွာဖြင့် ဖရိုဖရဲ ဆတ်ဆတ်တုန်နေခြင်းပင် ဖြစ်ချေသည်။
“ဂျောက်... ဂျောက်... ဂျောက်... ဂျောက်...”
ဝမ်သဲ့ဖာ သည် ရေတစ်ငုံခန့် သောက်ရန် ကြိုးစားလိုက်သော်လည်း... ခွက်ကို နှုတ်ခမ်းနား တေ့လိုက်သည်နှင့် တစ်ပြိုင်နက်၊ သူ၏ သွားများနှင့် ခွက်နှုတ်ခမ်းသားတို့ ရိုက်ခတ်ကာ ဒရမ်တီးနေသည့်အလား မြည်ဟည်းသွားတော့၏။ ရေတစ်စက်မှ ပါးစပ်ထဲ မရောက်လိုက်ဘဲ... သူ၏ ပေါင်ကြားထဲသို့သာ အကုန် ဖိတ်စင်ကျကုန်သည်။
“သောက်ကျိုးနည်း... ဒီ သင်္ဘောကြီးက... လယ်ထွန်စက်ကြီး လိုပဲ ဆတ်ဆတ်ကို တုန်နေတာပါလား... ငါ့ခေါင်းတွေတောင် ကိုက်လာပြီဗျာ...”
ဒုတိယ ပြဿနာကတော့... ဆူညံသံပင် ဖြစ်သည်။
အသံကာကွယ်ရေး စနစ်ဆိုသည်မှာ လုံးဝ မရှိခဲ့ပေ။ တောဝက်ကြီး၏ အော်ဟစ်သံများ၊ (အဆိုင်းနှစ်ဆွဲရသဖြင့် အိပ်မောကျနေသော) ခြင်္သေ့ကြီး၏ ဟောက်သံများနှင့်... ဂဟေဆက် မကောင်းသဖြင့် သံပြားများ ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော ကျွိကျွိမြည်သံများ ပေါင်းစပ်သွားသည့်အခါ... လူကို ရူးသွပ်သွားစေနိုင်သော ဆူညံသံ သံစုံတီးဝိုင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။
နောက်ဆုံးနှင့် အဆိုးရွားဆုံး ပြဿနာကတော့... ခေါင်းမူးခြင်း (လေမူးခြင်း) ပင် ဖြစ်တော့သည်။
အချိန်ကုန် သက်သာစေရန်အတွက် ကျန်းချန် က အမြန်ဆုံး အရှိန်ဖြင့် သွားရန် အမိန့်ပေးထားသည် မဟုတ်ပါလော။ စစ်သင်္ဘောကြီးမှာ လေစီးကြောင်းများ ကြားတွင်... ရိုလာကိုစတာ အမြန်ရထားကြီး စီးနေရသည့်အလား အထက်အောက် ရမ်းခါနေပြီး၊ တစ်ခါတစ်ရံတွင် ဘောလုံးတစ်လုံး အကန်ခံရသည့်အလား ဘေးတိုက် ယိမ်းယိုင်သွားတတ်သည်။
“ဝေါ့...”
ကုန်းပတ်ပေါ်တွင်... ကိုယ်ခံအား နည်းပါးသော မှော်ကျင့်ကြံသူ ကစားသမား တစ်ဦးမှာ မျက်နှာကြီး ဖြူရော်နေပြီး၊ ပါးစပ်ကို အုပ်ကာ သင်္ဘောလက်ရန်းဆီသို့ အပြေးအလွှား သွားလိုက်သည်။ ထို့နောက်... အောက်ဘက်ရှိ သစ်တောအုပ်ကြီးဆီသို့ သက်တံရောင် အန်ဖတ်များကို အားရပါးရ ပက်ဖြန်းလိုက်တော့၏။
ဤသည်မှာ အချက်ပြလိုက်သည့်အလားပင်။ ကွင်းဆက် တုံ့ပြန်မှုကြီး စတင်သွားဝောာ့၏။
“ငါ မခံနိုင်တော့ဘူး... ငါလည်း ခေါင်းတွေ သောက်ရမ်း မူးနေပြီ... ဝေါ့...”
“ဒီ ရူပဗေဒ အင်ဂျင်ကြီးက... သောက်ရမ်းကို လက်တွေ့ဆန်လွန်းနေပြီကွာ။ နားတွင်း အာရုံခံစနစ် ယိုယွင်းသွားတဲ့ ခံစားချက်ကိုပါ အတုခိုးထားတယ် တဲ့လား...”
“မလှုပ်နဲ့တော့ဟေ့... ပက်ပါ... အရှိန်နည်းနည်း လျှော့စမ်းပါ။ ငါ့ ဦးနှောက်တွေ အပိုင်းပိုင်း အတစ်တစ် ဖြစ်တော့မယ်ကွ”
ခုနလေးတင် အသက်ဝင် တက်ကြွနေခဲ့ကြသော ကစားသမား သုံးထောင်မှာ... ယခုအခါ သေလုမျောပါး ဖြစ်နေကြလေပြီ။
အချို့က ရွက်တိုင်ကို တင်းကျပ်စွာ ဖက်ထားပြီး လုံးဝ မလွှတ်တော့ချေ။ အချို့က မြေပြင်ပေါ်တွင် ပက်လက်လန်ကာ ပါးစပ်မှ အမြှုပ်များပင် ထွက်နေတော့၏။ အချို့မှာ ဂိမ်းထဲမှ ထွက်ရန် ကြိုးစားကြသော်လည်း... [အထူး ယာဉ်ပေါ်တွင် ရှိနေစဉ် အတင်းအဓမ္မ ထွက်ခွာပါက ဇာတ်ကောင် ပြုတ်ကျ သေဆုံးမည် ဖြစ်သည်] ဆိုသည့် စနစ်၏ သတိပေးချက်ကိုသာ ရရှိလိုက်ကြသည်။
“တကယ့်ကို ကြေကွဲစရာ မြင်ကွင်းကြီးပါလား...”
ဆုချင်းကော သည် (ကျန်းချန် ၏ အထူး ခွင့်ပြုချက်ဖြင့်) အခန်းတွင်းရှိ တစ်ခုတည်းသော ကူရှင် ကုလားထိုင်လေးပေါ်တွင် ထိုင်နေရှာ၏။ သူမသည် ဝိညာဉ်စွမ်းအင်များဖြင့် ကာကွယ်ထားသော်ငြား... ပြတင်းပေါက် အပြင်ဘက်မှ ဖြတ်သန်း လွင့်ပျံသွားသော အန်ဖတ်များကို ကြည့်ရင်း သူမ၏ အစာအိမ်ထဲတွင်လည်း ကမောက်ကမ ဖြစ်လာသလို ခံစားနေရတော့သည်။
သူမသည် ဘေးနားတွင် မျက်လုံးမှိတ်ကာ တောင်ကြီး တစ်တောင်ပမာ တည်ငြိမ်စွာ ထိုင်နေသော ကျန်းချန် ကို လှည့်ကြည့်လိုက်ပြီး... အားနည်းလှသော အသံလေးဖြင့် မေးလိုက်ရှာသည်။
“ဂိုဏ်းချုပ်ကြီးရှင်... အရှေ့ပင်လယ်ကို ရောက်ဖို့ အချိန် ဘယ်လောက်လောက် လိုပါသေးလဲဟင်...”
ကျန်းချန် က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး... စနစ် မြေပုံကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်သည်။
“ရောက်တော့မှာပါ... ပက်ပါ ရဲ့ လက်ရှိ အရှိန်နဲ့ ဆိုရင်တော့... နောက်ထပ် လှုပ်ခါမှု... အဲ... နောက်ထပ် နှစ်နာရီလောက် ပျံသန်းလိုက်ရင် ရောက်ပြီလေ”
“နှစ်နာရီ တောင် ဟုတ်လား...” ဆုချင်းကော ၏ မျက်လုံးရှေ့တွင် မှောင်မည်းသွားတော့၏။
‘ငါ့ကိုသာ သတ်ပစ်လိုက်ပါတော့ဟယ်..’
