အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း။ ၁၆၃
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ် လဝက်ခန့် အချိန်ကုန်ဆုံးသွားခဲ့ပြန်သည်။
စုန်ယန်သည် သူ၏အိပ်ရာထက်တွင် သက်သောင့်သက်သာ လဲလျောင်းနေပြီး ညီမလေးအန်လီမှာ သူ၏ရင်ခွင်ထဲ၌ နူးညံ့လှသော ခေါင်းအုံးလေးတစ်ခုအလား ရှိနေသည်။ သူမကို ဖိထားရသည်ဖြစ်စေ၊ ဖက်ထားရသည်ဖြစ်စေ သို့မဟုတ် သူမက သူ့ကို မှီတွယ်နေသည်ဖြစ်စေ ပုံစံတိုင်းမှာ ဖော်ပြမတတ်နိုင်သော ဆွဲဆောင်မှုရှိလှသည်။
သူမသည် ထူးကဲပန်းနှင့် ဝိညာဉ်မြက်ပင်များအကြား အမြဲထိတွေ့နေရသူဖြစ်သောကြောင့် သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံနွယ်ရှည်များထံမှ သဘာဝပန်းရနံ့လေးတစ်ခု အမြဲသင်းပျံ့နေတတ်သည်။ စုန်ယန်သည် ထိုပန်းရနံ့ကို ရှူရှိုက်ရင်း စိတ်ရောကိုယ်ပါ အေးချမ်းမှုကို ခံစားနေရသည်။
ဤကာလအတွင်း သူသည် ထိုနေ့က ပန်းသေတ္တာတောင်တွင် ရရှိခဲ့သော ရတနာများကို စစ်ဆေးရန် အချိန်အနည်းငယ် ပေးခဲ့သည်။ ၎င်းမှာ ထူးကဲချီကို အသုံးပြု၍ မိမိစိတ်ကြိုက် ပုံစံပြောင်းလဲနိုင်သော ဖိနပ်တစ်စုံပင်။ သို့သော် ၎င်းကို အသုံးပြုရန်အတွက် ထူးကဲချီ စားသုံးမှုမှာ အလွန်များပြားလှသဖြင့် ထူးကဲချီသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံသူများ အသုံးမပြုနိုင်ပေ။ ၎င်းမှာ ထင်ရှားလှသော ထူးကဲရတနာအမျိုးအစားပင်။
၎င်း၏ စွမ်းဆောင်ရည်မှာ ရုတ်တရက် အရှိန်မြှင့်တင်ခြင်းဖြစ်ပြီး အချိန်တိုအတွင်း အမြန်နှုန်းကို အဆမတန် တိုးမြှင့်ပေးနိုင်သည်။ စုန်ယန်က ထိုဖိနပ်ကို လေပြင်းဖိနပ်ဟု အလွယ်တကူ အမည်ပေးလိုက်သည်။ အကြောင်းမှာ ထိုဖိနပ်ကို ဝတ်ဆင်ထားရခြင်းမှာ လေပြင်းဂါထာ၏ အဆင့်မြင့်ဗားရှင်းကို အသုံးပြုထားရသကဲ့သို့ ခံစားရသောကြောင့်ပင်။
သို့သော် လက်ရှိတွင် စုန်ယန်အနေဖြင့် ဤဖိနပ်ကို အသုံးပြုရန် အကြောင်းပြချက် မရှိသေးပေ။ တိုက်ခိုက်ရေးအတွက်ဖြစ်စေ၊ ထွက်ပြေးရန်အတွက်ဖြစ်စေ ဤဖိနပ်မှာ အနည်းငယ် ပိုလျှံနေသကဲ့သို့ ခံစားရသည်။ သို့သော် အကယ်၍ ကန်ရေစွမ်းအင်သုံး ထွက်ပြေးခြင်းအတတ်နှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင်တော့ စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။
တွေးတောနေစဉ်မှာပင် သူ၏ရင်ခွင်ထဲရှိ သေးငယ်သော ခန္ဓာကိုယ်လေးမှာ စတင်လှုပ်ရှားလာသည်။ လှုပ်ရှားလိုက်တိုင်း သူ၏ကိုယ်နှင့် ပွတ်တိုက်သွားမှုမှာ ဖော်ပြမတတ်သော သက်သောင့်သက်သာရှိမှုကို ပေးစွမ်းနေသည်။ ညီမလေးအန်လီသည် ယခုအခါ စုန်ယန်နှင့် အတော်လေး ရင်းနှီးနေပြီဖြစ်သဖြင့် စကားပြောဆိုရာတွင်လည်း ပွင့်လင်းလာသည်။
သူမက ညည်းညူရင်း "အဲဒီမိစ္ဆာစုန်ယန်က တကယ့်ကို စက်ဆုပ်ဖို့ကောင်းတာပဲ။ ဒီလဝက်အတွင်းမှာတင် သူ နေရာအနှံ့ လူတွေသတ်နေတယ်ဆိုတဲ့ သတင်းကို နေ့တိုင်း ကြားနေရတယ်။ မြေခွေးနဲ့ ဝံပုလွေတွေ သူ့ကို အမြန်ဆုံး ဖမ်းမိပါစေလို့ပဲ ဆုတောင်းပါတယ်။ အား... စီနီယာအစ်ကို လွှတ်ပါဦး အမြန်ထတော့"
"မထဘူး"
စုန်ယန်က ထိုခေါင်းအုံးလေးကို နောက်ကနေ ထပ်မံသိုင်းဖက်ထားလိုက်သည်။ အန်လီသည် သူမ၏တင်ပါးကို လှုပ်ခါရင်း ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်သဖြင့် ကိုယ်ကိုလှည့်ကာ စုန်ယန်၏ နှာခေါင်းကို အားရပါးရ ဆွဲညှစ်လိုက်သည်။
"လွှတ်မလား မလွှတ်ဘူးလား ကြည့်ကြသေးတာပေါ့။"
နောက်ဆုံးတွင် စုန်ယန် လွှတ်ပေးလိုက်ရပြီး သူတို့နှစ်ဦးသည် ဓားဝတ်စုံများကို ဝတ်ဆင်ကာ ကျင့်ကြံခြင်းကွင်းပြင်သို့သွား၍ ဓားတာအိုကို လေ့လာကြသည်။ ထို့နောက်တွင်တော့ ဆေးဖော်စပ်ခန်းသို့ ဦးတည်ခဲ့ကြသည်။
ဆေးဖော်စပ်ခန်းရှိ သစ်သားစင်ပေါ်တွင် အနှစ်သာရသွေးပုလင်းများစွာကို တင်ထားသည်။ စုန်ယန်၏ အကြည့်မှာ ပုလင်းနှစ်လုံးပေါ်တွင် ရပ်တန့်သွားသည်။
တစ်ခုမှာ ဝိညာဉ်ငါးမန်းသွေး ဖြစ်ကာ နောက်တစ်ခုမှာတော့ လေဝိညာဉ်ငှက်သွေးပင်။
နှစ်ခုစလုံးမှာ အဆင့်မြင့် မိစ္ဆာသားရဲများ ဖြစ်ကြသည်။ ပထမတစ်ခုမှာ လော့ဝမ်စွန်း ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆေးဖော်စပ်ရန် ပြင်ဆင်မှုများ ပြီးစီးနေပြီဖြစ်ရာ လာမည့်ရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်သည်။ သာမန်သွေးအိုးကြီးမှာလည်း သန့်စင်ပြီးနောက်တွင် ပုလင်းငယ် သုံးလုံးစာသာ ထွက်ရှိတော့သည်။ ဒုတိယတစ်ခုမှာတော့ နန်ဝူဓားဂိုဏ်းတွင် ရှိသော ခရမ်းရောင်နန်းတော်ဆေးလုံးအမျိုးအစား ခုနစ်မျိုးထဲမှ ရင့်ကျက်သော မိစ္ဆာသားရဲသွေး ဖြစ်သည်။
ဤနှစ်မျိုးစလုံးမှာ အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်စွမ်းရှိပြီး စုန်ယန် အာရုံစိုက်နေသော အရာများလည်း ဖြစ်သည်။ လက်ဝဲနှင့် လက်ယာ နန်းတော်နှစ်ခုအတွက် အနှစ်သာရသွေး မလိုအပ်သော်လည်း အနှစ်သာရသွေး၏ အဓိက အခန်းကဏ္ဍမှာ သန့်စင်မှုကို ခွင့်ပြုခြင်း၊ မျိုးနွယ်စုလိုက် လျှို့ဝှက်အတတ်များကို အသုံးပြုနိုင်ခြင်းနှင့် မျိုးနွယ်စုဆိုင်ရာ ထူးခြားချက်များကို ရရှိစေခြင်းတို့ပင်။
သို့သော် လက်ဝဲနှင့် လက်ယာ နန်းတော်နှစ်ခုသည် ဤအနှစ်သာရသွေး၏ အာနိသင်ကို တိုက်ရိုက် လှုံ့ဆော်နိုင်စွမ်း မရှိကြပေ။ သာမန်သွေးကို အသုံးပြုပါက စွမ်းအား အနည်းငယ် လျော့နည်းသွားနိုင်သည်မှလွဲ၍ အခြားထိခိုက်မှု မရှိနိုင်ချေ။ အတိုချုပ်ဆိုရသော် တန်ဖိုး လျော့နည်းသွားနိုင်သော်လည်း လုပ်ဆောင်ချက်ကိုမူ ထိခိုက်စေမည်မဟုတ်သည့် သဘောပင်။
စုန်ယန်သည် သူ၏ နန်းတော်ကိုးခု အစီအစဉ်ကို သေချာစွာ စဉ်းစားခဲ့သည်။ အလယ်ပိုင်း နန်းတော်သုံးခုဖြစ်သော ချန်ဝမ်ကျားသစ်ဝိညာဉ်ကျွန်၊ ညမီးအိမ် ဝိညာဉ်ပိုးကောင်နှင့် အိပ်မက်ဆိုး သားရဲတို့မှာ ဝိညာဉ်စွမ်းအားကို အခြေခံထားခြင်းပင်။
အောက်ပိုင်း နန်းတော်သုံးခု၏ ဗဟိုနန်းတော်တွင်ရှိသော အမြီးများစွာပါသော မြေခွေး မှာမူ ဂါထာမန္တန်များ မြှင့်တင်ခြင်းနှင့် ကြာရှည်ခံခြင်းအတွက် ဖြစ်သည်။ မြေခွေးအဘွားအို၏ ကံကောင်းမှုများကြောင့် အမြီးသုံးချောင်းမြေခွေး၏ ကြောက်ရွံ့ခြင်း လျှို့ဝှက်အတတ်မှာ ပိုမိုအားကောင်းလာပြီး နဂါးပုံရိပ်ယောင်ကို အထောက်အကူ ဖြစ်စေခဲ့သည်။
အကယ်၍ သူသည် နဂါးပုံရိပ်ယောင်၏ သွေးကို အလိုရှိပါက မြေခွေးမျိုးနွယ်စုအတွင်းသို့ ခိုးဝင်ရမည်ဖြစ်ရာ ယခုအချိန်တွင် မဖြစ်နိုင်သည့် ကိစ္စရပ်ပင်။ သို့သော် ကြောက်ရွံ့ခြင်း လျှို့ဝှက်အတတ်မှာမူ သူ၏လက်ဝယ်၌ ရှိနေပြီးသား ဖြစ်သည်။ အိပ်မက်ဆိုး သားရဲထံမှ ရရှိသော အတတ်မှာမူ ပစ်မှတ်သည် စိတ်ဓာတ်ကျဆင်း၍ ဝေဝါးနေချိန်တွင် အိပ်မက်ဆိုးအတွင်းသို့ ဆွဲခေါ်သွားကာ ထိတ်လန့်တုန်လှုပ်စေခြင်းပင်။
ထို့ကြောင့် သူသည် ညအချိန်တွင် ချန်ဝမ်ကျားသစ်ဝိညာဉ်ကို အသုံးပြု၍ ဝိညာဉ်ချီများ ထုတ်လွှတ်ခြင်း၊ ညမီးအိမ်ပိုးကောင်ဖြင့် ဝိညာဉ်ချင်း တိုက်ခိုက်စေကာ ပစ်မှတ်ကို စိတ်ဓာတ်ဝေဝါးသွားအောင် ပြုလုပ်ခြင်းနှင့် ထိုမှတစ်ဆင့် အိပ်မက်ဆိုးသားရဲဖြင့် အိပ်မက်ဆိုးအတွင်းသို့ ဆွဲသွင်းခြင်းဟူသော နည်းလမ်းကို အသုံးပြုနိုင်မည် ဖြစ်သည်။