---
နှစ်နာရီ ကြာပြီးနောက်... အရှေ့ပင်လယ်ပြင်၏ အစွန်အဖျား၌ ဖြစ်သည်။
ပြာလဲ့လဲ့ ပင်လယ်ကမ်းရိုးတန်းကြီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်... သင်္ဘောပေါ်ရှိ ကစားသမားများမှာ မျက်ရည်များပင် ကျဆင်းလာလုမတတ် ဝမ်းသာသွားကြတော့၏။
“ပင်လယ်ကြီး... ပင်လယ်ကြီး ရောက်ပြီဟေ့”
“နောက်ဆုံးတော့ တုန်ခါမှုကြီး ရပ်သွားပြီပေါ့... မြန်မြန် ဆင်းသက်စမ်းပါ။ ငါ မြေကြီးကို နင်းချင်လှပြီဗျို့”
“ဝုန်း...”
မီးခိုးမည်းများ တလူလူ ထွက်နေသော စစ်သင်္ဘောကြီးသည်... ပင်လယ်ရေပြင်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လိုက်ရာ၊ ပေရာချီ မြင့်မားသော လှိုင်းလုံးကြီးများ ထပွက်သွားတော့၏။
တုန်ခါမှုများ ရပ်တန့်သွားသော်ငြား... လှိုင်းတံပိုးများကြောင့် သင်္ဘောကြီးမှာ အထက်အောက်၊ ဘေးတိုက် ယိမ်းထိုးနေပြန်သည်။
“ဝေါ့...”
ယခုလေးတင် အန်ထားပြီးသော ဝမ်သဲ့ဖာ သည်... သူ၏ ရှေ့မှ အဆုံးအစမဲ့ ယိမ်းထိုးနေသော ပင်လယ်ပြင်ကြီးကို ကြည့်ရင်း၊ သင်္ဘောလက်ရန်းကို မှီကာ ထပ်မံ အန်ချရပြန်သည်။
“ပင်လယ်ကြီး... ရေတွေချည်းပါလား.. အော့... လှိုင်းတွေချည်းပဲဟေ့...”
ဤအချိန်တွင်... ကစားသမားများ၏ ဆွေးနွေးရေး ချန်နယ် (ဖိုရမ်) ကြီးမှာ ပေါက်ကွဲလုမတတ် ဖြစ်နေလေပြီ။
(ဆာဗာတစ်ခုလုံးဆိုင်ရာ ထိပ်ဆုံးတင်ထားသော ပို့စ် - ကယ်ကြပါဦးဗျို့... ကျင့်ကြံခြင်း လောကကြီးမှာ လေမူး/ရေမူးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ပါ။)
ပို့စ်တင်သူ (ဒီဖရဲသီးမှည့်ပြီလား) - ညီအစ်ကိုတို့ရေ... "ပင်လယ်ပြင်ကြီးကို အောင်နိုင်ခြင်း" ဆိုတဲ့ စကားတွေကို လုံးဝ မယုံကြနဲ့နော်။ ဒါဟာ သေချာပေါက် "ရေမူးခြင်း သရုပ်တူ ဂိမ်း ၂၀၂၅" ကြီးပဲဗျို့။ ကျုပ်တော့ အန်ရလွန်းလို့ သည်းခြေရည်တွေတောင် ထွက်လာတော့မယ်။ ကယ်ကြပါဦး... ကျင့်ကြံခြင်း လောကမှာ ရေမူးပျောက်ဆေး ဘယ်က ဝယ်လို့ ရမလဲဟေ့။ အွန်လိုင်းမှာ စောင့်နေမယ်... သောက်ရမ်း အရေးကြီးတယ်နော်။
ပထမထပ် (ရှန်နွန်) - စိတ်မပူနဲ့... ငါ ခုလေးတင် ဂျင်းနဲ့ လိမ္မော်ခွံခြောက်ကို သုံးပြီး အအန်ပျောက် ဆေးလုံး တစ်အိုး ဖော်စပ်ထားတယ်။ စမ်းကြည့်မလားဟေ့... ဘေးထွက်ဆိုးကျိုး ကတော့... သလိပ်တက်ပြီး တအေ့အေ့ ဖြစ်နေတတ်တာပဲ။
ဒုတိယထပ် (ဇီဝဗေဒ ခွေးပေါက်လေးရဲ့ ဘွဲ့ယူ စာတမ်း) - စမ်းသပ်ပြီးပြီ... အလုပ်ဖြစ်တယ်ဟေ့။ ကျွန်တော်… ဆက်အန်နေတုန်းပဲ ဆိုပေမယ့်... လေတက်တဲ့ အသံကတော့ သောက်ရမ်း စည်းချက်ကျသွားတယ်ဗျို့။
တတိယထပ် (ခရီးသွား က) - ဒီဂိမ်း ဖန်တီးတဲ့သူတွေ ဒါလေးကို ပြင်ပေးလို့ မရဘူးလားဗျာ။ "လက်တွေ့ဆန်သော ရေမူးခြင်း" ဆိုတဲ့ လုပ်ဆောင်ချက်ကို ပိတ်ထားပေးလို့ မရဘူးလားဟင်။
စတုတ္ထထပ် (တရားဝင် အကြောင်းပြန်စာ) - ချစ်ခင်လေးစားရပါသော ကစားသမားများရှင်... လက်တွေ့ အကျဆုံးနှင့် အသက်ဝင်ဆုံးသော ခံစားမှုကို ပေးစွမ်းနိုင်ရန်အတွက် ဤလုပ်ဆောင်ချက်ကို ပိတ်ထား၍ မရနိုင်ပါ။ ကစားသမားများ အနေဖြင့် မိမိတို့၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ရန်၊ သို့မဟုတ်... အသားကျအောင်သာ ကြိုးစားနေထိုင်ရန် အကြံပြုအပ်ပါသည်။
ပဉ္စမထပ် (ကောင်းကင်ခွင်း ဓားတစ်လက်) - စကားများ မနေကြနဲ့တော့။ ရှေ့ကနေ တစ်ခုခု လာနေတယ်ဗျို့။
---
ကစားသမားများ အဆက်မပြတ် အန်နေကြစဉ်မှာပင်...
မူလက တည်ငြိမ်နေသော ပင်လယ်ရေပြင်အောက်မှ ဧရာမ လှိုင်းဂယက်ကြီးများ ရုတ်တရက် ထွက်ပေါ်လာသည်။ အဖြူရောင် လှိုင်းလုံးများက ရေပြင်ထက်တွင် လျင်မြန်စွာ ပြေးလွှားနေကြတော့၏။
ထက်မြက်လှသော ကျောဆူးတောင် ဆယ်ဂဏန်းခန့်မှာ ရေပြင်ကို ခွဲကာ... စစ်သင်္ဘောကြီးဆီသို့ တစ်ဟုန်ထိုး ချဉ်းကပ်လာကြလေပြီ။
“အဲ့ဒါက...”
သင်္ဘောဦးပိုင်းတွင် ရပ်နေသော ကျန်းချန် သည် နတ်ဘုရား အာရုံဖြင့် တစ်ချက် အကဲခတ်လိုက်ပြီး... သူ၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာတော့၏။
“ကြည့်ရတာ... ငါတို့ရဲ့ 'ပင်လယ်စာ စားသောက်ပွဲကြီး' က အိမ်တိုင်ရာရောက် လာပို့ပေးနေပြီ ထင်တယ်နော်...”