နဂါးပုံရိပ်ယောင်၏ သွေးမှာ ဤအစီအစဉ်အတွက် အကောင်းဆုံး ဖြည့်စွက်ချက် ဖြစ်နိုင်သော်လည်း မရရှိနိုင်ပါကလည်း သူသည် ဇွတ်အတင်း ပြုလုပ်မည်မဟုတ်ပေ။ စုန်ယန်သည် နည်းလမ်းတစ်ခု မရရှိပါက နောက်ထပ်နည်းလမ်းတစ်ခုသို့ ပြောင်းလဲတတ်သူ ဖြစ်ရာ ယခု သူ စဉ်းစားမိသော နောက်ထပ်နည်းလမ်းမှာ အမြန်နှုန်းပင်။
အလယ်ပိုင်း နန်းတော်သုံးခုမှ ဝိညာဉ်တိုက်ခိုက်မှုများဖြင့် ရန်သူကို တွေဝေသွားအောင် ပြုလုပ်နိုင်သဖြင့် ထိုခဏအတွင်း သူကသာ အလွန်အမင်း မြန်ဆန်နေပါက ရန်သူကို အပြင်းအထန် ဒဏ်ရာရစေရန် သို့မဟုတ် ချက်ချင်း သေဆုံးစေရန် တိုက်ခိုက်နိုင်မည် ဖြစ်သည်။ သို့မှသာ ရန်သူသည် ရတနာများ သို့မဟုတ် ဝှက်ဖဲများကို ထုတ်ယူအသုံးပြုရန် အချိန်ရတော့မည် မဟုတ်ပေ။
ဝိညာဉ်ငါးမန်းနှင့် လေဝိညာဉ်ငှက်တို့မှာ သာမန်ဖြစ်သော်လည်း အမြီးများစွာပါသော မြေခွေး၏ အစွမ်း၊ ပြင်ပရတနာဖြစ်သော လေပြင်းဖိနပ်တို့နှင့် ပေါင်းစပ်လိုက်ပါက အလွန်ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းကို ရရှိမည်ဖြစ်သည်။ ဤသည်မှာ ထွက်ပြေးတိမ်းရှောင်ရသည့် အခါတွင်လည်း အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
“စီနီယာအစ်ကို... ဒီနေ့ ဦးလေးလော့ရဲ့ ဝိညာဉ်ငါးမန်း ခရမ်းရောင်နန်းတော်ဆေးလုံးကို ဖော်စပ်တော့မယ် အဆင်သင့်ဖြစ်ပြီလား”
ညီမလေးအန်လီက တည်တည်တံ့တံ့ဖြင့် မေးမြန်းလိုက်ရာ စုန်ယန်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ အန်လီက ဆက်လက်၍
“ဒါဆို စကြစို့။ မိစ္ဆာသွေးရဲ့ ဝိသေသတွေကို အကောင်းဆုံးရအောင် သုံးရက်နဲ့ သုံးည တောက်လျှောက် သန့်စင်သွားမယ်။ အရေးကြီးတဲ့ အချိန်ရောက်ရင် ကျွန်မ ခိုင်းတဲ့အတိုင်း မီးလျှံကျောက်စိမ်းနွယ် တွေကို တစ်ခါတည်းနဲ့ မီးထဲကို ပစ်ထည့်လိုက်ပါ။ ငါတို့ မှားလို့မရဘူး။ အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတာ” ဟု ညွှန်ကြားလိုက်သည်။
မီးလျှံကျောက်စိမ်းနွယ်မှာ မီးဓာတ် ကြွယ်ဝသည့် ရှားပါးအပင်တစ်မျိုး ဖြစ်သည်။ ဆေးလုံးအဖြစ် ဖော်စပ်၍ မရသော်လည်း သာမန်မီးအတွင်းသို့ ပစ်ထည့်လိုက်ပါက မီး၏အပူချိန်ကို ခေတ္တခဏအတွင်း အဆမတန် မြင့်တက်သွားစေနိုင်သည်။
အချို့သော ဆေးလုံးများမှာ အလွန်မြင့်မားသော အပူချိန်အောက်တွင်မှသာ သန့်စင်မှုကို ပြုလုပ်နိုင်ခြင်းပင်။
စုန်ယန်က "စိတ်မပူပါနဲ့ ငါတို့က လက်တွဲဖော်ဟောင်းတွေပဲဥစ္စာ" ဟု ပြောလိုက်သည်။
လက်တွဲဖော်ဟောင်းဆိုသည့် စကားကို ကြားလိုက်ရသောအခါ ညီမလေးအန်လီ၏ မျက်နှာထက်တွင် ချိုသာသော အပြုံးတစ်ခု ပေါ်လွင်သွားသည်။ စီနီယာအစ်ကိုဘိုင်ကဲ့သို့သော ကျင့်ကြံဖော်တစ်ဦးနှင့် ဆုံတွေ့ရခြင်းမှာ ဤဘဝအတွက် တကယ့်ကို ပျော်ရွှင်စရာကောင်းသည်ဟု သူမ ခံစားမိသည်။
အပြင်လောကတွင် မိစ္ဆာစုန်ယန်၊ မြေခွေးမိစ္ဆာ၊ ဝံပုလွေမိစ္ဆာနှင့် မိစ္ဆာဂိုဏ်းသားများကြောင့် မည်မျှပင် အန္တရာယ်များနေပါစေ စီနီယာအစ်ကိုဘိုင်နှင့်အတူ ရှိနေသရွေ့ သူမအတွက် ကြောက်စရာ ဘာမှမရှိတော့ပေ။ ဤနေရာသည် ဆေးဖော်စပ်ခန်းသက်သက်သာမကဘဲ သူမနှင့် စီနီယာအစ်ကိုဘိုင်တို့၏ အိမ်လေးတစ်လုံးပင်။
"အင်း"
ညီမလေးအန်လီသည် ယုံကြည်မှုအပြည့်ဖြင့် တောက်ပစွာ ပြုံးလိုက်ပြီးနောက် အသက်ကို ဝဝရှူကာ အားအင်အပြည့်ဖြင့် "စကြစို့" ဟု ပြောလိုက်သည်။
....
"ဟီးဟီး... စလိုက်ကြတာပေါ့..."