“တပည့်တို့... အန်တာကို ရပ်လိုက်ကြစမ်း”
ကျန်းချန် ၏ အသံကြီးမှာ ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး... ကြောင်အမ်းအမ်း ဖြစ်နေသော လူအုပ်ကြီးကို ချက်ချင်းပင် လန့်နိုးသွားစေတော့သည်။
“ထကြစမ်း... အလုပ်လုပ်ဖို့ အချိန်တန်ပြီ။ အများဆုံး ဖမ်းနိုင်တဲ့သူက... ဒီည ပထမဆုံး စားရမယ်ဟေ့”
မြေပြင်ပေါ်တွင် သေချင်ယောင်ဆောင်ပြီး လှဲနေကြသော ကစားသမားများမှာ... 'စားရမယ်' ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက်၊ မျက်နှာများ အစိမ်းရောင် သမ်းနေဆဲ ဖြစ်သော်ငြား ဒရောသောပါး ခုန်ထလာကြတော့၏။
“ပင်လယ်စာ တဲ့လား... ဘယ်မှာလဲ... ဘယ်မှာလဲဟေ့”
“ငါ့ကို တွဲထူပေးကြပါဦး... ငါ တိုက်နိုင်သေးတယ်”
“ဝေါ့... ငါးအစိမ်းသုပ် အတွက်ဟေ့... ချကြစမ်း”
အခန်း (၁၇၉) - ပင်လယ်မိစ္ဆာများ၏ တိုက်ခိုက်မှု.... အိမ်တိုင်ရာရောက် ပို့ပေးတဲ့ ဘူဖေး စားသောက်ပွဲကြီးလားဗျာ
~အရှေ့ပင်လယ်ပြင်၏ အစွန်အဖျား။ ပင်လယ်ရေပြင်အထက်၌ ဖြစ်သည်။
ဤအချိန်တွင် လေထုကြီးမှာ လုံးဝ (လုံးဝ) အေးခဲသွားဝောာ့၏။
မည်းမှောင်နေသော ကျောဆူးတောင် ဆယ်ဂဏန်းခန့်မှာ... ထက်မြက်လှသော ဓားသွားများပမာ လှိုင်းလုံးများကို ခွဲကာ [ငါတို့ ပင်လယ်စာ စားချင်တယ် သင်္ဘောကြီး] ဆီသို့ အံ့မခန်း အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေတော့၏။ လေပြေထဲတွင်ပင်... ညှီစော်နံလှသော အနံ့များနှင့် သတ်ဖြတ်လိုစိတ်များကို ရှင်းလင်းစွာ ရူရှိုက်မိနေသည်။
“အဲ့ဒါ... ဓားနှုတ်သီးငါး တွေပဲ”
ကုန်းပတ်ပေါ်တွင် ရပ်နေသော ဆုချင်းကော သည် ထို အရိပ်မည်းများကို မှတ်မိသွားသည်နှင့် တစ်ပြိုင်နက်... သူမ၏ မျက်နှာလေးမှာ သွေးဆုတ်သွားတော့၏။
“ဒါဟာ အရှေ့ပင်လယ်ပြင်မှာ အနှောင့်အယှက် အပေးနိုင်ဆုံး အုပ်စုဖွဲ့ နေထိုင်တဲ့ ပင်လယ်မိစ္ဆာတွေပဲရှင်။ အရွယ်ရောက်ပြီးသား ကောင်တွေဆိုရင် အဆင့် (၂) (အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်) ရှိတယ်။ သူတို့ရဲ့ တစ်ဦးချင်း စွမ်းအားက သိပ်မပြင်းထန်ပေမယ့်... သူတို့ခေါင်းပေါ်က အရိုးဆူးချွန်ကြီးတွေက သံမဏိလို မာကျောပြီး၊ အရှိန်ကလည်း သောက်ရမ်း မြန်တာရှင့်။ သူတို့က အုပ်စုလိုက် သင်္ဘောဝမ်းဗိုက်တွေကို ဖောက်ဝင်တဲ့ နေရာမှာ အတော်ဆုံးပဲ...”
ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ မှော်ရတနာ သင်္ဘောတွေတောင်မှ... ဒီလောက် ကြီးမားတဲ့ ဓားနှုတ်သီးငါး အုပ်စုကြီးနဲ့ တွေ့ရင် ရှောင်သွားရတာချည်းပဲလေ။ မဟုတ်ရင်... သင်္ဘောပျက်ပြီး လူတွေ ရေထဲကျသွားရင်... ပင်လယ်ထဲမှာ အရှင်လတ်လတ် အစားခံရဖို့ပဲ ရှိတော့မှာ မဟုတ်ပါလော။
သူမသည် ကျန်းချန် ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပြီး... အော်ဟစ်လိုက်သည်။
“ဂိုဏ်းချုပ်ကြီးရှင်... ခံစစ် အခင်းအကျင်းကို ဖွင့်လိုက်ပါ။ ပြီးတော့ အမြင့်ကို အမြန်ဆုံး ဆွဲတင်လိုက်ပါရှင့်။ ကျွန်မတို့ သူတို့ကို ရှောင်မှ ဖြစ်မယ်...”
သို့သော်ငြား... ကျန်းချန် မှာမူ သင်္ဘောလက်ရန်းကို တည်ငြိမ်စွာ မှီထားပြီး၊ လျင်မြန်စွာ ချဉ်းကပ်လာနေသော ‘ဟင်းလျာ ကုန်ကြမ်းများ’ ကို ကြည့်ကာ... သူ၏ နှုတ်ခမ်းထောင့်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာတော့၏။
“ရှောင်မယ် ဟုတ်လား... ဘာလို့ ရှောင်ရမှာလဲ”
“ဒီ အသုံးမကျတဲ့ ကောင်တွေကို ဒီအထိ ခေါ်လာတာ... ဒီ စားသောက်ပွဲကြီး အတွက်ပဲလေ... မဟုတ်ဘူးလား”
ထိုစဉ်မှာပင်... ဓားနှုတ်သီးငါး များ၏ ပထမဆုံး တိုက်ခိုက်မှုကြီး စတင်လာတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
သုံးမီတာကျော်ခန့် ရှည်လျားပြီး... အပြာရောင် သမ်းနေသော အမည်းရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းကာ၊ ခေါင်းပေါ်တွင် ရှည်လျားလှသော အရိုးဆူးချွန်ကြီးများ ပါရှိသည့် ငါးကြီး ဆယ်ကောင်ကျော်ခန့်မှာ ရေပြင်ထဲမှ ရုတ်တရက် ခုန်ထွက်လာကြသည်။ နေရောင်အောက်တွင် အေးစက်စက် တောက်ပနေသော ထိုငါးကြီးများမှာ... အမြောက်ပြွန်ထဲမှ ပစ်လွှတ်လိုက်သော ကျည်ဆန်ကြီးများပမာ စူးရှလှသော လေခွင်းသံများနှင့်အတူ စစ်သင်္ဘောကြီး၏ ကိုယ်ထည်ဆီသို့ ဝင်ရောက် ဆောင့်ကြတော့၏။
“သွားပြီဟေ့...” ဆုချင်းကော မှာ အလိုအလျောက် မျက်လုံးများကို စုံမှိတ်ထားလိုက်မိသည်။
သို့သော်... သူမ မျှော်လင့်ထားခဲ့သော သင်္ဘောပျက်ပြီး လူသေမည့် ပေါက်ကွဲသံကြီး ထွက်မလာခဲ့ပေ။
“ဒိုင်း... ဒိုင်း... ဖောင်း...”
သွားကြိတ်ချင်စရာ ကောင်းလှသော သံပွတ်တိုက်သံကြီးများသာ ထွက်ပေါ်လာတော့၏။
ကြောက်မက်ဖွယ်ကောင်းလှသော ဓားနှုတ်သီးငါးကြီးများမှာ... အထူးတလည် အားဖြည့်ထားပြီး၊ သံဆူးချွန်များနှင့် သံပြားစုတ်များဖြင့် ဖုံးလွှမ်းထားသော သင်္ဘောကိုယ်ထည်ကြီးကို ပြင်းထန်စွာ ဝင်တိုက်မိသွားကြခြင်းပင် ဖြစ်ချေသည်။
အချို့က ဆူးချွန်များကို ဝင်တိုက်မိကာ... ဆူးများ ကွေးကောက်သွားပြီး၊ ရေထဲသို့ ကြောင်အမ်းအမ်းဖြင့် ပြန်ကျသွားကြသည်။ အချို့ ကံဆိုးသော ကောင်များမှာမူ... သင်္ဘောကိုယ်ထည်ပေါ်ရှိ ဆူးချွန်များတွင် ငံပြာရည်စိမ်ထားသော ငါးခြောက်များပမာ တွဲလောင်း ချိတ်ဆွဲခံလိုက်ရပြီး၊ အသည်းအသန် ရုန်းကန်နေသော်လည်း လုံးဝ (လုံးဝ) မလှုပ်ရှားနိုင်တော့ချေ။
အကြမ်းဆုံးဖြစ်သော ဓားနှုတ်သီးငါး ခေါင်းဆောင်ကြီး မှာမူ... ၎င်း၏ အဆင့် (၂) နှောင်းပိုင်း စွမ်းအားဖြင့် ကုန်းပတ်ကို ဖောက်ထွင်းဝင်ရောက်လာနိုင်ခဲ့သော်လည်း၊ ကိုယ်တစ်ဝက်မှာ ကုန်းပတ်ပေါ်တွင် ညပ်နေပြီး ၎င်း၏ အမြီးကြီးကသာ မြေပြင်ကို အဆက်မပြတ် ရိုက်ခတ်နေတော့၏။
အခန်းတစ်ခုလုံး တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင်...
“အဟေး... ငါးမိပြီဟေ့... ငါးမိပြီဗျို့”
ခုနလေးတင် သေလုမျောပါး အန်ထားခဲ့သော ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) သည်... လူးလွန့်နေသေးသော ငါးကြီးကို မြင်လိုက်ရသည့်အခါ၊ သူ၏ မျက်လုံးများထဲမှ အစိမ်းရောင် အလင်းတန်းများက သူ၏ မျက်နှာပေါ်ရှိ အစိမ်းရောင်များကို ချက်ချင်းပင် လွှမ်းမိုးသွားတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... သူသည် ‘သေရာမှ ချက်ချင်း ထမြောက်ခြင်း’ ဆိုသည့် အလွန်တရာ ခက်ခဲလှသော လှုပ်ရှားမှုကို ပြုလုပ်လိုက်ပြီး၊ နှုတ်ခမ်းထောင့်မှ အမြှုပ်များကို သုတ်ကာ... ဘေးနားရှိ ဧရာမ သံအိုးဖုံးမည်းကြီးကို ကောက်ကိုင်လျက် ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့၏။
“ဖိထားကြ... ပေးမလွတ်စေနဲ့ဟေ့။ ဒါက ငါးအစိမ်းသုပ် လုပ်ဖို့ အကောင်းဆုံး အဆင့်ပဲကွ”
“ညီအစ်ကိုတို့... ညစာ ရပြီဗျို့”
ကောင်းကင်ခွင်း ဓားတစ်လက် မှာလည်း နောက်ကျမခံဘဲ သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ... ဓားနှုတ်သီးငါးကြီးဆီသို့ ‘တိကျလှသော ခုတ်ထစ်ခြင်း’ လှုပ်ရှားမှုများကို ဆက်တိုက် ပြုလုပ်နေတော့၏။
“အကြေးခွံ ခွာစမ်း... ကလီစာတွေ ထုတ်... အရိုးတွေ ဖယ်လိုက်ဟေ့။ ဒီငါးက သားရေ သောက်ရမ်း ထူတာပဲဗျာ... သဘာဝ ချပ်ဝတ် လုပ်ဖို့ အကောင်းဆုံး ကုန်ကြမ်းပဲကွ”
အခြား ကစားသမားများမှာလည်း အဒရီနယ်လင် ထိုးသွင်းလိုက်သည့်အလား ချက်ချင်းပင် ပြန်လည် အသက်ဝင်လာကြလေပြီ။
သူတို့ ကြောက်လန့်နေခဲ့သော ‘ပင်လယ်မိစ္ဆာများ၏ တိုက်ခိုက်မှု’ ကြီးမှာ... ယခုအခါ အိမ်တိုင်ရာရောက် လာပို့ပေးသော ‘ဘူဖေး စားသောက်ပွဲ’ ကြီး အဖြစ်သို့ ပြောင်းလဲသွားဝောာ့သည်။
“မြန်မြန်... မြန်မြန်ဟေ့။ အောက်က ညီအစ်ကိုတွေ... သင်္ဘောဘေးမှာ တွဲလောင်းကျနေတဲ့ ငါးတွေကို အကုန် ဆွဲတင်ကြစမ်း”
“သတိထားနော်... ဆူးတွေ မစူးစေနဲ့။ သွေးထွက်လိမ့်မယ်ဗျို့”
“သွေးထွက်တာလောက်ကို ဘာပူနေတာလဲကွ။ အသား မစားရမှာကမှ ပိုကြောက်ဖို့ ကောင်းသေးတယ်”
ကျောက်ကပ်ကြော် သည် ကုန်းပတ်ပေါ်တွင် အသားကင်စင်များနှင့် သံအိုးများကို တန်းစီ ချထားလိုက်သည်။
“မီးအပြင်းနဲ့ ဆော့စ်ကို ကြိုထားမယ်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတွေ ဘယ်မှာလဲ။ မုန်ညင်းဆီ ဘယ်သူ ယူလာလဲဟေ့။ လျှို့ဝှက်နယ်မြေထဲက ငါ စိုက်ထားတဲ့ မုန်ညင်းပင်တွေ ဘယ်မှာလဲဗျို့”
ကျောက်ကပ်ကြော် သည် မီးစွမ်းအင်သုံး မှော်ကျင့်ကြံသူ ကစားသမား အချို့ကို ‘လူသား မီးဖိုများ’ အဖြစ် အသုံးပြုကာ... ဖန်သားပမာ ကြည်လင်နေသော ငါးအသားလွှာများကို လျင်မြန်စွာ လှီးဖြတ်ပြီး ရေခဲပန်းကန်ပြားပေါ်တွင် သေသပ်စွာ စီရီထားလိုက်သည်။
ကံဆိုးလှသော ဓားနှုတ်သီးငါး ခေါင်းဆောင်ကြီးမှာ... ကုန်းပတ်ပေါ်သို့ ရောက်ရှိလာချိန်မှစ၍ သုံးမိနစ်ပင် မပြည့်မီအတွင်း... ငါးအစိမ်းသုပ် ပန်းကန်များ အဖြစ်သို့ ပြောင်းလဲသွားဝောာ့၏။
ဤလောကကြီးတွင် နောက်ဆုံး နှုတ်ဆက် အော်ဟစ်သံလေး တစ်ချက်ကိုပင် မထုတ်ဖော်နိုင်လိုက်ရှာဘဲ... ပဲငံပြာရည် စိမ်ကာ ကစားသမားများ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားရရှာတော့သည်။
“ရှလွတ်... သောက်ရမ်း စားလို့ ကောင်းတာပဲဗျာ”
ဝမ်သဲ့ဖာ က ပိုးဟပ်တောင်ပံပမာ ပါးလွှာလှသော ငါးအစိမ်းသုပ် တစ်ဖတ်ကို ကောက်ယူကာ... လျှို့ဝှက်နယ်မြေထဲမှ အပင်များဖြင့် ကျောက်ကပ်ကြော် အထူး ဖော်စပ်ထားသော ‘ကျင့်ကြံခြင်းလောက ဗားရှင်း မုန်ညင်းဆီ’ နှင့် တို့ကာ တစ်ခါတည်း မျိုချလိုက်သည်။
ခေါင်းထိပ်အထိ ထိုးတက်သွားသော စပ်ရှားရှား အရသာနှင့်အတူ... ငါး၏ သဘာဝ အချိုဓာတ်တို့ ပေါင်းစပ်သွားပြီး သူ၏ ပါးစပ်အတွင်း၌ ပေါက်ကွဲထွက်လာတော့၏။
“လတ်ဆတ်လိုက်တာဗျာ... တကယ့်ကို လတ်ဆတ်လွန်းတယ်။ ပြီးတော့ ဝိညာဉ်စွမ်းအင်တွေတောင် ပါသေးတယ်နော်”
“ကျုပ်ရဲ့ အတွေ့အကြုံ မှတ်တွေ တစ်ဟုန်ထိုး တက်လာပြီလို့ ခံစားရတယ်ဗျို့။ ဒါတွေကို စားရင် အတွေ့အကြုံ ရတယ်ဟေ့”
“ရေမူးတာ... ဘာရေမူးတာလဲ။ ငါ အခု နွားတစ်ကောင်ကိုတောင် သတ်နိုင်လောက်တဲ့ အထိ အားရှိနေပြီကွ”
ခုနလေးတင် ခွေးသေကောင်များပမာ ဖြစ်နေခဲ့ကြပြီး... ယခုအခါတွင်မူ အိုးကြီး တစ်လုံး၏ ဘေး၌ အလုအယက် စားသောက်နေကြသော ဤ အရူးတစ်အုပ်ကို ကြည့်ရင်း...