ဝတ်စုံနီဝတ် မြေခွေးမသည် သူမ၏ လက်သည်းကို အသာအယာမြှောက်ကာ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းသည် မြူပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ၎င်း၏ ပုံသဏ္ဌာန်မှာ ထင်ရှားလာတော့သည်။
၎င်းမှာ အပြာရောင်အကြေးခွံများ ဖုံးလွှမ်းထားပြီး ထက်မြက်သော သွားများနှင့် အမြီးရှည်ကြီးရှိသည့် ရေနဂါးတစ်ကောင် ဖြစ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ဆယ်ပေကျော်ခန့် ရှည်လျားပြီး ဦးခေါင်းထက်တွင် ဦးချိုမပါသေးသော်လည်း ရေခဲပြာရောင် အဖုအကျိတ်လေးတစ်ခု ထွက်ပေါ်နေပြီဖြစ်သည်။
ထိုရေနဂါးသည် မြူပင်လယ်အတွင်းသို့ ရောက်ရှိသည်နှင့် ရေအောက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားကာ အစပိုင်းတွင် ကမ်းစပ်နား၌ ငြိမ်သက်စွာ အကဲခတ်နေသည်။ သို့သော် မကြာမီမှာပင် ၎င်း၏ သွေးအိုင်ကဲ့သို့သော ပါးစပ်ကြီးကို ဖွင့်ကာ ရေအောက်ခြေရှိ ငါးနှင့် ပုစွန်များကို ဝါးမြို၍ စားသောက်တော့သည်။
နှစ်ရက်ခန့် အချိန်မှာ မသိမသာ ကုန်ဆုံးသွားခဲ့သည်။
စားသောက်နေရင်းမှ ထိုရေနဂါးသည် ဤရေပြင်၏ ဗဟိုချက်တွင် အစားအစာ ပိုမိုများပြားပုံရသည်ကို သတိပြုမိသွားသည်။ သေးငယ်သော မိစ္ဆာသားရဲများအပြင် ကုန်းမြေပေါ်တွင်လည်း အစားအစာများစွာ ရှိနေပုံပင်။
မရိုးမရွ ဖြစ်လာသောကြောင့် ၎င်းသည် အမြီးကို အရှိန်အဟုန်ဖြင့် ခါယမ်းလိုက်ရာ ရေများမှာ လွင့်စင်သွားပြီး ရေလှိုင်းများမှာ တဖြည်းဖြည်း မြင့်တက်လာတော့သည်။ ကန်ရေပြင်ထက်တွင် ဆယ်လံကျော် မြင့်မားလှသော ပင်လယ်ရေအောက် ငလျင်လှိုင်းကြီးများအလား ပြင်းထန်သော လှိုင်းလုံးကြီးများမှာ အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။
ထိုဧရာမ လှိုင်းလုံးကြီးများ၏ မျက်နှာပြင်မှာ ထူးကဲချီ အလွှာတစ်ခု ဖုံးအုပ်ထားသကဲ့သို့ ရှိနေသဖြင့် ရေမှုန်ရေမွှားများမှာ လွယ်လွယ်နှင့် ပျက်ပြယ်မသွားဘဲ တစ်ခုပေါ်တစ်ခု ဆင့်ကာ တွန်းတင်လိုက်ခြင်းဖြင့် ပို၍ ကြီးမားလာတော့သည်။
ကောင်းကင်ယံတွင် ကြည်လင်သော အလင်းရောင်များ ပျောက်ကွယ်သွားပြီး မီးခိုးရောင် မြူထုများ ဖုံးလွှမ်းလာကာ လေပြင်းများမှာလည်း အော်ဟစ်တိုက်ခတ်နေသည်။ မိစ္ဆာဆန်သော လှိုင်းလုံးကြီးများမှာ သတ္တဝါကြီးတစ်ကောင်၏ လျှာအလား ကုန်းမြေပေါ်ရှိ သေးငယ်သော ပိုးမွှားများကို ပါးစပ်ထဲသို့ ရက်စက်စွာ သိမ်းယူရန် ကြိုးစားနေတော့သည်။
...
လော့ဝမ်စွန်းသည် ဆေးဖော်စပ်ခန်း အပြင်ဘက်တွင် သူ၏ မုတ်ဆိတ်ကြမ်းများကို ပွတ်သပ်ရင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။
သူသည် ခရမ်းရောင်နန်းတော်၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းရန် အသင့်ပြင်ထားပြီးသား ဖြစ်ကာ ယခု ဝိညာဉ်ငါးမန်း ခရမ်းရောင်နန်းတော်ဆေးလုံးရရှိရန် စောင့်နေခြင်းပင်။ ယခင်က ကလေးနှစ်ယောက်သည် သာမန်သွေးကို အသုံးပြု၍ အကြိမ်ကြိမ် စမ်းသပ်ခဲ့ရာ အောင်မြင်မှုနှုန်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ရှိခဲ့သည်။ ဝိညာဉ်ငါးမန်းမှာ အဆင့်မြင့် မိစ္ဆာသားရဲသာ ဖြစ်ပြီး ခရမ်းရောင်နန်းတော်အဆင့် မိစ္ဆာသားရဲ မဟုတ်သောကြောင့် ပို၍ စိတ်ချနေခြင်းဖြစ်သည်။
ထိုသို့ တွေးတောနေစဉ်မှာပင် လော့ဝမ်စွန်းသည် ကောင်းကင်ယံကြီး ရုတ်တရက် မှောင်မိုက်သွားသည်ကို သတိပြုမိလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာပြီး တစ်ကျွန်းလုံး တုန်ခါသွားတော့သည်။ ရေသားအကာအရံကြီးတစ်ခုက ကောင်းကင်ယံကို ဖုံးလွှမ်းသွားရာ ရေနွေးကျွန်းမှာ ရေအောက်သို့ နစ်မြုပ်သွားသကဲ့သို့ ဖြစ်သွားပြီး လွင့်မျောနေသော တိမ်တိုက်များအစား မည်းမှောင်နေသော ရေပြင်ကြီးကိုသာ မြင်တွေ့ရတော့သည်။
လော့ဝမ်စွန်း၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး "မကောင်းတော့ဘူး" ဟု ရေရွတ်ရင်း ဆေးဖော်စပ်ခန်းအတွင်းသို့ အပြေးအလွှား ဝင်လာခဲ့သည်။ အတွင်းဘက်သို့ ကြည့်လိုက်ရချိန်တွင်မူ သူ၏မျက်နှာမှာ ဖြူလျော့သွားတော့သည်။
မြေပြင်၏ တုန်ခါမှုကြောင့် ဆေးဖော်စပ်သည့် မီးဖိုအောက်ရှိ မီးတောက်များမှာ တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့ပြီ ဖြစ်သည်။