ဆုချင်းကော မှာ လုံးဝ (လုံးဝ) မှင်သက်နေတော့၏။
အသေအလဲ တိုက်ခိုက်ရန် ရည်ရွယ်၍ ဆွဲထုတ်ထားခဲ့သော သူမ၏ လက်ထဲမှ ကိုယ်ပိုင် ဝိညာဉ်ဓားလေးကို ကြည့်ရင်း... သူမကိုယ်သူမ အလွန်တရာ မိုက်မဲလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
(ငါက သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေခဲ့တာလား။ အရှေ့ပင်လယ်ပြင်ကြီးရဲ့ ဂေဟစနစ် မျှတမှု အတွက်သာ... ငါ စိုးရိမ်သင့်တာ မဟုတ်ဘူးလားဟယ်။)
“ညီမလေး ဆုဆု... ဒီအတိုင်းကြီး ရပ်မနေနဲ့လေဗျာ”
ဝမ်သဲ့ဖာ က အားတက်သရောဖြင့်... ယခုလေးတင် ကင်ထားသော [မီးသွေးကင် ဓားနှုတ်သီးငါး အသားလွှာ] တစ်ပန်းကန်ကို ဆုချင်းကော ၏ ပါးစပ်နားသို့ အတင်း ထိုးပေးလိုက်သည်။
“စမ်းစားကြည့်ပါဦး။ ဒီဟာက အာဟာရ သောက်ရမ်း ပြည့်ဝတာနော်။ ညီမလေးရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် အများကြီး အထောက်အကူ ပြုလိမ့်မယ်ကွ”
ဆုချင်းကော သည် ဤကဲ့သို့ အရိုင်းဆန်လှသော စားသောက်မှု ပုံစံကို အလိုအလျောက် ငြင်းပယ်ချင်နေမိသည်။
သို့သော် ကျောက်ကပ်ကြော် ၏ အထူး ဟင်းခတ် အမွှေးအကြိုင်များမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် အနံ့ကြီးက သူမ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသောအခါ... နှစ်ပေါင်းများစွာ အစာရှောင် ကျင့်ကြံလာခဲ့သဖြင့် ပျောက်ကွယ်နေခဲ့သော သူမ၏ စားချင်စိတ်များမှာ ပြန်လည် နိုးကြားလာတော့၏။
သူမသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်... သတိကြီးစွာဖြင့် တစ်ကိုက် ကိုက်စားကြည့်လိုက်သည်။
အပြင်ဘက်က ကြွပ်ရွနေပြီး အတွင်းဘက်က နူးညံ့နေကာ... ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာတော့၏။
ဆုချင်းကော ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါ... ဒါက...”
“အင်မတန် စားလို့ ကောင်းတာပဲရှင်”
---
ပင်လယ်ရေပြင် အောက်၌ ဖြစ်သည်။
ကျန်ရစ်နေသော ဓားနှုတ်သီးငါး အုပ်စုမှာ ဆက်လက် ပတ်ချာလည် နေကြဆဲပင်။
သူတို့၏ သဘာဝ အားဖြင့်... အဖော်များ၏ သွေးနံ့က သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ပိုမို နိုးဆွပေးမည် ဖြစ်ပြီး၊ အသေအလဲ တိုက်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာရမည် မဟုတ်ပါလော။
သို့သော်ငြား... ယခု အခိုက်အတန့်တွင်မူ။
သူတို့သည်... ရေပြင်ထက်တွင် လွင့်မျောနေပြီး ‘ငါးတစ်ကောင်လုံး စားသောက်ပွဲကြီး’ ကျင်းပနေသည့် ထူးဆန်းသော သင်္ဘောကြီးကို ကြည့်နေကြရသည်။ သူတို့၏ အဖော်များမှာ သင်္ဘောဘေးတွင် တွဲလောင်း ချိတ်ဆွဲခံထားရပြီး... ခြေနှစ်ချောင်းရှိသော သတ္တဝါ တစ်အုပ်၏ စိတ်လှုပ်ရှားစွာ အရေခွံဆုတ်၊ အပိုင်းပိုင်း ခုတ်ထစ်ခြင်းကို ခံနေကြရသည် မဟုတ်ပါလော။
ဤ ရက်စက်ကြမ်းကြုတ်လှသော ပင်လယ်မိစ္ဆာများ၏ ရင်ထဲတွင်... ‘သဘာဝ ရန်သူ’ ကို ကြောက်ရွံ့ခြင်း ဆိုသည့် ဇီဝဗေဒဆိုင်ရာ အလိုအလျောက် တုံ့ပြန်မှုကြီးက... သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ပေါ်ထွက်လာတော့၏။
ဟို သင်္ဘောကြီးက...
သားကောင် မဟုတ်ဘူးဟေ့။
အဲ့ဒါက... စားသောက်ဆိုင်ကြီးလေ။
“ဝှစ်...”
ပထမဆုံး ဓားနှုတ်သီးငါး တစ်ကောင် လှည့်ပြေးသွားသည်နှင့် တစ်ပြိုင်နက်... ယခင်က ဒေါသတကြီး ဖြစ်နေခဲ့သော ငါးအုပ်ကြီးမှာ ချက်ချင်းပင် ဖရိုဖရဲ ပြိုကွဲသွားပြီး၊ ရေနက်ပိုင်းဆီသို့ အလုအယက် ထိုးဆင်း ထွက်ပြေးကုန်ကြတော့သည်။
“ဟင်... မွန်းစတားတွေ ပြေးကုန်ပြီလား”
“မပြေးကြနဲ့လေကွာ... ဗိုက်မဝသေးဘူးဗျို့”
“လိုက်ကြစမ်း... ပက်ပါ... အမြန်ဆုံး အရှိန်နဲ့ လိုက်ဟေ့။ ငါ့ရဲ့ ငရုတ်သီးနဲ့ ချက်ထားတဲ့ ငါးခေါင်းဟင်းကို ပေးမလွတ်စေနဲ့ကွ”
ကုန်းပတ်ပေါ်တွင်... ကစားသမားများမှာ တူများနှင့် ဂေါ်ပြားများကို ကိုင်ဆောင်လျက် နှလုံးကွဲလုမတတ် အော်ဟစ်နေကြတော့၏။
ကျန်းချန် သည် သင်္ဘောဦးပိုင်းတွင် ထိုင်လျက်... ဆုချင်းကော က (အတင်းအဓမ္မ ခိုင်းစေသဖြင့်) ခွံ့ကျွေးသော ငါးအစိမ်းသုပ်များကို အရသာခံ စားသုံးနေရင်း၊ စနစ် မျက်နှာပြင်ပေါ်တွင် ရူးသွပ်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော [ဂိုဏ်း၏ တိုက်ခိုက်ရေး စိတ်ဓာတ်များ] နှင့် [စူးစမ်းရှာဖွေရေး တိုးတက်မှု အခြေအနေ] များကို ကြည့်ရှုနေသည်။
“အင်း... အရသာက တကယ်ကို မဆိုးဘူးပဲ”
သူသည် ပါးစပ်ကို သုတ်လိုက်ပြီး... အဝေးရှိ ကျယ်ပြောလှသော၊ အန္တရာယ် များလှသော်လည်း ‘အရသာ ရှိလှသည့်’ ပင်လယ်ပြင်ကြီးကို ကြည့်ကာ သိမ်မွေ့စွာ ပြုံးလိုက်သည်။
“ကြည့်ရတာ... အရှေ့ပင်လယ်ပြင်ကြီးရဲ့ ဒီ 'ကြိုဆိုပွဲ' လေးကို ငါတို့ လက်ခံလိုက်ပြီ ထင်တယ်နော်...”
“နောက်တစ်မှတ်တိုင်... ပိုက်ကွန် ချကြစမ်းဟေ့”
အခန်း (၁၈၀) - ထောင်ချောက်ဆင်ခြင်း.... သဘောကျတဲ့သူတွေက
တော့ အလိုလို ငါးစာ လာဟပ်ကြမှာပဲလေ
~အရှေ့ပင်လယ်ပြင်။
"ငါတို့ ပင်လယ်စာ စားချင်တယ်" သင်္ဘောကြီး၏ ကုန်းပတ်ပေါ်၌ ဖြစ်သည်။
ညင်သာသော ပင်လယ်လေပြေလေးများ တိုက်ခတ်နေပြီး ရေပြင်မှာလည်း တဖိတ်ဖိတ် တောက်ပနေတော့၏။
ပွက်လောညံနေခဲ့သော ‘ငါးတစ်ကောင်လုံး စားသောက်ပွဲကြီး’ မှာ အဆုံးသတ်သွားဝောာ့သည်။
ကုန်းပတ်ပေါ်တွင်... အရိုးချည်းသက်သက် ကျန်နေတော့သော ငါးရိုးပုံကြီးများသာ ကျန်ရစ်ခဲ့ပြီး၊ ကစားသမားများမှာမူ ဗိုက်မဝသေးသည့်အပြင် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေသည့် ခံစားချက်များကိုပင် ခံစားနေကြရရှာ၏။
"ဟူး... အကုန်လုံး ပြေးကုန်ကြပြီလေ... တစ်ကောင်မှတောင် မကျန်တော့ဘူး"
ကျောက်ကပ်ကြော် သည် တည်ငြိမ်နေသော ပင်လယ်ရေပြင်ကြီးကို ကြည့်ရင်း... သူ၏ လက်ထဲမှ ဓားမကြီးဖြင့် စဉ်းတီတုံးကို စိတ်ပျက်လက်ပျက် ခေါက်နေသည်။
"ငါ့ရဲ့ လျှို့ဝှက် အထူးဆော့စ် တောင် မကုန်သေးဘူး။ ဒီခေတ်က ပင်လယ်မိစ္ဆာတွေရဲ့ စိတ်ဓာတ်ခွန်အားက သောက်ရမ်းကို အားနည်းလွန်းတာပဲ..."
"ဟုတ်တယ်... ဒီအတိုင်း ရိုးရိုးလေး ငါးဖမ်းနေရတာက သောက်ရမ်းကို အချိန်ကုန်တာပဲ”
ကောင်းကင်ခွင်း ဓားတစ်လက် သည် သူ၏ ဓားပျံကို သုတ်သင်ရင်း တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ဒါ့အပြင်... ပိုက်ကွန်နဲ့ ဖမ်းမိတာတွေက ငါးသေး၊ ပုစွန်သေးလေးတွေ ချည်းပဲလေ။ တကယ့် အဆင့်မြင့် ပင်လယ်သားရဲတွေက ဉာဏ်ရည်မြင့်ပြီး ရေနက်ပိုင်းမှာ ပုန်းနေတတ်ကြတာဗျ"
"ကောင်းကောင်း စားချင်တယ် ဆိုရင်တော့... သူတို့ကို အပြင်ထွက်လာအောင် မျှားထုတ်ရမယ့် နည်းလမ်းတစ်ခုတော့ ရှာရမယ်ဟေ့"
ထိုစကားကြောင့် လူတိုင်း၏ အကြည့်များမှာ ကုန်းပတ်ပေါ်တွင် ဝေ့ဝဲသွားကြပြီး... နောက်ဆုံးတွင်တော့ ကုန်းပတ် ကုလားထိုင်ပေါ်၌ အေးအေးဆေးဆေး သွားကြားထိုးနေသော ဝမ်သဲ့ဖာ ထံသို့ ရောက်ရှိသွားကြတော့၏။
အတိအကျ ပြောရလျှင်... သူဝတ်ဆင်ထားသော လေးလံပြီး ဆီဂျီးများ ပေကျံနေသည့် အမည်းရောင် သံမဏိ နွားရိုင်း ချပ်ဝတ်ကြီးဆီသို့ ရောက်ရှိသွားခြင်းပင်။
ဝမ်သဲ့ဖာ ကြက်သီးထသွားရပြီး... ချက်ချင်းပင် မတ်တတ်ထိုင်လိုက်ကာ ရင်ဘတ်ကို ဖက်ထားလိုက်သည်။
"ဘာ... ဘာလုပ်ချင်ကြတာလဲဟ။ ငါက သူရဲကောင်းနော်... ဟို ငါးခေါင်းဆောင်ကြီးကို ငါကိုယ်တိုင် ဖိထားခဲ့တာလေ"
"ဟီးဟီး... အစ်ကိုကြီး ဝမ် ရေ..."
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း... အလွန်တရာ သဘောကောင်းလှသော မျက်နှာပေးဖြင့် အနားသို့ လျှောက်လာသည်။
"ကြည့်စမ်းပါဦး... မင်းရဲ့ ခံစစ်စွမ်းအားက ဂိုဏ်းတစ်ခုလုံးမှာ အကောင်းဆုံးလေ... ဆူးချွန်တွေလည်း ပါသေးတယ်။ ပြီးတော့... မင်းရဲ့ သွေးတန်းကလည်း သောက်ရမ်း ရှည်တယ် မဟုတ်လား..."
"ဒါဟာ တကယ့်ကို... သဘာဝက ပေးထားတဲ့... အဆင့်မြင့် ငါးစာကြီးပဲ"
"သောက်ကျိုးနည်း...ခင်ဗျားတို့က ကျုပ်ကို ငါးစာ လုပ်ချင်နေကြတာလားဗျာ"
ဝမ်သဲ့ဖာ သည် နေရာမှ ခုန်ထလိုက်ပြီး လှည့်ပြေးရန် ပြင်လိုက်သည်။
သို့သော်... ယုတ်မာလှသော အပြုံးများကို ကိုယ်စီ တပ်ဆင်ထားကြသည့် လူသန်ကြီး ဆယ်ဂဏန်းခန့်မှာ သူ့ကို ဝိုင်းရံထားပြီး ဖြစ်နေလေပြီ။
"ငါ မလုပ်ဘူးနော်... ငါက ခန္ဓာကိုယ် ကျင့်ကြံသူကွ။ အရှေ့တန်းက တန့်ခ်လေ... တီကောင် မဟုတ်ဘူးဟေ့။"
ဝမ်သဲ့ဖာ မှာ အသည်းအသန် ရုန်းကန်နေရှာ၏။
"ဂုဏ်ပြုမှတ်တွေ တိုးပေးမယ်ဗျာ..."
ကောင်းကင်ခွင်း ဓားတစ်လက် က လက်တစ်ချောင်း ထောင်ပြလိုက်သည်။
"အဆင့် (၃) ပင်လယ်သားရဲ တစ်ကောင် ဖမ်းမိရင်... ဂုဏ်ပြုမှတ် ငါးရာ ပေးမယ်။ ပြီးတော့... ရလာတဲ့ ပစ္စည်းတွေကိုလည်း မင်း အရင်ဆုံး ရွေးချယ်ခွင့် ရှိစေရမယ်ဟေ့"
ဝမ်သဲ့ဖာ ၏ ရုန်းကန်နေမှုများမှာ ချက်ချင်းပင် ရပ်တန့်သွားတော့၏။
သူသည် သုံးစက္ကန့်ခန့် တုံ့ဆိုင်းနေပြီးနောက်... နောက်ဆုံးတွင်တော့ အံကို ကြိတ်ကာ ဆိုလိုက်သည်။
"အပိုဆု ကြေးတော့ ထပ်ပေးရမယ်နော်။ ပထမဆုံး ဖမ်းမိတဲ့ ငါးရဲ့ မျက်လုံးကို ငါ စားမယ်ဗျို့"
"သဘောတူတယ်ဟေ့..."
---
ဆယ့်ငါးမိနစ် ကြာပြီးနောက်။ သင်္ဘော၏ အမြီးပိုင်း၌ ဖြစ်သည်။
ကြောက်မက်ဖွယ် ကောင်းလှသော ‘လူသား ငါးမျှားခြင်း’ စစ်ဆင်ရေးကြီးကို တရားဝင် စတင်လိုက်လေပြီ။
ဝမ်သဲ့ဖာ မှာ... (မူလက သင်္ဘောကျောက်ဆူး ကြိုးအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသော) လက်ကောက်ဝတ်ခန့် တုတ်သည့် အထူးကြိုးဝိုင်းကြီးဖြင့်၊ ဧရာမ ကရိန်းချိတ်ကြီး တစ်ခုတွင် လက်ခြေများ တင်းကျပ်စွာ ချည်နှောင်ခံထားရသည်။
ပိုမို ဆွဲဆောင်မှု ရှိစေရန်အတွက်... ကျောက်ကပ်ကြော် ကလည်း စေတနာ အလွန် ကောင်းစွာဖြင့် (ဟို ဟင်းလျာကြီး ချက်ရာမှ ကျန်ရစ်သော ဟင်းရည်များဖြင့် ပြုလုပ်ထားသည့်) လျှို့ဝှက် ဆွဲဆောင်မှု ဆော့စ်ကို သူ၏ ကိုယ်ပေါ်သို့ သုတ်လိမ်းပေးလိုက်သေး၏။
"အဆင်သင့် ဖြစ်ပြီလား... ပိုက်ချကြမယ်"
ဦးလေးကျန်း ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်။
"အား"
ဝမ်သဲ့ဖာ ၏ အော်ဟစ်သံကြီးနှင့်အတူ... သူသည် ဧရာမ အလေးတုံးကြီး တစ်ခုပမာ "ဗွမ်း" ခနဲ မြည်အောင် ပင်လယ်ထဲသို့ ပစ်ချခံလိုက်ရတော့၏။
အေးစက်လှသော ပင်လယ်ရေများက သူ့ကို ချက်ချင်းပင် ဝါးမြိုသွားသည်။ ဝမ်သဲ့ဖာ သည် အသက်ကို အောင့်ထားလိုက်ပြီး (အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွင် အချိန်အကြာကြီး အသက်အောင့်ထားနိုင်ပြီ ဖြစ်သည်)... ရေလှိုင်းများနှင့်အတူ ရေထဲတွင် ဖြည်းညှင်းစွာ လွင့်မျောနေ၏။
သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် အသားဟင်း (ဆော့စ်) အမွှေးနံ့ကြီးမှာလည်း... ပင်လယ်ရေများ ကြားတွင် လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။
တစ်မိနစ်... နှစ်မိနစ်...