အန်လီ၏ မျက်ဝန်းလေးများမှာ နီမြန်းလာပြီး "ရပါတယ် ဦးလေးလော့ မီး... စီနီယာအစ်ကို မီးကို အားစိုက်ပေးပါ" ဟု အော်ဟစ်လိုက်သည်။
စုန်ယန်သည် ရုတ်တရက် ယပ်ခတ်ကာ မီးတောက်ကို အားပေးလိုက်ပြီး အန်လီကတော့ ဆေးဖော်စပ်သည့် မီးဖိုကြီး တည်ငြိမ်နေစေရန် အတတ်ပညာဖြင့် ထိန်းကျောင်းလိုက်သည်။ ထိုအချိန်မှာပင် မြေပြင်မှာ နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။
လော့ဝမ်စွန်းမှာ ဒေါသချောင်းချောင်း ထွက်သွားပြီး ဟင်းလင်းပြင်ထဲမှ လှံရှည်တစ်လက်ကို ဆွဲထုတ်ကာ "သေချင်နေတာပဲ" ဟု အော်ပြောလျက် အပြင်သို့ ပျံထွက်သွားတော့သည်။ မကြာမီမှာပင် တရားခံကို မြင်လိုက်ရသောအခါ သူ၏ဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။
"ရေနက်နဂါး ခရမ်းရောင်နန်းတော် အဆင့် မိစ္ဆာသားရဲပါလား ဒီလိုအကောင်မျိုး ဒီမှာ ဘယ်လိုလုပ် ရှိနေနိုင်တာလဲ"
သူ ဝမ်းမသာဘဲ မနေနိုင်တော့ပေ။
အကယ်၍ အလယ်ပိုင်း တတိယနန်းတော်ကို ဤရေနက်နဂါးနှင့်သာ တည်ဆောက်နိုင်မည်ဆိုပါက သူ၏စွမ်းအားမှာ ဝိညာဉ်ငါးမန်းထက် အဆပေါင်းများစွာ သာလွန်သွားပေလိမ့်မည်။ ခရမ်းရောင်နန်းတော် အဆင့်ရှိ မိစ္ဆာသားရဲသွေး၏ အဆိပ်အတောက်မှာ အလွန်ပြင်းထန်လှသည်ကို သိသော်လည်း လော့ဝမ်စွန်းမှာ ရယ်မောလျက် သူ၏လှံဖြင့် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်တော့သည်။
ဤရေနက်နဂါးမှာ သူ့အတွက် အထူးဖန်တီးပေးထားသည့်အလားပင်။
အခြားတစ်ဖက်တွင်တော့ ဓားအလင်းတန်းတစ်ခု ပြေးဝင်လာသည်။ လော့ဝမ်စွန်း ခေါင်းလှည့်ကြည့်လိုက်ရာ ၎င်းမှာ အကြီးအကဲချုပ်ကြီး ဖြစ်နေသည်။
သို့သော် ယနေ့၏ အကြီးအကဲချုပ်ကြီးမှာ ထူးခြားနေသည်။ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာလည်း နွမ်းနယ်လျက် မျက်ဝန်းများမှာ သွေးဆိုးသလို နီမြန်းနေသည်။ ရေနက်နဂါးကို မြင်လိုက်ရချိန်တွင် အကြီးအကဲချုပ်ကြီး၏ ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းများမှာ ရုတ်တရက် အလင်းပြန်လာကာ "ခရမ်းရောင်နန်းတော်အဆင့် မိစ္ဆာသားရဲ" ဟု ရေရွတ်လိုက်သည်။
လဝက်ခန့်က သူ၏ဓားနှလုံးသားတွင် အက်ကြောင်းထင်သွားခဲ့ချိန်မှစ၍ ၎င်းကို ပြန်လည်ကုစားရန် နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့သော်လည်း ပိုမိုကြီးမားသော စွမ်းအားရှိမှသာ ရနိုင်မည်ဟု သူ ထပ်ခါတလဲလဲ တွေးတောနေမိသည်။ ထို့ကြောင့် သူ၏ မူလတည်ငြိမ်သော အစီအစဉ်ကို ဖျက်သိမ်းကာ ခရမ်းရောင်နန်းတော် အဆင့်ရှိ မိစ္ဆာသားရဲတစ်ကောင်ကို ရှာဖွေရန် စဉ်းစားခဲ့ခြင်းပင်။
ဤကဲ့သို့ မိစ္ဆာသားရဲကို တွေ့ရှိရခြင်းမှာ သူ၏ ဓားနှလုံးသား ပြန်လည်ကျန်းမာလာစေရန် တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
အကြီးအကဲချုပ်ကြီးသည် ပို၍ပင် ကျေနပ်သွားပြီး ဓားနှင့်အတူ ပျံတက်ရန် ပြင်လိုက်သည်။ လော့ဝမ်စွန်းက ထိုအကြံကို ရိပ်မိသွားသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ မိသားစုအာဏာအတွက်ဆိုလျှင် သူက အလျော့ပေးနိုင်သော်လည်း ဤအရာမှာ ကျင့်ကြံခြင်းလမ်းစဉ်ဖြစ်ရာ သူ လုံးဝအရှုံးမပေးနိုင်ပေ။
...
ဝုန်း
ဘုန်း ဘုန်း ဘုန်း
ဆက်တိုက်ဆိုသလို ပြင်းထန်စွာ တုန်ခါမှုများ ထပ်မံဖြစ်ပေါ်လာသည်။ အမိုးပေါ်သို့ ရေလှိုင်းများက အဆက်မပြတ် ရိုက်ခတ်နေပြန်သည်။ ဆေးဖော်စပ်သည့် မီးဖိုအောက်မှ မီးတောက်များမှာလည်း အနည်းငယ် မှိန်သွားခဲ့ပြီ ဖြစ်သည်။
"မီးလျှံကျောက်စိမ်းနွယ် မီးလျှံကျောက်စိမ်းနွယ်"
အန်လီက အကူအညီမဲ့စွာ အော်ဟစ်နေသော်လည်း ပြင်းထန်သော မီးအရှိန်ဖြင့် အခြေအနေကို ပြောင်းလဲရန် သွားလာရင်း ကြိုးစားနေရှာသည်။
စုန်ယန်သည် မီးဖိုအောက်ခြေသို့ နွယ်ပင်များကို အလျင်အလို ပစ်ထည့်ပေးလိုက်သည်။ ထို့နောက် မီးတောက်များ ထတောက်လာပြီး အဖုံးကို ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ... ဆေးလုံးမှာ အရောင်များ ပျက်ယွင်းနေသည်ကို တွေ့လိုက်ရသည်။
အန်လီမှာ တောင့်တင်းသွားပြီး "ရှုံးသွားပြီ... ကျရှုံးသွားပြီ..." ဟု တိုးတိုးလေး ရေရွတ်နေတော့သည်။
အခန်း။ ၁၆၄
ရှူး... ရှူး... ဝေါ...