ရုတ်တရက်။
ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများ ပြောင်းလဲသွားသည်ကို ဝမ်သဲ့ဖာ အာရုံရလိုက်၏။ အေးစက်လှသော သတ်ဖြတ်လိုစိတ် တစ်ခုက သူ့ကို သော့ခတ်ထားလိုက်ပြီ ဖြစ်၏။
သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ... နောက်ကျိနေသော ပင်လယ်ရေများ အောက်တွင်၊ ချောက်ကမ်းပါး အောက်ခြေမှနေ၍ လျင်မြန်စွာ တက်လာနေသော ဧရာမ အရိပ်မည်းကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။
ဒါက... အကျယ် ငါးမီတာကျော်ခန့် ရှိပြီး၊ ဧရာမ လက်မကြီး နှစ်ဖက် ပါရှိသော အဆင့် ၂ အထွတ်အထိပ် ရေနက် မိစ္ဆာဂဏန်းကြီး ပင် ဖြစ်ချေတော့သည်။ ၎င်းသည် အမွှေးနံ့များကြောင့် ဆွဲဆောင်ခံလိုက်ရပြီး... ဝမ်သဲ့ဖာ ကို အရသာရှိလှသော ပလက်တန် ကောင်ကြီး တစ်ကောင်ဟု ထင်မှတ်သွားပုံ ရသည်။
"ရွှစ်..."
ဂဏန်းကြီးသည် လျင်မြန်စွာ ပြေးတက်လာပြီး... ၎င်း၏ ဧရာမ လက်မကြီးဖြင့် ဝမ်သဲ့ဖာ ၏ ပေါင်ကို အားပါးတရ ညှပ်ချလိုက်၏။
"ဒိုင်း..."
တုံးအိလှသော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ဂဏန်းလက်မကြီးမှာ ဝမ်သဲ့ဖာ ၏ အမည်းရောင် သံမဏိ ခြေကာကို တင်းကျပ်စွာ ညှပ်ထားပြီး... မီးပွားများပင် လွင့်စဉ်ထွက်သွားသည်။ (ရေအောက်မှာ မီးပွား ထွက်တယ် ဆိုရင်ပေါ့လေ)။
ခံစစ်ကို မဖောက်ထွင်းနိုင်ခဲ့သော်ငြား... ပြင်းထန်လှသော ဖိအားကြီးကြောင့် ဝမ်သဲ့ဖာ မှာ အတော်လေး နာကျင်သွားရရှာတော့၏။
"ဟပ်ပြီဟေ့... ငါးစာ လာဟပ်ပြီဗျို့"
ဝမ်သဲ့ဖာ သည် ရေအောက်မှနေ၍ ကြိုးကို အသည်းအသန် ဆွဲလှုပ်လိုက်ပြီး... အထူး တပ်ဆင်ထားသော အချက်ပြ ခေါင်းလောင်းလေးမှ တစ်ဆင့် အပေါ်သို့ သတင်းပို့လိုက်သည်။
ကုန်းပတ်ပေါ်တွင်...
"ကလင်... ကလင်...ကလင်..."
အချက်ပြ ခေါင်းလောင်းလေးမှာ အရေးပေါ် မြည်ဟည်းလာတော့၏။
"ငါးမိပြီဟေ့... ညီအစ်ကိုတို့... ဆွဲကြစမ်း"
ချောင်းမြောင်းနေခဲ့ကြသော ခွန်အားကြီး ကစားသမား အယောက် တစ်ရာကျော်မှာ... လွန်ဆွဲပွဲကြီး ဆင်နွှဲနေသည့်အလား ကြိုးကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။
"တစ်... နှစ်... သုံး... ဆွဲဗျို့"
"အား... ဟေး... အား... ဟေး..."
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် နှင့် ချီစုစည်းမှု နှောင်းပိုင်းအဆင့် ကစားသမား တစ်ရာကျော်၏ စုပေါင်း ခွန်အားကြီးမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ရေနက် ဂဏန်းကြီးမှာ အရသာရှိစွာ စားသုံးရန် ပြင်ဆင်နေစဉ်မှာပင်... ရုတ်တရက် ငြင်းဆန်၍ မရနိုင်သော အင်အားကြီး တစ်ခုကို ခံစားလိုက်ရသည်
ဒါက ဘာဖြစ်မှန်းပင် မသိလိုက်ရမီ... ငါးစာကြီးနှင့်အတူ ရေပြင်ပေါ်သို့ ဆွဲတင်ခံလိုက်ရတော့၏။
"ဝှစ်..."
ဧရာမ ဂဏန်းကြီးသည် ရေပြင်ကို ဖောက်ထွက်လာပြီး... လေထဲတွင် လှပသော ကွေးညွတ် လမ်းကြောင်း တစ်ခုကို ဖန်တီးကာ ကုန်းပတ်ပေါ်သို့ ဘုန်းခနဲ မြည်အောင် ပြုတ်ကျလာလေတော့သည်။
“သောက်ကျိုးနည်း... ကြီးလိုက်တဲ့ ဂဏန်းကြီးဗျာ”
“အထဲမှာ ဥတွေ အများကြီး ပါမှာ သေချာတယ်ဟေ့”
“စကားများ မနေနဲ့တော့... တူတွေ ယူခဲ့ကြ။ ရိုက်သာ သတ်လိုက်တော့ဗျို့”
ကစားသမား ဆယ်ဂဏန်းခန့်မှာ... သံတူကြီးများနှင့် ဂေါ်ပြားများကို ကိုင်ဆောင်လျက် တစ်ဟုန်ထိုး ပြေးဝင်လာကြပြီး၊ ကြောင်အမ်းအမ်း ဖြစ်နေသော ဂဏန်းကြီးကို အဆက်မပြတ် ဝိုင်းဝန်း ထုရိုက်ကြတော့၏။
သနားစရာကောင်းသော အဆင့် (၂) အထွတ်အထိပ် ဂဏန်းကြီးမှာ... ရေလှိုင်းလေး တစ်ချက်ပင် မရိုက်ခတ်နိုင်လိုက်ရှာဘဲ စားစရာ အဖြစ်သို့ ပြောင်းလဲသွားရရှာတော့သည်။
“ဟားဟားဟား... အလုပ်ဖြစ်တယ်ဟေ့။ ဒီနည်းလမ်းက တကယ်ကို ထိရောက်တာပဲဗျို့”
ဆွဲတင်ခံရစဉ်က အနည်းငယ် လှုပ်ခါသွားသဖြင့် ခေါင်းမူးနေသော ဝမ်သဲ့ဖာ မှာ... ဧရာမ ဂဏန်းကြီးကို မြင်လိုက်ရသည့်အခါ နဂါးတစ်ကောင်ပမာ ချက်ချင်းပင် လန်းဆန်းသွားတော့၏။
“မြန်မြန်... ငါ့ကို အောက်ချပေးကြစမ်း။ ခုနက အောက်မှာ လိပ်ကြီး တစ်ကောင်ကို ငါ မြင်လိုက်တယ်... အဲ့ဒါကိုပါ ငါ ဖမ်းချင်သေးတယ်ဟေ့”
အောင်မြင်မှု အရသာကို မြည်းစမ်းခွင့် ရသွားကြသဖြင့်... ဤ ‘ထောင်ချောက်ဆင်’ မျှားသည့် နည်းဗျူဟာမှာ သင်္ဘောကြီး တစ်စီးလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားဝောာ့သည်။