ကောင်းကင်ယံမှ ရေခဲပြင်ကဲ့သို့ အေးစက်လှသော ရေတံခွန်ကြီးများ ကျဆင်းလာပြီး ဆေးဖော်စပ်ခန်း၏ အမိုးပေါ်သို့ တရစပ် ရိုက်ခတ်နေသည်။ ရေကာကာကြီးတစ်ခုကဲ့သို့ ပိတ်ဆီးထားသဖြင့် အပြင်ဘက် ဝန်းကျင်မြင်ကွင်းမှာ မှောင်မည်းပြာဝေနေပြီး ရင်ပြင်တော်ကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ချေ။
ဆေးဖော်စပ်ခန်းကြီးမှာ ရေကန်ကြီးတစ်ခု၏ အောက်ခြေသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားရသည်။
အန်လီသည် အားအင်ကုန်ခမ်းစွာဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်ရက်သား ကျန်ရစ်ခဲ့သည်။ သူမ ဝတ်ဆင်ထားသော ငွေဖြူရောင် ဓားဝတ်စုံမှာ ကြမ်းပြင်ပေါ်တွင် ဝိုင်းစက်လျက် ပြန့်ကျဲနေပြီး သူမ၏ မျက်ဝန်းများမှာလည်း အသက်မဲ့စွာဖြင့် "ကျရှုံးသွားပြီ... ကျရှုံးသွားပြီ..." ဟုသာ တတွတ်တွတ် ရေရွတ်နေတော့သည်။
နှစ်ရက်နှင့် နှစ်ညတိုင်တိုင် အိပ်ရေးပျက်ခံကာ အားသွန်ခွန်စိုက် ကြိုးစားခဲ့သမျှ ရုတ်တရက် ပျက်စီးသွားခြင်းက သူမအတွက် အတော်လေး ရိုက်ခတ်မှု ပြင်းထန်လှသည်။ ဤဆေးလုံးမှာ ဦးလေးလော့၏ အဆင့်တက်လှမ်းနိုင်ရေးအတွက် အရေးကြီးလှသော ခရမ်းရောငနန်းတော်ဆေးလုံးဖြစ်ရာ ယခုကဲ့သို့ ကျရှုံးသွားခြင်းအတွက် သူမသည် ဦးလေးလော့ကို ဘယ်လို မျက်နှာပြရမလဲ။
စုန်ယန်သည် မီးဖိုအောက်ခြေရှိ ပျက်စီးသွားသော ဆေးလုံးကို တစ်ချက်ကြည့်ကာ လက်ဖြင့် လှမ်းယူလိုက်ပြီး ပုလင်းငယ်တစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် သတိလက်လွတ် ဖြစ်နေရှာသော ညီမလေးအန်လီကို ကာကွယ်ပေးရန် သူမအနားသို့ တိုးသွားလိုက်သည်။
သူမ၏ အခြေအနေကို ကြည့်ရင်း စုန်ယန်မှာ စိတ်ထဲမှ ခိုး၍ ရယ်မောမိသွားသည်။ ခုနကတင် "မိစ္ဆာစုန်ယန်က ကြည့်ရတာ အစွမ်းထက်ပေမဲ့ စိတ်ဓာတ်ကတော့ အနုနယ်ဆုံးပဲ" ဟု အားရပါးရ ဆဲဆိုခဲ့သော ညီမလေးမှာ ယခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပင် စိတ်ဓာတ်တွေ ပြိုလဲနေရှာသည်။ အကယ်၍ သူ၏ စိတ်ဓာတ်မှာလည်း ဤညီမလေးကဲ့သို့သာ ဖြစ်နေပါက သူသည် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီးလောက်ပြီ ဖြစ်သည်။
အမိုးပေါ်တွင် ရေလှိုင်းများ ဆူညံစွာ ရိုက်ခတ်နေသည်ကို မြင်သောအခါ စုန်ယန်သည် အရုပ်မလေးတစ်ရုပ်ကဲ့သို့ နူးညံ့နေသော အန်လီကို လက်တစ်ဖက်ဖြင့် ပွေ့ချီကာ အခန်းထောင့်တစ်နေရာသို့ အမြန်ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် ရေကာကာကို ဖောက်ထွင်း၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရေပြင်ပေါ်တွင် သတ္တဝါကြီးတစ်ကောင်နှင့် တိုက်ခိုက်နေကြသော ပုံရိပ်အချို့ကို ဝေဝါးစွာ မြင်လိုက်ရသည်။
ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် သွေးသားအရှိန်အဝါများမှာ ထူးကဲချီသန့်စင်ခြင်းနယ်ပယ်ရှိ မိစ္ဆာသားရဲများထက် များစွာသာလွန်နေသဖြင့် ၎င်းမှာ သေချာပေါက် ခရမ်းရောင်နန်းတော်အဆင့်ရှိ မိစ္ဆာသားရဲတစ်ကောင်ပင် ဖြစ်ရမည်။
ဤမြင်ကွင်းကို ကြည့်ရင်း စုန်ယန်မှာ စိတ်ထဲမှ အံ့ဩနေမိတော့သည်။
သူသည် အပြင်ဘက်က အခြေအနေကို ဆက်လက် အကဲခတ်နေမိသည်။
ယခု ရောက်ရှိနေသော ရေနဂါးမှာ ခရမ်းရောင်နန်းတော်အစောပိုင်းအဆင့်သို့ မသိမသာ ရောက်ရှိနေရုံသာ ရှိသေးသည့် ရေဓာတ်အခြေခံ အမျိုးအစားဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။
မိစ္ဆာသားရဲများသည် ၎င်းတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် အခြားအချက်များကြောင့် လူသားများထက် သဘာဝအတိုင်း ပိုမိုအစွမ်းထက်ကြသည်။ သို့သော် လူသားများက ကျင့်စဉ်များနှင့် အတတ်ပညာရပ်များကို နားလည်သဘောပေါက်လာသည်နှင့်အမျှ ထိုကွာဟချက်မှာ တဖြည်းဖြည်း ကျဉ်းမြောင်းသွားလေ့ရှိသည်။