မူလက လူတစ်အုပ်တည်းသာ မျှားနေခဲ့ကြသော်လည်း... မကြာမီမှာပင် အုပ်စုပေါင်း ဆယ်ဂဏန်းခန့် အထိ တိုးပွားလာတော့၏။
ခံစစ်စွမ်းအား မြင့်မားသော ခန္ဓာကိုယ် ကျင့်ကြံသူ ကစားသမားများမှာ... ယခုအခါ လူအလိုချင်ဆုံးသော ‘အရင်းအမြစ်’ များ ဖြစ်လာကြလေပြီ။
“ခံစစ် မာတဲ့သူ ရှာနေတယ်နော်... ငါးစာ လိုနေလို့ပါ။ နေ့တွက်နဲ့ ရှင်းပေးမယ်ဟေ့”
“ငါ... လုပ်မယ်။ ငါ အခုလေးတင် ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်ကို သင်ထားတာ... သောက်ရမ်း မာတယ်နော်”
“ငါ့ကို မလုကြနဲ့လေ... ငါ့ကိုယ်ပေါ်မှာ ရွှံ့တွေ အများကြီး ပေနေတာဆိုတော့... ငါးတွေ ပိုပြီး လာဟပ်မှာ သေချာတယ်ကွ”
ရုတ်တရက်...ငါတို့ ပင်လယ်စာ စားချင်တယ် သင်္ဘောကြီး၏ ပတ်ပတ်လည် ရေပြင်ထဲတွင် လွင့်မျောနေသော ‘လူသား ငါးစာ’ များဖြင့် ပြည့်နှက်သွားတော့၏။
သူတို့သည် ရေထဲတွင် စိမ်နေရင်း အဖွဲ့လိုက် ချတ် တွင် စကားစမြည် ပြောဆိုနေကြသည်။
“ဟေး... ဝမ်ကြီး... အဲ့ဒီဘက်မှာ ဘာလှုပ်ရှားမှု ရှိလဲ” “ဘာမှ မရှိဘူးဗျာ... ငါးသေးလေးတွေ တစ်အုပ်ပဲ ဖြတ်သွားတာ။ တစ်ချက်တောင် လှည့်မကြည့်သွားဘူးလေ”
“အိုးရှစ်... ဒီဘက်ကို အကောင်ကြီး တစ်ကောင် လာနေပြီဟေ့။ ငါးမန်းနဲ့ တူတယ်ဗျို့။ ညီအစ်ကိုတို့... ဆွဲ... မြန်မြန် ဆွဲတင်ကြစမ်းပါကွာ”
ရေအောက်တွင်မူ...
မူလက မုဆိုးများ ဖြစ်ခဲ့ကြသော ပင်လယ်သတ္တဝါများမှာ လုံးဝကို အူကြောင်ကျား ဖြစ်ကုန်ကြလေပြီ။
ယနေ့ သူတို့ တွေ့ရသော သားကောင်များမှာ အလွန်တရာ ထူးဆန်းနေသည် မဟုတ်ပါလော။
သားရေက အလွန် ထူထဲသဖြင့် ကိုက်၍မရသလို... ကိုက်မိသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော အင်အားကြီး တစ်ခုက သူတို့ကို လေထဲသို့ ဆွဲတင်သွားတော့၏။
ပို၍ ကြောက်စရာ ကောင်းသည်မှာ... ဆွဲတင်ခံရသော အဖော်များမှာ ဘယ်သောအခါမှ ပြန်မလာကြတော့ခြင်းပင် ဖြစ်သည်။ အရိုးများနှင့် အခွံများသာ ရေအောက်သို့ လွင့်မျော ကျဆင်းလာကြတော့၏။
ဒီ ပင်လယ်ပြင်ကြီးကတော့... ကျက်သရေ မရှိတော့ဘူးပဲ။
သင်္ဘောဦးပိုင်းတွင် ထိုင်နေသော ကျန်းချန် သည်... ဤ စည်ကားသိုက်မြိုက်နေပြီး အနည်းငယ် ထူးဆန်းနေသော ‘ငါးဖမ်းပွဲတော်ကြီး’ ကို ကြည့်ရင်း နှုတ်ခမ်းများပင် ထိန်းမရအောင် တုန်ယင်လာရတော့၏။
(ငါ ထင်ထားတာက... ကြီးကျယ်ခမ်းနားတဲ့ ရွက်လွှင့်ခရီးစဉ် ဆိုတာ... လှိုင်းတံပိုးတွေကို ခွင်းပြီး မိစ္ဆာတွေကို သုတ်သင်ရမယ် လို့လေ။)
(အခု ရလဒ်ကတော့... ‘အရှေ့ပင်လယ်ပြင် အယောက်တစ်ရာ ငါးမျှား ပြိုင်ပွဲကြီး’ ဖြစ်နေပါလား။)
သို့သော်ငြား... ကုန်းပတ်ပေါ်တွင် တောင်ကြီးများပမာ ပုံနေသော တိုက်ပွဲဝင် လက်နက်များနှင့်... ကစားသမားများ၏ လျင်မြန်စွာ မြင့်တက်လာနေသော အတွေ့အကြုံတန်းများကို ကြည့်လိုက်သည့် အခါတွင်မူ... ဤသည်မှာလည်း အတော်လေး ကြည့်ကောင်းသော မြင်ကွင်း တစ်ခုပင် ဖြစ်ချေသည်။
(ထားလိုက်ပါတော့လေ... ကြောင်မည်းဖြစ်ဖြစ်၊ ကြောင်ဖြူဖြစ်ဖြစ် ကြွက်ခုတ်နိုင်ရင် ကြောင်ကောင်းပဲ မဟုတ်လား။)
ကျန်းချန် က ခေါင်းယမ်းလိုက်ပြီး... ယခုလေးတင် ကင်ထားသော ဂဏန်းလက်မ အသားကင် တစ်ဖတ်ကို ကောက်ယူကာ အားရပါးရ ကိုက်စားလိုက်သည်။
“အင်း... သောက်ရမ်း စားလို့ ကောင်းတာပဲ”
ထိုစဉ်...
ရွက်တိုင်၏ ထိပ်ဖျားရှိ သံအိုးမည်းကြီး (ရေဒါ) ထံတွင် ကင်းစောင့်နေသော ဆုချင်းကော ထံမှ ရုတ်တရက် အံ့သြတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာတော့၏။
“ဂိုဏ်းချုပ်ကြီးရှင်... အရှေ့ဘက် မိုင်ဆယ်ဂဏန်း အကွာမှာ ထူးခြားတဲ့ လှုပ်ရှားမှု တစ်ခုကို ထောက်လှမ်း မိပါတယ်”
“အမည်းရောင် စစ်သင်္ဘောကြီး တစ်စီးက... အမြန်ဆုံး အရှိန်နဲ့ ချဉ်းကပ်လာနေပါတယ်ရှင်။ လွှင့်ထူထားတဲ့ အလံကို ကြည့်ရတာတော့... ဦးခေါင်းခွံနဲ့ အရိုးကြက်ခြေခတ် ပုံစံမျိုးပဲရှင့်”
“ပင်လယ်ဓားပြ တွေလား...”
ကျန်းချန် ၏ မျက်လုံးများ အရောင်တောက်သွားပြီး... မတ်တတ်ရပ်ကာ နှုတ်ခမ်းထောင့်မှ ဂဏန်းဆီများကို သုတ်ပစ်လိုက်သည်။
“အရှေ့ပင်လယ်ပြင်က တကယ့်ကို ဧည့်ဝတ်ကျေတာပဲ။ ငါတို့ ပင်လယ်စာ စားပြီးတာနဲ့... သင်္ဘော လာပို့ပေးတဲ့ သူတွေတောင် ရှိနေပြီလားဟ”
“တပည့်တို့... ကြိုးတွေကို ပြန်သိမ်းလိုက်ကြစမ်း”
“ဧည့်သည်တွေကို ဧည့်ခံဖို့... အသင့်ပြင်ထားကြကွယ့်”