ခရမ်းရောင်နန်းတော် အဆင့်တူချင်း ဖြစ်နေသော်လည်း မိစ္ဆာများသည် ၎င်းတို့၏ နန်းတော်ကိုးခုသွေးမှ ရရှိသော မွေးရာပါ စွမ်းအားကိုသာ အဓိက အားကိုးကြပြီး အများဆုံးအနေဖြင့် ၎င်းတို့၏ မျိုးနွယ်စု လျှို့ဝှက်အတတ်များနှင့်သာ တွဲဖက် အသုံးပြုကြသည်။ လူသားများကမူ နန်းတော်ကိုးခုသွေးကို အရန်အင်အားအဖြစ်သာ ထားရှိပြီး အမျိုးမျိုးသော လျှို့ဝှကအတတ်များနှင့် ထူးကဲရတနာများကိုပါ ပေါင်းစပ်၍ အသုံးပြုကြခြင်းပင်။
ဥပမာအားဖြင့် ဓားကျင့်ကြံသူများသည် ခရမ်းရောင်နန်းတော် အဆင့်သို့ တက်လှမ်းသည့်တိုင် သူတို့ စုပ်ယူထားသော လေဝိညာဉ်ငှက်ကဲ့သို့သော သားရဲသွေးများ၏ စွမ်းအားမှာ မိစ္ဆာသွေးများလောက် မပြင်းထန်လှပေ။ သို့သော် လေဝိညာဉ်ငှက်၏ အမြန်နှုန်းကို ဓားသိုင်း လျှို့ဝှက်
အတတ်များနှင့် ပေါင်းစပ်လိုက်ပါက သူတို့သည် မိစ္ဆာများနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလာကြသည်။
ကုဟွမ်ကျီကို ကြည့်မည်ဆိုလျှင် သူသည် နန်းတော်ကိုးခုသွေးနှစ်မျိုးကို အရန်အတတ်များအဖြစ် အသုံးချခဲ့သည်။ တစ်မျိုးမှာ သူ့ကို စက္ကူအရုပ်အတွင်း၌ သတိမထားမိအောင် ပုန်းအောင်းနိုင်စေပြီး နောက်တစ်မျိုးမှာ သူ၏ခန္ဓာကိုယ် ပျက်စီးသွားသည့်တိုင် သတ်ဖြတ်နိုင်သော စွမ်းအားကို ဆက်လက် ထိန်းထားနိုင်စေသည်။ သို့သော် သူ၏ အဓိက အားကိုးရာမှာ သွေးအလောင်း၊ စက္ကူအရုပ်၊ ရေခဲငရဲ လက်ပတ်နှင့် ဝိညာဉ်ရွှေကျောက် လက်နက်များသာ ဖြစ်သည်။
လူသားများက နန်းတော်ကိုးခုသွေးကို အရန်အဖြစ်သာ အသုံးပြုရခြင်းမှာ ရွေးချယ်စရာ မရှိ၍လည်း ဖြစ်သည်။ အကြောင်းမှာ သွေးထဲတွင် ပါဝင်သော ဆေးအဆိပ်မှာ အလွန်တရာ ကြမ်းတမ်းလွန်းသောကြောင့်ပင်။
သို့သော် ဤအချက်ကြောင့်ပင် ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့်သို့ မသိမသာ ရောက်ရှိနေသော မိစ္ဆာသားရဲတစ်ကောင်သည် လူသားကျင့်ကြံသူများအတွက် အလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့်ရှိ သားရဲများထက် ပို၍ တန်ဖိုးရှိနေခြင်းပင်။ ကျင့်ကြံမှုအဆင့် နိမ့်ပါးသောကြောင့် အဆိပ်အတောက်များမှာလည်း သဘာဝအတိုင်း နည်းပါးသွားသည်။ ထို့ကြောင့် ၎င်းမှတစ်ဆင့် ဖော်စပ်ရရှိသော ခရမ်းရောင်နန်းတော်ဆေးလုံး မှာ လူသားများအတွက် စုပ်ယူရန် ပို၍ လွယ်ကူပေလိမ့်မည်။
စုန်ယန်သည် အပြင်ဘက်က တိုက်ပွဲကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း စိတ်ထဲမှ တွေးတောနေမိသည်။
ဒါက ဘယ်လိုလုပ် ဘေးဒုက္ခ ကျရောက်လာတာ ဖြစ်မှာလဲ... ဒါက ကောင်းကင်က ကျလာတဲ့ ရတနာကြီးပဲဥစ္စာ။
ရေဓာတ် ကြွယ်ဝသည့် နေရာများတွင် ရေနဂါးမျိုးနွယ်များ ပေါက်ဖွားလာတတ်ခြင်းမှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ မြူပင်လယ်၌ အရင်က ရေနဂါးတစ်ကောင်မျှ မရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ တစ်ကောင်ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာလည်း ဖြစ်နိုင်ခြေရှိသည့် သဘာဝတရားတစ်ခုပင်။
သို့သော် စုန်ယန်၏ စိတ်ထဲ၌မူ တစ်စုံတစ်ခု ထူးဆန်းနေသကဲ့သို့ ခံစားနေရသည်။ သူသည် ကောင်းကင်မှ ပြုတ်ကျလာသော ရတနာဆိုသည်မျိုးကို လွယ်လွယ်နှင့် မယုံကြည်တတ်သူ ဖြစ်သည်။ သူသည် အရာရာကို ကြိုတင်သိမြင်နိုင်သည့် နတ်ဘုရားတစ်ပါး မဟုတ်သဖြင့် ဤသတ္တဝါကြီး ဘာကြောင့် ရုတ်တရက် ပေါ်ပေါက်လာရတာလဲဟူသော အဓိပ္ပာယ်ကိုမူ ခေတ္တမျှ ဝေခွဲမရ ဖြစ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်း၏ အဓိပ္ပာယ်မှာ သူ့အတွက် အထူးတလည် အရေးမကြီးဘူးဟု သူ ခံစားရသည်။ သူသည် ယခုလောလောဆယ်တွင် ဘိုင်ရှို့ဟု အမည်ရှိ သာမန်ဂိုဏ်းသားလေးတစ်ဦးမျှသာ ဖြစ်ရာ မည်သူကမျှ သူ့ကဲ့သို့ အရေးမပါသူကို ပစ်မှတ်ထားမည် မဟုတ်ပေ။ ထို့ပြင် သူသည် တကယ့် စုန်ယန် ဖြစ်နေဦးတော့ ဤကိစ္စမှာ သူနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဘူးဟု သူ ယူဆထားသည်။
“ကျရှုံးသွားပြီ... ကျရှုံးသွားပြီ... ကျရှုံးသွားပြီ...”
ညီမလေးအန်လီမှာမူ မျက်ဝန်းများ နီမြန်းလျက် ငေးငေးငေါငေါနှင့် ကျရှုံးမှုအတွင်းမှ ရုန်းမထွက်နိုင်ဘဲ တတွတ်တွတ် ရေရွတ်နေဆဲ ဖြစ်သည်။ စုန်ယန်က ဖျာတစ်ချပ်ကို ယူ၍ ခင်းကျင်းလိုက်ပြီး ညီမလေးနှင့်အတူ ယှဉ်တွဲထိုင်ကာ သူမ၏ ပုခုံးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်အားပေးထားလိုက်သည်။ ပြင်းထန်သော လေမုန်တိုင်းသံများနှင့် တိုက်ပွဲသံများကြားတွင် သူတို့နှစ်ဦးမှာ မုန်တိုင်းထဲရှိ အသိုက်လေးအတွင်း ပုန်းခိုနေကြသော စာကလေးနှစ်ကောင်အလား ဖြစ်နေတော့သည်။
ခန့်မှန်းခြေ အမွှေးတိုင်တစ်ဝက်စာခန့် ကြာမြင့်ပြီးနောက်တွင် ဆေးဖော်စပ်ခန်းတံခါးမှာ ရုတ်တရက် ပွင့်ဟသွားပြီး ဓားကျင့်ကြံသူများစွာ ဝန်းရံထားသည့် ပုံရိပ်တစ်ခု ချဉ်းကပ်ဝင်ရောက်လာသည်။
ထိုသူ၏အကြည့်မှာ အခန်းထောင့်၌ ကပ်၍ထိုင်နေကြသော သူတို့နှစ်ဦးထံသို့ ကျရောက်သွားပြီး “မကြောက်ပါနဲ့” ဟု နူးညံ့စွာ ပြောဆို လိုက်သည်။ စုန်ယန် မော့ကြည့်လိုက်သောအခါတွင်မူ လာရောက်သူမှာ စုယောင် ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် အတော်လေး အံ့ဩသွားမိသည်။ ယခုအချိန်တွင် စုယောင်သည် ပိုးထည်ဝတ်စုံကို ဆင်မြန်းထားပြီး တည်ငြိမ်ရင့်ကျက်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူမသည် ဤဓားကျင့်ကြံသူအုပ်စု၏ ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်မှာ ထင်ရှားလှသည်။
သူမ၏ဘေးနားရှိ ငွေရောင်မျက်နှာဖုံးများ တပ်ဆင်ထားသည့် ဓားကျင့်ကြံသူများသည် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ သူတို့သည် ယခုလောလောဆယ်တွင် အလွန်အမင်း အစွမ်းမထက်သေးသော်လည်း ထက်မြက်လှသည့် ဓားစိတ်ဆန္ဒများကြောင့် နောင်တစ်ချိန်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ဓားသမားများ ဖြစ်လာကြမည်မှာ သေချာလှသည်။
ငွေရောင်မျက်နှာဖုံး တပ်ဆင်ထားသော်လည်း စုန်ယန်သည် တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းမှာ ချောင်ယွီကျွမ်း ဖြစ်သည်ကို မှတ်မိလိုက်သည်။ ယွီကျွမ်းလေးသည် ရုပ်သေးဂိုဏ်း အတွင်း နေထိုင်ခဲ့ရစဉ်က ခါးသီးသော ဘဝအတွေ့အကြုံများကြောင့် စိတ်နေစိတ်ထား အနည်းငယ် ပုံပျက်ခဲ့ရသည်။ ယခုကဲ့သို့ လွတ်လပ်သော ပတ်ဝန်းကျင်သို့ ရောက်ရှိလာသောအခါတွင်မူ သူမ၏စရိုက်မှာ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ ပြင်းထန်စွာ ကူးပြောင်းသွားပုံပင်။
သို့သော် ဤသည်မှာ ကောင်းမွန်သော အပြောင်းအလဲတစ်ခုပင်။ ဤကဲ့သို့ ပြင်းထန်သော စရိုက်မျိုးမှာ ဓားကျင့်ကြံသူများအတွက် အလွန်သင့်လျော်လှသည်။ စုန်ယန်အနေဖြင့် သူမကို သွားရောက်နှောင့်ယှက်ရန် အစီအစဉ်မရှိပေ။ ယွီကျွမ်းလေးသည် သူမ လျှောက်လှမ်းရမည့် ကိုယ်ပိုင်လမ်းစဉ်ထက်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူ၏သူငယ်ချင်းဟောင်း စုယောင်သည်လည်း အကြိမ်ကြိမ်သော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ပြီးနောက် နုနယ်သော မိန်းကလေးဘဝမှ ရင့်ကျက်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် သူမ ဖြစ်သင့်ဖြစ်ထိုက်သော ပုံစံသို့ ရောက်ရှိလို့နေပြီ ဖြစ်သည်။
သူနှင့် အန်လီမှာ ဆေးဖော်စပ်သူများ ဖြစ်ကြသဖြင့် စုယောင်ကိုယ်တိုင် လာရောက်နှစ်သိမ့်ပေးခြင်း ဖြစ်ပုံရသည်။ ဆေးဖော်စပ်မှု ကျရှုံးသွားသည်ကို သိရှိရသည့်တိုင် သူမ၏ တည်ငြိမ်သော မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်းမရှိဘဲ ဆက်လက်အားပေးနေဆဲပင်။ သူမသည် အန်လီ၏ ဆံနွယ်လေးများကို အစ်မကြီးတစ်ဦးကဲ့သို့ နူးညံ့စွာ ပွတ်သပ်ပေးပြီးနောက် ဓားကျင့်ကြံသူနှစ်ဦးကို သူတို့အား ဘေးကင်းရာ တိုက်ပွဲနယ်မြေနှင့် ဝေးရာသို့ ပို့ဆောင်ပေးရန် ညွှန်ကြားလိုက်တော့သည်။
ခဏအကြာတွင်မူ သူတို့နှစ်ဦးသည် ဘေးချင်းကပ်လျက်ရှိသော ကျွန်းပေါ်မှ ဝါးအိမ်လေးတစ်လုံးသို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီး ထိုနေရာ၌ပင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြရတော့သည်။